အခန်း(၁)
ဒီလိုဗျ၊ ကျုပ်တို့ရွာမှာ အရမ်းအစွမ်းထက်တဲ့ စုန်းထီးကြီးတစ်ယောက်ရှိခဲ့တယ်၊ ကျုပ်တို့ကတော့ သိပ်မမီလိုက်ဘူး၊ ကျုပ်တို့အဘိုးတွေ၊ အဖေတွေကတော့ တော်တော်ကလေးမီလိုက်တာပေါ့။ သူ့နာမည်က ဦးသာစံ လို့ခေါ်တယ်၊ ဒါပေမယ့် ရွာကလူတွေကတော့ ဦးဘသာ လို့ပဲခေါ်တယ်၊ လူကွယ်ရာမှာဆိုရင်တော့ စုန်းထီးကြီးဦးဘသာလို့ ခေါ်ကြတာပေါ့ဗျာ။
သူ့ပုံစံကတော့ လူက ခပ်ပုပု၊ ခပ်၀၀ဖိုင့်ဖိုင့်ဗျ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကျိုးတို့ကျဲတဲနဲ့ ခေါင်းကလဲထိပ်ကြီးပြောင်နေတာဗျ၊ မျက်နှာမှာလည်း ကျောက်ပေါက်မာတွေနဲ့ဆိုတော့ ကြည့်လိုက်ရင်ကို ကြောက်စရာကြီးပေါ့ဗျာ၊ ဒါပေမယ့် သူက အမြင်သာကြောက်ဖို့ကောင်းတာ အင်မတန်ခင်ဖို့ကောင်းတဲ့လူကြီးဗျ။ အမြဲတမ်းကွမ်းကြီးမြုံနေပြီးတော့ ခပ်ပြုံးပြုံးကြီးနေတတ်တယ်ဗျ။ အဝတ်အစားဆိုရင်လည်း အကျီအစုတ်ကြီးဖြစ်ဖြစ်၊ စွပ်ကျယ်လက်ပြတ်ကြီးဖြစ်ဖြစ် ဝတ်ထားတတ်ပြီးတော့ အောက်ကလည်းပုဆိုးတိုတိုနဲ့ တာရာဖိနပ်ကြီးဝတ်ထားတတ်တယ်။ သူ့ကိုစုန်းဆိုတာတောင် ရွာကလူတိုင်းသိကြတာမဟုတ်ဘူး၊ ကျုပ်အဘိုးက အရင်ကသူကြိးဖြစ်ခဲ့လို့သာ သူ့အကြောင်းတွေကိုသိနေတာဗျို့။
သူက စုန်းဆိုပေမယ့်လည်း တခြားစုန်းတွေလို ပြုစားတာတွေဘာတွေ မလုပ်ဘူးဗျ။ ရိုးရိုးသားသား လယ်လုပ်တယ်၊ နွားမွေးတယ် ဒီလောက်ပဲလုပ်ကိုင်စားသောက်နေတာ။ ကျုပ်တို့အဘိုးပြောဖူးတာက စုန်းတွေဟာ လက်ကြောမတင်းတဲ့လူတွေတဲ့၊ ကိုယ့်လုပ်စာနဲ့ကိုယ် အလုပ်လုပ်ပြီး ဟင်းကောင်းမစားနိုင်လို့ ဟိုလူကိုဖမ်းစားလိုက်၊ ဒီလူကိုပြုစားလိုက်လုပ်ပြီးတော့ အမဲသားဟင်းတို့၊ ကြက်သားဟင်းတို့ တောင်းပြီးတော့ ခေါစာပစ်ခိုင်းပြီး စားသောက်ကြတာတဲ့၊ ဦးဘသာကတော့ ဒီလိုမဟုတ်ဘူးဗျ။ ကျုပ်တို့ငယ်ငယ်တုန်းကလည်း သူ့ကိုစုန်းမှန်းလုံးဝမသိဘူး၊ နောက်တော့မှ အဘိုးတို့ပြောပြတာရယ်၊ ကျုပ်တို့ ကိုယ်တိုင်ကြုံခဲ့ရတာတွေရယ်ကြောင့် စုန်းမှန်းသိလိုက်တာ။ တစ်ခါကတော့ အဘိုးက မေးဖူးတယ်တဲ့။ အဲဒီတုန်းက ဂျပန်ခေတ်နှောင်းပေါ့ဗျာ၊ ကျုပ်တို့အဘေးကလည်း သူကြီးဗျ၊ သူသေတော့ သူ့သားကို အရေးပိုင်တွေက သူကြီးခန့်လိုက်တော့ ကျုပ်အဘိုးက သူကြီးဖြစ်သွားတာပေါ့ဗျာ၊ အဲဒီတုန်းက သူ့အသက်က နှစ်ဆယ်ကျော်လေးပဲရှိသေးတာ။ ဒါပေမယ့် ရွာသားတွေကတော့ အဘိုး့ကိုလေးစားကြပါတယ်၊ ကိုယ့်တူကိုယ့်သားလို ချစ်ခင်ကြပါတယ်၊ အဘိုးကလည်း သူကြီးဆိုပြီး သြဇာမပြင်းခဲ့ပါဘူး။ ကျုပ်တို့က သူကြီးမျိုးရိုးဗျ၊ ကြွားတယ်တော့မထင်ပါနဲ့၊ ကျုပ်အဘေးကြီးကလည်း အင်္ဂလိပ်ခေတ်ကတည်းက သူကြီး၊ နောက်တော့ ကျုပ်အဘိုးသူကြီးဖြစ်တယ်၊ ကျုပ်အဖေလည်း သူကြီးဖြစ်ခဲ့တယ်၊ အဲ ကျုပ်အလှည့်ကျတော့ သူကြီးမဖြစ်ခဲ့ပါဘူးဗျာ။
တစ်နေ့တော့ သူကြီးပေါက်စ အဘိုးက ဦးဘသာကိုမေးကြည့်တယ်၊
“ဦးဘသာ ခင်ဗျားက စုန်းလို့ရွာကလူတွေပြောနေကြတယ်၊ ကျုပ်ကတော့ သူများပြောစကားမကြားချင်ဘူး ခင်ဗျားပါးစပ်က ပြောတာပဲယုံချင်တယ်”
ဆိုတော့ ဦးဘသာကြီးက ခေါင်းညိတ်ပြီး သူက စုန်းတစ်ယောက်ပါလို့ ဝန်ခံသတဲ့ဗျ၊ ဒါနဲ့အဘိုးက
“အဲဒါဆိုရင်လည်း ခင်ဗျားကတိတစ်ခုပေး၊ ကျုပ်တို့ရွာကလူတွေကို ခင်ဗျားရဲ့ပညာနဲ့ မကောင်းတာတွေမလုပ်ရဘူး၊ မဖမ်းစားရဘူး” လို့အဘိုးက ကတိပေးခိုင်းတယ်။ ဦးဘသာက ကတိတော့မပေးဘူးဗျ၊ ဒါပေမယ့် သူက အကျိုးယုတ်အောင်တော့ သူမလုပ်ပါဘူးလို့ပြန်ကတိပေးတယ်လို့ပြောတာပဲ။
အခန်း (၂)
ကျုပ်တို့ရွာက ဇီးကုန်းလို့ခေါ်တယ်ဗျ၊ ကျုပ်တို့အနားမှာ ပေတောရွာရယ်၊ တန်းမြင့်ရွာရယ်ဆိုပြီး ရွာသုံးရွာက ဖိုခုံလောက်ဆိုင်ပုံနဲ့တည်ရှိနေကြတာ၊ အဲဒီရွာသုံးရွာရဲ့အလယ်မှာ ပုဂံခေတ်ကတည်းကတည်ထားတဲ့ ပုထိုးတစ်ခုရှိတယ်ဗျ။ တစ်ရွာနဲ့တစ်ရွာကို ရှစ်မိုင်စီဝေးတယ်။ ရှေးလူကြီးတွေရွာတည်ခဲ့တာလည်း အံ့သြစရာကြီးဗျာ၊ ဖိုခုံလောက်ဆိုင်ကို တစ်ရွာနဲ့တစ်ရွာ ရှစ်မိုင်ကွက်တိပဲ၊ ထားပါတော့၊ အဲဒီဦးဘသာကြီးအကြောင်းဆက်ပြောရအောင်။
ဦးဘသာကြီးက သဘောကောင်းတယ်ဆိုပေမယ့် သူက အလွန်အစအနောက်သန်တယ်ဗျ၊ ရွာကလူတွေဆိုရင်လည်း သူက ပြုစားတာတို့မလုပ်ပေမယ့် မထင်ရင် မထင်သလို စနောက်တတ်တာ၊ ဒါကြောင့်လည်း ကျုပ်အဘိုးသူကြီးက ခဏခဏ သတိပေးရတာပေါ့ဗျာ၊ အဲ၊ ဒီတစ်ခါပြောပြမှာကတော့ ခုနက ဖမ်းစားတဲ့ဇာတ်လမ်းပဲဗျ။ အဲဒီအဖြစ်အပျက်ဖြစ်တုန်းက ကျုပ်တို့ခပ်ငယ်ငယ်ကပေါ့။
တစ်ရက်တော့ ကျုပ်ရယ်၊ ဖိုးတရုတ်ဆိုတဲ့ ကျုပ်သူငယ်ချင်းရယ်၊ နောက်ပြီးတခြားသူငယ်ချင်းတွေလဲပါတယ်၊ ဘုန်းကြီးကျောင်းဝိုင်းအနောက်ဘက်မှာ ဂုံညင်းဒိုးခင်းကစားကြတာပေါ့ဗျာ၊ ဂုံညင်းဆိုတာကတော့ ဂုံညင်းရဲ့အစေ့ဗျ၊ ခပ်ပြားပြားချောချောကလေးဖြစ်နေတာ၊ အဲဒါနဲ့ပစ်ပြီးကစားရတာပါ၊ ကျုပ်တို့ကတော့ ဂုံညင်းဒိုးလို့ခေါ်ကြတယ်။
ဆော့နေတုန်း ဖိုးတရုတ်က ဗိုက်အောင့်တယ်ဆိုပြီးတော့ လဲကျသွားတာပဲဗျ၊ သူ့ဗိုက်ကိုလည်း လက်နဲ့ဖိထားပြီး အော်ဟစ်နေတာ၊ အဲဒီတုန်းက ကျုပ်တို့အားလုံး ဆယ်နှစ်သားလောက်ပဲရှိသေးတာဆိုတော့ ဘာလုပ်ရမှန်းမသိဘူးပေါ့၊ ဒါနဲ့ဖိုးတရုတ်ကိုဝိုင်းထမ်းပြီးတော့ သူ့အိမ်ကိုလိုက်ပို့ကြတာပေါ့ဗျာ။ သူ့အိမ်ရောက်တော့ ပိုပိုဆိုးလာတယ်ဗျ၊ ဖိုးတရုတ်မှာ ငိုပြီးတော့ လူးလိမ့်နေတာပဲ။ ဒါနဲ့ ရွာက ဆေးဆရာကြီးကို ပင့်ရတာပေါ့။
ဆေးဆရာကြီးက လာကြည့်တော့လည်း ဘာမှသိပ်မထူးခြားဘူး၊ ဆေးဆရာကြီးက သေချာစမ်းသပ်ကြည့်ပေမယ့် လေလဲမဟုတ်၊ ဓါတ်သဘောလဲမဟုတ်ဘဲ အဖြေရှာမရဘူးဖြစ်နေတာပေါ့၊ ဒါနဲ့ ဆေးဆရာကြီးက ပယောဂလို့ ယူဆပြီးတော့ ပယောဂစစ်ကြည့်တာပေါ့။ ကျုပ်တို့ငယ်ငယ်က ဗိန္ဓောဆေးဆရာကြီးတွေဆိုတာ အထက်လမ်းတွေဘာတွေလည်း အနည်းအကျဉ်းတတ်ကြတယ်ဗျ၊ တော်ရုံဖမ်းစားတာဆိုရင် သူကုရင်ပြီးတယ်၊ ဒါနဲ့ ဖိုးတရုတ်ကိုပယောဂစစ်မယ်လဲဆိုရော ဖိုးတရုတ်က ရုတ်တရက်လေးဖက်ကောက်ထောက်လိုက်ပြီးတော့ ခွေးလိုအူတယ်ဗျာ၊ ကျုပ်တို့လည်း မျက်မြင်မို့လို့ အံ့သြနေမိတာပေါ့။ အူတာမှဗျာ တကယ့်ခွေးတစ်ကောင်နဲ့ တော်တော်ကိုတူတာ၊ ကျုပ်ဖြင့်အဲဒီလိုအူတတ်မှာမဟုတ်ဘူး။
ဒါနဲ့ဆေးဆရာကြီးက ကြိမ်းမောင်းလိုက်တော့မှ အအူရပ်ပြီးတော့ ခွေးထိုင်ကလေး ငုတ်တုတ်ထိုင်နေတယ်။ နောက်တော့ ဆေးဆရာကြီးက နင်ကဘာလဲ၊ ဘာလို့လုပ်ထားတာလဲမေးတော့မှ၊ ဒွေးချောင်းက စုန်းမပါတဲ့၊ နာမည်လည်းပြောလိုက်သေးတယ် ကျုပ်တော့သိပ်မမှတ်မိတော့ဘူး။ မိအေးဆိုလား ဘာလားပဲ၊ သူက အမဲသားစားချင်လို့ ကလေးကိုပြုစားထားတာပါတဲ့၊ အမဲသားလေးပိဿာကို မကျက်တကျက်ကင်ပြီးတော့ စကောထဲထည့် ဖက်ရွက်ခင်းပြီး ထမင်းပေါ်ပုံပေးပါတဲ့၊ ပြီးတော့ ဘုရားငုတ်တိုကုန်းနားကို နွားရိုင်းသွင်းချိန်လောက် လာချပေးပါတဲ့၊ မချပေးမချင်း ကလေးကိုလုပ်ထားမယ်လို့ပြောရော၊ ဒါနဲ့ ဆေးဆရာကြီးလည်း သူတတ်သလောက်တော့ ကုသပေးပါတယ်၊ ဖိုးတရုတ်အမေဆိုရင်လည်းသူ့သားလေးကို ကယ်ခိုင်းတာပေါ့လေ၊ ဒါပေမယ့် ဆေးဆရာကြီးက စုန်းကအဆင့်မြင့်လို့ သူကုလို့မနိုင်ဘူးလို့ပြောတယ်။
ဆေးဆရာကြီးက ရေမန်းတွေပက်၊ ကြိမ်လုံးတွေနဲ့ရိုက်ပေမယ့် ဖိုးတရုတ်က ခွေးထိုင်ထိုင်ပြီး ရယ်နေတာဗျာ၊ ဘယ်နှယ့်မှကိုမနေဘူး၊ ဆေးဆရာကြီး မနိုင်တာလည်းဖြစ်နိုင်ပါတယ်၊ နောက်တော့ ဆေးဆရာကြီးလည်း လက်လျှော့လိုက်ရတယ်၊ ဒါနဲ့ စုန်းနဲ့အပေးအယူလုပ်လိုက်တယ်၊ အမဲသားချပေးရင် ကလေးကိုရန်မပြုနဲ့တော့ နောက်လည်းထပ်မလုပ်နဲ့တော့ဆိုတော့ စုန်းမကလည်း ကတိပေးတယ်တဲ့ အဲဒါနဲ့ အမဲသားရဖို့ စီစဉ်ကြတာပေါ့။
ဒါပေမယ့် ခက်တာက အဲဒီခေတ်တုန်းက အမဲသားတို့၊ ဝက်သားတို့ဆိုတာ အခုခေတ်လိုမလွယ်ဘူးဗျ၊ ရွာတစ်ရွာမှာ အမဲပေါ်တော့မှ အဲဒီရွာကလူတွေက အမဲသားစားရတာ၊ ခုခေတ်လို ဈေးဆိုတာလည်းမရှိဘူး၊ အလှမ်းလဲဝေးတာကိုး၊ ဒါနဲ့ နောက်ဆုံးတော့ ဖိုးတရုတ်အမေက သူကြီးကို အပူကပ်တာပေါ့ဗျာ၊ ရွာထဲက နွားတစ်ကောင်လောက်ရအောင် သူကြီးစီစဉ်ပေးပါ၊ သူကလည်း ငွေပေးပြီးဝယ်ပါ့မယ်ပေါ့၊ စုန်းမကလည်း လူလယ်ဗျ၊ ဖိုးတရုတ်တို့က အတော်အတန်ပိုက်ဆံရှိတဲ့သူတွေပေါ့၊ ဒါကြောင့်မို့လို့လည်း သူ့ကိုပြုစားလိုက်ရင် အမဲသားကြိမ်းသေစားရမယ်လို့တွက်ပုံရတယ်။
ဒါနဲ့ကျုပ်အဖေလည်း ကတိပေးလိုက်တာပေါ့။ အဖေကတော့ စုန်းမအကြိုက်မလိုက်စေချင်ဘူး၊ မြိုင်သာ မြို့က အထက်လမ်းဆရာကြီးတွေကို သွားပင့်ပြီး နှင်ထုတ်ချင်တာ၊ ဒါပေမယ့် ဒီမှာက ဖိုးတရုတ်က လူးလိမ့်နေပြီလေ၊ တစ်ချက်တစ်ချက် ငိုရင်းသတိလစ်ချင်သလိုဖြစ်ဖြစ်သွားသေးတာ၊ အချိန်မရှိတော့ဘူးဆိုတော့ နောက်ဆုံးတော့ အမဲသားရှာကျွေးဖို့ပဲ သဘောတူလိုက်တာပေါ့၊ နောက်တော့ ရွာထဲ နွားရှိမယ့်အိမ်တွေကိုစဉ်းစားတယ်၊ နွားတွေက များသောအားဖြင့် ခိုင်းနွားတွေများတယ်၊ နောက်တော့ ဦးဘသာကို သတိရသွားတာပေါ့၊ သူက နွားတွေမွေးတယ်လေ။
ဦးဘသာအိမ်ကို ကျုပ်အဖေနဲ့လူကြီးတစ်ချို့လိုက်သွားတယ်၊ ရွာကလူတွေကို အဖေက အဲဒီသတင်းကို လှို့ဝှက်ထားခိုင်းတယ်၊ ကျုပ်လည်း မယောင်မလည်နဲ့လိုက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာအိမ်ကိုရောက်တော့ ဦးဘသာက နွားစာတွေစဉ်းနေတာ၊ အဖေက ဦးဘသာကို အကျိုးအကြောင်းပြောပြပြီးတော့ နွားတောင်းဝယ်တာပေါ့၊ ဦးဘသာက ခေါင်းခါပြတယ်၊ သူ့နွားတွေကိုမရောင်းဘူးတဲ့၊ သူ့မှာ အသားရှိတယ်ဆိုပြီးတော့ မြက်တစ်ထုံးကိုင်ပြီး အိမ်နောက်ဖေးကိုဝင်သွားတယ်။
ဦးဘသာ အိမ်ရှေ့ပြန်ထွက်လာတော့ နွားပေါင်ကြီးတစ်ပေါင်ကိုင်လာတယ်ဗျ၊ ငါးပိဿာလောက်တော့ ရှိလောက်မယ်၊ အသားကလည်း ရဲနေတာပဲဗျာ၊ ကျုပ်အဖေက ဦးဘသာ နွားပေါ်တယ်ဆိုရင် အသားရှိသေးရင် ကျုပ်ကိုလည်း တစ်ပိဿာလောက်ရောင်းပါလို့ ထပ်တောင်းတာ ဦးဘသာက ပေကပ်ကပ်နဲ့။ မရှိတော့ဘူးသူကြီး၊ ဒီဟာအကုန်ပဲ၊ သူကြီးစားချင်ရင် နောက်နေ့ကျရင် ကျုပ်တစ်ကောင်ပေါ်ကျွေးမယ်ဆိုပြီးပြောလိုက်ပါရော၊အဖေလည်း ဦးဘသာကိုငြင်းဆန်လိုက်ပြီးတော့ ဦးဘသာတို့အိမ်ကနေပြန်ထွက်လာခဲ့ကြတာပေါ့ဗျာ။
ဒါနဲ့ကျုပ်တို့လည်း အမဲသားပေါင်ကြီးကို တောင်းကြီးထဲထည့်ပြီး ပြန်ခဲ့တာပေါ့၊ အဖေကတော့ မလိုက်တော့ဘူး၊ ကျုပ်ကတော့ ဖိုးတရုတ်တို့ဆီလိုက်ချင်တယ်လို့ပြောလိုက်တယ်၊ အဖေက ခွင့်ပြုပါတယ်၊ ဖိုးတရုတ်နဲ့ကျုပ်နဲ့က အခင်ဆုံးသူငယ်ချင်းတွေကိုး၊ စားဖော်၊ စားဖက်၊ ကစားဖော်၊ ကစားဖက်တွေလေ၊ ဒါပေမယ့် အဖေကတစ်ခုတော့ပြောတယ်၊ ညနေ ဘုရားငုတ်တိုကို လိုက်မသွားနဲ့တဲ့။
အခန်း(၃)
ဖိုးတရုတ်တို့အိမ်ရောက်တော့ အမဲပေါင်ကြီးကိုဖျက်ပြီးတော့ ထင်းမီးဖိုမှာ မကျက်တကျက်ကင်တယ်၊ အပေါ်ယံသားလေးတွေကို မီးပြပေမယ့် တကယ်တမ်းကတော့ အမဲသားအစိမ်း နီနီကြီးသာရှိသေးတာဗျ၊ ပြီးတော့ နှီးစကောကြီးထဲကို ဖက်တွေခင်းပြီး အပေါ်က ထမင်းနှစ်လုံးချက်ထားတာကိုပုံလိုက်တယ်၊ ထမင်းကိုဖြန့်ပြီးတော့ အမဲသားကင်အမြှောင်းလိုက်ကြီးတွေကို စကောထဲကိုထည့်ရတာပေါ့ဗျာ၊ အမဲသားက များလွန်းတော့ ထမင်းကိုတောင်ဖုံးသွားတယ်၊ ပြီးတော့ ပုဆိုးပိုင်းတစ်ခုနဲ့အုပ်ထားတာပေါ့။
ကျုပ်တို့ကတော့ ဖိုးတရုတ်အနားမှာသွားနေတယ်၊ ဖိုးတရုတ်က လူးလှိမ့်ပြီးအော်နေပေမယ့် အမဲသားအနံ့ရတော့ ခွေးလေးတစ်ကောင်လိုပဲထိုင်ပြီးတော့ လျှာကြီးထွက်ပြီး သွားရေတွေကျနေတာဗျာ၊ ကျုပ်တို့ဖြင့်ရွံလိုက်တာ၊ သွားရေတွေသုတ်ပေးလည်းမရဘူး၊ စီးကျနေတာ၊ ဗိုက်အောင့်တာလည်း သက်သာသွားပုံပဲဗျ။ ဒါပေမယ့် မကျေနပ်တဲ့သူတွေကတော့ ရှိတယ်။ အဲဒါကတော့ ဖိုးတရုတ်ရဲ့ဦးလေးတွေပေါ့၊ ဖိုးတရုတ်က အဖေမရှိတော့ဘူး၊ သူငယ်ငယ်ကလေးတည်းက သူ့အဖေသေသွားခဲ့တာပေါ့၊ ဒါပေမယ့် ဦးလေးတွေကတော့ သုံးယောက်လောက်ရှိတယ်၊ သူ့ဦးလေးတွေလည်း သန်သန်မာမာထွားထွားကျိုင်ကျိုင်းတွေဗျ။
မကြာခင် နွားရိုင်းသွင်းချိန်ရောက်လာခဲ့ရောဗျ။ ဖိုးတရုတ်အမေက ခေါစာဗန်းကိုရွက်ပြီးတော့ ရွာပြင်ကိုတိတ်တိတ်ကလေးထွက်ခဲ့တယ်၊ ကျုပ်အဖေသူကြီးကသာ လှို့ဝှက်ထားခိုင်းတာ တစ်ယောက်စကားတစ်ယောက်နားနဲ့ ဖိုးတရုတ်သတင်းက ရွာထဲပြန့်နေပြီလေ၊ ရွာသားတွေတစ်ချို့လည်းထွက်ကြည့်ကြတယ်၊ ကျုပ်ကလည်း သိချင်တာနဲ့ အနောက်ကနေ ရွာသားတွေနဲ့လိုက်ကြည့်တာပေါ့။
ဘုရားပျက်ကုန်းဆိုတာ အရမ်းသရဲခြောက်တဲ့နေရာဗျ၊ နေရာအရမ်းကြမ်းတယ်လို့ပြောတယ်၊ ကျုပ်တို့ရွာသုံးရွာအလယ်က ဘုရားတော့မဟုတ်ဘူး၊ ကျုပ်တို့ဇီးကုန်းရွာရဲ့အနောက်ဘက်ယွန်းယွန်းမှာရှိတာပါ၊ ရွာနဲ့ နှစ်မိုင်လောက်ဝေးတယ်၊ အဲဒီအနားမှာ တောတန်းကလေးလဲရှိတယ်၊ နောက်တော့ ဘုရားပျက်ကြီးပေါ့၊ အုတ်ကျိုးအုတ်ပျက်တွေနဲ့ ကုန်းကမူကြီးက ညနေနေရောင်မှာ နီနီရဲရဲကြီးဖြစ်နေတာပေါ့ဗျာ၊ ကျုပ်တို့အဲဒီကိုလည်းရောက်ရော ကျုပ်အဖေနဲ့တွေ့ပါလေရာ၊ အဖေကဆိုကျုပ်ဆီကိုလာပြီး ကျုပ်ဇက်ပိုးကို ဖျောင်းခနဲလက်နဲ့အုပ်သွားတာဗျာ၊ ကျုပ်ဆိုရင် ပူထူပြီး ကြယ်တွေလတွေ မြင်ကုန်တယ်၊ အဖေက ကျုပ်ကိုပြန်ခိုင်းလိုက်တယ်၊ ဟုတ်တော့လဲဟုတ်တယ်ဗျာ၊ လူအုပ်ထဲမှာ တခြားကလေးတွေ တစ်ယောက်မှမပါဘူး၊ ကျုပ်သာစပ်စုလွန်းအားကြီးပြီး လိုက်လာခဲ့တာ၊ ဒါနဲ့ကျုပ်လည်း ရွာဘက်လှည့်ပြန်ခဲ့တာပေါ့၊ ဒါပေမယ့် တစ်နေရာမှာ ချုံပုတ်ကြီးကလှုပ်နေတာနဲ့ ကျုပ်လဲသိချင်လို့သွားကြည့်တော့ ဖိုးတရုတ်တို့ဦးလေးတွေဖြစ်နေတယ်၊ သူတို့ကလည်း ဓါးတွေလှံတွေကိုင်ထားကြတယ်။
ကျုပ်လည်းချုံအကွယ်တစ်ခုကနေ ဆက်ပြီးချောင်းကြည့်နေမိတယ်၊ သူတို့ကတော့ ခေါစာလာစားတဲ့ စုန်းမကိုတွေ့ရင် လှံနဲ့ထိုးမယ်၊ ဓါးနဲ့ခုတ်မယ်ဆိုပြီး ကြိမ်းဝါးနေကြတာပေါ့၊ ဒါမျိုးကျတော့ ကျုပ်လဲ လက်လွတ်မခံချင်တော့ဘူးလေ၊ အဲဒါနဲ့ ကျုပ်လည်းဆက်ပြီးပုန်းနေလိုက်တယ်။ ခဏကြာတော့ အဖေရော ရွာကလူတွေပါအကုန်ပြန်သွားတယ်။ ဖိုးတရုတ်အမေကတော့ ခေါစာစကောကို ဘုရားငုတ်တိုရဲ့အနောက်ဘက် တောစပ်မှာချပေးပြီး ခပ်သုတ်သုတ်ပြန်ပြေးသွားတယ်။ ကျုပ်လည်း အဲဒီတော့မှ ကြောက်စိတ်ဝင်လာတယ်၊ ဒီနားမှာ လူဆိုလို့ ကျုပ်ရယ်၊ ဖိုးတရုတ်ဦးလေးသုံးယောက်ရယ်ပဲ ကျန်နေခဲ့တော့တာကိုး၊ တဖြည်းဖြည်းလည်းမှောင်လာခဲ့ပြီ။
ဒီအချိန်မှာ ခွေးအူသံကြီးတစ်ခုကို ဆွဲဆွဲငင်ငင်ကြီးကြားလိုက်ရတယ်ဗျ၊ မကြာပါဘူး တောတန်းကလေးထဲကနေ ခွေးကြီးတစ်ကောင်ပြေးထွက်လာတယ်၊ အမွှေးစုတ်ဖွားနဲ့ ခွေးကြီးက တော်တော်ကြီးတဲ့အကောင်ကြီးဗျ၊ လူကြီးခါးလောက်အရပ်ရှိမယ်၊ အရွယ်က နွားပေါက်လောက်ကိုရှိတယ်။
ဓါးနဲ့ခုတ်၊ လှံနဲ့ထိုးမယ့် ဖိုးတရုတ်ဦးလေးတွေလည်း ချုံပုတ်ထဲကနေ မထွက်ကြဘူးဖြစ်နေတယ်၊ ခွေးကြီးရဲ့မျက်လုံးတွေက ညနေနေရောင်မှာ နီရဲနေတာပဲဗျာ၊ နောက်တော့ ခေါစာဗန်းကိုငုံ့ပြီးတော့ အမဲသားတွေကို အားရပါးရစားတော့တာပဲ၊ ဒါပေမယ့် အမဲသားတွေကပဲမကျက်လို့လားမသိဘူးခွေးကြီးက အမဲသားတွေကို တော်တော်အားယူပြီးဝါးနေရတယ်၊ ခေါင်းကိုဘေးစောင်းပြီးတော့ အံသွားတွေနဲ့ပါ ဝါးစားနေတယ်၊ နောက်တော့ အမဲသားတွေကို ပါးစပ်ထဲကနေထွေးထုတ်လိုက်တယ်။
အဲဒီအခါမှာပဲ ရယ်သံကြီးတစ်ခုထွက်ပေါ်လာတယ်၊ ကျုပ်တို့ကြည့်လိုက်တော့ ဦးဘသာကြီးဗျာ၊ ခေါင်းပြောင်ပြောင်ကြီးကို သဘက်တစ်ခုနဲ့ခေါင်းပေါင်းထားပြီး ပုဆိုးတိုတိုဝတ်ထားတယ်၊ ခွေးနက်ကြီးကိုကြည့်ပြီးတော့ လက်ညှိုးထိုးပြီး တဟားဟားနဲ့အော်ရယ်နေတာပေါ့ဗျာ။ ခွေးကြီးက သူ့ကိုကြည့်ပြီးတော့ တဂီးဂီးနဲ့မာန်ဖီနေတယ်။
“ဟား၊ ဟား ဘယ်လိုလဲ စားလို့ကောင်းရဲ့လား နွားမရဲ့၊ အဲဒါ အမဲသားမဟုတ်ဘူး၊ ငါ့အိမ်က နွားတွေစားတဲ့ မြက်ထုံးကြီးဟဲ့”
ခွေးကြီးက ဦးဘသာကြီးကိုကြည့်ပြီးတော့ ကိုက်တော့မယ့်ဟန်ပြင်နေတယ်၊ ချုံပုတ်ထဲကနေကြည့်နေတဲ့ ကျုပ်က ဒူးတွေတဆတ်ဆတ်တုန်နေပြီ၊ ဦးဘသာကတော့ တစ်ချက်ကလေးတောင် ကြောက်ပုံမရဘူးဗျာ။
“အောင်မယ်၊ နင်ကများငါ့ကိုကိုက်မယ်တဲ့လား၊ နွားမရဲ့ နင်က ငါကျွေးတဲ့မျက်စားထားမှတော့၊ ငါ့ခိုင်းဖတ်ဖြစ်သွားပြီပေါ့”
ဦးဘသာကြီးက နောက်တော့ ခွေးနက်ကြီးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျ။ ပါးစပ်ကလဲ ခုန်စမ်း လို့အမိန့်ပေးလိုက်တာနဲ့ ခွေးကြီးမှာ ခြေလေးဖက်စလုံးမြေပေါ်က ကြွပြီး ခုန်ဆွခုန်ဆွလုပ်နေတော့တာပဲ၊ ဦးဘသာကြီးက ခွေးကြီးကိုကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်နေတာပေါ့၊ ခွေးကြီးရဲ့အကြည့်တွေကတော့ တော်တော်မကျေနပ်တဲ့အကြည့်နဲ့ ကြည့်နေတာ၊ ဒါပေမယ့် သူကိုယ်တိုင်ကတော့ ဦးဘသာခိုင်းသလို ခုန်နေရတာဗျ။
“ဟား၊ ဟား၊ နင့်ကိုငါက ခွေးလို့ထင်နေတာ၊ နင်က မြက်စားတဲ့ယုန်ကိုး”
ဦးဘသာကနောက်တော့ လှိမ့်စမ်းလို့ပြောလိုက်တာ၊ ခွေးကြီးက မြေမှာဝပ်ပြီး ဘယ်လှိမ့်လိုက်၊ ညာလှိမ့်လိုက်နဲ့ လှိမ့်နေတော့တာပဲဗျာ၊ ဦးဘသာကြီးကလည်း ခွေးကြီးကိုထိုင်ခိုင်းလိုက်၊ ထခိုင်းလိုက်နဲ့ အစုံခိုင်းတော့တာပဲ၊ ခွေးကြီးမှာလည်း သူခိုင်းတဲ့အတိုင်းလုပ်ရတာ၊ နောက်ဆုံးတော့ ခွေးကြီးကနေ လူသံထွက်လာတယ်ဗျ၊ လူသံတောင်မှ မိန်းမတစ်ယောက်ရဲ့အသံ။
“ကြောက်ပါပြီရှင့်၊ ကျွန်မကိုလွှတ်ပေးပါတော့၊ ကျွန်မတောင်းပန်ပါတယ်”
ဒီတော့မှ ဦးဘသာကြီးကလည်း ကျေနပ်သွားတယ်။
“ဟဲ့မိအေး၊ နင်ဒွေးချောင်းက မိအေးမဟုတ်လား၊ နင့်ပညာလောက်နဲ့များ ငါ့ရွာကို လာစမ်းရတယ်လို့မိအေးရယ်၊ ဒီရွာမှာ ငါရှိနေတယ်ဆိုတာ နင်မသိဘူးလား”
ခွေးကြီးက ဘာမှမပြောဘဲ ခွေးမှိုင်ကြီးမှိုင်နေတယ်ဗျ။ ဦးဘသာကြီးက ခွေးကြီးအနားကိုလမ်းလျှောက်သွားလိုက်ပြီးတော့ ခွေးကြီးကိုလက်ညှိုးထိုးပြီး
“ကဲ၊ နင်လည်းသွားတော့၊ နောက်ဆိုနင့်ရွာမှာနင်ကြိုက်သလိုလုပ်၊ ငါ့ရွာကိုတော့ လာမကျော်နဲ့မိအေး၊ နင်မကျေနပ်ရင် နင်တို့တစ်မျိုးလုံးခေါ်လာခဲ့၊ သွားစမ်း”
အဲဒီလိုပြောပြီးတော့ ခွေးကြီးရဲ့နှာနုကို ဖြတ်ကန်ထည့်လိုက်တာ ခွေးကြီးမှာ နာလွန်းလို့ တကိန်ကိန်နဲ့အော်ပြီးတော့ အမြီးကုပ်ပြီး တောတန်းထဲကို ဝင်ပြေးသွားတယ်ဗျာ။ မနာခံနိုင်ရိုးလား ဦးဘသာကြီးစီးတဲ့ဖိနပ်က သရက်သားမာမာကိုခုတ်ပြီးလုပ်ထားတဲ့ ခုံဖိနပ်ကြီးဗျ၊ နှာနုကိုထိသွားတာဆိုတော့ တော်တော်တော့နာသွားမယ့်ပုံပဲ။
နောက်တော့ ဦးဘသာကြီးက ရွာဘက်ကိုထွက်သွားတယ်၊ ကျုပ်လည်း ရွာကိုအပြေးပြန်ဖို့လုပ်ရတာပေါ့ဗျာ၊ ကျုပ်က သရဲတော့လုံးဝမကြောက်တတ်ပေမယ့် နည်းနည်းတော့လန့်တယ်ဗျ၊ ပတ်ဝန်းကျင်ကလည်း တော်တော်မှောင်နေပြီလေ၊ ဒါပေမယ့် ဖိုးတရုတ်ဦးလေးသုံးယောက်ကိုသတိရသွားလို့ သူတို့တွေပုန်းနေတဲ့ ချုံပုတ်ဆီကိုသွားလိုက်တယ်၊ အဲဒီကိုရောက်တော့ ဘာတွေ့တယ်ထင်သလဲဗျ၊ စုန်းမလာရင် ဓါးနဲ့ခုတ်မယ်၊ လှံနဲ့ထိုးမယ်ဆိုတဲ့ အားကောင်းမောင်းသန် ယောက်ျားကြီးသုံးယောက်က သတိလစ်နေတယ်ဗျ၊ မျက်ဖြူတွေကိုလန်လို့၊ ဒါကြောင့် သူတို့ခွေးကြီးကို ဓါးနဲ့မခုတ်နိုင်တာနေမှာပေါ့ဗျာ၊ ကျုပ်လည်း ရွာကိုအမြန်ပြေးရတော့တယ်၊ ရွာရောက်တော့မှ ဖိုးတရုတ်အိမ်ကိုသွားပြီး အကျိုးအကြောင်းပြောပြတော့မှ ဖိုးတရုတ်အိမ်ကလူတွေ သွားခေါ်ရတယ်၊ သတိရအောင်မနည်းနှာနှပ်ယူရတယ်တဲ့ဗျာ၊ အဲဒီအချိန်မှာပဲဖိုးတရုတ်အိမ်ကိုအဖေရောက်လာတယ်ဗျ၊ အဖေ့လက်ထဲမှာ ကိုင်ထားတာကလဲ ကြိမ်လုံးကြီး၊ ကြိမ်လုံးနာမည်ကလည်း ထားဝယ်ကြိမ်တဲ့ဗျ။
ကျုပ်လည်း ခွေးနက်ကြီးထွက်ပြေးတာကို ဝမ်းသာအားရ ကြည့်ခဲ့မိလို့ ဝဋ်လည်တာလားတော့မသိပါဘူး၊ ဒီတစ်ခါတော့ ကျုပ်ပြေးအလှည့်ပေါ့၊ ဖိုးတရုတ်တို့အိမ်နောက်ဘက် စည်းရိုးမှာရှိတဲ့ ခွေးတိုးပေါက်ကနေထွက်ပြေးတာပေါ့၊ အဖေကတော့ ကျုပ်ကိုလှမ်းပြီး အော်ဆဲရင်း ကြိမ်လုံးကြီးဝင့်ကာ ဝင့်ကာနဲ့ ပြေးလိုက်လာတာပေါ့ဗျာ။
ကျုပ်လည်း ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးပြီး နောက်ဆုံးရွာဦးဘုန်းကြီးကျောင်းဆီကိုပြေးရတော့တာ၊ ရွာဦးဘုန်းကြီးက အဖေ့ဘကြီးလေ၊ ကျုပ်တို့အဘိုးတော်တာပေါ့၊ သူက ကျူပ်ကိုသိပ်ချစ်ရှာတာ၊ နောက်ဆုံးဘုန်းကြီးကျောင်းရောက်တော့မှ ကျုပ်လည်း အဘိုးဖြစ်သူရင်ခွင်ထဲအပ်ပြီး ငိုချလိုက်ရတော့တာပေါ့ဗျာ။
ကဲ၊ ဒီနေ့တော့ ဒီလောက်ပဲစာရေးစရာရေ၊ နောက်နေ့မှပဲ ဦးဘသာကြီးအကြောင်းတွေ ထပ်ပြီးပြောပြအုံးမယ်ဗျာ။
ပြီးပါပြီ။