အပိုင်း (၂)
“ဟား၊ ဟား၊ ခင်ဗျားအလှည့်ပြီးပြီ၊ ဒီတစ်ခါ ကျုပ်အလှည့်”
ငခမ်းက နန္ဒလက်ထဲတွင်ကိုင်ထားသည့် ဓါးကိုညာလက်ဖြင့်ဖမ်းဆုပ်လိုက်ပြီး ချိုးချထည့်လိုက်သည်။ ဓါးမှာ ထက်ပိုင်းကျိုးကျသွားလေသည်။ နန္ဒအံ့သြနေသည့်အချိန်မှာပင် ငခမ်းက နန္ဒ၏ လည်ပင်းကို ပါးစပ်ဖြင့်ကိုက်ထည့်လိုက်သည်။ ငခမ်းက ကိုက်ဆွဲထည့်လိုက်ရာ နန္ဒ၏လည်ပင်းကြီးပွင့်ထွက်သွားပြီး သွေးများပန်းထွက်လာလေသည်။ ငခမ်းက ထိုသွေးများကို ပါးစပ်ဖြင့်စုပ်ယူနေလိုက်သည်။
“ကောင်းလိုက်တာ၊ အရသာရှိလိုက်တာ”
ငခမ်းဘာအရသာမှ မရတော့သော်လည်း လတ်လတ်ဆတ်ဆတ်သွေး၏ အရသာကတော့ ချိုမြိန်လှသည်။ ငခမ်းလည်း အားရပါးရစုပ်နေသည်မို့ နန္ဒမှာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါနေပြီးနောက် ငြိမ်သက်သွားလေသည်။ သူ့တစ်ကိုယ်လုံး ဖြူဖပ်သွားလေတော့သည်။ ငခမ်းက သွေးကုန်သွားသည့်အခါ နန္ဒအလောင်းကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။
နန္ဒ၏နောက်လိုက်များက ငခမ်းအား အံ့သြစွာဖြင့်ကြည့်နေကြလေသည်။ နောက်တော့ မြင်းစီးသမားများမှာ အကုန်ထွက်ပြေးကုန်သည်။ စားတဲကြီးအတွင်းရှိ ဓါးသမားများမှာလည်း ထွက်ပြေးကုန်ကြသည်။
“အကိုကြီး၊ အကိုကြီး”
အနောက်မှ လုံဒီက ပုတ်လိုက်ရာ ငခမ်းကလှည့်ကြည့်လိုက်သည်။ လုံဒီ၏ ဖြူဝင်းလှသောလည်တိုင်တွင် သွေးကြောစိမ်းစိမ်းများကိုမြင်လိုက်ရသည့်အခါ ငခမ်းစိတ်တွေထိန်းချုပ်မရတော့ပေ။ လုံဒီကို ဆွဲဖက်လိုက်ပြီး သူ့ပါးစပ်ကိုဖြဲလိုက်သည်။ ထိုအခါ အလွန်ရှည်လျားသည့် အစွယ်ကြီးများက ငခမ်းပါးစပ်တွင်ပေါ်ပေါက်လာခဲ့သည်။
“ငခမ်း၊ မင်းမလုပ်နဲ့ စိတ်ကိုထိန်း”
မုန်တိုင်းက ငခမ်းကိုရေတစ်ခွက်နှင့်ပက်လိုက်တော့မှ ငခမ်းအသိပြန်ဝင်လာခဲ့သည်။ လုံဒီက အလွန်ကြောက်လန့်ပြီးတုန်လှုပ်နေသည်။ ငခမ်းက လုံဒီအားတွန်းထုတ်လိုက်သည်။
“ငါဘာဖြစ်တာလဲ၊ ငါဘာဖြစ်သွားတာလဲ”
“မင်းလူတွေရဲ့သွေးတွေကိုစုပ်လိုက်ပြီးတော့ မိစ္ဆာစိတ်တွေပေါက်လာတာဖြစ်မယ်”
ငခမ်းကိုယ့်ကိုယ်ကိုယ် အံ့သြနေမိသည်။
“ဘယ်လိုလုပ်မလဲငခမ်းရာ၊ ဟိုမှာလူတွေ ထွက်ပြေးကုန်ပြီမဟုတ်လား၊ သူတို့ ငါတို့ကိုမြင်သွားတယ်ကွ”
မုန်တိုင်းက တုန်ယင်စွာနှင့်ပြောလိုက်သည့်အခါ ငခမ်းက ကွင်းပြင်အတွင်းသို့ကြည့်လိုက်သည်။ ဓါးသမားများက လမ်းအတိုင်းပြေးနေကြသလို အချို့မှာလည်း ကွင်းပြင်ထဲသို့ဆင်းကာ မြက်တောများအတွင်းပြေးလွှားနေကြသည်။ မြင်းစီးထားသည့် သူများမှာလည်း မြို့တံခါးဆီသို့ဦးတည်လျှက် ပြေးလွှားနေကြလေသည်။ ငခမ်းက သူ့ကျောကုန်းတွေကို ကုတ်လိုက်သည်။
“ဘာဖြစ်ပြန်တာလဲငခမ်း”
“ယားတယ်၊ ယားတယ်ကွ”
ငခမ်းကုပ်ခြစ်နေရင်းမှာပင် သူ့လက်တွင်လက်သည်းရှည်ကြီးများထွက်ပေါ်လာလေသည်။ ငခမ်းတစ်ကိုယ်လုံးတွင် မည်းနက်နေသည့်အမွှေးများက ဖုံးအုပ်သွားကာ မျက်နှာမှာလည်း စုပ်ချွန်းချွန်းဖြစ်သွားသည်။ ငခမ်းချိုင်းကြားမှ အတောင်ပံတစ်ခုထွက်လာပြီး ငခမ်း၏လက်ဝါးများနှင့်ချိတ်ဆက်သွားလေသည်။ မကြာခင် ငခမ်းတစ်ယောက် အလွန်ကြီးမားသည့် လင်းနို့ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။
“မင်းသူတို့အကုန်လုံးကိုသတ်ပစ်မှဖြစ်မယ်၊ မဟုတ်ရင် ငါတို့ကိုလူတွေသိသွားလိမ့်မယ်ကွ”
မုန်တိုင်းက ငခမ်းကိုပြောလိုက်လေသည်။ လုံဒီက ငခမ်းကိုကြည့်ပြီး အသံကုန်ဟစ်ကာ အော်နေလိုက်သည်။ ငခမ်းက တစ်ချက်ခုန်ထည့်လိုက်ရာ စားတဲကြီးအမိုးပွင့်ထွက်သွားပြီး ငခမ်းအပြင်သို့ထွက်သွားလေသည်။ လသာနေသည့်ကောင်းကင်တွင် ငခမ်းက ပျံသန်းနေလေသည်။
မြင်းစီးသမားများက ကွင်းပြင်ကိုဖြတ်ပေးနေပြီး မြို့တံခါးအနီးသို့နီးကပ်လာပြီဖြစ်သည်။ ထိုအချိန်တွင် မြင်းစီးသမားတစ်ယောက်မှာ မိုးပေါ်သို့ပျံတက်သွားတော့သည်။ ငခမ်းက သူ့ခြေထောက်များဖြင့် မြင်းစီးသမားအား ကုတ်ချီသွားခြင်းဖြစ်သည်။ မြင်းစီးသမားမှာ အလွန်ကြောက်လန့်နေသည်။ မိုးပေါ်ပျံနေရင်းပင် ငခမ်းက မြင်းစီးသမား၏ ပါးစပ်ထဲသို့ သူ့လက်များကိုထည့်လိုက်သည်။ ထို့နောက် ချွန်ထက်နေသည့် လက်သည်းကြီးများဖြင့် မြင်းစီးသမား၏ လျှာကိုဖြတ်ထုတ်လိုက်သည်။ ထို့နောက် တစ်ချိန်တည်းမှာပင် မြင်းစီးသမား၏ မျက်လုံးနှစ်လုံးကိုဖောက်ထုတ်လိုက်ပြိးနောက် အိမ်တစ်အိမ်ပေါ်သို့ ပစ်ချပေးလိုက်တော့သည်။
“ဟေး တံခါးဖွင့်စမ်းပါ၊ မြို့တံခါးဖွင့်စမ်းပါ”
မြင်းစီးသမားတစ်ယောက်က မြို့တံခါးအနီးသို့ပြေးလာသဖြင့် တံခါးစောင့်ရဲမက်များက ထိုလူအားကြည့်လိုက်သည်။
“မင်းက ဘယ်ကကောင်လဲ”
“မြန်မြန်ဖွင့်စမ်းပါကွာ၊ ငါက အိမ်ရှေ့စံကိုယ်တော်ကြီးရဲ့ လက်ရုံးတပ်သားတစ်ယောက်ပဲ”
“ဟား၊ ဟား လက်ရုံးတပ်ဖြစ်ဖြစ်၊ ခြေရုံးတပ်ဖြစ်ဖြစ် ငါတို့မြို့တံခါးမဖွင့်ပေးနိုင်ဘူးကွ၊ မြို့ထဲဝင်ချင်ရင် မနက်မိုးလင်းမှဝင်တော့၊ ဟောဟိုမှာ ဇရပ်တွေရှိတယ်၊ အဲဒီမှာတစ်ညလောက် နားနေလိုက်စမ်းပါ”
တံခါးစောင့်များကပြောနေရင်း ကြိးမားသည့် လင်းနို့ကြီးတစ်ကောင်က ကောင်းကင်တွင်ပေါ်ထွက်လာခဲ့သည်။ ထိုလင်းနို့ကြီးက မြေပေါ်သို့ထိုးဆင်းလိုက်ပြီး မြင်းစီးသမား၏ လည်ကုပ်ကိုချီကာ ပျံသန်းသွားလေသည်။ မြင်းစီးသမားမှာ အသံနက်ကြီးဖြင့်အော်ဟစ်ရင်း လင်းနို့ကြီးအနောက်သို့ ပါသွားတော့သည်။ တံခါးစောင့်များလည်း အလွန်ထိတ်လန့်နေလေသည်။
“မင်း၊ မင်းရောမြင်လိုက်တယ်မဟုတ်လား”
နောက်တံခါးစောင့်ရဲမက်ကလည်း ခေါင်းညိတ်သည်။
သို့နှင့်တစ်ညလုံး ငခမ်းက ဓါးသမားများကိုဖမ်းပြီး လျှာများဖြတ်ပစ်ရာ မနက်မိုးမသောက်ခင်တွင် ပြီးစီးသွားလေသည်။ သို့နှင့် စားတဲကြီးဆီသို့ပြန်လာရာ မုန်တိုင်းတို့နှစ်ယောက်မရှိတော့ပေ။
“ဟေ့၊ ငါတို့ဒီမှာ”
ညောင်ပင်အနီးတွင် မုန်တိုင်းတို့နှစ်ယောက် ပုန်းအောင်းနေလေသည်။ ငခမ်းက မုန်တိုင်းတို့အနီးတွင်ရပ်လိုက်သည်။
“ငါတို့မြန်မြန်သွားမှဖြစ်မယ်ကွ၊ နောက်ထပ်တပ်တွေလာရင် အခြေအနေတွေ ပိုဆိုးကုန်မယ်”
ငခမ်းက လုံဒီကိုလက်တစ်ဖက်ဖြင့်ပွေ့ချီလိုက်ပြီး နောက်ထပ်လက်တစ်ဖက်ဖြင့် မုန်တိုင်းကိုပွေ့ချီလိုက်သည်။ ထို့နောက် မိုးကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ လုံဒီမှာ အလွန်ထိတ်လန့်နေသဖြင့် မျက်လုံးများကိုမှိတ်ထားလေသည်။
“ကဲ ရှှုခင်းကြည့်ရတာကြိုက်တဲ့ လုံဒီ၊ မင်းမျက်လုံးတွေကိုဖွင့်လိုက်စမ်းပါ၊ အမရပူရနေပြည်တော်ကြီးကို အပေါ်စီးကနေ လှမ်းကြည့်စမ်းပါကွ”
လုံဒီလည်း မဝင့်မရဲနှင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကျုံးများ၊ နန်းတော်ရာအဆောက်အဦးများနှင့် အကွက်ကျကျလှပနေသည့် မြို့တော်ကြီးကိုတွေ့ရသည်။ မြို့တော်ကြီးအနီးတွင် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ကြီးကလည်း လရောင်ဖြင့်ရောင်ပြန်ဟပ်ကာ တောက်ပနေတော့သည်။ ဟိုးအဝေးမှ တောင်စွယ်တောင်တန်းများကိုလည်းအတိုင်းသားမြင်နေရပြီး အိမ်ကလေးများမှာလည်း သူတို့အောက်တွင် ခပ်ရေးရေးသာမြင်နေရသည်။ မကြာခင် ငခမ်းက တိမ်တိုက်တစ်ခုအတွင်းသို့ ပျံသန်းဝင်ရောက်လိုက်သည်။ တိမ်စိုင်များမှာ ဝါဂွမ်းသားကဲ့သို့ နူးညံ့လှပြီး စိုစွတ်အေးချမ်းလှသည်။ သူတို့အတူတူပျံသန်းခဲ့ပြီး ငခမ်းက မြို့ရိုးအတွင်းသို့ ပျံသန်းဝင်ရောက်လိုက်သည်။ သူတို့အနက်ရောင်ခံတပ်အနီးသို့ သွားသည့်လမ်းအရောက်တွင် ဆင်းသက်လိုက်တော့သည်။
“ငါတို့ နှုတ်ဆက်ချိန်တန်ပြီထင်တယ် လုံဒီ”
ငခမ်းက ပြောဆိုနေရင်း လင်းနို့ကြီးအဖြစ်မှ လူအဖြစ်သို့ပြောင်းလဲသွားသည်။ ငခမ်းကိုယ်လုံးတွင် ဝတ်စားထားသည့်အဝတ်အစားများမှာ ပြဲစုတ်ကုန်သဖြင့် မုန်တိုင်းက သူ့အပေါ်ဝတ်အကျီကိုချွတ်လိုက်ပြီး ငခမ်းအောက်ပိုင်းကို ဖုံးအုပ်ပေးလိုက်သည်။
“ကျုပ်သွားရတော့မယ် အကိုကြီးတို့”
ငခမ်းရော မုန်တိုင်းပါ လုံဒီကိုပြုံးပြလိုက်သည်။
“ဒါနဲ့ မင်းဂရုစိုက်သွားအုံးနော်”
“စိတ်ပူမနေစမ်းပါနဲ့ငခမ်းရာ၊ ဒီမိန်းကလေး တိုက်ခိုက်တတ်တယ်ဆိုတာ မင်းအမြင်ပဲမဟုတ်လား”
ငခမ်းခေါင်းညိတ်လိုက်သည်။ လုံဒီက သူတို့ကို ကျောခိုင်းသွားပြီးတော့ အတော်လှမ်းလှမ်းရောက်မှ သူတို့ကိုပြန်လှည့်ကြည့်သည်။
“ကျုပ်ကိုခွင့်လွှတ်ပါအကိုကြီး၊ ကျုပ်တို့ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့ရှင်”
“အေးပေါ့ကွာ၊ တစ်နေ့တော့ ပြန်ဆုံဖြစ်ကြမှာပါ”
သူတို့နှုတ်ဆက်ပြီးထွက်လာခဲ့ကြသည်။ မိုးမသောက်ခင် အနက်ရောင်ခံတပ်ကို ပြန်ကြလေသည်။ ခပ်သွက်သွက်လျှောက်လာရင်း ခံတပ်အဝင်လမ်းရောက်တော့မှ ငခမ်းက ရပ်တန့်သွားသည်။
“ဘာလို့လဲကွ ငခမ်းရ”
“ငါ့လက်နက်၊ ငါ့ရဲ့ရွှေကြာပွင့်လက်နက်ရော”
သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ မုန်တိုင်းက စဉ်းစားလိုက်ပြီး
“ငါတို့ ညောင်ပင်ကြီးဆီထွက်လာခဲ့တော့ မင်းရဲ့လက်နက်ကို လုံဒီက ခါးမှာပတ်ထားတယ်ကွ”
“ဟာ၊ သွားပါပြီဗျာ၊ ကျုပ်လက်နက်မရှိတော့ရင် ကျုပ်ဘယ်လိုလုပ်မလဲ၊ ဒီကောင်မလေး မေ့ပြီးယူသွားတာဖြစ်မယ်၊ ကျုပ်တို့ပြန်လိုက်ယူစို့ဗျာ”
ငခမ်းက လှည့်ပြန်မည်အလုပ် မုန်တိုင်းက ငခမ်းလက်ကိုဖမ်းဆွဲထားလိုက်သည်။
“မင်းသွားလို့မဖြစ်ဘူးကွ၊ ငါတို့ မိုးမသောက်ခင် ခံတပ်ကိုပြန်နိုင်မှရမယ်”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲကွ၊ ငါတို့ခံတပ်ကိုရောက်နေတော့မှ အပြင်မှာဖြစ်ခဲ့တာတွေကနေ ရှောင်လွဲလို့ရမယ်လေကွာ၊ မဟုတ်ရင် ငါတို့ဆိုတာကို သူတို့တွေသိသွားမှာပေါ့”
ငခမ်းလည်း မုန်တိုင်းပြောတာကိုလက်ခံပြီး မုန်တိုင်းအနောက်သို့လိုက်လာခဲ့သည်။ ခံတပ်တံခါးဝရောက်သည့်အခါ ငခမ်းကိုမြင်သဖြင့် ရဲမက်များက တံခါးဖွင့်ပေးလိုက်ကြသည်။
“ဟား၊ ဟား၊ ညည့်နက်နေပြီလေကွာ၊ မင်းတို့ဘယ်သွားနေကြတာလဲ”
ပျံချီက မြို့ရိုးပေါ်မှ သူတို့ကိုနှုတ်ဆက်လေသည်။
“ကျုပ်တို့ခွေးနက်ကြီးဖမ်းလာခဲ့ပြီးတော့ မုန်တိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သွားပြီး စားသောက်နေကြတာ”
ပျံချီက ခေါင်းညိတ်သည်။
“စားသောက်တယ်လဲပြောသေးတယ်၊ မင်းမှာ အဝတ်အစားလဲ မပါပါလားကွ၊ ငခမ်းရ”
ငခမ်းဘာပြောရမှန်းမသိတော့ပေ၊ ထိုအခါ မုန်တိုင်းက
“ပြောမနေပါနဲ့တော့ ပျံချီရာ၊ ဒီကောင်ငခမ်းက မိန်းကလေးတွေနဲ့ ဆော့ကစားမယ်ဆိုပြီး သွားလိုက်တာ၊ မိန်းမလည်တွေနဲ့တွေ့တော့ သူ့အဝတ်အစားတွေပါ ချွတ်ယူသွားတယ်လေ၊ သူ့လက်နက်တောင်မှ အစစ်ပါသွားသေးတယ်”
ပျံချီက မုန်တိုင်းစကားကိုကြားရသည့်အခါ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ငါတို့ငခမ်းကတော့ကွာ၊ ဖြစ်ရမယ်၊ ကဲ ကဲ၊ အထဲကိုဝင်ကြတော့”
မုန်တိုင်းလိမ်သည်ကို ပျံချီယုံသွားသဖြင့်သာတော်သေးသည်။ ငခမ်းတို့လဲ ခံတပ်အတွင်းဝင်ခဲ့ကြသည်။ ပင်ပန်းနေပြီဖြစ်သဖြင့် မုန်တိုင်းက အိပ်ပျော်သွားလေသည်။ ငခမ်းကတော့ မအိပ်ပျော်သဖြင့် မျှော်စင်ပေါ်သို့တက်ခဲ့သည်။ ထိုမျှော်စင်ပေါ်မှ ဘူးလယ်အင်းကြီးအတွင်းကို လှမ်းကြည့်နေမိသည်။
“မုန်တိုင်းပြောတာဖြစ်နိုင်တယ်၊ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတာလေ၊ အခုငါကယ်လိုက်တော့ ငါ့ပစ္စည်းလဲ သူ့ဆီပါသွားပြီထင်ပါ့”
သူခက်ခက်ခဲခဲရထားသည့် ရွှေကြာပွင့်လက်နက်ကို နှမြောမိသော်လည်း နောက်တော့အတွေးတစ်ခုခေါင်းထဲသို့ဝင်လာခဲ့လေသည်။
“အေးပါလေ၊ မင်းလိုချင်တယ်ဆိုရင် ယူသာသွားပါတော့ လုံဒီရာ၊ မင်းက အဲဒီလက်နက်ကို ငါ့ထက်ပိုပြီး သုံးတတ်တယ်မဟုတ်လား၊ ငါက ဘာမှမလိုအပ်တော့ပါဘူး၊ အခု ငါ့ကိုယ်ခန္ဓာက ငါ့လက်နက်ဖြစ်နေပြီမဟုတ်လား”
ထိုသို့တွေးပြီး ဖြေသိမ့်လိုက်ရတော့သည်။
“မင်း အဲဒီမိန်းကလေးကို ချစ်နေတာလား”
လက်ဝါးအတွင်းမှ အသေးလေးက စကားပြောသဖြင့် ငခမ်းက သူ့လက်ဝါးကိုသူဖြန့်ကြည့်လိုက်သည်။
“မချစ်ပါဘူး”
“မလိမ်စမ်းပါနဲ့ကွာ၊ မင်းနဲ့ငါက ကိုယ်ခန္ဓာတစ်ခုထဲကို မျှဝေသုံးရတာဆိုတော့ မင်းရဲ့ခံစားချက်တွေကိုပါ ငါကခံစားမိပြီးသားပါ”
“ခင်ဗျားမဟုတ်တာမပြောနဲ့၊ ကျုပ်သူ့ကိုမချစ်ဘူး၊ ကျုပ်ချစ်တာက ရှဲန်ဆိုင်၊ ကျုပ်ဘဝမှာ ရှဲန်ဆိုင်ကလွဲပြီး တခြားမိန်းကလေးကို ကျုပ်ချစ်မှာမဟုတ်ဘူး”
“အေးပါကွာ၊ မချစ်ဘူးဆိုလည်း ပြီးတာပဲပေါ့ကွာ၊ ငါလဲပင်ပန်းနေပြီဟေ့ အိပ်တော့မယ်”
“အောင်မယ်၊ ပါးစပ်က အိပ်စရာလိုလို့လားဗျ”
“လူပဲဖြစ်ဖြစ်၊ မကောင်းဆိုးဝါးပဲဖြစ်ဖြစ်၊ မိစ္ဆာပဲဖြစ်ဖြစ်၊ လောကကြီးမှာ အိပ်စက်ဖို့လိုတယ်ကွ၊ မင်းက အခုလူသွေးသောက်ထားတာမို့လို့ လန်းဆန်းနေတာပါကွာ၊ မင်းမအိပ်ရင်နေ၊ ငါတော့အိပ်ပြီဟေ့”
ပါးစပ်က စေ့ပြီးငြိမ်သက်သွားလေသည်။ ငခမ်းလည်း သူ့လက်ကို အဖြူရောင်ပိတ်စနှင့် အသေအချာထုတ်ပိုးပြီး စည်းနှောင်လိုက်လေသည်။ သို့သော် အမှောင်ရိပ်ကိုကွယ်ပြီး ငခမ်းအားချောင်းကြည့်နေသည့် လူတစ်ယောက်ကို ငခမ်းသတိမိမည်မဟုတ်ပေ။
(၅)
“အားလုံးထကြစမ်း၊ အားလုံးထကြစမ်း”
မနက်မိုးလင်းတော့ ခံတပ်မှူးက သူတို့ကိုလာနှိုးသည်။ သူတို့ဆိုသော်လည်း အခန်းထဲတွင် မုန်တိုင်းနှင့် ငခမ်းသာရှိသည်။ မိုးကစင်စင်လင်းနေပြီး နေရောင်တွေက ဖြာကျနေလေသည်။
“ဘာလုပ်ဖို့လဲ ကျုပ်အိပ်ချင်တယ်”
“အိပ်ချင်ရင် နောက်မှအိပ်စမ်းပါငခမ်းရာ၊ အခု အတွင်းဝန်မင်းရောက်နေတယ်၊ သူက ငါတို့အားလုံးကို စုဝေးခိုင်းနေတယ်ကွ”
မုန်တိုင်းက ငေါက်ခနဲထထွက်သွားသော်လည်း ငခမ်းကတော့ အိပ်မှုန်စုန်မွှားနှင့် အနောက်ကလိုက်လာခဲ့သည်။ သူတို့ခံတပ်အတွင်းမှထွက်လာခဲ့ပြီး အတွင်းဝန်မင်းလာလေ့ရှိသည့် ရုံးခန်းမအတွင်းသို့ဝင်ခဲ့သည်။ ငခမ်းမှာ မျက်စိများမဖွင့်နိုင်အောင်ပင် အလွန်အိပ်ချင်နေလေသည်။ ခန်းမအတွင်းတွင် သူရဲနက်များအားလုံး စုဝေးရောက်ရှိနေကြသည်။ အတွင်းဝန်မင်း၏ နံဘေးတွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီးက မတ်တပ်ရပ်နေလေသည်။ ကနောင်မင်းသားကြီး၏ မျက်နှာမှာ အလွန်ခက်ထန်တင်းမာနေသည်။
“လူစုံပါပြီ၊ ကိုယ်တော်ကြီး”
ထိုအခါ အိမ်ရှေ့စံကိုယ်တော်ကြီးက အရှေ့သို့တိုးထွက်လာသည်။
“ညက မြို့ပြင်က ညောင်ပင်ရိပ်မှာ လူသတ်ပွဲတစ်ခုဖြစ်သွားတယ်”
စည်သူက
“လူသတ်မှုဆိုရင် ကျုပ်တို့နဲ့မဆိုင်ဘူးထင်တယ်ကိုယ်တော်ကြီး၊ ရာဇဝတ်ဌာနနဲ့ပဲ ဆိုင်လိမ့်မယ်ထင်တယ်”
အိမ်ရှေ့စံက စည်သူအားတစ်ချက်မျက်စောင်းထိုးလိုက်ရာ စည်သူက ခေါင်းကိုငုံ့လိုက်သည်။
“ရာဇဝတ်ဝန် ကိုင်တွယ်လို့မရဘူးကွ၊ ဘာလို့လဲဆိုတော့ ငါ့လူတွေကို သတ်သွားတာက လူမဟုတ်ဘူးကွ၊ မိစ္ဆာတစ်ကောင်ပဲ”
စည်သူတို့အကုန်အံ့သြသွားသည်။ အကြောင်းစုံသိပြီးဖြစ်သည့် ငခမ်းနှင့် မုန်တိုင်းတို့မှာ မအံ့သြပေ၊ သို့သော် ထိတ်လန့်သွားသည်။ အိမ်ရှေ့စံကပင်ဆက်လက်၍
“လူတွေကိုသတ်သွားတဲ့မိစ္ဆာက လင်းနို့ကြီးတစ်ကောင်လို့ပြောကြတယ်၊ မျက်မြင်သက်သေအနေနဲ့ မြို့တံခါးစောင့်ရဲမက်နှစ်ယောက်ရှိတယ်”
“ဒါဆို အသက်ရှင်ကျန်ရစ်တဲ့လူ မရှိဘူးလား အိမ်ရှေ့စံကိုယ်တော်ကြီး”
ပျံချီက မေးလိုက်သည့်အခါ အိမ်ရှေ့စံက သက်ပြင်းချလိုက်သည်။
“အသက်ရှင်သူတွေရှိပေမယ့် အားလုံးရဲ့ မျက်လုံးတွေအဖောက်ခံထားရတယ်၊ လျှာတွေကိုလည်း အဖြတ်ခံထားရတော့ ဘယ်လိုမှ မေးမြန်းမရဘူးဖြစ်နေတယ်”
အတွင်းဝန်မင်းက ခေါင်းညိတ်လိုက်ပြီး အိမ်ရှေ့စံဘက်သို့လှည်ကာ
“ဒီကိစ္စကို ကျုပ်တို့ မိစ္ဆာဖမ်းသူတွေက ဖြေရှင်းပေးပါရစေ ကိုယ်တော်ကြီး၊ မနေ့ကပဲ ကျုပ်တို့မိစ္ဆာဖမ်းသူတွေက မြို့စွန်မှာသောင်းကျန်းနေတဲ့ ခွေးနက်ကြီးကို ဖမ်းဆီးခဲ့သေးတယ်မဟုတ်လား”
“ဒါကြောင့်လဲ ကျုပ်ခင်ဗျားဆီလာတာပေါ့ အတွင်းဝန်မင်းရယ်၊ ဒီတစ်ခါတော့ ခင်ဗျားတို့ကို အားကိုးချင်တယ်၊ ဒီကိစ္စမှာကျုပ်တပ်ဖွဲ့တွေတင်မကဘဲ ကင်းဝန်မင်းကြီးရဲ့ တပ်သားတွေပါ ကျဆုံးသွားခဲ့တာဆိုတော့ ခင်ဗျားတို့မြန်မြန်ဖြေရှင်းပေးမှရမယ်၊ အခုတောင်မှ မြို့ထဲမှာ လင်းနို့ကြီးနဲ့ပတ်သက်တဲ့ ကောလာဟာလတွေ ပြန့်ကုန်ပြီ”
အတွင်းဝန်မင်းခေါင်းညိတ်လိုက်သည်။
“ကျုပ်တစ်ခုသိချင်လို့ရမလား”
လက်ထောင်ပြီးပြောလိုက်သူကတော့ငခမ်းဖြစ်သည်။ အိမ်ရှေ့စံက ငခမ်းကိုခေါင်းညိတ်ပြလိုက်သည်။
“ဘာလို့ အိမ်ရှေ့မင်းရဲ့ တပ်သားတွေရော၊ ကင်းဝန်မင်းရဲ့တပ်သားတွေရော အဲဒီညောင်ပင်ရိပ်မှာ ရောက်နေကြတာလဲဆိုတာကျုပ်သိချင်တယ်”
“မင်းမေးမှတော့ ပြောပြရတာပေါ့ကွာ”
အိမ်ရှေ့စံက တစ်ဖက်သို့လှည့်လိုက်သည်။
“တို့နန်းတွင်းမှာ မိန်းကလေးတွေ အများကြီးရှိတယ်ကွ၊ နယ်အသီးသီးက လက်ဆောင်ပဏ္ဍာအဖြစ်နဲ့ ဆက်သလာတဲ့မိန်းကလေးတွေကို ဘုရင်မင်းကြီးက လက်ခံသိမ်းပိုက်ရတယ်ကွ၊ အဲဒီအထဲမှာ မယ်မဒီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်လဲပါတယ်၊ သူက တရုတ်နွယ်ဖွားမိန်းကလေးတစ်ယောက်ပေါ့ကွာ၊ မယ်မဒီဆိုတာ ဗမာနာမည်ပေါ့”
“တို့ အင်းဝမင်းဆက် မြန်မာသက္ကရာဇ် ၁၀၂၀ ခုနှစ်မှာ တရုတ်ပြည်က မင်မင်းဆက်ရဲ့နောက်ဆုံးမင်းတစ်ပါးဖြစ်တဲ့ ဘုရင် ယုံလီက မန်ချူးတွေတိုက်ခိုက်ခံရတဲ့အတွက် နန်းကျပြီး ဗမာဘုရင်ထံကို ခိုလှံလာတယ်ကွ၊ အဲဒီမှာ ရွှေလှေ အစင်းတစ်ရာနဲ့အတူ တရုတ်မူးမတ်နဲ့ မင်းမျိုးမင်းနွယ် တစ်ထောင့်လေးရာ ခုနစ်ဆယ့်ရှစ်ယောက်တို့က ပင်းတလဲမင်းထံ ခိုလှုံလာကြတယ်ကွ၊ ပင်းတလဲမင်းက စစ်ကိုင်းမှာ တရုတ်ဘုရင်နဲ့ ဆွေမျိုးတွေအတွက် နန်းတော်တစ်ခုဆောက်လုပ်ပြီး ကောင်းကောင်းမွန်မွန်ထားခဲ့တယ်၊ အခု မယ်မဒီဆိုတာ အဲဒီဗမာပြည်ရောက်တရုတ်တွေထဲက ကျန်ခဲ့တဲ့မျိုးဆက်တစ်ယောက်ပေါ့ကွာ”
ငခမ်းနှင့် မုန်တိုင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“အဲဒီမယ်မဒီကို အစ်ကိုတော်မင်းကြီးက မြှောက်စားပြီးတော့ သမီးတော်အဖြစ်မွေးစားခဲ့တယ်ကွ၊ ဒါပေမယ့် မယ်မဒီမှာ အကြံတစ်ခုရှိတယ်၊ သူက ငါတို့ရွှေတိုက်ထဲကနေ မင်းအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ တရုတ်မင်းတွေပိုင်ခဲ့တဲ့ လှံသွားတစ်ခုကို ခိုးယူပြီး နန်းတော်ထဲကနေထွက်ပြေးသွားတယ်”
“သူက အဲဒီလှံသွားကို ဘာလုပ်မလို့လဲ”
“ဒါတော့ ငါလည်းမသိဘူး၊ သူ့ကိုဖမ်းမိတော့မှ စစ်မေးကြည့်တာပေါ့၊ ဒါနဲ့ မယ်မဒီပျောက်သွားတာ နှစ်ရက်လောက်ကြာပြီမို့ငါတို့လူတွေအကုန်လုံးကို မြို့တော်အနီးအပါးမှာ ဖြန့်ကျက်ချထားခဲ့တယ်၊ ညောင်ပင်ရိပ်စားတဲကြီးက ခရီးသွားတွေ အလာများတဲ့နေရာမို့လို့ မယ်မဒီက သေချာပေါက် ဒီမှာရှိရမယ်လို့ တွေးပြီးတော့ တပ်ပုန်းတွေချထားခဲ့တာပေါ့ကွာ”
ထိုတော့မှ ငခမ်းတို့သဘောပေါက်သွားသည်။ မယ်မဒီဆိုသူက လုံဒီဆိုသည့် မိန်းကလေးပင်ဖြစ်ရမည်၊ လုံဒီလက်တွင် ကိုင်ဆောင်ခဲ့သည့် ဓါးမြှောင်က အမှန်တော့ လှံသွားတစ်ခုသာဖြစ်သည်။ အတွင်းဝန်မင်းက သူတို့ဘက်ကိုကြည့်လိုက်ပြီး
“ကဲ၊ အားလုံးပဲ အခုအခင်းဖြစ်တဲ့နေရာကိုသွားပြီးတော့ စုံစမ်းမှုတွေလုပ်ကြမယ်၊ မင်းတို့အားလုံး အဲဒီနေရာကို ပိုက်စိတ်တိုက်ရှာပြီးတော့ ဒီလင်းနို့ကြီးရဲ့ သဲလွန်စကို ရှာဖွေကြရမယ်ကွဲ့”
မကြာမီ သူတို့သူရဲနက်တွေအကုန်ထွက်လာခဲ့ပြီး ညောင်ပင်ရိပ်ဆီသို့ ချီတက်လာခဲ့ကြသည်။ စည်သူက သူတို့နှစ်ယောက်အနားကို ရောက်လာလေသည်။
“ငါမင်းတို့ကို မေးရအုံးမယ်၊ မင်းတို့မနေ့က ဘယ်ရောက်နေကြတာလဲ”
“ကျုပ်၊ ကျုပ်တို့ မြို့တံခါးမပိတ်ခင်ဝင်လာပြီးတော့ မြို့ထဲက စားတဲတစ်ခုမှာ သောက်စားနေကြတာပါ”
စည်သူက မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်လို့လားကွ၊ ငါတို့တောင်မှ မနေ့က မြို့တံခါးပိတ်နေပြီမို့လို့ အတွင်းဝန်မင်းရဲ့ အထူးအမိန့်ကိုသုံးပြီးတော့ ဝင်လာခဲ့ကြရတာ”
ငခမ်းမျက်နှာပျက်သွားသည်။ မုန်တိုင်းကတော့ ခပ်အေးအေးပင်
“ဟုတ်ပါတယ်ဆိုမှဗျာ၊ မယုံရင် ပျံချီကိုမေးကြည့်ပေါ့၊ ကျုပ်တို့ခံတပ်ကိုပြန်လာတော့ မိုးတောင်မလင်းသေးဘူးမဟုတ်လား၊ မြို့တံခါးက မိုးမလင်းခင် ဖွင့်တတ်လို့လား စည်သူရဲ့”
စည်သူလည်းတွေးပြီး ခေါင်းညိတ်လိုက်လေသည်။ မကြာခင် သူတို့တွေ ညောင်ပင်ရိပ်သို့ရောက်လာသည်။ ထိုအနီးတစ်ဝိုက်ကို ရဲမက်များက ဝန်းရံထားပြီး မည်သူ့ကိုမှ ဖြတ်သန်းခွင့်မပေးပေ။ သူရဲနက်များက အလောင်းများအား စုံစမ်းကြတော့သည်။ စည်သူကလည်း စားတဲကြီးအတွင်းသို့ဝင်လိုက်ပြီး သေသေချာချာကြည့်ရှုနေသည်။ ပျံချီက လူသေတစ်ချို့ကို သေသေချာချာကြည့်နေသည်။
“သူတို့ခေါင်းတွေက ကြေမွနေတယ်၊ ကျောက်တုံးလိုအရာတစ်ခုခုနဲ့အထုခံထားရလိုပဲ၊ ဒါပေမယ့် ဒဏ်ရာမှာ ဓါးချက်လေးတွေတွေ့ရတယ်”
ပျံချီက ငခမ်းအားကြည့်လိုက်ရာ ငခမ်းက မျက်နှာလွှဲနေလိုက်သည်။
“ဟောဒီတစ်ယောက်တော့ လည်ပင်းကို သံကြိုးနဲ့အပတ်ခံထားရတဲ့ပုံပဲ၊ သံကြိုးကလည်း ခပ်သေးသေးနဲ့ ခပ်စိတ်စိတ်ဗျ”
ထို့နောက် ပျံချီက ငခမ်းအနီးသို့လာခဲ့သည်။
“ငခမ်း၊ မင်းရဲ့လက်နက်ရော”
ငခမ်းမျက်နှာပျက်သွားသည်။
“ကျုပ်ပြောပြီးသားပဲ၊ ညက ကျုပ်လက်နက်ပျောက်သွားပါတယ်ဆို”
“ညတွင်းချင်းပျောက်သွားတဲ့မင်းရဲ့လက်နက်က ဘယ်လိုလုပ်ပြီး မြို့ပြင်ကိုရောက်နေမှာလဲငခမ်း”
စည်သူက ငခမ်းအနားသို့ကပ်ခဲ့သည်။
“ဟေ့ကောင်ပျံချီ၊ ဒီလက်နက်က ဒီလောကမှာ ငခမ်းကိုင်တဲ့တစ်ခုပဲရှိတာလားကွ၊ သူများတွေရော ဒီလိုမသုံးနိုင်ဘူးလား၊ ငါကြားဖူးတာကတော့ ဒီလက်နက်ကို တရုတ်တွေအသုံးများတယ်တဲ့ကွ၊ အိမ်ရှေ့စံတို့ အလိုရှိနေတဲ့မိန်းကလေးကလည်း တရုတ်မဟုတ်လား၊ တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား”
ပျံချီက ခေါင်းခါလိုက်သည်။
“တိုက်ဆိုင်တယ်ဆိုရင်လည်း တော်တော်အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုပဲဖြစ်မှာ”
သူတို့အလောင်းတွေကို ဆက်ကြည့်ရင်း အချို့အလောင်းများမှာ သွေးဖောက်သောက်ခံထားရသည်ကိုတွေ့လိုက်ရသည်။ အချို့လူများကတော့ မြားစိုက်ပြီးသေဆုံးနေသည်။ အိမ်ရှေ့စံက သူတို့အနီးသို့ရောက်လာခဲ့သည်။
“ဟောဒီလူက နန္ဒလို့ခေါ်တယ်၊ ကျုပ်ရဲ့လက်ရုံးတစ်ယောက်ပဲ၊ ဓါးအလွန်ကျွမ်းကျင်ပြီးတော့ သူကိုင်တဲ့ဓါးကလဲ မက္ခရာဓါးလေ၊ အခုမြင်တဲ့အတိုင်းပဲ လူကလည်းဖြူဆွတ်ပြီးသေနေတယ်၊ ဓါးကလည်း ကျိုးနေတယ်မဟုတ်လား”
စည်သူက စားတဲကြီးထောင့်သို့သွားလိုက်ကာ စားပွဲဝိုင်းတစ်ခုကိုကြည့်နေလေသည်။ ထိုအနီးတွင် အဝတ်စများက အပိုင်းပိုင်းဖြစ်နေသည်။ စည်သူက အဝတ်စများကိုကိုင်ကြည့်ပြီးသည့်နောက် အဝတ်စအပိုင်းကလေးတစ်ခုကို ကောက်ယူကာ ခါးပိုက်ဆောင်အတွင်းသို့ ထိုးထည့်လိုက်သည်။
“ဒီမိစ္ဆာကောင်က တော်တော်လူပါးဝတဲ့ကောင်ပဲဗျ၊ မျက်မြင်သက်သေတွေအကုန်လုံးကို မျက်စိတွေဖောက်၊ လျှာတွေဖြတ်ထားတော့ ကျုပ်တို့လည်း ဘာဖြစ်တယ်ဆိုတာကို မေးမရတော့ဘူးပေါ့ဗျာ”
အတွင်းဝန်မင်းနှင့် အိမ်ရှေ့စံတို့က စကားပြောနေကြသည်။ တစ်ဗဟိုရ်တီးအချိန်လောက်အကြာတွင် သူတို့စုံစမ်းရေးလုပ်ငန်းများပြီးဆုံးသွားသဖြင့် ရဲမက်များက အလောင်းများကိုသယ်ဆောင်သွားကြလေသည်။ ညောင်ပင်ရိပ်စားတဲကြီးကိုတော့ မီးရှို့ပစ်ခဲ့ကြသည်။
“မပူပါနဲ့ အိမ်ရှေ့စံကိုယ်တော်ကြီး၊ ကျုပ်တို့ရက်ပိုင်းအတွင်း ဒီအမှုကိုဖော်ထုတ်ပေးပါ့မယ်”
သူတို့မြင်းများစီး၍ ခံတပ်ဆီသို့ပြန်လာခဲ့ကြလေသည်။ ခံတပ်ရောက်သည့်အခါ စည်သူက ငခမ်း၏ပုခုံးကိုပုတ်လိုက်သည်။
“ငခမ်း၊ မင်းငါနဲ့လိုက်ခဲ့”
ငခမ်းနှင့် စည်သူက ခံတပ်အနောက်ဘက်ပေါက်မှထွက်လိုက်ကာ သစ်ပင်များဖြင့်အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေသည့် ဘူးလယ်အင်းသို့ ဆင်းသည့် လမ်းကလေးအတိုင်းလျှောက်လာကြသည်။ လမ်းတစ်နေရာအရောက် စည်သူက ရပ်လိုက်ပြီးငခမ်းဘက်သို့လှည့်လိုက်သည်။
“ငခမ်း၊ မင်းနဲ့ငါနဲ့သိတာလည်းကြာပြီမဟုတ်လား၊ မင်းငါ့ကို တစ်ခုခုပြောဖို့များမရှိဘူးလား”
ငခမ်းမှာ အလွန်အိပ်ချင်သဖြင့် သမ်းဝေနေလေသည်။
“ကျုပ်က ဘာပြောရမှာလဲစည်သူရဲ့”
စည်သူက ပြုံးလိုက်ပြီး သူ့ခါးပိုက်ဆောင်ထဲက အဝတ်စအပိုင်းကလေးကိုထုတ်လိုက်သည်။ အဝတ်စမှာ သူတို့သူရဲနက်တွေ ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားဖြစ်သည်။ ထိုအဝတ်စကလေးကို ငခမ်းဆီသို့လှမ်းပစ်ပေးလိုက်သည်။ ငခမ်းက ထိုအဝတ်စလေးကိုတွေ့သည့်အခါ သူ့အကျီဖြစ်မှန်းသိလိုက်သည်။ အဝတ်စကို သေချာကြည့်လိုက်သည့်အခါတွင်တော့ ငခမ်းဟုရေးထားသည်ကို တွေ့လိုက်ရသဖြင့် အလွန်အံ့သြသွားသည်။
“ငခမ်း၊ မင်းငါ့ကိုဘာပြောမလဲ၊ ဒီအကျီကမင်းအကျီမဟုတ်လား၊ ငါခုနက ညောင်ပင်ရိပ်မှာ တွေ့ခဲ့တာ”
ငခမ်းဘာမှမပြောနိုင်ပေ။
“ကျုပ်၊ ကျုပ်အကျီမဟုတ်ဘူး”
စည်သူက ငခမ်းမျက်လုံးများကိုစိုက်ကြည့်လိုက်သည်။
“မင်းသူများကိုပဲလိမ်လို့ရမယ်ငခမ်း၊ မင်းငါ့ကိုတော့ လိမ်လို့မရဘူး၊ မင်းဒီကိုရောက်ခါစတုန်းက အဖြစ်အပျက်ကို ငါမေ့မယ်လို့ထင်နေတာလားကွ”
ထိုရက်က ငခမ်းသူရဲနက်ဖြစ်ပြီး နှစ်ရက်မြောက်နေ့ဖြစ်သည်။ စည်သူက မြို့ရိုးပေါ်သို့တက်လာခဲ့သည်။ ငခမ်းက မြို့ရိုးတစ်နေရာတွင်ထိုင်နေကာ တစ်ကုတ်ကုတ်ဖြင့် တစ်ခုခုလုပ်နေရာ စည်သူလဲသိချင်လာသဖြင့် ငခမ်းအနားသို့ရောက်လာခဲ့သည်။
“ဟေ့ငခမ်း၊ ဘာတွေလုပ်နေတာလဲကွ”
“လန့်လိုက်တာဗျာ”
ငခမ်းလက်ကိုကြည့်လိုက်ရာ အပ်တစ်ချောင်းကိုင်ထားပြီး ချည်ထိုးနေသည်ကိုတွေ့လိုက်ရသည်။
“အောင်မယ်၊ မင်းက ချည်တွေဘာတွေထိုးနေပါလားကွ”
“ဟုတ်တယ်ဗျ၊ ဒီသူရဲနက်တွေဝတ်တဲ့ အင်္ကျီတွေဆိုတာက ပုံစံတူတွေမဟုတ်လား၊ ဒီတော့ ကျုပ်အင်္ကျီကို သူများယူဝတ်ရင်ဘယ်လိုလုပ်မလဲဗျ၊ ဒါနဲ့ အမှတ်အသားဖြစ်သွားအောင်လို့ အင်္ကျီဂုတ်ပိုးမှာ ဟောဒီလိုလေး ချည်ထိုးထားလိုက်တယ်လေဗျာ”
ငခမ်းပြသည်ကိုစည်သူကြည့်မိသည်။ ငခမ်းဟူသည့်အမည်ကို ချည်အဖြူဖြင့် ခပ်ကြမ်းကြမ်းထိုးထားသည်ကိုမြင်လိုက်ရသည်။
“မင်းလက်ရာကလည်း ညံ့လိုက်တာကွာ”
“အိုဗျာ၊ ယောကျ်ားလေးပဲ၊ ဒီလောက်ချည်ထိုးတတ်တာ တော်ရောပေါ့”
ထိုအဖြစ်အပျက်ကို စည်သူကပြောလိုက်ရာ ငခမ်းမှိုင်ကျသွားသည်။ စည်သူက ငခမ်း၏ပုခုံးနှစ်ဘက်ကိုလက်နှင့်ဆုပ်ကိုင်လိုက်ပြီး ငခမ်းမျက်လုံးများကို အသေအချာစိုက်ကြည့်လိုက်သည်။
“ဟေ့ကောင်ငခမ်း၊ မင်းဘာတွေဖြစ်နေသလဲဆိုတာ ငါ့ကိုအမှန်အတိုင်းပြောစမ်း”
ငခမ်းလည်း စည်သူ၏မျက်နှာကိုအသေအချာကြည့်နေမိသည်။ စည်သူစကားသံတွေက သူ့နားအတွင်းပဲ့တင်ထပ်သလိုဖြစ်နေသည်။ စည်သူ၏ လျှာအောက်တွင်ထိုးထားသည့် ပီယသျှိုဆေးအစွမ်းကြောင့်ဖြစ်မည်ထင်သည်။ ငခမ်းက ဘာမှမပြောချင်သော်လည်း သူ့ပါးစပ်က အလိုလိုပွင့်သွားပြီး စကားတွေထွက်လာလေသည်။
“ကျုပ် ခင်ဗျားကို အကုန်ပြောပြပါ့မယ်”
ပြီးပါပြီ။