(က)
၉၀ ခုနှစ်ကျော်ကဖြစ်သည်။ ရန်ကုန်မြို့တွင် တောင်ဒဂုံမှာ ယခုမှ မြို့သစ်တည်စအချိန်ဖြစ်သည်။ မြေများကိုရှင်းထားပြီး အကွက်များရိုက်ထားခြင်းဖြစ်ကာ အစိုးရဝန်ထမ်းများ၊ မီးဘေးသင့်သူများကို နေရာချထားပေးသော်လည်း ရပ်ကွက်မှာ ခေါင်လွန်းလှသဖြင့် နေသူများသိပ်မရှိ၊ ခြံကွက်အလွတ်ကြီးတွေက မြက်ရိုင်းများပေါက်နေပြီး တောထူထပ်နေသည်။ သို့သော် လူလုံးဝမနေသည်တော့မဟုတ်၊ တတ်နိုင်သူများက ပျဉ်ထောင်အိမ်ကလေးများဆောက်ပြီးနေကြသည်။ ယဉ်ယဉ်တို့လိုမိသားစုအဖို့တော့ ထိုမြေကွက်ကိုပင်ဝယ်ရသည်မှာ အတော်လေးကိုချွေတာစုဆောင်းပြီးမှ ဝယ်ရခြင်းဖြစ်သည်။
ကိုဖိုးမောင်က လက်သမားဖြစ်သည်။ ထိုခေတ်က သစ်တွေပေါသေးသဖြင့် အိမ်ဆောက်လျှင်အများစုက သစ်နှင့်သာဆောက်ကြသဖြင့် အမြဲလိုလိုအလုပ်အကိုင်ရှိသည်။ သို့သော် ပုံမှန်တော့တွက်၍မရ၊ မိုးတွင်းလို ဝါတွင်းလို ကာလမျိုးတွင် အလုပ်ပြတ်နေတတ်သည်။ ထို့ကြောင့် ယဉ်ယဉ်ကတစ်ဖက်တစ်လမ်းမှနေပြီး စက်ချုပ်ဆိုင်လေးဖွင့်ရတော့သည်။ သားသမီးနှစ်ယောက်နှင့်မို့ အိမ်စရိတ်က ပြေလည်ရုံသာရှိသည်။ အိမ်ငှားစားသည့် နှစ်ထပ်အိမ်ကလေး၏ အောက်ထပ်ခန်း ကျဉ်းကျဉ်း စုတ်စုတ်ကလေးတွင် အများနှင့်အတူ နေထိုင်ရလေသည်။ ယဉ်ယဉ် တွင် အိပ်မက်တစ်ခုရှိသည်။ ထိုအိပ်မက်ကတော့ မိသားစုပိုင်အိမ်ကလေးလိုချင်သည်။
အခုတော့ဆန္ဒတွေပြည့်ခဲ့ပြီဖြစ်သည်။ တစ်ရက်ဈေးသွားရင်း ထီထိုးမိရာမှ တစ်သိန်းဆုထပေါက်တော့သည်။ ထိုအခါ သူတို့အလိုချင်ဆုံးအိမ်ကို စိတ်ကူးမိသည်။ ထိုခေတ်က တစ်သိန်းမှာနည်းတော့မနည်းလှ။ သို့နှင့် မြို့ထဲတွင် အိမ်ခြံမြေဈေး မကပ်နိုင်သဖြင့် မြို့သစ်တွင်စုံစမ်းရတော့သည်။ ထိုတော့မှ တောင်ဒဂုံတွင် လမ်းမကြီးမေးတင်ပြီး လမ်းထောင့်ကျသည့်မြေကွက်ကလေးကို တစ်သောင်းနှင့်ဝယ်ယူလိုက်တော့သည်။ မြေကွက်ဝယ်ပြီးတော့ မြေရှင်းရသည်။ အိမ်ဆောက်ဖို့ပြင်ရသည်။ ကိုဖိုးမောင်က လက်သမားဖြစ်သဖြင့် အိမ်အတွက်တော့ သိပ်ပူစရာမလိုပေ။ သားသမီးရှေ့ရေးစဉ်းစားပြီးနောက် လေးခန်းပါသည့် တစ်ထပ်သစ်သားအိမ်ကလေးကို ဆောက်လုပ်ရန်စိတ်ကူးလိုက်ကြသည်။ အိမ်ကိုအရှေ့နားတိုးဆောက်ပြီး အိမ်နောက်ဖက်ကိုတော့ ယဉ်ယဉ်က စိုက်ပျိုးမည်ဟုတွေးထားလိုက်သည်။
သို့နှင့်သုံးလခန့်ကြာသည့်အခါ အိမ်အသစ်ကလေးတစ်လုံးရပြီဖြစ်သည်။ အိမ်အသစ်က ရေနံချေးနံ့တွေ မွှန်နေသော်လည်း ကိုယ်ပိုင်အိမ်ရာတွင် နေထိုင်ရသည်မို့ ယဉ်ယဉ်ပျော်မဆုံးပေ။ အိမ်ပြောင်းလာကြတော့ သားသမီးတွေက ပျော်ကြသည်။ ခြံကလဲအကျယ်ကြီးဖြစ်သည်။ မြို့ထဲနှင့်တော့ ဘာမှမဆိုင်၊ လေကောင်းလေသန့်ကလဲ အရမ်းရှူလို့ကောင်းသည်။ အိမ်ခေါင်းရင်းဘက်ရှိခြံမှာ လူမနေသေးပေ။ ခြံကွက်အလွတ်ကြီးဖြစ်ပြီး သစ်ပင်တွေပေါက်နေသည်။ သူတို့အိမ်ခြေရင်းတွင်တော့ ရပ်ကွက်အတွင်းဝင်သည့် လမ်းကလေးရှိသည်။ အိမ်ရှေ့တွင်တော့ ပေ၁၀၀ လမ်းရှိပြီး ကားအသွားအလာရှိသော်လည်း မြို့သစ်မို့ ကားအသွားအလာကျဲသည်။
(ခ)
မိသားစုတွေ ပျော်ပျော်ကြီးညစာစားပြီး အိပ်ရာဝင်ခဲ့သည်။ အိမ်အသစ်မို့ မီးမသွယ်ရသေးပေ။ ရေနံဆီမီးခွက်သာထွန်းပြီး အိပ်တော့သည်။ မိသားစုခြင်ထောင်ကြီးထောင်ထားပြီး ကလေးနှစ်ယောက်ကိုအလယ်ကထားပြီးအိပ်ကြတော့သည်။
“ထိန်း . . . ထိန်း . . . ဖြန်း”
မည်မျှကြာသွားသည်မသိ၊ ဆူညံသံများကြားတော့ ယဉ်ယဉ်မျက်လုံးဖွင့်ကြည့်လိုက်သည်။ အသံက ခေါင်းရင်းခြံမှ သစ်ပင်များဆီမှလာသောအသံဖြစ်သည်။ သစ်ပင်ကို တစ်ယောက်ယောက်ကိုင်လှုပ်နေသည့်အသံမျိုးဖြစ်သည်။
“ကိုဖိုးမောင် ထပါဦး အသံကြားလို့”
ကိုဖိုးမောင်ကထလိုက်ပြီး ခြင်ထောင်ထဲတွင်ထိုင်ကာ နားထောင်နေလိုက်သည်။ သစ်ပင်လှုပ်သံများကို ကြားလိုက်ရသည်။
“ဘာလဲမသိဘူးနော် . . သူခိုးများလား”
“မဟုတ်ပါဘူးကွ ကြက်တွေလားဘာတွေလားပဲ အပင်ထိပ်မှာနားပြီး ခုန်နေတဲ့အသံမျိုး”
“အိုရှင်ကလဲ ခေါင်းရင်းခြံမှာ ကြက်ရှိပါ့မလား”
“အင်းဒါဆိုရင်တော့ ညငှက်တွေဖြစ်မယ်ကွ၊ လင်းဆွဲကြီးတွေဆိုရင် အကြီးကြီးတွေပဲ သူတို့တက်တာဖြစ်မှာပေါ့ကွာ . .. ပြန်အိပ် . .. ပြန်အိပ်”
ကိုဖိုးမောင်ကပြောပြီးပြန်အိပ်သွားသဖြင့် ယဉ်ယဉ်လဲ လှဲလိုက်ပြီး ထိုအသံများကို နားထောင်နေလိုက်သည်။ ဆယ်မိနစ်ခန့်ရှိတော့ အသံထပ်မကြားရတော့၊ ငှက်များပြန်သွားလောက်ပြီဖြစ်သဖြင့် ယဉ်ယဉ်လဲ ပြန်အိပ်လိုက်တော့သည်။
မနက်လင်းတော့ သားနှင့်သမီးကဆော့ကစားနေသည်။ ကိုဖိုးမောင်ကတော့ မနက်စာစားပြီးသည်နှင့် ထမင်းချိုင့်ထည့်ကာ အလုပ်သွားတော့သည်။ ယဉ်ယဉ်လဲ အစောကြီးချက်ပြုတ်ပြီး ခြံရှင်းရန် ခြံထဲဆင်းခဲ့သည်။ အိမ်ရှေ့တွင် ဆယ်ပေခန့် မြေကွက်လပ်ကလေးရှိသည်။ မြေပြောင်ပြောင်ကလေးဖြစ်သည်မို့ အုန်းတံမြက်စည်းနှင့် လှဲရုံသာရှိသည်။ ခြံခေါင်းရင်းနှင့် ခြံနောက်ဖေးတွင်တော့ ပေါင်းပင် မြက်ပင်များရှိသဖြင့် ဓါးမတိုကလေးတစ်ချောင်းဖြင့် ခေါင်းရင်းသို့ထွက်လာခဲ့တော့သည်။
ခေါင်းရင်းဘက် ဘုရားစင်အတွက်ထုတ်ထားသည့်နေရာကလေးအနီးတွင် လူနှစ်ရပ်နီးပါး ဗန်ဒါပင်တစ်ပင်ပေါက်နေလေသည်။ လုံးပတ်ကတော့ ကျပ်စေ့ထက်အနည်းငယ်သာကြီးသည်။ သို့သော် အရွက်တွေက ဖြာပြီးစိမ်းစိုနေလေသည်။
“ဗန်ဒါပင်ကလဲ ဟိုခြံဒီခြံကြားမှာပေါက်နေတာ ခုတ်ပြစ်မှရမယ်ထင်တယ်”
ထိုသို့ပြောရင်း ဗန်ဒါပင် ခြေရင်းနားကို ဓါးမဖြင့် လွှဲပြီးခုတ်ရန်ပြင်လိုက်သည်။
“အား . . . အမေရေ”
အိမ်နောက်ဖေးမှ အော်သံကြားသဖြင့် လက်ထဲက ဓါးကိုပစ်ချပြီး ပြေးထွက်ခဲ့တော့သည်။ သမီး၏ အော်သံဖြစ်သည်။ သမီးက ရှစ်နှစ်ခန့်ရှိပြီ၊ သားကတော့ ဆယ်နှစ်ကျော်ပြီ။
“ဘာဖြစ်တာလဲသမီး”
“လူမည်းကြီး လူမည်းကြီး . . .”
“ဘာဖြစ်တာလဲသမီးရဲ့”
ပြောရင်း ယဉ်ယဉ်က သမီးလေးကို ပွေ့ဖက်ထားလိုက်တော့သည်။
“လူကြီးတစ်ယောက် အိမ်နောက်ဖေးကနေအိမ်ရှေ့ကိုပြေးသွားတာမြင်လို့”
ယဉ်ယဉ်က ဘေးဘီကို လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲလဲ စနိုးစနောင့်ဖြစ်သွားသည်။ နောက်တော့မှ အိမ်ခြေရင်းက လမ်းကလေးကိုသတိရသွားသည်။ ခြံက ဝါးကပ်များနှင့်ကာရံထားသည်ဖြစ်သော်လည်း ခြေရင်းဘက်လမ်းကလေးကို လှမ်းမြင်ရလေသည်။ ထိုမှ လာသည့်လူတစ်ဦးဦးကို မြင်လိုက်ရခြင်းဖြစ်မည်ဟု တွေးကာ စိတ်ဖြေလိုက်တော့သည်။
“သမီး အိမ်အပြင်မှာမဆော့နဲ့ လာလာ အိမ်ထဲဝင်ဆော့”
ကလေးနှစ်ယောက်ကို အိမ်ထဲသွင်းပြီးတော့ ယဉ်ယဉ်က သတိရသွားသည်။ ခေါင်းရင်းတွင် သူဓါးမတိုကလေးကို ပစ်ချခဲ့သည်ကို ပြန်ကောက်ရဦးမည်။ ထို့ကြောင့် ယဉ်ယဉ်လဲ ဓါးမလေးကိုကောက်ဖို့ ခေါင်းရင်းကိုသွားလိုက်သည်။ ဗန်ဒါပင်နားရှာသည့်အခါ ဓါးကို မမြင်ရပေ။ လှည့်ပတ်ရှာသော်လည်းမတွေ့။ အိမ်ပေါ်ပြန်တက်ပြီး မီးဖိုဘက်ကြည့်လိုက်တော့ အိမ်နောက်ဖေး တံခါးအဆင်းတွင် ဓါးမတိုကလေးက ကျနေလေသည်။
“ထူးဆန်းလိုက်တာ ငါများ ဒီအထိပြန်ယူလာမိသလား”
ထိုသို့တွေးပြီး ဓါးမလေးကို သိမ်းလိုက်တော့သည်။ သမီးငယ်က ကြောက်နေသေးသည်မို့ သူ့အနားတွင် အဖော်ပြုနေပေးလိုက်သည်။ ဗန်ဒါပင်ကိုတော့ မခုတ်ဖြစ်တော့။
(ဂ)
ညနေတော့ လည်ရောင်းသည့် ဈေးသည်လေးလာသည်။ ထိုဈေးသည်လေးတွင် ကြက်သား၊ ငါး အကုန်ပါသည်။ ယဉ်ယဉ်က ကြက်သားဝယ်လိုက်တော့သည်။ ပြောင်းလာတာမကြာသေးသဖြင့် ဈေးတွေဘာတွေမသွားရသေးပေ။ ကလေးနှစ်ကောင်ကိုလဲ ကျောင်းပြောင်းဖို့လုပ်ရဦးမှာမို့ ယဉ်ယဉ်အိမ်တွင်သာနေရသည်။ ကြက်ပေါင်ခြမ်းလေးဝယ်လိုက်ပြီး အတုံးကလေးတွေတုံးကာ အကြွပ်ကြော်ရန်စီစဉ်ရသည်။ သားသမီးတွေစားဖို့ဖြစ်ပြီး ကိုဖိုးမောင်က ညနေဖက်ဆို အိမ်တွင် နည်းနည်းပါးပါးသောက်တတ်သည်မို့ သူ့ယောက်ျားအတွက်လဲ အမြည်းဖြစ်တော့သည်။ ကြက်သားများကိုကြော်ပြီးနောက် အိမ်နောက်ဖေးစားပွဲခုံကလေးတွင် တင်ကာ နှီးအုပ်ဆောင်းလေးအုပ်ခဲ့ပြီး ရေဆာသဖြင့် အိမ်ရှေ့သို့ထွက်ခဲ့တော့သည်။ သောက်ရေအိုးတွင် ရေတစ်ခွက်ခပ်သောက်နေသည့်အချိန်ပင် ကိုဖိုးမောင်က ခြံထဲလှမ်းဝင်လာတော့သည်။
“ကိုဖိုးမောင် ဒီနေ့စောပါလား”
“အေးလေကွာ၊ မင်းနဲ့ သားသမီးတွေ နေရာဒေသအသစ်ဆိုတော့ အဆင်မပြေလောက်ဘူးထင်လို့”
“ပြေပါတယ်ရှင်”
ကိုဖိုးမောင်က လွယ်အိတ်ထဲမှ ပုလင်းအနောက်ကလေးတစ်လုံးကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တော့မှ ယဉ်ယဉ်လဲ ကြက်ကြော်ကိုသတိရသွားလေသည်။
“အတော်ပဲ ကိုဖိုးမောင်ဖို့ ယဉ် ကြက်ကြော်ကြော်ပေးထားတယ်”
ထိုသို့ပြောပြီးနောက် အိမ်နောက်ဖေးသို့ဝင်ခဲ့သည်။ နှီးအုပ်ဆောင်းကို လှန်ကြည့်လိုက်တော့ ကြွေရည်သုတ်ပန်းကန်က အလွတ်ကြီးဖြစ်နေသည်။ ကြက်ကြော်တစ်တုံးမျှပင် မရှိတော့။
“ဟောတော့ ကြက်ကြော်တွေကုန်ပြီ . . ဘယ် . . ဘယ်သူစားသွားတာလဲ”
ယဉ်ယဉ်က ရေရွတ်လိုက်သည့်အခါ ကိုဖိုးမောင်က အိမ်နောက်ဖေးသို့ပြေးလာလေသည်။
“ကြောင်ခိုးသွားတာဖြစ်မှာပေါ့ . . . မင်းက အုပ်ဆောင်းအုပ်မထားဘူးလား”
“အုပ်ထားပါတယ်ရှင် . . . ဘယ်လိုလုပ်ပြီးပျောက်သွားရသလဲ”
ကိုဖိုးမောင်က သက်ပြင်းချလိုက်တော့သည်။
“ခုခေတ်ကြောင်သူခိုးတွေက သိပ်လည်တာကွ၊ အုပ်ဆောင်းလောက်တော့ အသာလေးဖွင့်တတ်တယ်”
“ဘယ်တတ်နိုင်မလဲရှင် ယဉ်ယဉ်ကိုက ညံ့တာပါ၊ ကြောင်အိမ်ထဲထည့်ထားလိုက်ရင်အကောင်းသား၊ ကိုဖိုးမောင်အတွက် မြေပဲကြော်ပေးမယ်နော်”
မတတ်နိုင်တော့။ ကိုဖိုးမောင်လဲ မြေပဲဆန်ကြော်နှင့်သာ မြည်းရတော့မည်။ ကလေးတွေလဲ ကြက်သားကြော်မစားရတော့။ စားသောက်ပြီးတော့ မိုးလဲချုပ်လာသဖြင့် စောစောစီးစီး အိပ်ရာဝင်ခဲ့ကြသည်။
“ကိုဖိုးမောင် ကျွန်မတို့ဘယ်တော့ အိမ်တက်လုပ်ကြမလဲ”
“နောက်တစ်ပတ်လောက်လုပ်တာပေါ့ကွာ၊ အခုရက်ပိုင်း ခရီးထွက်စရာရှိသေးတယ်ကွ”
“ခရီးက ဘယ်ကိုသွားရမှာလဲ”
“တောင်ငူဘက်မှာ ငါ့အသိက ပျဉ်ထောင်အိမ်ကြီးတစ်လုံးဆောက်မှာတဲ့ကွ၊ လက်ခလဲတော်တော်ရမှာမို့ ငါလဲလိုက်သွားမလို့”
“အင်းပေါ့တော်၊ အလုပ်ကိစ္စဆိုလဲသွားပေါ့၊ ပြန်လာရင်တော့ ဘုရားဆင်းတုလေးတစ်ဆူဝယ်ပြီး ဘုရားအနေကဇာတင်နဲ့ အိမ်တက်ပွဲလုပ်ကြမယ်လေ မကောင်းဘူးလား”
ယဉ်ယဉ်ပြောတာကို ကိုဖိုးမောင်က ဆိတ်ဆိတ်သာနေလိုက်တော့သည်။ လူကလဲ အရက်သောက်ပြီး နည်းနည်းထွေနေသည်မို့ တစ်ခါထဲ ထိုးအိပ်လိုက်တော့သည်။
နောက်တစ်နေ့မနက် ကိုဖိုးမောင်က အလုပ်ကိုနေ့တစ်ပိုင်းဆင်းပြီး နေ့လည်ပြန်လာလေသည်။ ခရီးသွားမည်မို့ လိုအပ်သည့် အဝတ်အထည်များနှင့် လက်သမားပစ္စည်းများကို သေချာထုပ်ပိုးရတော့သည်။ ညကားနှင့်သွားမည်မို့ကားဝင်းကို ညနေပိုင်းကတည်းက သွားရမည်ဖြစ်ပြီး ကိုဖိုးမောင်နှင့်အတူ သူလုပ်ဖော်ကိုင်ဖက် ငါးယောက်ခန့်အတူတူသွားကြမည်ဖြစ်သည်။ ယဉ်ယဉ်က ကလေးနှစ်ယောက်နှင့်မို့လိုက်မပို့အားတော့။ ညနေစောင်းတော့ ကိုဖိုးမောင်ထွက်သွားပြီဖြစ်သည်။
(ဃ)
ဘုရားကျောင်းဆောင်ပေါ်တွင် ဘာမှမရှိသေး။ ယခင်က ယဉ်ယဉ်တို့မှာ ဘုရားပုံတော်ကလေးသာကိုးကွယ်ရာမှ အိမ်ဆောက်ပြီးသောအခါ ဘုရားဆင်းတုလေးတစ်ဆူဝယ်ပြီး ပင့်ထားလိုက်မည်။ အိမ်တက်လုပ်သည့်အခါ ဘုရားအနေကဇာပါ တွဲတင်မည်ဟု မှန်းထားသောကြောင့်ဖြစ်သည်။ ကလေးနှစ်ယောက်မှာ ရေနံဆီမီးခွက်အောက်တွင် စာဖတ်နေကြလေသည်။ ယဉ်ယဉ်လဲ ဘုရားကျောင်းဆောင်ဘက်သို့လှည့်လိုက်ပြီး စိတ်ထဲတွင်ဘုရားကိုအောက်မေ့ကာ ဘုရားရှိခိုးလိုက်တော့သည်။
“သြကာသ. . . သြကာသ”
“ဖြန်း . . . ဖြန်း . . . ဖြန်း”
ဘုရားကျောင်းဆောင်လေး၏ ခေါင်မိုးပေါ်သို့ ဗန်ဒါကိုင်းရိုက်သည့်အသံဖြစ်သည်။ ယဉ်ယဉ်က လန့်သွားပြီး ဆက်မဆိုသေးဘဲ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ မိုးရိပ်အနည်းငယ်ရှိသော်လည်း လေကငြိမ်နေလေသည်။ သားနှင့်သမီးစာဖတ်နေသည့် မီးခွက်ရှိ မီးစာမှာလဲ တည်ငြိမ်နေလေသည်။
“ငှက်လုပ်တာပဲဖြစ်မယ်”
စိတ်ထဲမှ ထိုသို့တွေးလိုက်ပြီးနောက် ဘုရားဆက်ရှိခိုးလိုက်သည်။ ထိုစဉ် ခုနကအတိုင်း ဗန်ဒါကိုင်းက ဘုရားစင်ကိုရိုက်ခတ်နေပြန်သည်။ ယဉ်ယဉ်ထူးတော့ထူးနေပြီဖြစ်သည်။ သားနှင့်သမီးကတော့ စာထဲစိတ်ရောက်နေသည်မို့ အာရုံမရှိကြသေးပေ။
“တစ်ခုခုတော့ နှောင့်ယှက်နေပြီ”
ကလေးတွေလန့်မည်စိုးသဖြင့် ဘုရားမရှိခိုးတော့ဘဲ အိမ်ရှိတံခါးမကြီးကိုပိတ်လိုက်ကာ အိပ်ခန်းထဲသို့ အတူတူဝင်သွားလိုက်တော့သည်။ ကလေးသိပ်ရင်း ယဉ်ယဉ်လဲအိပ်ပျော်သွားတော့သည်။ ဆူညံသံများကြားတော့မှ လန့်နိုးလာခဲ့သည်။
“ဒုန်း . . . ဒုန်း . . .”
အသံက အိမ်ခေါင်မိုးသွပ်ပေါ်တွင် ပြေးလွှားနေသည့်အသံဖြစ်သည်။ အသံက အိမ်နောက်ဖေးမှတက်လာပြီးနောက် အိမ်ရှေ့ဧည့်ခန်းလောက်အထိ တဒုန်းဒုန်းနှင့်ပြေးလေသည်။ ထိုမှတဆင့် အိမ်ရှေ့မှပြန်လှည့်လာပြီး အိမ်နောက်ဖက်သို့ပြန်ပြေးတော့သည်။
“တောက် . . . ဘာကောင်တုန်း . . . ငါထလုပ်လိုက်ရင်နာမယ်”
ယဉ်ယဉ်က ကလေးနိုးမည်စိုး၍ ဒေါသထွက်ပြီး အော်ချင်ရာအော်လိုက်သည်။ ထိုအခါတွင် ထိုအသံမှာ တိတ်ဆိတ်သွားလေတော့သည်။ ယဉ်ယဉ်ဆက်မအိပ်ရဲ။ ကလေးတွေကိုဖက်ပြီး အိပ်စောင့်နေလိုက်သည်။ ကလေးတွေကတော့ ပိုးလို့ပက်လက်နှင့် အိပ်မောကျနေလေသည်။ သို့သော် ကြောင်တစ်ကောင်ဖြစ်မည်ဟုတွေးရင်း စိတ်ဖြေလိုက်မိသည်။
“ဒုန်း . . . ဒုန်း”
ပြေးသံကိုထပ်ကြားရပြန်သည်။ သေချာနားထောင်ကြည့်လိုက်သည့်အခါ ကြောင်မဖြစ်နိုင်၊ ခြေထောက်က ခပ်ကြီးကြီး ခပ်ပြင်းပြင်းအသံဖြစ်သည်။
“ဟဲ့ ပြောနေတာမကြားဘူးလား . . .ရပ်ဆိုရပ်နော် မရပ်လို့ကတော့ ငါနဲ့တွေ့မယ်”
ထိုသို့သာ အော်ပြောလိုက်ရသော်လည်း သူ့စိတ်ထဲတွင်တော့ အလွန်ကြောက်နေပြီဖြစ်သည်။ ထိုအသံက ရပ်သွားပြန်သည်။ နာရီဝက်လောက်ဆက်နားထောင်ကြည့်သည့်အခါ အသံမကြားရတော့ပေ။ ထိုစဉ် အိမ်အတွင်းမှ အိမ်ရှေ့နှင့်အိမ်နောက် ကြမ်းပြင်များကို ဖြတ်သန်းပြေးလွှားနေသည့်အသံကို ကြားရပြန်သည်။ ယဉ်ယဉ်ခေါင်းမွှေးတွေထောင်သွားသည်။ သရဲက အိမ်ထဲရောက်နေပြီဖြစ်သည်။ ယဉ်ယဉ်တို့အခန်းအတွင်းတော့ ဝင်မလာသေးဘဲ တစ်အိမ်လုံးအနှံ့ပြေးလွှားနေလေသည်။ ခြေသံကလဲ တဒုန်းဒုန်းနှင့် ဆူညံနေလေသည်။
အနားတွင်ရှိသည့်အရာကို လိုက်ရှာကြည့်သည်။ မီးခွက်ထွန်းထားသဖြင့် အခန်းအတွင်း မှိန်ပြပြလင်းနေလေသည်။ နောက်တော့ ကျောက်ပြင်နှင့် သနပ်ခါးတုံးကိုစမ်းမိသည်။ သနပ်ခါးတုံးက လူကြီးလက်ကောက်ဝတ်ခန့်ရှိပြီး လေးလဲလေးသည်။ ယဉ်ယဉ်တို့အိပ်ခန်းမှာ တံခါးမရှိဘဲ လိုက်ကာကလေးတစ်ခုသာ ကာရံထားသည်ဖြစ်ရာ ခြေသံက သူတို့အခန်းရှေ့ဖြတ်လျှောက်သွားမည့်အချိန်ကိုစောင့်နေလိုက်သည်။ သူတို့အခန်းရှေ့ဖြတ်လျှောက်ခိုက် လက်ထဲက သနပ်ခါးတုံးနှင့်လှမ်းပစ်လိုက်တော့သည်။ သနပ်ခါးတုံးက ထိုအရာကို မထိသော်လည်းဒုန်းကနဲ ကြမ်းပြင်သို့ကျသွားတော့သည်။
“တိတ်တိတ်နေလို့ပြောနေတယ်နော် . . . ဒါငါ့အိမ် နင်တို့အခုထွက်သွားကြစမ်း”
ခြေသံများက တိတ်ဆိတ်သွားပြန်သည်။ ယဉ်ယဉ်လဲ မအိပ်ဘဲ အကြောက်တရားနှင့်စောင့်နေတော့သည်။ ဘုရားစာမျိုးစုံအောင်ရွတ်နေပြီး မနက်သုံးနာရီထိုးခါနီးကျတော့မှ မှေးကနဲအိပ်ပျော်သွားတော့သည်။
“ဖူး . . . ဖူး”
ခြေထောက်ကိုလေတိုက်သည့်အသံကြားတော့ လန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ လူမည်းမည်းကြီးက သူ့ခြေရင်းမှနေ၍ ခြင်ထောင်အပြင်မှကြည့်နေလေသည်။ ယဉ်ယဉ်လဲ လန့်ပြီးအော်ရန် စဉ်းစားလိုက်စဉ်မှာပင် ခြင်ထောင်ကိုလှန်လိုက်ပြီးနောက် ယဉ်ယဉ်၏ ခြေထောက်များကို ဆွဲလိုက်တော့သည်။ လက်မည်းမည်းကြီးက ရေခဲတုံးတစ်မျှအေးစက်နေလေသည်။ ယဉ်ယဉ်ခြေထောက်ကိုဆွဲပြီး အခန်းအပြင်သို့ ဆွဲထုတ်သွားတော့သည်။ ထိုမည်းမည်းကြီးက အကောင်သာမည်းသည် မျက်လုံးနှင့် ပါးစပ်ကြီးက အလင်းရောင်ဖြူဖြူတွေထွက်နေလေသည်။
“ဟား . . . ဟား . . “
ပြန်မပြောပြနိုင်လောက်အောင် ကြောက်စရာကောင်းသော အသံကြီးနှင့် ယဉ်ယဉ်ကိုကြည့်ပြီး ရယ်မောနေလေသည်။ လက်က တော်တော်သန်မာသည်။ ယဉ်ယဉ်ခြေကန်ရုန်းတာတောင် ရုန်းမထွက်နိုင်ပေ။ လက်ကို ဟိုစမ်းသည်စမ်းစမ်းကြည့်တော့ သူခုနက ပစ်ထားသည့် သနပ်ခါးတုံးကိုတွေ့လိုက်ရသည်။ သနပ်ခါးတုံးကိုကောက်ပြီး ထိုအကောင်ကြီး၏ မျက်နှာကိုထုထည့်လိုက်တော့သည်။ ထိုအကောင်ကြီးမှာ လန့်သွားပြီး လက်တွေကိုလွတ်လိုက်သည်။ ယဉ်ယဉ်လဲ ခြေထောက်လွတ်သွားသည်နှင့် ထိုအကောင်ကြီးကိုလှမ်းကန်ပြီး ပစ်ဝင်ကာ လုံးထွေးလိုက်တော့သည်။
“လာစမ်း နင့်ကိုငါ ထမီနဲ့အုပ်ပစ်မယ်”
ပြောရင်းလုံးထွေးနေရာမှ ထိုအကောင်ကြီးက ယဉ်ယဉ်ကိုတွန်းလိုက်ပြီးနောက် အိမ်ရှေ့သို့ထွက်ပြေးသွားကာ ပိတ်ထားသည့်အိမ်တံခါးမကြီးကိုဖောက်ပြီး ထွက်ပြေးသွားတော့သည်။ ယဉ်ယဉ်ဆက်မအိပ်ဖြစ်တော့။ ငိုလဲ ငိုလိုက်တော့သည်။ မနက်လင်းေးတာ့ ယဉ်ယဉ်ကထူပူနေပြီဖြစ်သည်။ အခုအိမ်တွင် အလွန်ကြောက်စရာကောင်းသော သရဲကြီးတစ်ကောင် ခြောက်လှန့်နေပြီဖြစ်ရာ ဆက်တောင်မနေချင်တော့။ အားကိုးစရာ ယောက်ျားဖြစ်သူကလဲ ခရီးသွားနေသဖြင့် လူမမည်ကလေးနှစ်ယောက်နှင့်သာ ယဉ်ယဉ်ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
(င)
“ဒါနဆန်များ မေတ္တာရပ်ခံပါတယ်”
အိမ်ရှေ့မှအော်သံကြားလိုက်တော့မှ အပြင်ကိုအမြန်ပြေးထွက်ခဲ့သည်။ ဆန်အိုးထဲက ဆန်တစ်ဗူးကိုခပ်လိုက်ပြီး ခေါင်းစုပ်ဖွားနှင့်ပင် အိမ်အောက်သို့ပြေးဆင်းသွားသည်။ ခြံဝတွင် သီလရှင်တစ်ပါးက ရပ်နေသည်။ အသက်အရွယ်အိုမင်းနေသည့် သီလရှင်ကြီးဖြစ်သည်။
“ဆရာလေး တပည့်တော်ကို ကယ်ပါဦးဘုရား”
“ဘာဖြစ်လို့လဲ ဒကာမလေး”
“တပည့်တော်တို့အိမ်မှာ အလွန်ကြောက်စရာကောင်းတဲ့ သရဲကြီးတစ်ကောင်သောင်းကျန်းနေလို့ပါ”
သီလရှင်ကြီးက ခေါင်းညိတ်လိုက်သည်။
“မေတ္တာသုတ်ရွတ်၊ မေတ္တာများများပို့ပေး၊ အိမ်မှာခြံထဲမှာရှိတဲ့ မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်တွေကို မေတ္တာပို့ပေး၊ ကောင်းသွားပါလိမ့်မယ်”
“မေတ္တာပို့လို့ရပါ့မလားဆရာလေးရဲ့ ညကတောင် ကျွန်မနဲ့နပမ်းဖက်သတ်ခဲ့ပြီးပြီ”
“ရပါတယ်ဒကာမလေး၊ မေတ္တာဆိုတာ အကောင်းဆုံးလက်နက်ပါပဲ၊ တကယ့်စိတ်ရင်းနဲ့ မေတ္တာပို့ကြည့်စမ်းပါ”
သားအမိတစ်တွေ ထမင်းတောင်ချက်မစားနိုင်တော့။ အနားက ရှိတာလေးဝယ်စားရသည်။ ယဉ်ယဉ်က မေတ္တာတစ်နေ့လုံးလိုလိုပို့နေမိသည်။ မေတ္တာသုတ်လဲ ရွတ်ဖတ်နေရသည်။ ကလေးတွေက ပရိတ်ချည်မန်းကွင်းများ ဝတ်ထား၍လားမပြောတတ်၊ အေးအေးလူလူပင်ဖြစ်နေသည်။ ယဉ်ယဉ်တစ်ယောက်သာ ညရောက်မည်ကို တွေးကြောက်နေရသည်။
ညရောက်တော့ အခန်းထဲတွင် ရေနံဆီမီးခွက် သုံးခွက်ထွန်းထားလိုက်သည်။ ညဆယ်နာရီကျော်တော့ အိမ်ရှေ့ခန်းသို့ ဘုန်းကနဲ ခုန်ချသံကြီးကိုကြားလိုက်ရသည်။ ကြမ်းပြင်ပေါ်သို့ အလွန်လေးသည့်အထုပ်ကြီးတစ်ခု ပြုတ်ကျသလို အသံကြီးဖြစ်သည်။
အသံကြားလိုက်သည်နှင့် ယဉ်ယဉ် ကြက်သီးများထလာတော့သည်။ ထိုအခါ ထိုအကောင်ကြီးက အိပ်ခန်းအတွင်းသို့ ဝင်လာလေသည်။ ယဉ်ယဉ်လဲ ထိုအကောင်ကြီးကို တိုက်ခိုက်ဖို့ ဓါးကိုယူထားသည်။ သို့သော် သီလရှင်ကြီး၏ စကားကို ပြန်ကြားယောင်လိုက်သည်။
“မေတ္တာဆိုတာ အကောင်းဆုံးလက်နက်ပါ”
ထိုအခါ ယဉ်ယဉ်က ထိုအကောင်ကြီးကိုသေချာကြည့်ပြီး မေတ္တာသုတ်ရွတ်ရန်ကြိုးစားသည်။ သို့သော် စာလုံးတွေက ကပေါက်တိကပေါက်ချာဖြစ်နေသည်။ ဦးနှောက်ထဲလဲ ကြောက်လွန်းသဖြင့် ဘာမှစဉ်းစားမရတော့။
“ဟိုအကောင်ကြီး ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ”
ထိုသို့ရွတ်ရင်း လက်ညိုးထိုးထားလိုက်သည်။ ကြောက်ကြောက်နှင့် လေးငါးဆယ်ခေါက်လောက်ရွတ်ပြီးသည့်အခါတွင်တော့ ထိုအကောင်ကြီးက အခန်းထဲမှနေ၍ ပြန်ထွက်သွားတော့သည်။ တစ်ညလုံးအိပ်မရတော့။ ခြောက်လှန့်မှုလဲ ထပ်မတွေ့ရတော့ပေ။
နောက်ရက်တွေတော့ ထုံးစံအတိုင်း မေတ္တာနာနာပို့ဖြစ်သည်။ ထိုရက်တွေကစပြီး ခြောက်လှန့်မှုမတွေ့ရတော့ပေ။ သို့နှင့် ကိုဖိုးမောင်က အလုပ်ပြီး၍ လေးရက်အကြာတွင် ပြန်ရောက်လာတော့သည်။ ပိတ်ရက်တစ်ရက်တွင် ဆင်းတုတော်တစ်ဆူကို ပင့်လာလိုက်ပြီးနောက် နောက်နေ့တွင် သံဃာတော်များအားပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်လိုက်တော့သည်။ ထိုနောက်ပိုင်းခြောက်လှန့်မှုများထပ်မတွေ့ရတော့ပါ။
“မိန်းမရေ ဓါးမယူခဲ့ဟေ့ ဒီဗန်ဒါပင်ကလေးကို ခုတ်လိုက်ရအောင်”
ကိုဖိုးမောင်ပြောတော့ ယဉ်ယဉ်ထိတ်လန့်သွားသည်။ သို့သော် ကိုဖိုးမောင်ကို ဓါးတော့ယူပေးလိုက်သည်။ ကိုဖိုးမောင်က တခဏအတွင်း ဗန်ဒါပင်ကလေးကို ခုတ်ဖြတ်ကာ အပိုင်းပိုင်းဖြတ်လိုက်တော့သည်။ ဘာမှတော့မထူးဆန်းတော့။ ထိုပုဂ္ဂိုလ်က ထိုနေရာမှ ထွက်ခွာသွားချင်းဖြစ်နိုင်ပါသည်။
သို့သော်လည်း ယဉ်ယဉ်ကတော့ စိတ်ထဲကနေကြိတ်ပြီး မေတ္တာပို့ပေးလိုက်မိပြန်သည်။
“ဟိုအကောင်ကြီး ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ”
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်