(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျှက် ရေးသားတင်ဆက်ထားပါသည်)
(၁)
“နင်တို့ကိုဆက်မထားနိုင်တော့ဘူး၊ လကုန်တာနဲ့ ငါ့အိမ်ကနေဆင်းပေးပါ”
အိမ်ရှင်အဒေါ်ကြီး၏ တင်းမာသောအပြောကို မိမိုးတို့ မိသားစု ခေါင်းငုံ့ခံရုံသာရှိသည်။ အိမ်ရှင်က ပြောချင်ရာပြောပြီးနောက် အိမ်ပေါ်မှဆင်းသွားလေသည်။ မိမိုးတို့မိသားစုလည်း တစ်ယောက်နှင့်တစ်ယောက် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ရတော့သည်။ လကုန်ရက်က တစ်ပတ်ပင်မလိုတော့ပေ၊ ထိုရက်ပိုင်းအတွင်း အိမ်ရအောင်ရှာရတော့မည်ဖြစ်သည်။ မိမိုးတို့ မိသားစုက လူဦးရေများသဖြင့် နေရာထိုင်ခင်းအခက်တွေ့ရသည်။ အိမ်ရှင်မကျေနပ်သည်ကိုလည်း မိမိုးနားလည်ပေးပါသည်။ မိမိုးမောင်လေး သူရက နည်းနည်းဆိုးသွမ်းပြီး အော်ဟစ်ဆဲဆိုခြင်းများရှိသဖြင့် ကြာတော့ အိမ်ရှင်က မထားချင်တော့ပေ၊ မိမိုးတို့ ခေါင်းမီးတောက်ရပြီ၊ မောင်လေးသူရ၏ မိန်းမကလည်း ကလေးမွေးထားတာ သိပ်မကြာသေးပေ။
မိမိုးသူနှင့်သိသလောက် အပေါင်းအသင်းမိတ်ဆွေများကို အကူအညီတောင်းရတော့သည်။ ဖုန်းဆက်ပြီးတော့တစ်မျိုး လူချင်းတွေ့ပြီး အပူကပ်ကာတစ်ဖုံ အကူအညီတောင်းလေရာ နောက်ဆုံးသုံးရက်မြောက်သည့်အခါတွင် သူငယ်ချင်းတစ်ဦးထံမှ မျှော်လင့်ချက်ရောင်ခြည်ကလေး သန်းလာတော့သည်။
“မိုးတို့ အဆင်မပြေဖြစ်နေရင် စက်ရုံကြီးတစ်ခုမှာနေမလား၊ မြို့ပြင်နည်းနည်းကျပေမယ့် မိုးမိုးတို့နေမယ်ဆိုရင် နေပျော်မှာပါ”
“ဟဲ့ စက်ရုံကြီးဆိုတော့ နေလို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်၊ စက်ရုံဆိုပေမယ့် စက်ရုံကြီးရဲ့ဘေးနားမှာ အရင်က အလုပ်သမားတွေနေသွားတဲ့ နှစ်ထပ်တန်းလျားကြီးတစ်ခုရှိတယ်ဟ၊ အခန်းတွေလည်းအများကြီးပါတယ်၊ နင်တို့ကြိုက်တဲ့အခန်းကို ဖွင့်ပြီးနေရုံပဲ”
မိမိုးတို့ သိပ်ပြီးရွေးချယ်စရာမရှိတော့၊ အိမ်မှဆင်းရဖို့ကလည်း နီးလာပြီမို့ ထိုစက်ရုံကြီးကို မောင်လေး သူရနှင့် ဦးလေးတစ်ယောက်ကို သွားကြည့်ခိုင်းရတော့သည်။ စက်ရုံကြီးတွင် လူမရှိဘဲ၊ ထိုစက်ရုံကို လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ မှာလည်း ဒေဝါလီခံသွားသဖြင့် စက်ရုံအလွတ်ကြီးဖြစ်နေလေသည်။ စက်ရုံမြေပိုင်ရှင်က စက်ရုံအား အစောင့်အဘောအဖြစ်ထားရှိခြင်းဖြစ်ပြီး အိမ်ငှားခလည်း အလွန်သက်သာလေသည်။ တစ်ခုပိုပြီးကောင်းသည်ကတော့ အိမ်ခန်းအများကြီးရှိသည့်အချက်ပင်၊ မိသားစုများသည့် မမိုးတို့အတွက်တော့ ထိုတစ်ချက်တည်းနှင့်ပင် အဆင်ပြေလွန်းလှသည်။
(၂)
စက်ရုံကြီးသို့ သူရနှင့် ဦးလေးတော်စပ်သူ ဦးသောင်းတို့ လာခဲ့ကြသည်။ စက်ရုံကြီးက စက်မှုဇုန်ကြီးတစ်ခုအတွင်း အနောက်ဘက်ခြမ်းတွင်တည်ရှိသည်။ စက်ရုံကြီးမှာအလွန်ကြီးမားပြီး မြင့်မားလှသည့် အုတ်တံတိုင်းကြီးဖြင့်ကာရံထားသည်။ ပေလေးရာ ပတ်လည်လောက်ရှိသည့် မြေကြီးပေါ်တွင် စက်ရုံအလုပ်ရုံအဆောက်အဦး အကြီးကြီးရှိသည်။ ထိုအဆောက်အဦးကြီးဘေးနားတွင် ဂိုထောင်ကြီးလည်းရှိပြီး ထိုအရှေ့တွင် မြေကွက်လပ်ကြီးဖြစ်သည်။ စက်ရုံကြီးနှင့် မျက်စောင်းထိုးတစ်ဖက်ခြမ်းတွင်တော့ အလုပ်သမားများနေထိုင်နိုင်ရန်အတွက် နှစ်ထပ်တိုက်တန်းလျားကြီးတစ်ခုကို ခိုင်ခိုင်ခန့်ခန့်ဆောက်လုပ်ထားပြီး အခန်းပေါင်း နှစ်ဆယ်ခန့်ရှိသည်။
သူရလည်း စက်ရုံကြီးကိုပတ်ကြည့်ပြီး သဘောကျသွားသည်။ စက်ရုံကြီးမှာ တိတ်တိတ်ဆိတ်ဆိတ်လည်းရှိသည်။ အရှေ့တွင် ကွန်ကရစ်လမ်းကြီးရှိပြီး ကွန်ကရစ်လမ်းတစ်ဖက်ခြမ်းတွင် မတိုးချဲ့ရသေးသည့် မြေရိုင်းများဖြစ်သည်။ စက်ရုံကြီး၏ ဘေးနားတွင်လည်း စက်ရုံများမရှိဘဲ မြေကွက်လွတ်ကြီးများဖြစ်သဖြင့် တိတ်ဆိတ်လှသည်။ ထို့အပြင် အခန်းတွေကလည်း အများကြီးဖြစ်ကာ ရေမီးအစုံဖြစ်ပြီး ကိုယ့်စိတ်ကြိုက်သုံးနိုင်ခြင်းဖြစ်သည်။
“အခန်းတွေက အများကြီးပဲ ဦးလေးသောင်းရဲ့၊ ကျုပ်တို့ ခေါင်းရင်းဘက်ခန်းက အခန်းတွေကို သန့်ရှင်းရေးလုပ်ကြတာပေါ့ဗျာ”
သူရနှင့် ဦးသောင်းတို့က ရေမောင်းတင်လိုက်ပြီးနောက် ရေပုံးများ၊ တံမြက်စည်းများနှင့် အခန်းများကို သန့်ရှင်းရေးလုပ်ကာ ဆေးကြောလိုက်ကြသည်။ အခန်းများမှာ သိပ်ပြီးသန့်ရှင်းစရာမလိုပေ၊ သို့နှင့် တန်းလျားကြီး၏ ခေါင်းရင်းဘက်ခြမ်း အောက်ဘက်မှအခန်းလေးငါးခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။ အားလုံးပြီးစီးသည့်အခါ ညနေပင်စောင်းနေပြီဖြစ်သည်။
“ကဲ မတတ်နိုင်ဘူးဦးလေးသောင်းရာ၊ ဒီညတော့ ဒီမှာစမ်းအိပ်ကြတာပေါ့”
စက်ရုံကြီးရှိ ဂိုထောင်ကြီးမှာ ပိတ်ထားသော်လည်း ဂိုထောင်အရှေ့တွင် ဂျပ်ဖာပုံးများရှိရာ သူရတို့ တူ၀ရီးလည်း ဂျပ်ဖာပုံးများခင်းပြီး ယောက်ျားလေးများမို့ ဖြစ်သလိုအိပ်လိုက်ကြသည်။ မအိပ်ခင်လည်း စားသောက်ပြီး အရက်လည်းသောက်လိုက်သေးသည်။ အိပ်နေရင်း ညသန်းခေါင်အချိန်လောက်တွင် သူတို့အခန်းရှေ့တွင် လမ်းလျှောက်နေသည့်ခြေသံများကိုကြားလိုက်ရသဖြင့် သူရလန့်နိုးလာသည်။ အစကတော့ သူ့ဦးလေး လမ်းလျှောက်သည်ဟုထင်နေသော်လည်း ဦးလေးမှာ သူ့ဘေးနားတွင်အိပ်စက်နေသဖြင့် ဦးလေးမဟုတ်မှန်းသိလိုက်သည်။ သူရက သူခိုးများဝင်သလားဟု ထင်လိုက်ပြီးနောက် အခန်းတံခါးကိုဝုန်းခနဲဖွင့်ကာ အပြင်သို့ထွက်လိုက်သည်။ ထိုအခါ သူခိုးမဟုတ်ဘဲ အဘွားကြီးတစ်ယောက်ကိုသာတွေ့လိုက်ရသည်။ အဘွားကြီးမှာ တရုတ်မျက်နှာပေါက်နှင့်ဖြစ်ပြီး မျက်လုံးများမှာ စိမ်းဖန့်ဖန့် အပြာရောင်ကြီးလင်းလက်နေလေသည်။
“ခင်၊ ခင်ဗျားဘယ်သူလဲ”
အဘွားကြီးက သူရအနီးသို့ တစ်ဖြေးဖြေးတိုးလာသည်။ သူရက လုံး၀မကြောက်တတ်သဖြင့် တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ အဘွားကြီးက သူနှင့်လက်တစ်ကမ်းအရောက် သူ့ကိုလက်ညှိုးထိုးပြီး
“နင်တို့ ငါ့အိမ်ကို ဘာလာလုပ်တာလဲ၊ အခုချက်ချင်းထွက်သွားကြစမ်း”
သူရလည်းစိတ်ဆိုးသွားပြီး အဘွားကြီးမျက်နှာကိုလက်သီးနှင့်ထိုးချလိုက်သည်။ ထိုအခါ သူရမှာ အဘွားကြီးကိုထိုးမိသော်လည်း ချောက်နက်ကြီးတစ်ခုအတွင်းသို့ အရှိန်လွန်ကျသွားသလို ကျဆင်းသွားလေသည်။ နားထဲတွင်လည်း အဘွားကြီး၏ အော်ဟစ်ရယ်မောသံကြီးကို ကြားလိုက်ရသည်။
သူရအမြန်ကုန်းထလိုက်သည်။ ဘေးဘီကိုကြည့်လိုက်သည့်အခါ သူအိပ်စက်နေတုန်းပင်ဖြစ်သည်။ သူရလည်း ရင်ဘတ်ကိုလက်ဖြင့်ဖိလိုက်ပြီးသက်ပြင်းချလိုက်မိသည်။
“လတ်စသတ်တော့ ငါအိပ်မက် မက်နေတာပဲ”
လက်ပတ်နာရီကိုကြည့်လိုက်တော့ အချိန်က မနက်သုံးနာရီခန့်ဖြစ်သည်။ သူရပြန်အိပ်မည်ဟုတွေးကာ လှဲချလိုက်စဉ် သူတို့အခန်းတံခါးကို လူတစ်ယောက်က ခြေထောက်နှင့်ကန်သလို တဒုံးဒုံးနှင့် ကန်ကြောက်သံကိုကြားလိုက်ရပြီးနောက် လျှောက်လမ်းအတိုင်းပြေးဆင်းသွားသည့် အသံကိုလည်းကြားလိုက်သည်။ သူရလည်း အိပ်ရေးပျက်နေသည်မို့ ထမကြည့်တော့ဘဲ ဆက်ပြီးအိပ်နေလိုက်သည်။
နောက်နေ့မနက်တော့ အိမ်ကိုပြန်လာသည်။ အိမ်ကိုရောက်သည်နှင့် အိမ်သားများက သူရတို့ညအိပ်သည့်အတွေ့အကြုံကိုမေးသည်၊ ဦးလေးကတော့ အိပ်နေသဖြင့် ဘာကိုမှမသိလိုက်ပေ၊ သူရကတော့ ညကသူတွေ့ခဲ့သည့် အတွေ့အကြုံကို အိမ်သားများအားပြောပြရင်ကောင်းမလား၊ မပြောဘဲနေရင်ကောင်းမလားဟု စိတ်ထဲလွန်ဆွဲနေမိသည်။
“အိမ်ပြောင်းပေးဖို့ ရက်ကလည်းနီးနေပြီဆိုတော့၊ သူတို့ကိုမပြောလိုက်တာပဲ ကောင်းပါတယ်လေ”
သူရဆီမှ အဆင်ပြေသည်ဟူသည့် စကားကြားလိုက်ရသဖြင့် တစ်အိမ်သားလုံးပျော်ရွှင်သွားမိသည်။
(၃)
တကယ်လည်း အိမ်ပြောင်းသည့်အခါ ပျော်ရွှင်ရပါသည်။ အိမ်ခန်းကြီးများမှာ အကျယ်ကြီးဖြစ်သည်။ အဖေနှင့်အမေက တစ်ခန်းယူသည်၊ မိမိုးက တစ်ခန်း၊ ညီမဖြစ်သူက တစ်ခန်း၊ မောင်ဖြစ်သူလင်မယားနှင့် ကလေးက တစ်ခန်း၊ သို့နှင့် ခေါင်းရင်းအခန်းလေးခန်းကို ယူလိုက်ကြသည်။ ထောင့်ခန်းတစ်ခန်းကိုတော့ ထမင်းဟင်းချက်သည့်အခန်းအဖြစ် သတ်မှတ်လိုက်သည်။ အပေါ်ထပ်တွင် အခန်းများစွာရှိနေသေးသော်လည်း လှေကားဖြင့်တက်နေရမည်စိုးသဖြင့် အောက်ထပ်အခန်းများတွင်သာ နေရာယူလိုက်ကြခြင်းဖြစ်သည်။ မိမိုးတို့ဘ၀တွင် ထိုသို့အခန်းကျယ်ကျယ်ဖြင့် တစ်ယောက်တစ်ခန်းမနေဖူးသဖြင့် ပျော်ရွှင်နေမိသည်။
ညရောက်သည့်အခါ မိမိုးတို့ဘာသာ၏ ထုံးစံအတိုင်း အိမ်သစ်ရောက်သည့်အခါ ဘုရားဆုတောင်းကြလေသည်။ ထိုအခါ သူတို့မိသားစုများ အားလုံးစုဝေးပြီး ဘုရားဆုတောင်းကြသည်။ အဖေတို့အခန်းထဲမှာ စုဝေးပြီး မျက်လုံးများမှိတ်ကာ ဆုတောင်းနေခိုက်တွင် လူများထပြီးပြေးသံကိုကြားရသည်။ မိမိုးကတော့ သူ့ဘေးတွင်ထိုင်နေသည့် မောင်လေးသူရနှင့် သူ့အမေ ထပြီးပြေးထွက်သွားသည်ဟု ထင်လိုက်သည်။ သို့နှင့် မျက်လုံးတစ်ဖက်ကို အသာဖွင့်ပြီးချောင်းကြည့်လိုက်သော်လည်း မောင်လေးနှင့်အမေက ဒီအတိုင်းရှိနေသည်။ ထိုပြေးသံကိုလည်း အားလုံးက ကြားလိုက်ရသည်။
“ငါတို့ ဘုရားဆုတောင်းရှိခိုးလိုက်တော့ မကောင်းဆိုးဝါးတွေ ထွက်ပြေးသွားကြတဲ့သဘောပဲပေါ့”
မိမိုးအဖေကပင်ပြောနေလေသည်။ ထိုညတော့ သူတို့ပင်ပင်ပန်းပန်းနှင့် အိပ်စက်လိုက်ကြရာ နောက်နေ့မနက်နေမြင့်မှပင် နိုးတော့သည်။
သုံးရက်ခန့်ကြာတော့မှ ထူးဆန်းမှုတွေစဖြစ်တော့သည်။ မိမိုးအမေက မနက်အစောကြီး ထမင်းဟင်းထချက်လေ့ရှိသည်။ မီးဖိုချောင်အဖြစ် သတ်မှတ်ထားသည့်အခန်းက သူတို့တိုက်ခန်းတွဲကြီး၏ ခြေရင်းဘက်အကျဆုံး အခန်းဖြစ်သည်။ မနက်စောစောမို့ ပတ်ဝန်းကျင်က အမှောင်ဖုံးနေသေးသည်။ စက်မှုဇုန်က မီးရသည်မို့ မိမိုးအမေက လျှပ်စစ်ပေါင်းအိုးဖြင့် ထမင်းတည်ရန်ပြုလုပ်နေစဉ်မှာပင် ထိုအခန်းရှိ မှန်တံခါးအပြင်ဘက်မှ မှန်တံခါးအား တဒေါက်ဒေါက်ဖြင့် ခေါက်နေသံကိုကြားလိုက်ရသည်။ အစကတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေသော်လည်း ခေါက်သံမှာ သီချင်းတစ်ပုဒ်၏ တေးသွားစည်းချက်အတိုင်း ခေါက်နေခြင်းဖြစ်သည်။ မိမိုးအမေလည်း သရဲခြောက်ခံနေရပြီမှန်းသိလိုက်သည်။ ထိုမှန်တံခါးအပြင်ဘက်တွင် လူသွားဖို့နေရာမရှိဘဲ မြက်ပင်ရှည်များသာ ပေါက်ရောက်နေသည့်နေရာဖြစ်သည်။
ထိုအဖြစ်များကို မိမိုးအားအမေက ပြောပြလေသည်။ မိမိုးလည်း အမှုမဲ့အမှတ်မဲ့ပင် သဘောထားလိုက်သည်။ ထို့နေ့တော့ မိမိုးတို့ဆွေမျိုးများ အိမ်သို့လာလည်ကြသည်။ အိမ်အသစ်ပြောင်းသွားသည့်အတွက် နေရာသိအောင်လာကြခြင်းဖြစ်သည်။ ဆွေမျိုးများထဲတွင် ကလေးသူငယ်များလည်းပါရာ ကလေးများက စက်ရုံဝန်းကြီးအတွင်း ပြေးလွှားဆော့ကစားကြလေသည်။
မိမိုးလည်း ဆွေမျိုးများနှင့် စကားပြောနေစဉ် ဆွေမျိုးများထဲမှ ပါလာသည့် တူလေးတစ်ယောက်က အိမ်သာနားကိုကြည့်ပြီး စကားတွေလှမ်းအော်ပြောနေသည်ကိုတွေ့လိုက်ရသည်။ မိမိုးနှင့် ထိုကလေး၏အမေက ကလေးဆီသို့ပြေးသွားလိုက်သည်။
“သား၊ ဘာတွေအော်နေတာလဲ”
“ဟိုးအိမ်သာအရှေ့နားမှာအမေ၊ ဆရာမတစ်ယောက်က သားကိုခေါ်နေတယ်၊ သူ့နားမှာလည်း လူတွေသုံးလေးယောက်ရှိတယ်”
ကလေးလက်ညှိုးညွှန်ပြသည့်နေရာကို ကြည့်လိုက်သည့်အခါ မည်သူ့ကိုမျှမတွေ့ရပေ၊ အချိန်က ညနေသုံးနာရီခန့်သာရှိသေးသည်မို့ အလင်းရောင်ကောင်းစွာရနေသည်။ ကလေးအမေလည်း သရဲခြောက်သည်ဟုထင်ပြီး ကလေးကိုခေါ်သွားတော့သည်။ ညနေတော့ ဆွေမျိုးများပြန်သွားကြသည်။
မိမိုးလည်း ပန်းကန်ခွက်ယောက်များဆေးကြောပြီးသောအခါ ညနေခုနစ်နာရီခွဲနေပြီဖြစ်သဖြင့် အခန်းအတွင်းသို့ဝင်လိုက်လေသည်။
ထိုအခါ မိမိုးအခန်းအနောက်ဘက်ရှိ မှန်တံခါးကို လူတစ်ယောက်က တဒေါက်ဒေါက်နှင့်လာခေါက်နေသည်။ မနက်တုန်းက အမေပြောခဲ့သလိုပင် တေးသွားသံစဉ်တစ်ခုအတိုင်းလိုက်ပြီးတီးခတ်နေခြင်းဖြစ်သည်။ မိမိုးက သုံးမိနစ်မျှကြာအောင် နားစွင့်ထေင်နေပြီး
“ဟေ့၊ သရဲလား၊ သရဲဆိုရင်တော့ ဒီလိုပုံစံနဲ့ ငါ့ကိုလာမခြောက်နဲ့ဟေ့၊ ငါက မကြောက်တတ်ဘူး”
မိမိုးစောင်ခြုံပြီးအိပ်လိုက်သည့်အခါ သူ့အပေါ်ထပ်အခန်းထဲတွင် တဘုန်းဘုန်းနှင့် ခြေကိုဆောင့်ပြီး ပြေးလွှားနေသံများကိုကြားလိုက်ရသဖြင့် မိမိုးအံ့ဩသွားမိသည်။ ခြေသံက ကော်ရစ်ဒါတွင်မဟုတ်ဘဲ သူအိပ်နေသည့်အခန်းတည့်တည့်အပေါ်ထပ်အခန်းထဲမှဖြစ်သည်။ သူမကြောက်တတ်ဘူးဆိုသဖြင့် တမင်ပိုပြီးခြောက်လှန့်ခြင်းဖြစ်မည်။ မိမိုးလည်း ဂရုမစိုက်တော့ဘဲ နားပိတ်ပြီးအိပ်လိုက်သည်။
ထိုညအိပ်မက်ထဲတွင် မိမိုးက စက်ရုံကြီးထဲတွင်ပင်ဖြစ်နေသည်။ ရေထည့်ထားသည့် အုတ်ကန်မှရေများကိုခပ်နေစဉ် အိမ်သာအရှေ့နားတွင် တရုတ်အဘိုးကြီးတစ်ယောက်နှင့် လူဆယ်ယောက်ခန့်က မိမိုးကိုစိုက်ကြည့်နေလေသည်။ မိမိုးလည်း ထိုအဘိုးကြီးကိုအသေအချာကြည့်လိုက်သည့်အခါ အဘိုးကြီးမျက်လုံးတွေက စိမ်းဖန့်သည့်အလင်းများထွက်နေလေသည်။
“ငါတို့တွေကို နင်စော်စော်ကားကားမလုပ်နဲ့၊ ငါတို့တွေအများကြီး ဒီမှာနင့်ထက်အရင်ရောက်နေကြတာ၊ ငါတို့တွေက ဒီထဲက ညောင်ပင်မှာနေကြတယ်”
ထို့နောက် ထိုလူများက မျက်နှာသေကြီးများဖြင့် မိမိုးဆီသို့ တစ်လှမ်းချင်းတိုးလာကြသည်။ လက်များကလည်း မိမိုးအားဆွဲမည် ပြုမည်ဟန်ဖြင့်လာကြရာ မိမိုးကထွက်ပြေးရန်ကြိုးစားလိုက်သည်။ သို့သော် သူ့ခြေထောက်တွေက လှုပ်မရ၊ ဖိနပ်က မြေကြီးနှင့်ကပ်နေသလိုကြီးဖြစ်နေသည်။ မကြာခင် အဘိုးကြီးနှင့်သရဲများက အေးစက်သောလက်ကြီးများနှင့် မိမိုးတစ်ကိုယ်လုံးကို ဝိုင်းဆွဲကြလေသည်။
“အား၊ အမလေး ၊ ကယ်ကြပါ”
မိမိုးအော်ဟစ်ပြီး အိပ်ရာပေါ်မှထလိုက်သည်။ အေးစက်လှသည့် ဆောင်းတွင်းကြီးမှာပင် မိမိုးချွေးစေတွေပြန်နေသည်။ ထိုတော့မှ အိပ်မက်မက်နေမှန်းသိလိုက်ရသည်။
“ညောင်ပင်ဆိုပါလား၊ ဒီစက်ရုံဝန်းထဲမှာ ညောင်ပင်ရှိလို့လား”
မိမိုးလည်း ရေရွတ်နေမိသည်။ အချိန်က မနက်ခြောက်နာရီခန့်ဖြစ်ပြီး မိုးလင်းနေပြီဖြစ်သည်။ မိမိုးလည်း အိပ်နေရာမှ ထလိုက်ပြီး အိမ်သာအနားသို့ထွက်လာခဲ့သည်။ ထိုအခန်းများအားလုံးတွင် အိမ်သာနှင့် ရေချိုးခန်းမပါဘဲ အိမ်ခန်းနေသူများအားလုံး စုပေါင်းပြီးအသုံးပြုနိုင်ရန်အတွက် အုတ်ရေကန်ကြီးတစ်ခုနှင့် အိမ်သာအခန်းတွဲကြီး ရှစ်ခန်းကိုတည်ဆောက်ထားသည်။ မိမိုးလည်း အိမ်သာများအနားသို့ တစ်ယောက်တည်းလာခဲ့လိုက်သည်။ ခြေရင်းထောင့်အခန်းတွင်တော့ အမေက ထမင်းဟင်းချက်နေလေသည်။
“ဘာညောင်ပင်မှမရှိပါဘူး”
သို့သော် အိမ်သာနံဘေးတွင် လူတစ်ယောက် ဘေးစောင်းပြီးတိုးသွားနိုင်သည့် လမ်းကြားကလေးတစ်ခုရှိသည်။ အိမ်သာနံဘေးတွင် ရေစက်ထားသည့် အိမ်ကလေးရှိသည်။ ထိုအုတ်နံရံနှစ်ခုကြားသို့ မိမိုးတိုးသွားပြီးကြည့်လိုက်သည့်အခါ အိမ်သာနောက်တွင် လူတစ်ရပ်ခန့်ရှိသည့် ညောင်ပင်များ သုံးလေးပင်အစုလိုက်ပေါက်နေကြလေသည်။ ထိုအချိန်တွင် မိမိုးတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထလာပြီးနောက် မိမိုးလည်းကျောမလုံတော့သဖြင့် ထိုနေရာမှ ထွက်ပြေးခဲ့တော့သည်။
(၄)
ခြောက်လှန့်မှုများက အိမ်သားများအတွင်း တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ကြုံတွေ့နေရလေသည်။ ထိုညတော့ သူရက အိပ်နေရာမှ လန့်နိုးလာသည်။ ဗိုက်မှာရစ်နာနေသည်မို့ အိမ်သာသို့ပြေးရတော့သည်။ အိမ်သာမှာ အိမ်တန်းလျားများနှင့် အနည်းငယ်လှမ်းသည်။ အိမ်တန်းလျားများနှင့် အိမ်သာကြားထဲတွင် ကားများရပ်နိုင်ရန်အတွက် ကားဂိုထောင်ပုံစံမျိုးတစ်ခုရှိသော်လည်း ယခုတော့ စက်ရုံကြီးမှ အသုံးမလိုသည့်အရာများနှင့် ရှုပ်ထွေးနေလေသည်။ သူရတစ်ယောက် အိမ်သာသို့ပြေးလာစဉ် အိမ်သာမီးလုံးမှ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေသည်။ သူရအိမ်သာရှေ့သို့ရောက်သည့်အခါ မီးလုံးမှာ လုံး၀မလင်းတော့ဘဲ မှိတ်ကျသွားသည်။
သူရလည်း အိမ်သာရှစ်ခန်းအတွင်းရှိ ထိပ်ဆုံးအခန်းတွင် ဝင်ထိုင်ချလိုက်လေသည်။ အိမ်သာတက်နေစဉ် သူ့အိမ်သာခန်းတံခါးမှာ ဘုသော့အလိုလိုလည်ထွက်သွားပြီး ချောက်ခနဲပွင့်ထွက်သွားလေသည်။ သူရလည်း ထူးဆန်းသွားပြီး တံခါးကိုပြန်ပိတ်လိုက်သည်။ နောက်တစ်ခါ တံခါးက ထိုကဲ့သို့ပင် ပွင့်ထွက်သွားပြန်သည်။
“စောက်သရဲကလည်း အရေးထဲလာခြောက်နေသေးတယ်၊ ခြောက်စမ်းကွာ၊ ခြောက်စမ်း၊ မင်းကြိုက်သလောက်ခြောက်စမ်း”
သူရလည်းအော်ပြောလိုက်တော့သည်။ ထိုတော့မှ သရဲခြောက်လှန့်မှုများက တိတ်ဆိတ်သွားတော့သည်။
မနက်လင်းတော့မှ မိသားစုတွေစုပေါင်းထမင်းစားနေရင်း သရဲခြောက်သည့်အကြောင်းများကို မိမိုးက ပြောကြားလိုက်တော့မှ ဟိုလူက ဟိုနားမှာတစ်မျိုး၊ ဒီလူက ဒီနားမှာတစ်မျိုးနှင့် ခြောက်လှန့်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ကြောင်း ပြောကြားကြလေသည်။
“သူတို့က ညောင်ပင်တွေမှာနေတယ်လို့ပြောတယ်၊ ဒီတော့ ညောင်ပင်တွေကို ခုတ်ပစ်မှဖြစ်မယ်”
“သွားမလုပ်နဲ့သမီး၊ ကိုယ်တွေက အိမ်ငှားတွေပဲ၊ သမီးစိတ်မသန့်ဘူးဆိုရင်တော့ အိမ်ရှင်တွေကိုပြောပြီး ခုတ်ခိုင်းပေါ့”
သို့နှင့် မိမိုးက အိမ်ရှင်နှင့်ဆက်သွယ်ရသည်။ အမှန်တော့ အိမ်ရှင်မှာလည်း ထိုစက်ရုံအား စောင့်ရှောက်ရန်အတွက် တာဝန်ရထားသူဖြစ်သည်။ မြေရှင်က သူ့ကိုစက်ရုံစောင့်ခိုင်းသော်လည်း သူကမစောင့်ဘဲ အခြားတစ်ယောက်ကို အငှားတင်ထားသည့် သဘောဖြစ်သည်။ မိမိုးဆက်သွယ်လိုက်သော်အခါ အိမ်ရှင်နှင့် သူ့မိန်းမတို့ ဆိုင်ကယ်ကလေးဖြင့်လာကြလေသည်။ နောက်တော့ အလုပ်ကြမ်းသမားတစ်ယောက်လည်းခေါ်လာလေသည်။
အလုပ်ကြမ်းသမားကို အိမ်သာနောက်ဘက်ရှိ ညောင်ပင်များကိုရှင်းခိုင်းနေစဉ် မိမိုးတို့နှင့် အိမ်ရှင်မိန်းမတို့ စကားပြောဖြစ်သည်။
“ညီမလေးတို့က ဘာသာခြားတွေဆိုတော့ သရဲတွေဘာတွေ မယုံဘူး၊ မကြောက်တတ်ဘူးမဟုတ်လား”
“ဒီလိုတော့မဟုတ်ပါဘူး၊ မိုးတို့က သရဲရှိတာကိုတော့လက်ခံပါတယ်၊ အခုလည်း ဒီမှာ ခဏခဏတွေ့နေရတာပါပဲ”
မိမိုးက အေးအေးဆေးဆေးပြောလိုက်သည့်အခါ ထိုမိန်းမမှာ မျက်စိမျက်နှာပျက်သွားလေသည်။ မိမိုးက
“ဒါနဲ့ ဒီမှာရော အရင်က သရဲတွေဘာတွေခြောက်ခံရတဲ့သူတွေရှိလား”
“ရှိပါပြီကော ညီမရယ်၊ ညီမတို့ သတ္တိကောင်းတယ်နော်၊ စက်ရုံကြီးပိတ်ပြီးတော့ အမတို့လင်မယားဒီမှာ စောင့်နေကြတာ၊ သရဲအရမ်းခြောက်လွန်းလို့ မစောင့်ရဲတာနဲ့ လူငှားခေါ်တာပဲ၊ အရင်က ဒီမှာနေသွားတဲ့သူတွေကလည်း တစ်ပတ်၊ တစ်လထက် ပိုနေရဲတဲ့သူမရှိဘူးညီမလေး”
“ဒါနဲ့ အရင်က တစ်ခုခုဖြစ်ခဲ့သေးတာလား”
မိမိုးမေးလိုက်တော့ ထိုအမကြီးက မိမိုးကို အပေါ်ထပ်ကိုခေါ်သွားလေသည်။ မိမိုးတို့က တန်းလျားတွင်သာနေထိုင်သော်လည်း အပေါ်ထပ်ကိုတော့သိပ်မတတ်ဖြစ်ပေ၊ ထိုအမကြီးက အပေါ်ထပ်ခေါင်းရင်းရှိ အခန်းတစ်ခန်းကိုလက်ညှိုးထိုးပြသဖြင့် မိမိုးလည်း အခန်းအတွင်းချောင်းကြည့်လိုက်သည်။ အခန်းအတွင်းတွင်တော့ သံကုတင်ကြီးပေါ်တွင် မွှေ့ယာကြီးခင်းထားသလို ပရိဘောဂများလည်းရှိလေသည်။ ထိုအခန်းမှာ မိမိုး၏ အပေါ်တည့်တည့်မှအခန်းဖြစ်သည်။
“ဒီအခန်းမှာက အရင်ကုမ္ပဏီ ပိုင်ရှင်ရဲ့ အဖေ၊ တရုတ်ကြီးတစ်ယောက်နေသွားတာ၊ တရုတ်ကြီးက ဒီမှာနေပြီးဘယ်လောက်မှမကြာဘူးသေသွားတာပဲ၊ စက်ရုံကြီးမှာလည်း အမြဲခြောက်လှန့်ခံနေရတယ်၊ နောက်ပြီး အဲဒီသူဌေးကလည်း စီးပွားပျက်သွားတော့ အခုလိုဖြစ်သွားတာပေါ့”
မိမိုးနားလည်လိုက်ပြီ၊ သူမြင်ခဲ့သည့်တရုတ်ကြီးမှာ ထိုတရုတ်ကြီးပင်ဖြစ်မည်။ ညနေထိုအမလင်မယားပြန်သွားတော့ မိမိုးလည်း ကိုယ်ကြားဖူးထားသလို စီစဉ်ရတော့သည်။
“ကဲ၊ စက်ရုံမှာရှိတဲ့သရဲအပေါင်းတို့၊ နင်တို့လည်း နင်တို့ဖာသာနေ၊ ငါတို့လည်း ငါတို့ဖာသာနေမယ်၊ နင်တို့ရော ငါတို့ရော နေဖို့အခက်တွေ့နေတဲ့သူတွေချည်းပဲဆိုတော့ ဘ၀တူတွေချင်း မနှောင့်ယှက်ပါနဲ့”
မိမိုးက အပေါ်ထပ်အိပ်ခန်းသို့ကြည့်ကာ ထိုသို့ပြောပြီး ပြေးဆင်းလာခဲ့လေသည်။ ထိုနောက်ပိုင်းတွင်တော့ သရဲခြောက်လှန့်ခံရမှုက သိသိသာသာလျော့ကျသွားသည်။ သရဲကိုတွေ့သည့်အ်ခါတွင်လည်း သူတို့ကိုသီးသန့်ခြောက်လှန့်သည်မဟုတ်ဘဲ သူတို့သွားလာနေသည်ကို မြင်တွေ့ရခြင်းဖြစ်သည်။ နေရေးထိုင်ရေးအခက်အခဲဖြစ်နေသည့် မိမိုးတို့မှာ ထိုစက်ရုံကြီးတွင် သုံးနှစ်ခန့် နေထိုင်ခဲ့ပြီးတော့မှ မြို့တွင်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
သို့သော် သူရမှာတော့ ထိုစက်ရုံကြီးတွင် နေရသည်ကို ကြိုက်သည်ဟုဆိုကာ ပြီးခဲ့သည့်နှစ်အထိ ထိုစက်ရုံကြီးတွင် သူတို့မိသားစု နေထိုင်နေကြသေးသည်။ သရဲခြောက်သည့် ထိုစက်ရုံကြီးတွင် နေထိုင်ခဲ့သည်ဟု ပြောလိုက်တိုင်း လူအများက မိမိုးကိုအံ့ဩကာ ကြည့်ကြသည်။ ထိုစက်ရုံကြီးကတော့ တောင်ပေါ်မြို့ကြီးတစ်မြို့၏ မြို့အဆင်း၊ စက်မှုဇုန်ကြီးတစ်ခု၏ အနောက်ဘက်တစ်နေရာတွင် ယခုထက်တိုင် တည်ရှိနေပါသေးသည်။
ပြီးပါပြီ။