(က)
ဒုရဲအုပ်ကျော်စွာအဖို့ သည်နေ့တော့ ပျော်ရွှင်သည့်နေ့တစ်နေ့ဟုဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတာဝန်ကျရာနေရာသို့ အိမ်သူဇနီးမယားက အလည်အပတ်အဖြစ်လာရောက်သောကြောင့်ဖြစ်သည်။ ဒုရဲအုပ်ကျော်စွာမှာ ရခိုင်ပြည်နယ်တောင်ပိုင်းတစ်နေရာရာရှိ ရွာကလေးတစ်ရွာတွင် တာဝန်ကျနေခြင်းဖြစ်သည်။ ထိုအနီးအနား ရွာနှစ်ရွာအတွက် ရဲစခန်းတစ်ခုအဖြစ်တည်ဆောက်ထားပြီး ထိုနယ်မြေတစ်ကြောတွင် လုံခြုံရေး တာဝန်ယူပေးနေရခြင်းဖြစ်သည်။ ကိုကျော်စွာမှာ အညာသားဖြစ်သော်လည်း ရာထူးတိုးဖြင့် ရခိုင်ပြည်နယ်သို့ တာဝန်ကျလာခြင်းဖြစ်ပြီး ဇနီးဖြစ်သူမှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည်။ ယခုတော့ ဇနီးဖြစ်သူက ခွင့်ရက်ယူပြီး ကိုကျော်စွာတို့ထံ အလည်လိုက်လာခြင်းဖြစ်သည်။
ရဲလိုင်းခန်းတန်းလျားလေးတွင် ယနေ့တော့ ဟင်းနံ့မွှေးနေလေသည်။ ကိုကျော်စွာဇနီး မပြုံးက ဗမာကြက်များဝယ်ယူလာပြီးနောက် ကြက်သားကာလသားဟင်းကို စပါယ်ရှယ်ချက်ပြုတ်နေပြီး ကိုကျော်စွာနှင့်စခန်းမှလူများအတွက်ချက်ပြုတ်နေခြင်းဖြစ်သည်။ ထို့နောက်ညစာကို ကိုကျော်စွာတို့လိုင်းခန်းကလေးတွင်ပဲ အားလုံးအတူတူစားသောက်လိုက်ကြသည်။ စားသောက်ပြီးစီးသောအခါ မပြုံးယူလာသည့် လက်ဖက်နှင့်အကြော်စုံများကို တည်ခင်းဧည့်ခံပြီး စကားစမြည်ပြောကြလေသည်။ စခန်းအတွင်းမှာ ရဲတပ်သားများနှင့်လဲ မိတ်ဆက်ပေးနေရသည်။
အချိန်က ည ၈နာရီကျော်ပြီဖြစ်သည်။ တာဝန်ကျရဲသားမှအပ ကျန်ရဲသားများမှာ ကိုကျော်စွာအိမ်တွင် စကားပြောရင်း အဖွဲ့ကျနေကြသည်။ ထိုအချိန်မပြုံးက အိမ်နောက်ဖေးတွင် ပုဂံတစ်ချပ်သွားဆေးလေသည်။ ရဲလိုင်းခန်းနောက်တွင် တာလပတ်ဖြင့် အဖီဆွဲထားပြီး ထိုနေရာတွင် ရေသုံးရန်စီစဉ်ထားပြီး တိုင်ကီတစ်လုံးနှင့် ကျောက်စည်ပိုင်းလေးတစ်ခုကိုချထားသည်။ ထိုရေကပြင်မှ အနည်းငယ်ဆက်သွားသော် နှစ်လုံးတွဲထားသည့် အိမ်သာကလေးတစ်ခုရှိပေသည်။ မပြုံးက ပန်းကန်ဆေးပြီးနောက် အပေါ့သွားချင်သဖြင့် အိမ်သာဘက်သို့ ထွက်ခဲ့သည်။
(ခ)
“မပြုံးက အနောက်သွားတာ ကြာလှချည်လားကွ”
ထိုသို့ပြောနေစဉ်ပင် မပြုံးက အိမ်ပေါ်တက်လာပြီး သူတို့အိမ်ရှေ့ခန်းနားတွင် ငုတ်တုတ်ကောက်ထိုင်လိုက်လေသည်။ ထို့နောက် ဘာမပြောညာမပြောနှင့် ဟားတိုက်ကာ ရယ်မောနေတော့သည်။ သို့သော်ရယ်သည့် အသံကြီးမှာ ယောက်ျားရယ်သံကြီးဖြစ်နေသည်။
“ဟီး . . . ဟီး . . . . ဟား . . . ဟား”
“ဆရာရေ တစ်ခုခုတော့ထူးပြီ”
ထိုအခါ ကိုကျော်စွာက မပြုံးကိုထိကိုင်လိုက်ရာ မပြုံးမှာချက်ချင်းပင် ကိုကျော်စွာလက်ကိုပုတ်ချလိုက်လေသည်။ ပုတ်ချသည့်အားမှာလဲ ခပ်ပြင်းပြင်းဖြစ်သည်။
“မင်းဘယ်သူလဲ . . . မင်းဘာလဲ”
“ဆရာကလဲ ကျွန်တော် ထွန်းလင်းပါ”
“ထွန်းလင်း . . . ခွေးကောင် မင်းဘာလို့ ငါ့မိန်းမကို ဒီလိုလုပ်တာလဲ””
“”မဟုတ်ပါဘူးဆရာရယ် ဆရာ့မိန်းမဟင်းချက်လက်ရာ ကောင်းလွန်းလို့လာချီးကျူးတာပါ””
ရဲသားများအားလုံး အံ့သြသွားကြသည်။ ထိုကဲ့သို့ သရဲပူးကပ်ခံရသည့်အဖြစ်ကို တစ်စခန်းလုံးမည်သူမျှ မကြုံဖူးကြပေ။
“အေး . . . ဟင်းချက်ကောင်းတာတော့ဟုတ်ပါပြီ၊ မင်းကဘယ်လိုစားတာတုန်း”
“ဒီလိုပါဆရာရဲ့ ဆရာတို့နောက်ဖေး ရေကပြင်မှာ ပန်းကန်ဆေးတော့ ထမင်းလုံးလေးတွေနဲ့ ဟင်းဖတ်လေးတွေ မြေကြီးပေါ်ကျတာကို ကျွန်တော်စားလိုက်မိတော့ ကောင်းလိုက်တာဆရာရယ်၊ ဘယ်လိုစားကောင်းမှန်းမသိဘူး”
ကိုကျော်စွာလဲ ထွန်းလင်းကို သနားဂရုဏာစိတ်ဖြစ်သွားလေသည်။
“အေးကွာ ကောင်းတယ်ဆိုလဲပြီးတာပါပဲ၊ မင်းကြိုက်ရင် ငါတို့ထက်ကျွေးမယ်၊ မင်းငါ့မိန်းမကိုတော့ မနှောင့်ယှက်ပါနဲ့ကွာ”
“ဟုတ်ကဲ့ဆရာ၊ သြော် ဒါနဲ့ ကျွန်တော့်ကိုကျွေးရင် ဖက်ဖြစ်ဖြစ်၊ သတင်းစာဖြစ်ဖြစ် ခင်းကျွေးပါဆရာရယ်၊ ပန်းကန်နဲ့ဆို ကျွန်တော်စားလို့မရလို့”
“အေးအေး . . . ဒါနဲ့ မင်းကဘယ်မှာနေတာလဲ”
“စခန်းစည်းရိုးအစွန်ဆုံးက သရက်ပင်အသေးလေးမှာနေပါတယ်ဆရာ”
ထိုသို့ပြောပြီးနောက် မပြုံးက မူးလဲသွားတော့သည်။ ရဲတပ်သားများ၊ ရဲတပ်သားများ၏ ဇနီးများက ဝိုင်းဝန်းပြုစုတော့မှ သတိလည်လာတော့သည်။ ဘုရားသောက်တော်ရေကိုစွန့်တိုက်လိုက်ပြီးနောက် မပြုံးကိုနားခိုင်းလိုက်ရတော့သည်။ မပြုံးသည် သူသရဲပူးခံရမှန်းသိသောအခါ ပိုကြောက်၍ တုန်နေလေတော့သည်။
ထိုညတွင်ပင် ကျန်နေသည့် ဟင်းများနှင့်ထမင်းများကိုနယ်ဖတ်ပြီး တပ်ကြပ်ကြီးကို သရက်ပင်အောက်တွင် သတင်းစာစက္ကူခင်းကာ သွားချခိုင်းရတော့သည်။ သရဲကြောက်တတ်သည့် ရဲတပ်သားများမှာ မသွားဝံ့သော်လည်း တပ်ကြပ်ကြီးက သတ္တိကောင်းသူမို့ သရက်ပင်ခြေရင်းသို့သွားချပြီးနောက်
“ထွန်းလင်းရေ စားဟ”
ဟုပြောဆိုခဲ့သေးသည်။
မိုးလင်းသည့်အခါတွင် စပ်စုသည့်ရဲဘော်များက သရက်ပင်အောက်သွားကြည့်ကြသောအခါ သတင်းစာစက္ကူကိုသာတွေ့ရပြီး ထမင်းနှင့်ဟင်းများမှာ တစ်စေ့မှမကျန် ပြောင်သလင်းခါနေတော့သည်။
ရဲစခန်း ခြံစည်းရိုးအဆုံးမို့ စခန်းနှင့်သီးသန့်ကလေးဖြစ်နေသည်။ အိမ်သာသွားမှသာလှမ်းကြည့်၍ မြင်ရလေသည်။ ကြောက်တတ်သူများအဖို့ အိမ်သာတက်လျှင် လှမ်းတောင်မကြည့်ဝံ့ကြပေ။ ထိုညတော့ ကိုကျော်စွာတစ်ယောက် သူ့တပည့်ထွန်းလင်းအကြောင်းကို ပြန်တွေးနေမိသည်။
(ဂ)
ထွန်းလင်း။
ထွန်းလင်းက အောက်ပြည်ဖက်မှဖြစ်သည်။ ရဲတပ်သားအဖြစ်နှင့် သူတို့စခန်းကိုတာဝန်ကျသည်။ ပထမဆုံးတာဝန်ဖြစ်သည်။ ထွန်းလင်းမှာ လူငယ်လဲလူငယ်ဖြစ်ပြီး ခိုင်း၍လဲကောင်းလှသည်။ ဖင်လဲပေါ့သဖြင့် တစ်ခုခုဆိုထွန်းလင်းကိုသာ ခိုင်းကြသည်။ ခိုင်းယုံတင်မက ပေးစရာရှိလျှင် ထွန်းလင်းကို ပေးကြကမ်းကြလေသည်။ ထွန်းလင်းတို့ မိသားစုမှာ မောင်နှမများပြီး မိဘများကကျပ်တည်းသည်မို့ ထွန်းလင်းက သူ၏လစာများကို ခြစ်ကုပ်စုပြီး လစာကိုအိမ်သို့ပြန်ပို့ရလေသည်။ တစ်စခန်းလုံးတွင် ထွန်းလင်းက အသက်အငယ်ဆုံးဖြစ်ရာ အားလုံးက သူ့အား ကလေးတစ်ယောက်သဖွယ် သဘောထားချစ်ခင်ကြလေသည်။
ထွန်းလင်းက ကိုကျော်စွာလိုင်းခန်းတွင် ကပ်နေလေသည်။ ကိုကျော်စွာလဲတစ်ယောက်တည်းနေရသည်မို့ ထွန်းလင်းနှင့်အဖော်ရနေသည်။ ထွန်းလင်းက ဆရာရေချိုးရန် ရေခပ်ပေးသည်။ အိမ်ရှိသန့်ရှင်းရေး၊ ဝေယျာဝစ္စများကို ဆောင်ရွက်ပေးသည်။ ဒါတင်မျှမက ညညဆို ဆရာ့ကို နင်းနှိပ်ပေးပြီး ဆရာတပည့်နှစ်ယောက် စကားတွေထိုင်ပြောကြသည်။ များသောအားဖြင့်ကတော့ ကိုကျော်စွာတွေ့ကြုံခဲ့ရသည့် ရဲအဖြစ်အပျက်တွေ၊ အမှုတွေ၊ လူဆိုးတွေအကြောင်းကို ပြောပြသည်ကို ထွန်းလင်းက ငေးမောရင်း နားထောင်နေတတ်သည်။
သို့သော် ထွန်းလင်းကံမကောင်းရှာပေ။ တာဝန်ကျ၍တစ်နှစ်မပြည့်သေး ထွန်းလင်းငှက်ဖျားမိတော့သည်။ ပြင်းထန်လှသည့် ရိုးမငှက်ဖျားက ထွန်းလင်းကိုမျက်နှာသာမပေးချေ။ ထွန်းလင်းမသေခင် မနက်ပိုင်းတွင် ကိုကျော်စွာက အရေးကြီးကိစ္စရှိသဖြင့် ခရိုင်ရုံးသို့ သွားရမည်ဖြစ်သည်။ အိမ်တွင်ကျန်နေခဲ့သည့် ထွန်းလင်းအား ဆေးနှင့် စားစရာများပြင်ဆင်ပေးခဲ့ရသည်။
“မင်း နေလို့ကောင်းရဲ့လားကွ”
“အများကြီးသက်သာလာပါပြီဆရာ”
“သက်သာတယ်သာပြောတယ်၊ မင်းကြည့်ရတာ ဖြူဖတ်ဖတ်နဲ့”
“အောင်မယ်ဆရာက ကျွန်တော့်ကိုအထင်သေးတာလား၊ မယုံရင် ဆရာနဲ့ကျွန်တော်အပြေးပြိုင်ကြည့်မလား”
ကိုကျော်စွာလဲ ထွန်းးလင်းစကားကြောင့်ပြုံးလိုက်မိတော့သည်။
“အေးကွာ၊ မြန်မြန်နေကောင်းအောင်လုပ်၊ အုပ်ဆောင်းထဲမှာ ကွေကာအုပ်နဲ့ပေါင်မုန့်ထားခဲ့တယ်၊ အဲဒီစားပွဲပေါ်မှာပဲ ဆေးတင်ထားခဲ့တယ်”
ထိုသို့ပြောပြီး ကိုကျော်စွာက အိမ်ပေါ်မှဆင်းလာသည်။ ထွန်းလင်းက အိမ်ပေါက်ဝတွင်သူ့အား ကလေးတစ်ယောက်သဖွယ် တာ့တာပြနေလေသည်။
ညနေပြန်လာတော့ ထွန်းလင်းဆုံးပြီဆိုသည့် သတင်းကြားလိုက်ရသည့်အခါ ကိုကျော်စွာရင်ဝကိုဆောင့်ကန်လိုက်သလိုခံစားလိုက်ရသည်။ အစကတော့မယုံသေး။ ရဲတပ်သားအချင်းချင်း စနောက်သည်ဟုသာ ထင်လိုက်သည်။ သို့သော် ထွန်းလင်းအလောင်းကိုမြင်တော့မှ ကိုကျော်စွာတစ်ယောက် အရူးတစ်ယောက်ပမာအော်ဟစ်မိသည်။ အိမ်နောက်ဖေး အုပ်ဆောင်းကိုလှန်လိုက်သောအခါ အေးစက်ပွထနေသည့် ကွေကာအုပ်နှင့် ပေါင်မုန့်ထုပ်ကလေးက ပုံမပျက်ပင်ရှိနေသေးသည်။
ထွန်းလင်း မိဘများက လမ်းစရိတ်ထောင်းလွန်းသဖြင့် မလာနိုင်ကြပေ။ ထို့ကြောင့် ကိုကျော်စွာတို့သာ ထွန်းလင်းဈာပနကို ပြုလုပ်ပေးလိုက်ကြသည်။ ထွန်းလင်းပစ္စည်းများကိုတော့ သေတ္တာနှင့်စုထည့်ပြီး သူ့မိဘများဆီသို့ ပို့ပေးလိုက်ရသည်။ ကူငွေလဲတော်တော်ရလိုက်ပါ၏။
ထွန်းလင်းမကျွတ်မလွတ်ဖြစ်နေကြောင်းကို ကိုကျော်စွာက ရိပ်စားမိပါသည်။ တစ်ခါတစ်ရံ နေဝင်ရီတရော ရေကပြင်ဘက်၊ အိမ်သာဘက်တွင် ထွန်းလင်းကို ရိုးကနဲ ရိပ်ကနဲလှမ်းမြင်ရတတ်သည်။ ကိုကျော်စွာက သူထွန်းလင်းကို စိတ်စွဲနေသည်ဟု ယူဆပြီးစိတ်ကိုဖြေသိမ့်ခဲ့သည်။ ယခုတော့ ထွန်းလင်းသေဆုံးပြီး သုံးလခန့်ကြာတော့မှ ထွန်းလင်းက သူ့ဇနီးကို ဝင်ပူးလေပြီ။
ဇနီးသည်လဲ ကြောက်ကြောက်လန့်လန့်နှင့် စခန်းတွင် သုံးရက်ခန့်သာနေပြီး ပြန်တော့သည်။ ကိုကျော်စွာလဲ ဝါဝင်သည့်အခါတွင် ရဲစခန်းတွင် ဝါဆိုသင်္ကန်းကပ်သည့်အခါ ထွန်းလင်းအတွက် အမျှပေးဝေကြပါသည်။ သို့သော် ထွန်းလင်းအမျှအတန်းရမရ၊ ကျွတ်မကျွတ်ကိုတော့ မသိရပေ။
(ဃ)
ဝါကျွတ်ပြီ၊
သူတို့စခန်းကျရာ ရွာကလေး၏ တစ်ဖက်ရွာတွင် ဇိနမာန်အောင် ဘုရားကြီးရှိပြီး နှစ်စဉ် သီတင်းကျွတ်လဆုတ်တွင် ဘုရားပွဲသွင်းလေသည်။ ထိုနှစ်တွင်လဲ ထုံးစံအတိုင်း ဘုရားပွဲအတွက် ကိုကျော်စွာတို့ရဲစခန်းမှ လုံခြုံရေးတာဝန်ယူပေးရသည်။ ဘုရားအနီး ကွင်းပြင်ကြီးတွင် ဇတ်ရုံကြီးထိုးထားပြီး ပွဲဈေးခင်းကျင်းကြသည်။ အနီးအပါးရွာများမှပါ ပွဲဈေးလာသဖြင့် ပွဲတော်ရက်ဆိုလျှင် စည်ကားနေတော့သည်။
ကိုကျော်စွာက ဘုရားအမှုဆောင်အဖွဲ့တွင် ပါဝင်သည်မို့ လုံခြုံရေးကိစ္စအတွက်နေ့တိုင်း ဘုရားပွဲသို့သွားပြီးစီစဉ် ကွပ်ကဲရလေသည်။ ဘုရားပွဲက သုံးညကျင်းပရာ နောက်ဆုံးညဖြစ်သည်။ ကိုကျော်စွာလဲ သုံးရက်ဆက်တိုက်ပင်ပန်းခဲ့သည်မို့ လူလဲ ညည်းစီစီဖြစ်နေချေပြီ။
“ဆရာ့ကြည့်ရတာမလန်းပါလား”
“အေးဗျ၊ သုံးရက်ဆက်တိုက်ဆိုတော့ လူလဲတော်တော်ပန်းနေပြီ”
“ဒါများဆရာရယ် စောစောကပြောပေါ့၊ ဒီညတော့ ဆရာပြန်နားလိုက်တော့ ၊ နောက်ဆုံးညဖြစ်နေပြီ။ ကိစ္စလဲ ဘာမှထွေထွေထူးထူးရှိတာမှမဟုတ်တာ”
ရဲတပ်ကြပ်ကြီးအကြံပေးချက်ကို လက်ခံလိုက်သည်။ လက်မှနာရီကိုကြည့်လိုက်တော့ ညဆယ်နာရီကျော်ပြီဖြစ်သည်။ ထိုဘုရားပွဲကလေးမှနေ၍ သူတို့ရွာသို့ ကျေးရွာခြင်းဆက်လမ်းကလေးမှ ပြန်ရမယ်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုထိုလမ်းကလေးသည် ညနေ ၆ နာရီလောက်ဆို လူသွားလူလာမရှိတော့။ ယခုအချိန်တွင်တော့ ဘုရားပွဲကာလမို့ ထိုလမ်းကလေးတွင် လမ်းသွားလမ်းလာများ၊ လှည်းများ၊ စက်ဘီးများရှိနေကြသဖြင့် ကိုကျော်စွာက စခန်းသို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။
လွှဲစရာရှိတာများလွှဲအပ်ညွှန်ကြားပြီးနောက် စက်ဘီးကလေးကိုတွန်းကာ ပြန်လာခဲ့လိုက်သည်။ ဘုရားပွဲလွန်တော့ လမ်းကလေးက မှောင်မည်းနေလေသည်။ လမ်းကလေး၏ တစ်ဖက်တွင် သစ်တောကြီးရှိပြီးတစ်ဖက်တွင်တော့ လယ်ကွင်းများရှိသည်။ ကိုကျော်စွာလဲ စက်ဘီးကိုနင်းလာခဲ့သည်။ နောက်ဆုံးနေ့မို့ လမ်းတွင် လမ်းသွားလမ်းလာနှင့် လှည်းများအနည်းအကျဉ်းသာရှိပြီး လူပြတ်နေသည်။ ကိုကျော်စွာက ကြောက်တတ်သူမဟုတ်သည်မို့ သီချင်းကလေးညည်းရင်း စက်ဘီးနင်းလာခဲ့လိုက်သည်။
တစ်နေရာတွင် တောအုပ်အတွင်းမှ စီးဆင်းလာသည့် စမ်းချောင်းကလေးတစ်ခုရှိသည်။ ထိုစမ်းချောင်းကလေးကို ဖြတ်ကူးရန်အတွက်သစ်သားတံတားအိုကလေးတစ်ခုထိုးထားလေသည်။ တံတားကလေးမှာ နွားလှည်းတစ်စီးကောင်းကောင်းသွားနိုင်အောင်ကျယ်ဝန်းပြီး တံတားလက်ရမ်းကလေးများလဲ တပ်ထားလေသည်။
လသာသာနှင့် စက်ဘီးနင်းလာခဲ့သည်။ လရောင်နှင့်မို့ ပတ်ဝန်းကျင်ကို ကောင်းစွာမြင်နေရသည်။ ထိုတံတားကလေးအရောက်မှာတော့ ကိုကျော်စွာထိတ်လန့်သွားလေသည်။ အကြောင်းမှာတံတားကလေးပေါ်တွင် လက်ရမ်းကလေးကိုအမှီပြုပြီး မတ်တပ်ရပ်နေသည့် လူတစ်ယောက်ကိုတွေ့ရသည်။ လရောင်ပင်ဖြစ်လင့်ကစား ထိုလူ၏ ပုံပန်းသဏ္ဍာန်ကိုကြည့်ရုံဖြင့် မည်သူမည်ဝါမှန်းကို ကိုကျော်စွာသိနေပြီဖြစ်သည်။ ထိုသူက အခြားမဟုတ် ထွန်းလင်းဖြစ်သည်။
နဂိုက သရဲမကြောက်တတ်သောကိုကျော်စွာသည် ယခုတော့ ကျောချမ်းလာပြီဖြစ်သည်။ အဖော်ဖြစ်လိုဖြစ်ငြားဘေးဘီသို့ကြည့်လိုက်သော်လည်း လူသူတစ်ယောက်မျှ မတွေ့ရချေ။ မတတ်နိုင်တော့။ ကိုကျော်စွာလာရာလမ်းကိုလဲ ပြန်မလှည့်လို၍ အားတင်းထားပြီး စက်ဘင်းကိုဖြည်းညှင်းစွာဖြင့် နင်းခဲ့တော့သည်။ တဖြည်းဖြည်း နီးလာလေလေ ထွန်းလင်းမှန်းပိုသေချာလာလေလေဖြစ်သည်။ သို့နှင့် ထွန်းလင်းနှင့် ခြောက်ပေခန့်အကွာကိုရောက်လာတော့သည်။ ထွန်းလင်းက သူ့ကိုပြုံးပြီးကြည့်နေသည်။ ထွန်းလင်းပါးစပ်ထဲတွင် သွားကြီးများက လရောင်နှင့်ဖြူဖွေးကာ လင်းလက်နေသလို ထွန်းလင်း၏ မျက်လုံးများကလဲ အရောင်များထွက်ကာ စူးရှရှဖြစ်နေသည်ကိုတွေ့လိုက်ရတော့ ကိုကျော်စွာတစ်ကိုယ်လုံး ကြက်သီးတွေထောင်းကနဲထလာလေသည်။
“ထွန်း . . . ထွန်းလင်း မင်း . . . မင်း”
ကိုကျော်စွာ စကားများအထစ်ထစ်ငေါ့ငေါ့နှင့်ဖြစ်နေသည်။ ထွန်းလင်းကတော့ သူ့ကိုပြုံးပြီးကြည့်နေသည်။ ထွန်းလင်းခန္ဓာကိုယ်က ပိန်ချုံးနေကာ သူဝယ်ပေးထားဖူးသည့် အကျီအကွက်ကလေးကိုဝတ်ဆင်ထားပြီး ဟောင်းနွမ်းနေလေသည်။
“ဆရာ့ကို ကျွန်တော်လာနှုတ်ဆက်တာ”
“ဟေ . . .”
“ဟုတ်တယ်ဆရာ၊ ကျွန်တော်သွားတော့မယ်”
ထွန်းလင်းကထိုသို့ပြောပြီးနောက် တံတားအောက်သို့ခုန်ချသွားတော့သည်။ တံတားကလေးအောက်တွင် တောင်ကျချောင်းဖြစ်သဖြင့် လျှိုမြောင်အသေးစားကလေးဖြစ်နေပြီး မြက်ပင်များ ချုံပင်များနှင့် ရှုပ်ထွေးနေလေသည်။ ထွန်းလင်း ခုန်ချသွားသည်နှင့် ကိုကျော်စွာလဲ စက်ဘီးကို တဟုန်ထိုးနင်းပြီး စခန်းသို့အမြန်ပြန်လာခဲ့တော့သည်။
ထိုနောက်ပိုင်းတွင် ထွန်းလင်းကို ထပ်မံမတွေ့ရတော့သည်မှာ နောက်သုံးနှစ်ခန့်ကြာ၍ နေရာပြောင်းခဲ့သည်အထိ ထွန်းလင်းကိုထပ်မတွေ့ရတော့ချေ။ ထွန်းလင်းတစ်ယောက် ကျွတ်လွတ်သွားတာလား၊ ဒါမှမဟုတ် တစ်နေရာရာကိုထွက်သွားတာလားဆိုတာတော့ ကိုကျော်စွာလဲမသိပေ။ သို့သော် ထွန်းလင်းအကြောင်းပြန်စဉ်းစားမိလိုက်တိုင်း ထိုတံတားကလေးပေါ်က ညနှင့် ထွန်းလင်း၏ ကြောက်စရာကောင်းသောအပြုံးကို ကိုကျော်စွာပြန်မြင်ယောင်မိပြီး ကြက်သီးများထနေမိတော့သည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအားအစဉ်လေးစားလျှက်
အဂ္ဂဇော်