(၂၀၁၆ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်ပါသည်)
(၁)
တောင်ကုတ်မြို့မှ ထွက်လာပြီးမကြာခင်အချိန်မှာပင် ရခိုင်ရိုးမကြီးပေါ်သို့ ကားကတက်လာခဲ့လေသည်။ မြင်တွေ့ရသမျှရှုခင်းတွေက ပြောင်းလဲသွားပြီး ကားလမ်းဘေးတစ်လျှောက် သစ်တောကြီးများကိုသာတွေ့ရသည်။ ကားလမ်းမှာလည်း အတော်ကြမ်းတမ်းပြီး အကွေ့အကောက်လည်းများလှသည်။ ကိုလင်းထူးတို့ လူတစ်စုမှာ ဆောက်လုပ်ရေးလုပ်သားများဖြစ်ကြသည်။ ယခုအခါ တောင်ကုတ်မြို့နှင့်အတော်ကွာဝေးသည့် ရခိုင်ရိုးမပေါ်ရှိ လမ်းဟောင်းကိုပြုပြင်ရေးနှင့် လမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်းအတွက် လာခဲ့ကြခြင်းဖြစ်သည်။ မြေသယ်ကားကြီးများ၏ အနောက်တွင် အလုပ်သမားသုံးဆယ်ခန့် လိုက်ပါလာပြီး အထုပ်အပိုးများနှင့် စီးလာကြရာ ကိုလင်းထူးက ပတ်ဝန်းကျင်ကို အကဲခတ်ရင်းလိုက်ပါခဲ့သည်။ ရိုးမပေါ်ရောက်သည်နှင့် ကားလမ်းက ဆိုးလာသလို ရွာဆက်လည်းကျဲသွားလေသည်။ ညနေ နေဝင်ခါနီးအချိန်တွင်တော့ ရိုးမပေါ်ရို တောင်ကုန်းကြီးတစ်ခုအပေါ်တွင် ဆောက်လုပ်ထားသည့် ဘိုတဲကြီးတစ်လုံး၏ ခြံဝန်းထဲသို့ ကားက မောင်းနှင်ဝင်ရောက်သွားကာ ရပ်တန့်လိုက်လေသည်။
“ရောက်ပြီဟေ့”
ကားရှေ့ခန်းတွင်ထိုင်နေသည့် အလုပ်သမားခေါင်းဆောင် ကအော်ဟစ်လိုက်သည့်အခါ ကိုလင်းထူးတို့ လူတစ်စုလည်း ကားနောက်ပိုင်းမှခုန်ချကာ ဆင်းသက်လိုက်တော့သည်။ ဘိုတဲကြီးကို ညနေနေရောင်တွင် မြင်ရသည်မှာပင် မှုန်ကုပ်ကုန်နှင့်ကြောက်စရာကောင်းနေသည်။ ထိုဘိုတဲကြီးမှာ လမ်းလုပ်ငန်းဆောင်ရွက်သူများ နားနေစတည်းချရာ ရှေ့တန်းစခန်းတစ်ခုဖြစ်သည်။
စခန်းတစ်ခုလုံးကို သံဆူးကြိုးများ၊ ဝါးကပ်များဖြင့်ကာရံထားသည်။ ဘိုတဲကြီးမှာ ရှေးလက်ရာကြီးဖြစ်ပြီး အုတ်နီနီများ၊ ရှစ်ပတ်လည် အနက်ရောင်ပျဉ်းကတိုးတိုင်လုံးကြီးများနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ဘိုတဲကြီးကို ခြေတံရှည်ပုံစံတည်ဆောက်ထားကာ အောက်ဘက် အရှေ့ဘက်တစ်ခြမ်းတွင် ဘာမှမကာရံထားသော်လည်း အနောက်ဘက်အခြမ်းတွင်တော့ အုတ်စီကာ အခန်းဖွဲ့ထားလေသည်။ အလုပ်သမားခေါင်းဆောင်မှာ ဦးကြီးမြင့်ဆိုသည့် အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိသည့် လူတစ်ဦးဖြစ်သည်။ ဦးကြီးမြင့်က သူတို့လူစုအရှေ့တွင်ရပ်လိုက်ပြီး
“ဒီဘိုတဲကြီးကတော့ ဟိုးအင်္ဂလိပ်လက်ထက်လောက်ကတည်းက ဆောက်ထားတာကွ၊ ဘိုတဲကြီးအပေါ်မှာတော့ တာဝန်ခံအင်ဂျင်နီယာတို့၊ အရာရှိကြီးတွေ အိပ်ကြတယ်၊ ငါတို့အလုပ်သမားတွေက ဘိုတဲကြီးအနောက်က တန်းလျားမှာနေကြမယ်၊ ကဲ သွားကြတော့၊ ကိုယ်သင့်သလိုသာ ရွေးချယ်ပြီးတော့ နေကြပေတော့”
ဘိုတဲကြီးကိုပတ်ပြီး အနောက်သို့ထွက်လာခဲ့ကြသည်။ ဘိုတဲကြီးအရှေ့တွင် ပေတစ်ရာခန့်ကျယ်ဝန်းသည့် မြေကွက်လပ်ကြီးရှိသည်။ ဘိုတဲကြီးအောက်ဘက်တွင်တော့ ထိုင်ခုံတန်းများရှိကာ အလုပ်သမားတစ်ချို့ထိုင်နေကြသည်။ ဘိုတဲကြီး၏ ခြေရင်းတွင် ကတ္တရာစည်ပိုင်းခွံများဖြင့် ပြုလုပ်ထားသည့် ရေအသုံးပြုသည့်နေရာရှိသည်။ ထိုအနောက်တွင်တော့ ကတ္တရာပုံးများကို သိုလှောင်ထားသည့် ဂိုထောင်ရှိသည်။ ဂိုထောင်နံဘေးမှစပြီး ရှည်လျားသော တန်းလျားကြီးတစ်ခုကိုတည်ဆောက်ထားသည်။ တန်းလျားကြီး၏ အနောက်နှင့် ခေါင်းရင်းဘက်တစ်ခြမ်းလုံးမှာ ရိုးမတောကြီးနှင့် ဆက်စပ်တည်ရှိနေသည်။
အချို့အလုပ်သမားများမှာ အိမ်ထောင်သည်များဖြစ်သည့်အတွက် ဇနီးနှင့် သားသမီးများပါလာကြသည်။ တန်းလျားရှိအခန်းများမှာ ကျဉ်းမြောင်းသည့် အခန်းများဖြစ်သည့်အတွက် အလုပ်သမားတစ်ဦးလျှင် တစ်ခန်းကျစီနေထိုင်ကြသည်။ မိသားစုများအတွက်တော့ အနည်းငယ်ကျယ်ဝန်းသည့်အခန်းကို ဖယ်ပေးကြသည်။ ဘ၀တူအလုပ်သမားများဖြစ်သည်မို့ တစ်ယောက်နှင့်တစ်ယောက် ရိုင်းပင်းကူညီကြပါသည်။ သို့နှင့် အလုပ်သမားအားလုံး နေရာကျပြီးသော်လည်း ကိုလင်းထူးနှင့်တစ်ကိုယ်ရေတစ်ကာယ လူငယ်လေးယောက်မှာ အခန်းနေရာမရှိတော့ပေ။ ကိုလင်းထူးလည်း အလုပ်သမားခေါင်းဆောင်နေသည့် ဘိုတဲကြီးဆီသို့တက်လာခဲ့သည်။
ဘိုတဲကြီးအနားသို့ရောက်သည့်အခါ ဘာကြောင့်မှန်းမသိ ကြက်သီးများတဖြန်းဖြန်းထသွားလေသည်။ တစ်ကိုယ်လုံးလည်း ချမ်းတုန်တက်လာသည်။ ချမ်းသည်က ရာသီဥတုချမ်းသလို အချမ်းမျိုးမဟုတ်ဘဲ ကျောရိုးထဲမှစိမ့်ခနဲ အေးသွားခြင်းဖြစ်သည်။ ကိုလင်းထူးက ရာသီဥတုကြောင့်လော၊ သစ်ရိပ်ဝါးရိပ်ကြောင့်လောဟု တွေးလိုက်ကာ ဘိုတဲကြီးအပေါ်သို့တက်ခဲ့သည်။ ဘိုတဲကြီးအပေါ်တွင် လူကြီးများက အလုပ်ရှုပ်နေသည်။ ကိုလင်းထူးက အလုပ်သမားခေါင်းဆောင် ဦးကြီးမြင့်ကိုခေါ်လိုက်သည်။
“ဦးလေး၊ ကျန်တဲ့လူတွေကတော့ နေရာကျသွားပြီ၊ ကျုပ်နဲ့ လူပျိုလူလွတ်လေးယောက်အတွက်တော့ အခန်းမရသေးဘူး”
ဦးကြီးမြင့်ကခေါင်းညိတ်ပြီး
“အေးကွာ၊ ဒီညတော့ မင်းတို့ငါးယောက် ဒီဘိုတဲကြီးအောက်မှာပဲ စားပွဲတွေဆက်ပြီး အိပ်လိုက်ကြပေါ့ကွာ၊ မနက်ဖြန်ရောက်တော့ ငါအလုပ်သမားတွေကို မင်းတို့အတွက် အခန်းတွေ ထပ်ရိုက်ခိုင်းလိုက်မယ်၊ ဟုတ်ပြီလား”
ကိုလင်းထူးလည်း ခေါင်းညိတ်လိုက်တော့သည်။ သို့နှင့် ထိုညရှစ်နာရီခန့်တွင် ညစာစားသောက်ပြီးနောက် လူအများက ကိုယ့်အခန်းဆီသို့ ပြန်သွားကြလေသည်။ ကိုလင်းထူးနှင့်လူငယ်လေးယောက်မှာ အောက်ထပ်ရှိစားပွဲခုံများကို စပ်ကာစီတန်းလိုက်ပြီး ဖျာကြမ်းတစ်ချပ်ကိုခင်းလိုက်သည့်အခါ သူတို့ငါးယောက် အိပ်လောက်ရုံကျယ်ဝန်းသည့် နေရာတစ်ခုဖြစ်သွားလေသည်။
“ငါတို့ တစ်ညလောက်တော့ သည်းခံလိုက်ကွာ၊ မနက်ဖြန်တော့ တို့အတွက်အခန်းရိုက်ပေးမယ်ပြောတယ်”
လူငယ်ကလေးတွေကလည်း လက်ခံကြပါသည်။ သို့နှင့် ခရီးပန်းလာသည့် ကိုလင်းထူးတစ်ယောက် အိပ်စက်လိုက်တော့သည်။ ကိုလင်းထူးက လူကြားထဲတွင် မအိပ်တတ်သည်မို့ ဘိုတဲကြီး၏ အရှေ့ဘက်အစွန်ဆုံးကျသောဘက်တွင် အိပ်စက်လိုက်သည်။
“ဝေါ . . .ဝေါ . .ဖရော”
ညည့်နက်သန်းခေါင်အချိန်တွင် သစ်ကိုင်းများကိုခုတ်ဖြတ်ပြီး မြေကြီးနှင့်ပွတ်တိုက်ဆွဲသွားသည့်အသံများကိုကြားလိုက်ရသဖြင့် ကိုလင်းထူးတစ်ယောက်လန့်နိုးလာခဲ့သည်။ ဘိုတဲကြီးတစ်ခုလုံး မှောင်အတိကျနေပြီး လမိုက်ညဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခွင်တွင် အမှောင်ဖုံးနေလေသည်။
“ညကြီးမိုးချုပ် ဘယ်သူများသစ်ကိုင်းတွေကို ဆွဲနေပါလိမ့်”
ကိုလင်းထူးက အသံကိုနားစွင့်နေသည့်အခါ အသံကတစ်သံတည်းမဟုတ်တော့ဘဲ လေးငါးယောက်တစ်ပြိုင်နက်တည်း ဆွဲနေသည့်အသံဖြစ်သည်။ အစကတော့ အလုပ်သမားများ အလုပ်လုပ်နေကြသည်ဟု ထင်လိုက်မိသော်လည်း အလုပ်သမားများသာ အလုပ်လုပ်လျှင် ထိုကဲ့သို့ အမှောင်တောကြီးအတွင်း မီးမထွန်းဘဲ အလုပ်လုပ်ကိုင်မည်မဟုတ်ဟုတွေးမိသည်။ ကိုလင်းထူးက မကြောက်တတ်သော်လည်း အနည်းငယ်ထိတ်လန့်လာသည်။
“ဪ၊ သွပ်ပြားတွေကို လေတိုးရင်လည်း ဒီလိုအသံမြည်နိုင်ပါတယ်၊ အင်းလေ လေကလည်း ကြမ်းနေတာကိုး”
ကိုယ့်စိတ်ကိုယ် နှစ်သိမ့်တွေးလိုက်ရတော့သည်။ ရိုးမပေါ်မှ တောင်ကုန်းကြီးဖြစ်သည်မို့ လေကလည်း တဝူးဝူးနှင့်တိုးနေသည်။ ကိုလင်းထူးလည်း ပါလာသည့်စောင်တစ်ထည်ကို ခြုံရင်း ကွေးလိုက်ရတော့၏။
(၂)
မနက်မိုးလင်း ခုနစ်နာရီအရောက် လုပ်ငန်းခွင်အတွင်းသို့ ဝင်ကြရသည်မို့ မနက်စောစောထရတော့သည်။ စခန်းရှိအလုပ်သမားများကို မြေသယ်ကားကြီးများဖြင့် လမ်းလုပ်ငန်းဆောင်ရွက်မည့်နေရာသို့ ပို့ဆောင်ပေးကြသည်။ အလုပ်သမားများအားလုံး ထွက်ခွာရပြီး စခန်းစောင့်အဖြစ် အလုပ်သမား ငါးယောက်ခန့်ကို ဂျူတီခွဲပြီးစောင့်ကြပ်ရသည်။ အလုပ်သမားများ သွားသည့်အခါ စခန်းတွင် အလုပ်သမားများ၏ မိသားစုဝင်များ၊ ကလေးများ ကျန်ရစ်နေသော်လည်း လူကြီးများလာသည့်အခါ၊ စစ်ဆေးရေးများလာသည့်အခါ ပြန်လည်ဖြေကြားနိုင်ရန်အတွက် နေ့စခန်းစောင့်အဖြစ် တာဝန်ချထားပေးလေ့ရှိသည်။
“မင်းတို့ငါးယောက် ဒီနေ့စခန်းစောင့်လိုက်ကွာ၊ ညကလည်း ကောင်းကောင်းမအိပ်ရဘူးထင်တယ်၊ မင်းတို့အတွက် အခန်းတွေရိုက်ရင်းစောင့်နေပေါ့ကွာ၊ ဂိုထောင်မှာ သစ်တိုသစ်စတွေ၊ ကတ္တရာပုံးခွံတွေရှိတယ်၊ မင်းတို့အဆင်ပြေသလို ဆောက်နေပေါ့ကွာ”
အလုပ်သမားခေါင်းဆောင်ဦးကြီးမြင့်က ထိုသို့ပြောပြီး မကြာမီ အလုပ်သမားများအားလုံး ထွက်ခွာသွားကြသည့်အတွက် စခန်းကြီးမှာ ခြောက်ကပ်ကပ်ဖြင့် ကျန်နေခဲ့လေသည်။ ဘိုတဲကြီးနှင့် အဆောင်တန်းလျားများမှာ အနည်းငယ်လှမ်းပြီး လှမ်းအော်မှာသာ အသံကြားရနိုင်သည်။ တန်းလျားအရှေ့တွင်တော့ ကလေးငယ်များက ဆော့ကစားနေကြသည်။
ကိုလင်းထူးတို့လည်း လိုအပ်သည့် သစ်တိုသစ်စများဖြင့် တန်းလျားကြီးနံဘေးတွင် အခန်းများထပ်မံဖွဲ့ကာ ရိုက်လိုက်ကြသည်။ အခန်းများမှာ မြေစိုက်ပင်ဖြစ်သည်။ အခန်းများရိုက်ပြီးသည့်အခါ ကိုလင်းထူးတို့ ရေမိုးချိုးလိုက်ကြသည်။ တောင်တန်းပေါ်ဖြစ်သဖြင့် ရေရှားသည်။ သောက်သုံးရေအတွက် ရေသန့်ဘူးများကို လာပို့ပေးကြရသလို သုံးရေအတွက် ရေကားကြီးများလာရောက်ကြပြီး စခန်းခြေရင်းတွင်ပြုလုပ်ထားသည့် ရေကန်ကြီးအတွင်းသို့လည်းကောင်း၊ ကတ္တရာမရှိတော့သည့် ပီပါခွံများအတွင်းသို့လည်းကောင်း ဖြည့်သွားပေးကြသည်။ ကိုလင်ထူးလည်း အခန်းတွင်နေရာချပြီး ရေမိုးချိုး၊ အဝတ်အစားလဲပြီးသောအခါ ထမင်းစားချိန်မကျသေးသဖြင့် စခန်းအရှေ့ ဘိုတဲကြီးအောက်တွင်ထိုင်နေလိုက်ကြကာ စကားပြောဆိုနေကြသည်။
သူတို့ဘိုတဲကြီးအရှေ့ရှိ ကားလမ်းမမှာ တောင်တက်လမ်းဖြစ်ပြီး လမ်းလဲကြမ်းသဖြင့် အသုံးပြုသူသိပ်မရှိပေ၊ တစ်နာရီမှ ကားတစ်စီးလောက်သာ ဖြတ်သန်းသွားတတ်သည်။ ထိုစဉ် နာရေးကူညီမှုကားတစ်စီးက ရောက်လာကာ သူတို့ဘိုတဲအရှေ့တွင်ရပ်လိုက်သည်၊ ထို့နောက် လူသေအလောင်းသုံးလောင်းကိုထုတ်လိုက်ပြီး ဘိုတဲအောက်တွင် အလောင်းများကိုချထားလေသည်။ ကိုလင်းထူးတို့လည်း အံ့ဩပြီးကြည့်နေကြသည်။
“ဟေ့လူတွေ၊ ဒါဘာလုပ်တာလဲ”
“အလောင်းတွေထားတာလေ၊ ခင်ဗျားမမြင်ဘူးလား”
နာရေးကူညီမှုအသင်းမှလူကလည်း အလောင်းများကို ထိုးကြိတ်ကာထည့်လာရသဖြင့် စိတ်ညစ်နေပုံရသည်။
“အလောင်းတော့တွေ့တာပေါ့၊ ဒါပေမယ့် ဒီဟာက ကျုပ်တို့ရုံးဗျ”
“ခင်ဗျားတို့ရုံးမစိုက်ခင်ကတည်းက ကျုပ်တို့က ဒီဘိုတဲကြီးအောက်မှာ အလောင်းလာထားနေကြ၊ ဒါထုံးစံဖြစ်နေပြီ၊ ဒီလူတွေက မနေ့က ဟိုဘက်က ရွာမှာလှေစင်းလုံးမှောက်ပြီး သေသွားတဲ့အလောင်းတွေ၊ တောင်ကုတ်က နာရေးကူညီမှုအသင်းကို ကျုပ်တို့ဖုန်းဆက်ပြီးပြီ၊ သူတို့လာယူလိမ့်မယ်”
“မဟုတ်တာဘဲ ခင်ဗျားတို့က တောင်ကုတ်ကလူတွေလာတဲ့အထိ မစောင့်ဘူးလား”
“ခင်ဗျားတို့ဗျာ၊ ကျုပ်တို့ကူညီမှုအသင်းတွေဆိုတာ အလုပ်တစ်ခုပဲရှိတာမဟုတ်ဘူးဗျ၊ တောင်ကုတ်ကလူတွေကလည်း သူတို့ဆီက လမ်းကြောင်းတွေပြီးမှ လာသယ်မှာ၊ ဘယ်အချိန်ရောက်မှန်းလည်း မသိဘူး၊ ဒီတော့ အရင်တုန်းကလည်းကျုပ်တို့ ဒီဘိုတဲကြီးအရှေ့ခန်းမှာ ဆင့်တွေရိုက်ပြီး အခုလိုအလောင်းတွေထားထားနေကျပဲ၊ ကဲ ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူးဗျာ၊ ခင်ဗျားတို့ရုံးက အင်ဂျင်နီယာကြီးကလည်း ခွင့်ပြုထားပေးပြီးသား၊ ကျုပ်တို့ပြန်ပြီ”
နာရေးကူညီမှုကားက ပြန်ထွက်သွားတော့ ကိုလင်းထူးလည်း ခေါင်းကုပ်နေမိသည်။ ဘိုတဲကြီးအောက်တွင်တော့ ပလတ်စတစ်အိတ်ကြီးနှင့်ထုတ်ပိုးထားသည့် အလောင်းကြီးသုံးလောင်းကျန်နေခဲ့သည်။ အလောင်းတွေမှာ ရေနစ်သေထားသည့်အလောင်းများဖြစ်သဖြင့် ဖောယောင်ကာ ပွယောင်းနေလေရာ ကိုလင်းထူးအဖို့ ထိုနေ့ထမင်းစားပျက်တော့သည်။ ညနေသုံးနာရီခန့်မှ တောင်ကုတ်မှနာရေးကူညီမှု ကားတစ်စီးက အလောင်းများကိုလာသယ်သွားလေသည်။
ညနေငါးနာရီခွဲသည့်အခါ အလုပ်သမားများပြန်ရောက်လာကြသည်။ ထိုတော့မှ စခန်းကြီးမှာ ပြန်လည်အသက်ဝင်သွားလေသည်။ ကိုလင်းထူးက အလောင်းကြီးများထားခဲ့သည့်နေရာကိုကြည့်ရင်း မသတီပေ၊ အလုပ်သမားများမှာ စုပေါင်းပြီး ခြင်းခတ်နေကြသလို အချို့ကလည်း ဂီတာတီးနေကြသည်။ ကိုယ်ပိုင်လွတ်လပ်ချိန်ဖြစ်သည်မို့ ကိုယ်ဝါသနာပါရာကို လုပ်ကိုင်နေကြသည်။
(၃)
ကိုလင်းထူးလည်း အလုပ်သမားများနှင့် မိတ်ဖွဲ့ရင်း ထိုစခန်းတွင် အလုပ်လုပ်ကိုင်နေပြီမှာ ကြာပြီဖြစ်သည့် အလုပ်သမားတစ်ယောက်နှင့် စကားစမြည်ပြောဖြစ်သည်။
“ဒီဘိုတဲကြီးက အင်္ဂလိပ်ခေတ်နှောင်းက တည်ဆောက်သွားတဲ့တဲကြီးကွ၊ အင်္ဂလိပ်ခေတ်က သစ်တောရုံးစိုက်ခဲ့တဲ့နေရာပေါ့ကွာ၊ နောက်တော့ ဘယ်သူမှမသုံးတော့ဘဲ ဒီဘိုတဲကြီးက ဒီအတိုင်းကြီးကျန်နေခဲ့တာ၊ နောက်တော့ ရိုးမကိုဖြတ်တဲ့ကားလမ်းမဖောက်လိုက်တော့မှ ဘိုတဲကြီးကို ဆောက်လုပ်ရေးဌာနက စခန်းအဖြစ်သတ်မှတ်လိုက်တာ”
“ကားလမ်းဖောက်ပြီးသွားတဲ့အချိန်လည်း စခန်းမှာဘယ်သူမှမကျန်ခဲ့တော့ဘူးပေါ့၊ အခုတစ်ခါ ကားလမ်းကတော်တော်ဆိုးနေလို့ ပျက်ဖို့ပြင်တဲ့အခါမှသာ စခန်းပြန်ဖွင့်တာပေါ့ကွာ”
“ကျုပ်ကတော့ နေ့လည်ကလို အလောင်းလာထားတာမျိုးကျတော့ မကြိုက်ဘူးဗျာ”
“ဒါကတော့ ငါတို့မရှိခင်ကတည်းက အဲဒီလိုလုပ်နေကြတယ်ဆိုပဲကွ၊ တောင်ကုတ်ကိုပို့ပြီး မီးသဂြိုလ်မဲ့အလောင်းတွေ၊ ရင်ခွဲရုံပို့မဲ့အလောင်းတွေကို ဒီမှာခဏနားပြီး အချိန်းအချက်နဲ့ ယူကြတယ်ဆိုပဲ၊ ဒါကြောင့်လည်း ဒီနေရာကြီးက သရဲခြောက်တာပေါ့ကွာ”
ကိုလင်းထူး မျက်လုံးပြူးသွားသည်။
“ဗျာ၊ သရဲခြောက်တယ်၊ ဟုတ်သလား”
“အေးကွ၊ ငါ့အထင်တော့ ဒီဘိုတဲကြီးက လူမနေတာကြာတော့ ပရလောကသားတွေ လာပြီးနေပုံရပါတယ်၊ တို့က အခုမှစခန်းပြန်ဖွင့်တာ သုံးလလောက်ပဲရှိသေးတယ်မဟုတ်လား၊ ဒီတော့ နာနာဘာ၀တွေကို အလုပ်သမားတွေ ခဏခဏမြင်ရတယ်၊ တွေ့ရတယ်ကွ”
ကိုလင်းထူး ကျောချမ်းသွားမိသည်။ ထိုတော့မှ ရောက်သည့်ညက အဖြစ်ကိုပြန်တွေးရင်း သရဲခြောက်ခံရတာလားဟု တွေးမိတော့သည်။
တကယ်လည်း ထိုဘိုတဲကြီးနေရာက သရဲခြောက်ပါသည်။ အလုပ်သမားများ ညနေဆိုလျှင် ရိုးတိုးရိပ်တိပ်မြင်တွေ့ကြရသည်။ အချို့ကလည်း အနံ့ရသည်၊ တန်းလျားများအနောက်ဖက် တောစပ်တွင်ဆောက်ထားသည့် အိမ်သာတန်းများတွင် အခြောက်လှန့်ခံရမှု အများဆုံးဖြစ်သည်။ ညနက်လျှင် အိမ်သာကိုမည်သူမှ ထမသွားရဲကြ၊ သွားပြန်လျှင်လည်း အဖော်နှင့်အပေါင်းနှင့်သွားကြရသည်။
ဘိုတဲကြီးအနီးတွင် ကျေးရွာများလည်းမရှိပေ၊ တောင်ကုန်းဆင်းပြီး လေးဖာလုံလောက်အကွာတွင်သာ ရွာငယ်ကလေးတစ်ရွာရှိသည်။ ထိုရွာငယ်ကလေးတစ်ရွာလုံးသည်လည်း ဘာသာခြားများနေထိုင်ကြသည်။ ထိုရွာကလေးသို့ စခန်းမှအလုပ်သမားများက အရက်သောက်စားရန်၊ လိုအပ်သည့် ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်များဝယ်ရန် သွားတတ်ကြလေသည်။
တစ်ရက်တော့ ညခုနစ်နာရီခန့်အချိန် ကိုလင်းထူးနှင့်အဖော်များ ထိုရွာကလေးဆီသို့သွားပြီး အရက်သောက်ကြရန်အတွက် ထွက်လာခဲ့သည်။ ကိုလင်းထူးက ပိုက်ဆံမေ့ကျန်ခဲ့သဖြင့် တန်းလျားသို့တစ်ခါပြန်ယူရသည်။ အဖော်များကတော့ ကားလမ်းတွင်စောင့်နေကြလေသည်။ ကိုလင်းထူးလည်း တန်းလျားမှပြန်ထွက်လာသည့်အခါ ပိန္နဲပင်ကြီးအနားမှဖြတ်လိုက်သည်။ ဘိုတဲကြိးအနောက်ဘက် တန်းလျားသွားသည့်လမ်းဘေးနားတွင် အလွန်ကြီးမားသည့် ပိန္နဲပင်ကြီးတစ်ပင်ရှိလေသည်။
ကိုလင်းထူး ပိန္နဲပင်ကြီးနားအရောက် ပိန္နဲပင်ကြီးအောက်တွင် မိန်းကလေးတစ်ဦးက ထိုင်နေလေသည်။ အကျီခပ်နွမ်းနွမ်းနှင့် မိန်းကလေးဖြစ်သည်။ ကိုလင်းထူးလည်း အလုပ်သမားတစ်ဦး၏ ဇနီးဖြစ်မည်ဟုတွေးလိုက်ကာ ဆက်လျှောက်လာခဲ့ရာ ထိုမိန်းကလေးက ကိုလင်းထူးအား လှမ်းခေါ်လေသည်။ ကိုလင်းထူးလည်း သူ့ကိုခေါ်နေသဖြင့် လည်ပြန်လှည့်ကြည့်လိုက်ရာ မိန်းကလေးမှာ သူကြည့်နေစဉ်ပင် မျက်လုံးကြီးများဖောင်းကားလာပြီးနောက် လက်များ၊ ခြေထောက်များမှာလည်း ဖောင်းကားလာကာ လူသေကောင်ကြီးအဖြစ်ပြောင်းလဲသွားသလို အလွန်ပုပ်ဟောင်နေသည့် အပုပ်နံ့လည်းရလိုက်လေသည်။ ကိုလင်းထူးလည်း ဘာမှမတွေးတော့ဘဲ ဘိုတဲကြီးအရှေ့ဆီသို့ တစ်ချိုးတည်းပြေးလာခဲ့လိုက်တော့သည်။
သို့နှင့်တစ်လခန့်ကြာသည့်အခါ ညဘက်ကြီး ဦးကြီးမြင့်ကရောက်လာလေသည်။ ကိုလင်းထူးက ထိုအချိန်က အလုပ်သမားလက်ထောက်ရာထူးနီးပါးဖြစ်နေလေပြီ။
“အောင်သောင်းအလုပ်မဆင်းပါလားကွ”
ကိုလင်းထူးလည်း ခေါင်းညိတ်ပြီး
“ဖျားလို့နာလို့ မဆင်းတာဖြစ်မှာပေါ့ ဦးလေးရ”
သူတို့စခန်းတွင် ဖျားနာကြသည့်အခါ အလုပ်ထဲသို့မဆင်းနိုင်ပေ၊ အလုပ်သမားများမှာလည်း များပြားလှသဖြင့် တစ်ယောက်နှင့်တစ်ယောက် မစစ်ဆေးနိုင်၊ လုပ်ငန်းခွင်ဝင်ခါနီးမှ စစ်ဆေးကြသည်။ အလုပ်မဆင်းလျှင်တော့ ထိုနေ့အတွက် နေ့စားခမရရှိနိုင်ပေ။
“မဟုတ်ဘူးကွ၊ ဒီကောင့်ကိုမတွေ့တာ နှစ်ရက်နီးပါးရှိနေပြီ၊ ပြီးတော့ ငါ့ကိုလည်းအိပ်မက်ပေးတယ်ကွ”
သို့နှင့် ကိုအောင်သောင်းနေသည့်အခန်းကို သွားကြလေသည်။ အခန်းတံခါးကိုဖွင့်သော်လည်း အတွင်းမှချက်ချကာ ပိတ်ထားသည်။
“အောင်သောင်းရေ၊ အောင်သောင်း ထစမ်းပါအုံးကွာ”
အလုပ်သမားများက တံခါးကိုတဝုန်းဝုန်းဖြင့်ထုကြသော်လည်း အတွင်းမှ ဖြေသံမကြားရ၊ ကိုအောင်သောင်းနေသည့်အခန်းကလဲ အထပ်သားပြားများနှင့် ကာရံထားသည်မို့ အလုံပိတ်နေပြီး အပြင်မှ မမြင်ရပေ။ နောက်ဆုံးတော့ ဦးကြီးမြင့်၏ အမိန့်ပေးမှုဖြင့် အလုပ်သမားတစ်ချို့က တံခါးအားဖျက်ကြလေသည်။ တံခါးဖွင့်လိုက်သည့်အခါ အတွင်းတွင် ခြင်ထောင်ကြီးထောင်ထားသည်ကိုတွေ့ရပြီး ခြင်ထောင်အတွင်းတွင် ကိုအောင်သောင်းမှာ တစ်စောင်းကြီးအိပ်ပျော်နေလေသည်။
“ဟေ့ကောင်အောင်သောင်း”
ဦးကြီးမြင့်က နှိုးလိုက်သည့်အခါ ကိုအောင်သောင်းမှာ တောင့်တင်းပြီးအေးစက်နေပြီဖြစ်သည်။ ထိုတော့မှ ကိုအောင်သောင်းသေဆုံးနေမှန်းသိရသည်။ သေဆုံးသည်မှာ အတော်ကြာနေသဖြင့် ဘေးစောင်းအနေအထားကြီးဖြင့်ပင် တောင့်နေသောကြောင့် ပြန်ဖြည်ယူလို့ပင်မရပေ။ အလုပ်သမားများလည်း တော်တော်ထိတ်လန့်သွားကြသည်။ ကိုအောင်သောင်းသေရသည့် အကြောင်းအရင်းကိုလည်း အဖြေရှာမရဘဲ သို့လော သို့လော ပြောကြသည်။ အချို့ကတော့ ကိုအောင်သောင်းမှာ ငှက်ဖျားတက်ပြီး သေဆုံးသွားခြင်းဖြစ်မည်ဟုပြောဆိုသည်။ အချို့ကတော့ ကိုအောင်သောင်းမှာ နှုတ်ကြမ်းသဖြင့် လမ်းဖောက်လုပ်သည့်တစ်နေရာရာတွင် မဆင်မခြင်ပြုလုပ်ခဲ့သဖြင့် ဖမ်းစားခံရကြောင်းပြောဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ကိုအောင်သောင်းကတော့ အသက်ဆုံးသွားပြီဖြစ်သည်။
စခန်းမှ လူကြီးများ ခေါင်းချင်းဆိုင်ကုန်ကြသည်။ နောက်တစ်ရက်တွင် နာရေးကူညီမှုကားခေါ်ကာ တင်ပေးလိုက်ရသည်။ ကိုအောင်သောင်းကို သပိတ်မသွပ်၊ သရဏဂုံပင် မတင်လိုက်ရပေ။ ကိုအောင်သောင်း၏ မိသားစုများကို ဆက်သွယ်ရန်ကတော့ ဌာနဆိုင်ရာလူကြီးများ၏ တာဝန်ဖြစ်သည်။
(၄)
နောက်တစ်လခန့်အကြာတွင် လူကြီးအပြောင်းအလဲတစ်ချို့ဖြစ်သည်။ ထိုအခါ အလုပ်သမားများက သရဲခြောက်လှန့်ခံရမှုများကို ပြောဆိုတိုင်ကြားသောအခါ အသစ်ရောက်လာသည့် လူကြီးက ဆရာတော်များပင့်ပြီး ပရိတ်ရွတ်၊ အမျှဝေရန်အတွက် စီစဉ်ပေးလေသည်။ ဆယ့်ငါးမိုင်ခန့်ဝေးသည့် တောင်ကုတ်မြို့ပေါ်မှ ဆရာတော်များကိုပင့်ကာ အကျိုးအကြောင်းပြောပြပြီး ပရိတ်တရားနာယူကြသည်။ ထိုအခါ ဆရာတော်နှင့် သိကျွမ်းနားလည်သူများက ပရိတ်ရေ၊ ပရိတ်သဲများကို ဘိုတဲကြီးအနီးတွင် မကျဲပက်ကြရန်၊ မကျွတ်မလွတ်သေးသူများကို အမျှဝေပြီး သာဓုခေါ်စေရန်ပြောဆိုလျှက် ပရိတ်တရားရွတ်ဖတ်ပွဲကြီးကို အောင်မြင်စွာ၊ ကျင်းပလိုက်ကြတော့သည်။
ပရိတ်တရားရွတ်သည့်နေ့တွင် အလုပ်နေ့တစ်ပိုင်းနားသည်မို့ ညနေပိုင်းတွင် ကိုလင်းထူးတို့က ရွာကလေးဆီသို့ဆင်းလာကြကာ၊ ရွာရှိ အရက်ဆိုင်တွင် ဝိုင်းဖွဲ့နေကြသည်။ အလုပ်သမားအားလုံးနီးပါး ထိုအရက်ဆိုင်ကလေးဆီသို့ရောက်နေကြလေသည်။ ညရှစ်နာရီခန့်တွင် စခန်းတွင်ကျန်နေသည့် အလုပ်သမားများမှာ မျက်စိမျက်နှာပျက်လျှက် သူတို့ထံသို့ရောက်လာကြသည်။
“ခင်ဗျားတို့လာတာ နောက်ကျသွားပြီဗျို့၊ သောက်စရာမရှိတော့ဘူး”
“နေပါစေ၊ ကျုပ်တို့မသောက်ရရင်လည်း ဘာမှမဖြစ်ဘူး၊ စခန်းမှာ ကျုပ်တို့မနေရဲလို့လိုက်လာတာဗျ”
ကိုလင်းထူးတို့ အံ့ဩကုန်သည်။
“ပရိတ်ရွတ်ပြီးပြီမဟုတ်လား၊ အခုဘာတွေဖြစ်နေလို့လဲ”
“ဘာဖြစ်ရမလဲဗျာ၊ ကျုပ်တို့စခန်းတစ်ခုလုံးကို ဘယ်ကမှန်းမသိဘူး သဲတွေနဲ့ချည်း ကျဲပက်နေတာ၊ တန်းလျားခေါင်မိုးတွေ၊ ကတ္တရာရေတိုင်ကီတွေဆိုရင် သဲတွေမှန်လို့ တဗြောဗြောနဲ့ ဖြစ်နေတာဗျ”
“အိုဗျာ၊ တစ်ယောက်ယောက်က စနောက်နေတာဖြစ်မှာပေါ့”
“မဖြစ်နိုင်ပါဘူးဗျာ၊ စနောက်ရင်လည်း တစ်ခါနှစ်ခါလောက်ပဲ စနောက်နိုင်မှာပေါ့ဗျာ၊ အခုဟာက ငါးမိနစ်တစ်ခါလောက် သဲတွေနဲ့လာလာပက်တာ၊ အခုဆို တစ်နာရီနီးပါးရှိနေပြီ”
ကိုလင်းထူးတို့လည်း ငွေရှင်းကာ စခန်းသို့ပြန်ခဲ့သည်။ စခန်းတွင် မိသားစုများနှင့် ကလေးများပါ နေထိုင်ကြသည်မို့ ကိုလင်းထူးတို့မပြန်လျှင် ထိုလူများကြောက်ရွံ့နေမည်ကို စိုးရိမ်သဖြင့် အလုပ်သမားအစုလိုက်ကြီးစခန်းသို့ပြန်လာခဲ့သည်။ စခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် သူတို့ကိုအမှောင်ထဲမှ သဲများဖြင့် ဖြန်းကနဲအပက်ခံလိုက်ရသည်။
“ဟာ၊ ဟုတ်တယ်ဟေ့၊ သဲနဲ့ပက်တယ်ကွ”
“ဝေါ . . ဖြော”
သဲများက သူတို့ကိုပက်ပြီးရုံတင်မကသေး ရေချိုးသည့်နေရာကိုလည်း သဲများကျသဖြင့် သံတိုင်ကီနှင့် သဲများထိတွေ့ကာ တစ်ဖြောဖြောအသံမြည်နေလေသည်။ သဲများပက်နေသည့် ကြားထဲမှပင် အလုပ်သမားများက ဘိုတဲကြီးတွင် စုဝေးလိုက်ကြသည်။ အလုပ်သမားခေါင်းဆောင် ဦးကြီးမြင့်က
“မင်းတို့ထဲက ဘယ်သူတွေ၊ ဘာမဟုတ်တာ လုပ်ထားကြသေးသလဲကွ”
ထိုအခါ ဦးကြီးမြင့်သားက အရှေ့သို့ထွက်လာပြီး
“ကျုပ်တို့ကိုခြောက်နေတဲ့သရဲတွေကို ကျုပ်လည်းမုန်းတာနဲ့ ပရိတ်သဲတွေနဲ့ ဘိုတဲကြီးကိုရော စခန်းတစ်ခုလုံးကိုရော ဖြန်းပက်ခဲ့ပါတယ်အဖေ”
“တောက်၊ မင်းကွာ၊ ဒီလောက်လူကြီးတွေက အတန်တန်တားထားရဲ့နဲ့”
“ကျုပ်လည်း သရဲတွေကိုခံပြင်းလွန်းလို့ ဒင်းတို့ကိုနိုင်မယ့် ပရိတ်သဲတွေနဲ့ ပက်ခဲ့တာပါ အဖေရ”
“မတတ်နိုင်ဘူးကွာ၊ ဖြစ်ပြီးမှတော့၊ ကဲ မင်းတောင်းပန်လိုက်၊ မကျွတ်မလွတ်သေးတဲ့ နာနာဘာ၀တွေကို မင်းတောင်းပန်လိုက်”
ဦးကြီးမြင့်သားက ထိုင်ချလိုက်ပြီး လက်အုပ်ချီလိုက်ကာ
“မကျွတ်မလွတ်သေးတဲ့ နာနာဘာ၀များခင်ဗျာ၊ ကျုပ်ခင်ဗျားတို့ကို ထိခိုက်စေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်၊ ကျုပ်တို့ကိုဆက်ပြီး မနှောင့်ယှက်ကြပါနဲ့ခင်ဗျာ”
လက်အုပ်ချီကာ တောင်းပန်ပြီး ဆယ့်ငါးမိနစ်ခန့်ကြာသည်အထိ စခန်းကိုသဲများလာရောက်မထိမှန်တော့ပေ၊ ဦးကြီးမြင့်က သူ့သားကို သူကောင်းကောင်းဆူသည်။
“ငါတို့က ဒီနေရာမှာ ခဏလာတည်းကြတဲ့ ဧည့်သည်တွေကွ၊ သူတို့က ဒီမှာနေတာကြာလာပြီ၊ မင်းလုပ်တာက ဧည့်သည်တွေက အိမ်ရှင်တွေကို စော်ကားသလိုဖြစ်တော့ သူတို့ဘယ်ကြိုက်မလဲကွ၊ မင်းက သူတို့ကို ပရိတ်သဲနဲ့သွားပက်ခဲ့လို့၊ သူတို့ကမကျေနပ်ဘဲ မင်းကို သဲနဲ့ပြန်ပက်ခဲ့တာနေမှာ”
(၅)
ပရိတ်ရွတ်ဖတ်ပြီးသည့်အချိန်မှစပြီး ခြောက်လှန့်မှုများ လျော့ပါးသွားခဲ့သည်။ သို့သော် ခြောက်လှန့်မှုအနည်းအကျဉ်းတော့ရှိသေးသည်။ သုံးလခန့်ကြာသည့်အခါ ကိုလင်းထူးက လက်ထောက်အလုပ်သမားခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထိုအခါ ဦးကြီးမြင့်က ကိုလင်းထူးကိုအကြံပေးသည်။
“မောင်လင်းထူးရေ၊ မင်းမှာလဲ ဇနီးမယားရှိတယ်မဟုတ်လားကွ၊ ဒီတော့ မင်းသူ့ကိုခေါ်ပြီးနေချင်ရင် တို့ဘိုတဲကြီးအောက်ဘက်က အခန်းတစ်ခန်းလွတ်သွားတာရှိတယ်၊ အဲဒီမှာ မင်းတို့လင်မယားနေပေါ့”
ကိုလင်းထူးလည်း ခေါင်းညိတ်လိုက်တော့သည်။ ဇနီးသည်နှင့် ခွဲခွာနေရသည်မှာလည်း ကြာပြီဖြစ်သည့်အတွက် ထိုသို့အခွင့်အရေးပေးသည့် ဦးကြီးမြင့်ကိုပင် ကျေးဇူးတင်နေမိသည်။ သို့နှင့် ဇနီးသည်ဖြစ်သူမှာ ထိုဘိုတဲကြီးဆီသို့ ရောက်လာခဲ့တော့သည်။ ဘိုတဲကြီးခြေရင်းဘက်တွင် အခန်းနှစ်ခန်းဖွဲ့ထားသည်။ ထိုအခန်းမှာ အလုပ်သမားတန်းလျားမှ အခန်းထက် နှစ်ဆမက ကျယ်ဝန်းလေသည်။ သို့နှင့် လင်မယားနှစ်ယောက် ဘိုတဲကြီးအောက်တွင် နေထိုင်ကြလေသည်။ ဇနီးသည်က သရဲရှိသည်ကို မသိသေးပေ၊ သို့သော် ရိုးခနဲ ရိပ်ခနဲမြင်တွေ့ရသည်ဟုပြောသည်။
လစာထုတ်ပြီးသည့်အခါတွင် တောင်ကုတ်မြို့သို့ဈေးကားဖြင့်ဆင်းလာကြပြီး လိုအပ်သည့် စားသောက်ကုန်များဝယ်ယူကြသည်။ ဘိုတဲကြီးတွင် ခေါင်ပြီး အစားအသောက်ဝယ်စရာလဲမရှိသည်မို့ တာရှည်ခံသည့် လက်ဖက်နှင့်အကြော်စုံများ၊ ပဲလှော်ထုပ်များ၊ ခေါက်ဆွဲခြောက်များကိုဝယ်ယူကာ အခန်းထဲရောက်သည့်အခါတွင်တော့ ထိုအထုပ်များကို သစ်သားတန်းတွင် သံရိုက်ကာ တွဲလောင်းချိတ်ထားရသည်။ ဘိုတဲကြီးတွင် ကြွက်အလွန်ပေါသဖြင့် ထိုသို့တွဲလောင်းချိတ်ထားမှသာ ကြွက်မစားနိုင်ပေ။
တစ်ညနေတော့ ညခုနစ်နာရီရှိသည့်အချိန် ကိုလင်းထူးနှင့် ဇနီးမှာ ထမင်းစားသောက်ပြီး အခန်းထဲတွင်ထိုင်နေကြသည်။ အခန်းတံခါးမကြီးကိုတော့ ဖွင့်ထားသေးသည်။ ထိုအချိန် အခန်းတံခါးကြီးမှာ တဝုန်းဝုန်းနှင့်လှုပ်လာလေသည်။ တံခါးတွင် တပ်ဆင်ထားသည့် ပတ်တာကြီးပင် တဂျိန်းဂျိန်းနှင့် အသံမြည်လာလေသည်။
“အကို၊ ငလျင်လှုပ်တာထင်တယ်”
ဇနီးသည်ပြောနေစဉ်ရှိသေးသည်။ တွဲလောင်းချိတ်ဆွဲထားသည့် ကြွတ်ကြွတ်အိတ်များမှာ ဘယ်ညာဝှေ့ယမ်းကုန်ကြသဖြင့် လင်မယားနှစ်ယောက် ငလျင်လှုပ်သည်ထင်ပြီး ဘိုတဲကြီးအပြင်သို့ ပြေးထွက်လိုက်ကြသည်။ ကိုလင်းထူးတို့ လင်မယားကိုတွေ့သည့်အခါ အပေါ်ထပ်တွင်နေထိုင်သည့် အင်ဂျင်နီယာတစ်ယောက်က လှမ်းကြည့်ပြီး
“ဘာဖြစ်လို့လဲ ကိုလင်းထူး”
“ခုနက ငလျင်လှုပ်သွားတယ်ဆရာ”
“မဟုတ်ပါဘူးဗျာ၊ ကျုပ်ထိုင်နေတာအကောင်းပါ”
“ဆရာက အာရုံများနေလို့ မသိလိုက်တာဖြစ်မယ်၊ ကျုပ်တို့အခန်းမှာ တော်တော်ကိုပြင်းတယ်ဆရာ”
အင်ဂျင်နီယာက ဘာမှမပြောတော့ပေ၊ ကိုလင်းထူးလည်း စိတ်ထဲထင့်သွားသည်။ ငလျင်လှုပ်ခြင်းမဟုတ်လျှင် သရဲခြောက်ခံရခြင်းပေလော။
ထိုနေ့တော့ ထပ်မလှုပ်တော့ပေ၊ ကိုလင်းထူးလည်း တစ်ရက်တစ်လေလှုပ်သည်ဟုတွေးကာ စိတ်ကိုလျော့ထားလိုက်တော့သည်။ သို့သော် ထူးဆန်းသည်က နောက်ရက်များပါ ညနေခုနစ်နာရီရောက်တိုင်း သူတို့တစ်ခန်းထဲကွက်ပြီး ငလျင်လှုပ်နေသည်။ တစ်ပတ်ခန့်ရက်ဆက်လာသည့်အခါ ကိုလင်းထူးတို့လင်မယားလည်း ထိုအခန်းတွင် မနေရဲတော့ပေ၊ သို့နှင့် အလုပ်သမားတန်းလျားကလေးဆီသို့ ပြန်လာခဲ့လိုက်ကြသည်။ ထိုအခန်းတွင် မည်သူမှ မနေဝံ့တော့ဘဲ ဒီအတိုင်းတံခါးသာ ပိတ်ထားလိုက်ကြတော့သည်။
မကြာခင် လမ်းကြီးက ပြင်ဆင်ပြီးသွားလေသည်။ ယခင်ကထက်စာလျှင် အများကြီးပိုကောင်းသွားသလို ကတ္တရာလမ်းမှာလမ်း မည်းနက်ကာ ဖြောင့်ချောနေလေသည်။ လမ်းကောင်းသွားပြီဖြစ်သဖြင့် လူသွားလူလာလည်း များပြားလာလေသည်။ ကိုလင်းထူးတို့လမ်းအဖွဲ့လည်း ယခုလမ်းပိုင်းနေရာတွင် တာဝန်ပြီးဆုံးသွားပြီမို့ နောက်လမ်းပိုင်းတစ်နေရာသို့ ထွက်ခွာလာခဲ့ကြသည်။
ကိုလင်းထူးတို့က နောက်ဆုံးအနေနှင့် စခန်းတစ်ခုလုံးကို သိမ်းဆည်းပြီး ပြန်ရမည့် ပတ်စာခွာ ဖျာသိမ်းအဖွဲ့ဖြစ်သည်။ စခန်းတွင် လူသိပ်မရှိတော့ပေ၊ စခန်းရှိတန်းလျားများကို ပြန်လည်ဖျက်ပြီး အခြားနေရာသို့ ကားကြီးများဖြင့်ရွှေ့ပြောင်းရသည်။ ကိုလင်းထူးတို့ လူတွေကတော့ နောက်ဆုံးကားနှင့်လိုက်ရမည်။
ကိုလင်းထူးတို့ ကားပေါ်ရောက်သွားသည့်အချိန်တွင် စခန်းတွင်မည်သူမှမရှိနေတော့၊ ဘိုတဲကြီးသာ ထီးတည်းကြီး ကျန်နေခဲ့လေသည်။ တစ်နှစ်ကျော်လောက် နေထိုင်ခဲ့သည့်နေရာကလေးမို့ သရဲခြောက်သော်လည်း သံယောဇဉ်ဖြစ်နေခဲ့သည်။ ကိုလင်းထူးက ဘိုတဲကြီးကို နောက်ဆုံးအနေနှင့် လှည့်ပတ်ကြည့်လိုက်ပြီး
“ကဲ၊ ကျုပ်တို့တော့ နှုတ်ဆက်ခဲ့ပါတယ်”
မြေသယ်ကားကြီး နောက်ပိုင်းသို့တက်လိုက်သည့်အခါ ကားကစက်နှိုးပြီး ခြံဝန်းကြီးအတွင်းမှ မောင်းထွက်လာခဲ့သည်။ ထိုအခါ ဘိုတဲကြီးအပေါ်ဘက်ရှိ ပိတ်ထားသည့်သစ်သားပြတင်းပေါက်ကြီးမှာ သူ့အလိုလိုပွင့်သွားပြီး လူတစ်ယောက်က ပိတ်လိုက်ဖွင့်လိုက် လုပ်နေသည့်နှယ် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေလေသည်။ ကိုလင်းထူးလည်း ထိုအဖြစ်ကိုကြည့်ပြီး အံ့ဩနေမိသည်။ သူတို့ထွက်ခွာသွားပြီဖြစ်သဖြင့် ဘိုတဲကြီးမှ ပရလောကသားများက သူတို့အား နောက်ဆုံးအနေဖြင့် နှုတ်ဆက်ခြင်းပေလော။
ပြီးပါပြီ။