(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျှက် ရေးသားထားပါသည်)
(၁)
တိုက်ကြီးအတွင်းကို ဝင်လိုက်သည်နှင့် မို့မို့တစ်ယောက် ဘာကြောင့်မှန်းမသိဘဲ ကျောချမ်းသွားရတော့သည်။ သူ့ယောက်ျားဖြစ်သူ ကိုအောင်ကတော့ လိုက်ထရပ်ကားကလေးအတွင်းမှ အထုပ်အပိုးတစ်ချို့ကိုသယ်ချလိုက်လေသည်။ ညားခါစလင်မယားမို့ အထုပ်အပိုးက သိပ်မများပေ၊ အထုပ်အပိုးများကို တိုက်အောက်ရှိလှေကားခွင်အတွင်းသို့ ထည့်လိုက်ပြီးသည့်အခါ မို့မို့က ကိုအောင်လက်ကို တို့ထိလိုက်သည်။
“ဟုတ်သားပဲ မို့မို့ကိုပြောဖို့မေ့နေတာ၊ ကိုအောင်တို့အခန်းက ငါးထပ်မြောက် ဘယ်ဖက်အခြမ်း”
ကိုအောင်က မွှေ့ယာလိပ်ကြီးကိုထမ်းကာ အရှေ့မှတက်သွားသည်။ မို့မို့လည်း အထုပ်အပိုးတစ်ချို့ကိုသယ်လိုက်ကာ ကိုအောင်အနောက်မှ လိုက်တက်သွားသည်။ တိုက်က တိုက်သစ်ကြီးဖြစ်ပြီး နေထိုင်ခွင့်တောင် ကျမကျမသိရပေ၊ တိုက်တစ်တိုက်လုံးတွင် အိမ်အောက်ထပ် မြေညီထပ်တွင်သာ ဆန်ဆိုင်ဖွင့်ထားပြီး ကျန်သည့်တိုက်ခန်းများတွင်တော့ အိမ်ငှားများတင်ထားလေသည်။ သို့သော် အခန်းတိုင်းလူမရှိသေးဘဲ၊ အခန်းလွတ်များကသာများသည်။
မို့မို့လည်း အထုပ်သယ်ရင်း အကဲခတ်ကြည့်သည့်အခါ သူတို့တက်လာသည့်တစ်လျှောက် ပထမထပ်တွင်သာ လူနေခန်းတစ်ခန်းကိုတွေ့ရပြီး ကျန်သည့်အခန်းများတွင် လူမရှိပေ၊ သုံးထပ်မြောက်တွင်တော့ လူနေပုံရသည့် တိုက်ခန်းတစ်ခုရှိသည်။ လေးထပ်တွင်လည်း လူမရှိ၊ သူတို့နေထိုင်သည့် ငါးထပ်မြောက်တွင်လည်း တစ်ဖက်ခြမ်းရှိ အခန်းတွင် လူမရှိဘဲ အခန်းတံခါးကို အပြင်မှပိတ်ထားလေသည်။
ကိုအောင်က အခန်းတံခါးဖွင့်ပြီး ဖြစ်သဖြင့် မို့မို့က အခန်းထဲသို့ဝင်လိုက်သည်။ အခန်းမှာ သိပ်တော့မဆိုးပေ၊ အိမ်ရှေ့တွင်၀ရန်တာတစ်ခုရှိပြီး အိမ်ရှေ့ခန်းတစ်ခန်းရှိသည်။ အိမ်ရှေ့ခန်းအနောက်တွင်တော့ အထပ်သားပြားများနှင့် ကာရံထားသည့် အခန်းနှစ်ခန်းရှိသည်။ ထိုအခန်းများဘေးနားတွင် လျှောက်လမ်းကလေးရှိကာ လျှောက်လမ်းကလေးကိုဖြတ်ကျော်လိုက်သည့်အခါ မီးဖိုချောင်၊ ထမင်စားခန်းအသေးကလေးနှင့် ရေချိုးခန်း၊ အိမ်သာခန်းများကို တွေ့လိုက်ရသည်။ တိုက်ခန်းက အခြားမိသားစုများအဖို့ ကျဉ်းမည်ဟု ထင်ရသော်လည်း မို့မို့တို့လို ညားခါစလင်မယားအတွက်တော့ အကျယ်ကြီးဖြစ်နေသည်။
ကိုအောင်က တစ်ခေါက်ပြန်ဆင်းသွားသည့်အတွက် မို့မို့က အနောက်မှလိုက်မဆင်းတော့ဘဲ တိုက်ခန်းထဲတွင်သာနေထိုင်ခဲ့ရင်း သန့်ရှင်းရေးလုပ်ဖို့စီစဉ်နေသည်။ ထိုအချိန် တိုက်ရှေ့လှေကားတွင် ခြေသံကြားလိုက်ရသည်။ မိန်းမကြီးတစ်ယောက်က သူတို့အခန်းထဲကို ခေါင်းပြူကြည့်သည်ကိုတွေ့လိုက်ရသည်။ မို့မို့လည်း စပ်စုသည့် မိန်းမကြီးဖြစ်မည်ဟု တွေးလိုက်ကာ အိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်။ ထိုအခါ အပေါ်ထပ်သို့ တက်သွားသည့် ခြေသံတစ်ခုကိုကြားလိုက်ရပြန်သည်။
“အပေါ်ထပ်မှာ လူနေတယ်ထင်တယ်၊ တော်တော်စပ်စုတဲ့မိန်းမကြီးဖြစ်မယ်၊ အခန်းထဲကိုတောင် ချောင်းကြည့်သွားသေးတယ်”
မို့မို့က ရေရွတ်လိုက်ပြီး သန့်ရှင်းရေးဆက်လုပ်နေလိုက်သည်။
(၂)
မို့မို့နဲ့ ကိုအောင်က အိမ်ထောင်ကျပြီး သုံးလပင်မပြည့်သေးပေ။ နှစ်ဦးသဘောတူ တရားရုံးတွင်လက်ထပ်ကြပြီးနောက် တစ်အိုးတစ်အိမ်ထူထောင်လိုက်ကြခြင်းဖြစ်သည်။ အတူတူပေါင်းသင်းနေထိုင်ပြီဖြစ်သဖြင့် နေရေးထိုင်ရေးက အခက်တွေ့လာသည်။ ကိုအောင်ကလည်း အလုပ်သမား လခစားဖြစ်သလို၊ မို့မို့ကလည်း လခစားဖြစ်သည်မို့နှစ်ဦးနေထိုင်ရန်အတွက် ဈေးသင့်သည့် တိုက်ခန်းကိုရှာဖွေရင်း ယခုတိုက်သစ်ကြိးကို တွေ့ရှိသွားခြင်းဖြစ်သည်။
ထိုညတော့ တိုက်ခန်းကိုရှင်းလင်းပြီး လင်မယားနှစ်ယောက်လက်ဆုံထမင်းစားကြသည်။ ထမင်းဟင်းများကိုလည်း ချက်မစားတော့ဘဲ နီးစပ်ရာထမင်းဆိုင်မှ ဝယ်စားလိုက်ကြသည်။ အိမ်ပြောင်းလာသဖြင့် လင်မယားနှစ်ယောက်စလုံး ပင်ပန်းနေကြပြီဖြစ်သည်။
“ဒါနဲ့ ကိုအောင် ခွင့်ဘယ်နှရက်ရသလဲ”
မို့မို့က ဟင်းခွက်ထဲတွင် နောက်ဆုံးကျန်နေသည့် ကြက်သားဖတ်တစ်ဖတ်ကို ခူးထည့်ပေးလိုက်ရင်း မေးမြန်းလိုက်လေသည်။ ကိုအောင်က ထမင်းလုပ်ကိုမြိုချပြီး
“တစ်ရက်ပဲရမယ် မို့ရေ၊ ဒီနေ့တောင်မှ စက်ရုံမှူးက ခွင့်ပေးချင်တာမဟုတ်ဘူး၊ ကိုအောင့်သူငယ်ချင်းတစ်ယောက်က ကိုအောင့်အစားအလုပ်ဆင်းပေးလို့သာ အကိုခွင့်ရတာ”
မို့မို့လည်း ဝန်ထမ်းတစ်ယောက်ဖြစ်သည်မို့ ကိုအောင်၏ အခက်အခဲကိုနားလည်ကိုယ်ချင်းစာပါသည်။ သူများဝန်ထမ်းသည့် ဝန်ထမ်းဘ၀တွင် ခွင့်ရက်ရဖို့ဆိုသည်မှာ သိပ်မလွယ်လှပေ၊ ပိုဆိုးသည်က ကိုအောင်က သူတို့စက်ရုံတွင် ညဆိုင်းဆင်းနေရသူဖြစ်သည်။ ညဆိုင်းအလုပ်သမားများမှာ နေ့ဆိုင်းထက်အလုပ်ပိုလုပ်ရသလို လစာလည်းအနည်းငယ်ပိုရသည်။ ယခင်က ကိုအောင်မှာ နေ့ဆိုင်းအလုပ်သမားဖြစ်သော်လည်း အိမ်ထောင်ကျပြီး လင်မယားနှစ်ယောက် ရှေ့ရေးအတွက် စုဆောင်းရအုံးမည်မို့ ပိုက်ဆံပိုရသည့် ညဆိုင်းအလုပ်ကို မို့မို့ကတိုက်တွန်းသဖြင့် လုပ်ကိုင်ရခြင်းဖြစ်သည်။
“ဒါပေါ့ကိုအောင်ရယ်၊ အလုပ်က အရေးကြီးတာပေါ့၊ မို့မို့လဲ ဒီနေ့တစ်ရက်ပဲ ခွင့်ရတာ၊ မနက်ဖြန်အလုပ်ပြန်ဆင်းရမှာ”
ကိုအောင်က ထမင်းကိုနယ်ဖတ်နေရင်း
“ဒါဆို မနက်ဖြန်မင်းထမင်းချိုင့်ထည့်ဖို့အတွက်ရော ဘယ်လိုလုပ်မလဲ”
“ရပါတယ်၊ ကြက်ဥဝယ်ထားတယ်၊ အာလူးရှိတယ်၊ မနက်မသွားခင်ကလေး အမီချက်သွားလိုက်မယ်”
ညစာစားပြီးတော့ လင်မယားနှစ်ယောက် တီဗွီပင်မကြည့်နိုင်တော့ဘဲ အခန်းထဲသို့ဝင်ပြီး အိပ်စက်လိုက်ကြသည်။ သူတို့လင်မယားက ခေါင်းရင်းခန်းတွင်အိပ်စက်ကြပြီး ခြေရင်းရှိအခန်းကတော့ လောလောဆယ်အလွတ်ကြီးဖြစ်နေလေသည်။ ထိုညက ပင်ပင်ပန်းပန်းနှင့်အိပ်လိုက်သည်မို့ အိပ်မက်ပင်မမက်ပဲ တစ်ချိုးတည်းအိပ်ပျော်သွားကြသည်။
“တီ . . တီ”
နှိုးစက်မြည်လာသဖြင့် မို့မို့တစ်ယောက် အသည်းအသန်ထရသည်။ ကိုအောင်ကတော့ မနိုးသေးပေ၊ ကိုအောင်အိပ်ရေး၀၀အိပ်ပါစေဟု တွေးလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်လာခဲ့သည်။ အချိန်က မနက်ခြောက်နာရီခန့်ရှိမည်။ မီးလာနေသဖြင့် ဆန်ဆေးပြီး ထမင်းပေါင်းအိုးဖြင့် ထမင်းတည်လိုက်သည်။ ကြက်ဥကြော်ရန်အတွက် ကြက်ဥငါးလုံးကိုထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ သူ့ထမင်းချိုင့်နှင့် ကိုအောင်စားရန်အတွက် ချက်ပြုတ်ပေးခဲ့မှရမည်၊ ကြက်ဥအမြန်မွှေကြော်လိုက်ပြီး ထမင်းစားပွဲပေါ်တွင်တင်ခဲ့ကာ အာလူးကိုအခွံခွာနေမိသည်။ ထိုစဉ် သူတို့အိမ်တံခါးကို လက်ဖြင့် တဒေါက်ဒေါက်ခေါက်သည့်အသံ ကြားလိုက်ရသည်။
“စောစောစီးစီး၊ ဘယ်သူပါလိမ့်”
မို့မို့တစ်ယောက် လက်ထဲက ဓါးကိုချလိုက်ပြီး အိမ်ရှေ့ဆီသို့ပြေးလာခဲ့သည်။ အိမ်ရှေ့တံခါးကိုဖွင့်လိုက်သည့်အခါ အိမ်ရှေ့တွင်မည်သူမှမရှိပေ၊ မို့မို့လည်း မယုံသင်္ကာဖြင့် လှေကားထိပ်အထိထွက်ကြည့်သော်လည်း လှေကားတွင် တစ်စုံတစ်ယောက်မှ ရှိမနေပေ၊ သူတို့အခန်းရှေ့တွင်သာ မီးလုံးကလေးထွန်းထားသဖြင့် လင်းထိန်နေပြီး ကျန်သည့်လှေကားတစ်လျှောက်က မှောင်အတိကျနေလေသည်။
“ဘယ်သူမှလဲမရှိဘူး၊ တစ်ယောက်ယောက်က လက်ဆော့ပြီး ခေါက်သွားတာဖြစ်မယ်”
မို့မို့လည်း တံခါးပိတ်ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။ အာလူးများကို ဆက်အခွံခွာပြီး ရေဆေးလိုက်ကာ ထမင်းစားပွဲပေါ်သို့ တင်လိုက်သည့်အခါတွင်တော့ ကြက်ဥကြော်ပန်းကန်တွင် ကြက်ဥကြော်တစ်ဖတ်မှ မရှိတော့ပေ။
“ဟင်၊ ကြက်ဥကြော်တွေ ဘယ်ရောက်သွားတာလဲ”
မို့မို့လည်း ဘေးဘီကိုကြည့်လိုက်သည်။
“ကြွက်ချီသွားတာလားမသိဘူး”
ကြွက်ချီရအောင်ကလည်း ကြက်ဥကြော်များမှာ ပူပူနွေးနွေးကြော်ထားခြင်းဖြစ်သည်။ မို့မိုက စားပွဲကိုအသေချာကြည့်ကာ အကဲခတ်သည်။ ကြွက်ချီသွားသည်ဆိုလျှင် စားပွဲတွင် ဆီတစ်ချို့ပေကျံနေရမည်ဖြစ်သော်လည်း စားပွဲက ခြေရာလက်ရာမပျက်ပေ။
“တွေးကိုမတွေးတတ်တော့ဘူး”
“ဘာတွေမတွေးတတ်ပဲဖြစ်နေတာလည်း မို့”
ရုတ်တရက် ကိုအောင်က မီးဖိုခန်းထဲသို့ ဝင်လာသည့် မို့မို့တစ်ယောက် ထိတ်လန့်သွားရသည်။
“လန့်လိုက်တာ ကိုအောင်ရယ်”
“မို့ကတော့လုပ်ပြီ၊ ကိုအောင်ကိုမြင်တာ လန့်စရာလား”
“မဟုတ်ပါဘူးကိုအောင်၊ ဒီမှာတင်ထားတဲ့ ကြက်ဥကြော်တွေပျောက်သွားလို့ ထူးဆန်းနေတာ”
ကိုအောင်က သောက်ရေတစ်ခွက်ကို ငှဲ့သောက်လိုက်ပြီး
“ကြွက်စားသွားတာဖြစ်မှာပေါ့ကွာ၊ တိုက်ကအသစ်ဆိုတော့ ကြွက်တွေဘာတွေ ခိုချင်ခိုနေမှာပေါ့”
ကိုအောင်ပြောစကားကို မို့မို့ခေါင်းညိတ်ပြီးထောက်ခံရုံကလွဲပြီး ဘာမှလုပ်စရာမရှိတော့ပေ၊ အာလူးကို ပုဇွန်ခြောက်နှင့် နှပ်ချက်ပြီးတော့သာ ထမင်းချိုင့်ထည့်သွားရသည်။ ကိုအောင်အတွက် ဟင်းကိုတော့ စားပွဲပေါ်တွင်ပင် အုပ်ဆောင်းကြီးနှင့် အုပ်ထားပေးရသည်။
“မို့ ဒီမှာနေရတာ အဆင်ပြေတယ်မဟုတ်လား”
“အဆင်ပြေပါတယ်အကို၊ မို့တို့အရင်က ငှားနေခဲ့တဲ့အိမ်ထက် ကျယ်လဲကျယ်တယ်၊ နောက်ပြီးတော့ ဟိုအိမ်က အိမ်ရှင်အဒေါ်ကြီးက အားအားရှိမျက်စိဒေါက်ထောက်ကြည့်နေလို့ အနေကကျပ်သေးတယ်”
ကိုအောင်က အိုးဆေးနေသည့် မို့မို့ကိုအနောက်မှပွေ့ဖက်လိုက်ပြီး
“ပြီးခဲ့တာတွေ ပြီးပါပြီမို့ရယ်၊ ဒီအိမ်က တိုက်သစ်မို့လို့ ဈေးတန်တန်နဲ့ငှားလို့ရတာမို့ရဲ့”
သို့နှင့် မို့မို့တစ်ယောက် ထမင်းစားပြင်ဆင်ပြီး အလုပ်သို့ထွက်သွားလေသည်။ ကိုအောင်တစ်ယောက်သာ အိမ်တွင်ကျန်နေခဲ့သည်။ ကိုအောင်က ညနေသုံးနာရီခန့်ဆို စက်ရုံသွားရသည်။ စက်ရုံတွင် ညစာတစ်နပ်စားပြီး တစ်ညလုံးအလုပ်ဆင်းရကာ မနက်ခြောက်နာရီခန့်မှ အိမ်သို့ပြန်လာရလေသည်။
(၂)
မို့မို့တိုက်အောက်ရောက်တော့ ညနေ (၆) နာရီကျော်နေပြီဖြစ်သည်။ အလုပ်က ငါးနာရီဆင်းသော်လည်း စားသောက်ဖို့အတွက် ညနေဈေးလေးဘက်သို့ လျှောက်ရသေးသည်။ အိမ်တွင် ရေခဲသေတ္တာမရှိသဖြင့် ဟင်းချက်စရာအသားငါးများကို ဝယ်ပြီးမလှောင်ထားနိုင်သောကြောင့် ရုံးကပြန်လာတိုင်း ထိုဈေးကလေးဆီသို့ဝင်ကာ နောက်တစ်နေ့အတွက် ဟင်းချက်စရာများကို ဝယ်ခြမ်းရစမြဲဖြစ်သည်။
တိုက်အောက်ရောက်တော့ တိုက်အောက်က ဆန်ဆိုင်ကလည်း ပိတ်ထားလေပြီ၊ မို့မို့လည်း အိမ်ခန်းသော့ကိုထုတ်ပြီး တိုက်ပေါ်သို့တက်လာခဲ့သည်။ ပထမထပ်ကို ကျော်လွန်ပြီးသည့်အခါ တိုက်လှေကားပေါ်သို့ အဒေါ်ကြီးတစ်ယောက်တက်နေသည်ကို ရိပ်ခနဲမြင်တွေ့လိုက်ရသည်။
“တို့အပေါ်ထပ်မှာ နေတဲ့သူတွေဖြစ်မယ်”
မို့မို့လဲ အရှိန်တင်လိုက်ပြီး ထိုအဒေါ်ကြီးအား နှုတ်ဆက်ရန်အတွက် ခပ်သွက်သွက်ကလေးတက်လိုက်သည်။ လှေကားအတက်ကွေ့တွင် အဒေါ်ကြီးကို မီလိုက်သည်။ အဒေါ်ကြီးက ပိန်ပိန်ပါးပါးနှင့်ဖြစ်ပြီး ချည်ထည်အင်္ကျီခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည်။ မို့မို့ကို အဒေါ်ကြီးက တွေ့သည့်အခါ မျက်နှာသေကြီးနှင့်ကြည့်လိုက်ပြီး အပေါ်သို့လျှင်မြန်စွာတက်သွားလေသည်။ မို့မို့လည်း အနောက်ကပြေးတက်ခဲ့သည့်အခါ ထိုအဒေါ်ကြီးကို မမီတော့ပေ။ ငါးထပ်မြောက်သို့ရောက်သည့်အခါ အပေါ်ထပ်သို့တက်သွားသည့် အဒေါ်ကြီး၏ ခြေသံများကိုကြားရသည်။
“ဘယ်လိုလူလဲ၊ လူမှုရေးမရှိတဲ့ လူတွေလားမသိပါဘူး”
သို့သော်လည်း မို့မို့က စိတ်မလျော့သေးပေ၊ သို့နှင့် အပေါ်ထပ်သို့ တက်ကြည့်ရန်စိတ်ကူးရသွားသည်။ လှေကားတစ်လျှောက်က အမှောင်ကျနေလေသည်။ ထိုအခါ မို့မို့က ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းမီးကလေးဖွင့်ကာ တက်လာခဲ့သည်။
တစ်ထပ်ပြီးတစ်ထပ်တက်လာရာ လူရှိပုံရသည့် အခန်းကိုမတွေ့ပေ၊ နောက်ဆုံးတက်လာရင်း ထိပ်ဆုံးရှစ်ထပ်မြောက်သို့ရောက်သည့်အခါ အလွန်အံ့ဩသွားသည်။ ရှစ်ထပ်မြောက်တွင် ဆောက်လုပ်မပြီးစီးသေးပုံရသည့် အခန်းနှစ်ခန်;ရှိပြီး ထိုအခန်းများတွင် တံခါးမများပင် မတပ်ဆင်ရသေးသလို၊ မျက်နှာကျက်ကလည်း ပြိုကျနေလေသည်။ လှေကားခွင်တွင်လည်း အပိုင်းအစ အကျိုးအပဲ့များက ပြန့်ကျဲနေလေသည်။
မို့မို့ထူးဆန်းသွားသလို ကြောက်စိတ်လည်းဖြစ်ပေါ်လာသည်။ ဘာကြောင့်မှန်းမသိ ကျောချမ်းသွားပြီး ကြက်သီးများမှာ တဖြန်းဖြန်းနှင့် ထလာသောကြောင်hအောက်ထပ်သို့အမြန်ပြေးဆင်းခဲ့သည်။
အိမ်ထဲရောက်တော့မှ အိမ်တံခါးကိုပိတ်ပြီး မီးခလုပ်များကိုဖွင့်လိုက်သည်။ ထိုတော့မှ အသက်၀၀ရှူနိုင်လေသည်။
“ဒါဆို အပေါ်ထပ်မှာ လူတစ်ယောက်မှ မနေဘူးဆိုတဲ့သဘောပေါ့၊ ဒါဆို ခုနက ငါတွေ့လိုက်တဲ့အဒေါ်ကြီးက ဘယ်မှာနေတာလဲ”
မို့မို့စိတ်ထဲ တွေးတောစရာများဖြစ်လာသည်။ သို့သော် တွေးလေလေထိတ်လန့်လေလေဖြစ်မည်စိုးရိမ်သဖြင့် ဆက်မတွေးတော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်တော့သည်။
ညနေစာ မစားခင် ဈေးမှဝယ်လာသည့် ကြက်သားများကို ဆေးကြောလိုက်ပြီး ဆားဆနွင်းနယ်ကာ ဒန်အိုးတစ်ခုအတွင်းထည့်ထားလိုက်သည်။ အပေါ်မှဒန်အိုးအဖုံးကို ဖုံးလိုက်ပြီး ထမင်းပန်းကန်ခူးခပ်လိုက်သည်။ မို့မို့ကြိုက်သည့် ကိုရီးယားကားလာတော့မည်ဖြစ်သည်။ အိ်မ်ရှေ့တွင် ထမင်းစားရင်း တီဗွီကြည့်ရန်အတွက် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ထမင်းခူးပြီးသောအခါ အိမ်ရှေ့သို့အထွက်တွင် ဒန်အိုးကိုတစ်ချက်ကြည့်လိုက်မိသည်။
“ကြွက်က အစိမ်;တော့မစားလောက်ပါဘူး၊ အို . . . ပြောမရပါဘူး၊ တစ်ခုခုနဲ့ဖိထားမှ”
အနီးတွင်ချထားသည့် သစ်သားစဉ်းတီတုံးဝိုင်းကလေးကို ကောက်ယူလိုက်ကာ ဒန်အိုးအဖုံးပေါ်သို့ တင်ထားလိုက်သည်။ စဉ်းတီတုံးမှာ အလေးချိန်အနည်းငယ်ရှိသဖြင့် ကြွက်တစ်ကောင်မယူနိုင်ရန် မလွယ်ကူပေ။
မို့မို့က တီဗွီကြည့်ပြီး ထမင်းစားနေလေသည်။ တစ်အိမ်လုံးလည်း မီးတွေထိန်နေအောင်ဖွင်hထားသည်။ ထမင်းစားနေချိန်တွင် အိမ်နောက်ဖေးသို့လျှောက်သည့် လျှောက်လမ်းရှိ မီးချောင်းမှာ တဖျပ်ဖျပ်နှင်h မှိတ်တုတ် မှိတ်တုတ်ဖြစ်နေလေသည်။
“မီးချောင်;များ ကျွမ်းချင်တာလား”
တီဗွီဆက်ကြည့်နေချိန်တွင်တော့ အိမ်နောက်ဖေးမှ ဒန်အိုးကျသံ၊ ပန်းကန်ကျသံများကို ကြားလိုက်ရလေသည်။
“ဂလုံး . . . ဂလွမ်း”
မို့မို့လည်း အမြန်ထလိုက်ပြီး မီးဖိုခန်;သို့ပြေးသည့်အခါ မီးဖိုချောင်အတွင်းတွင် လူရိပ်တစ်ခု ဖြတ်ခနဲထွက်ပြေးသွားသည်ကိုမြင်လိုက်ရသည်။ သို့သော် မို့မို့မီးဖိုချောင်အတွင်းသို့ရောက်သည့်အခါ မည်သူမှရှိမနေပေ၊ မီးဖိုချောင်အတွင်;သို့ ဝင်ရောက်မည်ဆိုပါကလည်း သူထိုင်နေသည့် အရှေ့မှတဆင့်ဝင်ရောက်မှရမည်၊ သို့သော် အိမ်နောက်ဖေးလှေကားသို့ ဆင်းသည့် တံခါးပေါက်တစ်ခုရှိသေးသည်၊ မို့မို့က နောက်ဖေးတံခါးသို့သွားရောက်ကာ စစ်ဆေးလိုက်သော်လည်း တံခါးတွင်တပ်ထားသည့် ကန့်လန့်ထိုးချက်ကြီးမှာ ပိတ်လျှက်သားရှိနေသည်။ မို့မို့က ထိုချက်ကြီးကို လက်ဖြင့်ဆွဲကြည့်သော်လည်း မို့မို့အားဖြင့်ပင် ဆွဲမရဘဲ ကြပ်နေလေသည်။ မို့မို့ခေါင်းထဲ အတွေးပေါင်းစုံက ဝင်လာသည်။ မီးဖိုထဲသို့ဝင်ရန် ပြတင်းပေါက်နှစ်ပေါက်သာရှိတော့သည်။ သို့သော် ပြတင်းပေါက်များမှဝင်လျှင်လည်း ငါးထပ်အမြင့်ကို တက်ရန်မဖြစ်နိုင်ပေ။
မို့မို့က အိုးသံခွက်သံများကို သတိရပြီး စားပွဲပေါ်သို့ကြည့်လိုက်သည့်အခါ စားပွဲပေါ်ရှိ အိုးခွက်များမှာ ပုံမှန်အတိုင်းဖြစ်နေလေသည်။ ပြုတ်ကျ၊ လဲကျသည့် အဖြစ်မျိုးတစ်ခုမှမရှိဘဲ မို့မို့ထားသွားသည့်အတိုင်းပင်ရှိနေသည်။ မို့မို့လည်း စဉ်းတီတုံးကလေးကို မယူလိုက်ပြီး အိုးကိုဖွင့်ကြည့်လိုက်မိသည်။
“ဘုရားရေ”
မို့မို့အတော်အံ့ဩသွားမိသည်။ ဒန်အိုးအတွင်းတွင် ကြက်သားသုံးတုံးသာ ကျန်တော့သည်။ ကြွက်ချီရအောင်ကလည်း ဖုံးအုပ်ထားခဲ့သည်။ ကြောင်ချီသည်ဟု တွေးလိုက်ပြန်တော့လည်း ဒန်အိုးနှင့် စဉ်းတီတုံးက ခြေရာလက်ရာပင်မပျက်ပေ၊
“ဒီအိမ်မှာတော့ တစ်ခုခုရှိနေပြီ”
ထိုညက မို့မို့တစ်ယောက် ကြောက်ကြောက်နှင့်ဘုရားရှိခိုးပြီး အိပ်ရသည်။ ညကိုးနာရီကျော်လာခဲ့ပြီ၊ မို့မို့စိတ်တွေအလွန်ခြောက်ချားနေသည်။ တစ်ညလုံးကို တစ်ယောက်တည်းဖြတ်သန်းရဦးမည်၊ ထိုမျှသာမက အပေါ်ထပ်တွင်လည်း လူတစ်ယောက်မှမရှိ၊ အောက်ထပ်တွင်လည်း လူမရှိသည်ကိုတွေးမိသည့်အခါ ပိုမိုထိတ်လန့်သွားရပြန်သည်။
“အိပ်တာပဲကောင်းတယ်”
ဘုရားရှိခိုးထားသဖြင့် စိတ်ထဲနည်းနည်းတော့ အကြောက်အလန့်ကင်းသွားသည်။ သို့နှင့် အိပ်ရာပေါ်တက်လိုက်သည်။ မို့မို့တို့လင်မယားက ကုတင်ဖြင့်မအိပ်ပေ၊ စပရင်မွှေ့ယာကြီးတစ်ခုဝယ်ပြီး အခန်းကြမ်းပြင်တွင် ခင်းထားသည်။ ထိုအပေါ်မှ ကိုင်းခြင်ထောင်တစ်ခုကို ထောင်ထားလေသည်။ မို့မို့က အိမ်ရှေ့ခန်းမီးကိုပိတ်လိုက်သည်။ လျှောက်လမ်းနှင့် မီးဖိုခန်းမီးကိုတော့ ဖွင့်ထားလိုက်သည်။ အခန်းထဲသို့ ဝင်လာပြီး အခန်းတံခါးကိုပိတ်လိုက်သည်။ သို့သော် တစ်ယောက်တည်းနေသည်မို့ ချက်မချလိုက်ပေ၊ အခန်းတံခါးကလည်း ဘုသော့တံခါးဖြစ်သည်။
မီးလင်းနေပြန်လျှင်လည်း မအိပ်တတ်သည့်အတွက် အခန်းမီးကိုမှိတ်လိုက်သည်။ မအိပ်ခင် ဖေ့ဘုတ်သုံးရဦးမည်ဖြစ်ရာ ဖုန်းကိုယူလိုက်ပြီး အိပ်ရာထဲသို့ဝင်လိုက်ကာ ခြင်ထောင်ကိုဇစ်ပိတ်လိုက်သည်။ ထို့နောက် လဲလျှောင်းလိုက်ပြီး ဖုန်းကိုကြည့်နေမိသည်။
တစ်နာရီခန့်ကြာသည့်အခါ လျှောက်လမ်းမီးမှာ တဖြတ်ဖြတ်ဖြစ်နေသည်ကို တွေ့လိုက်ရပြန်သည်။ တံခါးအောက်ခြေကိုကြည့်လိုက်ခြင်းဖြင့် ထိုကဲ့သို့ မီးမှိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်ကို သိနေရသည်။ မို့မို့ ဖုန်းကိုမကြည့်တော့ဘဲ တံခါးကိုကြည့်ရင်း စိတ်ထဲက အလိုလိုကြောက်လန့်လာသည်။ သူကြည့်နေစဉ်မှာပင် တံခါးဘုသော့က တဂျောက်ဂျောက်နှင့် တုန်ခါနေသည်။ မို့မို့အလွန်ထိတ်လန့်သွားပြီး ခြေရင်းတွင်ပုံထားသည့် စောင်ကိုဆွဲယူလိုက်သည်။ စောင်ကြားမှပုန်းပြီးကြည့်နေစဉ်တွင် တံခါးဘုသော့က တဖြည်းဖြည်းလည်လာသည်ကိုတွေ့ရသည်။
“ဂျလောက်”
ဘုသော့တစ်ပတ်လည်သွားသဖြင့် ဂျလောက်ခနဲမြည်သွားကာ တံခါးမှာသူ့အလိုလိုပွင့်သွားကာ ဖြေးညင်းစွာ ပွင့်ထွက်လာလေသည်။ မို့မို့လည်း ဘာမှကြည့်မနေတော့ဘဲ စောင်ကိုခေါင်းမြီးခြုံကာ ပုန်းအောင်းနေလိုက်တော့သည်။ မို့မို့စိတ်က ထိတ်လန့်နေသော်လည်း တစ်နာရီခန့်ကြာသည့်အခါတွင်တော့ အလုပ်ပင်ပန်းထားတာကြောင့် အိပ်မောကျသွားတော့သည်။
မို့မို့အိပ်နေရင်း ချမ်းလာသလိုခံစားရသည်။ စောင်ကိုစမ်းလိုက်တော့ စောင်က ခြေရင်းတွင် ပုံလျှက်သားဖြစ်နေသည်။ ထိုအခါ ညကအကြောင်းများက ခေါင်းထဲတိုးဝင်လာသည်။ မို့မို့က စောင်ကိုခြေထောက်နှင့်ညှပ်ယူလိုက်ပြီး ကိုယ်ပေါ်သို့ပြန်ဆွဲခြုံလိုက်သည်။ ထိုစဉ် သူ့ခြင်ထောင်ရှိ ဇစ်က သူ့အလိုလိုပွင့်ထွက်လာလေသည်။ ပြီးနောက် သူခြုံထားသည့် စောင်ကို တစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်သကဲ့သို့ လွင့်ထွက်သွားကာ ခြေရင်းဘက်ခြင်ထောင်တွင် ကပ်နေတော့သည်။ မို့မို့လည်း မျက်လုံးတွေပိတ်ပြီး နားနှစ်ဖက်ကိုလည်း လက်ဖြင့်ပိတ်ထားလိုက်သည်။ ထိုစဉ် လေအေးတွေတိုက်လာပြန်သည်။ လေအေးတွေက တစ်ခန်းလုံးကို တိုက်လာခြင်းမဟုတ်ဘဲ သူ့မျက်နှာအနီးကိုတိုက်ခတ်နေခြင်းဖြစ်သည်။ နောက်တော့ လေတိုက်ရုံတင်မကဘဲ တဖူးဖူးနှင့် မှုတ်သည့်အသံကိုလည်းကြားရသည်။ လေကိုတစ်ယောက်ယောက်က ပါးစပ်နှင့်မှုတ်နေခြင်းဖြစ်မည်။
မို့မို့အိပ်မပျော်ဘဲ မျက်လုံးမှိတ်ထားရင် ရသမျှဘုရားစာကိုရွတ်ဆိုနေရသည်။ တစ်နာရီလောက်ကြာသွားတော့မှ အားလုံးတိတ်ဆိတ်သွားသည်။ စောင်ကိုခြေထောက်နဲ့ထိုးကြည့်သည့်အခါ စောင်မှာလည်း မလှုပ်ရှားတော့ပေ၊ မို့မို့တစ်ယောက် ထိုညအိပ်မပျော်တော့။
မနက်မိုးလင်းတော့ ကိုအောင်ပြန်ရောက်လာသည်။ မို့မို့တစ်ယောက် ထိုတော့မှ အိပ်ရာထဲက ထဝံ့သည်။ ကိုအောင်အခန်းထဲဝင်လာတော့ ကိုအောင့်ကိုပြေးဖက်လိုက်သည်။
“အောင်မယ်လေး၊ ငါ့မိန်းမက ငါ့ကိုဒီလောက်တောင် လွမ်းနေတာလား”
မို့မို့က ခေါင်းခါလိုက်သည်။ သူ့မျက်လုံးမှ မျက်ရည်များစီးကျလာလေသည်။
“မဟုတ်ဘူးကိုအောင်၊ မဟုတ်ဘူး၊ မို့မို့ ဒီအခန်းမှာ ဆက်မနေရဲတော့ဘူး၊ ဒီအခန်းက သရဲခြောက်တယ်ကိုအောင်”
မို့မို့ပြောနေရင်း အသံတွေတိမ်ဝင်သွားကာ ငိုကြွေးမိတော့သည်။ တစ်ညလုံးငိုချင်စိတ်ကိုထိန်းထားရာမှ ကိုအောင့်ကိုဖက်ရင်း ကလေးတစ်ယောက်လို ငိုချလိုက်မိသည်။
(၃)
“ကိုအောင် ဒီတိုက်ခန်းက သရဲခြောက်တယ်အကို၊ မို့မနေရဲတော့ဘူး”
ကိုအောင်က နဂိုကတည်းက သရဲတို့၊ ပရလောက၊ စုန်း၊ ဖုတ်၊ ကဝေတို့ကို အယုံအကြည်မရှိ၊ အကြောက်အလန့်လည်းကင်းသဖြင့် မို့မို့ပြောတာကို လုံး၀မယုံပေ။
“မို့မို့ရယ် သရဲဆိုတာမရှိပါဘူးကွာ၊ မို့က နေရာသစ်မှာနေရတာဆိုတော့ စိတ်ခြောက်ချားနေတာဖြစ်မှာပါ”
“မဟုတ်ဘူးကိုအောင်၊ တကယ်ရှိတယ်၊ မို့ကိုတစ်ညလုံး သရဲက ခြောက်လှန့်နေတာ”
“တော်တော့မို့၊ မဟုတ်တာတွေပြောမနေနဲ့တော့၊ မို့ကလူကြီးဖြစ်နေပြီး အခုအချိန်အထိကြောက်တတ်နေတုန်းလား၊ သရဲဆိုတာ တကယ်မရှိပါဘူးမို့ရာ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ခြောက်လှန့်နေတာပါ”
“မသိဘူးကိုအောင်၊ မို့တော့ကြောက်တယ်၊ မို့ဒီမှာမနေရဲဘူး”
ဇနီးသည်ဖြစ်သူ မို့မို့က အကြောက်အကန်ပြောနေသဖြင့် ကိုအောင်တစ်ယောက်အလွန်ဒေါသထွက်နေမိသည်။
“ဒီမှာမို့မို့၊ မင်းဒီမှာမနေနိုင်ရင် ဘယ်မှာသွားနေမလဲ၊ ဒီတိုက်ခန်းကို ဈေးပေါပေါနဲ့ရတာတောင်မှ ခြောက်လစာချုပ်ချုပ်ဖို့ ပိုက်ဆံတောင်မှ ကိုအောင်တို့ဘယ်လိုရှာရလဲ၊ အခုဒီကနေသွားပါပြီတဲ့ မင်းကဘယ်မှာသွားနေမှာလဲ၊ လမ်းဘေးမှာ သွားနေမှာလား”
ကိုအောင်ပြောသည့်စကားများက မှန်နေသည့်အတွက် မို့မို့ပြောစရာစကားမရှိတော့ပေ၊ သို့သော်လည်း ကိုအောင်က ညဆိုင်းဆင်းရသည်မို့ မို့မို့တစ်ယောက်တည်းတော့ ဒီတိုက်ခန်းကြီးတွင် ညဘက်မနေရဲတော့ပေ။ ကိုအောင်က ထိုအဖြစ်ကိုသတိထားမိသည်။ သူကတော့ မို့မို့တစ်ယောက်တည်း တိုက်သစ်တွင်နေထိုင်ပြီး ညဘက်တိတ်ဆိတ်နေသဖြင့် ခြောက်ချားနေခြင်းဖြစ်မည်ဟု ယုံကြည်သည်။
သူတို့နှစ်ယောက်စကားမပြောဘဲ အိပ်ရာပေါ်တွင် တစ်ယောက်နှင့်တစ်ယောက်ကျောပေးကာ အချိန်အကြာကြီးထိုင်နေကြသည်။ နောက်ဆုံးတော့ ကိုအောင်ကပဲ မို့မို့ကိုချော့ရသည်။
“အလုပ်နောက်ကျနေအုံးမယ်မို့၊ အလုပ်သွားဖို့ပြင်လေ၊ တကယ်လို့ ဒီတိုက်ခန်းမှာ မို့တစ်ယောက်တည်း မနေရဲဘူးဆိုရင် အကို့အမေကိုသွားခေါ်လိုက်မယ်၊ ခြေရင်းခန်းကလည်း လွတ်နေတာဆိုတော့ အမေအတွက်အဆင်သင့်ဖြစ်သွားတာပေါ့၊ ဘယ်လိုလဲမို့”
မို့မို့လည်း ယခုတိုက်ခန်းက မပြောင်းရွေ့နိုင်သေးပေ၊ တစ်ယောက်တည်းလည်း မနေရဲသည်မို့နောက်ဆုံးတော့ ကိုအောင်ပြောသည့်အကြံကိုလက်ခံလိုက်ရသည်။ ရေမိုးချိုးပြီး ထမင်းချိုင့်ပင်မထည့်အားတော့ဘဲ ရုံးသို့ ကပြာကယာပြေးရသည်။
ကိုအောင်အမေမှာ သူတို့မြို့ဆင်ခြေဖုံးရပ်ကွက်တွင် ကိုအောင်အမမိသားစုနှင့်အတူတူနေထိုင်ခြင်းဖြစ်သည်။ ကိုအောင်က နေ့လည်တွင် အမေ့ကိုသွားခေါ်လိုက်သည်။ အမေ့အထုပ်အပိုးများနှင့် အိပ်ရာလိပ်များကို ခြေရင်းခန်းတွင် နေရာချပေးလိုက်တော့သည်။
သို့နှင့် ညနေမို့မို့အိမ်ပြန်လာတော့ ကိုအောင်၏အမေက ရောက်နေပြီဖြစ်သည်။ ကိုအောင်အမေ၏ နာမည်က ဒေါ်မိုးဖြစ်သည်။
“အမေရောက်ပြီလား”
“အေးပါသမီးရဲ့၊ သမီးကြည့်ရတာလည်း မလန်းဘူး၊ နေမကောင်းလို့လား”
မို့မို့က ခေါင်းခါပြလိုက်ပြီး
“အလုပ်နည်းနည်းပင်ပန်းလို့ပါအမေ၊ ဒါနဲ့ အမေညစာစားပြီးပြီလား”
“သားပေးခဲ့တဲ့ ဈေးဖိုးနဲ့ အမေထမင်းဟင်းချက်ထားလိုက်တယ်သမီး၊ သမီးရေမိုးချိုးပြီး ထမင်းစားရအောင်လေ”
မို့မို့လည်း ဒေါ်မိုးရောက်လာသဖြင့် နည်းနည်းတော့ စိတ်သက်သာရာရသွားသည်။ ရေမိုးချိုးပြီးတော့ သူတို့နှစ်ယောက် ထမင်းစားဖို့ပြင်သည်။
“အမေ သမီးက ထမင်းကိုအိမ်ရှေ့မှာပဲစားတတ်တာ၊ ခုနစ်နာရီကားကြည့်ရင်းနဲ့စားတာ”
“အတော်ပဲ အမေလည်း အဲဒီကားသိပ်ကြိုက်တာ”
ထမင်းခူးပြီး စားပွဲခုံအသေးလေးပေါ်တင်ကာ အိမ်ရှေ့သို့ထွက်ခဲ့သည်။ တီဗွီကိုကြည့်နေရင်း အတူတူထမင်းစားကြသည်။ ထမင်းစားနေစဉ်မှာပင် ဒေါ်မိုးအခန်းထဲမှ ဖုန်းသံမြည်လာသည်။ ဖုန်းလာနေသည်မို့ ဒေါ်မိုးက စားလက်စဇွန်းကိုချသွားပြီး အခန်းထဲသို့ပြေးဝင်သွားသည်။ မို့မို့တီဗွီကြည့်နေစဉ်မှာပင် လျှောက်လမ်းမှ မီးချောင်းက မှိတ်တုတ်၊ မှိတ်တုတ်ဖြစ်သွားလေသည်။ မို့မို့က ထိုအဖြစ်ကိုကြည့်ရင်း အလွန်ထိတ်လန့်လာသည်။ သရဲခြောက်ခါနီးတိုင်း ထိုကဲ့သို့မီးချောင်းက မှိတ်တုတ် မှိတ်တုတ်ဖြစ်တတ်သည်မဟုတ်ပါလား။
“အမေရေ၊ အမေ . . .”
မို့မို့က တိုးတိုးလေးအော်လိုက်သည်။
“ဂလုံး . . ဂလွမ်း . .ဝုန်း”
အိမ်နောက်ဖေးမှ အိုးခွက်ပန်းကန်များပြုတ်ကျသံကိုကြားလိုက်ရသဖြင့် ဒေါ်မိုးလည်း ဖုန်းပြောနေရင်းပင် အိမ်နောက်ဖေးမီးဖိုခန်းသို့ ပြေးထွက်လာခဲ့သည်။ ထိုအခါ ဆံပင်ကိုဘီးစပတ်ထုံးထားပြီး ပိန်ပိန်ညှောင်ညှောင်နှင့် အဘွားကြီးတစ်ဦးကို မီးဖိုခန်းထဲတွင် လှစ်ခနဲတွေ့လိုက်ရသည်။ ဒေါ်မိုးလည်း ထူးဆန်းသွားပြီး မီးဖိုခန်းအတွင်းသို့ ပြေးဝင်လိုက်သည့်အခါ အခန်းအတွင်းမည်သူမှမရှိ၊ အိုးခွက်ပန်းကန်များလည်း နေသားတကျဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ မို့မို့က အိမ်ရှေ့ခန်းမှပြေးလာလေသည်။ လျှောက်လမ်းမီးချောင်းမှာ အကောင်းပကတိအတိုင်း ထိန်လင်းနေလေသည်။
“အမေ၊ ဘာဖြစ်တာလဲ”
ဒေါ်မိုးက ပြူးကြောင်နေသည့် မျက်လုံးများဖြင့်
“ခုနက ဒီအနောက်ကိုအဘွားကြီးတစ်ယောက်ဝင်သွားတာ အမေမြင်လိုက်တယ်၊ နောက်ပြီးတော့ အိုးခွက်ပန်းကန်တွေ ကျတဲ့အသံကို သမီးကြားလိုက်တယ်မဟုတ်လား”
“ကြောင်တိုးတာနေမှာပဲ အမေရဲ့”
ဒေါ်မိုးကြောက်မည်စိုးသဖြင့် မို့မို့က စိတ်သက်သာရာရအောင်ပြောလိုက်သော်လည်း စင်စစ်အားဖြင့် သရဲခြောက်နေမှန်းကို သိလိုက်ပြီးဖြစ်သည်။ ဒေါ်မိုးက ဟင်းများကိုအုပ်ဆိုင်းထားသည့် အုပ်ဆောင်းကြီးကိုဖွင့်လိုက်သည့်အခါ
“အောင်မယ်လေးကုန်ပါပြီ၊ ငါ့သား မနက်ကျလို့ ပြန်လာရင်စားဖို့ထားထားတဲ့ အမဲကြော်တွေ၊ ကုန်ပါပြီဟယ်”
ဒေါ်မိုးက စတီးပန်းကန်လုံးကလေးတစ်လုံးကို ကိုင်ကာအော်ဟစ်နေလေသည်။ သို့နှင့် ညအိပ်ခဲ့ကြသည်။ မို့မို့က ဘုရားကိုသေချာရှိခိုးပြီး ပုတီးများ၊ ဘုရားစာအုပ်နှင့် ဘုရားပုံတော်များကို အိပ်ရာခေါင်းရင်းတွင်ထားအိပ်လေသည်။ အရင်ညကလောက်တော့ စိတ်မခြောက်ချားတော့ပေ၊ ဘေးအခန်းတွင် ဒေါ်မိုးရှိနေသည်ဟူသည့် အသိကြောင့် စိတ်ထဲအနည်းငယ်လုံခြုံနေလေသည်။
မို့မို့တော့ ယခုအချိန်အထိ ခြောက်လှန့်မခံရသေးပေ၊ သို့နှင့်ဖုန်းကိုကြည့်နေမိသည်။ အချိန်က ညဆယ့်တစ်နာရီထိုးပြီဖြစ်သည်။ မို့မို့လည်း အိပ်ချင်လာသဖြင့် ဖုန်းကိုချလိုက်ပြီး အိပ်ရန်ပြင်လိုက်စဉ်မှာပင် လျှောက်လမ်းမီးချောင်းက မှိတ်တုတ်၊ မှိတ်တုတ်ဖြစ်လာလေသည်။
မို့မို့ကြောက်သွားပြီး စောင်ကိုဆွဲယူလိုက်မိသည်။ ထို့နောက်အခန်းတံခါးကို အသာကြည့်နေမိသည်။ မကြာခင် တစ်ဖက်ခန်းတွင်ခြေသံများပြေးလွှားနေသည်ကိုကြားလိုက်ရသည်။ ခြေသံများက လျှောက်လမ်းအတိုင်းပြေးလွှားနေလေသည်။ နောက်တော့ သူ့အခန်းတံခါးရှေ့တွင် ရပ်တန့်သွားသည်။ အခန်းတံခါးဘုသော့လည်ထွက်သွားပြီး အခန်းတံခါးမှာ ဝုန်းခနဲပွင့်ထွက်သွားလေသည်။
“အား . . သရဲ . .”
“သရဲ . .သရဲ”
အခန်းထဲဝင်လာသူက ဒေါ်မိုးဖြစ်နေသည်။ ဒေါ်မိုးက မို့မို့ခြင်ထောင်ဇစ်ကိုဖွင့်ပြီး ကုတင်ပေါ်အတင်းတိုးဝှေ့တက်လာကာ မို့မို့ကိုဖက်ထားလေသည်။ သူ့မျက်လုံးကလည်း ဟိုဟိုဒီဒီလိုက်ကြည့်နေကြသည်။
“အမေ၊ ဘာဖြစ်တာလဲ”
“သရဲနှစ်ကောင်သမီး၊ တစ်ကောင်က အဘိုးကြီး၊ နောက်တစ်ကောင်က အဘွားကြီးပဲ၊ အမေအိပ်နေတုန်း အမေ့စောင်ကိုအဘိုးကြီးက လာလှန်တယ်”
ထိုညတော့ သူတို့နှစ်ယောက်အတူတူ မို့မို့ကုတင်တွင်ပင်အိပ်လိုက်ကြတော့သည်။
(၄)
“အမေကပါ ပြောနေပြန်ပါပြီ၊ ဘာလဲ အမေတို့သမီးယောက်ခမတွေ ဇာတ်တိုက်ထားတာလား”
ကိုအောင်မနက်ပြန်လာတော့ သူ့အမေဒေါ်မိုးက ညကကြုံခဲ့သည့်အကြောင်းများကို ပြောပြသော်လည်း ကိုအောင်က လုံး၀မယုံပေ၊
“သားဖာသာ ယုံချင်ယုံ မယုံချင်နေသားရေ၊ အမေတော့ ဒီတိုက်မှာဆက်မနေတော့ဘူး၊ အမေဒီနေ့ပဲ သမီးကြီးဆီကိုပြန်မယ်”
“မို့မို့လည်း ဆက်မနေရဲတော့ဘူးကိုအောင်၊ မို့မို့လည်း အမေတို့အိမ်ကို ခဏပြန်နေမယ်”
မိန်းမရော၊ အမေရော သရဲခြောက်သည်ဟုအကြောင်းပြကာ အိမ်ပေါ်မှဆင်းသွားသဖြင့် ကိုအောင်တစ်ယောက် အလွန်ဒေါသထွက်နေမိသည်။ မို့မို့တို့ထွက်သွားသောအခါ ဒေါသထွက်ထွက်နှင့် အိမ်ရှိအရာများကို ပစ်ပေါက်နေမိသည်။ ပါးစပ်မှလည်း
“သရဲရေ၊ လာစမ်း၊ မင်းတကယ်ရှိတယ်ဆိုရင် ငါ့ကိုလာခြောက်စမ်းပါ၊ မင်းကြောင့် အခုငါ့မိန်းမလည်းဆင်းသွားပြီ၊ ငါ့အမေလည်း မနေတော့ဘူး၊ မင်းသာတကယ်ရှိတယ်ဆိုရင် ငါ့ကိုပြစမ်းကွာ”
ကိုအောင်က အိမ်တံခါးမကို ခြေထောက်နှင့်ကန်ကာ ပိတ်လိုက်သည်။ ထို့နောက် ချက်ချလိုက်ပြီး စိတ်ညစ်ညစ်နှင့် ရေချိုးခန်းထဲဝင်ကာ ခြေလက်ဆေးနေသည်။
“ကောင်းတယ်၊ ဆင်းကြ၊ ဆင်းကြ အကုန်ဆင်းတော့ ငါတစ်ယောက်တည်း နားအေးတယ်”
ကိုအောင်ရေချိုးခန်းထဲမှထွက်လာပြီး ရေသောက်ရန်ရေခွက်ယူလိုက်သည့်အချိန်တွင် ခြေရင်းခန်းတံခါးမှာ တဖြည်းဖြည်းပွင့်ထွက်သွားလေသည်။ သူတို့အခန်းမှ တံခါးများမှာ အခန်းအတွင်းသို့ဆွဲဖွင့်ရသည့် တံခါးများဖြစ်သည်။ နောက်တော့ အခန်းထဲမှ အဘိုးကြီးတစ်ယောက်ထွက်လာကာ လျှောက်လမ်းအတိုင်း အိမ်ရှေ့သို့လျှောက်သွားလေသည်။ ကိုအောင်တစ်ယောက် ဘာပြောရမှန်းပင်မသိတော့ပေ။
“ဟေ့. .၊ ဟေ့လူ ခင်ဗျားဘယ်သူလဲ”
ကိုအောင်က လျှောက်လမ်းအတိုင်းပြေးလိုက်ခဲ့သော်လည်း အဘိုးကြီးက အိမ်ရှေ့တံခါးဖက်သို့ ချိုးကွေ့သွားလေသည်။ ကိုအောင်လည်း အိမ်ရှေ့ရောက်သည့်အခါ အဘိုးကြီးကိုမတွေ့ရပေ၊ သို့သော် လှေကားတွင် ခြေသံတရှပ်ရှပ်ကိုကြားလိုက်သဖြင့် တံခါးကိုပြေးဖွင့်လိုက်သည်။ ထိုအခါ အပေါ်ထပ်သို့တက်သွားသည့် အဘိုးကြီးကို ရိပ်ခနဲမြင်လိုက်ရသည်။
ကိုအောင်စဉ်းစားမနေတော့ဘဲ အဘိုးကြီးအနောက်သို့ပြေးလိုက်သွားသည်။ လှေကားကိုခြေသံမှန်မှန်ဖြင့်တက်သွားသည့်အဘိုးကြီးကို အနောက်မှပြေးလိုက်သည့် ကိုအောင်ပင် မမီပေ၊ ရှစ်ထပ်မြောက်သို့ရောက်သည့်အခါ ခြေသံက ရပ်တန့်သွားသည်။
ကိုအောင်အပေါ်ဆုံးထပ်သို့ ခြေချလိုက်သည့်အခါ အခန်းအလွတ်ကြီးများကိုတွေ့ရသည်။ အခန်းများမှာ ပြင်ဆင်ပြီးပုံမရသေးသည့် အခန်းအကြမ်းထည်ကြီးများဖြစ်သည်။ သို့သော် ခေါင်းရင်းဘက်အခန်းအတွင်း လူရိပ်လူယောင်များမြင်ရသဖြင့် ကိုအောင်အခန်းထဲသို့ပြေးဝင်လိုက်သည့်အခါ အဘိုးကြီးတစ်ဦးနှင့် အဘွားကြီးတစ်ဦးက အခန်းကြမ်းပြင်ကိုကြည့်ပြီး တစ်ခုခုရှာနေကြပုံရသည်။ ကိုအောင်လည်း ပြေးသွားလိုက်ပြီး
“အဘိုးကြီး ခင်ဗျားတို့ဘာတွေရှာနေကြတာလဲ”
အဘိုးကြီးနှင့် အဘွားကြီးမှာ ကိုအောင်အား မျက်နှာသေကြီးများနှင့်ကြည့်လိုက်ကြသည်။ ထို့နောက် ကိုအောင်ရှေ့တွင်ပင် ရုတ်ခြည်းပျောက်ကွယ်သွားကြသည်။ ကိုအောင်လည်း ဒီလောက်ဆိုသိသွားပြီ၊ ထိုလူများမှာ လူမဟုတ်ဘဲ သရဲများသာဖြစ်ရမည်ဟု တွေးလိုက်ကာ ရှစ်ထပ်မြောက်မှ အမြန်ပြေးဆင်းလာခဲ့သည်။
နောက်ဆုံးတော့ ကိုအောင်လည်း သရဲရှိသည်ကို လက်ခံလိုက်ရသည်။ သို့နှင့် သူတို့ထိုတိုက်မှ ပြန်ရွှေ့ပြောင်းရတော့သည်။ ထိုတိုက်တွင် သူတို့နေထိုင်သည်မှာ တစ်ပတ်ပင်မပြည့်လိုက်ပေ။
နောက်မှသိရသည်မှာ ထိုတိုက်ကြီးကိုတည်ဆောက်သည့် မြေကြီးမှာအမွေဆိုင်အိမ်ကြီးတစ်လုံးဖြစ်ပြီး အိမ်ပိုင်ရှင်အဘိုးကြီးနှင့် အဘွားကြီးမှာ မကျွတ်မလွတ်ဘဲရှိနေသည်ဟုဆိုသည်။ သားသမိးများက အမွေရသော်လည်း အိမ်ကြီးတွင်မနေရဲသဖြင့် နောက်ဆုံး ကန်ထရိုက်လက်ကိုအပ်ကာ တိုက်ဆောက်လိုက်ခြင်းဖြစ်သည်။
ယခုထိ ထိုတိုက်ကြိးကိုမြင်တို့ မို့မို့သူ့ဘ၀အဖြစ်အပျက်များကို သတိရမိသေးသည်။ ယခုတော့ ထိုတိုက်ကြီးတွင် လူတော်တော်များများနေထိုင်နေကြပြီဖြစ်သည်။ တိုက်ပိုင်ရှင်က နာမည်ကြီးသည့် ဆရာတစ်ယောက်ကိုခေါ်ကာ နှင်လွှတ်လိုက်သည်ဟုဆိုသည်။ သို့သော်လည်း ထိုတိုက်ကြီးမှာ သတင်းဆိုးများ ပျံ့နှံ့နေသေးသည်။ အကြောင်းမှာ ထိုတိုက်ကြီးတွင် သရဲများရှိနေသေးသည်ဆိုသည့် သတင်းကြောင့်ဖြစ်သည်။ ယခင်ကလောက် မခြောက်လှန့်တော့သော်လည်း ရိုးတိုးရိပ်တိတ်အမြဲတွေ့နေကြရသည်ဆိုသည့် သတင်းများကြောင့်ဖြစ်သည်။
အဆိုးထဲက အကောင်းတစ်ရပ်မှာတော့ ထိုနောက်ပိုင်းမှစပြီး ကိုအောင်လည်း သရဲကိုယုံကြည်သွားကာ ဘုရားတရားပိုလုပ်ဖြစ်သွားသလို မို့မို့လဲ ဘာသာရေးအလုပ်များကို တစ်စိုက်မတ်မတ် လုပ်ဆောင်တတ်ခဲ့ခြင်းဖြစ်ပါသည်။
ပြီးပါပြီ။