အတွဲ(၃) အခန်း (၂)
(၁)
တောင်ကြားကိုကျော်လွန်ပြီးသည့်အခါ မြေပြန့်ချိုင့်ဝှမ်းဒေသတွင် ကျေးရွာကလေးတစ်ရွာက အေးအေးချမ်းချမ်းနှင့်တည်ရှိနေသည်။ လပြည့်ညမို့ လဝန်းကြီးက ဝင်းဝင်းပပသာနေပြီး ပတ်ဝန်းကျင်တစ်ခွင်တွင် ထိန်ထိန်လင်းနေလေသည်။ ထိုအခိုက် ရွာထဲတွင် ပုလွေသံတစ်သံ ကိုကြားလိုက်ရသည်။
“ပုလွေသံပါလားဟ၊ ဒီအချိန်ကြီးဘယ်သူမှုတ်နေတာတုန်း”
ရွာမှလူများက ပုလွေသံကြားသဖြင့်ထွက်ကြည့်ကြသည်။ ထိုအခါတွင် ရွာလယ်လမ်းမကြီးအတိုင်း မိန်းကလေးတစ်ယောက်က ပုလွေမှုတ်လျှက် တစ်လှမ်းချင်းလျှောက်လှမ်းလာလေသည်။ ထိုမိန်းကလေးက အငြိမ့်မင်းသမီးများဝတ်သည့် အဖြူရောင်ခါးထောင်အကျီကိုဝတ်ဆင်ထားပြီး ဇတ်မင်းသမီးတစ်ယောက်လို မျက်နှာကိုလည်း ပြင်ဆင်ခြယ်သထားသည်။
သစ်သားပုလွေလေးတစ်ခုဖြင့် ပျော်မြူးဖွယ်တေးသီချင်းတစ်ပုဒ်ကို မှုတ်ပြီး တစ်လှမ်းချင်း အေးအေးလူလူလျှောက်လမ်းလာသည်။
ပုလွေသံကြားသည့် ရွာသူရွာသားများမှာ မိမိတို့နေထိုင်ရာ အိမ်များအတွင်းမှထွက်လာကြပြီး အရူးများသဖွယ်ဖြစ်ကာ ထိုမိန်းကလေးနောက်သို့ လိုက်ပါလာကြသည်။ ရွာလယ်လမ်းအတိုင်း ဖြတ်လျှောက်လာသည့် ထိုမိန်းကလေးနောက်တွင် သက်ကြားအိုအရွယ်မှစပြီး သက်လတ်ပိုင်းများ၊ လူပျိုအပျိုများ၊ သားသည်အမေနှင့် ရင်ခွင်ပိုက်ကလေးများအဆုံး ရွာသားများအကုန် တန်းစီလိုက်ပါလာကြသည်။ သို့နှင့် တစ်ဖက်ရွာစွန်သို့ရောက်သွားလေသည်။ ထိုအခါတွင် ထိုမိန်းကလေးက ပုလွေမှုတ်ခြင်းကိုရပ်တန့်လိုက်သည်။ ထို့နောက် သူ့မျက်နှာတွင် မျက်လုံး(၄)လုံးထွက်လာသလို သူ့ခြေထောက်များကလည်း ပင့်ကူခြေထောက်ကြီးများထွက်လာပြီး ပင့်ကူကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ သို့သော် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ လူပုံသဏ္ဍာန်သာဖြစ်နေသည်။
“ကဲ၊ ငါ့သားတွေ၊ သမီးတွေ သင်တို့စိတ်ကြိုက်စားသောက်ကြလော့”
ထိုသို့အော်လိုက်သည့်အခါတွင် သူ့ခြေထောက်အောက်မှ မြောက်များစွာသော ပင့်ကူနက်ကြီးများ ပြေးထွက်လာကြသည်။ ထိုပင့်ကူနက်ကြီးများမှာ လူလက်တစ်ဝါးစာခန့်ရှိပြီး ပုလွေသံဖြင့် အညှို့ခံထားရသည့် ရွာသားများအား ပင့်ကူများက ကုတ်တက်သွားကြသည်။ လရောင်အောက်တွင် ရွာသားများ၏ အော်ဟစ်ညည်းညူသံများက ငရဲပွက်သကဲ့သို့ ဆူညံနေလေသည်။
(၂)
ဖိုးလုံးနှင့် ဦးဇင်းလည်း မြေနီလမ်းကလေးတိုင်း လှမ်းလျှောက်လာခဲ့ကြသည်။ မကြာခင် တောင်တန်းပေါ်မှ ဆင်းသက်လိုက်သည့်အခါ မြေပြန့်တစ်နေရာတွင် ရွာကလေးတစ်ရွာကိုတွေ့လိုက်ကြရသည်။
“အရှေ့မှာ ရွာလေးတစ်ရွာတွေ့တယ်ဘုရား၊ တပည့်တော်တို့ အဲဒီရွာကလေးမှာ ဒီညတော့ တည်းခိုပြီးခရီးဆက်ရအောင်ဘုရား”
ဦးဇင်းက ဘာမှမပြောပေ။ သူတို့ဆက်လျှောက်လာရင်း ရွာအပြင်တွင် စိုက်ခင်းများကိုတွေ့ရသည်။ သို့သော် ထိုစိုက်ခင်းများအတွင်း စိုက်ပျိုးထားသည့် သီးနှံပင်များမှာ ရေမလောင်းနိုင်သဖြင့် ခြောက်သွေ့နေကြသည်ကို ထူးဆန်းစွာတွေ့လိုက်ကြရသည်။
ရွာအဝင်တွင် ဇရပ်ကလေးတစ်ခုရှိသည်။ ဆရာတော်က ထိုဇရပ်ကလေးပေါ်သို့တက်ကာ ထိုင်လိုက်လေသည်။
“ဒီနားကရွာတွေက ဗုဒ္ဓဘာသာဝင်တွေမဟုတ်ကြဘူး၊ ဒီတော့ ဦးဇင်းတို့ရွာထဲကို ချက်ချင်းမဝင်သင့်ဘူး”
ဖိုးလုံးလည်း သဘောပေါက်လိုက်ပြီဖြစ်သည်။
“တင်ပါ့ဘုရား၊ ဒါဆိုတပည့်တော်သွားပြီးတော့ စနည်းနာကြည့်လိုက်ပါ့မယ်ဘုရား”
ဖိုးလုံးတစ်ယောက် လမ်းကလေးအတိုင်းဆက်လျှောက်ခဲ့ပြီး ရွာထဲသို့ဝင်ခဲ့လိုက်သည်။ ရွာကလေးတွင် အိမ်ခြေအများအပြားရှိသော်လည်း အိမ်များအားလုံးမှာ လူမရှိသည့်ပုံစံဖြစ်နေသည်။ တစ်ရွာလုံးတွင်လဲ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မရှိဘဲ တိတ်ဆိတ်နေသည်။
“ဗျို့၊ ရွာသားတွေမရှိကြဘူးလား”
ဖိုးလုံးက ရွာလယ်လမ်းမကြီးအတိုင်းလျှောက်လှမ်းရင်း အော်ဟစ်လိုက်သည်။ တိတ်ဆိတ်နေသောရွာကလေးကတော့ မပြောင်းမလဲဘဲ ယခင်အတိုင်းတည်ရှိနေသည်။ ဖိုးလုံးလည်း အိမ်တစ်အိမ်ကိုခေါ်ကြည့်ရန် အကြံရလိုက်ပြီးနောက် ရွာထိပ်နားရှိ အိမ်တစ်အိမ်အနားသို့ တိုးကပ်သွားသည်။
“အိမ်ရှင်တို့၊ ဗျို့အိမ်ရှင်တို့”
ဖိုးလုံးအော်ခေါ်လိုက်သော်လည်း အိမ်ကတိတ်ဆိတ်မြဲဖြစ်နေသည်မို့ အိမ်၏ တံခါးကို လက်ဖြင့်တဘုန်းဘုန်း ထုရင်းအော်လိုက်သည်။ သို့သော် မည်သည့်တုန့်ပြန်သံမှ မကြားရပေ။
“ဘာလဲဟ၊ ဒီရွာက လူတွေစွန့်ခွာသွားတဲ့ ရွာကြီးများလား”
ထို့ကြောင့်ဖိုးလုံးက သိချင်စိတ်နှင့်ထိုတံခါးကို ဆွဲဖွင့်လိုက်သည်။ တံခါးမှာအလွယ်တကူပင် ပွင့်သွားသည်။ ဖိုးလုံးလည်း အိမ်ပေါ်သို့တက်ကြည့်လိုက်သည်။
“ဟင်”
အိမ်ပေါ်တွင် မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အံ့ဩသွားသည်။ အိမ်၏ ထုတ်တန်းတွင် တွဲလောင်းဆွဲထားသည့် ပိုးအိမ်ကြီးများကိုတွေ့ရသည်။ ထို့အပြင် အိမ်အတွင်းတွင်လည်း ပင့်ကူအိမ်များက ရှုပ်ထွေးပေပွနေသည်။ ဖိုးလုံးလည်း ထိုပိုးအိမ်ကြီးများဆီသို့သွားလိုက်ပြီး လက်နှင့်ဖြဲကြည့်လိုက်သည်။ ပင့်ကူအိမ်များမှာ အတော်သန်မာလှသဖြင့် ဖိုးလုံး
ပင်အတောအားစိုက်ကာ ဖြဲယူရသည်။ ထိုသို့ဖြဲယူလိုက်သည့်အခါတွင်တော့ အတွင်းတွင် ပုပ်သိုးနေသည့် လူအလောင်းကောင်မျက်နှာကြီးကိုတွေ့လိုက်ရသည်။
“ဘုရား၊ ဘာတွေဖြစ်ကုန်တာလဲ”
ထိုစဉ်မှာပင် ဖိုးလုံးဇက်ပိုးတွင် ဆစ်ခနဲနာကျင်သွားသည်။ အနောက်သို့လှည့်ကြည့်လိုက်သည့်အခါတွင်တော့ အိမ်ခေါင်မိုးတွင် ဇောက်ထိုးကြီးလုပ်နေသော ပင့်ကူမိစ္ဆာမကြီးကို တွေ့လိုက်ရသည်။ ဖိုးလုံးလည်း သူ့လွယ်အိတ်ထဲက အရဟံဓါးကိုဆွဲထုတ်လိုက်သည်။ သို့သော်နောက်ကျသွားခဲ့ပြီ သူ့လက်တွေက တုန်ယင်လာသည်။ သူ့မျက်လုံးတွေက ဝေဝါးလာသည်။ ထို့နောက် လဲကျသွားတော့သည်။ ပင့်ကူမိစ္ဆာမကြီးက ထုတ်တန်းပေါ်မှအသာကလေးဆင်းလာပြီး သူ့ဆီသို့ တစ်လှမ်းချင်းလျှောက်လာသည်ကို မသဲမကွဲမြင်တွေ့နေရသည်။ ထို့နောက် ဖိုးလုံးကို ထွေးပွေ့ယူလိုက်သလို ခံစားလိုက်ရပြီး ဖိုးလုံးလည်း မေ့မြောသွားလေတော့သည်။
(၃)
ဖိုးလုံးမျက်လုံးထဲတွင် အရောင်ပေါင်းစုံကိုမြင်နေရသည်။ မကြာခင် အလင်းရောင်တွေကိုမြင်လာရသည်။ သူ့မျက်လုံးများကိုဖွင့်လိုက်သည့်အချိန်တွင် မိန်းကလေးပုံသဏ္ဍာန်တစ်ခုကို ခပ်ဝါးဝါးမြင်တွေ့လိုက်ရသည်။
“မင်း၊ မင်းက ပင့်ကူမ”
ထိုမိန်းကလေးက လက်ညှိုးကို သူ့နှုတ်ခမ်းများကို ကန့်လန့်ဖြတ်တင်လိုက်ပြီး ဖိုးလုံးကိုတိတ်တိတ်နေရန်လုပ်ပြလိုက်သည်။ ထို့နောက်ထိုမိန်းကလေးက သူ့လက်ထဲမှ ဓါးမြှောင်ကလေးတစ်ချောင်းနှင့် ဖိုးလုံးတစ်ကိုယ်လုံးတွင် ရစ်ပတ်ခံထားရသည့် ပင့်ကူမျှင်များကို ဖြတ်တောက်ပေးနေသည်။ ပင့်ကူမျှင်အချို့ ပြတ်တောက်သွားပြီးနောက် ဖိုးလုံးလည်း ပိုးမျှင်များကြားမှ ရုန်းထွက်လာခဲ့သည်။
“မင်းကဘယ်သူလဲ”
ထိုအခါ ထိုမိန်းကလေးက သူ့နားများကိုလက်ညှိုးထိုးပြသည်။
“ဪ၊ မင်းက နားမကြားရဘူးလား”
မိန်းကလေးက ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက်က သစ်သားအိမ်ကြီးတစ်ခုအတွင်းရောက်ရှိနေခြင်းဖြစ်သည်။ သစ်သားအိမ်ကြီးက ရွာရှိ အခြားအိမ်များထက် အတော်ကြီးမားပြီးနောက် အတွင်းတွင်လည်း တွဲလောင်းဆွဲထားသည့် ပင့်ကူမျှင်များနှင့် ရစ်ပတ်တုတ်နှောင်ထားသည့် လူများကို အတော်များများ တွေ့ရသည်။
“ရှင်မသေဘူးဆိုတော့ ရှင်တော်တော်ကံကောင်းတဲ့လူပဲ”
“ကျွန်မတို့ တစ်ရွာလုံးကတော့ ကံမကောင်းခဲ့ဘူး၊ ပင့်ကူမိစ္ဆာမကြီးက ပြီးခဲ့တဲ့ လပြည့်ညမှာ လူယောင်ဖန်ဆင်းပြီးတော့ ကျွန်မတို့ရွာကိုရောက်လာတယ်၊ ပြီးတော့ ရွာကလူတွေကို ပုလွေသံတစ်ခုနဲ့ ထိန်းချုပ်ခဲ့တယ်”
“ပုလွေသံနဲ့လုပ်တာလား”
“ကျွန်မက နားမကြားတော့ ကျွန်မတစ်ယောက်ထဲ ကျန်နေခဲ့တာပဲ၊ ပင့်ကူမကြီးမှာ သားသမီးပင့်ကူသေးသေးလေးတွေလဲ ရှိသေးတယ်”
ဖိုးလုံးက သူမဟိဒ္ဓိဓါတ်လုံးစားထားခြင်းကြောင့် အဆိပ်များ၊ ရန်သူ့လက်နက်များကြောင့် မသေနိုင်ကြောင်းကိုသတိရသွားသည်။ ထိုအချိန်မှာပင် ဖိုးလုံးက ရွာပြင်ဇရပ်တွင် ကျန်နေခဲ့သည့် ဦးဇင်းနှင့် ပျောက်ဆုံးနေသည့် သူ၏အရဟံဓါးကို သတိရလိုက်သည်။
“ငါ့ရဲ့ဓါးကလေးကိုရော မင်းတွေ့မိသေးလား”
ဖိုးလုံးကမေးလိုက်သော်လည်း ထိုမိန်းကလေးက သူ့အား နားမလည်နိုင်သလိုနှင့်ကြည့်နေသဖြင့်
“နေပါစေတော့၊ မင်းကကြားမှ မကြားရတာ”
ထိုစဉ်မှာပင် သူတို့ရောက်နေသည့် အိမ်ပေါ်သို့ လှေကားမှတက်လာသံကိုကြားရသဖြင့် ဖိုးလုံးက ထိုမိန်းကလေးကိုဆွဲလျှက် အိမ်ထောင့်တစ်နေရာတွင် ပုန်းအောင်းနေလိုက်သည်။ ထိုအချိန်တွင် ပင့်ကူမိစ္ဆာမကြီးက အိမ်ပေါ်ထပ်သို့ရောက်လာပြီးနောက် ဖိုးလုံးကိုဖမ်းချုပ်ထားသည့်နေရာကိုကြည့်လိုက်သည်။
ဖိုးလုံးလွတ်သွားသည်ကိုတွေ့လိုက်သဖြင့် စူးရှရှအော်သံကြီးနှင့် ဟစ်အော်လိုက်သည်။ ထို့နောက် သူ့မျက်နှာရှိ မျက်လုံး(၄)လုံးကို လှည့်ပတ်ပြီးရှာဖွေနေသည့်အခါ မကြာမီမှာပင် ဖိုးလုံးနှင့်မိန်းကလေးကိုတွေ့သွားသည်။
“မင်းတို့က ဒီမှာကိုး”
သူတို့ဆီသို့ ပင့်ကူမိစ္ဆာမကြီးလာနေစဉ်မှာပင် ထိုမိန်းကလေးက အခန်းနံရံရှိပြတင်းပေါက်ကို ပြေးဖွင့်လိုက်လေသည်။ နေ့ခင်းဘက်ဖြစ်သဖြင့် နေအလင်းရောင်က အခန်းပြတင်းပေါက်မှနေပြီးတိုး ဝင်လာရာ ပင့်ကူမိစ္ဆာကြီးမှာ သူ့မျက်လုံးများကို လက်နှင့်အုပ်ထားလေသည်။
“ပြေး၊ ပြေးတော့”
ထိုမိန်းကလေးက အော်ဟစ်လိုက်သည်နှင့် ဖိုးလုံးလည်း မိန်းကလေးကို လက်ဆွဲပြီး အိမ်ပေါ်မှ ဆင်းပြေးတော့သည်။ ခိုင်မာလွန်းသော ပင့်ကူမျှင်များက သူတို့ပြေးသည့်လမ်းတစ်လျှောက်တွင် နှောင်ဖွဲ့ရစ်တွယ်နေသည်မို့ သူတို့နှစ်ယောက်လည်း ပင့်ကူမျှင်များကို အတင်းရုန်းကန်ပြီးပြေးနေရသည်။ သို့သော် လှေကားအဆင်းတွင် မိန်းကလေးမှာ ခြေချော်ပြီးလဲကျသွားသည်။ ထိုအခါ အနောက်မှလိုက်လာသည့် ပင့်ကူမိစ္ဆာမကြီးသည် ထိုမိန်းကလေးကို ခြေထောက်မှဆွဲပြီး ဆွဲခေါ်သွားလေသည်။
“ရှင်ပြေးတော့၊ လွတ်အောင်ပြေးတော့”
ဖိုးလုံးလည်း ထိုမိန်းကလေးကို ကယ်ယူချင်သော်လည်း မတတ်နိုင်တော့ပေ၊ ပင့်ကူမိစ္ဆာမကြီးက ထိုမိန်းကလေး၏ လည်ကုပ်ကို ပါးစပ်မှအစွယ်ကြီးများနှင့် ကိုက်ထည့်လိုက်သည်။ ဖိုးလုံးက စဉ်းစားမနေတော့ဘဲ လက်ကိုမိုးပေါ်သို့ထောင်မြှောက်လိုက်သည်။
“အရဟံဓါး သခင့်ဆီပြန်လာစမ်း”
ထိုသို့အော်ဟစ်လိုက်သည့်အချိန်တွင် ရွာထဲက အိမ်တစ်အိမ်တွင်ကျကျန်နေခဲ့သည့် အရဟံဓါးမှာ လျှင်မြန်စွာပျံဝဲလာပြီးနောက် မိုးခြိမ်းသံကြီးနှင့်အတူ ဖိုးလုံးလက်ထဲသို့ရောက်လာခဲ့သည်။
“လာစမ်း၊ မိစ္ဆာမကြီး၊ ငါ့ကိုလာတိုက်စမ်း”
ပင့်ကူမိစ္ဆာမကြီးက သူ့လက်အတွင်းမှ ထိုမိန်းကလေးကို ပစ်ချပြီးနောက် ဖိုးလုံးကိုခုန်အုပ်လိုက်သည်။ ဖိုးလုံးက အရဟံဓါးနှင့် ပြန်ပြီးတန်ပြန် ခုတ်ထည့်လိုက်ရာ ဝုန်းခနဲအသံကြီးနှင့်အတူ ပင့်ကူမိစ္ဆာမကြီးမှာ အနောက်သို့လွင့်ထွက်သွားသည်။
“မင်းက သာမန်မဟုတ်ဘူးကိုး၊ ငါထင်တော့ထင်ပါတယ်၊ မာကတပင့်ကူအဆိပ်ကို သာမန်လူတွေဆိုရင် မခံနိုင်ဘူး၊ မင်းကမသေဘူးဆိုတော့ မင်းကသာမန်မဟုတ်ဘူးလို့တော့ငါထင်သားပဲ”
“ပြောစမ်း၊ မင်းဘာလို့လူတွေကို ဒုက္ခပေးတာလဲ”
“မာကတပင့်ကူဆိုတာ နှစ်တစ်ထောင်သက်တမ်းရှိတယ်၊ သားသမီးတစ်ထောင်ရှိတယ်၊ ဆယ်နှစ်တစ်ခါ ငါနဲ့ငါ့သားသမီးတွေ အစာစားဖို့လိုတယ်၊ ဒီရွာတစ်ရွာလုံးကို စားပြီးတာတောင်မှ ငါ့သားသမီးတွေ မ၀သေးဘူးထင်တယ်”
ပင့်ကူမိစ္ဆာမကြီးက ပြန်လည်ဖြေကြားပြီး စူးရှသည့်အသံနှင့် ရယ်မောနေလေရာ ဖိုးလုံးက အလွန်ဒေါသထွက်သွားသည်။
“ဒါနဲ့ရွာပြင်က ဦးဇင်းဘယ်ရောက်သွားသလဲ”
“ဪ၊ ဟိုကတုံးကြီးကိုပြောတာလား၊ သူလဲ ငါ့ရဲ့အစာဖြစ်တော့မှာပါ၊ သူ့ကို ရက်နည်းနည်းလောက်အပုပ်ခံထားတာ”
“ခင်ဗျားဦးဇင်းကို ဘာလုပ်လိုက်တာလဲ”
“သူလည်း မင်းလိုဘဲ ပိုးအိမ်ကြီးတစ်ခုထဲမှာ ရှိနေမှာပေါ့”
ဖိုးလုံ အလွန်ဒေါသထွက်သွားပြိး ပင့်ကူမိစ္ဆာမကြီးထံသို့ပြေးဝင်သွားသည်။ အရဟံဓါးနှင့် ဝှေ့ကာဝိုက်ကာ ခုတ်ဖြတ်လိုက်လေသည်။ ပင့်ကူမိစ္ဆာမကြီးကလည်း အလွန်လျှင်မြန်လှပြီး ဖိုးလုံး၏ခုတ်ချက်များကို ကွေ့ပတ်ရှောင်တိမ်းနေတော့သည်။ သို့နှင့် ဖိုးလုံးနှင့် ပင့်ကူမိစ္ဆာမကြီးတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန်တိုက်ခိုက်ကြသည်။ သို့သော် ဖိုးလုံး၏တိုက်ကွက်များကို ခံရဖန်များလာပြီးသည့်နောက် ပင့်ကူမိစ္ဆာမကြီးက အရေးမလှတော့ပေ။
“မင်းကမဆိုးဘူးပဲ”
ထိုအခါ ပင့်ကူမိစ္ဆာမကြီးက နံရံတွင်ရှိနေသည့် ပင့်ကူအိမ်များ အတွင်းသို့ တိုးဝင်သွားပြီး ပင့်ကူမျှင်များနှင့်ထိတွေ့လိုက်သည့်အခါတွင် ကိုယ်ရောင်ပျောက်သွားလေသည်။ ဖိုးလုံးလဲ အတော်သတိထားနေရပြီဖြစ်သည်။ ရန်သူက ကိုယ်ပျောက်လျှက်ရှိနေသည်။ ထိုစဉ် အနောက်ကွယ်မှ ပင့်ကူအိမ်လှုပ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဖိုးလုံးက အနောက်သို့လှည့်လိုက်ပြီး အရဟံဓါးနှင့်ခုတ်ပိုင်းလိုက်သည်။ သို့သော် ဘာကိုမှမခုတ်မိပေ။ ထိုစဉ်သူ့အား ပင့်ကူမိစ္ဆာမကြီးမှ ကျောဘက်မှ ပင့်ကူလက်တံများဖြင့် ရိုက်ထည့်လိုက်သည်။ ဖိုးလုံးတစ်ယောက် လွင့်ထွက်သွားပြီး အိမ်နံရံနှင့်တိုက်မိသည်။
(၄)
“ဒီအတိုင်းဆိုရင် ပင့်ကူအိမ်တွေကြားမှာ တိုက်ခိုက်လို့မဖြစ်တော့ဘူး”
ဖိုးလုံးက တစ်ချက်စဉ်းစားလိုက်ပြီးနောက် အိမ်အပြင်သို့ပြေးထွက်ခဲ့သည်။ ထိုအခါ ပင့်ကူမိစ္ဆာကြီးက ဖိုးလုံးထွက်ပြေးရာအနောက်သို့လိုက်လာခဲ့ကာ အိမ်အပြင်သို့ထွက်လာခဲ့သည်။ ထို့နောက် စူးရှလှသည့်အသံကြီးနှင့် အော်ဟစ်လိုက်ပြီး
“ငါ့သားတွေ၊ သမီးတွေထွက်လာကြ၊ ဒီလူသားကို တိုက်ခိုက်ကြ”
ထိုသို့အော်လိုက်သည့်အခါတွင် ရွာထဲရှိအိမ်များမှ ပင့်ကူကြီးများပြေးထွက်လာကြလေသည်။ ပင့်ကူကြီးများမှာ လူကြီးလက်တစ်ဝါးခန့်ရှိပြီး အကောင်ရေမရေမတွက်နိုင်လောက်အောင် ပြေးထွက်လာကြသည်။ ဖိုးလုံးက ပြေးလွှားနေရင်း ကျယ်ဝန်းလှသည့် ရွာလယ်လမ်းမကြီး တစ်နေရာတွင် ရပ်တန့်လိုက်သည်။ ထိုအခါတွင် သူ့အားပင့်ကူများမှ ဝန်းရံလာကြသည်။
“စားလိုက်ကြစမ်း၊ ငါ့သားသမီးတို့၊ ဒီလူက ရိုးရိုးလူမဟုတ်ဘူး၊ ဒီလူဆီမှာ ထူးဆန်းတဲ့အစွမ်းတွေရှိတယ်၊ ဒီလူကိုစားရင် အမေတို့လည်း အစွမ်းတွေရလာနိုင်တယ်”
ပင့်ကူများက ဖိုးလုံးအား ဝန်းရံလိုက်လေရာ ဖိုးလုံးရပ်နေသည့် မြေပြင်ကြီးတစ်ခုလုံးတွင် ပင့်ကူများက တိုးဝှေ့နေပြီး မြေပြင်ကြီးတစ်ခုလုံးကို အနက်ရောင်ပင့်ကူများက ဖုံးလွှမ်းထားလေသည်။ ဖိုးလုံးက စိတ်အာရုံကိုစုစည်းလိုက်ပြီးနောက် အရဟံဓါးကို လက်နှစ်ချောင်းနှင့်ပွတ်လိုက်ကာ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
“အရဟံ”
ထိုအခါ အရဟံဓါးမှာ ရှည်လျားလာပြီးနောက် လျှပ်ပန်းလျှပ်နွယ်များလည်း ထိုးထွက်လာပြီး မိုးကြီုးကြီးတစ်ခုသဖွယ်ဖြစ်လာသည်။
“သားတို့သမီးတို့ တိုက်ခိုက်ကြတော့”
ပင့်ကူမိစ္ဆာမကြီး အမိန့်ပေးလိုက်သည့်အခါတွင်တော့ ပင့်ကူများက ဖိုးလုံးကိုဝိုင်းပြီးကုပ်ဖက်တက်ကြသည်။ ဖိုးလုံးတစ်ကိုယ်လုံးကို တွယ်ဖက်တက်လျှက် ဖိုးလုံးအား သွားစူးစူးများဖြင့် ကိုက်ခဲကြရာ ဖိုးလုံးတစ်ယောက် အလွန်အခံရခက်လာသည်။ နောက်ဆုံးတော့ ကြံရာမရတော့ဘဲ အရဟံဓါးကို မြေကြီးတွင်ထိုးစိုက်ချလိုက်သည်။
“ဂျိန်း”
ကျယ်လောင်လှသည့်မိုးခြိမ်းသံကြီးနှင့်အတူ မိုးကြိုးကြီးတစ်စင်းက မြေပြင်အတွင်းထိုးစိုက်ဝင်သွားသည်။ မြောက်များစွာသောပင့်ကူများမှာ တုန်ခါမှုကြောင့် လွင့်စင်ထွက်ကုန်ကျကြီး မြေပြင်တွင်ရှိနေသည့် ပင့်ကူများမှာလည်း ဒယိမ်းဒယိုင်ဖြစ်ကုန်ကြသည်။ ဖိုးလုံးက မြေတွင်စိုက်နေသည့် အရဟံဓါးကို လက်နှင့်ကိုင်လိုက်ပြီး မြေကြီးသို့ ထပ်မံအားစိုက်လျှက် ထိုးသွင်းလိုက်ရာ အရဟံဓါးပတ်ပတ်လည်ရှိ မြေကြီးတွင် ကြီးမားလှသည့် မိုးကြိုးစက်ကွင်းကြီးတစ်ခုက ဖြစ်ပေါ်သွားလေသည်။ ပင့်ကူနက်ကြီးများလည်း မိုးကြိုးစက်ကွင်း နှင့်ထိတွေ့ပြီး မီးစွဲလောင်ကြကာ၊ တဆတ်ဆတ်တုန်ယင်နေကြသည်။ ထို့နောက် ပင့်ကူသွေးများက ဆူပွက်လာကာ တဖုန်းဖုန်းနှင့် ပေါက်ကွဲထွက်ကုန်ကြကာ အပိုင်းပိုင်းပြတ်ကုန်ကြသည်။
“ငါ့သားတွေ၊ ငါ့သမီးတွေ”
ပင့်ကူမိစ္ဆာမကြီးက အပိုင်းပိုင်းပြတ်တောက်သွားသည့် ပင့်ကူကြီးများကိုကြည့်ရင်း ကျေကွဲစွာနှင့် အော်ဟစ်နေစဉ်မှာပင် ဖိုးလုံးက အရဟံဓါးကိုမြှောက်လိုက်ပြီး
“အရဟံ၊ သိဒွိ၊ ဘဂဝါ”
ထိုသို့အော်ဟစ်လိုက်ပြီး အရဟံဓါးနှင့် ပင့်ကူမိစ္ဆာမကြီးထံသို့ ပစ်လွှတ်လိုက်သည်။ အရဟံဓါးကြီးမှာ မိုးကြိုးကြီးတစ်စင်းသဖွယ်လျှင်မြန်စွာ ပျံသန်းသွားပြီး ပင့်ကူမိစ္ဆာမကြီး၏ ရင်၀တည့်တည့်ကို ထိုးဖောက်စိုက်ဝင်သွားသည်။
“ဂျိန်း”
ပင့်ကူမိစ္ဆာမကြီးလည်း ကျယ်လောင်စွာအော်ဟစ်လျှက် လျှင်မြန်စွာပြေးလွှားတော့သည်။ ဖိုးလုံးကလည်း အရဟံဓါးကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး ပင့်ကူမိစ္ဆာမကြီးအနောက်သို့ ပြေးလိုက်ခဲ့ရာ ပင့်ကူမိစ္ဆာမကြီးက ရွာလယ်ရှိ သစ်သားအိမ်ကြီးတစ်လုံးအတွင်းသို့ ဝင်ပြေးသွားပြန်သည်။ ဖိုးလုံးက ပြေးလိုက်ရင်း သစ်သားအိမ်ကြီးကိုဖွင့်ကြည့်လိုက်ရာ အိမ်တစ်ခုလုံးတွင် ပိုးချည်မျှင်များက ရှုပ်ထွေးနေပြီး အတွင်းကိုပင် အသေအချာမမြင်နိုင်ပေ။
“ခင်ဗျားဒီလိုပုန်းလို့ ရမယ်လို့ ထင်နေတာလား”
ဖိုးလုံးက အနောက်သို့ဆုတ်လိုက်ပြီး အရဟံဓါးကို မိုးပေါ်သို့မြှောက်တင်လိုက်သည်။ ထိုအခါ အရဟံဓါးထိပ်မှာ မိုးကြိုးတစ်စင်းက မိုးပေါ်သို့ပျံတက်သွားခဲ့သည်။ မိုးပေါ်ရောက်သည့်အခါ မိုးကြိုးများ ပွားများသွားပြီး မိုးကြိုးခုနစ်စင်းအဖြစ်ပြောင်းလဲသွားသည်။ ထိုမိုးကြိုးခုနစ်စင်းက အိမ်ကြီးပေါ်သို့ တစ်စင်းပြီးတစ်စင်း ပစ်ချလေရာ အိမ်ကြီးမှာ နောက်ဆုံးတွင်တော့ မိးဟုန်းဟုန်းတောက်လောင်ခဲ့ရတော့သည်။ ပင့်ကူမိစ္ဆာမကြီးလည်း မီးတောက်မီးလျှံများအကြားမှ တိုးထွက်လာလေသည်။
“ငါ့ကိုချမ်းသာပေးပါ၊ ငါ့ကိုမသတ်ပါနဲ့”
ဖိုးလုံးက ပင့်ကူမိစ္ဆာမကြီးဆီသို့ လှမ်းလျှောက်လာခဲ့သည်။ အရဟံဓါးကို မြှောက်တင်လိုက်ပြီးသည့်နောက်
“မင်းကိုငါခွင့်လွှတ်တယ်၊ ဒါပေမယ့် မင်းကျူးလွန်ထားတဲ့ အကုသိုလ်တွေကို မင်းပြန်ပေးဆပ်ရလိမ့်မယ်”
ဖိုးလုံးက ဓါးကိုလက်နှစ်ဖက်နှင့်သေသေချာချာကိုင်ထားပြီးနောက် ပင့်ကူမိစ္ဆာမကြီး၏ နဖူးအလယ်တည့်တည့်သို့ ထိုးစိုက်ချလိုက်တော့သည်။
“အား . . . .”
ကျယ်လော်သည့်အော်သံကြီးကြားလိုက်ရပြီးနောက် ပင့်ကူမိစ္ဆာမကြီးမှာ တဖြည်းဖြည်းသေးငယ်သွားပြီး နောက်ဆုံးတွင် လူလက်တစ်ဝါးခန့် အရွယ်ရှိပင့်ကူနက်ကလေးတစ်ကောင်ဖြစ်သွားလေသည်။
“မင်းရဲ့အကုသိုလ်တွေကို ငရဲပြည်မှာ မင်းပြန်ပေးဆပ်တော့”
ထိုတော့မှ ဖိုးလုံးက ဦးဇင်းကိုသတိရပြီးနောက် ရွာပြင်သို့ပြေးထွက်လာခဲ့သည်။ သူတို့တည်းခဲ့သည့် ဇရပ်ကြီးမှာ ပင့်ကူအိမ်ကြီးများနှင့် ဖုံးလွှမ်းနေသဖြင့် ဖိုးလုံးက ပင့်ကူမျှင်များကို ဖွင့်ပြီးအထဲသို့ဝင်လိုက်သည်။ ထိုအခါတွင် တွဲလောင်းဆွဲခံထားရသည့် ပိုးအိမ်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ဖိုးလုံးလည်း ထိုပိုးအိမ်ကြီးကိုဆွဲချပြီးသည့်နောက် ဖွင့်ကြည့်လိုက်သည့်အခါ အတွင်းတွင် ဦးဇင်းကိုတွေ့လိုက်ရသည်။
“ဦးဇင်းဘုရား၊ ဦးဇင်းဘုရား”
ဦးဇင်းမျက်နှာက ဖြူဖပ်လျော့နေပြီး မျက်နှာတွင်သွေးမရှိသည့်ပုံစံဖြစ်နေသည်။ တစ်ကိုယ်လုံးကလည်း အေးစက်နေလေသည်။ ဖိုးလုံးလည်း ဦးဇင်းကို ကြည့်ရင်းစဉ်းစားနေမိသည်။
ဦးဇင်းမှာ အသက်ရှုနေသေးသော်လည်း သေခါနီးနေပြီဖြစ်သည်။ ထိုစဉ် ဖိုးလုံးနားထဲတွင် အသံတစ်ခုကိုကြားလိုက်ရသည်။
“ဖိုးလုံး၊ မင်းမှန်တယ်ထင်တာကိုလုပ်ပါ”
ထိုအသံကြားသဖြင့် ဖိုးလုံးက အထက်နတ်မင်းများ သူ့ကိုလမ်းညွှန်ပြီဟု သိလိုက်လေသည်။ သူ့ရင်ဘတ်ကို လက်ဖြင့်သုံးပတ်ရစ်ပတ်ပြီးနောက် လက်ဖြင့်သုံးချက်ထပ်ပုတ်လိုက်လေသည်။ ထိုအခါ ဖိုးလုံး ပျို့အန်ချင်သလို ဖြစ်လာပြီး တစ်ခုခုကိုလက်ဝါးပေါ်အန်ချလိုက်သည်။
ရွှေရောင်ဝင်းလက်စွာဖြင့် ပါးစပ်အတွင်းမှထွက်လာခဲ့သည့်အရာကတော့ ဖိုးလုံး၏ မဟိဒိဓါတ်လုံး ဖြစ်သည်။ နတ်သိကြားမင်းနှင့် ထွက်ရပ်ဝိဇာဘရသေ့တို့ ချီးမြှင့်ထားသည့် ဓါတ်လုံးကလေးဖြစ်သည်။ ဖိုးလုံး တစ်ယောက် အချိန်ဆွဲမနေတော့ဘဲ ထိုမဟိဒိဓါတ်လုံးကို ဆရာတော်ပါးစပ်အတွင်းထည့်လိုက်ရန်ကြံစည်လိုက်သည်။
“ဖိုးလုံး၊ မင်း တကယ်လုပ်မလို့လား”
စိတ်ထဲမှ အသံကြားလိုက်သဖြင့် ဖိုးလုံးလက်တွန့်သွားသည်။
“ဓါတ်လုံးကြောင့် မင်းမှာအစွမ်းတွေရှိနေတာ၊ ဒီဓါတ်လုံးသာမရှိရင် မင်းသေသွားနိုင်တယ်ဆိုတာမင်းသိရဲ့လား”
မကောင်းသည့်အတွေးအခေါ်များက သူ့စိတ်ကိုလွန်ဆွဲနေခဲ့ပြီ၊ မှန်တော့မှန်သည်။ ဓါတ်လုံးရှိနေသဖြင့်သာ ဖိုးလုံးမှာ အဆိပ်အမျိုးမျိုး၊ ဒဏ်ရာအမျိုးမျိုးကို ပျောက်ကင်းနေခြင်းဖြစ်သည်။ ဦးဇင်းပါးစပ် အတွင်းသို့ ဓါတ်လုံးကိုထည့်ရန်ပြုလုပ်နေသည့် သူ့လက်တွေတုန်ယင်လာသည်။ အကောင်းအဆိုးက ဖိုးလုံးစိတ်ကို လွန်ဆွဲနေခဲ့ပြီ၊ ဖိုးလုံးသာ ဓါတ်လုံးထည့်ပေးခဲ့လျှင် ဦးဇင်းအသက်ရှင်မည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် သူ့ထံတွင်ဓါတ်လုံးမရှိတော့ပါကလည်း ရှေ့လျှောက် မကောင်းဆိုးဝါး မိစ္ဆာများကို မည်ကဲ့သို့ တိုက်ခိုက်ရတော့မည်နည်းဟု တွေးတောပူပန်မိနေသည်။
“အိုကွာ၊ ဘာဖြစ်ဖြစ်ကွာ၊ အသက်တစ်ချောင်းက ကယ်ကောင်းပါတယ်၊ ငါသေသွားလဲ ဘာဖြစ်သလဲ”
ဖိုးလုံးက စိတ်ကိုဒုံးဒုံးချကာ ဆုံးဖြတ်လိုက်ပြီးနောက် ဦးဇင်းပါးစောင်ကို လက်တစ်ဖက်နှင့်ညှစ်ကာ နောက်လက်တစ်ဖက်တွင်ကိုင်ထားသည့် ရွှေရောင်ဝင်းလက်နေသော ဓါတ်လုံးကိုထည့်လိုက်တော့သည်။ ဓါတ်လုံးမှာ ဦးဇင်းပါးစပ်ထဲတွင် ဝင်းလက်နေပြီး လည်ချောင်းအတွင်းသို့ ဆင်းသွားလေသည်။ အထဲသို့ရောက်ပြီးမကြာခင် ဦးဇင်းမှာ မျက်တောင်များခတ်လာသည်။ ထို့နောက် ဖိုးလုံးကိုကြည့်လျှက်
“ဒကာလေး ဖိုးလုံး”
ဖိုးလုံးလည်း ထိုတော့မှ ရင်ထဲကအလုံးကြီးကျသွားသည်။ အံ့လည်း အံ့ဩမိသည်။
“ဟင်၊ အရှင်ဘုရားက တပည့်တော်နာမည်ကို သိနေတယ်လား”
“ဦးဇင်းမေ့မြောနေပြီးတော့ ရွှေရောင်တွေတဖိတ်ဖိတ်တောက်နေတဲ့ နတ်နန်းဆောင်ကြီးတစ်ခုကိုရောက်သွားတယ်၊ အဲဒီမှာ နတ်မင်းကြီးတစ်ပါးတွေ့တယ်၊ နတ်မင်းကြီးက ဒကာလေးနာမည်က ဖိုးလုံးလို့ခေါ်ပြီးတော့ ဒကာလေးက ဦးဇင်းဆောင်ရွက်မယ့် သာသနာပြုလုပ်ငန်းမှာ ဦးဇင်းကို ပါရမီဖြည့်ပြီး ကူညီပေးမယ့်လူလို့ မှာကြားလိုက်တယ်”
ဖိုးလုံးလည်း လက်အုပ်ချီမိုးကာ ဦးဇင်းအားရှိခိုးလိုက်သည်။
“တင်ပါ့ဘုရား တပည့်တော် နတ်မင်းတွေမှာကြားထားတဲ့အတိုင်း ဦးဇင်းအနားမှာနေပြီး ဦးဇင်းရဲ့လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးပါ့မယ် ဦးဇင်း”
“အေးကွယ်၊ သာဓု၊ သာဓု၊ သာဓု”
“ဒါနဲ့ ဦးဇင်းက တပည့်တော်နာမည်ကိုသိပေမယ့်၊ တပည့်တော်က ဦးဇင်းရဲ့ဘွဲ့တော်ကို မသိရသေးပါဘူးဘုရား”
“ဟုတ်ပေသားပဲ၊ ဦးဇင်းလည်း လမ်းတစ်လျှောက်တရားမှတ်လာတော့ ဒကာလေးနဲ့စကားပြောဖို့ အချိန်မရလိုက်လို့ကွဲ့၊ ဦးဇင်းဘွဲ့တော်က ဦးသောဘိတလို့ခေါ်ပါတယ်”
ဦးဇင်း ဦးသောဘိတက သင်္ကန်းကို ပြင်ရုံပြီးနောက် ရွာကလေးဆီသို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ ရွာကလေးတွင်တော့ မီးများစွဲလောင်နေလေသည်။
“ရွာက ဘာဖြစ်တာလဲ ဒကာလေးဖိုးလုံး”
“တင်ပါ့၊ ရွာသားတွေစွန့်ခွာသွားတဲ့ ရွာပျက်ကြီးတစ်ခုပါ ဦးဇင်း၊ ဦးဇင်း ဒီမှာခဏစောင့်နေပါ၊ တပည့်တော် ရွာထဲကို ခဏသွားကြည့်လိုက်ပါ့မယ်ဘုရား”
ဖိုးလုံးလည်း ရွာထဲသို့ အပြေးဝင်ခဲ့သည်။ သူ့အားဖမ်းချုပ်ထားသည့် သစ်သားအိမ်ကြီးတစ်အိမ်ဆီသို့ ဖိုးလုံးရောက်လာခဲ့သည်၊ အိမ်ကြီးထဲတွင် နားမကြားသည့်မိန်းကလေးအနားက လဲကျနေရာ Yဖိုးလုံးကတိုးကပ်သွားသည်။ ထိုမိန်းကလေးက မျက်လုံးကြီးပွင့်ပြီးသေဆုံးနေသည်။ ဖိုးလုံးက ထိုမိန်းကလေး၏ မျက်လုံးများကိုမှိတ်ပေးလိုက်သည်။
“မင်းငါ့အပေါ်ကျေးဇူးရှိပါတယ်၊ မင်းငါ့ကိုကယ်ခဲ့တာပဲ”
မိုးကြိုးပစ်ခံထားရသည့် အိမ်ကြီးတွင် လောင်ကျွမ်းနေသည့် မီးတောက်မီးလျှံများမှာ အခြားအိမ်များသို့ပင် ကူးစက်နေပြီဖြစ်သည်။ ဖိုးလုံးနှင့်ဦးဇင်းတို့လည်း ရွာမှထွက်လာပြီး ခပ်လှမ်းလှမ်းအရောက်တွင် ဖိုးလုံးက ရွာကလေးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ရွာကလေးကို မီးတောက်မီးလျှံတွေက ဝါးမြိုနေပြီဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်မှ အသံကြီးတစ်ခုကိုကြားလိုက်ရသည်။
“ဖိုးလုံး၊ မင်းမှန်တာကိုရွေးချယ်ခဲ့တယ်၊ မင်းမှန်တဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်၊ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ”
ခပ်လှမ်းလှမ်းကိုရောက်နေသည့် ဦးဇင်းကတော့ ထိုအသံများကိုကြားနိုင်မည်မဟုတ်ပေ။ ဖိုးလုံးကတော့ ဦးဇင်းနောက်ကိုပြေးလိုက်ခဲ့သည်။ ဦးဇင်းမှာ လမ်းကိုခပ်မှန်မှန်လျှောက်နေသော်လည်း ခြေလှမ်းအတော်မြန်သည်ဟု ထင်နေရသည်။ သူတို့နှစ်ယောက် ရွာလမ်းကလေးအတိုင်း ဆက်ထွက်လာကြပြီး မြေပြန့်ကြီးတစ်ခုကို ဖြတ်သန်းနေလိုက်ကြသည်။ ကောင်းကင်တွင်တော့ နေဝင်တော့မည်ဖြစ်သဖြင့် အိပ်တန်းတက်မည့်ငှက်ကလေးများက အသံစုံမြည်အော်ဟစ်ကာ ပျံသန်းနေကြတော့သည်။
ပြီးပါပြီ။