(ဖြစ်ရပ်မှန်)
(၁)
“သား၊ ကျွဲတွေကို သေသေချာချာဂရုစိုက်နော်”
ဖိုးသားက ထမင်းစားနေရင်း အမေဖြစ်သူက ပြောလိုက်သည့်အတွက် ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည်။ ဖိုးသားအမေက နနွင်းမှုန့်များများဖြင့် ချက်ထားသည့် လယ်ငါးဇင်ရိုင်း နှစ်ကောင်ကို ဖိုးသားပန်းကန်ထဲသို့ ထည့်ပေးလိုက်ကာ သူကတော့ ကျန်နေသည့် ဟင်းအနှစ်များကို ပန်းကန်ထဲသို့လောင်းထည့်လိုက်ပြီး ငါးပိရည်ကျဲကိုထမင်းပေါ်သို့ဆမ်းလိုက်လေသည်။
အမေဖြစ်သူ ငါးပိရည်နှင့် စားတော့မည်ကိုသိလိုက်သဖြင့် ဖိုးသားတစ်ယောက် စိတ်မကောင်းဖြစ်သွားသည်။ အမေဖြစ်သူက ထမင်းကိုဟင်းအနှစ်၊ ငါးပိရည်နှင့် နယ်ဖတ်ပြီးသည့်အခါ သူ့ပန်းကန်အတွင်းမှ ငါးဇင်ရိုင်းတစ်ကောင်အား လက်ဖြင့်ယူလိုက်ကာ အမေ့ပန်းကန်ထဲကို လှမ်းထည့်ပေးလိုက်သည်။
“စားပါသားရယ်”
“အို၊ အမေကလည်း စားစမ်းပါဗျ၊ နှစ်ကောင်ရှိတာ အမေတစ်ကောင်၊ သားတစ်ကောင်ပေါ့ဗျာ”
အမေဖြစ်သူ မိအေးက သားဖြစ်သူကိုကြည့်ရင်း ပီတိတွေဖြစ်နေမိသည်။ အရွယ်နှင့်မလိုက်အောင် မိဘကိုသိတတ်လွန်းသော သားဖြစ်သူကိုကြည့်ကာ ပြုံးနေမိသည်။ သို့သော်လည်း မကြာခင်မှာပင် ရင်ထဲပူဆွေးလာပြီးနောက် မျက်ရည်များဝေ့လာသဖြင့် ခေါင်းကိုအသာမော့ထားလိုက်သည်။
အားရပါးရ ထမင်းစားနေသော ဖိုးသားမှာ အခြားကလေးများလို ကျောင်းနေအရွယ်ဖြစ်သော်လည်း ကျောင်းမနေရရှာပဲ စားဝတ်နေရေးအတွက် မိဘကိုတစ်ဖက်တစ်လမ်းက ကူညီပေးနေရသည့်အတွက် သားဖြစ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားမိခြင်းဖြစ်သည်။ ဖိုးသားကတော့ ဘာမှအပူအပန်မရှိသည့်နှယ်။ ထမင်းများကို ကျုံးစားပြီး ပြုတ်ထားသောမျှစ်ကို ဝါးကာ ပလုပ်ပလောင်းစားသောက်နေလေသည်။
စားသောက်ပြီးသည့်အခါ ဖိုးသားကလက်ဆေးပြီး သူလွယ်နေကျ လွယ်အိတ်အစုတ်ကလေးကိုလွယ်လိုက်သည်။ ဖိုးသားဝတ်ဆင်ထားသည်ကလည်း အဖြူရောင်ပင်မပေါ်တော့သည့် ကျောင်းစိမ်းရှပ်အင်္ကျီအဟောင်းလေးတစ်ထည်ဖြစ်နေပြန်သည်။ အောက်က အကွက်ပင်မပေါ်သည့် ပုဆိုးတစ်ထည်ကို တိုတိုဝတ်ထားလျှက် ထရံတွင်ချိတ်ထားသည့် ခမောက်စုတ်ကြီးကို ဆွဲယူကာ ဆောင်းလိုက်လေသည်။
“သား၊ အဝေးကြီးတွေ မသွားနဲ့နော်၊ နောက်ပြီး ကျွဲတွေကိုလည်း သေချာဂရုစိုက်၊ ဟိုနေ့က ဦးဖိုးကြီးကျွဲတွေ ပျောက်သွားတယ်လို့ကြားတယ်၊ တော်ကြာ ကျွဲတစ်ကောင်ပျောက်သွားမှဖြင့် အမေတို့စားဖို့မရှိဘဲ လျော်ဖို့ရှိနေပါအုံးမယ်သားရယ်”
“ရပါတယ်အမေရ၊ ဒီကောင်တွေက သားစကားကိုနားထောင်ပါတယ်၊ စိတ်မပူပါနဲ့”
ခမောက်ဆောင်းကာ သွက်သွက်လက်လက်ဖြင့် အိမ်ပေါ်မှပြေးဆင်းသွားသည့် သားဖြစ်သူကိုကြည့်ရင်း မိအေးမျက်ရည်များကျဆင်းလာသည်။ နံရင်တွင်ချိတ်ဆွဲထားသည့် မိသားစုပုံကလေးကိုကြည့်ရင်း သူ့ယောက်ျားဖြစ်သူ ကိုထွန်းကို တမ်းတမိသည်။
“ကိုထွန်းရေ၊ တော့်သားက သိပ်လိမ်မာတာရှင့်၊ ရှင့်ကို မြင်စေချင်လိုက်တာရှင်”
မိအေးယောက်ျား ကိုထွန်းကတော့ တစ်နယ်တစ်ကျေးတွင် ကျားဖောင်လုပ်ငန်းသွားရောက်လုပ်ကိုင်ရင်း သေသည်ရှင်သည်မသိဘဲ လွန်ခဲ့သည့် သုံးနှစ်ခန့်ကပင် ပျောက်ဆုံးသွားခဲ့သူတစ်ဦးဖြစ်သည်။
(၂)
သူတို့နေသည့်ရွာကလေးက ရေသိုးကြီးကျေးရွာဖြစ်ပြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းတည်ရှိသည်။ ရေသိုးရွာမှာ နှစ်ပိုင်းကွဲနေကာ ရေသိုးကြီး၊ ရေသိုးကလေးဟု နှစ်စုကွဲနေသည်။ ရေသိုးကြီးကျေးရွာမှာ ရခိုင်ရိုးမအစပ်တွင်တည်ရှိပြီး အိမ်ခြေနည်းပါးကာ သိပ်မစည်ကားပေ။ မိအေးမှာ ထိုရွာဇာတိမဟုတ်ပေ၊ ယောက်ျားဖြစ်သူကိုထွန်းနှင့် အကြောင်းပါပြီး ယခုရွာတွင်လာရောက်ကာ အခြေချနေထိုင်ကြခြင်းဖြစ်သည်။ ကိုထွန်းက ယခင်က သစ်လုပ်ငန်းလုပ်ကိုင်သဖြင့် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် သစ်လုပ်ငန်းမှာအဆင်မပြေတော့သည့်အတွက် ကြုံရာကျပန်းလုပ်ကိုင်ရင်း နောက်ဆုံးတော့ ငွေများများရသည့် ကျားဖောင်များနှင့်လိုက်သွားရာ သေသည်ရှင်သည် မသိတော့ပေ။
ဖိုးသားတစ်ယောက် ရွာအပြင်ကွင်းများအတွင်းသို့ ကျွဲများကိုမောင်းနှင်လာသည်။ သူတို့ဒေသတွင် လယ်ယာစိုက်ပျိုးကြသော်လည်း နွားများထက် ကျွဲများကိုအသုံးများကြသည်။ မိုးရာသီမို့ ရွာအပြင်ကွင်းကြီးထဲတွင် ရေတွေပြည့်နေသဖြင့် ကျွဲများက ရေအကြိုက်ကူးနိုင်သည်ဖြစ်ရာ ဖိုးသားလည်း ကျွဲများကို ဖြန့်ထားလိုက်တော့သည်။
အသက်ဆယ့်နှစ်နှစ်အရွယ်ခန့်သာရှိသော ဖိုးသားတစ်ယောက် လောကဓံဟူသည့် ဘ၀ထိုးနှက်ချက်များကို အရွယ်နှင့်မလိုက်အောင် ခါးစည်းခံနေရပေသည်။ ကျွဲများကိုဖြန့်ထားရင်း ကွင်းထဲတွင် ငါးထောင်ဖမ်းခဲ့သည်။ လေးငါးနေရာလောက် ငါးထောင်ထားပြီးသည့်နောက်တွင် ကုန်းပေါ်သို့ပြန်တက်ခဲ့သည်။
“ငါးကြီးကြီး သုံးကောင်လောက်ပဲရလိုက်စမ်းကွာ၊ ငါ့အမေကို ငါးများများနဲ့ ကျွေးချင်လို့ကွ”
တစ်ယောက်တည်း ရေရွတ်ကာ တာပေါင်ပေါ်တွင်ထိုင်နေမိသည်။ မိုးတွင်းဖြစ်သဖြင့် မိုးသားများက တစ်လိပ်လိပ်နှင့်တက်လာနေသည်။ မကြာခင် တာပေါင်ပေါ်တွင် လူနှစ်ဦးလမ်းလျှောက်လာသည်။ ရွာလယ်ပိုင်းက မလုံးတင်နှင့် သူ့သမီး ဘုတ်ဆုံတို့ဖြစ်သည်။ ဘုတ်ဆုံက သူနှင့်ရွယ်တူနီးပါးဖြစ်ပြီး အတူတူဆော့ဖော်ဆော့ဖက်ဖြစ်သည်။ အနားရောက်လာမှ မလုံးတင်လက်ထဲတွင် တစ်တောင်ခန့်ရှိသည် ငါးအကောင်ကြီးများကို နှီးဖြင့်သီကာဆွဲလာသည်ကိုမြင်တွေ့လိုက်ရသည်။ ဘုတ်ဆုံက သူ့အားခေါ်သည်။
“ဟဲ့ ဖိုးသား၊ နင်ဘာလုပ်နေတာလဲ”
“ကျွဲကျောင်းနေတာပေါ့ဟ၊ နင်မမြင်ဘူးလား။ ဒါနဲ့ နင်တို့ဘယ်သွားလာတာလဲ ငါးတွေလည်းမနည်းပါလားဟ”
“အေးဟ၊ သဖန်းချောင်ဘက်မှာ ငါးတွေပေါတယ်၊ ငါနဲ့အမေနဲ့ နေ့တစ်ပိုင်းလောက်ဖမ်းတာတောင်မှ တော်တော်ရတယ်ဟ”
ဘုတ်ဆုံပြောသဖြင့် ဖိုးသားမျက်လုံးများအရောင်လက်သွားသည်။ ရွာအပြင် ကွင်းထဲတွင်တော့ ထိုမျှလောက်ကြီးသည့် ငါးရှိမည်မဟုတ်၊ ငါးရစ်၊ ငါးသန်၊ ငါးဇင်ရိုင်းလောက်သာရတတ်သည်ဖြစ်ရာ သဖန်းချောင်ဘက်သို့ ငါးသွားမျှားချင်စိတ်များဖြစ်ပေါ်လာခဲ့သည်။
တစ်ယောက်တည်း သွားလို့ကလည်းမရပေ၊ ကျွဲအုပ်ကရှိနေသေးသည်။ ဖိုးသားကျောင်းသည့် ကျွဲအုပ်မှာ ကျွဲရှစ်ကောင်ပါသည်။ သို့သော်လည်း စိတ်ဆုံးဖြတ်ပြီးပြီမို့ ကျွဲများကိုမောင်းတင်လိုက်ပြီး သူထောင်ထားသည့် ငါးများကိုပင်မေ့သွားလေသည်။
“စိန်ပန်းရေ သဖန်းချောင်ဘက်ကိုသွားမယ်ဟေ့”
စိန်ပန်းဟူသည့် ကျွဲကြီးက ၀၀ဖီးဖီး ဂျိုထောင်ထောင်နှင့်ဖြစ်သည်။ ကျွဲဟုဆိုသော်လည်း ဖိုးသားစကားကို အလွန်နားထောင်ကာ လူစကားအတော်နားလည်သည်။ ဖိုးသားခေါ်လိုက်သည်နှင့် ရေထဲမှတက်လာကာ ဖိုးသားအရှေ့တွင် ဝပ်ပေးလိုက်လေရာ ဖိုးသားမှာ စိန်ပန်း၏ ကျောကုန်းပေါ်သို့ လွှားခနဲခုန်တက်လိုက်လေသည်။
သဖန်းချောင်ဆိုသည်မှာ ရိုးမအစပ် တောအုပ်တစ်နေရာတွင်တည်ရှိသည်။ သဖန်းချောင်သို့သွားရန် ကွင်းပြင်ကျယ်ကြီးကိုဖြတ်သွားရသည်။ ရေနက်ကွင်းများဖြစ်သဖြင့် ရေနက်လှရာ ကျွဲစီးသွားမှ အဆင်ပြေလေသည်။ ဖိုးသားလည်း ကျွဲအုပ်ကိုမောင်းရင်း နာရီဝက်ခန့်အကြာတွင်တော့ သဖန်းချောင်ဘက်သို့ရောက်လာသည်။
သဖန်းချောင်ဟုအမည်ရသော်လည်း သဖန်းပင်များသိပ်မရှိပေ၊ ဒေသအလိုက်ပေါက်နေသည့် သစ်ပင်များသာရှိသည်။ ထိုသစ်ပင်များအလယ်တွင် အိုင်ကြီးတစ်အိုင်ရှိကာ ထိုအိုင်ဘေးနားတွင်လည်း စိမ့်တောမြေကြီးဖြစ်သည်။ စိမ့်တောကြီးအတွင်းဝင်လိုက်သည့်အခါ ပတ်ဝန်းကျင်က အေးစိမ့်နေလေသည်။ စိမ့်တောအတွင်းရှိ ရွံ့နွံ့များပေါ်တွင် ငါးပျံများ၊ ကဏန်းကောင်ကလေးများက သွားလာလှုပ်ရှားနေကြလေသည်။ ဖိုးသားလည်း အိုင်ကြီးနံဘေးတွင် ဆင်းလိုက်ပြီး ကျွဲများကို စိမ့်တောအတွင်းလွှတ်ထားလိုက်သည်။
ငါးမျှားကြိုးကို အသင့်ပြင်လိုက်ပြီး အိုင်ကြီးအတွင်းသို့ ပစ်ချလိုက်သည်။ စိတ်ထဲကလည်း ငါးရဖို့ကိုသာ စိတ်ကူးနေမိသည်။ ငါးအကောင်ကြီးကြီးရဖို့ကို မျှော်လင့်နေမိသည်။ သူစားဖို့ထက် သူ့အမေကို ငါးပေါပေါများများကျွေးချင်သည်ကြောင့်ဖြစ်သည်။ ထိုသို့စောင့်နေရင်း မကြာခင် ငါးမျှားကြိုးများလှုပ်ယမ်းလာလေရာ ကြိုးစကိုအသာဆွဲလိုက်လေသည်။ လက်တစ်ဝါးခန့်ရှိသည့် ငါးကြီးတစ်ကောင်မှာ လှုပ်ယမ်းလျှက် ပါလာလေသည်။ တစ်တောင်လောက်ငါးမရသေးသော်လည်းလက်တစ်ဝါးခန့်ဆိုသော်လည်း သိပ်တော့မဆိုးပေ၊ မနက်ကစားခဲ့သည့် ငါးဇင်ရိုင်းထက်တော့ အသားပိုများသည်။ ဖိုးသားက မြက်ပင်များကိုစုလိမ်ကာ ကြိုးပုံစံပြုလုပ်လိုက်ပြီး ငါးပါးဟက်ကိုခွဲကာ မြက်ကြိုးနှင့်ချည်တွဲထားလိုက်သည်။ ထိုသို့ဆက်ဖမ်းနေရင်း အချိန်မည်မျှကြာသွားသည်ပင်မသိတော့ပေ၊ သူ့မြက်ကြိုးတွင်လည်း တစ်တောင်ခန့်ရှိသည့်ငါးများ၊ တစ်ထွာခန့်ရှိသည့်ငါးများနှင့် ငါးမျိုးစုံဆယ်ကောင်ခန့်ရနေပြီဖြစ်သည်။
ပတ်ဝန်းကျင်က အမှောင်ဖုံးနေလေပြီ၊ မိုးပေါ်ကိုမော့ကြည့်တော့ တိမ်စိုင်မည်းမည်းကြီးတွေက ဖုံးအုပ်ထားသည်။ ပြန်ချိန်သင့်ပြီမှန်း ဖိုးသားသိလိုက်သည်။ ထို့အပြင် သဖန်းချောင်က သရဲခြောက်သည်ဟုလည်း ရွာမှလူများက ပြောဆိုနေကြသဖြင့် ဖိုးသားစိတ်ထဲ ကြောက်လန့်လာလေသည်။
“စိန်ပန်းရေ၊ ပြန်ရအောင်ဟေ့”
အသံကုန်ဟစ်အော်လိုက်သည့်အခါ အခြားကျွဲများမှာ သူ့အနားသို့ရောက်လာသော်လည်း စိန်ပန်းကြီးက ရောက်မလာခဲ့ပေ၊ ကျွဲများကို ရေတွက်လိုက်သည့်အခါ ခြောက်ကောင်သာရှိပြီး အောင်လှဆိုသည့် ကျွဲကြီးနှင့် စိန်ပန်းကြီးကို မတွေ့ရပေ၊ ဖိုးသားစိတ်ညစ်သွားပြီး ခေါင်းကိုတဗြင်းဗြင်းကုတ်လိုက်သည်။
“ဟာ၊ ဒီကောင်တွေတော့ ဘယ်ကိုခြေရှည်နေသလဲမသိပါဘူး”
ကျန်သည့်ကျွဲခြောက်ကောင်ကို အနီးရှိသစ်ပင်တစ်ပင်တွင်ချည်ထားလိုက်ပြီးနောက် ငါးများတွဲထားသည့် အတွဲကို လွယ်အိတ်ကြိုးတွင် ဆွဲချည်လိုက်ကာ ဖိုးသားတစ်ယောက် ကျွဲပျောက်ရှာရတော့သည်။
(၃)
“အောင်လှရေ . . . စိန်ပန်းရေ”
ဖိုးသားအော်ဟစ်ရင်း တောတန်းကလေးအတိုင်း ဝင်လာခဲ့သည်။ မကြာမီ တောအုပ်မြေပျော့ပျော့တွင် ကျွဲခြေရာကွက်များကို လတ်လတ်ဆတ်ဆတ်တွေ့ရလေသည်။ စိန်ပန်းတို့ခြေရာဖြစ်မည်ဟုတွေးလိုက်ကာ ဆက်လိုက်ခဲ့ရင်း မကြာမီ မိုးကောင်းကင်မှာ ပိုမိုမှောင်မည်းလာသည်။
“ညရောက်တာတော့ မဖြစ်နိုင်ဘူး၊ ငါထွက်လာတာ ဘယ်လောက်မှမရှိသေးဘူး၊ မိုးသားတွေများလို့ ထင်ပါရဲ့”
ဖိုးသားတစ်ယောက် အခုတော့ ကျွဲအတွက်နှင့်ပူနေရပြီဖြစ်သည်။ ကျွဲတစ်ကောင်တန်ဖိုးကလည်း ခေတ်ကာလာပေါက်ဈေးအရ မနည်းလှပေ၊ သူတို့သားအမိနှစ်ယောက် ထမင်းပင်မနည်းနပ်မှန်အောင်လုပ်စားနေရသည့်အတွက် ကျွဲအတွက်လျော်ကြေးဆိုလျှင် ပေးစရာပင်မရှိ၊ ပိုဆိုးသည်က ဖိုးသားကြောင့် ကျွဲပျောက်သွားသည်ဟုဆိုလျှင် နောက်ဆို ရွာမှလူများက သူ့အားကျွဲကျောင်းခိုင်းမည်မဟုတ်၊ ကျွဲမကျောင်းရလျှင် ဝင်ငွေမရနိုင်တော့မည်ကို တွေးပူရင်း ဖိုးသားစိတ်တွေလေးလံလာသည်။
တောတန်းကလေးကို ဖြတ်ကျော်လိုက်သည့်အခါ ကျယ်ပြောသည့် လယ်ကွင်းကြီးကိုတွေ့လိုက်ရသည်။ ဖိုးသားပင် အလွန်အံ့ဩသွားမိသည်။ သဖန်းချောင်က ရခိုင်ရိုးမတောင်တန်းကြီးအဆက်မို့ ရှေ့ဆက်သွားလျှင် တောပိုပြီးနက်သွားရမည်ဖြစ်သော်လည်း အခုတော့ လယ်ကွင်းကြီးတစ်ခုကို ဘွားခနဲမြင်တွေ့လိုက်ရသဖြင့် အံ့ဩသွားခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ကလည်း ညအမှောင်ကျသကဲ့သို့မှောင်မည်းနေလေသည်။ လယ်ကွင်းအတွင်းတွင်တော့ ကျွဲကြီးနှစ်ကောင်ဖြင့် လူကြီးတစ်ယောက်က လယ်ထွန်လျှက်ရှိသည်။
“ဟာ . . . အဲဒါ စိန်ပန်းနဲ့ အောင်လှပဲ”
ဖိုးသားလည်း လယ်ကန်သင်းများအပေါ်သို့ အပြေးအလွှားပြေးလိုက်ရင်း မကြာမီလယ်ထွန်သည့်နေရာသို့ရောက်လာသည်။
“ဝေး . . . အဲဒါ ကျုပ်ကျွဲတွေဗျ”
လယ်ထွန်နေသည့်သူက သူ့အားတစ်ချက်လှည့်ကြည့်ပြီး ဆက်လက်ထွန်နေလေသည်။ လယ်ကွင်းတစ်နေရာတွင်တော့ တဲအိမ်ကလေးတစ်လုံးရှိပြီး ထိုတဲအိမ်ကလေးအတွင်းမှ မိန်းကလေးတစ်ဦးက ပြေးထွက်လာလေသည်။
“မောင်လေးရေ၊ လာပါအုံး”
ဖိုးသားလည်း ထိုမိန်းကလေးထံသို့ ပြေးလာခဲ့ရလေသည်။ မိန်းကလေးက အသားဖြူဖြူနှင့်ဖြစ်ပြီး ထမီရင်လျားနှင့်ဖြစ်ကာ ဖြူဖွေးအိညက်နေသည့် အသားစိုင်များကို အတိုင်းသားမြင်နေရသည်။ အသက်နှစ်ဆယ်ခန့်ရှိမည်ဟု ဖိုးသားက ခန့်မှန်းလိုက်သည်။
“မောင်လေး၊ ဘာလာလုပ်တာလဲ”
“ဟိုမှာထွန်နေတဲ့ ကျွဲက အဲဒါကျုပ်ကျောင်းနေတဲ့ ကျွဲဗျ”
ထိုမိန်းကလေးက လယ်ထွန်နေသည်ကိုကြည့်ရင်း
“ဪ၊ အင်းပါ၊ မမတို့လည်း ကျွဲမရှိလို့ လယ်မထွန်နိုင်ဘူးဖြစ်နေတာ၊ မောင်လေး အဲဒီကျွဲနှစ်ကောင်ကို မမတို့ကိုရောင်းပါလား”
“မလုပ်ပါနဲ့ဗျ၊ အဲဒါ ကျုပ်ပိုင်တဲ့ကျွဲလည်းမဟုတ်ဘူး၊ ကျုပ်က သူများကျွဲကိုငှားထွန်ပေးရတာဗျ၊ ကျွဲကိုပြန်ပေးပါ မမရယ်”
“အေးပါကွဲ့၊ ဒါဆိုရင်လည်း မမတို့အိမ်မှာ ခဏထိုင်နေအုံး၊ မမတို့ လယ်ထွန်ပြီးရင် ကျွဲတွေလည်းပြန်ပေးမယ်၊ မောင်လေးကိုလည်း အိမ်ပြန်လိုက်ပို့ပေးမယ်၊ ဟုတ်ပြီလား”
ဖိုးသားလည်း ခေါင်းအလိုလိုညိတ်မိသွားသည်။ ကျွဲမရှိသဖြင့် လယ်မထွန်နိုင်သည့်အဖြစ်ကိုလည်း သနားမိသွားသောကြောင့်ဖြစ်သည်။ ထိုမိန်းကလေးက ဖိုးသားကို သူတို့တဲကလေးဆီသို့ခေါ်သွားသည်။ တဲအတွင်းတွင် အတော်မှောင်မည်းနေပြီး မီးခွက်ကလေးများထွန်းထားသည်။ ခပ်၀၀ဖိုင့်ဖိုင့် မိန်းမကြီးတစ်ယောက်က ငုတ်တုတ်ထိုင်နေလေသည်။ ထိုမိန်းမကြီးလည်း သူတွေ့ခဲ့သည့် မိန်းကလေးကဲ့သို့ပင် ထမီရင်လျားနှင့်ဖြစ်သည်။
ဖိုးသားတဲအတွင်းထိုင်လိုက်ပြီး ဟိုဟိုသည်သည်ကြည့်နေမိသည်။ ထိုအချိန်တွင် ခုနက မိန်းကလေးက ဖိုးသားလွယ်အိတ်ကိုကြည့်လျှက်
“ဟယ်၊ ငါးတွေပါလား၊ မမတို့ကိုကျွေးပါလား”
“အို၊ မကျွေးနိုင်ပါဘူးဗျာ၊ ဒါကျွန်တော့်အမေအတွက် ဖမ်းလာတဲ့ငါးဗျ၊ အမေ့ကိုကျွေးဖို့”
“လုပ်စမ်းပါမောင်လေးရယ်၊ မမတို့လည်း ဟင်းစားမရှိလို့ပါ၊ မမအမေကိုလည်း မမက ငါးကျွေးချင်လို့ပါ”
ဖိုးသားလည်း ဘ၀တူများမို့ သနားမိသွားသည်။
“ဒါဆို အကုန်လုံးတော့မရဘူးမမ၊ တစ်ဝက်တော့ယူဗျာ”
ဖိုးသားက ငါးခြောက်ကောင်ကိုဖြုတ်ပေးလိုက်သည်။ သူဖြုတ်ပေးသည့် ငါးကလေးများမှာ လက်တစ်ဝါးခန့်သာရှိသည့် ငါးကလေးများဖြစ်သည်။ ငါးအကောင်ကြီးများကိုတော့ သူ့အမေစားဖို့ဆိုပြီး ဖယ်ထားလိုက်သည်။
ထိုမိန်းကလေးက ဖိုးသားပေးသည့် ငါးများကိုယူလိုက်ကာ သူ့နံဘေးတွင်ထိုင်နေသည့် မိန်းမ၀၀ကြီးကို လှမ်းပေးလိုက်ရာ ထိုမိန်းမ၀၀ကြီးက ငါးတစ်ကောင်ကိုယူလိုက်ပြီး ပါးစပ်နှင့်အစိမ်းကိုက်ဖဲ့လေသည်။ ဖိုးသားလည်း ငါးကိုအစိမ်းစားသည့်အဖြစ်ကို အံ့ဩပြီး ကြည့်နေမိစဉ် ငါးတစ်ကောင်မှာ အရိုးပါမကျန်အောင်ကုန်သွားလေသည်။
ထိုမိန်းကလေးက နောက်ထပ်ငါးတစ်ကောင်ကိုထပ်ပေးလိုက်ရာ မိန်းမ၀၀ကြီးက အားရပါးရစားပြန်သည်။ မီးခွက်အလင်းရောင်အောက်တွင် ထိုမိန်းမကြီး၏ သွားချွန်ချွန်ကြီးများကိုတွေ့လိုက်ရသည်။ သွားများအားလုံးမှာ အချွန်များဖြစ်ပြီး မီးရောင်ဖြင့်ဖွေးလက်နေလေသည်။ ဖိုးသားကြည့်နေရင်းတစ်ကိုယ်လုံးတုန်ပြီး ကြက်သီးများထလာခဲ့သည်။
ငါးခြောက်ကောင်မှာ ဖိုးသားမျက်စိရှေ့မှာပင် အစအနပျောက်သွားလေသည်။ ထိုအခါ မိန်းမ၀၀ကြီးက ဖိုးသားကိုကြည့်လိုက်ပြီး သူ့ပါးစပ်ကြီးကိုဖြဲပြသည်။
“စားအုံးမယ်၊ စားအုံးမယ် . . .”
ဖိုးသားခေါင်းနားပန်းများကြီးနေပြီဖြစ်သည်။ သူတွေ့နေရသည့်လူများမှာ လူမဟုတ်ဘဲ သရဲများဖြစ်လိမ့်မည်ဟူသည့်အတွေးက ခေါင်းထဲသို့ရောက်လာသည်။ ဖိုးသားလည်း ကြောက်ကြောက်နှင့် သူချိတ်ထားသည့် ငါးများအကုန်လုံးကိုဖြုတ်လိုက်ပြီး ထိုမိန်းမ၀၀ကြီး၏ အရှေ့သို့ပစ်ချပေးလိုက်ရာ ထိုမိန်းမကြီးက ငါးများကိုကုန်းကောက်ပြီး အငမ်းမရကိုက်စားပြန်သည်။
“ကျေးဇူးတင်လိုက်တာမောင်လေးရယ်”
“ဟုတ် . . . ဒါဆိုရင်လည်း ကျုပ်ကိုပြန်ပို့ပေးတော့ဗျာ၊ လယ်ထွန်တာပြီးပြီလား”
“အင်း၊ ပြီးလောက်ပါပြီ၊ ဒါနဲ့ မောင်လေးကို ငါးဖိုးပြန်ပေးစရာ မမတို့မှာ ဘာမှမရှိဘူး”
“ရပါတယ်၊ မ . . မလိုပါဘူး”
ထိုအခါ မိန်းကလေးက တောင်ကလေးတစ်တောင်းကိုယူခဲ့သည်။ ထိုတောင်းထဲတွင်တော့ လောက်စာလုံးများအပြည့်ထည့်ထားလေသည်။
“မောင်လေးက ကျွဲကျောင်းတယ်ဆိုတော့ လောက်စာလုံးတော့လိုမှာပေါ့၊ ယူသွားပါကွယ်”
“နေပါစေဗျာ၊ ကျွန်တော့်မှာ လောက်စာလုံးတွေပါပါတယ်”
“ယူသွားစမ်းပါမောင်လေးရယ်”
ဖိုးသားလည်း မယူလျှင် တစ်ခုခုလုပ်နေမည်ကို စိုးရိမ်သဖြင့် လောက်စာလုံးလက်တစ်ဆုပ်နှိုက်ပြီး လွယ်အိတ်ထဲကိုထည့်လိုက်သည်။ မကြာခင် ထိုမိန်းကလေးက ထသွားသဖြင့် သူ့အနောက်ကိုလိုက်လာခဲ့သည်။ တဲမှထွက်လိုက်သည့်အခါ လယ်ထွန်နေသည့်လူကြီးက အိမ်ကလေးဆီသို့ပြန်ရောက်လာလေသည်။ ထိုတော့မှ ထိုလူကြီးကိုအသေအချာကြည့်လိုက်ရာ ထိုလူကြီးတွင် မျက်လုံးလေးလုံးပါသည်ကိုတွေ့ရသည်။ ပုံမှန်မျက်လုံးအောက်တွင် နောက်ထပ်မျက်လုံးတစ်လုံးစီရှိနေသည်။ ဖိုးသားကိုလည်း ကျွဲများပြန်ပေးသည်။
“ကဲ သမီး၊ အဖေတို့အလုပ်တွေလည်း ပြီးပြီဆိုတော့၊ ဒီကောင်လေးကို ပြန်ပို့ပေးလိုက်စမ်းပါကွယ်”
ဖိုးသားက စိန်ပန်းကိုစီးလိုက်ပြီး လက်တစ်ဖက်က အောင်လှကိုဆွဲလိုက်သည်။ ထိုအခါ မိန်းကလေးက လယ်ကန်သင်းရိုးများအတိုင်း သူ့အရှေ့ကနေပြီး လမ်းလျှောက်သွားလေသည်။ ဖိုးသားက ကောင်းကင်ကြိးကိုမော့ကြည့်လိုက်သည့်အခါ ကောင်းကင်တွင် အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်များဖြင့် အရောင်စုံထွက်လျှက် လှပနေသည်ကိုမြင်တွေ့ရသည်။ ကန်သင်းရိုးအဆုံးကိုရောက်တော့ ထိုမိန်းကလေးက ပြုံးပြသည်။
“ကဲ မောင်လေး၊ ဟောဒီတောအုပ်ကလေးအတိုင်းလိုက်သွား၊ မကြာခင် မောင်လေးတို့ရွာကို ရောက်သွားလိမ့်မယ်”
ဖိုးသားလည်း ခေါင်းညိတ်ပြီး ကျွဲကိုဆက်မောင်းခဲ့သည်။ တောတန်းကလေးကို ဖြတ်ပြီးသည့်အခါ စူးရှသည့် နေအလင်းရောင်များကိုတွေ့လိုက်ရသဖြင့် အံ့ဩသွားမိသည်။ နေအလင်းရောင်က မနက်ပိုင်းအချိန်လို ဝင်းလက်ကာ တောက်ပနေသည်။ သဖန်းချောင်အတွင်းရောက်သည့်အခါ သူချည်ခဲ့သည့် ကျွဲခြောက်ကောင်ကိုလည်း မတွေ့ရတော့ပေ၊ သို့နှင့် ဖိုးသားလည်း ကျွဲစီးလျှက် ရွာသို့ပြန်လာခဲ့သည်။
(၄)
ရွာအပြင်ကွင်းကြီးအနီးရှိ တာပေါင်ကြီးပေါ်တွင် ကလေးများက ထွေခင်းတမ်း ဆော့ကစားနေကြလေသည်။
“ဟေး ဘုတ်ဆုံ”
ကွင်းထဲမှ ကျွဲစီးလျှက် တက်လာသည့် ဖိုးသားကိုမြင်သည့်အခါ ဘုတ်ဆုံမှာ အလွန်အံ့အားသင့်သွားသည်။ ထို့နောက် ဖိုးသားကို လက်ညှိုးထိုးလျှက်
“ဟဲ့၊ ဟိုမှာ ဖိုးသား၊ ဖိုးသား ကျွဲစီးပြီးလာနေတာဟဲ့”
ကလေးများအကုန်လုံးဖိုးသားကို ငေးကြည့်ပြီး ကြောက်လန့်တကြားဖြင့် ရွာထဲသို့ပြေးဝင်သွားကြသည်။ ဖိုးသားလည်း ကလေးများကိုကြည့်ရင်း ရွာထဲသို့ အေးအေးလူလူဝင်လာခဲ့သည်။ ရွာထိပ်ရောက်သည့်အခါ ရွာလူကြီးများနှင့်အတူ ဖိုးသားအမေ မိအေးလည်း ရွာထဲမှပြေးထွက်လာကြသည်ကိုမြင်ရသည်။ အမေကိုမြင်တွေ့လိုက်ရသည်မို့ ဖိုးသားအလွန်အံ့ဩသွားသည်။
“အမေ၊ သားပြန်လာပြီ”
သူ့အမေမိအေးက မျက်ရည်တွေကျနေလေသည်။
“မိအေး မသွားနဲ့၊ အဲဒါ နင့်သားက သရဲဖြစ်ပြီး နင့်ကိုလာခေါ်တာနေမှာ”
ရွာကလူတွေ ဝိုင်းပြောသော်လည်း မိအေးက အမြန်ပြေးထွက်ပြီး ဖိုးသားကိုပွေ့ဖက်လိုက်သည်။
“သားလေး၊ ဘယ်တွေသွားနေတာလဲ သားလေးရယ်”
“အမေ၊ သားသဖန်းချောင်ဘက်မှာ အမေ့အတွက် ငါးသွားဖမ်းတာအမေရ”
ထိုတော့မှ ရွာသားများမှာ ဖိုးသားကိုဝိုင်းအုံလာကြသည်။ ဖိုးသားကို ဝိုင်းပြီးစမ်းသပ်ကြည့်ကြသည်။ ဖိုးသားက မိမိဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို ပြန်ပြောပြရာ အားလုံးက အံ့ဩနေလေသည်။
“မင်းသိပ်ကံကောင်းတာပေါ့ကွာ၊ အဲဒီသဖန်းချောင်ဘက်မှာ ကျတ်တွေပိုင်တဲ့လယ်တွေရှိတယ်တဲ့ကွ၊ မင်းကို အသက်နှုတ်မထားလိုက်တာ ကျေးဇူးတင်ရမှာပဲ”
ရွာလူကြီးက ဝင်ပြောလေသည်။ ဖိုးသားလည်း ဘာမှနားမလည်နိုင်တော့ပေ။
“သားပျောက်နေတာ တစ်လကျော်ပြီသားရဲ့၊ အမေတို့က ငါ့သားလေးဆုံးသွားပြီလို့ထင်နေတာ”
ဖိုးသား ဘာမှနားမလည်နိုင်တော့ပေ၊ အများကသာ တစ်လဟုပြောကြသော်လည်း သူ့အတွက်တော့ တစ်ညနေသာကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ဖိုးသားက သူလွယ်ထားသည့် လွယ်အိတ်ကို တိုင်တွင်ချိတ်လိုက်ရာ လွယ်အိတ်အတွင်းမှဝင်းလက်နေသည့် အရာများကိုတွေ့လိုက်ကြရသည်။ ဖိုးသားက ဆွဲထုတ်လိုက်ရာ လောက်စာလုံး ခြောက်လုံးမှာ ရွှေအတိဖြစ်နေကာ အလွန်လေးလံလှပေသည်။ ဖိုးသားနှင့် သူ့အမေမိအေးရော၊ တစ်ရွာလုံးရော အံ့ဩဘနန်းဖြစ်ကြရသည်။
“မင်းက ကျတ်တွေကို ကူညီခဲ့လို့ ကျတ်တွေက မင်းကိုပြန်ပြီး ကူညီတာပဲဖြစ်ရမယ်ကွ”
ထိုတော့မှ ဖိုးသားက သူ့အားလောက်စာလုံးများပေးသည်ကို လက်တစ်ဆုပ်သာ ယူခဲ့မိခြင်းအပေါ် အလွန်နောင်တရမဆုံးဖြစ်နေတော့သည်။
ဇာတ်လမ်းချုပ်ရသော် ဖိုးသားရလာသည့် ရွှေလုံးများကို ထုခွဲရောင်းချပြီး သူတို့သားအမိနှစ်ယောက်ချမ်းသာသွားသည်။ ပုသိမ်မြို့တွင် အိမ်တစ်ဆောင်မီးတစ်ပြောင်နှင့် နေထိုင်ကြပြီး မိအေးကလည်း ပုသိမ်ဈေးတွင် ဈေးဆိုင်ဖွင့်လှစ်လိုက်သောကြောင့် သားအမိနှစ်ယောက် မတောင့်မတ၊ မကြောင့်မကျ နေနိုင်သည့်အခြေအနေဖြစ်သွားလေသည်။
ဖိုးသားက ဘ၀တစ်လျှောက်လုံး အားလျှင်အားသလို ထိုသဖန်းချောင်အတွင်းသွားရောက်ကာ ကျတ်များကိုရှာဖွေသော်လည်း ထပ်မံမတွေ့ရှိရတော့ပေ၊
ပြီးပါပြီ။