၁)
အိမ်ကလေးကို ပြောင်းလာတာ တစ်ပတ်လောက်တော့ရှိပြီ၊ ရန်ကုန်မြို့ မြို့ပေါ်ရပ်ကွက်တွင်တော့ ယခုလို လုံးချင်းအိမ်ငှားရဖို့ဆိုတာ သိပ်တော့မလွယ်လှပေ။ များသောအားဖြင့် တိုက်ခန်းတွေသာများသည်မို့ ပပက အခုလို လုံးချင်းအိမ်ကလေးကို တိုက်ခန်းတစ်ခုသာသာဖြင့် ၆ လစာစာချုပ်ချုပ်လိုက်ရသည်ကို အလွန်ဝမ်းမြောက်မိနေသည်။ အိမ်ပိုင်ရှင်ကလဲ အပြောကောင်း သဘောကောင်းသူများမို့ ပပ ကပိုပြီးဝမ်းသာမိနေသည်။ အိမ်စာချုပ်ချုပ်သည့်အခါတွင်လဲ များများစားစားအချက်အလက်တွေ လျှောက်မရေးထား၊ တစ်ခုတော့ သတိပေးထားသည်။ မနေလိုလျှင် ၆ လစာငွေ ပြန်မအမ်းဆိုသည့် အချက်ပင်ဖြစ်သည်။
အိမ်ကလေးက တစ်ထပ်အိမ် တိုက်ပုကလေးတစ်လုံးဖြစ်သည်။ ပပတို့လင်မယားက ညားပြီးတာသိပ်မကြာသေးပေ။ ကိုနိုင်က သင်္ဘောသားဖြစ်သည်။ သို့သော် သိပ်ပြီးမပြေလည်သေး။ ထို့အတွက်ကြောင့် ကိုယ်ပိုင်တိုက်ခန်းတို့ အိမ်တို့မဝယ်နိုင်သေးပဲ ငှားနေရခြင်းဖြစ်သည်။ ကိုနိုင် သင်္ဘောတက်သွားတော့ ပပက ဆွေမျိုးတော်သည့် အဒေါ်ကြီးတစ်ယောက်ကိုခေါ်နေသည်။ အခုအိမ်ကလေးတွင်တော့ ပပရယ်၊ ကြီးဒေါ်မှုန်ရယ်သာ နေထိုင်ကြသည်။ အိမ်အတွင်း အိပ်ခန်းနှစ်ခန်းပါသည်ဖြစ်ရာ အိမ်ရှေ့ဘက်ကျသည့်အိပ်ခန်းကို ပပတို့ လင်မယားအခန်းအဖြစ်ပြင်ဆင်ထားလိုက်ပြီး အနောက်ဘက်ကျသည့် အခန်းကိုတော့ ဒေါ်မှုန်အိပ်ခန်းဖြစ်သည်။ ပပက အလုပ်မည်မည်ရရမရှိ၊ အွန်လိုင်းရှော့ပင်းလေးတစ်ခုဖွင့်ထားပြီး ပစ္စည်းများရောင်းချနေရာ အလွန်ရောင်းရသည်တော့မဟုတ်သော်လည်း သူ့ဟာနှင့်သူတော့ အဆင်ပြေနေ၍ အိမ်စားဖို့ကာမိလေသည်။ ကိုနိင်စုမိသည့်ငွေများကိုတော့ ကိုယ်ပိုင်တိုက်ခန်းလေး တစ်ခုဝယ်နိုင်အောင် စုရတော့မည်။
“ဒီနေ့ဘာချက်ရမလဲ ပပ”
“ပပ အမဲသားကိုနှပ်ပြီးစားချင်တယ်၊ ဒေါ်မှုန် ဝယ်လာခဲ့ပါနော်”
ဒေါ်မှုန်က ဈေးဆွဲခြင်းကလေးဆွဲပြီးနောက် ဈေးသို့ထွက်သွားတော့သည်။ ပပကတော့ မျက်နှာသစ်ပြီး အလှပြင်ဖို့အတွက် ပြင်ဆင်နေသည်။ မကြာမီ သွားစရာရှိသဖြင့် သွားဖို့ပြင်နေရခြင်းဖြစ်သည်။ ပပက အလှပြင်နေရင်း မျက်ခုံးမွှေးဆွဲသည့် ခဲတံကလေးမှာ မှန်တင်ခုံပေါ်မှ ပြုတ်ကျသွားတော့သည်။ ထိုအခါ ထိုမျက်ခုံးမွှေး ဆွဲသည့်ခဲတံကလေးကို ပြန်ကောက်လိုက်ရာတွင် သူ့ရှေ့ မှန်တင်ခုံရှိ ဘဲဥပုံကြည့်မှန်ကြီးပေါ်တွင် လူရိပ်သဏ္ဍာန်တစ်ခုကို မြင်တွေ့လိုက်ရတော့သည်။ ပပလဲ ထိတ်လန့်ပြီး မျက်လုံးများကို ပိတ်ထားမိလိုက်သည်။ ခဏအကြာတော့ ပြန်ဖွင့်ပြီး ကြည့်မှန်ထဲကို မဝံ့မရဲနှင့် လှမ်းကြည့်လိုက်သည်။ ဘာမှမရှိ။ မှန်ထဲတွင် သူ့အခန်းပြတင်းပေါက်ဖွင့်ထားသည့်ပုံရိပ်မှ တစ်ပါး ဘာမှမရှိပေ။
“ငါ စိတ်ထင်နေတာဖြစ်မှာပါ”
ထိုသို့ပြောပြီးနောက် အဝတ်အစားလဲကာ အပြင်သို့ထွက်သွားလိုက်တော့သည်။ အိမ်သော့က သူ့တွင်တစ်ချောင်း ဒေါ်မှုန်တွင်တစ်ချောင်းရှိနေသောကြောင့် အိမ်သော့ကိုပိတ်ထားခဲ့လိုက်သည်။ အိမ်ကနေလမ်းလျှောက်ထွက်လိုက်ရင်း ကားဂိတ်နားအရောက်တွင် အိမ်ရှင် အဒေါ်ကြီးနှင့်ဆုံတော့သည်။ အိမ်ရှင်အဒေါ်ကြီးက ကားဂိတ်နားတွင်လမ်းမတန်းတိုက် မြေညီထပ်ကိုဝယ်ထားပြီး ဆိုင်ဖွင့်ထားလေသည်။
“ပပ သမီးလေး နေရတာ အဆင်ပြေတယ်မလား”
အသက် ၅၀ ကျော် အိမ်ရှင်အဒေါ်ကြီးက အသက် ၂၅ နှစ်ခန့် ပပကို သမီးလေးဟုသာ ခေါ်သည်။
“ဟုတ်အဆင်ပြေပါတယ်”
“နေရတာ တစ်ခုခုထူးဆန်းတာများ မရှိဘူးလား”
“တစ်ခုခုထူးဆန်းတာ . . .”
ပပက ပြောလိုက်ပြီးနောက် တွေးနေလိုက်သည်။
“သြော် မဟုတ်ပါဘူးကွယ်၊ အိမ်က နေရတာအဆင်မပြေတာများရှိသေးလားလို့ပါ”
“အဆင်ပြေပါတယ် အန်တီ ဘာမှမဖြစ်ပါဘူး”
ထိုသို့ပြောပြီး ကားဂိတ်ဖက်ကို ဆက်ထွက်လာခဲ့တော့လေသည်။ စိတ်ထဲတော့ ထူးဆန်းစွာဖြင့် အိမ်ရှင်အဒေါ်ကြီးပြောသည့် စကားများကို ပြန်တွေးနေမိသည်။
(၂)
ဒေါ်မှုန်အိမ်ကိုပြန်လာတော့ အိမ်ကိုသော့ခတ်ထားလေသည်။ ပပ ထွက်သွားပြီမှန်းသိလိုက်တာမို့ အိမ်သော့ဖွင့်ပြီးဝင်လာခဲ့တော့သည်။ အိမ်ရှိပြတင်းပေါက်များ အားလုံးက ပိတ်ထားသည်မို့ အိမ်က မှောင်မည်းနေသည်။ ဒေါ်မှုန်က ဆွဲခြင်းကလေးကို ချလိုက်ပြီးနောက် ခြံသော့ကိုပြန်ခပ်ရန် အိမ်ထဲမှထွက်လိုက်သည်။ ခြံသော့က ပြန်မခတ်လို့ကမရ။ အိမ်မှာ ကိုယ်ကတစ်ယောက်တည်းကျန်ခဲ့တာ၊ လူစိမ်းတွေ လူရမ်းကားတွေ အိမ်ထဲဝင်လာပြီး အနုကြမ်းစီးနေမှ ဟုတ်ပေ့ဖြစ်နေမည်။ ခြံတံခါးကိုသော့ပြန်ခတ်လိုက်စဉ်တွင် သူ့ဆွဲခြင်းကလေးမှာ တချွတ်ချွတ်နှင့် အသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။
ဆွဲခြင်းမှာ လှုပ်ယမ်းသွားပြီးလဲကျသွားသည်။ အနားတွင်တော့ ဘာမှမမြင်ရ။ လေတိုက်သဖြင့် လှုပ်ယမ်းသွားရမည်ဟု ဆိုသော်လည်း နွေလယ်နေ့ခင်းမှာ လေက တစ်ချက်မှပင်မတိုက်။
“ထူးတော့ထူးတယ် . . . ငါတင်လိုက်တာ မတည့်လို့နဲ့တူတယ်”
ထိုသို့ပြောပြီး ဆွဲခြင်းကလေးကို ဆွဲကာ အိမ်နောက်ဖေးသို့ဝင်ခဲ့တော့သည်။ ပြတင်းပေါက်များ မဖွင့်တော့ဘဲ မီးသာဖွင့်လိုက်တော့သည်။ နေ့လည် ပပ ပြန်လာချိန်အမီချက်ရဦးမည်။ ထမင်းတစ်အိုးပေါင်းအိုးနှင့်တည်လိုက်ပြီး အမဲသားထုပ်ကို ဘေစင်တွင်တင်ပြီးဆေးနေလိုက်သည်။ ထိုစဉ် ဒေါ်မှုန်ကျောတွေချမ်းတက်လာသည်။ တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရသဖြင့် ကျောမလုံတော့။ မီးဖိုချောင်သို့ဝင်သည့် ဝင်ပေါက်ကို လှည့်ဲကြည့်လိုက်သော်လည်း ဘယ်သူမှမတွေ့ပေ။ ဒေါ်မှုန် စိတ်ကိုဖြေနေသော်လည်း တစ်ဖြေးဖြေးချောက်ချားလာတော့သည်။ အိမ်တွင်လဲ သူတစ်ယောက်ထဲ ဖြစ်နေသည်မို့ စိတ်ကမလုံမလဲဖြစ်နေရှာသည်။
အမဲသားများကို လှီးဖြတ်နေရင်း ဆားဆနွင်းနယ်ရန်အတွက် ဆားဗူးကိုသွားယူလိုက်သည်။ ဆားထားသည့်နေရာမှာ ဘေစင်နှင့်အနည်းငယ်လှမ်းသည်။ ဆားဗူးယူပြီး ပြန်လှည့်လိုက်တော့ အမဲသားပန်းကန်ထဲမှ အမဲသားနှစ်တုံးက ခုန်ထွက်ပြီး ဘေစင်ပေါ်တွင် ခုန်ပေါက်နေလေတော့သည်။
“အောင်မယ်လေး ဘုရားကယ်ပါ”
ဒေါ်မှုန်က ပြောပြီး မီးဖိုချောင်ထဲမှ ပြေးထွက်လိုက်သည်။ မိမိမျက်စိမှားသည်အထင်နှင့် မီးဖိုချောင်အခန်းတံခါးဝမှ ဘေစင်ကိုလှမ်းကြည့်လိုက်သည့်အခါတွင် ကျန်သည့်အမဲသားတုံးများပါ ပန်းကန်အတွင်းမှ ခုန်ပေါက်ထွက်နေကြတော့သည်။ ဒေါ်မှုန်လဲ ဘာလုပ်ရမှန်းမသိတော့။ ကြောက်ကြောက်နှင့် ဘုရားစင်ရှေ့ရောက်လာခဲ့သည်။ ဘုရားစင်ကိုလှမ်းကြည့်လိုက်တော့ ဘုရားစင်ဘေးတွင် ပရိတ်ရည်ဗူးနှစ်ဗူးကိုတွေ့လိုက်ရသဖြင့် ပရိတ်ရည်တစ်ဗူးယူခဲ့ပြီး မီးဖိုချောင်အတွင်းသို့ ပက်ဖြန်းလိုက်တော့သည်။ ထိုတော့မှ အသားတုံးများက ငြိမ်ကျသွားသည်။ မီးဖိုချောင်အတွင်း အသားတုံးတွေ ပြန့်ကျဲနေလေသည်။
“မဖြစ်ဘူး ပပကိုတော့ပြောရမယ်”
ထိုသို့တွေးလိုက်ပြီးနောက် စိတ်လဲမသန့်တော့။ ဖုန်းဖြင့် ပရိတ်ကြီး ဆယ့်တစ်သုတ် ကိုဖွင့်ထားလိုက်ပြီး မီးဖိုချောင်တွင် အလုပ်လုပ်နေလိုက်တော့သည်။ နောက်ပိုင်းတော့ မည်သည့်ခြောက်လှန့်မှုမျိုးမှ မဖြစ်တော့ပေ။
ပပက နေ့လည် တစ်နာရီလောက်မှပြန်လာတော့သည်။ တစ်ကိုယ်လုံးလဲ ချွေးတွေထွက်ပြီး ပူအိုက်နေသည်။ အိမ်ထဲဝင်လာပြီး အဲကွန်းကိုဖွင့်လိုက်ကာ အမောဖြေနေလေသည်။ ဒေါ်မှုန်လဲ ပပအနားတိုးလာခဲ့သည်။
“ဒေါ်မှုန် ပပ ဗိုက်ဆာတယ်၊ ထမင်းစားမယ်”
ဒေါ်မှုန်လဲ ပပကိုမပြောတော့ဘဲ ထမင်းခူးပေးလိုက်သည်။ ပပ ကအိမ်ရှေ့တွင် တီဗွီဖွင့်ပြီး တီဗွီရှေ့ဆက်တီတွင်ပင် ထိုင်ကာ ထမင်းစားရန်ပြင်လိုက်သည်။ အမဲသားနှပ်နှင့် အရန်ဟင်းများဖြစ်သည်။ ဒေါ်မှုန်က ထမင်းနှင့်ဟင်းကို ပြင်ပေးပြီး အိမ်နောက်ဖေးသို့ ပြန်ဝင်သွားတော့သည်။ ပပလဲ ကိုရီးယားကားကြည့်ရင်း ထမင်းစားနေလိုက်သည်။ ဒေါ်မှုန်လက်ရာကတော့ ပြောစရာမရှိအောင်ကို ကောင်းနေသည်။ ထိုစဉ် တီဗွီမှာ အစင်း အစင်းများပေါ်လာပြီးနောက် သရဲမျက်နှာကြီးပေါ်လာတော့သည်။
“အား . . . ဘာကြီးလဲ”
အခြားလိုင်းတစ်လိုင်းသို့ ပြောင်းသွားခြင်းဖြစ်ပြီး ထိုလိုင်းမှ ထိုင်းသရဲကားတစ်ခုကို ပြသနေခြင်းဖြစ်သည်။ ပပလဲ သူ့စားပွဲပေါ်ရှိ တီဗွီရီမုကို ကောက်ကိုင်လိုက်ပြီးနောက် လိုင်းပြန်ပြောင်းလိုက်တော့သည်။ စိတ်ထဲတွင်လဲ တစ်မျိုးကြီး မလုံခြုံသလိုလိုခံစားနေရတော့သည်။ ကြည့်ရင်း ဆယ်မိနစ်ခန့်ပင်မကြာသေးပေ တီဗွီက လိုင်းပြောင်းသွားပြန်သည်။ ခုနက ကြည့်နေသည့် ထိုင်းသရဲကားကို ပြန်ရောက်သွားပြန်သည်။ ပပတစ်ကိုယ်လုံး ချမ်းတက်လာသည်။ သို့သော် စိတ်ကတော့ မဖြစ်နိုင်ဟုတွေးနေမိသည်။
“ရီမုက ကြောင်များသွားပြီလား”
ရီမုကို သုံးလေးချက်လောက်ခေါက်လိုက်ပြီး နှိပ်သော်လည်း ထိုင်းသရဲကားက မပြောင်းတော့။ ထို့ကြောင့် တီဗွီပိတ်သည့် ခလုပ်ကိုနှိပ်လိုက်ရာ တီဗွီမှာပိတ်သွားတော့သည်။ ထိုအခါ အလွန်ကြောက်လန့်ဖွယ်ရာ မြင်ကွင်းကိုမြင်လိုက်ရသည်။ တီဗွီပိတ်ပြီး မျက်နှာပြင်ကြီးမည်းသွားခိုက်တွင် တီဗွီတွင် အလင်းပြန်မှုကြောင့် ပပက သူ့ကိုယ်သူ တီဗွီမှန်သားပြင်တွင် ပြန်မြင်နေရလေသည်။ ထိုအခါ မှန်သားပြင်ထဲတွင် သူနှင့်အတူ သူ့ဘေးနားတွင် ဆံပင်ရှည်နှင့် မိန်းမတစ်ယောက် ထိုင်နေသည့် အရိပ်ကိုမြင်တွေ့လိုက်ရသည်။
ပပလဲ လန့်ပြီး သူ့ဘေးကိုကြည့်လိုက်တော့ ထိုမိန်းမမရှိ။ တီဗွီကို တစ်ဖန်ပြန်ကြည့်လိုက်တော့လဲ ဘာမှမတွေ့ရတော့။ သို့သော် စိတ်ထဲတော့ အလွန်အမင်းကြောက်လန့်နေပြီဖြစ်သည်။
“ဒေါ်မှုန် . . ဒေါ်မှုန်”
ဒေါ်မှုန်က အိမ်ရှေ့ပြေးထွက်လာခဲ့သည်။
“တစ်ခုခု တစ်ခုခုတွေ့လိုက်တယ် ဒေါ်မှုန်”
“ဘာတွေ့လိုက်လို့လဲ”
ပပက ပြန်စဉ်းစားလိုက်သည်။ ဒေါ်မှုန်ကိုပြောလိုက်လျှင် မကောင်းဟုပြန်တွေးလိုက်မိသည်။ သူ သရဲကားကြည့်ပြီး စိတ်စွဲနေတာ၊ ကိုယ့်ဖာကိုယ်ကြောက်နေတာဟုသာ စိတ်ထဲထင်လိုက်သည်။
“ဘာ . . ဘာမှမဟုတ်ပါဘူး ဒေါ်မှုန်”
ဒေါ်မှုန်လဲ ခေါင်းညိတ်ပြီး ပြန်လှည့်ထွက်သွားတော့သည်။ ဒေါ်မှုန်ကလဲ သူကြုံတွေ့ခဲ့ရသည်များကို ပပအားပြန်ပြောပြဖို့ စိတ်ကူးထားသော်လည်း ပပကြောက်မည်ထင်သဖြင့် မပြောတော့ပဲ နေလိုက်တော့သည်။
(၃)
ညရောက်တော့ ပပစဉ်းစားမိသည်။ နေ့လည်က အကြောင်းကို အခဲမကြေဖြစ်နေသည်။
“ငါ့မျက်လုံးနဲ့ ငါသေချာမြင်လိုက်ရတာပါ”
ထိုသို့တွေးနေရင်း ယောက်ျားဖြစ်သူနှင့် ဗွီဒီယိုကောပြောပြီးနောက် ဖုန်းပွတ်ရင်း အိပ်ပျော်သွားတော့သည်။
ညသန်းခေါင်လောက်ဖြစ်မည်၊ ပပ ကလန့်နိုးလာခဲ့သည်။ ဖုန်းကိုတော့လက်ထဲတွင် ကိုင်ထားဆဲဖြစ်သည်။ ဖုန်းကို လိုင်းပိတ်ရန်ကိုင်လိုက်စဉ်တွင် လိုင်းပေါ်ခဏတက်မွှေလိုက်ပြန်သည်။ ထိုအချိန်တွင် စိတ်ထဲမလုံခြုံသလိုလိုဖြစ်လာတော့သည်။ ခန္ဓာကိုယ်ကလဲ အေးစက်လာပြီး တစ်မျိုးကြီးဖြစ်နေတော့သည်။ သို့နှင့် ခြင်ထောင်အပြင်ဖက်ကိုကြည့်လိုက်မိတော့သည်။
“အား . . . အောင်မယ်လေး . . ကယ်ပါ”
ကျယ်လောင်စွာ အော်ဟစ်လိုက်မိတော့သည်။ ထို့နောက် ကိုယ်ကိုတစ်ဖက်သို့စောင်းပြီး ခေါင်းကိုမွှေ့ယာနှင့် အပ်ထားလိုက်မိသည်။ မကြာခင် ဒေါ်မှုန်ပြေးထွက်လာပြီး အခန်းတံခါးလာခေါက်လေသည်။
“ဒုန်း . . ဒုန်း . . . ပပ ဘာဖြစ်လို့လဲ . .”
ထိုတော့မှ ပပလဲ မဝံ့မရဲနှင့်ပြန်ကြည့်မိသည်။ အခန်းအတွင်း ဘာမှမရှိတော့။ ခြင်ထောင်ထဲမှပြေးထွက်လိုက်ပြီးနောက် အခန်းတံခါးကိုသွားဖွင့်လိုက်သည်။ ထို့နောက် အခန်းအပြင်သို့ပြေးထွက်လိုက်တော့သည်။
“ပပ ဘာဖြစ်တာလဲ အော်သံကြားလို့ တစ်ကိုယ်လုံးလဲ ချွေးတွေနဲ့”
ပပ က တုန်ယင်နေပြီး တစ်ကိုယ်လုံးလဲ ချွေးတွေထွက်နေသည်။ အခန်းအတွင်း အဲကွန်းက ၁၆ မို့အေးစက်နေသော်လည်း ပပက ချွေးပြန်နေသည်။
“ဟို . . ဟို တစ်ရေးနိုးလို့ ကုတင်ခြေရင်းကိုကြည့်လိုက်မိတာလေ၊ တစ်ကိုယ်လုံ းမည်းနက်နေတဲ့ လူမည်းကြီးတစ်ယောက် ပါးစပ်တွေ မျက်လုံးတွေကတော့ ဖြူဖွေးနေတာပဲ အဲ့ဒီလူကြီးက ပပကို ခြေရင်းက နေ စိုက်ပြီး ကြည့်ကြည့်နေတယ်”
“ဟုတ်လား ပပရယ် ထူးဆန်းလိုက်တာ၊ ဘုရားရှိခိုးမအိပ်ဘူးလား”
“ပပက နေ့တိုင်းတော့မရှိခိုးဖြစ်ဘူးလေ”
“သွေးလေခြောက်ခြားပြီး ထင်ချင်ရာတွေ ထင်နေတာဖြစ်ပါလိမ့်မယ်”
“မဖြစ်နိုင်ဘူး ဒေါ်မှုန် ပပ သေသေချာချာကိုမြင်လိုက်ရတာ”
“ဒါဖြင့်လဲ ပရိတ်ရေသောက်လိုက်၊ ပရိတ်ရေကို ခေါင်းကိုဆွတ်လိုက်၊ ဘုရားရှိခိုးပြီး ပြန်အိပ်ပေါ့နော်”
“ပပ . . ပပ မအိပ်ရဲတော့ဘူး ဒေါ်မှုန် . . ဒေါ်မှုန်နဲ့လာအိပ်လို့ရမလား”
“ဖြစ်ပါ့မလား ပပရယ် ကုတင်က တစ်ယောက်အိပ်ကုတင်လေး”
“ရပါတယ် . . ပပ ကြောက်လို့ပါနော်”
ဒေါ်မှုန်က ခေါင်းညိတ်လိုက်သည်။ ထိုညတော့ ပပ ကို ကုတင်ပေါ်တွင် အိပ်စေပြီး ဒေါ်မှုန်ကတော့ ကြမ်းပြင်တွင် အခင်းခင်းကာအိပ်လိုက်ရတော့သည်။ ဒေါ်မှုန်လဲ စဉ်းစားနေလေသည်။
“အင်း . . ဒီအိမ်မှာ တစ်ခုခုတော့ ရှိနေပြီထင်တယ်”
တစ်ခုကောင်းသည်က ဒေါ်မှုန်ကော ပပပါ ဘုရားတရား ကိုင်းရှိုင်းသွားကြခြင်းဖြစ်သည်။ မနက်ဆို ပရိတ်ခွေဖွင့် ပဌာန်းခွေဖွင့်ကြသည်။ ညဆိုလဲ ဘုရားရှိခိုးပြီးမှ အိပ်တတ်ကြသည်။ သို့နှင့် တစ်ပါတ်လောက်ကြာသည်အထိ ဘာမှမဖြစ်တော့။ ပပလဲ သုံးရက်လောက်ကြာတော့ အခန်းကိုပြန်အိပ်နေပြီဖြစ်သည်။ သို့သော် အခန်းတံခါးကိုတော့ လော့မချတော့ဘဲ ဒီအတိုင်းသာ ပိတ်ထားတတ်သည်။
၉ ရက်မြောက်နေ့တွင် ပြန်စလာပြီဖြစ်သည်။ ထိုနေ့က ပပက သူငယ်ချင်းတွေနဲ့ဆုံဖြစ်ကြပြီး ညဘက်အပြင်ထွက်လည်ကြသည်။ အိမ်တွင် ဒေါ်မှုန်တစ်ယောက်သာ ကျန်နေခဲ့တော့သည်။ ဒေါ်မှုန်လဲ သီချင်းကလေး တညည်းညည်းနှင့် အဝတ်အစားများကို မီးပူတိုက်ပေးနေသည်။ မီးပူကို အိမ်ရှေ့ခန်းတွင် ထွက်တိုက်သည်။ နွေရာသီမို့ ပူရသည့်အထဲ မီးပူတိုက်နေရသည်မို့ ပိုပူနေလေသည်။ အိမ်ရှေ့တွင် အဲယားကွန်းရှိသော်လည်း ဒေါ်မှုန်က သိပ်မဖွင့်ပေ။ ပပသာ အဲယားကွန်း အဖွင့်များသည်။ မီးပူတိုက်ပြီးသားအဝတ်များကို စီစီရီရီစီပြီး ပုံထားလိုက်သည်။
“ဝူး “
အိမ်တံခါးတွေအကုန်ပိတ်ထားလျက်နှင့် လေက ဝှေ့ပြီးတိုက်နေလေသည်။ ပထမတော့ ဒေါ်မှုန်က အိမ်ခေါင်မိုးအနားမှ တိုးဝင်လာသည့် နွေလေများဖြစ်မည်ဟု မှတ်ယူလိုက်သည်။ လေက အေးသဖြင့် အပူတော့ နည်းနည်းသက်သာသွားလေသည်။
“လေ လေးကလဲ အေးလိုက်တာ၊ နွေရာသီမှာ တန်ဖိုးရှိတဲ့ လေကလေး”
တစ်ယောက်တည်းရေရွတ်ပြီး မီးပူဆက်တိုက်နေလိုက်သည်။ ထိုစဉ် လေအေးအေးက တိုက်လာပြန်သည်။ တစ်ချက် တစ်ချက်တိုက်ရင်းကနေ လေတွေက အဆက်မပြတ်တိုက်ခတ်လာလေသည်။ တိုက်တာကလဲ တစ်နေရာတည်းမှမဟုတ်။ ဒေါ်မှုန်ကို အရှေ့ရော အနောက်ကကော ဘေးကပါ လှည့်ပတ်ပြီးတိုက်နေခြင်းဖြစ်သည်။ လေက တိုက်ရင်း တဖြည်းဖြည်းထန်လာလေသည်။ မီးပူတိုက်ပြီးသားအဝတ်များလဲပြိုကုန်ပြီး မီးပူမတိုက်ရသေးသည့်အဝတ်များမှာလဲ လေတိုက်သဖြင့် ရွေ့နေတော့သည်။ ဒေါ်မှုန်မျက်လုံးပြူးနေပြီဖြစ်သည်။
“တောင်း . . တောင်းပန်ပါတယ်ရှင် . . ကျွန်မကို မခြောက်လှန့်ကြပါနဲ့နော်”
ပြောရင်းကြောက်ဒူးတွေတုန်နေသည်မှာ ထိုင်နေရင်းပင် ကိုယ်ခန္ဓာက တဆတ်ဆတ်တုန်နေတော့သည်။ သို့သော် သိပ်မကြာခင်တွင် လေများရပ်တန့်သွားတော့သည်။ ဒေါ်မှုန်လဲ မီးပူဆက်မတိုက်ရဲတော့။ မတိုက်ရသေးသည့်အဝတ်များကို လိုက်ကောက်ပြီး တိုက်ပြီးသားအဝတ်များကိုပြန်စုကာ ထလိုက်တော့သည်။ ဒူးတွေက အားပျော့နေသေးသည်။ ထို့နောက် ပပ အခန်းထဲသို့ ဝင်သွားလိုက်ပြီးနောက် ပပ ဗီရိုကိုဖွင့်ကာ အဝတ်တွေထည့်ထားခဲ့ပေးလိုက်တော့သည်။
ိဒေါ်မှုန်ဘုရားစာကျယ်ကျယ်ရွတ်ပြီးရှိခိုးနေပြီး ညကိုးနာရီထိုးတော့မှ ပပ ပြန်ရောက်လာလေသည်။ ပပမှာ ကြည့်ရတာပုံမှန်မဟုတ်။
“ပပရယ်နောက်ကျလိုက်တာ၊ အရက်တွေသောက်လာတာလား”
“သူငယ်ချင်းတွေနဲ့ ဆိုဂျူနည်းနည်းသောက်လာတာပါ ဒေါ်မှုန်ရဲ့”
ပပက ဒယိမ်းဒယိုင်ဖြင့် လမ်းလျှောက်ရင်း အိမ်ခန်းထဲသို့ဝင်သွားရန်လုပ်လိုက်သည်။ လူက တော်တော်ယိမ်းထိုးနေသည်မို့ ဒေါ်မှုန်ပါတွဲပြီးနောက် ပပကို ကုတင်ပေါ်တင်ပေးလိုက်သည်။ ပပလဲ အိမ်ရောက်လာပြီမို့ စိတ်ကို ဒုံးဒုံးချလိုက်ကာ အိပ်လိုက်တော့သည်။
(၄)
လည်ချောင်းတွေ ကွဲထွက်မတတ်ခံစားနေရသည်။ ပပလည်ပင်းတွေ ပူထူနေသည်။ ဆိုဂျူအကျိုးတွေဖြစ်မည်။ ရေသောက်ဖို့အတွက် အိပ်ရာထမည်ပြင်လိုက်စဉ် လူက လှုပ်မရတော့။ ထိုအခါ မျက်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တော့ အကောင်မည်းကြီးတစ်ကောင်က သူ့ကိုခွစီးလျှက်သားဖြစ်နေသည်။ ပါးစပ်ကြီးတွေက ပြဲနေပြီး နားရွက်အထိတက်ချိတ်မလားတောင်ထင်ရကာ၊ သွားတွေကလဲ ငွေရောင်လိုဖြူဖြူကြီးတွေဖြစ်နေသည်။ မျက်လုံးဖြူဖြူကြီးများမှာ ပြူးကျယ်ကာ မျက်လုံးအလယ်တွင်တော့ အလွန်သေးငယ်သည့် အနက်ဆန်လေးသာ ပါလေသည်။
ပပ အော်ဟစ်ကြည့်သည်။ ရုန်းကန်ကြည့်သည်။ သို့သော် တစ်ကိုယ်လုံး အားမရှိပေ။ လှုပ်ရှား၍မရ။ အော်ရန် ကြိုးစားသော်လည်း တအိအိသာအသံထွက်သည်။ မျက်နှာကြီးက ပပ နားသို့ကပ်လာရာမှ ဆံပင်ကြီးများက သူ့မျက်နှာနှင့် လည်ပင်းကိုလာရိုက်ကြတော့သည်။ ပပ ဆယ်မိနစ်လောက်ရုန်းကန်ရင်းမောပန်းနေတော့သည်။
ဒေါ်မှုန်လဲ အိပ်နေရင်း တစ်ယောက်ယောက်က လှုပ်နှိုးသလိုဖြစ်သွားပြီး ကုတင်ကြီးမှာ ယိမ်းခါသွားတော့သည်။ ထိုအခါ မျက်စိဖွင့်ပြီး လျှောက်ကြည့်နေမိသည်။ ထို့နောက် စိတ်ထဲ ဘာရယ်မသိ၊ ပပ အခန်းဘက်သွားရန် စိတ်ကူးဖြစ်လာသဖြင့် ပပအခန်းဘက်သို့ထွက်ခဲ့သည်။ အခန်းတံခါးက စေ့ရုံစေ့ထားသဖြင့် အသာကလေး တွန်းလိုက်သည်နှင့် အခန်းထဲသို့မြင်လိုက်ရလေသည်။
“ပပ ဘာ . . ဘာကြီးလဲ”
ကြောက်လန့်သဖြင့် အော်လိုက်မိတော့သည်။ ပပရင်ဘတ်ပေါ်တွင် လူမည်းကြီးက တက်ထိုင်နေလေသည်။ ဒေါ်မှုန်အော်လိုက်တော့ လူမည်းကြီးက ဒေါ်မှုန်ကိုလှည့်ကြည့်ပြီးနောက် ဝုန်းကနဲခုန်ထလိုက်ပြီး နံရံကို ပင့်ကူတစ်ကောင်လို ကုပ်တက်သွားကာ မျက်နှာကြက်ပေါ်တက်ပြီး ပျောက်ကွယ်သွားတော့သည်။ ဒေါ်မှုန်မျက်လုံးနှင့် တပ်အပ်မြင်လိုက်သည်မို့ အံ့သြနေသည်။ ပပက ကုတင်ပေါ်တွင် လူးလွန့်နေသဖြင့် ဒေါ်မှုန်က ပပကို သွားပြီးထိလိုက်တော့မှ ပပက အိပ်ရင်းလန့်နိုးလာသည့် သူတစ်ယောက်လို ရုန်းကန်နေတော့သည်။
“ပပ တွေ့လိုက်လား တွေ့လိုက်လား”
“တွေ့တယ် ဒေါ်မှုန် . . . ပပကို ခွစီးနေတာကြာပြီ”
“အေး မကောင်းဆိုးဝါးကြီးတစ်ကောင်ပဲ ပပရယ်”
ဒေါ်မှုန်က အလန့်မပြေသေးပေ။ ပပကတော့ အလွန်ထိတ်လန့်သဖြင့် ငိုကြွေးနေလေသည်။ သူတို့နှစ်ယောက်လုံး ဘုရားစင်ရှေ့သို့ ထွက်ပြီးထိုင်နေလိုက်ကြသည်။
“ပပတို့ ဘာလုပ်ရမလဲ ဒေါ်မှုန်၊ ပပ ကတော့ စိတ်ထဲရှိတဲ့အတိုင်းဆို ဒီအိမ်ကနေ အခုပဲ ပြောင်းပြေးချင်နေပြီ”
“နေပါဦး ပပရယ်၊ အိမ်ငှားခတွေ ဆုံးကုန်မှာပေါ့၊ ဒေါ်မှုန်တွေးထားတာရှိတယ်”
“ဘယ်လိုလုပ်မလို့လဲ”
“မနက်ဖြန်နေ့ခင်းပိုင်းကို ဒီနားက ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေပင့်ပြီးတော့ ပရိတ်ရွတ်မယ်၊ ကမ္မဝါညှပ်ခိုင်းမလားလို့၊ မကောင်းဆိုးဝါးဆိုရင်တော့ ထွက်ပြေးမှာပါ”
ပပခေါင်းညိတ်လိုက်တော့သည်။ ဒေါ်မှုန်စဉ်းစားသည့် အကြံကို သူလုံး၀ လက်ခံလိုက်သည်။
နောက်တစ်နေ့။
ပပက ဒီနေ့တော့ လိုက်ဖ်လွင့်ပြီး ဈေးရောင်းရမည်။ ထို့ကြောင့် အိမ်မှာပင် လိုက်ဖ်လွင့်ရန်ဆုံးဖြတ်လိုက်ပြီး လိုအပ်သည့်ပစ္စည်းများကို ကုတင်ပေါ်တင်ထားလိုက်ပြီး မှန်တင်ခုံတွင်ထိုင်ကာ ဖုန်းကိုမှန်တွင်ထောင်ထားလိုက်တော့သည်။ ထို့နောက် လိုက်ဖ်စလွှင့်သည်။
နံနက်ခင်းဖြစ်သော်လည်း သူ့ပရိတ်သတ်နှင့် သူရှိသည်မို့ ပပက သူရောင်းသည့် အလှကုန်ပစ္စည်းတစ်ခုကို ကြော်ငြာပေးရင်း ရောင်းနေတော့သည်။
ထိုစဉ် ကွန်းမင့်တစ်ခုတက်လာသည်။
“အမ . . မျက်နှာကြက်မှာ”
သူလဲ အံ့သြပြီး ထိုကွန်းမန့်ကို ကြည့်နေစဉ်မှာပင် နောက်တစ်ယောက်က ထပ်မန့်လေသည်။
“အမ အခန်းထောင့်မှာ ဘာကြီးလဲ”
ထိုတော့မှ ပပလဲ လှည့်ကြည့်လိုက်မိသည်။ အခန်းနံရံထောင့်နှင့် မျက်နှာကြက်ကြားတွင် ဆံပင်တွေလို ထွေးထွေးလုံးလုံးကြီးတစ်ခုကပ်နေလေသည်။ ပပလဲ ထူးဆန်းသွားပြီး အနားသို့ တဖြည်းဖြည်းကပ်သွားလိုက်သည်။ ထိုနေရာကိုလက်နှင့် မမီသဖြင့် လိုးရှင်းဘူးသေးတစ်ခုကို ကုတင်ပေါ်မှယူလိုက်ပြီးနောက် လှမ်းပစ်လိုက်တော့သည်။ ထိုအခါ ထိုအရာကြီးသည် ရွေ့သွားပြီးနောက် မျက်နှာကြက်ပေါ်သို့တက်ကာ မျက်နှာကြက်ကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။
“အား . . ..”
ပပက အော်ပြီး ထိုင်ချလိုက်တော့သည်။ သူ့ဖုန်းတွင် ကွန်းမန့်များက အပြည့်တက်နေကြလေသည်။
“သရဲ . . သရဲကြီးလားမသိဘူး”
“အမရေ သရဲထင်တယ်နော်”
“နေ့ခင်းကြီး သရဲခြောက်တာလား”
စသည်ဖြင့် ထင်မြင်ချက်အမျိုးမျိုးပေးနေကြတော့လေသည်။ ပပလဲ ချက်ချင်းဖုန်းကိုပိတ်လိုက်ပြီးနောက် အခန်းအတွင်းမှထွက်လာခဲ့လိုက်တော့သည်။ ဒေါ်မှုန်ကိုတွေ့လိုက်သဖြင့် မေးလိုက်တော့၏။
“ဒေါ်မှုန် ဘုန်းကြီးပင့်တာအဆင်ပြေရဲ့လား”
“ပြေပါတယ် ပပ ဒီညနေ သုံးနာရီလောက် ကြွလာကြလိမ့်မယ်”
ပပလဲ ထိုစကားကိုနားထောင်ပြီးတော့ လမ်းထိပ်သို့ထွက်လာခဲ့တော့သည်။ အိမ်ရှင်က သူ့ဆိုင်တွင် ထိုင်နေလေသည်။
“အန်တီ ညနေ သုံးနာရီလောက် အိမ်မှာ ဘုန်းကြီးပင့်ပြီးတော့ ပရိတ်ရွတ်မလို့ အန်တီလာဦးမလား”
အိမ်ရှင်အဒေါ်ကြီး၏ ပြုံးချိုသောမျက်နှာမှာ မဲ့သွားလေတော့သည်။
“ဟုတ်လား . . အန်တီလဲ ဆိုင်ကတစ်ဖက်နဲ့ဆိုတော့ ထွက်မရလို့ပါသမီးရဲ့”
“ဒါနဲ့ အဲဒီအိမ်မှာလေ တစ်ခုခု ထူးခြားတာများ ဖြစ်ဖူးသလား”
အိမ်ရှင် အဒေါ်ကြီး၏ မျက်နှာမှာ ပိုပြီးပျက်သွားပြီးနောက် စိုးရိမ်သည့်အရိပ်အယောင်များဖြစ်လာလေသည်။
“မ . . မဖြစ်ဖူးပါဘူး သမီးရဲ့ . . ဘာ . . ဘာလို့လဲ”
“ဘာမှတော့မဖြစ်ပါဘူး”
ပပလဲ ထိုအတိုင်းပြောပြီးလှည့်ထွက်လာခဲ့သည်။ အိမ်ရှင်အဒေါ်ကြီးလိမ်ပြောနေမှန်းကို ပပက ခန့်မှန်းမိလိုက်သဖြင့် ဆက်ပြီးမပြောဖြစ်တော့။
(၅)
ညနေတော့ သံဃာတော်များ ကြွလာတော့သည်။ ပပက သူ့သူငယ်ချင်းတစ်ချို့ကိုခေါ်ထားသဖြင့် အဆင်ပြေသွားသည်။ ဆရာတော်များကို အအေးကပ်ပြီး ဆရာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးလေသည်။ ထို့နောက် ဆရာတော်များပြန်ကြွသွားတော့သည်။ ပပ စိတ်ထဲ သံသယတစ်မျိုးရှင်းသွားလေသည်။ ထိုသရဲကြီးလဲ အိမ်ထဲမှ ထွက်ပြေးသွားလောက်ပြီဟု ထင်လိုက်သောကြောင့်ဖြစ်သည်။ ဆရာတော်များကို ပြန်လိုက်ပို့ပြီးတော့ အိမ်ရှေ့အိမ်မှ အဒေါ်ကြီးက သူတို့ကို သေချာငေးကြည့်နေလေသည်။ ပပလဲ ပြန်ပြုံးပြလိုက်သည့်အခါ ထိုအဒေါ်ကြီးက သူ့အိမ်မှထွက်လာပြီး ပပတို့ ခြံရှေ့ကို လျှောက်လာခဲ့သည်။
“သမီးတို့က အိမ်ငှားအသစ်တွေထင်တယ်”
“ဟုတ်ကဲ့ ရောက်တာ တစ်လတောင်မပြည့်သေးပါဘူး”
“စပ်စုတယ်တော့ မထင်နဲ့နော် ပရိတ်ရွတ်တာလား”
“ဟုတ်ပါတယ်၊ ဒါနဲ့လေ မေးစရာရှိတာက အဒေါ်တို့ ဒီအိမ်နဲ့ပက်သက်ပြီး တစ်ခုခုသိထားသလား”
အဒေါ်ကြီးကဘေးဘီကြည့်လိုက်သေးသည်။
“ဒီအိမ်က လူမမြဲဘူးသမီးရေ”
“ဘာလို့လဲ အဒေါ်ရဲ့”
ပပက တမင်မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့သည်။
“ဘာလို့လဲဆိုတော့ သရဲခြောက်လို့”
“သရဲက ဘယ်လိုသရဲလဲဆိုတော အဒေါ်ကြားဖူးလား”
“ဖြစ်ပုံက ဒီလို၊ အိမ်ပိုင်ရှင်အဒေါ်ကြီးက နယ်က ရောက်လာတာ၊ ဒီအိမ်က အဘွားကြီးရဲ့ သားနဲ့ညားခဲ့တာပေါ့၊ အဘွားကြီးက သူ့သားနဲ့လုံးဝသဘောမတူသလို၊ သူ့ချွေးမကိုလဲ လုံးဝကြည့်မရဘူး။ ဒါနဲ့ ချွေးမကို အမျိုးမျိုးပညာတွေ ပြခဲ့တာပေါ့လေ၊ ချွေးမဖြစ်သူကလဲ ယောက္ခမ အနွံတာကို ခံပါတယ်။ ဒီလိုနဲ့ သုံးနှစ်လောက်ကြာတော့ အဘွားကြီးမှာ ရောဂါတစ်ခုဖြစ်တယ်။ အိပ်ယာထဲလဲတော့တယ်။ ဒါကို အဘွားကြီးက သူ့ချွေးမ သူ့ကို လုပ်ကြံတယ်လို့ပဲ စိတ်ထဲစွဲနေတယ်၊ ပိုဆိုးတာက အဲဒီရောဂါပြင်းလာတော့ အဘွားကြီးလဲ သေသွားပါလေရော၊ မသေခင် အဘွားကြီးက ချွေးမဖြစ်သူကို လက်စားချေမယ်ဆိုပြီးတော့ ကြိမ်းဝါးနေသေးတာပေါ့။ အဲဒါသေသွားတော့ မကျွတ်ဘဲ သရဲကြီးဖြစ်နေသတဲ့လေ”
“ရှင် . . . ကြောက်စရာကောင်းလိုက်တာ”
“အဲဒီသရဲကြီးက အိမ်ပိုင်ရှင်အဒေါ်ကြီးကို အငြိုးထားတာမို့လို့ ဘယ်လိုမှ နေလို့မရအောင်လုပ်တယ်၊ ဒါနဲ့ အိမ်ပိုင်ရှင်အဒေါ်ကြီးနဲ့ သူ့ယောက်ျားလဲ လမ်းထိပ်မှာ တိုက်ခန်းဝယ်လိုက်ပြီး ဒီအိမ်မှာမနေဝံ့လို့ အိမ်ငှားတင်လိုက်ကြတာပေါ့၊ ခက်တာက အဘွားကြီးသရဲက အိမ်ငှားတွေကိုပါ ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးသတဲ့၊ သမီးတို့ မတိုင်ခင် နှစ်ဆက်လောက်က နေသွားတဲ့ တရုတ်လင်မယားဆို အဖွားကြီးနဲ့ နပမ်းသတ်ကြတာ မိန်းမဖြစ်သူမှာ မသေရုံတမယ်ပဲဆိုပဲ”
“ဒါဆို အဲဒီသရဲကြီးကို အမျှဝေတာတို့၊ ပရိတ်ရွတ်တာတို့ မလုပ်ကြဘူးလား”
“လုပ်လိုက်တာမှ အိမ်ငှားအဆက်ဆက်ပဲသမီးရေ၊ အိမ်ရှင်တွေလဲ လုပ်ပါတယ်၊ အလှူအတန်းပေးပြီး အမျှဝေပေမယ့် အဖွားကြီးက အိမ်ကိုစွဲနေပြီး ချွေးမဖြစ်သူကို လက်စားချေမယ်ဆိုပြီး စွဲနေတော့ကာ ဘာမှမထူးဘူးတဲ့”
ထိုသို့ပြောလိုက်တော့မှ ပပလဲ ကျောတွေချမ်းတက်လာတော့သည်။
“တစ်ခုတော့သတိပေးမယ်နော်၊ သမီးတို့ ပရိတ်ရွတ်တယ်ဆိုတော့ တစ်ခုခုတော့ ကြုံပြီးပြီမဟုတ်လား”
ပပ ကခေါင်းညိတ်လိုက်တော့သည်။
“ပရိတ်တွေရွတ်၊ ကမ္မဝါတွေညှပ်ပြီးရင်လေ အဲဒီသရဲကြီးက ပိုကြမ်းတတ်တယ်တဲ့”
ထိုစကားက နဂိုကတည်းက ကြောက်နေသည့် ပပကို အဆင်းဘီးတက်ပေးလိုက်သလိုဖြစ်သွားတော့သည်။ ပပလဲ ခြံတံခါးပိတ်ပြီး အိမ်ထဲပြန်ဝင်လာတော့သည်။ သူငယ်ချင်းများလဲ ခဏနေတော့ ပြန်သွားကြတော့သည်။ အားလုံးပြန်သွားတော့ ပပနှင့် ဒေါ်မှုန်သာ ကျန်ခဲ့တော့သည်။ ညမှောင်လာပြီဖြစ်သည်။
ပပက အိပ်မည်ကြံသော်လည်း စိတ်ထဲအလွန်ကြောက်လန့်နေတော့သည်။ အိပ်ယာထဲတွင်လဲ ဘုရားစာအုပ်များ၊ ပုတီးများ၊၊ ဘုရားပုံတော်များနှင့် အဆောင်လက်ဖွဲ့များချထားလိုက်သည်။ ဖုန်းကြည့်နေသော်လည်း စိတ်ထဲတစ်ချက်တစ်ချက် အခန်းထဲ ဝေ့ကြည့်နေမိသည်။ ညည့်နက်တော့ အိပ်ချင်လာသဖြင့် အိပ်မောကျသွားတော့သည်။
“ဒုန်း . . .”
ခြင်ထောင်အပြင်ကိုဖြတ်ပြီး ပပပြုတ်ကျသွားတော့သည်။ ခြင်ထောင်မှာ ကိုင်းများပါသည့် ခြင်ထောင်ဖြစ်သဖြင့် ခြင်ထောင်ပါပြုတ်ကာ ကုတင်ပေါ်မှကျတော့သည်။ ပပလဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ မည်းမည်းအကောင်ကြီးက သူ့ခြေထောက်ကိုကိုင်ဆွဲထားသည်ကိုတွေ့လိုက်ရသည်။ ကုတင်ပေါ်မှ ကျသော်လည်း ခြေထောက်ကို မလွတ်သေးဘဲ တရွတ်တိုက်ဆွဲနေတော့သည်။ ခြင်ထောင်လဲ ပွင့်သွားပြီး ပြဲထွက်သွားတော့သည်။ မည်းမည်းအကောင်ကြီးက နံရံကို လမ်းလျှောက်လျှက်သားတက်သွားရာ ပပမှာ တရွတ်တိုက်ပါသွားပြီးနောက် နံရံတွင် ခြေထောက်ကြီးထောင်လျှက်သား ဇောက်ထိုးကြီးဖြစ်နေတော့သည်။ ပါးစပ်ကလဲ လှုပ်ရှား၍မရပေ။ ထိုကိုင်ထားသည့်လက်ကြီးမှာလဲ ကြမ်းကြမ်းကြီးနှင့် တစ်မျိုးကြီးဖြစ်နေသည်။ ထိုအခါ အဆောင်တစ်ခုက ပပ ခေါင်းနားတွင်ကျနေသဖြင့် ထိုအဆောင်ကို ကောက်လိုက်ပြီးနောက် အကောင်ကြီးကို ပစ်ပေါက်လိုက်တော့သည်။ ချည်ဖြင့်ပြုလုပ်ထားသည့် အဆောင်ဖြူကလေးက အကောင်ကြီးကို ထိသည်နှင့် ထိုအကောင်ကြီးက အော်ဟစ်ကာ ပပကိုလွှတ်ချလိုက်ပြီး မျက်နှာကျက်ပေါ်သို့ ပင့်ကူကြီးသဖွယ် ပြေးတက်သွားတော့သည်။
ပပလဲ ထိုတော့မှ ငိုကြွေးလိုက်တော့သည်။ ပြုတ်ကျထားသဖြင့် ခါးတွေနာနေသည်။ ခြေထောက်တစ်ဖက်ကလဲ အဆွဲခံထားရသဖြင့် နာပြီး အကြောကပ်သလိုဖြစ်နေ၏။ အခန်းအတွင်းမှပြေးထွက်ရန် အခန်းတံခါးကိုဖွင့်လိုက်တော့သည်။ ခြေထောက်တစ်ဖက်က ထော့နဲ့ ထော့နဲ့ဖြစ်နေတော့သည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့် ဒေါ်မှုန်က အခန်းအပြင်ဘက်တွင် ပပကို ရပ်ပြီးငေးကြည့်နေလေသည်။
“ဒေါ်မှုန် . . ပပ . . ပပ လေ”
ထိုသို့သာပြောရသေးသည်။ ဒေါ်မှုန်က ပပလည်ပင်းကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ညှစ်တော့သည်။ ပပလဲ သူ့လက်ကို ဒေါ်မှုန်လက်များကို ပြန်ဆွဲထားပြီးနောက် အတင်းရုန်းနေတော့သည်။ ဒေါ်မှုန်မျက်လုံးများက ပြူးကြောင်နေပြီး အသက်မရှိသလိုထင်နေရသည်။ ပပလဲ လည်ပင်းအစ်လှသဖြင့် လှဲချလိုက်တော့သည်။ ဒေါ်မှုန်နှင့် ပပ လုံးထွေးသွားတော့သည်။ ဒေါ်မှုန်က လုံးဝလက်ကိုမလွတ်ဘဲ ပပလည်ပင်းကိုသာ ညှစ်နေတော့သည်။ ပပလဲ အနားရှိ ဘုရားပုံတော်တစ်ခုနှင့် ဒေါ်မှုန်မျက်နှာကို ကပ်ပေးလိုက်တော့သည်။ ဒေါ်မှုန်မှာ ဓါတ်လိုက်သလိုဖြစ်သွားကာ တုန်တက်သွားတော့သည်။ ထို့နောက် အိပ်ယာမှ တရေးနိုးသလိုမျိုး ကြောင်အမ်းအမ်းဖြစ်နေတော့သည်။
“ပပ ငါ ဘာဖြစ် . . .”
ထိုအချိန်မှာပင် မျက်နှာကြက်ပေါ်မှ မည်းမည်းအကောင်ကြီးက ဇောက်ထိုးကြီးကျလာလေသည်။ သူတို့နှစ်ယောက်လဲ ကြောက်လွန်းသဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်ထားလိုက်ကြတော့သည်။
“ထွက်သွား . . နင်တို့အခုငါ့အိမ်ကနေထွက်သွား”
ပပတို့လဲ ဘာမှမပြောနိုင်ကြတော့။
“ငါက ဒီအိမ်ပိုင်ရှင် . . နင်တို့က ငါ့ကိုနှင်ထုတ်ချင်တယ်ပေါ့ ဟုတ်လား၊ နင်တို့ ဘုရားစာရွတ်ရင် ငါမနေနိုင်ဘူးသိလား၊ ငါ့မှာ နောက်ဖေးက မြောင်းဘေးမှာ တစ်နေ့လုံးသွားရှောင်နေရတယ်။ နင်တို့ကို ငါသတ်ပစ်မယ် သိလား”
“ကြောက်ပါပြီရှင့် ထွက်သွားဆိုထွက်သွားပါ့မယ်”
ပပတို့က လက်အုပ်ချီပြီးပြောနေရသည်။ ထိုအခါ ထိုအကောင်ကြီးက အလွန်ကြောက်မက်ဖွယ် အသံကြီးပေးပြီး ပျောက်ကွယ်သွားတော့သည်။ ပပနှင့် ဒေါ်မှုန်လဲ ညတွင်းချင်းပင် အိမ်ပေါ်မှဆင်းခဲ့တော့သည်။ လမ်းထိပ်နားရှိ တည်းခိုခန်းတစ်ခုတွင် ညတွင်းချင်းကြီး သွားတည်းရတော့သည်။ ပပ လည်ပင်းတွေညှစ်ခံထားရသဖြင့် ညိုမည်းနေတော့သည်။
နောက်တစ်နေ့။
“သမီးတို့ ဆက်မနေတော့ဘူးဆိုတာ သေချာလား”
ပပက ခေါင်းညိတ်ပြလိုက်တော့သည်။
“ငွေကတော့ စာချုပ်ထဲကအတိုင်းပဲနော်၊ အန်တီတို့ပြန်မအမ်းနိုင်ဘူး”
“ရပါတယ်အန်တီ၊ သမီးမယူတော့ပါဘူး၊ နောက်ပြီး ဒီလို သိလျှက်နဲ့လုပ်ခဲ့တဲ့ အန်တီတို့ကိုလဲ ပပရွံတယ်၊ ဖြစ်နိုင်ရင် နောက်ထပ်တောင်ထပ်ပြီး အန်တီ့မျက်နှာကို မမြင်ချင်တော့ဘူး”
“စိတ်ချပါသမီးရယ်၊ သမီးတို့ထွက်သွားရင် နောက်ထပ် မြင်ရမှာမဟုတ်တော့ပါဘူး . . ဟက် . .ဟက်”
အိမ်ရှင်အဒေါ်ကြီး၏ သကာရည်ဆမ်းထားသောအပြုံးများကို ထပ်မတွေ့လိုတော့ပေ။ ပပလဲ ထိုနေရာမှ ထထွက်ခဲ့လိုက်သည်။
“ဒါနဲ့အန်တီ အန်တီတကယ်ပဲ ကိုယ့်ယောက္ခမကို လုပ်ကြံခဲ့တာလား”
ထိုအခါ အိမ်ရှင်အဒေါ်ကြီး၏ မျက်နှာမှာ တင်းမာသွားတော့သည်။
“ဒါကတော့ သမီးထင်ချင်သလိုထင်ပေါ့ကွယ်”
ပပလဲ ဆိုင်ထဲမှ ပြန်ထွက်ခဲ့ပြီးဆိုင်အပြင်ရောက်သည်နှင့် အိမ်ငှားစာချုပ်ကို ဆွဲဖြဲလိုက်ပြီးနောက် အမှိုက်ပုံးတစ်ခုအတွင်းသို့ လုံးချေပြီးထည့်ခဲ့လိုက်တော့သည်။ နေ့ချင်းပြီး အိမ်ပြောင်းဖို့ကြိုးစားရဦးမည်။ နေထိုင်စရာ အိမ်တစ်လုံးထပ်ရှာရဦးမည်။ သို့သော် ယခုလိုအိမ် မဖြစ်ပါစေနှင့်ဟုသာ ဆုတောင်းမိလေတော့သည်။
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
(ထိုအိမ်ကြီးမှာ ယခုတိုင် ထိုကဲ့သို့ လုပ်စားနေဆဲဖြစ်ပါသည်။ ပြောပြသူ ကာယကံရှင်မှာ လိပ်စာထည့်မပြောသဖြင့် ထည့်မရေးသားတော့ပါ။)