(အပိုင်း(၁))
(က)
ဆောင်းတွင်းဖြစ်သဖြင့် ရှမ်းရိုးမကြီးက မြူတွေနဲ့ အုံ့ဆိုင်းနေသည်။ သစ်ရိပ်ဝါးရိပ်တွေကလဲ အေးမြစွာတိုက်ခတ်လာသည့် လေများကို အကူအညီပေးသလိုဖြစ်နေပြီး အချမ်းဓါတ်က အလွန်ကဲနေလေသည်။ နေ့လည်ရောက်သည့်တိုင်အောင် နေရောင်မရသေးပေ။ တစ်တောလုံးတစ်တောင်လုံး ကျေးငှက်အော်သံများ၊ သားကောင်များ၏ အော်သံများ၊ လေတိုးသံများနှင့် တောင်ကျချောင်းလေး၏ ရေစီးသံများမှအပ တိတ်ဆိတ်နေလေသည်။
“ရိုးမတေးသံ အင်း”
ဆိုင်းဘုတ်ကလေးက ဖုန်တွေတက်နေသည်။ ထိုစားသောက်ဆိုင်ကလေးသည် တောင်တက်ကားလမ်းဘေးတွင် တည်ရှိသည်။ ထိုတောင်တက်ကားလမ်းလေးသည် လမ်းအသစ်ဖြစ်သည်။ ရှမ်းပြည်ဘက်သို့ ပေါက်သည့်လမ်းဖြစ်သည်။ လမ်းသစ်ဖြစ်သဖြင့် ကတ္တရာသားက မည်းနက်နေသည်။ သို့သော် ထိုလမ်းကလေးကို လူသိပ်မသုံးကြ၊ ရွာဆက်ကျဲခြင်း၊ တောတောင်များကို ဖြတ်ရခြင်း၊ အန္တရယ်ကွေ့နှင့် အတက်အဆင်းများ များခြင်းကြောင့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ သိပ်မသွားကြပေ။ လမ်းဟောင်းမှ သွားကြတာများသည်။
တောင်တက်ကားလမ်းကလေးက တောင်တွေအပေါ်တစ်တောင်ပြီးတစ်တောင် ကွေ့ကောက်ပြီးဖောက်လုပ်ထားသည်။ လျှိုမြောင်ကြီးများ၊ သစ်ပင်များဖြင့် ထူထပ်နေသော တောအုပ်ကြီးများအလယ်မှ ဖြတ်သန်းသွားလေသည်။ ၁၀မိုင်၊ မိုင်၂၀ လောက်သွားမှ ရွာငယ်ကလေးများ တစ်ရွာတစ်လေကို တွေ့ရတတ်သည်။
စားသောက်ဆိုင်ဖွင့်ထားသောနေရာက တောင်ကြီး၏ အပေါ်ထိပ်တွင်ဖြစ်သည်။ ကွေ့ကောက်နေသော အတက်လမ်းများကို ဖြတ်သန်းပြီးသည့်အခါ တောင်မကြီးပေါ်ကိုရောက်သည်။ ထိုတောင်မှကြီးအပေါ်တွင် လူသူမရှိ။ သို့သော် ထိုရိုးမတေးသံ ဟုခေါ်သည့် အင်းကလေးကို ဖွင့်လှစ်ထားလေသည်။ အင်းကလေးမှာ တောင်စောင်းဘက်တွင် အုတ်ခဲများဖြင့်ခိုင်ခန့်စွာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး၊ ထိုအင်းကလေး၏ တစ်ဖက် လမ်းတစ်ဖက်ခြမ်းတွင်တော့ အလွန်နက်ရှိုင်းသည့် ချောက်ကြီးဖြစ်သည်။ အခုလိုဆောင်းရာသီတွင် ချောက်ကြီးမှာ တိမ်များမြူများဖုံးနေသဖြင့် တိမ်ပင်လယ်ကြီးဖြစ်နေပြီး အောက်ကိုမမြင်ရနိုင်ပါ။
ထိုကဲ့သို့ လူပြတ်သည့်နေရာလဲဖြစ်၊ အသွားအလာလဲသည့်နေရာလဲဖြစ်၊ ရွာနှင့်လဲ ၁၀ မိုင်ခန့်ဝေးသည့် တောင်ထိပ်ကြီးပေါ်တွင် မည်သည့်စိတ်ကူးနှင့် အင်းကို ဖွင့်လှစ်ထားသလဲဆိုတာကို ရွာမှလူများသာမက ဖြတ်သွားဖြတ်လာများပါ မေးခွန်းထုတ်တတ်ကြသည်။ (အင်းဟုသာ ဆက်လက်ဖော်ပြပါမည်၊ အင်းဆိုသည်မှာ တည်းခိုခန်းအသေးစားလေးဖြစ်ပါသည်။)
နေ့လည်ထမင်းစားပြီးသည်နှင့် ဦးခွန်သာတစ်ယောက် အင်းအရှေ့ဖက်သို့ထွက်ခဲ့သည်။ အင်းအရှေ့ဖက်တွင် မြေနီမြေကွက်လပ်ကြီးရှိပြီး ကားများပါကင်ထိုးရန် ရည်ရွယ်ပြီးပြုလုပ်ထားခြင်းဖြစ်သည်။ ဦးခွန်သာက ဝါးဖြင့်ပြုလုပ်ထားသော ပက်လက်ကုလားထိုင်ကလေးကို ယူပြီးနောက် ထိုမြေကွက်လပ်အနီးတွင်ချလိုက်သည်။ ထို့နောက် ကြိမ်ဖြင့်ပြုလုပ်ထားသော ခုံပုလေးကိုယူပြီး ကုလားထိုင်ကလေး ဘေးနားတွင်ချလိုက်သည်။ ထို့နောက် ဓါတ်ဗူးနှင့် ဖန်ခွက်တစ်လုံးကိုထို ကြိမ်ခုံကလေးပေါ်တင်ပြီးတော့ စာအုပ်ကလေးတစ်အုပ်ကို ယူပြီး ပက်လက်ကုလားထိုင်တွင်ထိုင်လိုက်လေသည်။
ထို့နောက် မျက်မှန်ကိုတပ်လိုက်ပြီး အေးအေးလူလူပင် စာဖတ်နေတော့သည်။ တစ်ချက် တစ်ချက် ဖြတ်သန်းသွားသော ကားများအသံမှ လွဲ၍ တိတ်ဆိတ်နေသည်။ ဆောင်းလေကလဲ ခပ်အေးအေးကလေးမို့ နေ၍အလွန်အရသာရှိသည်။ ကားလမ်းတစ်ဖက် ချောက်ကြီးမှာ မြူတွေဆိုင်းနေသည်။ ဦးခွန်သာက အသက် ၅၀ ကျော်၊ ပအို့နှင့်ရှမ်းစပ်သည်။ အသားအရေကျစ်ကျစ်လစ်လစ်နှင့် ကိုယ်လုံးကိုယ်ပေါက်ပြေပြစ်သည်။ ရိုးမတေးသံအင်းကလေးမှာ သူကိုယ်တိုင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဦးခွန်သာမှာ မိန်းမရှိသည်။ သို့သော် လွန်ခဲ့သည့် ငါးနှစ်ခန့်က ဆုံးပါးသွားပြီဖြစ်သည်။ ဒီဆိုင်ကလေးကိုတော့ လင်မယားနှစ်ယောက် အတူဖွင့်ခဲ့ကြသည်။ သူတို့လင်မယားမှာ သားသမီးမထွန်းကားပေ။ ဦးခွန်သာတို့လင်မယားမှာ ထိုအနားရွာလေးတစ်ရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်ပြီး အသက်မွေးကြသည်။ ဤစားသောက်ဆိုင်ဖွင့်ဖြစ်သည်မှာလဲ တစ်ခြားတော့မဟုတ်ပါ၊ ထိုလမ်းသစ်ကိုဖောက်လုပ်စဉ်က လမ်းဖောက်သည့်အလုပ်သမားများ အများအပြားလမ်းဘေးနားတွင် စခန်းချပြီးနေထိုင်ကြသည်။ ထိုအခါ ဦးခွန်သာတို့လဲ ထိုလမ်းအလုပ်သမားများစခန်းချသည့်အနီးတွင် သွပ်မိုးထရံကာဖြင့် ဆိုင်ခန်းလေးဆောက်ပြီး ထိုလမ်းအလုပ်သမားများကို ကွမ်းယာများ၊ ရေသန့်၊ ကော်ဖီ နှင့် ထမင်းဟင်းများ သွားရောက်ရောင်းချကြသည်။
လမ်းအလုပ်သမားများမှာလဲ တခြားဆိုင်မရှိသဖြင့် သူတို့ဆိုင်လေးတွင်အားပေးကြသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ရပ်တန့်ပြီးတော့ ဆိုင်ပဲဖွင့်ဖြစ်သည်။ နောက်ပိုင်းတော့ လမ်းအလုပ်သမားများလိုအပ်သည့် လူသုံးကုန်ပစ္စည်းများ၊ အရက်နှင့် ယမကာများကိုပါရောင်းချသဖြင့် ဆိုင်ကလေးကို ထပ်ချဲ့ရလေသည်။ ဆိုင်ကလေးမှာ ရောင်းရလွန်းသဖြင့် အလုပ်သမားလေးငါးယောက်ကို ငှားထားရသည်။
ဦးခွန်သာက တစ်ညနေလုံး စာဖတ်သည့်အလုပ်ပဲရှိသည်။ သူတို့ဆိုင်ကလေးက တစ်နေ့လုံးနေလို့ လူတစ်ယောက်တောင်မဝင်။ တစ်လနေမှ ဧည့်သည်တစ်ယောက်ခန့် တစ်ခါတစ်လေ မိသားစုတစ်စုလောက် စားသောက်ကြသည်။ ထိုသူများမှာလဲ ထိုလမ်းသစ်ကလေးတွင် သွားရင်းလာရင်း ဗိုက်ဆာ၍ဖြစ်စေ၊ အပေါ့အလေးသွားလို၍ဖြစ်စေ၊ အချို့ကားသမားများ ယမကာမှီဝဲလို၍ဖြစ်စေ ရပ်နားပြီး စားသောက်ကြခြင်းဖြစ်သည်။
ဦးခွန်သာစာဖတ်ရင်း ညနေလေးနာရီကျော်လာပြီြုဖစ်သည်။ ဦးခွန်သာက နာရီပတ်မထားသော်လည်း အချိန်ကိုခန့်မှန်းနိုင်ခြင်းမှာ တောင်ကြီး၏ သဘာဝကြောင့်ဖြစ်သည်။ ညနေလေးနာရီခန့်ရောက်သည်နှင့် နေရောင်က တောင်ကြီးကိုမထိုးတော့ပေ။ ထိုအခါတွင် တစ်တောင်လုံးအမှောင်ကျလာတတ်သည်။ ဦးခွန်သာလဲ စာအုပ်က ကောင်းခန်းရောက်နေသဖြင့် စာအုပ်ပြီးအောင်ဆက်ဖတ်မည်ဟု တွေးလိုက်ပြီး အိမ်ထဲမဝင်သေးဘဲ ဆက်ထိုင်နေသည်။
ထိုစဉ် ကားကလေးတစ်စီးသည် တောင်တက်လမ်းမှတက်လာပြီးနောက် သူတို့ဆိုင်ကလေးအရောက်တွင် အရှိန်လျော့လိုက်သည်ကိုတွေ့လိုက်ရသဖြင့် ဦးခွန်သာလဲ စာအုပ်ကလေးကို ကိုင်ပြီးကြည့်နေမိသည်။ ကားလမ်းနံဘေးတွင် အရက်ကုမ္မဏီတစ်ခုက ပြုလုပ်ပေးထားသည့် ရိုးမတေးသံ စားသောက်ဆိုင်နှင့် အင်း ဟူသည့်ဆိုင်းဘုတ်ကလေးက ဖုန်တွေတက်ပြီးတည်ရှိနေသည်။ ကားကလေးက မြေကွက်လပ်ထဲမဝင်သေးဘဲ ရပ်တန့်လိုက်သည်။ ထို့နောက် ကားမှန်တံခါးလေးပွင့်သွားပြီးနောက် ကောင်မလေးတစ်ယောက်က ပြတင်းပေါက်မှ လှမ်းမေးလိုက်သည်။
“ဦးရေ ဒီဆိုင်ဖွင့်လား”
ဦးခွန်သာလဲ စာအုပ်ကလေးကို ကြိမ်ခုံကလေးပေါ်တင်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်မှ အမြန်ထလိုက်သည်။
“ဖွင့်တယ်သမီး ဆိုင်ထဲကြွပါ”
ဦးခွန်သာ ပြန်ဖြေလိုက်သဖြင့် ကားကလေးက မြေကွက်လပ်တွင် ရပ်လိုက်လေသည်။ ကားပေါ်မှ အသက်၂၅ ခန့်လူငယ်တစ်ဦးနှင့် သူနှင့်အသက်မတိမ်းမယိမ်း အမျိုးသမီးတစ်ယောက်ဆင်းလာသည်။ အဝတ်အစားအနွေးထည်များမှာ သစ်လွင်နေခြင်းနှင့် ထူထူထဲထဲဝတ်ထားသည်ကို ကြည့်လိုက်ခြင်းဖြင့် မြေပြန့်ဒေသမှာ လာရောက်ကြခြင်းဖြစ်မည်ဟု တွေးမိလိုက်လေသည်။
(ခ)
ကားပေါ်မှ ကောင်လေးနှင့် ကောင်မလေးဆင်းလာသည်။ ကောင်မလေးက ကောင်လေး၏လက်ကို ဆွဲလိုက်သည်ကို ကြည့်ချင်းအားဖြင့် သမီးရည်းစားလား၊ လင်မယားတွေလားဟု ဦးခွန်သာက ခန့်မှန်းလိုက်ပြီး ထိုစုံတွဲအနီးပြေးသွားလိုက်သည်။ ထို့နောက် ထိုစုံတွဲအား ဦးဆောင်ကာ ဆိုင်ခန်းထဲသို့ ခေါ်ခဲ့သည်။
“ကြွကြပါ ငါ့ညီလေးတို့”
ဆိုင်ခန်းမှာ တံခါးကြီးသုံးပေါက်ပါပြီး အကုန်ဖွင့်လို့ရသည့် မျက်နှာဖွင့်ဆိုင်ကြီးဖြစ်သည်။ သို့သော် ရာသီဥတုကြောင့်လည်းကောင်း၊ ဧည့်သည်မလာတာက တစ်ကြောင်းမို့ တံခါးတစ်ချပ်သာဖွင့်ထားသည်။ ဦးခွန်သာက ဆိုင်ထဲကိုဝင်လိုက်သည်။ ဆိုင်ရှိစားပွဲသုံးလုံးကိုဆက်ပြီး အသက် ၁၅ နှစ်အရွယ် ကောင်ကလေးတစ်ယောက်အိပ်နေသည်။ ဦးခွန်သာက ထိုကောင်ကလေးကို လှုပ်နှိုးလိုက်သည်။ ကောင်ကလေးက အိပ်ချင်မူးတူးနှင့်ထလာသည်။ လူငယ်စုံတွဲကိုမြင်သည်နှင့် ထပြီး ဘသက်ဟောင်းတစ်ထည်ကို ယူလိုက်ကာ နေရာထိုင်ခင်းလုပ်ပေးနေသည်။
“ကြွပါ ညီလေးတို့ ဘာများသုံးဆောင်မလဲ”
ဦးခွန်သာက ပလတ်စတစ်လောင်းထားသော မီနူးကဒ်ကလေးကို ကောင်တာမှပြေးယူပြီးနောက် ထိုမီနူးကဒ်ကလေးကို လက်သုတ်ပုဝါတစ်ခုဖြင့် ဖုန်သုတ်လိုက်လေသည်။ ပြီးတော့ လူငယ်စုံတွဲကို ပေးလိုက်လေသည်။ လူငယ်စုံတွဲက ဆိုင်ကကောင်လေး သန့်ရှင်းရေးလုပ်ပေးသည့် စားပွဲတွင် ဝင်ထိုင်လိုက်ကြလေသည်။ ထို့နောက် ဦးခွန်သာပေးသော မီနူးကို ကြည့်လိုက်ကြလေသည်။
“ကြက်သားတွေ၊ ဝက်သားတွေက ရရောရလို့လား”
ကောင်လေးက မေးလိုက်လေသည်။ ဦးခွန်သာက ပြုံးလိုက်ပြီးနောက်။
“ညီလေးတို့လာတာ အချိန်ကောင်းမို့လို့ ရပါ့ကွာ၊ ကြက်သားစားမလား၊ ဝက်သားစားမလား”
ကောင်လေးကော ကောင်မလေးကော ဆုံးဖြတ်ရခက်နေသည်။ ဆိုင်အတွင်းမှာ စားပွဲတွေစီထားပြီး မှောင်မဲနေသည်။
“ညီလေးတို့ အချိန်ရသေးတယ်မလား ရေနွေးအရင်သောက်နှင့်ကြပေါ့၊ ဦးမီးစက်သွားနှိုးဦးမယ်”
ဦးခွန်သာက ပြောပြီးနောက် သူ့ဆိုင်ကကောင်လေးကို လက်ဟန်ခြေဟန်ဖြင့် ရေနွေးအကြောင်းပြောလိုက်သည်။ ထိုကောင်လေးလဲဆိုင်နောက် ပြေးဝင်သွားသည်။ ဦးခွန်သာက ဆိုင်အနောက်ဖက် ဂိုဒေါင်ထဲမှ မီးစက်ကို နှိုးလိုက်သည်။ မီးစက်နိုးသွားပြီး မကြာခင် ဆိုင်တစ်ခုလုံး မီးတွေလင်းသွားလေတော့သည်။ ဦးခွန်သာလဲ ဆိုင်ရှေ့သို့ ပြန်ပြေးသွားလေသည်။
“ဒီမှာ လျှပ်စစ်မီးမရဘူးလားဦးရဲ့”
ကောင်မလေးက မေးလိုက်လေသည်။
“အို ဒီလိုခေါင်တဲ့နေရာမှာ မီးဘယ်သူကလာသွယ်မလဲကွယ်”
ဦးခွန်သာက ပြုံးရင်း ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် ဆိုင်မှကောင်လေးက ရေနွေးခရားအိုးနှင့် ရေနွေးခွက်နှစ်လုံးလာချပေးသည်။ ပဲပုပ်လှော်နှင့် နေကြာစေ့ပန်းကန်ကိုလဲ ချပေးလိုက်လေသည်။ ကောင်မလေးက ရေနွေးတွေ ငှဲ့လိုက်သည်။
“ဦး ဒီဆိုင်မှာ တည်းလို့ကောရလား”
“ရတာပေါ့ သမီးရဲ့ ဦးတို့ဆိုင်က အင်းလေကွယ်၊ အပေါ်ထပ်မှာ အခန်းတွေရှိတယ်”
ဦးခွန်သာက ပြောလိုက်သောအခါ ကောင်းလေးက ပွစိပွစိလုပ်နေလေသည်။
“မောင်ကလဲကွာ၊ မောင်လဲပင်ပန်းနေတာမဟုတ်လား ၊ ကိုယ့်ကိုကိုယ် အရမ်းမနှိပ်စက်ပါနဲ့”
“မေကလဲကွာ နောက်တစ်နာရီ နှစ်နာရီလောက်မောင်းရင်
မြို့လေးတစ်မြို့ကို ရောက်လောက်ပါပြီ”
ဦးခွန်သာက ပြုံးလိုက်သည်။
“ညီလေးရဲ့ အဲဒီမြို့ကနောက်နှစ်နာရီလောက်နဲ့ မရောက်ဘူး၊ အနည်းဆုံး လေးနာရီလောက် မောင်းရဦးမှာ”
“ဟုတ်ပါ့မလား ဦးရဲ့ ကျွန်တော်က Map ကြည့်မောင်းတာနော်”
လူငယ်က ပြောရင်း သူ၏ခေတ်ပေါ်ဖုန်းကလေးကို ထုတ်ပြလိုက်သည်။ ဦးခွန်သာက ပြုံးလိုက်သည်။
“Map က နှစ်နာရီဆိုပေမယ့် လမ်းမှာ အရှိန်လျော့ရမှာတွေ၊ ကွေ့တွေရှိတယ်၊ တစ်ခါတစ်လေ ကားတက်ကားဆင်းစောင့်နေရတာနဲ့ဆို ပုံမှန်ကတော့ သုံးလေးနာရီလောက် ကြာတတ်တယ်”
“ကဲပါ မောင်ရယ်၊ မောင်လဲ ပင်ပန်းနေပြီမလား၊ ဒီမှာပဲ နားလိုက်ရအောင်လေ”
“ဦးတစ်ခုတော့ အကြံပေးမယ်နော်၊ အခုဆိုမှောင်လဲ မှောင်လာပြီဆိုတော့ ဒီလမ်းတွေမှာ မောင်းနေသားမကျရင် ညဘက် မမောင်းတာကောင်းတယ်၊ ပင်ပန်းနေရင်တော့ လုံး၀ မမောင်းသင့်ဘူး၊ တစ်ချက်ငိုက်တာနဲ့ တောင်နံရံနဲ့ ချောက်၊ ကြိုက်တာရွေးပဲ”
ဦးခွန်သာက ဝင်ပြောလိုက်သည်။ လူငယ်က ဦးခွန်သာကို ဘုကြည့်ကြည့်လိုက်သည်။
“ကဲပါမောင်ရယ်၊ တစ်နေ့လုံးကားမောင်းလာခဲ့ရတာ ပင်ပန်းနေပြီမလား၊ ဦးပြောတာလဲ မှန်တယ် မောင်ကဒီလမ်းက တစ်ခါမှ မောင်းဖူးတာမှမဟုတ်တာ”
ကောင်မလေးက တဖွဖွပြောသဖြင့် ကောင်လေးက ခေါင်းမညိတ်ချင်ညိတ်ချင်ဖြင့် ညိတ်လိုက်သည်။
“ကဲ ဒါဆိုလဲ ဦးအခန်းပြင်ပေးမယ်၊ သမီးတို့အခန်းထဲနေကြပေါ့၊ နောက်တော့ စားစရာတွေပြင်ပေးမယ်လေ”
“အကောင်းဆုံးအခန်းပေးဗျာ၊ ဒါနဲ့ နေဦးတစ်ည ဘယ်လောက်လဲ”
“အခန်းကတော့ ဧည့်သည်တွေအတွက် သုံးခန်းပဲရှိတာ၊ အခန်းခကတော့ တစ်နေ့လုံးနေမှ တစ်သောင်းပါ”
“တန်သားပဲမောင်ရဲ့”
“တစ်သောင်းတန်အခန်းကွာ အခန်းကောသန့်ရဲ့လားဦး”
“စိတ်ချပါ အခန်းကိုအရင်ကြည့်လိုက်ကြနော်”
ဦးခွန်သာက စားသောက်ဆိုင်မှထွက်ပြီး ထိုစုံတွဲကို ဦးဆောင်ခေါ်သွားသည်။ စားသောက်ဆိုင်မှာ နှစ်ထပ်ဖြစ်ပြီး လှေကားမှာ စားသောက်ဆိုင်အတွင်းမှမတက်ရ။ အပြင်တွင် တပ်ထားခြင်းဖြစ်သည်။ အပေါ်ထပ်ကို တက်ခဲ့တော့ အခန်းတွေ အများကြီးရှိသည်။ အခန်းအားလုံးလိုလိုမှာသော့ခတ်ထားလေသည်။ အခန်းက ၈ ခန်းလောက်ရှိမည်ထင်သည်။ သူတို့ကို ဦးခွန်သာက အစွန်ဆုံးအခန်းကိုခေါ်သွားသည်။ အခန်းတံခါးကိုသော့ဖြင့်ဖွင့်လိုက်လေသည်။
အခန်းမှာ မှန်တပ် သစ်သားတံခါးများဖြင့်ကာရံထားပြီး လိုက်ကာတွေကာထားသည်။ အခန်းထဲတွင်တော့ သစ်သားနှစ်ယောက်အိပ်ကုတင်ကြီးရှိပြီး စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးသာရှိသည်။ အခန်းက ဖုန်တက်နေသည်မှလွဲ၍ သန့်ရှင်းနေသည်။ ကုတင်ပေါ်တွင်တော့ အိပ်ယာလိပ်များမရှိ။
“ဘယ်လိုလဲ စိတ်တိုင်းကျရဲ့လား”
ကောင်မလေးက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုလဲ အောက်မှာစောင့်နေကြဦး ကောင်လေးကို အခန်းပြင်ခိုင်းလိုက်မယ်နော်”
ထိုသို့ပြောပြီး သူတို့အောက်ထပ်သို့ပြန်ဆင်းလာကြသည်။ ဦးခွန်သာက ကောင်လေးကိုခေါ်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် ပြနေလေသည်။ ကောင်လေးကလဲ လက်ဟန်ခြေဟန်ဖြင့် ပြန်ပြနေသည်။ ထို့နောက် အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။
“အဲ့ကောင်လေးက စကားမပြောတတ်ဘူးလား”
“ဟုတ်တယ်၊ အဲ့ကောင်လေးက ဆွံ့အနားမကြားလေး၊ သူကမိဘမဲ့၊ ဦးတို့ဆိုင်စဖွင့်ကတည်းက သူကအလုပ်လုပ်နေတာပဲ”
“သနားပါတယ်နော်၊ ဒီဆိုင်မှာ ဘယ်သူမှမနေကြဘူးလား”
“အင်း၊ အရင်ကတော့ ဦးနဲ့ကောင်လေးနဲ့နေတာ အခုကတော့ ဦးနဲ့ကောင်လေးရယ်၊ သမီးတို့နစ်ရောက်ရယ်ဖြစ်သွားပြီးပေါ့”
ဦးခွန်သာက စကားပြောပြီး ပြုံးလိုက်သည်။ ကောင်မလေးကတော့ လိုက်ပြီးပြုံးနေသည်။ ကောင်လေးကတော့ မကျေနပ် ကောင်မလေးကို မျက်စောင်းထိုးလိုက်သည်။
“ကဲ ဒီမှာနေမှာဆိုတော့ မှတ်ပုံတင်လေးတွေ ပေးထားကြနော်၊ ဦးလဲ လုပ်ရိုးလုပ်စဉ်မို့လို့ လုပ်ရတာပါ”
“ဦးကလဲ ကျွန်တော်တို့ပဲရှိတာ မှတ်ပုံတင်က ဘာလုပ်ဖို့ ယူထားတာလဲ၊ ကျွန်တော်တို့ ထွက်ပြေးသွားမယ် ထင်လို့လား”
“မဟုတ်ပါဘူး ငါ့ညီရာ၊ ငါ့ညီတို့ နာမည်တို့ အချက်အလက်တွေကို နီးစပ်တဲ့ရွာက လူကြီးတွေကို ဖုန်းဆက်ပြီးတော့ ဧည့်စာရင်းတိုင်ရတယ်လေ”
ကောင်မလေးက ပိုက်ဆံအိတ်ထဲမှ မှတ်ပုံတင်ကို ထုတ်ပေးလိုက်သည်။ ကောင်လေးကလဲ သူ့အိတ်ကိုထုတ်လိုက်ပြီး မှတ်ပုံတင်ကို ပေးလိုက်လေသည်။ ထိုတော့မှ ဦးခွန်သာလဲ ရိပ်စားမိသည်။ ကောင်လေးနှင့် ကောင်မလေးမှာ ဘယ်ဖက်လက် လက်သူကြွယ်တွင် ရွှေလက်စွပ်ကလေးများ ဝတ်ဆင်ထားသဖြင့် လင်မယားဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ ဦးခွန်သာက မှတ်ပုံတင်နှစ်ခုကို ယူသွားပြီး ကောင်တာတွင် တင်လိုက်သည်။ ထို့နောက် စာအုပ်တစ်အုပ်ကိုထုတ်ကာ ရေးမှတ်နေလေသည်။
“ဟား ဟား မင်းတို့လင်မယား နာမည်က အဆန်းပါလား။ ယောက်ျားလေးက သူရတဲ့။ မိန်းကလေးက သီရိတဲ့”
ဦးခွန်သာကပြောဆိုပြီးနောက် မှတ်ပုံတင်များကိုကြည့်ပြီး ပြုံးနေလေသည်။ သူရက ဦးခွန်သာကို စိုက်ကြည့်လိုက်သည်။
“နေစမ်းပါအုံး ဦးက ကျွန်တော်တို့လင်မယားမှန်း ဘယ်လိုသိသလဲ”
ဦးခွန်သာက ပြန်မပြောတော့ဘဲ လက်ဝဲဖက် လက်သူကြွယ်ကလေးကို ပွတ်ပြလိုက်လေသည်။ သူရကလဲ ခေါင်းညိတ်လိုက်သည်။ သီရိကတော့ ရေနွေးသောက်ရင်း နံရံပေါ်တွင် ချိတ်ထားသော ဓါတ်ပုံများကို ကြည့်နေလိုက်သည်။ ဓါတ်ပုံတွေက ခေါင်းပေါင်းပေါင်းထားသော အဖိုးကြီးပုံများ၊ လူနှစ်ယောက်တွဲ သုံးယောက်တွဲ ရိုက်ထားကြသော ပုံများကို ဘောင်ကွပ်ပြီး ချိတ်ဆွဲထားခြင်းဖြစ်သည်။ တစ်နေရာတွင်တော့ ဦးခွန်သာနှင့် အလွန်လှပသည့် အမျိုးသမီးတစ်ဦး တွဲပြီးရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်သည်။
“ဦး ဟိုပုံထဲကလူက ဦးမိန်းမလား”
သီရိက ဓါတ်ပုံကို လက်ညှိုးထိုးပြီးမေးလိုက်သည်။ ဦးခွန်သာက ဓါတ်ပုံကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။ ဆောင်းလေက ဆိုင်ပေါက်ဝမှ တိုးသဖြင့် ချမ်းအေးနေသည်။ ဆိုင်အတွင်းတော့ ဓါတ်မီးရောင်များနှင့် လင်းချင်းနေသော်လည်း ဆိုင်အပြင်တွင်မူ တောရိပ်တောင်ရိပ်ကြောင့် မှောင်မိုက်နေသည်။ အချိန်က ၅ နာရီခွဲလောက်သာရှိသေးသော်လည်း မိုးကစုန်းစုန်းချုပ်နေပြီ။ ကားအသွားအလာမှာလဲ ကျဲသွားသဖြင့် တစ်ခါတစ်ခါမှသာ ကားတစ်စီးတစ်လေ ဖြတ်သွားလေသည်။
ဦးခွန်သာလဲ ဓါတ်ပုံကိုကြည့်ပြီးနောက် သူမေ့မေ့ပြောက်ပြောက်ဖြစ်နေသော တစ်ချိန်က သူ့ဇနီးကို သတိရမိနေတော့သည်။
(ဂ)
နှင်းနွယ်က အသားဖြူဖြူ နှင့် ရှမ်းမကလေးဖြစ်သည်။ ပါးမို့ကလေးတွေက နီနေပြီး ဆံပင်တွေကလဲ အရှည်ကြီးဖြစ်သည်။ ခွန်သာကတော့ ရွာထဲက လူဆင်းရဲကလေးတစ်ဦးဖြစ်သည်။ နှင်းနွယ်က ရွာတွင် အချောအလှ စာရင်းဝင်သည်။ အညာရွာများကဲ့သို့ ကွမ်းတောင်ပန်းတောင်မကိုင်ရသော်လည်း၊ ဘုရားလှည့်သည့်ပွဲများ အလှူပွဲများတွင် နတ်သမီးအဖြစ် နတ်ဝတ်နတ်စားတွေဆင်ပြီးတော့ ပါဝင်ရသည်။ အသားဖြူဖြူကလေးနှင့်မို့ တကယ့်နတ်သမီးလေးနှင့်တူသည်။
ခွန်သာက လူပျိုတုန်းက တိုးနယားကသည်။ နှင်းနွယ်က သူတို့ရွာသူတော့မဟုတ်၊ ခွန်သာတို့နှင့် ဟိုဘက်ရွာသည်ဘက်ရွာဖြစ်သည်။ ခွန်သာက တောတက်သည်။ ကိုင်းချိန်ရောက်လျှင် ကိုင်းစိုက်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်သဖြင့် တော်ရုံတန်ရုံမအားတတ်။ ခွန်သာမှာ အမေအိုကြီးတစ်ယောက်ကို လုပ်ကြွေးနေရသဖြင့် အသက် ၃၀ ကျော်လာသည်အထိ ရည်းစားသညာမရှိ။ နှင်းနွယ်ကတော့ ထိုအချိန်က အသက်၂၀ မပြည့် တပြည့်လေးဖြစ်သည်။
တစ်ခါတွင် နှင်းနွယ်တို့ရွာတွင် အလှူလုပ်လေသည်။ ရှမ်းအလူက ခမ်းနားလှသည်။ တစ်ရွာလုံး ရွာလုံးကျွတ်ပါဝင်ကြသည်။ ထိုတွင်နှင်းနွယ်က ထုံးစံအတိုင်း နတ်သမီးလုပ်ရသည်။ ခွန်သာတို့က တိုးနယားကသည်။ တစ်ဖက်ရွာမှ အလှူမှငှားသဖြင့် ခွန်သာက ဝါသနာအရင်းခံနှင့် သွားကသည်။ များသောအားဖြင့် အကအခုန်များတွင် ဇတ်လမ်းများခင်းပြီး ကကြခြင်းဖြစ်သည်။ ကိန္နရီ ကိန္နရာဇတ်၊ တိုးနယားနှင့် နတ်သမီးဇတ်၊ သုဓနမင်းသားဇတ် စသည်ဖြင့် ကကွက်များဖော်ပြီးကကြရသည်။ ထိုတွင် ခွန်သာနှင့် နှင်းနွယ် ဆုံစည်းခဲ့ကြသည်။
“ခွန်မှိုင်း အဲဒီနတ်သမီးလုပ်တဲ့ ကောင်မလေးက ဘယ်သူလဲကွ”
ခွန်သာက ခွန်မှိုင်းကိုမေးလိုက်သည်။ ခွန်မှိုင်းက သူတို့ရွာသား ကာလသားဖြစ်သည်။ တိုးနယား အမြီးတွင် ကသူဖြစ်သည်။
“ခွန်သာရာ မင်းကလဲ တုံးလိုက်တာ အဲဒါ နာမည်ကြီး နှင်းနွယ်ပေါ့ကွ”
“နှင်းနွယ် ဟုတ်လား၊ လူတွေပြောတာတော့ ကြားဖူးပါရဲ့ကွာ ခုမှပဲမြင်ဖူးတယ်”
“ဘာလဲ မင်းက သူ့ကို ချစ်ချင်လို့လား”
ခွန်သာက ခေါင်းညိတ်ပြလိုက်သည်။
“မလုပ်နဲ့ ဟေ့ကောင်၊ ဒီကောင်မလေးကို လူတွေဝိုင်းဝိုင်းလည်နေတာပဲ။ သူ့အမေက သူ့ကိုတောင်ကြီးက သူဌေးလေးတစ်ယောက်နဲ့ လက်ထပ်ပေးမှာတဲ့ကွ”
ခွန်သာ ခေါင်းငုံ့လိုက်သည်။ ပြီးတော့ နတ်ဝတ်နတ်စားလေးနှင့် လှပနေသော နှင်းနွယ်ကို လှမ်းကြည့်လိုက်သည်။ နှင်းနွယ် ရုပ်ကလေးက သူ့မျက်လုံးထဲက မထွက်။ သို့သော်လည်း မိုးနှင့်မြေလို ကွာခြားတာမို့ ခွန်သာ လက်လျှော့လိုက်သည်။
တစ်နေ့တော့။
ခွန်သာတို့က ပန်းလဲစိုက်သည်။ မေမြို့ပန်း၊ ဒေလီယာပန်းလို ပန်းတွေဖြစ်သည်။ တစ်နေ့ပန်းခင်းထဲတွင် အလုပ်လုပ်နေတုန်း ပန်းခင်းထိပ်တွင် ကောင်မလေးနှစ်ယောက် လာပြီးရပ်လေသည်။
“ဗျို့ အကိုကြီးရှင့်”
ခွန်သာက အလုပ်လုပ်နေရင်း လှမ်းကြည့်လိုက်သည်။ ခေါ်နေသူက နှင်းနွယ်ဖြစ်သည်။ ခွန်သာလဲ ရေလောင်းသည့်ထန်းပိုးလေး ပြစ်ချလိုက်ပြီး ခြံတံခါးသို့လာခဲ့သည်။
“နှင်း . . နှင်းနွယ်ပါလား”
“ဟင် အကိုကြီးက ညီမကို သိတာလား”
“သိ . .သိဆို အကိုကြီးက ဟိုတစ်ခါအလှူမှာ တိုးနယားကတာလေ”
“ဟုတ်လား နှင်းနွယ်က မမြင်ဘူးတော့ မသိဘူးရှင့်”
“ဘယ်မြင်ဖူးမလဲ တိုးနယားထဲ ဖင်ထောင်ပြီးကရတာကိုး”
ခွန်သာက ပြောလိုက်တော့ နှင်းနွယ်က သွားတက်ကလေးပေါ်အောင် ရယ်လိုက်လေသည်။ ခွန်သာလဲ ယောင်ပြီး ပြုံးလိုက်လေသည်။
“အော် . . လာရင်းတောင် မေ့တော့မလို့ အကိုကြီး နှင်းနွယ်ကို ပန်းနည်းနည်းလောက် ရောင်းစမ်းပါ”
“ပန်းလား . . ညီမလိုရင်ခူးသွားလေ”
ခွန်သာကပြောပြီး ခြံတံခါးလေးကို ဖွင့်ပေးလိုက်သည်။ သူတို့ရွာထဲတွင် ပန်းစိုက်သောသူတွေလဲရှိသည်။ သို့သော် ခွန်သာခြံကပန်းက တစ်ရွာလုံးတွင်အလှဆုံးဖြစ်သည်။ ပန်းပွင့်တွေက ရောင်စုံပွင့်နေကြသည်။ နှင်းနွယ်နှင့် အဖော်မိန်းကလေးလဲ ခြံထဲဝင်ပြီး ပန်းများကို ဟိုကြည့်သည်ကြည့် ကြည့်နေလေသည်။
“အဲဒီပန်းတွေ မခူးနဲ့ညီမ၊ မပွင့်သေးဘူး၊ ဝယ်သူတွေလာယူကြတော့မှာ”
ခွန်သာက အော်ပြောလိုက်သည်။ ပန်းဝယ်သူများက ပန်းမပွင့်ခင်လာပြီးဝယ်ကြခြင်းဖြစ်သဖြင့် ပန်းကလေးများမှာ အဖူးလေးတွေသာ ဖြစ်နေလေသည်။
“လာဒီဖက်ကိုလာ”
ခွန်သာက နှင်းနွယ်ကိုခေါ်လိုက်သည်။ နှင်းနွယ်က ခွန်သာနောက်လိုက်လာသည်။ ထိုပန်းအဖူးအခင်းများအကျော်တွင် ပန်းများပွင့်နေသော ပန်းဘောင် နှစ်ဘောင် သုံးဘောင်ကို တွေ့လိုက်ရသည်။
“ကဲ ဒီကခူး ဒီကပန်းတွေက ပွင့်နေပြီ၊ အလှဆုံးပန်းတွေပဲ”
ခွန်သာက ပြောလိုက်သည်။ နှင်းနွယ်မျက်နှာကလေးမှာ ပျော်သွားသည်။ ပန်းကလေးများက အရောင်အသွေးစုံလင်စွာဖြင့် ပွင့်နေကြသည်။ နှင်းနွယ်ကို ခွန်သာက အလှဆုံးပန်းပင်တွေ ရွေးခူးပေးနေသည်။
“ညီမက ပန်းတွေဘာလုပ်ဖို့လဲ”
“အိမ်ဘုရားအိုးထိုးမလို့လေ”
“ဒါဆို ဒီဘောင်တွေနဲ့ အတော်ပဲဖြစ်သွားတာပေါ့”
“ဘာလို့”
“ဒီဘောင်တွေက အိမ်က အမေဘုရားပန်းလှူဖို့အတွက် သီးသန့်စိုက်ထားတဲ့ ဘောင်တွေ ညီမရဲ့”
“ဘောင် သုံးဘောင်ဆိုတော့ ပန်းတွေအများကြီးပဲ အကိုကြီးတို့အိမ်မှာ အိုးများလို့လား”
နှင်းနွယ်က ပြန်မေးသည်။ ခွန်သာက ခေါင်းကိုခါလိုက်သည်။
“အကို့အမေက တောင်စွယ်က ဘုရားကလေးဆီမှာ စနေနေ့တိုင်း ပန်းတွေ သွားသွားလှူနေကြလေ ညီမရဲ့၊ ဘုရားက (၇) ဆူရှိတော့ ပန်းအိုးများတာပေါ့”
“အို ကောင်းလိုက်တာ အကို့တို့တော့ ကုသိုလ်တွေ အများကြီး ရမှာပေါ့နော်”
“ဒါတော့ ဒါပေါ့”
ခွန်သာက ပန်းခူးရင်း အရှိန်လွန်သွားသည်။ ပန်းတွေက လက်တစ်ပွေ့မက ဖြစ်နေပြီ။
“အကိုကြီးတော်ပြီ ညီမတို့အိမ်မှာက ပန်းအိုးက သုံးအိုးထဲရယ်”
“အော် ဟုတ်လား”
ခွန်သာက ပန်းတွေကို နှီးတစ်ချောင်းဖြင့် စည်းပေးလိုက်ပြီး နှင်းနွယ်ကိုပေးလိုက်သည်။
“အကိုကြီး ညီမဘယ်လောက်ပေးရမလဲ”
“အလို ပေးစရာမလိုပါဘူးဗျာ၊ ဘုရားလှူမှာပဲ”
“ဒါဆိုလဲ ကျေးဇူးပါ အကိုကြီးရေ၊ အကိုကြီးလဲ ကုသိုလ်တစ်ဝက်ရတာပေါ့”
နှင်းနွယ်က ပြောကာ ခြံတံခါးလေးသို့ ထွက်သွားလေသည်။ ခွန်သာက တော့ ပန်းဘောင်တွေနားမှာ မတ်တပ်ရပ်ပြီးကျန်နေခဲ့သည်။
“ညီ . . ညီမ”
နှင်းနွယ်က လှည့်ကြည့်လိုက်သည်။
“ဘာလဲ အကိုကြီး”
နှင်းနွယ်မေးလိုက်တော့ ခွန်သာက ခြံထဲသို့ပြေးလိုက်ပြီး သစ်ပင်တစ်ပင်တွင် ကပ်ပြီးစိုက်ထားသော သစ်ခွများထဲမှ သစ်ခွပွင့်တစ်ခိုင်ကိုခူးလိုက်သည်။ သစ်ခွမှာ အဖြူရောင်နှင့် အစိမ်းရောင်(မော်ဒယ်စိမ်း)လေး ရောထားပြီး လှပနေသည်။ ထို့နောက် ခွန်သာက နှင်းနွယ်ဆီပြေးသွားသည်။
“ညီ . . ညီမပန်ဖို့”
“အို”
နှင်းနွယ်က ခေါင်းကလေးငုံ့လိုက်သည်။ ပါးမို့နီနီကလေးမှာ ပိုပြီးရဲသွားလေသည်။
“ယူပါ ညီမရယ်”
ခွန်သာပြောလိုက်တော့မှ သစ်ခွပန်းများကို လက်ဖြင့်ယူပြီးနောက် ပန်းစည်းပေါ်တွင် တက်လိုက်လေသည်။
“အားနာလိုက်တာ အကိုကြီးရယ် ဘုရားပန်းတွေကော သစ်ခွပန်းတွေကော”
“အားမနာပါနဲ့ ညီမရယ် နောက်လဲ ဘုရားပန်းလိုချင်ရင် အကိုကြီးဆီကို လာခူးနော်”
ခွန်သာက ပြောလိုက်သည်။ နှင်းနွယ်နှင့် လိုက်လာသည့် အဖော်မိန်းကလေးမှာ ခွန်သာကို မျက်စောင်းထိုးလိုက်ပြီးနောက် နှင်းနွယ်ကို ဆွဲခေါ်သွားလေသည်။
ထိုနောက်ပိုင်း တစ်ပတ်တစ်ခါလောက်တော့ နှင်းနွယ်က ခြံထဲ အဖော်တစ်ယောက်၊ နှစ်ယောက်နှင့် အတူတူလာတတ်သည်။ နှင်းနွယ်လာမှန်းကို ခန့်မှန်းသိပြီမို့ ခွန်သာက ထိုရက်တွင် ခြံထဲဆင်းသည့်အခါ အရင်လို အကျီစုတ်နှင့်မဆင်းတော့ဘဲ အဝတ်အစားများကို ကောင်းကောင်းမွန်မွန်ဝတ်ဆင်ထားလေသည်။
ထိုပန်းဘောင်ကလေးမှာ တခြားပန်းများတုံးသွားသော်လည်း ခွန်သာက နှင်းနွယ်အတွက် ရာသီပန်းအမျိုးမျိုးကို လှပအောင်စိုက်ပျိုးထားလေသည်။ ခွန်သာစိုက်ထားသော သစ်ခွတွေမှာလဲ အမျိုးအစားစုံလင်လှပြီးနှင်းနွယ် ပန်ဖို့ အသင့်ဖြစ်နေသည်။ သူတို့နှစ်ယောက် ဆက်ဆံရေးမှာလဲ တိုးတက်လာပြီဖြစ်သည်။
ထိုတစ်ပါတ်တော့ နှင်းနွယ်လာသည့်ရက်ကို ရောက်မလာ၊ ခွန်သာက စိတ်ပူနေလေသည်။ နှင်းနွယ်က စနေနေ့မှပင် ပေါ်လာတော့သည်။ ထိုနေ့က ခြံထဲတွင် အမေလဲရှိနေသည်။ အမေကလဲ ဘုရားပန်းတွေခူးနေသည်။ ပြီးလျှင် သားအမိနှစ်ယောက် တောင်စွယ်ကိုသွားပြီး ထိုတောင်စွယ်ရှိ ဘုရားစေတီများတွင် ပန်းများလှူဒါန်းမည်ဖြစ်သည်။ တောင်စွယ်မှာ အတန်ငယ်လှမ်းသဖြင့် စားသောက်ဖို့ ထမင်းနှင့်ဟင်းများကိုဖက်များဖြင့်ထုတ်ပြီး ပလိုင်းတစ်လုံးတွင် လွယ်လိုက်သည်။
“ဟင် နှင်းနွယ်”
နှင်းနွယ်က အစိမ်းနုရောင် ချည်ဝမ်းဆက်လေးကို ရှမ်းရင်ဖုံးလေးချုပ်ထားပြီး ချည်ထုံးကလေးများဖြင့် အလှဆင်ထားသည့် ဝတ်စုံကလေးကို ဝတ်ဆင်လာလေသည်။ ခွန်သာကော အမေကပါ ခြံထဲဝင်လာသည့် နှင်းနွယ်ကို ဝိုင်းကြည့်နေကြသည်။ နှင်းနွယ်က ထိုနေ့ကတော့ တစ်ယောက်တည်းလာချင်းဖြစ်သည်။
“တော်သေးတာပေါ့ အကိုတို့သွားပြီထင်လို့”
နှင်းနွယ်ကပြောလိုက်သည်။
“ခုပဲသွားတော့မလို့ နှင်းနွယ်ရဲ့ ဘုရားပန်းယူမလို့လား”
“မဟုတ်ဘူး တောင်စွယ်လေးဆီ လိုက်ချင်လို့အကိုရဲ့”
ခွန်သာအမေက ခွန်သာနှင့် နှင်းနွယ်စကားပြောနေသည်ကို ငေးကြည့်နေသည်။
“ဒါဆိုလဲ လာလေ အတူတူသွားကြမယ်၊ ဒါပေမယ့် ထမင်းထုပ်က နှစ်ထုပ်ထဲရယ်”
“လာပါသားရယ် အမေတို့ မျှစားလို့ရပါတယ်”
ထို့နောက် ခွန်သာက နှင်းနွယ်ကိုကြည့်လိုက်သည်။ နှင်းနွယ်ခေါင်းမှာ ဆံထုံးတော့ထုံးထားသည် ပန်းမရှိပေ။ ခွန်သာက ပန်းထုပ်ကိုချလိုက်ပြီးနောက် သစ်ခွပန်းတစ်ခက်ကို ခူးလိုက်ပြီး နှင်းနွယ်ကိုပေးလိုက်သည်။ နှင်းနွယ်က သစ်ခွပန်းကလေးများကို ပန်လိုက်ပြီး ခွန်သာကို ပြုံးပြလိုက်သည်။ ထို့နောက် သူတို့သုံးယောက် တောင်စွယ်ကလေးဆီ သွားကြသည်။
ထိုအချိန်က ကားလမ်းမဖောက်ရသေးသဖြင့် ရွာကလေးမှာ သိပ်မစည်ကားသေးပေ။ စိုက်ခင်းတွေကို ဖြတ်ကျော်ပြီးလျှင်တော့ တောင်ခြေကိုရောက်သည်။ ထိုတောင်ခြေမှ တောလမ်းကလေးအတိုင်းဆက်သွားပြီး ၁၅ မိနစ်ခန့်ကြာလျှင်တော့ တောင်စွယ်ရှိဘုရားစေတီကလေးများဆီရောက်ပြီဖြစ်သည်။ ရွာမှသွားလျှင် တစ်နာရီနီပါးသွားရသည်။
နွေဦးပေါက်မို့ ရာသီဥတုက မအေး မပူလေးဖြစ်နေသည်။ တောလမ်းကလေးအတိုင်းစကားပြောရင်း တက်ခဲ့ကြရာ ဘုရားလေးတွေစီ ရောက်မှန်းမသိရောက်လာသည်။ ဘုရားလေးတွေအနီးတွင် ကျောက်တုံးများဖြင့်စီထားပြီး ရှေးခေတ်အုတ်များစီထားသည့် ရင်ပြင်ရှိသည်။ အလယ်တွင် စေတီကြီးတစ်ဆူရှိပြီး ထိုစေတီမှာလဲ ရှေးဟောင်းစေတီဖြစ်သည်။ မုခ်တစ်ခုရှိပြီး တန်ဆောင်းတစ်ခုရှိကာ ဘုရားရုပ်ပွားတော်တစ်ခု ရှိလေသည်။ ပန်းအိုးများမှာလဲ ခွန်သာတို့ လှူထားခြင်းဖြစ်ပြီး ပန်းများမှာ မခြောက်သေးသော်လည်း ပွင့်အာပြီး ပွင့်ရွက်တွေ ကြွေနေကြပြီဖြစ်သည်။ ထိုဘုရားအနီးတွင် စေတီဟောင်း လေးငါးဆူရှိပြီး ထိုစေတီလေးများတွင်လဲ ဂူဘုရားလေးများရှိသည်။ အချို့စေတီတွေကတော့ ထီးတော်မရှိတော့၊ အချို့စေတီတွေက ခေါင်းလောင်းလောက်မှ စ၍ ပြိုကျနေသည်။
“ကဲ သားတို့ ဘုရားပန်းတွေ စွန့်ပြီး ဘုရားပန်းအိုးတွေကို ရေသွားဆေးကြ”
အမေက ပြောလိုက်သည်နှင့် ခွန်သာက ပန်းအိုးတွေထဲမှ ပန်းတွေကို စွန့်ပစ်လိုက်ပြီး ပန်းအိုးတွေကို စုပြီးယူလိုက်သည်။ ယခုတစ်ခါတွင် နှင်းနွယ်လဲ ပါသဖြင့် နှင်းနွယ်ကလဲ ပန်းအိုးတွေကို ယူပေးလေသည်။ ထို့နောက်သူတို့သည် ဘုရားလေးအနားရှိ စမ်းချောင်းလေးတစ်ခုသို့ ထွက်ခဲ့ကြသည်။
(ဃ)
တောအုပ်ကလေးက စိမ့်ပြီးအေးနေလေသည်။ စမ်းချောင်းနားရောက်သည်နှင့် စမ်းရေစီးသံများကို ကြားနေရသည်။ စမ်းချောင်းကလေး၏ ရေများမှ အေးစက်နေသည်။ သူတို့လဲ စမ်းချောင်းထဲမှ ရေများဖြင့် ပန်းအိုးများကို ဆေးကြောလိုက်ကြသည်။ ထို့နောက် စေတီလေးကို ပြန်လာခဲ့သည်။ ပန်းအိုးများတွင် ပန်းများကိုထိုးသည်။ ပန်းများကလတ်ဆတ်ပြီး ခြံထဲမှရေဆေးလာသဖြင့် ထိုးရုံအသင့်ဖြစ်နေသည်။ အမေနှင့်အတူနှင်းနွယ်က ပန်းတွေ ထိုးလေသည်။
“ဟာ အကိုကလဲ ပန်းတွေဘယ်လိုထိုးထားတာလဲ”
“ဟာ ပန်းပဲ ဒီတိုင်းပဲ ထိုးထားတာပေါ့”
“တော်ပြီ အကိုမထိုးနဲ့ ပန်းတွေကို လှအောင်မထိုးတတ်ဘူး”
“အေးဟုတ်တယ် ခွန်သာက ပန်းထိုးရင် ဘယ်တော့မှ လှအောင်မထိုးတတ်ဘူး”
ခွန်သာက ခေါင်းကုတ်လိုက်သည်။ ခွန်သာအမေနှင့် နှင်းနွယ်က ပန်းတွေကို အိုးမှာထိုးလိုက် ပန်းအိုးကိုလှည့်ကြည့်လိုက်နှင့် အလုပ်များနေသည်။ စကားတွေလဲ ပြောပြီး အတိုင်အဖောက်ညီနေလေသည်။
ထို့နောက် ပန်းအိုးများကို ဘုရားတွင် လိုက်ထားလိုက်သည်။ ပြီးတော့ တစ်ခုထဲရှိသည့် ဘုရားတန်ဆောင်းတွင် ဝင်ထိုင်လိုက်သည်။ အမေက တံမြက်စည်းတစ်ချောင်းနှင့် လှဲကျင်းနေသည်။ ထို့နောက် ပလိုင်းထဲမှ စက္ကူဖြင့်ထုတ်လာသော မုန့်ကလေးများကို ဘုရားကိုလှူလေသည်။ အမွှေးတိုင် ဖယောင်းတိုင်များလဲ ထွန်းလေသည်။ အချိန်က မနက် ၁၁ နာရီခန့်ရှိပြီဖြစ်သည်။ သူတို့သုံးဦးလဲ တန်ဆောင်းထဲတွင် ထိုင်နေကြသည်။
ခဏကြာတော့ အမေက မုန့်ကလေးများကို စွန့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်သို့ ပစ်လိုက်သည်။ သစ်ပင်များပေါ်မှ ရှဉ့်ကလေးများ ပြေးလာလေသည်။ မုန့်ကလေးများကို လက်နှင့်ကိုင်ပြီးစားနေကြသည်။ သူတို့လဲ ထမင်းများထုပ်များကို ဖွင့်လိုက်ကြသည်။ ထို့နောက် အတူတူလက်စုံစားလိုက်ကြသည်။ အမေကတော့ ထမင်းသိပ်မစား၊ ခွန်သာနှင့် နှင်းနွယ်ကို အပျော်မျက်လုံးတွေနှင့် ကြည့်နေသည်။
ဘုရားမှာနေပြီး နေ့လည်မွန်းလွဲကျော်မှ ပြန်လာခဲ့ကြသည်။ အမေက ရှေ့ကနေ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ ထိုအခါ တောလမ်းကလေးထဲတွင် သူတို့သာ ကျန်ခဲ့ကြသည်။
“ညီမပျော်လား”
“ပျော်တာပေါ့အကိုရဲ့”
“နောက်လဲ လာခဲ့ပေါ့၊ ဘုရားလေးကို တူတူသွားကြမယ်လေ၊ ညီမအတွက်လဲ ထမင်းတွေ ထည့်ခဲ့ပေးမှာပေါ့”
နှင်းနွယ်မျက်နှာကလေး မဲ့သွားသည်။ ခေါင်းကလေးငုံ့သွားသည်။
“နောက်တစ်ခေါက်ဆိုတာ မရှိတော့ဘူး အကို”
“ဘာလို့လဲ ညီမရဲ့”
“နှင်းနွယ်နဲ့ လက်ထပ်မယ့်သူက ဒီနေ့အိမ်ရောက်လာပြီ”
အပိုင်း(၂)တွင် ဆက်လက်ဖတ်ရှုပါ