(အပိုင်း(၂))
“နောက်တစ်ခေါက်ဆိုတာ မရှိတော့ဘူး အကို”
“ဘာလို့လဲ ညီမရဲ့”
“နှင်းနွယ်နဲ့ လက်ထပ်ပေးမယ့်သူက ဒီနေ့အိမ်ရောက်လာပြီ”
ခွန်သာရင်ထဲတွင် တထိတ်ထိတ်ဖြစ်သွားသည်။ မဖော်ပြနိုင်လောက်အောင် စိတ်ထိခိုက်သွားသည်။ လှမ်းနေသည့် ခွန်သာ ခြေလှမ်းများ တုံ့သွားသည်။
“ဒါဆို ညီမက အိမ်ထောင်ပြုတော့မှာပေါ့နော်”
နှင်းနွယ်က ဘာမှမပြောတော့ဘဲ ခေါင်းကလေးကို ညိတ်လိုက်သည်။ နှင်းနွယ်၏ မျက်လုံးထောင့်များတွင် မျက်ရည်စလေးများက စို့လာသည်။
“ညီမ အကို့ကို မချစ်ဘူးလား”
“အကို့ကိုတော့ မေတ္တာရှိပါတယ် ဒါပေမယ့် ညီမမိဘတွေရဲ့ စီစဉ်မှုကိုတော့ လွန်ဆန်လို့မရလို့ပါ”
ခွန်သာရင်ထဲတွင် တနုံ့နုံ့ခံစားလိုက်ရသည်။ ထို့နောက် သူတို့ ဘာမှမပြောတော့ဘဲ လမ်းကလေးအတိုင်းဆက်ပြီးလျှောက်လာကြသည်။ နှင်းနွယ်ကို သူတို့ရွာထိပ်အထိလိုက်ပို့လိုက်ပြီး ခွန်သာက ခေါင်းငိုက်စိုက်ကာ လမ်းလျှောက်ပြန်လာခဲ့သည်။ အိမ်ရောက်တော့လဲ ခွန်သာ မပျော်မရွှင်ဖြစ်နေသည်ကို သူ့အမေက သိလိုက်သည်။
“ဟဲ့သား နေမကောင်းဘူးလား၊ ဘာဖြစ်နေတာလဲ”
“အမေရေ ကျွန်တော်ဘယ်လိုလုပ်ရမလဲ”
ခွန်သာက မျက်ရည်တွေကျနေပြီးနောက် သူ့အမေကို အဖြစ်အပျက်တွေကို ပြောပြလိုက်လေသည်။
“အေးပေါ့လေ ဘယ်တတ်နိုင်မလဲ၊ အမေလဲ သားကိုဘာမှ မလုပ်ပေးနိုင်ဘူး”
ခွန်သာအမေလဲ မျက်နှာမကောင်း ခွန်သာလဲ တစ်နေကုန် နေလို့မပျော်။
နောက်ပိုင်းတော့ ခွန်သာလဲ ခြံထဲမှာပဲ အလုပ်အပေါ် အာရုံနှစ်ထားလိုက်သည်။ နှင်းနွယ်ကိုလဲ မေ့မေ့ပျောက်ပျောက်ဖြစ်ဖို့ ကြိုးစားနေသည်။ ဘာလိုလိုနဲ့ နှစ်ပတ်ကျော်ခဲ့ပြီ၊ ထိုနေ့က စနေနေ့ ခွန်သာတို့သားအမိ ဘုရားပန်းလဲရန်လုပ်ကြသည်။ အရင်တစ်ပတ်ကတော့ ခွန်သာ ဘုရားကိုမလိုက်ဖြစ်၊ အမေတစ်ယောက်ထဲသွားသည်။ ဒီအပတ်တော့ ဘုရားကိုလိုက်မည်ဖြစ်သည်။ လမ်းလျှောက်နေရင်း ဘုရားကို နှင်းနွယ်နဲ့ အတူတူသွားခဲ့သည်များကို ပြန်ပြီးသတိရနေသည်။
လေအဝေ့မှာ အဝေးမှပျံ့လွင့်လာသော ဆိုင်းသံဗုံသံများနှင့် လော်စပီကာ သီချင်းသံများကိုကြားရသည်။ တစ်ရွာရွာတွင်တော့ အလှူပွဲတစ်ခုခုလုပ်နေပြီထင်သည်။ ထိုစဉ် ခွန်သာက တိုးနယားကရင်း နှင်းနွယ်နှင့်ဆုံတွေ့ခဲ့ပုံလေးကို ပြန်ပြီးသတိရနေပြန်သည်။
စေတီလေးတွေဆီရောက်တော့ စေတီလေးတွေကို လုပ်နေကြအတိုင်း ပန်းအိုးများလဲလိုက်သည်။ ခွန်သာစိတ်ထဲလဲ ငြိမ်းချမ်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။ ဘုရားပန်းလဲပြီးနောက် အမေက ဘုရားရှိခိုးပြီး ပန်းတွေကပ်နေသည်။ သူကလဲ ဘုရားရှိခိုးလိုက်သည်။ အရိပ်တကာ့အရိပ်ထဲတွင် ဘုရားအရိပ်တရားအရိပ်က အအေးချမ်းဆုံးဖြစ်သည်မို့ ခွန်သာရင်ထဲ အပူမီးများလျော့ကျသွားသည်။ ဘုရားရှိခိုးရင်း ရှေးဟောင်းဘုရားဆင်းတုလေး၏ မျက်နှာတော်ကိုကြည့်လိုက်သည်။ ခွန်သာရင်ထဲတွင် အေးချမ်းမှုကိုခံစားလိုက်ရသည်။
ဘုရားပန်းအိုးနှင့် ဝေဆာနေသော ပန်းကလေးများကိုကြည့်လိုက်ပြန်သည်။ ခွန်သာရင်ထဲတွင်တော့ ပန်းအိုးထိုးနေသည့် နှင်းနွယ်ပုံရိပ်များက နေရာပြန်ယူလာပြန်သည်။ ချစ်သူနှင့် ကွေကွင်းရခြင်းဟူသော သောက ဝေဒနာမီးက တောက်လောင်လာသည့်အခါ ရင်တွေပူလာပြန်သည်။ ခွန်သာက ဘုရားရှိခိုး ပန်းကပ်လှူပြီးနောက် ဆုတစ်ခုကို လေးလေးနက်နက်ဖြင့်တောင်းလိုက်သည်။
“ဖြစ်လေရာဘ၀ နှင်းနွယ်နှင့် ပေါင်းဖက်ရသည့် ချစ်သူတွေဖြစ်ရပါစေသား”
ဆုတောင်းပြီးတော့ ထမင်းအတူတူစားကြသည်။ အမေက ဘုရားကို ထန်းလျက်ပေါက်ပေါက်ကလေးတွေ ကပ်လှူသည်။ ထို့နောက် ရှဉ့်ကလေးများကို ကျွေးလိုက်လေသည်။ ရှဉ့်ကလေးများကလဲ ဆင်းလာပြီး အလုအယက်ကောက်စားကြတော့သည်။
အိမ်ပြန်လာပြီးနောက်တော့ အိမ်ရှေ့မှ ကာလသားတစ်ချို့ တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ကာ သွားနေကြသည်။ ခွန်သာက ခွန်မှိုင်းကိုတွေ့လိုက်သဖြင့် အိမ်ထဲမှ လှမ်းအော်လိုက်သည်။
“ခွန်မှိုင်း မင်းတို့တွေ တောက်တောက်ပြောင်ပြောင်နဲ့ အလှူက ပြန်လာကြတာလား”
“အလှူမဟုတ်ဘူးကွ ဟိုဘက်ရွာက နှင်းနွယ်မင်္ဂလာဆောင်ကွ၊ ကျွေးတာကတော့ အကောင်းစားတွေချည်းပဲဟေ့”
ခွန်မှိုင်းကပြောပြီး လမ်းလျှောက်ထွက်သွားလိုက်သည်။ ခွန်သာရင်ထဲတွင်တော့ အပူမီးတောက်တွေ အားပြင်းလာသည်။ ထို့နောက် ရွာထဲသို့လမ်းလျှောက်ထွက်လာသည်။ အရက်ဆိုင်မှ အရက်နှစ်ပုလင်းကို ဝယ်လိုက်သည်။ တောအရက် ချက်အရက်ဖြစ်သည်။ ထို့နောက် အိမ်သို့ပြန်လာကာ အရက်သောက်နေတော့သည်။
ခွန်သာအမေက အပြင်ခဏထွက်သွားရာမှ ပြန်လာသည်။ ထိုအခါ သူ့သားအရက်တွေ သောက်နေသည်ကို တွေ့သည်။ ခွန်သာက အရက်မသောက်တတ်တာတော့မဟုတ်၊ သို့သော် အမေမကြိုက်၍ ရွာတွင် အလှူရှိသည့်အခါ၊ သူငယ်ချင်းမင်္ဂလာဆောင်သည့်အခါသာ သောက်တတ်သည်။ ခုတော့ ချစ်သူမင်္ဂလာဆောင်သွား၍ အရက်သောက်နေမှန်း ခွန်သာအမေက သိလိုက်သည်။ ဒါ့ကြောင့် ဘာမှမပြောတော့ဘဲ ကြည့်နေလိုက်သည်။ ခွန်သာက တစ်ညနေလုံးအရက်နှစ်လုံးကို ကုန်အောင်သောက်လိုက်သည်။ တောအရက်ပြင်းဖြစ်တာက တစ်ကြောင်း၊ ခွန်သာက အရက်အများကြီးမသောက်နိုင်တာက တစ်ကြောင်းမို့ ခွန်သာ လူမှန်းသူမှန်းမသိအောင် မူးပြီး အိမ်ရှေ့ကြမ်းပြင်တွင်ပင် အိပ်ပျော်သွားလေသည်။
“သားရေ ထတော့ . . ထတော့”
အမေ့အသံကို ကြား၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ အမေက ဇတ်ဝတ်ဇတ်စားတွေလို ဝတ်ဆင်ထားပြီး အသက်မှာလဲ အနှစ်၂၀လောက်ငယ်နေသည်။ ဆံပင်တွေကလဲ မဲနက်နေသည်။
“အမေ .. အမေလား”
ခွန်သာက မနည်းပုံဖမ်းယူပြီးကြည့်နေရသည်။ အသက်က သူနှင့်မတိမ်းမယိမ်းလောက်ဖြစ်နေသည်ကိုး။
“ဟုတ်တယ်သား . . . . သားဆန္ဒတွေ အမေဖြည့်ပေးဖို့ရောက်လာတာ”
အမေက ထိုသို့ပြောလိုက်ပြီး ပြုံးနေသည်။
“အမေက ဘာကို ဖြည့်ဆည်းပေးမှာလဲ”
“သားနဲ့နှင်းနွယ် ညားအောင်အမေ စီစဉ်ပေးမယ်ငါ့သား”
အမေက ပြောဆိုလိုက်ပြီးတော့ မြေပဲတောင့်လေးတစ်တောင့်ကို မြေကြီးပေါ်ပစ်ချလိုက်သည်။ အမေက ပစ်ချပြီး မြေကြီးပေါ်ရောက်သည့်အခါ ရှဉ့်ကလေးတစ်ကောင်က ထိုမြေပဲလေးကိုကောက်ပြီးတော့ သူ့ကိုလာပေးလေသည်။ ခွန်သာလဲ မြေပဲလေးကို ကောက်ယူလိုက်လေသည်။ အခွံမခွာရသေးသည့် မြေပဲလေးဖြစ်ပြီး မြေပဲစေ့နှစ်စေ့ပါသည်။
“ကဲ သားပြေးပြီးတော့ မင်းချစ်သူဆီပြေးသွားပြီး မြေပဲတောင့်လေးကို ကျွေးလိုက်တော့”
အမေက ပြောပြီးတစ်ဖက်သို့လှည့်ပြီး လမ်းလျှောက်သွားသည်။ အမေ့နောက်တွင်တော့ ရှမ်းဝတ်စုံအဖြူဝမ်းဆက်ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ယောက်ရှိသည်။ အဖိုးအိုက အမေ့ကိုလက်ဆွဲပြီး တစ်နေရာကို ခေါ်ဆောင်သွားသည်။
“အမေ . . အမေ”
ခွန်သာက လှမ်းခေါ်သော်လည်း အမေက လှည့်မကြည့်တော့။
(င)
“အမေ . . အမေ”
ခွန်သာအော်ရင်း ကုန်းထလိုက်သည်။ အိမ်ရှေ့ကြမ်းပြင်ပေါ်မှာပဲ ရှိသေးသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နေက အတော်တောင်မြင့်နေပြီ။ ထို့နောက် ခွန်သာက လက်ထဲကိုကြည့်လိုက်သည်။ သူ့ညာဘက်လက်တွင် မြေပဲတောင့်လေးကို တွေ့လိုက်ရသည်။
“သား အဲဒီမြေပဲတောင့်ကလေးကို ယူပြီးတော့ မင်းချစ်သူဆီ အမြန်ပြေးသွားတော့”
နားထဲတွင် ထိုစကားကိုကြားနေရသည်။ ခွန်သာက မတ်တပ်ရပ်လိုက်သည်။ ပုဆိုးကို ပြင်ဝတ်လိုက်ပြီး အိမ်အပြင်ဖက်သို့ ပြေးထွက်ခဲ့သည်။ ရွာလယ်လမ်းမကြီးတစ်လျှောက် ခွန်သာက အရူးကြီးပမာ တစ်ရှိန်ထိုးပြေးနေသည်။
နှင်းနွယ်တို့အိမ်က သိပ်မရှာရ၊ ရွာထိပ်မှ အိမ်ကိုမေးလိုက်လျှင်သိပြီ၊ ခွန်သာကလဲ အားကုန်ပြေးလာသည်။ နှင်းနွယ်တို့ အိမ်ရှေ့တွင် မင်္ဂလာဆောင် မဏ္ဍပ်ကမဖျက်ရသေးပေ။ ခွန်သာက အိမ်ထဲကိုပြေးဝင်လိုက်သည်။
နှင်းနွယ်တို့အိမ်က ခြေတံရှည်ပုံစံဖြစ်သည်။ အိမ်အောက်ထက်တွင်တော့ ဆင့်တွေရိုက်ထားပြီး ကြမ်းတွေခင်းထားသည်။ ထိုအပေါ်တွင် နှင်းနွယ်က လဲလျောင်းနေသည်။ နှင်းနွယ်ကို ပန်းတွေနဲ့ဝိုင်းထားပြီး သက်ရွက်တွေနဲ့ အလှဆင်ထားသည်။ ခွန်သာက နှင်းနွယ်ဆီပြေးသွားသည်။
“နှင်းနွယ် . . နှင်းနွယ် ဘာဖြစ်တာလဲ”
ခွန်သာက မေးမြန်းနေသည်။ နှင်းနွယ်နားတွင်တော့ သူတို့အမျိုးတွေထိုင်နေသည်။
“မသိဘူး၊ မနေ့က မင်္ဂလာဆောင်အပြီး ညနေ ၃ နာရီလောက်ကျတော့ အိမ်ပေါ်တက်ရင်း လှေကားပေါ်မှာ မေ့ပြီးကျသွားတာ၊ ပြန်မနိုးတော့တာဘဲ”
အနားမှာ ထိုင်နေသည့် အဒေါ်ကြီးက ပြောလိုက်သည်။
“နေပါဦး မင်းက ဘယ်သူလဲ”
“ကျွန်တော်က ခွန်သာပါ၊ ဟိုဖက်ရွာကပါ နှင်းနွယ် . . . နှင်းနွယ်ရဲ့ချစ်သူပါ”
နှင်းနွယ်အမျိုးတွေက ခွန်သာကို ဝိုင်းကြည့်လိုက်ကြသည်။ ခွန်သာက အကျီတွေက နံစော်ပြီး အရက်နံ့နဲ့ ချဉ်နဲ့တွေတထောင်းထောင်းထနေသည်။
“ငါ့တူမရယ် အဖြစ်ဆိုးလှချည်လား နင့်ချစ်သူက အရက်သမား၊ နင်ယူတဲ့ကောင်ကလဲ နင်ဒီလိုဖြစ်တော့ သူမုဆိုးဖိုဖြစ်မှာစိုးလို့ဆိုပြီး နေ့တွင်းချင်းပဲ တစ်မျိုးလုံးပြန်ပြေးကြနဲ့ ငါ့တူမရဲ့ . . . ဟီး”
အဒေါ်ကြီး ၀၀ကြီးတစ်ယောက်က ထငိုလေသည်။ ထိုအခါမှ ခွန်သာလဲ အဖြစ်အပျက်ကို သိရလေသည်။ ထို့နောက် သူတစ်ခုသတိရသွားသည်။ သူ့လက်ထဲက မြေပဲလေးကိုကြည့်လိုက်သည်။
ထို့နောက် နှင်းနွယ်အလောင်းပြင်ထားသည့်အနားကို သွားလိုက်ပြီး နှင်းနွယ်ကို ဆွဲထူလိုက်သည်။
“ဟေ့ကောင် မင်းငါ့သမီးကိုမထိနဲ့ မင်းဒါဘာလုပ်တာလဲ”
နှင်းနွယ်အဖေကြီးက တားလိုက်သည်။ နှင်းနွယ်အမျိုးထဲက ယောက်ျားတွေအကုန်ထလာကြသည်။
“မဟုတ်ပါဘူး၊ ကျွန်တော် ဒီမြေပဲလေးကို သူ့ကိုကျွေးမလို့ပါ”
“ငမူးကောင် လူကသေနေပြီ နင်က မြေပဲကျွေးချင်သေးတယ်ပေါ့”
အမျိုးတွေအကုန်လုံးပြောဆိုပြီးတော့ ခွန်သာကို ဝိုင်းရိုက်ကြသည်။ ဝိုင်းပြီး ထိုးနှက်ကြသည်။ ခွန်သာကတော့ မြေပဲလေးကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မြေတွင် လိမ့်နေအောင်ခံရသည်။
“ဟေ့ရပ်လိုက်ကြစမ်း”
နှင်းနွယ်အမေက အော်လိုက်လေသည်။
“သေတဲ့လူက သေနေပြီ ရှင်တို့လဲ လူသတ်မှုနဲ့ ထောင်ထဲဝင်ချင်လို့လား”
နှင်းနွယ်အမေက ဟန့်လိုက်မှ အားလုံး ထွက်သွားကြတော့သည်။ ခွန်သာကတော့ မျက်နှာတွေလဲ ဖူးယောင်နေပြီး တစ်ကိုယ်လုံးလဲ စုတ်ပြတ်သတ်နေသည်။
“တောင်းပန်ပါတယ်ဗျာ၊ ဒီမြေပဲစေ့လေးကို နှင်းနွယ်ကိုကျွေးပေးကြပါဗျာ၊ ကျွန်တော့်ကိုသတ်မယ်ဆိုလဲ သေပါမယ်”
ခွန်သာက လက်အုပ်ချီပြီးပြောလိုက်သည်။ ထိုအခါ အားလုံးက ခေါင်းငုံ့သွားကြသည်။
“ကောင်းပြီ မင်းမြေပဲစေ့ကျွေးပြီးတာနဲ့ နောက်ထပ်ဘယ်တော့မှ တို့အိမ်ကို ပေါ်မလာပါနဲ့”
ခွန်သာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် နှင်းနွယ်ကို ထူလိုက်သည်။ ခွန်သာလက်တွေက အားမရှိတော့။ နှင်းနွယ်အမျိုးတွေက နှင်းနွယ်ကိုဝိုင်းထူပေးကြသည်။ နှင်းနွယ်က အသက်မရှုတော့။ မျက်နှာလေးကတော့ မိတ်ကပ်များဖြင့် လှပနေသည်။ ခွန်သာက မြေပဲစေ့လေးကို ခွာလိုက်ပြီး မြေပဲစေ့လေးများကို နှင်းနွယ်ပါးစပ်ထဲထည့်လိုက်သည်။
“မင်းကျေနပ်ပြီမဟုတ်လား ပြန်တော့”
ခွန်သာက နှင်းနွယ်ကို တစ်ချက်လောက်ပြန်လှည့်ကြည့်လိုက်သည်။ နှင်းနွယ်က အပြစ်ကင်းစွာ အိပ်စက်နေလေသည်။ ခွန်သာလဲ ခြေလှမ်းကို တစ်လှမ်းခြင်းလှမ်းပြီး ထိုအိမ်ထဲမှပြန်ထွက်လာခဲ့သည်။ ခြေထောက်များကလဲ အရိုက်ခံထားရသဖြင့် နာကျင်နေသည်။ ခွန်သာ ခြံအပြင်တောင်မရောက်သေး အားလုံးဝိုင်းအော်သံကြားရသည်။
“နှင်းနွယ် ပြန်သတိရလာပြီဟေ့”
ထိုအသံကြားတော့ ခွန်သာက နှင်းနွယ်ဆီ အပြေးသွားလိုက်သည်။ နှင်းနွယ်က အသက်ပြန်ရှုနေသည်။ ထို့နောက် အိပ်နေရင်းမှ လန့်နိုးသလိုမျိုး ပြူးတူးကြောင်တောင်နှင့် မျက်လုံးများ ပွင့်လာလေသည်။ မျက်လုံးပွင့်ပြီးသည်နှင့် ဟိုဟိုဒီဒီကြည့်လိုက်လေသည်။
“ဟင် အကို”
ခွန်သာမျက်နှာမှာ ဒဏ်ရာ ဗရပွနှင့် နှင်းနွယ်ကို ငေးကြည့်နေသည်ကို နှင်းနွယ်တွေ့လိုက်ရသည်။ နှင်းနွယ်ထိုင်လိုက်သည်။ ထိုအခါ ခွန်သာက နှင်းနွယ်အနားကို သွားလိုက်သည်။ နှင်းနွယ်က မျက်ရည်များကျလာပြီး ခွန်သာကို ပွေ့ဖက်လိုက်လေသည်။ ခွန်သာကလဲ နှင်းနွယ်ကို တင်းတင်းဖက်ထားလိုက်သည်။ နှင်းနွယ်အမျိုးတွေက သူတို့နှစ်ဦးအနားကို ကပ်လာသည်။ ထိုအခါ နှင်းနွယ်အဖေကြီးက လက်ဖြင့်ကာပြလိုက်ပြီး မနှောင့်ယှက်ကြဖို့ ပြောလိုက်သည်။
“ငါ့ သမီးလေးမှာ တို့မွေးတဲ့အသက်မရှိတော့ပါဘူး ၊ မင်းပေးတဲ့အသက်ပဲ ရှိတော့ပါတယ်ကွာ”
နှင်းနွယ်အဖေက ပြောလိုက်ရင်း သက်ပြင်းချလိုက်သည်။
“နှင်းနွယ် . . နှင်းနွယ်ကို အကိုလက်ထပ်မယ်”
ခွန်သာက နှင်းနွယ်ကိုဖက်ထားရင်း ပြောလိုက်သည်။ နှင်းနွယ်ကလဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီမောင်ရင်၊ မောင်ရင်လဲ အိမ်ပြန်ပြီး ကောင်းကောင်းမွန်မွန်ဝတ်စားလာခဲ့ ပြီးရင် လူကြီးစုံရာနဲ့ ရပ်မိရပ်ဖတွေပါ ခေါ်ပြီး ပြန်လာခဲ့ပေါ့”
ခွန်သာ ပျော်သွားသည်။ ထိုမှ သတိရလိုက်သည်။ အမေ။ အမေ့ဆီ သတင်းကောင်း ပြေးပြောမှဖြစ်မည်။
ခွန်သာလဲ အိမ်အပြင်သို့ ပြေးထွက်ခဲ့သည်။ ခန္ဓာကိုယ်မှ ဒဏ်ရာများက နာကျင်နေသော်လည်း ခွန်သာမမှုတော့ပဲ ရွာသို့ ခြေကုန်ပြေးခဲ့လေတော့သည်။
(စ)
အိမ်ကိုပြန်ရောက်တော့ အိမ်တွင်လူတွေရောာက်နေသည်။ ခွန်သာလဲ အိမ်ထဲပြေးဝင်ခဲ့သည်။ အိမ်ရှေ့ခန်းတွင် အမေက ဖျာကြမ်းလေးပေါ်တွင် လဲလျောင်းနေသည်။ သူ့အနားတွင်လဲ အမျိုးများနှင့် ရပ်ဆွေရပ်မျိုးများက စုဝေးထိုင်နေကြသည်။
“ခွန်သာ နင်ဘယ်သွားနေတာလဲ”
“ဟို . . ဟိုဖက်ရွာ”
“နင့်အမေဆုံးပြီဟဲ့”
အိမ်ပေါ်တက်လာသော ခွန်သာရင်ဝကို ဖနောင့်နှင့် ဆီးပေါက်သလိုခံစားလိုက်ရသည်။ ခွန်သာ အိမ်ကြမ်းပြင်တွင် ထိုင်ကျသွားသည်။ ခွန်သာမျက်လုံးထဲတွင် မျက်ရည်တွေ စီးကျလာလေသည်။
“အမေရေ အမေဖြစ်စေချင်တဲ့အတိုင်း သားမိန်းမရပါဗျ၊ အမေထကြည့်ပါဦး”
ခွန်သာက ပြောပြီးနောက်သူ့အမေအလောင်းဆီပြေးသွားကာ အလောင်းကိုဖက်ပြီးငိုလိုက်လေသည်။
ထိုရက်ပိုင်း နှင်းနွယ်နှင့်ကိစ္စကို ဆိုင်းငံ့ထားရသည်။ ခွန်သာအမေ နာရေးကိစ္စပြီးတော့မှ ဆောင်ရွက်မည်ဖြစ်သည်။ နာရေးကိုလဲ နှင်းနွယ်လာပါသည်။ နာရေးပြီးတော့ ခွန်သာကို နှင်းနွယ်အမေက ခေါ်ခိုင်းသဖြင့် ခွန်သာလဲ နှင်းနွယ်တို့အိမ်ကိုလာခဲ့သည်။
“မောင်ရင့်ကို ပွင့်ပွင့်လင်းလင်းပဲပြောချင်တယ်၊ မောင်ရင်က နှင်းနွယ်အသက်ကို ကယ်ထားတယ်ဆိုပေမယ့် မင်္ဂလာကိစ္စကတော့ ထုံးစံအတိုင်း မိန်းကလေးဘက်ကို တင်တောင်းမှရမယ်”
ခွန်သာ ခေါင်းငိုက်စိုက်ကျသွားသည်။
“ဘယ်ရွေ့ ဘယ်မျှလို့တော့ မောင်ရင့်ကိုမပြောချင်ဘူး၊ ဒါပေမယ့် မောင်ရင်က ငါ့သမီးအပေါ် တန်ဖိုးထားတဲ့စိတ်ကို သိချင်တယ်”
ခွန်သာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရွာသို့ပြန်လာခဲ့သည်။ နှင်းနွယ်ကို ခွန်သာနှင့် ပေးမတွေ့။ လက်ထပ်ပြီးမှ သာပေးတွေ့မည်ဟုဆိုသည်။ နှင်းနွယ်ခွန်သာနောက် လိုက်ပြေးသွားမှာ စိုးလို့ထင်သည်။
စနေနေ့။
အမေမရှိတော့ ခွန်သာလဲ ဘုရားလေးတွေစီမရောက်ဖြစ်တော့။ ညရောက်တော့ ခွန်သာ အိပ်မက်မက်လေသည်။
“ငါ့သား မင်းဘာလို့ စေတီကို မသွားသလဲ”
“သားမသွားချင်လို့ အမေ့ကို သတိရလို့ပါ”
“မဟုတ်ဘူးငါ့သား၊ အမေဘာလို့ တစ်သက်လုံးနီးပါး ဘုရားလေးကို ပန်းကပ်နေလဲဆိုတော့ အမေက အဲဒီဘုရားလေးက ရှမ်းသိုက်အဆက်ပဲသား”
အမေက နတ်သမီးတမျှ လှပသော အဆင်တန်ဆာများဝတ်ဆင်ထားပြီး ခွန်သာနှင့် ဆယ်ပေလောက်အကွာတွင် မတ်တပ်ရပ်နေသည်။
“သားနဲ့ နှင်းနွယ်ပေါင်းရဖို့လဲ အမေသိုက်က ဘိုးဘိုးကြီးဆီ ဆုတောင်းပြီးလုပ်ခဲ့တာပဲသားရဲ့၊ အခုနှင်းနွယ်ရဲ့ မူလအသက်က ကုန်သွားပြီသား၊ အမေစီစဉ်ပေးထားလို့ နှင်းနွယ်ကို ဘိုးဘိုးကြီးက အသက်ပြန်ထည့်ပေးထားခဲ့တာပဲသားရဲ့”
“ကျွန်တော်နားလည်ပါပြီအမေ”
“အခုလဲ သားအခက်တွေ့နေတယ်မလားသား၊ ဘာမှမပူနဲ့ အမေကူမယ်၊ မနက်ဖြန်ကျရင် ဘုရားလေးတွေစီကိုလာခဲ့ပါ။ အဖော်ခေါ်မလာနဲ့ တစ်ယောက်ထဲလာပါ။ သားကိုအမေကူညီမယ်”
အမေက ပြောပြီးနောက် ပျောက်ကွယ်သွားသည်။ မနက်လင်းတော့ ခွန်သာက ထိုအိပ်မက်ကို မှတ်မိနေလေသည်။ အမေက သူနှင့်နှင်းနွယ် နီးစပ်ဖို့ အကုန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ နှင်းနွယ်သေပါက သူလဲ လိုက်ပြီးသေမည်ဟု ခွန်သာက ဆုံးဖြတ်ထားသည်ကို အမေကများသိနေနှင့်သလားမပြောတတ်။ ဘာပဲပြောပြော နောက်တစ်ေ့နတာ့ ဘုရားလေးတွေစီသွားမည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့။ ခွန်သာက ပန်းခြံထဲကိုဆင်းခဲ့သည်။ ပန်းတွေက ပြုစုမည့်သူမရှိသောကြောင့် ခြောက်သွေ့နေသည်။ အချို့အပင်တွေက သေနေသည်။ ခွန်သာကလဲ ဘုရားပန်းဘောင်ကိုကြည့်လိုက်သည်။ ဘုရားပန်းအတွက် စိုက်ပျိုးထားသည့်ပန်းတွေကတော့ ဝေဆာပြီး လှပနေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။ ခွန်သာလဲ ပန်းတွေခူးပြီးထွက်ခဲ့သည်။ ထမင်းထုတ်အပြင်၊ မုန့်ထုတ်များ၊ ဖယောင်းတိုင်နှင့် အမွှေးတိုင်များကိုလဲ ယူခဲ့သည်။
ခွန်သာက ဘုရားလေးတွေစီကို ရောက်ခဲ့သည်။ လူသူက ရှင်းနေသည်။ တောအုပ်ကလေးကလဲ တိတ်ဆိတ်နေသည်။ ခွန်သာက ဘုရားပန်းအိုးများကိုယူခဲ့သည်။ စေတီမှာ (၇) ဆူဖြစ်သော်လည်း ပန်းအိုးကတော့ (၈)လုံးရှိသည်။ မုဒ်ဦးတန်ဆောင်းရှိသော စေတီအကြီးတွင် နှစ်အိုးထိုးထားသောကြောင့်ဖြစ်သည်။ ခွန်သာက ဘုရားပန်းအဟောင်းတွေကို စွန့်ပစ်လိုက်ပြီး ပန်းအိုးများကို စမ်းချောင်းကလေးစီ ယူဆောင်လာလိုက်သည်။
စမ်းချောင်းကလေးက ရေတွေ တသွင်သွင်စီးနေသည်။ ခွန်သာကလဲ ပန်းအိုးကလေးကို ချောင်းရေထဲနှစ်ပြီး ဆေးလိုက်သည်။
“ချွင်”
ပန်းအိုးထဲမှ ရွှေဒင်္ဂါးလေးတစ်ပြားကျလာသည်။ ခွန်သာက ရေထဲမှ ကောက်ယူလိုက်သည်။ ထို့နောက် အခြားပန်းအိုးများကိုလဲ လိုက်နှိုက်ကြည့်သည်။ ရွှေဒင်္ဂါးတစ်ပြားစီနှင့် ရွှေဒင်္ဂါးစုစုပေါင်း (၈)ပြားရလေသည်။ ရွှေဒင်္ဂါးလေးတွေမှာ တစ်ပြားကို တစ်ကျပ်သားခန့်ရှိမည်ဖြစ်သည်။ ခွန်သာက ရွှေဒင်္ဂါးလေးများကို အိတ်ထဲထည့်လိုက်ပြီးပန်းအိုးတွေကို ရေဆေးပြီး ပြန်ယူလာခဲ့သည်။
စေတီတန်ဆောင်းလေးအရောက်မှာတော့ အမျိုးသမီးတစ်ဦးက ဘုရားရှိခိုးနေသည်။ ခွန်သာလဲ ကြက်သီးတွေ ထသွားပြီး တန်ဆောင်းလေးဆီသို့ တဖြည်းဖြည်းချင်းလျှောက်လာခဲ့လေသည်။ ထို့နောက် ပန်းအိုးများကို သွားထားလိုက်သည်။ ထိုအမျိုးသမီးမျက်နှာမှာ အသက် ၃၀ ခန့်ရှိမည်ဖြစ်ပြီး အလွန်လှပနေသည်။ သို့သော်ခွန်သာက ထိုအမျိုးသမီးကို ချက်ချင်းမှတ်မိလိုက်သည်။
“အမေ”
“သား မင်းကိုတွေ့ရတာ အမေဝမ်းသာတယ်၊ မင်း အဲဒီရွှေဒင်္ဂါးလေး (၈)ပြားကို ယူလိုက်၊ (၇)ပြားကို နှင်းနွယ်ကို တင်တောင်းလိုက်၊ ကျန်တဲ့ တစ်ပြားကိုတော့မင်းတို့ မင်္ဂလာဆောင်အတွက် သုံးလိုက်ပါ”
အမေက ပြောပြီး ဘုရားကို ဦးသုံးကြိမ်ချလိုက်သည်။ ထို့နောက် အမေက စေတီပျက်ကလေးနားကို သွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ ခွန်သာလဲ လုပ်စရာရှိသည်များကို လုပ်ပြီးနောက် ဖယောင်းတိုင်အမွှေးတိုင်များ ပူဇော်လိုက်ပြီး မုန့်တွေလဲ ဘုရားကို ကပ်လိုက်သည်။ တစ်နာရီလောက်ကြာတော့ ခွန်သာ ပြန်တော့မည်ဖြစ်သည်။ မုန့်တွေကို စွန့်ပြီးတော့ မြေကြီးပေါ်ကို ပစ်ချုလိုက်သည်။
ထိုအခါ သစ်ပင်များပေါ်မှ နှစ်နှစ်သားအရွယ်လောက်ရှိမည့် ကလေးလေးများ ကိုယ်လုံးတီးလေးများဖြင့် ဆင်းလာကြသည်။ ထို့နောက် မုန့်များကို အလုအယက်စားနေကြသည်။ စားသောက်ပြီးသောအခါ သစ်ပင်များပေါ်သို့ ခုန်ပျံကျော်လွှားပြီး တက်သွားကြလေသည်။ ခွန်သာလဲ အံ့အားသင့်စွာဖြင့် ကြည့်နေလိုက်သည်။
(ဆ)
နှင်းနွယ်ကို ရပ်ရွာမှ လူကြီးများနှင့် အတူတင်တောင်းကြသည်။ ခွန်သာက ရွှေဒင်္ဂါး(၇)ပြားကို ကတ္တီပါဘူးလေးထဲထည့်ပြီး တင်တောင်းလိုက်သည်။
“ဒါ ကျွန်တော့်အမေ စုဆောင်းခဲ့တဲ့ စည်းစိမ်တွေပါပဲ ကျွန်တော်နဲ့ နှင်းနွယ်ကိုလက်ထပ်ခွင့်ပြုပါ”
ဒီတော့မှ ခွန်သာနှင့် လက်ထပ်ခွင့်ပြုုလိုက်သည်။ ခွန်သာနှင့် နှင်းနွယ်မင်္ဂလာဆောင်မှာ စည်ကားလှသည်။ အကြွေးအမွေးကလဲ အလွန်ကောင်းလှသည်။ လက်ထပ်ပြီးတော့ ခွန်သာတို့အိမ်တွင် လင်မယားနှစ်ယောက် အတူတူနေထိုင်ကြသည်။
“အကို အကို့ကို တစ်ခုလောက်ပြောချင်တယ်”
“ဘာလဲ ညီမရဲ့”
“ညီမတို့ ဒီရွာမှာ မနေတော့ဘဲ ပြောင်းကြရအောင်နော်”
“ဘာလို့လဲ ညီမရဲ့”
“အမေတို့က ငွေမက်တယ်အကိုရဲ့ သူတို့အနားမှာအတူနေရင် နှင်းနွယ်တို့ ဆင်းရဲတာကိုသိရင် ပြောလို့ဆုံးမှာ မဟုတ်တော့ဘူး”
ခွန်သာက သက်ပြင်းချလိုက်သည်။ ဟုတ်တော့လဲ ဟုတ်သည်။ နှင်းနွယ်အမေက နှင်းနွယ်မသိအောင် သုံးလေးကြိမ် ခွန်သာ့ဆီက ငွေအကူအညီတောင်းဖူးသည်။ ခွန်သာလဲ မပေးရင်မကောင်းသဖြင့် နီးစပ်ရာမှ ချေးငှားပေးရလေသည်။
“ကောင်းပြီလေ ဒါဆိုကိုယ်တို့ ဘယ်ကိုပြောင်းကြမလဲ”
“ဒီကနေ ဝေးတဲ့နေရာက ရွာလေးတစ်ရွာမှာ သွားနေကြမယ်လေ”
ခွန်သာက ခေါင်းညိတ်လိုက်သည်။ မိန်းမအလိုကျ ဖြစ်စေရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရှိသည့် အိမ်နှင့်ခြံကို ရောင်းချလိုက်ပြီးနောက် တောင်ပေါ်ရွာလေးတစ်ရွာကို ပြောင်းရွှေ့နေထိုင်လိုက်ကြသည်။ ထိုရွာလေးမှာ ခွန်သာတို့ အရင်ရွာလေးထက် တောင်ပေါ်ပိုကျပြီး ခေါင်လဲအနည်းငယ်ခေါင်သည်။
အိမ်ထောင်သက် လေးငါးနှစ်ကြာလာတော့ လင်မယားနှစ်ယောက် မပျော်မရွှင်ဖြစ်လာသည်။ အကြောင်းမှာ ကလေးမရခြင်းဖြစ်သည်။ သူတို့လင်မယားနှစ်ယောက် ဆေးတွေစား နည်းလမ်းမျိုးစုံလဲ ကြိုးစားကြည့်သော်လည်း ကလေးက လုံးဝမရပေ။ နောက်တော့ နှင်းနွယ်လဲ စိတ်ဓါတ်ကျလာသည်။ ခွန်သာလဲ ကလေးဆုတောင်းလိုက်ရတာ ဘုရားတွေ စုံနေပြီဖြစ်သည်။
ဒီရွာကလေးက ခေါင်လဲခေါင်ပြီး စိုက်ပျိုးရတာလဲ သိပ်မကောင်းသောကြောင့် လင်မယားနှစ်ယောက်လုံးပင်ပန်းဆင်းရဲလေသည်။ သို့သော် ချစ်သူနှစ်ဦး အတူတူရုန်းကန်လှုပ်ရှားကြသည်မို့ ပင်ပန်းသော်လည်း နေပျော်သည်။ တစ်ရက်တွင်တော့ ခွန်သာ ထူးဆန်းသော အိပ်မက်ကို မက်လေသည်။
“သား . . . မင်းအမေတို့ကို ခွဲသွားတော့ အခုလို ခက်ခက်ခဲခဲဆင်းဆင်းရဲရဲ နေရတာပေါ့”
“အမေရာ သားလဲ မခွဲချင်ပါဘူး နှင်းနွယ်က မနေချင်ဘူးဆိုလို့ပါ”
“ကောင်းပါပြီ၊ ငါ့သားတို့ကို ဒဏ်ခတ်တဲ့အနေနဲ့ နောက်ထပ်ငါးနှစ်လောက် မင်းတို့ဆင်းရဲဦးမှာပဲ”
“ဆင်းရဲတာကို မကြောက်ပါဘူးအမေ၊ သားလိုချင်နေတာ တစ်ခုပဲရှိတယ်”
“အမေသိတယ် သားကလေး လိုချင်နေတာမဟုတ်လား”
ခွန်သာက ခေါင်းညိတ်ပြီးဖြေလိုက်သည်။
“မကြိုးစားနဲ့ငါ့သား နှင်းနွယ်က ကလေးမရနိုင်ဘူး”
အပိုင်း(၃) တွင်ဆက်လက်ဖတ်ရှုပါ