ဇာတ်သိမ်း
(၄)
ထက်အောင်နှင့် ကောင်းခန့်တို့မှာ ဒရောသောပါးဖြင့်ရွာသို့ပြေးဝင်လာခဲ့ကြသည်။ သုဿန်အတွင်းမှ အသံနက်ကြီးဖြင့်အော်ဟစ်လိုက်သည့် စိုးကြီး၏ အော်သံကိုကြားလိုက်ကြသည်။ နှစ်ယောက်သား မိမိတို့နေထိုင်သည့် အိမ်ကိုပြန်ရောက်သည့်အခါ အမောဖောက်ပြီး ဟောဟဲလိုက်နေသည်။ အလွန်ကြောက်လန့်နေသည့် ထက်အောင်မှာ ဖျားသွားလေတော့သည်။
“အူ. . .ဝု . . .ဝူး”
ရွာထိပ်အိမ်များထံမှ ခွေးများက တောက်လျှောက်ထိုးဟောင်ကြသလို ဆွဲဆွဲငင်ငင်လည်း အူကြလေသည်။ ခွေးအူသံများနှင့်အတူ လူရိပ်ကြီးတစ်ခုက ရွာအတွင်းသို့ဦးတည်ကာ လျှောက်လှမ်းလာလေသည်။ ထိုလူရိပ်ကြီးကိုမြင်သည်နှင့် လမ်းတစ်လျှောက်ရှိခွေးများမှာ ဆွဲဆွဲငင်ငင်အူကြလေသည်။
တစ်ရွာလုံးအိပ်မောကျနေသော်လည်း စိုးကြီး၏ အိမ်တွင်တော့ လူတွေစည်ကားနေသည်။ စိုးကြီး၏ အလောင်းကိုဖက်ပြီး သူ့ညီမဖြစ်သူ၊ တိုးမောင်၏ မိန်းမက အော်ဟစ်ငိုကြွေးနေလေသည်။
“အောင်မယ်လေး အကိုကြီးရဲ့၊ သမီးယောက်ဖတွေ ချစ်လွန်းလို့ သူ့အနောက်ကိုလိုက်သွားတာလား”
ရွာသားတွေလည်း စိုးကြီးညီမကိုကြည့်ကာ ဂရုဏာသက်မိသည်။ စိုးကြီးညီမမှာ လွန်ခဲ့သည့်ရက်ပိုင်းကပင် လင်ယောက်ျားဖြစ်သူ တိုးမောင်သေဆုံးထားခြင်းဖြစ်ပြီး ယခုလည်း အကိုဖြစ်သူထပ်မံသေဆုံးသည့်အတွက် ယူကျုံးမရဖြစ်လည်း ဖြစ်လောက်စရာပင်။
တရွေ့ရွေ့နှင့် လေးလေးပင်ပင်လျှောက်လာသည့် ခြေသံကြီးမှာ အသုဘအိမ်အဝင်တွင် ရပ်တန့်သွားလေသည်။ စိုးကြီးညီမက စိုးကြီး၏အလောင်းကိုဖက်ထားရင်းပင် အိမ်အဝင်၀သို့လှမ်းကြည့်မိသည်။
“ဟင်၊ အကိုကြီး . . . အကိုကြီး”
စိုးကြီးညီမက ခြံ၀သို့ကြည့်ကာ ထိုသို့အော်ဟစ်ရင်း လဲကျသွားတော့သည်။ ဘေးနားမှလူများက ဝိုင်းဝန်းထိန်းထားပေးရသည်။ လူအများက ခြံ၀သို့ကြည့်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။
နောက်ရက်တွင်တော့ စိုးကြီးအား အသုဘချသည်။ ဆိုင်ကယ်မှောက်ပြီး သုဿန်အနီးတွင် ဇက်ကျိုးကာသေဆုံးနေသည့် စိုးကြီးအလောင်းကိုကြည့်ရင်း ရွာသားများက တစ်ယောက်တစ်မျိုး ကောက်ချက်ချကြလေသည်။ ရွာအနီးမှ ဆရာဝန်ကလေးကတော့ စိုးကြီးမှာ အရက်အလွန်အကြူးသောက်ပြီး ဆိုင်ကယ်မောင်းရင်း ဆိုင်ကယ်မှောက်ကာ ဇက်ကျိုးသွားပြီး နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ အစိမ်းသေသဘောမျိုး သေဆုံးသွားသည့် စိုးကြီးအား နောက်တစ်ရက်မှာပင် မီးသဂြိုဟ်လိုက်တော့သည်။
“ဟေ့ကောင် ထက်အောင်၊ ကိုစိုးကြီး အသုဘကို မင်းလိုက်အုံးမလား”
ကောင်းခန့်က ထက်အောင်အိမ်ပေါ်သို့တက်ရင်း ပြောလိုက်ရာ ထက်အောက်မှာ စောင်ခြုံအတွင်းမှနေပြီးခေါင်းခါပြလိုက်ရသည်။
“ငါ . . . ငါမလိုက်ချင်ပါဘူးကွာ”
“အင်းလေ၊ မင်းက နေမကောင်းတော့လည်း နေခဲ့ပေါ့၊ ငါကတော့ ကိုစိုးကြီးသေတာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ပဲထင်တယ်”
ကောင်းခန့်ကပြောရင်း ထက်အောင်အနီးသို့ တိုးကပ်လိုက်ကာ လူရိပ်လူခြေကြည့်လိုက်သည်။ ထက်အောင်တစ်ယောက်တည်း အိမ်ရှေ့တွင်ထိုင်နေသဖြင့် အနီးတွင်လူမရှိပေ။ ကောင်းခန့်က အသံကိုနှိမ့်လိုက်ပြီး
“ကိုစိုးကြီးအလောင်းကို သေသေချာချာကြည့်ရင် လည်ပင်းမှာ လက်ရာကြီးတွေ တွေ့တယ်ဟေ့ကောင်ရ”
“ဟေ . . . .”
ထက်အောင် အံ့ဩစွာဖြင့်ရေရွတ်လိုက်မိသည်။
“မင်းက ဘယ်လိုထင်လို့တုန်း ကောင်း . . ကောင်းခန့်”
“မင်းလည်းသိသားနဲ့၊ အဲဒီနေ့က ငါတို့သချိုင်းကုန်းမှာ အုတ်ဂူလုပ်နေတုန်း ကိုတိုးမောင်ကြီးက ငါတို့ကိုခြောက်လှန်ခဲ့တယ်မဟုတ်လား”
ကောင်းခန့်စကားကိုနားထောင်ပြီး ထက်အောင်က ခေါင်းညိတ်လိုက်သည်။
“ငါ့အထင်တော့ ကိုတိုးမောင်က ကိုစိုးကြီးကိုသတ်ပစ်လိုက်တာဖြစ်မယ်ကွ၊ သူတို့ကအမြဲတွဲနေတာမဟုတ်လား၊ နောက်ပြီး သူတို့ကြားထဲမှာ မကျေလည်တာ တစ်ခုခုရှိမယ်ထင်တယ်ကွ”
“မင်းက ဘာကိုဆိုလိုချင်တာလဲ”
“ရွာကလူတွေပြောတာတော့ ကိုတိုးမောင်ကို ကိုးစိုးကြီးက သချိုင်းကုန်းထဲမှာ သတ်ပစ်လိုက်တယ်လို့ပြောကြတယ်၊ အဲဒါကြောင့် ကိုတိုးမောင်က ကိုစိုးကြီးကို ပြန်သတ် . . . သတ်”
“တော်တော့ကောင်းခန့်ရာ၊ မဟုတ်တာတွေပြောမနေနဲ့တော့၊ ငါနားမထောင်ချင်ဘူး”
သရဲကြောက်တတ်သည့်ထက်အောင်မှာ ကောင်းခန့်စကားတွေကို ဆက်နားမထောင်ချင်တော့ပေ၊ ကောင်းခန့်ကလည်း ထက်အောင်ကြောက်တတ်မှန်းသိသဖြင့် တမင်သက်သက်ခြောက်လှန့်ခြင်းဖြစ်ရာ ထက်အောင်ကြောက်သွားသည့်အတွက် ရယ်မောလိုက်လေသည်။
“အေးပါကွာ၊ မင်းကြောက်တယ်ဆိုရင် ငါမပြောတော့ပါဘူး”
“အောင်မယ် ငါက မကြောက်တတ်ပါဘူးကွ၊ ရုတ်တရက်မို့ လန့်သွားလို့ပါ”
“ဟား၊ ဟား မကြောက်တတ်ဘူးလဲဆိုသေး၊ နွေခေါင်ခေါင်ကြီး ဖျားတောင်ဖျားနေတယ်မဟုတ်လား၊ မင်းအကြောင်းကို ငါအသိဆုံးပါထက်အောင်ရာ၊ ဒါနဲ့စကားမစပ် ညတုန်းက ကိုစိုးကြီးရွာကိုဝင်လာတယ်တဲ့ကွ၊ သူ့ညီမတောင်မှ သူ့အကိုသရဲကြီးကိုတွေ့ပြီး လန့်ပြီးတော့ မေ့လဲသွားသေးတယ်တဲ့”
မကြောက်ဘူးဟုပြောသည့်ထက်အောင်မှာ ခေါင်းမွှေးတွေထောင်ထလာခဲ့သည်။
“မင်းဟာက ဟုတ်လို့လားကောင်းခန့်ရာ”
“အေးဆို၊ ငါ့အထင် ကိုစိုးကြီးနဲ့ ကိုတိုးမောင်က ငါတို့ဆီကိုများလာမလားပဲကွ”
“တိတ်စမ်းကောင်းခန့်၊ မင်းဒါတွေပြောဖို့လာတယ်ဆိုရင်တော့ ငါ့အိမ်ကနေအခုပြန်တော့”
“ဟား၊ ဟား၊ အေးပါကွာ၊ သူတို့က လာတော့လာမှကွ၊ ဘာလို့လဲဆိုတော့ ငါတို့ကို သူတို့က သိပ်ခင်တာမဟုတ်လား၊ ပြီးတော့ ငါတို့လေးယောက် . . . “
“မင်းကိုသွားတော့လို့ပြောနေတယ်နော် ကောင်းခန့်၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့”
ထက်အောင်က အံကြိတ်လျှက်ဒေါသတကြီးပြောသဖြင့် ကောင်းခန့်က မတ်တပ်ထရပ်လိုက်သည်။ ကြောက်တတ်သည့်ထက်အောင်အား ပိုမိုကြောက်လန့်အောင်ပြောလိုက်ရသည့်အတွက် ကောင်းခန့်အလွန်ပျော်ရွှင်နေမိသည်။
“အေးပါ၊ သွားဆိုသွားပါ့မယ်၊ ငါတော့ သူတို့အသုဘလိုက်ပို့ပေးလိုက်အုံးမယ်ကွာ၊ တော်ကြာ ဒီလောက်ခင်တဲ့လူအချင်းချင်း နာရေးလိုက်မပို့ရကောင်းလားဆိုပြီး ကိုစိုးကြီးက ဒေါသထွက်ပြီး ငါ့ကိုရန်လာရှာနေအုံးမယ်”
ကောင်းခန့်က ပြောပြောဆိုဆိုနှင့် အိမ်အောက်သို့ဆင်းသွားသည်။ ထိုအခါ ထက်အောက်တစ်ယောက် အိမ်ရှေ့ခန်းတွင်ထိုင်နေရင်း ထိတ်လန့်လာသည်။
“အမေ . . . အမေ . . . ဘယ်သွားနေတာလဲ”
အိမ်နောက်ဖေးတွင် လူမမာစားရန် ဆန်ပြုတ်ပြုတ်နေသည့် ထက်အောင်အမေက ပြေးထွက်လာလေသည်။
“ဟဲ့သား၊ ဘာဖြစ်လို့လျှောက်အော်နေတာလဲ”
“အမေကလည်းဗျာ၊ သားအနားမှာ နေတာမဟုတ်ဘူး၊ အော်လိုက်ရလို့ မောလိုက်တာ”
“အေးကွယ်၊ ဆန်ပြုတ်ရပြီ၊ သောက်မလား”
ထက်အောင်ခေါင်းညိတ်လိုက်သည့်အခါ သူ့အမေက ဆန်ပြုတ်တစ်ခွက်ခပ်လာကာ ထက်အောင်အရှေ့တွင်ချလိုက်ပြီး ဆန်ပြုတ်အေးစေရန်အတွက် ပါးစပ်ဖြင့်မှုတ်ပေးနေလေသည်။ ထက်အောင်လည်း ကိုစိုးကြီးသေဆုံးသည်ကို ကြောက်ရွံ့သော်လည်း စိတ်ထဲသိချင်စိတ်များဖြစ်နေမိသည်။
“ဒါနဲ့ ကိုစိုးကြီး ညကရွာကိုဝင်လို့ဆို”
“အေး၊ ညက တစ်ရွာလုံးကခွေးတွေ အူလိုက်တာမှ ဆူညံနေတာပဲ၊ သားက ဆေးသောက်ပြီးအိပ်နေလို့ မကြားလိုက်တာဖြစ်မယ်၊ ကဲ ရော့သောက်”
ထက်အောက်တစ်ယောက် ဆန်ပြုတ်တစ်ဇွန်းကို ခပ်သောက်ရင်း စိတ်ထဲကြောက်လန့်နေမိသည်။
ထိုနေ့ည။
ထက်အောင်တစ်ယောက် ဖျားရုံတင်မကဘဲ ဝမ်းပျက်နေလေသည်။ ညအချိန်မတော် လန့်နိုးလာခဲ့ပြီးနောက် ဝမ်းအလွန်သွားချင်သဖြင့် အိမ်သာသို့အမြန်ပြေးခဲ့ရသည်။ နည်းနည်းနောက်ကျပါက ပုဆိုးထဲကို ဝမ်းတွေထွက်ကုန်မည်ဖြစ်သည်။ အိပ်ရာမှထတုန်းက ဝမ်းထွက်ကျမည်စိုးသဖြင့် ကမန်းကတန်းပြေးထခဲ့ရသော်လည်း အိမ်သာထဲရောက်တော့မှ ခြောက်ချားလာခဲ့သည်။
“အူ . . .ဝု . . .ဝူး”
ဆွဲဆွဲငင်ငင်အော်လိုက်သည့် ခွေးအူသံများကိုကြားလိုက်ရသည့်အတွက် ထက်အောင်တစ်ယောက် ထိတ်လန့်သွားသည်။ အိမ်သာနှင့် အိမ်မှာ အနည်းငယ်လှမ်းသည်။ အိမ်သာအနောက်တွင်တော့ ခြံစည်းရိုးရှိကာ ခြံစည်းရိုးတစ်ဖက်တွင် ရွာအပြင်ဘက်မှဖောက်လုပ်ထားသည့် ရွာပတ်လမ်းရှိသည်။ နေ့အချိန်တွင် ထိုရွာပတ်လမ်းတွင် ဆိုင်ကယ်များ၊ လူများသွားလာနေတတ်သော်လည်း ညအချိန်တွင်တော့ သွားလာမည့်သူမရှိပေ၊ ရွာအပြင်ပတ်လမ်းတစ်ဖက်တွင်တော့ ကျယ်ပြောလှသည့် ကွင်းကြီးများရှိကာ ဟိုးအဝေးမှ သစ်ပင်များအုပ်အုပ်ဆိုင်းဆိုင်းနှင့် သုဿန်ကြီးကိုလှမ်းမြင်နေရသည်။
“တော်ပြီ၊ သွားမှပဲ”
အိမ်သာပေါ်မှဆင်းလိုက်မည်အလုပ်တွင် ရွာအပြင်ပတ်လမ်းတွင် ဖိနပ်ကိုပွတ်ဆွဲပြီးa လးလေးပင်ပင်လမ်းလျှောက်လာသည့် လမ်းလျှောက်သံကိုကြားလိုက်ရသည်။ ထက်အောင်လည်း တစ်ယော်ယောက်သွားလာနေတာဖြစ်မည်ဟုထင်လိုက်ပြီးနောက် အိမ်သာပေါ်မှဆင်းလိုက်သည်။
သူထင်သည့်အတိုင်းပင် လူတစ်ယောက်က လှမ်းလျှောက်လာပြီး သူတို့ခြံအနောက်ဘက်နားတွင်ရပ်တန့်သွားလေသည်။ မှောင်မဲနေသဖြင့် ထိုသူမှာမည်သူမည်ဝါဖြစ်မှန်းကို မသိနိုင်ပေ၊ ထက်အောင်လည်း ထိုသူကိုဂရုထားမနေတော့ဘဲ အိမ်ဘက်သို့လျှောက်လိုက်စဉ်
“ထက်အောင်ရေ . . .”
အက်ကွဲကွဲခေါ်သံကြီးကိုကြားလိုက်ရသဖြင့် ထက်အောင် ကြက်သီးမွှေးညှင်းများထသွားသည်။
“ထက်အောင်ရေ . . . ငါပါကွ၊ ကိုစိုးကြီးပါ”
ထက်အောင်မှာ ထိုအသံကြားလိုက်သည့်အခါ အိမ်ဆီသို့အမြန်ပြေးလွှားပြီး အိမ်နောက်ဖေးပေါက်သို့ ခုန်တက်လိုက်ကာ တံခါးကိုဆောင့်ပိတ်သွားလေသည်။
“ဟား၊ ဟား ကောင်းတယ်”
အမှောင်ထဲမှ လူကရယ်မောနေလေသည်။ ထိုသူကတော့ အခြားသူမဟုတ်၊ ထက်အောင်၏ သူငယ်ချင်း ကောင်းခန့်ပင်ဖြစ်သည်။ ကောင်းခန့်က ထက်အောင်ကြောက်သဖြင့် တမင်ခြောက်လှန့်ရန် အကြံရသွားပြီး ကိုစိုးကြီးအသုဘအိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်သာတက်ရန်ပြေးလာသည့် ထက်အောင်ကိုမြင်သဖြင့် ခြောက်လှန့်လိုက်ခြင်းဖြစ်သည်။
“ထက်အောင်ရေ၊ ငါပါ . . . ကိုစိုးကြီးပါ”
ကောင်းခန့်က သုံးလေးကြိမ်ခန့်အော်လိုက်သေးသည်။ ထက်အောင်တို့အိမ်ကလေးကတော့ မှောင်အတိကျနေလေသည်။ မကြာခင် အိမ်အတွင်းမှ ကြောက်လန့်တကြားအော်ဟစ်သံကိုကြားလိုက်ရသဖြင့် ကောင်းခန့်က ကြိတ်ကာရယ်မောလိုက်ပြီး ရွာအပြင်ပတ်လမ်းအတိုင်း အိမ်သို့ပြန်လာခဲ့လေသည်။
စိုးကြီးအသုဘတွင် လုပ်ကိုင်ပေးသူများအား ရွာဓလေ့အတိုင်း အရက်သေစာများဖြင့် ဧည့်ခံလေ့ရှိရာ ကောင်းခန့်က ကိုစိုးကြီးအိမ်တွင် အရက်သောက်လာခဲ့သောကြောင့် အနည်းငယ်ထွေနေလေသည်။ ရွာအပြင်ကွန်ကရစ်လမ်းမကြီးက လရောင်အောက်တွင် ဖြောင့်ဖြူးနေလေသည်။ ကွင်းအတွင်းမှ ဖြတ်တိုက်ခတ်လာသည့် လေကလေးများကြောင့်လည်း ပူလွန်းလှသည့် နွေညကိုအနည်းငယ်အေးမြသွားစေသည်။ ကောင်းခန့် ထက်အောင်တို့အိမ်ဘက်မှထွက်လာပြီး သူ့အိမ်သို့ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ ရွာအပြင်လမ်းတစ်နေရာအရောက်တွင် သူ့အရှေ့တွင် ပိတ်ရပ်နေသည့် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။
“ဟေ့၊ ဘယ်သူတွေလဲကွ၊ လူလာနေတာမမြင်ဘူးလား၊ ဖယ်စမ်း”
ကောင်းခန့်က ကြိမ်းမောင်းလိုက်သော်လည်း ထိုလူနှစ်ဦးမှာ ဖယ်မသွားဘဲ အရှေ့သို့ပင်တိုးလာခဲ့သည်။ ကောင်းခန့်က အရက်သောက်ထားသဖြင့် စိတ်နည်းနည်းကြွနေလေရာ ပုဆိုးကိုပြင်ဝတ်လိုက်ပြီး သူ့ထံသို့လျှောက်လာသည့် လူနှစ်ယောက်ထံသို့ ပြေးဝင်လိုက်ကာ လက်သီးနှင့်ထိုးထည့်လိုက်သည်။
သို့သော် သူ့လက်သီးက ထိုလူတစ်ဦး၏ ရင်ဘတ်ကိုထိမှန်သွားသော်လည်း ထိုလူမှာ ဘာမှမဖြစ်သလို ကောင်းခန့်လက်သီးကလည်း ဖွဲအိတ်တစ်ခုကို ထိုးနှက်ရသလိုဖြစ်သွားသည်။ ကောင်းခန့်လည်း လန့်သွားပြီး ထိုလူနှစ်ဦး၏မျက်နှာကို အသေအချာကြည့်လိုက်သည်။
“ဟင် . . . ကို . . . ကိုတိုးမောင်”
တိုးမောင်မျက်နှာကြီးက ခက်ထန်တင်းမာနေလေသည်။ နောက်တစ်ဦးကို သေချာကြည့်လိုက်ပြန်ရာတွင်လည်း စိုးကြီးဖြစ်နေသည်ကိုတွေ့ရသည်။ စိုးကြီးနှင့် တိုးမောင်က ကောင်းခန့်ကို မျက်နှာသေကြီးဖြင့်ကြည့်နေလေရာ ကောင်းခန့်မှာ အလွန်ထိတ်လန့်သွားပြီး အနောက်သို့လှည့်ပြေးတော့သည်။ သို့သော် ခပ်ဝေးဝေးသို့မပြေးရလိုက်ပေ၊ သူ့အရှေ့တွင် ငုတ်တုတ်ထိုင်နေသည့် ခွေးနက်ကြီးတစ်ကောင်ကိုမြင်တွေ့လိုက်ရသည်။ ကောင်းခန့်နှင့် နီးလာလေလေ၊ လမ်းပေါ်တွင်ထိုင်နေသည့် ခွေးနက်ကြီးက ကြီးလာလေလေဖြစ်သည်။ ခွေးနက်ကြီး၏ မျက်လုံးများက အနီရောင်များလင်းလက်နေပြီး သူ့ကိုမာန်ဖီနေသဖြင့် ကောင်းခန့်ပြေးလွှားနေရာမှ ရပ်တန့်လိုက်ရတော့သည်။
ကောင်းခန့်အမူးပင်ပြေသွားသည်။ သူ့အရှေ့တွင် ခွေးနက်ကြီးထိုင်နေပြီး အနောက်တွင်လည်း သေဆုံးသွားခဲ့သည့် တိုးမောင်နှင့် စိုးကြီးတို့နှစ်ယောက်က တလှမ်းချင်းလှမ်းလာလေသည်။ ကောင်းခန့်လည်း ပြေးမလွတ်တော့သည်မို့ လမ်းဘေးရှိ ကွင်းများအတွင်းသို့ ဆင်းပြေးတော့သည်။ ထိုအခါ ခွေးနက်ကြီးက တစ်ချက်ထိုးဟောင်လိုက်ပြီး ကောင်းခန့်အနောက်သို့ ပြေးလိုက်သွားတော့သည်။
(၅)
“သူငယ်ချင်း . . . ထက်အောင် . . .”
ထက်အောင်ခေါ်သံကြားသဖြင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်။ သူ့အနီးတွင် အမေနှင့် ဆွေမျိုးသားချင်းတစ်ချို့က ထိုင်နေကြလေသည်။ ထက်အောင်တစ်ကိုယ်လုံး ဇောချွေးတွေပြန်နေသည်။
“ဟောတော့၊ သားသတိရလာပြီလား”
ထက်အောင်က ငုတ်တုတ်ထိုင်ရန်ပြင်ဆင်လိုက်ချိန်တွင် သူ့အမေက သူ့ကိုဆွဲထူကာ အိမ်ထရံတွင် ခေါင်းအုံးထောင်ပေးလျှက် မှီခိုင်းထားလေသည်။ ထက်အောင်တစ်ကိုယ်လုံး နုံးချိနေရာ လက်များခြေများပင် မသယ်နိုင်ပေ။
“သား . . . သားလေ”
“စကားတွေ သိပ်မပြောပါနဲ့သားရယ်၊ သားဟိုညက အပေါ့ထသွားရင်း မီးဖိုချောင်ထဲမှာ လဲကျနေတာသားရဲ့၊ အခုဆို သားသတိလစ်နေတာ ငါးရက်နီးပါးရှိပြီ၊ ဆရာဝန်ကလည်း ဆေးရုံတင်ခိုင်းနေပြီ”
ထက်အောင်က အားယူပြီးစကားပြောချင်သော်လည်း အသံကမထွက်သလို လည်ချောင်းတွေက အက်ကွဲနာကျင်နေသည်။ အမှန်တော့ ထက်အောင်မှာ အိမ်သာတက်ရင်း စိုးကြီးသရဲအခြောက်ခံရပြီး မေ့လဲသွားခြင်းဖြစ်သည်။ သို့သော် သူနိုးလာတော့ ကောင်းခန့်၏အသံကိုကြားရသည်။ အခုတော့ အိမ်တွင်ကောင်းခန့်မရှိပေ။
ထက်အောင်က အိမ်ရှေ့ကိုလှမ်းကြည့်လိုက်သည်။ ထိုအခါ သူတို့ခြံအဝင်၀အနားတွင် မတ်တပ်ရပ်နေသည့် ကောင်းခန့်ကိုလှမ်းတွေ့ရသည်။ ထက်အောင်က အားယူပြီး လက်ကိုမြှောက်လိုက်ကာ ကောင်းခန့်အားလှမ်းခေါ်လေသည်။ သို့သော်လည်း ကောင်းခန့်က သူ့အားကြည့်ရုံသာကြည့်နေပြီး ဘာစကားမှပြန်မပြောပေ။
“ဟေ့ . . . ဟေ့ကောင်၊ လာလေကွာ”
ထက်အောင်အမေက ထိတ်လန့်ပြီးအိမ်အပြင်သို့လှမ်းကြည့်လိုက်သည်။
“ဘယ်သူ့ကိုခေါ်နေတာလဲသားရဲ့”
“ဟိုမှာအမေ၊ ကောင်းခန့်က ခြံအဝကနေ ကျွန်တော့်ကိုလှမ်းကြည့်နေတယ်”
“ဟင်”
ထက်အောင်အမေရော ဆွေမျိုးတစ်ချို့ပါ မျက်လုံးပြူးသွားကြသည်။ ထက်အောင်က သူ့အမေကိုလက်တို့ပြီး
“ဒီကောင်အိမ်ထဲဝင်ချင်နေပုံရတယ်အမေ၊ အမေသွားခေါ်လိုက်စမ်းပါ”
ထက်အောင်အမေမျက်နှာအတော်ပျက်နေသည်။
“နေစမ်းပါသားရယ်၊ သူ့ဖာသာနေပါစေ”
“မဟုတ်တာပဲ၊ ဒီကောင် ခုနက သားကိုခေါ်နိုးလိုက်တာ၊ အခုအိမ်ပေါ်မတက်ဘူးဆိုတာလည်း အမေတို့ရှိနေလို့ထင်ပါတယ်ဗျာ”
“မဟုတ်တာတွေမပြောနဲ့တော့သား၊ သားပြန်လှဲအိပ်နေလိုက်”
“ကောင်းခန့်က ဘာဖြစ်နေလို့ သူ့ကိုအိမ်ပေါ်မခေါ်ချင်တာလဲအမေ”
ထက်အောင်အမေ ဘာပြောရမှန်းမသိတော့ပေ၊ အနားတွင်ထိုင်နေသည့် ထက်အောင်အဒေါ်က ထက်အောင်ကိုကြည့်လိုက်ပြီး
“မင်းသူငယ်ချင်းကောင်းခန့် တစ်နေ့ကပဲ ဆုံးသွားပြီလေ”
ထက်အောင်မျက်လုံးများပြူးကျယ်သွားလေသည်။
“ဟုတ်၊ ဟုတ်လို့လား၊ ကျွန်တော်အခု သူ့ကိုမြင်နေရတယ်နော်”
“တကယ်ပေါ့၊ ခွေးရူးကိုက်ခံရပြီးတော့ ခွေးရူးပြန်ပြီး သေသွားတာ”
ထက်အောင် အဒေါ်ပြောနေသည့်စကားများကို မယုံကြည်ချင်တော့၊ သူတို့တွေက သေပြီဟုသာပြောနေသော်လည်း သူ့မျက်စိရှေ့တွင် ကောင်းခန့်အား အတိုင်းသားမြင်နေရသည်။ ထက်အောင်က အိမ်မှလူများက တမင်သူ့အား လိမ်ပြောခြင်းဖြစ်မည်ဟု ထင်နေသည်။ ဟော့ဟော့ရမ်းရမ်းနှင့် သောက်သောက်စားစားရှိသော ကောင်းခန့်နှင့် ပေါင်းသင်းနေသည်ကိုပင် အိမ်မှလူကြီးများက သိပ်မကြိုက်ပေ။
ထက်အောင်ကြည့်နေရင်း ကောင်းခန့်နံဘေးတွင် လူတစ်ယောက်ပေါ်လာသည်။ ထိုသူကတော့ ကိုစိုးကြီးဖြစ်သည်။ ကိုစိုးကြီးက ထက်အောင်ကိုကြည့်နေရင်း လက်ယပ်ကာ လှမ်းခေါ်သည်။ ထို့နောက် ကိုစိုးကြီးဘေးတွင် ကိုတိုးမောင်ပေါ်လာပြန်သည်။ သုံးယောက်စလုံးကိုမြင်လိုက်တော့မှ ထက်အောင်တစ်ယောက် အလွန်သွေးပျက်သွားသည်။
“အမေ၊ ကိုစိုးကြီးနဲ့ ကိုတိုးမောင်က ကျုပ်ကိုလှမ်းခေါ်နေပြီဗျ”
တစ်အိမ်သားလုံးထိတ်လန့်သွားသည်။ ထက်အောင်က မျက်လုံးကြီးပြူးပြီး အိမ်အပြင်သို့လက်ညှိုးထိုးလျှက်
“အမေရေ၊ လုပ်ပါအုံး၊ သူတို့လာနေကြပြီ၊ သူတို့ကိုတားပါအုံး၊ မလာကြနဲ့ . . . မလာနဲ့”
ထက်အောင်တစ်ယောက် အိမ်ရှေ့ခန်းတွင် လူးလှိမ့်နေသဖြင့် အိမ်မှလူများက ဝိုင်းဆွဲရသည်။ ထက်အောင်အဒေါ်က ထက်အောင်အိမ်ရှေ့သို့ မမြင်နိုင်စေရန်အတွက် စောင်ကြီးတစ်ထည်ကိုယူပြီး အိမ်ရှေ့ပြတင်းပေါက်တွင် ထကာလေသည်။ သို့သော် သူတို့အားလုံး နောက်ကျသွားခဲ့ပြီ။ ထက်အောင်မှာ မျက်လုံးကြီးပြူးပြီး သူ့အမေလက်ထဲတွင် ငြိမ်ကျသွားတော့သည်။
“သား၊ သားလေး . . .”
မကြာခင် ထက်အောင်တို့အိမ်ထံမှာ ငိုယိုအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ ထက်အောင်သေဆုံးသွားသည့်နေ့မှာ ကောင်းခန့်အား သဂြိုဟ်ပြီး နောက်တစ်ရက်တွင်ဖြစ်သည်။
(၆)
“အူ . . .ဝု . . .ဝူး”
ညနေ နေဝင်ရီတရောအချိန်တွင် သုဿန်အတွင်းမှ ခွေးအူသံကြီးကိုကြားလိုက်ရသည်။ ထို့နောက် ခွေးနက်တစ်ကောင်က ရွာဆီသို့ပြေးလာခဲ့သည်။ ရွာလမ်းမကြီးအတိုင်း ပြေးလာကြရာ ရွာသားများအားလုံးထိတ်လန့်သွားကြလေသည်။
“ခွေးရူးထင်တယ်ဟေ့၊ လိုက်ကြ၊ ဖမ်းကြ”
နွေရာသီဖြစ်သဖြင့် ခွေးရူးအလွန်ပေါတတ်သည်။ ခွေးရူးများမှာ ခွေးလေခွေးလွင့်များဖြစ်ကြပြီး ခွေးရူးထသည့်အချိန်တွင် ရွာထဲသို့ဝင်ကာ မည်းမည်းမြင်သမျှ ကိုက်ဆွဲတတ်ကြလေသည်။ ထို့အတွက်ကြောင့်ရွာသားများမှာ ခွေးရူးမြင်လျှက် ခြောက်လှန့်မောင်းထုတ်ကြရုံတင်မက၊ ရိုက်ပုတ်သတ်ဖြတ်ကြလေ့ရှိသည်။
ယခုလည်း ရွာရှိလူရွယ်များက တုတ်များ၊ လေးခွများကိုင်ဆောင်ပြီး ရွာထဲသို့ပြေးဝင်သွားသည့် ခွေးရူးအနောက်သို့ ပြေးလိုက်ကြသည်။ ခွေးရူးကြီးက ရွာလယ်လမ်းအတိုင်းပြေးလာကြရာ ရွာမှရွာသူရွာသားများက ကြောက်လန့်သဖြင့် ပြေးလွှားပုန်းအောင်းကြလေသည်။
လူတစ်စုကလည်း အနောက်မှ ထပ်ကြပ်မကွာလိုက်လာကြရာ၊ မကြာခင် ရွာလယ်ရှိ လမ်းလေးခွဆုံသို့ ရောက်လာခဲ့သည်။ အခြားလမ်းများမှလည်း ခွေးရူးဟုဆိုသဖြင့် လူများတက်လာကြသော်လည်း လမ်းလေးခွဆုံတွင် အဖွဲ့များအားလုံး ဆုံမိသည့်အခါ ခွေးရူးကို အစအနပင်မတွေ့ရတော့ပေ။
“ခွေးရူးဘယ်ပျောက်သွားလဲ”
“တစ်အိမ်အိမ်ထဲဝင်ပြီး ပုန်းနေတာများလား”
ရွာသားများမှာ တစ်ညနေလုံး ခွေးရူးကိုရှာဖွေသော်လည်း အစအနပင်ရှာမတွေ့သဖြင့် ညရှစ်နာရီထိုးခါမှ ခွေးရူးရှာပုံတော် ရပ်လိုက်ရတော့သည်။
ညည့်နက်သန်းခေါင်တွင် ခွေးအူသံကြီးကိုကြားရပြန်သည်။ ရွာမှလူငယ်များမှာ ညည့်နက်သန်းခေါင်အချိန်အထိ မအိပ်တတ်ကြသေးပေ၊ ဂိမ်းဆော့သူကဆော့၊ ဖုန်းသုံးသည့်သူက သုံးဖြင့် ညအတော်နက်မှ အိပ်ကြလေသည်။
ခွေးအူသံကြီးကြားပြီးသည့်အခါ ခွေးနက်ကြီးတစ်ကောင်က ရွာအတွင်းသို့ တစ်လှမ်းချင်းဝင်လာလေသည်။ ထိုခွေးကြီးအနောက်မှ လူလေးယောက်က တစ်လှမ်းချင်းလှမ်းလျှက် ဖြေးညှင်းစွာလျှောက်လာသည်ကို မအိပ်သေးသည့်လူငယ်တစ်ချို့က တွေ့လိုက်ကြသည်။ ရွာလယ်လမ်းမီးတိုင်များက ထိန်လင်းနေသော်လည်း ထိုလူလေးယောက်ကို မည်သူမည်ဝါမှန်း မမြင်ရဘဲ အရိပ်နက်ကြီးများအဖြစ်သာ မြင်ရသဖြင့် သာမန်လူမဟုတ်ဘဲ နာနာဘာ၀များဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။
မနက်လင်းသည်နှင့် ငိုသံကြားရတော့သည်။ ရွာမှလူများကလည်း ညက ရွာကိုသရဲဝင်သည့်အကြောင်း ပြောဆိုကြသည်။ အလားတူ ရွာရှိ အသက်ကြီးပိုင်း လူကြီးတစ်ယောက်လည်း ကွယ်လွန်သွားလေသည်။ ထိုလူကြီးမှာ နာတာရှည်ရောဂါသည်ကြီးဖြစ်သဖြင့် ထိုသေဆုံးမှုမှာ သရဲများဝင်သည်နှင့် တိုက်ဆိုင်သည်ဟုသာ ထင်မှတ်လိုက်ကြသည်။ သို့သော် တစ်ပတ်တစ်ခါလိုလို၊ ငါးရက်တစ်ခါလိုလို သရဲများ ဝင်ဝင်လာတတ်ပြီး သရဲဝင်ပြီးပါက နောက်တစ်နေ့တွင် ရွာမှ တစ်ဦးဦးက သေဆုံးစမြဲဖြစ်သည်။ သုံးလေးကြိမ်ခန့်ဖြစ်ပြီးသည့်အခါ ရွာသားများက တုန်လှုပ်လာကြသည်။
“အဲဒါ ရွာခိုက်နေတာပဲ၊ ဒီသရဲတွေကို တားဆီးမှရမယ်”
ရွာသားများက ပြောဆိုကြသဖြင့် ရွာလူကြီးနှင့် ဆရာတော်များက ရွာအဝင်လမ်းတွင် ပရိတ်တရားရွတ်ဖတ်ကြလေသည်။ ထိုနေ့ညတွင် အလားတူ သရဲများဝင်လာသော်လည်း ဝင်မရဘဲရှိနေသည်ဟု အချို့ကတွေ့မြင်လိုက်ကြသည်။ ရွာအတွင်းဝင်မရသဖြင့် သရဲများမှာ ရွာကိုတစ်ညလုံး ပတ်နေကြပြီး တောက်ခေါက်သံများ၊ ဆူပူကြိမ်းဝါးသံများကိုလည်း ကြားရသည်ဟုဆိုကြသည်။
သို့တိုင်အောင် နောက်နေ့တွင် လူသေစမြဲဖြစ်သည်။ အင်းကုန်းရွာတွင် ဂြိုလ်ဆိုးဝင်နေပြီဖြစ်သည်။ ရွာတွင် အသုဘအိမ်မှာ အဆက်ပြတ်သည်မရှိတော့ပေ၊ တစ်အိမ်မှ တစ်စုံတစ်ယောက်သေဆုံးပြီး ရက်မလည်သေးခင် နောက်တစ်အိမ်မှ တစ်စုံတစ်ဦးက သေဆုံးပြန်သည်။ အစပိုင်းတွင် သက်ကြီးရွယ်အိုများ၊ လူနာများသေဆုံးကြသော်လည်း နောက်ပိုင်းတွင်တော့ အရွယ်ကောင်းလူငယ်များ၊ ကလေးသူငယ်များပါ တစ်ခုမဟုတ်တစ်ခုဖြစ်ပြီး သေဆုံးတတ်ကြလေသည်။
ရွာသူရွာသားများမှာ ရွာတွင်ဆက်မနေရဲတော့ဘဲ ဆွေမျိုးများရှိသည့် ရွာများသို့ပြောင်းရွှေ့နေထိုင်ကြလေသည်။ ဆရာတော်များက ရွာလမ်းမများပေါ်တွင် ပရိတ်တရားများရွတ်ဖတ်သော်လည်း ရွတ်ဖတ်သည့်အခါတွင်သာ ရပ်တန့်သွားပြီး တစ်ပတ်ခန့်ကြာသည့်အခါ ပြန်လည်ဖြစ်ပွားလေ့ရှိသည်။
သို့နှင့် မိုးရာသီသို့ပင်ရောက်ခဲ့ပြီ၊ အင်းကုန်းရွာကလေးတွင် လူဦးရေ လေးပုံတစ်ပုံခန့်သာကျန်သည်။ လူများလည်း ဆက်တိုက်သေဆုံးလျှက်ရှိရာ ခြောက်လအတွင်း ရွာသား ဆယ့်ခုနစ်ဦးအထိ သေဆုံးနေပြီဖြစ်သည်။ ရွာလူကြီးများနှင့် ရပ်ရွာအုပ်ချုပ်ရေးမှူးများမှာလည်း ခေါင်းမီးတောက်နေပြီဖြစ်သည်။ နောက်ဆုံးတော့ ဟင်္သာတမြို့မှ အထက်လမ်းဆရာတစ်ဦးကို ပင့်ရတော့သည်။ ထိုဆရာကြီးအမည်က ဦးဘိုးမြ ဖြစ်သည်။
ဦးဘိုးမြက ကားပေါ်မှဆင်းလိုက်ကတည်းက ရွာမသန့်သည်ကို သတိထားမိသည်။ စိတ်ထဲအလွန်ကြောက်မက်ဖွယ်ကောင်းသည့် ခံစားမှုတစ်ခုကိုခံစားနေရသည်။
“ခင်ဗျားတို့ရွာ တစ်ခုခုတော့မှားနေပြီဗျ၊ မကောင်းတဲ့အငွေ့အသက်တွေရနေပြီ”
“အားကိုးပါတယ် ဆရာကြီးရယ်၊ ဒါကြောင့်ဆရာကြီးကို ပင့်ခေါ်ခဲ့တာပေါ့၊ ကျုပ်တို့ရွာကို ကယ်တင်ပေးပါ”
“ကောင်းပြီ၊ ငါဒီဒေသက ဆိုင်ရာပိုင်ရာတွေ ခေါ်ပြီး မေးပေးမယ်”
ဦးဘိုးမြက ခါးထောက်ပြီး ရွာကိုကြည့်နေစဉ်တွင် မိန်းမကြီးတစ်ယောက်က သူ့အနီးသို့ရောက်လာလေသည်။ ထိုမိန်းမကြီးမှာ ခြေသလုံးလောက်ထိရှည်လျားသည့် ဆံပင်ကြိးကို ဖားလျားချထားပြီး ထမီရင်လျားကို အထက်ဆင်ဇောက်ထိုးဖြင့် ဝတ်ဆင်ထားသည်ဟုဆိုသည်။ ထိုမိန်းမကြီးက ဆရာကြီးအနားရောက်သည့်အခါ ခါးထောက်ပြီး မတ်တပ်ရပ်သည်။
“နင်ဘာကောင်လဲ”
“ငါ သချိုင်းစောင့်ပဲ”
“နင့်မျက်နှာက မာလှချည်လား”
“ဒီရွာကလူတွေက ကျုပ်မကြိုက်တာကိုလုပ်ထားတယ်၊ ဒါကြောင့် ဒင်းတို့ကိုကျုပ်မုန်းတယ်”
“ခွင့်လွှတ်ပေးလိုက်စမ်းပါဟာ”
“အို . . . မရဘူး၊ ဒင်းတို့ကိုခွင့်မလွှတ်နိုင်ဘူး၊ ဒင်းတို့တစ်ရွာလုံးက လူတွေကို အသီးမှည့်ကြွေသလို တဖြုတ်ဖြုတ်နဲ့ကြွေကျအောင် ကျုပ်လုပ်မှာ . . .”
ထိုသို့ပြောဆိုပြီးသည့်အခါ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။ ထိုမိန်းမကြီးကို ဆရာကြီးတစ်ယောက်သာမြင်ပြီး ကျန်သည့်သူများက မမြင်တွေ့ရဟုဆိုကြသည်။ ဆရာကြီးတစ်ယောက်ထဲ စကားပြောနေသည်ကိုသာ မြင်တွေ့ကြရသည်။
ဆရာကြီးက ကျေးရွာအုပ်ချုပ်ရေးမှူးဘက်သို့လှည့်လိုက်ပြီး
“သချိုင်းစောင့်က ခင်ဗျားတို့ကိုမကျေနပ်လို့တဲ့၊ ခင်ဗျားတို့ရွာက လူတွေက သူမကြိုက်တာကို လုပ်ထားကြတယ်တဲ့”
ရွာမှလူများ အံ့အားသင့်သွားပြီး အချင်းချင်းကြည့်လိုက်ကြလေသည်။ အုပ်ချုပ်ရေးမှူးလည်း အသေအချာစဉ်းစားလိုက်ပြီး
“မဟုတ်ပါဘူး ဆရာကြီးရယ်၊ ကျုပ်တို့ဘာမှမလုပ်ပါဘူး”
ဦးဘိုးမြက မျက်မှောင်ကြုတ်လိုက်ပြီးနောက်
“ကဲ၊ ခင်ဗျားတို့မသိဘူးဆိုရင်လည်း သိတဲ့သူကို မေးကြည့်ရတာပေါ့၊ ကိုင်း ဝင်စမ်း”
ဆရာကြီးအော်လိုက်သည်နှင့် ကြည့်နေကြသည့် ရွာသားများအတွင်းမှ ရွာသူတစ်ဦးက ခွေခနဲလဲကျသွားလေသည်။ ထို့နောက် ထိုရွာသူမှာ ဆောင့်ကြောင့်ကြီးထထိုင်ပြီး ငိုကြွေးနေလေသည်။
“ပြောစမ်း၊ မင်းတို့ဘာလုပ်ခဲ့ကြလဲ”
“ကျုပ်တို့မှားပါတယ်၊ ကျုပ်တို့ မဖွယ်မရာတွေ လုပ်ခဲ့မိပါတယ်”
အသံကယောက်ျားသံကြီးဖြစ်နေသည်။ ယောက်ျားသံကိုမှ တိုးမောင်၏ အသံကြီးဖြစ်သည်။ တိုးမောင်က ငိုကြွေးပြီးတော့မှ အဖြစ်အပျက်အစအဆုံးကို ပြန်လည်ပြောပြလေသည်။ ထိုတော့မှ ရွာသားများအားလုံး နားလည်သွားကြသည်။
“ကျုပ်တို့ကို ကယ်ကြပါအုံး၊ ကျုပ်တို့လေးယောက်အခု အဲဒီသချိုင်းကုန်းက သချိုင်းစောင့်ကြီးဆီမှာ ကျွန်ဖြစ်နေကြရတယ် . . . အီး . . ဟီး”
“အေး၊ မင်းတို့အတွက်ရည်စူးပြီးတော့ ငါတို့တွေကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတန်းဝေပေးမယ်”
ဆရာကြီးကပြောပြီး ထိုမိန်းမ၏နဖူးကို လက်ဖြင့်သပ်ချလိုက်တော့မှ ထိုမိန်းမမှာ အူကြောင်ကြောင်နှင့် နိုးထလာခဲ့သည်။ ရွာသားများလည်း အဖြစ်အပျက်အစုံသိသွားပြီမို့ အလှူတစ်ခုဖြစ်မြောက်ရန် စီစဉ်ကြရတော့သည်။ နောက်တစ်နေ့မနက်တွင် ဆရာတော်များကို ဆွမ်းလှူ၊ သင်္ကန်းလှူပြီးနောက် မကျွတ်မလွတ်သေးသည့်သူများကို ဖိတ်ကြားကာ အမျှအတန်းပေးဝေလိုက်လေသည်။
ထိုမျှမကသေး ဆရာတော်များကို ဆိုင်ကယ်ပေါ်တွင်တင်လျှက် ဘလူးတုစပီကာများဖြင့် ပရိတ်တရားတော်များကို ရွတ်ဖတ်စေပြီး ရွာ၏လမ်းကြိုလမ်းကြားများပါမကျန်၊ ရွာကို ခုနစ်ပတ်ပတ်ကာ ပရိတ်တရားရွတ်ဖတ်ကြလေသည်။
ထိုသို့စီမံပြီးတော့မှ ရွာတွင်လူသေဆုံးမှုများဆက်မဖြစ်တော့ဘဲ၊ ပုံမှန်အတိုင်းပြန်ဖြစ်သွားလေတော့သည်။ သို့တိုင်အောင် ရွာကိုစွန့်ခွာသွားကြသည့် ရွာသားအချို့မှာ ပြန်မလာရဲကြသေးပေ၊ ထိုအထဲတွင် စိုးကြီး၏ ညီမ၊ တိုးမောင်၏ မိန်းမဖြစ်သူလည်းပါဝင်နေသည်။
သို့သော် ယခုတိုင် အင်းကုန်းရွာကလေး၏ သုဿန်တွင် တစ်ခါတစ်ရံ ငိုသံကြီးများ၊ အော်ဟစ်ဆူညံသံများနှင့် ခွေးအူသံများကြားတတ်ကြသေးသည်ဟု ရွာခံများက ဆိုကြလေသည်။
ပြီးပါပြီ။