(အပိုင်း(၃))
“ဆင်းရဲတာကို မကြောက်ပါဘူးအမေ၊ သားလိုချင်နေတာ တစ်ခုပဲရှိတယ်”
“အမေသိတယ် သားကလေး လိုချင်နေတာမဟုတ်လား”
ခွန်သာက ခေါင်းညိတ်ပြီးဖြေလိုက်သည်။
“မကြိုးစားနဲ့ငါ့သား နှင်းနွယ်က ကလေးမရနိုင်ဘူး”
“ဘာ . . . ဘာဖြစ်လို့လဲ”
“နှင်းနွယ်ရဲ့ အသက်က ကုန်သွားပြီလေ၊ ဒါပေမယ့် သိုက်နန်းက အစွမ်းနဲ့ သူ့လိပ်ပြာကိုဆက်ပေးထားတာ၊ သူ့အသက်တောင် လိပ်ပြာဆက်ပေးထားတာဖြစ်လို့ နောက်ထပ်အသက်တစ်ခုကို သူကထပ်ပြီး မမွေးဖွားနိုင်တော့ဘူး”
“ဒါဆို . . . နှင်းနွယ်က ဒီတစ်သက် ကလေးမချီရတော့ဘူးပေါ့နော်”
အမေက ဖြည်းညှင်းစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“သူ့အသက်ကိုလဲ လိပ်ပြာဆက်ပေးထားတာဖြစ်တဲ့အတွက် သူ့အသက်ကလဲ အကန့်အသတ်ရှိတယ်သား၊ မြေပဲစေ့တစ်စေ့ကို ဆယ်နှစ်ခံတယ်၊ မြေပဲစေ့ နှစ်စေ့ဆိုတော့ နှင်းနွယ်က အနှစ်နှစ်ဆယ်နေရလိမ့်မယ်၊ အခုတောင် ငါးနှစ်ရှိပြီမဟုတ်လားသား”
ခွန်သာ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ လူက အကြောဆွဲထားသလိုဖြစ်ပြီး အလွန်ထိတ်လန့်နေသည်။
“ဒါ ဆိုရင်တော့ ဒု . . ဒုက္ခပဲအမေရာ”
“ဘာလို့လဲ”
“နှင်းနွယ်က မြေပဲစေ့ တစ်စေ့ပဲ စားလိုက်တယ်”
“သြော် . . .”
“အမေရာ အဲဒီမြေပဲစေ့တောင်မှာ ခက်ခက်ခဲခဲ အရိုက်ခံပြီး ကျွေးခဲ့ရတာ အဲဒီလိုမှန်းသိရင် အကုန်ဝင်အောင်ကျွေးပါတယ်ဗျာ”
“ငါ့သားရယ် မင်းဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့။ သဘာဝတရားဆိုတာ လွန်ဆန်လို့မရဘူးသား၊ နောက်ပြီးတော့ ကံကြမ္မာဆိုတာလဲ လွန်ဆန်လို့မရဘူး”
“အမေရာ တစ်ခုခု စီစဉ်ပေးလို့ မရတော့ဘူးလား”
“သားရယ် အမေလဲ အဲဒီပဲစေ့လေးရဖို့ကို တော်တော်ကြိုးစားထားရတာငါ့သား”
“ဒါဆို သွားပြီပေါ့နော်”
“သားတို့ကို အမေတတ်နိုင်သလောက် ကူညီမယ်၊ ဒီရွာကနေ အနောက်ဖက်ကိုသွားရင် တောင်ကြီးတစ်လုံးတွေ့မယ်သား၊ အဲဒီတောင်ထိပ်မှာ လမ်းဖောက်တဲ့လူတွေ စခန်းချနေကြတယ်၊ သားတို့ အဲဒီနားမှာ ဆိုင်သွားဆောက်”
“ဆိုင်ဆောက်ပြီး ဘာဆက်လုပ်ရမှာလဲအမေ”
“ဆိုင်ဆောက်ပြီးဈေးရောင်းပေါ့။ ဈေးကတော့ ရောင်းချင်တာရောင်း၊ တွေ့တာအကုန်ရောင်း၊ မကုန်ဘဲမနေဘူး အကုန်ကုန်လိမ့်မယ်”
ခွန်သာက ခေါင်းကို အသာညိတ်လိုက်သည်။
“နှင်းနွယ်ကို လိပ်ပြာထက်ဆက်လို့မရပေမယ့် သားတို့ကျန်နေတဲ့အချိန်ကလေးတော့ ချမ်းချမ်းသာသာဖြစ်အောင်လို့ အမေကူညီပေးပါ့မယ်”
ထို့နောက် အမေပျောက်ကွယ်သွားသည်။ ခွန်သာလဲ လန့်နိုးသွားသည်။ ညက သန်းခေါင်ကျော်ပဲရှိသေးသည်။ ခွန်သာက သူ့ဘေးနားတွင် အိပ်မောကျနေသော နှင်းနွယ်ကိုကြည့်လိုက်သည်။ နှင်းနွယ်မှာ အသက် ၂၅ နှစ်အရွယ် ချောတုန်းလှတုန်း အရွယ်ကောင်းလေးဖြစ်သည်။ ခွန်သာက နှင်းနွယ်ကိုကြည့်ပြီးမျက်ရည်တွေ ကျနေသည်။ ထို့နောက် နှင်းနွယ်ကို တင်းကြပ်စွာဖက်ထားလိုက်ပါတော့သည်။
(ဇ)
မိုးလင်းပြီ။ ခွန်သာက ဒီနေ့တော့ စိုက်ခင်းထဲမသွား။ အမေပြောသည့် နေရာကို သွားကြည့်ရန် စိတ်ကူးသည်။ ထိုနေရာသည် လူသွားလမ်းမပေါက်သဖြင့် အတော်လှမ်းသည်။ နှင်းနွယ်ကိုပါခေါ်ပြီး လင်မယားနှစ်ယောက် ထမင်းထုတ်ထုတ်ပြီးတော့ ထွက်ခဲ့ကြသည်။ မနက်မိုးလင်းကတည်းက သွားလိုက်တာ တစ်နေကုန် ညနေစောင်းမှ ထိုနေရာကို ရောက်တော့သည်။ အမေပြောသည့်အတိုင်းပင် ထိုနေရာတွင် တောင်ထိပ်ကြီးကို ဖြိုပြီး မြေပြန့်ကြီးလုပ်ထားကာ ဝါးတဲကြီးများထိုးထားပြီး ခြံခတ်ထားလေသည်။ ခြံထဲတွင်လဲ ဘူဒိုဇာများ၊ မြေတူးစက်၊ မြေလှိမ့်စက်များရပ်တန့်ထားလေသည်။
“မိန်းမ တို့ဒီနားမှာ ဆိုင်ဖွင့်ရအောင်ကွာ”
“တော်ကလဲ ခေါင်လဲခေါင်သေးတယ် ဘာဆိုင်ဖွင့်မလဲ”
“ထမင်းဆိုင်ဖွင့်မယ်ကွာ”
နှင်းနွယ်လဲ ခွန်သာစကားကို မတားတော့ဘဲ ခေါင်းညိတ်လိုက်သည်။ ထိုညတော့ ရွာကိုမပြန်ဘဲ တောထဲတွင်ပင် နေခဲ့ကြသည်။ နောက်တစ်နေ့တော့ ရွာကိုပြန်ပြီး ရွာမှလူများငှားကာ ဆိုင်ဆောက်ကြသည်။ ထိုလမ်းဖောက်သည့် အင်ဂျင်နီယာချုပ်ကလဲ ခွင့်ပြုသဖြင့် ထိုစခန်းကြီးဘေးနားတွင် မြောတိုင်များ၊ ဝါးတိုင်များဖြင့် တိုင်ဆောက်ပြီး တာလပတ်စများကို ဝါးဖြင့်ညှပ်ကာ မိုးလိုက်သည်။ အကာကတော့မရှိ။
မြို့သို့တက်ပြီး ကော်ဖီမစ်ထုတ် တီးမစ်ထုတ်များ ဝယ်လေသည်။ ထို့နောက် ရွာမှ ပစ္စည်းများဖြင့် ဟင်းများချက်ပြုတ်လေသည်။ လမ်းဖောက်သည့်သူများမှာ အနားတွင် ဘာဆိုင်မှမရှိသဖြင့် သူတို့ဆိုင်ကလေးကို အားပေးကြလေသည်။ ကော်ဖီမစ် တီးမစ်များ ရောင်းမလောက်သလိုဖြစ်ခဲ့သည်။ လုပ်ငန်းပြီးလျှင်လဲ သူတို့ဆိုင်ကလေးတွင် ထိုင်နားကြလေသည်။
နှစ်ပတ်ခန့်အတွင်းမှာပင် သူတို့ဆိုင်ကလေးမှာ အမိုးအကာနှင့် ထရံများကာရံထားပြီး ပလတ်စတစ်ခုံများဖြင့် ဆိုင်ပုံလေးပေါ်စပြုလာသည်။ အလုပ်သမားများမှာ ထမင်းဟင်းကို ဖြစ်သလိုချက်စားကြသည်ဖြစ်ရာ သူတို့ဆိုင်ကလေးက ထမင်းကော ဟင်းပါ ရောင်းသဖြင့် နောက်ပိုင်းထမင်းစားသူများ၊ လပေးစားသူများလဲ များလာသည်။
အလုပ်သမားများက စက်ကြီးများဖြင့် တောင်ကိုဖောက်ခြင်း၊ တောရှင်းခြင်း၊ မြေသားညီအောင် ညှိခြင်းများကိုဆောင်ရွက်ကြရာ မကြာမီပင် မြေသားလမ်းကြီးပေါ်လာလေသည်။ ခွန်သာက ဆိုင်ကယ်တစ်ပတ်ရစ်ကလေးဝယ်ပြီး အရောင်းအဝယ်လုပ်လာသည်။ ကွမ်းယာ ဆေးလိပ်နှင့် အရက်ပါရောင်းချသည်။
မကြာမီ သူတို့ဆိုင်ကလေးနားတွင် အခြားဆိုင်များ ပေါ်ပေါက်လာသော်လည်း သူတို့လောက်တော့ ရောင်းမကောင်းကြ။ နောက်ပိုင်းဆိုင်မှာ လူကျသဖြင့် ရွာမှ လူများကို ခေါ်ရလေသည်။ အလုပ်သမားပင် လေးငါးဆယ်ရောက် ရှိနေပြီဖြစ်သည်။ ဆိုင်မှာလဲ သစ်သားနှင့် အခိုင်အမာဖြစ်လာပြီး နှင်းနွယ်မှာ ကောင်တာထိုင်လေသည်။
တစ်နေ့တွင် ကောင်လေးတစ်ယောက် တောင်ပေါ်သို့ ခြေကျင်တက်လာသည်။ အဝတ်အစားများမှာလဲ စုတ်ပြတ်နေပြီး လူကလဲ မဲညစ်နေသည်။ သူတို့ဆိုင်ကိုတွေ့တော့ ဆိုင်နားတွင် ထိုင်နေလေသည်။ ခွန်သာက သတိမထားမိ။
“အကိုရေ ဟိုကောင်လေးလေ ပေတိပေစုတ်နဲ့ ဆိုင်ပေါက်ဝနားမှာ ထိုင်နေတာ နေ့တစ်ဝက်လောက်ရှိပြီ”
နှင်းနွယ်က ပြောလိုက်မှ ခွန်သာက ကြည့်မိသည်။ ထိုကောင်လေးမှာ အထဲကလူများ စားသောက်နေသည်ကို ကြည့်ပြီး တံထွေးတွေ မျိုချနေလေသည်။
“သနားပါတယ်ကွာ ထမင်းလေးဘာလေးခေါ်ကျွေးရအောင်”
ခွန်သာပြောလိုက်တော့ နှင်းနွယ်က ခေါင်းညိတ်လိုက်သည်။ ထိုကောင်လေးကို ချက်ပြုတ်သည့် စားဖိုဆောင်သို့ ခေါ်လိုက်သည်။ စားဖိုဆောင်မှာ ဆိုင်နောက်တွင်ရှိပြီး အတန်ငယ်ကျယ်သည်။ အထဲတွင်တော့ အလုပ်သမားများက အလုပ်ရှုပ်နေကြသည်။ နှင်းနွယ်လဲ အလုပ်သမားများကို ထမင်းနှင့် ဟင်းများပြင်ခိုင်းပြီး ကောင်လေးကို သွားခေါ်လေသည်။
ကောင်လေးက ယောင်ချာချာနှင့် လိုက်လာသည်။ ထို့နောက် နှင်းနွယ်က ထမင်းဝိုင်းကို လက်ညှိုးထိုးပြလိုက်သောအခါ ထမင်းများကို အငမ်းမရစားလေသည်။ သူတို့လင်မယားလဲ ကောင်လေးထမင်းစားသည်ကို ကြည့်နေလိုက်ကြသည်။
“စားနေတာလဲ အားရပါးရကွာ ဘယ်နှရက်တောင် ထမင်းငတ်ခဲ့လဲမသိဘူး”
ထမင်းစားပြီးတော့ ခွန်သာက အနားကိုကပ်သွားသည်။ ကောင်လေးက ဆိုင်ထောင့်လေးတွင်ထိုင်နေသည်။
“သား မင်းနာမည်ဘယ်လိုခေါ်သလဲ”
ကောင်ကလေးက စကားမပြောဘဲ လက်ဖြင့် လုပ်ပြနေသည်။ လက်နှစ်ဖက်ကိုပူးပြီး ငှက်ပုံစံလုပ်ပြသည်။ ပုံစံမျိုးစုံလုပ်ပြနေသည်။ သူတို့လင်မယားလဲ နားမလည်ဘဲ ကြည့်နေသည်။
“မင်းဘာပြောလဲ ငါလဲနားမလည်ဘူးကွ၊ မင်းက ငှက်ပုံလုပ်ပြတော့ မင်းကို ငှက်ကလေးလို့ ခေါ်မယ်ကွာ”
ခွန်သာက ပြောလိုက်သည်။ ကောင်လေးက သူတို့ကို လက်အုပ်ချီပြီးကန်တော့သည်။ ပြီးတော့ စားဖိုဆောင်ထဲတွင် ပန်းကန်များပုံနေသည်ကို ဆေးကြောနေလေသည်။ နောက်ပြီး အလုပ်သမားများကို ဝိုင်းကူနေလေသည်။
“အကိုရေ ညီမတော့ ဒီကောင်လေးကို ဆိုင်မှာခေါ်ထားချင်တယ်”
“ဟာ ညီမကလဲ ဒီကောင်လေးက စိတ်ချရပါ့မလား”
“အကိုရယ် အသက်ကလဲ ဆယ်နှစ်လောက်ပဲရှိမှာပဲ စိတ်ချရမှာပါ”
“သူ့ မိဘတွေဘာတွေများ ရှိဦးမလားမသိဘူး”
“ရှိလို့လာရှာရင်လဲ လုပ်အားခပါပေးပြီး ပြန်ထည့်ပေးလိုက်တာပေါ့တော်”
ခွန်သာ ခေါင်းညိတ်လိုက်သည်။ ကောင်ကလေးကို တစ်ချက်ကြည့်လိုက်သည်။ ကောင်ကလေးက မီးဖိုချောင်အလုပ်တွေကို ကူညီနေလေသည်။
ထိုအချိန်မှစပြီး ငှက်ကလေးက ဆိုင်မှာ လုပ်ကိုင်လေသည်။ လက်ဟန်ခြေဟန်ဖြင့် စကားပြောသဖြင့် စကားမပြောတတ်ဘူးထင်သည်။ သို့သော် နောက်မှ ကောင်လေးမှာ နားပါ ကောင်းကောင်းမကြားရမှန်းသိလေသည်။ သူတို့လင်မယားလဲ သနားတာကတစ်ကြောင်း၊ သားသမီးမရှိတာကလဲ တစ်ကြောင်းမို့ ငှက်ကလေးကို သားသမီးသဖွယ် စောင့်ရှောက်ကြလေသည်။ ငှက်ကလေးကို အဝတ်အစားတွေဆင်ပေးကြသည်။ မြို့ ကဆရာဝန်နှင့် ပြပေးကြသည်။ ဆရာဝန်ကတော့ မွေးရာပါချို့ယွင်းချက်မို့ ကုသရန် မလွယ်ဟုဆိုသည်။
ငှက်ကလေးကလဲ အလုပ်ကြိုးစားသည်။ ဆိုင်မှာလူကျလျှင် အလုပ်နဲ့လက်နဲ့ လုံးဝမပြတ်။ နောက်ပိုင်း ခွန်သာကော နှင်းနွယ်ပါ လက်ဟန်ခြေဟန်နှင့် စကားပြောတတ်လာသည်။ သို့သော် ငှက်ကလေးပြန်ပြောတာ လုံးစေ့ပတ်စေ့တော့ နားမလည်ကျ။
အချိန်သုံးနှစ်ခန့်ကြာသွားသည်။ လမ်းကြီးကလဲ ဖောက်လို့ပြီးလေပြီ။ လမ်းလုပ်သားများလဲ စခန်းကိုဖျက်ပြီး စွန့်ခွာသွားကြသည်။ တောင်ထိပ်တွင် ကွင်းကြီးကျန်ခဲ့သည်။ စီးပွားရေးမှာ လုံးဝကျဆင်းသွားသည်။ ဆိုင်မှအလုပ်သမားများကို ပြန်ဖြုတ်လိုက်ရသည်။ ဆိုင်တွင် ခွန်သာတို့ လင်မယားနှင့် ငှက်ကလေးသာ ကျန်ခဲ့တော့သည်။
“ညီမတို့ ဆိုင်ပြန်ဖျက်တော့မယ်အကို”
“အင်းလေ ဖောက်သည်မှ မရှိတော့တာ ဒီနေရာမှာ ဘယ်သူ့ကိုသွားရောင်းရမလဲ”
ထို့နောက် သူတို့ဆိုင်ကို ပြန်ဖျက်ဖို့လုပ်ကြသည်။ ဆိုင်မှာ သစ်သားများနှင့် အခိုင်အခန့်ဖြစ်နေပြီ။ သူတို့လင်မယားလဲ ရွာမပြန်ကြ ဆိုင်မှာပဲနေကြသည်မို့ ဆိုင်က အကြီးကြီးဖြစ်နေပြီ။
ထိုညတွင် ခွန်သာ အိပ်မက်မက်လေသည်။
“အမေ”
“သား ဆိုင်ကိုပြန်မဖျက်နဲ့၊ လမ်းလုပ်သားတွေ စခန်းချသွားတဲ့ နေရာမှာ ဆိုင်ကော၊ ဧည့်သည်တွေပါ တည်းခိုလို့ရမယ့် တည်းခိုခန်းလေးဆောက်ထား၊ သေသေချာချာခိုင်ခိုင်မာမာဆောက်နော်၊ မင်းကိုအကျိုးပေးလိမ့်မယ်”
အမေပြောသည်မို့ ခွန်သာက ထိုနေရာတွင် ဆောက်ရန် ကြိုးစားတော့သည်။ နှင်းနွယ်ကတော့ နားမလည်နိုင်သဖြင့် အစပိုင်းက ကတောက်ကဆဖြစ်သေးသည်။ သို့သော် နောက်ပိုင်းတွင်တော့ ခွန်သာကိုလိုက်လျောခဲ့သည်။ ခွန်သာက လမ်းဆောက်လုပ်သည့် အင်ဂျင်နီယာချုပ်ထံခွင့်တောင်းပြီးနောက် ထိုနေရာတွင် အုတ်ဖြင့်ကျကျနနနှစ်ထပ်ဆိုင်ကြီးကို ဆောက်လုပ်ခဲ့သည်။
(ဈ)
အတိတ်ကိုမည်မျှကြာကြာပြန်တွေးနေမိသည်မသိ ငှက်ကလေးက အောက်ထပ်သို့လာပြီး သူ့ကိုခေါ်တော့မှ ဦးခွန်သာ ပြန်သတိရသည်။ ငှက်ကလေးက အိပ်ခန်းများ ပြင်ဆင်ပြီးပြီဖြစ်ကြောင်းကို လက်ဟန်ခြေဟန်ဖြင့် ပြောလေသည်။ သူရတို့ကတော့ ရေနွေးသောက်ရင်း စကားတွေ ပြောနေကြသည်။
“ကဲ သမီးတော့ရေ အခန်းရပြီ တက်ပြီးနားရင်နားတော့ ဦးထမင်းပြင်ထားလိုက်မယ် ရပြီဆို ကောင်လေးကို လာခေါ်ခိုင်းလိုက်မယ်”
သီရိလဲ ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်သို့တက်ခဲ့သည်။ သူတို့အခန်းက သန့်ရှင်းနေပြီး မွှေ့ယာများခေါင်းအုံးများဖြင့် ပြင်ဆင်ထားသည်။ သူရက ပင်ပန်းလာသည်မို့ ကုတင်ပေါ်လှဲလိုက်သည်။ သီရိကတော့ သူတို့အခန်းထဲရှိ ဘေစင်လေးတွင် မျက်နှာကို သစ်လိုက်သည်။ ရေက အေးစက်နေသည်မို့ လူကလဲ ကြည်လင်လန်းဆန်းသွားသည်။ မျက်နှာသစ်ဆပ်ပြာကို ထုတ်ပြီး မျက်နှာသစ်လိုက်သည်။ သဘက်တစ်ထည်ဖြင့် မျက်နှာကိုသုတ်လိုက်သည်။
သူရကတော့ ပင်ပန်းလာသည်မို့ ကုတင်ပေါ်တွင် အိပ်မောကျနေသည်။ သီရိကတော့ လမ်းတစ်လျှောက်လဲ တစ်ခါတစ်ခါ အိပ်ထားသည်မို့ အိပ်တော့မအိပ်ချင်သေး။ ရာသီဥတုက အလွန်အေးသဖြင့် ရေတော့ မချိုးတော့ပဲ အခန်းပြတင်းပေါက်ကိုမှ လိုက်ကာကို ဟပြီးကြည့်လိုက်လေသည်။
အိမ်နောက်ဖက်တွင် ဂိုဒေါင်လေးတစ်လုံးရှိပြီး မီးစက်မောင်းထားသည်။ ထိုဂိုဒေါင်လေးရှေ့တွင် မြေကွက်လပ်ကြီးရှိသည်။ ဦးခွန်သာကအလုပ်ရှုပ်နေသည်။
သီရိလဲ ဖုန်းကိုကြည့်လိုက်သည်။ ဖုန်းက အားနည်းနေပြီဖြစ်သည်။ သူရဖုန်းကလဲ ဘက်ထရီအားနည်းနေပြီဖြစ်သည်။ သီရိလဲ ဖုန်းနှစ်လုံးကိုယူပြီး အောက်ထပ်သို့ဆင်းလိုက်သည်။
“ဦးဖုန်းအားသွင်းလို့ရလား”
“ရတယ် ဒါပေမယ့် ဒီမှာတော့ မရဘူး။ မီးစက်နားမှာ ပလပ်ပေါက်ရှိတယ် အဲဒီမှာသွားသွင်း”
ဦးခွန်သာက ပြောလိုက်သည်မို့ သီရိက ဂိုဒေါင်လေးဆီထွက်ခဲ့သည်။ ဂိုဒေါင်ထဲတွင် ကြက်တွေကို ခြင်းတွေနဲ့ထည့်ထားသည်။ ကြက်တွေက အရှင်တွေဖြစ်သည်။ သီရိဝင်လာတော့ ကြက်တွေက အော်နေလေသည်။ သီရိလဲ ပလပ်ပေါက်တွင် ဖုန်းနှစ်လုံးကို သွင်းထားပြီး ဂိုဒေါင်ထဲမှ ပြန်ထွက်ခဲ့သည်။
အပြင်ရောက်တော့ ဦးခွန်သာက ရေတွင်းလေးတစ်ခုထဲမှ ကြိုးနှင့်ဆွဲပြီးတင်နေလေသည်။
“သောက်ရေခပ်တာလားဦး”
“မဟုတ်ဘူး ဝက်သားယူတာ”
ဦးခွန်သာက ပြောလိုက်ပြီး ကြိုးကိုဆွဲတင်နေသည်။ မကြာမီ ရေပုံးတစ်လုံးတက်လာပြီး အထဲတွင် ပလတ်စတစ်အိတ်နှင့်ထုပ်ထားသော ဝက်သားများရှိလေသည်။
“ရေခဲသေတ္တာမရှိတော့ အသားတွေလတ်ဆတ်အောင် ဒီလိုပဲ သိမ်းထားတာပဲ”
သီရိက ရေတွင်းထဲ ငုံ့ကြည့်သည်။ အထဲတွင် မှောင်မဲနေသည်။
“အထဲမှာ ရေမရှိဘူး၊ အသားလှောင်ဖို့တူးထားတဲ့တွင်း”
ဦးခွန်သာက ပြောလိုက်ပြီး ဝက်သားထုပ်တစ်ထုပ်ကို ယူလိုက်ကာ၊ ကျန်သည့်အထုပ်များကို ရေပုံးထဲထည့်ပြီး ရေတွင်းထဲပြန်ချလိုက်သည်။ သီရိလဲ အပေါ်ထပ်ပြန်တက်ခဲ့သည်။ လှေကားရင်းကနေ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်က မှောင်မဲနေသည်။ မြူတွေလား တိမ်တွေလား ဆိုင်းနေသည်။ လေကလဲတဖြူးဖြူးတိုက်နေသည်။ ဦးခွန်သာ က ဂိုဒေါင်ထဲမှ ထွက်လာပြီး ကြက်တစ်ကောင်ကို ဇောက်ထိုးဆွဲလာသည်။ ကြက်က ရုန်းကန်နေသည်။
သီရိလဲ အခန်းထဲပြန်ဝင်လိုက်သည်။ ကြက်အော်သံတစ်ချက်ကို သဲ့သဲ့ကြားလိုက်ရသည်။ အခန်းထဲတွင်တော့ လေးပေချောင်းမီးချောင်းတစ်ချောင်းရှိပြီး ထိန်လင်းနေသည်။ အခြားအခန်းများက မီးများပိတ်ထားသည်။ သီရိလဲ ကုတင်ပေါ်လှဲချလိုက်သည်။
“ဒေါက် ဒေါက် ဒေါက်”
တံခါးခေါက်သံကို ကြားသဖြင့် သီရိက ထလိုက်သည်။ သီရိမှေးခနဲ အိပ်ပျော်သွားခြင်းဖြစ်သည်။ ဗိုက်ကအလွန်ဆာနေပြီ။ အချိန်ကိုကြည့်လိုက်တော့ ၇နာရီခွဲနေပြီဖြစ်သည်။ သီရိက တံခါးကိုဖွင့်လိုက်သည်။ လေအေးတစ်ချက်က အခန်းထဲဝင်လာလေသည်။ တံခါးဝတွင်တော့ ငှက်ကလေးက ထမင်းစားမည့်ပုံစံ လက်ဟန်ခြေဟန်ဖြင့် ပြနေလေသည်။ သီရိလဲခေါင်းညိတ်ပြလိုက်သည်။
“ကဲ ကိုသူရထတော့ ထမင်းစားကြမယ်”
သူရနိုးတော့ နှစ်ယောက်သား အောက်ဆင်းခဲ့သည်။ ဆိုင်ထဲရှိ သစ်သားစားပွဲတစ်ခုတွင် ဟင်းများနှင့် ထမင်းများကို ပြင်ထားလေသည်။ ဟင်းတွေကတော့ ဝက်သားချိုချဉ်၊ မုန်ညင်းရွက်ကြော်၊ ကြက်သားပဲပုတ်ကြော်၊ စွန်တန်ချဉ်စပ်ဟင်းချိုတို့ဖြစ်သည်။ သူတို့လဲ ဆာဆာနှင့်ထိုင်ပြီးစားလိုက်ကြသည်။ ဦးခွန်သာကတော့ ကောင်တာတွင်ထိုင်နေသည်။ ငှက်ကလေးကတော့ သူတို့အနီးတွင် ထိုင်ကြည့်နေလေသည်။
သီရိက ဟင်းတွေခပ်ပြီး မြည်းကြည့်လိုက်သည်။ လက်ရာတွေကတော့ သိပ်မကောင်း၊ ပေါ့ရွှတ်ရွှတ်နှင့် ဘာလိုလို့ လိုမှန်းမသိဖြစ်နေသည်။ သူရကတော့ ဟင်းသိပ်ချေးများသူမဟုတ်တော့ ထမင်းတွေကို အားရပါးရစားသောက်နေသည်။
“ဦးတစ်ခါထဲ ဝင်စားပါလား”
သီရိက ခေါ်လိုက်သည်။ ဦးခွန်သာက ခေါင်းခါလိုက်သည်။
“ဧည့်သည်တွေကို အနှောင့်အယှက်မပေးချင်လို့ပါ၊ ဦးတို့က ပြီးမှ စားမယ်”
သီရိကတော့ သိပ်ပြီးစားလို့မကောင်းသဖြင့် တစ်ပန်းကန်ပဲစားသည်။ သူရကတော့ ဆာနေသည်မို့ ထမင်းတွေ အများကြိးစားသည်။ စွန်တန်ဟင်းချိုကိုလဲ သူရက အလွန်ကြိုက်ပြီး အဝသောက်လေသည်။ သီရိကတော့ သိပ်မသောက်၊ ဦးခွန်သာဟင်းတွေကို သိပ်ခံတွင်းမတွေ့။
သီရိတို့ ထမင်းစားသောက်ပြီးတော့ ငှက်ကလေးကပန်းကန်တွေ သိမ်းနေသည်။ ဦးခွန်သာက အနားကို လျှောက်လာလေသည်။
“သမီးတို့ကို တစ်ခုမှာထားမယ်နော်၊ မီးစက်က ညကိုးနာရီလောက်ဆို ပိတ်တယ်၊ သမီးတို့ ညရေးညတာ အိမ်သာတွေ ဘာတွေသွားချင်လို့ ရှိရင် အခန်းထောင့်မှာ သေးအိုးလေးနှစ်လုံးရှိတယ်၊ အဲဒါကိုသုံးပေါ့”
“ရပါတယ်၊ သမီးသွားချင်ရင် အိမ်သာကိုသွားလိုက်ပါ့မယ်”
အိမ်သာမှ ဂိုဒေါင်ကလေးဘေးတွင် နှစ်ခန်းကပ်လျှက် အုတ်ဖြင့်ဆောက်ထားလေသည်။ ထိုဘေးတွင်လဲ အုတ်ရေကန်နှင့် ရေချိုးရန် နေရာလုပ်ထားလေသည်။
“ဦးက သမီးတို့ မှောင်မှောင်မဲမဲနဲ့ဆိုတော့ ကြောက်နေမှာစိုးလို့ပြောတာပါ၊ ပြီးတော့ ညဖက် မလိုအပ်ဘဲ အခန်းထဲက မထွက်တာ အကောင်းဆုံးပဲ”
သီရိလဲ စိတ်ထဲမရှင်းဖြစ်သွားသည်။ ထို့နောက် သူတို့နှစ်ယောက် အပေါ်ထပ်သို့ ပြန်တက်ခဲ့သည်။
သူတို့လဲ လှဲချလိုက်သည်။ သူရက ပင်ပန်းနေပြီမို့ စကားတောင်မပြောနိုင်တော့။ သီရိလဲ ထမင်းစားပြီး ဗိုက်လေးလာကာ မျက်လုံးများကို မဖွင့်နိုင်တော့သဖြင့် ကုတင်ပေါ်လှဲချလိုက်သည်။ ထို့နောက် တစ်ခုကိုသတိရသွားသည်၊ ဓါတ်မီးဖြစ်သည်။
ညကိုးနာရီ မီးစက်ပိတ်လျှင် မှောင်မဲသွားမည်။ ထိုအခါ ဓါတ်မီးလိုလာမည်။
“ကိုသူရ ထဦး ဓါတ်မီးသွားယူဦး”
သီရိက သူရကို လှုပ်နှိုးနေသော်လည်း သူရက မထတော့ အိပ်ပျော်နေပြီဖြစ်သည်။ သီရိက ကားထဲတွင် ဓါတ်မီးသွားယူဖို့ ဆုံးဖြတ်လိုက်သည်။ အောက်ထပ်သို့ပြန်ဆင်းလိုက်သည်။ လူက အိပ်ချင်နေပြီး အိပ်ချင်မူးတူးဖြစ်နေသည်။
ဆိုင်ထဲမှာ လင်းလက်နေသည်။ ဆိုင်တံခါးကြီးကတော့ဖွင့်ထားသည်။ သီရိလဲ ကားသော့ကိုကိုင်ပြီး ဆိုင်အပြင်ထွက်ခဲ့သည်။ ကားနောက်ဖုံးအတွင်းမှ ဓါတ်မီးကိုထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ထိုးကြည့်လိုက်သည်။ ကားလမ်းက အမှောင်ကျနေပြီးတော့ လမ်းတစ်ဖက်မှာလဲ ချောက်ကြီးကိုတွေ့လိုက်ရသည်။ သီရိလဲ ဘာမှန်းမသိဘဲ ကြက်သီးတွေ တဖြန်းဖြန်းထလာသဖြင့် ဆိုင်ထဲပြန်ပြေးဝင်ခဲ့သည်။
ဆိုင်ထဲရောက်မှ သတိထားမိသည်။ ငှက်ကလေးက ဆိုင်ထဲမှ စားပွဲခုံတွေကို လေးငါးခုံဆက်ပြီး အတန်းလိုက်ကြီးလုပ်နေသည်။ သီရိကို မြင်တော့ ငှက်ကလေးက အလွန်ထိတ်လန့်သွားသည်။ ထို့နောက် သီရိကိုလဲ မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေလေသည်။ သီရိလဲ အိမ်ပေါ်ထပ်ပြန်တက်ခဲ့သည်။ လှေကားမှ ကြည့်လိုက်ရာ ဦးခွန်သာက ရေတွင်းလေးထဲမှ ကြိုးကိုဆွဲတင်နေပြန်သည်။ သီရိလဲ ခဏရပ်ကြည့်နေသည်။ ဦးခွန်သာက ဂိုဒေါင်ထဲဝင်သွားပြီး ကြက်ဆယ်ကောင်ကို ဇောက်ထိုးဆွဲလာပြန်သည်။ ကြက်တွေက ရုန်းကန်နေသည်။ ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
ငှက်ကလေးက ဆိုင်ထဲမှထွက်လာပြီး လှေကားတွင်ရပ်နေသော သီရိကို ခါးထောက်ပြီးကြည့်နေလေသည်။ သီရိလဲ ကျောချမ်းလာသည်မို့ အပေါ်ထပ်ကိုပြေးတက်ပြီး အခန်းတံခါးကို ပိတ်လိုက်သည်။ တံခါးအား အပေါ်ချက်၊ အောက်ချက် ချပြီးပိတ်လိုက်သည်။ ခန်းဆီးများကို ဆွဲပြီးစေ့လိုက်သည်။
မျက်လုံးကလဲ အလွန်အိပ်ချင်နေသည်။ သီရိက ပျင်းရိစွာ သန်းဝေလိုက်သည်။ ထို့နောက် အိပ်ယာပေါ်လှဲချလိုက်သည်။ သီရိက အိပ်ဆေးများသောက်ထားသလို လူကအရမ်းနုံးပြီးအိပ်ချင်နေလေသည်။
(ည)
ထိုစဉ် သူတို့အခန်းတံခါးကို လူတစ်ယောက် လာတိုက်သလို တဒုန်းဒုန်းဖြစ်နေလေသည်။ သီရိလဲ ထဖို့ကြိုးစားလိုက်သည်။ သို့သော် သူ့လက်တွေကိုပင် သူမမြောက်နိုင်တော့။ သူ့ခေါင်းကိုပင် ထောင်မကြည့်နိုင်တော့။ သီရိက ဘေးစောင်းလိုက်ပြီး တံခါးကိုကြည့်လိုက်သည်။
ချက်ချထားသည့် တံခါးကြီးက ဝုန်းကနဲ ပွင့်သွားသည်။ တံခါးပွင့်သွားသည်နှင့် ဆောင်းလေအေးများက အခန်းထဲသို့တရကြမ်းဝင်လာလေသည်။ လေတိုက်သဖြင့် ခန်းဆီးစများက လွှင့်နေလေသည်။ အခန်းဝတွင်တော့ လူတစ်ယောက်က ဓါးကြီးကိုင်ထားသည်။ အခန်းမီးများက မှိတ်ထားသဖြင့် မှောင်မိုက်နေသည်။ ထိုစဉ် ထိုလူကြီးမှာ အနားသို့တလှမ်းချင်းလျှောက်လာသည်။ သီရိကလဲ အော်ဟစ်ဖို့ကြိုးစားသည်။ သို့သော် ပါးစပ်က အသံလုံးဝမထွက်။
တဖြည်းဖြည်းနီးလာတော့မှာ လမ်းလျှောက်လာသည့်လူမှာ ဦးခွန်သာဖြစ်နေသည်။ ဦးခွန်သာက ဝက်သားခုတ်ဓါးကြီးကိုကိုင်ထားသည်။ ထို့နောက် သီရိကိုကျော်ပြီး ကိုသူရဖက်ကို လျှောက်သွားလေသည်။ သီရိလဲ ကိုယ်ကိုတစ်ဖက်ကိုစောင်းလိုက်ပြီး ကိုသူရဖက်လှည့်လိုက်သည်။ ကိုသူရက သီရိကို ကျောပေးပြီး အိပ်ပျော်နေလေသည်။ သီရိက အားတွေကို စုစည်းလိုက်ပြီး ကိုသူရကို လှုပ်နှိုးဖို့ကြိုးစားလိုက်သည်။
သို့သော် သီရိလက်က လှုပ်မရ။ သီရိလက်ချောင်းကလေးများက ကိုသူရ၏ ခါးကိုသာထိသည်။ သီရိက စိတ်ထဲတွင် အော်ဟစ်နေသော်လည်း အပြင်တွင်တော့ တိတ်ဆိတ်နေလေသည်။ ဦးခွန်သာက ကိုသူရဖက်တွင် ရပ်လိုက်ပြီး ဝက်သားခုတ်ဓါးကြီးကို မြောက်လိုက်လေသည်။ ထို့နောက် ဝက်သားခုတ်ဓါးကြီးဖြင့် ကိုသူရလည်ပင်းကို ခုတ်ချလိုက်လေသည်။
“ဒုန်း”
အပိုင်း(၄)တွင် ဆက်လက်ဖတ်ရှုပါ