အတွဲ(၃) အပိုင်း (၄)
(၁)
ငခမ်းက နွဲ့ဟုဆိုသည့် ဆမန်းမြင်းနက်ကြီးကို စီးလျှက် ညောင်ရွှေမြို့မှ ထွက်ခွာလာရာ မကြာခင်မှာပင် မြေပြန့်လွင်ပြင်ကြီးတစ်ခုကို ဖြတ်သန်းပြီးသောအခါ ကျယ်ပြန့်လှသည့် ရေပြင်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုရေပြင်ကြီးမှာ အလွန်ကျယ်ပြန့်ပြီး မျက်စိတစ်ဆုံးပင်ကြည့်ရှုရလေသည်။
“ဒီရေပြင်ကြီးကိုဖြတ်ရမှာလား”
ငခမ်းကပြောလိုက်ရာ မြင်းကြီးက ခေါင်းကိုဆတ်ခနဲညိတ်ပြလေသည်။
“မင်းရေကူးတတ်တယ်မဟုတ်လား”
ငခမ်းက မြင်းကြီးကိုမေးလိုက်ရာ မြင်းကြီးက တစ်ချက်ခုန်ပေါက်လိုက်သဖြင့် ငခမ်းမှာ မြင်းပေါ်မှ ပြုတ်ကျလုနီးနီးဖြစ်သွားရသည်။ မြင်းကြီးစိတ်ဆိုးနေသည်ကို ရိပ်စားမိလိုက်သည်မို့ ငခမ်းက မြင်းကြီး၏ လည်ပင်းကိုပွတ်သပ်ရင်း
“အေးပါ၊ မင်းမကြိုက်ရင်မပြောတော့ပါဘူး”
ထို့နောက် မြင်းကြီးက ရေပြင်ကြီးကိုပတ်ကာ ဖောက်လုပ်ထားသည့် လှည်းလမ်းကလေးအတိုင်း ဒုန်းစိုင်းပြေးလေသည်။ အရှေ့တွင်တော့ ရေပြင်ကြီး၏ နံဘေးနားတွင် စိုက်ပျိုးထားကြသည့် စိုက်ခင်းများကိုတွေ့ရသည်။ ခရမ်းချဉ်ပင်များ၊ မုန်ညင်းပင်များနှင့် ဘူးပင်များကို အများအားဖြင့်စိုက်ပျိုးထားကြသည်။ မြင်းကြီး၏ ပြေးနှုန်းမှာ မြန်လွန်းသဖြင့် ပတ်ဝန်းကျင်မှ အရာများကိုသေချာမကြည့်ရှုနိုင်ပဲ လှစ်ခနဲ လှစ်ခနဲသာမြင်တွေ့နေရသည်။
ထိုစဉ် စိုက်ခင်းတစ်နေရာမှာ ကလေးသုံးဦးက လမ်းပေါ်တက်လာလေသည်။ လမ်းမှာလည်း အနည်းငယ်ကွေ့ကောက်နေသဖြင့် ထိုကလေးသုံးဦးနှင့် ဘွားခနဲဆုံတွေ့တော့သည်။ ယခုလက်ရှိပြေးလွှားနေသည့် ပြေးနှုန်းအတိုင်းသာဆိုလျှင် ထိုကလေးသုံးဦးမှာ မြင်းနှင့်တိုက်မိသွားမည်ဖြစ်သည်။
“နွဲ့ . . . ရှေ့မှာ”
ငခမ်းက အော်လိုက်သည့်အခါ မြင်းကြိးက စွေ့ခနဲလေပေါ်သို့ခုန်တက်လိုက်လေသည်။ ကလေးသုံးယောက်၏ ဦးခေါင်းပေါ်မှ ပွတ်ကာသီကာလေးဖြတ်ကျော်သွားပြီးနောက် တစ်ဖန်မြေပေါ်သို့ကျဆင်းကာ ထပ်မံပြေးလွှားသွားတော့သည်။ ကလေးသုံးဦးမှာ ကြောင်စီစီနှင့် ကြည့်နေကြလေသည်။
“ဘယ်ဆိုးလို့လဲကွ၊ မင်းကမြန်တဲ့အပြင် ထိန်းလည်းထိန်းနိုင်သားပဲ”
ငခမ်းချီးကျူးပြောလိုက်သော်လည်း မြင်းကြီးက ဘယ်လိုမှမတုန့်ပြန်ဘဲ ဆက်လက်ပြေးလွှားနေလေသည်။ မကြာခင်တွင်ရွာကလေးတစ်ရွာသို့ရောက်လာခဲ့သည်။ ကန်ရေပြင်ပေါ်တွင် ခြေတံရှည်အိမ်ကလေးများ တည်ဆောက်ထားသည့်ရွာကလေးဖြစ်ပြီး လှေများကိုလည်း အများအပြားတွေ့ရသည်။ ရွာထဲလမ်းဖြစ်သဖြင့် မြင်းကြီးက တစ်လှမ်းချင်းဆီလှမ်းလျှောက်သွားလေသည်။
“နန်းပန်ရွာ”
ရွာအဝင်လမ်းနံဘေးရှိ သစ်သားဆိုင်းဘုတ်တစ်ခုပေါ်တွင် ရှမ်းလက်ရေးဖြင့် ခပ်ကြမ်းကြမ်းရေးသားထားသည့် ဆိုင်းဘုတ်ကိုတွေ့လိုက်ရသည်။ ရွာလယ်လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းလာရာ မကြာခင်တွင် ဈေးလေးတစ်ခုကိုတွေ့ရသည်။ ဈေးကလေးမှာ အတော်စည်ကားကာ လူများတိုးကြိတ်နေလေသည်။ ဈေးထဲသို့ ငခမ်းက မြင်းဖြင့်ဝင်သဖြင့် လူအများက ငခမ်းကိုဝိုင်းကြည့်နေကြသည်။
“လှလိုက်တဲ့မြင်းကြီးကွာ၊ လူလေး ငါ့ကိုရောင်းပါလား”
ယောကျ်ားသားများက မြင်းကိုသဘောကျကြသည်။ မြင်း၏နံဘေးကို လက်ဖြင့်ပွတ်ခြင်း၊ မြင်း၏တင်ပါးသားများကို ကိုင်တွယ်ခြင်းတို့ကြောင့် မြင်းကြီးက နှာတမှုတ်မှုတ်နှင့် ဒေါသထွက်နေလေသည်။ ငခမ်းက မြင်းဇက်အနားသို့ငုံ့လိုက်ပြီး
“ငါ့အထင် ဒီပုံစံအတိုင်းဆက်သွားလို့ကတော့ ဈေးဟိုဖက်ထိပ်ရောက်ရင် မင်းလည်းလူတွေအကိုင်အတွယ် တော်တော်ခံရပြီးလောက်ပြီ”
မြင်းကြီးက ငခမ်းပြောသည်ကိုနားမထောင်ဘဲ ဆက်သာတိုးနေလေသည်။
“မင်းကိုငါအကြံပေးရမလား၊ မြန်မြန်ရောက်ချင်တယ်ဆိုရင်တော့ မင်းလူပုံစံပြောင်းလိုက်တာ ပိုပြီးအဆင်ပြေမယ်”
မြင်းကြီးလည်းတုန့်ခနဲရပ်တန့်သွားသည်။ နန်းပန်ရွာတွင် ငါးရက်တစ်ဈေးဖြစ်နေသည်မို့ လူများက တိုးကြိတ်နေကြရာ ဆက်တိုးသွားရန်လည်းမလွယ်ကူပေ၊ သို့နှင့် မြင်းကြီးက ပြန်လှည့်လိုက်ပြီး ရွာအတွင်းသို့ပြန်ဝင်လိုက်သည်။ ရွာထဲသို့သွားသည့် အိမ်နှစ်အိမ်အကြား၊ လမ်းကြားကလေးထဲသို့ မြင်းကြီးကဝင်သွားလေသည်။ ထိုလမ်းကြားကလေးထဲတွင် လူသွားလူလာများမရှိပေ။
မြင်းက နှာမှုတ်ပြီး ငခမ်းကိုမော့ကြည့်သည်။ ငခမ်းလည်း ဘာလုပ်ရမှန်းမသိပေ၊ ထိုအခါ မြင်းကြီးက ပတတ်ရပ်ထည့်လိုက်ရာ မြင်းပေါ်ခွစီးထားသည့် ငခမ်းမှာ နောက်ပြန်ပြုတ်ကျလေသည်။ လက်ကတော့ ကြောက်လန့်ပြီး မြင်းဇက်ကျိုးကိုဆွဲထားမိသည်။ မြင်းကြီးမှာ ပတတ်ရပ်နေရင်း မိန်းကလေးအဖြစ်ပုံစံပြောင်းသွားရာ ငခမ်းကလည်း ဇက်ကျိုးမလွတ်သဖြင့် ထိုမိန်းကလေး၏ ဆံပင်ကိုဆွဲမိသလိုဖြစ်ပြီး ငခမ်းအပေါ်သို့ မိန်းကလေးက နောက်ပြန်လဲကျလေသည်။
ငခမ်းက မြေပေါ်သို့ဖင်ထိုင်ကျပြီး မြင်းကြီးအဖြစ်မှာ အသွင်ပြောင်းထားသည့် နွဲ့မှာလည်း ငခမ်းအပေါ်သို့ပက်လက်လန်ကျသဖြင့် ငခမ်းက နွဲ့ကိုပွေ့ဖက်လိုက်ရသည်။
နွဲ့မှာအလွန်ရှက်သွားပုံရပြီး မတ်တပ်ထရပ်လေသည်။ သို့သော် ရုတ်တရက်မို့ ထမရသေးပေ၊ ငခမ်းက နွဲ့၏ဆံပင်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
“ရှင့်ရဲ့လက်ကို လွှတ်သင့်ပြီလို့ထင်တယ်နော်”
ငခမ်းလည်းသတိဝင်သွားပြီး သူ့လက်အတွင်း ကိုင်ဆွဲထားသည့် နွဲ့၏နက်မှောင်ရှည်လျားသည့် ဆံပင်များကိုလွတ်ပေးလိုက်ရာ နွဲ့မှာ ထသွားတော့သည်။ ငခမ်းလည်း ကုန်းထလိုက်ရသည်။
“နောက်ဆိုရင် မင်းတစ်ခုခုလုပ်မယ်ဆို ငါ့ကိုပြောသင့်တယ် နွဲ့”
“ရှင့်ကိုလှည့်ကြည့်တယ်လေ”
ငခမ်းက ပုခုံးတွန့်လိုက်ပြီး
“ကောင်းပြီလေ၊ နောက်တစ်ခါလှည့်ကြည့်ရင် ငါသတိထားပါ့မယ်၊ ဒါနဲ့ ငါတို့ကဘယ်ကိုသွားနေတာလဲ”
နွဲ့က ဈေးအတွင်းသို့လျှေက်သွားလေရာ ငခမ်းလည်းအနောက်မှလိုက်သွားမိသည်။ ဈေးတွင် ဟင်းသီးဟင်းရွက်များ၊ အသားငါးများ၊ စားသောက်ကုန်များကို ရောင်းချနေသကဲ့သို့ အလှကုန်များ၊ အထည်အလိပ်များကိုလည်း ရောင်းချနေလေရာ နွဲ့မှာလမ်းလျှောက်ရင်း ထိုအရာများကို ငေးကြည့်နေလေသည်။
“ဘာလဲ မင်းကလိုချင်လို့လား”
ငခမ်းကမေးလိုက်သည့်အခါ နွဲ့က ခေါင်းခါလိုက်သည်။
“မလိုပါဘူး”
“မင်းလိုချင်ရင် ငါဝယ်ပေးမယ်လေ”
“ရှင့်မှာ ငွေပါလို့လား”
ထိုတော့မှ ငခမ်းလည်း ကိုယ့်ကိုယ်ကိုယ်ပြန်စမ်းမိလိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် တန်ဖိုးရှိသည့်အရာဘာမှမရှိပေ၊ သားရေကိုယ်ကျပ်တစ်ထည်၊ ဝတ်ရုံကြီးသာရှိသည်။ ကျောတွင်လွယ်ထားသည့် ဓါးကြီးမှာလည်း ကျားဖြူသခင်ကြီး၏ ဓါးဖြစ်သဖြင့် သုံးစွဲမရပေ။
“မင်းမှာရော ငွေမပါဘူးလား”
ငခမ်းမေးသည့်အခါ နွဲ့က လက်နှစ်ဖက်ကိုဆန့်တန်းပြရင်;
“ငွေပါမှာတော့ ကျွန်မဟာကျွန်မ ဝယ်မှာပေါ့ရှင်၊ ထားလိုက်ပါ၊ တာဝန်က တာဝန်ပဲ၊ ဆက်သွားကြစို့”
နွဲ့ကထွက်သွားလေသည်။ ငခမ်းလည်း နွဲ့ကိုင်ကြည့်သည့် ဆံညှပ်ကလေးကို စိုက်ကြည့်နေမိသည်။ ငွေဖြင့်ပြုလုပ်ထားသည့် ဆံညှပ်ကလေးတစ်ခုဖြစ်ပြီး လှပအသွေးစုံသည့် ကျောက်ကလေးများကိုလည်း စီခြယ်ထားသေးသည်။
“ငါ့ညီကြည့်ရတာ ငွေမပါဘူးထင်တယ်”
ထိုစဉ် အနောက်မှအသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။ ရှမ်းခမောက်ကြီးကို ခပ်ငိုက်ငိုက်စောင်းထားပြီး ဟောင်းနွမ်းနေသည့် ချည်သားဝတ်စုံကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်ကိုတွေ့လိုက်သည်။ ထိုလူကြီးက ငခမ်းအား ငွေပြားသုံးပြားလှမ်းပေးလေသည်။ ငခမ်းလည်း ငွေပြားကိုယူရန် စဉ်းစားနေမိသည်။
“ယူလိုက်ပါကွ၊ စကားပုံတစ်ခုရှိသေးတယ်မဟုတ်လား၊ “မိန်းမတစ်ယောက်က လိုချင်နေပြီဆိုရင် အခုဝယ်ပေးလိုက်ပါ” တဲ့”
ငခမ်းလည်းထိုလူကြီးပေးသည့် ငွေသုံးပြားကိုယူလိုက်ပြီး ထိုလူကြီးမျက်နှာကို အသေအချာကြည့်လိုက်လေသည်။
“ဟင် . . . အကို . . . အကိုဘတိုး”
ခေါင်းတုံးပြောင်ပြောင် တုံးထားသည့် လူကြီးကို အသေအချာကြည့်လိုက်သည့်အခါမှ သူနှင့်တစ်ချိန်က ဆုံတွေ့ခဲ့ဖူးသည့် ကျားမုဆိုး ဘတိုးဖြစ်နေလေသည်။ ဘတိုးက ငခမ်;အနားသို့တိုးကပ်လာပြီး
“မင်းဘာကြောင့် ဒီကိုလာတယ်ဆိုတာ ငါသိတယ်၊ မောင်ခခွေး”
“ကျုပ်နာမည် ငခမ်းပါဗျ”
“အေး၊ ငါကလည်း မင်းပြောဖူးတဲ့ မောင်ခခွေးပဲ မှတ်မိနေလို့ကွ”
“ကျုပ်ဒိကိုဘာလို့လာတယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား”
“သိပ်သိတာပေါ့ကွာ၊ ဒါပေမယ့် မင်းသူများပြောတိုင်းမလုပ်နဲ့ကွ၊ ကျားဖြူစံအိမ်က ဘယ်လိုလူတွေလည်းဆိုတာ မင်းသိမှာပေါ့၊ ငါတို့ကိုတောင်မှ သတ်ဖို့ကြိုးစားခဲ့ဖူးတယ်မဟုတ်လား၊ ငါ့ရဲ့လူတွေ၊ ငါ့ရဲ့အဖွဲ့သားတွေ ဘယ်လိုသေကုန်တယ်ဆိုတာ မင်းမှတ်မိမှာပေါ့”
ငခမ်းကခေါင်းညိတ်လိုက်ရင်း
“ဒါပေမယ့် ကျုပ်ကိုသူတို့က အကြပ်ကိုင်ထားတယ်၊ သူတို့ခိုင်းတာလုပ်ပေးမှ ကျုပ်ရဲ့လူတွေကို ကယ်တင်လို့ရမှာ”
“မိုက်ရူးရဲမဆုံးဖြတ်ပါနဲ့ မောင်ခခွေးရာ၊ မင်း ငါပြောတာကို အရင်နားထောင်ကြည့်စမ်းပါ”
ထိုအခိုက် ငခမ်းပုခုံးကို အနောက်မှ လူတစ်ယောက်က လာပုတ်လေရာ ငခမ်းလည်းလှည့်ကြည့်လိုက်သည်။ လာပုတ်သူကတော့ နွဲ့ဖြစ်သည်။
“ဟင် . . နွဲ့”
“ရှင်ဘယ်သူနဲ့ စကားပြောနေတာလဲ”
ငခမ်းက အရှေ့သို့ပြန်လှည့်ကြည့်သည့်အခါ ကျားမုဆိုး ဘတိုးမရှိတော့ပေ။ စည်ကားလှသည့် လူအများကြားတွင် ဘတိုးပျောက်ကွယ်သွားသည်မှာ အံ့ဩစရာပင်ဖြစ်သည်။ ငခမ်းလည်းဘာမှမပြောတော့ဘဲ ထိုငွေကလစ်ကလေးအား ဈေးမေးကြည့်လိုက်သည်။
“ဒါလေးက ဘယ်လောက်လဲ”
“အသပြာ သုံးပြားကျမယ်”
ထူးဆန်းသည်က ကျားမုဆိုးဘတိုးပေးခဲ့သည့် ငွေနှင့် ကလစ်ကိုရောင်းချသည့်ဈေးက ကွက်တိဖြစ်နေလေသည်။ ငခမ်းလည်း လက်ထဲမှ ငွေသုံးပြားကို ရောင်းချသူအားလှမ်းပေးလိုက်ပြီး ငွေကလစ်ကလေးကိုယူလိုက်လေသည်။ တစ်ဖက်သို့ပြန်လှည့်ကြည့်လိုက်သည့်အခါ နွဲ့မရှိတော့ပေ၊ နွဲ့က လူအုပ်အကြားတိုးဝှေ့သွားနေသည်ကိုမြင်သဖြင့် ငခမ်းက အနောက်မှလိုက်တိုးခဲ့သည်။
(၂)
ဈေးကလေးကို ကျော်ဖြတ်ပြီးတော့မှ လူကအနည်းငယ်ချောင်သွားသည်။ ဈေးအပြင်ခပ်လှမ်းလှမ်;တွင် လှေဆိပ်တစ်ခုရှိလေရာ နွဲ့က ထိုလှေဆိပ်အတိုင်းဆင်းသွားလေသည်။ လှေဆိပ်တစ်နေရာတွင် လှေသမားများက ထိုင်နေကြလေရာ နွဲ့က လှေသမားများကိုကြည့်လိုက်ပြီး
“ကေလာရွာကိုသွားချင်တယ်၊ ဘယ်သူလိုက်ပို့မလဲ”
ငခမ်းက နွဲ့ဆီသို့ပြေးသွားလိုက်ပြီး
“လှေငှားတယ်ဆိုတော့ မင်းမှာငွေရောရှိလို့လား”
ထိုအခါ နွဲ့က သူ့ခါးတွင်ချိတ်ထားသည့် အိတ်ကလေးကို ပုတ်ပြလိုက်ရာ အတွင်းမှ ငွေပြားအချင်းချင်းပွတ်တိုက်မိသည့်အသံ တချွင်ချွင်ထွက်လာလေသည်။
“ဒါနဲ့ပဲ ခုနက ငွေမရှိဘူးဆို”
“ဒီငွေက တာဝန်ထမ်းဆောင်ဖို့ သခင်ကြီးက ထုတ်ပေးလိုက်တဲ့ငွေပဲ၊ ကျွန်မစိတ်ကြိုက်လျှောက်သုံးဖို့မဟုတ်ဘူး”
နွဲ့က စိတ်မရှည်စွာနှင့် လှေသမားများဘက်သို့တစ်ချက်ကြည့်လိုက်ပြီး
“ရှင်တို့ နားမကြားဘူးလား၊ ကေလာရွာကိုသွားချင်လို့ဘယ်သူလိုက်ပို့မလဲ”
ထိုအခါ ခမောက်ကြီးဆောင်းထားသည့် လူကြီးတစ်ဦးက ပြေးလာခဲ့သည်။
“လိုက်ပါ့မယ်၊ လိုက်ပို့ပါ့မယ်၊ ကေလာဆိုတာ ကျုပ်ရဲ့ဇာတိရွာကလေးပဲ၊ မိန်းကလေး လှေပေါ်တက်ပါ”
ထိုလူကြီးကိုအသေအချာကြည့်လိုက်ရာ ကျားမုဆိုးဘတိုးဖြစ်နေလေသည်။ ငခမ်းက အံ့ဩသွားစဉ် ဘတိုးက ငခမ်းအား မျက်စိတစ်ဖက်မှိတ်ပြလိုက်လေသည်။ နွဲ့က ဘတိုးညွှန်ပြသည့် လှေထံသို့ ဘောက်ဆက်ဘောက်ဆက်နှင့် လျှောက်သွားနေသည်မို့ ဘတိုးနှင့် ငခမ်းလည်း နွဲ့အနောက်သို့လိုက်သွားကြသည်။
လှေက အနည်းငယ်ရှည်လျားသည့် လှေကြီးဖြစ်သည်။ နွဲ့က လှေပေါ်သို့လွှားခနဲခုန်တက်လိုက်ပြီးနောက် လှေဦးထိပ်နားတွင်ထိုင်လိုက်သည်။ ငခမ်းကတော့ လှေလယ်လောက်တွင်ထိုင်လိုက်လေသည်။ လှေသမားပုံစံဖြင့်ဘတိုးမှာ လှေပဲ့တွင်ထိုင်လိုက်ပြီး လှော်တက်များကို ဆွဲယူနေလျှက်ရှိသည်။
“လှေဆရာကြီး တခြားလူတွေမတင်နဲ့တော့ ကျွန်မဈေးပိုပေးမယ်”
နွဲ့က ထိုသို့ပြောလိုက်ပြီး သူ့ခါးတွင်ချိတ်ထားသည့်အိတ်ကလေးအတွင်းမှ ငွေပြားသုံးပြားကိုထုတ်ကာ ဘတိုးထံသို့လှမ်းပစ်ပေးလိုက်သည်။ ငွေပြားသုံးပြားကို သုံးနေရာခွဲပြီးပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်နှုန်းမှာလည်း အလွင်လျင်မြန်လေသည်။ သို့သော်လည်း ဘတိုးက ထိုငွေပြားသုံးပြားကို ကျင်လည်စွာပင်ဖမ်းယူလိုက်လေသည်။
“ကောင်းပါပြီမိန်းကလေး၊ ကျုပ်တို့သွားကြတာပေါ့”
ငခမ်းလည်း ထိုင်သာလိုက်လာရသည်။ စိတ်ကတော့မဖြောင့်ပေ၊ အကြောင်းမူကာ လှေဦးထိပ်တွင်ထိုင်နေသူမှာ ကျားဖြူသခင်ကြီး၏ လူယုံဖြစ်ပြီး၊ လှေပဲ့ပိုင်းတွင် ထိုင်နေသူကတော့ သူ့ကိုသတ်ခိုင်းသည့် ကျားမုဆိုးဘတိုးဖြစ်နေသည်။ လှေလယ်တွင် မိန့်မိန့်ကြီးထိုင်နေသည့် ငခမ်းကတော့ ဘတိုးအား သတ်ဖြတ်ရမည့် လူသတ်သမားဖြစ်သည်။
လှေကလေးကို ဘတိုးက အားစိုက်လှော်ခတ်လိုက်သည့်အခါ လှေကလေးက လှေဆိပ်မှတဖြည်းဖြည်းနှင့်ထွက်ခွာလာခဲ့သည်။
(၃)
ကန်ရေပြင်ကြီးက ပင်လယ်ပြင်ကြီးအလား ကျယ်ပြောလွန်းလှသည်။ ကန်ရေပြင်ကိုဖြတ်သားကာ တစ်ချက်တစ်ချက်တိုက်ခတ်လိုက်သည့် လေများမှာ အလွန်အေးမြလှသည်။ နွဲ့ကတော့ လှေသွားနေစဉ် နံဘေးမှကန်ရေပြင်ကို လက်နှင့်ဆော့ကစားရင်း ပျော်ရွှင်နေပုံရသည်။ ငခမ်းက နွဲ့ကိုစိုက်ကြည့်နေမိသည်။ သူ့စိတ်ထဲတွင်လည်း ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားမိပြန်သည်။
နွဲ့က ပြုံးလျှက် အနောက်သို့လှည့်ကြည့်လိုက်ရာ ငခမ်းနှင့် အကြည့်ချင်းဆုံသွားသည်။ ငခမ်းက သူ့အားစိုက်ကြည့်နေသည်ကို သိသွားသဖြင့် နွဲ့မှာရုပ်ကိုတည်တံ့လိုက်သည်။ ထို့နောက် အသံကိုပြင်လိုက်ပြီး
“ရှင်ကျွန်မကို ဘာလို့စိုက်ကြည့်နေတာလဲ”
ငခမ်းက ဘာပြောရမှန်းမသိ။
“လှလို့ . . . .”
နွဲ့၏ဖြူဖွေးသောမျက်နှာကလေးမှာ ရှက်သွေးဖြာသွားပြီး ပါးမို့ကလေးများမှာ နီရဲသွားလေသည်။ ထိုစဉ် ငခမ်းက သူ့ရင်ဘတ်အတွင်းထည့်ထားသည့် ငွေဆံညှပ်ကလေးကိုထုတ်လိုက်ကာ နွဲ့အားကမ်းပေးလိုက်သည်။ နွဲ့မှာ ပျော်ရွှင်သွားပုံရသော်လည်း ငခမ်;ကြည့်နေသဖြင့် စိတ်ကိုထိန်းချုပ်ထားဟန်ရှိသည်။
“ယူပါ၊ မင်းဒီဟာကလေးကို လိုချင်တာမဟုတ်လား”
“တော်ပါရှင်၊ ရှင်ခိုးလာတာကို ကျွန်မမယူပါဘူး”
“ခိုးလာတာမဟုတ်ပါဘူး၊ ငါဝယ်လာခဲ့တာပါ၊ ဒီငွေဆံညှပ်ကလေးက မင်းရဲ့ဆံနွယ်နက်နက်လေးတွေနဲ့ဆိုရင် သိပ်လိုက်ဖက်မှာပဲ၊ ယူလိုက်ပါနွဲ့ရာ၊ မင်းနဲ့ငါနဲ့ မိတ်ဆွေဖြစ်တဲ့အထိမ်းအမှတ်ပေါ့”
“မယူချင်ပါဘူးဆိုရှင်၊ နောက်ပြီးရှင်နဲ့လည်း မိတ်ဆွေဖြစ်စရာမလိုဘူး၊ နောက်ထပ်လည်းတွေ့စရာအကြောင်းမရှိဘူး”
နွဲ့ပြောလိုက်သဖြင့် ငခမ်းမျက်နှာပျက်သွားသည်။ ထိုအခါ လှေပဲ့ပိုင်းတွင် လှော်ခတ်နေသည့် ဘတိုးက နွဲ့ကိုကြည့်ပြီး
“ယူလိုက်ပါ မိန်းကလေးရာ၊ ကိုယ့်ယောက်ျားပေးတဲ့လက်ဆောင်ကို မငြင်းကောင်းဘူးတဲ့”
ဘတိုးပြောလိုက်သဖြင့် နွဲ့မှာပိုရှက်သွားသည်။
“ဟာ ဦးလေးကြီးကလည်း ဘာတွေပြောနေမှန်းမသိဘူး၊ သူနဲ့ ကျွန်မနဲ့က လင်မယားမဟုတ်ပါဘူး”
ဘတိုးက ခေါင်းညိတ်လျှက်
“မသိပါဘူးမိန်းကလေးရယ်၊ မိန်းကလေးတို့နှစ်ယောက်ကိုကြည့်ရတာ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းလို့ပါ၊ ယူလိုက်ပါကွယ်”
ဘတိုးက ပြောလိုက်သဖြင့် နွဲ့လည်းခေါင်းကုပ်ပြီး ငခမ်းလှမ်းပေးသည့် ဆံညှပ်ကလေးကို လှမ်းယူလိုက်ကာ ဆံပင်ကိုညှပ်ထားလိုက်သည်။
“လှတယ်၊ မင်းနဲ့လိုက်တယ်”
နွဲ့လည်းဘာမှဆက်မပြောတော့ဘဲ ရှုခင်းများကိုငေးကြည့်လျှက် လိုက်ပါလာခဲ့သည်။ ရေပြင်ကျယ်ကြီးတွင် ဖြစ်ပေါ်နေသည့် လှိုင်းကြပ်ခွပ်ကလေးများမှာ နံနက်ခင်းနေရောင်ခြည်အောက်တွင် ဝင်းလက်တောက်ပနေလေသည်။
“ဒါနဲ့ လှေဆရာကြီး၊ ရှင်က ကေလာရွာကလား”
ဘတိုးက ခေါင်းညိတ်ကာ
“သိပ်ဟုတ်တာပေါ့မိန်းကလေးရာ၊ ကေလာရွာက ကျုပ်ရဲ့ဇာတိလို့ပဲ ဆိုပါတော့”
“ဒါဆိုရင် အဲဒီရွာမှာ ခေါင်းတုံးပြောင်ပြောင်၊ မှုတ်ဆိတ်ဖွားဖွားနဲ့ လူကြီးတစ်ယောက်ကို သိသလား”
ဘတိုးက ရယ်မောလျှက်
“မိန်းကလေးက ဦးလေးကိုများပြောနေတာလား”
နွဲ့က ဘတိုးကိုကြည့်ရင်း ခေါင်းခါလိုက်သည်။
“ဦးလေးကြီးတော့ ဟုတ်မယ်မထင်ပါဘူး၊ ဟိုလူကြီးက အလွန်ရက်စက်ကြမ်းကျုပ်တဲ့လူကြီး၊ ခွန်အားလည်း အရမ်းသန်တယ်ဆိုပဲ၊ သတ်တဲ့ဖြတ်တဲ့နေရာမှာလည်း မျက်တောင်တစ်ချက်ခတ်တဲ့လူမဟုတ်ဘူး၊ ပြီးတော့ မိန်;ကလေးတွေ တွေ့ရင်လည်း စော်ကားလွှတ်သေးတယ်တဲ့၊ ကျွန်မဖြင့် အဲဒီလူကြီးကိုတွေ့လို့ကတော့ တစ်ခါတည်း ဓါးနဲ့ထိုးသတ်ပစ်တယ်”
နွဲ့က ထိုသို့ပြောလိုက်သည်မို့ ကြားထဲက ငခမ်းကပင် ဘတိုးကိုအားနာသွားမိသည်။ ဘတိုးကတော့ ရယ်ကျဲကျဲနှင့်
“ဒါဆိုရင် ဦးလေးကြီးတော့ မဟုတ်နိုင်ပါဘူးကွယ်၊ ဦးလေးကြီးက ကလေးအမွှာနှစ်ယောက်ကို လှေထိုးပြီးတော့ ပြုစုလုပ်ကျွေးနေရတဲ့ ဦးလေးကြီးပါ”
ငခမ်းက စကားလမ်းကြောင်းလွှဲချင်သဖြင့်
“ဒါဆို အခု အဲဒီကေလာရွာမှာ ဘာတွေထူးခြားတာတွေ ဖြစ်နေသလဲဗျ”
ဘတိုးက စဉ်းစားရင်း
“ထူးခြားတာ . . . ထူးခြားတာ၊ ဪ၊ ဟုတ်တယ်၊ အခုတလော ဘယ်ကလာမှန်းမသိတဲ့ လင်းဆွဲတွေက ညညဆိုရင် ရွာကောင်းကင်ယံမှာ အုပ်စုဖွဲ့ပြီး ပျံသန်းနေတတ်တယ်”
ဘတိုးပြောလိုက်သည့်အခါတွင် နွဲ့မှာ ထိတ်လန့်သွားလေသည်။
“လင်းဆွဲတွေ၊ ဟုတ်သလား”
နွဲ့ကမျက်မှောင်ကြုတ်လိုက်ပြီး ငခမ်းကိုတစ်ချက်ကြည့်လိုက်သည်။ ငခမ်းကလည်း နွဲ့အားခေါင်းညိတ်ပြလိုက်လေသည်။
လှေအားလှော်ခတ်ရင်း နေ့တစ်ပိုင်းခန့်ကြာသည့်အခါမှ ကေလာရွာကလေးသို့ရောက်သည်။ ကေလာရွာကလေးက ရေပြင်ကျယ်ကြီး၏ အလယ်တည့်တည့်တွင်ရှိသည့် ရွာကလေးဖြစ်သည်။ ရွာကလေးကို ရေပတ်လည်ဝန်းရံလျှက်ရှိသည်။ ဘတိုးက လှေကိုကမ်းကပ်ပေးလိုက်သည့်အခါ နွဲ့နှင့်ငခမ်းက လှေပေါ်မှဆင်းလိုက်သည်။ ဘတိုးက
“ဒါနဲ့ မိန်းကလေးတို့ ကျုပ်တို့ရွာကိုရောက်လာတာ ဘယ်မှာတည်းခိုမလဲ”
နွဲ့ကစဉ်းစားနေမိသည်။ ဘတိုးက ဆက်လက်ပြီး
“တည်းခိုစရာမစဉ်းစားရသေးဘူးဆိုရင်တော့ ကျုပ်ရဲ့အိမ်မှာပဲ လိုက်တည်းပါလား၊ ကျုပ်ရဲ့အိမ်က ကျယ်ပါတယ်၊ ပြီးတော့ ငွေလည်း ဈေးလျော့ပြီးယူပါမယ်”
နွဲ့ကငခမ်းကိုကြည့်နေရာ ငခမ်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ လှေဆရာကြီး ကျုပ်တို့သွားတာပေါ့”
တစ်ရွာလုံးတွင် လမ်းမရှိ၊ မြေသားမရှိပေ၊ အိမ်များကိုရေပေါ်တွင်တည်ဆောက်ထားကြပြီး သွားလာလျှင်လည်း လှေဖြင့်သာ သွားလာရသည်။ မကြာမီ ရွာအပြင်ဘက်ရှိ အိမ်ကလေးတစ်အိမ်အရှေ့တွင် လှေကိုဆိုက်ကပ်လိုက်သည်။ ထိုအခါ အိမ်အတွင်းမှ အရွယ်တူ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ပြေးထွက်လာလေသည်။
“အဘ ပြန်လာပြီ၊ မုန့်ပါလား”
“ပါတာပေါ့ကွာ”
လှေသမားကြီးက လှေကိုငုတ်တွင်ချည်လိုက်ပြီး တံတားပေါ်တက်လိုက်သည်။ နွဲ့နှင့် ငခမ်းလည်း လှေပေါ်မှဆင်းလိုက်ရသည်။ ကလေးနှစ်ယောက်က သူတို့ကိုသေသေချာချာကြည့်နေလေသည်။ ဘတိုးက သူဝယ်လာသည့် ဆန်မုန့်အချပ်ကလေးများကို ကလေးများအားပေးလိုက်သည့်အခါ ကလေးများမှာ ပျော်ရွှင်စွာစားသောက်ကြသည်။
“ဒါကတော့ ကျုပ်ရဲ့ကလေးတွေပေါ့”
နွဲ့က ကလေးနှစ်ယောက်၏ ခေါင်းကိုပုတ်လိုက်သည်။ သူတို့အိမ်အတွင်းသို့ ဆက်ဝင်လာကြသည်။ သစ်သားဖြင့်ဆောက်လုပ်ထားသည့်အိမ်တွင် အိမ်ခန်းတစ်ခန်းရှိရာ ဘတိုးက သူတို့ကိုအိမ်ခန်းအတွင်းနေရာချပေးလေသည်။
“မင်းတို့လင်မယားနှစ်ယောက် ဒီအခန်းထဲမှာ နေလို့ရမှာပါ”
“လင်မယားမဟုတ်ပါဘူးဆို”
“လင်မယားမဟုတ်ဘဲ တစ်ခန်းတည်းအတူတူအိပ်မလို့လား”
နွဲ့မှာဘာမှမပြောဘဲ အခန်းအတွင်းဝင်သွားသည်။ ငခမ်းက ဘတိုးကိုကြည့်လိုက်သည့်အခါ ဘတိုးက ငခမ်းကိုခေါင်းညိတ်ပြလေသည်။ မကြာခင် ဘတိုးက စားသောက်စရာများဝယ်ယူမည်ဟုပြောကာ လှေဖြင့်ထွက်သွားပြန်သည်။ ကလေးနှစ်ယောက်မှာလည်း လှေဆိုက်ကပ်သည့် တံတားကလေးပေါ်တွင်ဆော့ကားနေကြသည်။
(၄)
နွဲ့က ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လိုက်ပြီး ငခမ်းအနားတွင်ထိုင်လိုက်သည်။ ငခမ်းက
“ကဲ ငါတို့ဘာဆက်လုပ်ကြမလဲ”
“အဲဒါကရှင့်အပိုင်းဖြစ်သွားပြီ၊ ကျွန်မရဲ့တာဝန်က ရှင့်ကို ချောချောမွေ့မွေ့ ပို့ဆောင်ပေးဖို့ပဲ၊ ကျန်တာကတော့ ရှင့်အပိုင်းပဲ”
ငခမ်းက ခေါင်းညိတ်လိုက်သည်။
“ရှင့်မှာအချိန်သိပ်မရဘူး ငခမ်း၊ အချိန်သုံးရက်ပြည့်လို့ ရှင်ဘတိုးကို ရှာပြီးမသတ်နိုင်တာနဲ့၊ ရှင့်တာဝန်ကျဆုံးရလိမ့်မယ်”
“ငါကြိုးစားပါ့မယ်”
မကြာခင် ဘတိုးကပြန်လာခဲ့လေသည်။ လက်ထဲတွင်လည်း ငါးများနှင့် မုန်ညင်းများကိုကိုင်ဆောင်လာသည်။ အိမ်ကြီး၏ အရှေ့ခန်းမှာပင် မီးဖိုတစ်ခုရှိပြီး ဘတိုးက ထမင်းနှင့်ဟင်းလျာများအား ချက်ပြုတ်လေသည်။ ညနေစောင်းသည့်အခါ ထမင်းဟင်းများကျက်သွားပြီဖြစ်သည်။
ဘတိုးက အခန်းတံခါးကိုခေါက်လိုက်ပြီး
“ကဲ ဧည်သည့်ကြီးများကို ထမင်းဟင်းနဲ့ ဧည့်ခံပါရစေ”
နွဲ့က ကောက်ကာငင်ကာထသွားလိုက်ပြီး အခန်းအပြင်သို့ထွက်သွားသည်။ အိမ်ရှေ့ခန်းမှာပင် ထမင်းနှင့်ဟင်းများကိုပြင်ဆင်ထားလေသည်။ ဘတိုးက ဆန်ပြုတ်များကဲ့သို့ စေးကပ်နေသည့် ထမင်းများကို သစ်သားခွက်ကလေးများအတွင်းသို့ ခူးထည့်ပေးလေသည်။ ငခမ်းကတော့ ထမင်းကိုဟန်သာလုပ်ပြီးစားနေသော်လည်း နွဲ့ကတော့ အားရပါးရစားသောက်နေလေသည်။
“ငါးကင်စားပါလား မိန်းကလေး”
“မစားဘူး၊ ကျွန်မက အသီးအရွက်ပဲစားတယ်”
နွဲ့က စားသောက်ပြီးစီးသွားသည့်အခါ သစ်သားပန်းကန်ကလေးကိုချလိုက်သည်။ ထို့နောက် သူ့ခါးကြားတွင်ထိုးထားသည့် ဓါးကောက်ကိုဖြုတ်ယူလိုက်ပြီးနောက် ဘတိုးအရှေ့သို့လှမ်းပစ်ပေးလိုက်သည်။
“ကျွန်မသိပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ဒီတော့ ရှင့်ဘာသာရှင် အဆုံးစီရင်မလား၊ ကျွန်မကပဲ ရှင်းပေးရမလား”
ကလေးနှစ်ယောက်မှာ မျက်လုံးအပြူးသားနှင့်ကြည့်နေလေရာ ဘတိုးက သူ့အင်္ကျီအတွင်းမှာ ဖက်ရွက်နှင့်ထုတ်ပိုးထားသည့် ထန်းလျက်ခဲများကိုထုတ်ယူလိုက်ကာ ကလေးနှစ်ယောက်ကိုပေးလိုက်သည်။
“မင်းတို့ အိမ်အပြင်ခဏထွက်နေကြ”
“ဟုတ်ကဲ့ပါ အဘ”
ကလေးနှစ်ဦးမှာ အိမ်အပြင်သို့ထွက်သွားလေသည်။ ငခမ်းက နွဲ့ကိုကြည့်လိုက်ပြီး
“နွဲ့၊ မင်းဘာတွေလုပ်နေတာလဲ”
“ရှင်မသိဘူးလားငခမ်း၊ ဒီလူကြီးက ကျွန်မတို့ရှာနေတဲ့ ကျားမုဆိုးဘတိုးဆိုတာပဲ”
ငခမ်းမျက်လုံးပြူးသွားသည်။ သို့သော် မသိချင်ယောင်ဆောင်လိုက်ပြီး
“လူတစ်ဖက်သားကို အထင်နဲ့ မစွပ်စွဲပါနဲ့ နွဲ့”
“အထင်မဟုတ်ဘူး၊ ကျွန်မသေချာလေ့လာပြီးမှ ဆုံးဖြတ်ခဲ့တာ၊ တစ်အချက် သူ့ပုံစံက ကျားမုဆိုးဘတိုးရဲ့ ပုံစံနဲ့တူနေတယ်”
“နှစ်အချက်က ကျွန်မလှေပေါ်မှာ ငွေပြားတွေပစ်လိုက်တုန်းက သာမန်လှေသမားတစ်ယောက်ဆိုရင် ဖမ်းနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် သူက လျှင်လျှင်မြန်မြန်ပဲဖမ်းလိုက်နိုင်တယ်၊ ဒါကိုကြည့်ရင် သူက သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကို ကျွန်မသိလိုက်တယ်”
ဘတိုးကရယ်မောလိုက်သည်။
“ထပ်ပြောပါအုံး”
နွဲ့က ဘတိုးကိုတစ်ချက်ကြည့်ပြီး
“နောက်ဆုံးအချက်ကတော့ ခုနက ကလေးနှစ်ယောက်ပဲ၊ အဲဒီကလေးတွေရဲ့ ခေါင်းကိုကျွန်မကိုင်လိုက်တဲ့အချိန်မှာ ကျားတစ်ကောင်ရဲ့သွေးတွေကို ခံစားမိတယ်၊ ဒီတော့ ဒီကလေးတွေက တစ်ခုခုပဲ”
ဘတိုးက လက်ခုပ်လက်ဝါးတီးပြီးနောက်
“မင်းပြောတာ သိပ်ကောင်းတယ်၊ ငခမ်းရေ၊ ငါတော့ သူ့ကိုအရမ်းလေးစားသွးmပြီကွာ”
ထိုအခါ နွဲ့က ငခမ်းအားကြည့်လိုက်သည်။
“ဒါဆို ရှင်တို့က အစကတည်;က သိနေကြတာလား”
ငခမ်းလည်းဘာပြောရမှန်းမသိပေ၊ ထိုစဉ် နွဲ့က သူ့ခါးကြားထဲမှ နောက်ထပ်ဓါးမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ပြီးနောက် ဘတိုးကိုထထိုးလေသည်။ ဘတိုးကလည်း လျှင်မြန်စွာဖြင့် သူ့အရှေ့တွင်ပစ်ချထားသည့် ဓါးမြှောင်ကိုကောက်ကိုင်လိုက်ပြီးနောက် နွဲ့၏ဓါးချက်များကို တန်ပြန်တိုက်ခိုက်လေသည်။ အိမ်ကလေးအတွင်းတွင် နွဲ့နှင့် ဘတိုးတို့မှာ ဓါးမြှောင်များဖြင့် တိုက်ခိုက်နေကြပြီဖြစ်သည်။
“ရပ်လိုက်ပါ၊ ခင်ဗျားတို့ ဒီလိုလုပ်ဖို့မလိုပါဘူး”
နွဲ့က ဘတိုးကိုဓါးဦးဖြင့် အားကုန်ထိုးစိုက်ချလိုက်သော်လည်း နွဲ့မျက်လုံးတွေ ပြာဝေသွားပြီး ဓါးချက်လွဲသွားရာ ဘတိုးက နွဲ့၏ပုခုံးကို ခြေဖျားဖြင့်ခတ်လိုက်သဖြင့် နွဲ့မှာ အိမ်ထောင့်သို့ပြုတ်ကျသွားလေသည်။ နွဲ့ကမတ်တပ်ရပ်လိုက်ရင်း ငခမ်းကိုကြည့်လိုက်ကာ
“ရှင်ဘယ်လိုလူလဲ၊ ရှင့်ရဲ့တာဝန်က ကျားမုဆိုးဘတိုးကို သတ်ဖို့ပဲမဟုတ်ဘူးလား”
ငခမ်းက သူ့နံဘေးတွင်ချထားသည့် ပင့်ကူဖြူသံဓါးကြီးကို ကောက်ယူလိုက်ပြီးlနောက် နွဲ့၏လည်ပင်းကို ဓါးသွားဖြင့်ထောက်ထားလိုက်သည်။ နွဲ့မှာ အလွန်ထိတ်လန့်အံ့ဩနေသည်။ ငခမ်းက
“ဒီဓါးက ဆမန်းကောင်တွေကို ဘယ်လိုဖြစ်စေနိုင်တယ်ဆိုတာ မင်းသိမှာပေါ့နွဲ့”
နွဲ့က နှုတ်ခမ်းကိုကိုက်လိုက်ပြီး
“ရှင်က လူလိမ်ပဲ၊ အသားထဲက လောက်ထွက်တဲ့ သစ္စာဖောက်ပဲ”
ငခမ်းက ရယ်မောလိုက်ကာ
“မင်းပြောချင်သလိုပြောနိုင်တယ်၊ ဒါပေမယ့် ငါက သစ္စာဖောက်မဟုတ်ဘူး၊ မင်းတို့သခင်ကြီးကို အလုပ်လုပ်ပေးနေတယ်ဆိုတာကလည်း ငါနဲ့သူနဲ့ကြားမှာ အပေးအယူတစ်ခုရှိလို့ အလုပ်လုပ်ပေးနေခဲ့တာ၊ ငါက မင်းလိုမျိုး သူ့ကိုသစ္စာခံထားတာမဟုတ်ဘူး”
ဘတိုးက လမ်းလျှောက်လာရင်း
“ကဲပါ၊ ငါတို့စကားပြောရအောင်”
“ခင်ဗျားဘာလို့ ဒီကိုရောက်နေတာလဲ ကိုဘတိုး”
“ဒါကအကြောင်းရှိတယ်ကွ၊ မင်းနဲ့ငါနဲ့ ကွဲကွာသွားပြီးတဲ့နောက်မှာ ကျားဖြူစံအိမ်က ငါ့အနောက်ကိုဆက်လိုက်နေခဲ့တယ်၊ အဲဒါနဲ့ငါလည်း ဟောဒိရေလယ်ခေါင်မှာ လာနေတာပဲ၊ ကျားဆိုတာ ဘယ်လောက်စွမ်းပါတယ်ပြောပြော ဟောဒီလိုရေပြင်ကျယ်ကြီးကိုမြင်တာနဲ့ အတွင်းစိတ်ကနေ ကြောက်လန့်လာတာမျိုးကွ”
ငခမ်းလည်းခေါင်းညိတ်လိုက်ပြီး
“ကျုပ်နားလည်ပြီ၊ ဒါကြောင့် ကျားဖြူစံအိမ်က ကိုဘတိုးဘယ်မှာနေတယ်ဆိုတာသိပေမယ့် သူတို့ဖမ်းလို့မရဘူးဖြစ်နေတာပေါ့”
“မှန်တယ်၊ သူတို့က ငါ့ကိုသတ်ဖို့ လူသတ်သမားတွေလွတ်ပေမယ့် မအောင်မြင်ခဲ့ဘူး၊ ငါက အမြဲတမ်း လူသတ်သမားတွေကိုအရင်သတ်လိုက်နိုင်ခဲ့တယ်၊ သူတို့ကိုယ်တိုင်လာဖမ်းဖို့ဆိုရင်လည်း ဟောဒီရေပြင်ကြိးကို ဖြတ်ရအုံးမယ်မဟုတ်လား၊ တကယ်လို့ ရေပြင်ကို ဖြတ်ကျော်နိုင်တယ်ဆိုရင်တောင်မှ သူတို့က ကျားတွေလေကွာ၊ ငါဆိုတဲ့ကောင်က ကျားတွေကို ကြောင်သူငယ်ကလေးလို ထိန်းကြောင်းနိုင်တယ်ဆိုတာ မင်းလည်းအသိပဲမဟုတ်လား”
ထို့နောက် ဘတိုးက နွဲ့ကိုတစ်ချက်ကြည့်ပြီး လက်ဖျောက်တီးလိုက်သည့်အခါ နွဲ့မှာမျက်လုံးများမှေးစင်းလာပြီး သူ့အလိုလိုအိပ်ပျော်သွားကာ ခွေကျသွားလေသည်။ ငခမ်းလည်း နွဲ့ကိုကြည့်ရင်း
“ခင် . . ခင်ဗျားဘာလုပ်တာလဲ ကိုဘတိုး”
“ဘာမှမလုပ်ပါဘူးကွာ၊ မုန်ညင်းကြော်ထဲမှာ အိပ်စေတဲ့မြက်ကလေးတွေ ထည့်ထားတာပေါ့ကွာ၊ သူက မြင်းဆိုတော့ မြက်ကြိုက်တယ်မဟုတ်လား၊ ဟား၊ ဟား”
ငခမ်းလည်း ဓါးကိုပြန်သိမ်းလိုက်သည်။
“ဆမန်းအိမ်တော်တွေကြားမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့ပြီကိုဘတိုး၊ ကျုပ်မိတ်ဆွေတစ်ယောက်က ဆမန်းကောင်တွေကို အပိုင်းပိုင်;ပြတ်ပြီး သတ်စေနိုင်တဲ့ဓါးတစ်လက်ပိုင်ဆိုင်ထားတယ်”
ဘတိုးက ခေါင်;ညိတ်လိုက်ပြီး ငခမ်း၏ဓါးကို ကိုင်ကြည့်သည်။.
“ဒီဓါးလိုမျိုးလား”
ငခမ်းလည်းခေါင်းညိတ်လိုက်သည်။
“ကျုပ်မိတ်ဆွေကို မိုးဗြဲလင်းဆွဲစံအိမ်က ဖမ်းခေါ်သွားတယ်၊ သူတို့ဖြစ်ချင်တာကတော့ ကျုပ်မိတ်ဆွေကိုအကျပ်ကိုင်ပြီး ဆမန်းကောင်တွေကို ရှင်းခိုင်းချင်တာဖြစ်မယ်”
“ငါသိပြီငခမ်း၊ မိုးဗြဲက ဆမန်းကောင်သတ်ဖို့လက်နက်ရသွားပြီဆိုတော့၊ အခုက ကျားကိုနိုင်မယ့်လူပဲလိုတော့တာမဟုတ်လား”
ငခမ်းက ခေါင်းညိတ်လိုက်သည်။
“ငါ့ဆီကိုလည်း လင်းဆွဲတွေ မကြာခဏလာတယ်၊ ဟောဒီစာက လွန်ခဲ့တဲ့သုံးရက်က သူတို့ပေးသွားတဲ့စာပဲ”
ဘတိုးက သူ့ရင်ဘတ်အတွင်းမှ စာရွက်တစ်ရွက်ကိုထုတ်ပြသည်။ ငခမ်းက ထိုစာရွက်ကိုယူပြီး အသေအချာဖတ်လိုက်သည်။
“သုံးရက်အတွင်း ခေါင်းညိတ်ပါ၊ ခေါင်းမညိတ်ဘူးဆိုရင် ခေါင်းညိတ်စရာ ခေါင်းမရှိအောင်လုပ်ပစ်မယ်”
ငခမ်းက စာကိုဖတ်ပြီး ဘတိုးမျက်နှာကိုကြည့်လိုက်သည်။
“ဒါခြိမ်းခြောက်တဲ့စာပဲ”
“ခြိမ်;ခြောက်တာမဟုတ်ဘူး၊ သူတို့က တကယ်လုပ်မှာ”
“ဒီတော့ ကိုဘတိုးဘယ်လိုလုပ်မလဲ”
ဘတိုးက ငခမ်းကိုကြည့်ရင်း
“ဆမန်းစံအိမ်တွေဆိုတာ ကောင်းတဲ့ကောင်တွေမဟုတ်ဘူးကွ၊ ဒီတော့ ငါတို့အခုအခွင့်အရေးကို အသုံးချပြီး စံအိမ်တွေအချင်းချင်း ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင်လုပ်ရမယ်”
“ကိုဘတိုးမှာ အကြံရှိလို့လား”
“သိပ်ရှိတာပေါ့ကွာ၊ ဒါပေမယ့် ဒီအကြံကိုအကောင်အထည်ဖော်ဖို့က မင်းရဲ့အကူအညီလိုတယ်”
“ဘာအကူအညီလဲ”
ဘတိုးက နွဲ့၏ဓါးမြှောင်ကလေးကို ကောက်ယူလိုက်ပြီးနောက် ငခမ်းကိုပေးလိုက်သည်။
“ငါ့ခေါင်းကိုဖြတ်၊ မင်းရဲ့ဓါးနဲ့တော့ မဖြတ်နဲ့၊ ဟောဒီဓါးမြှောင်နဲ့ဖြတ်ရမယ်”
ထို့နောက် ဘတိုးက ငွေအပ်ကလေးတစ်ချို့ကိုထုတ်ပေးသည်။
“ပြီးရင် ငါ့ရဲ့အသည်းမှာ ဟောဒီငွေအပ်တစ်ချောင်းကို စိုက်ထားခဲ့”
“ဒါဆိုဘာဖြစ်မလဲ”
“ဒါဆိုရင် ငါ့ခေါင်းလည်းပြတ်သွားမယ်၊ အသည်းမှာ ငွေအပ်စိုက်နေတဲ့အတွက် ငါသေသွားပြီလို့ပဲ သူတို့ကထင်လိမ့်မယ်၊ ငါက ပြန်မနိုးထနိုင်တော့ဘူး၊ ဒီတော့ ကျားဖြူသခင်ကြီးက မင်းကငါ့ကိုသတ်ခဲ့ပြီဆိုတာကို ယုံသွားလိမ့်မယ်၊ ဒီတော့ မင်းကို လင်းဆွဲတွေရဲ့ အားနည်းချက်က ဘာလဲဆိုတာကို ပေးလိမ့်မယ်မဟုတ်လား”
ငခမ်းက ခေါင်းညိတ်သည်။
“ပြီးရင် ငါ့ဆီကိုမင်းလာခဲ့တော့၊ မင်းနဲ့ငါနဲ့ လုပ်စရာတွေရှိသေးတယ်”
ငခမ်းက ခေါင်းညိတ်လိုက်ပြီးနောက် ဓါးမြှောင်ကလေးကိုဆွဲယူလိုက်သည်။ ထိုအခါ ဘတိုးက သူ့ရင်ဘတ်ကိုသူ ငွေအပ်ကလေးနှင့် ထိုးစိုက်လိုက်လေသည်။ ဘတိုးမှာ မျက်လုံးများမှိတ်သွားပြီးနောက် ဝုန်းခနဲလဲကျသွားသည်။ ထိုတော့မှ ငခမ်းက ဓါးမြှောင်ကလေးနှင့် ဘတိုး၏ လည်ပင်းကိုလှီးဖြတ်လိုက်လေသည်။
မနက်လင်;တော့မည်ဖြစ်သည်။ နွဲ့က လန့်နိုးလာပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ နွဲ့ရောက်နေသည်မှာ လှေတစ်စင်းပေါ်တွင်ဖြစ်သည်။ လှေ၏ ပဲ့ပိုင်းတွင်တော့ ငခမ်းက လှော်တက်တစ်ခုနှင့် လှေကိုလှော်ခတ်နေလေသည်။
“မင်းနိုးလာပြီလား”
နွဲ့ကခေါင်းညိတ်ပြီး
“ဘာ . . .ဘာဆက်ဖြစ်သွားသလဲ”
ငခမ်းက လှေဝမ်းဗိုက်အတွင်း အဝတ်စဖြင့်ပတ်ကာ ထုပ်ပိုးထားသည့် အထုပ်ကြီးကိုမေးငေါ့ပြလိုက်သည်။
“သေသွားပြီ”
နွဲ့က အမြန်ထလိုက်ကာ ထိုအထုပ်ကြီးကိုဖြေကြည့်သည်။ ထိုအခါ ဘတိုး၏ ဦးခေါင်းပြတ်ကြီးကိုတွေ့လိုက်ရသည်။
“သူ . . . သူက သေသွားပြီလား”
“ပင့်ကူဖြူသံဓါးနဲ့ ဖြတ်ခဲ့ပြီပဲ၊ မသေဘဲနေမလား”
နွဲ့ကနှစ်နှစ်ကာကာပြုံးလိုက်ကာ ထိုအထုပ်ကြီးကို ပြန်လည်ထုပ်ပိုးလိုက်လေသည်။ ငခမ်းကတော့ လှေကို ကမ်းစပ်ဆီသို့ လှော်ခတ်နေလေတော့သည်။
ပြီးပါပြီ။
နတ်မိစာဖမ်းဆရာခမ်းနှင့် ငွေကြာပွင့် လုံဒီ တွင် ဆက်လက်ဖတ်ရှုပါ။