အတွဲ(၃) စာစဉ် (၆)
(၁)
ဟိုနေ့က အကြောင်းကိုပြန်ဆက်ရရင် စဏ္ဍာလဦးလေးကြီးတို့ မောင်နှမက စုန်းတွေဖြစ်နေတယ်ဗျ၊ အဲဒီ စဏ္ဍာလက ဦးလေးကြီးကတော့ ကဝေပျံကြီးတဲ့လေ၊ သူ့နှမကျတော့လည်း သွေးလက်ဝါး ကျင်ရီဆိုပြီး တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စုန်းတစ်ယောက်ပဲတဲ့ဗျာ။
အဲဒီလူကြီးနဲ့ ဦးဘသာကြီးနဲ့ ရွာထိပ်မှာတွေ့ကြပြီပေါ့ဗျာ၊ ကျုပ်က အဲဒီလူကြီးကို ဆေးလိပ်တွေဝယ်တိုက်၊ ထမင်းတွေကျွေးလိုက်နဲ့ဆိုတော့ သူ့အပေါ်မှာ ကျေးဇူးရှိသလိုမျိုးဖြစ်သွားတယ်ဗျ၊ ဒီတော့ ကဝေပျံတွေကြားထဲမှာ ထားတတ်တဲ့ စည်းမျဉ်းတစ်ခုအရ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့လူကို ပြန်မလုပ်ရဘူးဆိုတဲ့ စည်းကမ်းရှိတယ်တဲ့ဗျာ၊ ဒီတော့ သူက ကျုပ်ကိုမလုပ်တော့ပေမယ့်၊ ဦးဘသာကြီးကိုတော့ ဒဲ့ပဲစိန်ခေါ်တာဗျ။
“ဟား၊ ဟား ငါ့နာမည်သာဒင်တဲ့ကွ၊ သာဒင်ကို မင်းတို့ဘာထင်နေသလဲ၊ ဘယ်ကစမ်းစမ်း၊ ညာကစမ်းစမ်း ငါက အချိန်မရွေး၊ နေရာမရွေးဘူးကွ”
ဦးဘသာကြီးကတော့ မကြောက်ရေးချ မကြောက်တဲ့အပြင် ပြန်ပြီးတော့တောင် စိန်ခေါ်လိုက်သေးတယ်ဗျ၊ ဒီတော့ စဏ္ဍာလဦးလေးကြီးက တော်တော်ဒေါသထွက်သွားတာပေါ့၊ သူက ဦးဘသာကြီးကို တိုက်ခိုက်မယ်ဆိုပြီးလုပ်တဲ့အချိန်မှာ လူတစ်ယောက်ပြေးလာတဲ့အသံကိုကြားလိုက်ရတယ်။
“အကိုကြီး . . . “
ပြေးတဲ့ခြေသံကိုပဲ ကြားရတယ်ဗျ၊ အလုံးအထည်တော့မမြင်ရဘူး၊ ခြေသံက တဖြည်းဖြည်းနီးလာပြီးတော့ ကျုပ်တို့အရှေ့နားကိုရောက်လာတယ်၊ ပြီးတော့မှ နှင်းမှုန်တွေထဲကနေ လူတစ်ယောက်ထွက်လာသလိုမျိုး တဖြည်းဖြည်းချင်းပေါ်ပြီး ထွက်လာတာဗျ၊ ထွက်လာတဲ့လူကတော့ တခြားသူမဟုတ်ပါဘူးဗျာ၊ စဏ္ဍာလ ဦးလေးကြီးရဲ့ နှမ၊ သွေးလက်ဝါး ကျင်ရီဆိုတဲ့ စုန်းမပေါ့။
စုန်းမကြီးက ထုံးစံအတိုင်းပဲ ခေါင်းမြီးခြုံကြီးနဲ့ဗျ၊ အညာစောင်ပါးတစ်ခုနဲ့ ခေါင်းကိုခြုံထားတာဗျ၊ ကျုပ်လည်း သူက ဘွားခနဲပေါ်လာတော့ လန့်သွားတာပေါ့ဗျာ။
“အကိုကြီးအသာနေ၊ ဒီလူကြီးကို ညီမပဲရှင်းလိုက်မယ်”
“အေးလေ၊ နင်နိုင်တယ်ဆိုရင် နင်ထိန်းလိုက်ပေါ့ဟာ”
အဲဒီအခါ ဦးဘသာကြီးက ခေါင်းမြီးခြုံထားတဲ့ စုန်းမကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့
“ကျင်ရီ၊ နင်သေပြီမဟုတ်လား”
“ဟား၊ ဟား ကျုပ်ကိုခင်ဗျားကြီးက သေပြီလို့ထင်ခဲ့တာလား၊ ဒါပေမယ့် ကျုပ်မသေဘူးဗျ၊ ကျုပ်က ထုံကူးသွားခဲ့တာ”
ဦးဘသာက မျက်ခုံးကိုပင့်လိုက်တယ်ဗျ။
“အပိုတွေမပြောနဲ့၊ နင့်လို စုန်းစုတ်၊ စုန်းပဲ့က ထုံကူးမတဲ့လား”
ဦးဘသာပြောလိုက်တော့ စဏ္ဍာလဦးလေးကြီးက
“ဒါကတော့ ခင်ဗျားကျုပ်ကိုအထင်သေးလွန်းသွားပြီဗျ၊ ကျုပ်မှာလည်း ကျုပ်ရဲ့ဆရာတွေရှိတယ်၊ ကျုပ်အထက်က ကဝေတွေရှိသေးတယ်ဗျ”
ဦးဘသာက ကျင်ရီကိုတစ်ချက်ကြည့်ရင်း
“နေစမ်းပါအုံး၊ နင်က ထုံကူးတယ်ဆိုတော့ ဘာနဲ့ထုံထားတာလဲ”
ဒီတော့မှ စုန်းမကျင်ရီက သူ့ခေါင်းမြီးခြုံကြီးကိုဖြုတ်လိုက်တယ်ဗျ။ သူ့မျက်နှာကြီးကိုကြည့်ပြီး ကျုပ်ဆိုတော်တော်ကြောက်သွားတာဗျ၊ မျက်နှာကြီးတစ်ခုလုံး စိမ်းစိမ်းဖန့်ဖန့်ကြီးဗျ၊ လူအသားဆိုပေမယ့် ကွန်ကရိကျောက်သားတွေလို ထူလဗြစ်ကြီးဗျာ၊ နှာခေါင်းပွပွကြီးက အပေါ်ကိုလန်ပြီးကောက်နေသေးတယ်။ ပါးစပ်ပြဲပြဲကြီးနဲ့ နှုတ်ခမ်းလန်လန်ကြီးတွေကြားထဲမှာ အစွယ်ကြီးနှစ်ချောင်းက အောက်မေးရိုးကနေတိုးထွက်နေပြီးတော့ ပါးပင်မှာ တင်လို့ဗျ၊ ရုပ်ကြီးက ဘီလူးရုပ်ကြီးဆိုတော့ ကျုပ်လည်း လန့်သွားပြီးတော့ ဦးဘသာအနောက်ကိုပြေးကပ်လိုက်တာပေါ့ဗျာ။
ဦးသဘာက စုန်းမကျင်ရီကို အသေအချာကြည့်ရင်း
“ဒါကြောင့် ညည်းမသေတော့တာကိုး၊ ညည်းက ဘီလူးနဲ့ထုံကူးထားတာပဲ”
ကျုပ်လည်း ဘီလူးမကြီးကို လက်ညှိုးထိုးလိုက်ပြီး
“ခင်ဗျားပြောတော့ ကုဋ္ဌနူနာ စွဲနေတာဆိုဗျ၊ အခုတော့ ဘီလူးခေါင်းကြီးနဲ့ပါလား”
“ဟုတ်တယ်လေ၊ နူနာစွဲနေတယ်လို့ပြောမှ မင်းက မကြည့်မှာပေါ့၊ ကဲ အဘိုးကြီး လျာရှည်မနေနဲ့ ကျုပ်အစွမ်းကိုကြည့်ဟဲ့”
စုန်းမကျင်ရီက ဦးဘသာကြီးဆီကိုပြေးလာတာဗျ၊ ပြေးလာတာလည်း မြန်လိုက်တာဗျာ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျုပ်တို့အရှေ့ကိုရောက်လာတာဗျ၊ ပြီးတာနဲ့ ဦးဘသာကြီးရုဲ့ငယ်ထိပ်ကို လက်ဝါးနဲ့ပိတ်ပြီးရိုက်ချလိုက်တာဗျို့။ ကျုပ်လည်း ကျုပ်ရှေ့မှာပေါ်လာတော့ ကြောက်ကြောက်နဲ့ အနောက်ကိုခြေသုံးလေးလှမ်းလောက် ဆုတ်သွားမိတယ်၊ စုန်းမကျင်ရီက ဦးဘသာငယ်ထိပ်ကို ရိုက်ချလိုက်ပေမယ့် ဖြောင်းခနဲမြည်သံကြီးနဲ့အတူ ဦးဘသာကြီးက သူ့လက်ဝါးတစ်ဖက်နဲ့ ပင့်ခံလိုက်တယ်ဗျ၊ လက်ဝါးချင်းထိပြီးတော့ ဖြောင်းခနဲမြည်တဲ့အသံကြီးက အကျယ်ကြီးဗျာ။
ဒီအချိန်မှာပဲ စုန်းမကျင်ရီက သူ့လက်ထဲမှာအားကုန်ထည့်ပြီးတော့ ဦးဘသာကြီးကို ဖိတော့တာပဲဗျာ၊ ဦးဘသာကြီးကလည်း အံကိုကြိတ်ပြီး လက်ကိုပြန်ခံတယ်ဗျ၊ စုန်းမကျင်ရီနဲ့ ဦးဘသာကြီးတို့ လက်ဝါးချင်းအပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အားထည့်တွန်းနေကြတာဗျာ၊ ဦးဘသာကြီးလည်း အံကြိတ်ပြီးတွန်းရသလို စုန်းမကျင်ရီလည်း အတော်ကိုအားစိုက်တွန်းနေရတဲ့ပုံပဲ၊ အဲဒီလိုတွန်းနေရင်းနဲ့ တဖြည်းဖြည်းကြာလာတော့ ဦးဘသာကြီးက နည်းနည်းသာလာပုံရတယ်ဗျ၊ စုန်းမရဲ့လက်ဝါးကို တွန်းရင်းတွန်းရင်းနဲ့ ဦးဘသာလက်က တဖြည်းဖြည်းမြင့်လာတယ်၊ စုန်းမ မျက်နှာကြည့်ရတာလည်း မဟန်တော့ဘူးဗျာ။
လက်ဝါးနှစ်ခု လေပေါ်မြောက်နေရင်း အလယ်လောက်လည်းရောက်ရော ဦးဘသာက ဟိတ်လို့အော်ထည့်လိုက်တာ စုန်းမကအနောက်ကို လွင့်ထွက်သွားတယ်ဗျာ၊ ဦးဘသာကလည်း မြန်တယ်ဗျ၊ ချက်ချင်းစုန်းမဆီကို ပြေးဝင်သွားပြီးတော့ စုန်းမရဲ့မျက်နှာကို လက်ဝါးနဲ့ပြေးရိုက်ထည့်တာ၊ ဒါပေမယ့် ထိတော့မထိဘူးဗျ၊ လက်ဝါးက မျက်နှာနဲ့မထိခင် လက်လေးလုံးလောက်အလိုမှာ ရပ်တန့်သွားတယ်။ စုန်းမလည်း ကမန်းကတမ်းနဲ့ အနောက်ကိုဆုတ်သွားတာပေါ့။
“ဒီလောက်ဆိုရင် နင်ငါ့အကြောင်းသိလောက်ပြီပေါ့ကျင်ရီ”
စုန်းမကျင်ရီက ခေါင်းကိုငုံ့လိုက်တယ်။
“ကျွန်မ ရှုံးပါပြီ၊ ကျွန်မ တောင်းပန်ပါတယ်ဆရာကြီး၊ ဆရာကြီးသာ ကျွန်မကိုရိုက်ထည့်လိုက်ရင် ကျွန်မ သေသွားမှာပါ”
“ကိုယ့်အရှုံးကို ကိုယ်လက်ခံတာ ကောင်းတဲ့လုပ်ရပ်ပဲ ကျင်ရီ၊ နင်အခုရှုံးသွားပြီဆိုတော့ ငါခိုင်းတဲ့အတိုင်းလုပ်ရမယ်”
စုန်းမကျင်ရီက ခေါင်းညိတ်လိုက်တယ်၊ ဦးဘသာက
“နင်ငါတို့ရွာကနေထွက်သွား၊ နောက်ဘယ်တော့မှ၊ ဘာအကြောင်းနဲ့မှ တို့ရွာကိုမလာနဲ့၊ နင်ထပ်လာရင် ခုနက ငါ့လက်ဝါးက နင့်နဖူးတည့်တည့်ကို ကျမယ်လို့သာမှတ်ထား”
“ဟုတ်၊ ဟုတ်ကဲ့ပါဆရာကြီး၊ ဒါနဲ့ ဆရာကြီးနာမည်ကိုလည်း သိပါရစေ”
“ငါ့နာမည်သာဒင်၊ ရွာကလူတွေကတော့ ဦးဘသာလို့ခေါ်တယ်၊ နင်ငါ့နာမည်ကို ကြပ်ကြပ်မှတ်ထား”
ကျင်ရီက ခေါင်းညိတ်ပြီးတော့ အနောက်ဆုတ်သွားတယ်ဗျ၊ စဏ္ဍာလ ဦးလေးကြီးရဲ့အနောက်နားကို တဖြည်းဖြည်းချင်းဆုတ်သွားတာပေါ့၊ သူ့ရဲ့မျက်နှာဆိုးကြီးကိုလည်း စောင်ကြီးနဲ့ခြုံလိုက်တာပေါ့ဗျာ။
“ဒေါ်ပျင်းကြီးရဲ့ သားဆိုတာလည်း ထည့်ပြောမှ ပြည့်စုံသွားမှာပေါ့”
စဏ္ဍာလဦးလေးကြီးက အဲဒီလိုပြောပြီး အရှေ့ကိုတစ်လှမ်းချင်းတက်လာတယ်ဗျ၊ ဒေါ်ပျင်းရဲ့သားလို့ ကြားသွားတာနဲ့ စုန်းမကျင်ရီခမြာ ဟာခနဲ၊ ဟင်ခနဲ အံ့ဩသွားတယ်ဗျ။
(၂)
စဏ္ဍာလဦးလေးကြီးက သူ့ခေါင်းမှာပေါင်းထားတဲ့ ခေါင်းပေါင်းစကိုဖြုတ်လိုက်ပြီးတော့ လည်ပင်းမှာပတ်လိုက်တယ်။
“ဒေါ်ပျင်းကြီးရှိစဉ်တုန်းက ကျုပ်က ပညာနုသေးလို့ပေါ့ဗျာ၊ ကျုပ်သာ အခုလောက်ပညာတတ်ရင် ဒေါ်ပျင်းကြီး စွမ်းမစွမ်း စမ်းကြည့်ချင်သေးသဗျာ”
ဦးဘသာက အံကိုကြိတ်ရင်း
“အောင်မာ၊ ဒေါ်ပျင်းနဲ့မတွေ့လိုက်ရပေမယ့် ဒေါ်ပျင်းသားနဲ့ တွေ့လို့ နောက်မကျသေးပါဘူးကွ”
ဒီအခါ စဏ္ဍာလဦးလေးကြီးက တဟားဟားနဲ့ရယ်မောပြီးတော့ ခေါင်းညိတ်တယ်ဗျ။
“ဒါဆိုလည်း ခင်ဗျားနဲ့ကျုပ်နဲ့ တွေ့ကြသေးတာပေါ့ဗျာ၊ ဒါပေမယ့် ကဝေတွေရဲ့စည်းကမ်းအရ တစ်ညတည်း နှစ်ပွဲမပြိုင်ရဘူးဆိုတာ ရှိလေတော့၊ ခင်ဗျားကိုကျုပ် ဒီညတော့ အနားပေးလိုက်ပါ့မယ်၊ ခင်ဗျားဘယ်နေ့အားသလဲဆိုတာကိုသာ ပြောစမ်း”
ဦးဘသာက ပြုံးလိုက်ရင်း
“မင်းကိုငါပြောပြီးသားလေကွ၊ သာဒင်ဆိုတာ အချိန်မရွေး၊ နေရာမရွေးဘူးဆိုတာ၊ ဟား၊ ဟား”
“ကောင်းပြီအဘိုးကြီး၊ ဒါဆိုမနက်ဖြန်ည ကျုပ်တို့တွေ့ကြစို့”
“အဆင်သင့်ပါပဲကွာ”
စဏ္ဍာလ ဦးလေးကြီးက တစ်ဖက်ကိုလှည့်ထွက်သွားတယ်၊ သူ့အနောက်ကနေလည်း သူ့နှမဖြစ်တဲ့ စုန်းမကျင်ရီလည်း ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်သွားတာပေါ့ဗျာ၊ သူတို့တွေပြိုင်ကြတာ ဆယ့်ငါးမိနစ်တောင် မကြာဘူးထင်ပါတယ်၊ ကျုပ်နဲ့ဦးဘသာလည်း ရွာထဲကိုပြန်ဝင်ခဲ့တာပေါ့။
“ဒါနဲ့ သူတို့နေတာကို ကျုပ်ကမြင်ရပြီးတော့ ဦးဘသာက ဘာလို့မမြင်ရတာလဲ”
“ဒါကတော့ သူတို့ကလူလည်တွေကွ၊ စုန်းကဝေတွေ မမြင်ရတဲ့ မျက်ကွယ်အစီအရင်ကို ဇရပ်ပျက်မှာ ဆင်ထားတာဖြစ်မယ်ကွ၊ ဒါကြောင့်မို့ ငါလယ်ထဲဆင်းနေပေမယ့် သူတို့ကိုမမြင်ရတာနေမှာ”
“ကျုပ်သဘောပေါက်ပြီ၊ ဒါနဲ့ သူတို့က ဘာလို့ဒီလိုလုပ်တာလဲ”
“မင်းကလည်းကွာ၊ ဒီရွာမှာရှိတဲ့ စုန်းတွေကဝေတွေ သူတို့ကိုမြင်ရင် အခက်အခဲတွေဖြစ်လာနိုင်လို့ နေမှာပေါ့ . . . ပေါ့ . . .အဟွတ်၊ အဟွတ်”
ဦးဘသာကပြောနေရင်း ချောင်းဆိုးတယ်ဗျ၊ ချောင်းဆိုးတော့ သူ့ပါးစပ်ကိုလက်ဝါးနဲ့အုပ်လိုက်တယ်၊ လက်ဝါးကိုပြန်ဖွင့်တဲ့အချိန်မှာတော့ သွေးတွေရဲနေတာပဲဗျာ။ ကျုပ်လည်း ဦးဘသာလက်ကိုကြည့်ရင်း အံ့ဩသွားတယ်။ ဒီအချိန်မှာပဲ ဦးဘသာက ပျော့ခွေကျသွားလို့ ကျုပ်က သူ့ပုခုံးကိုကိုင်ပြီး တွဲထိန်းထားပေးရတယ်။
“ဦးဘသာ . . . ဦးဘသာ ဘာဖြစ်တာလဲ၊ ရရဲ့လား”
ဦးဘသာက အသက်ကိုပြင်းပြင်းရှူနေတယ်ဗျ၊ ပြီးတော့မှ သူမတ်တပ်ပြန်ရပ်တယ်၊ ကျုပ်ပုခုံးကို လက်နဲ့ပုတ်ရင်း
“ဘာမှမဖြစ်ဘူး၊ ငါဘာမှ မဖြစ်ပါဘူးကွာ၊ မပူပါနဲ့”
သူကသာ ဘာမှမဖြစ်ဘူးပြောနေပေမယ့် နှုတ်ခမ်းမှာလည်း သွေးတွေပေကျံလို့မဟုတ်လား၊ ကျုပ်စိတ်ပူနေမှာစိုးလို့ ကျုပ်ကိုစိတ်သက်သာရာရအောင် တမင်ပြောတာဖြစ်မယ်ဗျ။
“ဟုတ်ရဲ့လားဦးဘသာရယ်၊ ဒါဆိုဘာလို့ ချောင်းဆိုးတာ သွေးတွေပါရတာလဲ၊ ခုနက ကျင်ရီကြောင့်လား”
“တစ်လောက နေမကောင်းဖြစ်ထားတာဆိုတော့ အားနည်းနေသေးလို့ပါကွာ၊ ရပါပြီ၊ ငါ့ကိုမတွဲနဲ့တော့”
ဦးဘသာကြီးက ဖြည်းဖြည်းချင်းလမ်းလျှောက်သွားတယ်၊ ကျုပ်လည်း သူ့အိမ်အထိလိုက်ပို့ပြီးတော့မှ အိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။
(၃)
မနက်မိုးလင်းတော့ ရွာထဲမှာ ဦးဘသာသတင်းတွေ ပြန့်နေတာပဲဗျာ၊ ဒီတစ်ခါတော့ မကောင်းတဲ့သတင်းမဟုတ်ဘဲနဲ့ ဆေးဆရာမှတ်ကြီးကို ကုသကယ်တင်ပေးလိုက်တဲ့သတင်းပေါ့ဗျာ၊ ဦးမှတ်ကြီးက မနေ့ကသာ သေတော့မယ့်လူလိုဖြစ်နေပေမယ့် ဒီမနက်တော့ အကောင်းပကတိအတိုင်းပါပဲဗျာ၊ သူ့ကျောက လက်ရာကြီးက နေ့ချင်းညချင်းပျောက်သွားတာပဲတဲ့ဗျို့၊ ရင်ဘတ်က သေးလက်ဝါးရာကြီးသာ ရေမချိုးရသေးလို့ ကျန်နေခဲ့တာပေါ့။
မနက်ပိုင်း ကျုပ်တို့ယာထဲမဆင်းခင် ဦးမှတ်ကြီးက အိမ်ကိုရောက်လာတယ်ဗျ၊ အဖေက ထမင်းစားပြီးတော့ ထန်းလျက်ခဲလေးကိုက်နေတဲ့အချိန်ပေါ့၊ ဦးမှတ်ကြီးက အဖေ့ရှေ့မှာထိုင်လိုက်ရင်း
“ကျုပ် . . ကျုပ် ဦးဘသာဆီသွားချင်လို့ သူကြီးအဖော်လိုက်ခဲ့ပေးစမ်းပါဗျာ”
အဖေက မျက်မှောင်ကြုတ်လိုက်ပြီး
“ဦးဘသာဆီသွားချင်တာများဗျာ၊ ကျုပ်ဆီမှာလာပြီးတော့ ခွင့်ပြုချက်တောင်းနေရသေးတယ်၊ ခင်ဗျားဘာသာ သွားလိုက်ပါလား ဦးမှတ်ကြီးရ”
ဦးမှတ်ကြီးက ခေါင်းကိုတဗြင်းဗြင်းနဲ့ကုပ်ရင်း
“ဟိုလေ၊ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်သူကြီးရာ၊ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ဆိုသလို၊ ကျုပ်က တစ်ချိန်လုံး ဦးဘသာမကောင်းကြောင်းတွေပဲ ပြောထားတော့ အခုသူ့အိမ်ကို တစ်ယောက်တည်း မသွားဝံ့ဘူးဗျာ၊ လုပ်စမ်းပါသူကြီးရာ ခင်ဗျားအဖော်လိုက်ပေးပါ”
ဦးမှတ်ကြီးပြောတော့မှ အဖေက ပုဆိုးပြင်ဝတ်ပြီးထသွားပါရော၊ ကျုပ်လည်း သူတို့အနောက်ကနေ မယောင်မလည်နဲ့ လိုက်ခဲ့တာပေါ့ဗျာ။
“ဦးဘသာ . . . ဗျို့ ဦးဘသာ”
ဦးဘသာခြံရှေ့ရောက်တော့ အဖေက အော်ခေါ်တာပေါ့ဗျာ၊ တော်တော်ကြာအောင် အော်ခေါ်ပေမယ့် အထဲက ဘာသံမှ ပြန်မကြားရဘူးဗျ၊ အဖေက အိမ်ကိုတစ်ချက်အကဲခတ်ကြည့်ရင်း
“အပြင်တွေဘာတွေများ သွားသလားပဲ ဦးမှတ်ကြီးရဲ့”
ကျုပ်လည်း ခြံတံခါးကိုကြည့်လိုက်တော့ အတွင်းကနေ မင်းတုန်းနဲ့ထိုးပြီးပိတ်ထားတာဗျ၊ ဒါနဲ့
“မဟုတ်ဘူးအဖေ၊ တံခါးက အထဲကနေပိတ်ထားတာ၊ ညတုန်းကလည်း ဦးဘသာကို သူ့အိမ်အထိ ကျုပ်ပြန်ပို့ပေးခဲ့တာဆိုတော့ သူအထဲမှာပဲ ရှိမှာသေချာတယ်”
အဖေက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ မေးငေါ့ပြတယ်၊ ဒီအဖေနဲ့ ဒီသားဆိုတော့လည်း အဖေဘာကိုဆိုလိုချင်တယ်ဆိုတာ ကျုပ်သိတာပေါ့ဗျာ၊ ဒါနဲ့ပဲ ခြံတံခါးကို လွှားခနဲကျော်တက်ပြီးတော့ ခြံထဲကိုဝင်လိုက်တယ်၊ ခြံတံခါးမှာ ပိတ်ထားတဲ့ မင်းတုန်းကိုဖွင့်ပေးလိုက်တော့ အဖေနဲ့ ဦးမှတ်ကြီးနဲ့ ခြံထဲကိုဝင်လာတာပေါ့ဗျာ။
“ဦးဘသာ၊ ခေါ်မရလို့ ကျုပ်တို့ခြံထဲကို ဝင်ခဲ့ပြီနော်”
အဖေက အော်ရင်းခြံထဲဝင်လာတယ်၊ အိမ်တံခါးကတော့ စေ့ရုံလေးစေ့ထားတာဗျ၊ ကျုပ်လည်း အိမ်တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လိုက်တော့ အိမ်ရှေ့ခန်းမှာ ခွေခွေကလေးလဲကျနေတဲ့ ဦးဘသာကို တွေ့လိုက်ရတယ်။ ကျုပ်လည်း ထူပူသွားပြီးတော့ ဦးဘသာဆီပြေးသွားလိုက်တာပေါ့ဗျာ။
“ဦးဘသာ . . . ဦးဘသာ၊ သတိထားပါအုံးဗျာ”
ဦးဘသာက သတိလစ်နေပုံရတယ်ဗျ၊ ကျုပ်အလန့်တကြားနဲ့အော်တော့ အဖေနဲ့ဦးမှတ်ကြီးက ဦးဘသာအိမ်ပေါ်ကို အပြေးတက်လာတာပေါ့။
“ဟာ၊ ဦးဘသာ ဘာဖြစ်တာလဲ”
အဖေကပြောလိုက်တော့ ဦးမှတ်ကြီးက ပြေးလာပြီး ဦးဘသာကိုစမ်းကြည့်တယ်ဗျ။
“အသက်တော့ရှိသေးတယ်သူကြီး၊ ဒါပေမယ့် အတော်အားနည်းနေတယ်”
အိမ်ရှေ့ခန်းထောင့်မှာ လိပ်ပြီးထောင်ထားတဲ့ သင်ဖြူးဖျာကို ကျုပ်ကပြေးခင်းလိုက်ပြီးတော့ ဦးဘသာကိုဆွဲခေါ်လာပြီး ဖျာပေါ်မှာ ချထားပေးလိုက်တာပေါ့ဗျာ၊ အမှန်အတိုင်းပြောရရင် အဲဒီအချိန်တုန်းက ကျုပ်က ဘာတွေလုပ်လို့ လုပ်နေမိမှန်းကိုမသိဘူး၊ ဦးဘသာကြီး တစ်ခုခုဖြစ်ပြီလားဆိုပြီး စိတ်တွေပူပြီးတော့ စိတ်နဲ့လူနဲ့ မကပ်ဘူးပေါ့ဗျာ။
ဦးမှတ်ကြီးက ဦးဘသာကို သွေးခုန်နှုန်းစမ်းသပ်ပေးတယ်ဗျ၊ နောက်တော့ ရင်ဘတ်ကို နားနဲ့ကပ်ပြီးတော့ နားထောင်ကြည့်သေးတယ်ဗျ၊ ပြီးတော့မှ အဖေ့ကိုကြည့်ပြီး
“အရမ်းအားနည်းနေတယ်၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းလည်း မမှန်ဘူးသူကြီးရ၊ ကျုပ်အထင်တော့ နှလုံးအားနည်းနေတာဖြစ်မယ်”
အဖေက ခေါင်းညိတ်ရင်း
“ဒါဆို ဦးမှတ်ကြီး သူ့ကို အဆင်ပြေသလို ကုသပေးပါဗျာ”
ဦးမှတ်ကြီးက ဦးဘသာကြီးကို သူဖော်ထားတဲ့သွေးဆေးနဲ့ သံပုရာရည်နဲ့ ဖျော်တိုက်ခိုင်းတာနဲ့ ကျုပ်လည်း ဦးဘသာခြံထဲက သံပုရာပင်ကနေ သံပုရာသီးခူးပြီးတော့ ခွက်ထဲကိုအရည်ညှစ်ထည့်တာပေါ့ဗျာ။ ပြီးတော့ ဦးမှတ်ကြီးရဲ့သွေးဆေးကိုထည့်ဖျော်ပြီး လက်ဖက်စားဇွန်းကလေးနဲ့ ဦးဘသာပါးစပ်ကို အသာဟပြီးထည့်ပေးတာပေါ့၊ ဦးမှတ်ကြီးက ခေါင်းညိတ်ရင်း
“သူ့ကိုအနားယူပါစေ၊ နေ့တစ်ပိုင်းလောက်ဆိုရင် သူကောင်းသွားလိမ့်မယ်”
အဖေက ကျုပ်ကိုကြည့်ပြီးတော့
“အလတ်ကောင်၊ မင်းအမေဆီပြန်ပြီးတော့ ဦးဘသာကြီးအတွက် ကြက်တစ်ကောင်လောက် ပြုတ်ထားခိုင်းလိုက်စမ်းကွာ”
ကျုပ်လည်းခေါင်းညိတ်ပြီး အိမ်ကိုပြေးပြောရတာပေါ့ဗျာ၊ ကျုပ်လည်း အဲဒီနေ့က လယ်ထဲမဆင်းဖြစ်ပါဘူးဗျာ၊ ဦးဘသာကြီးမှာ သားထောက်သမီးခံမရှိဘူးဆိုတော့ ကျုပ်ပဲပြုစုပေးရတာမဟုတ်လား၊ အဖေနဲ့ ဦးမှတ်ကြီးတို့လည်း ပြန်သွားတော့ ကျုပ်တစ်ယောက်တည်း ဦးဘသာအိမ်မှာ ကျန်နေခဲ့တာပေါ့ဗျာ။
ကျုပ်လည်း ဘာရယ်မဟုတ်ဘဲဦးဘသာ ခြေလက်တွေကို နှိပ်ပေးနေမိတယ်။ ပါးစပ်ဟအသက်ရှူရင်း အိပ်မောကျနေတဲ့ ဦးဘသာကိုကြည့်ရင်း ကျုပ်စိတ်မကောင်းဖြစ်jပီး ငိုချင်သလိုဖြစ်လာတယ်။
“အဲဒါကျုပ်ကြောင့်ပါဦးဘသာ၊ ကျုပ် လျှောက်လုပ်လို့၊ ဦးဘသာကြီး အခုလိုဖြစ်ရတာ၊ အဲဒါ ကျုပ်ကြောင့်ပါ”
ကျုပ်လည်းပြောနေရင်း ကိုယ့်ခေါင်းကိုယ် လက်သီးတွေနဲ့ထုနေမိတယ်၊ မျက်ရည်တွေလည်း ထွက်လာတာပေါ့ဗျာ၊
“မင်းကြောင့်မဟုတ်ပါဘူးကွာ”
အသံယဲ့ယဲ့ကိုကြားလိုက်ရတော့မှ ကျုပ်လည်း ဦးဘသာအနားကို တိုးကပ်လိုက်တယ်၊ ဦးဘသာက မျက်လုံးတွေပွင့်လာပြီးတော့ ခေါင်းထောင်ဖို့ကြိုးစားတယ်ဗျ၊ ဒါပေမယ့် ခေါင်းမထောင်နိုင်လို့ ကျုပ်ကိုမျက်လုံးစွေပြီးကြည့်တယ်။
“မင်းနဲ့ဘာမှမဆိုင်ပါဘူးအလတ်ကောင်ရာ”
“ဦးဘသာကြီး . . . သက်သာရဲ့လားဗျာ”
ဦးဘသာက ခေါင်းကိုဖြည်းဖြည်းညိတ်ပြတယ်ဗျ၊ နောက်တော့ ကျုပ်လည်း အိမ်တိုင်မှာ ခေါင်းအုံးခံပြီးတော့ သူ့ကိုထူပြီး မှီခိုင်းထားရတယ်၊ ကြွက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းစေ့နဲ့ အမေပြုတ်ထားတဲ့ ကြက်စွတ်ပြုတ်မွှေးမွှေးကလေးကို သူ့အရှေ့ကိုချပေးလိုက်တယ်ဗျ။
“နေပါစေကွာ၊ ငါ့ဘာသာ သောက်နိုင်ပါတယ်”
ဦးဘသာက ပြောရင်း ကြက်စွပ်ပြုတ်ခွက်ထဲက ဇွန်းကိုယူပြီး စွပ်ပြုတ်ကိုခပ်လိုက်တယ်၊ ဒါပေမယ့် သူ့လက်တွေက သိသိသာသာတုန်ုလို့ဗျာ၊ လက်တွေက တဆတ်ဆတ်တုန်ပြီး စွပ်ပြုတ်ဇွန်းကို မကိုင်နိုင်တော့တာနဲ့ ကျုပ်လည်း သူ့လက်ထဲက ဇွန်းကိုဖမ်းဆွဲယူလိုက်ရတယ်။
“ဦးဘသာ ဘာမှဟန်ဆောင်မနေပါနဲ့၊ ပေးစမ်းပါ၊ ကျုပ်ခွံ့ကျွေးပါ့မယ်”
ကျုပ်လည်း စွပ်ပြုတ်တစ်ဇွန်းကို ခွံ့ပေးလိုက်တာပေါ့ဗျာ၊ ဦးဘသာက စွပ်ပြုတ်ဟင်းရည်ကို ရှူးခနဲသောက်ပြီးတော့
“ငါက မင်းကိုအားနာလို့ပါကွာ၊ မင်းတို့ အလုပ်ပျက်နေပါအုံးမယ်”
“အားနာစရာမလိုပါဘူးဗျာ၊ အဖေက ကျုပ်ကို ဦးဘသာကိုပြုစုဖို့ တာဝန်ပေးခဲ့တာဗျ၊ ကဲပါ စကားတွေပြောမနေပါနဲ့အုံး၊ မောနေအုံးမယ်၊ စွပ်ပြုတ်ကုန်အောင်သောက်၊ နောက်ပြီးတော့ ဆေးဆရာဦးမှတ်ကြီးပေးခဲ့တဲ့ သွေးဆေးလေး တစ်ခွက်လောက် သောက်လိုက်အုံး”
“ဟင်၊ မှတ်ကြီးက ငါ့ဆီကိုလာသွားတယ်တဲ့လား”
“ဒါပေါ့ဗျာ၊ သူအလာစောလို့ ကျုပ်တို့လည်း ဦးဘသာဒီလိုဖြစ်နေတာကို သိတာဗျ၊ သူသာ နေ့လည်လောက်မှ လာမယ်ဆိုရင် ဦးဘသာအသက်ကိုတောင် ကျုပ်တို့မီပါ့မလားပဲ”
ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ဒါနဲ့ သူရောသက်သာရဲ့လား”
“သက်သာပါတယ်ဗျ၊ ကျောကုန်းမှာတောင် သွေးလက်ဝါးကြီးမရှိတော့ဘူး၊ အဲ . . . ရင်ဘတ်မှာသာ ဦးဘသာကြီးချန်ခဲ့တဲ့ သေးလက်ဝါးကြီး ကျန်နေခဲ့တာဗျ၊ ဟား၊ ဟား”
ကျုပ်ရယ်လိုက်တော့ ဦးဘသာလည်း လိုက်ရယ်တယ်ဗျ၊ ဒါပေမယ့် တစ်ချက်နှစ်ချက်ရယ်ပြီးတော့ ချောင်းဆိုးပြန်ရော၊ သလိပ်တွေထွေးဖို့အတွက် ကျုပ်က ထွေးခံပေးလိုက်တော့ ထွေးခံထဲကို သလိပ်တွေအပြင် သွေးတွေပါ ထွေးချလိုက်တာဗျ၊ ကျုပ်လည်း သူ့ကိုအတော်စိတ်ပူသွားတာပေါ့”
“ဖြစ်ရဲ့လား ဦးဘသာရယ်၊ ညနေကျရင်တော့ ဦးမှတ်ကြီးက တစ်ခေါက်လာကြည့်အုံးမယ်လို့ ပြောသွားသေးတယ်”
ဦးဘသာက သူ့နှုတ်ခမ်းတွေကို လက်သုတ်ဝတ်တစ်ခုနဲ့သုတ်လိုက်ရင်း
“ဖြစ်ပါတယ်ကွ၊ ဒါထက် ညကျရင် ဟိုကဝေပျံနဲ့ငါနဲ့ ယှဉ်ပြိုင်ရအုံးမှာမဟုတ်လား”
ဦးဘသာပြောတော့ ကျုပ်လည်း အတော်အံဩသွားတယ်၊ နောက်တော့ ခေါင်းခါပြီး
“မပြိုင်ရဘူးဦးဘသာ၊ မနေ့က အကောင်းကြီးတောင်မှ စုန်းမကျင်ရီနဲ့ပြိုင်လိုက်လို့ အခုလိုဖြစ်သွားတာမဟုတ်လား၊ ဒီအခြေအနေနဲ့သာ ထပ်ပြိုင်မယ်ဆိုရင် ဦးဘသာကြီး သေသွားလိမ့်မယ်ဗျ”
“မဟုတ်ဘူးအလတ်ကောင်ရ၊ တို့စုန်းတွေရဲ့စည်းကမ်းအရ နှစ်ဦးနှစ်ဖက် သဘောတူထားရင် ပြိုင်ဖြစ်အောင်ပြိုင်ရတယ်၊ ပြိုင်မယ်လို့ချိန်းဆိုထားပြီးတော့ ချိန်းဆိုထားတဲ့နေရာကို မလာဖြစ်တဲ့သူက သူ့အလိုလိုအရှုံးလို့သတ်မှတ်လိုက်ရတယ်ကွ၊ ဒီတော့ ငါဒီပွဲကို မသွားရင်၊ အလကားနေရင်း ဒီကောင့်ကို ငါရှုံးမှာကွ”
“ဟာဗျာ၊ ဒါဆိုရင်လည်း ကျုပ်အဲဒီ စဏ္ဍာလကြီးဆီကိုသွားမယ်၊ ဦးဘသာနေမကောင်းဘူးဆိုတဲ့အကြောင်းသွားပြောမယ်ဗျာ”
ဦးဘသာက ခေါင်းခါတယ်။
“မင်းကလည်းကွာ၊ သူက နိုင်ချင်လို့ စိန်ခေါ်ပါတယ်ဆိုနေမှ၊ ငါက နေမကောင်းလို့ မလာနိုင်ဘူးလို့ပြောတာကို လက်ခံမယ်လို့ထင်နေတာလား . . .”
“ဒါကတော့ဗျာ . . .”
ကျုပ်လည်း ဘာဆက်ပြောရမှန်းကိုမသိတော့ဘူး၊ ဦးဘသာက ပါးစပ်ပြင်ပေးတာနဲ့ ကျုပ်လည်းသူ့ကို စွပ်ပြုတ်တွေခွံ့ပေးတာပေါ့ဗျာ၊ စွပ်ပြုတ်တစ်ပန်းကန်ကုန်သွားတော့ ဦးဘသာက ဆေးသောက်ပြီးတော့ အိပ်ဖို့ပြင်တယ်ဗျ။
“ငါအားမွေးထားမှဖြစ်မယ်အလတ်ကောင်၊ ညဘက်ကျရင် ငါဟိုကောင်နဲ့ ပညာပြိုင်ရအုံးမယ်မဟုတ်လား”
ဦးဘသာက ဖျာပေါ်လှဲရင်း ဘေးစောင်းလေး ပြန်အိပ်သွားတယ်ဗျ၊ ကျုပ်စိတ်ထဲကအတိုင်းဆိုရင်တော့ ဦးဘသာကို မပြိုင်စေချင်တော့ဘူး၊ ဒါပေမယ့် စဏ္ဍာလဦးလေးကြီးကို ရှုံးလို့ကလည်း မဖြစ်သေးဘူးမမဟုတ်လားဗျ၊ သူ့ကိုရှုံးသွားတယ်ဆိုရင် သူက သူကြိုက်တာကို တောင်းဆိုတော့မှာလေဗျာ။
ကျုပ်လည်း စိတ်တွေတော်တော်ညစ်လာခဲ့တယ်၊ ဘာလုပ်ရမှန်းလဲ မသိတော့ဘူးဗျို့။ ဒါနဲ့ပဲ ကျုပ်ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့တယ်။
“ဦးဘသာမပြိုင်နဲ့၊ ဒီကဝေပျံကို ကျုပ်ပြိုင်မယ်၊ ကျုပ်ဒီကောင့်ကို ဦးဘသာကိုယ်စား အနိုင်ယူပြမယ်”
ကျုပ်လည်း ကြိမ်းဝါးရင်း ဦးဘသာအိမ်ပေါ်ကနေဆင်းခဲ့တာပေါ့ဗျာ။
(၃)
ကျုပ်အရင်ဆုံးသွားတာကတော့ ဦးမှတ်ကြီးအိမ်ကိုပဲဗျ၊ ဦးမှတ်ကြီးက ဦးဘသာရဲ့အခြေအနေကို သူ့ကိုပြောပြပါလို့ ပြောထားတာကိုး၊ ဦးမှတ်ကြီးအိမ်ကိုရောက်တော့ ဦးမှတ်ကြီးက ဆေးဖော်စပ်ဖို့ ဘယဆေးတွေကို ချင်တွယ်နေတယ်ဗျ၊
“အော်၊ အလတ်ကောင်တောင် ရောက်လာပကိုး၊ ဘယ်လိုလဲကွ ဦးဘသာကြီး နိုးပြီလား”
“နိုးတော့နိုးပါပြီ ဦးမှတ်ကြီးရာ၊ အခု စွပ်ပြုတ်သောက်ပြီးတော့ ဆေးတစ်ခွက်သောက်ရင်း သိပ်ထားရတယ်၊ ဒါတောင်မှ သူက သိပ်အိပ်ချင်တာမဟုတ်ဘူးဗျ”
ဦးမှတ်ကြီးက ခေါင်းညိတ်ရင်း
“အင်းလေ၊ အသက်အရွယ်ကြီးတော့လည်း ဒီလိုပဲ အအိပ်အနေ၊ အစားအသောက် နည်းလာတာပေါ့ကွာ၊ သူမအိပ်ချင်ဘူးဆိုရင်တော့ ဆေးထဲမယ် ထိကရုံးထည့်ပေးလိုက်မယ်ကွ၊ ထိကရုံးဆိုတာ လက်နဲ့တို့ထိတာနဲ့ကို အရွက်တွေစုပြီး အိပ်သွားတတ်တာမလား၊ ဒါကြောင့် တို့တိုင်းရင်းဆေးမှာ အိပ်ဆေးအဖြစ်အသုံးပြုတယ်”
“လုပ်စမ်းပါဗျာ၊ နို့မို့ဆို သူမအိပ်ရင် ဒီထက်ပိုပြီးတော့ ဆိုးတော့မှာဗျ”
ဦးမှတ်ကြီးက ဦးဘသာအတွက် သွေးဆေးထဲကို ထိကရုံးပင်အခြောက်ကို ကြိတ်ထားတဲ့အမှုန့်ထပ်ရောထည့်ပေးလိုက်တယ်၊ ပြီးတော့ ဆေးတစ်ဖုံစာကို စာရွက်ထဲထည့်ပြီး ထုပ်ပေးလိုက်တာပေါ့ဗျာ၊ ကျုပ်လည်း ဦးမှတ်ကြိးအိမ်က ထွက်မယ်လုပ်ပြီးမှ တစ်ခုခုသတိရသွားတယ်။
“ဒါနဲ့ ဦးဘသာ၊ အကိုကြီးက ဇက်ကြောတွေတက်ပြီး ခေါင်းတွေလေးနေလို့တဲ့၊ အဲဒါ ဝမ်းနှုတ်ဆေးလေး ပေးလိုက်ပါတဲ့”
ဦးမှတ်ကြီးက ခေါင်းညိတ်ပြီးတော့ ပုလင်းအကြီးကြီးတွေထဲမှာ ထည့်ထားတဲ့ ဝမ်းနှုတ်ဆေးတွေကို ဇွန်းနဲ့ခပ်ပြီး ချိန်ခွင်သေးသေးကလေးထဲကို ထည့်ပြီးချိန်နေတယ်။ နောက်တော့ ကျုပ်ဘက်ကိုလှည့်ပြီး
“အလတ်ကောင်၊ မင်းအကိုကြီးက ဝမ်းချုပ်တတ်သလား”
“ချုပ်သမှ သိပ်ချုပ်တာပေါ့ဗျာ၊ တစ်ခါချုပ်ရင် တစ်ပတ်လောက်ကိုကြာတာ”
“အင်း၊ ဒါကြောင့်လည်း အပူတွေစုမိပြီး အကြောတွေတက်နေတာနေမှာ”
ဦးမှတ်ကြီးဆီက အကိုကြီးမှာလိုက်တဲ့ ဝမ်းနှုတ်ဆေးတွေယူပြီးတော့ အိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ၊ အချိန်က နေမွန်းတည့်တော့မယ်ဗျ၊ ကျုပ်လည်း ဗိုက်ဆာဆာနဲ့ မီးဖိုထဲဝင်လိုက်တာပေါ့၊ အမေက မီးဖိုထဲမှာ ထိုင်နေရင်း
“ဟဲ့အလတ်ကောင် နင်ထမင်းစားမလို့လား”
ကျုပ်လည်း ထမင်းပန်းကန်ယူရင်း ခေါင်းညိတ်ပြလိုက်တယ်။
“ဟိုဒယ်အိုးထဲမှာ ကြက်ကလီစာချက်ထားတာရှိတယ်၊ မနက်က ဦးဘသာအတွက် ကြက်တစ်ကောင်ကိုင်ရင်း ကလီစာနည်းနည်းရထားတာကို နင့်အကြိုက် မဆလာနိုင်နိုင်နဲ့ ချက်ထားတယ်ဟေ့၊ လယ်ထဲဆင်းတဲ့သူတွေကတော့ စားရကံမကြုံဘူးပေါ့၊ နေလည်းမြင့်နေပြီဆိုတော့ ဆွမ်းချိုင့်လည်းမမီလိုက်၊ အဲဒါ နင်ပဲစားလိုက်တော့”
ကျုပ်လည်း ဟန်ကျသွားတာပေါ့ဗျာ၊ ဒယ်အိုးအသေးလေးကို ဖွင့်လိုက်တဲ့အခါ ကြက်ကလီစာချက်က မွှေးနေရောပဲဗျို့။ ကျုပ်လည်း ထမင်းပန်းကန်ထဲကို ထည့်ဖို့ပြင်ရင်းနဲ့မှ သတိရသွားပြီးတော့ ဟင်းတွေကို ခွက်ကလေးနဲ့ခပ်လိုက်တယ်။
“ဟဲ့အလတ်ကောင်၊ ထမင်းတွေ၊ ဟင်းတွေ ဘယ်ကိုသယ်သွားမလို့လဲ”
ဟင်းတွေထမင်းတွေ ခပ်နေတဲ့ကျုပ်ကိုကြည့်ရင်း အမေက မေးတယ်၊ ကျုပ်လည်း ထမင်းခူးနေရင်း
“အမေကလည်း၊ ထမင်းတွေထည့်ပြီး ဦးဘသာအိမ်မှာသွားစားမလို့ဗျ၊ ဦးဘသာမှ သားထောက်သမီးခံလည်းမရှိဘူးမဟုတ်လား၊ အခုလည်း သူ့ကိုတစ်ယောက်တည်းပစ်ထားခဲ့ရတာ၊ ခုချိန် သူရောဂါဖောက်နေတော့ ဘယ့်နှယ့်လုပ်ပါ့မလဲ”
“အေးလေ၊ ဒါပေါ့၊ဒါပေါ့”
ဒါနဲ့ ထမင်းနဲ့ဟင်းကို အုပ်ကလေးတစ်ခုနဲ့ထည့်ခဲ့ပြီး ဦးဘသာအိမ်ကို အပြေးပြန်လာခဲ့ရတာပေါ့ဗျာ၊ ဦးဘသာက အိပ်ကောင်းတုန်းပဲရှိသေးတာနဲ့၊ ကျုပ်လည်း ပုလင်းကလေးကိုင်ပြီး အိမ်ပေါ်ကနေဆင်းခဲ့တယ်၊ ရွာထိပ်ကိုပြေးလာရင်းနဲ့ လမ်းမှာတောင် အဖေနဲ့တွေ့သေးတယ်။
“အလတ်ကောင်၊ ရေးကြီးသုတ်ပြာနဲ့ ဘယ်သွားမလို့လဲကွ”
“ဟို . . .ဟိုလေ ဦးတရုတ်ကြီးတို့ဆိုင်ကိုသွားမလို့ပါ”
အဖေက ကျုပ်လက်ထဲက ပုလင်းကိုကြည့်ရင်း
“ဟေ့ကောင်၊ နေ့ခင်းကြောင်တောင်ကြီးနော်၊ မင်းမဟုတ်တာတွေလုပ်မလို့လား”
“မဟုတ်ပါဘူးအဖေရ၊ ဦးမှတ်ကြီးပေးလိုက်တဲ့လိမ်းဆေးကို အရက်ဆီနဲ့ဖျော်ရမယ်ဆိုလို့ သွားဝယ်မလို့ပါ”
အဖေလည်း ကျုပ်ပြောတာကိုယုံသွားပြီးတော့ ခေါင်းညိတ်ပြီးဆက်သွားတယ်၊ ကျုပ်လည်း ဦးတရုတ်ကြီးဆိုင်ကို ပြေးခဲ့တာပေါ့ဗျာ။
ကျုပ်မှာ တစ်နေ့လုံးပြေးလွားနေတာနဲ့ ညနေတောင်အတောင်စောင်းလာပြီဗျ၊ ဦးဘသာကြီး တစ်ရေးနိုးတာနဲ့ ကျုပ်လည်း စွပ်ပြုတ်တိုက်တာပေါ့ဗျာ၊ ဦးဘသာက ထမင်းစားချင်တယ်ဆိုတာနဲ့ စွပ်ပြုတ်ထဲ ထမင်းထည့်ပြီး တိုက်လိုက်တာပေါ့၊
“ဒါနဲ့အလတ်ကောင်၊ ဘယ်အချိန်ရှိပြီလဲ”
“ခြောက်နာရီခွဲဗျ”
“ဒါဆို ငါတို့ပြိုင်ဖို့ အချိန်နီးလာပြီကွ”
“ရပါတယ်၊ စောပါသေးတယ် ဦးဘသာရာ၊ ဆေးတစ်ခွက်သောက်ပြီး နားနားနေနေသာနေ၊ ညကိုးနာရီလောက်ကျရင် ကျုပ်နှိုးမယ်၊ဟုတ်ပြီလား”
ကျုပ်က ဦးဘသာကို သွားမပြိုင်စေချင်ပါဘူးဗျာ၊ ဒါနဲ့ အိပ်ဆေးနည်းနည်းရောထားတဲ့ သွေးဆေးကို ဦးဘသာကြီးကို တိုက်လိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးကတော့ ဘယ်သိမလဲဗျာ၊ ဆေးတွေကို တဂွတ်ဂွတ်နဲ့ မော့သောက်လိုက်တာပေါ့။
ဒီအချိန်မှာပဲ ဦးမှတ်ကြီးက ရောက်လာတယ်ဗျ။
“ဗျို့ဦးဘသာ၊ ကျုပ်တက်ခဲ့မယ်နော်”
“ရပါတယ် မှတ်ကြီးရာ တက်ခဲ့စမ်းပါ”
ဦးမှတ်ကြီးက တက်လာပြီးတော့ ဦးဘသာအရှေ့မှာထိုင်တယ်ဗျ။
“ကျုပ်ခင်ဗျားဆီလာတာက ကျေးဇူးတင်စကားလည်းပြောချင်လို့၊ နောက်ပြီးတော့ တောင်းလည်းတောင်းပန်ချင်လို့ပါဗျာ”
ဦးဘသာကြီးက ကြောင်အမ်းအမ်းနဲ့
“ကျေးဇူးတင်စကားပြောတာကတော့ဟုတ်ပါပြီ၊ တောင်းပန်မယ်ဆိုတော့ ဘာကိုတောင်းပန်ချင်တာလဲ”
ဦးမှတ်ကြီးက ရှက်သွားပုံရတယ်ဗျ။
“ဒီလိုပါဗျာ၊ ကျေးဇူးတင်တယ်ဆိုတာက ကျုပ်ကို စုန်းက သွေးလက်ဝါးနဲ့လုပ်တာကို ခင်ဗျားကုသပေးခဲ့လို့ ကျေးဇူးတင်ချင်တာပါ၊ တောင်းပန်ချင်တယ်ဆိုတာကတော့ . . .”
ဦးမှတ်ကြီးက ကျုပ်ကိုတစ်ချက်ကြည့်တယ်ဗျ၊ ကျုပ်လည်း ဒီလောက်တော့ နားလည်ပါတယ်၊ ရေခွက်အလွတ်ကလေးကိုင်ပြီးတော့
“ကျုပ်ရေသွားခပ်လိုက်အုံးမယ် ဦးဘသာ”
အဲဒီလိုပြောပြီး အိမ်အနောက်ဘက်ထဲဝင်ခဲ့တာပေါ့ဗျာ၊ ဒါပေမယ့် တကယ်ရေသွားမခပ်ပါဘူး၊ အိမ်အနောက်ဘက်သွားတဲ့ လမ်းက ခန်းစီးစကလေးကာထားတာဆိုတော့ အဲဒီခန်းစီးစကို အကာအကွယ်ပြုပြီး ခိုးနားထောင်နေတာပေါ့။
“ဒီလိုပါ ဦးဘသာ၊ ကျုပ်အမှန်အတိုင်းဝန်ခံရရင် ခင်ဗျားကို ကျုပ်လုံး၀မကြည့်မရခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ပယောဂဖြစ်လို့ ကျုပ်ကုပြီဆိုရင် ခင်ဗျားက ပေါ်ပေါ်လာပြီးတော့ ဝင်ဝင်ကုသွားတာကိုးဗျ၊ ဒါကို ကျုပ်စိတ်ထဲ မကျေမချမ်းဖြစ်နေခဲ့တာကြာပါပြီ”
“ငါသိပါတယ် မှတ်ကြီးရာ”
“ဒါကြောင့်ကျုပ်က ရွာထဲကလူတွေကို ဦးဘသာမကောင်းကြောင်းတွေပဲ လိုက်ပြောဖြစ်တယ်ဗျ၊ တစ်ယောက်ယောက် ရောဂါဖြစ်ရင်ပဲ ဦးဘသာကြီး ပြုစားသလိုလို၊ ဦးဘသာက မကျေနပ်လို့ လုပ်သလိုလိုနဲ့ သွားပုပ်လေလွင့်တွေ ပြောဆိုခဲ့မိပါတယ်”
ဦးမှတ်ကြီးက သက်ပြင်းတစ်ချက်ချပြီး
“အဲဒါ အခုကျုပ်ဒီလိုဖြစ်တယ်ဆိုရော၊ ဦးဘသာကြီးက တတ်ထားတဲ့ပညာနဲ့ ကျုပ်ကိုသေသေချာချာကုသပေးတာကိုသိလိုက်ရလို့ ကျုပ်စိတ်ထဲမှာ အရမ်းခံစားရတယ်၊ တကယ်လို့ ကျုပ်သာဆိုရင်တော့ ဦးဘသာကို ကုပေးမှာမဟုတ်ဘူးလို့ တွေးမိတယ်၊ ဒါပေမယ့် ဦးဘသာရဲ့ စိတ်ထားက အလွန်မွန်မြတ်ပါပေတယ်ဗျာ၊ ကျုပ်ကိုကုသပေးခဲ့လို့ ကျုပ်အသက်မသေဘဲ အကောင်းပကတိပြန်ဖြစ်သွားတာမဟုတ်လား”
ဦးဘသာက ခေါင်းညိတ်ရင်း
“ဒါကတော့မှတ်ကြီးရာ၊ ငါကတော့ ဒီရွာကလူတွေအကုန်လုံးကို ငါ့ရဲ့ဆွေမျိုးသားချင်းတွေလို့ သဘောထားတယ်၊ ဒီအတွက် ရွာကလူတွေ တစ်ခုခုဖြစ်လို့ ငါက ကူညီနီုင်တယ်ဆိုရင် ကူညီပေးပါတယ်ကွ၊ မင်းနဲ့ငါလည်း အရင်က အဖုအထစ်တွေရှိခဲ့တယ်ဆိုပေမယ့် မင်းကို ကိုယ့်တစ်ရွာတည်းသားချင်း၊ ဆွေမျိုးအရင်းလို့တွေးပြီး လုပ်စရာရှိတာ လုပ်ပေးရတာ မဆန်းပါဘူးကွာ”
ဦးမှတ်ကြိးက ခေါင်းညိတ်ရင်း မျက်ရည်တွေစို့လာတယ်ဗျ။
“ကျုပ်လူကြီးဖြစ်ပြီး မရင့်ကျက်ခဲ့တာကို ဦးဘသာကြီး ဗွေမယူပါနဲ့ဗျာ”
ဦးဘသာက ဦးမှတ်ကြီး လက်ကိုဆွဲရင်း
“အမှန်အတိုင်းပြောရင် ငါလည်းမင်းကိုကြည့်မရခဲ့ဘူးမှတ်ကြီး၊ ဒါပေမယ့် မင်းအခုလို လာပြီးရင်ဖွင့်လိုက်တဲ့ ငါ့ရင်ထဲက အစိုင်အခဲတွေလည်း ပြေပျောက်သွားခဲ့ရတယ်၊ နောက်ပြီးတော့ မင်းလည်းငါ့ကို ဆေးကုပေးသေးတယ်မဟုတ်လား၊ ငါက အရင်ကတည်းက မင်းကိုကျေးဇူးတင်ချင်နေတာကွ”
“ဘာလို့များလဲ ဦးဘသာ”
“မင်းက ငါ့ကိုနှင်ချင်တယ်ဆိုပြီး ယောနယ်ကနေ ဘုရားပျံဦးအောင်ရှိန်ကိုသွားပင့်လာတယ်မဟုတ်လား၊ မင်းကျေးဇူးနဲ့ ငါတို့သူငယ်ချင်းတွေ ဒီမှာပြန်ဆုံတွေ့ပြီးတော့ သူတို့ရွာကိုတောင် သွားလည်လိုက်နိုင်တာ မင်းကျေးဇူးတွေကြောင့်ပေါ့ကွာ၊ ဟား . . . ဟား”
ဦးမှတ်ကြီးက ဦးဘသာကြီးကိုလက်ညှိုးထိုးရင်း
“ခင်ဗျားကတော့ တကယ့်လူပါပဲဗျာ၊ ကျုပ်ဒီလောက်လုပ်ထားတာတောင်၊ ကျုပ်ကိုဗွေမယူတဲ့အပြင် ကျေးဇူးတောင်တင်တယ်ဆိုပဲ”
“လူ့ဘ၀ဆိုတာ တိုတိုကလေးပါကွ၊ ငါကတော့ တိုတောင်းလှတဲ့ဘ၀မှာ အမုန်းတရားတွေနဲ့ မရှင်သန်ချင်ပါဘူး၊ ဒါကြောင့် ပျော်စရာရှိရင်ပျော်တယ်၊ ရယ်စရာရှိရင် ရယ်ပစ်လိုက်တယ် . . .တယ်”
ဦးဘသာက ပြောရင်း မျက်ခွံတွေလေးလာပြီးတော့ ဇက်ကျိုးကျသွားပါရောဗျာ၊ ဦးမှတ်ကြီးလည်း ထိတ်လန့်ပြီး ဦးဘသာကြီးကို လှုပ်နှိုးနေတာနဲ့ ကျုပ်လည်း အခန်းထဲကအနေ အမြန်ထွက်ခဲ့တာပေါ့ဗျာ။
“ဦးဘသာ ခင်ဗျား ပြောရင်းဆိုရင် ဘာဖြစ်သွားပြန်တာလဲ”
“ဘာမှမဟုတ်ပါဘူး၊ ဦးမှတ်ကြီးရာ၊ ဦးဘသာကြီးက ထိကရုံးတွေသောက်ထားတယ်လေဗျာ”
“ဪ . . . ဪ”
ဦးမှတ်ကြီးလည်းခေါင်းညိတ်ပြီးတော့ ဦးဘသာကို အသာလှဲသိပ်ပြီး အိမ်ပေါ်ကနေဆင်းသွားတယ်၊ ကျုပ်ကိုလည်း သေသေချာချာပြုစုပေးဖို့ မှာသွားသေးတယ်ဗျ၊ အနှစ်နှစ်အလလက မတည့်ခဲ့တဲ့ ဦးဘသာနဲ့ ဦးမှတ်ကြီး ပြန်လည်အဆင်ပြေသွားပြီဆိုတာသိရတော့ ကျုပ်လည်း ပျော်မိတာပေါ့ဗျာ။ နောက်ဆုံးကတော့ ကျုပ်နဲ့ ကဝေပျံကြီးနဲ့ ပြိုင်ပွဲပဲရှိတော့တာပေါ့။
(၄)
ရေမိုးချိုးပြီးတော့ အပေါ်က ရှပ်အင်္ကျီလက်ရှည်အဖြူရောင်ဝတ်ပြီးတော့ အောက်က မခင်ကြည်တို့ပေးလိုက်တဲ့ ယောပုဆိုးအညိုပုပ်ရောင်ကို ဝတ်လိုက်တယ်ဗျ၊ ပြီးတော့ အမေဘုရားရှိခိုးရင် ပုခုံးပေါ်တင်တဲ့ ယောဂီတဘက်ကိုယူပြီးတော့ ခေါင်းမှာပေါင်းလိုက်တယ်၊ ညနေက ရွာဦးကျောင်းက ဆရာတော်မသိအောင် ကျောင်းကနေခိုးဖြုတ်လာတဲ့ တစ်လုံးတစ်လုံး ဆီးဖြူသီးလုံးလောက်ရှိတဲ့ ပုတီးကြီးကို လည်ပင်းမှာချိတ်ဆွဲလိုက်ပြီး အဖေအားရင်စိပ်နေကျ ကိုးလုံးပုတီးကို လက်ကောက်ဝတ်မှာပတ်လိုက်တဲ့အခါ ကျုပ်ပုံစံက အထက်လမ်းဆရာလိုလို၊ ဘိုးတော်လိုလိုဖြစ်သွားတာပေါ့ဗျာ။ ကျုပ်ရဲ့စတိုင်ကို အမေက ကြည့်ရင်း
“ဟဲ့အလတ်ကောင်၊ ညဘက်ကြီးမှ နင်ဘာအရူးထတာလဲ၊ တန်တော့ ဦးဘသာက စုန်းကြီးမို့လို့ နင့်ကိုယ်နင်ကာကွယ်တဲ့အနေနဲ့ ပုတီးတွေဘာတွေ ပတ်နေတာလား”
“နေစမ်းပါအမေရာ၊ အမေမသိပါဘူး”
ကျုပ်အိမ်ပေါ်ကဆင်းခဲ့တော့ ညခုနစ်နာရီထိုးပြီးပြီဗျ၊ ရွာထိပ်ကိုသွားရင်း ဦးတရုတ်ကြီးဆိုင်ကိုဝင်လိုက်တော့ ဆိုင်ထဲကလူတွေက ကျုပ်ကိုတအံ့တဩနဲ့ကြည့်တယ်၊ ကျုပ်လည်း ကဝေပျံနဲ့ပြိုင်ရမှာဆိုတော့ ရဲဆေးတင်တဲ့အနေနဲ့ နှစ်ပက်၊ သုံးပက်လောက်တော့ ဝင်ကစ်လိုက်သေးသဗျာ၊ ဦးတရုတ်ကြီးက ကျုပ်ကိုကြည့်ရင်း
“အလတ်ကောင်၊ မင်းပုံက ပုတီးသမားလိုလို၊ ဘိုးတော်လိုလိုနဲ့ ပြီးတော့ ငါ့ဆိုင်မှာ အရက်လာချနေတာ၊ မင်းအဖေသိရင် ငါ့ကိုလုပ်နေပါအုံးမယ်”
သူက အတင်းနှင်ထုတ်တာနဲ့ ကျုပ်လည်း ရွာထိပ်ကိုထွက်လာခဲ့တာပေါ့ဗျာ၊ ရွာတော်ရှင်နန်းမှာ ဆီမီးကလေးတွေ လင်းနေတယ်ဗျ၊ အမေညွှန့်ဆိုတဲ့အဘွားကြီးက ရွာတော်ရှင်နဲ့ ဆွေမျိုးတော်သလားတော့မသိပါဘူး၊ ညညဆို ဆီအကုန်ခံပြီးတော့ ရွာတော်ရှင်နန်းမှာ ဆီမီးလာထွန်းနေကြဗျ၊ ကျုပ်လည်း သူဆီမီးထွန်းနေတာကို အနောက်ကနေရပ်ကြည့်နေတာပေါ့၊ ဘွားတော်က ဆီမီးထွန်းပြီးပြန်အလှည့် ကျုပ်ကိုတွေ့တော့ အတော်လန့်သွားပုံရတယ်၊ ကျုပ်ကိုပြူးပြဲကြည့်ပြီးတော့
“အောင်မယ်လေး၊ ရွာတော်ရှင်နတ်မင်းကြီး”
လို့အော်ပြီးတော့ မြေကြီးမှာထိုင်ပြီး ဦးတွေကုန်းချတော့တာပဲဗျာ၊ ဘွားတော်က မမြင်မစမ်းနဲ့ ကျုပ်ကို ရွာတော်ရှင်များ ထင်သွားတာလားမသိပါဘူး၊ ကျုပ်လည်း ရှင်းမပြချင်တော့တာနဲ့ ရွာတော်ရှင်နတ်နန်းအနောက်က ချုံထဲကိုပြေးဝင်လိုက်တော့မှ ဘွားတော်က ခေါင်းပြန်ထောင်လာပြီးတော့ ရွာထဲကို သုတ်ခြေတင်ပြီး ထွက်သွားတာပဲဗျာ။
ညကိုးနာရီလောက်ရောက်တော့ ဇရပ်ဘက်ကနေ လူတစ်ယောက် လမ်းလျှောက်လာတာမြင်လိုက်ရတယ်ဗျ၊ ကျုပ်လည်း ချုံထဲကနေထွက်ပြီးတော့ ရွာတော်ရှင် နန်းအရှေ့နားမှာ လက်ပိုက်ရင်း မိန့်မိန့်ကြီးရပ်နေတာပေါ့၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ စဏ္ဍာလဦးလေးကြီး ပေါ့ဗျာ၊ ကျုပ်အရှေ့ ခြေဆယ်လှမ်းလောက်အကွာမှာ မတ်တပ်ရပ်လိုက်ပြီးတော့
“ဘယ်မလဲ အဘိုးကြီး”
“ခင်ဗျားလောက်ကို သူ့အဆင့်နဲ့မယှဉ်ချင်လို့ သူ့တပည့်ကျုပ်ကိုလွှတ်လိုက်တာပဲ”
ကျုပ်ပြောလိုက်တော့ စဏ္ဍာလဦးလေးကြီးက အတော်ဒေါသထွက်သွားတာဗျ။
“အေးပါ၊ မင်းကိုရော၊ မင်းရဲ့ဆရာ အဘိုးကြီးကိုပါ ငါအနိုင်ယူပြမယ်ကွ၊ ဒီပွဲမှာ မင်းရှုံးတာနဲ့ မင်းဆရာအဘိုးကြီးပါ ငါ့ကိုရှုံးပြီ”
“လုပ်စမ်းပါဗျာ၊ ခင်ဗျားလောက်တော့ ကျုပ်ကပျင်းတောင်ပျင်းသေးတယ်”
ကျုပ်က ဟန်ကိုယ့်ဖို့သာပြောနေပေမယ့် စိတ်ထဲမှာ အရမ်းကြောက်နေပြီဗျ၊ လက်ဖျားတွေတောင် တုန်နေလို့ လက်ပိုက်လိုက်ရတယ်။ စဏ္ဍာလဦးလေးကြီးက မျက်လုံးတွေက အရောင်တွေလက်လာတာဗျ။
“ဟေ့ကောင်၊ မင်းအရင်စမလား၊ ငါအရင်စရမလား”
“ခင်ဗျားက အရင်စိန်ခေါ်တာပဲ၊ ခင်ဗျားအရင်စပေါ့”
ကျုပ်လည်း ပြောမိပြောရာသာပြောလိုက်တာ ပါးစပ်က ဘာထွက်သွားမှန်းကိုမသိဘူးဗျာ၊ စိတ်ထဲမှာတော့ ဘုရားပဲတနေရတော့တယ်၊ ကျုပ်က ပညာဆိုလို့ ဘုန်းကြီးကျောင်းတောင် ကျောင်းထွက်လိုက်ရတဲ့လူမဟုတ်လားဗျာ၊ စုန်းပညာဆို ဝေလာဝေးပေါ့။
စဏ္ဍာလဦးလေးကြီးက လက်တစ်ဖက်ကိုမိုးပေါ်မြှောက်လိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ
“ဘွတ် . . . . ဂွီး . . .”
စဏ္ဍာလဦးလေးကြီး မျက်နှာပျက်သွားတယ်ဗျ၊ ဒါနဲ့ပဲ ဟိုကြည့်ဒီကြည့် ကြည့်ရင်း
“ခဏနေအုံး၊ မင်းနဲ့ငါနဲ့တွေ့မယ်”
အဲဒီလိုကြိမ်းဝါးပြီးတော့ လမ်းဘေးက ချုံထဲကိုဝင်သွားတာပဲဗျာ၊ ခြံထဲဝင်ပြီးတော့ ဘာလုပ်တယ်မှတ်လဲ၊ ချီးသွားပါတာဗျ၊ ငါးမိနစ်လောက်ကြာမှ ချုံထဲကနေပြန်ထွက်ခဲ့တယ်။ ကျုပ်အရှေ့မှာရပ်လိုက်ပြီးတော့ လက်နှစ်ဖက်ကို စုလိုက်တယ်ဆိုရင်ပဲ လက်ဝါးတွေက မီးတောက်တွေထွက်လာတယ်။
“ဂွီး . . . ဘွတ် . . ဘွတ်”
စဏ္ဍာလဦးလေးကြီးက လက်ဝါးက မီးတွေကိုပြန်သိမ်းပြီးတော့ ချုံထဲကိုပြေးဝင်ပြန်ပါရော၊ ငါးမိနစ်လောက်ကြာတော့ ပုဆိုးကိုပြင်ဝတ်ရင်း ပြန်ထွက်လာတယ်ဗျ။ ဒီတစ်ခါတော့ ခြေထောက်ကိုမြေမှာဆောင့်ဖို့လုပ်ရင်း ခြေထောက်တစ်ဖက်ကို ဟန်ပါပါနဲ့မြှောက်လိုက်တယ်။
“ဘလွတ် . . . တွတ် . . တွတ်”
ကျုပ်ကိုတောင်ဘာမှမပြောတော့ဘဲ တစ်ခါတည်း ချုံထဲကို ခုန်ဝင်သွားတာပဲဗျာ။ ဆယ်မိနစ်လောက်ကြာတော့မှ ချုံထဲကနေပြန်ထွက်လာတယ်ဗျ၊ နဖူးမှာလည်းချွေးတွေပြန်လို့ဗျ၊ ပုဆိုးမနိုင်ပုဝါမနိုင်နဲ့ဖြစ်နေပြီ၊ ခြေထောက်တွေကလည်း ခွေနေပြီပေါ့။ နောက်တော့ ကျုပ်ရှေ့မှာမတ်တပ်ရပ်ရင်း ဘလွတ်ဆိုတဲ့ အသံကြီးနဲ့အတူတူ ပုဆိုးအောက်ကနေ အရေတွေစီးကျလာတော့တာပဲဗျာ။
“ဟာထွက်ကျကုန်ပြီ”
ကျုပ်လည်း နှာခေါင်းပိတ်ရင်း
“ဟေ့လူ၊ နံလိုက်တာဗျာ”
စဏ္ဍာလဦးလေးကြီး ချုံထဲပြန်ခုန်ဝင်သွားတယ်ဗျ၊ ဒီတစ်ခါတော့ နည်းနည်းကြာတယ်၊ ဆယ့်ငါးမိနစ်လောက်ရှိတော့မှ ချုံပုတ်ထဲကနေ လေးဖက်ထောက်ပြီးပြန်ထွက်လာတယ်၊ ကျုပ်လည်း ကျုပ်စောင့်နေတဲ့အချိန်ရောက်ပြီလေဗျာ။
“ကဲ၊ ခင်ဗျားအလှည့်ပြီးပြီ၊ အခုကျုပ်အလှည့်၊ ဟဲ့ ငဖြူ၊ ငနက် ထွက်ခဲ့ကြစမ်း၊ ဒီကောင်ကြီးကို ဆုံးမလိုက်ကြ”
ကျုပ်အော်လိုက်တဲ့အချိန်မှာပဲ ရွာထဲကနေ တစ်ကိုယ်လုံးဖြူဆွတ်နေတဲ့ ဘီလူးကြီးတစ်ကောင်ရယ်၊ တစ်ကိုယ်လုံးမည်းနက်နေတဲ့ ဘီလူးကြီးတစ်ကောင်ရယ်ပြေးထွက်လာတကြတယ်၊ လက်ထဲမှာလည်း ရဲဒင်းတွေကိုယ်စီကိုင်လို့ဗျ၊ ဒီဘီလူးကြီးတွေမြင်တော့ ဝမ်းလျောပြီး မြော့မြော့ပဲကျန်တဲ့ စဏ္ဍလဦးလေးကြီးမှာ တစ်ချိုးတည်းထပြီး ပြေးတော့တာပဲဗျာ၊ ဘီလူးကြီးတွေကလည်း ပြေးလိုက်ကြရင်း နည်းနည်းလှမ်းသွားတော့ အသံနက်ကြီးနဲ့ အော်ရယ်ကြတယ်။
“ဟား၊ ဟား နိုင်ပြီ၊ ကဝေပျံကို ကျုပ်နိုင်ပြီ”
ကျုပ်ဘယ်လိုနိုင်သလဲဆိုတာ ခင်ဗျားတို့သိချင်ကြတယ်မဟုတ်လား၊ ကျုပ်လည်း ဘာပညာမှ မသုံးလိုက်ရပါဘူးဗျာ။ ဆေးဆရာဦးမှတ်ကြီးဆီ ဆေးသွားယူရင်း ဝမ်းနှုတ်ဆေးပုလင်းကြီးတွေ့တော့ ကျုပ်လည်း ဦးဘသာပြောတာကို ပြန်သတိရသွားတယ်၊ စုန်းကလည်း အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာပဲမဟုတ်လား ဆိုတာပေါ့ဗျာ၊ ဒါနဲ့ အကိုကြီးအတွက်ဆိုပြီး ဝမ်းနှုတ်ဆေးတွေ ယူခဲ့တယ်လေဗျာ။
ဟန်ကျပုံများကတော့ အိမ်ရောက်တော့ ကြက်ကလီစာကို မဆလာနိုင်နိုင်နဲ့အုပ်ထားသတဲ့၊ ဒါနဲ့ အနံ့ပြင်းတဲ့ ဝမ်းနှုတ်ဆေးတွေကို ကြက်ကလီဟင်းမွှေးမွှေးနဲ့ရောလိုက်တော့ သူတို့မသိနိုင်တော့ဘူးမဟုတ်လား၊ ထမင်းတွေကို ကျုပ်စားမယ်လို့ အမေ့ကိုပြော လိမ်ယူပြီးတော့ နွားကျောင်းသားလေးတစ်ယောက်ကို ဇရပ်ကိုသွားပို့ခိုင်းတာပေါ့ဗျာ၊ သူတို့လည်း သူတို့ပညာနဲ့ အစားအသောက်ကို စစ်ချင်စစ်မှာပေါ့၊ ဒါပေမယ့် မဆလာနဲ့ရောနေတဲ့ ဝမ်းနုတ်ဆေးကိုတော့ ဘယ်စစ်နိုင်ပါ့မလဲ၊ ဟင်းကောင်းထမင်း ကောင်းနဲ့ဆိုတော့ တ၀တပြဲစားကြမယ်မဟုတ်လား။ ဒီတော့ ညနေရောက်တဲ့အခါ ဦးမှတ်ကြီးရဲ့ ဝမ်းနုတ်ဆေးက အစွမ်းပြပြီလေဗျာ။ ကျုပ်အကြံမပိုင်ဘူးလား။
ငဖြူ၊ ငနက် ဘီလူးကြီးနှစ်ကောင်က ရဲဒင်းကြီးထမ်းပြီး ကျုပ်ဆီကိုလာခဲ့ကြတယ်၊ တကယ်တော့ အဲဒီနှစ်ယောက်ကလည်း ဘီလူးကြီးမဟုတ်ဘူးဗျ၊ ရွာထဲက သန်သန်မာမာထွားထွားကျိုင်းကျိုင်း ဦးတုတ်ကြီးနဲ့ ကိုဗလကြီးတို့ကို တစ်ယောက်ကို နှစ်ရာပေးမယ်လို့ပြောပြီး ခေါင်းတုံးပြောင်အောင်တုံး၊ တစ်ယောက်ကို ဘုန်းကြီးကျောင်းက မိုးပြဲဒယ်ဖင်က အိုးမဲတွေလူး၊ နောက်တစ်ယောက်ကိုတော့ ထုံးတွေနဲ့ပွတ်ပြီးတော့ ရဲဒင်းနဲ့ဘီလူးဟန်ဆောင်ပြီး လိုက်ခိုင်းတာပဲဗျာ၊ ကျုပ်ရဲ့ လုပ်ဘီလူးတွေကိုတွေ့တော့ ကဝေပျံတောင် မခံနိုင်လို့ ကြောက်ပြီးပြေးကြတယ်မဟုတ်လား။
လုပ်ဘီလူးကြီးနှစ်ကောင်က ကျုပ်ရှေ့မှာလက်ဖြန့်တယ်။
“အလတ်ကောင်၊ မင်းပြောတဲ့နှစ်ရာကိုငါတို့အခုလိုချင်တယ်”
ကျုပ်လည်း အင်္ကျီအိတ်ကပ်တွေကို စမ်းလိုက်တော့ နှစ်ရာမပြောနဲ့ မတ်စေ့တစ်စေ့တောင်မရှိပါဘူးဗျာ၊ ဒါနဲ့ ကျုပ်လည်း သွားဖြဲလိုက်ပြီး
“ဟီး . . .ဟီး၊ အခုတော့ မရှိသေးဘူးဗျာ၊ အကြွေး . . . အကြွေးမှတ်ထားပေါ့”
ဘီလူးကြီးတွေက ကျုပ်ကိုဒေါသမျက်လုံးတွေနဲ့ကြည့်ကြတယ်။
“မင်းအတွက်နဲ့ငါတို့မှာ ခေါင်းတုံးလည်းတုံးရ၊ တစ်ကိုယ်လုံးလည်းပေကျံရနဲ့၊ အခုတော့ အကြွေးတဲ့လား၊ အေး . . . ငါတို့ကလည်း အကြွေးတော့မယူဘူး၊မင်းကိုပဲ ဝိုင်းသမမယ် . . . လာခဲ့”
သူတို့ပြောတဲ့အချိန်မှာပဲ ကျုပ်လည်း ဖိနပ်နှစ်ဖက်ကိုချွတ်၊ လက်မှာကိုင်ပြီးတော့ ရွာထဲကိုထွက်ပြေးတာပေါ့ဗျာ၊ ကျုပ်ဖန်တီးထားတဲ့ လုပ်ဘီလူးကြီးနှစ်ကောင်က ကျုပ်အနောက်ကို ပြန်လိုက်ကြပါရောဗျို့။
ပြီးပါပြီ။