အတွဲ(၃) စာစဉ်(၇)
(ထမင်းစားတုန်း မဖတ်ရ)
(၁)
ကျုပ်တို့နယ်မှာ ဆိုရိုးစကားတစ်ခုရှိတယ်ဗျ၊ “တောသားချေးကြောက်၊ မြို့သား ရွံ့ကြောက်” တဲ့ဗျ၊ ဒီစာဆိုကို ရုတ်တရက်ဖတ်လိုက်ရင်တော့ ဘာကိုဆိုလိုမှန်းသိမှာမဟုတ်ဘူးဗျ၊ မြို့သားတွေက တောကိုလာရင် ရွံ့တွေဗွက်တွေထဲဆင်းရမှာကြောက်တယ်၊ ဖိနပ်မှာ ရွံ့ဗွက်တွေပေရင် မနေတတ်ဘဲ ဆေးချလေ့ရှိလို့ မြို့သားရွံ့ကြောက်လို့ ခေါ်တာပေါ့ဗျာ၊ ဒါက မဆန်းပါဘူး။
တောသားချေးကြောက်ဆိုတာကတော့ တခြားအရပ်မှာတော့ ဟုတ်မဟုတ်မသိပေမယ့် ကျုပ်တို့အရပ်မှာတော့ သိပ်ဟုတ်သဗျ၊ တောသားတွေက ချေးပါပြီးရင် လက်နဲ့ထိမှာကို တအားရွံတာပေါ့ဗျာ၊ ဒါကြောင့် ကိစ္စ ပြီးရင် လက်နဲ့မရှင်းဘဲ ချေးကုန်းတဲ့တုတ်နဲ့ရှင်းတယ်၊ ဒါမှ မဟုတ် စာရွက်နဲ့သုံးပြီး ဖြေရှင်းကြတယ်ပေါ့ဗျာ။
အဲဒီခေတ်တုန်းက ကျုပ်တို့ရွာမှာ အိမ်တိုင်း အိမ်သာမဆောက်ကြဘူး၊ ရှိတဲ့အိမ်သာကလည်း ဒီအတိုင်း ကျင်းတူးပြီးတော့ သစ်သားတန်းခံထားတဲ့ အိမ်သာတွေချည်းပါပဲ၊ ရေလောင်းအိမ်သာဆိုတာ ပေါ်လည်းမပေါ်သေးသလို အိမ်သာတက်ရင် ရေကိုလည်းမသုံးကြဘူး။ ကျုပ်တို့အိမ်မှာတောင်မှ သူကြီးအိမ်မို့ ဧည့်သည်ဆောင်သည်လာတတ်လို့ အိမ်သာတစ်လုံးအဖြစ်ဆောက်ထားပေမယ့် ဘယ်သူမှ မသုံးကြပါဘူးဗျာ၊ ကိစ္စဖြစ်လာရင် ခြံနောက်ဘက်ကိုအမြန်ပြေး လမ်းမှာတွေ့တဲ့တုတ်တစ်ချောင်းနှစ်ချောင်းကောက်ပြီးတော့ အိမ်နောက်ဖေးမှာ တောထအောင်ပေါက်နေတဲ့ ချုံထဲဆင်းပြီးတော့ ကိစ္စရှင်းလိုက်ရတာမဟုတ်လား။ ကိစ္စပြီးရင်တော့ ချေးကိုလက်နဲ့ထိမှာစိုးလို့ အဲဒီတုတ်ကလေးနဲ့ ကလော်ချပြီးတော့ တုတ်ကို ပုံပုံမှာ ထိုးစိုက်လိုက်ကြသေးတယ်၊ ပြီးတော့ ပုဆိုးပြင်ဝတ်ပြီး ပုဆိုးခါးပုံစနဲ့လက်သုတ်လိုက်ရင် အင်အင်းပါတဲ့ကိစ္စက ပြီးပြီပေါ့ဗျာ။ ယောက်ျားမိန်းမ၊ ကြီးကြီးငယ်ငယ်၊ ပျိုပျိုအိုအို အဲဒီလိုပဲသွားကြတာဗျ၊ ပြီးရင် အဲဒီပုံပုံတွေကို အပြတ်ရှင်းမယ့်ကောင်တွေက အဆင်သင့်ပဲမဟုတ်လား။ ဘယ်သူရှိရမှာလည်းဗျာ၊ ရွာထဲမှာ မွေးချင်တိုင်းမွေး၊ ပေါက်ချင်တိုင်းပေါက်နေကြတဲ့ ခွေးလေခွေးလွင့်တွေပေါ့ဗျ။
ကျုပ်ကြားဖူးတာကတော့ တောင်သာတို့၊ မြစ်သားတို့ဘက်ဆိုရင် အရင်က ရွာထဲအိမ်သာမဆောက်ရဆိုပြီးတော့ကို အမိန့်ထုတ်ထားကြတာဗျ၊ ဘာလို့လဲဆိုရင် ခုနကပြောသလို ချေးကြောက်လို့ပဲလေ၊ အိမ်သာရှိရင် ယင်အုံတယ်၊ အဲဒီယင်တွေက အစားအသောက်တွေကို ကပ်ရင် ရောဂါရတယ်ဆိုပြီး အိမ်သာကိုမဆောက်ခိုင်းဘူးတဲ့၊ အားလုံးက တောစပ်သွားပြီးတော့ ကိစ္စရှင်းရတယ်ဆိုပဲဗျ၊ ခုခေတ်တော့ အတော်ပြောင်းလဲသွားပြီပေါ့ဗျာ၊ အိမ်တိုင်းအိမ်တိုင်းမှာ အိမ်သာတွေရှိကြတယ်၊ ဘိုထိုင်တွေ၊ ကြွေခွက်တွေနဲ့ ဖြစ်ကုန်ပြီလေ၊ အိမ်သာကလည်း ဆားဗစ်ကျင်းတွေဆိုတော့ အရင်က ပက်လက်အိမ်သာလို အနံ့တွေဘာတွေ မထွက်တော့ဘူးမဟုတ်လား၊
(၂)
အိမ်သာတက်တဲ့အခါ သုံးတဲ့တုတ်ကို ခနောင်းတံ၊ ခနောင်းတုတ်လို့ခေါ်တယ်ဗျ၊ ခနောင်းဆိုတဲ့သစ်သားနဲ့လုပ်ထားတာကိုပြောတာမဟုတ်ဘူး၊ အဲဒီ ချေးကုန်းတံအတံကိုခေါ်တာပါ၊ “လူကြံရင် ထရံတောင်ခနောင်းတုတ်ဖြစ်တယ်” ဆိုတဲ့ စကားပုံတောင်ရှိသေးတယ်မဟုတ်လား၊ အဲဒီစကားပုံက အဟုတ်ဗျို့၊ ပြောပြရအုံးမယ်။
ကျုပ်တို့အိမ်နဲ့ အိမ်သာနဲ့က အတော်လှမ်းတယ်၊ ပေနှစ်ရာနီးပါးလောက်ရှိမယ်ထင်တယ်၊ အဲဒီအိမ်သာနဲ့ ကျုပ်တို့ ကိစ္စ ရှင်းတဲ့ ချုံနဲ့ကလည်း ပေတစ်ရာလောက်ဝေးသေးတယ်ဗျ၊ ဒီတော့ အဲဒီချုံဘက်က အနံ့အသက်တွေက အိမ်ကိုပြန်လာဖို့မလွယ်ဘူး၊ လေသင့်မှသာ တစ်ချက်တစ်ချက် မွှေးတတ်တာ၊ သာမန်အပေါ့သွားဘာညာကတော့ မိန်းကလေးတွေဆိုရင် အိမ်နောက်ဖေးက ရေချိုးတဲ့နားမှာ ထိုင်ရှင်းလိုက်တာပဲ၊ ယောက်ျားလေးတွေဆိုရင်လည်း အိမ်နောက်ဝါးရုံအောက်နားမှာပဲ ရှင်းလိုက်ကြတာများတယ်ဗျ။
ဗိုက်ဆိုတာကလည်း အချိန်ပြည့်နာတာမဟုတ်ဘူးလေ၊ ကိစ္စက ထိပ်၀ရောက်လာမှသာ နာတတ်ကြတာမဟုတ်လား၊ တစ်ခါတစ်လေ အလုပ်နဲ့လက်နဲ့မပြတ်ရင် အောင့်ထားလိုက်ကြသေးတယ်၊ မထိန်းနိုင်တော့ဘူးဆိုမှ အိမ်နောက်ဖေးကိုပြေးကြတာမဟုတ်လားဗျာ။ ကျုပ်တို့လည်းဒီအတိုင်းပေါ့၊ မအောင့်နိုင်တော့ အိမ်နောက်ကိုပြေးခဲ့တာပေါ့ဗျာ။
ကိစ္စက နီးနေပါပြီဆိုမှ အရေးထဲ ခနောင်းတံက ရှာနေရသေးတယ်၊ လမ်းသွားရင်းနဲ့ ဘယ်တုတ်ကို ခနောင်းလုပ်ရပါ့မလဲဆိုပြီး ကြည့်သွားတာ၊ ဖြစ်ချင်တော့ အမေတို့က တံမြက်စည်းလှဲထားတော့ ဘာတုတ်တစ်ချောင်းမှကိုမတွေ့ဘူးဗျာ၊ ဒါနဲ့အိမ်သာအနားကိုရောက်လာတာပေါ့၊ အိမ်သာထရံကိုကြည့်လိုက်တော့ အဖေက ထုံးနဲ့ရေးထားတဲ့ လက်ရေးဝိုင်းဝိုင်းကိုတွေ့လိုက်ရတယ်။
“အိမ်သာထရံမချိုးရ”
ကျုပ်လည်း ကိစ္စက ထွက်တော့မယ်ဆိုတော့ အကိုကြီးပြောတဲ့နည်းလမ်းကို သွားသတိရတယ်။
“အလတ်ကောင်ရ၊ ခနောင်းရှာမရရင် အိမ်သာထရံသာချိုးကွ”
“ဟာ၊ ဖြစ်ပါ့မလားအကိုကြီးကလည်း၊ အဖေက ထရံမချိုးရလို့ရေးထားတယ်မဟုတ်လား”
“မင်းတော်တော်တုံးတဲ့ကောင်ပဲကွ၊ ငါပြောမယ်၊ ထရံကို မြင်သာတဲ့နေရာကမချိုးနဲ့ကွာ၊ ထရံအောက်နားက တိုင်နဲ့အုပ်နေတဲ့နေရာတို့၊ ထရံအထက်နားက ခေါင်မိုးနဲ့ကပ်နေတဲ့နေရာတို့ကနေ ချိုးကွ၊ တခြားနေရာက ချိုးရင် အဖေမြင်လိမ့်မယ်”
ကျုပ်လည်း အဲဒီစကားကို ပြန်သတိရလိုက်ပြီးတော့ ထရံနဲ့သစ်သားတိုင်နဲ့တွဲထားတဲ့ ထရံအောက်နားကို လက်နဲ့စမ်းလိုက်တယ်၊ အံမယ်၊ အကိုကြီးက တော်တော်ချိုးထားတဲ့ပုံပဲ၊ ထရံစတွေ သိပ်မရှိတော့ဘူးဗျ၊ ကျုပ်လည်း ဒါနဲ့ ထရံအပေါ်က ခေါင်မိုးနဲ့ကပ်နေတဲ့ ထရံစကို ချိုးတာပေါ့ဗျာ၊ လေးလက်မလောက် ထရံစရတယ်ဆိုရင်ပဲ ချုံတောထဲကို အမြန်ပြေးဝင်ခဲ့တာပဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း ငါတော်တော်လည်တာပါလားဆိုပြီး ကျေနပ်နေမိတာပေါ့ဗျာ။
ဒီလိုနဲ့ နောက်ပိုင်း အိမ်သာသွားလို့ ခနောင်းအလွယ်တကူရှာမတွေ့ရင် ထရံစပဲ ချိုးတော့တာ၊ ကိုယ်တစ်ယောက်တည်းချိုးနေတာဆိုတော့ ဒီထရံအကြီးကြီးက ဘယ်လိုလုပ်ပြီး ကုန်မှာလည်းဗျာ။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ ရွာကို မြိုင်သာကကောင်စီလူကြီးတွေရောက်လာကြတယ်၊ ရွာမှာ အလှူလုပ်လို့ လာစားသောက်ကြတာပေါ့ဗျာ၊ ပြီးတော့ အိမ်ကိုဝင်ပြီး အဖေနဲ့စကားစမြည်ပြောတာပေါ့၊ ကျုပ်တို့ကလည်း နေ့လည်စာချက်ကျွေးတာပေါ့ဗျာ။
ကောင်စီလူကြီး ကတော်က မကြူလို့ခေါ်တယ်ဗျ။ ကောင်စီလူကြီးနာမည်က ဦးသောင်းတန်တဲ့ဗျ။၊ အဲဒီမကြူက ငယ်ငယ်ချောချောပဲဗျ၊ သိပ်လည်းရှက်တတ်တာ၊ လူတွေရှေ့မှာတောင်မှ အစားမစားဘူးဗျာ၊ ရေတွေဘာတွေသောက်ရင်လည်း တစ်ဖက်လှည့်သောက်တာ၊ အမြဲတမ်း ခေါင်းတငုံ့ငုံ့နဲ့ပေါ့ဗျာ၊ အင်းလေ၊ ခင်ဗျားတို့လည်း ဒီလိုသိပ်ရှက်တတ်တဲ့လူတွေနဲ့ ကြုံရင်ကြုံဖူးကြမှာပါ။
မကြူက အသက်သုံးဆယ်လောက်ပဲရှိအုံးမယ်၊ အရွယ်ကောင်းလေးပေါ့ဗျာ၊ အသားခပ်လတ်လတ်နဲ့ အဆိုတော် နီနီဝင်းရွှေနဲ့တောင် ဆင်သေးတယ်၊ ကောင်စီလူကြီးကတော့ အသက်ခြောက်ဆယ်ကျော်ပေါ့၊ ဒီတော့ အဘိုးကြီးက ကောင်မလေးငယ်ငယ်ရထားတယ်ဆိုပြီး သူ့မိန်းမတော်ကြောင်းချောကြောင်းတွေ လွှတ်ကြွားတာပေါ့ဗျာ၊ သူက ကြွားလေလေ၊ သူ့မိန်းမက ရှက်လို့ ခေါင်းမဖော်နိုင်လေပဲ။
နေ့ခင်းထမင်းစားပြီးတော့ မကြူမျက်နှာပျက်သွားတယ်၊ နောက်တော့ သူ့ယောက်ျားကိုလက်ကုပ်ပြီးတော့ တိုးတိုးကပ်ပြောတယ်ဗျ၊ ဒီမျက်နှာကိုကြည့်လိုက်ကတည်းက ဗိုက်နာပြီး အိမ်သာတက်ချင်မှန်း ကျုပ်တို့သိလိုက်ပါပြီ၊ ထင်တဲ့အတိုင်းပဲ ဦးသောင်းတန်က အဖေ့ကိုကြည့်ပြီး
“ခင်ဗျားတို့အိမ်မှာ အိမ်သာရှိရဲ့လား”
“ရှိပါ့ဗျာ”
“လုံရော လုံရဲ့လား”
“လုံပါတယ်၊ ဧည့်သည်ဆောင်သည်လာတတ်လို့ သေသေချာချာဆောက်ထားတာပါ”
ဒါနဲ့ ဦးသောင်းတန်နဲ့ မကြူတို့ အိမ်သာကိုလာကြည့်တယ်၊ အိမ်သာက သပ်သပ်ရပ်ရပ်လုံလုံခြုံခြုံမို့ မကြူက အိမ်သာတက်တောပေါ့ဗျာ၊ ခနောင်းနဲ့မသုံးတတ်ဘူးဆိုလို့၊ စာရွက်ရှာပေးရသေးတယ်၊ မကြူအိမ်သာပေါ်အတက်မှာ အိမ်သာတံခါး ကျည်းဘောင်မှာ မြွေစိမ်းတစ်ကောင် တွဲလောင်းခိုနေတယ်ဗျ။
“အောင်မယ်လေး၊ မြွေကြီး . . . မြွေကြီး”
သူ့ယောက်ျားကိုသူ ပြေးဖက်တာပေါ့၊ ကျုပ်လည်း အဲဒီမြွေကလေးကို အမြီးကနေဆွဲပြီးတော့ ဟိုးဝါးရုံစပ်ထဲကို ပစ်ထည့်လိုက်တာပဲဗျာ၊ မြွေဆိုတာ ကျုပ်တို့ဘက်မှာတော့ သိပ်အဆန်းမဟုတ်ပါဘူး၊ ဒါပေမယ့် မကြူကတော့ တော်တော်ကြောက်နေတာဗျ။ ဒါနဲ့ အဖေက ကျုပ်တို့ဘက်ကိုလှည့်ကြည့်ပြီး
“သားကြီးနဲ့သားလတ်၊ အိမ်သာအနီးအပါးကို နည်းနည်းခြောက်လှန့်ပေးလိုက်ပါကွာ၊ အကောင်တွေ ဘာတွေရှိရင် ပြေးအောင်လို့”
ကျုပ်တို့လည်း ခြောက်လှန့်ပေးလိုက်တာပေါ့၊ ကောင်စီလူကြီးကတော် အော်သံကြားတော့ အိမ်ရှေ့က တခြားလူကြီးတွေလည်းပြေးလာတာပေါ့ဗျာ။ မကြူလည်း ရှက်ရှက်နဲ့ အိမ်သာထဲပြေးဝင်သွားတော့တယ်၊ ကျုပ်တို့လည်း အိမ်သာအနားက ချုံပင်၊ မြက်ပင်တွေကို ဝါးလုံးပိုင်းတစ်ခုနဲ့ ခြောက်လှန့်ရိုက်ထုတ်နေရင်း ဖြစ်ချင်တော့ ဝါးလုံးပိုင်းက အိမ်သာဘေးဘက်ထရံကိုသွားရိုက်မိတယ်ဗျ။
“ဂျွတ် . . . ဝုန်း” ဆိုတဲ့အသံကြီးနဲ့အတူ အိမ်သာဘေးဘက်ထရံကြီးက အချပ်လိုက်ကြီး ကွာကျသွားပါရောဗျာ၊ အားလုံးကလည်း အံ့ဩပြီးဝိုင်းကြည့်ကြတာပေါ့၊ အရမ်းရှက်တတ်တဲ့ မကြူတစ်ယောက် အိမ်သာထရံကြီးပွင့်ထွက်ပြီး ထမီကြီးမလို့ ဖင်ပြောင်ကြီးနဲ့ထိုင်နေတာကို ရွာကလူကြီးတွေရော ကောင်စီအဖွဲ့ဝင်လူကြီးတွေပါ တွေ့သွားတာပေါ့ဗျာ။
ကျုပ်လည်း ဘာလုပ်ရမှန်းကိုမသိတော့တာဗျ၊ အဲဒီထရံကြီးက ဘယ်သူ့လက်ချက်ဖြစ်မလဲဗျာ၊ အကိုကြီးနဲ့ ကျုပ်ရဲ့လက်ချက်ပေါ့၊ ထရံထိပ်နဲ့အောက်စကို ချိုးချိုးပြီးသုံးထားတော့ ထရံနဲ့ တိုင်ကို တွဲရိုက်ထားတဲ့ ထရံသားတွေပါ ကျိုးကုန်တာကိုးဗျ၊ ထရံက တဲတဲကလေးရှိတော့တဲ့အထဲ ကျုပ်ကဝါးလုံးနဲ့ရိုက်လိုက်တော့ ထရံကြီးရဲ့ဝိတ်ကို ကျန်တဲ့ထရံစတွေက မခံနိုင်တော့ဘဲ ကျိုးကျကုန်တောပေါ့ဗျာ။
အကိုကြီးက ပြေးလာပြီးတော့ ထရံစကြီးကိုကောက်တယ်၊ ကျုပ်လည်း ထရံစတစ်ဖက်ကိုကိုင်ပြီး အိမ်သာဘေးမှာ ပြေးကပ်ထားလိုက်တာပေါ့ဗျာ၊ ကျုပ်လည်း အယောင်ယောင်အမှားမှားနဲ့ပြောလိုက်သေးတယ်။
“အမ၊ ကျုပ်တို့ဘာမှ မမြင်လိုက်ဘူး၊ ပါစရာရှိတာသာ ဆက်ပါစမ်းပါဗျာ”
ကျုပ်ပြောလိုက်တော့မှ မကြူလည်း အိမ်သာပေါ်ကဆင်းပြေးတော့တာပဲဗျာ၊ သူတို့လင်မယားလည်း ထမင်းတောင်မစားတော့ဘဲ လှည်းတစ်စီးနဲ့ပြန်ပြေးကြပါရောလားဗျာ၊ အလွန်ရှက်တတ်တဲ့ မကြူတစ်ယောက် လူပုံအလယ်မှာ ဖင်ပြောင်ကြီးနဲ့ဖြစ်နေတာဆိုတော့ ဘယ်လောက်များရှက်လိမ့်မလဲဗျာ။ အဖေကတော့ နားမလည်နိုင်ဘူးဖြစ်နေတယ်ဗျ၊ ကျုပ်နဲ့အကိုကြီးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
“ထရံက ဆွေးသွားတာဖြစ်မယ်အဖေရ”
“အေးကွ၊ ထရံအလယ်ပိုင်းကျမဆွေးဘဲ၊ ဘာလို့ထိပ်ပိုင်းတွေ ဆွေးသွားရတာပါလိမ့်”
အဲဒီမေးခွန်းကို အဖေက တစ်သက်လုံးအဖြေဖော်နိုင်ခဲ့မယ် မထင်ပါဘူးဗျာ။
(၃)
“ဟဲ့မသန်းတို့၊ အငယ်မတို့”
အိမ်ရှေ့မှာ တောင်းကြီးရွက်ပြီးတော့ အော်သံကြားလိုက်တော့မှ ကျုပ်တို့ကြီးဒေါ်ကြီးရဲ့အသံဖြစ်နေတယ်ဗျ၊ ဒါနဲ့ ကြီးဒေါ်ကြီးကို ပြေးကြိုကြတာပေါ့ဗျာ၊ ကြီးဒေါ်ကြီးရဲ့ နာမည်က မတင်သန်းတဲ့ဗျ၊ လူက အသက်ခြောက်ဆယ်ကျော်ခုနစ်ဆယ်နီးပါးပေါ့ဗျာ၊ လူကတော့ ၀၀တုတ်တုတ်ကြီးဗျ၊ သူက ပဲခူးသားနဲ့အိမ်ထောင်ကျထားတာဆိုတော့ တစ်နှစ်တစ်ခါလောက်တော့ ကျုပ်တို့ဆီကို လာလေ့ရှိတယ်။
သူလာရင် ငါးရံ့ခြောက်တို့၊ ငါးပိကောင်တို့ ပါလာတတ်တယ်၊ ရွာမှာ အဲဒါတွေကို ရောင်းချငွေဖော်ပြီးတော့ တစ်ပတ်နှစ်ပတ်လောက်နေပြီး ပြန်တာပေါ့ဗျာ။ အခုလည်း အိမ်ရောက်ကတည်းက ကြီးဒေါ်ကြီးက ဟောင်ဖွာဟောင်ဖွာနဲ့ပြောနေတော့တာပဲ။
ကြီးဒေါ်ကြီးက စကားပြောကောင်းတယ်ဗျ၊ သူ့ယောက်ျားက ပဲခူးက ဟံသာသိန်းဇော်ဇတ်ထဲလိုက်တဲ့ လူရွှင်တော်ကိုးဗျ၊ ဒီတော့ စကားပြောရင် အာပေါင်အာရင်းသန်သန်နဲ့ ရယ်စရာမောစရာလေးတွေလည်း ထည့်ထည့်ပြောတတ်တာပေါ့၊ ဒါပေမယ့် ကြီးဒေါ်ကြီးမှာ မကောင်းတဲ့အချက်ကတော့ ဘွင်းဘွင်းကြီးပြောတတ်တာပဲဗျ။
“အလတ်ကောင်ရယ်၊ နင့်အသားတွေကလည်း မည်းသွားလိုက်တာ၊ မီးသွေးတောင် နင့်တွေ့ရင်ငိုရမယ်”
ကျုပ်ကတော့ စိတ်ထဲမထားတတ်လို့ ခပ်ပြုံးပြုံးပေါ့ဗျာ၊ အကိုကြီးကိုလည်းကြည့်ပြီးတော့
“အကြီးကောင်ကိုကြည့်ပါအုံး၊ ဦးထုပ်ဆောင်းတာများ မသိရင် မီးလောင်ပြီးသားသစ်ငုတ်တိုမှာ ပုံးစုတ်ကိုစွပ်ထားတဲ့အတိုင်းပဲ”
သူကပြောလိုက် ကျုပ်တို့ကရယ်လိုက်နဲ့ပေါ့ဗျာ။
“ဟဲ့ နင်တို့ဘယ်သွားမလို့လဲ”
“လယ်ထဲသွားမလို့ပေါ့ဗျ၊ ဘာလဲ ကြီးဒေါ်က လိုက်မလို့လား”
“အေးဟယ်၊ နင်တို့မျိုးတွေ ဘယ်လောက်သန်တယ်ဆိုတာ ငါလည်း လိုက်ကြည့်ချင်စမ်းတယ်”
ဒါနဲ့ပဲ ကျုပ်တို့မောင်နှမတွေ လယ်ထဲဆင်းတော့ ကြီးဒေါ်ကြီးပါလိုက်လာတာပေါ့ဗျာ၊ အကိုကြီးကို အဖေကလယ်တွေခွဲပေးထားတာဆိုတော့ အကိုကြီးကတစ်လမ်းပေါ့၊ ကျုပ်ရယ်၊ အငယ်ကောင်ရယ်၊ ညီမနှစ်ယောက်ရယ် လယ်တဲကိုလာခဲ့တာပေါ့ဗျာ၊ ပျိုးတွေကတော့ ကောင်းနေပြီ၊ မကြာခင် ကောက်စိုက်ရတော့မယ့်အချိန်ပေါ့ဗျာ၊ လယ်တဲထဲမှာ ကြီးဒေါ်ကြီးက သူ့ဖိနပ်ကိုဖင်ခုထိုင်ပြီး အာပေါင်အာရင်းသန်သန်နဲ့ စကားတွေပြောနေတာကို ဦးဘသာကြီးကလှမ်းကြည့်တယ်ဗျ၊ ပြီးတော့ ကျုပ်တို့အနားကိုရောက်လာတယ်၊ ကြီးဒေါ်ကြီးက ဦးဘသာတဲအနားကိုလျှောက်လာတာကိုကြည့်ရင်း
“ဟိုလူကြီးကိုကြည့်စမ်းပါအုံးအေ၊ နဖူးကြီးက လေယာဉ်ကွင်းလောက်ကိုပြောင်တယ်၊ လူကလည်း ပိန်ပိတ်ချုံးချုံးနဲ့ ငါအစက လယ်စောင့်သရဲကြီး လမ်းလျှောက်လာတာလားလို့တောင် ထင်နေမိတာ”
ဦးဘသာလည်း တစ်လှမ်းချင်းလျှောက်လာရင်း
“ဟေ့အလတ်ကောင်၊ မင်းတို့လယ်ထဲ ဧည့်သည်ရောက်နေတယ်ထင်ပါ့”
“ဟုတ်တယ်ဦးဘသာရေ၊ ဒါက ကျုပ်ကြီးဒေါ် မတင်သန်းတဲ့”
ဦးဘသာက နားလေးနေတဲ့ဟန်ပြုလုပ်လိုက်ပြီးတော့
“ဘာ၊ မဆင်သန်းဟုတ်လား၊ နာမည်နဲ့လူနဲ့တော့လိုက်ပါ့ကွာ၊ ပေးလည်းပေးတတ်တယ်”
ဦးဘသာက တဲထဲကိုလှမ်းဝင်လာတယ်၊ ကြီးဒေါ်ကတော့ ဘယ်ကျေနပ်ပါ့မလဲ၊ သူ့ကိုယ်လုံးက ၀၀ဖိုင့်ဖိုင့်နဲ့ ခင်ဗျားတို့မြင်သာအောင်ပြောရမယ်ဆိုရင် ရုပ်ရှင်သရုပ်ဆောင် ကြူကြူသင်းလို ပုံမျိုးပေါ့ဗျာ။ ကြီးဒေါ်ကြီးက ဦးဘသာကိုမျက်စောင်းထိုးရင်း
“အောင်မာ၊ သူ့ကြည့်တော့ ထမင်းခုနစ်နှစ်မစားထားတဲ့ ပြိတာ ရုပ်နဲ့များ၊ လူကို ဆင်သန်းကလေးဘာလေးနဲ့၊ ကျုပ်နာမည် တင်သန်း”
ကျုပ်တို့လည်း ရယ်ကြတာပေါ့ဗျာ၊
“မသိလို့ပါဗျာ၊ ကျုပ်ကလည်း မျက်စိမကောင်းတော့ ခင်ဗျားကိုလူလို့လှမ်းမမြင်လိုက်ဘူးဗျ၊ ခင်ဗျားက ပုံပုံကြီးထိုင်နေတာဆိုတော့ လယ်ထဲထည့်ဖို့ နွားချေးခြောက်တွေ ပုံထားသလားဆိုပြီးတော့ နည်းနည်းတောင်းဖို့လာခဲ့တာ”
ကြီးဒေါ်နဲ့ ဦးဘသာနဲ့ တစ်ယောက်နဲ့တစ်ယောက် အချေအတင်တွေ နှိပ်နှိပ်ကွပ်ကွပ်တွေ ပြောတော့တာပဲဗျာ၊ ကျုပ်တို့ကတော့ ဘေးနားက နားထောင်ရင်းရယ်တာပေါ့၊ ကြီးဒေါ်ကြီးက တကယ်စိတ်ဆိုးမာန်ဆိုးနဲ့ပြောတယ်ဆိုပေမယ့် ဦးဘသာကတော့ ပြုံးပြုံးပဲဗျ၊ အတော်ကြာအောင်ပြောပြီးတော့မှ
“ပြန်တော့မယ်အလတ်ကောင်ရေ၊ ဆင်ဝှေ့ရန်ရှောင်တဲ့ကွ၊ ဆင်မကြီးဒေါသထွက်နေရင် ငါမနေရဲဘူး၊ သွားပြီဟေ့”
ဦးဘသာက တဖတ်ဖတ်နဲ့လမ်းလျှောက်ပြီးထွက်သွားတယ်ဗျ။ ခြေသံကိုကြားတော့မှ ကြီးဒေါ်က ဦးဘသာခြေထောက်ကို အသေအချာကြည့်တယ်။
“ဟဲ့၊ ဟိုအဘိုးကြီးစီးသွားတာ ငါ့ဖိနပ်နဲ့တူလိုက်တာ”
ကျုပ်ကြည့်လိုက်တော့ ဆင်ကြယ်ဖိနပ် အစိမ်းရောင်ကလေးဗျ၊ အဲဒီခေတ်က ဆင်ကြယ်ဖိနပ်ဆိုတာ တော်ရုံလူမစီးနိုင်ဘူးဗျ၊ ယိုးဒယားဆင်ကြယ်ဖိနပ်ဆိုတာက မှောင်ခိုသွင်းရတာ၊ ကျုပ်တို့ဆီမှာတော့ သိပ်မစီးနိုင်ကြပါဘူး၊ ပြီးတော့ ဆင်ကြယ်ဆိုတာ ယောက်ျား၊ မိန်းမမရွေးဘဲ စီးလို့ရတယ်မဟုတ်လား။ ကျုပ်လည်း အဲဒီဖိနပ်ကိုကြည့်ရင်း အံ့ဩသွားတယ်ဗျ။
“ဟာ၊ ကြီးဒေါ်ကလည်း ကြီးဒေါ်ရဲ့ဖိနပ်က ဖင်ခုထိုင်ထားတာမဟုတ်လား၊ သူက ဘယ်လိုလုပ်ပြီး စီးသွားမှာလဲ”
“အေးဟဲ့ ဟုတ်သားပဲ”
ကြီးဒေါ်က ဒီတော့မှ ဖင်ကိုကြွပြီးတော့ ဖိနပ်ကိုနှိုက်ထုတ်လိုက်တယ်ဗျ၊ ဒီအခါမှာ ကြီးဒေါ်လက်ထဲ ဘာကြီးပါလာသလဲဆိုတော့ ခုံဖိနပ်ကြီးဗျ။ ကြီးဒေါ်ကြီးမှာ အတော်လန့်သွားရှာတာဗျ၊ သူဖင်ခုထိုင်ထားတဲ့ ဆင်ကြယ်ဖိနပ်က အခုတော့ ဦးဘသာစီးနေကျ သရက်သားခုံဖိနပ်ကြီးဖြစ်သွားတာပဲဗျာ၊ ကြီးဒေါ်ကြီးမှာ ငိုချင်ချင်ဖြစ်သွားရှာတယ်။
“ဟဲ့ ဘယ်လိုဖြစ်ရတာလဲ၊ ငါ့ဖိနပ်က ဘာလို့ခုံဖိနပ်ကြီးဖြစ်သွားရတာလဲ”
ဦးဘသာကြီး တစ်ကွက်ပြလိုက်မှန်း ကျုပ်သိလိုက်ပါတယ်၊ အငယ်မတို့ အငယ်ကောင်တို့ဆိုတာ ရယ်လိုက်ကြတာပြောမနေပါနဲ့တော့ဗျာ။ ကြီးဒေါ်က လယ်ထဲကပြန်တော့ အဲဒီခုံဖိနပ်ကို ရိုးချောင်းထဲပစ်ချလိုက်တယ်ဗျ။
“သွားစမ်း ကောင်းကျိုးမပေးတဲ့ ဖိနပ်အစုတ်ကြီး”
ကျုပ်လည်း သူ့ကိုသနားသွားတာနဲ့ ဦးဘသာဆီကိုပြေးလာခဲ့တာပေါ့၊ ဦးဘသာက ခုံဖိနပ်ပဲစီးထားတာဗျ။
“မကောင်းပါဘူးဦးဘသာရာ၊ သူ့ဖိနပ်ပြန်ပေးလိုက်ပါ”
“အေးပါ၊ သူ့ဖိနပ်ကိုငါပြန်ပေးလိုက်ပါပြီ၊ ဒါနဲ့ ငါ့ခုံဖိနပ်တွေ ရေတွေစိုနေပါလား၊ မင်းတို့ဘယ်နားသွားထားတာလဲ”
“ဟင် . . . ဒါဆို”
“ငါက ဖိနပ်ချင်းလဲထားလိုက်တာကွ၊ အခုငါ့ဖိနပ်တွေပြန်ရပြီမို့လို့၊ သူရထားတဲ့ ခုံဖိနပ်ကြီးက သူ့ဖိနပ်ပြန်ဖြစ်သွားလိမ့်မယ်”
“ဟာ၊ ဒါဆိုရင်တော့ သွားပြီဗျာ”
“ဘာဖြစ်လို့လဲကွ”
“သူက ခုံဖိနပ်ကို ရိုးချောင်းထဲကို ပစ်ချလိုက်တာဗျ”
ဒီအတိုင်းဆိုရင်တော့ ယိုးဒယားဆင်ကြယ် ရာဘာဖိနပ်က ရိုးချောင်းထဲမှာ မြောပါသွားလောက်ပြီပေါ့ဗျာ။
(၄)
အိမ်ပြန်ရောက်လို့ အမေ့ကိုပြောပြတော့ အမေက ခွက်ထိုးခွက်လန်ရယ်ပါရော။
“အဲဒီလူကြီးက စုန်းကြီး အမတင်သန်းရဲ့၊ သူနဲ့ သွားပြီးရန်မဖြစ်နဲ့၊ ဟိုက မပြုစားလိုက်တာပဲ ကျေးဇူးတင်ရမှာ”
ဒီတော့မှ ကြီးဒေါ်ကြီးက အတော်ကြောက်သွားရှာတာဗျ။ အဲဒီညက စားသောက်ပြီးတော့ အိပ်လိုက်ကြတာပေါ့ဗျာ၊ မနက်မိုးလင်းတော့ ကြီးဒေါ်ကြီးက သူပါလာတဲ့ ငါးခြောက်တွေကို လည်ရောင်းဖို့ပြင်ဆင်နေတော့တယ်၊ ကျုပ်တို့လည်း လယ်ထဲဆင်းဖို့လုပ်နေကြတာပေါ့ဗျာ၊ အမေက မနက်စာပြင်ပေးတော့ ကျုပ်တို့လည်း စားသောက်နေလိုက်တာပေါ့၊
“အမတင်သန်း၊ မနက်စာစားအုံးလေ”
“အေးအေး၊ စားမယ်၊ ဒါပေမယ့် ရေမိုးချိုးလိုက်အုံးမယ်၊ ပြီးမှစားမယ်”
ကြီးဒေါ်ကြီးက ထမီရင်လျားကြီးနဲ့ အိမ်နောက်ဖေးရေချိုးခန်းဘက်ကို ဆင်းသွားတာပဲဗျာ၊ ကျုပ်တို့ထမင်းစားနေတုန်း ရေတဝေါဝေါနဲ့လောင်းချိုးတဲ့အသံကြားရတယ်၊ ပြီးတော့ ကြီးဒေါ်ကြီးက အော်တော့တာပဲ။
“အောင်မယ်လေး၊ လုပ်ကြပါအုံး”
ရေချိုးရင်း ဘာများဖြစ်သလဲဆိုပြီး ကျုပ်တို့လည်း လက်တောင်မဆေးဘဲ ကြီးဒေါ်ကြီးဆီကို ထပြေးလာတာပေါ့ဗျာ၊ ကြီးဒေါ်ကြီးက ဖင်ကိုလက်နဲ့ပွတ်ရင်း
“အောင်မယ်လေး၊ ပူလိုက်၊ စပ်လိုက်တာ၊ ယားလဲယားတယ်တော့”
ကြီးဒေါ်က ပြောရင်း ဖင်ကိုတဗြင်းဗြင်းနဲ့ပွတ်နေတော့တာပဲ၊ အဖေက အမေ့ကိုကြည့်ရင်း
“မိန်းမရေ၊ မတင်သန်းကို မင်းကြည့်ပေးလိုက်စမ်းပါကွာ”
ဒါနဲ့ပဲ ကြီးဒေါ်ကြီးကို ရေချိုးခန်းထဲကနေ ထုတ်ပြီးတော့ အိမ်ခန်းထဲထည့်ပြီး အမေကကြည့်ပေးတာပေါ့ဗျာ။ နောက်တော့ အခန်းထဲကထွက်လာပြီး
“ဘာမှတော့မတွေ့ဘူး၊ ဒါပေမယ့် သူက စပ်တယ်၊ ပူတယ်၊ ယားတယ်ဆိုပြီးတော့ ကုပ်ပဲကုပ်ဖဲ့နေတာ”
ကြီးဒေါ်က အခန်းထဲမှာ ဖင်ထောင်ပြီးတော့ ကုပ်နေတာပဲဗျာ၊ နောက်တော့ သူက အသေအချာစဉ်းစားရင်း
“ဒါစုန်းလုပ်တာနေမှာ၊ ဒါ ငါ့ကိုစုန်းလုပ်နေတာနေမှာ၊ မနေ့က အဘိုးကြီးက ငါ့ကိုမကျေနပ်လို့ ပြုစားလိုက်တာနေမှာ”
ကြီးဒေါ်ကြီးပြောလည်း ပြောချင်စရာပဲကိုး၊ တစ်မနက်လုံးအကောင်းအတိုင်းပဲလေ၊ ရေချိုးတော့မှ ကောက်ကာငင်ကာ ထဖြစ်တာမဟုတ်လား၊ အမေကတော့ ယားတာယံတာပျောက်အောင် ကရမက်သွေးလူးပေးတယ်၊ ဒါလည်း မသက်သာဘူးဗျ၊ နောက်ဆုံးတော့ အဖေက ကျုပ်ကိုခေါ်ပြောတယ်။
“ကဲ အလတ်ကောင်၊ မင်းကြီးဒေါ်က ပါးစပ်က ဟောင်ဖွာဟောင်ဖွာနဲ့ဆိုတော့ ရွာထဲကမကြည်တဲ့လူတွေများရှိသလားမသိဘူး၊ သွား၊ ဦးသဘာကြီးကို သွားခေါ်လာခဲ့”
ကျုပ်လည်း ဦးဘသာဆီပြေးခဲ့ရတာပေါ့ဗျာ၊ ဦးဘသာက မနက်စာစားရင်း ရေနွေးသောက်နေတယ်။
“ဦးဘသာ အဖေကခေါ်ခိုင်းလိုက်လို့”
“ဘာဖြစ်ရပြန်တာတုံး”
“ကျုပ်ကြီးဒေါ်ကြီး ဖင်တွေယားနေလို့ဗျ”
ဦးဘသာ ထမင်းတစ်လုပ်ဝါးလိုက်ရင်း မျက်နှာကိုမဲ့လိုက်တယ်ဗျ။
“ဟာ၊ မင်းကြီးဒေါ်ကြီး ဖင်ယားတာ ငါနဲ့ဘာဆိုင်လို့လဲကွ”
“ဆိုင်တာမဆိုင်တာတော့ မသိဘူး၊ သူကတော့ စုန်းလုပ်တယ်လို့ပြောတာပဲ၊ အဖေကလည်း ကြီးဒေါ်က ပါးစပ်က ဟောင်ဖွာဟောင်ဖွာနဲ့ဆိုတော့ ရွာထဲက မကြည်တဲ့လူတစ်ယောက်ယောက်ကများ လုပ်သလားလို့ ယူဆတယ်တဲ့၊ အဲဒါ . . ဦးဘသာ လိုက်ကြည့်ပေးစမ်းပါဗျာ”
ဦးဘသာက ထမင်းပန်းကန်ကိုချလိုက်ပြီး ရေနွေးကြမ်းရေနဲ့လက်ဆေးချပြီး ကျုပ်နောက်ကိုလိုက်လာခဲ့တော့တယ်။
အိမ်ကိုဦးဘသာရောက်တာနဲ့ ကြီးဒေါ်ကြီးက အော်ဆဲတာပဲဗျာ။
“လူယုတ်မာကြီး၊ သူတောင်းစားကြီး ငါ့ကိုလုပ်ထားတာကို ပြန်ဖြေပေး”
ဦးဘသာက ခါးထောက်ရင်း
“ဟဲ့၊ ငါနင့်ကိုဘာမှမလုပ်ဘူး”
အဖေက ထလာရင်း
“ဦးဘသာ တစ်ချက်ကြည့်ပေးပါ၊ မနေ့ကလည်းအကောင်း၊ တစ်မနက်လုံးအကောင်းပါပဲ၊ အခုတော့ ခင်ဗျားတွေ့တဲ့အတိုင်းပေါ့”
ကြီးဒေါ်ကြီးရဲ့ ဖင်စအို၀နားက ကုတ်တာများလို့ သွေးစတွေတောင်ထွက်ပြီး အသားတွေလန်နေပြီဗျ။ အငယ်မနဲ့ နို့ညှာမနဲ့က ကြီးဒေါ်ကြီးရဲ့လက်တွေကို ထပ်ပြီးကုပ်မှာစိုးလို့ ဖမ်းချုပ်ထားရတယ်၊ ကြီးဒေါ်က ယားလို့ဆိုပြီးတော့ လူးလွန့်နေတာပဲဗျာ။ ဦးဘသာက အဖေ့ဘက်ကိုလှည့်လိုက်ပြီး
“သူကြီးကို ကျုပ်ပြောမယ်၊ ကျုပ်က စတတ်နောက်တတ်တယ်ဆိုပေမယ့် လူတစ်ယောက်ကို ဒီလိုခံစားရအောင် မလုပ်တတ်ဘူးဆိုတာ သူကြီးယုံပေးပါ”
အဖေက ခေါင်းညိတ်ရင်း
“ယုံပါတယ်ဦးဘသာရယ်၊ အခု ဦးဘသာကို ခေါ်ခိုင်းရတယ်ဆိုတာကလည်း သူ့ပါးစပ်ကြောင့် သူ့ကိုငြိုးတေးထားတဲ့လူ မကြည်တဲ့လူကများ ပြုစားသလားဆိုတာကို စစ်ဆေးပေးဖို့အတွက်ပါ”
ဦးဘသာက ကြီးဒေါ်ကြီးရဲ့ နဖူးကို လက်ဝါးနဲ့အုပ်ပြီး မျက်လုံးမှိတ်လိုက်တယ်ဗျ၊ ပြီးတော့ ခေါင်းခါတယ်။
“ကျုပ်စမ်းသလောက်တော့ ဘာပယောဂမှာ မရှိပါဘူးဗျာ”
အဖေက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ဒါဆိုရင်တော့ ရိုးရိုးရောဂါပဲနေမှာ”
“ရိုးရိုးသာမန်ရောဂါဆိုရင်တော့ ကျုပ်မကုတတ်ဘူးသူကြီးရေ၊ မှတ်ကြီးဆေးကတော့ သိပ်ကောင်းတယ်ဗျ၊ မှတ်ကြီးကို ခေါ်ပြပေါ့”
ဦးဘသာကြီးက အဲဒီလိုပြောပြီးတော့ ပြန်သွားတယ်၊ ဒါနဲ့အဖေက ကျုပ်ကို ဦးမှတ်ကြီးဆီ သွားခေါ်ခိုင်းတာပေါ့ဗျာ၊ ကျုပ်လည်း ဦးမှတ်ကြီးအိမ်ကိုပြေးရပြန်တယ်၊ ဘုရားရှိခိုးနေတဲ့ ဦးမှတ်ကြီးကို စောင့်နေရသေးတယ်။
“ဟာ အလတ်ကောင်ပါလား ဘာ ကိစ္စလဲ”
“ကိစ္စကတော့ ကျုပ်ကြီးဒေါ် ဖင်တွေယားနေလို့ဗျ”
“ဟာကွာ၊ ဖင်ယားတာ ဓါတ်မသွားလို့ဖြစ်မယ်ကွ၊ ဝမ်းနှုတ်ဆေးသောက်ရင် ပျောက်ပါတယ်”
“အဲဒီလိုမဟုတ်ဘူးဗျ၊ မနက်ကအထိအားလုံးအကောင်းပဲ အခုမှ ပူတယ်၊ စပ်တယ်၊ ယားတယ်ဆိုပြီးတော့ လူးလိမ့်နေတာပဲဗျာ၊ ဖင်တွေကိုလည်း ကုပ်ထားတာ အသားနီတောင်လန်နေပြီ”
ဦးမှတ်ကြီးက ကျုပ်ပြောတာကို သေချာနားစိုက်ထောင်ရင်း
“ပယောဂတွေများဖြစ်နေမလား”
“ကျုပ်ခုနကပဲ ဦးဘသာကိုခေါ်ပြီး စစ်ခိုင်းပြီးပါပြီ၊ ဦးဘသာကတော့ ပယောဂမဟုတ်ဘူးလို့ ပြောသွားတယ်”
ဆေးဆရာဦးမှတ်ကြီး ဦးနှောက်ခြောက်သွားပုံပဲဗျ။
“ဒါဆို ခွေးလှေးယားသီးတွေ ဘာတွေများ ထိမိသေးလား”
“ဦးမှတ်ကြီးကလည်းဗျာ၊ ခွေးလှေးယားသီးဆိုတာ တောထဲမှာရှိတာမဟုတ်လား၊ ကျုပ်ကြီးဒေါ်က အကောင်းကြီးဗျှ၊ အိမ်ကနေလည်း ဘယ်မှသွားတာမဟုတ်ဘူး”
“ထူးတော့ထူးတယ်ကွ၊ အေးအေး၊ ငါလိုက်စမ်းပေးမယ်”
ဆေးဆရာဦးမှတ်ကြီးက ဆေးလွယ်အိတ်ကိုလွယ်ပြီး လိုက်ခဲ့တာပေါ့ဗျာ။ အိမ်ရောက်တော့ ကြီးဒေါ်ကြီးကို သွေးတွေလေတွေစမ်းပေးတယ်၊ ဖင်တော့လှန်မကြည့်ပါဘူး၊ သွေးစမ်းလေစမ်းတာလည်း အကုန်အကောင်းပဲဗျ။
“ထူးတော့ထူးပြီဟေ့၊ လောလောဆယ်တော့ ဆေးကြမ်းမှုန့်ကိုရေဖျော်ပြီးတော့ သောက်ခိုင်း၊ လိမ်းခိုင်းစမ်းကွာ၊ ငါကတော့ အကောင်တစ်ကောင်ကောင် ကိုက်တာလို့ပဲထင်တယ်”
ဦးမှတ်ကြီးပေးတဲ့ ဆေးကြမ်းမှုန့်နီနီကိုကျောက်ပြင်မှာ ရေဖျော်ပြီးလူးပေးလိုက်တာပဲ၊ ဆေးကြမ်းဆိုတာက အနာထည့်တဲ့ဆေးကိုခေါ်ကြတာ၊ သွေးထွက်သံယိုတို့၊ အဖုအကြိတ်၊ ထိခိုက်ရှနာဆိုရင် အဲဒီဆေးမှုန့်သိပ်ရင် ပျောက်တယ်လေ။ ဒါပေမယ့် အခုတော့ ကြီးဒေါ်ကြီးဖင်ယားတာက ဘယ်လိုမှ မပျောက်ဘူးဗျာ၊ ဆေးကြမ်းမှုန့်ရေဖျော်လိမ်းလိုက်တော့ ပိုပိုပြီးဆိုးလာတယ်၊ ယားတာလည်းမခံနိုင်လို့ တီကောင်ဆားပက်သလို တွန့်နေတာပဲဗျာ။ ဦးမှတ်ကြီးကတော့ ကောင်းသွားမှာပါလို့ပြောပြီး ပြန်သွားတယ်၊ မကောင်းဘဲ ကျန်နေတာကတော့ ကြီးဒေါ်ကြီးပဲဗျို့။
(၅)
ခဏနေတော့မှ ကျုပ်လည်း သဘောပေါက်သွားတယ်၊ ဒါနဲ့ ဟားတိုက်ရယ်မောရင်း အိမ်ထဲကိုဝင်လာတော့ အိမ်ကလူတွေက ကျုပ်ကိုအထူးအဆန်းနဲ့ ဝိုင်းကြည့်နေကြတယ်။
“ဟဲ့အလတ်ကောင်၊ နေပြင်းလို့များ စိတ်ဖောက်သွားတာလား”
“ဟာ၊ အမေကလည်း ဒီလောက်မိုးအုံ့နေတာကို”
ညီမငယ်ကလည်း ဝင်ပြောတယ်ဗျ၊ ကျုပ်လည်း သူတို့ပြောတာကို ဂရုမစိုက်ပါဘူး။
“လတ်စသတ်တော့ ရုကစိုး နှောင့်နေတာပဲကိုးဗျ”
ကျုပ်ပြောတော့ အဖေကအစ အားလုံးက အံ့ဩတကြီးနဲ့ကြည့်နေကြတယ်၊ ကျုပ်လည်း ခပ်တည်တည်နဲ့ဆက်ပြောတာပေါ့။
“ဘာမှမပူနဲ့၊ ကျုပ် ဆီမန်းမန်းပြီးတော့ ကုသပေးမယ်”
“ဟဲ့အလတ်ကောင်၊ နင်ပေါက်ကရတွေ လျှောက်မလုပ်နဲ့နော်”
ကျုပ်လည်း အမေပြောတာကို ပြန်ဖြေရှင်းမနေတော့ဘူး၊ အငယ်မကိုကြည့်လိုက်ရင်း
“အငယ်မ၊ မုန်ညင်းဆီယူလာပြီးတော့ အကြမ်းပန်းကန်ထဲကို ထည့်လာခဲ့စမ်း”
အငယ်မလည်း မုန်ညင်းဆီပုလင်းကိုပြေးယူပြီးတော့ ရေနွေးသောက်တဲ့ အကြမ်းပန်ကန်လုံးထဲကို တစ်ဝက်လောက်ထည့်လိုက်တာပေါ့ဗျာ၊ ကျုပ်လည်း သူ့ဆီက ဆီပန်းကန်ကိုယူလိုက်ပြီးတော့ နဖူးနားမှာကပ်လိုက်ရင်း
“ဥုံ၊ ဆေးစောင့်၊ ဝါးစောင့်၊ အင်းစောင့်၊ အိုင်စောင့်၊ ကန်စောင့်တို့ အမိန့်နာခံစေ၊ အထက်ဆရာကြီးများအမိန့်၊ ငါ့အမိန့်”
ကျုပ်အသံနက်ကြီးနဲ့အော်နေတာကို အားလုံးက မျက်တောင်မခတ်တမ်းကြည့်နေတာပေါ့ဗျာ။
“ကဲ ဒီကြီးဒေါ်ရဲ့ ဖင်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေအားလုံး ငါ့ရဲ့အမိန့်နဲ့ပျောက်ကင်းစေ”
ကျုပ်က ခပ်တည်တည်နဲ့ပြောရင်း ကြမ်းပြင်ကိုလည်း ခြေဖနောင့်နဲ့ သုံးလေးချက်ဆောင့်လိုက်သေးတယ်၊ ပြီးတော့ ဆီပန်းကန်ကို အငယ်မကိုလှမ်းပေးပြီး
“သွား၊ အငယ်မ၊ ကြီးဒေါ်ရဲ့ဖင်ကို ရေဆေးပြီး ရေခြောက်အောင်သုတ်၊ ပြီးရင် ဟောဒီဆီတွေကို အသားထဲစိမ့်ဝင်သွားအောင် လူးထည့်လိုက်စမ်း”
အငယ်မလည်း ဆီပန်းကန်ယူတယ်၊ တစ်အိမ်လုံးကလည်း ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့လေ၊ ကျုပ်ကို အထင်ကြီးနေကြပေမယ့်၊ သိပ်တော့ မယုံကြသေးဘူးနဲ့တူတယ်၊ အငယ်မနဲ့ နို့ညှာမက ရေအင်တုံတစ်ခုယူလာပြီးတော့ ဖင်ကိုရေနဲ့ဆေးချတယ်၊ ရေနဲ့ထိတော့ ကြီးဒေါ်ကြီးက ဖင်ဘူးတောင်းထောင်ပြီးတော့ အော်ပါရောဗျာ။ ပြီးတော့ ထမီအခြောက်နဲ့သုတ်ပြီးတော့ ကျုပ်ပေးတဲ့ ဆီမန်းကို ဖင်တစ်ပြင်လုံးကို လူးပေးကြတယ်၊ ဆယ့်ငါးမိနစ်လောက်ကြာတော့ ကြီးဒေါ်ကြီးက ငုတ်တုတ်ထိုင်နိုင်တယ်။
“ဟယ်၊ ထူးဆန်းလိုက်တာ၊ မယားတော့ဘူးဟဲ့”
အဖေကအစ၊ ကျုပ်ကို ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်ကြတာဗျာ၊ အဲဒီအကြည့်တွေရဲ့အနောက်မှာတော့ အထင်ကြီးတဲ့အကြည့်တွေလည်း ကပ်ပါလာတယ်။ ကျုပ်ကတော့ ပုဆိုးလေးပြင်ဝတ်ရင်း အေးအေးလူလူဟန်လုပ်ပြနေတာပေါ့၊ အမေက ကျုပ်လက်မောင်းကိုပြေးဆွဲရင်း
“ဟဲ့ အလတ်ကောင်၊ နင်ဒီပညာတွေ ဘယ်ကတတ်တာလဲပြောစမ်း”
အကိုကြီးကလည်း ပြေးလာပြီး
“ဟုတ်တယ်အလတ်ကောင်၊ မင်းဒီလောက်တော်ရင် ရွာထဲမှာ ဆေးကုစားလို့ရပြီ”
နို့ညှာမကလည်း ကျုပ်ဆီပြေးလာတယ်။
“ဦးဘသာနဲ့ ဆေးဆရာကြီးမှတ်ကြီးတောင် လက်လန်သွားတာကို၊ အကိုလတ်က ခဏလေးနဲ့ ကုနိုင်တယ်ဆိုတော့ အကိုလတ်က ဆရာကြီးပဲ”
နောက်တော့ ကြီးဒေါ်ကြီးက ဖင်ရွေ့ဖင်ရွေ့နဲ့ အိမ်ခန်းထဲကနေထွက်လာတယ်။ နောက်တော့ ကျုပ်ကိုလက်အုပ်ချီပြီး
“အလတ်ကောင်ရယ်၊ နင့်ကိုငါ ပညာတတ်မှန်းမသိလို့ အရင်က မလေးမစားလုပ်ခဲ့တာပါ၊ အခုတော့ နင့်ပညာကို ငါယုံပါပြီ”
ကျုပ်လည်း ပါးစပ်ကြီးဖြဲပြီးတော့ တဝါးဝါးနဲ့ရယ်လိုက်တော့တယ်။
“ဟား၊ ဟား၊ ဟား၊ တကယ်တော့ အဲဒါ ဘာပညာမှ မဟုတ်ဘူးဗျ၊ ဗဟုသုတလို့ခေါ်တယ်”
အားလုံးက ကျုပ်ကိုကြည့်ရင်း
“ဗဟုသုတ၊ ဟုတ်သလား”
“ဒါပေါ့၊ ကျုပ်ခုနက အိမ်သာသွားချင်လို့ အိမ်နောက်ဖေးကိုပြေးဝင်ရင်း ရေချိုးခန်းအနားမှာ ခနောင်းတံရှာတော့မှ ကျုပ်စိုက်ထားတဲ့ သစ်ပင်တစ်ပင်ရဲ့ အရွက်ဖားဖားကြီးသုံးလေးရွက်လောက် အခူးခံထားတာကိုတွေ့လိုက်ရတယ်”
အငယ်မတို့က ပြေးကြည့်တယ်ဗျ၊ ကျုပ်စိုက်ထားတဲ့အပင်က လူကြီးခါးစောင်းလောက်ရှိပြီးတော့ အရွက်ဖားဖားနဲ့အပင်ကြီးပေါ့ဗျာ၊ ရေချိုးခန်းနားက အမေစိုက်ထားတဲ့ ပန်းပင်တွေရဲ့ ဟိုးအနောက်နားမှာ သွားစိုက်ထားတာပေါ့။
“အဲဒါက ဘာပင်ကြီးလဲ”
“ဖက်ယားပင်လို့ခေါ်တယ်၊ ရိုးရိုးဖက်ယားပင်တောင်မဟုတ်ဘူးဗျ၊ သူ့နာမည်က ဆင်ငိုဖက်ယားတဲ့၊ ဆင်တောင်မှ အဲဒီဖက်ယားပင်နဲ့ထိရင် ငိုတတ်ကြတယ်လို့ တင်စားပြီးတော့ခေါ်တာပေါ့”
အမေက ထူးဆန်းစွာနဲ့ကြည့်နေရင်း
“အဲဒါက ဘာဖြစ်လို့လဲဟဲ့”
ဒီတော့ ကြီးဒေါ်ကြီးက တစ်ချက်စဉ်းစားလိုက်ပြီးတော့
“ငါသိပြီ၊ ငါမနက်အစောတုန်းက ချေးပါချင်လို့ အိမ်အောက်ကိုပြေးဆင်းလာတာ၊ နင့်အမေကတောင် ခနောင်းကောက်ခိုင်းသေးတယ်၊ ဒါပေမယ့် ငါတို့ဆီမှာက ခနောင်းမှမသုံးတာ၊ စာရွက်ပဲသုံးတာကိုး၊ ဒါနဲ့ ကိစ္စကလည်း အရေးကြီးနေပြီဆိုတော့ အဲဒီအရွက်ဖားဖားနဲ့အပင်ကြီးဆီက အရွက်သုံးလေးရွက်ခူးပြီးတော့ သစ်ရွက်နဲ့ ကိစ္စရှင်းလိုက်တာပဲ”
“တွေ့လား၊ ကျုပ်ပြောသားပဲ”
“နေစမ်းပါအုံး အကိုလတ်ရဲ့၊ ကြီးဒေါ်က မနက်တုန်းကသုံးတာလေ၊ ဘာဖြစ်လို့ အခုမှထပြီးယားတာလဲ”
“ဒီလိုအငယ်မရ၊ ဖက်ယားပင်မှာ အမွှေးဆူးသေးသေးလေးတွေပါတယ်၊ အဲဒီအမွှေးလေးတွေမှာ အဆိပ်တွေစုနေတယ်၊ အဲဒီအဆိပ်တွေက သာမန်ဆိုရင် မယားပေမယ့် ရေနဲ့ထိမိပြီဆိုရင်တော့ ရေနဲ့ဓါတ်ပြုပြီးတော့ ထပြီးယားတော့တာပဲ၊ အဲဒီမှာအဆိပ်တက်ပြီး ပူစပ်ပူလောင်ဖြစ်မယ်၊ ယားမယ်ပေါ့”
အငယ်မက မျက်လုံးအပြူးသားနဲ့နားထောင်နေတယ်။
“ဒါဆို ခုနက ဆီမန်းကရော”
“ဟီး၊ ဟီး အဲဒါက ငါ့ကိုနင်တို့အထင်ကြီးသွားအောင် တမင်ဟန်ဆောင်လိုက်တာ၊ တကယ်တော့ ဖက်ယားရဲ့အဆိပ်ကို ဆီကနိုင်တယ်ဟ၊ ဘာဆီပဲဖြစ်ဖြစ် ဖက်ယားကိုင်ပြီးလို့ယားပြီဆိုရင် ဆီနဲ့ပွတ်ရင် ကောင်းသွားတယ်ဟ”
“တော်ပါ အကိုလတ်ရယ်၊ ညီမကတော့ အကိုလတ်ကို တော်တော်လေးစားသွားတာ”
အမေက ကျုပ်နားရွက်ကိုလှမ်းလိမ်ဆွဲတယ်ဗျ။
“ဒီလောက် အန္တရာယ်များတဲ့အပင်ကို နင်ကဘာလို့ ငါ့ခြံထဲမှာ စိုက်ထားတာလဲဟဲ့”
“ဒီလိုပါ၊ ဟိုတစ်နှစ်က ပေတောရွာကို ရှမ်းဆရာကြီးလာတော့ အဲဒီဆင်ငိုဖက်ယားပင်ကို ပြုတ်သောက်ရင် ဆီးကောင်းတယ်၊ ဆီးကျောက်တွေဘာတွေ ကျတယ်လို့ပြောလို့ အပင်ပေါက်ကလေးချိုးလာပြီးတော့ ဒီမှာစိုက်ထားတာ၊ တစ်နေ့နေ့တော့ အသုံးတည့်မယ်ဆိုပြီးတော့ပေါ့အမေရာ”
“အံမယ်၊ အခုတော့ ဘာမှအသုံးမတည့်ဘဲ နင့်ကြီးဒေါ်ဖင်ယားသွားတာပဲအဖတ်တင်တယ်၊ သွားစမ်းအလတ်ကောင် အဲဒီအပင်ကို ခုတ်ထည့်လိုက်တော့”
နို့ညှာမက မျက်မှောင်ကြုတ်ပြီး
“အစကတော့ ပယောဂ လို့ထင်တာ၊ တကယ်လည်း ဘယ်သူမှလုပ်တဲ့ပယောဂမဟုတ်ဘူး၊ အကိုလတ် အိမ်ကိုသယ်လာတဲ့ ပယောဂ၊ သူ့ရဲ့ ပယောဂပဲ”
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံတွေကို ဆယ်မိနစ်လောက်ထဲနဲ့ အဟုတ်တကယ်ခံစားလိုက်ရတာပါဗျာ၊ ခုနကတော့ ကျုပ်ကိုဝိုင်းပြီး ချီးမွမ်းနေကြတဲ့ အိမ်ကလူတွေက အခုကျပြန်တော့ ကျုပ်ကို ကဲ့ရဲ့ပြစ်တင်ပြောဆိုနေကြတယ်ဗျ၊ ကျုပ်လည်း သူတို့ပြောတာကို ဆက်နားမမထောင်ချင်တော့တာနဲ့ ဓါးမတစ်လက်ယူပြီးတော့ အဲဒီဆင်ငိုဖက်ယားပင်ကြီးကို အပင်ခြေကနေခုတ်ပြီးတော့ အပိုင်းပိုင်းထစ်ပြီး အိမ်သာကျင်းထဲကို ပစ်ချလိုက်တော့တာပေါ့ဗျာ။
ပြီးပါပြီ။