(ဖြစ်ရပ်မှန်)
(၁)
ကျုပ်နာမည်က အောင်မျိုးလို့ခေါ်ပါတယ်၊ ကျုပ်အသက်ကတော့ အဲဒီတုန်းက ဆယ်တန်းအောင်ပြီးစအချိန်ပေါ့ဗျာ၊ အဲဒီတုန်းကဆိုတော့ နှစ်ထောင့်ဆယ့်သုံးခုနှစ်ပေါ့ဗျာ။ ကျုပ်က ယောက်ျားလေးပီပီ ဘောလုံးပွဲတော့ သိပ်ဝါသနာပါတာဗျ၊ ညနေပိုင်းဆိုရင်လည်း သူငယ်ချင်းတွေနဲ့ ချိန်းဆိုပြီးတော့ ဘောလုံးကွင်းမှာ ဘောလုံးသွားကန်ကြတယ်၊ ညရောက်ရင်လည်း အင်္ဂလိပ်ပရီးမီးယားလိဂ်တို့၊ ချန်ပီယံလိဂ်၊ စီးရီးအေပါမကျန် တွေ့မရှောင်ဘောလုံးပွဲတွေကိုကြည့်တတ်တဲ့သူပေါ့ဗျာ။
အဲဒီအချိန်တုန်းက ဘောလုံးပွဲကြည့်မယ်ဆိုရင် အခုခေတ်လို ဖုန်းထဲက ကြည့်လို့မရဘူးဗျ၊ စလောင်းတပ်ထားတဲ့အိမ်တွေသာ ကိုယ့်အိမ်မှာကိုယ်ကြည့်ကြရတာ၊ သာမန်လူတွေကတော့ မိုးအလင်းပေါက်ဖွင့်တဲ့ ဘောလုံးပွဲပြတဲ့လက်ဖက်ရည်ဆိုင်တွေကို ညဘက်ကြီးထပြီးသွားကြည့်ရတာဗျ။ ဘောလုံးပွဲတွေကလည်း အနောက်နိုင်ငံတွေမှာ ကန်ကြတာဆိုတော့ ညကိုးနာရီ၊ ဆယ်နာရီ၊ တစ်ခါတစ်လေဆိုရင် မနက်နှစ်နာရီ၊ သုံးနာရီလောက်ကြီး ကန်ကြတာမဟုတ်လား၊
ကျုုပ်က ဆယ်တန်းအောင်ထားတာဆိုတော့ အလုပ်လည်းမည်မည်ရရမရှိသေးဘူးဆိုတော့ ညဘက်ဘောလုံးပွဲကြည့်ပြီး မနက်အစောကြီးရောက်မှ အိပ်တော့တာပဲဗျာ၊ နေ့လည်လောက်မှ ထပြီးတော့ အဘွားချက်ထားတဲ့ထမင်းဟင်းတွေ ခူးခပ်စားသောက်ပြီး လက်ဖက်ရည်ဆိုင်တစ်ခါထွက်တယ်၊ ညနေသူငယ်ချင်းတွေနဲ့ ဘောလုံးကန်ကြ၊ အိမ်ပြန်လာပြီး ရေမိုးချိုးစားသောက်ပြီးတော့ ပြန်အိပ်ရင်အိပ်၊ မအိပ်ရင်လည်း ဘောလုံးပွဲသွားကြည့်တာပေါ့ဗျာ။
ဒါပေမယ့် ကျုပ်နဲ့ဝါသနာတူတဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်ဗျ၊ ကျုပ်တို့နဲ့ ငါးအိမ်ကျော်လောက်က ဦးလေးကြီးပါ၊ သူ့နာမည်ကတော့ ဦးလေးဇော်တဲ့၊ အသက်ကတော့ ခြောက်ဆယ်ကျော်ပြီပေါ့၊ ကျုပ်တို့ကတော့ ဘဇော်လို့ပဲခေါ်တယ်၊ ဘဇော်ကလည်း ဘောလုံးဝါသနာအိုးဗျ၊ ကျုပ်တို့ကြည့်တာထက် ဆားဗစ်မြင့်နေပြီ၊ သူဘောလုံးအားပေးးလာတာ ကျုပ်တစ်သက်မကတော့ဘူးကိုးဗျ၊ ဒါနဲ့ ညည့်နက်သန်းခေါင် ဘောပွဲသွားကြည့်မယ်ဆိုရင် ကျုပ်က အိမ်ကနေစက်ဘီးလေးနဲ့ နင်းထွက်လာပြီးတော့ ဘဇော်အိမ်ရှေ့မှာရပ်ပြီးခေါ်တယ်၊ ဘဇော်လည်း ထွက်လာပြီးတော့ ကျုပ်စက်ဘီးနောက်မှာထိုင်တယ်၊ ကျုပ်တို့အတူတူ လမ်းတစ်လျှောက်ဘောလုံးအကြောင်းတွေပြောပြီးတော့ စက်ဘီးနင်းသွားရင်း လမ်းထိပ်က ဘောလုံးပွဲပြတဲ့ဆိုင်မှာ ဘောပွဲသွားကြည့်ကြတာပေါ့ဗျာ။
ကျွန်တော်လည်း တစ်ခါတစ်လေသူ့ကိုလက်ဖက်ရည်တိုက်သလို၊ သူလည်းတစ်ခါတစ်လေတိုက်တယ်၊ ကျုပ်တို့အတူတူဘောပွဲကြည့်ရင်း ဘယ်နည်းပြကဘယ်လို၊ ဘယ်အားကစားသမားကဘယ်လို၊ ဘယ်သူက ဘယ်လိုဆော့တာ စသဖြင့် လေကန်ရင်း ဘောပွဲပြီးပြီဆိုမှ ပြန်ခဲ့ကြတာ ထုံးစံပဲပေါ့ဗျာ။
(၂)
အဲဒီအချိန်က ချန်ပီယံလိဂ်ပွဲကောင်းတဲ့အချိန်ဗျ၊ ချန်ပိယံလိဂ်ပွဲတွေဆိုတာကလည်း ညနက်ကြီးမှ ပြတာမျိုးဗျ၊ အဲဒီနေ့က ပွဲလည်းတော်တော်ကောင်းတယ်ဗျာ၊ မန်ယူနဲ့ ရီးယဲရ်မက်ဒရစ်ကန်မဲ့ပွဲဗျ၊ ပွဲချိန်ကလည်း မနက်အစောကြီး နှစ်နာရီဆယ့်ငါးမိနစ်ကန်မှာကိုး။ မန်ယူနဲ့ရီးယဲရ်ဆိုတာ တစ်ချိန်က အသင်းကြီးတွေကိုး၊ ဒီပွဲအတွက် ကျုပ်တို့ဘောလုံးဝါသနာရှင်တွေကြားမှာ တော်တော်ကလေး ရေပန်းစားနေတာပေါ့ဗျာ၊ ကျုပ်လည်း ညနေသူငယ်ချင်းတွေနဲ့ ဘောလုံးချိန်းကန်ကတည်းက ရီးယဲလ် နိုင်မယ်၊ မန်ယူနိုင်မယ်ဆိုပြီးတော့ ငြင်းခုန်နေကြတာပေါ့ဗျာ၊ ငြင်းခုန်နေရင်း နောက်တော့ အလောင်းအစားတွေပါလာပါရော၊ ဒါနဲ့ကျုပ်တို့လည်း လောင်းကြပြုကြပေါ့ဗျာ။
ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်၊ ရေမိုးချိုးပြီးတော့ တစ်ရေးတစ်မောအိပ်လိုက်တယ်ဗျ၊ ညနက်ပွဲကောင်းကြည့်မှာဆိုတော့ ကြားထဲက ပွဲတွေကိုတော့ မကြည့်တော့ဘူးပေါ့ဗျာ။ ဒီလိုနဲ့အိပ်နေရင်း ညတစ်နာရီလောက်ရောက်တော့ လန့်နိုးသွားတယ်၊ ဒါနဲ့ဆက်အိပ်ရင်ကောင်းမလား၊ သွားကြည့်ရင်ကောင်းမလားဆိုပြီးတော့ ဗြာများနေတာပေါ့ဗျာ၊ ညနေကတော့ သွားကြည့်ဖို့ဆုံးဖြတ်ထားပေမယ့် တကယ်တမ်းလည်း ညည့်နက်လာရော သွားကြည့်ဖို့ကို မဝံ့မရဲဖြစ်နေတယ်ဗျ၊
ဘာလို့လဲဆိုတော့ ကျုပ်နဲ့ဘောလုံးပွဲ အတူတူသွားကြည့်နေကျ ဘဇော်ကြီး ဆုံးသွားတာ မကြာသေးဘူးဗျ၊ ရက်လည်တောင် ဟိုတစ်နေ့ကမှ ပြီးသွားတာ၊၊ ကျုပ်လည်း ဒီရက်ပိုင်း ညည့််မနက်တဲ့ဘောပွဲတွေ၊ ခုနစ်နာရီလောက်ကန်တဲ့ပွဲတွေပဲကြည့်ဖြစ်တာကိုး၊ အခုက ပွဲကလည်း ပွဲကောင်း၊၊ နောက်ပြီး အလောင်းအစားလည်းလုပ်ထားတယ်ဆိုတော့ မိုးလင်းမှ ဘယ်သူနီုင်သလဲလို့ မေးရမှာထက်စာရင် ကိုယ်တိုင်လည်း ကြည့်ချင်သေးတာကိုးဗျ။ ဒါနဲ့ကျုပ်လည်း ဘဇော်အိမ်ဘက်က မဖြတ်ရမယ့်နေရာကိုရွေးချယ်လိုက်တယ်၊ ကျုပ်တို့အိမ်ကနေ လမ်းအောက်ဘက်ဆင်းသွားရင် လက်ဖက်ရည်ဆိုင်အသေးလေးရှိတယ်၊ အဲဒီမှာလည်း ဘောပွဲပြတယ်တဲ့၊ ဒါပေမယ့် ကျုပ်တို့တော့ သွားကြည့်လေ့မရှိပါဘူးဗျာ၊ ခုံတွေကလည်းမကောင်း၊ ဆိုင်ကလည်းညစ်ပတ်တော့ မကြည့်ချင်ဘူးပေါ့၊ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲဗျာ၊ အခုတော့ နီးနီးနားနား အဲဒီဆိုင်ပဲ သွားကြည့်ရတော့မှာပေါ့လို့ တွေးရင်း အိပ်ရာကနေထလိုက်တယ်ဗျ။
ကျုပ်အိပ်ရာကထလိုက်ပြီးတော့ အခန်းမီးဖွင့်လိုက်ပြီး အဝတ်အစားလဲနေတုန်း မီးက ဖြတ်ခနဲပြတ်သွားပါရောဗျာ၊ ကျုပ်လည်း သွားရမှာတောင် ခပ်လန့်လန့်ဖြစ်သွားတယ်၊ မီးပျက်သွားရင် အဲဒီလက်ဖက်ရည်ဆိုင်ကလေးက မိးစက်မနှိုးပေးဘူးဗျ၊ ဒီတော့ လမ်းထိပ်နားက မီးစက်နှိုးပြီးပြတဲ့ဆိုင်ကို ကြိမ်းသေသွားရတော့မှာ၊ အဲဒီဆိုင်ကိုသွားမယ်ဆိုရင်လည်း ဘဇော်အိမ်ရှေ့ကနေ ဖြတ်သွားရမယ်မဟုတ်လား။
အဘွားကတော့ အိပ်နေပြီဗျ၊ ကျုပ်မှာ အမေမရှိတော့ဘူး၊ အဖေကလည်း နိုင်ငံခြားမှာ အလုပ်ထွက်လုပ်တယ်ဆိုတော့ အဘွားနဲ့ပဲ နေရတာပေါ့ဗျာ၊ ဒီလိုနဲ့ အိမ်တံခါးလေးအသာပိတ်ပြီး ခြံထဲက စက်ဘီးကိုတွန်းထုတ်လာခဲ့တယ်၊ မီးပျက်နေပြီဆိုတော့ တစ်လောကလုံးကလည်း မှောင်နေလို့ပေါ့ဗျာ။ ကျုပ်လည်းခြံတံခါးအသာလေးပြန်ပိတ်ပြီးတော့ စက်ဘီးကိုနင်းခဲ့လိုက်တယ်၊ စက်ဘီးမှာ ဒိုင်နမိုမီးကလေးပါတယ်ဆိုပေမယ့် ဒိုင်နမိုက အားသိပ်မကောင်းတော့ မှိတ်တုတ် မှိတ်တုတ်ပဲ လင်းတယ်ဗျ။
အိမ်ကနေထွက်လာပြီး ဘဇော်အိမ်နားရောက်တော့ ကျုပ်ခေါင်းနားပန်းတွေကြီးသွားတယ်၊ ဒီလိုနဲ့ ရသလောက်ဘုရားစာရွတ်ပြီး ခပ်မြန်မြန်နင်းခဲ့တာပေါ့ဗျာ။ ကံကောင်းတာက ဘာမှမဖြစ်ဘူးဗျ၊ ဘဇော်အိမ်ကို အတော်ကျော်သွားတော့မှပဲ ကျုပ်လည်းသက်ပြင်းချနိုင်တော့တယ်။ မီးပျက်နေတာဆိုတော့ တစ်လမ်းလုံးလည်းမှောင်နေတယ်၊ ဒါပေမယ့် ကိစ္စမရှိပါဘူးဗျာ၊ ကျုပ်က အရင်ကတည်းက ရပ်ကွက်ထဲမှာ ဒီလိုအချိန်မတော်ကြီးသွားနေကျဆိုတော့ မကြောက်တတ်တာတော့အမှန်ပဲဗျ။
ကျုပ်တို့ ဘောပွဲကြည့်နေကျ လမ်းထိပ်ဆိုင်ရှေ့ရောက်တော့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကလည်း မီးစက်ပျက်လို့ နှိုးမရဘူးဆိုတာနဲ့ ကျုပ်လည်း သက်ပြင်းချမိတယ်၊ ဒီအတိုင်းဆိုရင်တော့ ဟိုဖက်ရက်ကွက်ထိပ်နားက ဆိုင်ကိုပဲ သွားရတော့မှာပဲဗျာ။ ကျုပ်လည်း သက်ပြင်းချပြီး စက်ဘီးကိုဆက်နင်းခဲ့တယ်၊ ကျုပ်တို့ရပ်ကွက်နဲ့ ဟိုဖက်ရပ်ကွက်ကို ကားလမ်းမကြီးအတိုင်းနင်းမသွားဘဲနဲ့ မြောင်းကြီးဘေးနားက ဖောက်ထားတဲ့လမ်းကလေးအတိုင်း ချိုးဝင်ခဲ့တာပေါ့ဗျာ၊ အဲဒီလမ်းက ပိုတိုပြီး မြန်မြန်ရောက်တာကိုး၊ လမ်းရဲ့တစ်ဖက်မှာ စည်ပင်ရေမြောင်းအကျယ်ကြီးရျှီတယ်၊ လမ်းတစ်ဖက်မှာလည်း ဘုန်းကြီးကျောင်းအုတ်တံတိုင်းကြီးရှိတယ်ဗျ၊ ကျုုပ်လည်း စက်ဘီးနင်းလာရင်း ဘုန်းကြီးကျောင်းအုတ်တံတိုင်းနားရောက်တော့ အဲဒီနားမှာ လူရိပ်တစ်ခုကိုဖြတ်ခနဲတွေ့လိုက်ရတယ်ဗျ။
စက်ဘီးမီးသီးကလည်း လင်းလိုက်မှိတ်လိုက်ဖြစ်နေတာကိုး၊ လမ်းတစ်လျှောက်လည်း အိမ်ခြေမရှိတော့ တိတ်ဆိတ်နေတာပဲဗျာ၊ ကျုပ်လည်း ကျုပ်တို့လို ဘောပွဲလာကြည့်တဲ့သူဖြစ်မယ်လို့တွေးရင်း ဆက်နင်းလာခဲ့ရင်း အဲဒီလူကိုတွေ့တဲ့နေရာရောက်တော့ ဘယ်သူမှလည်းမရှိဘူးဗျ၊ ကျုပ်စိတ်တွေထင့်သွားတယ်၊ ပြီးတာနဲ့ တစ်ကိုယ်လုံးစိမ့်အေးလာပြီးတော့ ကြက်သီးမွှေးညှင်းတွေလည်း ထသွားတယ်ဗျ၊ သရဲတွေကိုယ့်အနားရောက်ပြီဆိုရင် ဒီလိုအချက်ပြတတ်တယ်ဆိုတာ ကြားဖူးထားတယ်ဆိုတော့ စိတ်ထဲ စနိုးစနောင့်ဖြစ်သွားမိတယ်။
ဒီအချိန်မှာပဲ စက်ဘီးနောက်ခုံကို နင့်ခနဲဖြစ်သွားတာခံစားလိုက်ရပြီး စက်ဘီးစတီယာရင်လည်း တစ်ချက်နှစ်ချက် တုန်ခါသွားတယ်ဗျ၊ လမ်းဘေးရေမြောင်းထဲကို ကျတော့မှာမို့လို့ ကျုပ်လည်း စက်ဘီးကိုသေချာပြန်ထိန်းထားလိုက်ရတာပေါ့၊ သေချာနေပါပြီဗျာ၊ ကျုပ်စက်ဘီးအနောက်ကို တစ်ယောက်ယောက်တက်လိုက်လာတဲ့ပုံပဲ၊ စက်ဘီးကလည်း သိသိသာသာကိုလေးသွားတယ်ဗျ၊ စက်ဘီးနင်းနေကျလူတွေဆိုရင် လူပိုတစ်ယောက်တက်လာရင် အလေးချိန်စီးသွားတာကို သတိထားမိကြတယ်မဟုတ်လား၊ ကျုပ်လည်း ခပ်မြန်မြန်နင်းလိုက်တာပေါ့ဗျာ။
နင်းနေရင်းနဲ့လည်း ကျုပ်ကျောကုန်းက အမွှေးတွေ၊ ခေါင်းအနောက်ခြမ်းက အမွှေးတွေက ထောင်နေသလိုပဲဗျ။ ဒါနဲ့ပဲ လက်ဖက်ရည်ဆိုင်ကိုရောက်လာခဲ့တာပေါ့ဗျာ။ ထူးထူးဆန်းဆန်း လက်ဖက်ရည်ဆိုင်ကလည်း လူနည်းနည်းရှင်းတယ်ဗျ၊ သာမန်အချိန်ဆိုရင်တော့ ဒီလိုဆိုင်က လူပြည့်နေတတ်တယ်၊ မီးပျက်လို့များ၊ ဘောပွဲကို တကူးတကထမကြည့်ကြတာများလားမသိပါဘူးဗျာ။
စက်ဘီးကိုဆိုင်ရှေ့မှာရပ်ပြီးတော့ ဆိုင်ထဲကိုပြေးဝင်လာခဲ့တယ်၊ ဘောပွဲကတော့ မစသေးဘူးဗျ၊ ဘယ်သူတွေထုတ်ကန်မယ်ဆိုပြီးတော့ ပြတော့ ပြနေပြီပေါ့၊ စားပွဲထိုးတဲ့ ကောင်မလေးက အိပ်ချင်မူးတူးနဲ့ ကျုပ်အနားမှာလာရပ်တယ်။
“အကိုကြီးဘာသောက်မလဲ”
“လက်ဖက်ရည်တစ်ခွက်၊ ဆေးလိပ်တစ်ပွဲပေး”
“ဒါပဲလား ဟိုဦးလေးကြီးအတွက်ရော မမှာတော့ဘူးလား”
ကျုပ်ခေါင်းနားပန်းတွေကြီးသွားတယ်။ ဒါနဲ့ စားပွဲထိုးကလေးမကို
“ဟဲ့၊ ဘယ်ကဦးလေးကြီးလဲ”
စားပွဲထိုးတဲ့ကောင်မလေးက ကျုပ်စက်ဘီးနေရာကိုလက်ညှိုးထိုးပြပြီးတော့ အံ့သြသွားတဲ့ပုံပဲဗျ။
“ဟောတော်၊ အကိုကြီးခုနက စက်ဘီးပေါ်ကဆင်းလာတုန်းက ဦးလေးကြီးတစ်ယောက် အနောက်မှာထိုင်လိုက်လာတာကို လှမ်းတွေ့လိုက်ပါတယ်၊ အခုဘယ်ရောက်သွားတာလဲ”
ကျုပ်လည်း ဘဇော်ကြီးလို့ ထင်လိုက်ပြီးသားပဲဗျာ။
“ဟဲ့ ဘာတွေလာပြောနေတာလဲ၊ ဘယ်သူမှ မပါဘူး၊ ကဲ ငါမှာတာပဲပေး”
ကလေးမလည်း ခေါင်းကုပ်ပြီးတော့ ပြန်လှည့်ထွက်သွားတယ်၊ ဒီအချိန်မှာပဲ ကျုပ်ထိုင်နေတဲ့ဝိုင်းက ကျုပ်ဘေးနားက ခုံက လူတစ်ယောက်ဆွဲယူလိုက်သလိုမျိုး ကျွီခနဲရွေ့သွားတာကို ကျုပ်မျက်လုံးနဲ့ တပ်အပ်မြင်လိုက်ပါရောဗျာ၊ ဘဇော်က အသက်ကြီးနေပြီးတော့ ဘီယာတွေဘာတွေလည်း ချတယ်ဆိုတော့ ဗိုက်ကြီးက ပူနေတာဗျ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင် သာမန်အတိုင်း တန်းပြီးထိုင်လို့မရဘူး၊ အဲဒီလိုမျိုးု ခုံကိုဆွဲထုတ်ပြီးတော့မှ သူ့ဗိုက်နဲ့ လွတ်လွတ်ကျွတ်ကျွတ်ထိုင်လို့ရတာကလား။
ကျုပ်လည်း ဘောပွဲသာကြည့်နေရတယ်၊ ကျုပ်ဘေးနားမှာ တစ်ယောက်ယောက်ထိုင်နေသလိုကြီး ခံစားရတာဗျ၊ လူတစ်ယောက် ဘေးနားရှိနေတာကို ခင်ဗျားတို့တော့ အထူးတလည်ပြောပြနေစရာမလိုဘူးထင်ပါတယ်၊ တစ်ခါတစ်ခါ အသက်ရှူသံလိုလို၊ သက်ပြင်းချသံလိုလိုကြီးဖြစ်နေတာဗျာ၊ ကျုပ်မှာ ကြည့်သာကြည့်နေရတယ်၊ ဘေးနားက ဘဇော်ကြီးကိုလည်း ကြောက်နေရသေးတာဗျ၊ ထလည်းပြန်ချင်တယ်၊ ဒါပေမယ့် ဘဇော်ကြီးကိုတင်နင်းပြီးတော့လည်း မပြန်ချင်ဘူးလေ၊ လက်ဖက်ရည်ဆိုင်မှာက ဘာပဲပြောပြောလူများတယ်ဆိုတော့ အဲဒီမှာပဲ ဆက်ထိုင်နေတာပေါ့ဗျာ။
(၃)
ကျုပ်က မန်ယူဖန်၊ ဘဇော်ကတော့ မန်ယူကိုသိပ်မုန်းတဲ့ ချယ်လ်ဆီးဖန်ပေါ့ဗျာ၊ သူက မန်ယူရှုံးရင် အားရပါးရကို ပြောဆိုတတ်တာ၊ အခုလည်း ရီးယဲရ်နဲ့ပွဲမှာ မန်ယူဘက်က အားပေးမှာတော့မဟုတ်ဘူးဗျို့၊ ကျုပ်ထင်တဲ့အတိုင်းပါပဲ၊ ရီးယဲရ်က ဒိုလေးက ဂိုးသွင်းလဲသွင်းလိုက်ရော ကျုပ်ဘေးနားက ဘဇော်ကြီးက ဂိုး ဆိုပြီးတော့ အသံနက်ကြီးနဲ့ ထအော်ပါရောဗျာ။ သူ့အသံကြီးက သြသြကြီးနဲ့ ကြောက်စရာကြီးဗျ၊ ဆိုင်မှာ ကြည့်နေတဲ့လူတွေက မန်ယူဖန်တွေများတယ်။ ဘဇော်အော်တဲ့အသံကြီးကလည်း ဆိုင်ကိုလွှမ်းသွားတယ်ဆိုတော့ အားလုံးက ဘယ်သူအော်သလဲဆိုပြီး လှည့်ကြည့်ကြတာပေါ့ဗျာ၊ အသံက ကျုပ်ဝိုင်းကထွက်လာတာဆိုတော့ ကျုပ်ကိုလှည့်ပြီး ဘုကြည့်ကြည့်တာပေါ့၊
ကျုပ်လည်း မချိသွားဖြဲလေး လုပ်နေရတယ်ဗျာ၊ ဘဇော်ကတော့ ကျုပ်ကိုမွှေပြန်ပြီ။ ဒါနဲ့ ကျုပ်လည်း ဘဇော်ကိုတိုးတိုးလေးပြောလိုက်တော့၊ သူ့ကိုအကောင်အထည်မမြင်ရပေမယ့် သူရှိနေမှန်းတော့သိတယ်ဗျ။
“ဘဇော်လား၊ ဘဇော်ဆိုရင် တစ်ခုခုလုပ်ပြ”
ဒီအခါ ကျုပ်ထိုင်နေတဲ့စားပွဲပေါ်မှာ တင်ထားတဲ့ ဆေးလိပ်တွေထည့်ထားတဲ့ ဘူးကလေးက လေမတိုက်ဘဲနဲ့ ခွပ်ခနဲ လဲကျသွားပါရောဗျာ၊ ဒီတော့မှ ကျုပ်လည်း ယုံသွားတာ။
“ဟုတ်ပြီဘဇော်၊ ဘဇော်နဲ့ကျုပ်နဲ့ အလောင်းအစားတစ်ခုလုပ်မယ်၊ ဘဇော်က မန်ယူကိုအားမပေးဘူးဆိုတာ ကျုပ်သိပြီးသား၊ ဒီတော့ မန်ယူရှုံးရင် ဘဇော်ပြန်ပါတော့၊ ကျုပ်အနောက်လည်း ထပ်လိုက်မလာနဲ့”
ကျုပ်က အဲဒီလိုပြောလိုက်တော့ ခုနက လဲကျနေတဲ့ဆေးလိပ်ဘူးက ခွပ်ကနဲကောက်ကာငင်ကာနဲ့ ပြန်ထောင်သွားတာဗျာ၊ ကျုပ်ဆို ကြည့်နေရင်း နဖူးက ချွေးစေးတွေပါပြန်တယ်၊ ဒီလိုနဲ့ ပွဲက တစ်ဖက်နှစ်ဂိုးစီနဲ့ အကျိတ်အနယ်ဖြစ်လာခဲ့ပြီဗျ၊ မန်ယူကိုလည်း ဆိုင်ကလူတွေက အော်ဟစ်ပြီးအားပေးနေပြီ၊ ကျုပ်လည်း တစ်သက်လုံးမန်ယူကို အားပေးပေမယ့် ဒီတစ်ကြိမ်တော့ စိတ်ထဲကနေ မန်ယူရှုံးပါစေဆိုပြီးတော့ ဆုတောင်းနေမိတယ်ဗျာ၊ မတော်လို့ နိုင်သွားပြီဆိုရင် ဘဇော်ကြိးများ ကျုပ်အိမ်ကိုပါလာမလားဆိုပြီးတော့ ကျုပ်တွေးရင်းကြောက်နေမိတာ။
ပွဲချိန်စေ့တဲ့အထိ နှစ်ဂိုး၊ နှစ်ဂိုးဖြစ်နေတာ့ အချိန်ပိုဆယ့်ငါးမိနစ် ထပ်ကန်ကြပါရောဗျာ။ ပွဲက ပိုပြီးအကြိတ်အနယ်ရှိလာပြီ။ မတော်လို့ မန်ယူသာ တစ်ဂိုးထပ်သွင်းရင် ကြိမ်းသေနိုင်ပြီပေါ့ဗျာ။
“ရွန်းနီ ရယ် ဘောချော်လိုက်စမ်းပါ၊ ဗန်ပါစီရယ် ဂိုးမသွင်းပါနဲ့”
အဲဒီခေတ်က မန်ယူက ဗန်ပါစီတို့၊ ရွန်းနီတို့ခေတ်ကိုးဗျ၊ ကျုပ်ဖြင့် ကိုယ်တစ်လျှောက်လုံး အားပေးလာရတဲ့ ဘောလုံးသမားတွေကို ဂိုးမသွင်းအောင်ဆုတောင်းမိတာ အဲဒီတစ်ကြိမ်ပဲရှိဖူးတယ်ဗျ၊ ကျုပ်ဆုတောင်းများ ပြည့်သလားတော့မသိဘူး၊ ဒီကောင်တွေလည်း ဘောတွေချော်နေတော့တာ၊ အချိန်ပိုပြီးခါနီးမှာ ရီးယဲရ်က တစ်ဂိုးထသွင်းတော့မှ ကျုပ်လည်း ပျော်ပျော်နဲ့ မတ်တပ်ရပ်ပြီး ဂိုးလို့ အော်ထည့်လိုက်ပြန်ရောဗျာ။
ဆိုင်မှာ ဂိုးလို့အော်တာ ကျုပ်တစ်ယောက်တည်းများရှိသလားမသိပါဘူးဗျာ၊ တစ်ဆိုင်လုံးက ဘုကြည့်ဝိုင်းကြည့်ပြန်ရော၊ ကျုပ်လည်း ရှက်ရှက်နဲ့ပြန်ထိုင်လိုက်ရတယ်၊ ကိုယ်အားပေးတဲ့အသင်းရှုံးသွားလို့ ပျော်လိုက်ရတာဗျာ။
ဒီအချိန်မှာပဲ အဲဒီထိုင်ခုံက ကျွီခနဲအသံမြည်ပြီးတော့ လှုပ်သွားတယ်၊ ပြီးတော့ငြိမ်သက်သွားတယ်ဗျ။
“ဘဇော်၊ ဘဇော်”
ကျုပ်ခေါ်ပေမယ့် ဘာမှမထူးတော့ပါဘူးဗျာ၊ ဘဇော်တစ်ယောက် ထထွက်သွားတဲ့ပုံပဲ၊ အချိန်ကတော့ မနက်လေးနာရီကျော်ပြီဗျ၊ မီးကလည်း မလာသေးဘူး၊ ကျုပ်လည်း ထပြီးမပြန်ရဲတာနဲ့ အဲဒီလက်ဖက်ရည်ဆိုင်မှာပဲ ဆက်ထိုင်နေရင်း မနက်ခြောက်နာရီကျော်ပြီး မိုးစင်စင်လင်းသွားတော့မှ ပြန်လာခဲ့တာပါပဲဗျာ။
သူငယ်ချင်းတွေနဲ့ လောင်းထားတာတော့ ကျုပ်ကရှုံးတယ်ဗျ၊ မန်ယူက ရီးယဲရ်ကိုရှုံးပြီးတော့ ချန်ပိယံလိဂ်ကနေ ထွက်သွားရတယ်၊ ဒါပေမယ့် ကျုပ်က အဲဒီလောင်းထားတာ ရှုံးတာကိုသိပ်မခံစားရဘူူး၊ ညက ဘဇော်နဲ့လောင်းထားတာ နိုင်သွားတာကိုပဲ ကျေနပ်နေမိတယ်ဗျာ။ ကျုပ်လည်း အစကတော့ ဘဇော်အိမ်က လူတွေကိုပြောဖို့စိတ်ကူးသေးတယ်၊ နောက်တော့ အဘွားကိုပဲပြောပြလိုက်တယ်၊ ကလေးပြောရင် မယုံဘူးဖြစ်နေမှာစိုးလို့ပေါ့ဗျာ။
ကျုပ်လည်း အဲဒီကတည်းက ညဘက်ညည့်နက်ပိုင်း ဘောလုံးပွဲသွားမကြည့်တော့ပါဘူး၊ ကြည့်ရင်လည်း ညကိုးနာရီဆယ်နာရီပြီးတဲ့ ပွဲတွေလောက်ပဲကြည့်ဖြစ်တော့တာ၊ ဘဇော်ကြီးကိုလည်း အဲဒီတစ်ခါပဲတွေ့ပြီး နောက်ထပ် ထပ်မတွေ့ရတော့တာ အခုအချိန်အထိပါပဲဗျာ။ ဘဇော်ကြီး ကျွတ်လွတ်ပြီးတော့ ကောင်းရာမွန်ရာရောက်သွားပါစေလို့ပဲ ကျုပ်ဆုတောင်းပေးပါတယ်။
ဒါကတော့ ကျုပ်ဘဝမှာ ကြုံခဲ့ရတဲ့ တကယ့်အဖြစ်အပျက်ကလေးတစ်ခုပေါ့ဗျာ၊ အခုထိတောင် ပြန်တွေးမိရင် ကျောချမ်းနေမိပါသေးတယ်။
ပြီးပါပြီ။