အပိုင်း (၃) ဇာတ်သိမ်း
(၁)
ယမန်နေ့က မိုးရွာသွန်းထားသဖြင့် တောအုပ်ကြီးတစ်ခုလုံးမှာ စိမ်းစိုနေလျှက် သစ်ပင်၊ မြက်ပင်များမှာလည်း လန်းဆန်းနေလေသည်။ သစ်ရွက်များနှင့် မြက်ပင်ဖျားတို့မှာ ရေစက်ကလေးများမှာ တွဲလောင်းခိုလျှက် တစ်စက်စက်နှင့် ကျနေလေသည်။ နက်ရှိုင်းလှသည့် တောအုပ်ကြီးကို ဖြတ်သန်းနေစဉ်မှာပင် မုဆိုးကြီးတောကျော်က ခြေထောက်များကို စုံရပ်တန့်လိုက်ပြီးနောက် အသာထိုင်ချလိုက်လေရာ သူ့အနောက်မှလိုက်ပါလာသည့် ဦးဘိုးလူနှင့် ကိုဘဖေတို့မှာလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ မုဆိုးကြီးထိုင်ချလိုက်သည့်အတိုင်း ထိုင်ချလိုက်လေသည်။
ဦးဘိုးလူက ဦးတောကျော်အနီးသို့တိုးကပ်လိုက်ပြီး
“မုဆိုးကြီး၊ ဘာတွေ့လို့လည်းဗျ”
“ကျုပ်တို့အတွက် မနက်စာပေါ့ဗျာ၊ ဟိုမှာကြည့်လိုက်”
ဦးတောကျော်က ဦးဘိုးလူကို တစ်နေရာကိုထိုးပြလိုက်လေရာ ဦးဘိုးလူမှာလည်း ထိုနေရာသို့ကြည့်လိုက်မိသည်။ သစ်ပင်ကြီးများ အနည်းငယ်ကျဲနေသည့်နေရာတွင် အပင်ငယ်ကလေးများမှာ ပေါက်ရောက်နေကြသည်။ ထိုအပင်ငယ်ကလေးများတွင် အပွင့်ဖြူဖြူများပွင်ahနကြပြီး ဝတ်ဆံများမှာ အဝါရောင်သန်းနေလေသည်။ ထိုအပွင့်ကလေးများကို ပုတ်သင်များက လာရောက်စားသောက်နေလေသည်။
“ပုတ်သင်ညိုတွေလား”
“ဟာ၊ ဘယ်ကလာ၊ အဲဒါ ပတတ်တွေဗျ”
“ဪ၊ ပတတ်ဆိုတာ ဒါလားဗျ၊ ကျုပ်တော့ အရင်က ကြားပဲကြားဖူးတာ၊ အခုမှပဲမြင်ဖူးတော့တယ်”
ဦးဘဖေကလည်း
“ဒါဆိုသူတို့စားနေတာ ပတတ်စာအပင်တွေပေါ့”
ဦးတောကျော်က ခေါင်းညိတ်လိုက်သည်။
“ကျုပ်က တောင်ကုန်းဘက်ကနေတက်ပြီးခြောက်မယ်ဗျာ၊ မိုးရာသီဆိုတော့ သူတို့ရဲ့တွင်းတွေက ကုန်းမြင့်မှာရှိလောက်တယ်၊ ဒါကြောင့် သူတို့တွင်းတွေနဲ့ ဆန့်ကျင်ဘက်ကိုမောင်းထုတ်မှ တော်ကာကျမယ်”
ဦးတောကျော်ပြောသည်ကို ဦးဘိုးလူတို့နှစ်ယောက် စိတ်ဝင်တစားနှင့် နားထောင်နေကြသည်။
“ဒီကောင်တွေ တောင်ကုန်းအောက်ခြေနားကိုဆင်းပြေးရင် ခင်ဗျားတို့လိုက်ကြဗျာ”
“ဖြစ်ပါ့မလား မုဆိုးကြီးရဲ့”
“ဖြစ်ပါတယ်ဗျာ၊ လိုက်မှာသာလိုက်ကြစမ်းပါ”
ဦးတောကျော်က ချုံပင်များအကြားတွင် အသာတိုးဝှေ့သွားလိုက်ပြီး ပတတ်ကောင်များစားသောက်နေသည့် မြေပြင်ကလေး၏ အပေါ်ဘက်သို့တိုးကပ်သွားလေသည်။ ထို့နောက် ဝါးခနဲအသံပေးကာ လက်ခုပ်လက်ဝါးတီးလျှက် ပတတ်ကောင်များကို ခြောက်လှန့်လိုက်ရာ ပတတ်ကောင်များမှာ ဦးဘိုးလူတို့ဘက်သို့ပြေးလာခဲ့လေသည်။ ဦးဘိုးလူလည်း လက်ထဲမှ ဝါးတောင်ဝှေးနှင့် ရိုက်နှက်လိုက်သော်လည်း ပတတ်ကောင်မှာ အပြေးအလွန်မြန်သဖြင့် ရိုက်နှက်မရပေ။
“လိုက်ကြ၊ လိုက်ကြ”
ဦးတောကျော်က ပတတ်ကောင်များအနောက်သို့လိုက်သည့်အခါ ဦးဘိုးလူနှင့် ဦးဘဖေတို့မှာလည်း အနောက်မှပြေးလိုက်ကြသည်။ ပတတ်ကောင်များ ခပ်လှမ်းလှမ်းရောက်သွားသည့်အခါ ဦးတောကျောက်က လက်ခုပ်တီးလျှက်
“ဖွတ်ကယ်မေ့မေ့ . . . ပတတ်ကယ်မေ့မေ့”
ထိုသို့ အော်ဟစ်နေရာ ဦးဘိုးလူတို့မှာ မျက်လုံးအပြူးသားနှင့် ကြည့်နေမိတော့သည်။
“ဟေ့လူ၊ မုဆိုးကြီး၊ ခင်ဗျားဘာတွေလုပ်နေကြတာလဲ”
“လုပ်စမ်းပါ ကျုပ်လုပ်သလို လိုက်လုပ်ကြ”
“ဖွတ်ကယ်မေ့မေ့ . . . ပတတ်ကယ်မေ့မေ့”
ဦးတောကျော်က ထိုသို့သီဆိုလိုက်သည့်အခါ ပြေးလွှားနေသည့် ပတတ်ကောင်များမှာ ရပ်တန့်သွားကာ ခေါင်းထောင်နေကြလေသည်။ ဦးတောကျော်က သီချင်းဆိုသကဲ့သို့ အော်ဟစ်ပြီး အရှေ့သို့တဖြည်းဖြည်းတိုးကပ်သွားသော်လည်း ပတတ်ကောင်များက ထွက်မပြေးဘဲ ဆက်ကြည့်နေကြသည်။ ဦးဘိုးလူနှင့် ဦးဘဖေတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိုအတိုင်းအော်ကာ အရှေ့သို့တိုးကပ်သွားသည်။ ပတတ်ကောင်များမှာ လက်တစ်ကမ်းရောက်သည်အထိ မပြေးကြဘဲ ကြည့်နေကြရာ ဦးတောကျော်က သစ်ကိုင်းတစ်ကိုင်းနှင့် ပတတ်ကောင်သုံးလေးကောင်အား လျှင်မြန်စွာထုနှက်လိုက်လေသည်။ ဦးဘိုးလူတို့လည်း သူတို့အနီးတွင်ရှိသည့် ပတတ်ကောင်များအား တတုတ်နှင့်ထုလိုက်ရာ ပတတ်ကောင်များမှာ ရင်ကော့ပြီးနောက် မြေတွင်လူးလွန့်နေကြသည်။ ပတတ်ငါးကောင်ရပြီး ကျန်သည့်ပတတ်များမှာ ထွက်ပြေးသွားကြလေသည်။ ဦးတောကျော်က ပတတ်ကောင်များကို အမြှီးမှစုကာ ကိုင်လိုက်သည်။
“ထူးဆန်းလိုက်တာ၊ ဒီကောင်တွေက လူတွေ့တာတောင် မပြေးဘူးနော်”
ဦးဘိုးလူအမေးကို ဦးတောကျော်က ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့ဗျာ၊ ဖွတ်တွေ၊ ပတတ်တွေဆိုတာက နဂိုကတည်းက မေ့တတ်တဲ့အခံရှိတယ်၊ ကျုပ်တို့ အဲဒီလိုပြောလိုက်ရင် ဒီကောင်တွေက သူတို့ဘာလို့ပြေးရသလဲဆိုတာကို မေ့သွားသတဲ့၊ နောက်ပြီးကျုပ်တို့က သူတို့ကိုရန်ပြုမယ်ဆိုတာကိုလည်း မေ့သွားပြီးတော့ ကြောင်ကြည့်နေတာပေါ့ဗျာ”
ဦးဘိုးလူက ခေါင်းညိတ်လိုက်ပြီး
“အင်း၊ တိရစ္ဆာန်တွေဆိုတာလည်း သူ့အားနည်းချက်နဲ့ သူပါလား”
ရရှိလာသည့်ပတတ်ကောင်များကို ကိုင်ရင်း ခရီးဆက်ခဲ့ကြရာ နေထန်းတစ်ပင်ခန့် မမြင့်ခင်မှာပင် ဆေးတောင်ကြီး၏ အောက်ခြေသို့ရောက်လာခဲ့ကြသည်။ ဆေးတောင်ကြီးမှာ မြင့်မားမတ်စောက်လှသည့် တောင်ကြီးဖြစ်သည်။ တောင်တစ်ဖက်ခြမ်းတွင် မြင့်မားလှသည့် တောင်ကမ်းပါးရံကြီးရှိပြီး ထိုတောင်ကမ်းပါးရံတွင်လည်း ဆေးပင်များက တွယ်ကပ်ပေါက်နေကြလေသည်။
“ရောက်ပြီဗျ၊ ဒါ ခင်ဗျားတို့လာချင်တဲ့ ဆေးတောင်ကြီးပဲ”
ဦးဘိုးလူနှင့် ဦးဘဖေမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ပျော်ရွှင်သွားကြသည်။
“ကဲ ဆေးတောင်ကြီးကိုတော့ရောက်လာပြီ၊ ဘယ်မှာလဲ ခင်ဗျားတို့ရှာနေတဲ့ဂမုန်း”
ဦးဘိုးလူက တောင်ကြီးကိုအကဲခတ်လိုက်ပြီး
“ငါးပြေမဂမုန်းက ဥမျိုးဆိုတော့ မြေကျစ်တာကိုသိပ်ကြိုက်မှာမဟုတ်ဘူး၊ မြေသားပွတဲ့နေရာမှာရှိလိမ့်မယ်၊ နောက်ပြီးတော့ နာမည်ကိုက ငါးပြေမဂမုန်းဆိုတော့ ရေကြိုက်တယ်၊ ရေစပ်စပ်ရှိတဲ့နေရာမှာ နေလိမ့်မယ်”
ဦးဘိုးလူအပြောကို ဦးတောကျော်က အသေအချာနားထောင်ရင်း
“အင်း၊ ဒါဆိုရင်တော့ ဆေးတောင်ကြီးရဲ့ဟိုဖက်ခြမ်းကိုသွားရမယ်၊ အဲဒီမှာ ခင်ဗျားတို့ပြောတဲ့နေရာနဲ့ ဆင်တူတဲ့နေရာတစ်ခုရှိတယ်”
“ကဲ ဒါဆိုရင်လည်း သွားကြတာပေါ့ဗျာ”
သုံးဦးသား ဆေးတောင်ကြီးဆီသို့ ခြေဦးလှည့်ခဲ့ကြသည်။
(၂)
မြင့်မားမက်စောက်သည့် တောင်ကမ်းပါးကြီးကို မတက်ကြဘဲ ဆေးတောင်ကြီးကိုတစ်ဖက်မှ ကွေ့ပတ်တက်ခဲ့သည်။ ထိုအခါ ဆေးတောင်ကြီး၏ ဆင်ခြေလျှောအပိုင်းကိုရောက်ခဲ့ကြသည်။ ထိုနေရာတွင် သစ်ပင်ဝါးပင်များ ထူထပ်စွာပေါက်ရောက်နေသည်။ တောအုပ်ထဲသို့ဆက်တိုးကြရင်း ဆင်ခြေလျှောအတိုင်း ဆက်တက်လာခဲ့ကြရာ မကြာခင်တွင် ကျယ်ပြန့်သည့် မြေပြင်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုမြေပြင်၏အလယ်တွင် ရေကန်ကလေးတစ်ကန်ကို မြင်တွေ့လိုက်ရသည်။
“ဘယ့်နှယ့်လဲ၊ ဒီနေရာမှာ မြေကလည်းခပ်ပွပွပဲ၊ ပြီးတော့ ရေကန်လည်းရှိတယ်ဆိုတော့ ခင်ဗျားတို့ရှာနေတဲ့ဂမုန်းပင်က ဒီမှာရှိလောက်တယ်မဟုတ်လား”
ဦးတောကျော်ပြောလိုက်သည့်အခါ ဦးဘိုးလူက ခေါင်းညိတ်လိုက်လေသည်။ ဦးတောကျော်ကတော့ ရေကန်အနီးရှိ ကျောက်တုံးကျောက်ဖျာကြီးတစ်ခုပေါ်တွင်ထိုင်လိုက်လေသည်။
“ခင်ဗျားတို့ဆက်ရှာနှင့်၊ ကျုပ်ကတော့ ဒီကောင်တွေကို ကင်လိုက်အုံးမယ်”
ဦးတောကျော်က သစ်ကိုင်းတစ်ချို့ကိုရှာဖွေကာ မီးမွှေးလိုက်သည်။ ပတတ်ကောင်များကို ရင်ကိုခွဲထုတ်လျှက် မီးဖြင့်ကင်လေသည်။ ပတတ်ကောင်ငါးကောင်မှာ သိပ်မကြီးလှသော်လည်း သူတို့သုံးဦးမျှဝေစားသောက်နိုင်ပေသည်။ မကြာခင် ပတတ်ကောင်များ၏ အရေခွံများမှာ တွန့်လိပ်လာသဖြင့် ဦးတောကျော်က အရေခွံကိုခွာလိုက်သည်။
“စားကြည့်စမ်းပါဗျ”
ဦးဘိုးလူကတော့ ပတတ်ကောင်အား စားရန်တွန့်ဆုတ်နေလေသည်၊ ဦးဘဖေကတော့ ဗိုက်အလွန်ဆာနေသဖြင့် ဦးတောကျော်ထိုးပေးသည့် ပတတ်သားကိုဝါးစားလိုက်သည်။
“ချိုလိုက်တာဗျာ၊ အသားကတော့ ခပ်ခြောက်ခြောက်ပဲ”
ဦးဘဖေနှင့် ဦးတောကျော်က ပတတ်ကင်များကို အားရပါးရစားတော့မှ ဦးဘိုးလူလည်း ပတတ်သားကို စားလေသည်။ စားသောက်ပြီးစိးသည့်အခါ သုံးဦးသား ကျောက်ဖျာကြီးပေါ်တွင် ထိုင်နေလိုက်ကြသည်။
“ဆိုစမ်းပါအုံးဗျာ၊ ခင်ဗျားတို့ပြောတဲ့ ဂမုန်းကိုဘယ်မှာသွားရှာမှာလဲ”
ဦးဘိုးလူက ပြုံးလိုက်ပြီး
“ငါးပြေမဂမုန်းဆိုနေမှဗျာ၊ သူ့ကိုသွားရှာစရာမလိုဘူး၊ သူ့ကိုဖမ်းရင်ရပြီ”
ဦးတောကျော်က နားမလည်သလိုနှင့်ကြည့်နေသည်။ ဦးဘဖေကတော့ စမ်းရေအိုင်ထဲသို့ဆင်းလိုက်ပြီး ခြေလက်များကိုဆေးကြောနေလေသည်။ ဦးတောကျော်က ဆေးတစ်ဆုံပြင်လိုက်ပြီးနောက်
“ဒါနဲ့ ဘယ်လိုဖမ်းမှာလဲဗျ”
ဦးဘိုးလူက လွယ်အိတ်ကလေးကိုချလိုက်ရင်း
“ဒီလိုဗျ၊ ဒီဂမုန်းက ဂမုန်းဆိုပေမယ့် အသက်ရှိနေတဲ့ဂမုန်းဗျ၊ ဒီလိုနေ့လည်နေ့ခင်းမှာ မထွက်ဘဲ၊ ညဘက်ရောက်တဲ့အခါမှသာ ထွက်တတ်ကြတာဗျ၊ ဒီတော့ ကျုပ်တို့ ဒီညဖမ်းကြတာပေါ့ဗျာ”
ဦးဘိုးလူက သူချထားသည့် လွယ်အိတ်ကလေးကို ခေါင်းအုံးကာ လှဲအိပ်လိုက်ရင်း
“ကဲ မုဆိုးကြီး၊ ခင်ဗျားနားချင်ရင်နားထားနော်၊ ညကျတော့ ခင်ဗျားအိပ်နေလို့မဖြစ်ဘူးဗျ၊ ကျုပ်တို့ ငါးပြေမဂမုန်းဖမ်းတာကို ခင်ဗျားကြည့်ရအုံးမယ်နော်”
မကြာခင် ဦးဘဖေရေထဲမှပြန်တက်လာသည်။ ကျောက်ဖျာပေါ်သို့ နေရောင်က တိုက်ရိုက်မထိုးသဖြင့် အေးမြနေလေရာ ဦးဘဖေလည်း ဦးဘိုးလူနည်းတူ အိပ်စက်လေသည်။ ဦးတောကျော်ကတော့ သေနတ်ကိုအသင့်ကိုင်လိုက်ပြီးနောက် ကျောက်တုံးကြီးတစ်ခုကို မှီထိုင်လျှက် မျက်လုံးအစုံကို မှိတ်ချလိုက်သည်။
“ထွက်သွားကြစမ်း . . . .”
နားထဲတွင်အသံများကြားသဖြင့် မုဆိုးဦးတောကျော်တစ်ယောက်မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက အုံ့ဆိုင်းနေပြီး လေပြင်းများကလည်း တဝေါဝေါနှင့်တိုက်ခတ်နေလေရာ တောအုပ်အတွင်းရှိ သစ်ပင်များမှာ သစ်ရွက်များက လေပေါ်တွင်ဝဲပျံနေကြသည်။ မိုးကောင်ကင်းတွင်လည်း တိမ်ညို တိမ်မဲကြီးက အုပ်ဆိုင်းလျှက်ရှိပြီး လျှပ်ပန်းလျှပ်နွယ်များကို ထုတ်လွှတ်လျှက်ရှိသလို မိုးခြိမ်းသံကြီးများကလည်း တဂျိန်းဂျိန်းဖြင့် အလွန်ကျယ်လောင်လှသည်။
ထိုစဉ် သူထိုင်နေသည့် ကျောက်တုံးအောက်ဘက်ရှိ ရေကန်ကလေး၏ ရေများမှာ စိမ်းပြာရောင်အသွင်ပြောင်းလဲနေပြီး ရေကန်အလယ်ရှိရေများမှာ ဝဲကတော့သဖွယ်လည်ပတ်နေသည်။
“ထွက်သွား . . . နင်တို့တွေအကုန်ထွက်သွား”
ရေကန်အလယ်ရှိ ဝဲကတော့အတွင်းမှ အော်သံကျယ်ကြီးထွက်ပေါ်လာပြီးနောက် မိန်းကလေးတစ်ဦးက ရေမျက်နှာပြင်အောက်မှ တဖြည်းဖြည်းပေါ်ထွက်လာလေသည်။ ထိုမိန်းကလေး၏ ကိုယ်မှာ အစိမ်းရောင်အလင်းများထွက်နေကာ အင်္ကျီဝတ်ဆင်ထားခြင်းမျိုးမဟုတ်ဘဲ တစ်ကိုယ်လုံးကို အကြေးခွံကဲ့သို့ ကျပ်ပြားဝိုင်းခန့် အပြားကလေးများက ဖုံးအုပ်ထားသည်။ ထိုမိန်းကလေး၏ နက်မှောင်သောဆံနွယ်များမှာ ပြင်းထန်စွာတိုက်ခတ်နေသည့် လေတွင် လွင့်ပျံနေလေသည်။
“နင်တို့အားလုံးဒီကနေထွက်သွားကြ၊ မဟုတ်ရင် အားလုံးသေရလိမ့်မယ်”
“ကျုပ်တို့မှာ ဘာအပြစ်ရှိလို့လဲ”
ဦးတောကျော်က ထိုမိန်းကလေးကိုပြန်မေးလိုက်သည့် အခါ ထိုမိန်းကလေးက ဦးတောကျော်အားမျက်စောင်းထိုးလျှက်
“အဲဒီဆေးပင်က နင်တို့နဲ့မထိုက်ဘူး”
ထိုသို့ပြောပြီးနောက် မိန်းကလေးက ဦးတောကျော်အား မျက်စောင်းနောက်တစ်ချက်ထိုးထည့်လိုက်ရာ မျက်စောင်းအတွင်းမှ အစိမ်းရောင်အလင်းတန်းများထွက်လာပြီး ဦးတောကျော်ကိုထိမှန်သွားသည်။ ဦးတောကျော်မှာ အလွန်ပူလောင်သည့် ဝေဒနာကိုခံစားရသည့်အတွက် အသံကုန်ဟစ်ကာအော်လိုက်လေသည်။
“အား . . . .”
ထိုစဉ် ဦးတောကျော်ပုခုံးကို လက်နှင့်ပုတ်ခံလိုက်ရသဖြင့် ဦးတောကျော်က မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ ဦးဘိုးလူက ဦးတောကျော်ပုခုံးကို ပုတ်လိုက်ခြင်းဖြစ်သည်။
“ခင်ဗျားအိပ်မက်ဆိုးတွေ မက်နေပြီထင်တယ်”
ဦးတောကျော်တစ်ကိုယ်လုံး ဇောချွေးများပြန်နေလေသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာတွင်လည်း ညနေနေရောင်ခြည်က ထိန်လင်းလျှက်ရှိပြီး သာယာလွန်းလှသည်။ ဦးတောကျော်က နဖူးတွင်ကျဆင်းနေသည့် ချွေးများကို လက်ဖမိုးနှင့်သုတ်လိုက်ကာ အိပ်ရာမှထလိုက်သည်။ ရေကန်ကလေးကို တစ်ချက်ကြည့်လိုက်ရာတွင် တောင်ကျရေများနှင့်ပြည့်နှက်နေသည့် ရေကန်ကလေးမှာ ကြည်စိမ်းနေလေသည်။ ဦးတောကျော်ဗိုက်အတွင်း ဆာလောင်မွတ်သိပ်မှုကိုခံစားလိုက်ရသဖြင့် သေနတ်ကိုလွယ်ကာ မတ်တပ်ထလိုက်သည်။
“ကျုပ် စားစရာတစ်ခုခုသွားရှာလိုက်အုံးမယ်၊ ခင်ဗျားတို့ ဒီမှာစောင့်နေနော်”
ထို့နောက် ဦးတောကျော်က တောအုပ်အတွင်းသို့ဝင်ခဲ့သည်။
(၃)
ဆေးတောင်ကြီးရှိ ရေကန်ကလေးအောက်ခြေတွင် စမ်းချောင်းကလေးတစ်ခုရှိသည်။ ထိုစမ်းချောင်းကလေးအတိုင်း ဦးတောကျော်က ဆက်လိုက်လာခဲ့ရာ မကြာခင်တွင် ဆေးတောင်ကြီး၏ အောက်ခြေသို့ရောက်လာခဲ့သည်။ ထိုနေရာတွင် စမ်းချောင်းကလေးက ပြန့်ကားသွားပြီးနောက် မြေနိမ့်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားလေသည်။ မြက်ပင်များ၊ ချုံပင်များက တောထနေကာ၊ မိုးတွင်းဖြစ်သဖြင့် မြက်နုမြက်သစ်များမှာလည်း အပြိုင်အဆိုင်ပေါက်နေကြပြန်သည်။ ဦးတောကျော်က ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရာ တိရစ္ဆာန်များ၏ ခြေရာများကို နေရာအနှံ့တွင်တွေ့ရသည်။
“ဒီနေရာမှာ တိရစ္ဆာန်တွေ ရေသောက်ဆင်းရင်း၊ အစာလာစားကြပုံပဲ”
ထိုအခိုက် တောတိုးသံတစ်ခုကိုကြားလိုက်သဖြင့် ဦးတောကျော်က ပစ်ကွင်းကောင်းသည့် သစ်ပင်တစ်ပင်ပေါ်သို့ ကုပ်ဖက်တက်လိုက်သည်။ သူထင်ထားသည့်အတိုင်းပင် မကြာခင် သမင်တစ်အုပ်က ချုံပင်များအတွင်းမှ ထွက်လာလေသည်။ ဦးတောကျော်လည်း တူမီးသေနတ်ကိုကျည်ဖြည့်လိုက်ပြီး အသာချောင်းနေလိုက်သည်။
သမင်အုပ်တွင် သမင်ဖိုမပါဘဲ သမင်မများသာပါသည်။ သမင်မများမှာ သားမကွဲသေးသည့်အချိန်တွင် သမင်ဖိုများကို ခြောက်လှန့်တိုက်ခိုက်တတ်ကြလေရာ ထိုသို့အချိန်ဖြစ်မည်ဟု ဦးတောကျော်ကတွေးလိုက်သည်။ ထင်သည့်အတိုင်းပင် သမင်မများနှင့်အတူ သမင်ပေါက်ကလေးများလည်း ပါလာသည်။ သမင်ပေါက်ကလေးများမှာ အလွန်ရဲတင်းပြီး ပတ်ဝန်းကျင်အား အကဲခတ်ဖြင်းမရှိဘဲ အချင်းချင်းစနောက်လျှက် ခုန်ပေါက်ပြေးလွှားနေကြသည်။ မိခင်ဖြစ်သူ သမင်မကြီးကတော့ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်နေရင်း မြက်နု မြက်ညွှန့်များကို ကိုက်ဖြတ်စားသောက်နေလေသည်။ သမင်မ သုံးကောင်နီးပါးရှိပြီး၊ သမင်ပေါက်ကလေးမှာ ခြောက်ကောင်ခန့်ရှိသည်။ ဦးတောကျော်က သမင်အုပ်ကိုပစ်ရန်စိတ်ကူးမရှိတော့သဖြင့် သေနတ်ကိုချထားလိုက်ကာ စောင့်ကြည့်နေလေသည်။
“ဪ၊ သားအမိတွေ အေးအေးလူလူစားသောက်ကြပါစေ၊ အမေကိုပစ်ရင် သားသမီးက ဥမမယ်စာမမြောက်အရွယ်မို့ ဒုကရောက်မယ်၊ သားသမီးကိုပစ်ရင်လည်း အမေဖြစ်တဲ့မိခင်ကြီးက ပူဆွေးရရှာတော့မယ်”
ဦးတောကျော်တွေးနေမိသည်။ ထိုစဉ်မှာပင် သမင်အုပ်၏ အပေါ်ဘက်မြက်တောထဲတွင် အဝါရောင်အသွေးရှိသည့် သစ်ကြုတ်တစ်ကောင်ကိုတွေ့မြင်လိုက်ရသည်။ သစ်ကြုတ်မှာ သမင်အုပ်ကိုချောင်းနေဟန်တူသည်။ မကြာခင် သမင်သားပေါက်ကလေးတစ်ကောင်က သစ်ကြုတ်အနီးရှိ မြက်တောအတွင်းသို့ ခုန်ပေါက်ဝင်သွားသည်။
“ဂရား . . .”
သစ်ကြုတ်မှာ သမင်ငယ်လေးကိုတွေ့သည့်အခါ ဟိန်းဟောက်ရင်း လက်နှင့်လှမ်းပုတ်လိုက်လေသည်။ သမင်ငယ်ကလေး၏ ဘယ်ဖက်ဝမ်းဗိုက်နံဘေးကို သစ်ကြုတ်၏လက်သည်းချက်က ထိမှန်သွားသည်။ သမင်ငယ်ကလေးမှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေလေသည်။ ထိုစဉ် မြက်စားနေသည့် သမင်မကြီးမှာ သစ်ကြုတ်ထံသို့ပြေးလာပြီး ခေါင်းနှင့်ဝှေ့လေတော့သည်။ သစ်ကြုတ်မှာ သမင်မကြီးကို လက်သည်းများဖြင့် ပုတ်ခတ်ပြီးနောက် သမင်မကြီး၏ လည်ပင်းကိုအတင်းကိုက်ဆွဲကာ မြက်တောကြီးအတွင်းသို့ ဆွဲချသွားလေသည်။ သမင်မကြီးမှာ သူ့သားငယ်များကို ထွက်ပြေးရန် တကြော်ကြော်အော်နေလေရာ ဦးတောကျော်လည်း ရပ်ကြည့်မနေနီုင်တော့သဖြင့် သေနတ်ကိုမိုးပေါ်ထောင်ဖောက်လိုက်သည်။
“ဒိန်း”
သစ်ကြုတ်မှာ သမင်မကြီးကိုဆွဲရင်း တောအုပ်အတွင်းသို့ ပြေးဝင်သွားသည်။ သမင်အုပ်မှာလည်း တစ်ဖက်တောအုပ်ထဲသို့ ပြေးဝင်ပြန်သည်။ သစ်ကြုတ်အပုတ်ခံလိုက်ရသည့် သမင်ကလေးသာ ဗိုက်ပွင့်ပြီး မပြေးနိုင်ဘဲ ခွေကျနေသည်။ တအီအီအော်ဟစ်လျှက် ပြင်းထန်သည့်ဝေဒနာကို ခံစားနေရရှာသည်။ ဦးတောကျော်လည်း သစ်ပင်ပေါ်မှခုန်ဆင်းလိုက်ပြီး သမင်ကလေးထံသို့ပြေးသွားလိုက်သည်။ သမင်ကလေးမှာ ဦးတောကျော်ကိုမြင်သည့်အခါ ကြောက်လန့်သော်လည်း မပြေးနိုင်သဖြင့် ခွေမြဲခွေနေသည်။ ဦးတောကျော်က သမင်ကလေး၏ ဗိုက်သားကိုကြည့်လိုက်သည့်အခါ သင်တုန်းဓါးများကဲ့သို့ ထက်မြက်လှသည့် သစ်ကြုတ်၏ လက်သည်းများက သမင်ကလေး၏ ဝမ်းဗိုက်အရေနှင့် နံရိုးများကိုဖြတ်ကာ သမင်ကလေး၏ ကလီစာများပင် ပြတ်တောက်နေသည်ကိုတွေ့လိုက်ရသည်။
ဦးတောကျော်လည်း ခါးတွင်ထိုးထားသည့် ဓါးကိုဖြုတ်လိုက်ပြီးနောက် သမင်ကလေးအရှေ့တွင်ထိုင်ချလိုက်သည်။ ကြည်လဲ့ရွှန်းပနေသည့် မျက်လုံးကြီးများဖြင့် သမင်ကလေးက ဦးတောကျော်ကိုကြည့်ရင်း အသနားခံနေပုံရသည်။ ဦးတောကျော်လည်း သမင်ကလေး၏ လည်ပင်းကိုလက်တစ်ဖက်ဖြင့်ဖမ်းချုပ်လိုက်ကာ နောက်လက်တစ်ဖက်တွင် ကိုင်ထားသည့်ဓါးဖြင့် သမင်ကလေး၏ ငယ်ထိပ်တည့်တည့်သို့ ထိုးစိုက်ချလိုက်လေသည်။ သမင်ကလေးမှာ တအိအိအော်ရင်း ငြိမ်သက်သွားတော့သည်။
“မင်းကို ဝေဒနာတွေ ထပ်မခံစားစေချင်လို့ပါကွာ၊ ငါ့လုပ်ရပ်ကို မင်းနားလည်ပေးပါ”
ဦးတောကျော်လည်း သမင်ကလေးကို ပုခုံးပေါ်တင်ထမ်းလိုက်သည်။ တောအုပ်အတွင်းသို့ ပြန်ဝင်မည်အလုပ်တွင် တချွင်ချွင်အသံများဖြင့် တောတိုးသံကိုကြားလိုက်ရသည်။ တောတိုးသံက သူ့ဆီတန်းတန်းမတ်မတ်လာသည်မို့ ဦးတောကျော်လည်း အမြန်ထွက်ပြေးရတော့သည်။
“ဘယ်ကိုပြေးမှာလဲ”
အနောက်ကိုလှည့်ကြည့် လှည့်ကြည့်နှင့် ထွက်ပြေးနေသည့် ဦးတောကျော်အရှေ့တွင် အလွန်ကြီးမားလှသည့် မြွေကြီးတစ်ကောင် ပေါ်ပေါက်လာလေသည်။ မြွေကြီးတစ်ကိုယ်လုံးကို အစိမ်းရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြိး မြွေကြီး၏ ဦးခေါင်းတွင်လည်း အနောက်သို့ကော့လန်နေသည့် အမောက်အစိမ်းရောင်ကြီးတစ်ခုပါသေးသည်။ အစိမ်းရောင်ဆိုသော်လည်း သစ်ရွက်များကဲ့သို့ စိမ်းလန်းနေခြင်းမဟုတ်ဘဲ အကြေးခွံများမှာ သံသားကဲ့သို့ ဝင်းလက်နေလေသည်။ ဦးတောကျော်လည်း မြွေကြီးကို ဘွားခနဲတွေ့လိုက်ရသဖြင့် ဖင်ထိုင်လျက်သား လဲကျသွားသည်။
“ကျုပ် . . . ကျုပ်ကိုချမ်းသာပေးပါ”
“နင်တို့ကို ငါသတိပေးဖို့လာခဲ့တာ၊ နင်တို့ ဒီကနေအခုပဲ ထွက်သွားရင်ထွက်သွား မထွက်သွားရင် နင်တို့အားလုံးကို ငါသတ်မယ်”
မြွေကြီးက ပါးစပ်မလှုပ်သော်လည်း လူစကားကို ပီပီသသပြောနေသဖြင့် ဦးတောကျော်မှာ ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်အောင်ဖြစ်ရသည်။
“ခင် . . . ခင်ဗျားက”
“ဟုတ်တယ်၊ ခုနက မင်းအိပ်မက်ထဲမှာတွေ့ခဲ့တာငါပဲ”
“ကျုပ် . . . ကျုပ်ခင်ဗျားကို ဘာမှမလုပ်ပါဘူးဗျာ၊ ကျုပ်ကိုခွင့်လွှတ်ပါ”
“သူတို့ဒီကိုရောက်အောင် မင်းပဲခေါ်လာခဲ့တာပဲ၊ ငါက လမ်းမှာ သုံးကြိမ်တိတိသူတို့ကိုတားမြစ်သေးတယ်၊ ဒါပေမယ့် မင်းက ဒီကို မရရအောင် ခေါ်လာခဲ့တယ်”
“ဒါ . .ဒါကတော့ဗျာ၊ သူတို့ကိုကျုပ်က စောင့်ရှောက်ပေးရမယ့်တာဝန်ရှိတယ်လေ၊ ကျုပ်ရဲ့စားဝတ်နေရေးအတွက် သူတို့က ကျုပ်ကိုပေးချေထားတယ်မဟုတ်လား၊ သူ့ဆန်စားတော့ရဲရတော့မှာပေါ့”
“ကောင်းပြီလေ၊ ဒါ ငါနောက်ဆုံးအကြိမ် မင်းကိုသတိပေးတာပဲ၊ မင်းသာ ဆက်ပြီးဝင်ပါနေမယ်ဆိုရင်တော့ မင်းကိုပါ ငါတို့သတ်ပစ်ရမယ်”
မြွေနဂါးကြီးက ပြောဆိုပြီးသည့်အခါ မြက်တောကြီးအတွင်းသို့ ပြန်လည်တိုးဝင်သွားကာ မျက်စိအောက်မှာပင် ပျောက်ကွယ်သွားတော့သည်။ ဦးတောကျော်လည်း ထိုတော့မှသေချာပြန်စဉ်းစားမိသည်။ တောင်ကျရေများစီးဆင်းလာသည်က ထိုမြွေနဂါးကြီး တားမြစ်ခြင်းပေလော၊ ထို့အတူ သွေးနွယ်ရှင်များနှင့် ဦးဘဖေအယောင်ဆောင်သည့် စပါးကြီးမြွေကြီးမှာလည်း ထိုမြွေနဂါးကြီး၏ လက်ချက်ပေလော။ ဦးတောကျော်လည်း ကြောက်ကြောက်နှင့် သမင်ကလေးကိုထမ်းကာ ပြန်လာခဲ့ရတော့သည်။
“ဟာ၊ မုဆိုးကြီး အမဲကောင်ရလာတယ်ထင်ပါ့”
“သမင်ကတော့ သေးတယ်၊ ဒါပေကမယ့် ကျုပ်တို့သုံးယောက်တော့ စားလောက်မှာပါ”
ဦးတောကျောက်က ကျောက်ဖျာကြီးပေါ်တွင် သမင်ငယ်ကလေးကိုချကာ ဖြတ်တောက်ဖို့လုပ်သည်။ သမင်သားများကို ဖြတ်တောက်ထုတ်ပြီးနောက် ရေဆေးရန်လိုအပ်လာသည်။
“ကျုပ်ရေလိုတယ်ဗျ၊ ခင်ဗျားတို့ထဲက တစ်ယောက်လောက် ချောင်းအောက်ဘက်မှာ ရေသွားခပ်ပေးဗျာ”
ထိုအခါ ဦးဘိုးလူက ဦးတောကျော်ကို အထူးအဆန်းမျက်လုံးဖြင့်ကြည့်သည်။
“ဟိုမှာ ရေအိုင်ကြီးတစ်အိုင်လုံးရှိနေတာပဲဗျာ၊ ဘာလို့တောင်အောက်ဆင်းရမှာလဲဗျ”
ဦးတောကျော်က ရေကန်ကိုတစ်ချက်ကြည့်လိုက်လေသည်။ ထိုစဉ်မှာပင် ဦးဘဖေက အသားမြှောင်းများကိုဆွဲယူသွားကာ ရေကန်စပ်တွင်ဆေးကြောလေသည်။ သမင်အသားမှထွက်သည့် သွေးရေများကြောင့် ကြည်စိမ်းနေသည့်ရေကန်တွင် အနီရောင်စွန်းထင်းလျှက် ရေများနောက်ကျိသွားလေသည်။ ဦးတောကျော်မှာ ထိုအဖြစ်ကိုတွေ့ပြီးနောက် တံတွေးမြိုချလိုက်မိသည်။
“ကျုပ်လုပ်တာမဟုတ်ဘူးနော်၊ ကျုပ်မပါဘူး”
ထိုသို့စိတ်ထဲမှပြောဆိုလိုက်မိလေသည်။
(၄)
သမင်သားကို ကင်စားပြီးသည်နှင့် ညမိုးချုပ်သွားသည်။ မကြာခင် ကောင်းကင်ယံတွင် လမင်းကြီးက ပေါ်လာလေသည်။ လဆန်းရက်မို့ လထွက်စောသည်။
“လထွက်လာတာမကောင်းဘူးဗျို့၊ ငါးပြေမ ဂမုန်းကိုဖမ်းမယ်ဆိုရင် မိုးရွာဖို့လိုတယ်ဗျ”
ဦးတောကျော်လည်း မိုးကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်သည်။
“ဒါဆိုသိပ်မလိုတော့ပါဘူးဗျာ၊ ဟိုးမှာကြည့်လိုက်ပါအုံး”
အနောက်တောင်အရပ်မှ တိမ်လိပ်တစ်လိပ်က တဖြည်းဖြည်းတက်လာခဲ့သည်။ ထိုတိမ်လိပ်ကြီးမှာ တောင်ကြီးတစ်ခုအလား ကြီးမားသည့်အပြင် လျှပ်စီးများကလည်း ဝင်းခနဲလက်ခနဲ တစ်ချက်တစ်ချက် လက်သွားသေးသည်။ ဦးဘိုးလူက ထိုတိမ်တိုက်ကြီးကိုကြည့်ပြီး
“အင်း၊ ဒီအတိုင်းဆိုရင်တော့ ညလယ်လောက်မှာ ထစ်ချုန်းမိုးရွာမယ်ထင်ပါရဲ့”
ဦးတောကျော်မှာ သေနတ်ကိုပိုက်ထားရင်း မီးပုံနံဘေးတွင်ထိုင်နေသည်။ ဦးဘိုးလူနှင့် ဦးဘဖေတို့မှာလည်း သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
“ဒါနဲ့ ခင်ဗျားတို့ ဒီကနေပြန်သွားတာကောင်းမယ်နော်”
ဦးတောကျော်က စကားအစပ်အဆက်မရှိ ထပြောသဖြင့် ဦးဘိုးလူကအံ့ဩသွားလေသည်။ ထို့နောက် ဦးဘိုးလူက ပြုံးလိုက်ကာ ထင်းချောင်းတစ်ချောင်းကို မီးပုံထဲထိုးထည့်ရင်း
“ဘာလဲ ခင်ဗျားရော အဲဒီမြွေနဂါးကြီးကို အိပ်မက်မက်ပြန်ပြီလား”
ဦးတောကျော် အံ့ဩသွားမိသည်။
“ဘာမှကြောက်မနေပါနဲ့ဗျာ၊ ဒီမြွေနဂါးကြီးက ဘာမှမဟုတ်ပါဘူး၊ ကျုပ်တို့ကို အိပ်မက်ပေးနေတာ တစ်လလောက်ရှိပါပြီ”
“ခင်ဗျားတို့ နောက်မဆုတ်ဘူးလား”
“နောက်မဆုတ်လို့ ဒီအထိအောင်ရောက်လာတာပေါ့ မုဆိုးကြီးရာ၊ နေရာတကာမှာ အဖျက်ဆိုတာရှိသဗျ၊ အခုမြွေနဂါးကြီးကလည်း ကျုပ်တို့ကြုံတွေ့ရမယ့် အဖျက်တစ်မျိုးပဲ၊ ဒီအတွက်တော့ မပူပါနဲ့၊ ကျုပ်တို့ကြိုပြီးပြင်ဆင်လာတယ်။
“ဘယ်လိုပြင်ဆင်ထားတာလဲဗျ”
ထိုအခါ ဦးဘိုးလူက ရေကန်ကိုလက်ညှိုးထိုးပြသည်။ ရေကန်ဘေးပတ်ပတ်လည်တွင် တစ်တောင်ခန့်ရှိသည့် ဝါးချွန်များကို မြေတွင်စိုက်သွင်းရိုက်နှက်ထားကာ ထိုဝါးလုံးများတွင်လည်း ချည်ကြိုးများကိုပတ်လည်ချည်နှောင်ထားသည်။ ရေကန်ကြီးတစ်ခုလုံးကို ချည်ကြိုးများနှင့် ပတ်ပတ်လည်ဝိုင်းထားသကဲ့သို့ဖြစ်သည်။
“အဲဒါက ဘာလုပ်ဖို့လဲ”
“ဘာမှမပူပါနဲ့ဗျာ၊ ခဏနေရင် သိရတော့မှာပါ”
“ခင်ဗျားတို့တော့ မသိပေမယ့် ကျုပ်ကတော့ ကြောက်တယ်နော်၊ ခင်ဗျားတို့လုပ်ရပ်မှာ ကျုပ်ဘာမှဝင်မပါချင်ဘူးနော်”
“မုဆိုးကြီးရာ၊ ခင်ဗျားနှယ် ကြောက်တတ်ရန်ကော”
မကြာခင် မိုးတိမ်တောင်ကြီးက သူတို့ခေါင်းပေါ်ကို အုပ်ဆိုင်းသွားလေသည်။ မိုးတိမ်တောင်ကြီးအုပ်ဆိုင်းသွားပြီး မကြာခင်မှာပင် လေပြင်းများက တဝူးဝူးတိုက်ခတ်လာလေသည်။ လေပြင်းများမှာ အလွန်ပြင်းထန်စွာ ဝှေ့ယမ်းတိုက်ခတ်နေသဖြင့် အနီးပတ်ဝန်းကျင်မှာ သစ်ပင်များမှာ ယိမ်းထိုးနေကြပြီး သစ်ကိုင်းများ၊ သစ်ရွက်များမှာ ကောင်းကင်တွင် ဝဲပျံနေကြသည်။
ယခုပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာအားလုံးမှာ မုဆိုးကြီးဦးတောကျော် နေ့လည်အိပ်စဉ်က မြင်တွေ့ခဲ့ရသည့်အတိုင်း တစ်သွေမတိမ်းဖြစ်ပျက်နေခြင်းဖြစ်သည်။ ထိုအခါ ဦးဘိုးလူက လက်နှစ်ဖက်ကိုလေပေါ်သို့ မြှောက်တင်လိုက်ပြီးနောက်
“အို၊ ဂမုန်းတစ်ထောင်၊ ပန်းတစ်ထောင်၊ ဆေးတစ်ထောင်အပါအဝင် ဆေးမြစ်နွယ်ရှင် ဂမုန်းပင်ခင်ဗျား၊ ကျွန်ုပ်တို့သင့်အား ပူဇော်ပါသည်၊ ပန်ကြားပါသည်၊ ဖိတ်ခေါ်အပ်ပါသည်။ အသင်ဂမုန်းပင် မိုးကောင်းကောင်းတွင် ပျော်စံပြီး ကြွမြန်းတော်မူလှည့်ပါ”
ဦးဘိုးလူက အော်လိုက်သည်နှင့် မိုးစက်မိုးပေါက်များက မိုးသားတိမ်လိမ်များအပေါ်မှ တစ်ဟုန်ထိုးကျဆင်းလာလေသည်။ တစ်ချက်တစ်ချက် လျှပ်ပျက်လိုက်သည့်အလင်းရောင်များကြောင့် ပတ်ဝန်းကျင်တစ်ခွင်မှာ ထိန်လင်းသွားပြီး ဖြစ်ပျက်သမျှအားလုံးကို အတိုင်းသားမြင်နေရသည်။
ထိုရေကန်လေးအတွင်းမှ ရေများမှာ တဖြည်းဖြည်းအစိမ်းပုပ်ရောင်သန်းသွားပြီးနောက် ရေကန်အလယ်တွင်လည်း ရေများပွက်ပွက်ဆူလာကာ ရေဝဲကြီးတစ်ခုဖြစ်ပေါ်လာလေသည်။ ထို့နောက် ထိုရေဝဲကြီးအလယ်မှ ငါးပြေမနှစ်ကောင်က ကူးခတ်ကာထွက်လာလေသည်။ ငါးပြေမကြီးများမှာ တစ်တောင်ခန့်နီးပါးကြီးမားပြီး အဖိုအမကဲ့သို့ တစ်ကောင်နှင့်တစ်ကောင် လူးလိမ့်ကူးခတ်ရင်း တဖြည်းဖြည်းကမ်းစပ်ပေါ်သို့တက်လာခဲ့သည်။
“ကိုဘဖေ၊ အဲဒီငါးပြေမတွေကို ကွန်နဲ့ပစ်ဗျာ”
ဦးဘိုးလူလွယ်အိတ်အတွင်းတွင် အသေအချာပြင်ဆင်ယူဆောင်လာသည့် ပိုက်ကွန်ဖြင့် ဦးဘဖေက ရေကန်အတွင်းသို့ ဖြန့်ဝဲကာပစ်လိုက်လေသည်။ ပိုက်ကွန်ရှိကြိုးများနှင့် ထိုသည့်အခါ ထိုငါးပြေမကြီးများမှာ ရုန်းကန်လှုပ်ရှားနေသည်ကိုတွေ့လိုက်ရသည်။ ဦးဘဖေက ပိုက်ကွန်ကို အားကုန်ဆွဲလေရာ ငါးပြေမကြီးများမှာ မရုန်းကန်နိုင်ဘဲ ဦးဘဖေလက်အတွင်းသို့ သက်ဆင်းရတော့သည်။ ဦးဘဖေက ပိုက်ကွန်ကို ကျောက်ဖျာပေါ်သို့ယူလာပြီး ဖြေလိုက်ရာ အတွင်းတွင် ငါးပြေမကြီးနှစ်ကောင်မှာ တကယ့်ငါးပြေမကြီးမဟုတ်ဘဲ သစ်ရွက်ကြီးနှစ်ရွက်သာဖြစ်နေလေသည်။ ထိုငါးပြေကြီးနှစ်ကောင်၏ အမြီးအောက်တွင် သစ်ပင်စည်တစ်ခုက စွဲကပ်ကော အောက်တွင်တော့ လက်တစ်ဝါးခန့်အရွယ်ရှိသည့် ဂမုန်းဥပြားပြားကြီးကိုမြင်တွေ့ရသည်။
ထိုစဉ်ရေကန်ကြီးမှာ ပွက်ပွက်ဆူထွက်သွားပြီး မြွေနဂါးကြီးတစ်ကောင်ထွက်လာလေသည်။ သို့သော် မြွေနဂါးကြီးမှာရေကန်အတွင်းမှ ထွက်ခွာမရဘဲ ဦးဘိုးလူတို့ တားထားသည့် စည်းများကြောင့် ပိတ်မိနေလေသည်။
ဦးဘဖေက ငါးပြေမ ဂမုန်းကိုလက်နှစ်ဖက်နှင့် သေသေချာချာကိုင်တွယ်ကာ မြှောက်တင်လိုက်သည်။
“ကိုဘိုးလူရေ၊ အောင်ပြီဗျ . . . . အောင်ပြီ”
“ဟုတ်တယ် ကိုဘဖေရေ၊ အောင်ပြီဗျ”
ဦးဘိုးလူမှာ ဦးဘဖေအနီးသို့ တိုးကပ်သွားလေသည်။ ထို့နောက် ဘာမပြောညာမပြောနှင့် သူ့လက်ထဲတွင်ကိုင်ထားသည့် ဓါးမြှောင်နှင့် ဦးဘဖေ၏ ရင်ဘတ်ကို အားကုန်ထိုးစိုက်ချလိုက်သည်။ ဦးဘဖေမှာ သူ့ရင်၀တွင် တန်းလန်းကြီးစိုက်နေသည့် ဓါးမြှောင်ကို အံ့ဩတကြီးနှင့် ငုံ့ကြည့်နေသည့်အချိန်တွင် ဦးဘိုးလူက ငါးပြေမဂမုန်းကို ဆွဲယူလိုက်လေသည်။
“ဘာဖြစ်လို့လဲ ကိုဘိုးလူ၊ ခင်ဗျားဘာလုပ်တာလဲ”
ဦးဘိုးလူက ရယ်မောလိုက်ပြီး
“ဟား၊ ဟား တစ်ဂူတည်းမှာ ခြင်္သေ့နှစ်ကောင်မအောင်းဘူးတဲ့ကွ၊ ဒီတော့ အခုငါဂမုန်းရပြီ၊ ငါ့ဓါတ်လုံးကိုအစာကျွေးလိုက်ရင် ငါက ဓါတ်လုံးပိုင်ရှင်ဘိုးတော်ကြီးဖြစ်ပြီကွ”
ဦးဘဖေမှာ အလွန်အံ့ဩနေရင်းလဲကျသွားသည်။ ဦးဘိုးလူက ဦးဘဖေကိုတစ်ချက်ကြည့်ရင်း
“ဒီခရီးကအစ ကိစ္စတွေအားလုံးကို ငါပဲစီစဉ်ခဲ့ရတာကွ၊ ဒီတော့ မင်းလိုအသုံးမကျတဲ့ကောင်ကို ငါ့ရဲ့ဂမုန်းတွေ ခွဲပေးမယ်လို့ မင်းထင်နေတာလား”
ဦးဘိုးလူကိုကြည့်ရင်း ဦးတောကျော်မှာ အတော်ထိတ်လန့်မိသလို အတော်လည်း စက်ဆုပ်ရွံရှာမိသည်။ မိမိကောင်းစားရေးအတွက် သူများအသက်ကို သတ်ဖြတ်မိသည့်အတွက်လည်း စိတ်ထဲနာကျည်းနေမိသည်။ ဦးဘိုးလူက ငါးပြေမဂမုန်းကို လွယ်အိတ်အတွင်းသို့ထည့်လိုက်ပြီး
“ကဲ၊ ကျုပ်တို့သွားကြမယ် မုဆိုးကြီး”
“ခင် . . . ခင်ဗျားဘာလုပ်တာလဲဗျ”
“ခင်ဗျားတွေ့တဲ့အတိုင်းပဲပေါ့ မုဆိုးကြီးရာ၊ ဒါပေမယ့် ခင်ဗျားစိတ်မပူပါနဲ့ဗျာ၊ ကျုပ်ကခင်ဗျားကို မသတ်ပါဘူး၊ လာပါ ကျုပ်တို့ကိစ္စပြီးပြီ ဒီတောကြီးထဲကနေ အမြန်ထွက်ကြစို့”
ဦးတောကျော်လည်း ဘာမှမပြောနိုင်တော့ဘဲ ထလိုက်လာခဲ့သည်။ ဆေးတောင်ကြီးမှ ဆင်းလိုက်သည့်အချိန်အထိ မိုးကောင်းကင်ကြီးက တဝုန်းဝုန်းနှင့်မြည်သံပေးလျှက် ထစ်ချုန်းမိုးကြီး ရွာသွန်းနေဆဲဖြစ်သည်။ တောင်ခြေအရောက်တွင် ဦးတောကျော်က ရပ်လိုက်ပြီး
“နေအုံးဗျ၊ အလျင်စလိုနဲ့ထွက်လာလိုက်တာ ကျုပ်သေနတ်ကျန်နေခဲ့တယ်”
ဦးတောကျော်လက်တွင်လည်း တကယ် သေနတ်ကိုင်မထားပေ၊ ဦးဘိုးလူက ဦးတောကျော်ကိုတစ်ချက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ဦးတောကျော်က ဆေးတောင်ကြီးပေါ်သို့ ပြန်ပြေးတက်ခဲ့သည်။
ဦးတောကျော်က တမင်တကာ သူကသေနတ်ကို ထားခဲ့ခြင်းဖြစ်သည်၊ အကြောင်းမှာ ဦးဘိုးလူကို အကြောင်းပြပြီး တောင်ပေါ်သို့ တစ်ဖန်ပြန်တက်ရန်ဖြစ်သည်။ ကျောက်ဖျာကြီးပေါ်တွင် ပက်လက်လန်ကျကာ လဲလျောင်းနေသည့် ဦးဘဖေထံသို့ အပြေးသွားလိုက်သည်။ ဦးဘဖေ၏ ရင်ဘတ်ဒဏ်ရာမှ သွေးတွေစီးကျနေလေသည်။
“ကိုဘဖေ . . .”
ဦးတောကျော်ခေါ်လိုက်သည့်အခါ ဦးဘဖေက မျက်လုံးဖွင့်ကြည့်သည်။ ထို့နောက် သူ့ရင်ဘတ်တွင်စိုက်ဝင်နေသည့် ဦးဘိုးလူ၏ ဓါးမြှောင်ကိုဆွဲနှုတ်လိုက်လေရာ ရင်ဘတ်ပွင့်သွားပြီး သွေးများက ပန်းထွက်လာလေသည်။
“ခင်ဗျား ဒီဓါးကိုယူလိုက် မုဆိုးကြီး၊ ပြီးတော့ ကျုပ်အတွက် . . . ကျုပ်အတွက် . . လက်စားချေ”
ဦးဘဖေမှာ စကားပြောနေရင်း အသံတွေဖောက်ကာ အမောဖောက်လာလေသည်။ ထို့နောက် ဦးဘဖေမှာငြိမ်သက်သွားတော့သည်။ ဦးတောကျော်က သူ့သေနတ်ကိုပြေးကောက်ပြီး ပြန်လှည့်ပြေးရန်အထွက်တွင် ရေကန်ကိုငေးကြည့်မိသည်။ ရေကန်အလယ်တွင် မြွေနဂါးကြီးက ခေါင်းကြီးထောင်နေပြီး အော်ဟစ်နေလေသည်။ ဦးတောကျော်လည်း ရေကန်ဆီသို့ပြန်သွားလိုက်ပြီး ရေကန်အနီးတွင်စိုက်ချထားသည့် ဝါးချွန်ငုတ်ကို ဖြုတ်လိုက်လေရာ ချည်ကြိုးများမှာ အကုန်လျော့ရဲကာ ပြတ်ထွက်ကုန်သည်။
ဦးတောကျော်က မြွေနဂါးကြီးကိုကြည့်လိုက်သည့်အခါ မြွေနဂါးကြီးမှာ ဦးတောကျော်ကို အသာခေါင်းညိတ်ပြလျှက် ရေအောက်တွင်းသို့ပြန်လည်ငုပ်လျှိုးသွားလေတော့သည်။
“ခင်ဗျားနှယ်၊ ကြာလိုက်တာဗျာ”
ထို့နောက် ဦးတောကျော်နှင့် ဦးဘိုးလူတို့ တောအုပ်ကြီးအတွင်း ဆက်လက်ပြေးလွှားနေမိသည်။ အမှောင်ထုအတွင်း ခရီးဆက်ရသည်မို့ အလွန်သတိထားရသည်။
တစ်ညလုံး ခရီးဆက်နေရင်း မနက်မိုးလင်းလာခဲ့သည်။ ဆေးတောင်ကြီးသွားသည့် တောင်ကြားနေရာသို့ပင်ရောက်လာခဲ့ပြီဖြစ်သည်။ ဦးဘိုးလူမှာ အခါတိုင်းနှင့်မတူဘဲ ခြေလှမ်းတွေသွက်နေလေသည်။ တစ်ခုခုကိုစဉ်းစားရင်း ပါးစပ်က နားရွက်တက်ချိတ်မည့်အလား ပြုံးရွှင်နေလေသည်။ မကြာခင် နေရောင်ခြည်များက တောအုပ်တွင်း ဖြန့်ကျက်ကျဆင်းလာခဲ့သည်။ ဦးတောကျော်က ခြေပစ်လက်ပစ်ဖြင့် သစ်ပင်ကြီးတစ်ပင်အနီးတွင် ထိုင်ချလိုက်လေသည်။
“ကျုပ်တော့ ပန်းနေပြီဗျာ၊ နားအုံးမယ်”
ဦးဘိုးလူက ဦးတောကျော်အားတစ်ချက်ကြည့်လိုက်ပြီး
“ခင်ဗျားဗျာ၊ မုဆိုးဖြစ်ပြီးတော့၊ ကျုပ်ကတော့ ဒီတောထဲကနေ အမြန်ထွက်သွားချင်နေပြီ”
“ကျုပ်ကတော့ မသွားနိုင်တော့ဘူး၊ ကျုပ်ဒီမှာ ခဏနားမှဖြစ်မယ်၊ ခင်ဗျားသွားချင်ရင် တစ်ယောက်တည်းသာ သွားပေတော့”
ဦးတောကျော်က ပေကပ်နေသဖြင့် ဦးဘိုးလူလည်း ဘာမှမပြောတော့ပေ၊ ထိုစဉ် သူတို့အနီးတွင် ချုံတိုးသံကြီးကိုကြားရသည်။ ခြေထောက်များမပါသည့် တွားသွားတိရစ္ဆာန်တစ်ကောင်က တောတိုးနေခြင်းဖြစ်မည်၊ ဦးဘိုးလူမှာ ထိုအသံကြီးကိုနားထောင်နေရင်း အလွန်ထိတ်လန့်နေလေသည်။
“လိုက်လာပြီ . . . လိုက်လာပြီ”
ဦးဘိုးလူက ခြေဦးတည့်ရာသို့ထွက်ပြေးလေသည်။ မကြာခင် ချုံကြီးတစ်ခုအနီးအရောက်တွင် ထိုချုံကြီးအတွင်းမှ မြွေနဂါးကြီးက ဘွားခနဲပေါ်ထွက်လာလေသည်။ ဦးဘိုးလူမှာ မြွေကြီးကိုအံ့အားသင့်စွာဖြင့်ကြည့်နေမိသည်။
“မင်း . . . . မင်းဘယ်လိုလုပ်ပြီးလွတ်လာတာလဲ”
ဦးဘိုးလူက ရေရွတ်နေစဉ်မှာပင် မြွေကြီး၏ နှာခေါင်းပေါက်အတွင်းမှ အဆိပ်ငွေ့များက ပန်းထွက်လာပြီး ဦးဘိုးလူ၏ မျက်နှာကိုထိမှန်သွားလေသည်။ ဦးဘိုးလူမှာ သူ့မျက်လုံးများကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ရင်းအော်ဟစ်နေလေသည်။ အဆိပ်ထိချက်ကြောင့်ဦးဘိုးလူ၏ အသားရေများမှာ ချက်ချင်းအရည်ကြည်ဖုများထလာပြီးနောက် အတွင်းမှ သားငံရေများက ပေါက်ကွဲကာ စီးကျလာလေသည်။
ထိုစဉ် ဦးတောကျော်လည်း မတ်တပ်ရပ်လိုက်ပြီး ဦးဘိုးလူအနီးသို့လျှောက်သွားသည်။
“မုဆိုးကြီး၊ ကျုပ်ကိုကယ်ပါအုံးဗျာ”
ဦးတောကျော်က ဦးဘဖေပေးလိုက်သည့် ဓါးမြှောင်ကလေးကိုထုတ်ကြည့်လိုက်ပြီးနောက် ဦးဘိုးလူ၏ ဇက်ပိုးကို ဓါးဖြင့်အားကုန်ထိုးချလိုက်လေသည်။
“ဒီတစ်ချက်က ခင်ဗျားရဲ့လူ ကိုဘဖေအတွက်၊ ကျုပ်ထိုးလိုက်တာပဲ”
ထို့နောက်မြွေကြီးမှာ ဦးဘိုးလူလွယ်ထားသည့် လွယ်အိတ်ကိုလှမ်းကိုက်ယူလိုက်ပြီး ဆွဲယူသွားလေသည်။ ထို့အပြင် ဦးဘိုးလူကိုလည်း ဦးခေါင်းဖြင့်တိုက်ထည့်လိုက်ရာ ဦးဘိုးလူမှာ မြေတွင်လူးလိမ့်နေလေသည်။ ဦးတောကျော်လည်း လေကလေးတစ်ချက်ချွန်လိုက်ပြီးနောက် သေနတ်ကိုကောက်လွယ်လိုက်ကာ ထိုနေရာမှထွက်လာခဲ့တော့သည်။ ဦးဘိုးလူ၏ အော်သံကြီးမှာ တောအုပ်အတွင်း ပျံနှံ့လျှက်ရှိနေလေသည်။
ပြီးပါပြီ။