အတွဲ(၃) စာစဉ် (၁၄)
(၁)
ကျုပ်တို့မြန်မာတွေ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်ဗျ၊ အပြောနဲ့အလုပ်နဲ့ မညီတဲ့သူဆိုရင်တော့ “ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား” လို့ပြောဆိုတတ်ကြတယ်မဟုတ်လားဗျာ။ ကျုပ်တို့ရွာမှာလည်း အဲဒီစကားနဲ့လိုက်တဲ့လူတစ်ယောက်ရှိတယ်ဗျ၊ အဲဒီလူကတော့ ဘုရားဒကာကြီး ဦးဘဖြူပဲ။
ဘုရားတရားနဲ့ပတ်သက်လို့ကတော့ ဦးဘဖြူလောက်သိတဲ့လူ ရွာမှာမရှိဘူးဗျ၊ အသက်ကတော့ ခုနစ်ဆယ်ကျော်ပြီး ရှစ်ဆယ်နားတောင်ကပ်နေပါပြီဗျာ၊ လူက ခပ်ပုပု၊ အညာသားဆိုတော့ အသားကခပ်မဲမဲပေါ့၊ ငယ်နာမည်ကတော့ ဦးဖိုးလှတဲ့ဗျ၊ နာမည်နဲ့လူနဲ့ကတော့ တခြားစီပါဗျာ၊ အသက်ငါးဆယ်ကျော်တော့ ခရုသင်းသမင်ဖြူတွေ တစ်ကိုယ်လုံးပေါက်ပြီးတော့ အသားအရေက ဖြူတက်လာတာ၊ ဒါနဲ့ပဲ ရွာရဲ့ထုံးစံအတိုင်း ငယ်နာမည်ပျောက်ပြီးတော့ ဦးဘဖြူလို့ခေါ်ကြပါရောဗျာ၊ ခရုသင်းတွေနဲ့ တစ်ကိုယ်လုံးဖြူနေတော့ မသိရင် ဘိုကြီးလိုလို၊ တရုတ်ကြီးလိုလိုပေါ့ဗျာ၊ ခရုသင်းဆိုတာကလည်း ဖွေးဖွေးဆွတ်အောင်ဖြူတာဆိုတော့ ဦးဘဖြူဆိုတဲ့နာမည်နဲ့ အံကိုက်ပါပဲဗျာ။
ကျုပ်တို့ခေတ်က သံဃာတွေလည်း ဂိုဏ်းဂဏတွေ ကွဲကြတယ်၊ လူတွေလည်း ဘုရားတရားဆိုပေမယ့်် ဂိုဏ်းအမျိုးမျိုး၊ ကျင့်စဉ်အမျိုးမျိုးနဲ့ ကွဲနေတာပေါ့ဗျာ၊ အဲဒီဦးဘဖြူကြီးက အရင်တုန်းက မိုးပြာဂိုဏ်းကဆိုပဲ၊ နောက်တော့မှ ဂိုဏ်းကထွက်သွားတာ၊ ဘုရားတရားဆိုလည်း သိပ်လုပ်တာပဲဗျာ၊ အမြဲတမ်း လည်ပင်းမှာပုတီးကြီးဆွဲလို့၊ ရွာထဲလမ်းလျှောက်တဲ့အခါလည်း ပုတီးတစ်ကုံးစိပ်ရင်း လျှောက်နေတာပဲဗျာ၊ စာပေကျမ်းဂန်တွေဆိုရင်လည်း တော်တော်များများမှတ်သားထားတော့ တစ်ခုခုပြောရင် ဘုရားဟောဇတ်တော်ထဲက ကောက်နှုတ်ပြီး ဥပမာပေးတယ်၊ နောက်ပြီးတော့ ဘယ်ကျမ်းကလာတာ၊ ဘယ်မဂ်၊ ဘယ်ပါဠိ၊ ဘယ်အဌကထာထဲက လာတယ်ဆိုတာကို တန်းပြောနိုင်တော့ ရွာကလူတွေ လေးစားကြတာမဆန်းပါဘူးဗျာ။
လူဖြစ်ပြီးတော့ တရားဟောကလည်း သိပ်ကောင်းဗျ၊ ကျုပ်တို့ရွာမှာ အခုလက်ရှိတက်နေတဲ့ ရွာဦးကျောင်းဆရာတော်တောင်မှ ဦးဘဖြူလောက် တရားမဟောတတ်ဘူး၊ ဥပုဓ်သည်တွေများလာပြီဆိုတာနဲ့ ဦးဘဖြူက ဆရာတော်ရဲ့အခြေအနေကိုကြည့်ပြီးတော့ တရားဖမ်းဟောတာပဲဗျာ။ တရားဟောတဲ့အခါကျတော့လည်း ရိုးရိုးရှင်းရှင်းကြီးမဟုတ်ဘူးဗျ၊ ဟာသလေးတွေထည့်ဟော၊ အဖြစ်မှန်လေးတွေထည့်၊ တစ်ခါတစ်လေ ဘုရားဟောတဲ့ဇတ်တော်တွေကို ကွက်စိပ်သဘောမျိုးတောင် ဟောပြတယ်ဆိုတော့ တရားနာတဲ့လူကြီးတွေမပြောနဲ့၊ ဘုန်းကြီးကျောင်းသားတွေနဲ့ ကလေးတွေတောင်မှ ငေးမောပြီးနားထောင်ရတဲ့အထိကိုကောင်းတာ။
အလှူအတန်းရှိပြီဆိုလို့ကတော့ ဦးဘဖြူတော့ ငွေဖလားပိုက်ပြီပေါ့ဗျာ၊ အာပေါင်အာရင်းသန်သန်နဲ့ ရွာထဲပတ်ပြီးအလှူခံတာပေါ့။ စကားပြောကလည်းသိပ်ကောင်းတာဗျ၊ မလှူချင်တဲ့လူကို လှူအောင်ပြောတတ်တယ်၊ နည်းနည်းလှူတဲ့လူကို များများလှူလာအောင်၊ များများလှူတဲ့လူကိုလည်း ခဏခဏလှူအောင်ပြောတတ်သဗျ၊ ဆုပေးတာကလည်း ပြောမနေပါနဲ့၊ ဘုန်းကြီးတွေ လေ့ကျင့်ပြီးကျက်ကြတဲ့ ဆုထူးပန်ကျမ်းတို့၊ ဆုပေးကျမ်းတို့ကို အရည်ကျိုသောက်ထားသလားမှတ်ရတယ်ဗျ။ ဒီတော့လည်း ရွာထဲကလူတွေက အားကိုးကြ၊ လေးစားကြနဲ့၊ သူ့အသက်အရွယ်နဲ့လည်းဆိုတော့ ရွာခံလူကြီးတစ်ဦးဖြစ်သွားတာပေါ့ဗျာ၊ ရွာမှာ တစ်ခုခုကို အများဆန္ဒနဲ့ တိုင်ပင်ဆုံးဖြတ်ကြပြီဆိုရင် သူ့ကိုမပါမဖြစ်ခေါ်ကြ၊ တိုင်ပင်ကြပေါ့ဗျာ။
တစ်ရက်တော့ မနက်ခင်းအစောကြီး ဦးဘဖြူတို့ အိမ်ကိုပေါက်ချလာပါရောဗျာ။ အဖေက ဦးဘဖြူကိုကြည့်ရင်း
“ဦးဘဖြူတစ်ယောက် ငွေဖလားကြီးပိုက်လို့ပါလား၊ ဧကန္တတော့ အလှူခံဖို့ကိစ္စထင်တယ်”
“ဒါပေါ့သူကြီးရာ၊ မရှိလို့မလှူ၊ မလှူလို့မရှိတဲ့ဗျ၊ အခုတစ်ခေါက်လာရတာကတော့ ရွာထဲက ခွေးလွေခွေးလွင့်တွေကို ထမင်းကျွေးပြီး ဒါနပြုဖို့လာခဲ့တာပဲ”
အဖေက မျက်မှောင်ကြုတ်သွားတယ်ဗျ၊ ကျုပ်လည်း ပြုံးစိစိလုပ်နေတာပေါ့၊ ဘယ်သူမှ မွေးမထားဘဲ၊ သူ့အလိုလိုချီးစားပြီးတော့ တိုးပွားလာတဲ့ခွေးတွေကိုများ အဆန်းတကြယ်လုပ်ပြီး အစာကျွေးမလို့တဲ့ဗျာ။ အဖေကလည်း သိတယ်။
“ခွေးစာကျွေးချင်တာများဗျာ၊ ဦးဘဖြူတို့ ဆန်တစ်ပြည်လောက်ချက်ပြီး ကျွေးရင်ရပါတယ်”
ဦးဘဖြူက ခေါင်းခါလိုက်ပြီး
“ကျုပ်တစ်ယောက်တည်းကျွေးလိုက်လို့ရတယ်သူကြီး၊ ဒါပေမယ့် ကျုပ်က မိတ်ဆွေကောင်းဆိုတော့ သူကြီးတို့အကုန်လုံးကို ကုသိုလ်ရစေချင်လို့ပါ၊ တာဝတိ ံသာနတ်ပြည်မှာ သိကြားမင်းဖြစ်နေတဲ့ ဦးမာဃကြီးတောင်မှ သူတစ်ယောက်တည်းကုသိုလ်မလုပ်ဘဲ၊ သူ့မိတ်ဆွေ သုံးကျိပ်သုံးယောက်ကိုပါ အတူတကွကုသိုလ်ပြုခိုင်းလို့ သေဆုံးတဲ့အခါ နတ်ပြည်မှာ သုံးကျိပ်သုံးယောက်သော နတ်မင်းကြီးတွေဖြစ်သွားတယ်မဟုတ်လား”
“သူတို့က လမ်းပြင်လမ်းဖောက်၊ တံတားဆောက်ကြတာကိုးဗျ၊ သုံးကျိပ်သုံးယောက်အားနဲ့မှ ရမှာပေါ့၊ အခု ဦးဘဖြူက ခွေးစာကျွေးမှာမဟုတ်လား”
“ရော်၊ သူကြီးရာ၊ ဒီမယ်သူကြီးရဲ့ တိရစ္ဆာန်တစ်ကောင်ကိုလှူရင် ဘဝပေါင်းတစ်ရာ ချမ်းသာရတယ်ဗျ၊ အဲဒါ ကျုပ်ပြောတာမဟုတ်ဘူးနော်၊ ဘုရားဟောတာ၊ ဒီတော့ သူကြီးသာငွေနည်းနည်းလှူဒါန်းမယ်ဆိုရင် ကျုပ်တို့ ဘဝပေါင်းတစ်ရာလောက်တော့ အတူတူကောင်းစားကြမယ်၊ ပြီးတော့ ကျုပ်တို့အားလုံးအတူတူ ဟောဒီကုသိုလ်တစ်ခုအရင်းပြုပြီးတော့ နတ်ဘုံနတ်နန်းမှာ အတူတူခံစားစံစားကြရမယ်မဟုတ်လား”
“ဟုတ်ပါပြီ ဦးဘဖြူရာ၊ ရော့ ငွေအစိတ်၊ ဟုတ်ပြီလား”
အဖေက အိပ်ထဲက ပိုက်ဆံနှိုက်ပြီး ဖလားထဲကိုထည့်လိုက်တော့တယ်၊ ဦးဘဖြူက ဖလားကိုတချွင်ချွင်ခေါက်ပြီးတော့၊ အဖေ့ကိုဆုတွေပေးတယ်။ ပြီးတော့ ကျုပ်ဘက်ကိုလှည့်လာတယ်။
“အလတ်ကောင် မင်းလည်းလှူအုံး”
“ဟာဗျာ၊ ကျုပ်ဖာသာကျုပ်ခွေးတစ်ကောင်ကို ထမင်းကြမ်းခဲပစ်ကျွေးလိုက်မှာပေါ့၊ မလှူနိုင်ပါဘူးဗျာ”
“မရှိလို့မလှူ၊ မလှူလို့မရှိတဲ့၊ မင်းအခုမွဲနေတာ အလှူအတန်းမလုပ်လို့ကွ”
ကျုပ်လည်း စိတ်ထဲတော့ ဒေါသထွက်သွားတာပေါ့ဗျာ၊ ဦးဘဖြူက ကျုပ်ကိုသေချာကြည့်ပြောပြီးတော့ ပြုံးဖြီးဖြီးနဲ့ထွက်သွားပါရောဗျာ၊ ကျုပ်လည်း အဖေ့ကိုကြည့်ရင်း
“အဖေရာ၊ ဒီလူကြီးကတော့ အားနေရင် အလှူခံဆင်းနေတာပဲ၊ ပြီးတော့ သူလှူပါတယ်ဆိုပြီးတော့ နာမည်ကောင်းက ဝင်ယူအုံးမယ်”
“ဒါတွေ မတွေးပါနဲ့အလတ်ကောင်ရာ၊ သူ့အလှူမှာကိုယ်ထည့်လိုက်ရတယ်ဆိုပြီးတော့ ကောင်းတဲ့စိတ်ပဲတွေးစမ်းပါ”
ကျုပ်ကတော့ မတွေးနိုင်ပါဘူးဗျာ။
“အိုဗျာ၊ သူကြီးအလှူရွာသားကောင်းမှုပဲကြားဖူးတယ်၊ အခုကတော့ ဦးဘဖြူအလှူက ရွာသားကောင်းမှုဖြစ်နေပြီ အဖေရ”
ကျုပ်လည်း မနက်စာစားသောက်ပြီးတော့ လယ်ထဲဆင်းခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲဗျာ၊ သုံးလေးရက်လောက်ကြတော့ ခွေးအစာကျွေးပွဲက စတင်ပါရော၊ ဦးဘဖြူရဲ့ တိရစ္ဆာန်များအပေါ် ဒါနပြုပွဲဆိုပြီးတော့ ခေါင်းစဉ်က တပ်ထားသေးတယ်၊ ရွာပြင်ဇရပ်ပျက်တွေအနားမှာ ဖျာကြမ်းကြီးတွေခင်းပြီးတော့ ကျွေးတာပေါ့ဗျာ၊ အဲဒီဖျာကြမ်းအပေါ်မှာ ထမင်းတွေပုံပြီးတော့ အမဲရိုးတွေ၊ အမဲအရွတ်တွေ ပြုတ်ထားတဲ့အရည်တွေကိုဆမ်းတာပေါ့ဗျာ၊ တစ်ရွာလုံးက ခွေးအငတ်တွေကလည်း အစားအသောက်ဆိုတော့ လာစားကြတာပေါ့ဗျာ၊ ဦးဘဖြူက ပိတ်ဖြူစင်ကြယ်ဝတ်ပြီးတော့ ခေါင်းပေါင်းအဖြူကြီးနဲ့ ခွေးတွေစားသောက်နေတဲ့အရှေ့မှာရပ်တယ်ဗျ။
“ယနေ့ယခုတွင် ကျွနုပ်သည် ခွေးသတ္တဝါအပောင်းတို့အား အစာရေစာကျွေးကာ၊ ကုသိုလ်ပြု ဒါနပြုခဲ့ပါသည်။ ယခုပြုရသည့် ကုသိုလ်ဒါနသည် ကျွန်ုပ် အတွက် ဒါနပါရမီ ဖြစ်ပါစေသတည်း”
သူက ရွတ်နေတုန်း ကျုပ်လည်း စိတ်ပေါက်ပေါက်နဲ့ မြေစာခဲကောက်ပြီးတော့ ခွေးအုပ်ထဲကိုပစ်ထည့်လိုက်တယ်ဗျ၊ ခွေးဆိုတဲ့အမျိုးက အတူတူစားကြသောက်ကြရရင်တောင်မှ လုကြယက်ကြ၊ စားမန်(စမန်) ခုတ်ကြနဲ့ဆိုတော့ ကျုပ်ပစ်တဲ့မြေစာခဲကို ထိသွားတဲ့ခွေးက ထပြီးအော်တော့တာပေါ့ဗျာ၊ သူ့ဘေးနားကိုလည်း ပတ်ရမ်းတာပေါ့၊ အဲဒါနဲ့ဖျာကြမ်းပေါ်မှာ ထမင်းစားနေတဲ့ခွေးတွေလည်းတစ်ကောင်နဲ့တစ်ကောင် ကိုက်ကြပြုကြရင်း ခွေးကိုက်ပွဲကြီးဖြစ်သွားပါလေရော၊ ခွေးတွေနားမှာ ပိတ်ဖြူစင်ကြယ်နဲ့လုပ်နေတဲ့ ဦးဘဖြူကိုလည်း ခွေးတွေက မျက်စိနောက်ပြီး လိုက်ဆွဲကြတော့ ဦးဘဖြူခမျာ ဆုတောင်မတောင်းလိုက်ရဘဲနဲ့ ပုဆိုးစွန်တောင်ဆွဲပြီးတော့ ရွာထဲကိုပြန်လှည့်ပြေးရပါရောလားဗျာ။
(၂)
ဒီလူကြီးကို ရွာကလူကြီးပိုင်းတွေကသာ ကြည့်ရပေမယ့်၊ လူငယ်ကာလသားပိုင်းကတော့ ကြည့်မရဘူးဗျ၊ သူက ပါးစပ်မှအငြိမ်မနေတာ၊ နေရာတကာလည်း ပါချင်တယ်ဆိုတော့ ဟိုလိုက်ပြော၊ ဒီလိုက်ပြောနဲ့ပေါ့ဗျာ၊ ကျုပ်တို့အရက်သောက်နေတာမြင်ရင် အရက်သောက်ရင် ရူးတတ်ကြောင်း စာပေကျမ်းဂန်တွေနဲ့ထောက်ပြပြီးတော့ ပြောဆိုလို့မဆုံးဘူးဗျ၊ သူကျတော့ အရက်ကို ဖြူအူနဲ့စိမ်ပြီး သောက်တယ်၊ အံမယ် ဒါကျတော့ ဆေးအဖြစ်နဲ့သုံးတာ ရတယ်ပေါ့ဗျာ၊ ကျုပ်တို့ကတော့ ဒီလူကြီးတွေ့ရင် ရှောင်တယ်၊ တရားဟောခံရရင် နားငြီးတာကိုးဗျ။
ကျုပ်တို့ဒီလူကြီးကို ဒဲ့ရွံသွားတာကတော့ ဒီလိုဗျ၊ အဲဒီတုန်းက ကျုပ်အသက် နှစ်ဆယ်လောက်ပေါ့ဗျာ၊ တစ်ရက်တော့ ဦးဘဖြူကြီးက အိမ်ကိုရောက်လာပြန်ပါရော၊ လက်ထဲမှာ ငွေဖလားကိုင်ထားတာမတွေ့တော့၊ အလှူခံဖို့လာတာမဟုတ်လောက်ဘူးပေါ့ဗျာ၊ ဦးဘဖြူက အဖေ့အနားမှာကပ်ထိုင်ရင်း
“ကျုပ်သူကြီးကို အရေးတကြီးတိုင်ပင်စရာတစ်ခုရှိတယ်”
ပြီးတော့ ဦးဘဖြူက ကျုပ်ကိုကွက်ကြည့်၊ ကွက်ကြည့်လုပ်နေပါရော၊ ကျုပ်လည်း ဒီလောက်တော့ နပ်ပါတယ်၊ ကျုပ်ကိုပထုတ်ချင်တဲ့သဘောပေါ့ဗျာ၊ ကျုပ်လည်း ဒါနဲ့ အိမ်ပေါ်ကိုတက်ခဲ့တော့တယ၊ ဒါပေမယ့် ကျုပ်ဆိုတဲ့ကောင်က ကျုပ်ကိုမသိစေချင်လေ၊ ပိုပိုပြီးသိချင်လေမဟုတ်လား၊ ဒါနဲ့ လှေကားပေါ်တက်ပြီး ပုဏ္ဍကွယ်ကနေ အသာချောင်းပြီးနားထောင်နေတာပေါ့ဗျာ။
“ကဲ၊ ဘာများအရေးကြီးလို့လဲ ဦးဘဖြူ”
“ဒီလိုပါသူကြီးရာ၊ မတင်လှတို့ပိုင်တဲ့ လယ်ဧကနှစ်ဆယ်လောက်က အခုမစိုက်ပျိုးတာကြာပြီမဟုတ်လား”
“အေးလေ၊ သူ့ယောက်ျားသေသွားတော့ လယ်လုပ်မယ့်လူမှမရှိတော့တာ၊ အဲဒါဘာဖြစ်သလဲ”
“ဘာဖြစ်ရမှာလဲသူကြီးရာ၊ သူတို့လယ်တွေကို သူကြီးက သိမ်းလိုက်ပေါ့”
“ဘာဗျ”
အဖေ့အသံက မာသွားတယ်ဗျ၊ ဦးဘဖြူကတော့ဆက်ပြောတယ်။
“ဟုတ်တယ်သူကြီး၊ သူတို့မစိုက်ပျိုးတာကြာလို့ဆိုပြီး သူကြီးကသိမ်းလိုက်ဗျာ၊ သူကြီးသာလုပ်မယ်ဆိုရင် ရွာကလူတွေက နာခံကြပြီးသားပါ”
“ကျုပ်က သိမ်းပြီးတော့ ဘာလုပ်ရမှာလဲ”
ဦးဘဖြူက ဘေးဘီကိုကြည့်လိုက်ပြီးတော့
“သိမ်းပြီးတော့ သူကြီးနဲ့ကျုပ်နဲ့ တစ်ယောက်ဆယ်ဧကစီ ခွဲယူမယ်ဗျာ၊ အလကားတော့ မယူပါဘူးဗျာ၊ မတင်လှတို့ကို တစ်ဧကကို နှစ်ရာပေးလိုက်မယ်လေ၊ ဒါဆိုရင် သူတို့လည်းအဆင်ပြေ၊ ကျုပ်တို့လည်းအဆင်ပြေတယ်မဟုတ်လား”
အဖေက ခေါင်းခါပြီးတော့
“နေစမ်းပါအုံး၊ အခုကျုပ်မှာလည်း လယ်တွေရှိနေတာပဲ၊ ခင်ဗျားမှာလည်း လယ်တွေများတယ်မဟုတ်လား၊ ဘာဖြစ်လို့ သူများလယ်ကို မတော်မတရားလုပ်ပြီး လိုချင်တာလဲဗျ”
ဦးဘဖြူက ရယ်ကျဲကျဲနဲ့
“သူကြီးမှာလည်း သားသမီးတွေရှိတယ်မဟုတ်လားဗျာ၊ တစ်နေ့ကျလို့ ဒီသားသမီးတွေကို လယ်တွေခွဲပေးမယ်ဆိုရင် အခုပိုင်တဲ့လယ်လောက်နဲ့ လောက်ငှပါ့မလား၊ သူကြီး ကျုပ်ပြောတာကို အထင်မမှားနဲ့နော်၊ ဆယ်ဧကဆိုတာ မနည်းဘူးဗျ၊ နောက်ပြီး မတင်လှတို့ကလည်း စိုက်ပျိုးတာမှမဟုတ်တာ”
“တော်စမ်းပါဦးဘဖြူ၊ ဦးဘဖြူ ဝယ်ချင်သပဆိုရင် မတင်လှတို့ဆီသွားပြီး တောင်းဝယ်ပေါ့ဗျာ၊ ကျုပ်ကတော့ ကိုယ်ရလိုမှုအတွက်နဲ့ သူများအပေါ် မတော်သြဇာသုံးပြီးမလုပ်ချင်ဘူး၊ ဦးဘဖြူပြန်ပါတော့၊ ဒီကိစ္စဆိုရင်တော့ ကျုပ်အကူအညီမပေးနိုင်ဘူး”
ဦးဘဖြူလည်း ဒေါသထွက်သွားပုံရတယ်ဗျ၊ ပြီးတော့ အဖေ့ကိုမကျေမနပ်နဲ့ကြည့်ရင်း ပြန်ထွက်သွားတော့တယ်၊ ဒီတော့မှ ကျုပ်လည်း အိမ်ပေါ်ကနေဆင်းလာတယ်။
“တော်တော်အကျင့်မကောင်းတဲ့လူကြီးဗျာ”
“သွားပြောမနေပါနဲ့အလတ်ကောင်ရာ၊ မတင်လှဆီကလယ်တွေကို သူကမတော်မတရားတဲ့နည်းနဲ့လိုချင်တာကွ၊ လယ်တစ်ဧကကို ငွေနှစ်ရာပဲပေးချင်သတဲ့ကွာ၊ ငါကတော့ ဒီလိုကိစ္စဘယ်တော့မှမလုပ်ဘူး”
“ဒီလူကြီးကလည်းဗျာ၊ ပြီးရင်ပါးစပ်က ဘုရားတရားအကြောင်းကိုမချဘူး၊ အခုသူဒီလိုလုပ်တယ်ဆိုတာ လူတွေသိကြည့်ပါလား”
“အလတ်ကောင်ရာ၊ ဦးဘဖြူဆိုတဲ့လူက တရားပဲသိတာကွ၊ တရားမရှိဘူး၊ တို့ဗုဒ္ဓဘာသာမှာက တရားကိုသိရုံနဲ့မရဘူး၊ သိထားတဲ့တရားကို လက်တွေ့ကျင့်သုံးနိုင်မှမဟုတ်လား”
ဒီလိုနဲ့ တစ်လလောက်ကြာတော့ ဦးဘဖြူတို့နဲ့ မတင်လှတို့ ကျုပ်တို့အိမ်ကိုရောက်လာပါရောဗျာ၊ ဦးဘဖြူမျက်နှာကတော့ ပြုံးလို့ဗျ။
“သူကြီး၊ မတင်လှက သူ့လယ်ဧကနှစ်ဆယ်လောက်ကို ကျုပ်ကိုရောင်းမလို့တဲ့၊ အဲဒါ သူကြီးရှေ့မှာပဲ အသိသက်သေထားပြီးတော့ အရောင်းအဝယ်လုပ်တာ”
ကျုပ်လည်း ကြည့်နေတာပေါ့၊ သူတို့ဟာသူတို့ ဘယ်လိုညှိလိုက်လဲတော့မသိပါဘူးဗျ၊ ဒါနဲ့ အဖေရဲ့ရှေ့မှာပဲ ငွေချေကြ ရောင်းကြဝယ်ကြပေါ့၊ ပြီးတော့ မတင်လှက ငွေကလေးယူပြီး ကုပ်ချောင်းချောင်းနဲ့ပြန်သွားတယ်၊ ဦးဘဖြူကတော့ ကျန်နေခဲ့တာပေါ့ဗျာ၊ ပြီးတော့ သက်ပြင်းတစ်ချက်ချပြီးတော့။
“သူကြီးရေ၊ လောကမှာ လူနပ်က ချမ်းသာသတဲ့၊ ပါးနပ်တဲ့လူပဲ ချမ်းသာတယ်ဆိုတာ သူကြီးသိထားသင့်တယ်”
ကျုပ်တောင် ဒီစကားကြားပြီးတော့ ဒေါသထွက်သွားတာဗျ၊ အဖေကတော့ အေးအေးလူလူပါပဲ။
“ကျုပ်တို့က ငတ်မနေပါဘူး ဦးဘဖြူရ၊ ကျုပ်ကတော့ သူများလက်ထဲကနေ မတော်မတရားလုပ်ပြီးမှ ချမ်းသာမယ့်အစား လျှာပေါ်မှာပဲ မြက်အပေါက်ခံလိုက်မယ်”
ဦးဘဖြူကြီးက အဖေ့စကားကြားပြီး တော်တော်ခံပြင်းသွားပုံရတယ်။ နောက်တော့ အင်္ကျီအိတ်ကပ်ထဲက နှစ်ရာထုတ်ပြီးတော့ အဖေ့ကိုလှမ်းပေးတယ်ဗျ၊ အဖေက တစ်ဖက်ကိုမျက်နှာလှည့်လိုက်ပြီးတော့
“ကျုပ်က ပွဲစားမဟုတ်ဘူး ဦးဘဖြူ၊ ဦးဘဖြူပိုက်ဆံသာ ပြန်ယူသွားပါ၊ တော်ကြာပတ်ဝန်းကျင်က မြင်ရင် ဦးဘဖြူနဲ့ကျုပ်နဲ့ကို တစ်မျိုးထင်ကုန်ပါအုံးမယ်”
ဦးဘဖြူက နှစ်ရာတန်ကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီးတော့ အဖေ့ကိုလက်ညှိုးထိုးပြီးတော့
“သူကြီးရေ၊ လောကကြီးမှာ သစ်ဖြောင့်၊ ဝါးဖြောင့်ကိုပဲ အရင်ဆုံးရွေးပြီး အခုတ်ခံရသတဲ့ဗျာ”
ဦးဘဖြူက ပြောပြီးတော့ ပြုံးဖြီးဖြီးနဲ့ထွက်သွားပါရောဗျာ။ ကျုပ်ဖြင့် ဒေါသထွက်လို့မဆုံးဘူးပေါ့ဗျာ၊ နောက်မှသိရတာက မတင်လှက ရောဂါဖြစ်တာတဲ့ဗျာ၊ အဲဒါနဲ့ ဦးဘဖြူကြီးက လိုလိုလားလား ပိုက်ဆံတွေထုတ်ချေးတယ်ဆိုပဲ၊ ရောဂါအတွက် မြို့တက်ပြီး ဆေးကုရ၊ ဆေးရုံတက်ရနဲ့ဆိုတော့ ဦးဘဖြူကြီးက သူ့အကြွေးတွေကို လယ်တွေနဲ့နှိမ်ပြီးယူလိုက်တာတဲ့ဗျာ။
(၃)
အဲဒီနောက်ပိုင်းတော့ အဖေနဲ့ဦးဘဖြူနဲ့က နည်းနည်းခပ်တန်းတန်းဖြစ်သွားတယ်၊ နောက်မကြာခင်မှာပဲ မူဝါဒအသစ်တစ်ခုထွက်လာတယ်ဗျ၊ အဲဒါကတော့ အရင်တုန်းက မိဘဘိုးဘွားစဉ်ဆက် အုပ်ချုပ်ခဲ့တဲ့ ကျေးရွာလူကြီးတွေကို ဖြုတ်ပြီးတော့ ရွာခံတွေက ဝိုင်းပြီးမဲပေးတဲ့စနစ်နဲ့ ရွာလူကြီးအသစ်ကိုရွေးကြမယ်ပေါ့ဗျာ၊ ဒီအချိန်မှာ အဖေနဲ့ပြိုင်ဘက် ပေါ်လာတယ်ဆိုပါတော့၊ အဲဒီပြိုင်ဘက်လူကို ဦးဘဖြူကြီးက ကောင်းကောင်းကြီးကို မြှောက်ပေးထားတာဗျ၊ ဒါပေမယ် မှန်းချက်နဲ့နှမ်းထွက်မကိုက်ပါဘူး၊ အဲဒီမူဝါဒကလည်း ပျက်သွားတော့ ထုံးစံအတိုင်း အရင်သူကြီးတွေပဲ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားတော့တာပေါ့ဗျာ၊ သူထောက်ခံတဲ့လူက ဘယ်သူလဲဆိုတော့ သူ့သမီးအကြီးရဲ့ ယောက်ျား၊ သူ့သမက်တဲ့ဗျာ၊
မယဉ်ပေးတဲ့ သနပ်ခါးတုံးကို လူးမိပြီးအိမ်ကလူတွေ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတော့မှ ကျုပ်လည်း သူတို့တွေမရိုးသားဘူးဆိုတာ သိလိုက်ရတာဗျ၊ ဒါပေမယ့်် ဘာဖြစ်လို့လဲဆိုတာကိုတော့ အကြောင်းရှာမရဘူးပေါ့။
“အလတ်ကောင်ရေ၊ ဒီနေ့ငါလည်း လယ်ထဲလိုက်ကြည့်စမ်းမယ်ကွ”
အဖေက လယ်ထဲဆင်းမလို့တဲ့ဗျ၊ ဒါနဲ့ ကျုပ်နဲ့အဖေနဲ့ လယ်ထဲဆင်းခဲ့တာပေါ့။ အငယ်ကောင်ကတော့ အိမ်ကနွားကြီးတွေနဲ့ အရင်ဆင်းသွားတယ်၊ အငယ်မတို့ကတော့ ထမင်းတောင်းစောင့််ရင်း အနောက်ကလိုက်လာကြမှာပေါ့ဗျာ၊ ကျုပ်နဲ့အဖေလည်း စကားတပြောပြောနဲ့ လယ်ထဲရောက်လာခဲ့တယ်ဗျ၊ ကျုပ်တို့အိမ်က နွားတွေကိုတော့ လယ်ကန်သင်းတစ်ဖက်က မြက်တောကြီးထဲမှာ လွှတ်ကျောင်းထားတာပေါ့ဗျာ၊ မိုးတွင်းဆိုတော့ မြက်ကလည်း ပေါမှပေါပဲကိုးဗျ။
အဖေနဲ့ကျုပ်နဲ့ ကန်သင်းပေါ်လျှောက်လာကြရင်း လွှတ်ကြောင်းထားတဲ့နွားကြီးထဲက ငညိုကြီးလို့ခေါ်တဲ့ နွားထီးကြီးက ကျုပ်တို့ဆီကိုပြေးလာတယ်ဗျ၊ အစပိုင်းကတော့ ကွင်းထဲမှာ ဒီအတိုင်းပဲပြေးတယ်ထင်တာ၊ နောက်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ ကျုပ်တို့သားအဖဆီကို ပြေးလာတာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ကန်သင်းရိုးအစပ်က မြေစာခဲတစ်ခုကိုကောက်လိုက်တယ်၊ ကန်သင်းပေါက်ရင်း ကျန်ခဲ့တဲ့မြေစာတွေပေါ့ဗျာ၊ မြေစာခဲဆိုပေမယ့်လည်း သုံးပိဿလောက် လေးတယ်၊ တစ်ထွာလောက်ရှိတာကိုး၊ ကျုပ်လည်း မြေစာခဲကို လက်နှစ်ဖက်နဲ့သေသေချာချာမလိုက်ပြီး အနားကပ်လာတဲ့ ငညိုကြီးဆီကို ပစ်ထည့်လိုက်တာပေါ့ဗျာ၊ အဲဒီမြေစာခဲကြီးကို ငညိုကြီးက ချိုနဲ့ခတ်ထုတ်လိုက်တော့ မြေစာခဲက တစ်စစီဖြစ်သွားပါရော၊ ပြီးတော့ သူ့ဦးချိုအချွန်ကြီးကို ထိုးစိုက်လိုက်ပြီးတော့ အဖေ့ကိုခတ်ဖို့ ပြေးလာပါရောဗျာ။
ကျုပ်တို့သားအဖ ဘာလုပ်ရမှန်းကိုမသိတော့ဘူး၊ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှဖြစ်သွားတာဗျ၊ ငညှိုကြီးက အဖေ့ကိုခတ်လုဆဲဆဲပြေးလာရင်း အဖေ့နဲ့လက်တစ်တောင်လောက်အကွာရောက်တော့မှ ခြေလေးချောင်းစလုံး တုံ့ခနဲကိုရပ်သွားတာ၊ ကျုပ်ဆို နှလုံးတွေ တဒိတ်ဒိတ်နဲ့ခုန်နေတာဗျ၊ ဘေးဘီကိုကြည့်တော့မှ ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်နေတဲ့ ဦးဘသာကိုတွေ့တယ်ဗျ၊ ကျုပ်ထင်တာကတော့ ဦးဘသာများ အဖေ့ကိုကယ်သွားတာလားပေါ့ဗျာ။ အဖေက ငညိုကြီးကို သေသေချာချာကြည့်ပြီးတော့
“ဟေ့ကောင်ညိုကြီး၊ ဘာဖြစ်တာလဲဟ”
အဖေငေါက်လိုက်တော့မှ ငညိုကြီးက ပြန်လှည့်ထွက်သွားပြီးတော့ မြက်သွားစားနေတယ်၊ ငညိုကြီးဆိုတဲ့ နွားကြီးက လိမ်မာတဲ့နွားထီးကြီးပါဗျာ၊ ဟော့ဟော့ရမ်းရမ်းလည်းမရှိပါဘူး၊ ဒီနေ့တော့ ဘာစိတ်ကူးပေါက်သလဲမသိ၊ အဖေ့ကို ခတ်ချင်နေတာ ထူးဆန်းတယ်ဗျ။
ဒါနဲ့ လယ်ထဲကနေ ညနေမစောင်းခင် ပြန်ခဲ့တာပေါ့ဗျာ၊ အိမ်လည်းရောက်ရော အဖေက အိမ်ပေါ်တက်သွားတော့တယ်၊ ဒီအချိန်မှာပဲ အားခနဲအော်ပြီးတော့ လှေကားပေါ်ကနေ ပြန်ပြုတ်ကျတယ်ဗျ၊ လှေကားကိုးထစ်ဆိုတော့ အတော်မြင့်တယ်ပြောရမယ်၊ အဖေက ဟိုးလှေကားထိပ်ကနေ ပြုတ်ကျတာဗျ၊ မြေကြီးပေါ်ကို ဘုန်းခနဲကျပြီး လဲသွားပါရောဗျာ၊ ကျုပ်တို့လည်း ပြေးဆွဲပြီးထူတာပေါ့။
“အဖေ၊ ဘာဖြစ်တာလည်း”
“မသိပါဘူးကွာ၊ လှေကားထိပ်ရောက်တော့ မိုက်ခနဲဖြစ်သွားပြီး လဲသွားတာပဲ၊ အား၊ လက်ကျိုးသွားပြီလားမသိဘူး”
အမေကလည်း အတော်စိတ်ပူနေတယ်။
“ရှင်အငန်တွေစားတာများပြီး သွေးတိုးတာဖြစ်မယ်၊ အလတ်ကောင်ရေ၊ နင့််အကိုကြီးနဲ့ အတူတူတွဲမပြီး နင့်အဖေကိုအိမ်ပေါ်ကိုတင်ဟဲ့၊ ပြီးရင် ဦးမှတ်ကြီးသွားပင့််စမ်း”
အဖေ့ကိုတွဲတော့ အဖေက မတ်တပ်တောင်မရပ်နိုင်ဘူးဗျာ၊ ပြုတ်ကျတဲ့အတိုင်း ကွေးကွေးကြီးဗျ၊ အဖေ့ကိုမောင်နှမတွေ ခဲရာခဲဆစ်ဆွဲတင်ပြီးတော့ အိမ်ရှေ့ခန်းမှာ ဖြည်းဖြည်းချင်းချထားလိုက်တယ်၊ အဖေ့က ဘယ်ဖက်ကိုစောင်းပြီးကျတာ၊ ဘယ်ဖက်လက်က လှုပ်မရဘဲ ကွေးကွေးကြီး၊ ဘက်ဖက်ကိုယ်တစ်ခြမ်း်လည်း ထုံလာတယ်လို့ပြောတာနဲ့ ကျုပ်လည်း ဦးမှတ်ကြီးဆီကို အပြေးလာခဲ့တာပေါ့ဗျာ။
ဦးမှတ်ကြီးက အိမ်ရောက်တော့ အဖေ့ကိုအသေအချာစစ်ပေးတယ်၊ အကြောတွေကပ်သွားပုံရတယ်တဲ့၊ ဒဏ်ကြေဆေးတွေဘာတွေ ပေးခဲ့တာပေါ့ဗျာ၊ အဖေကတော့ အဲဒီပုံစံအတိုင်းပဲ ဘေးစောင်းကြီးလဲနေပြီးတော့ ဒူးကြီးကွေးလို့ ကုန်းကုန်းကြီးဗျ။
ညရောက်တော့မှ ရောဂါစတာပဲဗျာ၊ အိမ်ရှေ့ခန်းမှာ အိပ်နေတဲ့အဖေက ထပြီးညည်းတော့တာပဲဗျာ၊ အဖေက တော်ရုံဆိုညည်းခဲတယ်ဗျ၊ အခုတော့ တအားအား၊ တအီးအီးနဲ့ ညည်းနေတော့တာ၊ ကျုပ်တို့လည်း အိပ်ရာထပြီးတော့ ဝိုင်းပြီးကူညီရတာပေါ့ဗျာ၊ အဖေ့ကိုယ်လုံးကို ကြပ်ထုပ်တွေထိုးပေး၊ ဆေးတွေလူးပေးပေမယ့်် အဖေက မသက်သာဘူးထင်တယ်ဗျ။
“နာလိုက်တာ၊ အင်း . . .ဟင်း . . .ဟင်း”
အဖေက မျက်လုံးစုံမှိတ်ပြီးတော့ ညည်းညူနေတော့တယ်၊ ကျုပ်တို့လည်း အဖေဖြစ်တာဆိုတော့ စိတ်မကောင်းဘူးပေါ့ဗျာ၊ အမေနဲ့ မောင်နှမတွေ တိုင်ပင်ပြီးတော့ နောက်တစ်နေ့ပဲ မြိုင်သာဆေးရုံကိုပို့ဖို့ဆုံးဖြတ်လိုက်တယ်ဗျ၊ ခုညတော့ အဖေ့ကိုဒီအတိုင်းပဲထားရမှာပေါ့ဗျာ၊ ဒီလိုနဲ့ အဖေက တစ်ညလုံ ညည်းနေရင်း သန်းခေါင်လောက်ရောက်တော့မှ အသံတိတ်သွားတယ်၊ ကျုပ်လည်း အိပ်ဖို့ပြင်နေဆဲမှာ ကျုပ်တို့အိမ်ပေါ်က နတ်စင်က မြင်းဖြူရှင်နတ်မှာ ကပ်ထားတဲ့သောက်တော်ရေခွက်က ခွမ်းခနဲ သူ့အလိုလိုကွဲသွားတာဗျ၊ ကျုပ်လည်း ခဲတွေဘာတွေများ မှန်သလားဆိုပြီးလိုက်ရှာသေးတယ်၊ ခဲမှန်ရင် တစ်ခုခုတော့ ရှိမှာပဲလေ၊ အခုကတော့ထူးထူးဆန်းဆန်းကြီးဗျို့၊ ဖြစ်တာကလည်း ကျုပ်မျက်စိရှေ့တင်ဖြစ်သွားတာ၊ ဒါနဲ့ ကျုပ်လည်း အဲဒီညတော့ အဖေ့နားမှာစောင့််နေရင်း နိုးတစ်ဝက်၊ ပျော်တဝက်နဲ့အိပ်ရတာပေါ့ဗျာ။
မနက်လင်းတော့ ဆေးရုံသွားဖို့ပြင်ကြဆင်ကြပြီပေါ့၊ အကိုကြီးက လှည်းဆင်နေတုန်း ကျုပ်လည်း စိတ်ထဲမသင်္ကၤၤာနဲ့ ဦးဘသာကြီးဆီကိုပြေးလာလိုက်တယ်။
“ဦးဘသာ၊ ဦးဘသာ”
ကျုပ်အမောတကောနဲ့ ရောက်လာပြီဆိုရင် ဦးဘသာတော့ မျက်ခုံးလှုပ်နေလောက်ပြီပေါ့ဗျာ၊ ဦးဘသာက မနက်စာစားနေတုန်းဗျ၊ ထမင်းကြမ်းခဲကို ဆီဆားနယ်ပြီးတော့ ပဲလှော်လေးဖြူးပြီးစားနေလေရဲ့။
“ဘာဖြစ်ပြန်တာတုန်း”
“ထူးဆန်းတာပြောမလို့၊ ညက အဖေလှေကားပေါ်က ပြုတ်ကျတယ်၊ အခုထိ မထနိုင်ဘူးဗျာ၊ စောင်းစောင်းကြီးပဲ”
“အဲဒါ မှတ်ကြီးခေါ်ပြပေါ့ကွ”
“ပြပြီးပြီ၊ မနေ့က ညနေကတည်းက၊ ဒါပေမယ့်် အခုထိမသက်သာဘူးဗျ၊ ခဏနေရင် မြိုင်သာဆေးရုံပို့ကြမယ်”
“မင်းကဘယ်လိုထင်လို့လည်း”
“ကျုပ်က ပယောဂများလားလို့”
ဦးဘသာက လက်ကို လက်သုတ်ပုဝါနဲ့သုတ်လိုက်ပြီးတော့ ကွမ်းရွက်တစ်ရွက်ယူလိုက်တယ်၊ ပြီးတော့ ကွမ်းရွက်ကို ထုံးသုတ်၊ ရှားစေးနည်းနည်းသုတ်တယ်၊ ပြီးတော့ ကွမ်းရွက်ကို ကန်တော့ပုံစံထိုးတာပဲဗျာ၊ ကွမ်းရွက်ရဲ့အညှာရိုးတံကို ကန်တော့ရဲ့ဖင်မှာပတ်ပြီးခွေတယ်ဗျ။ ပြီးတော့ တစ်ခုခုကိုမန်းမှုတ်လိုက်တယ်။
“ဟောဒီကွမ်းကန်တော့ကိုယူသွား၊ မင်းအဖေနဖူးမှာကပ်ကြည့် ပယောဂမှန်ရင် မင်းအဖေမခံမရပ်နိုင်အောင်ဖြစ်လာလိမ့််မယ်၊ ဘာမှမဖြစ်ဘူးဆိုရင်တော့ သွေးရိုးသားရိုးပေါ့ကွာ”
“ဘယ်ပယောဂမဆို ပေါ်ရဲ့လားဦးဘသာ”
“စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်၊ အောက်လမ်း အားလုံးပေါ်တယ်၊ သွား၊ မြန်မြန်လုပ်”
ကျုပ်လည်း ကန်တော့ထိုးထားတဲ့ ကွမ်းရွက်ကိုင်ပြီး အိမ်ကိုပြေးခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ အဖေက လှည်းပေါ်ရောက်နေပြီ၊ ကျုပ်လည်း လှည်းပေါ်တက်လိုက်ရင်း ဦးဘသာပြောတဲ့အတိုင်း အဖေ့ရဲ့နဖူးကို အဲဒီကွမ်းကန်တော့နဲ့ထိထားလိုက်တယ်၊ နှစ်မိနစ်သုံးမိနစ်ကြာတဲ့အထိ ဘာမှမဖြစ်ဘူး၊ ကျုပ်လည်း သေချာအောင်ဆိုပြီးတော့ ဆက်ဖိထားတယ်၊ အမေနဲ့ အကိုကြီးက လှည်းပေါ်တက်လာတယ်။
“အလတ်ကောင်၊ နင်ပါလိုက်ခဲ့၊ အကြီးကောင် မောင်းတော့ဟဲ့”
ကျုပ်လည်း အမေတို့နဲ့အတူတူ လှည်းနဲ့ပါသွားတာပေါ့ဗျာ၊ တစ်လမ်းလုံးလည်း အဖေ့ကို ဦးဘသာပေးတဲ့ ကွမ်းရွက်ကန်တော့လေးနဲ့ ကပ်ပြီးလိုက်လာခဲ့တယ်၊ ဘာမှမထူးခြားပုံထောက်တော့ ပယောဂမရှိဘူးပေါ့ဗျာ။
မြိုင်သာဆေးရုံကို နေ့လည်မွန်းတည့်လောက်မှ ရောက်တော့တယ်ဗျာ၊ ဒါတောင် လှည်းကိုအကိုကြီးက အတော်နှင်လို့ပေါ့၊ နွားတွေများ ဟောဟဲလိုက်နေကြပြီ။ ဆေးရုံရောက်တော့ အဖေ့ကိုဓါတ်မှန်ရိုက်တယ်၊ ဆရာဝန်တွေက မေးစမ်းပြီးတော့ တူအသေးလေးနဲ့လည်း ဒူးဆစ်တွေကို ထုကြည့််သေးတယ်ဗျ။
“ကျုပ်တို့စမ်းသပ်ရသလောက်ကတော့ ဘာမှကြီးကြီးမားမားမဖြစ်ပါဘူး၊ အရိုးတွေလည်း အကုန်ကောင်းတယ်”
ဒါနဲ့ မြိုင်သာဆေးရုံမှာ နှစ်ရက်လောက်ဆက်တက်ရတယ်။ ဆရာဝန်တွေလည်း ရောဂါရှာပေမယ့်် ဘာမှမဖြစ်ဘူးပဲပြနေတာ၊ သူတို့စမ်းတာလည်း အကုန်အကောင်းပဲဗျာ၊ ဒါပေမယ့််အဖေက အဲဒီအတိုင်းခွေခွေကြီးပဲဖြစ်နေတော့တာ။ သုံးရက်လောက်နေပြီးတော့ အဖေက အတော်ပိန်ကျသွားတယ်၊ အစာလည်းမဝင်ဘူးကိုး၊ ရေလောက်ပဲသောက်လို့ရတာ၊ အမေကတော့ ဆေးရုံမတက်ချင်တော့ဘူး၊ သူကလည်း ပယောဂလားလို့ထင်နေပြီ၊ ဒါနဲ့ပဲ ဆေးရုံကနေဆင်းပြီးတော့ မြိုင်သာက အထက်လမ်းဆရာတစ်ယောက်ဆီမှာ ပယောဂစစ်ကြတယ်ပေါ့ဗျာ။
ဦးဘသာစစ်တာလည်းမတွေ့ဘူး၊ အထက်လမ်းဆရာစစ်တာလည်း ဘာမှမတွေ့ဘူးဗျ။ ကျုပ်တို့ဖြင့်် ဘာလုပ်ရမှန်းမသိအောင် အတော်ကိုစိုးရိမ်နေပြီ။ ပယောဂလည်းမရှိဘူးဆိုတော့လက်လျှော့လိုက်ပြီး ဗိန္ဓောဆရာကောင်းကောင်းရှာမယ်ဆိုပြီးတော့ အဖေ့ကိုရွာကိုပြန်သယ်ခဲ့တာပေါ့ဗျာ။
အိမ်ပြန်ရောက်တော့ အဖေ့ကိုလူနာလာမေးကြတယ်၊ တစ်ရွာလုံးနီးပါးပါပဲ၊ အဲဒီအထဲမှာ ဦးဘဖြူလည်းပါတယ်ဗျ၊ ဦးဘဖြူက အဖေ့ဘေးနားမှာ ဝိုင်းထိုင်နေတဲ့လူတွေကိုကြည့်ပြီးတော့
“သူကြီးနေမကောင်းဘူးဆိုတော့ သူကြီးအသစ်ခန့်ဖို့များ လိုနေပြီလားမသိပါဘူး”
သူကတော့ အတည်ပြောတာဗျ၊ သူ့စကားကြားပြီးတော့ ရွာခံလူကြီးတွေက အံ့သြနေကြတာနဲ့ ဦးဘဖြူက စနောက်တာပါဆိုပြီးတော့ ရယ်ကျဲကျဲဖြစ်သွားတာ။ ညနေစောင်းလောက်ရောက်တော့ လူတွေရှင်းသွားပြီ၊ ဒီအချိန်ကျမှ ဦးဘသာကြီးရောက်လာတော့တယ်။
“မင်းအဖေမကောင်းသေးဘူးဆိုကွ”
“အိမ်ပေါ်သာ တက်ကြည့်ပါတော့ ဦးဘသာရယ်”
ဦးဘသာလည်း အိမ်ပေါ်တက်ကြည့်တယ်၊ အိမ်ရှေ့ခန်းမှာ ကွေးကွေးကြီးဖြစ်နေတဲ့အဖေ့ကိုကြည့်ရင်း ဦးဘသာက သက်ပြင်းချတယ်။ အမေက ဦးဘသာအနားကိုကပ်ပြီး
“ဦးဘသာ၊ ကျွန်မယောက်ျားကို စုန်းတွေ၊ ကဝေတွေကများ ပြုစားထားတာလားတော့”
ဦးဘသာက အဖေ့လက်တွေကိုဆွဲကိုင်ရင်း
“နင်တို့လည်း ပယောဂစစ်သေးတယ်ဆို မသန်းရဲ့”
“ဟုတ်ပါတယ်၊ အထက်လမ်းဆရာကတော့ ပယောဂမရှိဘူးလို့ပဲပြောနေတော့တာ”
ဦးဘသာက အဖေ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်နေတယ်၊ ဒီအချိန်မှာပဲ မြင်းဖြူရှင်နတ်ကွန်းက သောက်ရေခွက်က နတ်ကွန်းပေါ်က ပြုတ်ကျပြီးတော့ ကြမ်းပေါ်ကိုကျတော့တာပါပဲ၊ အရင်ခေတ်က နတ်ဆက်တဲ့ခွက်တွေက မြေနဲ့စဉ့်နဲ့လုပ်တဲ့ခွက်တွေဗျ။ ဒီခေတ်လို ဖန်ခွက်တွေ မပေါသေးဘူး။ ဦးဘသာက အသေအချာကြည့်ရင်း အမေ့ကိုနှုတ်ဆက်တယ်၊ သူအိမ်ပေါ်ကဆင်းပြီး လှေကားရင်းလည်းရောက်ရော ကျုပ်ကိုလက်ကုပ်တယ်ဗျ။
“မင်းငါနဲ့လိုက်ခဲ့အလတ်ကောင်”
“ဟာ၊ ဦးဘသာ တစ်ခုခုထူးပြီလား”
ဦးဘသာက ခေါင်းညိတ်ရင်း ခြံထဲကနေထွက်သွားတော့ ကျုပ်လည်း သူ့အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ၊ လမ်းရောက်မှ ဦးဘသာက စကားစတယ်ဗျ။
“မင်းတို့အိမ်က မြင်းဖြူရှင်နတ်ကွန်းက ရေခွက်ဘာလို့ကျတာလဲကွ”
“ကျုပ်လည်းမသိဘူး၊ အခုမှ မဟုတ်ဘူးဗျ၊ အဖေလှေကားပေါ်က ကျတဲ့ညကလည်း သူ့အလိုလိုကွဲထွက်သွားသေးတယ်”
ဦးဘသာက ခေါင်းညိတ်ရင်း
“တစ်ခုခုတော့ တစ်ခုခုပဲကွ၊ ကဲလာကွာ၊ ရွာတော်ရှင်ဆီသွားမယ်၊ မင်းတို့ ကိုးကွယ်တဲ့ရိုးရာနတ်က မင်းတို့ကို တစ်ခုခုသတိပေးချင်နေပြီကွ”
ဒီလိုနဲ့ ရွာတော်ရှင်နတ်ကွန်းကို ထွက်လာခဲ့တာပေါ့ဗျာ၊ နေဝင်ပြီး မိုးချုပ်သွားပြီဆိုတော့ ရွာထိပ်မှာလူရှင်းသွားပြီလေ၊ ဦးဘသာက ရွာတော်ရှင်နတ်ကွန်းကိုကြည့်နေရင်း
“မြင်းဖြူရှင်က ဘယ်သူ့ဘက်ကရိုးရာလဲကွ”
“အဖေ့ဘက်က ရိုးရာဗျ”
ဦးဘသာက လက်နှစ်ဖက်နောက်ပစ်ပြီးတော့ နတ်ကွန်းရှေ့မှာ တစ်ခုခုကိုရွတ်ဆိုနေတယ်။ ပင့််ဖိတ်နေတဲ့ပုံစံမျိုးပေ့ါဗျာ၊ ပြီးတာနဲ့ ကျုပ်နဖူးကို လက်ဝါးနဲ့အုပ်တယ်၊
“မျက်စိမှိတ်၊ အာရုံခံနော်ကွ”
ကျုပ်လည်း မျက်စိမှိတ်လိုက်တော့တယ်၊ ဒီအချိန် ကျုပ်နားထဲမှာ အသံကြားရတယ်ဗျ၊ ကြားရတဲ့အသံကတော့ မြင်းခွာသံတွေပဲ၊ ဟိုးအဝေးကနေပြေးလာပြီးတော့ ကျုပ်အနားကို နီးလာတဲ့ပုံပေါ့၊ ဦးဘသာက ဘာမှမပြောတာနဲ့ ကျုပ်လည်း မျက်လုံးမဖွင့််ရဲဘူးပေါ့ဗျာ၊ နောက်တော့ မြင်းခွာသံက ကျုပ်အရှေ့နားမှာ ရပ်သွားတယ်၊ မြင်းမှာဆွဲထားတဲ့ ချူလေးတွေကလည်း တချွင်ချွင်နဲ့၊ မြင်းရဲ့အသက်ရှူသံ၊ နှာမှုတ်သံတွေကိုလည်း ကြားရသေးတယ်။
“ဒီသူငယ်အိမ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ပြောပြပါ မြင်းဖြူရှင်”
ဦးဘသာ အသံကိုကြားလိုက်ရတယ်။
“သူတို့ကို တိုက်ထားတယ်၊ ငါ့ကိုလည်း အာစေးထည့််ပြီး ပိတ်ထားတယ်၊ ငါလည်းအတိအကျပြောလို့မရဘူး၊ နင်တို့ဘုရားကျောင်းဆောင်ကို အသေအချာကြည့်”
အသံက ခပ်ပြတ်ပြတ်ပဲဗျ၊ ပြီးတာနဲ့ မြင်းခွာသံတွေကြားလိုက်ရပြီး မြင်းဖြူရှင်ပြန်သွားပုံရတယ်။
“ကဲ၊ အလတ်ကောင်၊ မျက်လုံးဖွင့််”
ကျုပ်မျက်လုံးဖွင့်လိုက်တော့ မျက်လုံးတွေကို ဝါးနေတာပဲဗျာ၊ ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ငါထင်နေတာ မှန်နေပါပြီ”
“ဦးဘသာက ဘာထင်လို့လဲဗျ”
“ဘုရားကျောင်းဆောင်ကိုကြည့်ဆိုတော့ ငါ့အထင် ဘုရားတိုက်ပဲကွ”
“ဘုရားတိုက်တဲ့လား”
“အတော်ဆိုးတဲ့ အတိုက်တစ်ခုပေါ့ကွာ၊ ဘုရားတိုက်ဆိုတာ အတော်ကိုယုတ်မာပြီးတော့ အောက်တန်းကျတဲ့လူတွေလုပ်တာပဲ၊ သူတို့က အတိုက်ကို ဘုရားအနားမှာအကာအကွယ်ယူထားတော့ တော်ရုံအထက်လမ်းဆရာက စစ်ရင် ပယောဂမှန်းမပေါ်ဘူးကွ”
“ဗျာ၊ ဒါ . . ဒါဆို ဘယ်လိုလုပ်ကြမလဲ”
“ဒါကတော့ မင်းတို့အိမ်သားတွေကိုမေးကြည့်ပေါ့၊ လောလောဆယ်တော့ မင်းအိမ်ကိုပြန်ကွာ၊ ဘုရားကျောင်းဆောင်မှာ ဘာထူးခြားနေသလဲဆိုတာကိုကြည့်၊ ဘုရားတိုက်သာမှန်တယ်ဆိုရင်တော့ ဟိုနေ့က နွားကြီးပြေးဝှေ့တာ သွေးရိုးသားရိုးမဟုတ်ဘူးဟေ့၊ မင်းအဖေလှေကားပေါ်က ကျတာကလည်း အတိုက်ခံရတာပဲ”
ကျုပ်နဲ့ဦးဘသာလည်း အိမ်ကိုပြန်လာခဲ့တယ်၊ ဦးဘသာက သူ့အိမ်ကိုသူပြန်သွားပေမယ့် ကျုပ်ကတော့ အိမ်ပေါ်ကိုအမြန်ပြေးတက်ခဲ့တာပေါ့ဗျာ။ ကျုပ်တို့အိမ်က ဘုရားကျောင်းဆောင်က အကျယ်ကြီးပဲဗျ၊ ရှည်ကလည်း အတော်ရှည်တယ်၊ ကျုပ်လည်း ဘုရားဆင်းတုတွေကိုကြည့်နေရင်း ကျောင်းဆောင်တစ်နေရာမှာ သုံးလက်မလောက်ပဲရှိတဲ့ ဘုရားဆင်းတုလေးတစ်ခုတွေ့တယ်ဗျ၊ ဘုရားဆင်းတုက ရွှေရောင်အသေးလေးပါ၊ ကျုပ်လည်း အဲဒီဆင်းတုကို တစ်ခါမှမမြင်ဖူးဘူး၊ ဒါနဲ့ အမေ့ကိုခေါ်မေးရတယ်။
“အမေ၊ ဒီဘုရားဆင်းတုကလေးကို အရင်က မမြင်ဖူးပါလား”
အမေက ကျုပ်ခေါ်ပြတာကို သေချာကြည့်ပြီးတော့
“အော်၊ အေး၊ အဲဒီဆင်းတုကလေးက ပန်းပေါင်းတစ်ထောင်ဆင်းတုတဲ့”
“အမေဝယ်တာလား”
“မဟုတ်ဘူး၊ ဦးဘဖြူတို့ မုံရွာဘက်ဘုရားဖူးသွားရင်းနဲ့ ပင့်လာခဲ့တာပဲ၊ အမေတို့ကိုလက်ဆောင်အဖြစ်ပေးလို့ ဘုရားကျောင်းဆောင်ပေါ်ကို တင်ထားလိုက်တာ”
“ဗျာ၊ ဦးဘဖြူက ပေးတာလား”
ကျုပ်လည်း အခုမှ ရေရေရာရာသိတော့တယ်၊ ပြီးတော့ ညနေက လူနာလာကြည့်တုန်းက ဦးဘဖြူစကားကိုပြန်ကြားယောင်ပြီးတော့မှ ဒီအဘိုးကြီးလက်ချက်မှန်း သေချာသိသွားတော့တယ်။ အိမ်က ဘုရားကတော့ ထူးခြားနေပြီ၊ ဒါပေမယ့် ဘာမှန်းမသိတော့ ကျုပ်လည်းမကိုင်ရဲဘူးဗျ၊ ဒါနဲ့ ဦးဘသာဆီကိုပြန်ပြေးလာခဲ့ရပါရော။
“ဦးဘသာရေ၊ ဟုတ်တယ်ဗျို့၊ အိမ်မှာ ဘုရားဆင်းတုအသစ်တစ်ခုရောက်နေတယ်၊ အဲဒါကလည်း သူများပေးထားတာ”
ဦးဘသာက မျက်ခုံးပင့်လိုက်ပြီး
“ဟေ့၊ အဲဒါပဲဖြစ်မယ်ကွ”
“ကျုပ်တို့ဘာဆက်လုပ်မလဲ”
“ဘုရားဆင်းတုဆိုတော့ ငါလည်းကိုင်လို့မကောင်းဘူးကွ၊ ဖျက်ဆီးလို့လည်းအဆင်မပြေဘူး၊ ဒီတော့အဲဒီဘုရားဆင်းတုတော်ကို မင်းပင့်လာခဲ့ကွာ၊ မင်းကိုငါ ရွာဦးကျောင်းနံဘေးနားက မြေကွက်လပ်မှာ စောင့််နေမယ်”
ကျုပ်လည်းအိမ်ကိုတစ်ခေါက်ပြန်ပြီး ဘုရားဆင်းတုကို လက်ကိုင်ပုဝါတစ်ခုနဲ့ ထုပ်ပြီးယူခဲ့တယ်၊ ယူလာရင်းနဲ့ ဘုရားဆင်းတု မျက်နှာတော်ကိုကြည့်ရင်း ကျုပ်မှာကြည်ညိုရမှာထက် တစိမ့်စိမ့်ကြည့်လေ ကြောက်ဖို့ကောင်းလာလေလေပဲဗျာ၊ နောက်တော့ ရွာဦးကျောင်းကိုဖြတ်လိုက်ပြီး မြေကွက်လပ်တစ်ခုကိုရောက်လာပါရောဗျာ၊ ဦးဘသာက အမှောင်ထဲမှာ စောင့်နေတယ်ဗျ။
“အလတ်ကောင်၊ မင်းလက်ငါ့ကိုပေးစမ်း”
ကျုပ်လည်း လက်တစ်ဖက်ကို ဦးဘသာကိုပေးလိုက်တယ်၊ လက်တစ်ဖက်ကတော့ လက်ကိုင်ပုဝါနဲ့ ဘုရားဆင်းတုလေးကိုင်လို့ပေါ့ဗျာ၊ ဦးဘသာက မျက်လုံးတွေမှိတ်ပြိး အာရုံခံနေလိုက်တယ်။
“တော်တော်ကြောက်ဖို့ကောင်းတာပဲကွ၊ မင်းအဖေကို အသေလုပ်တာဟေ့၊ ခုနစ်ရက်ပဲခံမယ်၊ အခုတောင် လေးငါးရက်ရှိနေပြီမဟုတ်လား၊ ဘုရားတိုက်ကိုတောင် ခပ်စွမ်းစွမ်းတိုက်နိုင်တယ်ဆိုတော့ တိုက်တဲ့လူတော့ နှယ်နှယ်ရရမဟုတ်ဘူးဟေ့”
“ဦးဘသာ တစ်ခုခုလုပ်ပါအုံးကွာ”
“မင်း ဘုရားဆင်းတုကို လက်ဝါးပေါ်တင်ထားလိုက်”
ကျုပ်လည်း ဘုရားဆင်းတုကို ထောင်လျှက်သားကလေး လက်ဝါးပေါ်တင်ထားလိုက်တယ်၊ ဦးဘသာက လက်ဝါးနှစ်ဖက်ကိုစုလိုက်ပြီးတော့ ဘုရားဆင်းတုကို လက်ညှိုးနဲ့သေသေချာချာထိုးပြီးတော့ မန္တန်တွေရွတ်တယ်ဗျာ၊ ငါးမိနစ်လောက်ကြာတော့ ဖွတ် . . . ရွှီးဆိုတဲ့အသံနဲ့အတူ ဘုရားဆင်းတုက ပေါက်ထွက်သွားပြီးတော့ အဲဒီအထဲက မီးလုံးတစ်ခုက မိုးပေါ်ကိုပျံတက်သွားတယ်၊ မီးလုံးက သိပ်မကြီးပါဘူးဗျာ၊ ဆီးသီးကင်းလောက်ရှိမှာ၊ ကျုပ်လည်း ကိုင်ထားရင်းနဲ့လန့်ပြီးထခုန်တာပေါ့။
“သွား၊ အဲဒီဘုရားဆင်းတုကို ကိုးတောင်ပြည့်စေတီမှာသွားစွန့်လိုက်ကွာ”
ကိုးတောင်ပြည့်စေတီဆိုတာ ရွာဦးကျောင်းဝန်းထဲမှာရှိတာဗျ၊ အဲဒီစေတီကလည်း ဦးဘဖြူတည်ခဲ့တာ၊ ဒါကြောင့် သူ့ကိုဘုရားဒယာ ဦးဘဖြူလို့ ခေါ်ကြတာပေါ့၊ ကျုပ်လည်း အမှောင်ကြီးထဲ စေတီကလေးအနားကိုပြေးလာပြီးတော့ စေတီတစ်နေရာမှာ အဲဒီဆင်းတုကလေးတင်ပြီး ပြန်ပြေးထွက်ခဲ့တာပေါ့ဗျာ။
“အားလုံးရှင်းသွားပြီအလတ်ကောင်၊ အိမ်ရောက်ရင် မင်းအဖေကို ကွမ်းရွက်ပြုတ်ရည်နဲ့ ရေပတ်တိုက်ပေးလိုက်”
“ဒါ ဦးဘဖြူလုပ်တာပဲဗျ”
ကျုပ်ပြောလိုက်တော့ ဦးဘသာက ထိတ်လန့်သွားတယ်။
“ဟုတ်ပါ့မလား၊ ဦးဘဖြူက ဘုရားတရားသမားနော်”
ကြည့်လေဗျာ၊ ဦးဘသာတောင်မှ မယံဘုူးတဲ့ဗျ၊ ကျုပ်လည်း ဦးဘဖြူက အရင်တုန်းက အဖေနဲ့သိပ်မပြေလည်တဲ့အကြောင်းတွေ၊ ဟိုတစ်နေ့က သနပ်ခါးတုံးကလည်း ဦးဘဖြူ မိန်းမ မယဉ်ပေးတဲ့အကြောင်း၊ အခု ဘုရားဆင်းတုကလည်း ဦးဘဖြူတို့ ဘုရားဖူးထွက်ရင်း ပင့်လာပြီး ကျုပ်တို့ကိုလက်ဆောင်ပေးတဲ့အကြောင်းပြောတော့ ဦးဘသာက ပါးစပ်အဟောင်းသားနဲ့ဗျ။
“ကျုပ်ပြောတာ ယုံစမ်းပါ ဦးဘသာရယ်”
“အေး၊ ယုံပါတယ်ကွ၊ သစ်ကောက်၊ ဝါးကောက်သာ မြင်ရပေမယ့် လူ့အတွင်းစိတ်ကောက်တာ မမြင်ရဘူးမဟုတ်လား၊ ခုနေ မင်းအဖေသေရင်၊ မင်းတို့မိသားစုထဲမှာလည်း သူကြီးဖြစ်လောက်တဲ့လူမရှိဘူး၊ ဒီတော့ ကြိမ်းသေပေါက် ရွာထဲက တစ်ယောက်ယောက်ကို သူကြီးတင်ရမှာပဲကွ၊ ဒါကြောင့် လုပ်တာဖြစ်နိုင်တယ်”
“ကျုပ်တော့မကျေနပ်ဘူးဦးဘသာရာ၊ ဒီလူကြီးကို ကျုပ်လက်စားချေမယ်”
ဦးဘသာက ခေါင်းခါရင်း
“မလိုတော့ပါဘူး အလတ်ကောင်ရာ၊ သူ့အကုသိုလ်က ကိုယ့်အကုသိုလ်မဖြစ်စေနဲ့တော့ကွ၊ သူ့စားရိတ်နဲ့သူ သွားလိမ့်မယ်”
ကျုပ်စိတ်ထဲရှိတဲ့အတိုင်းဆိုရင် ဒီလူကြီးကို ဓါးနဲ့ပဲ သွားခုတ်ချင်တာဗျ၊ ဒါပေမယ့်လည်း ဦးဘသာအကြိမ်ကြိမ်တားလို့ သည်းခံလိုက်ရတာ။ ကျုပ်မကျေမချမ်းနဲ့ အိမ်ပြန်လာတော့ အဖေက အိမ်ပေါ်မှာ ငုတ်တုတ်တောင်ထိုင်နေပြီဗျ၊ ကျုပ်ဖြင့် အံ့သြလိုက်တာ ပြောမနေပါနဲ့။
“အဖေ၊ အဖေ ဘယ်လိုဖြစ်ပြီး ပြန်ကောင်းသွားတာလဲ”
“အေးကွ၊ ခုနက အိပ်ရာလန့်နိုးလာပြီး ရုတ်တရက်ကောက်ထိုင်လိုက်တော့ ထိုင်လို့ရသွားတာပဲ”
ကျုပ်လည်းအခုမှ သက်ပြင်းချနိုင်တော့တယ်ဗျာ၊ ဒါနဲ့ အိမ်ပေါ်ထပ် နတ်ကွန်းစင်က မြင်းဖြူရှင်ပုံတော်ကိုကြည့်လိုက်တော့ ပုံတော်ထဲမှာ မြင်းဖြူကြီးစီး၊ ဓါးကြီးကိုင်ထားတဲ့ လူပုံက ကျုပ်ကိုပြုံးပြနေတယ်လို့တောင် ထင်ရတယ်ဗျာ။
ဦးဘသာပြောတဲ့အတိုင်းပဲ ဦးဘဖြူလည်း သိပ်မကြာဘူး၊ သေသွားတာပဲဗျ၊ သူများမကောင်းကြံတဲ့အကျိုးနေမှာပေါ့ဗျာ၊ သူသေသွားတာလည်း ရိုးရိုးသေသွားတာမဟုတ်ဘူးဗျို့၊ ခင်ဗျားတို့ကို အဲဒီအကြောင်းတွေပြောရမယ်ဆိုရင်တော့ ဦးဘဖြူမိန်းမ မယဉ်အကြောင်းကို ပြန်ပြောပြမှရမှာ၊ မယဥ်ဘယ်လောက်ဆိုးသလဲဆိုတာ မတင်လှယောကျ်ားကို သေအောင်လည်းသူလုပ်ခဲ့တာ၊ မတင်လှသေကောင်ပေါင်းလဲဖြစ်ပြီး ငွေတွေကုန်လို့ လယ်တွေကို သူတို့ဆီထိုးရောင်းအောင်လည်း သူပဲစီစဥ်ခဲ့တာတဲ့ဗျာ။
ဒီနေ့တော့ တော်လောက်ပြီဗျာ၊ နောက်နေ့မှ မယဉ်အကြောင်း ဆက်အုံးစို့ဗျ။
ပြီးပါပြီ။