အတွဲ(၃) စာစဉ်(၁၆)
(၁)
ဒီနေ့ကတော့ မယဉ်အကြောင်းပြောမယ့်နေ့ပေါ့ဗျာ၊ မယဉ်ရဲ့အကို လူမိုက်ကြီး သရဲပြေးဘအေးတစ်ယောက် သူသေပြီးတဲ့အခါ မကျွတ်ဘူးတဲ့ဗျ၊ ဘာလို့သိသလဲဆိုရင်တော့ ကျုပ်တို့ကိုယ်တွေ့ပဲပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ ကိုဘအေးမရှိတော့ အမဲသား၊ ဝက်သား ရှားသွားတယ်ဗျ၊ ဆိတ်သားတောင်မှ ပေတောရွာက ကုလားလေးညီအကိုလာတော့မှ စားရတာ၊ ဒါတောင် အလုအယက်ဝယ်စားရတာမျိုးမဟုတ်လား၊ ပြီးတော့ ကိုဘအေးနေရာကိုဆက်ခံမယ့် သားသတ်သမားမရှိတော့ အမဲသားဆိုတာ ရခဲသွားတာပေါ့ဗျာ၊ တခြားရွာကနေ ခေါင်းရွက်ဗျက်ထိုးလာရောင်းကြတဲ့ အသားသည်တွေဆီကနေပဲ ဝယ်ပြီးစားရတာဗျ၊ ဝယ်စားတဲ့အသားက ဈေးလည်းကြီးတယ်၊ တစ်နေ့လုံးပတ်ရောင်းပြီး ကျုပ်တို့ရွာကို ညနေခင်းလောက်မှရောင်းတော့ ယင်ကောင်တဝီဝီနဲ့ အသားတွေက အူချင်နေပြီပေါ့ဗျာ၊ မလတ်ဆတ်တော့ စားမကောင်းဘူးပေါ့။
တစ်ရက်တော့ ကာလသားကိုမြင့်နဲ့ ကိုကျွဲနဲ့ အိမ်ကိုရောက်လာပါရောဗျာ၊ ကိုကျွဲက ဦးဘဖြူသမီး မညိုရဲ့ယောက်ျားပေါ့၊ အဖေ့ကိုလာတွေ့ပြီးတော့ သူတို့အမဲပေါ်ချင်တယ်ဆိုပြီး လာပြောတာပေါ့ဗျာ။ အမဲသားလည်းငတ်နေတာဆိုတာနဲ့ အဖေကခွင့်ပြုပေးလိုက်တယ်၊ အဲဒီတုန်းက အကိုကြီးက ဆယ့်လေးဆယ့်ငါးလောက်ပေါ့၊ ကျုပ် ဆယ်နှစ်ကျော်ပေါ့ဗျာ၊ ကျုပ်တို့ကလေးတွေလည်း နွားပေါ်တာကို မမြင်ဖူးတာနဲ့ လိုက်ကြည့်ကြမယ်ပေါ့။
ကိုကျွဲက သူမွေးထားတဲ့နွားတစ်ကောင်ကိုဆွဲလာတယ်၊ ပြီးတော့ သားသတ်ကုန်းလို့ခေါ်တဲ့ ရွာအပြင်ကိုမောင်းခဲ့တာပေါ့ဗျာ၊ နွားကြီးကလည်း ရုန်းကန်နေတာပဲဗျ၊ ဟိုရောက်တော့ နွားကိုမသတ်ခင် အရင်ဆုံးခေါင်းကိုထုကြတယ်၊ ကိုမြင့််ရော၊ ကိုကျွဲရောက လက်မရဲတော့ နွားကိုမနည်းသတ်ရတယ်ပေါ့ဗျာ၊ ပြီးတော့ နွားကိုဖျက်တာပေါ့၊ ဖျက်ပြီးတော့ နွားပေါင်ကြီးခုတ်ထားတုန်း အဲဒီပေါင်ကြီးက သူ့အလိုလိုရွေ့သွားတာပဲဗျာ၊ နွားခွာဘက်ကနေ တစ်ယောက်ယောက်က ဆွဲသွားသလိုမျိုးပေါ့၊ နေ့ခင်းကြောင်တောင်ကြီး ကျုပ်တို့အရှေ့မှာဖြစ်တာဆိုတော့ ကျုပ်တို့လည်း အံ့သြတာပေါ့ဗျာ။
ကိုကျွဲက နွားပေါင်ကိုဝင်ဆွဲတယ်၊ ကိုမြင့်က ရိပ်စားမိတာနဲ့
“ကိုဘအေး၊ ကျုပ်တို့ကို မနှောင့်ယှက်ပါနဲ့၊ ကျုပ်တို့ကိစ္စပြီးရင် ကိုဘအေးအတွက် အသားကောင်းကောင်းပေးပါ့မယ်”
အဲဒီလိုပြောလိုက်တော့မှပဲ သူ့အလိုလိုတရွတ်တိုက်ရွှေ့နေတဲ့နွားပေါင်ကြီးက ဖုတ်ခနဲမြေပေါ်ကျပြီး ငြိမ်သွားတာပဲဗျာ၊ ကိုမြင့်တို့က လုပ်ကိုင်ပြီးတော့ အမဲအရွတ်တွေ၊ အရိုးအရင်းတွေကို ဖက်ခင်းပြီးတော့ ပုံထားခဲ့တယ်၊ ပြီးတော့ ကိုဘအေးအတွက်ဆိုပြီး နွားပေါင်သားကောင်းကောင်း အစိတ်သားလောက်ကို ဖက်ပေါ်ချပေးခဲ့တာပဲ၊ ပြီးတာနဲ့ အသားတွေကို တောင်းထဲထည့််ပြီး ရွာထဲကို ခြေကုန်သုတ်ကြတာပေါ့ဗျာ၊ အဲဒီကနေစလို့ သားသတ်ကုန်းမှာ အသားပေါ်ရင် ဖက်ခင်းပြီးကျွေးရတဲ့ဓလေ့ဖြစ်သွားခဲ့တာပေါ့ဗျာ၊ ကိုဘအေးက အမဲသားသိပ်ကြိုက်တာဆိုတော့ သူပဲဖြစ်မယ်ထင်တာပေါ့။
တစ်ပတ်လောက်ကြာတော့ ပေတောက ကုလားလေးတို့ ညီအကိုရောက်လာတယ်ဗျ၊ သူတို့က ဆင်းရဲတယ်၊ ကျုပ်တို့ရွာကိုလာပြီးတော့ ရွာကဆိတ်တွေဘာတွေ ပေါ်ပေးပြုပေးတယ်၊ ပြီးရင်တော့ ဆိတ်ပေါ်ခအနေနဲ့ သူတို့ကိုအသားနည်းနည်းပေးရတယ်၊ ဒါမှမဟုတ်ရင်လည်း ဆန်ပေး၊ စပါးပေးပေါ့ဗျာ။
ဆိတ်ပေါ်တဲ့နေရာတော့ အဲဒီကုလားလေးညီအကိုက သိပ်တော်တာဗျ၊ ဘယ်နားကအသားကို ဘယ်လိုလှီးရမယ်ဆိုတာသိပြီးသား၊ တခြားသူပေါ်ရင် အသားကောင်းကောင်းလှီးတတ်ဖို့ခက်တာကိုး၊ ဒါနဲ့ ကုလားလေးညီအကိုကို ဆိတ်မနှစ်ကောင် ပေါ်ခိုင်းလိုက်တာပေါ့ဗျာ၊ ရွာမှာလည်း ဆိတ်မွေးတဲ့သူတွေ ရှိတာကိုး။
ကုလားလေးညီအကိုလည်း ထုံးစံအတိုင်း သားသတ်ကုန်းဆီလာတာပေါ့ဗျာ၊ ဆိတ်ပေါ်နေတုန်း အမျိုးမျိုးခြောက်လှန့်ခံရတယ်တဲ့ဗျ၊ ဖြတ်ပြီးသားဆိတ်ခေါင်းက မြက်တွေထစားလိုစားနဲ့တဲ့၊ ကုလားလေးတွေကလည်း သရဲမကြောက်တတ်တော့ ပြန်ပြီးဟောက်ဟမ်းတာပေါ့ဗျာ၊ ကိစ္စပြီးသွားတော့ ဆိတ်သားတွေကို တောင်းထဲထည့်ပြီးသယ်တယ်၊ သူတို့က ကိုဘအေးအတွက် ကျွေးရကောင်းမှန်းမသိတော့ ဒီအတိုင်းပြန်လာခဲ့ကြတာပေါ့ဗျာ၊ မကြာပါဘူး သူတို့အနောက်ကို ကွင်းထဲကနေ လူတစ်ယောက်ပြေးလိုက်လာတာတဲ့ဗျာ၊ ပြီးတော့ သူတို့ဆီက ဆိတ်သားတောင်းတွေကို ဆွဲလွဲတော့တာပါပဲ၊ ကုလားလေးညီအကိုဆိုရင် အဲဒီကတည်းက သားသတ်ကုန်းမသွားရဲတော့တာပဲဗျာ၊ သားသတ်ကုန်းမှာ သားသတ်ပြီးရင် အရိုးအရင်းတွေ၊ အသားစတွေကို အဲဒီလိုပဲ ဖက်ပုံပြီးထားခဲ့ရတယ်။ မထားခဲ့လို့ကတော့ ရွာထဲကို အသားတွေပြန်သယ်မရဘူးတဲ့။
ကိုဘအေးသေတော့ သူ့ညီမကိုစိတ်မချလို့ မကျွတ်တာလို့လဲပြောကြတယ်၊ တစ်ခါသားတော့ ဦးဘဖြူကြီး ညည့််နက်သန်းခေါင်လန့်နိုးလာသတဲ့၊ ဘေးနားကိုစမ်းကြည့်တော့ မယဉ်မရှိတော့တာနဲ့ ဘယ်သွားသလဲဆိုပြီး ထလိုက်ရှာတော့ အိမ်ခြံအနောက်ဘက်မှာ တရှုံ့ရှုံ့နဲ့ငိုနေတာတဲ့ဗျာ၊ သူ့အရှေ့မှာတော့ မဲမဲအကောင်ကြီးက နည်းတာကြီးမဟုတ်ဘူးတဲ့၊ ဦးဘဖြူကိုတွေ့တော့ အဲဒီအကောင်ကြီးက လှစ်ခနဲထွက်ပြေးတော့တာပဲတဲ့ဗျာ၊ ဒါက ကျုပ်တို့တကယ်ကြုံခဲ့ရတာမဟုတ်ဘူးဆိုတော့ ကောလာဟလတွေလို့ပဲ ထင်ကြတာပေါ့။
(၂)
ဦးဘဖြူသေတဲ့အကြောင်းလည်း ပြောပြရအုံးမယ်။
တစ်ရက်ပေါ့ဗျာ၊ ကျုပ်တို့မောင်နှမတွေလည်း လယ်ထဲဆင်းလာကြတာပေါ့။ ဦးဘဖြူဘုရားတိုက်လုပ်တာသိသွားတော့ အိမ်ကလူတွေလည်း ဦးဘဖြူနဲ့ ခပ်တန်းတန်းဖြစ်သွားတာပေါ့ဗျာ၊ လယ်ထဲမရောက်ခင်မှာပဲ ရွာသားတွေက ပြေးလွှားနေကြတယ်၊ ကျုပ်တို့လည်းသိချင်တာနဲ့ မေးကြည့်တာပေါ့။
“ဦးဘဖြူကြီးသေပြီဗျ”
“ဟေ၊ ဘယ်နားမှာသေတာလဲ”
“သူ့လယ်ထဲမှာ သေတာဗျ”
ကျုပ်တို့လည်း သိချင်စိတ်နဲ့ ဦးဘဖြူလယ်ထဲကိုပြေးခဲ့တာပေါ့၊ ဟိုရောက်တော့ လူတွေက ဝိုင်းအုံနေတာပဲဗျာ၊ အဖေတို့တော့ မရောက်သေးဘူး။ ကျုပ်တို့လူအုပ်ကြားထဲကို တိုးပြီးကြည့်လိုက်တော့ ဦးဘဖြူကြီးက လယ်ထဲမှာ မှောက်ခုံကြီးသေနေပါရော၊ ဒါပေမယ့်် သူ့မျက်နှာက အတည့််ကြီးဗျ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင်တော့ ဇက်က တစ်ပတ်လည်ပြီးတော့ သေနေတဲ့ပုံပေါ့ဗျာ၊ လူကသာ မှောက်ခုံကြီးဆိုပေမယ့်် မျက်နှာကတော့ အတည့််ကြီးဗျ၊ သူ့မိန်းမ မယဉ်ကတော့ လယ်တဲထဲမှာ တရှုံ့ရှုံ့ငိုနေတယ်။ မကြာပါဘူး အဖေနဲ့ရွာလူကြီးတွေရောက်လာကြတယ်၊ ဒါနဲ့ မယဉ်ကိုမေးတော့တာပဲ။
“ဟဲ့ ယဉ်ယဉ်၊ မနက်က ရွာကထွက်သွားတုန်းက အကောင်းကြီးပါ၊ အခုဘယ်လိုဖြစ်တာလဲ”
မယဉ်က ရှိုက်တောင်ရှိုက်နေတယ်ဗျ။
“မသိတော့ပါဘူးသူကြီးရယ်၊ ကျွန်မတို့ လယ်ထဲဆင်းလာပြီး ကျွန်မက ရေနွေးတည်ဖို့လုပ်နေတုန်း၊ အကိုကြီးက လယ်ထဲသွားကြည့်အုံးမယ်ဆိုပြီး ထွက်သွားတာပဲ၊ နောက်တော့ အခု သူကြီးတို့မြင်တဲ့အတိုင်းပါပဲရှင်၊ ဟင့်၊ ဟင့်”
ရွာကလူတွေက တစ်ယောက်တစ်ပေါက်နဲ့ပြောနေပြီဗျ၊ အဖေတို့လည်း စဉ်းစားရခက်နေတာပေါ့၊ ဘာလို့လဲဆိုတော့ အလောင်းကြီးက မြင်တဲ့အတိုင်းပဲမဟုတ်လား၊ ချော်လဲကျတယ်ဆိုရင်လည်း မြေပြင်မှာ ချော်ထားတဲ့အရာတွေဘာတွေမတွေ့ရဘူး၊ ခေါင်းကလည်းနောက်ပြန်ကြီးဆိုတော့ သူ့အလိုလိုဖြစ်တာလည်း မဖြစ်နိုင်ဘူးဗျ။ ရွာကလူတွေကတော့ ဦးဘဖြူကို သရဲဂုတ်ချိုးပြီးလိမ်သတ်တယ်လို့ပဲပြောကြတယ်၊ ဘာပဲပြောပြော၊ သေသွားတဲ့လူက သေသွားပြီဆိုတော့ သူ့ကိုသဂြိုဟ်ဖို့ လုပ်ရတာပေါ့။
မိုးရာသီမှာ ခက်ခဲတဲ့အရာတစ်ခုကတော့ လူကိုမီးရှို့တာပဲဗျ၊ ဦးဘဖြူက အစိမ်းသေဆိုတော့ ဘာပဲပြောပြောမီးရှို့သင့်တယ်မဟုတ်လား၊ ဒါပေမယ့် ကျုပ်တို့ဆီမှာက မိုးတွင်းသေတဲ့အလောင်းဆို မီးမရှို့ပဲ မြေမြှုပ်ပစ်တယ်ဗျ၊ မီးရှို့တယ်ဆိုတာ ထင်းလည်းကုန်တယ်၊ အချိန်လည်းအတော်ကုန်တာမဟုတ်လား၊ မတော်လို့ မီးရှို့နေတုန်း မိုးရွာချရင် မပြောကောင်း၊ မဆိုကောင်းတာတွေ ဖြစ်ကုန်မယ်လေ၊ ဒါကြောင့် မိုးတွင်းသေတဲ့အစိမ်းသေဆိုရင် မီးမရှို့ဘူးပေါ့ဗျာ။
ဒါနဲ့ မိသားစုရဲ့ဆန္ဒအရ ဦးဘဖြူအလောင်းကို ရွာသုဿန်မှာ ဂူသွင်းတာပေ့ါဗျာ၊ ကျုပ်တို့ခေတ်က အုတ်ဂူဆိုတာ ခပ်ရှားရှားဗျ၊ ပိုက်ဆံအတော်အတန်ရှိတဲ့လူမှသာ ဂူသွင်းနိုင်တာ၊ ရွာသုဿန်ကိုလည်း နှစ်ပိုင်းပိုင်းထားတယ်၊ သုဿန်အလယ်က ညောင်ပင်ကြီးရဲ့ မြောက်ဘက်မှာ အုတ်ဂူတွေချည်း သီးသန့််ထားတယ်၊ ညောင်ပင်ကြီးရဲ့ တောင်ဘက်မှာတော့ မြေပုံတွေထားတာပေါ့ဗျာ၊ သုဿန်ဇရပ်က အဲဒီညောင်ပင်ကြီးခြေရင်းနားမှာ ရှိတာကိုး။
ဦးဘဖြူက ရွာမှာလည်း မျက်နှာဖုံး၊ မသိသူမရှိဆိုတော့ သူ့နာရေးက တော်တော်စည်ကားပါတယ်ဗျာ၊ ထူးဆန်းတာပြောရရင် သူ့အလောင်းကောင်ကြီးရဲ့ လည်ပင်းကို ပြန်လှည့်မရလို့ ဒီအတိုင်းကြီးပဲ သဂြိုဟ်လိုက်ရပါရောလား၊ မယဉ်တစ်ယောက်ကတော့ မျက်ရည်တစမ်းစမ်းနဲ့ပေါ့ဗျာ။ ပြဿနာက ဦးဘဖြူသေပြီးမှစတာဗျ။ ထုံးစံအတိုင်း အမွေမှုပေါ့၊ ဦးဘဖြူမှာက သားသမီးလေးယောက်ရှိတော့ သူတို့ကလည်း အဖေပိုင်တဲ့ပစ္စည်းကိုလိုချင်ကြတယ်၊ မယဉ်ကလည်း မပေးချင်ဘူးဆိုတော့ နောက်ဆုံးတော့ အဖေ့ဆီရောက်လာတော့တာပေါ့ဗျာ။
(၂)
“သူကြီးစဉ်းစားကြည့်ပါ၊ ကျွန်မယောက်ျားဆုံးသွားတယ်ဆိုပေမယ့် ကျွန်မက သူ့ကိုတစ်ဘဝလုံးပုံအပ်ခဲ့ရတဲ့သူဆိုတော့ ကျွန်မမှာ ရပိုင်ခွင့်ရှိတယ်”
မညိုတို့ မောင်နှမတွေကလည်း မကျေနပ်ဘူးဗျ။
“ကျွန်မတို့ကလည်း ဦးဘဖြူရဲ့သားသမီးတွေပဲ၊ အဖေကျန်ခဲ့တဲ့ အမွေတွေကို ကျွန်မတို့သားသမီးတွေချည်းယူမယ်။ ဒီကောင်မကို တစ်ပြားသားမှ မပေးနိုင်ဘူး”
အိမ်မှာရန်ဖြစ်ကြပြီး ဆူညံနေတာပေါ့ဗျာ။
“အားလုံးတိတ်စမ်း၊ အခုငါ့ဆီလာတယ်ဆိုတာ ငါဆုံးဖြတ်တာကို နာခံချင်လို့လာကြတာမဟုတ်လား”
အဖေက ငေါက်လိုက်တော့မှ အားလုံးတိတ်သွားတော့တယ်၊
“အားလုံးကို ညီညီမျှမျှဖြစ်သွားအောင် ငါဆုံးဖြတ်ပေးမယ်၊ ဦးဘဖြူရဲ့ မိန်းမဖြစ်တဲ့ ယဉ်ယဉ်လည်း အမွေတွေရသင့်သလို၊ ဦးဘဖြူရဲ့ သားသမီးတွေလည်း အမွေတွေအကုန်ရသင့်တယ်၊ ဒီတော့ ပိုင်ဆိုင်သမျှ အရာတွေအားလုံးကို ငါးပုံပုံမယ်၊ သားသမီးလေးယောက် တစ်ယောက်တစ်ပုံဆီယူကြ၊ ယဉ်ယဉ် နင်လည်းတစ်ပုံယူ”
သားသမီးတွေက ကျေနပ်သလိုလိုရှိပေမယ့် မကျေနပ်တဲ့သူတော့ မယဉ်ပေါ့ဗျာ။ မယဉ်က မတ်တပ်ထရပ်ပြီး ခါးထောက်တယ်ဗျ။
“အောင်မယ်၊ သူကြီး၊ သူကြီးကို သူတို့က ဘယ်နှပြားပေးထားလို့ သူကြီးက သူတို့ဘက်ကနေလိုက်ရတာလဲ၊ လင်ပိုင်တဲ့ပစ္စည်းမယားပိုင်တယ်ရှင့်၊ ဒီတော့ ကျုပ်တစ်ခါတည်းပြောထားလိုက်မယ်၊ ရှင်တို့အဖေကျန်ခဲ့တဲ့အမွေတွေကို နှစ်ပုံပုံမယ်၊ ကျွန်မက တစ်ပုံယူမယ်၊ ကျန်တဲ့တစ်ပုံကိုရှင်တို့တွေ ကိုယ့်ဖာသာကိုယ်ခွဲယူကြ”
မညိုက မတ်တပ်ထရပ်တော့တယ်။
“ဟဲ့ကောင်မ၊ နင်ဒီလိုလုပ်လို့ရမလားဟဲ့”
အမှန်တော့ မယဉ်က မညိုထက်တောင်အသက်ငယ်သေးတယ်ဗျ၊ ဒီတော့အဖေ့ရှေ့မှာတင် ရန်ဖြစ်ကြ၊ ဆံပင်တွေဆောင့်ဆွဲကြနဲ့ပေါ့ဗျာ၊ ကျုပ်တို့လည်း အတော်ဝင်ဆွဲရတာပေါ့၊
“ဟဲ့တော်ကြတော့၊ နင်တို့ငါဆုံးဖြတ်တာကို မခံယူချင်ဘူးဆိုရင် မြို့တက်ပြီး အမှုဖွင့်၊ တရားစွဲပြီး ရှေ့နေရှေ့ရပ်နဲ့သာ ရှင်းကြပေတော့”
မညိုတို့လည်း တိတ်သွားတော့တယ်၊ မယဉ်ကတော့ မကျေနပ်ပါဘူးဗျာ၊ အဖေ့ရှေ့မှာတင်ပဲ မညိုကိုလက်ညိုးငေါက်ငေါက်ထိုးပြီးတော့
“ဟဲ့ မိညို၊ နင်ငါ့အကြောင်းသိမယ်၊ နင်ထမင်းဝအောင်သာစားထား”
ဆိုပြီးတော့ ပြောဆိုပြီး ထမီစွန်တောင်ဆွဲပြီး ထွက်သွားတော့တာပဲဗျာ။ တခြားလူက မသိပေမယ့် ကျုပ်ကတော့သိနေတယ်၊ မယဉ်က မညိုတို့ကို တစ်ခုခုလုပ်တော့မယ့်ပုံပဲဗျ။ ဒီအကြောင်းတွေကို ကျုပ်လည်း သူတို့သိအောင် အသိပေးရတော့မှာပေါ့၊ ခက်တာက မညိုနဲ့ကျုပ်နဲ့က သိပ်အခေါ်အပြောမရှိဘူးဗျ၊ ဒါနဲ့ ညနေရောက်ရင် ရွာထိပ်က ဦးတရုတ်ကြီးအရက်ဆိုင်ကို လာလာထိုင်တတ်တဲ့ ကိုကျွဲကို တိုးတိုးကပ်ပြောရတာပေါ့ဗျာ။
“ကိုကျွဲ၊ ခင်ဗျားသတိထားနေနော်၊ မယဉ်က စုန်းမဗျ၊ အောက်လမ်းတွေဘာတွေလည်း တတ်တယ်”
ကိုကျွဲက မူးမူးနဲ့ခေါင်းညိတ်တယ်။
“အေးပါကွ၊ ငါ့မိန်းမက ဘုရားဒကာသမီးပီပီ ဘုရားတရားတော့ သိပ်လုပ်တယ်ကွ၊ ဒီလိုပညာတွေဆိုတာက ဘုရားတရားမြဲရင် လုပ်လို့မရပါဘူးကွာ”
“အေးဗျာ၊ သတိတော့ထားပေါ့”
ကျုပ်လည်း သတိပေးရမယ့်တာဝန်အရ သတိပေးခဲ့ရတယ်၊ ကိုကျွဲကတော့ ယုံသလိုလို၊မယုံသလိုလို ခပ်ပေါ့ပေါ့ပါပဲဗျာ။ ဒုတိယသတင်းပေးရမယ့်သူကတော့ ဦးဘသာမဟုတ်လား၊ ကျုပ်လည်း ဦးဘသာနဲ့ မတွေ့တာ သုံးလေးရက်လောက်ရှိပြီဆိုတာနဲ့ ဦးဘသာအိမ်ကိုကူးခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ ထုံးစံအတိုင်းပါပဲ၊ ညနေစာ စားသောက်ပြီးတော့ ကွမ်းလေးမြုံ့လို့ဗျ။
“ဦးဘသာရေ၊ မယဉ်ကတော့ မညိုကိုစိန်ခေါ်သွားပြီဗျ”
ဦးဘသာကတော့ သူ့ပုံစံအတိုင်းခပ်အေးအေးပါပဲ။ ကျုပ်လည်း အားမလိုအားမရဖြစ်နေတာပေါ့။
“ဦးဘသာ တစ်ခုခုပြောအုံးလေဗျာ၊ မယဉ်က စုန်းမဟုတ်တယ်မဟုတ်လား၊ ကျုပ်တို့အိမ်က သနပ်ခါးတုံးကို အင်းကွက်ဆွဲတာလည်းသူပဲ၊ နောက်ပြီးတော့ ဘုရားရုပ်လက်ဆောင်ပေးတာကရော သူနဲ့ဆိုင်နေမလား”
ဦးဘသာက ခေါင်းညိတ်တယ်။ ပြီးတော့ ကွမ်းယာကိုတစ်ချက်နှက်ချက်ဝါးရင်း ခေါင်းခါတယ်ဗျ၊ ဘာပြန်ဖြေမှန်းမသိတာနဲ့ ကျုပ်လည်းခေါင်းကုပ်ရင်း
“ဦးဘသာအဖြေကလည်းဗျာ၊ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်ပါလား”
ဦးဘသာ ထွေးခံကိုကောက်လိုက်ပြီးတော့ ကွမ်းတံတွေးထွေးထည့်လိုက်တယ်ဗျ။ ပြီးတော့မှ
“ဒီလိုအလတ်ကောင်က ခေါင်းညိတ်တယ်ဆိုတာကတော့ မယဉ်က စုန်းဆိုတာကို ခေါင်းညိတ်တာ၊ ခေါင်းခါတာကျတော့ မယဉ်ရဲ့ပညာအဆင့်အတန်းကို ငါမှန်းကြည့်ရသလောက်တော့ ဒီလို ဘုရားတိုက်တွေဘာတွေ လုပ်နိုင်မယ်မထင်ဘူးကွ၊ ဒီတော့ သူ့အနောက်မှာ တစ်ခုခုတော့ကြိမ်းသေပေါက်ရှိရမယ်”
“အဲဒါအသာထားစမ်းပါ၊ မယဉ်က မညိုကိုတစ်ခုခုလုပ်မှာရော မဖြစ်နိုင်ဘူးလား၊ ထမင်းဝအောင်စားထားလို့ ကြိမ်းသွားတာနော်”
“ဖြစ်နိုင်ပါတယ်၊ ငါတို့တွေ စောင့်ကြည့်ကြတာပေါ့ကွာ၊ ငါထင်နေတာ တစ်ခုရှိတယ်ကွ”
ဦးဘသာကပြောရင်း ကွမ်းဖတ်တွေကိုဆက်ဝါးနေသေးတယ်၊ ကျုပ်လည်းသိချင်တာနဲ့
“ဘာထင်နေတာလဲ ဦးဘသာ”
ဦးဘသာက ခေါင်းခါရင်း
“ဘာမှမဟုတ်သေးပါဘူးကွာ၊ ငါက သူများကိုအထင်တစ်လုံးနဲ့တော့ မစွပ်စွဲချင်သေးဘူး၊ လက်ပူးလက်ကြပ်မိတဲ့အချိန်မှ သိရမှာပဲ”
“ဒါဆို အဲဒီလက်ပူးလက်ကြပ် မိမဲ့အချိန်ရောက်ရင် ကျုပ်ကိုခေါ်ပါဗျာ”
ဦးဘသာက ခေါင်းညိတ်လိုက်တယ်။
“အေးပါ၊ ဒါနဲ့ မင်းတို့ဘုရားဒကာကြီး ဘဖြူဆုံးသွားတာ ဘယ်နှရက်ရှိပြီလဲကွ”
ကျုပ်လည်းသေချာတွက်ကြည့်ရင်း
“ဆယ်ရက်၊ သေတဲ့နေ့ပါထည့်တွက်ရင် ဆယ့်တစ်ရက်ဗျ”
ဦးဘသာက မျက်မှောင်ကြုတ်လိုက်တယ်။
“ဆယ့်တစ်ရက် . . . ဆယ့်တစ်ရက်”
သူ့စိတ်ထဲ တစ်ခုခုတွေးနေရင်း ပါးစပ်ကလည်း ရေရွတ်နေသေးတယ်ဗျ၊ ပြီးတော့မှ ကျုပ်ဘက်ကိုကြည့်ပြီးတော့
“အလတ်ကောင်၊ မင်းဒီညအားသလား”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“အားရင် အိမ်အောက်မှာထောင်ထားတဲ့ သံတူရွင်းသွားယူကွာ”
ကျုပ်သံတူရွင်းယူလိုက်တော့ ဦးဘသာက ပုဆိုးပြင်ဝတ်တယ်ဗျ၊ ညနေက အတော်မှောင်နေပြီပေါ့ဗျာ၊ ပြီးတော့ သူ့အနားမှာချထားတဲ့ ရေနံဆီမီးခွက်ကောက်ကိုင်ပြီး မပြောမဆိုနဲ့ခြံထဲကထွက်သွားတော့ ကျုပ်လည်း တူရွင်းကြီးထမ်းပြီးတော့ အနောက်ကနေလိုက်ခဲ့ရတာပေါ့၊ လမ်းမှာတော့ လူသွားလူလာရှိသေးတယ်ဗျ၊ ကျုပ်တို့ခြေရင်းအိမ်က ကောင်မလေးနဲ့တွေ့တော့ ကျုပ်ဒီညဦးဘသာအိမ်မှာ အိပ်မယ်ဆိုတဲ့အကြောင်း အမေ့ကိုပြောခိုင်းလိုက်တာပေါ့ဗျာ၊ ပြီးတာနဲ့ ကျုပ်တို့လည်းဆက်ထွက်ခဲ့တာပေါ့။
ဦးဘသာက ရွာပြင်ကိုသွားနေတယ်ဗျ၊ လယ်ကွင်းတွေဘက်ကိုမချိုးဘဲ ရွာအထွက်လမ်းဆက်သွားနေရင်းမကြာခင် ဇရပ်ပျက်တွေအနားတောင် ရောက်လာခဲ့တယ်၊ ညမှောင်နေပြီဆိုပါတော့။
“ဦးဘသာ ဘယ်သွားနေတာလဲဆိုတာ ပြောအုံးလေဗျာ”
“သြော်၊ ဘာမှမဟုတ်ပါဘူးကွာ၊ သုဿန်ထဲမှာ ကြည့်စရာတစ်ခုရှိလို့ပါ”
သုဿန်အဝကနေ လှမ်းကြည့်လိုက်တော့ သုဿန်ကြီးက ကြောက်စရာကြီးဗျ၊ ကျုပ်တို့ဆီမှာလည်း အလင်းရောင်ဆိုလို့ ဆီမီးခွက်ကလေးတစ်ခုပဲ ပါတယ်မဟုတ်လား၊ အဝင်လမ်းအတိုင်းဆက်လျှောက်လာရင်း ညောင်ပင်ကြီးဆီရောက်ခဲ့တယ်၊ ဘယ်ဖက်မှာတော့ အုတ်ဂူကြီးတွေရှိပြီးတော့ ညာဖက်ခြမ်းကတော့ မြေပံုံတွေ၊ မှတ်တိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ပေါ့ဗျာ။
ဦးဘသာက ဆီမီးခွက်ကို ခေါင်းပေါ်ကိုမြှောက်တင်ကိုင်လိုက်ပြီးတော့ အုတ်ဂူတွေဘက်ကိုကြည့်နေတယ်ဗျ။ ဆီမီးအလင်းရောင်အောက်မှာ အုတ်ဂူတွေစုံလို့ပေါ့ဗျာ။
“အလတ်ကောင်၊ ဘဖြူအုတ်ဂူက ဘယ်ဟာတုန်းဗျ”
“ဟာ၊ ဦးဘသာကလည်း ဟောဟိုက အုတ်ဂူအသစ် ဖြူဖြူကြီးပေါ့ဗျ”
“လာကွာ၊ သွားရအောင်”
ကျုပ်နည်းနည်းတော့ သဘောပေါက်ပြီဗျ၊ ကျုပ်ကိုလည်း သံတူရွင်းကြီးထမ်းခိုင်းခဲ့သေးတယ်ဆိုတော့ မဟုတ်မှလွဲရော အုတ်ဂူဖောက်ဖို့များလား မသိပါဘူးဗျာ၊ တခြားအုတ်ဂူတွေကို ကျော်ဖြတ်သွားရင်းနဲ့ ဦးဘဖြူအုတ်ဂူကိုရောက်လာခဲ့တယ်၊ အုတ်ဂူအသစ်ဆိုတော့ ထုံးနံ့၊ ဘိလပ်မြေနံ့တောင်မှ မပျောက်သေးဘူးပေါ့ဗျာ၊ ကျုပ်ဖြင့် အုတ်ဂူကြီးကိုကြည့်ပြီး ကျောချမ်းလာတာပဲဗျ။ ဦးဘသာက အုတ်ဂူကိုပတ်ကြည့်တယ်။ အုတ်ဂူခေါင်းရင်းရောက်တော့ ရပ်လိုက်တယ်ဗျ။ ပြီးတော့ အုတ်ဂူကိုလက်နဲ့ပွတ်ကြည့်နေတယ်။
“ဘဖြူအုတ်ဂူက မြှုပ်ပြီးတာ ဘယ်နှရက်ရှိပြီလဲကွ”
“သေပြီးနောက်တစ်ရက်ပဲ သဂြိုဟ်လိုက်တာဆိုတော့ ကိုးရက်လောက်နီးနီးရှိရောပေါ့ ဦးဘသာ”
“အေး၊ ထူးတော့ထူးးပြီဟေ့၊ ဟောဒီအနားကိုလာကိုင်ကြည့်စမ်း”
ဦးဘသာပြောတော့ ကျုပ်လည်း အုတ်ဂူခေါင်းးရင်းကိုသွားလိုက်တယ်၊ သူပြတဲ့နေရာကိုကိုင်လိုက်တော့ ဘိလပ်မြေတွေက စိုလို့ဗျ၊ သေချာကြည့်ရင် ထုံးတွေတောင်အကွက်ကြီးဖြစ်နေသေးတာ၊ ကျုပ်တို့ဆီမှာက မိုးတွင်းဆိုပေမယ့်လည်း အညာဆိုတော့ အပူဓါတ်ကရှိနေတာပဲ၊ အုတ်စီရင် အလွန်ဆုံး သုံးလေးရက်ဆိုရင် ခိုင်ရောပေါ့၊ အခုဟာကတော့ မနေ့တစ်နေ့ကမှ လုပ်ထားသလိုမျိုးခပ်ပြော့ပြော့ရယ်ဗျ၊ တခြားဘက်ကိုကိုင်ကြည့်တော့ မာကျောနေတာပဲ။
“တူရွင်းနဲ့ထိုးကြည့်စမ်းအလတ်ကောင်”
“ဗျာ၊ ကျုပ် . . . ကျုပ်က အုတ်ဂူဖောက်ရမှာလား”
“အေးလေ၊ မင်းကိုခိုင်းမယ်ဆိုပြီး ခေါ်လာတာကွ၊ ငါက လုပ်ရမှာလား”
“ဟို၊ ဟို အုတ်ဂူတော့ မဖောက်ရဲဘူးဗျ၊ ကျုပ် . . . ကျုပ်ကြောက်တယ်”
“ငါရှိပါတယ်ကွ၊ မင်းကဘာကြောက်နေတာလည်း”
ကျုပ်လည်း ကြောက်ကြောက်နဲ့ အဲဒီစိုနေတဲ့နေရာကို သံတူရွင်းနဲ့ထိုးလိုက်တာပေါ့ဗျာ၊ ဒီတော့ အုတ်ဂူကိုပိတ်ပြီးချောထားတဲံ ဘိလပ်မြေတွေက သူ့အလိုလို ပဲ့ကျလာတာပဲဗျ၊ သိပ်မကြာပါဘူး၊ အုတ်ဂူခေါင်းရင်းမှာ အပေါက်ကြီးတစ်ခုဖြစ်သွားတယ်၊ အုတ်တွေကလည်း စိုလို့ဗျ။
“ငါထင်တဲ့အတိုင်းပဲ၊ အလတ်ကောင်ရေ၊ ကဲ အခေါင်းကိုဆွဲစမ်း”
“ဗျာ၊ ကျုပ် . . . ကျုပ်မလုပ်ရဲ”
ဦးဘသာက ဘာမပြောညာမပြောနဲ့ အုတ်ဂူထဲကိုလက်နှိုက်ပြီးတော့ သစ်သားခေါင်းကိုဖမ်းဆွဲလိုက်တယ်၊ အခေါင်းကြီးက လျောခနဲထွက်လာတာပေါ့ဗျာ၊ ပြီးတော့ ကျုပ်ကိုကြည့်ရင်း
“ကဲ၊ အခေါင်းဖုံးကို သံတူရွင်းနဲ့ကလော်ပြီး လှန်လိုက်စမ်းဟေ့”
ကျုပ်လည်း မထူးတော့တာနဲ့ အခေါင်းဖုံးပျဉ်အဟကြားထဲကို သံတူရွင်းအပြားထိုးထည့်ပြီး နည်းနည်းကလန့်လိုက်တာနဲ့ အခေါင်းအဖုံးမှာရိုက်ထားတဲ့သံတွေက ကြွတက်လာပြီး အခေါင်းပွင့်ထွက်သွားပါရောဗျာ၊ ကျုုပ်ဆိုကြောက်လို့ အခေါင်းထဲကိုတောင် မကြည့်ရဲဘူး၊ ဦးဘသာကတော့ အခေါင်းထဲကို ဆီမီးခွက်အလင်းရောင်နဲ့ ကြည့်တယ်။
“ငါထင်တဲ့အတိုင်းပဲအလတ်ကောင်ရေ၊ ကြည့်လိုက်စမ်း”
“ဟာဗျာ၊ ကျုပ်မကြည့်ရဲပါဘူး”
“ကြည့်စမ်းပါကွ၊ မြင်ဖူးတယ်ရှိအောင်”
ကျုပ်လည်း မဝံ့မရဲနဲ့ကြည့်လိုက်တော့ အခေါင်းထဲက အလောင်းကောင်ကြီးမှာ ခေါင်းကြီးမရှိတော့ဘူးဗျ၊ လည်ပင်းကလည်း အပေါက်ကြီးဖြစ်နေတာ၊ ကျုပ်ဖြင့်ကြည့်ရင်း ကျောတွေချမ်းပြီး တုန်တက်လာတယ်၊ ဦးဘသာက အခေါင်းကိုပြန်ပိတ်ပြီးတော့ သံတူရွင်းနဲ့သံချက်တွေကို ပြန်ထုတယ်။
“ဘာဖြစ်လို့ ခေါင်းမရှိတော့တာလဲ ဦးဘသာ”
“အစိမ်းသေရဲ့ခေါင်းကို ယူသွားပြီဟေ့”
“ဒါဆို မယဉ်များလား”
“သေချာတာပေါ့ကွာ၊ ဒါကြောင့်မို့လို့ ဆယ်ရက်လောက်လုပ်ထားတဲ့ အုတ်ဂူက အခုထိပျော့နေတာပေါ့ကွ၊ ငါထင်တဲ့အတိုင်းဆိုရင် ကိုးရက်မြောက်မှာကတည်းက သူတို့တွေဖောက်ယူသွားတာပဲ၊ ခုရက်ပိုင်း မိုးကလည်းရွာနေတာဆိုတော့ သူတို့ပိတ်ခဲ့တဲ့ အင်္ဂတေတွေက မခြောက်သေးတာကွ၊ မသာခေါင်းဖောက် ကိုးရက်မြောက်ဆိုတဲ့ အစီအရင်ကိုလုပ်သွားတာပဲကွ”
“ဗျာ၊ မသာခေါင်းဖောက် ကိုးရက်မြောက်တဲ့လား”
“အေး၊ အောက်လမ်းဆရာတွေနဲ့ စုန်းကဝေတွေ သုံးကြတဲ့နည်းလမ်းပေါ့ကွာ၊ အစိမ်းသေသေသွားတဲ့လူတွေရဲ့ ဦးခေါင်းခွံကိုရအောင်ယူတဲ့နည်းလမ်းပေါ့၊ မင်းစာတွေဖတ်ဖူးရင်၊ ဒါမှမဟုတ် ဇာတ်လမ်းတွေကြည့်ဖူးရင် အောက်လမ်းတို့ စုန်းတို့ရဲ့အိမ်ခန်းတွေမှာ လူဦးခေါင်းခွံတွေ တွေ့တတ်တယ်မဟုတ်လားကွ၊ အဲဒီဦးခေါင်းခွံတွေက ဒီလိုအစိမ်းသေသေသွားတဲ့ လူတွေရဲ့ ဦးခေါင်းခွံတွေပေါ့ကွာ”
ကျုပ်တို့စကားပြောနေတဲ့အချိန်မှာပဲ သုဿန်ထဲမှာ ရယ်သံကြီးတစ်ခုထွက်ပေါ်လာတယ်ဗျ၊ အသံက အက်ကွဲကွဲ၊ ရှတတအသံကြီးဗျာ။ ကျုပ်တို့လည်း အသံလာရာကိုကြည့်လိုက်တော့ ထမီရင်လျားနဲ့ ဆံပင်ကြီးဖားလျားချထားတဲ့ မိန်းမတစ်ဦးကိုတွေ့လိုက်ရတယ်၊ အဲဒီမိန်းမက အရှေ့တက်လာတော့ ဦးဘဖြူရဲ့အုတ်ဂူပေါ်မှာ တင်ထွန်းထားတဲ့ ရေနံဆီမီးခွက်ရဲ့အလင်းရောင်ကြောင့် သူ့မျက်နှာကိုသေသေချာချာမြင်တွေ့လိုက်ရတာပေါ့ဗျာ။ သူကတော့ ဘယ်သူရှိမလဲ မယဉ်ပဲပေါ့ဗျာ။
“ဟား၊ ဟား အဘိုးကြီး၊ ကိုယ်နဲ့မဆိုင်တာကို ဝင်မပါနဲ့”
ဦးဘသာက ခါးထောက်လိုက်ပြီး
“ယဉ်ယဉ်၊ နင့်ဖာသာနင် ဘာလုပ်လုပ်၊ ဘာပညာပဲတတ်တတ် ငါဝင်မပါဘူး၊ ဒါပေမယ့် တို့ရွာကလူတွေကို မကောင်းကြံမယ်ဆိုရင်တော့ ငါဝင်တားရလိမ့်မယ်”
“ဟား၊ ဟား အဲဒီလူတွေကရော ကောင်းတာကျလို့”
“သူတို့ဖာသာ ကောင်းကောင်း၊ မကောင်းကောင်းပေါ့၊ နင်က ဘာကိစ္စမကောင်းကြံချင်ရတာတုန်း၊ ပြီးတော့ ဘဖြူဆိုတာ နင့်ယောက်ျား၊ နင်နဲ့ဆယ်နှစ်ကျော်လောက် ပေါင်းသင်းခဲ့တဲ့ နင့်လင်ပဲ၊ နင့်လင်ခေါင်းကို နင်ပြန်ထားလိုက်စမ်းပါဟာ”
“ဟား၊ ဟား၊ ဘာလင်လဲ၊ ကျုပ်ကတော့ သူ့ကိုလင်လို့မသတ်မှတ်ဘူး၊ သူက ကျုပ်ရဲ့ရန်သူပဲ”
မယဉ်စကားကြားလိုက်တော့ ကျုပ်လည်းမျက်လုံးပြူးသွားတာပေါ့။ ဦးဘသာက ခေါင်းကိုခါရမ်းလိုက်ပြီး
“မဟုတ်ဘူးယဉ်ယဉ်၊ ကိုယ့်ကိုထမင်းတစ်လုပ်ကျွေးဖူးတဲ့သူတောင်မှ ကိုယ့်ရဲ့ကျေးဇူးရှင်လို့ သတ်မှတ်ရသတဲ့၊ ဘဖြူက နင်နဲ့ယူပြီးတော့ နင့်ကိုကောင်းကောင်းမွန်မွန်ထားခဲ့တယ်မဟုတ်ဘူးလား၊ နင့်အကိုနဲ့တုန်းကတောင်မှ နင်အေးအေးဆေးဆေးနေခဲ့ရလို့လား”
မယဉ်ရဲ့မျက်လုံးတွေက မီးဝင်းဝင်းတောက်သလို တောက်ပနေတယ်ဗျ၊ ပြီးတော့ ဦးဘဖြူရဲ့အုတ်ဂူကြီးကိုစိုက်ကြည့်ရင်း
“ဘာလင်လဲ၊ ဘာကျေးဇူးရှင်လဲ၊ ဒီလူကြီးက ကျုပ်အပေါ်မှာ ဘာကျေးဇူးခံကျေးဇူးစမှ မရှိတဲ့အပြင်၊ ကျုပ်တို့မိသားစု ပျက်စီးအောင်လုပ်ခဲ့တဲ့လူကြီးပဲ”
ဦးဘသာက ဘာမှမပြောပေမယ့် ကျုပ်ကတော့ မဆီမဆိုင်သိချင်တယ်မဟုတ်လား၊ ဒါနဲ့ မယဉ်ကိုကြည့်လိုက်ပြီး
“ဦးဘဖြူက မယဉ်တို့မိသားစုကို ဘာများလုပ်ခဲ့လို့ မယဉ်က မကျေနပ်ရတာတုန်း၊ ဘာလို့ရန်သူလို့ သတ်မှတ်ရတာတုန်း”
ကျုပ်မေးလိုက်တော့ မယဉ်က ကျုပ်ကိုမီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်တယ်၊ ပြီးတော့မှ
“ဒင်းကြောင့်၊ ငါ့မိဘတွေ သေခဲ့ရတာ . . .”
မယဉ်က သက်ပြင်းအရှည်ကြီးချပြီးတော့ အဖြစ်အပျက်တွေကို ပြန်ပြောပြတော့တယ်ဗျာ။
(၃)
ဒီလိုဗျ၊ ဒီရန်မီးတွေရဲ့အစကတော့ မယဉ်ရဲ့မိဘတွေကနေ စဖြစ်ခဲ့တာဗျ၊ မယဉ်ရဲ့မိဘတွေကတော့ ဦးဖော့နဲ့ ဒေါ်လွမ်းတဲ့ဗျ၊ သူတို့က အေးအေးဆေးဆေးတောင်သူယာလုပ်၊ လုပ်ကိုင်စားသောက်ကြတဲ့သူတွေပါဗျာ၊ သူတို့မှာ သားတစ်ယောက်သမီးတစ်ယောက် ရှိတာပေါ့၊ သူ့သားကတော့ ကိုအေးတဲ့ဗျ၊ ရွာကလူတွေကတော့ ဘအေးလို့ခေါ်တာပေါ့၊ ဦးဖော့တို့မဆုံးပါးခင်တုန်းက ကိုဘအေးက လိမ်မာတဲ့လူတစ်ယောက်ပါ၊ သူ့မှာလည်း သိပ်ချစ်ရတဲ့ နှမတစ်ယောက်ရှိတယ်၊ အဲဒါကတော့ အခုမယဉ်ပေါ့ဗျာ။
ဦးဖော့တို့က ယာခင်းစိုက်တယ်၊ လယ်ကွင်းတွေရဲ့အဆုံး၊ ကုန်းကျကျယာကွက်တွေက ဦးဖော့တို့ပိုင်တာပေါ့ဗျာ၊ ယာကွက်တွေနဲ့ တောတန်းကလေးနဲ့က တဆက်တည်းပေါ့၊ ဦးဖော့တို့က လယ်မစိုက်ဘဲ မိုးတွင်းမှာတောင်မှ ငရုတ်၊ ဖရုံ စတဲ့ ယာထွက်သီးနှံတွေပဲစိုက်တာပေါ့၊ တစ်ရက်မှာတော့ မြေယာအရေးနဲ့ပတ်သက်ပြီး ဦးဘဖြူနဲ့ ပြဿနာတက်ကြတယ်ဗျ၊ ဦးဖော့တို့က အဲဒီယာခင်းတွေကို ဓါးမဦးချ လုပ်ကိုင်စိုက်ပျိုးခဲ့တဲ့သူတွေ၊ ဦးဘဖြူကတော့ သူတို့ပိုင်တဲ့အခင်းဆိုပြီးတော့ ဖြစ်ကြတာပေါ့ဗျာ၊ တကယ်တော့ဟိုးအရင်ကတည်းက အဲဒီနားက ယာခင်းတစ်ခင်းက ဦးဘဖြူတို့လုပ်ကိုင်ခဲ့တာပါ၊ ဒါပေမယ့် နောက်ပိုင်းမလုပ်ဖြစ်တော့ တောကြီးဖြစ်သွားတာပေါ့ဗျာ၊ ဦးဖော့တို့လည်း တောလို့ထင်ပြီးတော့ လုပ်ကိုင်စားသောက်ခဲ့တာပဲ၊ ဒါပေမယ့် အဖေကတော့ ဦးဖော့တို့ဘက်ကို ဆုံးဖြတ်ပေးခဲ့တယ်၊ ဦးဖော့တို့ကလည်း သူများမြေမှန်းသိသိကြီးနဲ့ ကျူးကျော်တာမှမဟုတ်တာပဲလေ၊ တောရှင်းရင်းနဲ့ အဲဒီယာမြေပါ ဆက်နေတာကိုးဗျ၊ အဖေဆုံးဖြတ်တာဆိုတော့ ဦးဘဖြူလည်း မကျေမနပ်နဲ့ ခေါင်းညိတ်လိုက်ရတော့တာပေါ့ဗျာ။
ဒါပေမယ့် သူက ကျေတော့မကျေနပ်ဘူးဗျ၊ ဦးဖော့တို့ကို တစ်ချီတော့ တွေ့မယ်ဆိုပြီး တေးမှတ်ထားတာပေါ့၊ ပဲထွက်တဲ့ရာသီရောက်တော့ ပဲတွေပေါ်ပြီဗျ၊ ပဲတွေပေါ်ရင် အဲဒီတုန်းက ရွာကိုဆင်းဝယ်တဲ့လူတွေမရှိဘူး၊ ရွာကလူတွေက ပဲတွေကိုလှည်းနဲ့တင်ပြီး သွားရောင်းရတာ၊ တန်းမြင့်ရွာအနားမှာ ပဲကောက်တဲ့ဒိုင်ရှိတယ်ဆိုပေမယ့် မြိုင်သာနဲ့ဆိုရင် တစ်တင်းဈေးက မသိမသာလေးကွာတယ်၊ တင်းများရင်တော့ တော်တော်ကွာတာပေါ့ဗျာ၊ ဒီတော့ အတော်များများက လှည်းနဲ့မြိုင်သာတက်ပြီး ရောင်းကြတာပေါ့။
ခေတ်ကလည်း မတည်ငြိမ်တဲ့ခေတ်၊ နောက်ပြီး ကျုပ်တို့ရွာဘက်တွေက လူနေကျဲပြီး ခေါင်တော့ အဲဒီတုန်းက ဓါးပြတွေအတော်ထတယ်ပေါ့ဗျာ၊ ဒီတော့ ဦးဖော့တို့လင်မယား ပဲရောင်းပြီးပြန်အလာမှာ ကျုပ်တို့ရွာနဲ့ တန်းမြင့်ရွာကြားက လက်ပံငုတ်တိုနားမှာ ဓါးပြအတိုက်ခံရပါရော၊ ဓါးပြတွေက ပိုက်ဆံတွေယူတဲ့အပြင် ဦးဖော့တို့လင်မယားကို သတ်ပါသွားတယ်တဲ့ဗျာ။ ကျုပ်လည်း မယဉ်ပြောတာနားထောင်ပြီးတော့
“အေးလေဗျာ၊ ဓါးပြက ဦးဖော့တို့ကိုသတ်တာ၊ ဦးဘဖြူနဲ့ ဘာဆိုင်လို့လဲဗျ”
“ဆိုင်တယ်ဟဲ့၊ အဲဒီဓါးပြတွေကို လက်ထောက်ချတာက နင်တို့ဘုရားဒကာကြီး ဦးဘဖြူပဲ”
“ဟုတ်လို့လားဗျာ”
“သိပ်ဟုတ်တာပေါ့၊ ဖြစ်ချင်တော့ ငါ့အမေကို ဓါးပြတွေကသတ်ပေမယ့် ချက်ချင်းမသေခဲ့ဘူး၊ မြိုင်သာဆေးရုံမှာ တစ်ရက်ခံလိုက်သေးတယ်၊ အမေက သတိရတော့ ငါ့အနားကိုကပ်ပြောတယ်၊ ဓါးပြတွေထဲက တစ်ယောက်က ငကျွဲတဲ့၊ ငါ့အမေတွေကို သတ်ပြီးတော့ သေပြီအထင်နဲ့ ပိုက်ဆံတွေအချင်းချင်းခွဲဝေယူကြရင်း သူတို့အချင်းချင်းစကားပြောနေရင်း နဲ့သိလိုက်ရတာ၊ နောက်တော့ ဒဏ်ရာပြင်းတာနဲ့ ငါ့အမေလည်း သေသွားခဲ့တယ်”
“ဟာ၊ အဲဒီငကျွဲဆိုတာက၊ ဦးဘဖြူရဲ့ သားမက်များလား”
“သိပ်ဟုတ်တာပေါ့၊ အဲဒီတုန်းက ငကျွဲက ဘာမှမရှိဘူး၊ ဦးဘဖြူတို့လယ်မှာ သူရင်းငှားလုပ်နေတာမဟုတ်လား၊ ဓါးပြတိုက်ပြီးတော့မှ ငကျွဲတစ်ယောက် ပြောင်ပြောင်ရောင်ရောင်နဲ့ဖြစ်လာခဲ့ပြီး နောက်ဆုံးသူ့သမီးနဲ့ ငြားသွားတာမဟုတ်လား”
“ယဉ်ယဉ်ရယ်၊ နင့်ဟာက အထင်နဲ့ပြောတာပဲ၊ ငကျွဲဆိုတဲ့နာမည်က တို့ရွာမှာပဲရှီတာမှမဟုတ်တာ”
ဦးဘသာကဝင်ပြောတော့ မယဉ်က ဦးဘသာကိုမျက်စောင်းထိုးတယ်ဗျ။
“ထားပါတော့၊ အဲဒါက ကျုပ်အတွေးခေါင်တယ်ပဲထား၊ ဒါပေမယ့် ကျုပ်မိဘတွေသေတော့ ကျုပ်မိဘတွေရဲ့ယာကို ရှင်တို့ဘုရားဒကာကြီးပဲ သိမ်းပိုက်ခဲ့တာမဟုတ်လား၊ ဟိုကောင်လေး၊ နင့်အဖေဒီအကြောင်း ကောင်းကောင်းသိတယ်”
“ကျုပ်ကြားဖူးတာကတော့ ဦးဖော့တို့က ဦးဘဖြူဆီကနေ ပိုက်ဆံတွေချေးထားပြီးတော့ မဆပ်နိုင်လို့ဆိုဗျ”
“ဟဲ့၊ ပဲစိုက်၊ ယာစိုက်တယ်ဆိုတာ ဒီလိုပဲ ချေးငှားပြီးငွေရင်းရှာ စိုက်ရတယ်မဟုတ်လား၊ သီးနှံထွက်တော့ ပြန်ဆပ်ရတာပဲလေ၊ ဒါကို ဒီလူကြီးက သူကြီးနဲ့ပေါင်းပြီးတော့ ငါတို့လယ်တွေမတရားသိမ်းတယ်၊ ငါ့အကိုဆိုရင်လည်း စိတ်ညစ်ပြီး အရက်တွေသောက်ရင်း၊ နောက်ဆုံးတော့ သားသတ်သမားလမ်းကိုလိုက်ပြီး လူမိုက်ကြီးဖြစ်သွားခဲ့တာပဲမဟုတ်လား”
ကျုပ်တို့ဘာမှမပြောနိုင်တော့ဘူးဗျ။
“ဒါနဲ့ ကျုပ်လည်း ဒီလူကြီးကိုလက်တုံ့ပြန်ချင်ခဲ့တယ်၊၊ အဲဒီမှာ မထင်မှတ်ပဲ စုန်းတစ်ယောက်ကနေ ကျုပ်ကိုအိပ်မက်ထဲကနေဆက်သွယ်ပြီးတော့ စုန်းပညာသင်ပေးမယ်ဆိုပြီးပြောခဲ့တယ်၊ ကျုပ်လည်း လက်ခံလိုက်လို့ အခုလိုစုန်းဖြစ်လာခဲ့တာပဲ”
“အခု ဘဖြူသေတာ နင့်စနက်မဟုတ်လား၊ ယဉ်ယဉ်”
“သိပ်သေချာတာပေါ့၊ ကျုပ်အကိုကြီးက သူ့ကိုသည်းမခံနိုင်တော့တာနဲ့ လည်ပင်းလှည့်ပြီး ဂုတ်ချိုးသတ်ပစ်လိုက်တာ”
“ပြီးခဲ့တာတွေ ထားလိုက်တော့ ယဉ်ယဉ်၊ အခု နင့်ယောက်ျားရဲ့ ခေါင်းကိုနင်ပြန်ထားလိုက်စမ်းပါ၊ ပြီးတော့ တခြားသူတွေကို ဒုက္ခပေးဖို့ကြံနေတာကိုလည်း နင်ရပ်တန်းကရပ်လိုက်”
“ဟား၊ ဟား ကျုပ်က ဘာလို့ရပ်ရမှာလဲ အဘိုးကြီးရဲ့”
ပြောနေတုန်းမှာပဲ မယဉ်က မိုးပေါ်ကိုလက်ညှိုးညွှန်လိုက်ပြီး ရွှီးခနဲမီးတန်းကြီးတစ်ခုကို ပစ်တင်လိုက်တော့တာပဲဗျာ၊ မီးတန်းကြီးက မိုးပေါ်မှာပျောက်ကွယ်သွားပြီးတော့ မကြာပါဘူး မိုးပေါ်ကနေပြီးတော့ ခြင်ဆေးမီးလိုလို၊ အမွှွှေးတိုင်မီးလိုလို မီးစလေးတွေ တဖွားဖွားနဲ့ကျလာတာပဲဗျာ၊ မီးစက်တွေလွှွတ်လိုက်တယ်ဆိုတာကျုပ်လည်းသိလိုက်တာပေါ့၊ ဦးဘသာကတော့ သူခေါင်းပေါင်းထားတဲ့ သဘက်ဟောင်းကြီးကိုဖြုတ်လိုက်ပြီး လေပေါ်မှာဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ အဲဒီမီးစကလေးတွေက ကျုပ်တို့ကိုမထိဘဲနဲ့ အုတ်ဂူတွေအပေါ်ကို ကျကုန်တာပဲဗျာ၊ မီးစလေးတွေ မြေကြီးနဲ့ထိတာနဲ့ တရှဲရှဲနဲ့ မီးကိုရေနဲ့လောင်းလိုက်သလို အသံကြီးမြည်တော့တာပဲ။
“အဘိုးကြီးက ဘယ်ဆိုးလို့လဲတော့”
မယဉ်က ဦးဘသာရဲ့ပညာအစွမ်းကို မသိလောက်ဘူးဗျ၊ မသိလည်းမသိချင်စရာပဲလေ၊ ဦးဘသာက ကျုပ်ကိုတောင်မှ သူ့ပညာဘယ်လောက်ဆိုတာ ပြောတာမဟုတ်ဘူး၊ တကယ်တတ်တဲ့လူက အသာကလေးလျှိုနေတာဆိုတော့ မယဉ်က ဦးဘသာနဲ့ ပညာမြ့ပိုင်ဖူးတော့ ဘယ်လောက်တတ်သလဲဆိုတာ မသိဘူးထင်ပါ့။
မယဉ်က ပြောရင်းဆိုရင်း မြေကြီးကိုခြေဖနောင့််နဲ့ ဝုန်းခဲဆောင့်ပေါက်လိုက်တာနဲ့ သုဿန်ထဲက သစ်ပင်ကြီးတွေက တဝေါဝေါနဲ့လှုပ်သွားတယ်ဗျ၊ ပြီးတော့ မြေကြီးပေါ်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပြီး ကျုပ်တို့ဆီကိုတဖြည်းဖြည်းဦးတည်လာပါရောလား။ ကျုပ်တို့နဲ့လက်တစ်ကမ်းလောက်ရောက်တော့ ဦးဘသာက မြေကြီးကိုဖနောင့််နဲ့ ခပ်ဆတ်ဆတ်လေးပေါက်ထည့်လိုက်တော့ ခုနက အက်ကွဲကြောင်းကြီးက သူ့အလိုလိုပြန်စေ့သွားပါရောလားဗျာ။
မယဉ်က ဒီတော့မှ ဦးဘသာကိုနည်းနည်းဖြုံသွားတယ်ဗျ။ သူဆက်ပြီးတော့ လုပ်လို့မရတော့မှန်းသိတာနဲ့ လူတစ်ယောက်ကိုခေါ်သလိုမျိုး လက်ကိုဝှေ့ယမ်းလိုက်တယ်။
“အကိုကြီး ဒီကိုလာကူပါအုံး”
မယဉ်ခေါ်လိုက်တာနဲ့ အုတ်ဂူတွေကြားထဲကနေ အကောင်ကြီးတစ်ကောင်ထွက်လာတယ်ဗျ၊ တစ်ကိုယ်လုံးကို မည်းနက်နေပြီးတော့ အမွှေးရှည်ရှည်ကြီးတွေကလည်း ဖုံးအုပ်ထားသေးတယ်ဗျာ၊ ပြီးတော့ အမွှေးတွေကလည်း ရေတွေစိုနေသလိုလို၊ ဆီတွေပေနေသလိုလိုနဲ့ ရွဲရွှဲစိုစိုကြီးဗျ၊ အဲဒီအကောင်ကြီးရဲ့အရပ်က လူနှစ်ရပ်နီးပါးရှိတယ်၊ ကျုပ်တို့အရှေ့ကိုရောက်လာတော့ ကျုပ်တို့ကိုခေါင်းငုံ့ပြီးကြည့်နေတာပေါ့ဗျာ။
ဘာပြောကောင်းမလဲ၊ ကျုပ်လည်း သူ့မြင်ပြီးလန့်တာပေါ့ဗျာ၊ ကိုဘအေးဆိုတာ ကျုပ်တို့ငယ်ငယ်ကတည်းက သိပ်ကြောက်ခဲ့ရတဲ့ လူကြီးမဟုတ်လား၊ မယဉ်က ကိုဘအေးကိုကြည့်ပြီးတော့
“အကိုကြီး၊ သူတို့ကိုရှင်းလိုက်”
အဲဒီလိုပြောပြီးတာနဲ့ မယဉ်က သုဿန်ထဲကနေထွက်သွားတော့တာပဲဗျာ၊ ဦးဘသာက ကျုပ်ကိုလှည့်ကြည့်တယ်။
“အလတ်ကောင်၊ ဘအေးကို မင်းရှင်းထားလိုက်”
ကျုပ်လန့်သွားတာ ပြောပြလို့တောင်မရပါဘူးဗျာ။
“ဘာဗျ၊ ကျုပ် . . ကျုပ်က ဒီသရဲကြီးကို နိုင်ပါ့မလား”
ဦးဘသာက ကျုပ်ဇက်ပိုးကို လက်နဲ့ဖြောင်းခနဲနေအောင်ရိုက်ထည့်လိုက်တယ်၊ ပြီးတော့ ကျုပ်မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီးတော့
“မင်းလုပ်နိုင်ပါတယ်အလတ်ကောင်၊ ဘအေးကို မင်းနိုင်ပါတယ်”
အဲဒီလိုပြောပြီးတာနဲ့ သုဿန်ထဲကနေ ခပ်သုတ်သုတ်ထွက်သွားတာပဲဗျာ၊ ကျုပ်က ကိုဘအေးကိုကြည့်လိုက်တော့ ကိုဘအေးက အစွယ်ဖြူဖြူကြီးတွေပေါ်အောင်လို့ ကျုပ်ကိုပြုံးပြတယ်ဗျ၊ ကျုပ်လည်း ထွက်ပြေးချင်ပြီ၊ ကျုပ်က ဘာမို့လို့ ဒီသရဲကြီးကို နိုင်မှာလဲ၊ ကျုပ်ထွက်ပြေးဖို့လုပ်ပေမယ့် ဒူးတွေက တဆတ်ဆတ်တုန်နေတာဗျ၊ တကယ်ပါ၊ ဒူးတုန်ရင် လမ်းတောင်လျှောက်မရဘူးဆိုတာ တကယ်ဗျ၊ ကျုပ်ခြေလှမ်းသုံးလှမ်းလောက် တောင်မှ အနိုင်နိုင်လှမ်းရတယ်။
“ဦး . . .ဦးဘသာ၊ ကျုပ်ကိုထားခဲ့ပြီလား”
ကိုဘအေးသရဲကြီးက ပါးစပ်ကြီးဖြဲပြီးတော့ ကြောက်စရာကောင်းတဲ့အသံကြီးနဲ့ အော်ပါလေရောဗျာ၊ ပြီးတာနဲ့ ကျုပ်ကိုခုန်အုပ်တော့တာပဲ၊ ကျုပ်လည်း အုတ်ဂူတွေကြားထဲမှာ အမြန်ပြေးရတာပေါ့၊ အရေးထဲ အုတ်ဂူတွေက စီစီညီညီရှိမနေဘူးဆိုတော့ သူတို့ကိုကျော်ခွပြီး ပြေးနေရတာနဲ့ ခရီးမတွင်ပါဘူးဗျာ၊ လူကသာပြေးနေပေမယ့် စိတ်ကတော့ အနောက်ကိုလှည့်ကြည့်ချင်မိသားဗျ၊ ဒါနဲ့လှည့်ကြည့်လိုက်တော့ အုတ်ဂူကြီးတစ်ခုပေါ်မှာ လေးဖက်ကုန်းပြီး ကုန်းကုန်းကြီးလုပ်နေတဲ့ ကိုဘအေးကို တွေ့လိုက်ရပါရော၊ ကျုပ်ကြည့်နေတုန်းပဲ ကိုဘအေးက ဖားပျံတစ်ကောင်လို လွှားခနဲခုန်ပြီး ကျုပ်ကိုအုပ်ထည့်ပါရော။
ကျုပ်လည်းပြေးနေလျှက်သားဆိုတော့ ကိုဘအေးက ကျုပ်ကျောကုန်းကို အုပ်မိတာပဲ၊ ကျုပ်လည်း အရှေ့ကိုဟပ်ထိုးလဲကျသွားပြီးတော့ အုတ်ဂူဟောင်းကြီးတစ်ခုနဲ့ ခေါင်းနဲ့ရိုက်မိသွားတာပေါ့ဗျာ၊ ဒါပေမယ့် ထူးဆန်းတာက ကျုပ်က ဘာနာကျင်မှုကိုမှ မခံစားရဘူးဗျ၊ အုတ်ဂူဟောင်းကြီးကတော့ ကျုပ်ခေါင်းနဲ့တိုက်မိပြီး အုတ်တွေတောင်ပဲ့ကျသွားတယ်။
ကျုပ်ထဖို့ ပက်လက်လှန်လိုက်တော့ ကိုဘအေးက ကျုပ်အပေါ်ကိုခုန်တက်လိုက်တယ်။ ကျုပ်လက်နှစ်ဖက်ကို သူ့လက်ကြီးတစ်ဖက်နဲ့ ချုပ်ကိုင်လိုက်ပြီးတော့ ရင်ဘတ်ပေါ်ကို တက်ထိုင်ထားပါရောဗျာ၊ လေးလိုက်တာကလည်း ပြောမနေပါနဲ့တော့၊ သူ့လက်ကြီးကလည်း အကြီးကြီးဗျ၊ လက်ဝါးကြီးတစ်ဖက်တစ်ဖက်ကို တစ်တောင်လောက်ရှိတယ်ဗျ၊ လက်ချောင်းကြီးတွေကလည်း တုတ်တုတ်ခဲခဲနဲ့ အရှည်ကြီးတွေဗျ၊ အမွှေးကြမ်းကြီးတွေကလည်း ယားကျိကျိနဲ့၊ ပြီးတော့ လက်ချောင်းထိပ်မှာလည်းလက်သည်းကြီးတွေက ချွန်ထက်နေတာပဲဗျာ။
ကျုပ်လည်း အတင်းအကန်ရုန်းတာပေါ့ဗျာ၊ သရဲဖိထားတော့ ဘယ်ရုန်းနိုင်မလဲ၊ ဒီအချိန်မှာ ကိုဘအေးက သူ့လက်နောက်တစ်ဖက်နဲ့ ကျုပ်ပါးကိုလွှဲရိုက်ထည့်လိုက်တယ်ဗျာ။ ဖြောင်းခနဲမြည်သံကြီးကို ကြားလိုက်ရပြီးတော့ ကျုပ်မျက်နှာဆိုရင် တစ်ဖက်ကိုလည်ထွက်သွားတာပဲ၊ လက်ဝါးနဲ့အရိုက်ခံရတော့ လူကိုပူထူသွားတာပဲဗျာ၊ ကျုပ်လည်းဘာကြောင့်လည်းမသိ ကြောက်ရမယ့်အစား ဒေါသတွေအလိပ်လိုက်ထွက်လာတာပဲ၊ ဒါနဲ့ ကိုဘအေးကို ကျုပ်ဒေါသတကြီးပြန်ကြည့်မိတယ်၊ ကိုဘအေးက သူ့လက်နဲ့ ကျုပ်ပါးတွေကို ဘယ်ပြန်ညာပြန်ရိုက်ပါရောဗျာ၊ တဖြန်းဖြန်း၊ တခွပ်ခွပ်နဲ့ကို မြည်နေတော့တာ၊ သူရိုက်လေ ကျုပ်ကဒေါသထွက်လေပဲ၊ ဒါနဲ့ကျုပ်လည်း ဝမ်းခေါင်းသံကြီးနဲ့ အော်ထည့်လိုက်တယ်။
“ယား” လို့တစ်ချက်အော်လိုက်ပြီး လက်နှစ်ဖက်ကိုအတင်းရုန်းလိုက်တော့ ကိုဘအေးရဲ့ချုပ်ထားတဲ့လက်ကနေကျုပ်လက်လွတ်သွားတယ်ဗျ၊ ကိုဘအေးက ကျုပ်မျက်နှာကိုငုံ့ကြည့်နေတာဆိုတော့ ကျုပ်လက်တွေလွတ်သွားတာနဲ့ သူ့ပါးကို ဘယ်ဖက်လက်နဲ့ ရိုက်ထည့်ပစ်လိုက်တယ်။
“ဖုန်း” ဆိုတဲ့အသံကြီးက အကျယ်ကြီးပဲဗျ၊ ကိုဘအေးသရဲကြီးက ကျုပ်လက်ဝါးချက်မိတော့ ဘေးနားကိုလွင့်ထွက်သွားပြီး အုတ်ဂူတစ်လုံးနဲ့ဆောင့်မိသွားတယ်၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင်မယုံလို့ ကိုယ့်လက်ဝါးကိုယ် ပြန်ကြည့်နေမိတယ်။ ကျုပ်လည်းအမြန်ကုန်းထလိုက်ပြီးတော့ ကိုဘအေးဆီကိုလွှားခနဲခုန်အုပ်ထည့်လိုက်တာပေါ့ဗျာ၊ ပုဆိုးတောင်မှ ကွင်းလုံးကြီး ကျွတ်ကျန်နေခဲ့သေးတာ၊ ကိုဘအေးအပေါ်ကို ကျုပ်ကခွတက်လိုက်ပြီးတော့ သူ့မျက်နှာတွေကို လက်နဲ့ဘယ်ပြန်ညာပြန် လွှဲလွှဲပြီးရိုက်ထည့့််တာပဲဗျာ၊ အားရသလားတော့ မမေးပါနဲ့၊ ကိုဘအေးဆို သူ့မျက်နှာကြီးက ဘယ်ဖက်ယိမ်းလိုက်၊ ညာဖက်ယိမ်းလိုက်ပေါ့ဗျာ၊ ကျုပ်ဆယ်ချက်လောက်ရိုက်ပြီးတော့ ကိုဘအေးက ကုန်းထလိုက်တယ်၊ ကျုပ်က သူ့အပေါ်တက်နေတာဆိုတော့ ကျုပ်လည်း ပက်လက်လန်လဲကျသွားတာပေါ့ဗျာ။ ကိုဘအေးက ကျုပ်ရဲ့ညာဖက်ခြေခြင်းဝတ်ကို လက်နဲ့ကိုင်ပြီးတော့ မတ်တပ်ထရပ်လိုက်တယ်၊ သူ့အရပ်က အမြင့်ကြီးဆိုတော့ ကျုပ်လည်း မြေကြီးနဲ့လွတ်ပြီး ဇောက်ထိုးကြီးဖြစ်နေတာပေါ့ဗျာ။
ကိုဘအေးက အသံံပြဲကြီးနဲ့ အော်ဟစ်တယ်ဗျ၊ ပြီးတော့ ကျုပ်ကိုခြေထောက်ကနေကိုင်ပြီး အနားက သစ်ပင်ကြီးတစ်ပင်နှဲ့ လွှဲရိုက်တော့တာပဲဗျာ၊ ကျုပ်ဆိုလေထဲမြောက်တက်သွားပြီးတော့ ခေါင်းတွေမူးဝေသွားတယ်၊ ပြီးတော့ သစ်ပင်ပင်စည်နဲ့ ကျုပ်ကိုယ်လံုံးနဲ့ ဝုန်းခနဲတိုက်တာဗျ၊ တစ်ကိုယ်လုံးမှာ ရှိသမျှအရိုးတွေ ကျိုးကုန်ပြီလားလို့တောင် မှတ်ရတယ်၊ ကိုဘအေးက ကျုပ်ကိုသစ်ပင်နဲ့သုံးလေးချက်လောက် ရိုက်ထည့်ပြီးတော့မှ အုတ်ဂူတွေကြားထဲကိုပစ်ထည့်လိုက်တယ်။ ကျုပ်လည်း သူ့လက်ထဲကအရုပ်လေးလိုဖြစ်နေတာဆိုတော့ အုတ်ဂူတွေကြားထဲကိုခွေခနဲကျသွားတာပေါ့ဗျာ။
ကိုဘအေးက ကျုပ်ဆီကိုတစ်လှမ်းချင်းလာတယ်ဗျ၊ ကျုပ်အနားရောက်တော့ကျုပ်လည်း အားယူပြီးမတ်တပ်ရပ်ထလိုက်ရင်း ဟက်ဟက်ပက်ပက်ကို ရယ်မောလိုက်တော့တယ်၊ ကိုဘအေးသရဲကြီးက ကျုပ်ကိုအထူးအဆန်းသဖွယ် မျက်လုံးကြီးပြူးပြီးကြည့်နေတာဗျ၊ ကျုပ်လည်းခါးထောက်ရင်း တဟားဟားနဲ့ ရယ်လိုက်တာပေါ့။
“ဟား၊ ဟား ခင်ဗျားအလှည့်ပြီးပြီလား၊ ဒါဆိုရင် ကျုပ်အလှည့်”
ကျုပ်လည်း ဘယ်ကနေဘယ်လို သတ္တိတွေရှိလာသလဲမသိပါဘူးဗျာ၊ သရဲကြီးဖြစ်နေတဲ့ ကိုဘအေးကို လုံးဝကိုမကြောက်တော့တာ၊ ကိုဘအေးဆီကိုပြေးဝင်ပြီးတော့ ခြေထောက်နဲ့ပိတ်ကန်ထည့်လိုက်တာ ကိုဘအေးခမြာ အနောက်ကိုဆယ်တောင်လောက် ရွေ့သွားပါရော၊ ကျုပ်ကိုလည်း တော်တော်ကြောက်လန့်နေသလိုမျက်နှာနဲ့ကြည့်တယ်၊ ကျုပ်လည်း သူ့ဆီကိုခုန်ဝင်ပြီးတော့ သူ့ကိုလက်သီးတွေနဲ့ထိုး၊ တံတောင်တွေနဲ့ထောင်းတာပေါ့ဗျာ၊ ဒီတစ်ခါတော့ ကိုဘအေးက ကျုပ်လုပ်သမျှကိုခံနေရတာဗျ၊
အတော်ကြာအောင် ထုနှက်ပြီးတော့မှ ကိုဘအေးက အသံထွက်လာတယ်။
“တော်ပါပြီ၊ ကြောက်ပါပြီ၊ မလုပ်ပါနဲ့တော့”
“ဘာအခုမှကြောက်ပါပြီလည်း၊ မင်းကိုငါသေအာင်သတ်မယ်၊ သေစမ်း”
ကျုပ်ကလည်း ဆက်ပြီးထုထောင်းနေတော့တာပဲ၊ ကိုဘအေးတစ်ယောက် ကျုပ်လက်ထဲမှာ ဖုတ်ဖုတ်ညက်ညက်ကိုကြေနေတာပဲဗျာ၊ နောက်တော့ လေးဖက်ကုန်းပြီး ခွေးလိုမျိုးထွက်ပြေးတော့တယ်၊ ကျုပ်ကလည်းဘယ်ရမလဲ သူ့ဘယ်ဖက်ခြေထောက်ကြီးကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်ကိုင်ထားတာပေါ့ဗျာ၊ ကိုဘအေး လေးဖက်သွားနေရင်း တုန့်ခနဲဖြစ်သွားတယ်၊ ကျုပ်ဆွဲထားတာကိုးဗျ၊ ကျုပ်လည်း အံကြိတ်ပြီးတော့ ကိုဘအေးခြေထောက်ကိုလွှဲပြီး ခုနက သစ်ပင်ကြီးဆီကို လှမ်းပစ်ထည့်လိုက်တော့တာပါပဲ။
“ဝုန်း” ခနဲအသံအကြီးနဲ့ သစ်ပင်ကြီးက တုန်ထွက်သွားတယ်ဗျ၊ သစ်ရွက်တွေတောင် တဖွားဖွားနဲ့ ကျွေကျလာတယ်၊ ကိုဘအေးကတော့ သစ်ပင်အောက်မှာ ဆန့်ဆန့်ကြီးလဲကျနေတာ၊ ကျုုပ်က အနားကိုသွားတော့ လက်ကာကာ ခြေကာကာနဲ့
“ကြောက်ပါပြီ၊ ငါ့ကိုမလုပ်ပါနဲ့တော့ကွာ၊ ငါမင်းကိုအရှုံးပေးပါတယ်”
“ကဲအရှုံးပေးရင် လေးဖက်ထောက်စမ်း”
ကျုပ်ပြောလိုက်တော့ ကိုဘအေးက လေးဖက်ကုန်းပေးတယ်၊ ကျုပ်လည်း ဘာမပြောညာမနေနဲ့ကိုဘအေး ကျောပေါ်ကိုခွတက်လိုက်ပြီးတော့ ကိုဘအေးနားရွက်တွေကိုဆွဲလိမ်လိုက်တယ်။
“ကဲသွားစမ်း၊ မင်းနှမရှိတဲ့ဆီကို သွားစမ်း”
ကိုဘအေးက ခွေးကြီးတစ်ကောင်လိုမျိုး လေးဖက်ကုန်းပြီးတော့ ကွင်းထဲကိုဖြတ်ပြေးတော့တာပါပဲ။
(၄)
လယ်ကွင်းထဲမှာ စပါးပင်တွေက တော်တော်ကြီးနေပြီဗျ၊ ကိုဘအေးက ကွင်းထဲရောက်တော့ လေးဖက်ထောက်မပြေးတော့ဘဲ ဖားတစ်ကောင်လို ခုန်ဆွခုန်ဆွပြေးပါရော၊ သူတစ်ခါတစ်ခါခုန်လိုက်ရင်လည်း အမြင့်ကြီးရောက်ရောက်သွားတာဗျ၊ ကျုပ်ဖြင့် အသည်းကိုအေးနေတာပဲဗျာ၊ ဟိုးအမြင့်ရောက်သွားရင် အောက်ကလယ်ကွင်းတွေနဲ့ လယ်တဲကလေးတွေကိုတွေ့ရတယ်၊ ပြီးတော့ ကန်သင်းပေါ်ကိုပြန်ကျတယ်၊ နောက်တစ်ချက်ပြန်ခုန်လိုက်ရင် မြင့််တက်သွားတာပဲဗျာ၊ သရဲစီးဖူးတဲ့အရသာကို အဲဒီတော့မှ ခံစားဖူးတယ်ဗျ။
လယ်တဲတစ်ခုအနားမှာ အစိမ်းရောင်တွေဝင်းခနဲလက်သွားလိုက်၊ အနီရောင်တွေ ပျက်ခနဲလက်သွားလိုက်နဲ့မြင်ရတယ်၊ ကိုဘအေးက အဲဒီလယ်တဲဆီကို သွားနေတာဗျို့၊ နောက်တော့ လယ်တဲကလေးအရှေ့ကိုခုန်ဆင်းလိုက်တယ်၊ လယ်တဲအရှေ့နားက မြေကွက်လပ်ကလေးမှာ ဦးဘသာက မတ်တပ်ရပ်နေတယ်၊ ဦးဘသာအရှေ့မှာတော့ မယဉ်က ခွေခွေကလေး လဲကျနေတယ်ဗျ။ ကိုဘအေး မြေပေါ်ဆင်းလိုက်တာနဲ့ ကျုပ်လည်း ကိုဘအေးပေါ်ကနေ လွှားခနဲဆင်းလိုက်တယ်။ မယဉ်ကတော့ ရှိုက်ကြီးတငင် ငိုနေတော့တာပဲဗျာ။
“နင့်အပြစ်နင်သိပြီလား ယဉ်ယဉ်”
မယဉ်က ငိုနေရင်း ခေါင်းညိတ်တယ်ဗျ၊ ကိုဘအေးက မယဉ်အနားကိုသွားပြီးတော့ မယဉ်ကိုဆွဲထူလိုက်တယ်။
“အကိုကြီး . . .”
ကိုဘအေးက သူ့ညီမကို ဝမ်းနည်းနေတဲ့မျက်နှာနဲ့ ငုံ့ကြည့်တယ်။
“အရင်က ဖြစ်ခဲ့တာတွေကို ထားလိုက်တော့၊ အခုနင်ရှုံးပြီဆိုတော့ နင့်ကတိအတိုင်း ခံဖို့သာပြင်ပေတော့ ယဉ်ယဉ်”
မယဉ်က သူ့ခေါင်းကို ငုံ့ပြီးတော့ ဦးဘသာအရှေ့မှာ လည်ကိုစင်းပေးတယ်၊ ဦးဘသာက မယဉ်ရဲ့ခေါင်းကိုလက်တစ်ဖက်က ကိုင်ပြီးတော့ ကျုပ်နားမလည်တဲ့ မန္တန်တွေ ရွတ်ဖတ်တယ်ဗျ၊ မန္တန်ကတော့ ပါဠိလိုလို စာတွေလည်းပါတယ်၊ ဦးဘသာက အသံနေအသံထားနဲ့ရွတ်တာဗျ၊ မသိရင် ဘုန်းကြီးစာအံနေတဲ့အသံနဲ့တောင် တူနေသေးတာ။ မယဉ်က ခေါင်းငုံ့ထားလို့ ဆံပင်တွေက ဖျားလျားကြီးကျနေတာပေါ့ဗျာ၊ နောက်တော့ အဲဒီဆံပင်တွေကို အောက်ကနေလေကပင့်တိုက်လိုက်သလိုမျိုး ဆံပင်တွေက အပေါ်ကိုထောင်တက်လာတယ်၊ အဲဒီဆံပင်တွေထဲကမှ ဆံပင်တစ်မွှေးကတော့ ရွှေရောင်လို ဝါဝါထိန်ထိန်အလင်းရောင်နဲ့ တောက်ပနေတယ်ဗျ၊ ဘယ်လောက်လင်းသလဲဆိုရင် ဦးဘသာမျက်နှာဆိုရင်အလင်းတွေဟပ်ပြီးတော့ ထင်းနေတာပဲဗျာ။
ဦးဘသာက အဲဒီဆံပင်ကို လက်နှစ်ချောင်းနဲ့ညှပ်လိုက်ပြီးတော့ “ဟင်း” ခနဲသက်ပြင်းချပြီး ဆွဲနှုတ်လိုက်ပါရောဗျာ၊ ဒီတော့ ခုနက လေနဲ့လွင့််နေတဲ့ဆံပင်တွေအကုန်လုံး ပြန်ကျသွားတယ်၊ ထူးဆန်းတာက ဦးဘသာလက်ထဲက ဆံပင်ကလေးက မြွေတစ်ကောင်လို လူးလွန့်နေတာပဲ၊ အရောင်တွေလည်းထွက်နေသေးတာ၊ နောက်တော့အဲဒီဆံပင်ကလေးက ဦးဘသာလက်ထဲမှာ တီကောင်ဆားတို့သလို လူးလွန့်နေပါလေရော၊ ခဏကြာတော့ အရောင်တွေမှိန်ကျလာပြီးတော့ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားတယ်၊ နောက်တော့မှ သာမန်ဆံပင်တစ်ချောင်းလိုဖြစ်သွားပြီးတော့ လက်ထဲမှာတွဲလောင်းကျသွားတော့တာပါပဲ။
“ပြီးပြီမယဉ်၊ နင့်ရဲ့ပညာတွေအကုန်လုံးကို ငါနှုတ်လိုက်ပြီ၊ ဒီနေ့ကစပြီး နင်က စုန်းမဟုတ်တော့ဘူး”
မယဉ်ကတော့ ဘာမှမပြောဘဲ မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ရင်း ငိုနေတော့တာပဲ၊ ဦးဘသာက ကိုဘအေးကိုကြည့်ပြီးတော့
“ဟေ့ကောင်၊ မင်းလဲသွားတော့၊ နောက်တို့ရွာမှာ မင်းကြောင့် တစ်ခုခုကြားတယ်ဆိုရင် မင်းနာမယ်သာမှတ်”
ဦးဘသာပြောတော့ သရဲကြီးက ခေါင်းညိတ်ပြတယ်ဗျ၊ ဒါနဲ့ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်လိုက်တယ်။
“ထွက်တော့၊ ထွက်တော့”
ကျုပ်ကိုယ်ကြီးက ပေါ့သွားသလိုလိုကြီးဖြစ်သွားတယ်ဗျ၊ ခဏကြာတော့ တစ်ကိုယ်လုံး လေးလံံသွားပြန်ရော၊ အကြောတွေတောင့်တင်းပြီးတော့ အိပ်ရာနိုးစအချိန်လိုပေါ့ဗျာ၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက်ရွာဘက်ကို လမ်းလျှောက်လာတုန်း ခြေလှမ်းဆယ်လှမ်း လောက်ရောက်တော့ မယဉ်က ထိုင်နေရာကနေထပြီးတော့ လယ်တဲအနောက်ကိုဝင်သွားတယ်ဗျ၊ ပြီးတော့ အသံနက်ကြီးနဲ့ အော်သံတစ်ခုကိုကြားလိုက်ရတယ်။
“ညီမလေး . . .”
အသံက ကိုဘအေးအသံဖြစ်မယ်ဗျ၊ ကျုပ်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လယ်တဲအနားကိုပြေးလာကြတယ်၊ လယ်တဲအနောက်နားက မီးဖိုလေ့ရှိတဲ့နေရာအနားမှာ မယဉ်ကလဲကျနေတယ်ဗျ၊ သူ့လည်ပင်းကိုသူ့လက်နှစ်ဖက်နဲ့အုပ်ထားတယ်၊ လက်ချောင်းတွေကြားထဲကနေလည်း သွေးတွေက ပန်းထွက်နေပါရော။
“ဟာ၊ မယဉ်”
ကျုပ်လည်း အမြန်ပြေးသွားပြီးတော့ မယဉ်ကိုပွေ့လိုက်တာပေါ့၊ မယဉ်က တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေသေးတယ်၊ သူ့အနားမှာလည်း ကြက်သွန်ခွာတဲ့ ဓါးဦးချွန်ထက်ထက်ကလေးက ကျနေသေးတယ်ဗျာ၊ ကျုပ်လည်း မယဉ်ဘာလုပ်မှန်းသိလိုက်ပါပြီ၊ ကြက်သွန်လှီးတဲ့ဓါးနဲ့ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တာပဲ။ ကျုပ်က ဦးဘသာကိုကြည့်လိုက်ပြီး
“ဦးဘသာ တစ်ခုခုလုပ်ပါအုံး”
ဦးဘသာက သူခေါင်းပေါင်းထားတဲ့ သဘက်ဟောင်းကြီးကိုဖြုတ်လိုက်ပြီး သူ့မျက်နှာကိုပွတ်လိုက်တယ်၊ နောက်တော့ ကျုပ်ကိုခေါင်းခါပြတယ်၊ ကျုပ်ကြည့်နေတဲ့အချိန်မှာပဲ မယဉ်တစ်ယောက် တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေပြီဗျ၊ မျက်လုံးကြီးက ပြူးကြောင်နေပြီးတော့ မိုးပေါ်ကိုကြည့်နေတယ်၊ နောက်တော့ မယဉ်က နှုတ်ခမ်းကလေးလှုပ်ရုံ ပြုံးလိုက်တယ်၊ သူ့အပေါ်မှာ သူ့ကိုမိုးပြီးကြည့်နေတာကတော့ သူ့အကို ကိုဘအေးပဲဗျ။ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်တယ်။
“အလတ်ကောင် ထားလိုက်တော့၊ ငါတို့ဒီမှာဆက်နေရင် အမှုပတ်နေမယ်၊ သွားကြရအောင်”
“ဟာဗျာ၊ ကျုပ်တို့ဒီအတိုင်းသွားလို့ကောင်းပါ့မလား”
“မင်းကိုသာ အလောင်းကြီးပိုက်လျှက်သားနဲ့ ရွာသားတွေတွေ့သွားရင် မင်းမသတ်ဘူးဆိုရင်တောင်မှ အမှုအခင်းဖြစ်ပြီး အစစ်အဆေးခံရမယ်ကွ၊ ပြီးတော့ ဒီညဖြစ်တဲ့ အဖြစ်အပျက်တွေကို မင်းဘယ်လိုလုပ်ပြီးရှင်းပြမလဲ၊ မင်းရှင်းပြရင်ရော လူတွေက ယုံမှာတဲ့လား”
ဦးဘသာပြောတာလည်း ဟုတ်နေတာနဲ့ ကျုပ်လည်း မယဉ်ရဲ့အလောင်းကို မြေကြီးပေါ်အသာကလေးချပြီးတော့ မတ်တပ်ရပ်လိုက်တယ်၊ ပြီးတော့ အဲဒီနေရာကနေထွက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာက မြေပြင်ကိုလက်ညှိုးတစ်ချက်ထိုးလိုက်တော့ ကျုပ်တို့ရဲ့ခြေရာတွေ၊ သွားလာလှုပ်ရှားထားတဲ့အရာတွေက အကုန်ပျောက်သွားတာ အံ့သြစရာကြီးဗျာ၊ ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက်ပြန်မယ်လုပ်နေတုန်း လယ်စောင့်တဲအနားမှာ လူနှစ်ယောက်ပေါ်လာတယ်ဗျ။
ထမီရင်လျားနဲ့ ဆံပင်ဖားလျားချထားတဲ့ မယဉ်ရယ်၊ နောက်ပြီးတော့ ပုဆိုးတိုတိုနဲ့ ချည်သားဖျင်ကြမ်းအင်္ကျီကို လက်အနားတွေခေါက်ပြီးဝတ်ထားတဲ့ ကိုဘအေးကို တွေ့လိုက်ရတယ်၊ ကိုဘအေး ကသူ့ညီမ မယဉ်ကိုကြည့်ပြီးတော့
“ကဲ ငါ့ညီမ၊ အကိုတို့တွေ သွားကြပါစို့ကွာ”
ကိုဘအေးက အရှေ့ကလျှောက်သွားတော့ မယဉ်က ခေါင်းငိုက်စိုက်ချပြီးတော့ သူ့အကိုအနောက်ကနေလိုက်သွားတာ့တာပဲ၊ ကန်သင်းရိုးတစ်ခုကို ကျော်သွားတဲ့အချိန်မှာတော့ ကျုပ်တို့မြင်ကွင်းကနေ ပျောက်ချင်းမလှ ပျောက်သွားတော့တာပဲဗျာ။
ဦးဘသာအိမ်ကိုပြန်ရောက်တဲ့အထိ ကျုပ်က ဘောင်းဘီတိုကလေးနဲ့ဗျ၊ ပုဆိုးကတော့ သုဿန်ထဲကျန်ခဲ့ပြီမဟုတ်လား၊ ဦးဘသာနဲ့ကျုပ်နဲ့ ခြင်ထောင်တစ်ခုထဲမှာ အတူတူအိပ်ကြတယ်၊ ကျုပ်လည်း အိပ်မပျော်ပါဘူးဗျာ၊ ကိုယ့်ရှေ့မှာတင် လူတစ်ယောက်သေသွားတာကိုမြင်ထားတော့ စိတ်ကောင်းပါ့မလား။ ကျုပ်လည်းရင်ဘတ်ပေါ်လက်တင်ပြီးတော့ ခြင်ထောင်အမိုးကို ဘာရယ်မဟုတ်ကြည့်နေမိတယ်၊
ဦးဘသာလည်း အိပ်ပျော်ပုံမရပါဘူး၊၊ ကျုပ်ကိုကျောပေးပြီး ခွေခွေကလေးလှဲနေတယ်။
“ဦးဘသာ၊ မယဉ်က ဘာလို့ဒီလိုလုပ်သွားတာလဲ”
ဦးဘသာက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့
“ပညာတတ်တဲ့လူက ပညာမရှိဘဲနဲ့ မနေချင်ကြတာ ထုံးစံပဲကွ”
“ဒါဆို ဦးဘဖြူရဲ့ ခေါင်းကြီးကရော ဘယ်ရောက်သွားတာလဲ”
“ခုလောက်ဆို သူ့နေရာကိုသူ ပြန်ရောက်နေမှာပါကွာ”
“ဒါနဲ့ ခုနက ကျုပ်သရဲကိုအေးနဲ့ ဆော်ကြတာကရောဗျာ”
“ဟား၊ ဟား အဲဒါကတော့ မင်းကိုဘီလူးမှော်သွင်းပေးခဲ့တာကွ”
“ဒါကြောင့်ဖြစ်မယ်ဗျ၊ ကျုပ်ကို ကိုဘအေးက တော်တော်ထိုးနှက်ပေမယ့် ကျုပ်ပူထူတာတစ်ခုပဲဖြစ်ပြီးတော့ ဘာဒဏ်ရာမှ မရခဲ့တာကိုး”
ဦးဘသာက ကျုပ်ဘက်ကိုလှည့်လိုက်ပြီးတော့
“အိပ်တော့အလတ်ကောင်ရေ”
“ဘာပဲပြောပြော မယဉ်ဒီလိုဖြစ်သွားတာတော့ ကျုပ်စိတ်မကောင်းဘူးဗျာ၊ သူသေရတာ ကျုပ်တို့တာဝန်မကင်းသလိုဖြစ်နေတယ်မဟုတ်ဘူးလား”
ဦးဘသာက သက်ပြင်းတစ်ချက် အရှည်ကြီးချလိုက်တယ်ဗျ။
“လူဆိုတာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးတယ်မဟုတ်လားကွာ၊ အခုဖြစ်ရတာတွေကလည်း ငါတို့ကြောင့်ဆိုတာထက် သူဖန်တီးတဲ့ သူ့ကြမ္မာကြောင့်လို့ပဲ တွေးလိုက်စမ်းပါ၊ ဒါကြောင့်် ငါက စုန်းတစ်ယောက်ရဲ့ပညာကို ဖျက်ဆီးခဲတယ်ကွ၊ ယဉ်ယဉ်ကိုတော့ မဖျက်ဆီးလို့မရလို့ ဖျက်ဆီးလိုက်ရတာ၊ စုန်းတစ်ယောက်က အရှက်ကွဲ၊ သိက္ခာအကျခံပြီး တစ်သက်လုံးနေနိုင်ရင် နေနိုင်ကြတယ်ဆိုပေမယ့် ပညာတွေမရှိတော့ဘဲ တစ်ရက်တောင် နေမပျော်ဘူးတဲ့ကွာ”
နောက်တော့ ဦးဘသာက သူ့လက်ဝါးနဲ့ ကျုပ်ရင်ဘတ်ပေါ်ကလက်ကို ဖိကိုင်လိုက်တယ်။
“အိပ်တော့ . . . အိပ်တော့”
မကြာခင် ရွာထဲက လင်းကြက်တွန်သံကို ကြားလိုက်ရတယ်၊ ကျုပ်လည်း မျက်လုံးတွေမှေးစင်းလာပြီးတော့ အိပ်မောကျသွားတော့တာပါပဲဗျာ။
(၅)
မနက်မိုးလင်းတော့ ဦးဘသာနဲ့ကျုပ်နဲ့ ထမင်းဆီဆမ်း၊ မြေပဲဆန်ကြော်၊ ငါးခြောက်ဖုတ်နဲ့ မနက်စာစားနေကြတာပေါ့၊ ဒီအချိန်မှာပဲ အငယ်ကောင်က ခြံဝကိုအပြေးရောက်လာတယ်။
“အကိုလတ်ရေ၊ အကိုလတ်ရေ”
“ဟေ၊ အငယ်ကောင်၊ ဝင်လာခဲ့ဟေ့”
အငယ်ကောင်က ခြံထဲပြေးဝင်လာပြီး အိမ်ရှေ့အမိုးအောက်မှာ ထမင်းစားနေတဲ့ ကျုပ်နဲ့ဦးဘသာကိုကြည့်တယ်။
“အကိုလတ်တို့က ဒီမှာအေးအေးလူလူထမင်းစားနေကြတယ်၊ ရွာထဲမှာတော့ ပွက်လောရိုက်နေပြီဗျ”
ဦးဘသာက ကျုပ်ကိုမျက်စပစ်ရင်း ထမင်းဝါးနေတယ်၊ ဒါနဲ့ကျုပ်လည်း ဘာမှမမသိတဲ့ဟန်ဆောင်လိုက်ပြီးတော့
“ဟေ၊ ဟုတ်လား၊ ဘယ်သူဘာဖြစ်တာတုန်းဟ”
“ဦးဘဖြူမိန်းမ၊ မယဉ်သေပြီတဲ့ဗျာ”
ကျုပ်လည်း အရမ်းထူးဆန်းပြီး အံ့သြသွားတဲ့ပုံစံ လုပ်ပြလိုက်ရတာပေါ့။
“ဟာ၊ ဟုတ်လား၊ ဘာဖြစ်တာလဲကွ”
“သူတို့လယ်တဲထဲမှာ လည်ပင်းပြတ်ပြီးတော့ သေနေတာပဲတဲ့ဗျာ၊ အခု အဖေတို့သွားကြည့်နေကြပြီ”
ကျုပ်လည်း လက်တောင်မဆေးတော့ဘဲ အငယ်ကောင်ရဲ့အနောက်ကိုအပြေးလိုက်လာခဲ့တော့တာပေါ့ဗျာ၊ ဘာဖြစ်တယ်ဆိုတာတော့ ကျုပ်က အကုန်သိပြီးသားပါ၊ ဒါပေမယ့်လည်း မသိအောင်ဟန်ဆောင်ရတာ လွယ်တာမှတ်လို့ဗျာ။
နေ့လည်လောက်မှ မြိုင်သာက ရဲတွေရောက်လာပြီး စစ်ဆေးကြတယ်၊ ရဲတွေကတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တယ်ဆိုပြီးတော့ ကောက်ချက်ချကြတယ်၊ ဒါနဲ့ မယဉ်အလောင်းကို ဦးဘဖြူအုတ်ဂူဘေးနားမှာပဲ ဂူသွင်းဖို့လုပ်ကြတာပေါ့ဗျာ၊ ဒီတော့မှ ဦးဘဖြူအုတ်ဂူကြီးပွင့်နေတာကို သိသွားကြတယ်၊ အဖေကတော့ ဦးဘဖြူမှာ ရွှေသွားတစ်ချောင်းတပ်ထားလို့ လာတူးဖော်ကြတာဖြစ်နိုင်တယ်လို့ပြောတာပဲ၊ ဒီလိုနဲ့ပဲ မယဉ်သေတော့ အားလုံးအေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားတာပေါ့ဗျာ။ ဦးဘဖြူသားသမီးတွေလည်း အမွေတွေကို ခွဲဝေယူလိုက်ကြတာပေါ့။
ကျုပ်ကတော့ ဒီအဖြစ်တွေကိုကြည့်ရင်းသင်ခန်းစာတော်တော်ရသွားတယ်၊ အဖြစ်တွေကို အစပြုခဲ့ရတာက ဦးဘဖြူရဲ့ လောဘတွေကြောင့်ပဲဗျ၊ နောက်ပြီးတော့ မယဉ်ရဲ့ မောဟတွေကြောင့် သူကိုယ်တိုင်စုန်းတစ်ယောက်ဖြစ်ခဲ့တယ်၊ သူ့ရဲ့အမိုက်အမဲ ဒေါသတွေကြောင့်လည်း သူတို့မောင်နှမရော၊ သူ့ယောက်ျားဖြစ်တဲ့ ဦးဘဖြူပါ ပျက်စီးခဲ့ရတယ်မဟုတ်လားဗျာ။ မယဉ်က ဦးဘဖြူလည်းသေစေ၊ ဦးဘဖြူပိုင်တဲ့အရာတွေကိုလည်း သူရပါစေဆိုပြီးတော့ လောဘတက်ခဲ့လို့ အခုတော့ သူသေသွားတော့ ဘာမှတောင်မရလိုက်ဘဲ အုတ်ဂူတစ်လုံးပဲ ပိုင်ဆိုင်ခဲ့တာ သာဓကပေါ့ဗျာ။
“အလိုကြီးရင် အရနည်းတတ်သတဲ့ကွ”
သုဿန်ထဲက ဘေးချင်းကပ်လျှက် အုတ်ဂူအသစ်နှစ်လုံးကိုကြည့်ရင်း ဦးဘသာက ရေရွတ်လိုက်တယ်ဗျ၊ ပြီးတော့ သုဿန်ထဲကနေထွက်သွားတော့တာပါပဲ၊ ကျုပ်လည်း ဆက်ပြီးကြည့်နေသေးတယ်၊ နောက်တော့ ကျောထဲစိမ့်သလိုလို ချမ်းသလိုလိုဖြစ်လာတာနဲ့ ဦးဘသာအနောက်ကို ပြေးလိုက်ခဲ့တော့တာပါပဲ။
“ဦးဘသာ၊ ကျုပ်ကိုစောင့်ပါအုံးဗျ”
ပြီးပါပြီ။