အတွဲ(၃) စာစဉ်(၁၈)
(၁)
ဒီရက်ပိုင်းတော့ အိမ်မှာ အမဲသားဟင်းမပျက်တာကို သတိထားမိတယ်ဗျ၊ အဖေ့ရဲ့အရှေ့မှာဆိုရင်လည်း အမဲသားကြော်နှပ်ခွက်ကလေး အမြဲတွေ့ရတယ်၊ အဖေက ရေနွေးကြမ်းသောက်လိုက် အမဲသားကြော်နှပ်ထားတာကလေးကို တစ်တုံးလောက်ကိုက်လိုက်နဲ့ ဇိမ်ခံနေတာပေါ့ဗျာ၊ ဟင်းချက်တော့လည်း အမဲသားဟင်းဗျ၊ သားသတ်လွတ်စားတဲ့ ကိုခင်မောင်အတွက်ကိုတော့ အသီးအရွက်ဟင်းစီစဉ်ပေးရတယ်ဆိုပေမယ့် ကျုပ်တို့ကတော့ အမဲသားဟင်းနဲ့ကြိတ်တာပေါ့ဗျာ၊ အမဲသားကို ခရမ်းချဉ်သီးနဲ့ချက်ပြီး ကုလားမဆလာလေးအုပ်လိုက်ရင် သိပ်စားကောင်းတာပေါ့ဗျ။
“အမေ၊ ဒါနဲ့ ဒီရက်ပိုင်း သုံးလေးရက်ရှိပြီ၊ အမဲသားချည်းချက်နေသလားလို့”
“အေးလေ၊ အမဲသားသည်တွေ ရွာရောက်လာတာကိုး၊ တို့လည်း အမဲသားက စားရခဲတယ်မဟုတ်လား၊ နင့်အဖေလည်း သိပ်ကြိုက်တာကိုး၊ ဘာလဲ နင်ကမစားချင်ဘူးလား”
“မဟုတ်ပါဘူးအမေရာ မေးကြည့်တာပါ၊ ဟီး”
နောက်တစ်နေ့မနက်တော့ ကျုုပ်လည်း မနက်စာစားသောက်ပြီးတော့ အမေက ကိုခင်မောင်အတွက်ပြင်ပေးလိုက်တဲ့ ထမင်းတောင်းကလေးယူလိုက်တော့ အမေက ကျုပ်အရှေ့မှာလက်ဝါးဖြန့်ပြတယ်။
“အမေ၊ ဘာလုပ်တာလဲ”
“ဟဲ့အလတ်ကောင်၊ အဲဒီသုံးရာက နင်တစ်ယောက်တည်းသုံးလို့ရမလား၊ ငါက ချက်ပြုတ်ပေးနေရသေးတာ၊ ငါ့အတွက်လည်းပါတယ်”
“ဟာ၊ အမေကလဲဗျာ”
“အမေကလည်းမလုပ်နဲ့၊ နင်ပေးမှာလားမပေးဘူးလား”
ကျုပ်လည်း ခေါင်းရင်းထရံကြားထဲ ညှပ်ထားတဲ့ပိုက်ဆံကို လူမသိအောင်သွားယူပြီးတော့ အမေ့ကိုတစ်ရာပေးလိုက်ရတာပေါ့ဗျာ၊ သူခိုးလက်က သူဝှက်လုဆိုတာ ဒါမျိုးကိုပြောတာနေမှာဗျ၊ အမေက ပိုက်ဆံရတော့ ပြုံးသွားတာပေါ့၊ ကျုပ်လည်း ထမင်းတောင်းကလေးထမ်းပြီး၊ လက်တစ်ဖက်က သံဖြူရေပုံးကိုဆွဲရင်း အိမ်ကနေထွက်လာတာပေါ့ဗျာ။
မိုးလင်းနေပြီဆိုပေမယ့် ဖက်လိပ်ရွာဟောင်းကိုတော့ မဖြတ်ရဲဘူးဗျ။ ဒီတော့ ရွာအထွက်လမ်းအတိုင်း လာခဲ့ရင်း ဘယ်ဖက်ကိုကွေ့တယ်၊ အဲဒီမှာ တောတန်းကလေးရှိတယ်၊ နောက်တော့ ဘုရားပျက်ကုန်းနားကဖြတ်ထွက်လိုက်ရင် ဖက်လိပ်ရွာထိပ်နားကို ရောက်တယ်မဟုတ်လားဗျာ၊ ရွာဟောင်းအိမ်ပျက်ကြီးတွေကြားထဲက ဖြတ်ရမှာထက်စာရင်၊ တောထဲကနေ ခပ်သုပ်သုပ်ဖြတ်ရတာကို ပိုပြီးစိတ်ချတယ်ဗျ၊ ဒါနဲ့ အဲဒီလမ်းကပဲ ကျုုပ်သွားနေတာပေါ့ဗျာ။
ရွာအထွက်လမ်းအတိုင်းထွက်လာရင်း တမာပင်တန်းကလေးတွေကို ကျော်လာတဲ့အခါ ရွာလမ်းအတိုင်း မိန်းမနှစ်ယောက် လျှောက်လာကြတယ်ဗျ၊ တစ်ယောက်တော့ အရပ်ပုပု၀၀ဖိုင့်ဖိုင့်နဲ့၊ နောက်တစ်ယောက်ကတော့ အရပ်ကရှည်ရှည်၊ ပိန်ပိန်ပါးပါးပဲဗျ၊ ၀၀ပုပုမိန်းမရဲ့ခေါင်းပေါ်မှာတော့ အညာတောင်းပြဲကြီးကို ရွက်လို့ဗျ၊ တောင်းပြဲဆိုတာ ဈေးသည်တွေရွက်လေ့ရှိတဲ့ အနားဝကျယ်ကျယ်၊ ခပ်တိမ်တိမ်နဲ့တောင်းကြီးပေါ့ဗျာ၊ အရပ်ရှည်ရှည်မိန်းမကတော့ ခေါင်းပေါ်မှာ သဘက်ကြီးကိုပေါင်းထားတယ်ဗျ၊ အညာသူတွေဆိုတော့ နှစ်ယောက်စလုံးအသားတွေမည်းတာကတော့ ပြောမနေပါနဲ့ဗျာ၊
ကျုပ်တော့ သူတို့ကိုဒီရွာမှာ မမြင်ဖူးဘူးဗျ၊ ဒါပေမယ့် ကျုပ်နဲ့လည်း သိပ်ပြီးမျက်နှာမစိမ်းသလိုပဲ၊ သူတို့ကိုတစ်နေရာရာမြင်ဖူးသလိုလိုတော့ ရှိသား၊ ထုံးစံအတိုင်း စပ်စုချင်တာနဲ့ အဲဒီမိန်းမနှစ်ယောက်ကို ကျုပ်ကမေးလိုက်တယ်။
“အမတို့ကို ကျုပ်မြင်ဖူးသလိုပဲ၊ ရွာကိုသွားမလို့ထင်တယ်နော်”
ပုပု၀၀မိန်းမက ကျုပ်ကို ဘာလာရှုပ်တာလဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ စိုက်ကြည့်တယ်ဗျ။ သူ့နံဘေးက မိန်းမကတော့
“ဇီးကုန်းရွာကို ဈေးရောင်းလာခဲ့တာပါ”
“ဟုတ်လား၊ ဘာလာရောင်းတာတုန်းဗျ”
ကျုပ်မေးတော့ ပုပုနဲ့မိန်းမက
“ငါတို့ဖာသာ ဘာရောင်းရောင်းပေါ့၊ နင်ဝယ်မှာလား”
သူ့စကားကတော့ ကြမ်းတယ်ဗျ၊ ဈေးသည်ဖြစ်ပြီး နှုတ်ကြမ်းအာကြမ်းနဲ့ ဈေးသည်ကို ခုမှတွေ့ဖူးတာပါ၊ ကျုပ်လည်းပိုက်ဆံမပါတော့ ခေါင်းခါပြလိုက်တယ်၊ ဒီမိန်းမနှစ်ယောက်က ကျုပ်ကိုကြည့်ပြီးတော့ ဆက်လျှောက်သွားပါရောဗျာ၊ ကျုပ်လည်း ဒါနဲ့အရှေ့နားနည်းနည်းသွားပြီးတော့ တောတန်းထဲကိုချိုးကွေ့လိုက်တာပေါ့ဗျာ။
တောတန်းက မနက်ပိုင်းဆို သာယာတယ်ဗျ၊ သစ်ပင်တွေကလည်း ခပ်ကျဲကျဲပေါက်နေတာဆိုတော့ ကောင်းကောင်းလင်းတယ်၊ ကျုပ်ဖြတ်လာရင်း ဘုရားပျက်ကုန်းအနားကိုရောက်လာတယ်၊ ဘုရားပျက်ကုန်းဆိုတာက သရဲသိပ်ခြောက်တဲ့နေရာဆိုတော့ ကျုပ်လည်း ခြေလှမ်းသွက်သွက် လှမ်းခဲ့တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ချောင်းဆိုးသံကို ကြားလိုက်ရတယ်ဗျ။
“အဟွတ်၊ အဟမ်း”
ချောင်းဆိုးပြီးတော့ ချွဲခပ်တဲ့အသံလို အသံပါပဲ၊ ပြီးတော့ ထွီခနဲထွေးလိုက်တဲ့အသံကိုလည်းကြားလိုက်ရတယ်၊ ကျုပ်လည်း လမ်းလျှောက်နေရင်း ခြေလှမ်းတွေရပ်သွားတာပေါ့ဗျာ၊ ကျုပ်ကိုများ သရဲခြောက်နေပြီလားလို့ပေါ့၊ အသံကြားတဲ့နေရာကတော့ ဘုရားငုတ်တိုအနားမှာဗျ၊ အဲဒီဘုရားငုတ်တိုအနားမှာ အရင်က ရသေ့ကြီးပုံစံနဲ့ အောက်လမ်းအကျင့်လာကျင့်တဲ့ မောင်မဲဇာကြီးနေခဲ့သေးတယ်မဟုတ်လား (ထိုအကြောင်းကို စုန်းမျိုးတစ်ရာ မောင်မဲဇာတွင် ဖော်ပြပြီး)။
ကြောက်စိတ်ထက် သိချင်စိတ်က များနေတာနဲ့ ကျုပ်လည်း အဲဒီဘုရားငုတ်တိုနားကို ချောင်းကြည့်လိုက်တာပေါ့ဗျာ၊ ဒီတော့ အပေါ်က အင်္ကျီအနက်၊ အောက်ကလည်း ရှမ်းဘောင်းဘီလို ဘောင်းဘီအနက်ကြီးဝတ်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ၊ အဲဒီလူက ကျုပ်ကိုလှည့်ကြည့်တယ်၊ ကျုပ်ကိုလည်းမြင်ရော ဖြတ်ခနဲပျောက်သွားတာပဲဗျာ၊ တကယ်ပါ၊ ကျုပ်ဆို မျက်တောင်တောင်မခတ်မိဘူး၊ နောက်တော့မှ ဒီလိုပျောက်သွားတာ လူမဖြစ်နိုင်ဘူးလို့ တွေးမိပြီးတော့ အပြေးတစ်ပိုင်းနဲ့ ပြေးထွက်ခဲ့တာပေါ့ဗျာ။
(၂)
ကိုခင်မောင် ရုက္ခစိုးမှော်ကျင့်နေတဲ့ ညောင်ပင်ကြီးနားရောက်တာတောင် ကျုပ်လန့်နေတုန်းပဲဗျ။ ဒီနေ့တော့ ကိုခင်မောင်က ဘုရားမရှိခိုးတော့ဘဲ ထူးထူးဆန်းဆန်းထိုင်နေတယ်ဗျာ၊၊ ကျုပ်လှမ်းဝင်လာတာလည်းမြင်ရော၊ ကျုပ်ကိုပြုံးပြတယ်။
“ထိုင်စမ်းပါအုံး အလတ်ကောင်ရာ၊ ဒါနဲ့ အမောတကောနဲ့ ဘာဖြစ်လာရပြန်တာလည်း”
“ကျုပ်၊ ကျုပ်ဘုရားပျက်ကုန်းနားက ဖြတ်လာတော့ သရဲခြောက်ခံထိလို့ဗျ”
“လုပ်ပြန်ပြီ၊ ဘယ်လိုတွေ့ခဲ့တာလည်း”
“ရှမ်းဘောင်းဘီနဲ့ အနက်ဝမ်းဆက်ဝတ်ထားတဲ့လူကြီးတစ်ယောက်ဗျ၊ သူကချောင်းဟန့်ပြီးတော့ သလိပ်တောင်ထွေးလိုက်သေးတာ၊ ကျုပ်ကိုမြင်တော့ ဖြတ်ခနဲပျောက်သွားတော့တာပဲ”
ကိုခင်မောင်က တစ်ချက်တွေးနေသေးတယ်၊ နောက်တော့မှ ခေါင်းညိတ်တယ်ဗျ။
“အင်းပေါ့လေ၊ မြင်အပ်၊ မမြင်အပ်ပုဂ္ဂိုလ်တွေဆိုတာ နေရာတိုင်းမှာရှိနေတာပေါ့၊ ဒါနဲ့ ပြောရအုံးမယ်၊ မင်းအခု ဘာသောက်ချင်လဲအလတ်ကောင်”
“ပြေးရတာ မောလိုက်တာဗျာ။ ဒီတော့ ရေသောက်ချင်တာပေါ့”
ကိုခင်မောင်က ပြုံးရင်း
“ရေများလွယ်တာပေါ့ကွ၊ မင်းကိုင်လာတာ ရေပုံးကြီးမဟုတ်လား”
“ဟုတ်ပါ့ဗျာ၊ ဒါဆို ဘာသောက်ရမလဲ”
“နည်းနည်းခက်တာ စဉ်းစားကြည့်”
ကျုပ်လည်း မစဉ်းစားတတ်တော့ဘူး။
“ရတယ်ဗျာ၊ ဘာဖြစ်ဖြစ်၊ ကျုပ်သောက်မယ်”
“ဟား၊ ဟား ဒါဆိုရင်တော့ လင်မနစ်ဖျော်ရည်မသောက်ချင်ဘူးလား”
ကျုပ်လည်း ခေါင်းညိတ်လိုက်တာပေါ့ဗျာ၊ လင်မနစ်လိုဖျော်ရည်ဆိုတာက မြို့တက်မှ သောက်ရတာဗျ၊ မြိုင်သာသွားရင် သစ်ပင်ကြီးအောက်မှာ ဖျော်ရောင်းတာမဟုတ်လား၊ ဈေးကလည်းကြီးတယ်ဗျ၊ တစ်ခွက်ကို ပြားခြောက်ဆယ်၊ တစ်ကျပ်လောက်ပေးရတာ၊ လူတိုင်းမသောက်နိုင်ဘူး။ သူ့အရသာက ချဉ်ချဉ်၊ ရှတတ၊ အေးအေးလေးပေါ့ဗျာ။
ကျုပ်က ခေါင်းသာညိတ်လိုက်တာ မယုံဘူးဗျို့၊ ဒီလိုတောရွာမှာ လင်မနစ်ရပါ့မလား၊ ရမယ်ဆိုရင်လည်း ရွာထဲရရမှာပေါ့၊ ဒီလိုညောင်ပင်အောက်မှာဆိုတော့ ဖြစ်နိုင်ပါ့မလား၊ ကျုပ်လည်း ကိုခင်မောင်တစ်ယောက် ကျင့်စဉ်ကျင့်ရင်း ရူးသွားတာများလားဆိုပြီးတော့ သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်တာပေါ့ဗျာ။
“အောင်မယ်၊ မင်းက သံသယဖြစ်နေသေးတယ်၊ ငါမရူးပါဘူးကွ၊ ကဲ၊ မင်းသိအောင် ငါပြရသေးတာပေါ့”
ကိုခင်မောင်က သူ့လွယ်အိတ်ထဲကို လက်နှိုက်တယ်ဗျ၊ သူ့လွယ်အိတ်ကို ညောင်ပင်ခြေရင်းက အမြစ်တစ်ခုပေါ်မှာ တင်ထောင်ထားတာကိုး၊ ပြီးတော့ လွယ်အိတ်အပေါ်မှာလည်း အဖြူရောင်ပိတ်စနဲ့ အုပ်ထားသေးတယ်။ ပုလင်းထဲနှိုက်ရင်း
“ကဲ၊ အဘရေ၊ လင်မနစ်တစ်လုံးလောက် အေးအေးလေးပေးပါဗျာ”
အဲဒီလိုပြောပြီး လက်ကိုလှုပ်နေတယ်ဗျ၊ ကျုပ်လည်း သေချာကြည့်နေမိတာ၊ သုံးမိနစ်လောက်ကြာတာ့ လက်ကိုဆွဲထုတ်လိုက်တယ်ဆိုရင်ပဲ ကိုခင်မောင်ရဲ့လက်ထဲမှာ လင်မနစ်ပုလင်းအသေးကလေးပါလာတယ်ဗျ၊ ကျုပ်ဖြင့်် လန့်သွားတာပဲ။ အဲဒီလိုတစ်ခါသောက် လင်မနစ်က ပိုပြီးဈေးကြီးတယ်ဗျ၊ ဒါနဲ့ ကိုခင်မောင်က ကျုပ်ကိုလှမ်းပေးတယ်။
“ရော့၊ သောက်”
ကျုပ်ဆို လုံးဝကိုမယုံတာဗျာ၊ ပုလင်းက အမြှုပ်တွေတောင်တက်ပြီး အေးနေသေးတာ၊ ဒါနဲ့ ပုလင်းအဖုံးကို သွားနဲ့ကိုက်ဖွင့်လိုက်တော့ ရှဲခနဲအသံမြည်ပြီး အထဲက အမြှုပ်တွေတက်လာတယ်၊ တကယ်အစစ်လား ဘာလားသိချင်တာနဲ့ ကျုပ်လည်း ပုလင်းကိုမော့ချလိုက်တာပေါ့ဗျာ။ အစစ်မှ တကယ့်အစစ်ဗျ၊ ရေတောင်မရောဘူးဗျာ၊ သောက်လို့ကောင်းလိုက်တာမှ ပြောမနေပါနဲ့တော့၊ ဒီတော့မှ ကျုပ်လည်းကိုခင်မောင်ကို တော်တော်ကြည်ညိုသွားတာ။
“နေပါအုံး ကိုခင်မောင်၊ ခင်ဗျားကို လင်မနစ်ပုလင်း ဘယ်သူပေးသွားတာလဲ”
“ဟား၊ ဟား၊ ဘယ်သူကပေးရမှာလည်း ရုက္ခစိုးမင်းကြီးပေးတာပေါ့ကွ”
“ဗျာ၊ ရုက္ခစိုးမင်းက ပေးတာတဲ့လား”
“ဒါက အကင်းပဲရှီသေးတယ်ကွ၊ ကိုယ်လိုချင်တယ်ဆိုတဲ့အရာတစ်ခုကို ပြောလိုက်၊ တလိုက်တာနဲ့ ရုက္ခစိုးမင်းကြီးက သူ့အစွမ်းနဲ့ဖန်တီးပေးတာပေါ့ကွာ၊ ဟော ဒီလင်မနစ်ပုလင်းဆိုတာလည်း ဒီရွာမှာရှိပါ့မလား”
“မရှိပါဘူးဗျာ၊ မြိုင်သာမှာတောင်မှ ဖျော်ရောင်းတဲ့ဟာပဲတွေ့ဖူးတာ၊ တော်တော်ဆန်းတယ်ဗျာ၊ ဒါဆိုရင် ကိုခင်မောင်တစ်ယောက် အောင်တော့မှာပေါ့”
“ဒါပေါ့ကွ၊ နေအုံး စမ်းလက်စနဲ့ ထပ်စမ်းရအောင်၊ မင်းဘာစားချင်သလဲ”
ဘာစားချင်သလဲဆိုတော့မှ ကျုပ်လည်းစဉ်းစားလို့ကိုမရဘူးဗျာ၊
“ကြာတယ်ကွာ၊ ကဲ ဒါဆိုရင် မင်းအတွက် ကိတ်မုန့်တောင်းပေးမယ်”
ကိုခင်မောင်ပြောတော့ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကိတ်မုန့်ဆိုတာ ရှားတယ်ဗျ၊ မြိုင်သာမှာတောင်မှ မုန့်တိုက်ကတစ်ခုပဲရှိတာ၊ ကျုပ်တို့လိုတောသားတွေတော့ တစ်နှစ်ကို ကိတ်မုန့်တစ်လုံး စားရဖို့မသေချာဘူးဗျာ။ ကိုခင်မောင်က လွယ်အိတ်ထဲကိုလက်နှိုက်တယ်ဗျ။
“ကဲ အဘရေ၊ ဒီကောင်လေးကို ကိတ်မုန့််နည်းနည်းကျွေးလိုက်ပါဗျာ”
ဟော၊ ပြီးတော့ လက်ကိုပြန်ထုတ်လိုက်တော့ လက်တစ်ဆုပ်လောက်ရှိတဲ့ ကိတ်မုန့်ချပ်ပါလာတယ်ဗျာ၊ ကိတ်မုန့်ထူထူလှီးထားတဲ့အချပ်တွေပေါ့၊ ကိတ်မုန့််အပေါ်မှာလည်း အနီရောင်၊ အစိမ်းရောင်နဲ့ ကျောက်ဖရုံယိုတွေ ဖြူးထားသေးတယ်ဗျ၊ ကျုပ်ဖြင့်စားလို့ကောင်းလိုက်တာ မပြောပါနဲ့တော့၊ ပါးစပ်ထဲအတင်းထိုးထည့်စားတာ နင်နေလို့တောင်မှ လင်မနစ်သောက်ပြီး မျောချရတယ်။
“ကိုခင်မောင်ကတော့ နိပ်ပြီဗျာ၊ ကျုပ်တောင်မှ ဒီကျင့်စဉ်ကို ကျင့်ချင်လာပြီ၊ ကျင့်စဉ်အောင်ရင် ကိုယ်စားချင်တာ လုပ်ခိုင်းလို့ရတာကိုး”
ကိုခင်မောင်က ရယ်တယ်ဗျ။
“ဒါထက်အများကြီး အကျိုးရှိတာတွေ ရှိပါသေးတယ်၊ အစားအသောက်လောက်ကတော့ ပမွှားလေးပါကွ”
“ဒါနဲ့ ကိုခင်မောင်ကျင့်စဉ်အောင်ရင် ဘာလုပ်မှာတုန်းဗှ”
ကိုခင်မောင်မျက်နှာက တည်သွားတယ်။
“အဲဒါတော့ မပြောသေးဘူးကွာ၊ နောက်ရောက်မှ နောက်ဈေးပေါ့၊ ကဲ၊ စားပြီးပြီဆိုရင်လည်းပြန်တော့၊ ငါမေတ္တာပို့ရအုံးမယ်”
ကျုပ်လည်း ကိုခင်မောင်အတွက် ထမင်းတောင်းချ၊ သောက်ရေအိုးရေဖြည့်ပြီးတော့ ပြန်ခဲ့တာပေါ့ဗျာ၊ စိတ်ထဲမှာတော့ အတော်ကျေနပ်နေသား၊ ဘာလို့လဲဆိုတော့ ကိတ်မုန့်လည်းစားရတယ်၊ လင်မနစ်လည်း သောက်ရတယ်လေဗျာ။ ဒါပေမယ့် ဒီအကြောင်းတွေကို ကျုပ်ပြောပြတော့ ဘယ်သူမှမယုံဘူးဗျ၊ ယုတ်စွအဆုံး အငယ်ကောင်တောင်မှ မယံဘူး။
“ဟာဗျာ၊ အကိုလတ်ကတော့ လျှောက်ပြောနေပြန်ပါပြီ”
“ငါပြောတာတကယ်ကွ”
“တကယ်ဆိုရင်လည်း အဲဒီကိတ်မုန့်ပြလေဗျာ၊ လင်မနစ်ရော”
“ကိတ်မုန့်ကစားလို့ကုန်ပြီကွ”
“ဒါဆို လင်မနစ်ပုလင်းကျန်မှာပေါ့”
“အေးကွ၊ ပုလင်းလည်း ငါကသောက်ပြီး ညောင်ပင်အောက်မှာထားခဲ့တာ”
“တွေ့လား၊ ဘာမှလည်း အကောင်အထည်ပြနိုင်တာမဟုတ်ပဲနဲ့၊ အကိုလတ်သူများကိုပဲ လျှောက်ပြောလို့ရမယ်၊ ကျုပ်ကိုတော့ လာမလှိမ့်နဲ့”
ကျုပ်လည်း ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက်ချင်တယ်ဗျာ၊ ကိတ်မုန့်တစ်တုံးလောက် ထားထားလိုက်ပါလား၊ လင်မနစ် တစ်ဝက်လောက် ချန်ထားလိုက်ပါလားလို့ပေါ့ဗျာ။ ခုတော့ သက်သေမရှိတော့ လေကျယ်တယ်ချည်း ဖြစ်နေတော့တာပေါ့။
(၃)
ကျုပ်နဲ့အငယ်ကောင်နဲ့ အိမ်ပေါ်မှာ စကားပြောနေတုန်း ခြံထဲကို မိန်းမနှစ်ယောက်ဝင်လာတယ်ဗျ။
“ဝယ်ပါအုံးအဒေါ်ရဲ့”
“တော်ပါပြီအေ၊ နေ့တိုင်း အမဲသားတွေချည်းစားနေရလို့ ငြီးငွေ့နေပါပြီ”
“စားပါအဒေါ်ရဲ့၊ ရတုန်းစားထားနော်၊ နောက်ရက်တွေ အသားထပ်ရဖို့ မသေချာတော့ဘူး၊ ကျွန်မတို့လည်းလျှော့ပေးပါ့မယ်”
ကျုပ်လည်း လှေကားကနေဆင်းလိုက်တော့ အိမ်အောက်မှာ တောင်းပြဲကြီးချပြီး ဈေးရောင်းနေတဲ့ မိန်းမနှစ်ယောက်ကိုတွေ့လိုက်ပါရော၊ ဒီမိန်းမက ကျုပ်မနက်ကတွေ့ခဲ့တဲ့ မိန်းမပဲဗျ။ ကျုပ်ကိုလည်းတွေ့ရော မျက်နှာထားတွေက ခပ်တင်းတင်းဖြစ်သွားတယ်၊ ဒါနဲ့ သူတို့တောင်းထဲမှာ ပါလာတဲ့အမဲသားတွေကို အမေ့အတွက် လှီးဖြတ်ပေးနေတာပေါ့ဗျာ၊ အသားတွေကလည်း ကောင်းလိုက်တာဗျာ၊ နီရဲပြီးတော့ အသားဆိုမှ အသားချည်းပဲဗျ၊ လတ်လိုက်တာကလည်း ပြောမနေပါနဲ့ သွေးတွေတောင်ပေနေသေးတာ။ အရပ်ရှည်ရှည်နဲ့မိန်းမက အမေ့အတွက် လှီးဖြတ်ပြီး ချိန်ခွင်လေးနဲ့ထည့်ချိန်တယ်။
“ငါးဆယ်သားကျော်တယ်နော်အဒေါ်၊ ပိုထည့်ပေးလိုက်တယ်”
“အေးကွယ်၊ ငါ့တူမတွေ ကျမ်းမာချမ်းသာပါစေ”
အမေနဲ့ကျတော့ သူတို့မျက်နှာတွေက ချိုလို့ဗျ၊ ကျုပ်ကိုတော့ မျက်စောင်းတခဲခဲနဲ့ ခါးခါးသီးသီးဖြစ်နေတာ၊ ကျုုပ်လည်းသူတို့လုပ်ကိုင်နေတာတွေကို ဘေးကနေကြည့်ရင်း
“အသားတွေက လတ်သားနော်ဗျ၊ ခင်ဗျားတို့ ဘယ်ကသွားယူတာလဲ”
ကျုပ်မေးတော့ မျက်စောင်းထိုးကြည့်တယ်၊ အမေကလည်း သိချင်နေပုံရတယ်ဗျ။
“ထောက်ရှာ”
“တန်းမြင့်”
မိန်းမနှစ်ယောက်က တစ်ယောက်တစ်မျိုးပြောတယ်ဗျ၊ နောက်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
“ဒီလိုပါအဒေါ်၊ ကျွန်မတို့က ထောက်ရှာရွာကပါ၊ တန်းမြင့်ရွာမှာ အမဲပေါ်နေတော့ အဲဒီကနေတက်ယူပြီးတော့ လှည့်ရောင်းတာပါ”
“အေးကွယ်၊ ညည်းတို့လည်း ပင်ပန်းကြတယ်နော်”
“ဒီလောက်တော့မဟုတ်ပါဘူးအဒေါ်ရယ်”
ကျုပ်ကတော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်ဗျ။
“နေပါအုံး၊ ခင်ဗျားတို့က တန်းမြင့်ရွာကနေသွားယူတယ်လည်းပြောသေးတယ်၊ မနက်ကတွေ့တော့ ပေတောရွာဘက်ထွက်တဲ့လမ်းကနေ လာကြတာပါ”
ကျုပ်မေးတော့ သူတို့မျက်နှာပျက်သွားတယ်ဗျ၊ နောက်တော့အချင်းချင်းလက်ကုပ်ပြီးတော့ ထလိုက်ကြတယ်။
“သွားအုံးမယ်အဒေါ်ရေ၊ တခြားဘက် လည်ရောင်းရမှာဆိုတော့ အချိန်မလင့်ခင်သွားရမယ်မဟုတ်လား”
အမေက ငါးဆယ်တန်ပေးလိုက်တော့ လှမ်းယူပြီး ခပ်သုတ်သုတ်ထွက်သွားကြတာပဲဗျာ၊ အမေကတော့ ကျုပ်ကိုကြည့်ရင်း
“နင်ဟာလေ၊ တော်တော်လျာရှည်တဲ့အကောင်”
“အိုဗျာ၊ သူတို့ကိုနည်းနည်းပါးပါးမေးမိတာ ကျုပ်အမှားလား”
“အေးပါ၊ နင်မမှားပါဘူး၊ နေမွန်းတည့်တော့မယ်၊ ဘုရားဆွမ်းတော်ကပ်ထားတာတွေ သွားစွန့်တော့”
ကျုပ်လည်း အိမ်ပေါ်တက်ခဲ့ပြီး ဘုရားကျောင်းဆောင်ပေါ်မှာတင်ထားတဲ့ ဆွမ်းတော်ဗန်းကလေးကို စွန့်လိုက်တာပေါ့ဗျာ၊ ဆွမ်းထမင်းတွေက ပြည့်နေပေမယ့် ဆွမ်းဟင်းခွက်က ဘာမှမရှိတော့ဘူးဗျ၊ ဟင်းအနှစ်တွေချည်းကျန်တော့တာ။
“အမေရေ၊ ဟင်းလဲမရှိတော့ပါလား”
“ဟောတော်၊ ဒါဆိုရင်တော့ ကြောင်စားသွားပြီထင်တယ်၊ အမဲသားဟင်းနဲ့ဆွမ်းကပ်ထားတာလေ၊ အတုံးကြီးသုံးတုံးတောင်ထည့်ထားတာ”
ကျုပ်လည်း အမေယုံအောင်ပြလိုက်တယ်၊ အမေကတော့ ခြေရင်းအိမ်က မွေးထားတဲ့ ကြောင်ဝါကြိးကို မေတ္တာပို့နေလေရဲ့။
“ဒါနဲ့ အဖေ့ကိုလည်းမတွေ့ပါလားအမေ”
“အေးလေ၊ နင့်အဖေက ရွာဦးကျောင်းမှာ ဧည့်သည်တွေရောက်နေတယ်ဆိုလို့ အဲဒီကိုသွားတာဖြစ်မှာပေါ့”
“ဧည့်သည်၊ မိုးတွင်းကြီး ဘယ်ကဧည့်သည်လဲဗျ”
“ဟဲ့၊ အဲဒါတော့ ငါသိမလား၊ နင်ငါ့ကို စစ်စစ်ဆေးဆေးလာမလုပ်နေနဲ့၊ သိချင်သပဆိုရင် နင့်ဖာသာနင်သွားမေး”
ကျုပ်လည်း လယ်ထဲမဆင်းရဘူးဆိုတော့ ပျင်းနေတာနဲ့ ရွာဦးကျောင်းဘက်ကို လှည့်ခဲ့တာပေါ့ဗျာ။
(၄)
ကျုပ်လည်း ဘုန်းကြီးကျောင်းအဝရောက်ရုံရှိသေးတယ် ဘုန်းကြီးကျောင်းထဲက ရယ်သံတွေကိုကြားလိုက်ရပါရောဗျာ၊ ရှေးဟောင်းကျောင်းကြီးအပေါ်ကို အပြေးတက်ခဲ့တော့ အဖေနဲ့ ရွာခံလူကြီးတစ်သိုက်ထိုင်နေကြတယ်ဗျ၊ ရွာဦးကျောင်းဆရာတော် ထိုင်နေတဲ့အနားမှာတော့ လူကြီးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက် ထိုင်နေကြတယ်၊ လူကြီးကတော့ အသားမည်းမည်းနဲ့ ၀၀ဖြိုးဖြိုး၊ စိုစိုပြေပြေပါပဲဗျာ၊ တိုက်ပုံအဖြူကြီးကိုလည်းဝတ်ထားသေးတယ်၊ လက်ချောင်းတွေမှာလည်း လက်စွပ်တွေက ပြူးနေတာပဲဗျာ၊ ကျုပ်ကတော့ ဒီလူကြီးကို သိပ်စိတ်မဝင်စားပါဘူးဗျာ၊ ကျုပ်စိတ်ဝင်စားတာကတော့ ကောင်မလေးနှစ်ယောက်ပဲဗျာ။
အဲဒီလူကြီးရဲ့ အနားမှာထိုင်နေတဲ့ ကောင်မလေးတွေကလည်း ဝတ်ကောင်းစားလှတွေဝတ်ထားတယ်။ တစ်ယောက်က အသားဖြူဖြူရယ်ဗျ၊ ပန်းရောင်ဇာဝမ်းဆက်လေးဝတ်ထားတာ၊ မျက်နှာကလေးဆို နုနေတာပဲဗျာ၊ ကျုပ်နဲ့အကြည့်ချင်းဆုံသွားတော့ လန့်သွားပြီးတော့ ခေါင်းငုံ့သွားတယ်၊ ကျုပ်ကလည်း ဗို့တစ်ထောင်အား မျက်လုံးကြီးတွေနဲ့ စူးစိုက်ကြည့်နေတာဆိုတော့ သူလည်းရှက်သွားတာဖြစ်မှာပေါ့ဗျာ၊ နောက်ထပ်ကောင်မလေးတစ်ယောက်ကတော့ အသက်နည်းနည်းကြီးပုံရတယ်ဗျ၊ သုံးဆယ်နီးပါးလောက်ရှိပြီထင်တာပဲ၊ အသားကတော့ ခပ်လတ်လတ်ပါ၊ သူက အဖြူဝမ်းဆက်ဝတ်ထားတယ်၊ ချောတာကတော့ ပြောမနေပါနဲ့၊ ဟိုတစ်ယောက်က အသားဖြူတဲ့လူ ချောတဲ့အချောမျိုး၊ ဒီတစ်ယောက်ကျတော့ ညိုချောလေးဗျ။ ကျုပ်ကသူ့ကိုကြည့်တော့ သူကလည်းရဲရဲတင်းတင်းနဲ့ ကျုပ်ကိုပြန်ကြည့်တယ်။
ရွာဦးကျောင်းဆရာတော်အပါအဝင် ရွာခံလူကြီးတွေကတော့ ကျုပ်ကိုဝိုင်းကြည့်နေတာပေါ့ဗျာ၊ အဖေက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
“အလတ်ကောင်၊ အဲဒီမှာ မတ်တပ်ကြီးရပ်ပြီး ဘာတွေငေးနေတာလဲ”
ဒီတော့မှ ကျုပ်လည်းသတိရတာ၊ သူတို့ထိုင်နေတဲ့အနားမှာ ကျုပ်က မတ်တပ်ကြီးရပ်ပြီး ကောင်မလေးတွေကို ငမ်းနေတာကိုးဗျ၊ သူတို့အလှမှာ သတိလက်လွတ်ဖြစ်သွားတာပေါ့ဗျာ၊ ဒါနဲ့ သွားကြီးကိုဖြီးပြီးတော့ အဖေ့ဘေးနားကိုအတင်းထိုင်ချလိုက်တာ၊ တင်ပါးလွှဲထိုင်နေတဲ့ အဖေ့ခြေသလုံးအပေါ်ကို တက်ထိုင်မိပြီး အဖေဆိုထအော်တာ အကျယ်ကြီးပဲဗျာ။
“အား၊ သေပါပြီကွာ၊ ဟေ့ကောင် ဘယ်လိုဖြစ်နေတာလဲ”
“ဟို၊ ဟိုလေ၊ ဒီက မိန်းကလေးတွေရဲ့အလှကိုကြည့်ပြီး မြောသွားလို့ပါအဖေရဲ့”
ကျုပ်လည်း ရှက်ရှက်နဲ့ ပြုံးဖြီးဖြီးကြီးပြောလိုက်တော့ မိန်းကလေးနှစ်ယောက်က တခစ်ခစ်နဲ့ရယ်တယ်ဗျ၊ ကျန်တဲ့လူတွေလည်း ကျုပ်ကိုကြည့်ပြီး ရယ်ကြတာပေါ့ဗျာ။ ကျုပ်ကတော့ မရှက်ပါဘူး၊ သူတို့တွေကိုပဲ စိုက်ကြည့်နေတာ၊ အဖေက ကျုပ်ကျောကုန်းကို လက်သီးနဲ့ထုသလား၊ မထုသလားတောင် မမှတ်မိပါဘူး။
“ကာလသားတွေများ ဒီအတိုင်းပဲ ဒကာကြီးရေ၊ ခက်တော့တာပဲ”
ဆရာတော်က အဲဒီဦးလေးကြီးကိုပြောတယ်၊ ဦးလေးကြီးက ပြုံုးရင်း
“တင်ပါ့ဘုရား၊ တပည့််တော်တို့လည်း ဒီလိုပဲ ငယ်ရာကနေကြီးလာတာပါ၊ ကိစ္စမရှိပါဘူးအရှင်ဘုရား”
ကျုပ်လည်း စပ်စုဖို့စလိုက်တာပေါ့ဗျာ၊ ဒါနဲ့ အဖေ့ကိုကြည့်ရင်း
“အဖေ၊ သူတို့က ဘယ်သူတွေလဲ”
အဖေက ကျုပ်ကိုကြည့်ရင်း
“ဟောဒါကတော့ ဦးမင်းလူတဲ့ကွ၊ တို့ရွာက ဘုရားပျက်ကုန်းကို ပြင်ပြင်ပြီးတော့ ဘုရားပြန်တည်ပေးမယ့် အလှူရှင်တွေပေါ့၊ သူက . . . ဟိုးအထက်ဘက်”
ကျုပ်က အဖေပြောတာကိုဆက်နားမထောင်တော့ဘဲ မိန်းကလေးနှစ်ယောက်ထဲက ပန်းရောင်လေးနဲ့တစ်ယောက်ကို လက်ညှိုးထိုးပြီး
“ဒီက ညီမလေးနာမည်ကရော ဘယ်လိုခေါ်သလဲဟင်”
ကောင်မလေးက ရှက်နေတဲ့ပုံပဲဗျ၊ ကျုပ်ဖြင့်် ကြည့်ရင်း အသည်းတွေယားလာတာဗျာ။
“ဟို၊ ကျွန်မနာမည် ရွှေစင်ပါ”
“ရွှေစင်တဲ့လား၊ လူနဲ့နာမည်နဲ့လိုက်တယ်ဗျာ၊ အသားအရေက ကြည်လင်နေပြီးတော့ မသိရင်ရွှေစင်ရုပ်ကလေးကျနေတာပဲ၊ ဒါနဲ့ ဟိုဘက်က . . .”
ကျုပ်ပြောတော့ အသားညိုညိုနဲ့ ညိုချောလေးက
“ကြ . . . ကြယ်စင်ပါ”
“ဟာဗျာ၊ နာမည်လေးကလည်းလှတယ်ဗျာ၊ ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က”
ဒီတော့ ဦးမင်းလူဆိုတဲ့လူကြီးက ထပြောတယ်။
“ဒါက ဦးလေးသမီးအရင်းတွေပါ၊ အကြီးမက ကြယ်စင်တဲ့၊ အငယ်မကတော့ ရွှေစင်ပေါ့”
ကျုပ်သွားကြီးဖြီးနေတုန်း အဖေက ကျုပ်ကိုကြည့်ပြီးတော့
“နောက်နေ့ကျရင် အလှူရှင်တွေက အဲဒီဘုရားငုတ်တိုဘက်ကို သွားကြည့်ချင်တယ်တဲ့ကွ၊ ဒီတော့ မင်းလိုက်ပြလိုက်”
“ဟုတ်ကဲ့အဖေ၊ စိတ်ချ ကျုပ်တို့တာဝန်ထားပပါ၊ ဒါနဲ့ တည်းတာကျတော့ရော၊ ကျုပ်တို့အိမ် . . .”
“သူတို့ကို ဦးဘဖြူတို့အိမ်မှာတည်းခိုင်းမယ်၊ အိမ်က အကောင်းကြီးမဟုတ်လား၊ လောလောဆယ်လည်း လူမနေဘူးဆိုတော့ အဆင်ပြေသွားတာပေါ့၊ မိညိုကိုပြောပြီး ထားလိုက်မယ်၊ စားတာသောက်တာကတော့ ကျုပ်တို့ပဲစီစဉ်ပေးမယ် ဦးမင်းလူ၊ တခြားအိမ်မှာဆိုရင် ခင်ဗျားသမီးနှစ်ယောက်နဲ့ အနေကျပ်နေမှာစိုးလို့ပါ”
“ကျေးဇူးတင်ပါတယ်သူကြီးရာ”
“မလိုပါဘူးဗျာ၊ ကျုပ်တို့ရွာမှာ နှစ်ရှည်လများပျက်စီးနေတဲ့ စေတီတစ်ခုကို ပြန်ပြင်မယ့် အလှူရှင်ပေါ်လာတာကိုပဲ ကျုပ်တို့ဝမ်းသာမိပါပြီ”
“အင်းဗျာ၊ ကျုပ်လည်း ဒီရွာနဲ့ ရေစက်ပါတယ်ထင်ပါတယ်၊ တလောက ကျုပ်ထူးဆန်းတဲ့ အိပ်မက်ရတယ်ဗျ၊ အဲဒါကတော့ ဘိုးတော်ကြီးတစ်ပါးက မင်းအဲဒီရွာကိုသွားပြီး ပျက်နေတဲ့ဘုရားကိုပြင်ရမယ်တဲ့၊ ကျုပ်လည်း လောလောဆယ်တော့ သိန်းနှစ်ဆယ်မှန်းထားတယ်၊ ဘုရားအနေအထားနဲ့ အခြေအနေကိုကြည့်ပြီးတော့မှ ကျန်တာတွေကို သေချာတွက်ချက်ရမယ်မဟုတ်လားဗျာ”
“ဒါပေါ့၊ ဒါပေါ့၊ ကဲ၊ ခင်ဗျားတို့လည်း ပင်ပန်းနေပြီဆိုတော့ နားကြပါအုံးဗျာ၊ ခင်ဗျားတို့ကားကို ကျောင်းဝန်းထဲမှာပဲ ရပ်ထားခဲ့ပါ၊ ဒီမှာက စိတ်ချရပါတယ်”
ဒါနဲ့ ကျုပ်တို့လည်းထလိုက်လာတာပေါ့ဗျာ၊ အဖေနဲ့ အရှေ့က ဦးမင်းလူတို့ သွားကြတုန်း၊ ကျုပ်ကတော့ အနောက်က ကောင်မလေးနှစ်ယောက်အနားမှာ ရစ်သီရစ်သီပေါ့။
“ညီမတို့ ဘာသိချင်သလဲဆိုတာသာမေးနော်၊ နောက်နေ့တွေလည်း မပြန်သေးဘူးဆိုရင်၊ ဟိုးတောင်ရိုးပေါ်လိုက်ပြမယ်”
“တောင်ရိုးပေါ်မှာ ဘာသွားကြည့်ရမှာလဲ”
ရွှေစင်ဆိုတဲ့မိန်းကလေးက ကျုပ်ကို ခပ်မာမာပြောတယ်ဗျ၊ ကျုပ်လည်း ပြံုံးရင်း ဖြီးနေလိုက်တယ်ဗျာ။ ဒီလိုနဲ့ ကျုပ်တို့တွေ ဦးဘဖြူအိမ်ကိုရောက်လာတာပေါ့ဗျာ၊ ကျုပ်တို့ရွာသားတွေကိုလည်း အိမ်ကိုသန့်ရှင်းပေးလိုက်တာပေါ့၊ အိမ်က အကုန်အကောင်းကြီးပါဗျာ၊ မညိုတို့တွေလည်း သူကြီးအမိန့််ဆိုတော့ လက်ခံရတာပေါ့ဗျာ၊ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးတော့ သူတို့တွေလွတ်လွတ်လပ်လပ်တည်းပါစေဆိုပြီးပြန်ခဲ့တာပေါ့၊ ခက်တာက ဦးဘဖြူအိမ်မှာရေမရှိဘူးဗျ။ အဖေက ကျုပ်ကိုလှမ်းကြည့်တယ်၊ ကျုပ်ကလည်း သိတဲ့အတိုင်းပဲမဟုတ်လား။ သူတို့နဲ့နီးလေကောင်းလေဆိုတော့ အိမ်အောက်က ရေပုံးနဲ့ ထမ်းပိုးကြီးပြေးဆွဲပြီးတော့ ရွာလယ်က ရေတွင်းဆီကိုပြေးလာခဲ့တာပဲဗျာ။
ကျုပ်တို့ရွာတစ်ရွာလုံး သင့်သလိုရေတွင်းတွေသုံးကြတာဗျ၊ နီးရာအိမ်က ရေယူသုံးတယ်ပေါ့ဗျာ၊ မိုးတွင်းဆိုတော့လည်း ရေတွင်းတွေက ရေထွက်တယ်ဆိုတော့ ရေပေါသေးတာပေါ့ဗျာ၊ ရေတွင်းတွေထဲကမှ ရွာလယ်ကရေတွင်းက ရေတော်တော်ကောင်းတာဗျ၊ ကြည်စိမ်းနေပြီး ပြန်စစ်စရာကိုသိပ်မလိုဘူး၊ အညာကရေတွင်းတွေက သဲတွေ၊ ရွှံ့တွေပါတတ်တယ်ဆိုပေမယ့် အဲဒီရေတွင်းကတော့ အတော်ကြည်သဗျာ။
ကြယ်စင်နဲ့ ရွှေစင်ညီအမသုံးဖို့ဆိုပြီး စိတ်ထဲတွေးလိုက်တာနဲ့ ရေခပ်ရတာ ပင်ပန်းတယ်လို့တောင်မထင်ပါဘူးဗျာ၊ ကျုပ်လည်း ရေတစ်ထမ်းဆွဲပြီး ဦးဘဖြူအိမ်ကိုပြန်သွားဖြည့်တာပေါ့၊ ရွာလယ်ရေတွင်းနဲ့ ဦးဘဖြူအိမ်နဲ့က နည်းနည်းတော့လှမ်းတယ်ဗျ၊ ကျုပ်လည်း ရေတစ်ထမ်းကို ဦးဘဖြူအိမ်အနောက်က ရေချိုးတဲ့နေရာကို သွားဖြည့်ပေးလိုက်တာပေါ့ဗျာ။ ဦးမင်းလူကိုမတွေ့ပေမယ့် အိမ်ပေါ်ထပ်ကနေ ကြယ်စင်နဲ့ ရွှေစင်ညီအမတွေ ထမီရင်လျားနဲ့ဆင်းလာတယ်ဗျ၊ ကျုပ်ကိုမြင်တော့ နည်းနည်းတော့ ရှက်သွားပုံရတယ်။ ကျုပ်လည်း ရေအိုးထဲကိုတစ်ထမ်းလောင်းထည့်ပြီး
“ပင်ပန်းလာပြီထင်တယ်၊ ရေချိုးကြနော်၊ ဒီရေက သိပ်အေးသိပ်ကြည်တာဗျ၊ ခင်ဗျားတို့ပင်ပန်းတာတွေအကုန်လုံး ပျောက်သွားလိမ့်မယ်”
ရွှေစင်ကတော့ ဘာမှမပြောပေမယ့် ကြယ်စင်ကတော့ ကျုပ်ကိုပြုံးပြတယ်။
“ကျေးဇူးတင်လိုက်တာ ကိုခင်မောင်ရယ်”
ကျုပ်တောင် နည်းနည်းထူးဆန်းသွားသေးတယ်ဗျ၊ ကျုပ်နဲ့ကောင်းကောင်းမိတ်မဆက်ရသေးပေမယ့် ကျုပ်နာမည်ကို သူတို့သိပြီးသားဖြစ်နေတယ်မဟုတ်လား၊ ဒါကလည်း အဖေများပြောခဲ့တာလားလို့ပေါ့၊ ဒါနဲ့ကျုပ်လည်း သူတို့ကိုပြုံးပြရင်း နောက်ထပ်ရေတစ်ထမ်း ပြေးဆွဲတာပေါ့ဗျာ။
(၅)
ရေတွင်းမှာ ရေသွားခပ်တော့ မိန်းကလေးတစ်ယောက်နဲ့တွေ့ပြန်ရောဗျာ၊ အဲဒီမိန်းကလေးက ဆံပင်အရှည်ကြီးနဲ့ဗျ၊ ရှည်တာမှ ခြေသလုံးလောက်အထိကိုရှိမယ်ထင်တယ်၊ ကျုပ်လည်း သူ့ကိုသေချာကြည့်လိုက်မိတယ်၊ ရုပ်ရည်ကတော့ သိပ်အချောကြီးမဟုတ်ပေမယ့်် ကိုယ်လုံးကိုယ်ပေါက်နဲ့ဆံပင်ကြီးကတော့ သိပ်လှတယ်ဗျ၊ အဲဒီမိန်းကလေးကိုတွေ့တော့ ကျုပ်လည်း သူ့အတွက်ရေငင်ပြီးတော့ သူပိုက်လာတဲ့ ရေအိုးထဲကိုလောင်းထည့်ပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်မောင်လေး”
“ရပါတယ်၊ ဒါနဲ့ ခင်ဗျားကို ကျုပ်မမြင်ဖူးပါဘူး”
“မြိုင်သာကနေလာခဲ့တာပါ”
“ဒါကြောင့်ကိုးဗျ၊ ဒါနဲ့ ဘယ်သူ့အိမ်မှာတည်းသလဲ”
ကျုပ်မေးတော့ အဲဒီမိန်းကလေးက မပြောချင်တဲ့ပုံစံံနဲ့ ခေါင်းခါပြတယ်ဗျ၊ ပြီးတော့ ရေအိုးရွက်ပြီးတော့ ရွာလယ်လမ်းအတိုင်းအရှေ့ဘက်ထွက်သွားတာပဲ၊ ကျုပ်ဖြင့် သူ့ကျောကုန်းငေးကြည့်ရင်း ဆံနွယ်တွေလှုပ်ရှားနေတာကို ငေးမောကြည့်နေမိတယ်ဗျာ၊
“အား . . . အား”
ကောင်းကင်မှာ ကျီးကန်းတွေအော်တဲ့အသံကိုကြားလိုက်တော့မှပဲ ကျုပ်လည်းသတိကပ်သွားမိတော့တယ်၊ ဘယ်လိုဖြစ်သလဲမသိဘူးဗျာ၊ ကျီးတွေပြိုနေတာ အကောင်နှစ်ဆယ်လောက်တောင်ရှိမယ်ဗျ၊ ကျီးကန်းတွေ့လို့ထူးဆန်းတယ်ဆိုရမှာပေါ့၊ ကျုပ်တို့ရွာမှာက ကျီးကန်းမှမရှိဘဲ၊ တောကျီးကန်းတော့ တစ်ကောင်တစ်လေရှိပေမယ့် အခုလိုကျီးအုပ်ကြီးကိုတော့ မြင်ရခဲတယ်မဟုတ်လား။
အချိန်က တဖြည်းဖြည်းညနေစောင်းလာခဲ့ပြီဗျ၊ ကျုပ်လည်းရေထမ်းပေးပြီး ရေပုံးကို ဦးဘဖြူတို့အိမ်အောက်မှာ ပြန်ထည့်ထားတော့ အိမ်ပေါ်ကနေမိန်းကလေးစကားပြောသံတွေကြားရတယ်ဗျ။
“ဟိုတစ်ယောက်ကတော့ အားကိုးရတယ်နော် အမရီ”
“ဟား၊ ဟား၊ သူက ဒီလိုပဲ စိတ်ကောင်းရှိပါတယ် ညီမရဲ့”
“စိတ်ကောင်းပဲရှိတာလား၊ အမကိုများ ကြိုက်နေတာများလား”
“ခစ်ခစ်၊ အကြောင်းသိသွားရင် ထွက်တောင်ပြေးသွားပါအုံးမယ် ညီမရယ်၊ ဒါနဲ့ ညီမကိုလည်း ကြည့်တယ်နော်”
“အဲဒါကတော့ အရင်ကတည်းက ကြည့်တာ၊ မျက်လုံးပေါက်ထွက်မတတ်ပဲ”
သူတို့ဘာတွေပြောနေသလဲဆိုတာတော့ မသိဘူးဗျ၊ ဖြစ်နိုင်တာကတော့ ယောက်ျားလေးတစ်ယောက်အကြောင်းပြောနေကြတာ၊ ကျုပ်လည်း ကျုပ်ခိုးနားထောင်နေမှန်း သိသွားမှာစိုးတာနဲ့ ခြေသံလုံလုံနဲ့ထွက်လာခဲ့တာပေါ့ဗျာ။
ရွာလယ်လမ်းရောက်တော့မှ ကိုမြင့်တို့နဲ့တွေ့တယ်။ ကိုမြင့်တို့က ထုံးစံအတိုင်း ညနေ နေညိုပြီဆိုရင် လေပြိုလာကြပြီလေဗျာ၊ ဒီတော့ ဦးတရုတ်ကြီးဆိုင်သွားပြီး ဆေးလေးဝါးလေး သွားမှီဝဲကြမယ်မဟုတ်လား၊ ကျုပ်ကိုမြင်တော့ ကိုမြင့်ကလှမ်းခေါ်တယ်။
“အလတ်ကောင်၊ နက်ဖြန် လကွယ်ညနော်ကွ”
“အင်းဗျာ၊ ကျုပ်ဖြင့် ခင်ဗျားတို့နဲ့ လိုက်နိုင်လိမ့်မယ်တောင်မထင်ဘူး”
“ရပါတယ်၊ မင်းမပါလည်း ငါတို့သုံးယောက်က ရအောင်သွားမှာအလတ်ကောင်၊ စိတ်ချ၊ မင်းဘိုးတော်က လူလိမ်ဆိုတာ ငါတို့ဖော်ပြမယ်”
ကိုမြင့်ကတော့ ခေါင်းတမော့မော့နဲ့သွားတာပဲဗျာ၊ ကျုပ်က ဘာလို့မလိုက်ရသလဲဆိုရင် ခုနက ဘုရားဒကာကြီးတွေကို မနက်ဖြန်ကျရင် ဘုရားပျက်ကုန်းကိုလိုက်ပြရအုံးမယ်မဟုတ်လား၊ ပြီးတော့ ဒီကောင်မလေးတွေအနားမှာလည်း ရစ်သီရစ်သီလုပ်ချင်သေးတာပ။
ပြန်လာရင်းနဲ့ ဦးဘသာနဲ့တွေ့တယ်ဗျ၊ ကျုပ်လယ်ထဲကိုမဆင်းပေမယ့်် ဦးဘသာက လယ်ထဲဆင်းတဲ့သဘောပါပဲဗျာ၊ သူ့နွားနှစ်ကောင်မောင်းလာရင်း ကျုပ်ကိုတွေ့တော့လှမ်းခေါ်တယ်။
“အလတ်ကောင်၊ မင်းကိုကြည့်ရတာကလည်း ချွေးတွေသံတွေနဲ့ပါလားကွ”
“ချွေးတွေရွှဲမှာပေါ့ဗျာ၊ ခုနကပဲ ဧည့်သည်တွေအတွက် ရေသွားထမ်းပေးရသေးတယ်မဟုတ်လား”
ဦးဘသာက မျက်မှောင်ကြုတ်ရင်း
“နေစမ်းပါအုံး၊ ဘယ်ကဧည့်သည်တွေ ရောက်နေပြန်ပြီလဲ”
“ဘယ်ကဆိုလဲဗျာ၊ ကျုပ်လည်းသိပ်သေချာမကြားလိုက်ဘူး၊ ဦးလေးကြီးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ဗျ၊ ဦးလေးကြီးနာမည်က ဦးမင်းလူတဲ့၊ သူ့သမီးနှစ်ယောက်ကြတော့ ရွှေစင်နဲ့ ကြယ်စင်တဲ့ဗျာ၊ နာမည်လေးတွေ မလှဘူးလား”
ဦးဘသာက ကျုပ်ပြောတော့ ခေါင်းညိတ်တယ်ဗျ။ ကျုပ်လည်း ဆက်ပြောတာပေါ့။
“နာမည်လေးတွေလှသလို၊ လူလေးတွေလည်း သိပ်လှတာပဲဗျာ၊ ခုလည်း သူတို့ညီအမရေချိုးဖို့အတွက် ရေသွားထမ်းပေးပြီးတော့ ပြန်လာခဲ့တာ”
“ဟား၊ ဟား အလတ်ကောင်တို့ကတော့ သွက်တယ်ဟေ့၊ ကြိုးစားထားကွ၊ မြို့သူတစ်ယောက်လောက်ကိုတော့ တို့ရွာသူအဖြစ် စည်းရုံးပေးပါအုံးကွာ၊ ဟား၊ ဟား”
ဦးဘသာပြောတော့ ကျုပ်လည်းရှက်ရှက်နဲ့ခေါင်းကုပ်နေတာပေါ့။ ဦးဘသာက ကျုပ်အနားကပ်ပြီး
“ဒါနဲ့ ခုတလောရွာမှာ ထူးဆန်းမနေဘူးလား”
“ဘာထူးဆန်းလဲဗျ”
“ဟိုကွာ၊ ဧည့်သည်တွေအများကြီး ရောက်နေတယ်နော်”
“ဧည့်သည်ရောက်တာ ဆန်းသလားဦးဘသာရဲ့”
“ပုံမှန်ဆိုရင်တော့ မဆန်းပါဘူးကွာ၊ ဒါပေမယ့် အခုရောက်လာကြတာ လူစိမ်းတွေမဟုတ်လား၊ ရောက်လာပံုံတွေကလည်း ဗြုန်းစားကြီးတွေ”
ဦးဘသာပြောမှ ကျုပ်လည်းစဉ်းစားမိတယ်ဗျ။
“မင်းပြောတဲ့ ဘုရားဒကာဆိုတာကရော ဘာလို့မိုးတွင်းကြီးရောက်လာတာလဲကွ၊ မိုးကုန်မှ လုပ်ငန်းစလို့ရမယ်လေ၊ ဘုရားတည်မယ်ဆိုရင် ငါတို့ရွာသားတွေက လယ်ယာလုပ်ငန်းခွင်ပြီးမှ ကူလို့ရတာမဟုတ်ဘူးလား”
“ဟာဗျာ၊ ဒါကတော့ သူတို့ကအခုတည်မယ်လဲ မပြောသေးပါဘူး၊ အခုက နေရာလာကြည့်တာဗျ”
“ထားပါတော့၊ မင်းသွားသွားပို့နေတဲ့ ရုက္ခစိုးကျင့်စဉ်တစ်ယောက်လည်း ရှိသေးတယ်မဟုတ်လား”
“သူကလည်း ရောက်တာကြာပါပြီ”
“နောက်ပြီး ညနေကလည်း ကောင်မလေးတစ်ယောက်တွေ့လိုက်သေးတယ်၊ မျက်နှာစိမ်းပဲကွ”
“ဆံံပင်ရှည်ရှည်နဲ့ ကောင်မလေးမဟုတ်လား၊ အဲဒါ မြိုင်သာကနေလာတဲ့သူတဲ့ဗျ၊ ကျုပ်မေးတော့လည်း ဘာမှပြန်မဖြေဘူး”
“အေးလေ၊ ဒါကြောင့်် နည်းနည်းထူးဆန်းမနေဘူးလား”
ကျုပ်လည်း ပုခုံးတွန့်လိုက်ပြီး
“ကျုပ်အတွက်တော့ ဘာမှမထူးဆန်းပါဘူးဗျာ၊ နောက်ပြီး ဈေးသည်နှစ်ယောက်လည်းရှိသေးတယ်၊ တစ်ယောက်က ပိန်ပိန်၊ တစ်ယောက်က ပုပုဗျ”
ဦးဘသာက မျက်မှောင်ကြုတ်သွားတယ်။
“ဟုတ်လား၊ ငါတော့မတွေ့မိပါဘူး”
“ဘယ်တွေ့မလဲဗျ၊ ဦးဘသာက လယ်ထဲချည်းဆင်းနေတာကိုး၊ သူတို့က နေ့လည်နေ့ခင်းလောက်လာကြတာ၊ ဒါနဲ့ ထူးဆန်းတယ်ဆိုရင် ထုံးစံံအတိုင်း ရွှာတော်ရှင်ကို မေးကြည့်ပေါ့ဗျာ”
“မေးပြီးတာကြာပေါ့ကွ၊ ရွာတော်ရှင်ကလည်း ဘာမှမပြောဘူး”
“ဒါဆိုလည်း မထူးလို့ပေါ့ဗျာ၊ သံသယတွေ သိပ်မများပါနဲ့ ဦးဘသာရာ၊ သူတို့က ဒီအတိုင်းတိုက်ဆိုင်သွားတာပါ”
“အေး၊ မင်းပြောသလိုပဲ တိုက်ဆိုင်တာဖြစ်ပါစေလို့ ဆုတောင်းပါတယ်ကွာ၊ ငါ့မျက်ခုံးနှစ်ဖက်က တအားလှုပ်နေတာ သုံးလေးရက်ရှိပြီကွ”
“မျက်ခံုံးလှုပ်တာများဗျာ အဆန်းလား”
“ငါ့အတွက်တော့ ဆန်းတယ်ဟ၊ ငါမျက်ခုံးတွေ အဲဒီလိုလှုပ်လာပြီဆိုရင် တစ်ခုခုတော့ ပြဿနာဖြစ်တော့မှာပဲကွ၊ အဲဒါက ကြိုတင်နိမိတ်ပြတဲ့ပုံပေါ့”
“ဒီအတိုင်း သွေးလေအားနည်းလို့ဖြစ်မှာပါ၊ ကဲ ဦးဘသာပဲ မျက်ခုံးဆက်လှုပ်၊ ကျုပ်တော့သွားပြီဗျာ၊ ရေမိုးချိုးပြီးတော့ ညကျရင် ဟိုကောင်မလေးတွေအိမ်ရှေ့ လမ်းသလားလိုက်အုံးမယ်”
“ဟား၊ ဟား ကြိုးစားထားဟေ့အလတ်ကောင်ရေ”
ကျုပ်လည်း ဦးဘသာကြီးကိုလက်ပြပြီးတော့ အိမ်ကိုပြန်ပြေးခဲ့တာပေါ့ဗျာ။
ညနေအိမ်မှာထမင်းစားတော့ အမဲသားဟင်းပဲဗျ၊ ကျုပ်လည်း အမဲသားကိုကြည့်ရင်း စဉ်းစားလာတယ်၊ သူတို့ပြောတာတွေက သဘာဝမကျဘူးဗျ၊ ထောက်ရှာရွာနဲ့ တန်းမြင့်ရွာဆိုတာ လှည်းနဲ့တောင် နေ့တစ်ပိုင်းလောက်သွားရတာ၊ ကျုပ်တို့ရွာနဲ့ တန်းမြင့်ရွာဆိုရင်လည်း ရှစ်မိုင်တောင်ဝေးတာဆိုတော့ ယောက်ျားခြေလှမ်းနဲ့တောင်မှ နှစ်နာရီသာသာလောက်သွားရတာ၊ ပြီးတော့ တန်းမြင့်ရွာကနေ ယူလာတဲ့အမဲသားက ဒီရောက်တော့ သွေးတောင်မခြောက်သေးဆိုတော့ ဖြစ်နိုင်ပါ့မလား၊ အမဲသားအကြောင်းတွေးရင်း ပဟေဠိဖြစ်သွားတာနဲ့ အမဲသားဟင်းကိုခပ်နေတဲ့လက်ကို ရပ်ထားလိုက်မိတယ်။ အမေက ကျုုပ်ကိုကြည့်ရင်း
“ဟဲ့အလတ်ကောင်၊ ဟင်းခွက်ကိုခပ်ရင်လည်းခပ်လေ၊ တန်းလန်းကြီးလုပ်ပြီး ဘာတွေတွေးနေတာလဲ”
အမေအော်မှ ကျုပ်လည်း သတိဝင်ပြီး လက်ကိုပြန်သိမ်းလိုက်မိတယ်၊ အမေက ကျုပ်ကိုကြည့်ရင်း
“ဟဲ့၊ နင်က မစားဘူးလား”
“မစားတော့ဘူးဗျာ၊ နေ့စဉ်ရက်ဆက်စားနေရတာဆိုတော့ မစားချင်တော့ဘူး”
အငယ်မကတော့ အမဲသားတုံးကို ပါးစပ်နဲ့ဖဲ့ရင်း
“ကောင်းတယ်၊ အကိုလတ်မစားတော့ သမီးတို့များများစားရတာပေါ့”
သူတို့အားလုံး အမဲသားနဲ့မြိန်ရေရှည်ရည်စားနေတဲ့အချိန်မှာ ကျုပ်ကတော့ငါးပိချက်နဲ့ တို့စရာနဲ့ပဲစားလိုက်တာပေါ့ဗျာ။ ထမင်းစားပြီးတော့ အဖေ့ကိုခင်မောင်အကြောင်းကို သတင်းပို့ရသေးတယ်၊ အဖေကတော့ ခေါင်းတညိတ်ညိတ်နဲ့
“ဟေ၊ ဒါဆိုရင် လာမယ့််လကွယ်ညတော့ တစ်ခုခုထူးပြီထင်တယ်ကွ”
အဖေပြောတာကို ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကိုမြင့်တို့ကလည်း မနက်ဖြန်လကွယ်ညမှာ ကိုခင်မောင်ကိုသွားချောင်းမယ်ဆိုတော့ တကယ်ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ ထူးပြီပေါ့ဗျာ။
ဆက်ရန်။