(၁)
ဦးတောကျော်တစ်ယောက် ရိုးမအရှေ့ခြမ်းရှိတောင်ကုန်းကလေးတစ်ခုအပေါ်သို့ တက်လိုက်လေသည်။ တော်သလင်းနေပုစွန်သေ၊ တော်သလင်းမိုး ကန်သင်းကျိုးဟူသည့်အတိုင်း မိုးတစ်ပြိုက်ရွာလိုက် နေတစ်လှည့်ပူလိုက်နှင့် ရှိနေလေရာ တောအုပ်အတွင်းရှိ သဘာဝမှိုကျင်းများမှ မှိုများပွင့်လာကြလေသည်။ ဦးတောကျော်လည်း တောင်ကုန်းကလေးအပေါ်သို့တစ်ခဲ့ပြီး တစ်ဖက်လျှိုထဲသို့ ငုံ့ကြည့်လိုက်ရာ ဖွေးဖွေးဖြူနေသည့် မှိုပွင့်ချပ်များ အုံနှင့်ကျင်းနှင့် ပေါက်နေကြလေသည်။
အနောက်မှ နှုတ်ဆက်သံကိုကြားသဖြင့် လည့်ကြည့်လိုက်ရာ သူတို့ရွာမှ ရွာသူသုံးဦးနှင့် ရွာသားနှစ်ဦးတို့မှာ ခြင်းတောင်းများကိုယ်စီလွယ်ပိုက်လျှက် တောင်ကုန်းကလေးအပေါ်သို့ တက်လာကြသည်ကိုတွေ့လိုက်ရလေသည်။
“အေးပေါ့၊ မုဆိုးဆိုတော့လည်း မုဆိုးအလုပ် လုပ်ရတာပေါ့ကွာ၊ ဒါနဲ့ မင်းတို့က ဘာလာလုပ်တာလဲ”
“မှိုကျင်းလာရှာတာပေါ့ ဦးလေးရာ”
“မင်းတို့မှိုကျင်းရှာတာကလည်း တောတောင် တော်တော်နက်နေပြီကွ၊ သားကောင်လေးဘာလေး သတိထားအုံး”
“ဟာဗျာ၊ ဦးလေးကလည်း တောစပ်နားမှာ မှိုတွေကုန်ပြီဗျ၊ ရွာသားတွေတဝကြီး ခူးစားပြီးပြီမဟုတ်လား၊ ဒီလိုတောနက်တော့မှ မှိုကျင်းကောင်းကောင်းရှိတာ၊ နောက်ပြီး ဘယ်သူမှလည်း သိပ်မလာကြတော့ လုကောက်စရာမလိုတော့ဘူးပေါ့ ဦးလေးရာ”
“အေးပါ၊ ဟိုတောင်ကြားထဲမှာ မှိုကျင်းတွေဖွေးဖွေးလှုပ်နေတာပဲဟေ့”
ဦးတောကျော်လက်ညှိုးထိုးပြလိုက်သည့်အခါ ရွာသားတစ်စုမှာ မှိုများကိုတွေ့သည့်အတွက် ဝမ်းသာသွားကြပြီး ပြုံးလိုက်ကြလေသည်။ ဦးတောကျော်ကိုပင် နှုတ်မဆက်တော့ဘဲ တောင်ကြားထဲသို့ ပြေးဆင်းသွားတော့သည်။ ဦးတောကျော်လည်း ထိုတောင်ကြားကို ပတ်ကာ သားကောင်ရှိမည့်နေရာကို ရှာဖွေနေမိသည်။ ထိုအခိုက် တအိအိအော်သံများကို တောင်ကြားထဲတွင် ကြားလိုက်ရသည့်အတွက် ဦးတောကျော်လည်း သေနတ်ကိုအသင့်ပြင်ကာ တောင်ကြားအတွင်းဆင်းခဲ့သည်။
အရာသာကောင်းမွန်သည့် မှိုပွင့်များကို လူသာမက တောဝက်များကလည်း ကြိုက်နှစ်သက်သည်ထင်သည်။ မှိုသာမကသေး၊ တောင်ကြားထဲရှိ ဝါးပင်အချို့မှလည်း မျှစ်ဝါးဆို့များအသစ်ထွက်ပေါ်နေကြရာ တောဝက်အုပ်အတွက် စားတော်ပွဲတွေ့သည့်နှယ် ဖြစ်နေတော့သည်။ ဦးတောကျော်လည်း တောဝက်များရိပ်မိမည်ကို စိုးရိမ်သည့်အတွက် တောင်ကြားထဲသို့ ခပ်ဖြေးဖြေးသာဆင်းခဲ့သည်။ တောဝက်အုပ်ကို အပေါ်စီးမှလှမ်းကြည့်လိုက်ရာ ဆယ့်ငါးကောင်ခန့်ရှိသည်။ တောင်ကြားထဲရှိ မှိုကျင်းတစ်ကျင်းတွင် မှိုများကို ခူးဆွတ်ကာ စားသောက်နေကြလေသည်။ ထို့နောက် တောဝက်အုပ်ကို ဦးဆောင်သည့်် ခေါင်းဆောင်ဝက်ထီးက ပတ်ဝန်းကျင်ကိုအကဲခတ်နေလေရာ ဦးတောကျော်လည်း သစ်ပင်ပင်စည်တစ်ခုနဲ့အလျျင်အမြန်ကွယ်နေလိုက်ရသည်။
“စွီ . . .စွီ”
တောဝက်အုပ်ခောင်းဆောင်က အသံတစ်မျိုးပေးပြီးနောက် အရှေ့မှပြေးထွက်သွားလေရာ အနောက်မှ တောဝက်များကလည်း ပြေးလိုက်သွားကြသည်။ ဦးတောကျော်လည်း တောဝက်အုပ်ကိုမြင်တွေ့လိုက်ပြီးနောက် ရင်ထဲစိုးထိပ်သွားလေသည်။
“ဟာ၊ တောင်ကြားထဲပြေးပြီဟေ့၊ မပြောကောင်းပြောကောင်း၊ ခုနက လူတစ်သိုက်နဲ့တွေ့နေမှဖြင့်”
ဦးတောကျော်လည်း တောဝက်အုပ်အနောက်ဘက်သို့ တောင်ခါးပန်းအပေါ်မှ အပြေးလိုက်လာခဲ့လေသည်။ ထင်သည့်အတိုင်းပင် တောဝက်အုပ်မှာ တောင်ကြားအတွင်းရှိ မှိုကျင်းတစ်ခုတွင် မှိုနှုတ်နေကြသည့် ရွာသားများနှင့်တွေ့လေသည်။ တောဝက်အုပ်က ရွာသားများကိုတွေ့လိုက်သော်လည်း ရွာသားများက တောဝက်အုပ်ကိုမတွေ့ကြဘဲ ကိုယ့်အာရုံနှင့်ကိုယ် မှိုနှုတ်နေကြသည်။ တောဝက်အထီးမှာ ခေတ္တရပ်တန့်လိုက်ပြီး မှိုနှုတ်နေသည့်် လူများကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တအိအိနှင့် အော်သံပေးလျှက် ထိုလူများထံသို့ အပြေးဝင်လာလေသည်။
“ဟေ့ကောင်တွေ . . .”
ဦးတောကျော်က အသံအကျယ်ကြီးနှင့််အော်လိုက်သည့်အခါမှ မှိုနှုတ်နေသူများမှာ အလန့်တကြားဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်လေသည်။ တောဝက်ထီးကြီးက ဆောင့်ကြောင့်ထိုင်နေသည့် ရွာသူတစ်ဦးထံသို့ အစွယ်ကြီးကိုကော့လျှက် အပြေးဝင်ရောက်သွားလေရာ ဦးတောကျော်လည်း မနေသာတော့ဘဲ မုဆိုးထိုင် ထိုင်ချလိုက်ပြီးနောက် တောဝက်ထီးကြီးကို ချိန်ရွယ်လျှက် သေနတ်ဖြင့််ပစ်ခတ်လိုက်တော့သည်။
“ဒိန်း”
သေနတ်သံက တောင်ကြားထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာလေသည်။ တောဝက်ထီးကြီး၏ ဦးခေါင်းတည့်တည့်ကို ကျည်ဆန်ထိမှန်သွားပြီးနောက် တောဝက်ထီးကြီးမှာ အရှေ့သို့ ကျွမ်းတစ်ပတ်ထိုးသွားကာ လဲကျသွားလေသည်။ ခြေလက်များက မိုးပေါ်သို့ထောင်လျှက် တဆတ်ဆတ်နှင့််တုန်ယင်နေလေသည်။ မှိုနှုတ်နေသူများလည်း ဦးတောကျော်ထံသို့ ကြောက်လန့်တကြားနှင့် ပြေးတက်လာကြသည်။ တောဝက်အုပ်ခေါင်းဆောင် ဝက်ထီးကြီး သေဆုံးသွားသည့်အခါ အနောက်မှလိုက်လာသည့် တောဝက်များသည်လည်း ကျယ်လောင်စွာဟစ်အော်လျှက် ပြန်လှည့်ပြေးကြတော့သည်။
ဦးတောကျော်အနီးတွင် ယမ်းငွေ့တွေဝေနေဆဲဖြစ်သည်။ ဦးတောကျော်လည်း တောဝက်အနီးသို့ဆင်းလာခဲ့သည်။ ခဲသီးကျည်ဆန်မှာ တောဝက်ထီးကြီး၏ ညာဖက်နားရွက်အနီးသို့ ဖောက်ဝင်သွားကာ တစ်ဖက်နားရွက်အနားတွင် ပွင့်ထွက်သွားပြီး အချင်းတစ်လက်မခန့်ရှိသည့် အပေါက်ကြီးဖြစ်သွားကာ ဦးနှောက်အပိုင်းအစများလည်း ပွင့်ထွက်နေတော့သည်။
“ကျေး၊ ကျေးဇူးတင်ပါတယ်ဦးလေးရာ၊ ဦးလေးသာ မကယ်ရင် ကျုပ်တို့တော့ ဒုက္ခတွေ့တော့မှာ”
“အေး၊ ဒုက္ခတင်ဘယ်ကမလဲကွ၊ သေမင်းနဲ့ပါတွေ့သွားမှာ၊ မင်းတို့က ငုတ်တုတ်ထိုင်နေကြတာဆိုတော့ ဒီဝက်ထီးကြီးသာ မင်းတို့ကိုပက်မိရင်တော့ မင်းတို့ရဲ့လည်ပင်းတို့၊ ရင်ညွှန့်တို့လောက်ကတော့ အသာကလေးပွင့်သွားနိုင်တယ်ကွ၊ နောက်ဆို တောထဲလာတဲ့အခါ ပတ်ဝန်းကျင်ကိုလည်း သတိထားကြ၊ တောဆိုတာ အမြဲတမ်း အန္တရာယ် ကျရောက်လာနိုင်တယ်လို့ တွေးထားကွ”
ဝက်ထီးကြီးမှာ အချိန်သုံးဆယ်နီးပါးခန့်ရှိမည်ထင်သည်။ ဝါးလုံးခိုင်ခိုင်တစ်လုံးကို ခုတ်ထွင်လိုက်ပြီးနောက် တောဝက်ကြီးကို လျှိုကာ ရွာသားနှစ်ဦးအားထမ်းခိုင်းလိုက်ရသည်။ သို့နှင့် ဦးတောကျော်တို့လည်း ရွာဆီသို့ပြန်လာခဲ့ကြသည်။ ရွာသူများကတော့ မှိုတောင်းများကိုထမ်းလျှက် မှိုရသည့်မျက်နှာဖြင့် ပြုံးဖြီးနေကြသလို ဦးတောကျော်ကတော့ တောဝက်ရသည့်အတွက် ပြုံးဖြီးရင်း ရွာသို့ပြန်လာခဲ့ကြသည်။
“ဦးတောကျော်ကြီး တောဝက်ရလာတယ်ဟေ့”
ရွာထဲမဝင်ခင်ကတည်းကပင် ရွာသားများက ဟစ်အော်လိုက်ကြသည်။ အိမ်ရောက်သည့်အခါ တောဝက်ကိုခြံထဲမှာပင် ဖျက်လိုက်သည်။ တောဝက်သားစားချင်သည့် ရွာသားများကလည်း ဦးတောကျော်အနီးသို့ရောက်လာကာ ဝိုင်းဝန်းလုပ်ကိုင်ပေးကြသလို၊ အချို့ကလည်း ရပ်ကြည့်နေကြသည်။ ဦးတောကျော်ကလည်း တောဝက်စွယ်များကို ဖြတ်တောက်သိမ်းဆည်းလိုက်ကာ ကျန်သည့်အသားများကို ရောင်းချလိုက်လေသည်။ ရောင်းချသည်ဆိုသော်လည်း ငွေကြေးနှင့်မဟုတ်ပေ၊ စပါးတတ်နိုင်သည့်အိမ်က စပါးပေးသည်။ အချို့ကလည်း ငရုတ်၊ ကြက်သွန် နှင့် လဲစားကြသည်။ ထမ်းပိုးလာပေးသည့် ရွာသားနှစ်ဦးကိုတော့ ဝက်ပေါင်တစ်ယောက်တစ်ပေါင်စီပေးလိုက်သည့်အခါ ထိုသူများကလည်း မှိုများကို လက်ဆောင်ပြန်ပေးခဲ့လေသည်။
နေ့လည်ရောက်သည့်အခါ ဝက်ဖျက်ခြင်းလုပ်ငန်းပြီးစီးသွားသည်။ ဦးတောကျော်လည်း မြေအိုးထဲတွင် ဝက်ကလီစာများကို ရည်ဆမ်းကလေးချက်ပြုတ်လိုက်ပြီး ကြက်သွန်နှင့် ငရုတ်သီးခြောက်တို့ကောင် ဆားအနည်းငယ်ထည့်ကာ ငရုတ်သီးဆားထောင်း ထောင်းနေတော့သည်။
(၂)
“ဗျို့၊ ဦးတောကျော်”
ခြံရှေ့မှ ခေါ်သံကြားလိုက်ရပြန်သည်။ ခေါ်သံကိုနားထောင်ပြီး ရွှေကျီးနားရွာသား ငမိုးဖြစ်ကြောင်း သိလိုက်ရသည်။
“ဟေ၊ ငမိုးလား၊ ဝင်လာခဲ့လေကွာ”
“ဗျောက်မက ကျုပ်ကိုကိုက်မှာဗျ၊ ကျုပ်မဝင်ရဲဘူး”
“ဝင်မှာသာ ဝင်ခဲ့စမ်းပါကွ၊ ဗျောက်မကြီး မရှိတော့ပါဘူး”
ထိုတော့မှ ငမိုးက ခြံထဲဝင်လာကာ ဦးတောကျော်အိမ်ပေါ်သို့တက်လာသည်။
“ပြောစမ်းငမိုး၊ ဘာကိစ္စရှိပြန်ပြီလဲ”
ငမိုးက ဦးတောကျော်၏ မီးဖိုအနီးတွင်ထိုင်ချလျှက်
“လာရင်းကတော့ ဝက်ပစ်ခိုင်းဖို့ပဲ ဦးတောကျော်ရဲ့”
“ဟေ၊ လုပ်ပြန်ပြီ၊ ဒီနေ့တောင်မှ ငါက တောဝက်တစ်ကောင်ရလာသေးတယ်၊ မင်းထမင်းစားပြီးပြီလား”
“မနက်ကတည်းက ထလာရမှတော့ ဘယ်စားရအုံးမလဲ ဦးတောကျော်ရဲ့”
“ဒါဆိုရင်တော့ ငါနဲ့အတူတူသာ စားသွားကွာ၊ မင်းလည်း စားရကံကြုံတယ်နဲ့တူပါတယ်”
သို့နှင့် ဦးတောကျော်တစ်ယောက် ထမင်းပြင်ရတော့သည်။ သူစားလေ့ရှိသည့် ဒေါင်းလန်းထဲတွင် မြေထမင်းအိုးအတွင်းမှ ထမင်းများကို သွန်မှောက်လိုက်ပြီးနောက် တောဝက်ကလီစာနှင့် အသားစများကို ရေနှောချက်ထားသည့် ရေဆမ်းဟင်းကို ထမင်းပုံပေါ်သို့ဆမ်းလိုက်သည်။ ထမင်းနှင့်ဟင်းများက အငွေ့တထောင်းထောင်း ထနေဆဲပင်ဖြစ်သည်။ ငမိုးလည်း ထိုဒေါင်းလန်းကလေး နံဘေးတွင်ပင်ထိုင်လိုက်သည်။ ဦးတောကျော်က အုန်းမှုတ်ခွက်တစ်ခုဖြင့်ထည့်ထားသည့် ငရုတ်သီးဆားထောင်းများကို ဒေါင်းလန်းနံဘေးနားတွင်ချထားလိုက်သည်။
ငမိုးက တောဝက်ကလီစာများကို စားသောက်ရင်း
“စားလို့သိပ်ကောင်းတာပဲ ဦးတောကျော်ရာ”
“စားသာစားကွာ၊ ကလီစာက လတ်လတ်ဆတ်ဆတ်စားရဖို့ခဲတယ်ကွ၊ မင်း ငါနဲ့တွေ့လို့သာစားရတာ”
ဝက်ကလီစာဟင်း၊ ငရုတ်သီးထောင်းနှင့် ဦးတောကျော်ရော ငမိုးပါ ထမင်းစားမြိန်နေကြသည်။ စားသောက်ပြီးစီးသည့်အခါ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ဖြစ်ကြသည်။ ဦးတောကျော်က ဆေးတံသောက်ရန်အတွက် ဆေးဆုံကိုပြင်ဆင်နေသည်။
“ကဲ ဆိုပါအုံး ငမိုး”
“ညောင်ဝိုင်းရွာဘက်မှာ တောဝက်တွေတအားသောင်းကျန်းနေတယ် ဦးတောကျော်”
“ရွာသားတွေက မမောင်းဘူးလားကွ”
“မောင်းပါသော်ကောဗျာ၊ ဒါပေမယ့်် ဒီနှစ်ကျတဲ့ဝက်အုပ်က အရင်နှစ်ကလို ဝက်အုပ်မဟုတ်ဘူးတဲ့ ဦးတောကျော်၊ ဝက်အုပ်တစ်အုပ်ထဲတွင် ဝက်အကောင်တစ်ရာနီးပါးရှိသတဲ့ဗျာ”
ဦးတောကျော်လည်း ဆေးစာများကို လက်နှင့်စုနေရင်း တစ်ချက်တွေဝေသွားသည်။
“ဝက်အုပ်က မနည်းဘဲကိုးကွ”
“ဒါပေါ့ဗျာ၊ အဲဒီဝက်အုပ်က ယာခင်းထဲဝင်လိုက်ရင် အဲဒီယာခင်း ဖုတ်ဖုတ်ညက်ညက်ကိုကြေရောတဲ့၊ အဲဒါ ရွာသားတွေက မခံနိုင်ကြလို့ နောက်ဆုံး မုဆိုးတစ်ယောက်ကိုရှာရင်းနဲ့ ကျုပ်နဲ့တွေ့တာပဲ၊ ကျုပ်လည်း ဒါနဲ့ ဦးတောကျော်ဆီကိုပဲ လာခဲ့ရတာ”
“နေပါအုံးကွ၊ ညောင်ဝိုင်းရွာက ဒီကနေအတော်လှမ်းတယ်မဟုတ်လား၊ မင်းကဘယ်လိုလုပ်ပြီး ရောက်သွားတာတုန်း”
ငမိုးက ပြုံးဖြီးရင်း
“လူပျိုလှည့်ရင်း ရောက်သွားတယ်ဆိုပါတော့ဗျာ၊ ညောင်ဝိုင်းမှာ ကျုပ်ဆွေမျိုးတွေလည်းရှိတယ်မဟုတ်လား၊ ကဲဗျာ၊ ဦးတောကျော် အဲဒီဝက်တွေကို ရှင်းနိုင်၊ မရှင်းနိုင်ဆိုတာကို ပြောဗျာ”
ဦးတောကျော်လည်း ဆေးတံကိုမီးညှိပြီး ပါးစပ်တွင်ဖွာလိုက်ကာ ခေါင်းညိတ်လိုက်လေသည်။
“အေးပါ၊ ရွာသူရွာသားတွေ အခက်အခဲဖြစ်နေတယ်ဆိုတော့လည်း ငါက ကူညီရမှာပေါ့”
“ဒါဆိုရင်လည်း အချိန်ဆွဲမနေနဲ့တော့ဗျာ၊ အခုပဲ ကျုပ်နဲ့လိုက်ခဲ့တော့၊ ကျုပ်ဒီညနေ ညောင်ဝိုင်းကိုဆင်းမယ်”
“ဟာ၊ ငမိုးတို့ကတော့ လုပ်လိုက်ရင် အခုဆိုတာချည်းဘဲ၊ အေးလေ၊ တစ်ရက်ကြာရင် တစ်ခါနစ်နာနေအုံးမယ်၊ ကဲ၊ ကဲ သွားကြစို့”
ဦးတောကျော်က လွယ်အိတ်ကြီးအတွင်း ပစ္စည်းပစ္စယများကို ထည့်လိုက်ကာ သေနတ်လွယ်လျှက် အိမ်ပေါ်မှဆင်းလာခဲ့သည်။ မနက်ခင်းက ပစ်ခတ်ရရှိထားသည့် တောဝက်သားတွဲများကိုလည်းဆွဲယူခဲ့သည်။ ဦးတောကျော်အဆင်သင့်ဖြစ်သည့်အခါ ငမိုးနှင့်အတူတူ ရွာမှထွက်လာကြသည်။ ဦးတောကျော်တို့ နေထိုင်သည့်ရွာမှာ ရွှေကျီးမြင်ရွာဖြစ်ပြီး သူတို့ရွာအရှေ့ဘက်ရှိ ရွာမှာတော့ ရွှေကျီးနားရွာဖြစ်သည်။ ရွာတစ်ရွာနှင့်တစ်ရွာ အလှမ်းမဝေးလှပေ၊ ငမိုးက ထိုရွှေကျီးနားရွာ ဇာတိဖြစ်သည်။
“ဦးတောကျော် ဝက်သားတွဲတွေက ဘာလုပ်ဖို့လဲဗျ”
“မင်းတို့ရွာမှာ ရောင်းဖို့ပေါ့ကွာ၊ မင်းတို့လည်း တစ်တွဲယူပေါ့”
ရွှေကျီးနားရွာမှာ ရိုးမနှင့် အနည်းငယ်လှမ်းပြီး ကွင်းပြင်အလယ်တွင်ရှိနေသည့် ရွာကြီးတစ်ရွာဖြစ်သည်။။ တစ်ရွာလုံးမှာ စိုက်ပျိုးရေးကိုလုပ်ကိုင်ကြသည်။ ထို့ကြောင့် တောတွင်းအသားများ စားရခဲလေရာ ဦးတောကျော်တစ်ယောက် ရွှေကျီးနားရွာထိပ်သို့ရောက်သည်နှင့် ပါလာသည့် တောဝက်သားများကို ရွာသားများက အလုအယက်ဝယ်ကြသဖြင့် ခဏအတွင်းမှာပင် ကုန်သွားလေသည်။
ငမိုးအိမ်ရောက်သည့်အခါ ငမိုး၏ မိဘများကို ဦးတောကျော်က နောက်ဆုံးချန်ထားသည့် ဝက်သားတွဲကိုပေးလိုက်သည်။ အသားတွဲမှာ တစ်ပိဿာကျော်မည်ထင်သည်။ ငမိုးက လူပျိုုလူလွတ်တစ်ဥိးဖြစ်ပြီး မိဘများနှင့်အတူနေထိုင်ခြင်းဖြစ်သည်။ ငမိုးက လှည်းဆင်ပြီး ရွှေကျီးနားရွာမှ မွန်းလွဲပိုင်းလောက်တွင် နှစ်ဦးသားထွက်ခဲ့တော့သည်။
ညနေစောင်းနေသည့်အချိန်မှ ညောင်ဝိုင်းရွာကလေးသို့ ရောက်လာကြသည်။ ညောင်ဝိုင်းရွာကလေးမှာ အိမ်ခြေငါးဆယ်ခန့်သာရှိသည့် ရွာကလေးဖြစ်သည်၊ ရိုးမတောင်ခြေတွင် တည်ရှိပြီး မြေသြဇာကောင်းမွန်သည့် ယာခင်းများကိုပိုင်ဆိုင်ထားရာ ရွာသူရွာသားများမှာ ပဲ၊ နှမ်း၊ ပြောင်းများကို စိုက်ပျိုးကြလေသည်။ ရွာကလေးကို မဝင်ခင်မှာပင် မျက်စိတစ်ဆုံးကျယ်ပြောလှသည့် ယာခင်းများကိုတွေ့ရသည်။ သို့သော် ယာခင်းအတော်များများမှာ တောဝက်များမွှေနှောက်ဖျက်ဆီးထားကြသဖြင့် ပျက်စီးနေလေသည်။
ရွာထဲသို့ နွားလှည်းဝင်လိုက်သည့်အခါ ရွာသားတစ်ချို့ကပြေးလာကြသည်။
“ငမိုးရေ၊ အဲဒါ ဘယ်သူလဲကွ”
“ဘယ်သူရှိရမှာလဲဗျ၊ ရိုးမအရှေ့ခြမ်းတစ်ခွင်မှာ နာမည်ကြီးတဲ့ မုဆိုးကြီး ဦးတောကျော်ပေါ့ဗျာ”
ထိုအခါ ရွာသားများက အားရဝမ်းသာစွာဖြင့်
“ဟာ၊ မုဆိုးကြီးတဲ့၊ မုဆိုးကြီးရောက်လာပြီဟေ့”
“တို့ရွာကို မုဆိုးကြီးလာပြီကွ”
ရွာသားများမှာ ပျော်ရွှင်စွာဖြင့်အော်ဟစ်လိုက်ကြတော့သည်။ ငမိုးက လှည်းကိုရွာလယ်လမ်းအတိုင်း မောင်းနှင်လာရင်း မကြာခင်တွင် ခြံဝန်းကျယ်ကြီးတစ်ခုအတွင်းသို့ မောင်းဝင်လာခဲ့သည်။ ထိုခြံထဲတွင်တော့ ခြေတံရှည် သစ်သားအိမ်ကြီးတစ်အိမ်ရှိသည်။
“ဗျို့၊ ဦးဘဖြူ၊ ဟောဒီမှာ မုဆိုးကြီးပါလာပြီ”
ထိုအခါ အိမ်ပေါ်မှ ဦးတောကျော်တို့နှင့် သက်တူရွယ်တူလောက်ရှိမည့် လူကြီးတစ်ဦးက ဆင်းလာကာ ဦးတောကျော်တို့ လှည်းအနားသို့ကပ်လာသည်။ သေနတ်လွယ်ထားသည့် ဦးတောကျော်အားကြည့်ရင်း
“ဟာ၊ မုဆိုးကြီး၊ ကြွပါ . . . အိမ်ပေါ်ကိုကြွပါခင်ဗျ”
အချိန်က ညနေစောင်းပြီး နေဝင်သွားပြီဖြစ်သည်။ ရွာသူကြီး ဦးဘဖြူအိမ်တွင် မုဆိုးတစ်ယောက် ရောက်နေသည်ဟု သတင်းကြားသဖြင့် ရွာသားများမှာ စုရုံးကာရောက်ရှိလာကြသည်။ ဦးဘဖြူက ဦးတောကျော်အား ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးလေသည်။ စားသောက်ပြီးစီးသည့်အခါ ဦးတောကျော်က အိမ်ရှေ့ခန်းတွင် ထိုင်နေသည်။ ရွာသားများက ဦးတောကျော်အနီးတွင် စုဝေးကာထိုင်နေကြသည်။ အိမ်ပေါ်တွင် ဆီမီးခွက်အလင်းရောင်ကြောင့် လင်းထိန်နေသည်။
“ရွှေကျီးမြင်ရွာက မုဆိုးကြီး ဦးတောကျော်အကြောင်း ကြားဖူးနေတာတော့ ကြာပါပြီ၊ အခုမှပဲ လူချင်းတွေ့ဖူးတော့တယ်”
ဦးတောကျော်လည်း ဦးဘဖြူဘက်သို့ကြည့်လိုက်ပြီး
“ဆိုစမ်းပါအုံးဗျာ၊ ဒီတစ်ခါ တောဝက်အုပ်က ဘာများဖြစ်နေလို့လဲ”
ဦးဘဖြူမှာ မျက်နှာပျက်သွားပြီး
“ကျုပ်တို့ရွာမှာ ပဲတွေကြီး၊ ပြောင်းတွေပေါ်ချိန်ဆိုရင်တော့ ဒီလိုမျိုး ရိုးမပေါ်ကနေ တောဝက်တွေဆင်းလာတတ်တယ်ဗျ၊ ခါတိုင်းနှစ်တွေဆိုရင် တောဝက်တွေကို ကျုပ်တို့ကခြောက်လှန့်တယ်၊ ကိုင်းထောင်၊ ကျင်းတူးလုပ်ပြီး ဖမ်းဆီးလိုက်ရင် တောဝက်အုပ်တွေက ထွက်ပြေးသွားတာပါပဲ၊ ခုနှစ်တော့ ဘယ်လိုဖြစ်တယ်မသိပါဘူးဗျာ”
“ငမိုးက ကျုပ်ကိုပြောတော့ တောဝက်အုပ်က တစ်ရာနီးနီးဆိုဗျ”
ဦးဘဖြူက ခေါင်းညိတ်တယ်။ ဦးတောကျော်က ဆက်လက်ပြီး
“ကျုပ်တော့ တောဝက်အုပ်တစ်ရာဆိုတာ မကြုံဖူးသေးဘူးဗျ၊ တောဝက်ဆိုတာက ယဉ်ပါးနေတဲ့ဝက်တွေနဲ့ မတူဘူး၊ တောထဲမှာ အုပ်စုဖွဲ့ပြီးတော့ ကိုယ့်အုပ် ကိုယ့်သင်းနဲ့ နေထိုင်ကြတယ်၊ တောဝက်တစ်အုပ်ကို ဆယ်ကောင်လောက်ကနေပြီးတော့ နှစ်ဆယ့်ငါးကောင်၊ အကောင်သုံးဆယ်လောက်အထိ ကြီးတဲ့ တောဝက်အုပ်တွေ ပဲမြင်ဖူးတယ်၊ တစ်ရာဆိုတာ ဟုတ်ပါ့မလား”
ဦးဘဖြူက ခေါင်းညိတ်လိုက်ကာ
“ဘုရားပေးပေး၊ ကျမ်းပေးပေးပါ မုဆိုးကြီးရာ၊ ကျုပ်မညာပါဘူး၊ ကျုပ်တို့သေသေချာချာရေကြည့်ရင် တစ်ရာတောင်ကျော်မယ်ထင်တာပဲ”
ဦးတောကျော်လည်း မျက်မှောင်ကြုတ်လိုက်ရင်း ဦးဘဖြူကိုစိုက်ကြည့်လိုက်သည်။ ဦးဘဖြူ၏ မျက်နှာနေမျက်နှာထား၊ အသံအခြေအနေကိုကြည့်ရင်း လိမ်ပြောနေခြင်းမဟုတ်မှန်း သိလိုက်ရသဖြင့်
“နို့၊ ဒါနဲ့ ခင်ဗျားတို့ရွာသားတွေကရော တောဝက်တွေကို မောင်းမထုတ်ကြဘူးလား”
“မောင်းထုတ်တဲံနည်းလမ်း အစုံပါပဲ မုဆိုးကြီးရာ၊ ဒါပေမယ့် ဒီတစ်ခါတောဝက်တွေက မကြောက်ဘူးဗျ။ လှံတွေနဲ့လိုက်ကြပစ်ကြ၊ ကုလားတက်တွေခေါက်ပြီးတော့ အသံပေးပြိးခြောက်လှန့်ကြပေမယ့် လုံးလုံးကိုမကြောက်ဘူးဗျာ”
“ဆန်းတော့ဆန်းသားဗျ၊ တောဝက်တွေကို ထွက်သွားစေချင်ရင် သူတို့ရဲ့အကြီးအကဲကို ပစ်ခတ်နှိမ်နင်းရတယ်ဗျ၊ တောဝက်တွေလည်း ကျုပ်တို့လူတွေလိုပေါ့ဗျာ၊ ဟိုနေရာမှာ ခဏခဏသေတယ်ဆိုရင် အဲဒီနေရာကိုမသွားတော့တာ ထုံးစံပဲမဟုတ်လား”
“ဒါပေါ့မုဆိုးကြီရာ၊ အခုလည်း ငတောင်းဆိုတဲ့ ဝက်ကြီးကြောင့် ကျုပ်တို့အခက်တွေ့နေရတာပေါ့ဗျာ”
ဦးဘဖြူပြောလိုက်သည့်အခါ ဦးတောကျော်က ရယ်မောလိုက်ရင်း
“အံမယ်၊ ခင်ဗျားတို့က တောဝက်ကိုတောင် နာမည်ပေးထားတယ်ပေါ့၊ ဟား၊ ဟား”
ဦးတောကျော်ရယ်မောလိုက်သည့်အခါ ဦးဘဖြူမှာ မျက်နှာကွက်ခနဲပျက်သွားသည်။
“ဒီနာမည်က ကျုပ်တို့ပေးတာမဟုတ်ဘူးဗျို့၊ သူ့အလိုလို နာမည်တွင်သွားတာ”
“ဆိုစမ်းပါအုံးဗျာ”
“ဒီဝက်အုပ်ကို ခောင်းဆောင်တဲ့ဝက်ကြီးက အတော်ကြီးတာဗျ၊ သူက ကိုငတောင်းရဲ့ယာခင်းထဲဝင်ပြီးတော့ ကိုငတောင်းကို ပက်ထည့်လိုက်တာ ကိုငတောင်းသေပါရောလားဗျာ၊ ဒါကြောင့် သူ့နာမည်ကို ငတောင်းဆိုပြီးခေါ်ကြတာ၊ ကိုငတောင်းကို သတ်လိုက်တဲ့အတွက်ပေါ့ဗျာ”
ထိုတော့မှ ဦးတောကျော်မျက်လုံးပြူးသွားတော့သည်။
“အဖြစ်က ဆိုးလှချည်လားဗျာ”
ထိုအခါ ရွာသူကြီး ဦးဘဖြူက ဦးတောကျော်အား ယခင်အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလေတော့သည်။
(၃)
ညောင်ဝိုင်းရွာအနီး ယာခင်များတွင် ပဲများကြီးချိန်၊ ပြောင်းများထွက်ချိန်ဆိုလျှင် ထိုကဲ့သို့ တောဝက်အုပ်များက ဆင်းလာကြစမြဲဖြစ်သည်။ ပဲခင်းများကိုဝင်ရောက်ပြီး ပဲရွက်များကို စားသောက်ကြသည်။ ပဲပင်များနှင့် အစွယ်နှင့်ထိုးကော်ကာ ပဲဥများကို တူးဖော်စားသုံးကြလေ့ရှိသည်။ အလားတူ ပြောင်းခင်းများထဲသို့လည်း စိတ်တိုင်းကျဝင်ရောက်ပြီး ပြောင်းပင်များကို ခြေထောက်နှင့်နင်းခြေဖျက်ဆီးကာ ပြောင်းဖူးများ၊ ပြောင်းဖူးအနုကလေးများကို ကိုက်ချိုးကာ ဖဲ့စားတတ်ကြလေသည်။ တောဝက်တစ်အုပ်ဝင်လိုက်လျှင် ထိုယာခင်းမှာ ပျက်စမြဲမို့ တောဝက်အုပ်များမှာ တောင်သူများအတွက် အလွန်အနှောင့်အယှက်ပေးသည့် ရန်စွယ်တစ်မျိုးဖြစ်နေတော့သည်။
“တောက် . . . တောက်”
ညသန်းခေါင်ယံ တိတ်ဆိတ်မှုကို ထွင်းဖောက်ကာ ကုလားတက်ခေါက်သံများက ထွက်ပေါ်လာလေသည်။ ယာပိုင်ရှင်အချို့လည်း ယာခင်းထဲတွင် ခြေတံရှည်တဲများ၊ လင့်စင်များထိုးကာ တောဝက်များကို စောင့်အိပ်ကြလေ့ရှိသည်။ ယခုလည်း တောဝက်များ ဆင်းလာကြောင်း အချက်ပေးကုလားတက်ခေါက်သံကြားသဖြင့် ငတောင်းတစ်ယောက် လှံရှည်ကြီးကို ကိုင်စွဲကာ လင့်စင်ပေါ်မှ အသာကြည့်နေလိုက်သည်။
်ငတောင်းမှာ အသက်သုံးဆယ်ခန့်ရှိပြီး သန်သန်မာမာ ထွားထွားကျိုင်းကျိုင်းနှင့် လူရွယ်တစ်ဦးဖြစ်သည်။ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ပင်ရှိလေသည်။ သို့သော် ရပ်အကျိုးရွာအကျိုးကို ကာလသားများနှင့်အတူ သယ်ပိုးဆောင်ရွက်တတ်သဖြင့် ရွာခံများက အားကိုးရသူဖြစ်သည်။ ယခုလည်း ငတောင်း ပိုင်ဆိုင်သည့် ယာခင်းတစ်နေရာရှိ သစ်ပင်ကြီးပေါ်တွင် လင့်စင်ထိုးကာ ယာခင်းများကို ဖျက်ဆီးရန်ရောက်လာကြသည့် တောဝက်အုပ်ကို မောင်းနှင်ရန်အတွက် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
မကြာခင် တဝုန်းဝုန်း တဖြောင်းဖြောင်းခြေသံများကိုကြားလိုက်ရပြီးနောက် တောဝက်တစ်အုပ်က ပြောင်းခင်းအတွင်းသို့ဝင်သွားကာ ပြောင်းပင်များကို နင်းခြေဖျက်ဆီးနေကြလေသည်။ ရွာသားများက အသံကုန်ဟစ်ကာ ခြောက်လှန့်မောင်းထုတ်ကြသော်လည်း တောဝက်များက မဖြုံပေ။ ပြောင်းဖူးများကို ချိုးဖဲ့ကာ အေးအေးလူလူစားသောက်နေကြသည်မို့ ငတောင်းလည်း လှံရှည်ကြီးဆွဲကိုင်ကာ လင့်ပေါ်မှဆင်းလာလေသည်။
ရွာခံ ကာလသားများမှာလည်း လက်နက်များဆွဲကိုင်လျှက် ငတောင်းအနီးတွင်စုဝေးလာကြသည်။
“ကိုငတောင်း၊ ဟောဟိုက ဝက်ကြီးက ဝက်အုပ်ခေါင်းဆောင်ကြီးပဲဗျ၊ ကြည့်စမ်းပါ၊ လည်ပင်းမှာ အမွှေးဖြူဖြူအရစ်ကြီးနဲ့”
ရွာသားများ လှမ်းပြရာသို့ ငတောင်းကကြည့်လိုက်မိသည်။
“အေး၊ ငါတို့အဲဒီဝက်ကြီးကို အဓိကထားပြီး နှိမ်နင်းကြမယ်၊ ဒီတစ်နှစ်ကျတဲ့ဝက်အုပ်က လူတွေကိုမကြောက်တဲ့အပြင် ပမာမခန့်တောင် လုပ်နေသေးတာကွ”
ရွာသားလူငယ်နှစ်ဦးမှာ ဒူးလေးနှစ်ဖက်ဖြင့် ဝက်ထီးကြီးအနီးသို့ တိုးကပ်လာခဲ့သည်။ ဒူးလေးတစ်ထောက် ရောက်သည့်အခါတွင်တော့ တောဝက်ကြီးကို ပစ်ခတ်လိုက်ကြသည်။ ဒူးလေးမြားတံများမှာ တောဝက်ကြီးထံသို့ တည့်တည့်တိုးဝင်သွားသော်လည်း တောဝက်ကြီးကို မစိုက်ဘဲ မြားတံများမှာ ပြန်ကန်ထွက်သွားလေသည်။ တောဝက်ထီးကြီးလည်း ဒူးလေးလာရာအရပ်သို့လှည့်ကြည့်လိုက်သည့်အခါ ရွာသားနှစ်ဦးကိုတွေ့သွားလေတော့သည်။
“ဟေ့ကောင်တွေ၊ ပြေးတော့”
ငတောင်းအော်လိုက်သည့်အခါ ထိုရွာသားလူငယ်နှစ်ဦးလည်း လှည့်ပြေးကြသည်။ ဝက်ထီးကြီးကလည်း သူ့အားဒူးလေးနှင့်် ပစ်ခတ်သည့် ရန်သူကိုတွေ့လိုက်သည်မို့ ထိုလူငယ်များထံသို့ ပြေးလာလေသည်။ ဝက်ကြီးမှာ အကောင်ကြီးမားသော်လည်း အပြေးအတော်လျှင်လေရာ မကြာမီတွင် ထိုလူငယ်နှစ်ဦးအား မီတော့မလိုဖြစ်နေသည်။ ဝက်ကြီး၏ ပါးစောင်မှချွန်ထွက်နေသည့် အစွယ်ငေါငေါကြီးများကလည်း လရောင်အောက်တွင် ဓါးသွားများသဖွယ် ဝင်းလက်နေလေသည်။
ငတောင်းလည်းး လှံရှည်ကြီးကိုင်လျှက် ဝက်ကြီးဆီသို့ အတင်းပြေးဝင်လာလေသည်။ ထို့နောက် ဝက်ကြီး၏ နံကြားဆီသို့ လှံရှည်ကြီးဖြင့် အားစိုက်ကာ ထိုးချထည့်လိုက်သည်။ ဝက်ကြီးမှာ ဘေးဖက်မှပြေးဝင်လာသည့် ငတောင်းအား သတိပြုမိပုံမရပေ၊ ထို့ကြောင့် ငတောင်းထိုးနှက်လိုက်သည့် လှံရှည်ကြီးထိမှန်သွားပြီး သုံးလေးပတ်ခန့် မြေပေါ်တွင်ကျွမ်းထိုးကာ ဘေးစောင်းလဲကျသွားလေသည်။
“ဟား၊ ဟား ထိပြီကွ”
ငတောင်းအော်ဟစ်လိုက်သဖြင့်် ရွာသားများက ထိုနေရာသို့စုဝေးလာကြသည်။ တောဝက်အုပ်မှာလည်း ရုတ်ရုတ်သဲသဲဖြင့် တောအုပ်အတွင်းသို့ ပြန်လှည့်ပြေးကြသည်။ တောဝက်ကြီး၏ နံကြားတွင် ငတောင်းထိုးနှက်လိုက်သည့် လှံရှည်ကြီးက စိုက်ဝင်နေကာ လှံရိုးကြီးမှာ မိုးပေါ်ထောင်နေလေသည်။ ငတောင်းက ဝမ်းသာအားရဖြင့် တောဝက်ကြီးအနီးသို့ပြေးသွားလေသည်။ တောဝက်ကြီး၏ မျက်လုံးများမှာ ပြူးကျယ်ကာ ပွင့်နေတော့သည်။
“သေပြီမဟုတ်လား၊ ဝက်ဆိုးကြီးရဲ့”
ငတောင်းက ရေရွတ်လိုက်ကာ ဝက်ကြီး၏ နံကြားတွင်စိုက်နေသည့် လှံရှည်ကိုဖြုတ်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာပင် တောဝက်ကြီး၏ မျက်လုံးများမှာ လှုပ်ရှားလာသည်ကိုတွေ့လိုက်ရသည်။
“ဟင်၊ မသေ . . . မသေ”
ငတောင်းရေရွတ်နေစဉ်မှာပင် တောဝက်ကြီးက ဝုန်းခနဲကုန်းထလာပြီးနောက် ငတောင်း၏ ပေါင်ခြံကြားသို့ အစွယ်ကြီးနှင့် ပက်ထည့်လိုက်လေသည်။ ငတောင်းလည်း ဝက်ပက်ခံရသဖြင့် လဲကျသွားလေရာ ဝက်ကြီးက ချက်ချင်းမတ်တပ်ထရပ်ပြီး လဲကျနေသည့် ငတောင်းအား သုံးလေးချက်ခန့် ထပ်ပက်လိုက်လေသည်။ ရှေ့ခြေ၊ နောက်ခြေများဖြင့် ငတောင်းအားတက်နင်းပြီးတော့မှ တောအုပ်အတွင်းသို့ဝင်သွားလေတော့သည်။
ရွာသားများလည်း တောဝက်ကြီးထွက်ပြေးသွားသည့်အခါမှ သတိဝင်ကြပြီး ငတောင်းထံသို့ သွားကြည့်ကြသည့်အခါ ငတောင်းမှာ ဝက်ပက်ထားသည့် ဒဏ်ရာကြောင့် ရင်ဘတ်ပွင့်ကာ ဝက်နင်းသွားသဖြင့် အရိုးများစိစိညက်ညက်ကြေလျှက် သေဆုံးနေလေတော့သည်။
ထိုအဖြစ်ကို ဦးတောကျော်က နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။
“ကျွတ် . . ကျွတ်၊ ငတောင်း ကတော့ အဖြစ်ဆိုးပါတယ်ဗျာ”
“ဟုတ်တယ်မုဆိုးကြီးရဲ့၊ ဒီနောက်ပိုင်းကစပြီး အဲဒီတောဝက်ကြီးလာရင် လူတွေလည်းကြောက်နေကြတော့တာ”
“နို့၊ နေစမ်းပါအုံး၊ ငတောင်းက လှံရှည်နဲ့ နံကြားကိုထိုးတာတောင်မှ ဒီတောဝက်ကြီးက မသေဘူးလား”
“အဲဒါလည်း ထူးဆန်းနေတာဗျ၊ ဒီတောဝက်ကြီးက ဘာနဲ့မှ ထိခိုက်အောင်လုပ်မရဘူးဗျို့၊ ကျုပ်တို့ဆီမှာကလည်း တုတ်၊ ဓါး၊ လေး၊ မြားလောက်ပဲရှိတာမဟုတ်လား၊ အဲဒါတွေနဲ့ ပစ်ခတ်ပေမယ့်လည်း ဘယ်လိုမှကို မနေတာဗျ”
“ခင်ဗျားတို့ဝက်ကြီးကတော့ နားထောင်ရင်းနဲ့ တဖြည်းဖြည်းထူးဆန်းလာတာတော့အမှန်ပဲ”
“အေးဗျာ၊ ဒါကြောင့် ကျုပ်တို့လည်း ဘယ်လိုမှ မဖြေရှင်းတတ်တော့တာနဲ့ မုဆိုးတစ်ယောက်ဆိုရင်တော့ ဒီတောဝက်တွေအကြောင်း နားလည်လောက်တယ်ဆိုပြီးတော့ နီးစပ်ရာလိုက်ရှာရင်း အခုမုဆိုးကြီးနဲ့ တွေ့တော့တာပဲမဟုတ်လား၊ မုဆိုးကြီးခင်ဗျာ၊ ကျုပ်တို့ အားကိုးပါတယ်၊ ကျုပ်တို့ ရွာသားတွေကို ကယ်တင်ပါဗျာ၊ ဒီအတိုင်းသာ တောဝက်တွေသောင်းကျန်းနေရင် ယာခင်းတွေ တစ်ခင်းမှ ကျန်မယ်မထင်ဘူးဗျ”
ဦးတောကျော်လည်း ခေါင်းညိတ်လိုက်ရင်း
“ကဲ၊ ကျုပ်ရောက်ပြီဆိုတော့ အားလုံးစိတ်သာချဗျာ။ ဒီည တောဝက်တွေလာမယ်ထင်တယ်၊ ကျုပ်စောင့်ပစ်ပေးပါ့မယ်”
သို့နှင့် ညမှောင်လာသည့်အခါ ဦးတောကျော်က ရွာသူရွာသားများကို ဦးဆောင်ကာ ရွာထဲမှထွက်ခဲ့ကြသည်။ ဦးဘဖြူနေရာချပေးသည့် ယာစောင့်တဲကလေးအပေါ်သို့ တက်လိုက်ကြသည်။ ယာစောင့်တဲကလေးမှာ ဝါးလုံးများဖြင့်ပြုလုပ်ထားပြီး လူသုံးရပ်စာခန့်မြင့်မားလေသည်။ တဲအပေါ်တွင်လည်း ဝါးကြမ်းခင်းခင်းထားသဖြင့် ထိုင်ရပြုရလွယ်လေသည်။ ထိုတဲကလေးမှာ အခြားတဲများထက်ပိုပြိး မြင့်မားသည့်အတွက် မြင်ကွင်းရှင်းကာ ယာခင်းပြင်တစ်ခုလုံးနှင့် တောစပ်တစ်ခွင်ကို အပေါ်စီးမှ လှမ်းကြည့်၍မြင်နိုင်လေသည်။ ယခင်က ထိုတဲကလေးကို တောဝက်ကြည့်သည့်တဲအဖြစ်အသုံးပြုကြပြီး တောဝက်များကိုမြင်တွေ့သည့်အခါ အခြားရွာသားများအား ကုလားတက်ခေါက်ကာ အချက်ပေးသည့်နေရာဖြစ်သည်။
ထိုတဲကလေးအပေါ်တွင် ဦးတောကျော်နှင့် ငမိုးတို့မှာ လက်နက်ကိုယ်စီဖြင့် စောင့််နေကြသည်။ ဦးတောကျော်မှာလည်း လက်စွဲတော် သေနတ်ကြီးကို ကျည်အသင့်ထိုးထားသလို ငမိုးမှာလည်း ဒူးလေးတစ်လက်ကို ကိုင်စွဲထားလေသည်။ အခြားရွာသားများမှလည်း နီးစပ်ရာသစ်ပင်များအပေါ်တွင်လည်းကောင်း၊ ယာစောင့်တဲများအပေါ်တွင်လည်းကောင်း စောင့်ကြပ်နေကြသည်။
သန်းခေါင်ကြက်တွန်သံကို ကြားလိုက်ပြီးသည့်အချိန်တွင် တောစပ်တွင် ဂလိုင်ခေါက်သံများကို ကြားရသည်။ တောဝက်များလာတတ်သည့်လမ်းတွင် ကြိုးများန်းထားသည့် ဂလိုင်များကို ချိတ်ဆွဲထားရာ တောဝက်များတိုးလာသည့်အခါ ထိုဂလိုင်များက အသံတိုးတိုးဖြင့် မြည်ဟီးနေသည်။ ဦးတောကျော်တို့လည်း အသံကြားရာနေရာသို့ လှမ်းကြည့်လိုက်သည့်အခါ တောဝက်အုပ်ကြီးပြေးဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ရွာသူကြီးပြောသည့်အတိုင်း တောဝက်များမှာ မနည်းလှပေ၊ လရောင်အောက်တွင် တလုံးလုံးဖြင့်ပြေးလွှားလာကြသည်။
ထိုတောဝက်အုပ်မှာ ယာခင်းအစပ်အရောက်တွင် ခေတ္တရပ်နားသွားကြလေသည်။ ထိုအခိုက် တောင်ကုန်းကမူကလေးပေါ်သို့ လည်ပင်းတွင်အဖြူရစ်အကြားရှိသည့် တောဝက်ထီးကြီးတစ်ကောင်က တစ်လှမ်းချင်းအေးအေးလူလူပင် တက်လာလေသည်။ ငမိုးက ဦးတောကျော်လက်ကို ကုပ်လိုက်ပြီး ထိုဝက်ကြီးအားလက်ညှိုးထိုးပြလိုက်ရာ ဦးတောကျော်ကလည်း တွေ့မြင်ကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။
ထိုတောဝက်ကြီးမှာ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုနေရင်း လေ့လာနေပုံရသည်။ ပြီးသည့်အခါမှ တအိအိအော်မြည်သံပေးလိုက်ကာ တောင်ကုန်းကမူကလေးပေါ်မှ ပြေးဆင်းလာတော့သည်။ ထိုတောဝက်ကြီး ဆင်းလာသည့်အနောက်မှ ကျန်သည့်တောဝက်များက အပြေးလိုက်လာကြလေသည်။
ဦးတောကျော်လည်း သေနတ်ကိုအသင့်ပြင်ကာ သေချာချိန်ရွယ်လိုက်သည်။ တောဝက်ကြီးမှာ ယခင်နေ့များက ဖျက်ဆီးထားသည့် ယာခင်းများကိုဖြတ်ကျော်လာသည်မို့ ပစ်ကွင်းရှင်းနေတော့သည်။ သို့နှင့် ဦးတောကျော်က သေနတ်တစ်ကမ်းရောက်သည့်အခါ တောဝက်ကြီး၏ ဦးခေါင်းကို ချိန်ရွယ်လျှက် သေနတ်မောင်းခလုပ်ကို ဖြုတ်ချလိုက်လေသည်။
“ထောက် . . .ရှီး”
သေနတ်မောင်းတံက နားခွက်ကိုရိုက်မိကာ နားခွက်အတွင်းရှိ ယမ်းမှုန့်များမှာ မီးစွဲလောင်သော်လည်း သေနတ်ပြောင်းထဲမှ ယမ်းများကို မီးမကူးသဖြင့် သေနတ်ကျည်က မထွက်ပေ၊ ဦးတောကျော်လည်း ထူးဆန်းသွားကာ သေနတ်ကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် နားခွက်အတွင်းသို့ ယမ်းမှုန့်များကို လျှင်မြန်စွာလောင်းထည့်လိုက်ပြီး တောဝက်ကြီးကိုထိုးချိန်လိုက်လေသည်။ တောဝက်ကြီးမှာ သူတို့တဲနှင့် မျက်နှာချင်းဆိုင် အရပ်သို့ ရောက်လာသည်။ ဦးတောကျော်တို့ကို သတိပြုမိပုံမရပေ၊ ဦးတောကျော်လည်း သေနတ်မောင်းကို ထပ်ညှစ်ချလိုက်ပြန်သည်။
“ခြစ် . . . ရှဲ”
ယခင်ဖြစ်ခဲ့သည့်အတိုင်း ယမ်းများသာ မီးစွဲလောင်ကုန်ပြီး ကျည်ကမထွက်ပေ၊ သို့နှင့် ငမိုးကပင် ဦးတောကျော်အားကြည့်ရင်း
“ဦးတောကျော်၊ ဟိုကောင်ကြီး ပြောင်းခင်းထဲဝင်သွားတော့မယ်ဗျ”
ပြောင်းခင်းထဲရောက်သွားလျှင် ရှည်လျားလှသည့် ပြောင်းပင်များကြောင့် ပစ်ကွင်းကွယ်သွားနိုင်လေရာ ဦးတောကျော်မှာ ယမ်းမှုန့်ထပ်ထည့်ပြီး ချိန်ရွယ်လိုက်ပြန်သည်။ သို့သော် ယခုတစ်ခါတွင်တော့ ထိုတောဝက်ကြီးကို မချိန်ရွယ်တော့ဘဲ တောဝက်ကြီး၏ အနောက်မှပြေးလိုက်လာသည့် ဝက်မကြီးတစ်ကောင်ကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်လေသည်။
“ဒိန်း . . .”
တောဝက်မကြီးမှာ ဆက်လက်ပြေးလွှားနေရင်း မကြာခင် လဲကျသွားလေသည်။ ပြေးနေသည့်အရှိန်နှင့်မို့ မြေပေါ်တွင် သုံးလေးပတ် လည်ထွက်သွားသည်။ ထိုအခါ အနောက်မှပြေးလာသည့် တောဝက်များမှာ ရပ်တန့်သွားကြလေသည်။ တောဝက်အုပ်ခေါင်းဆောင် ဝက်ထီးကြီးမှာလည်း ရပ်တန့်လျှက် သေနတ်သံကြားသည့်နေရာသို့ လှမ်းကြည့်သည်။
ထို့နောက် ခွာများကိုရက်လျှက် တစ်ဟုန်ထိုးပြေးဝင်လာခဲ့သည်။ ဦးတောကျော်လည်း အလွန်ထိတ်လန့်သွားသည်။
“ငမိုးရေ၊ မကောင်းတော့ဘူးဟေ့၊ တဲကိုသေသေချာချာကိုင်ထားကွ”
တောဝက်ကြီးမှာ တဲထံသို့ပြေးဝင်လာပြီး တဲတိုင်ကို ခေါင်းနှင့်ပြေးဆောင့်လိုက်သည်။ ဝါးပိုးဝါးကြီးဖြင့် ပြုလုပ်ထားသည့် တဲတိုင်ကြီးမှာ တောဝက်ကြီးဆောင့်လိုက်သဖြင့် ဂျွတ်ခနဲကျိုးသွားလေသည်။ သို့သော် တိုင်လေးလုံးရှိသည်မို့ ရုတ်တရက်တော့ မကျိုးကျသေးပေ၊ တောဝက်ကြီးကလည်း အလွန်လည်ပတ်သည်၊ ကျန်သည့် ဝါးတိုင်များကို သူ့ကိုယ်လုံးကြီးနှင့် ဝုန်းခနဲဆောင့်ထဲ့လိုက်ရာ တဲတိုင်များကျိုးကျပြီး တဲအမြင့်ကြီးမှာ အောက်သို့ပြုတ်ကျလေသည်။ တဲကိုသေချာစွာမကိုင်ထားသည့် ငမိုးမှာတော့ ဝက်ကြီးအရှေ့တွင် ပြုတ်ကျလေသည်။ တဲအားသေသေချာချာကိုင်ထားသည့် ဦးတောကျော်မှာတော့ တဲနှင့်အတူ လွင့်စင်ထွက်သွားပြီး ခပ်လှမ်းလှမ်းတွင် ကျရောက်သွားလေသည်။ တောဝက်ထီးကြီးမှာ ငမိုးအားသေသေချာချာကြည့်လိုက်သော်လည်း ငမိုးဆီသို့ပြေးမသွားဘဲ ဦးတောကျော်ထံသို့ တစ်ဟုန်ထိုးပြေးလာလေသည်။ ဦးတောကျော်လည်း မြေပေါ်တွင်မတ်တပ်ရပ်ရင်း သေနတ်ကိုပစ်ချလိုက်ကာ ခါးရှိဓါးမြှောင်ကိုဖြုတ်လျှက် တောဝက်ကြီးအား မမှိတ်မသုန်ကြည့်နေလေသည်။ တောဝက်ကြီးမှာ ဦးတောကျော်ထံသို့ ပြေးလာကာ အစွယ်ကြီးနှင့် ပက်ထည့်လိုက်လေသည်။ ဦးတောကျော်ကလည်း လျှင်မြန်သူမို့ တောဝက်ကြီး ပက်မည့်ဘက်သို့ ခန့်မှန်းမိလိုက်ကာ လှည့်ရှောင်လိုက်သဖြင့် တောဝက်ကြီး၏ အစွယ်မှာ ဦးတောကျော်ကိုယ်လုံးနှင့် ပွတ်ကာသီကာ ဖြတ်သန်းသွားကာ ဦးတောကျော်ဝတ်ဆင်ထားသည့် ချည်ထည်အကျှီကြမ်း၏ အောက်အနားစွန်းကို ထိုးခွဲချသွားလေသည်။ တောဝက်ကြီး၏ အရှိန်ကြောင့် ဦးတောကျော်မှာပင် ဟန်ချက်ပျက်သွားကာ လဲကျသွားလေသည်။ တောဝက်ကြီးမှာ ဦးတောကျော်ကို မထိသဖြင့် အရှေ့တွင် တုန့်ခနဲရပ်တန့်သွားကာ တစ်ဖန်ပြန်လှည့်လာလေသည်။ ထိုတစ်ခါတွင်တော့ ဦးတောကျော်မစားသာတော့ပေ၊ တောဝက်မှာ အပြေးလျှင်မြန်လေရာ ဦးတောကျော်ပင် မြေကြီးမှ အနိုင်နိုင်ထယူရမည်ဖြစ်သည်။
ထိုအခါ ရွာသူရွာသားများမှာ စုဝေးရောက်ရှိလာကြပြီးနောက် တောဝက်ကြီးအား တုတ်များ၊ ခဲများ၊ လှံတဲများဖြင့် ပစ်ခတ်လေရာ တောဝက်ကြီးမှာ တစ်ဖက်သို့လှည့်ထွက်ကာ တောအုပ်အတွင်းသို့ ပြန်လည်ပြေးဝင်သွားတော့သည်။ မြေကြီးတွင်လဲကျနေသည့် ဦးတောကျော်ထံသို့ ငမိုးကပြေးလာကာ ဆွဲထူလေသည်။
“ကျုပ်ဖြင့် သေပြီတောင်မှတ်တာ၊ ဒီဝက်ကြီးက ကျုပ်ဆီပြေးမလာဘဲ ဦးတောကျော်ကိုပဲ တော်တော်မဲနေပုံရတယ်”
“အေးပေါ့ကွ၊ ငါက သူတို့အုပ်ထဲက ဝက်မတစ်ကောင်ကိုပစ်ထားတာကိုး”
ဦးတောကျော်ပစ်ထားသည့် ဝက်မကြီးကို သွားကြည့်ကြသည်။ တောဝက်မကြီးက အချိန်ငါးဆယ်ခန့်ပင်ရှိမည်၊ ပဲပင်များ၊ ပြောင်းဖူးများကို အားရပါးရစားထားသဖြင့် ဝဖီးကာဆူဖြိုးနေလေသည်။ ဦးတောကျော်တစ်ယောက် တောဝက်ထီးကြီးကို မမိလိုက်သော်လည်း တောဝက်မတစ်ကောင်အား ပစ်ခတ်လိုက်နိုင်သည်မို့ ရွာသားများက အောင်ပွဲခံနေကြသည်။
(၄)
“ဒီအတိုင်းဆိုရင်တော့ ဒီတောဝက်ကြီးက ပစ်ဖို့လွယ်မယ်မထင်ဘူးကွ”
ဦးတောကျော်က ငမိုးနှင့် သူကြီး ဦးဘဖြူတို့ကိုပြောဆိုနေလေသည်။
“ဘာလို့များပါလိမ့်၊ မုဆိုးကြီးရယ်”
“ကျုပ်နှစ်ခါပစ်တာ၊ နှစ်ခါလုံး ကျည်မထွက်၊ မီးမကူးဘူးဗျ၊ ဒါနဲ့ နောက်တစ်ခါကျတော့ ဒီကောင်ကြီးကိုမပစ်ဘဲ အနောက်ကလိုက်လာတဲ့ ဝက်မကြီးကိုပစ်လိုက်တော့ ကျည်ထွက်တယ်မဟုတ်လား၊ တန်တော့၊ ဒီကောင်ကြီးမှာ ထူးဆန်းတဲ့ ဂမ္ဘီရအစွမ်းတွေ ရှိနေပြီထင်တယ်”
ဦးဘဖြူက ရေနွေးတစ်ကျိုက်သောက်ရင်း
“ဘယ်လို ထူးခြားတဲ့စွမ်းအင်တွေလဲဗျ”
“ဂင်းပိတ်စွယ်လို့ခေါ်တဲ့၊ အစွယ်ကို ပိုင်ထားတဲ့ ဝက်ကြီးတွေကို ဘယ်လိုလက်နက်မျိုးနဲ့မှ မထိခိုက်စေဘူးတဲ့ဗျ”
“ဂင်းပိတ်စွယ် ဆိုတာ ဘာလဲဗျ”
“တောဝက်စွယ်တော့ တောဝက်စွယ်ပါပဲ၊ ဒါပေမယ့် သူ့အစွယ်က တခြားတောဝက်စွယ်တွေလို အခေါင်းပေါက်မဟုတ်ဘဲ အစွယ်တစ်ခုလုံး အသားတွေချည်းပြည့်နေတဲ့အစွယ်ကိုပြောတာဗျ”
“ဒီလိုဝက်တွေက ရှားသလားဗျ”
“ရှားတာပေါ့ကွာ၊ ဝက်တစ်ထောင်မှာ တစ်ကောင်ပါခဲတယ်ကွ၊ ကျုပ်တောင် အရင်က ကြားပဲကြားဖူးခဲ့ပေမယ့် အခုမှ ကိုယ်တွေ့ကြုံတာဗျို့၊ ကျုပ်ညက ပြန်တွေးကြည့်တော့လည်း ငတောင်းရဲ့လှံချက်က သူ့ကိုမတိုးဘူးမဟုတ်လား၊ ရွာသားတွေလည်း ဒူးလေးတွေ၊ မြားတံတွေနဲ့ပစ်ခတ်ပေမယ့် မြားမတိုးဘူးဆိုတော့ သေချာတာက ဒီကောင်ကြီးမှာ ဒီလိုဂင်းပိတ်စွယ်မျိုး ပိုင်ထားပြီမှတ်တယ်”
သူကြီး ဦးဘဖြူမှာ အလွန်စိတ်ပူပန်သွားလေသည်။ ငမိုးကလည်းထောက်ခံသည်။
“ဒါကြောင့်မို့လည်း၊ ဒီကောင်ကြီးက သိပ်အတင့်ရဲနေတာနေမှာဗျ၊ သူ့ကိုလူတွေက ဘာမှလုပ်လို့မရဘူးဆိုတော့ သူက ခပ်တည်တည်လုပ်နေတာ”
“ကျုပ်တို့ ဘယ်လိုဆက်လုပ်ကြမလဲ၊ ဒီလိုအကောင်ကြီးကို နိုင်မယ့်နည်းလမ်း မရှိတော့ဘူးလားဗျာ”
ဦးတောကျော်လည်း သေသေချာချာစဉ်းစားလိုက်ပြီးနောက်
“အစွယ်မရှိရင် မစွမ်းတော့ဘူးဗျ၊ ဒီတော့ သူ့အစွယ်ကို အရင်ဆုံးချိုးယူရမယ်၊ နောက်ပြီးတော့ အထက်ဘက်က မုဆိုးကြီးတွေလုပ်တဲ့ ဓလေ့တစ်ခုလည်းရှိတယ်ဗျ”
“အဲဒါဘာလဲ”
“ဝက်သချိုင်းလုပ်တာပဲ”
ဦးဘဖြူနှင့် ငမိုးတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်သည်။
“ဝက်သချိုင်းဆိုတာ ဘာလဲဗျ”
“ဒီလိုဗျာ၊ လူတွေခဏခဏသေတဲ့နေရာ၊ လူတွေအများကြီး အစုလိုက်အပြုံလိုက်သေထားတဲ့နေရာကို သာမန်လူတွေ သွားရဲပါ့မလား”
“ဒါကတော့ ဘယ်သွားရဲမလဲဗျ”
“အေးလေ၊ အဲဒီလိုပဲပေါ့၊ တောဝက်တွေအများကြီး သေထားတဲ့နေရာကို တခြားတောဝက်တွေ မလာဝံ့ကြဘူးတဲ့ဗျ”
“ဒါဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ”
“ကျုပ်တို့ ကျင်းထောင်မယ်ဗျာ၊ မနက်ဖြန်ရွာက ရှိသမျှလူတိုင်းကို စုထားခိုင်း၊ ကျုပ်တို့လုပ်ငန်းစကြမယ်”
“ဟာ၊ မုဆိုးကြီး၊ ဒါဆို ဒီညကရောဗျာ”
“စိတ်ချပါ၊ ဒီကောင်တွေ ဒီညတော့မလာရဲပါဘူး”
သို့နှင့်် နောက်တစ်နေ့မနက်အစောမှာပင် ဦးတောကျော်က ရွာသားများကိုစုစည်းပြီး ခိုင်းတော့သည်။
“မင်းတို့ဘက်မှာ ဝါးနီပါးရှိသလား”
“ရှိပါတယ်၊ ဟိုးဖက်တောင်ကြောမှာ အများကြီးပေါက်တယ်”
“အေး၊ အဲဒီဝါးနီပါးခပ်ရင့်ရင့်တွေကို ခုတ်ခဲ့ကွာ၊ ပြီးရင် နှစ်တောင်လောက်အရှည်ဖြတ်ပြီးတော့ ထိပ်နှစ်ဖက်စလုံးကို ချွန်ပြီးတော့ မီးသင်းရမယ်၊ ဝါးနီပါးဆိုတာမျိုးက အကြောကလည်း သိပ်ထက်တာကလား၊ ပြီးတော့ စူးတဲ့အခါမှာလည်း တခြားဝါးတွေနဲ့မတူဘဲ စူးနစ်နေအောင်ကိုစူးတာ၊ အဲဒီလိုမျိုး အလုံးများများရလေကောင်းလေပဲကွာ”
ရွာသားတစ်သိုက် လှည်းနှစ်စီးဖြင့် ဝါးနီပါးခုတ်ထွက်ကြလေသည်။ ကျန်သည့်ရွာသားများကို ဦးတောကျော်က ခေါင်ဆောင်လိုက်ကာ တောဝက်များလာလေ့ရှိသည့် လမ်းကြောင်းကိုကြည့်ရင်း
“ဟုတ်ပြီ၊ ဒီကောင်တွေ ကျုပ်တို့မျှားတဲ့ဆီကိုလာအောင်လို့ ကျန်တဲ့ဘေးနားက ယာခင်းတွေကို ရှင်းလင်းရမယ်”
“ဗျာ၊ ယာတွေကိုရှင်းရမယ်”
“ဒါပေါ့ဗျာ၊ ဒီတစ်ခါလုပ်ပြီးရင် ခင်ဗျားတို့လုပ်စရာမလိုပါဘူး၊ မဟုတ်ရင်လည်း တောဝက်တွေဖျက်လို့ ပျက်မှာပဲ”
“ရှင်းပြီးတော့ရောဗျာ”
“မျှားခေါ်မယ့်ယာခင်းနားမှာ ကျင်းတွေတူးမယ်၊ ငါးတောင်အနက်၊ ဆယ်တောင်အကျယ်ပေါ့ဗျာ။ အဲဒီကျင်းတွေထဲကို ခုနက ဝါးချွန်တွေထည့်မယ်၊ ပြီးရင်တော့ ဝါးပါးပါးယက်ပြီး ကျင်းတွေအပေါ်ကနေဖုံးမယ်၊ ပြီးရင် ပြောင်းရိုးခြောက်တွေကို အဲဒီအပေါ်က ဖြန့်ခင်းထားလိုက်ရင် ဒီကောင်တွေ သတိမထားမိတော့ဘူးပေါ့”
သို့နှင့် ရွာသားများအားလုံး တက်ညီလက်ညီဖြင့် ဦးတောကျော်ပြောသည့်အတိုင်း လုပ်ဆောင်ကြလေသည်။ မိန်းမများနှင့် ကလေးများပင် တွင်းတူးသည့်နေရာတွင် ကူညီကြသလို တစ်ဖွဲ့ကလည်း ဝါးများကိုချွန်ကာ ဝါးချွန်ထိပ်ဖျားကို မီးသင်းကြလေသည်။ သို့နှင့်် ကျင်းကြီးသုံးကျင်းမှာ အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။
ထိုညက စောင့်ဆိုင်းနေသော်လည်း တောဝက်အုပ်ရောက်မလာခဲ့ပေ၊ ဦးတောကျော်တို့လည်း ထပ်မံစောင့်ဆိုင်းနေရင်း သုံးရက်မြောက်သည့်ညအချိန်မှ တောဝက်အုပ်အသံများကိုကြားရသည်။
“လာနေပြီ၊ လာနေပြီ”
ဦးတောကျော်တို့လည်း အသင့်ပြင်ထားကြသည်။ ထင်သည့်အတိုင်းပင် တောဝက်အုပ်ကြီးက သူတို့မျှားခေါ်မည့် ယာခင်းဆီသို့ပြေးလာခဲ့ကြသည်။ သိပ်မကြာလိုက်ပေ၊ တလုံးလုံးနှင့်ပြေးလာကြသည့် တောဝက်များမှာ အသင့်ထောင်ထားသည့် ကျင်းကြီးများအတွင်းသို့ ကျဆင်းကုန်သည်။ ကျင်းအတွင်းတပ်ဆင်ထားသည့်် ဝါးနီပါးအချွန်များက တောဝက်ကောင်များ၏ ဝမ်းဗိုက်များ၊ နံကြားများကို ထိုးသွင်းပြီးသားဖြစ်သွားကာ တောဝက်ကောင်အချို့ သေကြေပျက်စီးကြလေသည်။
သို့သော်လည်း ဆာလောင်နေသည့် တောဝက်များမှာ အမှုမထားဘဲ ပြောင်းခင်းအတွင်းသို့ ဝင်ရောက်လာကြပြန်သည်။ ထိုအခါ ဦးတောကျော်မှာ ကညင်ဆီမီးတိုင်ကြီးကို ထွန်းညှိလိုက်ပြီး သစ်ပင်တစ်ပင်အပေါ်မှဆင်းလိုက်လေသည်။ လက်တစ်ဖက်တွင်လည်း ဓါးမြှောင်ကို ကိုင်စွဲထားသည်။
“ဟေး၊ ငတောင်းကြီး . . . ငါဒီမှာဟေ့”
ဦးတောကျော်အော်လိုက်သည့်အခါ တောဝက်များမှာ ဦးတောကျော်အား လှည့်ကြည့်ကြသည်။ ထိုအထဲမှာ တောဝက်အုပ်ခေါင်းဆောင် ဝက်ထီးကြီးမှာ ဦးတောကျော်ထံသို့ တစ်ဟုန်ထိုးပြေးဝင်လာပြန်သည်။
“လာစမ်းပါ၊ မင်းငါ့ဆီကို တည့်တည့်သာလာခဲ့စမ်းပါ”
တောဝက်ထီးကြီးမှာ တစ်ဟုန်ထိုးပြေးဝင်လာကာ ဦးတောကျော်အား အစွယ်နှင့်ပေးပက်တော့သည်။ သို့သော်လည်း ဦးတောကျော်က သစ်ပင်တွင် အဆင်သင့်ဆင်ထားသည့် သစ်ကိုင်းတစ်ကိုင်းကိုဆွဲခိုလိုက်သည့်အခါ တောဝက်ကြီးမှာ ဦးတောကျော်အား မထိမိဘဲ၊ အနောက်ရှိ သစ်ပင်ပင်စည်ကို သွားပက်မိလေသည်။ တောဝက်ကြီး၏ အရှိန်ကြောင့် သစ်ပင်ကြီးပင် လဲပြိုသွားမတတ် တုန်ခါသွားသည်။ သစ်ပင်ပင်စည်တွင် အစွယ်ကြီးနှစ်ချောင်းက နစ်ဝင်နေသဖြင့် တောဝက်ကြီးမှာ ခြေကန်ပြီးဆွဲဖြုတ်နေလေသည်။ အတော်ကြာကြာဆွဲဖြတ်ပြီးသည့်အခါ ဖြောင်းခနဲအသံကြီးနှင့်အတူ ညာဖက်ဝက်စွယ်ကြီးမှာ ကျိုးပဲ့သွားလေသည်။ ဦးတောကျော်လည်း အချိန်ကျပြီမို့ သစ်ပင်ပေါ်မှခုန်ဆင်းလိုက်ကာ မြေပေါ်တွင်ကျနေသည့် ကညင်ဆီမီးတုတ်ကြီးနှင့် တောဝက်ကြီး၏ မျက်နှာကိုထိုးစိုက်လိုက်လေသည်။ တောဝက်ကြီးမှာလည်း နာလည်းနာ၊ မီးလည်းဟပ်သဖြင့် ပူလောင်သွားကာ အတော်ထိတ်လန့်ပြီး ခြေဦးတည့်ရာ ထွက်ပြေးတော့သည်။
“ငမိုးရေ၊ ပေးစမ်း”
သစ်ပင်ပေါ်မှငမိုးက ဦးတောကျော်၏ လက်စွဲတော် သေနတ်ကြီးကို ပစ်ချပေးလိုက်ရာ ဦးတောကျော်က လေပေါ်မှာပင် ဖမ်းယူလိုက်ပြီး မုဆိုးထိုင်ထိုင်ကာ သွေးရူးသွေးတန်းနှင့် ပြေးလွှားနေသည့် တောဝက်ကြီးအား ထိုးချိန်လိုက်လေသည်။ တောဝက်ကြီးမှာ ဦးတောကျော်အနီးတွင် ပတ်ပြေးနေလေရာ ဦးတောကျော်က တောဝက်ကြီး၏ နံစောင်းသို့ချိန်ရွယ်ကာ သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်လေသည်။
“ဒိန်း . . .”
သေနတ်သံက ကျယ်လောင်စွာထွက်ပေါ်သွားပြီး ကျည်ဆန်ခဲသီးက တောဝက်ကြီး၏ နံစောင်းသို့ဖောက်ဝင်သွားသည်။ ကျည်ဆန်ကန်အားကြောင့် ပြေးနေသည့်တောဝက်ကြီးမှာ နံဘေးသို့ ဘိုင်းခနဲလဲကျပြီး ခြေလက်များကိုလှုပ်ရှားလျှက် ရုန်းကန်နေသေးသည်။ ငမိုးက ပျော်ရွှင်စွာဖြင့် သစ်ပင်ပေါ်မှခုန်ဆင်းလာသည်။
“ငမိုး၊ မသွားနဲ့အုံး”
ဦးတောကျော်က လျှင်လျှင်မြန်မြန်ပင် သေနတ်ကျည်ကိုဖြည့်လိုက်ပြီး တောဝက်ကြီးအနီးသို့ တိုးကပ်လာခဲ့သည်။ တောဝက်ကြီး၏ မျက်လုံးမှာ အပြူးသားကြီးဖြစ်နေသည်။ သို့သော်လည်း ဦးတောကျော်က စိတ်မချသေးသဖြင့် တောဝက်၏ ဦးခေါင်းအား ချိန်ရွယ်ကာ ထပ်မံပစ်ခတ်လိုက်လေသည်။ ထိုတော့မှ တောဝက်ကြိးမှာ တစီစီအော်မြည်လျှက် တွန့်လိမ်ကာ သေဆုံးသွားးတော့သည်။
“ငတောင်းအဖြစ်ကို မင်းတို့က သင်ခန်းစာမှ မယူပဲကိုးကွ”
ထိုအခါ ရွာသားများက မီးတုတ်များ၊ ကုလားတက်များခေါက်ကာ ပြောင်းခင်းကြီးကိုဝိုင်းပြီးခြောက်လှန့်ကြလေရာ တောဝက်များမှာ တောအုပ်အတွင်းသို့ ပြေးလွှားသွားကြတော့သည်။ ထိုညက တောဝက်ဆယ်ကောင်ခန့် ဖမ်းဆီးရရှိလေရာ တစ်ရွာလုံး အောင်ပွဲခံနေတော့သည်။ နောက်ရက်တွင် တောဝက်အုပ်ကိုရှင်းပြီးသည့်အနေနှင့် တောဝက်သားဟင်းကို အလျှံပယ်ချက်စားကြသည်။
“အေး၊ စားပြီးရင် အဲဒီအရိုးတွေကို ခွေးကျွေးမပစ်နဲ့၊ ချန်ထားကြကွ”
တောဝက်ဆယ်ကောင်၏ အရိုးအရင်းများကို တောဝက်များဆင်းလာတတ်သည့် ရွာပြင်တောစပ်တွင် ကျင်းတူးပြီး မြှုပ်နှံလိုက်သည်။ မှတ်တိုင်တစ်ခုစိုက်ထူပြီး သစ်သားပြားတစ်ခုတွင် ဝက်သချိုင်းဟု ထုံးဖြူဖြူနှင့်ရေးသားကာ စိုက်ထူထားလိုက်တော့သည်။
“ကဲ၊ နောက်ဆိုရင် ဒီတောဝက်တွေ မင်းတို့ရွာကို လာရဲမှာမဟုတ်တော့ပါဘူးကွ”
“ဦးတောကျော်၊ ဒီလိုလုပ်လိုက်ရုံနဲ့ တောဝက်တွေက မလာတော့ဘူးတဲ့လား”
“အေးပေါ့ကွ၊ တိရစ္ဆာန်တွေမှာလည်း သူတို့အသိရရှိကြတယ်မဟုတ်လား၊ ဒီလိုလုပ်ရင် တောဝက်တွေက ကြောက်သွားပြီး နောက်ဆိုမဆင်းတော့ဘူးတဲ့ကွ”
ရွာသားများက မယုံကြည်ကြသေးသဖြင့် ဦးတောကျော်ပင် ထိုရွာတွင် တစ်ပတ်ခန့်နေထိုင်လိုက်သည်။ ထိုတစ်ပတ်လုံးလုံး တောဝက်အသံများကို ကြားပင်မကြားရတော့သည့်အခါမှသာ စိတ်ချလက်ချနှင့်ပြန်လာခဲ့လိုက်သည်။
တောဝက်ရန်စွယ်ရှင်းသွားသည့်အခါ ငမိုး၏ လှည်းနှင့် ညောင်ဝိုင်းရွာမှ ပြန်လာခဲ့လေသည်။ ဦးဘဖြူနှင့် ရွာသားများကလည်း ဦးတောကျော်အား ကျေးဇူးတင်ကြသဖြင့် ယာထွက်သီးနှံများကို တောင်းကြီးတောင်းငယ်များဖြင့် ထည့်ပေးလိုက်ကြသည်။ ဦးတောကျော်၏လက်ထဲတွင်တော့ ဝက်စွယ်ကြီးတစ်ချောင်းပါလာခဲ့သည်။ ထိုဝက်စွယ်ကြီးမှာ အလွန်လေးလံပြီး အစွယ်တစ်ခုလုံးက အပိတ်ကြီးဖြစ်သည်။ ဦးတောကျော်လည်း ထိုအစွယ်ကိုကြည့်လိုက်ကာ ပြုံးလိုက်လေသည်။ ထိုအစွယ်မှာတော့ တောဝက်ကြီးငတောင်းက သစ်ပင်တွင်စိုက်ကာ ကျိုးကျန်နေခဲ့သည့် ဝက်စွယ်ကြီးပင်ဖြစ်ပါတော့သည်။
ပြီးပါပြီ။