စာစဉ် (၂)
(၁)
၁၉၃၀ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းကြီးသည် ဆိပ်ကမ်းဂိုထောင်တွင်ဖြစ်ပွားသည့် ဘခက်နှင့် ဗီဟန်တို့၏ ရန်ပွဲမှစတင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းသို့ တောမီးပမာ ပျံ့နှံ့သွားလေတော့သည်။ အမျိုးသားရေးလှုပ်ရှားမှုများ အရှိန်ကောင်းလာသည့်အချိန်ဖြစ်သည့်အပြင် ဖိနှိပ်ခံရမှုများလည်းရှိနေသည်မို့ ဗမာတစ်မျိုးသားလုံးမှာ အုံကြွလှုပ်ရှားကြသည်။ မြို့ကြီးများတွင် အင်္ဂလိပ်အစိုးရမှာ ရက်ပိုင်းအတွင်း ထိန်းသိမ်းနိုင်ခဲ့သော်လည်း ကျေးလက်ဒေသများတွင်တော့ ထင်သလောက်မထိန်းချုပ်နိုင်ခဲ့ပေ၊ အထူးသဖြင့်် တောင်သူလယ်သမားများအား အမြတ်ထုတ် ဂုတ်သွေးစုပ်နေသည့်် ချစ်တီးခေါ် ငွေရှင်မြေရှင်ကြီးများနှင့်် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သည့် ကျေးကုလားများနှင့်် ဗမာလူထုကြား ပဋိပက္ခများဖြစ်ပွားကာ သွေးချောင်းစီးခဲ့ရလေသည်။
ထိုခေတ်ကာလ အုပ်ချုပ်ရေးတွင် ဗမာအမျိုးသားများမှာ အပယ်ခံများဖြစ်ကြသည်။ အိန္ဓိယမှ ငွေရှင်ကြေးရှင်ကြေးရတတ်များက မြန်မာနိုင်ငံံသို့ ရောက်လာကြကာ လယ်မြေများကို အင်္ဂလိပ်အစိုးရနှင့်ပူးပေါင်းကာ မတရားသိမ်းယူသည်။ ထို့နောက် အိန္ဓိယမှ ရွှေ့ပြောင်းအလုပ်သမားများကို အသုံးပြုငှားရမ်းကာ ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးကြလေသည်။ ရရှိသည့်အကျိုးအမြတ်ဟူသမျှကို သူတို့အိတ်အတွင်းသို့သာ ထိုးထည့်ကြသဖြင့် ကျေးလက်နေတောင်သူလယ်သမား အများစုမှာ လယ်မဲ့ယာမဲ့ဘဝအပြင် အလုပ်အကိုင်ရှားပါးလာခဲ့သည်။
၁၉၂၀ သစ်တောဥပဒေအသစ်အရလည်း သစ်တောများကို အင်္ဂလိပ်အစိုးရက ထိန်းသိမ်းထားသဖြင့် လုပ်စားကိုင်စားခက်လာလေသည်။ ထို့အပြင် ဒဿမေဓအခွန်တော်အပြင်၊ လူခွန်များကိုပါ တိုးမြှင့််ကောက်ခံံံလေရာ ဗမာအမျိုးသားနှင့် တိုင်းရင်းသားများမှာ အငတ်ငတ်အပြတ်ပြတ်ဖြစ်ခဲ့ရသည့်အတွက် ထိုမကျေနပ်မှုများမှာ ကုလား-ဗမာ အဓိကရုဏ်းကြီးဖြစ်ပေါ်လာသည့်အခါ ပွင့်လျှံအံထွက်လာကြကာ ပဋိပက္ခများဖြစ်ပွားရခြင်းဖြစ်သည်။
ကုလားသူဌေးကြီး ဗီဟန် မှာလည်း ဘခက်တစ်ယောက်ရန်ပြုမည်ကို အလွန်စိုးရိမ်သဖြင့် မိမိအိမ်တွင်ပင် မနေနိုင်ဘဲ ဝန်ရှင်တော်မင်းကြီးထံံအပူကပ်ရတော့သည်။ ထိုခေတ်ကာလာတွင် အုပ်ချုပ်ခံအထက်တန်းလွှာလူတန်းစားတွင် ဗမာမပါရှိပဲ အင်္ဂလိပ်များ၊ အင်္ဂလိပ်များနှင့််ပတ်သက်နေသည့် ဗမာအချို့နှင့် လူမျိုးခြားများသာဖြစ်လေတော့သည်။
နေ့လည်ခင်းတွင် ဝန်ရှင်တော်မင်းကြီးက သူဌေးကြီး ဗီဟန်နှင့်တွေ့ဆုံလေသည်။
“ဘယ်လိုလည်းဗီဟန်၊ မင်းမျက်နှာကြည့်ရတာလည်း ဖြူဖပ်နေတာပဲ၊ ဒီအတိုင်းဆက်သွားရင် မင်းရဲ့မဲနေတဲ့အသားတွေတောင် ဖြူသွားလိမ့််မယ်ထင်တယ်”
“မနောက်ပါနဲ့မင်းကြီးရယ်၊ ကျုပ်ဖြင့် အခုဖြစ်နေတဲ့အရေးအခင်းကြောင့် နေ့မအိပ်နိုင်၊ ညမအိပ်နိုင်ဖြစ်နေရပါတယ်”
ဝန်မင်းကြီးက အလွန်လှပ်သည့် ဖန်ခွက်တစ်ခုအတွင်းသို့ ပယင်းရောင်ယစ်ရွှေရည်များကဲ့ထဲ့လိုက်ပြီးနောက် သူဌေးကြီးဗီဟန်ဆီသို့ ကမ်းပေးလိုက်ရာ ဗီဟန်မှာ မငြင်းချင်တော့သဖြင့် ထိုခွက်ကိုအမြန်ယူလိုက်ကာ မော့ချလိုက်လေသည်။
“အခုဖြစ်နေတဲ့အရေးအခင်းဟာ ခဏကြာရင် ပြီးသွားမှာပါ၊ ဒီအရေးအခင်းကို ဘုရင်ခံကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းနေပါတယ်၊ ဗမာတွေဟာ သေနတ်တော့သိပ်ကြောက်တယ်မဟုတ်လား၊ ဟိုတစ်နေ့ကပဲ ပုစွန်တောင်မှာ လူစုရုံးကြလို့ သေနတ်နဲ့ပစ်တာ အထွေးလိုက်ကြီးသေသွားတယ်မဟုတ်လား၊ အခုဆိုရင် သူတို့ဘယ်မှာ လူစုရဲကြလို့လဲ”
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျုပ်က အဲဒီလူတွေအများကြီးကိုမကြောက်ပါဘူး၊ သူတို့ထဲက လူတစ်ယောက်ကိုပဲ ကြောက်တာပါ”
ဝန်မင်းကြီးက ဗီဟန်၏စကားကိုကြားသည့်အခါ ဟက်ဟက်ပက်ပက်ရယ်မောလေသည်။
“ဒါကလေးများ ဗီဟန်ရယ်၊ ခင်ဗျားဆီမှာ ခြောက်လုံးပြူးရှိတယ်မဟုတ်လား၊ ဒီလူကပ်လာရင် ပစ်သတ်လိုက်ပေ့ါဗျ”
ဗီဟန်က ခေါင်းခါလိုက်သည်။
“မရဘူး၊ ဒီလူအကြောင်းကို ကျုပ်အသိဆုံးပါ၊ ဘာလို့လဲဆိုတော့ ဒီလူက တစ်ချိန်တုန်းက ကျုပ်အားကိုးရတဲ့လူတစ်ယောက်ပဲ၊ သူ့အကြောင်းကို သူများတွေထက် ကျုပ်အသိဆုံး”
“ဒါဆို ကျုပ်က ဘာများကူညီပေးရမလဲ ဗီဟန်”
“ရန်ကုန်ထောင်ကြီးထဲမှာ ကျုပ်နေချင်တယ်”
ဝန်မင်းကြီးမှာ အလွန်ထူးဆန်းသွားလေသည်။ ထို့နောက် ရယ်မောလိုက်ပြန်သည်။
“ဗီဟန်ရာ၊ သူများတွေဆိုရင် ထောင်ကျမှာကြောက်လို့ကို တရားဥပဒေနဲ့အညီ နေထိုင်ကြတယ်မဟုတ်လား၊ ခင်ဗျားကတော့ ပြောင်းပြန်ပါလား၊ ထောင်ထဲကို ဘာအပြစ်မှမရှိဘဲ ဝင်ချင်တယ်ပေါ့၊ ခင်ဗျားစိတ်မှကောင်းသေးရဲ့လား”
“ကျုပ်တကယ်ပြောတာပါဝန်မင်းကြီး၊ ကျုပ်နောက်ပြောင်ပြောဆိုနေတာမဟုတ်ပါဘူး၊ ကျုပ်ကိုခင်ဗျား အမှုတစ်ခုခုနဲ့ဖမ်းလိုက်ပါ၊ ရန်ကုန်ထောင်ကြီးက ဒီတစ်မြို့လံုံးမှာ စိတ်အချရဆံုံးနေရာပဲ၊ အဲဒီထောင်ထဲမှာ ကျုပ်နေမယ်”
“ဟား၊ ဟား၊ ဗီဟန်၊ ကျုုပ်ကတော့ ခင်ဗျားရူးနေပြီလို့ထင်တယ်”
ထိုအခါ ဗီဟန်က စာရေးစားပွဲထံသို့လျှောက်သွားလိုက်ပြီးနောက် စာအိတ်ဖွင့်သည့်် ဓါးမြှောင်ကလေးကို ကောက်ယူလိုက်သည်။ အင်္ဂၤလိပ်လူမျိုး အထက်တန်းအရာရှိများသည် စာအိတ်များကိုဖွင့််သည့်အခါ အလွန်လှပစွာပြုလုပ်ထားကြသည့် ဓါးမြှောင်ကလေးများဖြင့်် ဖွင့်တတ်ကြလေသည်။ ယခုလည်း ငွေသားဖြင့်ပြုလုပ်ထားပြီး ဆင်စွယ်လက်ကိုင်တပ်ထားသည့် ဓါးမြှောင်ကလေးကို ဗီဟန်က ကောက်ယူလိုက်ကာ ဝန်မင်းကြီးထံသို့ လှမ်းပစ်သွင်းလိုက်လေသည်။ ဝန်မင်းကြီးမှာ ရှောင်ချိန်မရလိုက်ဘဲ ဓါးမြှောင်ကလေးက သူ့မျက်နှာထံံသို့ တည့််တည့််ပြေးဝင်လာကာ ပါးပြင်အား ထိသည်ဆိုရံုံကလေးဖြတ်ထိပြီးနောက် အနောက်ရှိ စာအုပ်စင်တစ်ခုတွင် စိုက်ဝင်သွားလေသည်။ ဝန်မင်းကြီးမှာ အလွန်အံံ့သြနေစဉ် သူ့ပါးပြင်တွင် စေထန်းသည့်် သွေးများက စီးကျလာသည။ ဝန်မင်းကြီးက ပါးပြင်အားပွတ်သပ်လိုက်ရင်း လက်ချောင်းထိပ်များတွင် ပေကျံလာသည့် သွေးရည်စက်များကိုကြည့်လိုက်လေသည်။
“ဗီဟန်၊ မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ဒီလောက်ပြစ်မှုဆိုရင်တော့ ကျုပ်ကိုထောင်ချလို့ရမှာပေါ့ဗျာ”
ဝန်မင်းက ဗီဟန်ကိုကြည့်ကာ အံ့သြလျှက်
“ခင်ဗျားတော်တော်ထူးဆန်းတဲ့လူပဲဗျာ၊ တစ်ယောက်ယောက် လာခဲ့ပါအုံးဟေ့”
ထိုအခါ ရုံးစေကလေးများပြေးလာကြသည်။
“ဟောဒီက ဗီဟန်ကိုဖမ်းချုပ်လိုက်ကြစမ်း၊ ပြီးတော့ သူ့ကို ဂတ်ကိုပို့လိုက်၊ ငါ့ရဲ့အသားကို အပြင်းအထန်နာကျင်စေမှုနဲ့ တရားစွဲရမယ်”
ဗီဟန်လက်အား ရုံးစေများက ကိုင်သည့်အခါ ဗီဟန်က ထိုလူများလက်ကိုပုတ်ထုတ်လိုက်ပြီးနောက် ဝန်မင်းကြီးကို ခေါင်းညိတ်ပြလျှက်
“ကျုပ်ကိုကူူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဝန်မင်းကြီးက လက်ကိုင်ပုဝါတစ်ထည်ကို ကောက်ယူလိုက်ကာ ပါးရှိဒဏ်ရာကိုဖိအုပ်ထားလေသည်။ ဗီဟန်လည်း ထိုရုံးမှထွက်ခဲ့သည့်အခါ ပုလိပ်များက ဗီဟန်အားဖမ်းချုပ်ခေါ်ဆောင်သွားတော့သည်။
(၂)
ဗီဟန်၏ စံအိမ်တော်ကြီးမှာ သစ်ကောင်းများဖြင့််ဆောက်လုပ်ထားပြီး မီးများထိန်လင်းနေအောင်ထွန်းထားလေသည်။ ဘခက်တစ်ယောက် ဗီဟန်၏ စံအိမ်ကြီးနှင့် မျက်စောင်းထိုးခြံတစ်ခုရှိ သစ်ပင်တစ်ပင်ပေါ်တွင် တက်ထိုင်နေကာ ဗီဟန်၏ အိမ်အတွင်းသို့ စူးစိုက်ကြည့်နေလေသည်။ ညအမှောင်ထုက လွမ်းြံံခုံထားသဖြင့် ဘခက်အား မည်သူမှ မမြင်ကြပေ၊ ပိုဆိုးသည်က ဘခက်မှာ အနက်ရောင်အဝတ်စကြီးတစ်ထည်ကို ခြံုံလွမ်းထားသေးသည်။
ဗီဟန်နေထိုင်ရာ စံအိမ်ကြီး၏ ပတ်ပတ်လည်တွင် လမ်းမီးတိုင်များကို ထိန်နေအောင်ထွန်းညှိထားသည်။ အရေးအခင်းကာလမို့ ခြံပြင်တွင် စောင့််ကြပ်သူတစ်ဦးတစ်ယောက်မှရှိမနေပေ၊ သို့သော်လည်း ခြံံကျယ်ကြီးအတွင်းတွင်တော့ လက်နက်ကိုင်ထားသည့် ကုလားလူမိုက်များက ပတ်ပတ်လည်လှည့်ကာ စောင့်ကြပ်နေသည်ကို ဘခက်က အပေါ်စီးမှတွေ့မြင်ရသည်။
စံံံအိမ်ကြီးအား အကဲခတ်ကြည့်ရာ ပြတင်းတံခါးတစ်ခုတွင် လူရိပ်များထင်ကျန်နေလေသည်။ ထိုအခန်းမှာ ဗီဟန်၏ အိပ်ခန်းပင်ဖြစ်မည်ဟု တွေးလိုက်ကာ ဘခက်တစ်ယောက် လှုပ်ရှားရန်ပြင်ဆင်လိုက်သည်။ ဘခက်က သစ်ပင်ပေါ်မှခုန်ဆင်းလိုက်ပြီး စံအိမ်ကြီး၏ တောင်ဘက်တစ်နေရာသို့ ခဲလုံးများနှင့်ပစ်ခတ်လိုက်လေရာ စံအိမ်အတွင်းစောင့်ကြပ်နေသည့် အစောင့််တစ်ဦးကိုထိမှန်သွားကာ အစောင့်များ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဘခက်မှာ စံအိမ်ကြီးအား ကာရံထားသည့် ခြံံံစည်းရိုးကြီးအတိုင်း ခြေသံလုံလုံဖြင့် စံံအိမ်ကြီး၏မြောက်ဘက်ခြမ်းသို့ ကပ်ခဲ့သည်။ ခါးကြားတွင် အသင့််ထိုးထည့်လာသည့်် သံံကုလားအော်ဖြင့် စံအိမ်ကြီးအားကာရံထားသည့် သစ်သားခြံစည်းရိုးပြားတစ်ခုကို ထိုးကလန့်လိုက်လေရာ ခြံစည်းရိုးသစ်သားပြားမှာ လန်ထွက်သွားသည်။ ထိုစဉ်က ခြံများကို အုတ်များဖြင့်အပြည့်အ၀ မကာရံတတ်ကြဘဲ သစ်သားပြားများနှင့်သာ ကာရံတတ်ကြခြင်းဖြစ်ရာ သစ်သားပြားသုံးပြားခန့်ကို ချိုးလှန်ပြီးသောအခါ ဘခက်တစ်ကိုယ်စာဝင်နိုင်ရန်အတွက် အပေါက်ဖြစ်သွားသည်။ ဘခက်လည်း ထိုအပေါက်မှ အသာကလေးဝင်လိုက်သည်။
အစောင့်များမှာ တောင်ဘက်ဆီသို့ အာရုံစိုက်နေကြသဖြင့် ဘခက်တစ်ယောက် မြောက်ဘက်ခြမ်းမှ ဝင်လာခဲ့သည်ကို သတိထားမိပုံမရသေးပေ၊ ဘခက်က စံံအိမ်ကြီး၏ အရိပ်ကျရာနေရာတစ်ခုထံသို့ ပြေးကပ်လိုက်ပြီး အခြေအနေကိုစောင့်ကြည့်လိုက်သည်။ နှစ်ထပ်အိမ်ကြီးပေါ်သို့ အပြင်ဖက်ခြမ်းမှ ကုပ်ဖက်တက်ရန်စိတ်ကူးရလိုက်သည်မို့၊ ဖွင့်ထားသည့်ပြတင်းတံခါးတစ်ခုကို နင်းလိုက်ကာ စံအိမ်ကြီး၏ မီးဖိုချောင်အမိုးပေါ်သို့ ခုန်တက်လိုက်လေသည်။ ထို့နောက် မီးဖိုချောင်အမိုးအပေါ်ရှိဖွင့်ထားသော ပြတင်းပေါက်တစ်ခုအား ခုန်ဝင်လိုက်တော့သည်။
အခန်းကြီးတစ်ခုလုံးအား အနီရောင်၊ အဝါရောင်တောက်နေသည့် ကတ္တီပါစများ၊ သက္ကလပ်စများဖြင့် အလှဆင်ထားလေသည်။ အခန်းကြီးအလယ်တွင် ပွတ်လံုံးတိုင်ကြီးများနှင့်အလှဆင်ထားသည့် ကုတင်ကြီးတစ်ခုရှိသည်။ ထိုကုတင်ကြီးပေါ်တွင်တော့ အသားအရေဖြူဝင်းသည့် မိန်းကလေးနှစ်ဦးက အိပ်မောကျနေသည်။ ဘခက်မှာ သေချာအကဲခတ်ကြည့်လိုက်သည့််အခါ မွန်တိုင်းရင်းသူလေးများဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုအနီးတွင် စားပွဲခုံတစ်ခုရှိပြီး ထိုစားပွဲအနီးတွင်ချထားသည် ကုလားထိုင်တစ်ခုတွင် ဗီဟန်က ဘခက်အားကျောပေးလျှက် ထိုင်နေလေသည်။
“ဗီဟန်၊ ခင်ဗျား သေနေ့စေ့ပြီ”
ထိုအခါ ထိုလူက ဘခက်အားတစ်ချက်လှည့်ကြည့်လိုက်သည်။ ထိုလူမှာ ဗီဟန်နှင့််အနောက်ကကြည့်လျှင်ဆင်တူသော်လည်း ဗီဟန်မဟုတ်ပေ။
“ကျုပ်ခင်ဗျားကို စောင့်နေတာကြာပြီ ဘခက်”
“ဟင် . . . မင်းက ဗီဂျေးပါလား”
ဗီဂျေးဆိုသူက ဘခက်ကိုပင်မကြည့်တော့ဘဲ အရက်တစ်ခွက်ကိုမော့သောက်ချလိုက်သည်။
“မတွေ့တာကြာပြီနော် ကိုဘခက်၊ ခင်ဗျားလက်တစ်ဖက်လည်း ပြတ်လို့ပါလားဗျ”
“မင်းတို့သူဌေး ဗီဟန်ရဲ့ကောင်းမှုတွေပေ့ါဗီဂျေးရာ”
ထိုအခါ ဗီဂျေးက ဟက်ခနဲရယ်လိုက်လေသည်။ ဘခက်က ဗီဂျေးအားကြည့်လျှက်
“ဗီဂျေး၊ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး၊ မင်းကိုငါက ညီတစ်ယောက်လိုခင်မင်ခဲ့လို့ နောက်ဆုံးအနေနဲ့ မင်းကိုသတိပေးချင်တယ်၊ မင်းငါ့အရှေ့ကနေ ဖယ်ပေးပါ”
ဗီဂျေးက ခေါင်းကိုဖြေးညှင်းစွာခါသည်။
“ကျုပ်နဲ့မဆိုင်ပဲနေပါ့မလားဗျ၊ ဗီဟန်က ကျုပ်ရဲ့သူဌေး၊ သူက ကျုပ်ကိုငွေပေးထားတယ်လေ၊ ဒီတော့ သူ့ကိုထိခိုက်မယ့် ကိစ္စက ကျုုပ်ရဲ့ကိစ္စပဲပေါ့ ကိုဘခက်ရာ”
“ငါနောက်ဆုံးအကြိမ်အနေနဲ့ သတိပေးမယ်ဗီဂျေး၊ မင်းကိုငါသတ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူးနော်”
ဗီဂျေးက ရယ်မောလိုက်ကာ ထိုင်ခုံမှထလိုက်သည်။ ထို့နောက် ဘခက်ဘက်သို့လှည့််လိုက်ပြီး
“ကျုပ်ကလည်း အရင်ဗီဂျေးမဟုတ်တော့ပါဘူးဗျ၊ ခင်ဗျားအနိုင်ယူခဲ့တဲ့ ဗီဂျေးမဟုတ်တော့ပါဘူး”
“ဟား၊ ဟား မင်းငါ့ကိုဘယ်တုန်းက နိုင်ခဲ့ဖူးလို့လဲ ဗီဂျေးရာ”
ဘခက်က ဗီဂျေးအား မခံံချင်အောင်ပြောလိုက်လေသည်။
“ကျုပ်ပြောပြီးပြီပဲ ကိုဘခက်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျုပ်ခင်ဗျားကို ရှုံးခဲ့တယ်ဆိုပေမယ့်် အခုတစ်ခါတော့ ခင်ဗျားကိုမရှုံံးတော့ဘူး၊ ဒီမှာကိုဘခက်၊ ခင်ဗျားကျုပ်ကိုသတိပေးလို့ ကျုပ်ကလည်း ခင်ဗျားကိုသတိပေးရအုံးမယ်နော်၊ ခင်ဗျားပဲ အမြဲနိုင်နေမယ်လို့မတွေးနဲ့၊ အခုက မတူတော့ဘူး၊ ခင်ဗျားကလက်တစ်ဘက်တည်းရှိတော့တာ၊ ဒီတော့ ခင်ဗျားအခုအချိန် လာရာလမ်းအတိုင်းပြန်သွားမယ်ဆိုရင် ခင်ဗျားအသက်ရှင်နိုင်လိမ့်မယ်၊ မဟုတ်ရင်တော့ ခင်ဗျားဒီစံအိမ်ထဲကနေ အသက်ရှင်လျှက်ထွက်သွားဖို့ မစဉ်းစားနဲ့”
“ဗီဂျေးရာ၊ မင်းက နှစ်တွေဘယ်လောက်ကြာကြာ ဘာမှမပြောင်းလဲသေးပါဘူးကွ၊ မင်းအရင်တုန်းကလည်း အခုလိုမျိုးရန်သူကို အထင်သေးခဲ့မိလို့ ရှုံးခဲ့တာမဟုတ်လား”
ဘခက်က ဘယ်ဖက်လက်ကိုထောင်ပြလိုက်ပြီး
“ငါ့နာမည်ဘယ်သန်ဘခက်ပါကွ၊ ငါ့မှာ ဘယ်ဖက်လက်တစ်ဖက် ရှိနေသေးသရွေ့၊ မင်းငါ့ကို နိုင်မယ်မထင်နဲ့”
ဗီဂျေးမှာ ဘခက်အားအပြေးဝင်တိုက်ခိုက်တော့သည်။ ဗီဂျေး၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ဘခက်ထက် အနည်းငယ်ပိန်လှီသော်လည်း ဗီဂျေးလှုပ်ရှားမှုများမှာ ဖြတ်လတ်သည်။ ဗီဂျေးက ဘခက်၏ ညာဖက်လက်ပြတ်နေသဖြင့်် ညာဖက်ခြမ်းကိုဦးစားပေးကာ တိုက်ခိုက်သည်။ ဘယ်ဖက်လက်သီးဖြင့်် ဘခက်၏ မျက်နှာကို တည့််မတ်စွာထိုးသွင်းလိုက်သော်လည်း ဘခက်က ထို ထိုးနှက်ချက်ကို လက်ဝါးဖြင့့််ပုတ်ထုတ်လိုက်သည်။ ထိုတော့မှ ဗီဂျေးက ညာဘက်ဝိုက်လက်သီးဖြင့် ဘခက်၏ မျက်နှာကို အားကုန်ထိုးထည့်လိုက်လေသည်။ ဘခက်က ထိုလက်သီးချက်အား မကာကွယ်တော့ဘဲ ခေါင်းကိုအသာမော့၍ ရှောင်တိမ်းလိုက်လေရာ ဗီဂျေး၏လက်သီးမှာ ဘခက်၏ မျက်နှာအနီးမှ ဝှီးခနဲဖြတ်သန်းသွားလေသည်။
လက်သီးအရှိန်လွန်သွားသည့် ဗီဂျေးမှာ ကိုယ်ဟန်ပြန်ထိမ်းရန်ကြိုးစားလိုက်သော်လည်း ဘခက်က လျှင်မြန်စွာပင် ဗီဂျေး၏ ဦးခေါင်းအား သူ့နဖူးနှင့် အရှိန်ပြင်းပြင်းတိုက်ထည့်လိုက်ရာ ဗီဂျေး၏ ပါးရိုးကို တိုက်မိသွားပြီး ဗီဂျေးတစ်ယောက်အထိနာသွားကာ အနောက်သို့ ခြေနှစ်လှမ်းခန့်် လှမ်းဆုတ်လိုက်လေသည်။ ဘခက်ခေါင်းတိုက်ချက်ကြောင့်် ဗီဂျေး၏ ပါးမို့တွင် သွေးခြေဥသွားတော့သည်။
“ဘယ်လိုလဲကွ၊ ဗီဂျေးရ၊ ညာဖက်လက်မရှိတာနဲ့ပဲ၊ ညာဖက်ပိုင်းက အားနည်းချက်ဖြစ်သွားရောလား”
ဗီဂျေးက အံံကိုကြိတ်လိုက်ပြီးနောက် သူ့ကိုယ်ခန္ဓာပေါ်တွင် ဝတ်ဆင်ထားသည့်် ရှပ်အင်္ကျီတစ်ထည်အား ဆွဲဖြဲလိုက်ကာ ချွတ်ချလိုက်သည်။ ထိုအခါ ဗီဂျေး၏ တင်းရင်းကျစ်လျစ်နေသည့် ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများမှာ အထင်းသားပေါ်လာတော့သည်။ ဘခက်က မချိုမချဉ်မျက်နှာပေးနှင့်
“ဟား၊ ဟား အင်္ကျီချွတ်ပြီးတိုက်ရင်လည်း မင်းငါ့ကိုမနိုင်ပါဘူးကွာ”
ဗီဂျေးက ယခုတစ်ခါတွင်တော့ လက်သီးဖြင့်အနီးကပ်ဝင်မတိုက်ခိုက်တော့ဘဲ ခြေထောက်ဖြင့်အဝေးမှနေ၍ အကွက်ကျဲကျဲတိုက်ခိုက်ရန်အတွက် ကြံရွယ်လိုက်ပြီး ဘခက်အား ခြေကန်ချက်များဖြင့်် ကန်သွင်းတော့သည်။ ဝေ့ဝိုက်ကန်ချက်များ၊ ပတ်ကန်ချက်များကို ဘခက်က တိမ်းရှောင်တန်သည်ကို တိမ်းရှောင်ရသလို ကာကွယ်နိုင်သည်များကိုလည်း ပုတ်ထုတ်ကာကွယ်ရသည်။ ဗီဂျေး၏ ကန်ချက်များမှာ ပြင်းထန်သလို အလွန်လည်းလျှင်မြန်လှသည်။ ကန်ချက်တစ်ချက်ကန်ပြီးတိုင်း နောက်ထပ်ကန်ချက်တစ်ခုကို အလျှင်အမြန်ကန်သွင်းလေရာ အခြားသူတစ်ဦးဆိုပါက ဗီဂျေး၏ ကန်ချက်များကို တစ်ချက်မဟုတ်တစ်ချက် ထိခိုက်စေမည်ဖြစ်သော်လည်း ယခုဘခက်ကိုတော့ ကန်ချက်တစ်ချက်ပင်မထိသေးပေ။
ဘခက်မှာ ဗီဂျေးတိုက်ကွက်ကို လေ့လာမိပြီး တိုက်ကွက်ခပ်စိတ်စိတ်ဖြင့် တိုက်ခိုက်ရန်စိတ်ကူးလိုက်သည်။ ဗီဂျေးက ဘခက်ကိုတစ်ချက်ကန်ပြီးချိန်တွင် ဘခက်က သူ့ကျောတွင်ဝတ်ဆင်ထားသည့် အနက်ရောင်ခြံုံထည်ကြီးနှင့် ဗီဂျေးအားအုပ်လိုက်လေသည်။ ရုတ်တရက်မို့ ဗီဂျေးမှာ အနက်ရောင်ခြထည်ကြီးအနောက်တွင် ဘခက်ရှိမည်အထင်နှင့် ဆက်တိုက်တိုက်ခိုက်နေရာ ဘခက်အားမထိဘဲ လေကိုသာ တိုက်ခိုက်မိလေသည်။ ထိုစဉ် ဘခက်မှာ သူ့နံဘေးတွင် ပေါ်လာခဲ့သည်။
ဘခက်က ဘယ်ဖက်တံံံတောင်ဆစ်ဖြင့်် ဗီဂျေးမျက်နှာအား ခတ်ထည့်လိုက်ရာ ဗီဂျေးပါးမှာ တံတောင်ဆစ်နှင့်မိတ်ဆက်သွားပြီး ဘခက်၏ ပြင်းထန်သည့်အားကြောင့် လေပေါ်တွင် ကိုယ်တစ်ပတ်လည်သွားကာ ကြမ်းပြင်ပေါ်သို့ခွေကျသွားလေသည်။ ဘခက်က ခြေထောက်ကိုမြှောက်တင်လိုက်ပြီးနောက် ဗီဂျေး၏ နဖူးတည့်တည့်ထို့သို့ ခြေဖနောင့််ကို ပေါက်ချလိုက်တော့သည်။ ဗီဂျေးတစ်ယောက် ရှောင်ရှားချိန်မရတော့သဖြင့် မျက်စေ့အစံုံကိုမှိတ်ထားလိုက်သည်။
သို့ရာတွင် ခြေဖနောင့်ချက်က ဗီဂျေးမျက်နှာအား မထိဘဲ နဖူးနှင့် လက်နှစ်လုံးခန့်အကွာတွင် ရပ်တန့်နေလေသည်။
“ကို . . . ကိုဘခက်”
ဘခက်က သူ့ခြေထောက်ကိုဖယ်လိုက်သည်။
“ငါမင်းကို ကတိပေးဖူးတယ်မဟုတ်လားဗီဂျေး၊ မင်းကို ငါဘယ်တော့မှ သတ်မှာမဟုတ်ဘူး၊ အခုမင်းရှုံးပြီ၊ မင်းဒီကနေထွက်သွားတော့၊ ဗီဟန်နဲ့ငါနဲ့ကြားမှာ မင်းဝင်ပါစရာမလိုတော့ဘူး”
ဘခက်မှာ အခန်းအတွင်းမှ ထွက်ရန်ပြင်ဆင်လိုက်စဉ် ဗီဂျေးမှာ အမြန်မတ်တပ်ထရပ်လိုက်ပြီးနောက် အံဆွဲတစ်ခုအတွင်းထည့်ထားသည့် ခြောက်လးပြူးသေနတ်ကိုဆွဲယူလိုက်ကာ ဘခက်နောက်စေ့တည့်တည့်သို့ ချိန်ရွယ်ထားလိုက်သည်။
“ကိုဘခက် . . . “
ဘခက်က တစ်ချက်ပြုံးရင်း
“သတ္တိမရှိတဲ့လူတွေ၊ သူရဲဘောကြောင်တဲ့လူတွေပဲ သေနတ်တွေကို သုံးတယ်ဆို၊ မင်းပဲပြောခဲ့တယ်မဟုတ်လား၊ ဘာလဲဗီဂျေး၊ မင်းက အခုတော့ သတ္တိမရှိတော့ဘူးလား၊ မင်း သူရဲဘောကြောင်တတ်နေပြီလား”
ဗီဂျေးမှာ ဘခက်စကားကိုကြားသည့်အခါ လက်များတုန်ယင်လာလေသည်။ ထို့နောက် ဗီဂျေး၏ အတွေးများမှာ အတိတ်ဟောင်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
(၃)
ကြီးမားလှသည့်် ခမ်းနားလှသည့် အိမ်ကြီးတစ်ဆောင်ရှိသည်။ ထိုအိမ်ကြီး၏ အရှေ့တွင် ပန်းပင်များစွာစိုက်ပျိုးထားသည့်် ပန်းခြံကလေးရှိသည်။ ထိုပန်းခြံံံအနီးတွင်တော့ ကျယ်ပြောလှသည့် မြက်ခင်းပြင်တစ်ခုရှိနေပြန်သည်။ ထိုမြက်ခင်းပြင်မှာ မြက်ရိုင်းများမဟုတ်ဘဲ အလှစိုက်ထားသည် မြက်များဖြစ်သည်။
စင်စစ်အားဖြင့်် ထိုအိမ်ကြီးမှာ အိမ်တစ်လုံးမဟုတ်ဘဲ ကလပ်အဆောက်အဦးတစ်ခုသာဖြစ်သည်။ အင်္ဂလိပ်များ၊ နိုင်ငံံံခြားသားများနှင့် လူကုံထံများမှာ ထိုသို့ကလပ်အဆောက်အဦးများ တည်ဆောက်ကာ အပန်းဖြေကြလေ့ရှိသည်။ ယခုရောက်နေသည့်နေရာမှာလည်း တောင်ငူမြို့ရှိ ကလပ်တစ်ခုဖြစ်ပေသည်။ ရးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သဖြင့် ညနေပိုင်းကလပ်အတွင်း လူများစည်ကားနေသည်။ ကလပ်အတွင်းရှိ လူများအားလုံးလိုလိုမှာ တောင်ငူမြို့တွင်တာဝန်ကျနေသည့်် အင်္ဂလိပ်အရာရှိများနှင့်် သူတို့၏ မိသားစုဝင်များဖြစ်သည်။
မြက်ခင်းပြင်ကြီးအနီးတွင် ကြီးမားလှသည့် စားပွဲရှည်ကြီးတစ်ခုံံချထားပြီး စားပွဲရှည်ကြီးပေါ်တွင် ဖြူလွလွစားပွဲခင်းကြီးကိုခင်းထားကာ အထူးထူးသော ဟင်းပွဲများ၊ သစ်သီးများနှင့်် ကိတ်မုန့်၊ အချိုပွဲ၊ အဖျော်ယမကာများကို တင်ကာခင်းကျင်းထားလေသည်။ ထိုစားပွဲဝိုင်းကြီးအနီးတွင်လည်း အခြားစားပွဲများရှိကာ မျက်နှာဖြူအရာရှိများ သူ့အစုနှင့်သူ စားသောက်ပျော်ရွှင်နေကြလေသည်။ မကြာခင်တွင် တီးဝိုင်းအဖွဲ့မှလည်း ခေတ်ပေါ်တေးသီချင်းများကို မြူးကြွစွာတီးခတ်သည့်အခါ အချို့မှာ မြက်ခင်းပြင်အတွင်း ကခုန်နေကြတော့သည်။
“ငါးနာရီထိုးရင် ကင်မ်ဘို ပွဲစမယ်ဟေ့”
မြို့ပိုင်မင်း မစ္စတာဝက်ဆန်ကပြောလိုက်သဖြင့်် ကလပ်အတွင်းရှိလူများအားလုံးမှာ ငြိမ်သက်သွားကြလေသည်။ ကခုန်နေသည့်သူများမှာလည်း ခုံတန်းများတွင် အလျိုလျိုဝင်ထိုင်လိုက်ကြသည်။ တီးလုံးသံများမှာလည်း တိတ်ဆိတ်သွားကာ မြို့ပိုင်မင်းက အရှေ့သို့ထွက်လာလေသည်။
“ဒီနေ့တော့ ချစ်တီးယားသူဌေးဗီဟန်ရောက်နေပါတယ်၊ ကျုုပ်တို့ရဲ့ ကင်မ်ဘို ချန်ပီယံတွေနဲ့ သူ့ရဲ့ကျေးကျွန်တွေ ပြိုင်ဆိုင်မယ့်ပွဲတစ်ခုဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကင်မ်ဘိုပွဲတွေကို မနှစ်မြို့တဲ့ လူကြီးမင်းတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအားလံုံး ဒီကနေထွက်ခွာသွားနိုင်ပါတယ်”
မြို့ပိုင်မင်းက ပြောဆိုသော်လည်း လူအနည်းငယ်သာ ထသွားကြပြီး ကျန်သည့်သူများမှာ ဆက်လက်စောင့်ကြည့်နေကြလေသည်။ မကြာခင် တီးဝိုင်းအဖွဲ့မှ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဘင်သံများတီးခတ်လေတော့သည်။ အရင်ဆုံး မြို့ပိုင်မင်းက မတ်တပ်ရပ်လိုက်ပြီးနောက် ကျေးကုလားနှစ်ယောက်မှာ ကုလားလေးတစ်ယောက်အား မြက်ခင်းပေါ်သို့ခေါ်ဆောင်လာခဲ့ကြသည်။ မြို့ပိုင်မင်းက
“ဟောဒါကတော့ ကျုပ်ရဲ့ကျေးကျွန်အစေခံ ဗီဂျေးပါပဲ၊ ဗီဂျေးဆိုရင်တော့ တောင်ငူမြို့က လူကုံထံအသိုင်းအဝိုင်းကြားထဲမှာ မသိတဲ့သူမရှိပါဘူး”
ထိုအခါ မြက်ခင်းပြင်ပေါ်တွင် ဝိုင်းပတ်ကာထိုင်နေကြသည့် မျက်နှာဖြူများက လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးကြသည်။ ဗီဂျေးဆိုသည့် ကုလားလေးမှာတော့ ထိုလူများအား မျက်လုံးအပြူးသားနှင်ကြည့်နေလေသည်။ မြို့ပိုင်မင်းပြန်ထိုင်သွားသည့်အခါ ဗီဟန်က မတ်တပ်ရပ်လိုက်သည်။
“ကျုပ်ကတော့ ရွှေဘိုနယ်သား လူတစ်ဦးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ သူ့နာမည်ကတော့ ဘခက်ပါ”
ထိုအခါ ကုလားနှစ်ဦးက ဘခက်အားလက်တစ်ဖက်တစ်ချက်မှ ဆွဲကာ ခေါ်ဆောင်လာလေသည်။ ဘခက်လည်း မြက်ခင်းပြင်ပေါ်တွင် ရပ်တန့်လိုက်သည်။ ဘခက်အားတွေ့သည့်အခါ မျက်နှာဖြူများက မနှစ်မြို့သည့်ပံုံစံံံဖြင့် ကြည့်နေကြလေသည်။
ကင်မ်ဘိုဆိုသည့် ကစားနည်းမှာ လက်ဝှေ့ထိုးသတ်သည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ အထက်တန်းလွှာမှ ငွေရှင်ကြေးရှင်များက မိမိတို့၏ ကျေးကျွန်များ၊ ငွေဝယ်ကျွန်များကို အချင်းချင်းတိုက်ခိုက်ခိုင်းစေပြီး အပန်းပြေကြည့်ရှုသည့်နည်းလမ်းတစ်ခုဖြစ်သည်။ အင်္ဂလိပ်အစိုးရအနေဖြင့် ကင်မ်ဘိုကစားနည်းကို ပိတ်ပင်ထားသော်လည်း မျက်နှာဖြူအများစုမှာ ထိုကစားနည်းအား အလွန်နှစ်ခြိုက်ကြသဖြင့် ခိုးကြောင်ခိုးဝှက် ကျင်းပကြခြင်းဖြစ်သည်။ တိုက်ခိုက်ရာတွင်လည်း လက်တွင်အကာအကွယ်များမတပ်ဆင်ပဲ လက်ချည်းဗလာတိုက်ခိုက်ကြရပြီး တစ်ဦးကမှောက်သွားကာ ပြန်မထနိုင်တော့စေရန်တိုက်ခိုက်ရခြင်းဖြစ်သည်။
မျက်နှာဖြူစာရေးကြီးတစ်ဦးက မတ်တပ်ရပ်လိုက်ပြီးနောက်
“အခုဆိုရင် ဟောဒီက ကျုပ်တို့တောင်ငူက ကင်မ်ဘို ချန်ပီယံံ ဗီဂျေးနဲ့ ချစ်တီးယားသူဌေး ဗီဟန် ခေါ်ဆောင်လာတဲ့ ဘခက်ဆိုတဲ့ လူငယ်တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်၊ ဒီတော့ လောင်းကြေးငွေများကို စတင်ထည့်သွင်းနိုင်ပါပြီ”
စာရေးကြီးက ပြောလိုက်သည့်အခါ လူအများလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ သို့သော် မြို့ပိုင်မင်းက မတ်တပ်ရပ်လိုက်ပြီးနောက်
“နေအံံုံးလေ၊ ငါတို့ချန်ပီယံနဲ့ ဒီကောင်လေးနဲ့ တိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဒီတော့ ဒီကောင်လေးရဲ့အစွမ်းကို စမ်းသပ်ကြည့််ဖို့လိုသေးတယ်”
မြို့ပိုင်မင်းမှာ ညစ်ပတ်ပြီဖြစ်သည်။ သူ့လူသေချာပေါက် အနိုင်ရစေရန်တွက် တမင်စီစဉ်ခြင်းဖြစ်သည်။ ဘခက်နှင့် ဗီဂျေး၏ အရှေ့တွင် အခြားကျေးကျွန်ထိုးသတ်သူ နှစ်ဦးကိုထပ်မံံံထည့်သွင်းလေသည်။ ပွဲစဉ်များကိုကြေငြာပြီးသည့်အခါ မြို့ပိုင်မင်းက ဗီဟန်အနီးသို့ရောက်လာခဲ့သည်။
“ဟား၊ ဟား ဗီဟန်ရေ ခင်ဗျားလူနိုင်ပါ့မလားဗျ”
“စိတ်ချပါမြို့ပိုင်မင်း၊ ကျုပ်က မပိုင်ဘဲနဲ့စိန်မခေါ်ပါဘူး”
မြို့ပိုင်မင်းက ဗီဟန်စကားကိုကြားသည့်အခါ ရယ်မောလိုက်လေသည်။
“အေးပါဗျာ၊ ကျုပ်ကလည်း ကိုယ်မနိုင်မဲ့ပွဲကို မလုပ်ပါဘူး”
ထို့နောက် ထွားထွားကျိုင်းကျိုင်းရှိသည့် ဆစ်ခ်ကုလားကြီးတစ်ဦးမှာ မြက်ခင်းပြင်ပေါ်သို့တက်လာလေသည်။ ထိုကုလားကြီးမှာ အရပ်ပင်ခြောက်ပေနီးပါးခန်ၤ့ရှိပြီး ကိုယ်လုံးကိုယ်ထည် တုတ်တုတ်ခိုင်ခိုင်နှင့််ဖြစ်လေရာ၊ ဘခက်ကိုယ်လုံးနှင့် ယှဉ်လိုက်ပါက ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်အလား ကွာခြားလွန်းလှသည်။
ဆစ်ခ်ကုလားကြီးက လက်သီးလက်မောင်းများဆန့်တန်းလိုက်သည့််အခါ ကွင်းအတွင်းလူများက အားပေးကြလေသည်။ ထိုအခါ တီးဝိုင်းအဖွဲ့မှ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် တီးလုံးများကိုတီးခတ်လိုက်လေသည်။ ညနေစောင်းနေပြီမို့ နေ့အလင်းရောင်က မှိန်ပြပြသာရှိတော့သည်။ ကုလားကြီးက ဘခက်အနီးသို့ပြေးလာလေရာ ဘခက်က ကုလားကြီး၏ ရင်ဝကိုခြေထောက်နှင့်ဆောင့်ကန်ထည့်လိုက်သော်လည်း ကုလားကြီးမှာ မည်သို့မျှပင်မနေပေ၊ ထို့နောက် ဘခက်အား အတင်းဝင်ဖမ်းချုပ်တော့သည်။ ဘခက်၏ လက်မောင်းနှစ်ဖက်ကိုပါ သူ့လက်ကြီးများနှင့်ပွေ့ပိုက်ပြီး ဖက်လိုက်သည်။ ဘခက်မှာ ကုလားကြီး၏ ရင်ဘတ်တွင်ကပ်သွားလေသည်။ ကုလားကြီးက အားထည့်ပြီးဖြစ်ညှစ်သည့်အခါ ဘခက်တစ်ယောက် အသက်ရှူများပင်ကြပ်လာသည်။
“ဟား၊ ဟား ဗီဟန်၊ မင်းလူက တိုက်တောင်မတိုက်ရသေးဘူး၊ အဖက်ခံရပြီးတော့ ရှုံးတော့မယ်ထင်တယ်”
ဘခက်လည်း လက်များဖြင့် ကုလားကြီးကိုထိုးပုတ်သည်။ သို့သော် လက်မောင်းများကို တံတောင်ဆစ်အနီးမှ ဖမ်းဆုတ်ညှစ်ကိုင်ခံရထားသည်မို့ လက်တွင်အားမရှိသဖြင့် ကုလားကြီးက ဘာမှမဖြစ်ပေ၊ ဘခက်လည်း တိုက်ကွက်ပြောင်းရန်စဉ်းစားလိုက်သည်။ သို့နှင့် ကုလားကြီး၏ နံကြားထဲသို့ လက်ကိုသွင်းလိုက်ကာ ကလိထိုးတော့သည်။ ဘခက်ထိုးနှက်သည့်အခါ ကုလားကြီးက ဘာမှမဖြစ်သော်လည်း ကလိထိုးသည့်အခါတွင်တော့ ကုလားကြီးတစ်ယောက် မနေနိုင်တော့ဘဲ ယားယံလာကာ တွန့်လိမ်လာခဲ့သည်။ ပါးစပ်မှလည်း တဟားဟားနှင့် ရယ်မောလာသည်။
ထိုအခါ ပွဲကြည့်နေကြသူများကလည်း ဝိုင်းဝန်းရယ်မောကြလေသည်။ မြို့အုပ်မင်းပင်လျှက် အရက်ခွက်ကိုင်ကာ ရယ်မောရင်း သူ့နံဘေးနားတွင်ထိုင်နေသည့် ဗီဟန်ဘက်သို့လှည့်လိုက်ကာ
“ဗီဟန်၊ ငါတို့ ကလိထိုးပွဲလုပ်နေတာမဟုတ်ဘူးနော်၊ ဟား၊ ဟား”
ကုလားကြီးလက်များက အားလျော့လာသဖြင့် ဘခက်က သူ့လက်များကို ရုန်းကန်လိုက်သည်။ လက်နှစ်ဖက်လွတ်သွားသည်နှင့် ကုလားကြီး၏ အရှိုက်တည့််တည့်သို့ ဘယ်လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။ ကုလားကြီးမှာ မျက်နှာကြီးရှုံ့မဲ့သွားကာ အွတ်ခနဲအသံံမြည်လျှက် အရှေ့သို့ခါးကိုင်းကျလာသည်။ ဘခက်ကလည်း ညာဒူးဖြင့်် ကုလားကြီး၏ မေးစေ့သို့ ခုန်ပစ်သွင်းထည့်လိုက်ရာ ကုလားကြီးမှာ ခေါင်းမော့လန်သွားပြီးနောက် မြေပြင်ပေါ်သို့ ပက်လက်လန်လဲကျသွားတော့သည်။
အစောပိုင်းက ရယ်မောနေခဲ့သူများအားလုံး ဟာခနဲ၊ ဟင်ခနဲဖြင့် ထိတ်လန့်အံ့သြသွားလေသည်။ မြို့ပိုင်မင်းတစ်ယောက် အံ့သြလွန်းသဖြင့် ပါးစပ်များပင် ဟနေလေသည်။ ထိုအခိုက် ကုလားကျေးကျွန်များက လဲကျသွားသည်ကုလားကြီးအား ပြေးထူကြသည်။ ကုလားကြီးမှာ သတိလစ်မေ့မြောနေပြီဖြစ်သည်။ ထိုအခါ ဗီဟန်က အရက်ခွက်ကိုမြှောက်တင်လိုက်ပြီး
“တော်ပါတယ် ဘခက်၊ မင်းတော်ပါတယ်”
ထိုသို့ပြောလိုက်သည့်အခါ ဘခက်က မြက်ခင်းပြင်အတွင်း လက်ရေးပြနေတော့သည်။ ကုလားကြီးအား အခြားသူများက ဆွဲထုတ်သွားကြလေသည်။ ကုလားကြီးဘက်မှ လောင်းကြေးထိုးထားသူများလည်း ရှုံံးနိမ့်ကုန်ကြသည်။ ဗီဟန်က မြို့ပိုင်မင်းဘက်သို့လှည့်ကြည့်ပြီး
“ကင်မ်ဘိုဆိုတာ ကလိထိုးတဲ့ကစားနည်းမှ မဟုတ်တာပဲဗျာ”
မြို့ပိုင်မင်းမျက်နှာမှာ ဒေါသအရိပ်အယောင်များကြောင့် ခက်ထန်မာကျောလာလေသည်။ ထို့နောက် သူ့အစေခံံတစ်ယောက်အား လှမ်းကြည့်ပြီး
“အသံံုံးကိုမကျဘူးကွာ၊ ကဲ ဒီတစ်ခါတော့ ဟိုမွန်ကောင်ကို ခေါ်လာခဲ့”
ဘခက်ပင်အနားမရသေးပေ၊ ပြိုင်ပွဲမြက်ခင်းပြင်ပေါ်သို့ လူတစ်ဦးတက်လာသည်။ ပိန်ပိန်ကျစ်ကျစ်နှင့်ဖြစ်ပြီး အသားခပ်လတ်လတ်ဖြစ်သည်။ ခေါင်းတုံးကို ပြောင်နေအောင်တုံးထားသေးသည်။ အခြားသူများနှင့် မတူသည့်အချက်မှာ ထိုလူသည် မွန်လူမျိုးတစ်ဦးဖြစ်နေလေသည်။
“ဟား၊ ဟား တိုက်စမ်းပါကွ၊ မင်းတို့ မွန်နဲ့ဗမာတွေဆိုတာ သမိုင်းတစ်လျှောက် ခွေးရူးချင်း ဖက်ကိုက်သလို ကိုက်နေခဲ့ကြတာမဟုတ်လား၊ အခုလည်း နာနာလေးကိုက်ကြစမ်းကွာ၊ ဟား . . . ဟား”
မျက်နှာဖြူအရာရှိများက မြို့ပိုင်မင်းစကားကိုကြားသည့်အခါ ရယ်မောကြလေသည်။ ထို့နောက် စာရေးကြီးထံတွင် လောင်းကြေးများထပ်နေလေသည်။ အနည်းငယ်မှောင်မိုက်လာပြီဖြစ်သဖြင့် အောက်လင်းမှန်အိမ်ကြီးများကို မြက်ခင်းပြင်ပတ်ပတ်လည်တွင် ထွန်းညှိလိုက်ရာ မီးအလင်းရောင်များက နေ့အလား လင်းလက်သွားတော့သည်။
“ချကြလေကွာ၊ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးလို့ ကြည့်နေတာလား”
မွန်ကြီးက ဘခက်ထံံသို့ပြေးဝင်လာပြီးနောက် ခြေဝိုက်ကန်ချက်တစ်ခုဖြင့် ကန်ထည်လိုက်သည်။ ဘခက်က ထိုကန်ချက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ပုတ်ရှောင်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် မွန်ကြိးက ဘခက်မျက်နှာကိုလက်သီးဖြင့် ဝိုက်ထိုးလိုက်ရာ ဘခက်လည်း ထိုလက်သီးချက်ကို လက်ဝါးစောင်းဖြင့် ခုတ်ထုတ်လိုက်သည်။ ထိုစဉ်မှာပင် ဘခက်မျက်နှာတည့်တည့်သို့ လက်သီးတစ်လုံးက တိုးဝင်လာလေသည်။
ဘခက်လည်း ထိုလက်သီးချက်အားမရှောင်နိုင်တော့သည်မို့ လက်သီးက နှာခေါင်းကိုထိုးမိသွားကာ ဘခက်တစ်ယောက် အနောက်သို့ခြေငါးလှမ်းခန့်ဆုတ်လိုက်ရလေသည်။ နှာခေါင်းရိုးကျိုးသွားသည်ထင်ရပြီး နှာခေါင်းအတွင်းမှ သွေးများက စီးကျလာလေသည်။
မွန်ကြီးက ဘခက်ကိုကြည့်ပြီး ပြုံးကာ ခြေထောက်တစ်ဖက်ကို လေပေါ်မြှောက်ထားသေးသည်။ ဘခက်လည်း လက်နှစ်ဖက်ကို ကာကွယ်လျှက် တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။ မွန်ကြီး၏ လှုပ်ရှားမှုမှာ အလွန်လျှင်မြန်လှသည်ဖြစ်ရာ တစ်ချီပြီးတစ်ချီတွင် ဘခက်ချည်းသာ ခံနေရလေသည်။ ဘခက်တစ်ကိုယ်လုံးလည်း မွန်ကြီး၏ ခြေကန်ချက်များ၊ ထိုးနှက်ချက်များကို ခံထားရသည်မို့ ပေါက်ြ့ပဲသည့်နေရာက ပေါက်ပြဲနေကာ၊ အချို့နေရာများမှာလည်း ဖူးယောင်နေလေသည်။
သုံးချီတိုက်ခိုက်ခဲ့ပြီးပြီမို့ ဘခက်က မွန်ကြီး၏ အားနည်းချက်ကို ရိပ်စားမိလိုက်ပြီးဖြစ်သည်။ လေးချီမြောက်တွင်တော့ မွန်ကြီးက ဘခက်ထံံံသို့ပြေးလာသည်။ ထိုအခါတွင် မွန်ကြီးက တိုက်ကွက်ပြောင်းသွားသည်။ ဘခက်ကို တိုက်ခိုက်ရမည့်အစား ဘခက်၏ ခြေလက်များကို ဖမ်းယူရန်ကြိုးစားနေလေသည်။ ဘခက်လည်း မလွှဲရှောင်သာတော့သည်မို့ မွန်ကြီး၏ ဖမ်းချုပ်ကွက်အတွင်းသို့ ကျရောက်သွားသည်။ မွန်ကြီးက ဘခက်၏ ညာဖက်လက်ဖျံကို ဖမ်းချုပ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကိုအနောက်သို့လှန်လိုက်ကာ ဘခက်ညာလက်ကို ချိုးချထည့်လိုက်သည်။
တဂျွတ်ဂျွတ်မြည်သံံကြီးနှင့်အတူ ဘခက်၏ အော်သံံကထွက်ပေါ်လာသည်။ ဘခက်၏ ကျိုးသွားသည့်ညာဖက်လက်ကို မွန်ကြီးက ဖမ်းချုပ်ထားဆဲဖြစ်ရာ ဘခက်က ထိုအခွင့်အရေးကိုအသံုံးချလိုက်ပြီးနောက် မွန်ကြီး၏ ပေါင်ကြားအတွင်းသို့ ဒူးတစ်လုံးကိုပစ်သွင်းလိုက်သည်။ မွန်ကြီးမှာ ဘခက်လက်ကျိုးကာ ရပ်တန့်သွားမည်ဟု ထင်နေသောကြောင့် ဘခက်တန်ပြန်လှုပ်ရှားသည်ကို မရှောင်နိုင်တော့ပေ။ သို့နှင့် မွန်ကြီးတစ်ယောက် မျက်လုံးများပြာဝေသွားပြီး ပေါင်ခွကြားကို လက်ဖြင့်အုပ်ထားလိုက်သည်။ ထိုအခါ မြို့ပိုင်မင်းက မတ်တပ်ထရပ်သည်။
“ဟေ့ကောင်၊ မင်းစည်းကမ်းဖောက်တယ်”
ကွင်းတစ်ခုလးတိတ်ဆိတ်သွားလေသည်။ ထိုအခါ ဗီဟန်က မတ်တပ်ရပ်လိုက်ပြီးနောက်
“စိတ်အေးအေးထားစမ်းပါ မြို့ပိုင်မင်းရာ၊ ကင်မ်ဘိုလို့ခေါ်တဲ့ ကျေးကျွန်တွေအချင်းချင်းတိုက်ခိုက်တဲ့ပွဲမှာ စည်းကမ်းဆိုတာမှ မရှိတာပဲဗျ”
မြို့ပိုင်မင်း နှုတ်ဆိတ်သွားကာ ထိုင်ခုံပေါ်သို့ပြန်ထိုင်ချလိုက်သည်။ ဗီဟန်က ဘခက်အား ခေါင်းညိတ်ပြလိုက်ရာ ဘခက်က ဘယ်ဖက်လက်သီးကို အားယူလိုက်ပြီးနောက် မွန်ကြီး၏ ပါးတစ်ဖက်သို့ အားဖြင့်ထိုးစိုက်ချလိုက်လေသည်။ မွန်ကြီးမှာ ဘခက်လက်သီးချက်ကြောင့် သံံုံးလေးချက်ခန့်လည်ထွက်သွားပြီးတောက် မြက်ခင်းပြင်ပေါ်သို့ ခွေခွေကလေးလဲကျသွားရာ ပြန်မထနိုင်တော့ပေ။
မျက်နှာဖြူအရာရှိတစ်ချို့မှာ ဘခက်ကို အားပေးကြလေသည်။ မြို့ပိုင်မင်း မျက်နှာမှာ အိန္ဒြေပျက်နေပြီဖြစ်သည်။
“ဗီဂျေးကိုထုတ်လိုက်တော့”
ချက်ချင်းပင် ကွင်းအတွင်းသို့ ဗီဂျေးက ဝင်လာခဲ့သည်။ မြို့ပိုင်မင်းအနေဖြင့် ယခုတစ်ပွဲတွင် အနိုင်ရမှဖြစ်ပေမယ်။ သို့သော်လည်း ဘခက်မှာ လက်တစ်ဖက်ကျိုးသွားပြီး တွဲလောင်းကြီးဖြစ်နေကာ မွန်ကြီးနှင့် တိုက်ခိုက်စဉ်ကလည်း ဒဏ်ရာများရခဲ့သည်မို့ အခြေအနေအတော်မဟန်တော့ပေ၊ ဗီဂျေးကလည်း ထိုအကွက်ကိုသိသည်။ ဘခက်အားတိုက်ခိုက်ရင်း လှည့်ပတ်ကြည့်ရှုကာ ဟာကွက်ကိုရှာဖွေနေသည်။ ဘခက်မှာ ညာဖက်လက်တွဲလောင်းကျနေသည်မို့ ညာဖက်ခြမ်းကို ကောင်းကောင်းကာကွယ်နိုင်တော့မည်မဟုတ်ဟု မှန်းဆသိလိုက်သည်။
“ချကြတော့”
(၄)
ဗီဂျေးက သူကြိုတင်မှန်းဆထားသည့်အတိုင်း ဘခက်၏ ညာဖက်ခြမ်းအား ဖိကာတိုက်ခိုက်လေသည်။ ဘခက်မှာ လက်သီးချက်အချို့ကိုရှောင်တိမ်း၍သော်လည်းကောင်း၊ အချို့ကိုပုတ်ထုတ်ကာကွယ်၍သော်လည်းကောင်း ကာကွယ်နေရသည်။ ပြန်လည်တိုက်ခိုက်ရန် နေနေသာသာ အထိမနာရန်ကိုပင် အတော်အားစိုက်ကာကွယ်နေရသည်။ သို့တိုင်အောင် ဗီဂျေး၏တိုက်ကွက်များက တစ်ချက်နှစ်ချက် ထိမှန်နေပြန်သေးသည်။ တစ်ချီတွင် ဗီဂျေး၏ ခြေပတ်ကန်ချက်တစ်ခုက ဘခက်ပါးပြင်ပေါ်သို့ ထိမှန်သွားသဖြင့် ဘခက်လည်း လေပေါ်တွင်ကျွမ်းပြစ်ပြီးနောက် မြက်ခင်းပေါ်သို့ ဘုန်းခနဲလဲကျသွားသည်။ သူ့မျက်လုံးများမှာ ပြာဝေလာသည်။
“အကိုကြီး”
ထိုစဉ် သူ့နားထဲတွင် ညီမဖြစ်သူ၏ အသံကိုကြားလိုက်ရသည်။ ထိုစဉ်မှာပင် ဗီဂျေးကလည်း ဘခက်၏ ငယ်ထိပ်သို့ခြေဖနောင့်ဖြင့် အားစိုက်ပေါက်ချလိုက်လေသည်။ ဘခက်လည်း သတိဝင်သွားကာ ခြေဖနောင့်ပေါက်ချက်ကို မြေတွင်လှိမ့်ကာရှောင်ရှားလိုက်လေရာ ဗီဂျေးခြေဖနောင့်မှာ မြက်ခင်းပြင်ကိုသာ ထိမှန်သွားတော့သည်။ ဘခက်လည်း ချက်ချင်းပင်ကုန်းထလိုက်ပြီး ဗီဂျေးအနောက်တွင်ရပ်လိုက်ပြန်သည်။ ဗီဂျေးက ကိုယ်ခန္ဓာကိုယ်တစ်ပတ်လှည့်လိုက်သည့်အခါ ဘခက်က ဘယ်ဖက်တံတောင်ဆစ်ဖြင့် ဗီဂျေးမျက်နှာကိုခတ်ထုတ်လိုက်သည်။ ဘခက်၏ တံတောင်အားပြင်းလွန်းသဖြင့် ဗီဂျေးမှာတစ်ပတ်လည်ထွက်သွားကာ မြေပြင်ပေါ်သို့ ပက်လက်လန်ကာလဲကျသွားသည်။ ဘခက်လည်းအချိန်ဆိုင်းမနေတော့ဘဲ ဗီဂျေးရင်ဘတ်ပေါ်သို့ လွှားခနဲခုန်အုပ်လိုက်ပြီးနောက် ဗီဂျေးမျက်နှာထံံံံသို့ ဘက်ဖက်လက်သီးချက်ကို အားကုန်ထိုးစိုက်ချလိုက်လေသည်။
ဗီဂျေးတစ်ယောက် မျက်လုံးများပြာဝေသွားကာ ခေါင်းကတရိပ်ရိပ်နှင့်မူးဝေလာပြီး မကြာခင်တွင် လဲကျမေ့မြောသွားတော့သည်။ ထိုတော့မှ ဘခက်က ကုန်းထလိုက်ပြီး ဘယ်ဖက်လက်သီးကို မိုးပေါ်သို့မြှောက်တင်လိုက်သည်။
“ဘခက်တဲ့ကွ၊ ဘယ်သန်ဘခက်ကွ”
ဗီဟန်က အားရဝမ်းသာနှင့် လက်ခုပ်တီးပြီးအော်ဟစ်လိုက်ရာ ကျန်သည့် မျက်နှာဖြူအရာရှိနှင့် မိသားစုများမှာလည်း ဘခက်အား လက်ခုပ်သြဘာများတီးလျှက် အားပေးကြလေသည်။ မြို့ပိုင်မင်းမှာတော့ အလွန်မကျေမချမ်းသည့်မျက်နှာနှင့် ထိုင်ခံုံမှထသွားရာ ဗီဟန်က မြို့ပိုင်မင်းကျောကုန်းအား ကြည့်လိုက်ပြီး
“ကျုပ်နိုင်ပြီဆိုတော့ ကျုပ်တို့အကိုကြီးနဲ့ ကတိပေးထားတဲ့အတိုင်း၊ ပို့ကုန်လုပ်ငန်းလိုင်စင်ကို ကျုပ်တို့ကို လက်မှတ်ထိုးပေးရမယ်”
“စိတ်ချပါ”
မြို့ပိုင်မင်းက ထိုသို့ပြောပြီး ကလပ်အဆောက်အဦးအတွင်းသို့ ဝင်သွားလေတော့သည်။
ဗီဂျေးနိုးလာသည့်အခါ သူ့အားမြို့ပိုင်မင်း၏ အိမ်နောက်ဘက် အစေခံံများနေထိုင်သည့်် တန်းလျားကြီးအရှေ့ တိုင်တစ်တိုင်တွင် ကြိုးတုတ်လျှက်သားဖြစ်နေသည်ကိုတွေ့ရသည်။ သူ၏ နံဘေးတွင်လည်း မွန်ကြီးနှင့် ကုလားကြီးတို့ကို သူ့နည်းတူ ကြိုးဖြင့်တုပ်ထားသည်။
“ဟား၊ ဟား၊ မင်းတို့သတိရလာပြီလား”
မြို့ပိုင်မင်း၏ လက်ရံံုံးအစေခံံဖြစ်သည့် ကုလားကြီးတစ်ဦးမှာ လက်အတွင်း သားရေကြာပွတ်တစ်ခုကို ကိုင်ဆွဲထားပြီးနောက် ဗီဂျေးအား လှိမ့်ရိုက်လေတော့သည်။ သားရေကြာပွတ်မှာ အလွန်စပ်ဖျဉ်းစွာ နာကျင်လေရာ ဗီဂျေးလည်း ဟစ်အော်နေမိသည်။ ကုလားကြီးက ကြာပွတ်ဖြင့် သူတို့သုံးဦးကို ပယ်ပယ်နယ်နယ်ရိုက်နေလေသည်။
“မင်းတို့ကြောင့် ငါတို့သခင်ကြီး တော်တော်ရှုံးသွားတယ်ကွ၊ ငွေရေးကြေးရေးပိုင်းအရ ရှုံးသွားတာထက်၊ ဂုဏ်သိက္ခာပိုင်းအရ တော်တော်ထိခိုက်သွားတယ်၊ ဒါကြောင့် မင်းတို့ကို မကျေနပ်ဘူး၊ မင်းတို့ကို သူက စိတ်ကြိုက်နှိပ်စက်အုံးမှာ”
ကုလားကြီးက ဗီဂျေး၏လက်မောင်းများအား ထပ်မံရိုက်နှက်ရာ ဗီဂျေးမှာ အသံကုန်ဟစ်အော်နေရတော့သည်။ ထိုစဉ် လူနှစ်ဦးမှာ သူတို့တန်းလျားထံသို့ လမ်းလျှောက်လာလေသည်။ ထိုလူနှစ်ဦးမှာ ညက သူူတို့ကိုအနိုင်ယူခဲ့သည့်် ဘခက်နှင့် ဘခက်၏သခင် ဗီဟန်ပင်ဖြစ်နေလေသည်။ ဗီဟန်က ကြာပွတ်ဖြင့်ရိုက်နှက်နေသည့် ကုလားကြီးကိုကြည့်လိုက်ပြီး
“တော်တော့”
ကုလားကြိးက ဗီဟန်ကိုတစ်ချက်မျက်စောင်းထိုးပြီး ဆက်လက်ရိုက်နေသေးရာ ဗီဟန်က ဘခက်ကိုမေးငေါ့ပြလိုက်သည့်အတွက် ဘခက်က ကြာပွတ်ကိုင်ထားသည့် ကုလားကြီး၏ လက်ကိုဘယ်ဖက်လက်နှင့် ဖမ်းဆွဲထားလိုက်သည်။
“ခင်ဗျားကို တော်တော့လို့ပြောနေတယ်မဟုတ်လား”
ဘခက်အား ထိုကုလားကြီးက ဘုကြည့်ကြည့်လိုက်သဖြင့် ဘခက်က ထိုကုလားကြီး၏ နှာခေါင်းအား ခေါင်းနှင့်ထိုးတိုက်ထည့်လိုက်ရာ ကုလားကြီးမှာ ဖင်ထိုင်လဲကျသွားသည်။ ထိုတော့မှ ဗီဟန်က ကုလားကြီးကိုစာရွက်တစ်ရွက်ထုတ်ပြပြီး
“ဗီဂျေးနဲ့ မွန်ကြီးကို ငါတို့ဝယ်လိုက်ပြီ၊ အခုအချိန်ကစပြီး သူတို့နှစ်ယောက်က မင်းတို့သခင်ရဲ့ကျွန်တွေမဟုတ်တော့ဘူး”
ထိုတော့မှ ကုလားကြိးက ခေါင်းညိတ်လိုက်သည်။ ဘခက်ကတော့ ဗီဂျေးကိုယ်တွင် တုတ်နှောင်ထားသည့် ကြိုးများကို လက်တစ်ဖက်ဖြင့်ဖြေပေးနေလိုက်သည်။ ဗီဂျေးမှာ ဘခက်အား အလွန်ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်နေသေးသည်။
“ကိုဘခက် . . .”
ဘခက်က ပြံုံးလိုက်ပြီး
“မပူပါနဲ့ကွာ၊ ဗီဟန်က မင်းကိုဝယ်လိုက်ပြီဆိုတော့ အခုအချိန်ကစပြီး ငါတို့ညီအကိုတွေဖြစ်သွားကြပြီပေါ့”
ဘခက်က သူ၏ဘယ်ဖက်လက်ကို ကမ်းပေးလိုက်ရာ ဗီဂျေးက ထိုလက်ကိုဆွဲယူပြီး သူတို့နှစ်ဦး လက်မောင်းချင်းယှက်လိုက်ကြတော့သည်။ ဗီဂျေးမှာ ဘခက်ထက် အသက်တစ်နှစ်ကျော်ခန့်ငယ်ရွယ်လေသည်။ ထိုစဉ်က ဘခက်မှာ အသက်ဆယ့်ခြောက်နှစ်သာရှိသေးသည်မို့ ဗီဂျေးမှာ ဆယ့်ငါးနှစ်မျှသာဖြစ်သည်။
“စိတ်ချ၊ မင်းတို့ ငါတို့ညီအကိုအဖွဲ့ထဲကို ရောက်လာပြီဆိုတော့ မင်းတို့ကိုဘယ်သူမှ နာကျင်အောင်လုပ်လို့မရတော့ဘူး၊ မင်းတို့ကို ဘယ်သူမှ ရန်မစရဲတော့ဘူးကွ”
ဗီဟန်က ဗီဂျေး၏ ပုခုံးကိုပုတ်ရင်းပြောလိုက်ကာ လှည့်ထွက်သွားလေသည်။ မွန်ကြီးမှာလည်း ဗီဟန်အနောက်သို့လိုက်သွားသည်။ ဗီဂျေးက ဘခက်ကိုကြည့်ရင်း
“ကျုပ် . . . ကျုပ်တောင်းပန်ပါတယ် ကိုဘခက်”
“မလိုပါဘူးကွာ၊ ဒီနေ့ကစပြီး မင်းက ငါ့ညီဖြစ်သွားပြီ၊ တခြားတော့ကတိမပေးနိုင်ပေမယ့် မင်းကိုငါကတိတစ်ခုတော့ပေးနိုင်တယ်၊ ဒါကတော့ မင်းကိုငါ့လက်နဲ့ ဘယ်တော့မှ မသတ်ဘူးဆိုတာကိုပဲ”
ဗီဂျေးလည်း ပြုံးလိုက်ရင်း
“ကျုပ်လည်း အတူတူပါပဲ အကိုဘခက်ရာ”
သူတို့နှစ်ဦးမှာ တစ်ယောက်ပုခုံးတစ်ယောက်ဖက်လိုက်ပြီးနောက် မြို့ပိုင်မင်း၏ ခြံံဝန်းကျယ်ကြီးအတွင်းမှ ထွက်လာခဲ့ကြတော့သည်။ ဗီဟန်၏ အိမ်သို့ရောက်သောအခါ ဗီဟန်က ဗီဂျေး၏ တိုက်ခိုက်မှုများကိုသဘောကျပြီးဖြစ်သည်နှင့်
“ဟား၊ ဟား ဘခက်ရေ မင်းကိုတော့ ငါကသိပ်ကြိုက်တယ်ကွာ၊ ဒီတော့ မင်းက ငါ့ရဲ့ညာလက်ရုံးလုပ်၊ ဟောဒီဗီဂျေးကတော့ ငါ့ရဲ့ဘက်လက်ရုံးလုပ်ကွာ”
ဗီဟန်ပြောသည့်စကားကို ဘခက်က မနှစ်မြို့ပေ။
“ဟာဗျာ၊ ကျုပ်က ဘယ်သန်တာဆိုတော့ ဖြစ်ချင်းဖြစ် ကျုပ်က ဘယ်လက်ရုံးဖြစ်ရမှာ၊ ဗီဂျေး မင်းက ညာလက်ရုံးလုပ်”
ဘခက်စကားကြားသည့်အခါ ဗီဟန်က ရယ်မောလိုက်လေသည်။ ထိုအချိန်မှစတင်ကာ ဘခက်မှာ ဗီဟန်၏ ဘယ်လက်ရုံးဖြစ်ခဲ့သလို၊ ဗီဂျေးမှာ ဗီဟန်၏ ညာလက်ရုံးဖြစ်သွားတော့သည်။
(၅)
ဗီဂျေးမှာ ဘခက်၏ နောက်စေ့တည့်တည့်သို့ သေနတ်နှင့်ထိုးချိန်ထားသော်လည်း သူ့လက်များက တုန်ယင်နေလေသည်။
“မင်းငါ့ကိုပစ်လိုက်စမ်းပါဗီဂျေး၊ ငါတို့လူမိုက်တွေက ကတိတစ်လုံးကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ မင်းသိမှာပါ၊ ငါကတော့ ခုနက ငါ့ရဲ့ကတိအတိုင်း မင်းကိုသတ်လို့ရပေမယ့် မသတ်ခဲ့ဘူး၊ မင်းက ငါ့ကိုပေးခဲ့တဲ့ကတိကို မတည်ချင်တော့ဘူးဆိုရင်တော့ မင်းသေနတ်မောင်းကိုသာ ညှစ်လိုက်တော့ကွာ”
“မဟုတ်ဘူး ကိုဘခက်၊ ဗီဟန်က ကျုပ်တို့ရဲ့ကျေးဇူးရှင်လေ၊ ကျုပ်တို့တွေကို ခွေးလိုနွားလိုဘဝကနေ သူက ကယ်တင်ခဲ့တယ်မဟုတ်လား”
ဘခက်က ခေါင်းခါလိုက်ရင်း
“သူက ကျေးဇူးရှိတာတော့မှန်တယ် ဗီဂျေး၊ ဒါပေမယ့် ငါက သူ့ကျေးဇူးတွေကို ငါ့ရဲ့ခန္ဓာကိုယ်နဲ့ရင်းပြီး ဆပ်ခဲ့ပြီးပြီ၊ ဒီတော့ သူနဲ့ငါ့ရဲ့ကြားမှာ အကြွေးကင်းသွားပြီဗီဂျေး၊ မင်းလည်းသွားတော့၊ မင်းသူ့နားမှာ ဆက်နေသမျှ ငါနဲ့ရင်ဆိုင်နေရအုံးမှာပဲ”
ဗီဂျေးက ခေါင်းခါလျှက်
“ကျုပ်သွားလို့မရဘူး၊ ကျုပ်သွားလို့မရဘူး ကိုဘခက်၊ ဗီဟန်၊ ဗီဟန်က ကျုပ်မိသားစုကို ဖမ်းဆီးထားတယ်၊ ကျုပ်မိသားစုက ကောင်းကောင်းနေရတယ်ဆိုပေမယ့် သူတို့ကိုဓါးစာခံံအဖြစ် ဖမ်းထားတယ်”
ဘခက်က ဗီဂျေးဘက်သို့လှည့်လိုက်လေသည်။ ထိုအခါ သေနတ်ပြောင်းမှာ ဘခက်မျက်နှာသို့ တည့်တည့်ချိန်ထားပြီးဖြစ်နေသည်။
“ဒီနေ့မှာ ကိုဘခက်နဲ့ ကျုပ်နဲ့ထဲက တစ်ယောက်ယောက်သေမှရမယ်၊ ဘယ်သူမှ မသေဘူးဆိုရင် ကျုပ်ရဲ့မိသားစုက ထိခိုက်လိမ့်မယ်၊ ဗီဟန်အကြောင်းကို ကိုဘခက်သိမယ်ထင်ပါတယ်”
ဘခက်က ခေါင်းညိတ်လိုက်ရင်း
“ငါသိပါတယ်၊ ဒါဆိုရင်လည်း ငါ့ကိုသာပစ်လိုက်ပါတော့ ဗီဂျေးရာ”
ဘခက်က လက်နှစ်ဖက်ကို နံဘေးသို့ဆန့်တန်းကာ မျက်စေ့မှိတ်ထားလိုက်သည်။
“ဒိုင်း . . .”
ကျယ်လောင်သည့် သေနတ်သံံံက ငြိမ်သက်နေသည့် ညအမှောင်ယံကို ဖောက်ထွက်လာလေသည်။ ဘခက်မှာ မျက်လုံးမှိတ်ထားသော်လည်း နာကျင်မှုတစ်စုံတစ်ရာ မခံစားရသဖြင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့သည်။ ဗီဂျေးလက်အတွင်း ကိုင်ထားသည့် သေနတ်မှာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။ ဗီဂျေးရင်ဘတ်တွင် ကျည်ပေါက်ရာကြီးတစ်ခုကိုတွေ့ရပြီး သွေးများကပန်းထွက်နေလေသည်။
“ဗီဂျေး”
လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သွားသည့် ဗီဂျေး၏ ခန္ဓာကိုယ်ကို ဘခက်က ပြေးဖမ်းထိန်းလိုက်သည်။ ဗီဂျေးပါးစပ်မျှ သွေးတွေအန်ကျလာလေသည်။
“ဗီဂျေး၊ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ၊ ဘာလို့ ငါ့ကိုမပစ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်ရတာလဲ”
ဗီဂျေးမှာ အသက်ကိုမနည်းရှူရှိုက်နေရင်း
“ကိုဘခက်ကို ကျုပ်မတားပါဘူး၊ ကိုဘခက်ရဲ့ အကြံအစည်တွေ အောင်မြင်ပါစေလို့ပဲ ကျုပ် . . . ကျုပ်ဆုတောင်း . . .”
ဗီဂျေးမှာ မျက်လုံးအပြူးသားနှင့် ငြိမ်ကျသွားလေသည်။ ဘခက်မှာ ဗီဂျေးအလောင်းကိုပိုက်လျှက် အော်ဟစ်လိုက်မိသည်။
ထိုစဉ်မှာပင် အိပ်ခန်းတံခါးပွင့်သွားကာ ကုတင်ပေါ်တွင် အိပ်ပျော်နေသည့် မိန်းကလေးများပြေးထွက်သွားသည်။ ထို့နောက်တစ်ချိန်တည်းမှာပင် ဗီဟန်၏ လူမိုက်များက အိပ်ခန်းအတွင်းသို့ စုပြုံကာဝင်လာကြလေသည်။ လက်နက်မျိုးစုံ ကိုင်ဆောင်ထားသည့် လူမိုက်များမှာ ဘခက်အားဝိုင်းလိုက်ကြသည်။ ဘခက်က ဗီဂျေးအနီးတွင်ကျနေသည့် ခြောက်လုံးပြူးသေနတ်အားကောက်ယူလိုက်တော့သည်။
“ခင်ဗျားသေနတ်မှာ ကျည်ဆန်အလွန်ဆုံးပါမှ ခြောက်တောင့်ပေါ့ဗျာ၊ ခင်ဗျားရဲ့သေနတ်နဲ့ ကျုပ်တို့ကိုအားလုံးကို ပစ်နိုင်မယ်လို့ထင်နေတာလား”
လူမိုက်တစ်ယောက်က ပြောဆိုလိုက်သည့်အခါ ဘခက်က ခေါင်းခါလိုက်လေသည်။ ထို့နောက် သေနတ်ကိုအခန်းနံရံတွင် ချိတ်ဆွဲထားသည့် အောက်လင်းမီးအိမ်ကြီးဆီသို့ ထိုးချိန်လိုက်သည်။
“ငါမင်းတို့ကိုမပစ်ပါဘူး၊ အခန်းကလင်းနေလို့ နည်းနည်းလောက် အမှောင်ချမလို့ပါ”
ဘခက်က သေနတ်မောင်းခလုပ်အား ဆွဲညှစ်လိုက်သည်နှင့် သေနတ်သံနောက်တစ်ချက် ပေါ်ထွက်လာပြီးနောက် အောက်လင်းမီးအိမ်ကြီးကွဲထွက်သွားကာ အခန်းအတွင်းအမှောင်ကျသွားလေသည်။ ထို့နောက် အမှောင်ထုအတွင်း တိုက်ခိုက်သံများက ကျယ်လောင်စွာပေါ်ထွက်လာခဲ့သည်။
မကြာမီတွင် ပုလိပ်များရောက်လာကြလေသည်။ သေနတ်သံနှစ်ချက်ကြားကြောင်းပတ်ဝန်းကျင်မှ သတင်းပို့သဖြင့် ရောက်လာကြခြင်းဖြစ်သည်။ အရေးအခင်းအချိန်ဖြစ်သည်ကတစ်ကြောင်း၊ ကုလားသူဌေးဗီဟန်၏ အိမ်ဖြစ်သည်ကတစ်ကြောင်းမို့ သာမန်ထက် ပုလိပ်များပိုမိုများပြားနေခြင်းဖြစ်သည်။ ပုလိပ်များမှာ အိမ်ထံမဝင်ဝံ့သေးဘဲ အိမ်ကိုဝိုင်းထားကြသည်။ ထိုစဉ် ကာကီရောင်အင်္ကျီကိုဝတ်ဆင်ထားသည့် လူတစ်ဦးမှာ အိမ်ခြံဝန်းအနီးသို့ ကပ်သွားလေသည်။
“ကိုဘသိန်း၊ သိပ်မစွန့်စားနဲ့နော်ဗျ၊ သေနတ်သံကြားထားတာဆိုတော့ ဒီလူ့ဆီမှာ သေနတ်ရှိပုံရတယ်”
ထိုအခါ ဘသိန်းဆိုသူက ပြုံးလိုက်ပြီးနောက် ခြံစည်းရိုးကိုလွှားခနဲကျော်ဝင်သွားလေသည်။ ထို့နောက် ခြံတံခါးကိုဖွင့်ပေးလိုက်သည့်အခါ အိမ်ကြီးအပေါ်မှ မိန်းကလေးများနှင့် လူတစ်ချို့ပြေးထွက်လာလေသည်။ ဘသိန်းလည်း အိမ်တံခါးကိုဖွင့်လိုက်သည့်အခါ အိမ်ကြီးတစ်ခုလုံးမှာ မှောင်အတိကျနေသည်။ ဘသိန်းက ခါးကြားအတွင်းမှ နိုင်ငံခြားဖြစ်မီးခြစ်တစ်လုံးကို ထုတ်ယူလိုက်ကာ မီးခတ်လိုက်လေသည်။ ထိုအခါ မီးအလင်းရောင်ကြောင့် ခန်းမကြီးအတွင်း လဲပြိုနေသည့် လူအများကိုတွေ့လိုက်ရသည်။
ဘသိန်းက မှန်အိမ်တစ်ခုအနီးသို့ တိုးကပ်သွားကာ မီးထွန်းညှိလိုက်လေသည်။ ထိုအခါ ခန်းမတစ်ခုလုံး လူမိုက်များက လဲကျနေပြီး အချို့မှာ ငြိမ်သက်လျှက်ရှီသော်လည်း အချို့မှာတော့ လူးလွန့်ကာ ညည်းညူနေကြလေသည်။ ဧည့်ခန်းမကြီးအဆုံးရှိ ထိုင်ခုံကြီးပေါ်တွင်တော့ လူတစ်ဦးက ဒူးတစ်ဖက်ထောင်လျှက် ထိုင်နေလေသည်။ ဘသိန်းက ထိုလူအားကြည့်လိုက်သည်။ ထိုလူမှာ ဘခက်ပင်ဖြစ်သည်။
“ခင်ဗျားတို့ ဒီထက်စောစောလာမယ်လို့တောင် ကျုပ်ကထင်ထားတာဗျ”
ဘသိန်းမှာ လဲကျနေသည့်လူများကိုကြည့်ပြီး
“ခင်ဗျားပြေးမလွတ်တော့ပါဘူးဗျာ”
“ကျုပ်ကလည်း ပြေးဖို့အစီအစဉ်မရှိပါဘူး၊ ဒီလူတွေအကုန်လုံးကို ကျိုးကန်းသွားအောင်လုပ်ထားတာ ကျုပ်ပဲ၊ ကဲ အခု ခင်ဗျားကျုပ်ဆီကိုလာပြီးတော့ ကျုပ်ကိုဖမ်းတော့”
ဘသိန်းက ခါးပတ်တွင်ချိတ်ထားသည့် လက်ထိပ်တစ်စုံကိုဖြုတ်လိုက်ပြီး ဘခက်အနီးသို့တိုးကပ်သွားသည်။ အနီးရောက်သည့်အခါမှ ဘခက်တွင် လက်တစ်ဖက်သာရှိသည်ကိုတွေ့လိုက်ပြီး ဘခက်၏ ဘယ်ဖက်လက်အား လက်ထိပ်ခတ်လိုက်ကာ ကျန်သည့်လက်ထိပ်တစ်ဖက်ကိုတော့ ဘသိန်းက သူ့ဘက်တွင်ခပ်လိုက်လေသည်။ ဘခက်က ဘသိန်းကိုကြည့်လိုက်ပြီး
“ခင်ဗျားတို့ ကျုပ်ကိုထောင်ချမှာမဟုတ်လား”
“သေချာတာပေါ့ဗျာ၊ ဒါထက့်ဆိုးရင်တော့ ခင်ဗျားကြိုးစင်ပါတက်ရလိမ့်မယ်”
ထိုအခါ ဘခက်က အသံပြဲကြီးနှင့် ရယ်မောလိုက်ပြီး
“ကောင်းတာပေါ့၊ လာဗျာ၊ သွားရအောင်”
ဘခက်ကပင် ဦးဆောင်ပြီး ခြေလှမ်းကျဲကြီးများနှင့်ထွက်သွားသည်မို့ ဘသိန်းတစ်ယောက်လည်း ဘခက်အနောက်မှထွက်လိုက်လာခဲ့သည်။ အိမ်ကြီးအတွင်းမှ ထွက်လိုက်သောအခါ ပုလိပ်များက ဘခက်အား သေနတ်ဖြင့်ထိုးချိန်လိုက်သည်။ ဘသိန်းက လက်ကာပြပြီး
“ကျုပ်သူ့ကိုဖမ်းလိုက်ပြီ”
ထိုတော့မှ ပုလိပ်များမှာ သေနတ်များကိုရုတ်သိမ်းလိုက်ပြီး ဘခက်အား ဆွဲခေါ်ကြသည်။ အကျဉ်းသားများအား သယ်ဆောင်လေ့ရှိသည့်မြင်းနှစ်ကောင်ဆွဲသည့် သံလှည်းကြီးအတွင်းသို့ ဘခက်ရော၊ ဘသိန်းကိုပါ ထည့်လိုက်ကြပြီးနောက် ရန်ကုန်အကျဉ်းထောင်ဆီသို့ မောင်းနှင်ခဲ့ကြလေတော့သည်။
ဆက်ရန်။