စာစဉ်(၁)
(ဤဇာတ်လမ်းပါအကြောင်းအရာများသည် သမိုင်းဖြစ်ရပ်အချို့အပေါ်အကြမ်းဖျင်းအခြေခံထားသော်လည်း ဇာတ်လမ်းဇာတ်ကွက်အားလုံးလိုလိုမှာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါသည်၊ သွေးထွက်သံယိုဇာတ်ဝင်ခန်းများ၊ ရက်စက်ရင့်သီးသည့် စကားအသုံးအနှုန်းများပါဝင်သဖြင့် စာဖတ်သူများ စိတ်မနှစ်မြို့ပါက ချင့်ချိန်ဖတ်ရှုပါရန် အသိပေးအပ်ပါသည်)
အချိန်ကား ၁၉၃၀ ခုနှစ် ဖေဖော်ဝါရီလ။
ဗြိတိသျှကိုလိုနီ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံအား ကျွန်ပြုအုပ်ချုပ်နေသည့်် ကိုလိုနီခေတ်လည်းဖြစ်ပေသည်။ ထိုစဉ်က ရန်ကုန်မြို့မှာ ဗြိတိသျှကိုလိုနီအစိုးရအုပ်ချုပ်ရေးတစ်ခုလုံး ရုံးစိုက်ရာ မြန်မာနိုင်ငံ၏ မြို့တော်ကြီးဖြစ်ခဲ့ပြီး စက်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် အထူးစဉ်ကားနေသည့် မြို့ကြီးတစ်မြို့လည်းဖြစ်ပေသည်။
ထိုစဉ်က ဗိုလ်တစ်ထောင်မြို့နယ်သည် ကမ်းနားလမ်းတစ်လျှောက်တည်ရှိပြီး အလွန်စည်ကားသည့်နေရာတစ်နေရာဖြစ်သည်။ ဆိပ်ကမ်းများတည်ရှိပြီး၊ ကုန်စည်သင်္ဘောများဆိုက်ကပ်သည့်အရပ်ဖြစ်သည်မို့ လူနေထူထပ်သလို လူသွားလူလာလည်းများလေသည်။ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းတွင် ဘရွတ်ကင်းလမ်း(ယခု ဗိုလ်ကလေးဈေးလမ်း) တည်ရှိသည်။ ဘရွတ်ကင်းလမ်းနှင့် စထရင်းလမ်းခေါ် ကမ်းနားလမ်းထိပ်ဆုံရာတွင် ဈေးကလည်းတစ်ခုရှိပြီး အလွန်စည်ကားလှပေသည်။ အထူးသဖြင့် ယခုကဲ့သို့ ညနေပိုင်းအချိန်တွင် ပိုမိုစည်ကားလှသည်။ တစ်နေ့လုံးအရှိန်တငြီးငြီးဖြင့် ထွန်းလင်းတောက်ပနေသည့် နေမင်းကြီးမှာ အနောက်ဂေါ်ယာကျွန်းဆီသို တဖြည်းဖြည်းချင်းတိုးဝင်သွားလေသည်။ ထိုအခါ မြစ်ပြင်ကိုဖြတ်သန်းကာ တိုက်ခတ်လာသည့် လေများကြောင့် ပတ်ဝန်းကျင်မှာအေးမြသွားလေသည်။ တစ်နေကုန် အလုပ်များနေခဲ့သည့် ဆိပ်ကမ်းများမှာ ကုန်တင်ကုန်ချအလုပ်သမားများ၊ အငှားကူလီများမှာလည်း လုပ်ငန်းခွင့်သိမ်းသွားသဖြင့် နီးစပ်ရာဘုံဆိုင်ကလေးများတွင် ဆက်ရက်မင်းစည်းစိမ်ခံရန်အတွက် စုရုံးရောက်ရှိလာသည့်အချိန်လည်းဖြစ်ပေသည်။
လေတဖြူးဖြူးတိုက်ခတ်နေသည့် စထရင်းလမ်းအတိုင်း အသက်လေးဆယ်ခန့်အရွယ်ရှိသည့် လူကြီးတစ်ယောက်လမ်းလျှောက်လာလေသည်။ ထိုလူကြီးမှာ ရင်အုပ်ကျယ်ကျယ်နှင့် ဖွံ့ဖြိုးထွားကျိုင်းသည့် ခန္ဓာကိုယ်ရှိကာ အဖြူရောင်ပင်မပေါ်တော့ဘဲ ချေးညှော်များကပ်ငြိနေသည့် စွပ်ကျယ်တစ်ထည်ကိုဝတ်ဆင်ထားသည်။ ထိုစွပ်ကျယ်အပေါ်မှလည်း လည်ကုပ်ပိုးများ ပေါက်ပြဲနေသည့် အစိမ်းရင့်ရောင် အကျီလက်ရှည်တစ်ထည်ကို လွှမ်းခြုံဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်အောက်ပိုင်းတွင်တော့ ပုဆိုးအကွက်ကျဲတစ်ထည်ကို ဒူးဖုံးရုံသာ ခပ်တိုတိုဝတ်ဆင်ထားပြီး ခြေထောက်တွင် ဖိနပ်ပင်မပါပေ၊ ထိုလူကြီးက စထရင်းလမ်းအတိုင်း ငိုက်စိုက်စိုက်နှင့်လမ်းလျှောက်လာပြီး ဘရွတ်ကင်းလမ်းနှင့်ဆုံရာ လမ်းထောင့််အရောက်တွင် လူအများဖြင့်စည်ကားနေသည့် လမ်းဘေးဘုံဆိုင်ကလေးတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။
အဆောက်အဦးကြီးတစ်ခု၏ နံရံတွင် ဖျင်စကြီးကို အမိုးအဖြစ်ထိုးထားပြီး ခွေးခြေပုကလေးများနှင့် ညစ်ထေးထေးစားပွဲဝိုင်းများတွင် ထိုလူကြီးက ဝင်ထိုင်လိုက်လေသည်။ ဆိုင်တစ်ခုလုံးတွင်တော့ အလုပ်ကြမ်းသမားများ၊ ကူလီများမှာ သူ့အစုနှင့်သူ စုဝေးကာ အရက်သေစာများကိုသောက်စားမူးယစ်နေကြလေသည်။ ထိုအခိုက် ဆိုင်ပိုင်ရှင်ကုလားကြီးက ထိုလူကြီးစားပွဲဆီသို့ရောက်လာသည်။
“ဘာသောက်မလဲ”
“မီးတောက်တာပေး”
“ပိုက်ဆံရောပါရဲ့လား”
ထိုအခါ ထိုလူကြီးက သူ့ညာဖက်လက်ကို ညစ်ထေးနေသည့် စားပွဲပေါ်သို့တင်လိုက်လေသည်။ သူ၏ ညာဖက်လက်၏ လက်ကောက်ဝတ်မှာ ယတိပြတ်၊ ပြတ်နေလေသည်။ ထိုလူကြ ဘယ်ဖက်လက်ဖြင့် သူဝတ်ဆင်ထားသည့် အင်္ကျီအိပ်ကပ်အတွင်းသို့ နှိုက်လိုက်ပြီး ငွေပြားကလေးတစ်ပြားကိုထုတ်ပေးလိုက်သည့်အခါ ကုလားကြီးက ငွေပြားကိုကောက်ယူလိုက်ပြီး သွားနှင့်ကိုက်ကြည့်လိုက်သည်။
“တစ်ပြားဆိုတော့ တစ်ပုလင်းရမယ်”
ကုလားကြီးက အရက်များသိုလှောင်ထားသည့် စည်ပိုင်းများအနီးသို့သွားလိုက်ကာ ထင်းရှူးသေတ္တာတစ်လံုံးအထဲတွင် ထည့်ထားသည့် အနက်ရောင်ပုလင်းတစ်လုံးကိုထုတ်လိုက်လေသည်။ ထို့နောက် သံမတ်ခွက်တစ်လုံးကိုယူလိုက်ပြီး ထိုလူကြီး၏ အရှေ့စားပွဲပေါ်တွင်ချပေးလိုက်သည်။ ထိုလူကြီးက
“မီးတောက်တာသေချာလား”
ကုလားကြီးက မတ်ခွက်ကိုမှောက်ချလိုက်ပြီးနောက် မတ်ခွက်၏ အနည်းငယ်ခွက်နေသည့်် ဖင်ပိုင်းအပေါ်သို့ အနက်ရောင်ပုလင်းအတွင်းမှ အရက်များကိုအနည်းငယ်လောင်းထည့်လိုက်သည်။ မီးခြစ်ဆံတစ်ချောင်းကို မီးခြစ်လိုက်ပြီး ထိုပုလင်းဖင်ပေါ်ရှိ အရက်များပေါ်သို့ ထွန်းညှိလိုက်လေရာ အရက်များမှာ မီးဟုန်းဟုန်းတောက်လောင်လာခဲ့သည်။ ထိုတော့မှ ထိုလူကြီးက တစ်ချက်ပြုံးလိုက်ပြီး
“ခင်ဗျားအရက်က စစ်သားပဲ”
ထိုသို့ပြောလိုက်ပြီး မီးတောက်အရက်ပုလင်းကို ကိုင်ကာ ဒီအတိုင်းမော့ချလိုက်လေရာ ကုလားကြီးက ခေါင်းတစ်ချက်ခါလိုက်ပြီးနောက် ထိုလူကြီးထံမှာ ထွက်လာခဲ့တော့သည်။
(၂)
“မလုပ်ပါနဲ့၊ မလုပ်ကြပါနဲ့ရှင်”
ဆိုင်အရှေ့တွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ညနေမိုးချုပ်သွားပြီဖြစ်သဖြင့် ဆိုင်အတွင်းအမှောင်ထုဖံုံးနေလေသည်။ ဆိုင်အဝင်ဝအနီးရှိ စားပွဲတစ်လုံးပေါ်တွင် တင်ထွန်းထားသည့် မှန်မီးအိမ်အလင်းမှာ ခပ်မှိန်မှိန်သာလင်းနေလေသည်။ ထိုစဉ် ဆိုင်အတွင်းသို့ မိန်းကလေးတစ်ယောက်ဝင်လာလေသည်။ ထိုမိန်းကလေးအနောက်တွင်တော့ ကုလားလေးယောက်လိုက်ပါလာသည်။
“မလုပ်ပါနဲ့၊ ကျွန်မတောင်းပန်ပါတယ်”
ကုလားများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ရယ်မောလိုက်လေသည်။ ထိုအထဲမှ ခေါင်းတုံးကိုပြောင်နေအောင်တုံးထားပြီး ဆီပွတ်ထားသဖြင့်် ချောမွေ့နေသည့်် ကုလားတစ်ဦးက မိန်းကလေး၏လက်ကိုဆွဲကိုင်လိုက်ပြီး
“ဟား၊ ဟား မင်းကိုလည်း ငါတို့ဘာမှမလုပ်ပါဘူးကွ၊ နည်းနည်းပါးပါး ဧည့်ခံခိုင်းမလို့ပါ”
ထိုကုလားလေးယောက်မှာ စားပွဲဝိုင်းများထံသို့ကြည့်လိုက်ကြသည်။ စားပွဲဝိုင်းများအားလုံးလိုလိုမှာ လူပြည့်နေသဖြင့် အနီးရှိစားပွဲဝိုင်းတစ်ခုတွင် ထိုင်နေသည့်လူများအား စိုက်ကြည့်လိုက်လေသည်။ ထိုလူများက ကုလားလေးယောက်အကြည့်ခံရသောအခါ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ နေရာလုပ်ပေးလိုက်ကြသည။ ထိုကုလားလေးယောက်က လူလွတ်သွားသည့် စားပွဲဝိုင်းတွင် ဝင်ထိုင်သည့်အခါ ဆိုင်ရှင်ကုလားကြီးက ကြောက်ကြောကရွံ့ရွံ့နှင့်် အပြေးသွားပြီး စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များ၊ ပုလင်းများကို သိမ်းဆည်းပေးလိုက်ကာ စားပွဲကို လက်သုတ်တစ်ခုနှင့် သုတ်ပေးလိုက်လေသည်။
“ကျုပ်တို့ဘာသောက်နေကျလဲဆို ခင်ဗျားသိပါတယ်”
ဆိုင်ရှင်ကုလားကြီးက ခေါင်းညိတ်ပြီး စည်ပိုင်းများအနီးသို့ အမြန်ပြေးလာလေသည်။ ထို့နောက် ရမ်ပုလင်းများကို ဆွဲယူလာပြီးနောက် ဖန်ခွက်များနှင့်အတူ ချပေးလိုက်လေသည်။ ကုလားလေးယောက်က ထိုမိန်းကလေးကို စားပွဲအောက်မြေပြင်တွင်ထိုင်ခိုင်းလိုက်သည်။
“ဟဲ့ကောင်မလေး၊ ရော့၊ ငါတို့သောက်မယ့်အရက်တွေကို ခွက်ထဲကိုထည့်ပေးစမ်း”
“မလုပ် . . .မလုပ်ပါရစေနဲ့”
မိန်းကလေးမှာ အသက်ဆယ့်ခြောက်နှစ်ခန့်သာရှိအုံးမည်ဖြစ်ပြီး ရင်ဖုံးအင်္ကျီနှင့် ထမီအနွမ်းကလေးကို ဝတ်ဆင်ထားလေသည်။ ဖြူဝင်းသောအသားအရည်ရှိပြီး နက်မှောင်သည့်ဆံနွယ်များကို ထုံးထားလေသည်။ မိန်းကလေးက ငြင်းဆန်သည့််အခါ မုတ်ဆိတ်မွှေးလိမ်လိမ်ကောက်ကောက်များရှိသည့် ကုလားကြီးက မိန်းကလေး၏ ဆံပင်များကိုဆောင့်စွဲလိုက်လေသည်။
“နင့်ကိုငါတို့ခိုင်းတာလုပ်နော်၊ မဟုတ်ရင် နင်အသားနာလိမ့််မယ်”
အရက်ဆိုင်ပိုင်ရှင်ကုလားကြီးက စားပွဲအနီးတွင်မတ်တပ်ရပ်နေလျှက်
“ဒီကလေးမကိုကျုပ်သိပါတယ်၊ ဈေးထဲမှာ ကုန်စိမ်းရောင်းတဲ့ကောင်မလေးမဟုတ်လား”
ထိုအခါ ခေါင်းတုံးနှင့်ကုလားကြီးက ခေါင်းညိတ်ပြီး
“ဒါပေါ့ဗျ၊ သူ့အဖေ အဘိုးကြီးက ကျုပ်တို့ဆရာကြီးဆီမှာ ငွေတွေချေးထားတာ နည်းမှမနည်းတာ၊ အခုပြန်မဆပ်နိုင်ဘူးဆိုတော့ ကျုပ်တို့လည်း ထုံးစံအတိုင်း ဆရာ့အတွက် သိမ်းလာခဲ့တာပေါ့ဗျာ”
“ဖြစ်ပါ့မလား၊ မင်းတို့ဆရာသိနေရင် မင်းတို့ပြဿနာတက်နေအုံးမယ်”
“ဟာဗျာ၊ ကျုပ်ဆရာလိုချင်တဲ့အရာကိုတော့ ကျုပ်တို့မထိပါဘူး၊ ကျုပ်တို့က သူ့ရဲ့အပေါ်ယံအထိအတွေ့လောက်ပဲ လိုချင်တာပါ”
ထိုမိန်းကလေးက ကြောက်ကြောက်နှင့် ရမ်အရက်များကို ဖန်ခွက်များအတွင်းသို့ ထည့်ပေးနေလေသည်။ ဆိုင်တွင်ထိုင်နေကြသည့် လူများမှာ ထိုကုလားကြီးလေးယောက်နှင့် မိန်းကလေးကိုကြည့်နေကြသော်လည်း မည်သူမှ ဝင်မပါရဲပေ၊ ထိုအခိုက် မိန်းကလေးမှာ ရမ်အရက်များကိုထည့်ရင်း လက်အတွင်းမှ ပုလင်းက ချော်ကျကာ စားပွဲပေါ်သို့မှောက်သွားလေသည်။
“ခွေးမ”
ကုလားကြီးတစ်ယောက်က ရိုက်နှက်ရန်ပြင်ဆင်လိုက်သော်လည်း ခေါင်းတုံးနှင့်ကုလားကြီးက ထိုကုလားကြီး၏ လက်ကိုဖမ်းဆွဲလိုက်သည်။
“မလိုဘူးကွ၊ မင်းရိုက်လိုက်လို့ သူ့ပါးမှာ လက်ဝါးရာပေါ်သွားရင် ဆရာကြီးက မင်းကိုစိတ်ဆိုးနေမှာပေါ့”
“ဒါပေမယ့်အကိုကြီး၊ ဒီကောင်မက အရက်တွေမှောက်ချတယ်မဟုတ်လား”
“ဟား၊ ဟား၊ မိန်းကလေး၊ ဒီအရက်တွေက အလကားရတာမဟုတ်ဘူးကွ၊ ဒီလိုစားပွဲပေါ်မှာ မှောက်ကျကုန်တော့ နှမြောစရာကြီးကွာ၊ ဒီတော့ မင်းပဲ လျှာနဲ့လျက်ပြီးတော့ စားပွဲကိုရှင်းပေးစမ်း”
ထိုမိန်းကလေးမှာ အလွန်ညစ်ပတ်ပြီး ဂျီးအထပ်ထပ်ကပ်နေသည့် စားပွဲအားကြည့်လျှက် ရွံ့ရှာသွားပုံရသည်။ ထိုအခါ ခေါင်းတုံးနှင့်ကုလားကြီးက ထိုမိန်းကလေး၏ နောက်စေ့ကို သူ့လက်ဝါးကြီးနှင့်အုပ်ကိုင်လိုက်ပြီး မျက်နှာကို စားပွဲခုံပေါ်သို့ မှောက်စိုက်ချလိုက်သည်။ ထိုမိန်းကလေး၏မျက်နှာမှာ စားပွဲခံုံပေါ်သို့ကျဆင်းသွားပြီး ရမ်များဖြင့်ပေကျံကုန်လေသည်။
“လျက်လေ၊ ခွေးတစ်ကောင်လို့ လျက်စမ်းပါ”
ထိုမိန်းကလေးလည်း မငြင်းသာတော့ဘဲ စားပွဲခုံကိုလျာဖြင့်လျှက်နေလေသည်။ ထိုအခါ အညာသားတစ်ဦးပုံစံံရှိသည့် ကောင်လေးတစ်ယောက်က စားပွဲဝိုင်းမှထကာ ထိုလူများကိုရန်ပြုချင်ပုံရသည်။ သို့သော် သူနှင့်ထိုင်နေသည့် လူကြီးက ထိုလူငယ်ကလေး၏ လက်ကိုဆွဲထားလိုက်သည်။
“သူတို့က ဗီဟန်ရဲ့လူတွေပဲ၊ ဒီနယ်တစ်ကြောမှာ ဗီဟန်ရဲ့လူတွေကို ဘယ်သူမှရန်မပြုရဲဘူးကွ၊ မင်းလည်း ပြဿနာမဖြစ်ချင်စမ်းပါနဲ့ကွာ”
“တောက်၊ ဒီလူတွေ တော်တော်လူပါးဝတယ်ဗျာ၊ နေပါအုံး ပုလိပ်တွေကရော ဒီလူတွေကို ဒီအတိုင်းကြည့်နေကြသလား”
“ပုလိပ်တွေကိုယ်တိုင်ကကို ဒီကောင်တွေကိုမထိရဲလို့ လွှတ်ပေးထားရတာကွ၊ ဗီဟန်ဆိုတာ ဟိုးလူကြီးအထက်ပိုင်း ဘုရင်ခံလောက်အထိ ပိုင်တဲ့သူပေါ့ကွ”
“ဒါကြောင့်လည်း ဒင်းတို့တရားလွန်နေတာပေါ့”
“ကောင်လေး၊ မင်းမသေချင်ဘူးဆိုရင် သူများကိစ္စမှာဝင်မပါနဲ့”
ကူလီဖြစ်ပုံရသည့်် ထိုကောင်လေးမှာ သူ့နံဘေးမှလူကြီးကတားမြစ်သဖြင့် မကျေနပ်သော်လည်း အောင့်အီးသည်းခံလိုက်ရလေသည်။ တစ်ဆိုင်လုံးမှ ဗမာလူမျိုးများမှာ ထိုဗမာမိန်းကလေးအား ကုလားလေးယောက်မှ အနိုင်အထက်ပြုနေခြင်းကို စိတ်မသက်သာစွာနှင့် ငေးကြည့်နေကြလေသည်။
“မလုပ်ပါနဲ့၊ မြေးလေး၊ ငါ့မြေးလေး”
ထိုစဉ်ဆိုင်အတွင်းသို့ အဘိုးကြီးတစ်ဦးဝင်လာလေသည်။ ထိုအဘိုးကြီးမှာ ခါးအလွန်ကိုင်းနေပြီး တောင်ဝှေးတစ်ချောင်းကို အားပြုကာ လျှောက်လှမ်းလာလေသည်။ ထိုမိန်းကလေးက အဘိုးကြီးအားကြည့်ရင်း
“ဟင်၊ အဘိုး”
“ကျုပ်မြေးမလေးကို မလုပ်ကြပါနဲ့ဗျာ၊ အဲဒီငွေတွေဆိုတာကလည်း ကျုပ်ဆေးကုဖို့အတွက် ချေးယူခဲ့တဲ့ငွေတွေပါ၊ ခင်ဗျားတို့လုပ်ချင်ရင် ကျုပ်ကိုသာလုပ်ပါ”
ထိုအခါ ကုလားကြီးတစ်ယောက်က မတ်တပ်ရပ်လိုက်လေသည်။
“ဟား၊ ဟား အဘိုးကြီးကတော့ အိမ်မှာကောင်းကောင်းမနေချင်လို့ လိုက်လာတယ်ထင်ပါ့၊ ဘာလဲ ခင်ဗျားမနက်ဖြန် ထမင်းမစားချင်တော့ဘူးလား”
အဘိုးကြီးက ထိုကုလားကြီးအနီးသို့သွားလိုက်ကာ ကုလားကြီး၏ ခြေသလုံးကိုဖက်လိုက်လေသည်။
“ကျုပ်တောင်းပန်ပါတယ်မောင်ရင်ရာ၊ ကျုပ်မြေးမလေးကို လွှတ်ပေးလိုက်စမ်းပါ”
“ဟာ၊ ဒီအဘိုးကြီးတော့”
ကုလားကြီးက ခြေဖျားနှင့်ခတ်ထည့်လိုက်ရာ ခြေသလုံးဖက်နေသည့်် အဘိုးကြီးမှာ ပက်လက်လန်ကာလွင့်ထွက်သွားလေသည်။ ကုလားကြီးက အဘိုးကြီးထံသို့ တစ်လှမ်းချင်းလှမ်းလျှောက်သွားပြီး
“ကျုပ်လိုချင်တာ ခင်ဗျားမြေးကိုပဲ၊ ခင်ဗျားမြေးရဲ့ ခန္ဓာကိုယ်လိုပဲ၊ ခင်ဗျားလို အိုကြီးအိုမ အိုနာကျိုးကန်းကြီးကို ကျုပ်တို့ကဘာလုပ်ရမှာလဲ”
ထိုကုလားကြီးက အဘိုးကြီး၏ ရင်ဝကို ခြေထောက်နှင့်ကန်ရန် ရွယ်လိုက်လေသည်။
“ဟေ့ကုလား၊ ရပ်လိုက်စမ်း”
ဆိုင်အတွင်း အမှောင်ကျနေသည့် စားပွဲဝိုင်းတစ်ခုမှ လူကြီးတစ်ယောက်ထလာကာ ကုလားကြီးအနီးသို့ရောက်လာလေသည်။ ထိုအခါ တစ်ဆိုင်လုံးမှလူများမှာ ထိုလူကြီးအား ဝိုင်းကြည့်ကြလေသည်။ ထိုလူကြီးကတော့ အခြားသူမဟုတ်၊ ညာဖက်လက်တစ်ဖက် ပြတ်နေသည့် လူကြီးပင်ဖြစ်သည်။ ကုလားကြီးက ထိုလူကြီးကိုကြည့်ရင်း အတော်ဒေါသထွက်သွားသည်။
“ဟေ့ကောင်၊ မင်းဘာကောင်လဲ၊ မင်းနဲ့မဆိုင်ဘဲ ဝင်မပါချင်နဲ့၊ မင်းအေးအေးဆေးဆေးနေစမ်း”
“ခင်ဗျားတို့နဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူး၊ ဒါပေမယ့် ဗမာတစ်ယောက်ကိုထိတာ ကျုပ်ကိုထိတာနဲ့အတူတူပဲဗျ၊ ခင်ဗျားတို့ အဘိုးကြီးကိုရော၊ ကောင်မလေးကိုရော လွှတ်ပေးလိုက်ကြစမ်းဗျာ”
ထိုအခါ ခုံတွင်ထိုင်နေသည့် ခေါင်းတုံးနှင့်ကုလားကြိးက ရယ်မောလိုက်လေသည်။
“ကိုယ့်လူကတော့ စကားပြောတာ အလာသားဗျ၊ ဟုတ်ပြီဗျာ၊ ကျုပ်တို့က ဘာလို့ခင်ဗျားပြောသလို ဒီခွေးမကို လွှတ်ပေးရမှာလည်း”
“ခင်ဗျားတို့ကို ကျုပ်ကအေးအေးဆေးဆေးပြောနေတာပါ၊ အခုပဲလွှတ်ပေးလိုက်ပါ”
ခေါင်းတုံးနှင့်ကုလားကြီးက မတ်တပ်ထရပ်ကာ ခါးထောက်လိုက်လေသည်။ ထို့နောက်သူဝတ်ထားသည့် အပြာရောင်ပုဆိုးကို ခါးအထိဆွဲတင်လိုက်သည်။
“နေစမ်းပါအုံး၊ ခင်ဗျားက အေးအေးဆေးဆေးမပြောချင်တော့၊ ဘယ်လိုပြောချင်လို့လဲ”
“ဒါဆိုရင်လည်း ယောက်ျားလိုပြောကြတာပေါ့ဗျာ”
ထိုအခါ အဘိုးကြီးအားကန်ရယ်ရွယ်နေသည့် ကုလားကြီးက ထိုလူကြီးအားပြေးကန်လေသည်။ ထိုလူကြီးက ကုလားကြီး၏ ကန်ချက်အား အသာငုံ့ရှောင်လိုက်သည့်အတွက် ကုလားကြီးမှာဟန်ချက်ပျက်သွားတော့သည်။ ထိုတော့မှ ထိုလူကြီးက သူ၏ဘက်ဖက်လက်သီးဖြင့် ကုလားကြီး၏ မေးရိုးထံသို့ ပင့်လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
“အွပ် . . .”
ကုလားကြီးမှာ အွပ်ခနဲအသံတစ်ချက်ထွက်ပြီးနောက် မြေပင်မှပင် တစ်ထွာခန့်မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပက်လက်လန်ကာ ဆန့်ဆန့်ကြီးလဲကျသွားလေသည်။ ထိုအခါ မုတ်ဆိတ်မွှေးနှင့် ကုလားကြီးက အပြေးထလာပြီး လဲကျသွားသည့် ကုလားကြီး၏ မျက်နှာကိုကြည့်လိုက်သည်။ ကုလားကြီးကို ပုတ်နှိုးသော်လည်း ထိုကုလားကြီးမှာ မနိုးတော့သည့်အပြင် ပါးစပ်ပွင့်သွားသည့်အခါ ပါးစပ်အတွင်းမှ သွားဖြူဖြူများနှင့် သွေးများမှာ ထွေးခနဲကျလာလေသည်။ မုတ်ဆိတ်နှင့်ကုလားကြီးက ထိုလူကြီးကို မော့ကြည့်လေသည်။
“ဟေ့ကောင်၊ မင်းဘာလုပ်တာလဲ၊ ငါတို့က ဗီဟန်ရဲ့လူတွေဆိုတာကို မင်းသိရဲ့လား၊ ဗီဟန်ရဲ့လူတွေကို ထိရင် မင်းဘာဖြစ်သွားမလဲဆိုတာ သိရဲ့လား”
ထိုလူကြီးက ခပ်ထေ့ထေ့ပြံုံးကာ
“အခုထိပြီးပြီလေ၊ ကျုပ်ဘာဖြစ်သေးလို့လည်း”
မုတ်ဆိတ်မွှေးနှင့် ကုလားကြီးက မတ်တပ်ရပ်လိုက်ကာ ထိုလူကြီးကိုလက်သီးနှင့်ပြေးထိုးတော့သည်။ ထိုလူကြီးက ကုလားကြီး၏ လက်သီးချက်များကို ညာဖက်လက်ပြတ်ကြီးဖြင့် ပုတ်ချလိုက်ပြီးနောက် ကုလားကြီး၏ မျက်နှာတည့်တည့်သို့ ဘယ်ဖက်လက်သီးဖြင့် ထိုးစိုက်ချလိုက်လေသည်။
ခွပ်ခနဲအသံကြီးနှင့်အတူ မုတ်ဆိတ်နှင့်ကုလားကြီး ယိုင်သွားလေသည်။ ထိုလူကြီးက ချက်ချင်းပင် ကုလားကြီး၏ မုတ်ဆိတ်မွေးကိုလက်နှင့်ဆောင့်ဆွဲလိုက်ပြီးနောက် ကုလားကြီး၏ ရင်ဝသို့ ဘယ်ဖက်ဒူးတစ်လံံုံးပစ်သွင်းလိုက်လေရာ မုတ်ဆိတ်ကုလားကြီးမှာလည်း မြေပြင်ပေါ်သို့ မှောက်ခုံကြီးလဲကျသွားသည်။
ခေါင်းတံုံးနှင့်ကုလားကြီးမှာ မနေသာတော့ဘဲ ထိုလူကြီးထံံသို့ ခြေထောက်ဖြင့်ကန်လျှက် ပြေးဝင်လာလေသည်။ ထိုလူကြိးမှာ ကန်ချက်ကိုရှောင်တိမ်းလိုက်ပြီးနောက် ထိုကုလားကြီး၏ ပေါင်ခြံကြားထဲသို့ ဘက်ဖက်လက်သီးကို ပစ်သွင်းထည့်လိုက်တော့သည်။ ခေါင်းတုံးနှင့်ကုလားကြီးမှာ ပေါင်ခွကြားကို လက်နှစ်ဖက်နှင့်အုပ်ကိုင်ပြီး ကွတတကြီးဖြစ်ကာ ခုန်ပေါက်နေလေသည်။
“ဟား၊ ဟား၊ ကတုံး၊ မင်းခေါင်းဘယ်လောက်မာသလဲဆိုတာ စမ်းသပ်ကြည့်ရမယ်ဟေ့”
ထိုလူကြီးက ရယ်ကျဲကျဲပြောလိုက်ကာ ခေါင်းတုံးကြီး၏ ဇက်ပိုးအား လက်နှင့််ဖမ်းဆုပ်ကိုင်လိုက်ပြီး ကိုယ်ကိုကိုင်းညွတ်လိုက်ကာ သူ့ညာဖက်ဒူးဖြင့် သုံးလေးချက်ခန့် ဆင့်တိုက်လိုက်သည်။ ကုလားကြီးမှာခွေသွားပြီဖြစ်သည်။ တစ်ဖန် ထိုလူကြီးက ခေါင်းတံုံးကြီးအား ဇက်ပိုးမှကိုင်ကာ ဆိုင်တစ်ဖက်ခြမ်းရှိ အဆောက်အဦးကြီးတစ်ခု၏ အုတ်နံရံကြီးနှင့် အားကုန်တိုက်ထည့်လိုက်လေသည်။ ကုလားကြီးမှာ ငယ်သံပါအော်တစ်ချက်အော်ဟစ်ပြီး နားနှင့် နှာခေါင်းပေါက်များမှ သွေးများစီးကျလာလေသည်။ ထိုတော့မှ ထိုလူကြီးက ကုလားကြီးကိုလွှတ်ချလိုက်သည်။
“ဟား၊ ဟား ဗီဟန်ရဲ့လူတွေကလည်း တစ်ချက်တည်းနဲ့ ပွဲသိမ်းကုန်ကြပါလားကွ”
ထိုလူကြီးက ရယ်မောလိုက်သည့်အခါ ဆိုင်အတွင်းမှလူများမှာ ထိုလူကြီးအား ဟစ်အော်ကာ အားပေးကြလေသည်။ နောက်ဆုံးတော့ ကုလားလေးယောက်အနက် တစ်ဦးသာကျန်နေတော့သည်။ ထိုကုလားက သူ့အိတ်ထောင်အတွင်းမှ ဓါးမြှောင်တစ်ချောင်းကိုထုတ်လိုက်သည်။
“ဟား၊ ဟား မင်းက လက်နက်နဲ့ပါလားကွ”
ထိုနောက် ကုလားကြီးက ထိုလူကြီးအား ဓါးမြှောင်နှင့် ဝင်ထိုးလေသည်။ ထိုလူကြီးက ဓါးမြှောင်ထိုးချက်ကို အသာရှောင်လိုက်ပြီးနောက် ကုလားကြီး၏ လက်ကို ဘယ်ဖက်လက်နှင့်ဖမ်းယူလိုက်လေသည်။ ထို့နောက် ညာဖက်တံတာင်ဆစ်ဖြင့် ကုလားကြီး၏ တံခေါက်ကွေးကို အားကုန်ထိုးချလိုက်ရာ ကုလားကြီး၏ ဓါးကိုင်လက်မှာ တံတောင်ဆစ်မှသွင်သွင်ကျိုးသွားတော့သည်။
“အဘား . . . အဘား”
ကုလားကြီးမှာ နာကျင်စွာအော်ဟစ်ပြီးနောက်
“ကျုပ်ကိုမသတ်ပါနဲ့၊ ကျုပ်ကိုမသတ်ပါနဲ့”
ထိုလူကြီးက ကုလားကြီးအနီးသို့သွားလိုက်ကာ
“မပူပါနဲ့၊ ခင်ဗျားကိုသတ်လိုက်ရင် ကျုပ်အတွက်သတင်းပေးမယ့်သူမရှိဘဲဖြစ်သွားမှာပေါ့”
ကုလားကြီးမှာ မျက်လံုံးများပြူးကြောင်နေလေသည်။ ထိုလူကြီးက ကုလားကြီး၏ဇက်ပိုးကို ဆွဲကိုင်လိုက်ပြီး
“မင်းတို့ဆရာကိုပြောလိုက် ဘယ်သန်ဘခက် ပြန်ရောက်လာပြီလို့”
ထိုသို့ပြောလိုက်ကာ ကုလားကြီးအား ဆိုင်အပြင်ဘက်သို့တွန်းထုတ်လိုက်လေသည်။ ကုလားကြီးလည်း ဆိုင်အပြင်ရောက်သည်နှင့် တစ်ချိုးတည်းထွက်ပြေးသွားတော့သည်။ ထိုအခါ ဘခက်က ဆိုင်အတွင်းသို့ကြည့်လိုက်သည့်အခါ အဘိုးကြီးက ဘခက်အနီးသို့တိုးလာခဲ့သည်။
“ကျေး၊ ကျေးဇူးတင်ပါတယ်”
“ကျုပ်ကိုကျေးဇူးတင်တယ်ဆိုရင် ခင်ဗျားတို့မြေးအဘိုး ဒီမှာဆက်မနေနဲ့တော့၊ မြန်မြန်ပြေးကြတော့”
ထိုမိန်းကလေးမှာ အဘိုးဖြစ်သူကိုတွဲလိုက်ပြီးနောက် ဘခက်ကိုမဝံ့မရဲနှင့်ကြည့်ကာ ဆိုင်အတွင်းမှထွက်သွားလေသည်။ ဘခက်က ဆိုင်ရှင်ကုလားကြီးကိုလှည့်ကြည့်လိုက်ပြီး
“ခင်ဗျားရဲ့ မီးတောက်အရက်ကောင်းမကောင်း စမ်းကြည့်ဖို့အချိန်ပဲ”
ထို့နောက် ဆိုင်အတွင်းထွန်းညှိထားသည့် ဖန်မီးအိမ်ကိုဆွဲယူလိုက်ကာ အရက်များသိုလှောင်ထားသည့်နေရာသို့ပစ်သွင်းလိုက်လေသည်။ ထိုအနီးတွင် ဖျင်စကြီးလည်းရှိသည်မို့ မီးက ချက်ချင်းစွဲလောင်သွားပြီး ဆိုင်အတွင်းမှလူများကလည်း အလန့်တကြားထွက်ပြေးကြကုန်သည်။
(၃)
လက်တစ်ဖက် ကျိုးသွားသည့် ကုလားကြီးမှာ စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း)အတိုင်း ပြေးလာခဲ့လေသည်။ ညအချိန်မို့ စပတ်လမ်းတစ်လျှောက် လူသူရှင်းနေသည်။ ဆီမီးများဖြင့် ထွန်းညှိထားသည့် လမ်းမီးတိုင်ကြီးများသာ ဝါဖန့်ဖန့်အလင်းရောင်များဖြင့် ထိန်လင်းနေတော့သည်။ စပတ်လမ်းနှင့် အီဂင်ဒတ်လမ်း(ယခုအနော်ရထာလမ်း) ဆုံရာတစ်ဝိုက်တွင် အိမ်ကြီးအိမ်ကောင်းများနှင့် ခြံံဝန်းအကျယ်ကြီးများတည်ရှိကာ လူကုံထံများနေထိုင်ကြသည့်နေရာဖြစ်သည်။
အနက်ရောင် ကျွန်းနှစ်ထပ်အိမ်ကြီးတစ်လုံးတည်ရှိသည့် ခြံဝန်းကြီးထံသို့ ထိုကုလားကြီးက ပြေးသွားလေသည်။ ခြံတံခါးအနီးတွင် ကုလားဒရဝမ်များက တုတ်တိုများကိုင်ကာ စောင့်ကြပ်နေကြလေသည်။ လက်ကျိုး၍ပြေးလာသည့် ကုလားကြီးကိုမြင်သည့််အခါ အလွန်ထူးဆန်းသွားသည်။
“ဘာဖြစ်လာတာလဲ၊ ဘယ်သူမင်းကိုလုပ်လိုက်တာလည်း”
“ငါ . . . ငါဆရာကြီးနဲ့တွေ့မှဖြစ်မယ်”
ခမ်းနားကြီးကျယ်လှသည့်် ဧည့်ခန်းကြီး၏မျက်နှာကျက်တွင် မီးဆိုင်းးကြီးချိတ်ဆွဲထားသည်။ ထိုမီးဆိုင်းကြီးတွင် ဆီမီးတိုင်များကိုထွန်းညှိထားသဖြင့် လှပစွာထိန်လင်းနေလေသည်။ ကျယ်ဝန်းလှသည့် ဧည့််ခန်းကြီး၏ တစ်ဖက်ထိပ်တွင် မဟော်ဂနီသားဖြင့် ပြုလုပ်ထားသည့် ကုလားထိုင်ကြီးတစ်ခုတွင် ကုလားကြီးတစ်ယောက်ထိုင်နေလေသည်။ ထိုကုလားကြီးမှာ အလွန်ပိန်ကပ်နေပြီး မျက်တွင်းများလည်း ချောင်ကျနေလေသည်။ နှုတ်ခမ်းပေါ်မှ နှုတ်ခမ်းမွှေးကျဲကျဲများပြင် ဖြူဖွေးနေလေသည်။ မျက်နှာတွင်လည်း အဝိုင်းပုံစံ မျက်မှန်ကလေးကို တပ်ထားသေးသည်။ ထိုကုလားကြီးက အလွန်သပ်ရပ်သန့်ရှင်းသည့် အဖြူရောင်ဝတ်စုံကြီးကိုဝတ်ထားလေသည်။
ကုလားကြီးအနီးတွင်တော့ မဂိုကုလားမနှစ်ဦးက ရိုးရာစောင်းတစ်ခုကိုတီးခတ်ကာ သီချင်းသီဆိုနေလေသည်။ မကြာမီ ထိုခန်းမကြီးအတွင်းသို့ လက်တစ်ဖက်ကျိုးနေသည့် ကုလားကြီးက ပြေးဝင်လာခဲ့သည်။ ထိုကုလားကြီးကိုတွေ့သည့်အခါ ထိုင်ခုံပေါ်တွင်ထိုင်နေသည့် ကုလားကြီးက ပြုံးလိုက်လေသည်။ ထိုကုလားကြီးမှာ ငွေရှင်ကြေးရှင် ချစ်တီးသူဌေးကြီး ဗီဟန်ပင်ဖြစ်သည်။
“မင်းတို့နောက်ကျတယ်၊ ဘယ်မလဲ ကောင်မလေး”
“ဆပ်၊ ကောင်မလေးက အရေးမကြီးဘူးဆပ်”
ထိုအခါ ဗီဟန်က မဂိုကုလားမများကို လက်ပြလိုက်သည့်အခါ မဂိုကုလားမများမှာ သီချင်းသီဆိုနေသည်ကို ရပ်တန့်လိုက်ပြီး အခန်းအတွင်းမှထွက်သွားကြလေသည်။
“ကောင်မလေးက အရေးမကြီးတော့၊ ဘယ်အရာကများအရေးကြီးလို့တုန်းကွ”
“လူ . . . လူတစ်ယောက် ကျုပ်တို့ကိုတိုက်ခိုက်တယ် ဆပ်”
“ဘယ်သူလဲ”
“သူက ဆရာကြီးအတွက် စကားတစ်ခွန်းပါးလိုက်သေးတယ်”
“ဟား၊ ဟား ဘယ်သူလဲကွ၊ သူက ဘာစကားများပါးလိုက်သလဲ”
“ဘယ်သန်ဘခက် ပြန်လာပြီတဲ့”
ထိုစကားကိုကြားလိုက်သည့်အခါ သူဌေးကြီးဗီဟန်က မျက်နှာပျက်သွားသည်။ ထို့နောက် ကုလားကြီးဆီသို့ လှမ်းလျှောက်လာပြီး
“နောက်တစ်ခေါက် ပြန်ပြောကြည့်စမ်း”
“ဘယ်သန်ဘခက် ပြန်လာပြီတဲ့ ဆရာကြီး”
သူဌေးကြီးဗီဟန် လဲကျသွားမလိုပင်ဖြစ်သွားပြီးနောက် ထိုကုလားကြီး၏ ပုခုံးကိုလက်နှင့်ထိန်းထားရသည်။ ကုလားကြီးက သေချာကြည့်ရင်း
“ဆပ်၊ သူနဲ့သိလို့လား”
ဗီဟန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် နားထင်ကိုလက်နှစ်ဖက်နှင့် ဖိထိန်းထားရင်း
“သူ့ပုံပန်းသွင်ပြင်ကိုပြောကွာ”
“လူကတော့ ထောင်ထောင်မောင်းမောင်းပဲဆပ်၊ ဆံပင်ကလည်း ခပ်တိုတိုပဲ၊ အဲ ထူးခြားတာကတော့ သူ့ရဲ့ညာဖက်လက်က လက်ကောက်ဝတ်ကနေစပြီး ပြတ်နေတယ်”
ထိုစကားကိုကြားသည့်အခါ သူဌေးကြီးဗီဟန်မှာ အလွန်ထိတ်လန့်တုန်လှုပ်သွားကာ မျက်လုံးများပြူးသွားလေတော့သည်။
“အာရမ်၊ အာဂျွန်နဲ့ ကဗမ်တို့ရော . . .”
ကုလားကြီးက ခေါင်းခါပြလိုက်ကာ
“သေသွားပြီထင်တယ်၊ ခုနက ဘခက်ဆိုတဲ့လူသတ်လိုက်ပြီ၊ ကျွန်တော့်ကိုတောင်မှ သူက ဆရာကြီးဆီကို စကားပါးလိုက်ဖို့ မသတ်ဘဲနဲ့ လက်ကိုချိုးပြီးလွှတ်ပေးလိုက်တာပဲဆရာကြီး”
ဗီဟန်က နံရံကိုလက်သီးနှင့်ထိုးထည့်လိုက်သည်။
“မင်းတို့ကောင်တွေ အသုံးကိုမကျဘူး”
ဗီဟန်က အပြင်သို့တစ်ချက်ကြည့်လိုက်ပြီး
“မိုဟစ်၊ မိုဟစ် မင်းဘယ်မှာလဲ”
ထိုအခါ ဧည့်ခန်းတံခါးပွင့်သွားပြီး အလွန်ထွားကျိုင်းသည့် လူကြီးတစ်ဦးက ထွက်လာလေသည်။ ထိုလူကြီး၏ အသားအရည်မှာ မီးသွေးခဲကိုဆီလူးထားသကဲ့သို့ နက်ပြောင်နေလေသည်။
“လာပါပြီဆရာကြီး”
“မိုဟစ်၊ မင်းလူတွေအကုန်လုံးကို စုသွားလိုက်၊ ပြီးတော့ အခုချက်ချင်း အဲဒီလူကိုရှာဖွေကြ၊ ညာဖက်လက်ကောက်ဝတ်ပြတ်နေတဲ့ ဗမာတစ်ယောက်ကိုတွေ့အောင်ရှာကြ”
မိုဟစ်ဆိုသူကုလားကြီးက ခေါင်းညိတ်လိုက်ကာ
“အသေလား၊ အရှင်လားဆရာကြီး”
“အသေရရ၊ အရှင်ရရပေါ့ကွာ၊ နောက်ပြီးတော့ သူသေသွားပြီဆိုရင်တောင် သူ့အလောင်းကိုငါလိုချင်တယ်၊ သူ့ရဲ့ခေါင်းကိုငါလိုချင်တယ်”
မိုဟစ်က ခေါင်းညိတ်လိုက်ကာ
“သူအခု ဘယ်မှာရှိသလဲ”
“ခုနကတော့ ဘရွတ်ကင်းလမ်းဘက်မှာရှိတယ်၊ ကျုပ်တို့လူဖြန့်ပြီးရှာရင် သူ့ကိုတွေ့မှာပဲ”
မိုဟစ်က ဗီဟန် ဘက်သို့လှည့်ကာ ဦးညွှတ်လိုက်ရင်း
“ကျုပ်တို့ဒီကိစ္စကို ညတွင်းချင်းပဲ ရှင်းလင်းလိုက်ပါ့မယ် ဆရာကြီး”
ဗီဟန်က ထိုတော့မှ သက်ပြင်းတစ်ချက်ချလိုက်ကာ မိုဟစ်၏ ပုခုံးကို ပုတ်လိုက်ပြီးနောက်
“မင်းသေသေချာချာလုပ်နော် မိုဟစ်၊ မင်းက ငါ့တပည့်ထဲမှာ အတော်ဆုံးဆိုပေမယ့် ဒီလူကလည်း ပေါ့သေးသေးမဟုတ်ဘူး၊ အာရမ် နဲ့ အာဂျွန်တို့ကိုတောင် သတ်ပစ်ခဲ့တဲ့လူကွ”
မိုဟစ်က တစ်ချက်ပြုံးလိုက်ရင်း
“စိတ်ချပါဆရာကြီး”
အိမ်ကြီးအတွင်းသို့ လူအများစုရုံးလာခဲ့သည်။ အိမ်ကြီးအနောက်ဘက်တွင် ဆောက်ထားသည့် တန်းလျားများမှလည်း သူဌေးကြီးဗီဟန် လက်သပ်မွေးထားသည့် ကုလားကြီးများက ထွက်လာကြလေသည်။ နောက်ဆုံး အိမ်ရှေ့မြက်ခင်းပြင်တွင် လူအယောက်နှစ်ဆယ်ခန့် စုရုံးမိကြသည်။
“ညီအကိုတို့ ငါတို့ဆရာကြီးကို နှောင့်ယှက်နေတဲ့လူတစ်ယောက်ရှိနေပြီ”
ထိုအခါ ကုလားကြီးများက ဒေါသထွက်ကုန်ကြသည်။
“ဘယ်သူလဲ၊ ဘယ်သူက ငါတို့ကိုနှောင့်ယှက်ရဲတာလဲ”
“မင်းတို့စိတ်အေးအေးထားကြ၊ ဒီလူက နှောင့်ယှက်နေရုံတင်မကဘဲ ငါတို့ရဲ့ အာရမ်နဲ့ အာဂျွန်တို့ကိုပါ သတ်ဖြတ်ပစ်လိုက်ပြီ”
ကုလားကြီးများမကျေမချမ်းနှင့် တောက်ခေါက်လိုက်ကြသည်။
“ဒီတော့ အခုငါတို့ အဲဒီလူကိုရှာဖွေမယ်၊ ငါတို့ဘရွတ်ကင်းလမ်းကိုသွားပြီးတော့ အဲဒီလူကိုရှာဖွေပြီး ငါတို့ရဲ့ညီအကိုတွေအတွက် လက်တုန့်ပြန်ရမယ်၊ ငါတို့ကို နှောင့်ယှက်ရဲတဲ့ ဒီလူကို မှတ်လောက်သားလောက် ပညာပေးရမယ်”
ကုလားကြီးများက အော်ဟစ်လိုက်ပြီးနောက် တုတ်များ၊ ဓါးများနှင့် လက်နက်များကိုကိုင်ဆောင်ကာ မိုဟစ်နှင့်အတူ သူဌေးကြီးဗီဟန်၏ အိမ်ကြီးအတွင်းမှ ထွက်ခွာလာခဲ့ကြလေသည်။
(၄)
မိုးလင်းပြီဖြစ်သည်။ စထရင်းလမ်းနှင့် ဘရွတ်ကင်းလမ်း ဆုံသည့််နေရာအလွန်တွင် ဆိပ်ကမ်းတစ်ခုရှိသည်၊ ထိုဆိပ်ကမ်းတွင် သင်္ဘောကြီးတစ်စင်းဆိုက်ကပ်နေသဖြင့်် ကုန်တင်ကုန်ချသမားများနှင့်် ရှုပ်ယှက်ခတ်နေလေသည်။ သင်္ဘေၤာကြီးအပေါ်မှ ဂုန်နီအိတ်များဖြင့် တင်ဆောင်လာသည့် ပဲများကို ဆိပ်ကမ်းအနီးရှိ ဂိုထောင်ကြီးတစ်လုံးအတွင်းသို့ ကူလီများက ထမ်းကာ သွင်းနေကြခြင်းဖြစ်သည်။ ကူလီအများစုမှာ ဗမာလူမျိုးများဖြစ်သလို၊ ဆင်းရဲနွမ်းပါသည့်် ကုလားများနှင့်် အချို့တရုတ်များလည်း ပါဝင်ကြလေသည်။
သင်္ဘောကုန်းဘောင်အပြားပေါ်သို့ လက်တစ်ဖက်ပြတ်နှင့််လူကြီးက တက်လာလေသည်။ သင်္ဘောပေါ်မှ လူတစ်ယောက်က ပဲအိတ်များကို သယ်ဆောင်ပေးမည့် ကူလီများ၏ ကျောပေါ်သို့တင်ပေးရသည်။ လက်တစ်ဖက်ပြတ်နှင့်လူကြီးကိုတွေ့လိုက်သည့်အခါ ထိုလူမှာ သံသယဖြစ်သွားသည်။
“ခင်ဗျားလို ဒုက္ခိတက လုပ်နိုင်ပါ့မလား”
ဘခက်မှာ ပဲအိတ်တင်ပေးသည့်လူဘက်သို့ ကျောပေးလိုက်ပြီး
“တင်မှာသာတင်စမ်းဗျာ”
ထိုအခါ ပဲအိတ်တစ်အိတ်ကို ဘခက်ကျောကုန်းပေါ်သို့တင်ပေးလိုက်သည်။ ဘခက်က အနည်းငယ်ဆကြည့်ပြီး
“နောက်တစ်အိတ်ထပ်တင်ဗျာ”
ထိုလူမှာ အံ့သြသွားသည်။
“ခင်ဗျားလောဘမကြီးနဲ့နော်၊ မတော်လို့ ပဲအိတ်တွေရေထဲကျရင် ခင်ဗျားပြန်လျော်ရမှာ”
ဘခက်က တစ်ချက်လှည့်ကြည့်ပြီး
“ခင်ဗျားအတော်စကားများတဲ့လူပဲဗျာ၊ တင်ဆိုရင်တင်စမ်းပါ”
အချို့အားကောင်းမောင်းသန် ကူလီများက ပဲအိတ်နှစ်အိတ်ထမ်းလေ့ရှိသည်မို့ ထိုလူကြီးက ဘခက်၏ကျောကုန်းပေါ်သို့ ပဲအိတ်တစ်အိတ်ထပ်တင်ပေးလိုက်သည်။ ဘခက်က အနည်းငယ်ချိန်ဆနေရင်း
“နောက်တစ်အိတ်ထပ်တင်အုံး”
“ဟာဟေ့လူ၊ ခင်ဗျားဟုတ်ရဲ့လား”
ထိုအခါ အခြားကူလီများမှာ အနီးသို့ရောက်လာကာ ဘခက်အားကြည့်နေကြလေသည်။
“တင်သာတင်စမ်းပါဗျာ”
“ဟေ့လူ၊ ခင်ဗျားလောဘမကြီးစမ်းနဲ့၊ ခင်ဗျားဝန်ပိသွားမှာစိုးလို့ပြောတာ”
ထိုအခါ ကူလီများက ဘခက်တစ်ယောက် ကုန်းဘောင်ပြားကိုပင် ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ဟုထင်ကြေးပေးကြသည်။ အလောင်းအစားဝါသနာပါသူများကတော့ ကွမ်းတစ်ယာကြေး၊ ဆေးလိပ်တစ်လိပ်ကြေး လောင်းကြလေသည်။ သို့နှင့် ထိုလူကြီးက ဘခက်ကျောပေါ်သို့ ပဲအိတ်သုံးအိတ်တင်ပေးလိုက်တော့သည်။ ဘခက်က ခါးကိုကုန်းထားရာမှ အနည်းငယ်မတ်လိုက်သည်။ ပဲအိတ်များကို မကျစေရန်အတွက် ဘယ်ဖက်လက်နှင့််ထိန်းကိုင်ပြီး ကုန်းဘောင်အပြားပေါ်တွင် အေးအေးလူလူဖြတ်သန်းလျှောက်သွားကာ ဂိုထောင်ကြီးဆီသို့ လျှောက်သွားလေတော့သည်။ လောင်းကြေးစားကြေးလုပ်ထားသူများ အားလံုံးအရှုံးပေးကြရတော့သည်။
ဂိုထောင်ကြီးအနီးသို့ရောက်လာသည့််အခါ ဂိုထောင်အဝတွင် ကုလားများက တုတ်များ၊ လက်နက်များကိုင်ဆောင်ကာ ဘခက်ကိုဝိုင်းလိုက်ကြလေသည်။ ကူလီများအကုန်လုံးလည်း လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ပြီး ရှဲပေးလိုက်ကြသည်။ မိုဟစ်က ဘခက်အနီးသို့ကပ်လာကာ။
“မင်းလားကွ၊ ညက အာရမ်တို့ကို သတ်သွားတဲ့လူ”
ဘခက်က ပဲအိတ်များထမ်းလျှက် မိုဟစ်ကိုကြည့်နေလိုက်ပြီး
“ဘယ်က အာရမ်လဲ၊ ငါမသိဘူး၊ ငါသတ်ခဲ့တာကတော့ ဗမာတွေအပေါ်ကို အနိုင်ကျင့်တဲ့ ကုလားတွေကိုသတ်ခဲ့တာပဲ”
မိုဟစ်က အကဲခတ်လိုက်သည့်အခါ ဗီဟန်ပြောသည့် ပုံပန်းနှင့်တူညီနေသည်ကိုတွေ့လိုက်ရသည်။ ညာဖက်လက်မှာလည်း လက်ကောက်ဝတ်မှစတင်၍ပြတ်နေသေးသည်။
“ဟား၊ ဟား မင်းလို ကူလီကောင်ကများ လူပါးဝလို့”
မိုဟစ်က ဘခက်အားပြေးထိုးတော့သည်။ ဘခက်ကလည်း ကိုယ်ကိုလှည့်လိုက်ပြီး ကျောကုန်းပေါ်ရှိ ပဲအိတ်ကြီးသုံးအိတ်နှင့်် မိုဟစ်ကိုပစ်သွင်းလိုက်လေရာ မိုဟစ်မှာ ပဲအိတ်များထိမှန်ကာ လဲကျသွားတော့သည်။ ထိုစဉ် တုတ်ကိုင်ထားသည့် ကုလားများက အရှေ့သို့တက်လာကြကာ ဘခက်ကိုဝန်းရံလိုက်သည်။ ဘခက်ကတော့ ခါးကိုကော့ရင်း အကြောတစ်ချက်လျှော့လိုက်လေသည်။
“ဒီလိုဆိုတော့လည်း မနက်ခင်းမှာ အကြောအချင်လေးဘာလေး လျှော့ရတာပေါ့ကွာ”
ကုလားတစ်ယောက်က ဘခက်ကျောဘက်မှဝင်၍ ဘခက်ဦးခောင်းအား တုတ်ဖြင့််ပတ်ရိုက်လေသည်။ ဘခက်က ခါးကိုအရှေ့သို့ကိုင်းကာ ရှောင်လိုက်သဖြင် ထိုလူ၏ တုတ်ချက်မှာ ဘခက်၏ ခေါင်းပေါ်မှ ဝှီးခနဲဖြတ်ကျော်သွားသည်။ ဘခက်က ချက်ချင်းအနောက်သို့လှည့်လိုက်ပြီးနောက် ညာဖက်တံတောင်ဖြင့်် ထိုကုလား၏ လည်ပင်းကိုတွတ်ထည့်လိုက်သည်။ ဘခက်၏ တံတောင်ဆစ်တိုက်ချက်ကြောင့် ထိုကုလားမှာ အရှေ့သို့ယိုင်ကာ မြေပြင်တွင်လဲကျသွားသည့်အခါ ဘခက်က ထိုကုလား၏ ဇက်ပိုးအား ဖနောင့်တစ်ချက်နှင့် ထိုးပေါက်ထည့်လိုက်ကာ အဆုံးသတ်ပေးလိုက်သည်။ တုတ်ကိုင်ထားသည့် ကုလားမှာ မြေပြင်တွင်မှောက်ခုံကြီး လဲကျသွားလေသည်။
ကုလားတစ်ယောက်က ဘခက်အား သံတုတ်ဖြင့် နံဘေးမှ မိုး၍ဝင်ရိုက်ပြန်သည်။ ဘခက်ကအနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည့်အခါ အုပ်မိုး၍ရိုက်သည့် ရိုက်ချက်မှာ ဘခက်အားမထိတော့ဘဲ ဘခက်မျက်နှာအရှေ့မှ ဖြတ်သန်းသွားသည်။ ဘခက်က ထိုလူ၏ တုတ်ကိုင်ထားသည့် လက်ကို ဘယ်ဖက်လက်နှင့်ဆုပ်ကိုင်လိုက်ကာ တံတောင်ဆစ်အား ဒူးဖြင့်တိုက်ထည့်လိုက်ပြီး လက်ကိုလှန်ချိုးလိုက်သည်။ ကုလားမှာ လက်ကျိုးသွားသဖြင့် အသံကုန်ဟစ်အော်သည့်အခါ ဘခက်က ဘက်ဖက်လက်သီးဖြင့် နှာခေါင်းအားတည့်တည့်ထိုးလိုက်သည့်အခါတွင်တော့ ထိုကုလားမှာအနောက်သို့သုံးလေးလှမ်းခန့် ယိုင်လဲသွားပြီး မြေပြင်တွင် ပက်လက်လန်လဲကျသွားကာ ပြန်ထမလာတော့ပေ။
လက်နက်များကို ကိုင်ဆောင်ထားကြသည့် ကုလားများမှာ ဘခက်ကိုကြည့်ရင်း အနည်းငယ်တွန့်ဆုတ်သွားလေသည်။ ဘခက်က ထိုလူများကိုကြည့်ရင်း
“လာကြစမ်းပါကွ၊ ဘာလဲ မင်းတို့က လက်နက်တွေကိုင်ထားပြီးတော့ အခုမှကြောက်နေတာလား”
ထိုအခါ ပဲအိတ်များကိုတွန်းဖယ်ပြီး မိုဟစ်ထလာလေသည်။ မိုဟစ်က ဘခက်ကိုကြည့်လိုက်ပြီး ဝမ်းခေါင်းသံကြီးနှင့်အော်လိုက်ကာ အတင်းပြေးဝင်ကာ ထိုးနှက်လေတော့သည်။ လူကောင်ကြီးကြီးနှင့် မိုဟစ်မှာ ဘခက်နှစ်ကိုယ်စာမျှ ခန္ဓာကိုယ်ထွားကျိုင်းလှသည်မို့ လက်သီးများကလည်း တစ်လုံးတစ်လုံး အုန်းသီးလုံးလောက် အကြီးကြီးများဖြစ်သည်။ ဘခက်က မိုဟစ်၏ လက်သီးချက်များကို နောက်သို့ခြေလှမ်းဆုတ်ကာ အသာရှောင်တိမ်းနေလေရာ လက်သီးချက်များမှာ ဘခက်မျက်နှာအနီးမှ ဝှီးခနဲ၊ ဝှီးခနဲနှင့် အရှိန်ပြင်းထန်စွာ ဖြတ်သန်းသွားကြလေသည်။
ကူလီများမှာလည်း ဘခက်တို့တိုက်ခိုက်နေကြသည့် တိုက်ပွဲကို ဝိုင်းကြည့်နေကြလေသည်။ မိုဟစ်၏ လက်သီးချက်များ၊ ခြေထောက်ကန်ချက်များကို ဘခက်က ပွတ်ခါသီခါ ရှောင်ပြလိုက်သည့်အခါတိုင်း ကြည့်နေကြသူအပေါင်းက ဟာခနဲ၊ ဟင်ခနဲ အံ့သြဘနန်းဖြစ်ကုန်ကြရသည်။ အတန်ကြာတိုက်ခိုက်ပြီးသည့်အခါ မိုဟစ်မှာအလွန်မောပန်းနေပြီဖြစ်သည်။ ဘခက်က မိုဟစ်တိုက်ကွက်များ အရှိန်လျော့သွားသည်ကို သတိထားလိုက်မိသည်။ တစ်ချီတွင် မိုဟစ်က ဘခက်၏ ရင်ဝအား ဒူးနှင့်တိုက်ထည့်လိုက်ရာ ဘခက်က ထိုဒူးချက်အား ဘယ်ဖက်လက်ဖဝါးဖြင့် အသာပုတ်ထုတ်ကာကွယ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ညာဖက်လက်ပြတ် လက်ဖျံနှင့် မိုဟစ်၏ နားအုံသို့ ဖြောင်းခနဲပိတ်ရိုက်ထည့်လိုက်ရာ မိုဟစ်မှာ ချာချာလည်ထွက်သွားသည်။ လည်ထွက်သွားသည့် မိုဟစ်၏ ခါးဆီသို့ ဘခက်က ဒူးတိုက်ချက်ဖြင့် ခုန်ကာ ပစ်တိုက်ထည့်လိုက်ရာ မိုဟစ်တစ်ယောက် ခါးဆစ်ရိုးထိသွားကာ မြေပြင်တွင် ဒူးထောက်လျှက်သား ထိုင်ကျသွားသည်။ ဘခက်က ဘယ်ဖက်လက်သီးအား ကျစ်နေအောင်ဆုပ်လိုက်ပြီးနောက် မိုဟစ်၏ နောက်စေ့နေရာအား အားကုန်ထိုးချလိုက်တော့သည်။
မိုဟစ်မှာ အင့်ခနဲတစ်ချက်သာအော်နိုင်ပြီးနောက် မျက်လုံးကြီးများမှာ အရှေ့သို့ကျွတ်ကျမတတ်ပြူးထွက်လာလေသည်။ ထို့နောက်ပါးစပ်ကြီး ပွင့်သွားက လျှာမှာလည်း ခွေခနဲထွက်လာပြီး အရှေ့သို့ မှောက်ခုံလျှက်သား လဲကျသွားတော့သည်။ ထို့နောက် မိုဟစ်၏နှာခေါင်းနှင့် ပါးစပ်အတွင်းမှ သွေးများစီးကျလာကာ အိုင်ထွန်းသွားတော့သည်။
“ဟား၊ ဟား၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ ဘခက်ရာ”
လက်ခုပ်တီးသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ အနောက်တိုင်းဝတ်စုံကို သန့်ပြန့်သေသပ်စွာဝတ်ဆင်ထားသည့် ဗီဟန်ကိုတွေ့လိုက်ရသည်။ ဗီဟန်က ဘခက်ကို ပြီတီတီမျက်နှာထားနှင့်ကြည့်နေပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးနေလေသည်။
“မင်းရဲ့အရည်အချင်းက နှစ်တွေကြာနေပေမယ့်လည်း မလျော့သေးပါလားကွ”
ဘခက်က အံကြိတ်လိုက်ပြီး
“ဗီဟန်၊ ခင်ဗျားကို ကျုပ်တွေ့ချင်နေတာနဲ့အတော်ပဲ”
“ငါကတော့ မင်းကိုတွေ့လည်းတွေ့ချင်တယ်၊ မင်းရဲ့အစွမ်းကိုလည်း မြင်ချင်တယ်၊ အခုတော့ ငါ့ဆန္ဒနှစ်ခုစလုံး ပြည့်သွားပြီပေါ့ဘခက်ရာ”
ဗီဟန်က မြေပြင်တွင် မှောက်ခုံကြီးသေဆုံးနေသည့် မိုဟစ်အလောင်းကိုကြည့်လိုက်ကာ
“မင်းစိတ်ကူးမလွဲနဲ့ဘခက်၊ မင်းသာအလုပ်လိုချင်တယ်ဆိုရင်တော့ အခုသေသွားတဲ့ မိုဟစ်နေရာကို မင်းကိုပေးနိုင်တယ်”
ဘခက်က မဲ့ပြုံးပြုံးလိုက်ပြီး
“ခင်ဗျားဗျာ၊ ခင်ဗျားရဲ့တပည့်သေတာတောင်မှ ခင်ဗျားက မျက်နှာပြောင်တိုက်ပြီးတော့ ကျုပ်ကိုထပ်ပြီးအလုပ်ခန့်ချင်သေးတယ်နော်”
ဗီဟန်က တစ်ချက်ပြုံးရင်း
“သူက ငါ့တပည့်မဟုတ်ဘူးကွ၊ ငါ့ရဲ့ကျွန်၊ ငါငွေပေးထားပြီး ခိုင်းချင်ရာခိုင်းတဲ့ကျွန်ကွ၊ ကျွန်တစ်ယောက်သေတာကို ငါဂရုစိုက်နေမှာမဟုတ်ဘူး”
“ဒါကြောင့် လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ခင်ဗျားကျုပ်ကို စွန့်ပစ်ခဲ့တာမဟုတ်လား”
“ဒါပေါ့ကွာ၊ အဲဒီတုန်းကလည်း မင်းက ငါငွေပေးထားတဲ့ ငါ့ရဲ့ကျွန်ပဲကို၊ မင်းမှတ်ထား ဘခက်၊ ကျွန်ဆိုတာ သခင်အလိုကျ ခိုင်းတာလုပ်ရတယ်ကွ”
ဘခက်က ခေါင်းညိတ်လိုက်ရင်း
“ကောင်းပြီလေ၊ ကျုပ်က အခုပြန်လာတယ်ဆိုတာလည်း ခင်ဗျားဆီမှာ ကျွန်လုပ်ချင်လို့ ပြန်လာတာမဟုတ်ဘူး၊ ကျုပ်က သခင်အဖြစ်နဲ့ပြန်လာခဲ့တာ”
ထိုအခါ ဗီဟန်က ခွက်ထိုးခွက်လန်ရယ်မောလေသည်။
“ဟား၊ ဟား၊ သခင်တဲ့၊ ဟား၊ ဟား”
ဗီဟန်က စကားမပြောဘဲ ရယ်မောနေသေးသဖြင့် ဘခက်အလွန်ဒေါသထွက်သွားသည်။
“ဗီဟန်၊ ကျုပ်ပြောတဲ့အထဲမှာ ဘာရယ်စရာပါသလဲ”
“ဟား၊ ဟား ရယ်ရလို့ပါကွာ၊ ဘာတဲ့၊ သခင်တဲ့လား၊ ဟား၊ ဟား၊ ဘခက် . . . ဘခက်၊ မင်းကတော့ ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုတာ ဒါမျိုးပဲနေမှာ”
ဗီဟန်က ဆိပ်ကမ်းတွင်ရပ်ကာ ဝိုင်းကြည့်နေသည့် ဗမာကူလီများကိုကြည့်လိုက်ရင်း
“မှတ်ထားဘခက်၊ မင်းတို့ဗမာတွေဆိုတာ ကျွန်တွေပဲ၊ ဗြိတိသျှအင်္ဂလိပ်တွေက မင်းတို့တစ်နိုင်ငံလုံးကိုသိမ်းထားတဲ့အတွက် မင်းတို့တွေအားလုံးက ထားရာနေ၊ စေရာသွားရတဲ့ အနုတ်စုတ်ဂုတ်စုတ် ကျွန်ယုတ်တွေပဲ၊ မင်းတို့ တစ်နိုင်ငံလုံးက ကျွန်တွေ၊ မင်းတို့ ဗမာတွေအားလုံးက ကျွန်တွေပဲကွ”
ဗီဟန်က ကုလားတစ်ယောက်ဆီမှ သစ်သားတုတ်ကိုယူလိုက်ပြီးနောက် အနီးရှိကူလီထမ်းသည့် ဗမာတစ်ဦးကိုဆွဲရိုက်ထည့်လိုက်သည်။ ဗီဟန်၏ ရိုက်ချက်ကို ထိုလူက မရှောင်လိုက်နိုင်သဖြင့်ခေါင်းပေါက်သွားကာ သွေးများရဲခနဲကျဆင်းလာလေသည်။ သို့သော် ထိုသူမှာလည်း ဗီဟန်အကြောင်းကိုသိပြီး၊ ဗီဟန်လူများရှိနေသည်မို့ ဘာမှပြန်မလုပ်နိုင်ပေ၊ ဗီဟန်က ထိုလူအား အားရပါးရ ရိုက်နှက်လိုက်သေးသည်။
“တွေ့လားဘခက်၊ ကျွန်ဆိုတာမျိုးက သခင်ရိုက်တာခံရတယ်၊ မင်းတို့ဗမာတွေ ငါတို့ကိုဘာပြန်လုပ်နိုင်လို့လဲကွ၊ ထွီ”
ဘခက်အပါအဝင် ဆိပ်ကမ်းမှကူလီများက အလွန်ဒေါသထွက်လျှက် ဗီဟန်ကိုဝိုင်းကြည့်လိုက်ကြသည်။ ဗီဟန်က ဗမာများကိုကြည့်ပြီး
“အောင်မာ၊ ကျွန်ယုတ်တွေ၊ မင်းတို့က မကျေနပ်ဘူးလား၊ ဟား၊ ဟား၊ ဟေ့ကောင်တွေ၊ ဒီကျွန်ယုတ်တွေအားလုံးကို မှတ်လောက်သားလောက်အောင် ဆုံးမလိုက်ကွာ”
ထိုအခါ ဗီဟန်၏ တပည့်အယောက်နှစ်ဆယ်ခန့်က ဘခက်တို့ထံသို့ တုတ်များနှင့်ပြေးလာကြသည်။ ကုလားတစ်ဦးက ဘခက်အား သစ်သားတုတ်တစ်ချောင်းဖြင့်လွှဲရိုက်ရာ ဘခက်က ထိုတုတ်ကိုလက်ဝါးအနာခံလျှက် ဘယ်ဖက်လက်နှင့်ဖမ်းဆုပ်လိုက်လေသည်။ ထို့နောက် ထိုသစ်သားတုတ်ချောင်းကို ပြန်ဆွဲယူကာ ထိုသူ၏ လည်စောင်းအား အားကုန်လွှဲရိုက်ချလိုက်တော့သည်။
“ဟေ့ကောင် ဗီဟန်၊ မင်းမေ့နေမှာစိုးလို့ တစ်ခုသတိပေးရအုံးမယ်၊ ဒီတိုင်းပြည်က ငါတို့ဗမာပြည်ကွ”
ဘခက်က ဗီဟန်ထံသို့ တစ်လှမ်းချင်းလှမ်းလာလေသည်။ ကုလားတစ်ဦးက ဘခက်အား ဓါးဖြင့်ခုတ်ရန်ပြေးဝင်လာသည်။ ဘခက်က လက်အတွင်းမှတုတ်ဖြင့် ထိုလူ၏ ဓါးချက်အား ခုခံလိုက်ပြီးနောက် ထိုတုတ်ဖြင့််ပင် အားကုန်လွှဲရိုက်ချထည့်လိုက်သည်။
“ဒီမြေက ငါတို့မြေ”
ဗီဟန်မှာ ဘခက်က အနီးသို့ရောက်လာသဖြင့် တဖြည်းဖြည်းကြောက်ရွံ့လာပြီဖြစ်သည်။ သို့နှင့် သူစီးလာသည့် ကားအတွင်းသို့ ပြေးဝင်လိုက်လေသည်။
“မောင်း၊ မောင်းတော့”
ဗီဟန်၏ လူများက ဘခက်အားဝန်းရံလိုက်ကြသည်။ ထိုအခါ ဘခက်က လက်သီးကိုမိုးပေါ်သို့ထောင်လိုက်ပြီး
“ငါတို့မြေမှာနေပြီး ငါတို့ကိုလူပါးလာမဝနဲ့၊ ငါတို့က ဗမာတွေကွ”
ထိုအခါ ကူလီများမှာ ရရာလက်နက်များစွဲကိုင်ကြပြီး ဗီဟန်၏ လူများကို ရိုက်နှက်ကြကုန်တော့သည်။ ဂိုထောင်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်လေတော့သည်။ ဘခက်က ထိုလူအုပ်ကြားမှ တိုးထွက်ခဲ့ပြီးနောက် လမ်းမကြီးပေါ်သို့တက်လာခဲ့သည်။
“မင်းပြေးလို့မလွတ်ပါဘူးဗီဟန်၊ မင်းငါ့လက်က ပြေးလို့မလွတ်ပါဘူး ဗီဟန်ရာ”
သို့နှင့် ဘခက်နှင့် ဗီဟန်တို့၏ ရန်ငြိုးများမှ အစပြုခဲ့သည့်အရေးမှာ လူမျိုးရေးလှုပ်ရှားမှုတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး ၁၉၃၀ ပြည့်နှစ်၊ ကုလားဗမာအဓိကရုဏ်းကြီးစတင်ဖြစ်ပေါ်ခဲ့လေတော့သည်။
ဆက်ရန်။
Kentaro miura ၏ Berserk ကို မှီးပါသည်။