အပိုင်း (၆)
အကျဉ်းခန်းထဲအတွင်းသို့ ပြတင်းပေါက်မှတဆင့် နေရောင်များကျရောက်လာသောကြောင့် နေထွက်နေပြီမှန်းကို သိလိုက်တော့သည်။ သို့နှင့်် ကဖောတစ်ယောက် အိပ်နေရာမှ ကုန်းထလိုက်တော့သည်။ မကြာခင် ရဲမက်များက အကျဉ်းခန်းအတွင်းသို့ ဝင်လာကြပြီး သူတို့အကုန်လုံးကို ဖမ်းဆွဲ ထုတ်သွားတော့သည်။ သူတို့အားလုံးကို လက်ပြန်ကြိုးတုပ်ကာ တစ်ယောက်နှင့်တစ်ယောက် ခါးတွင်ကြိုးများထပ်မံချည်ထားပြီးနောက် လမ်းမအတိုင်း တန်းစီပြီးခေါ်သွားကြသည်။ မြို့သူမြို့သားများမှာ ကဖောတို့အကျဉ်းထောင်အတွင်းမှ ထွက်လာသည်ကို ကိုလာရောက်ကြည့်ရှုကြသည်။ သူတို့အားလုံးက ကဖောကို ကြည့်သည့်အကြည့်ထဲတွင် ဂရူဏာမျက်လုံးများလဲပါသလို။ သနားကြင်နာသောမျက်လုံးများလဲပါ၏၊ နာကျည်းစက်ဆုပ်သည့် အကြည့်များလည်း ပါဝင်ကြသည်။ ရဲမက်များက ကဖောဦးဆောင်သည့် လရှီးမျိုးနွယ်စုများအားလုံးကို နန်းတော်အတွင်းမှ ခေါ်ဆောင်လာခဲ့ကြပြီး နန်းတော်အရှေ့ရှိ ရင်ပြင်ကြီးတွင် တန်းစီကာ မတ်တပ်ရပ်ခိုင်းလိုက်တော့သည်။ မြို့သားများလည်း သူတို့အနီးတွင် လာရောက်စုရုံးကြတော့သည်။
“သစ္စာဖောက် ကဖောနှင့် လရှီးမျိုးနွယ်များအားလုံးဟာ ကျောက်တုံးမြို့တော် ဘုရင်ကြီးနဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ ဂုဏ်သိက္ခာကိုစော်ကားခြင်း၊ မင်းမျိုးမင်းနွယ်တွေကို လက်နက်ဖြင့်ခြိမ်းခြောက်ခြင်း စတဲ့ပြစ်ဒဏ်တွေ ထင်ရှားတာကြောင့် သူတို့အားလုံးကို မသေမချင်းကျောက်တုံးနှင့်ထုသတ်ရန် သေဒဏ်ချမှတ်လိုက်သည်၊ ဘုရင်ကြီး မာရ”
တပ်မှူးက ဘုရင့်အမိန့်တော်ကို ဖတ်ကြားလိုက်ပြီးနောက် အမိန့်စာကို ပြန်သိမ်းလိုက်တော့သည်။ ထို့နောက် လူကြီးဒူးတစ်ထောက်ခန့်မြင့်သည့် လေးထောင့်ကျောက်တုံးကြီးတစ်ခုကို ရဲမက်များကသယ်ဆောင်လာကာ သူတို့ရှေ့တွင်ချလိုက်တော့သည်။ ပြီးနောက် ကဖောအစ်ကိုတစ်ယောက်အား ရဲမက်နှစ်ယောက်မှ ဖမ်းချုပ် ခေါ်ဆောင်သွားပြီး ထိုကျောက်တုံးပေါ်သို့ ဦးခေါင်းကိုတင်ထားစေသည်။ ထို့နောက်တွင်မူ အလွန်ခွန်အားဗလနှင့်ပြည့်စုံသည့် လူကောင်ထွားထွား အာဏာပါးကွက်သားကြီးက လေးထောင့်ကျောက်တုံးကြီးတစ်ခုကို လက်တွင်ကိုင်ဆွဲလာလေသည်။ ထိုလေးထောင့်ကျောက်တုံးကြီးကို ဦးခေါင်းအထက်နားအထိ မြှောက်တင်လိုက်ပြီးနောက် အားကုန်ထုချလိုက်တော့သည်။
“ဒုန်း . . .”
ကျောက်သားအချင်းချင်းထိခတ်သံကြီးထွက်ပေါ်လာပြီးနောက် ကဖောအကို၏ ဦးခေါင်းမှာ အောက်ခံကျောက်တုံးနှင့် လေးထောင့်ကျောက်တုံးကြီး ကြားတွင်ညပ်သွားကာ ဖိညှစ်သည့်အရှိန်ကြောင့် တစ်စစီပေါက်ကွဲထွက်သွားလေသည်။ အနားမှကြည့်နေသူများကိုပင် ဦးခေါင်းခွံအပိုင်းအစများ သွေးစက်များမှာ ပေကျံကုန်ကြလေသည်။ ကဖောအကို၏ ဦးခေါင်းက ကျောက်တုံးကြားတွင် ပြားကပ်နေလေသည်။ ပါးကွက်သားက သေချာစေရန်အတွက် ကျောက်တုံးကြီးအားမယူလိုက်ပြီး သုံးလေးချက်ခန့်ဆက်တိုက်ထုနေပြန်သေးသည်။ ဦးနှောက်နှင့်ခေါင်းရှိ အစိတ်အပိုင်းများမှာ အပိုင်းအစကလေးများဖြစ်ကုန်ပြီးနောက် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေတော့သည်။ ခေါင်းစိစိညက်ညက်ကျေနေသော ကဖောအစ်ကို၏ ကိုယ်လုံးက တဆတ်ဆတ်တုန်ခါနေလေသည်။ တပ်မှူးက ထိုကိုယ်လုံးကို အောက်ခံကျောက်တုံးပေါ်မှ ဘေးသို့ ကန်ချလိုက်ပြီးသည့်အခါ ရဲမက်များက ထိုအလောင်းအား ဆွဲယူသွားတော့သည်။
ကဖောမှာ အကိုဖြစ်သူ သေဆုံးသည်ကိုကြည့်ရင်း နာကျင်စွာနှင့် ဟစ်အော်လိုက်တော့သည်။ မြို့သူမြို့သားများမှာလည်း စုတ်တသတ်သတ်ဖြင့်် သနားဂရုဏာသက်နေကြတော့သည်။ ဘုရင်ကြီးက ထိုအဖြစ်ကို နန်းမြို့ရိုးပေါ်မှကြည့်ရင်း အားရပါးရ ရယ်မောနေတော့သည်။
“ဟား . . ဟား ကြည့်လိုက်စမ်းကဖော၊ နောက်ဆုံးဘယ်သူက နိုင်တဲ့သူလဲဆိုတာ ကြည့်လိုက်စမ်းပါ”
ဘုရင်ကြီးက ထိုသို့ပြောလိုက်ပြီးနောက် အားမရသေးသဖြင့် နန်းမြို့ရိုးမှဆင်းလာလေတော့သည်။
“နောက်တစ်ယောက်”
တပ်မှူးက ပြောလိုက်သည့်အခါ နောက်ထပ်ကဖော အစ်ကိုတစ်ယောက်ကို ဆွဲခေါ်သွားပြီး အလားတူပင် ထုသတ်ပစ်လိုက်တော့သည်။ ထိုနည်းအတိုင်း ကဖော၏အစ်ကို ခုနစ်ယောက်စလုံးကို ရက်စက်စွာ စီရင်သတ်ပစ်ခဲ့ကြတော့သည်။ နောက်ဆုံးတွင်တော့ လငေါရှီး၏ အလှည့်သို့ရောက်ရှိလာလေသည်။ ဘုရင်ကြီးမှာ အချွေအရံများနှင့်လမ်းလျှောက်လာသည်မှာ မလှမ်းမကမ်းပင်ရောက်ရှိနေပြီဖြစ်သည်။ လငေါရှီးကတော့ ရဲဝင့်စွာဖြင့် သေခြင်းတရားကို ရင်ဆိုင်ရန် ပြင်ဆင်ထားတော့သည်။ ရဲမက်နှစ်ယောက်က လငေါရှီးကို ဆွဲခေါ်သွားပြီးကျောက်တုံးပေါ်တွင် ခေါင်းကိုတင်လိုက်တော့သည်။
“နေဦး . .”
ကဖောက ထအော်လိုက်သည်။
“ဘုရင်ကြီး ရှင်နဲ့ကျွန်မ စီးချင်းထိုးကြမယ်”
ထိုသို့ပြောလိုက်သည့်အခါ ဘုရင်ကြီးက ရယ်မောတော့လေသည်။
“ကဖော နင် ကယောင်ကတမ်းတွေဖြစ်နေပြီလား၊ ငါက နင်နဲ့တိုက်ခိုက်ဖို့တန်ရဲ့လား၊ နင့်လို သေလူတစ်ယောက်နဲ့ ငါဘယ်တော့မှ စီးချင်းမတိုက်ဘူး”
“ဘာလဲ ရှင်ရှုံးမှာ ကြောက်လို့လား”
ကဖောစကားကို ကြားသည့်အခါ ဘုရင်ကြီးက ထပ်ရယ်ပြန်သည်။
“ကဖောရယ်၊ သနားစရာကဖောရယ် . . . နင်အခုထိ အရှုံးတွေ အနိုင်တွေပြောနေတုန်းလား၊ နင်က အခုအရှုံးသမားလေ၊ ဒီမှာ မြို့သားတွေကိုကြည့်စမ်း . . သူတို့က နင်အောင်နိုင်တာကိုလည်း ကြည့်ပြီးအားရခဲ့ကြတယ် . . အခုလည်းနင်ကျရှုံးတာကို ကြည့်ပြီးအားရနေကြတယ်မဟုတ်လား၊ တကယ်တော့ နင်ဟာ ဘာသူရဲကောင်းမှမဟုတ်ဘူး၊ တကယ်တော့ နင်ဟာ ငါ့မြို့တော်က မြို့သူမြို့သားတွေကို ဖျော်ဖြေပေးရတဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ ကဖော”
ကဖော ဘာမှပြန်မပြောတော့ပေ။
“ကဲ လငေါရှီး၊ မင်းက ခေါင်းဆောင်ဆိုတော့ နောက်ဆုံးမင်းမသေခင် တစ်ခုခုတော့ ပြောသွားပါဦးလား”
လငေါရှီးကတွေဝေနေလေသည်။ ခဏကြာတော့မှ
“သမီး . . . ကဖော . . သမီးဘယ်သူ့ကိုမှ မယုံနဲ့နော်”
ထိုသို့ပြောသည့်အခါ ကဖောမှာ ငိုကြွေးလိုက်တော့သည်။ ဘုရင်ကြီးက လက်ခုပ်တီးလိုက်သည်။
“ဟုတ်ပါပြီဗျာ၊ မသေခင်လေး သမီးကို ဆုံးမစကားမှာသွားတာပေါ့လေ၊ ခင်ဗျားရဲ့ မိဘမေတ္တာကိုတော့ ကျုပ်လေးစားပါတယ်၊ ကျုပ်တောင်မျက်ရည်ကျချင်တယ်ဗျာ . . ဟား . .ဟား”
ဘုရင်ကြီးက မျက်ခမ်းစပ်များကို လက်ဖြင့်ပွတ်သပ်ပြီး မျက်ရည်ကျသဖြင့် သုတ်သည့်ဟန်အမူအရာမျိုး လုပ်လိုက်တော့သည်။
“ဒါပေမယ့် ခင်ဗျားသမီးလည်း ခင်ဗျားစကားကို နားထောင်နိုင်ရင် ခဏပေါ့ဗျာ၊ သူလည်း မကြာခင် သေတာထက်ဆိုးတဲ့ ဒုက္ခကို ခံစားသွားရတော့မှာပဲ”
ထိုသို့ပြောပြီး ဘုရင်ကြီးက တပ်မှူးကို ခေါင်းညိတ်ပြလိုက်သည်။ တပ်မှူးက အာဏာပါးကွက်သားကို အမိန့်ပေးလိုက်သည့်အခါ ပါးကွက်သားမှာ သူ့လက်ထဲတွင်ကိုင်ထားသည့် ကျောက်တုံးကြီးကိုမြှောက်တင်လိုက်ကာ လငေါရှီးခေါင်းကို အားနှင့်ထုထည့်လိုက်တော့သည်။ ကဖောမျက်လုံးများ ဘာမှမမြင်ရတော့ ေ၀ဝါးနေပြီဖြစ်သည်။ အာခေါင်ကိုခြစ်ပြီး အော်ဟစ်လိုက်တော့သည်။ အားရကျေနပ်နေသူကတော့ ဘုရင်ကြီးပင်ဖြစ်သည်။
“မာချင်ဦးဟဲ့ အဲ့ဒီခေါင်း၊ ထပ်ထုစမ်း”
ဘုရင်ကြီးပြောသဖြင့် ပါးကွက်သားကလည်း နောက်ထပ် လေးငါးချက်ခန့်ထပ်ပြီးထုတော့သည်။ လငေါရှီးခေါင်းမှာ စိစိညက်ညက်ကျေနေပြီး ဘာမှပင်မရှိတော့ပေ။ ကျောက်တုံးနှစ်ခုကြားတွင် အရိုးများပါ ကျေညက်နေပြီဖြစ်ပြီး အရိုးစတွေ၊ အသားတွေ၊ သွေးစတွေနှင့် ဦးနှောက်တွေက ပတ်ဝန်းကျင်ကိုလွင့်စင်လျှက်ရှိသည်။ ကဖောကိုယ်လုံးတွင်လည်း အကိုများနှင့် အဖေဖြစ်သူ၏ ဦးနှောက်များမှာ ပေကျံနေလေတော့သည်။ ဘုရင်ကြီးကတော့ သူ့ဝတ်စုံတွင်ပေနေသည့် သွေးစများကို အဝတ်စတစ်ခုဖြင့် သုတ်နေလေသည်။
“ကြည့်ထားကဖော၊ နင်ရှုံးနိမ့်တဲ့အရသာကို ခံစားဖူးပြီမဟုတ်လား”
ထိုသို့ပြောပြီးနောက် ဘုရင်ကြီးက မြို့သားများဘက်သို့လှည်ြ့ကည့်လိုက်တော့သည်။ မြို့သားများမှာ ဘုရင်ကြီးအား အလွန်တရာ မုန်းတီးစက်ဆုပ် ရွံ့ရှာနေသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြတော့သည်။
“မင်းတို့လဲမှတ်ထား၊ မင်းတို့ ငါ့အပေါ်ကို ဆန့်ကျင်တာ၊ ငါ့ဖက်ကိုဓါးဦးလှည့်တာမျိုးလုပ်ရဲရင်လုပ်ကြည့်စမ်း၊ မင်းတို့တွေရဲ့ ဆွေမျိုးတွေအကုန်လုံး ဒီကောင်တွေလိုပဲ ခေါင်းတွေ စိစိညက်ညက်ကျေရလိမ့်မယ်၊ နားလည်လား”
ဘုရင်ကြီးက မြို့သားများကို စိတ်ဆိုးမာန်ဆိုးနှင့် လက်ညိုးထိုးပြောပြီးနောက် နန်းတော်ထဲပြန်ဝင်သွားတော့သည်။ ရဲမက်များက အလောင်းများကို သယ်ဆောင်နေကြသည်။ သွေးများ၊ အသားစများနှင့် ညစ်ပတ်နေသည့် နန်းရင်ပြင်ကို သန့်ရှင်းရေးလုပ်နေကြတော့သည်။ မြို့သားများမှာ ဘုရင်ကြီးကို မကျေနပ်ကြသော်လည်း ကြောက်ရသဖြင့် အားလုံးထွက်ခွာသွားကြတော့သည်။ ကဖောကိုတော့ ရဲမက်နှစ်ယောက်က ဖမ်းခေါ်ပြီး တရွတ်တိုက်ဆွဲလာကြတော့သည်။ ထို့နောက် မြေတိုက်ခန်းအတွင်း ပစ်ထည့်ထားလိုက်တော့သည်။ ကဖောလည်း မြေတိုက်ခန်းအတွင်းရောက်သည်နှင့် လှဲချလိုက်ပြီး ငိုကြွေးနေလိုက်တော့သည်။ မနေ့ညက ထိုမြေတိုက်ခန်းက ကဖောအဖေ၊ အကိုများနှင့် စည်ကားနေသော်လည်း ယခုတော့ ကဖောတစ်ယောက်သာ ကျန်နေခဲ့တော့သည်။
(၂၁)
သုံးရက်တိတိအစာမစားရေမသောက်ခဲ့သည်မို့ ကဖောမှာ ပျော့ခွေနေတော့သည်။ တစ်ရက်တွင် ကဖောကို ရဲမက်များက ဆွဲခေါ်သွားကြတော့သည်။ ကဖောလည်း စိတ်ဓါတ်ကိုဒုံးဒုံးချထားလိုက်တော့သည်။ မိမိကိုယ်ကို သေသွားဖို့ကိုသာာ ဆုတောင်းနေမိသည်။ ကဖော အိပ်ပျော်သွားသည့်အချိန်တွင် အဖေနှင့် အစ်ကိုများကိုတွေ့ရသည်။ သူတို့က ကဖောအား စောင့်မျှော်နေကြလေတော့သည်။
ကဖောအား လှည်းတစ်ခုဖြင့် အတော်ကြာသည်အထိ မောင်းကာခေါ်သွားတော့သည်။ မကြာခင်တွင် ပတ်ဝန်းကျင်တွင် လူများစည်ကားနေသည့် နေရာတစ်ခုသို့ရောက်ခဲ့တော့သည်။ ကဖောခေါင်းတွင်စွပ်ထားသည့် အဝက်စကိုဖယ်ရှားလိုက်သည့်အခါ ကဖောလည်း အံ့သြကာ ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည်။ အလွန်ကြီးမားပြီး နက်မှောင်နေသည့် တွင်းနက်ကြီးတစ်ခုကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်။ တွင်းနက်ကြီး၏ ပတ်ဝန်းကျင်ကိုတော့ ဝါးများ၊ ကြိမ်များဖြင့် ကာရံထားပြီးနောက် ထိုအနားတွင် လူများမှာလည်း စုရုံးနေကြတော့သည်။ ထိုနောက်တွင် ကဖောကို ရဲမက်နှစ်ယောက်က ဆွဲခေါ်သွားပြီးနောက် တွင်းနက်ကြီးနှုတ်ခမ်းဝကို ကျောပေးကာ ရပ်ခိုင်းလိုက်တော့သည်။ ကဖော လှည့်ကြည့်လိုက်သည့်အချိန် သူ့ကျောအနောက်တွင် အလွန်တရာနက်ရှိုင်းလှသည့် တွင်းနက်ကြီးတစ်ခုကို မြင်တွေ့နေရသည်။ တွင်းနက်ကြီးအနီးရှိ အဆောက်အဦးတစ်ခုပေါ်တွင် ဘုရင်ကြီးက မိန့်မိန့်ကြီးထိုင်နေလေသည်။ ကဖောအနားတွင်လည်း နောက်ထပ်လူများ များစွာကိုတွေ့ရသေးသည်။
“ကဲ ဒီနေ့ကတော့ သေတာထက်ကို ပိုဆိုးတဲ့ ပြစ်ဒဏ်ကျနေတဲ့သူတွေကို အစီအရင်ပေးမယ့်နေ့ဖြစ်တယ်”
ဘုရင်ကြီးက ပြောဆိုလိုက်ပြီးနောက် ရဲမက်များကို အချက်ပေးလိုက်တော့သည်နှင့် ရဲမက်များသည် လှံချွန်များကို ကိုင်ဆောင်ပြီး ကဖောဆီသို့လျှောက်လာကြသည်။
“ခုန်ချလိုက် . . ခုန်ချလိုက်”
ရဲမက်များကအော်ဟစ်ပြီး ရှေ့တိုးလာကြရာ ကဖောလည်း မထူးတော့သဖြင့် သေချင်သေဟုစိတ်ဆံးဖြတ်လိုက်ကာ တွင်းနက်ကြီးထဲသို့ ခုန်ချလိုက်တော့သည်။ အခြားရာဇဝတ်သားများကိုလည်း ရဲမက်များကို တွန်းချကြသည်။ မဆင်းဘဲ ပေကပ်နေသည့်လူများကို မြားနှင့်ပစ်ချကြပြီး အချို့လူများကို လှံဖြင့်ထိုးပြီးမှ တွန်းချကြလေတော့သည်။ ကဖောလည်း အဆုံးအစမဲ့ နက်ရှိုင်းလွန်းသည့် တွင်းနက်ကြီးထဲသို့ ကျသွားလေရာ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
အလွန်ပြင်းထန်သည့်အရှိန်ဖြင့် ပြုတ်ကျပြီးနောက် အောက်ခြေတွင် စေးကပ်ပျစ်ချွဲသော အရည်များပေါ်သို့ ပြုတ်ကျတော့သည်။ ပြုတ်ကျသည်မှာ အရှိန်ပြင်းထန်သော်လည်း ထိုအရည်များက ပျစ်ချွဲနေပြီး ဂျယ်လီများကဲ့သို့ ပျော့စိစိဖြစ်နေသဖြင့် ထိခိုက်မှုကြီးကြီးမားမားမဖြစ်ပေ။ အောက်တွင် မှောင်မည်းနေလေသည်။ အပေါ်မှ ပြုတ်ကျလာသူများအားလုံးတို့လည်း ထိုအရည်များထဲတွင် ရုန်းကန်ကူးခတ်နေကြကာ ကုန်းမြေတစ်ခုကို ရှာဖွေနေကြတော့သည်။ ကဖောလည်း အားစိုက်ကာ ကူးခတ်လိုက်ရင်းမကြာခင် ကုန်းမြေတစ်ခုအားစမ်းမိကာ ထိုအပေါ်သို့ တက်လိုက်တော့သည်။ ကုန်းမြေပေါ်တွင် စူးရှရှ ကြမ်းတမ်းတမ်းအရာများကို နင်းမိလေတော့သည်။
မကြာခင် အနီရောင်အလင်းတန်းများမှာ ကျောက်ဂူကြီးတစ်နေရာမှ ထွန်းလင်းလာကာ သူတို့နှင့် တဖြည်းဖြည်းနီးကပ်လာလေသည်။ ထိုတော့မှ ကဖောလည်း ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရတော့သည်။ အစိမ်းရောင်ရှိသည့် အရည်များက စီးဆင်းနေပြီး လူများက အပေါ်မှကျလာကာ ထိုအရည်များထဲတွင်ကူးခတ်နေတော့သည်။ ကဖောနင်းထားသည့် ကုန်းမြေမှာလည်း မြေကြီးမဟုတ်ဘဲ လူအရိုးများ၊ ဦးခေါင်းခွံများနှင့် ပြည့်နှက်စုပုံနေသည့် မြေကြီးဖြစ်တော့သည်။ ထိုစဉ်အနောက်မှ သူ့လက်ကို လာဆွဲခြင်းကိုခံလိုက်ရတော့သည်။
“ကဖော လာ . . လာ”
လှည့်ကြည့်လိုက်သည့်အခါတွင် လချေရှီးဖြစ်နေသည်။ လချေရှီးက ကဖောလက်ကိုဆွဲပြီးနောက် ဂူနံရံတစ်ခုရှိ ကျောက်အထပ်ကလေးဖြစ်နေသည့်နေရာသို့ ဆွဲခေါ်သွားတော့သည်။
“ကဖော မလှုပ်နဲ့ အသံမထွက်နဲ့ ဒီကောင်ကြီးတွေက မမြင်ရဘူးဟ”
“ဘာကောင်ကြီးတွေလဲ”
လချေရှီးက ပါးစပ်ကို လက်ညိုးနှင့်ပိတ်လိုက်ပြီး ဂူအတွင်းလမ်းသို့ လက်ညိုးထိုးပြလိုက်တော့သည်။ ထိုအခါ အမှောင်ထုအတွင်းမှ ဘီလူးကြီးများထွက်ပေါ်လာကြတော့သည်။ အရပ်က ဆယ်ပေခန်ရှိကာ မျက်လုံးများတွင်မီးတောက်များတောက်လောင်နေကြတော့သည်။ ထိုဘီလူးကြီးများမှာ အကောင်နှစ်ဆယ်ခန့်ရှိကာ ပြုတ်ကျလာခဲ့သည့် လူများဆီသို့ပြေးလာနေကြသည်။ ထို့နောက် သူတို့အချင်းချင်း ကဖောနားမလည်သည့် စကားများဖြင့်ပြောဆိုနေကြပြီးနောက် အပေါ်မှကျလာသည့်သူများကို ဖမ်းဆီးကာ အရှင်လတ်လတ် ကိုက်ဖြတ်စားကြတော့သည်။ ဘီလူးကြီးတွေမှာ အနှစ်နှစ်အလလ မစားရမသောက်ရသည့်နှယ် ပိန်ကပ်နေပြီး လူသားများကို အငမ်းမရပင် လုယက်စားသောက်နေကြသည်။ အချို့ဘီလူးများက လူတစ်ယောက်ထဲကို ဝိုင်းလုကာ ဆွဲရင်း ထိုလူမှာ နှစ်ပိုင်းပြတ်သွားကြတော့သည်။ အူများ ကလီစာများကို ဖောက်စားကြပြီးနောက် အသားများကို အရှင်လတ်လတ်ပင်ခွာစားကြသည်။ ထိုလူများမှာ မသေသေးသရွေ့ အသက်ကျန်သေးသလောက် အော်ဟစ်နေရင်း ဘီလူးစာ ဖြစ်သွားကြတော့လေသည်။ အပေါ်မှ ကျလာသော လူတစ်ရာခန့်မှာ တစ်ခဏအတွင်းပင် ဘီလူးစာ ဖြစ်သွားကြတော့သည်။
စားသောက်ပြီးစီးသည့်အခါ ဘီလူးကြီးတွေက ရပ်တန့်လိုက်ပြီး ငြိမ်နေသေးသည်။ ထို့နောက် နှာခေါင်းတရှုံ့ရှုံ့နှင့် အနံခံနေသေးသည်။ နားရွက်များကိုစွင့်ထားပြီး အသံနားထောင်နေကြသည်။ ကဖောနှင့် လချေရှီးတို့နှစ်ယောက် တုတ်တုတ်မျှမလှုပ်ရဲဘဲ အသက်ပင်မရှုနိုင်အောင်ကို ငြိမ်သက်နေလိုက်ကြသည်။ အတန်ကြာတော့မှ ဘီလူးကြီးများက ပြန်လည်ထွက်ခွာသွားကြတော့သည်။ သူတို့ပြန်သွားသည့်အခါတွင် လှိုဏ်ဂူကြီးအတွင်းတွင် မှောင်မည်းလျှက်ကျန်နေတော့သည်။
လချေရှီးက စိတ်မချသေးသဖြင့် ကျောက်တုံးလေးများကို ကောက်ကာ ရေအိုင်ဘက်သို့လှမ်းပစ်လိုက်သည်။ ထို့နောက် အရိုးစများကိုကောက်ပြီး ထပ်မံပစ်ကြည့်သည်။ ဘီလူးကြီးများ မလာတော့သည်မှန်း သေချာတော့မှ မှော်အစွမ်းဖြင့် မှော်မီးတောက်ကလေးကို ဖန်တီးလိုက်သည့်အတွက် သူတို့အနီးတွင် လင်းချင်းသွားတော့သည်။ လူသားစားပွဲကြီးကို ကြည့်ပြီးတော့ ကဖောမှာ အသက်ပင်မရှုနိုင်အောင်ဖြစ်နေသည်။ သူတို့နှင့်အတူကျလာသည့် လူများမှာလည်း တခဏအတွင်းပင် အရိုးပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူတို့နှစ်ယောက် ထိုနေရာမှ မထွက်ရဲသေးသဖြင့် ငြိမ်ကုပ်နေလိုက်ကြတော့သည်။ ထို့နောက် ကဖောက လချေရှီးဘက်သို့လှည့်လိုက်တော့သည်။
“သူတို့က ဘာကောင်တွေလဲ”
“သူတို့က ဘီလူးတွေဟ၊ အရင်ကတော့ နတ်ဘုရားတွေရဲ့ အခိုင်းအစေတွေပေါ့၊ အမှားတစ်ခုကြောင့် နတ်ဘုရားတွေက သူတို့ကို ဒီချောက်နက်ကြီးထဲမှာ ပိတ်လှောင်ထားခဲ့တာတဲ့၊ သူတို့ရဲ့ အမြင်အာရုံတွေကိုတော့ နတ်ဘုရားတွေက ဖျက်ဆီးခဲ့တာမို့လို့ သူတို့မမြင်နိုင်တာပေါ့”
“ဒါနဲ့ သူ . . သူတို့က ခုနက ဘာတွေပြောနေတာလဲ၊ နင်နားလည်လား”
“အင်း၊ သူတို့က ဆကစ်လို့ခေါ်တဲ့ နတ်ဘုရားဘာသာစကားကိုပြောကြတာပဲ၊ သူတို့ပြောတာက ငါတို့ ဒီရေတွေခံထားလိုက်လို့ လူသားကိုအရှင်စားရတော့မယ်တဲ့၊ သူတို့က လူသားကို သေပြီးသားထက် အရှင်လတ်လတ်စားရတာကို သဘောကျကျတာ”
“နင်က ထူးဆန်းတယ်နော် ဒါတွေကို နင်ဘယ်လိုသိတာလဲ”
“လိပ်ဘိုးဘိုးနဲ့နေတော့ သူက ငါ့ကိုစာသင်ပေးတယ်၊ နောက်ပြီး သူ့ဆီက စာအုပ်တွေကို ဖတ်ခိုင်းတယ်လေ၊ အဲဒီထဲမှာ ဒီတွင်းကြီးအကြောင်း ရေးထားတာကို ငါဖတ်ဖူးလို့ပေါ့”
ကဖောလည်း ပြုံးလိုက်သည်။ လချေရှီးကိုတွေ့၍ ပြုံးလိုက်သော်လည်း ဖခင်နှင့်အစ်ကိုများ ခံစားခဲ့ရသည်က ခေါင်းထဲပေါ်လာပြီးနောက် မျက်နှာလေး ညိုးကျသွားတော့သည်။ ထို့နောက် လချေရှီးအား
“ဒါတွေခဏထားပါဦး၊ နင်က ဘာဖြစ်လို့ ဒီအောက်ကို ရောက်လာတာလဲ”
လချေရှီးက ခေါင်းကို ကုပ်လိုက်တော့သည်။
“အင်း ပြောရရင်တော့ အရှည်ကြီးပဲဟ”
လချေရှီးက ဖြစ်စဉ်များကို အတိုချုံ့ပြီး ပြန်လည်ပြောပြလိုက်သည်။ ကဖောနှင့် လချေရှီးမှာ ကျောက်တုံးမြို့တော်မှ ထွက်ပြေးပြီးနောက် အတူတူရွာသို့ ပြန်လာခဲ့ကြသည်။ ရွာနားနီးသည့်အခါ ကဖောက ရောက်လိုဇောဖြင့် ရွာသို့ပြေးတော့သည်။ ထိုအခါ ကဖောခြေလှမ်းကို လချေရှီးက မမီ၊ ထို့အပြင် စာအုပ်အလေးကြီးကို ထမ်းပိုးထားရသည်မို့ နောက်ကျကျန်နေခဲ့တော့သည်။ ကဖောရွာအတွင်းသို့ ဝင်ပြေးသွားပြီးနောက် ရွာစည်းရိုးဘေးနားမှ ရဲမက်များက ထွက်လာသည်ကို မြင်လိုက်ရသဖြင့် လချေရှီးလည်း အခြေအနေမကောင်းသည်ကို ရိပ်စားမိ၍ တောအုပ်အတွင်းသို့ ဝင်ပြေးရင်း ရွာနားသို့ ချုံပုတ်များကြားမှတဆင့် ကပ်ခဲ့တော့သည်။
လချေရှီး ရွာထဲပင်မရောက်လိုက်၊ မြင်းတပ်များမှာ ရွာထဲမှ ပြန်ထွက်လာကြသည်။ ကဖောကိုလည်း ကြိုးတုပ်ပြီးမြင်းပေါ်ခေါ်တင်သွားသည်ကိုတွေ့လိုက်ရတော့သည်။ မကြာမီရွာမှာ မီးခိုးလုံးများတက်လာပြီး မီးများတောက်လောင်တော့သည်။လချေရှီးလည်း ရွာထဲသို့ပြေးဝင်လိုက်ပြီးနောက် ရွာလယ်ကွင်းပြင်ကြီးကို သွားခဲ့တော့သည်။ အလွန်ကြောက်စရာကောင်းသည့် အဖြစ်အပျက်များကို မြင်တွေ့လိုက်ရပြီးနောက် လချေရှီးက အန်လိုက်တော့သည်။ ရွာတစ်ရွာလုံး မီးတွေစွဲလောင်နေပြီဖြစ်သည်။ တဲအိမ်ကလေးများ သစ်ရွက်မိုးထားသော အိမ်ကလေးများဖြစ်သဖြင့် မီးစွဲမြန်သည်။ လချေရှီးက အလံတိုင်ကို မော့ကြည့်လိုက်သည့်အခါ အနီရောင်အလံကြီးက မီးခိုးတွေကြားထဲမှာ လွင့်ပျံနေဆဲပင်ဖြစ်သည်။
“မဖြစ်ဘူး၊ ဒီအလံကြီးက လရှီးတွေရဲ့ မျိုးနွယ်အမှတ်အသားအလံကြီးပဲ ငါယူသွားမှဖြစ်မယ်”
လချေရှီးက ထိုသို့တွေးပြီးနောက် အလံတိုင်ပေါ်သို့တက်လိုက်ပြီး အလံကြီးကို တက်ဖြုတ်လိုက်ကာ ထိုအလံကို လိပ်လျှက် ခါးတွင် ခါးပတ်ကဲ့သို့ ချည်နှောင်လိုက်တော့သည်။ ထို့နောက် ရွာထဲမှ ထွက်ဖို့ပြင်ဆင်နေစဉ် မိခင်ဖြစ်သူကိုတွေ့ချင်လာသဖြင့် ခေါင်းပြတ်များအတွင်း မိခင်ဖြစ်သူကို ရှာဖွေနေတော့သည်။ သို့သော် လရှီးရွာရှိ ခေါင်းပြတ်များကြားထဲတွင် လချေရှီး အမေ၏ ဦးခေါင်းကိုမတွေ့သေးပေ။
“ဟိတ် . . ရပ်လိုက် ကောင်လေး”
အနောက်မှ အသံကြားသဖြင့် လချေရှီးလည်း ရပ်တန့်လိုက်ကာ တဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့သည်။ ကျောက်တုံးမြို့တော် ရဲမက် နှစ်ယောက်က သူ့အား မြားဖြင့်ချိန်ထားလေသည်။
“မင်းကျောကုန်းကလွယ်ထားတာ ဘာကြီးလဲ ငါတို့ဆီပစ်လိုက်”
လချေရှီးလည်း စာအုပ်ကြီးကိုဖြုတ်ကာ ပစ်ပေးလိုက်တော့သည်။ ရဲမက်တစ်ယောက်က ထိုအထုပ်ကိုဖြေကြည့်တော့သည်။
“အလိုလေး . . နည်းတဲ့စာအုပ်ကြီးမဟုတ်ပါလား”
ထို့နောက် စာရွက်များကို လှန်လှောကြည့်နေလေသည်။
“စာတွေက မဖတ်တတ်တဲ့စာတွေကွ ဘာတွေရေးထားတာလဲမသိဘူး”
အခြားရဲမက်တစ်ယောက်က စာများကိုလှမ်းကြည့်လိုက်သည်။
“အဲဒါ လီဝါးတွေသုံးတဲ့စာတွေကွ ငါတစ်ခါမြင်ဖူးူတယ်”
“နေပါဦး ဒါဆို ဒီကောင်လေးက လီဝါးလား”
ရဲမက်တစ်ယောက်က အနားကပ်လာပြီး လချေရှီး၏ဆံပင်များကို လက်နှင့်ကိုင်ကြည့်လိုက်သည်။ ကျောက်တုံးမြို့တော်အထွက် ရေကူးရသည်ကတစ်ကြောင်း ဆံပင်ကို အနက်ရောင်ဆေးမဆိုးရသည်မှာကြာပြီဖြစ်သောကြောင့်တစ်ကြောင်းမို့ ဆံပင်များမှာ နီရွှေရောင် ဆံပင်များဖြစ်နေလေသည်။
“သေချာတာပေါ့ကွာ၊ အရောင်ရှိတဲ့ဆံပင်၊ ရွှေအိုရောင်မျက်လုံးနဲ့ နားရွက်ချွန်ချွန်ဆိုမှတော့ လီဝါးပေါ့ကွာ၊ ငါတို့တော့ထောပြီဟေ့၊ လီဝါးဖမ်းမိရင် ဆုငွေရရုံမက ရာထူးပါတိုးမှာပဲ”
“နေ . . နေပါအုံး ခင်ဗျားတို့က ဘယ်သူတွေလဲ”
“ဟား . .ဟား ငါတို့က ကျောက်တုံးမြို့တော်က မြင်းတပ်ရဲ့ နောက်ချန်တပ်တွေပဲလေ၊ ငါတို့က တစ်ရွာလုံး မီးလောင်ပြာကျသွားတာကို အတည်ပြုပြီးမှ ပြန်ဆုတ်ခွာရမှာလေ”
ထိုသို့ပြောနေစဉ်ပင် နောက်ထပ် ရဲမက် ဆယ်ဦးခန့်ထပ်ရောက်လာသည်။
“ငါတို့တော့ထောပြီကွ၊ လီဝါးတစ်ကောင် ဖမ်းမိထားတယ်”
“ဘုရင်ကြီးတော့ငါတို့ကို ဆုတွေများများပေးတော့မှာပဲကွ”
ထိုသို့ပြောပြီးနောက် ရဲမက်များမှာ လချေရှီးကို ကြိုးတုပ်ကာ ဖမ်းဆီးးခေါ်ဆောင်လာခဲ့တော့သည်။ လီဝါးဖြစ်ကြောင်း လက်ပူးလပ်ကြပ်မိသဖြင့် တွင်းနက်ထဲသို့ပစ်ချရန်အတွက် အထက်မှ အမိန့်ချမှတ်လိုက်သည်။ ကျောက်တုံးမြို့တော်၏ ထုံးစံအရ လီဝါးမျိုးနွယ်များဆိုလျှင် ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အဆုံးအစမဲ့သည့် တွင်းနက်ကြီးအတွင်းသို့ ပစ်ချလေ့ရှိသည်မှာ ထုံးစံတစ်ခုပင်ဖြစ်လေသည်။
ကဖောက လချေရှီးပြောစကားများကို နားထောင်ရင်း ခေါင်းညိတ်နေမိတော့သည်။
“ဒါဆို နင်ဘာဆက်လုပ်မလဲ”
လချေရှီးက ခေါင်းကိုခါပြလိုက်သည်။ သူလည်း ဘာလုပ်ရမှန်းမသိသေးပေ။
“အရင်ဆုံး ငါတို့ ဒီကနေထွက်သွားကြတာပေါ့၊ ဒီမှာက နံစော်နေတာဘဲ”
ကဖောပြောလိုက်သည့်စကားအား လချေရှီးက ခေါင်းညိတ်ကာ ထောက်ခံလိုက်ပြီးကျောက်ပြားအချပ်ကြားမှ ထွက်ခဲ့တော့သည်။ လချေရှီးလက်ထဲမှ မီးတောက်ကလေး၏ အလင်းရောင်ကို အားပြုလျှောက်လှမ်းရင်း တစ်နေရာအရောက်တွင် ကဖော၏ ခြေထောက်ကို လက်တစ်ဖက်က ဖမ်းဆွဲထားခြင်းကို ခံလိုက်ရလေသည်။
“ကယ်ကြပါဦး . . ကျုပ်ကိုကယ်ပါဦး”
လှမ်းဆွဲထားသူမှာ ခန္ဓာကိုယ်အောက်ပိုင်းမရှိတော့သလို ညာဘက်ခြမ်းရင်ဘတ်ရှိ အသားတို့မှာ ကုန်နေသဖြင့်အတွင်းမှ ကလီစာများနှင့် နံရိုးဖြူဖြူကြီးများကို မြင်တွေ့ရလေသည်။ လချေရှီး မှထိုလူကိုကြည့်ပြီး ခေါင်းခါလိုက်တော့သည်။ ထိုလူမှာ ဘီလူးများစားသောက်စဉ်တုန်းက ကိုယ်တစ်ခြမ်းပါပြီး မေ့မြောနေသူဖြစ်မည်။
“ကယ်ကြပါ . . . ကယ်ကြပါ”
ထိုသူက အသံကုန်ဟစ်ကာအော်နေသဖြင့် လချေရှီးတစ်ယောက် စိုးရိမ်စွာဖြင့် ဂူအတွင်းဖက်သို့ လှမ်းကြည့်လိုက်တော့သည်။ ထင်သည့်အတိုင်းပင် ဂူအတွင်းမီးများထိန်လင်းလာပြီး ပြေးလာသံများကိုလည်း ကြားလိုက်ရလေသည်။ ကဖောတို့ပြေးစရာမရှိတော့။ ကဖောက သူ့ခြေထောက်ဆွဲထားသူ၏ လက်ကိုခြေတစ်ဖက်ဖြင့်ကန်ထုတ်လိုက်ပြီးပြေးတော့သည်။ သို့သော ်ထူးဆန်းစွာပင် ကဲရိသ၏ ဝတ်ရုံကြီးက ပျံလာပြီးနောက် သူတို့နှစ်ယောက်စလုံးကို ဖုံးလွှမ်းလိုက်တော့သည်။ သူတို့လည်း ဝတ်ရုံကြီးခြုံပြီး ကျောက်ဂူနံရံသို့ ပြေးကပ်လိုက်ကြသည်။
ဘီလူးများမှာ ချက်ခြင်းပြေးလာကြကာ ကိုယ်တစ်ပိုင်းပြတ်နေသည့်လူအား လုယက်ကြကာ တစ်ချက်တည်း စားသောက်ပစ်လိုက်တော့သည်။ ကဖောတို့နှစ်ယောက်သား ကဲရိသ၏ ဝတ်ရုံအားကိုးဖြင့် ရပ်ပြီးငြိမ်နေကြတော့သည်။ ထုံးစံအတိုင်း ဘီလူးများမှာ အတန်ကြာသည်အထိ နှာခေါင်းတရှုံ့ရှုံ့၊ နားတစွင့်စွင့်နှင့် ရှာဖွေနေကြကာ မည်သည့်အရာမှ ထပ်တွေ့တော့မှ ပြန်သွားကြတော့သည်။ ဝတ်ရုံကြီးက ဝင်းလက်နေသည့်် ရောင်စဉ်တန်းများထွက်ပေါ်နေပြီးနောက် သူတို့ကို ဂူအတွင်းပိုင်းထဲသို့ ခေါ်ဆောင်သွားတော့သည်။ မကြာမီ ကျောက်နံရံတစ်ခုကို ဝတ်ရုံက ပုတ်ပြပြီးနောက် မိုးပေါ်ပျံတက်သွားကာ ပျောက်ကွယ်သွားတော့သည်။ လချေရှီးက ထိုနံရံကို အသေအချာကြည့်လိုက်ရာ လူတစ်ကိုယ်စာဝင်ပေါက်ကလေးကို မြင်တွေ့ရပြီးအတွင်းမှ သစ်သားဖြင့်တံခါးပိတ်ထားခြင်းဖြစ်သည်။ လချေရှီးလည်းး အသာကလေးတွန်းကြည့်ရာ ထိုသစ်သားတံခါးမှာ ပွင့်သွားသဖြင့် အထဲသို့ ဝင်လိုက်ကြတော့သည်။ သစ်သားတံခါးလေးကို ပြန်ပိတ်လိုက်ရင်း ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်ရာ ဂူငယ်တစ်ခုကိုတွေ့ရပြန်သည်။ ဂူအတွင်း တိတ်ဆိတ်ကာ အသံလုံနေလေသည်။ သူတို့အသံကို အပြင်မှမကြားနိုင်တော့။ ဂူအခန်းကလေးးမှာ ကျဉ်းမြောင်းပြီး အခန်းထောင့်တွင်ကုတင်တစ်လုံးနှင့် မီးဖိုတစ်ခုသာရှိသည်။ ကုတင်ပေါ်တွင်လည်း အရိုးစုတစ်ခုက ငြိမ်သက်စွာ လဲလျှောင်းနေသေးသည်။
“တော်သေးတယ်၊ ငါတို့ကို ဝတ်ရုံကြီးက နောက်ဆုံးအကြိမ်ကယ်တင်လိုက်တာပဲ”
“ဟုတ်ပ၊ ဒါနဲ့ ဒီလူက ဒီလှိုဏ်ဂူထဲမှာ တော်တော်ကြာကြာနေခဲ့ပုံရတယ်”
လချေရှီးမှာ ကျောက်ဂူနံရံတွင် မီးသွေးခဲဖြင့်ခြစ်ကာ ရေးသားထားသည့် စာသားများကိုတွေ့ရှိသွားပြီးနောက် လက်အတွင်းမှ မီးတောက်ငယ်ကလေး၏ အလင်းရောင်ဖြင့် ဖတ်ရှုနေလေသည်။
“ဟေ သူက တက်ဒွန်းဆိုပဲကွ၊ တက်ဒွန်းဆိုတဲ့ စစ်သူကြီးပေ့ါကွာ”
“တက်ဒွန်းက ဘယ်သူလဲ”
“မင်းနားလည်အောင်ပြောရရင်တော့ လီဝါးမျိုးနွယ်တွေက ဘုရင်ကို ပုန်ကန်တယ်ဆိုပြီးတော့ ကဲရိသနဲ့ တက်ဒွန်းကို ဟောဒီတွင်းကြီးထဲကို အတူတူပစ်ချခဲ့တာပေါ့”
ကဖောက ကုတင်ခြေရင်းမှ အဝတ်ထုတ်တစ်ခုကို ဖွင့်လိုက်တော့သည်။ အဝတ်စက ဆွေးမြည့်ပြီး ပြတ်ကျသွားတော့သည်။ ထိုအခါ အတွင်းမှ ရွှေရောင်ဝင်းလက်နေသော ကြေးဝါတစ်မျိုးဖြင့်ပြုလုပ်ထားသည့် သံချပ်ကာတစ်ခုကိုတွေ့လိုက်ရတော့သည်။ ကဖောလည်း ထိုသံချပ်ကာကို ဆွဲထုတ်လိုက်တော့သည်။
“လှလိုက်တာ၊ ဒါ သူဝတ်ခဲ့တဲ့ သံချပ်ကာပဲဖြစ်မယ်”
ထို့နောက် လချေရှီးက နံရံထောင့်တစ်နေရာကို လက်ညိုးထိုးပြလိုက်လေရာ ကြေးဖြင့်ပြုလုပ်ထားကာ သံဖြင့်အသွားတပ်ထားသည့် အလွန်လှပသည့် လှံတစ်ချောင်းကိုတွေ့လိုက်ရတော့သည်။
လှံချောင်းမှာလှံရှည်ကြီးဖြစ်ကာ သုံးလံခန့်ရှည်လျားသည်၊ လှံသွားသည်ပင် တစ်တောင်ခန့်ရှည်လျားပြီး အသွားများမှာ မြိနေအောင်ပင် ထက်မြက်လှပေသည်။ လှံသွားပြားပေါ်တွင်တော့ ပန်းခက်ပန်းနွယ်များကို အလှဆင်ကာထွင်းထုထားသေးသည်။ လချေရှီး၏ လက်မှ မီးရောင်ကလေးနှင့်ပင် လှံသွားများက တောက်ပစွာဝင်းလက်နေကြတော့သည်။ သူတို့နှစ်ဦးလည်း ထိုနေရာတွင်ပင် အနားယူရန်ဆုံးဖြတ်လိုက်တော့သည်။ ဂူအတွင်းအခန်းကလေး၏ နောက်တွင် နောက်ထပ်အခန်းငယ်လေးတစ်ခုရှိကာ ထိုအခန်းငယ်ကလေး၏ နံရံမှ စိမ့်စမ်းရေများစီးကျနေပြီးနောက် နံရံအောက်ရှိမြောင်းမှတဆင့် အပြင်သို့ ပြန်လည်စီးဆင်းသွားလေသည်။ သူတို့လည်း ပင်ပန်းလာကြသဖြင့် ထိုရေများနှင့် ခြေလက်များကို ဆေးကြောလိုက်ကြပြီးနောက် ရေကိုခပ်သောက်လိုက်ကြတော့သည်။ ရေတွေက စီးဆင်းနေသည်မို့ အညစ်အကြေးများအားလုံး သန့်စင်သွားတော့သည်။ အကျိအချွဲများပေနေသည့် အဝတ်အစားများကို ကဖောက ချွတ်လိုက်သည့်အခါတွင် လချေရှီးက ရှက်ပြီးအပြင်သို့ထွက်သွားတော့သည်။
“ငါတို့မှာ ဝတ်စရာမရှိဘူးဟ”
လချေရှီးက ဂူအတွင်းလှည့်ပတ်ရှာလိုက်သော် မဆွေးမြေ့သေးသည့် ပိတ်စများကိုတွေ့လိုက်ရသဖြင့် ထိုအဝတ်စများကို ကဖောဆီသို့ ပစ်ပေးလိုက်တော့သည်။ ဂူအတွင်း မီးပုံလုပ်သည့်နေရာတွင် သစ်သားစများရှိနေသဖြင့် မီးမွှေးလိုက်တော့၏။ ညဖက်ရောက်လာ၍လားမပြောတတ် အအေးဓါတ်က လွှမ်းမိုးလာလေသည်။ လချေရှီးက စာရွက်တစ်ချို့ကို လှန်လှောကာ စာဖတ်နေတော့သည်။
“ဘာတွေဖတ်နေတာလဲ လချေရှီးရဲ့”
“တက်ဒွန်းရဲ့ ခေါင်းအုံးနားကတွေ့တဲ့ စာရွက်တွေပဲ၊ သူ့နေ့စဉ်မှတ်တမ်းလို ပုံစံမျိုးရေးထားတာ”
ကဖောက စာရွက်များကိုကြည့်လိုက်သော်လည်း နားမလည်ချေ။
“နင်သိချင်ရင် ငါဖတ်ပြမယ်နော်”
(၂၂)
ကဲရိသ၏ အကြံအစည်ကို တက်ဒွန်းက ဦးလေးဖြစ်သူ ကျောက်တုံးမြို့တော်ဘုရင်ကြီးအား အသိပေးပြောပြခဲ့သော်လည်း ဘုရင်ကြီးက ကတိမတည်ခဲ့ပေ။ တက်ဒွန်းကိုပါ ကြံရာပါဟု စွပ်စွဲကာ ကဲရိသ အပါအဝင်လီဝါးများအားလုံးနှင့်အတူ တက်ဒွန်းကို တွင်းနက်ထဲသို့ပစ်ချခဲ့သည်။ တွင်းနက်ထဲသို့ ဘီလူးကြီးများရောက်လာသည့်အခါ လီဝါးအတော်များများသေဆုံးခဲ့ကြသည်။ ကဲရိသနှင့် လီဝါးအနည်းငယ်သာ ဘီလူးကြီးများကို ပြန်လည်တိုက်ခိုက်နိုင်ကြသည်။ တက်ဒွန်းလည်း ဘီလူးကြီးများကို ပြန်လည်ခုခံတိုက်ခိုက်ပြီးနောက် လီဝါးများနှင့်အတူ ထိုနေရာမှ ထွက်ပြေးလာကြတော့သည်။
“ကဲ ဘယ်လိုလဲ မိတ်ဆွေကြီးရဲ့၊ သစ္စာဖောက်တဲ့အရသာကို မင်းသိလိုက်ပြီမဟုတ်လား”
ကဲရိသက ပြုံးပြီးနောက် တက်ဒွန်းကိုမေးသည်။ တက်ဒွန်းမှာ ပြောစရာစကားမရှိတော့ပေ။
“ဒီဘုရင်ကြီးကို မကြိုက်လို့ နောက်ထပ်ဘုရင်တစ်ယောက်အဖြစ် ခင်ဗျားကိုရွေးချယ်ပေးခဲ့တယ်၊ ကျုပ်က နန်းတွင်းကအမတ်တွေနဲ့ အားလုံးပေါင်းပြီး ခင်ဗျားကောင်းစားဖို့ ကြံစည်ပေးခဲ့တာကို ခင်ဗျားက ဆွေမျိုးဆိုတဲ့မျက်နှာနဲ့ အဲဒီအကြံအစည်တွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်လေ၊ ဒီတော့ခင်ဗျားလောက် မိုက်ကန်းတဲ့လူ ဒီလောကမှာ ရှိပါဦးမလား”
ကဲရိသနှင့် လီဝါးများက ထိုသို့ပြောဆိုပြီးနောက် ဂူအတွင်းသို့ထပ်မံဝင်ရောက်သွားကြတော့သည်။ တက်ဒွန်းလည်း ထိုသူများနှင့် မလိုက်ဝံ့တော့ဘဲ တစ်ယောက်ထဲသာ စမ်းတဝါးဝါးနှင့် ဂူအတွင်းလာခဲ့တော့သည်။ ဂူအတွင်းရှိ ဘီလူးများရန်ကို သူတစ်ယောက်တည်းရင်ဆိုင်ဖို့ကလည်း မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ပုန်းအောင်းရာနေရာရှာရသည်။ ဘီလူးများမှာ မျက်လုံးမမြင်နိုင်သဖြင့် အကြားအာရုံကို အဓိကထားပြီး လှုပ်ရှားကြခြင်းဖြစ်သည်။ နောက်တော့ ဂူလေးတစ်ခုပုံစံဖြစ်နေသည့် နံရံတစ်ခုကိုတွေ့လိုက်ရတော့သည်။ ထိုအတွင်းတွင် ကျောက်မှုန့်များ၊ ရွံ့စေးများဖြင့် သေချာပိတ်လိုက်ပြီးနောက် အဝင်အထွက်အတွက် သစ်သားသုံးလေးချပ်နှင့် ဖိပိတ်လိုက်လျှင် တော်ရုံအသံလုံလေသည်။ ဘီလူးများမှာ အလွန်ဝေးကွာသည့်နေရာမှ အသံများကို မကြားနိုင်သေးသဖြင့်တော်သေးသည်။
ထိုနေရာမှာနေထိုင်ရင်း အောက်သို့ပြုတ်ကျပြီး ဘီလူးစားခံရသူများ၏ အဝတ်အစား အစိတ်အပိုင်းများ၊ သစ်သားစများကို ယူဆောင်ပြီးနေထိုင်ခဲ့ရလေသည်။ ဘီလူးများ၏ စားကြွင်းစားကျန် အရိုးများတွင်ကပ်နေသည့် လူသားများကို ကုတ်ဖဲ့စားသောက်ခဲ့ရတော့သည်။ သို့သော် တစ်လခန့်အကြာတွင်တော့ မီးရောင်တောက်တောက်များကိုမြင်ရ၍ လိုက်သွားရာ လီဝါးများဖြစ်နေတော့သည်။ လီဝါးများက ဂူ၏ နက်ရှိုင်းသောနေရာတစ်ခုတွင် ရွာတစ်ခုတည်ထားပြီးနောက် နေထိုင်လျှက်ရှိကြသည်ကိုတွေ့လိုက်ရတော့သည်။ တက်ဒွန်းလည်း မျက်နှာအောက်ချပြီး လီဝါးများထံ ခွင့်တောင်းရတော့သည်။ မိတ်ဆွေကြီး ကဲရိသမှာ နှစ်ကာလများစွာ မိတ်ဆွေဖြစ်ခဲ့သော သံယောဇဉ်ကိုထောက်ပြီး တက်ဒွန်းကို ပြန်လက်ခံပါသည်။
လီဝါးများမှာ အလွန်တိုးတက်ကြသည်။ ရွာအတွင်း ပန်းပဲဖိုများတည်ထောင်ထားကာ ဂူအတွင်းနက်ရှိုင်းသည့်နေရာမှ ကြေးများ၊ သံများကို တူးဖော်ကာ ကြိုချက်ပုံသွင်းနိုင်ကြလေသည်။ မီးအတွက်မှာလည်း ဂူအောက်ပိုင်းတစ်နေရာမှ ချော်ခဲများကို တူးဖော်ပြီးအသုံးပြုကြသည်။ စားသောက်ဖို့အရေးအတွက်ကိုတော့ ဂူနံရံတွင် ကပ်ပေါက်နေသည့် ရေညှိများကို အများအပြားပြန်လည်စိုက်ပျိုးပြီး ထိုရေညှိများကိုစားသောက်ကြလေသည်။ နေရောင်အတွက်မူ ကဲရိသက မှော်အစွမ်းဖြင့်ပြုလုပ်ထားသည့် နေလုံးပုံစံကြီးရှိပြီး ထိုနေလုံးကြီးမှ အလင်းရောင်များမှာ နေ့နေ့ညညလင်းနေတော့သည်။ ကဲရိသဖန်ဆင်းထားသည့် နေလုံးကြီးမှ အလင်းရောင်များနှင့် ဂူအတွင်းမှ စိမ့်စမ်းရေများ ပေါင်းစပ်ထိတွေ့မိသောကြောင့် ရေညှိရေမှော်ပင်များမှာ အလွန်ဖြစ်ထွန်းလွယ်လေရာ လီဝါးများမှာ ထိုရေညှိရေမှော်ပင်များကိုသာ အားပြုစားသောက်ကြလေသည်။
သို့သော် ဘီလူးများမှာ လမ်းကြုံလျှင်ရွာကိုဝင်ရောက်ဖျက်ဆီးတတ်သည်။ တက်ဒွန်းလည်း အစွမ်းရှိသလောက် ပါဝင်တိုက်ခိုက်ပေးပါသည်။ လီဝါးများမှာ မှော်ပညာများဖြင့် တိုက်ခိုက်သူများဖြစ်ကြပြီး တက်ဒွန်းမှာတော့ ကိုယ်ခံပညာဖြင့် တိုက်ခိုက်သူဖြစ်သဖြင့် ကဲရိသက တက်ဒွန်းအတွက် အရည်အသွေးကောင်းမွန်သော သတ္တုများကိုအသံုံးပြုကာ လှံနှင့်ချပ်ဝတ်တန်ဆာများ ပြုလုပ်ပေးခဲ့သည်။ သို့သော် ဘီလူးများမှာ တိုက်ခိုက်သတ်ဖြတ်လိုက်သော်လည်း သေသွားပြီးနောက် အသစ်ပြန်လည်ဖြစ်လာကြသည်ဟု ကဲရိသက ပြောဖူးသည်။
လချေရှီးမှာ တက်ဒွန်းရေးးသားထားခဲ့သည့် စာများအား ဖတ်ရှုနေခြင်းဖြစ်သည်။
-ကျွနု်ပ်လည်း ထိုရွာတွင် အချိန်အတန်ကြာနေထိုင်ခဲ့သော်လည်း လီဝါးများက ကျွနု်ပ်ကို မကျေနပ်ကြပေ။ ကဲရိသ ရှိသောကြောင့်သာ ကျွနု်ပ်ကို ရန်မပြုကြခြင်းဖြစ်သည်။ တစ်ရက်တွင် ကဲရိသနှင့်လီဝါးအချို့မှာ ဂူအတွင်းလေ့လာရန်ဟုဆိုကာ ခရီးဝေးထွက်သွားကြလေတော့သည်။ ထိုအခါ ကျန်သည့်ရွာသားများမှာ ကျွနု်ပ်အားတိုက်ခိုက်မောင်းထုတ်ကြသဖြင့် ကျွနု်ပ်လည်း ရွာမှထွက်ကာ ယခင်က နေထိုင်ခဲ့သည့် ဤဂူကလေးကို ပြန်လာခဲ့တော့သည်။ လီဝါးများ၏ အစွမ်းထက်သော မှော်ပညာကို ကျုပ်မခုခံနိုင်ပါ။ ယခုဆို ကျုပ်တစ်ကိုယ်လုံး အကြောများတုံ့ဆိုင်းလာပြီဖြစ်သည်။ ကျွနု်ပ် အသက်မရှင်နိုင်တော့သည်ကို ကျွနု်ပ်သိသည်။ အကယ်၍များ ယခုစာကို တစ်စုံတစ်ယောက်ဖတ်မိသွားသည်ဆိုပါက အခွင့်ကြုံလျှင် လီဝါးတို့၏ ခေါင်းဆောင်ကဲရိသကို ကျွနု်ပ်က အနူးအညွတ်တောင်းပန်ကြောင်း ပြောကြားစေလိုပါသည်။
တက်ဒွန်း။
လချေရှီးက ဖတ်ပြီးသည့်အခါတွင် ပျော်ရွှင်သွားတော့သည်။
“ဒါ . .ဒါဆို ငါတို့တစ်ယောက်ထဲ ဒီမှာမဟုတ်ဘူးပဲ၊ ဒီစာအရဆို လီဝါးတွေရဲ့ ရွာတစ်ခု ဒီအောက်မှာ ရှိနေတာပဲ”
“ဒါဆို ငါတို့ဘာဆက်လုပ်ကြမလဲ”
“ငါတို့ ပိုနက်တဲ့အပိုင်းကိုသွားရမယ်၊ နောက်ပြီးတော့ လီဝါးတွေကို ရှာဖွေရမယ်လေ”
ကဖောလည်း ခေါင်းညိတ်လိုက်တော့သည်။ လချေရှီးကတော့ ဂူအတွင်းမှ အခြားစာရွက်များကိုဖတ်ရှုနေသေးသည်။ ကဖောကတော့ အလွန်ပင်ပန်းနေပြီဖြစ်သဖြင့် အိပ်ပျော်သွားတော့သည်။ လချေရှီး၏ ပုခုံးကိုမှီပြီးအိပ်နေသည့် ကဖောမျက်နှာကလေးကို ကြည့်ပြီး လချေရှီးက အလွန်သနားနေတော့သည်။ နုနယ်သည့်မျက်နှာကလေးနှင့် မလိုက်အောင် ကြမ်းတမ်းသော ဘဝလောကဓံများကို ခံခဲ့ရသည့် ကဖောကို ဂရုဏာသက်မိနေတော့သည်။ ပန်းပွင့်ချပ်ကလေးလို နီရဲပြီးဖူးနေသည့် ကဖော၏ နှုတ်ခမ်းကလေးကို ကြင်နာစွာဖြင့် ညင်ညင်သာသာလေး နမ်းလိုက်မိရင်း ကဖော၏ကိုယ်လုံးကလေးကို ဆွဲဖက်ထားလိုက်မိတော့သည်။
မည်မျှကြာကြာအိပ်ပျော်သွားသည်မသိ၊ ကဖောမျက်လုံးများကိုဖွင့်လိုက်တော့သည်။ ဂူအတွင်းတွင် မှောင်ပိန်းနေလေသည်။ ကဖောက စမ်းကြည့်လိုက်တော့ လချေရှီးက သူ့အနားတွင် ကွေးကွေးကလေး အိပ်ပျော်နေသေးသည်။ ကဖောက တက်ဒွန်း၏ သံချပ်ကာများကို ကိုယ်တွင်ဝတ်ဆင်ကြည့်လိုက်တော့သည်။ ထိုစဉ်မှာပင် ဂူတစ်ခုလုံးလင်းထိန်သွားလေသည်။
“နင်နိုးလာပြီလား”
လချေရှီးက သမ်းဝေလိုက်သေးသည်။ သူ့လက်ထဲတွင်တော့ မှော်မီးတောက်ကလေးက တောက်ပစွာလင်းနေတော့သည်။
“နင်နဲ့ကြည့်ကောင်းတယ်ကဖော”
လချေရှီးက ပြောလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ့ခါးတွင် ပတ်ပြီးစည်းထားသည့် အဝတ်စတစ်ခုကို ဖြုတ်လိုက်တော့သည်။ ထို့နောက် ထိုအဝတ်စကို ဖြန့်လိုက်ရာ ကဖောတို့ လရှီးမျိုးနွယ်စု၏ ရိုးရာ အလံနီကြီးဖြစ်နေတော့သည်။
“နင့်ကိုပေးဖို့ငါရွာကနေ ဖြုတ်ယူလာခဲ့တာ”
ကဖောလည်း လှမ်းယူလိုက်ပြီးနောက် ထိုအလံကြီးကို တစ်ချက်စိုက်ကြည့်နေလိုက်သည်။ အလံပေါ်တွင် ဆင်စွယ်နှစ်ခုကိုယှက်ထားပြီး အလယ်တွင် စာဝါငှက်တောင်မွှေးသုံးချောင်းပုံရေးဆွဲထားသည့် အလံကို ငေးကြည့်နေမိသည်။ ထို့နောက် ထိုအလံကို လည်ပင်းတွင်ပတ်ကာ ဝတ်ရုံတစ်ခုကဲ့သို့ ဝတ်ဆင်လိုက်တော့သည်။
“ကဲ သွားကြစို့”
ကဖောလည်း လှံကိုယူခဲ့ပြီးနောက် လချေရှီးနောက်သို့ လိုက်လာခဲ့တော့သည်။ လချေရှီးခြေလှမ်းများက အိပ်ရေး၀၀အိပ်ထားသောကြောင့်လား၊ လီဝါးမျိုးနွယ်များနှင့် တွေ့ရတော့မည်ဆို၍ အားတက်နေသောကြောင့်လား မပြောတတ်တော့ပေ၊ ကဖောထက်ပင် မြန်ဆန်နေလေသည်။
ဂူအတွင်းမြောက်မြားလှစွာသောလမ်းခွဲများရှိသည့်အနက် လချေရှီးက သူလုပ်နေကြဖြစ်သော သစ်သားချောင်းကလေးနှင့် လမ်းကြောင်းရှာသည့်နည်းလမ်းကိုအသုံးပြုကာ ဆက်လျှောက်ခဲ့ကြတော့သည်။ သူတို့နှစ်ဦး မည်မျှကြာအောင်လျှောက်နေမိသည်မသိတော့၊ ဗိုက်တွေလည်း ဆာလောင်နေပြီး ခြေထောက်တွေလည်း နုံးချိကာခွေနေပြီဖြစ်သည်။ ကဖောက အားလျှော့လိုက်ပြီး ထိုင်ချလိုက်တော့သည်။ လချေရှီးလည်း စိတ်ပျက်စပြုနေပြီဖြစ်သည်။
“တက်ဒွန်းရေးခဲ့တာ ဟုတ်ရောဟုတ်ရဲ့လား”
ကဖောက တက်ဒွန်းစာကို သံသယဝင်ချင်လာသည်။
“မသိတော့ပါဘူးဟာ၊ ဂူကြီးကလည်း လမ်းတွေအများကြီးနဲ့ဆိုတော့ ဘယ်လိုသွားရမလဲတောင်မသိတော့ဘူး”
လချေရှီးက ဂူကြမ်းပြင်တွင် လှဲချလိုက်တော့သည်။ ဂူကြမ်းပြင်က ရေတွေစိုနေလေသည်။ ကဖောလည်း စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ထဲတွင်ကိုင်ထားသည့် လှံကြီးကို ဂူနံရံကြီးဆီသို့ လှမ်းပစ်ပေါက်လိုက်တော့၏။ လှံကြီးက ဂူနံရံကိုဖောက်ပြီး စိုက်နေတော့သည်။
အတန်ကြာအမောဖြေပြီးတော့ လချေရှီးက ပြန်ထလာတော့သည်။
“မဖြစ်ဘူးကဖော၊ ငါတို့ ဒီအတိုင်းဆိုသေသွားလိမ့်မယ်၊ ငါတို့လက်လျှော့လို့မဖြစ်ဘူး၊ ဆက်ရှာရမယ်”
လချေရှီးက ကုန်းထပြီးဆက်လျှောက်တော့သည်။ ထိုအခါ ကဖောလည်း ထလိုက်ပြီး ဂူနံရံတွင် စိုက်နေသည့် လှံတံကို ဆွဲထုတ်လိုက်တော့သည်။ ထိုအခါ အလွန်စူးရှသောအလင်းရောင်တစ်ခုက ကဖောမျက်နှာကိုလာရောက် ရိုက်ခတ်တော့သည်။ ကဖောတစ်ယောက် သိချင်သွားသဖြင့် လှံပေါက်ရာအတွင်းသို့ မျက်လုံးကပ်ပြီးချောင်းကြည့်လိုက်တော့သည်။ ထို့နောက် လချေရှီးကို ခေါ်လိုက်တော့သည်။
“လချေရှီးရေ ဒီမှာ လာကြည့်ပါဦး”
လချေရှီးလည်း ကဖောပြသည့်အပေါက်မှ အတွင်းကိုကြည့်လိုက်တော့သည်။ အတွင်းတွင် မြေကွက်လပ်များနှင့် အိမ်ကလေးများကိုတွေ့လိုက်ရတော့သည်။
“အိမ် . . အိမ်တွေ၊ ဒါ . .ဒါဆို ဒါဟာ လီဝါးတွေရဲ့ ရွာပဲဖြစ်မယ်”
နှစ်ယောက်လုံး ပျော်ရွှင်သွားတော့သည်။
“ဒါနဲ့ ဒီထဲကိုဘယ်လိုဝင်မလဲ”
“လီဝါးတွေက သူတို့ရဲ့ရွာကို အလုံပိတ်ပြီးဆောက်ထားတာဖြစ်မယ်၊ ငါတို့ ဝင်ပေါက်ရှာရင် ကြာနေမယ်၊ ဒီတော့ ကဖော နင့်လှံနဲ့ထိုးပြီး အပေါက်ဖောက်ကြတာပေါ့ဟာ”
ကဖောက ခေါင်းညိတ်လိုက်ပြီးနောက် လှံတံဖြင့် ကျောက်ဂူနံရံကို ထိုးထည့်လိုက်တော့သည်။ ဂူနံရံကြီးကွဲအက်သွားသောအခါ လှံရိုးနှင့် ထုရိုက်ချေနေတော့သည်။ သူတို့လုပ်ကိုင်နေသည့်အသံများသည် တိတ်ဆိတ်နေသည့် ဂူကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်မျှ ရိုက်ခတ်ထွက်ပေါ်နေလေသည်။ လချေရှီးလည်း ဟိုကြည့် သည်ကြည့် ကြည့်နေလိုက်တော့သည်။
“ကဖောရေ မြန်မြန်လုပ်၊ တို့လုပ်နေတဲ့အသံကို ဘီလူးကြီးတွေ ကြားနိုင်မယ်ထင်တယ်”
လချေရှီးပြောလိုက်သဖြင့် ကဖောမှာ ခပ်မြန်မြန်ပင် ဂူနံရံကို ဖြိုဖျက်နေရတော့သည်။ ထင်သည့်အတိုင်းပင် အမှောင်အတွင်းမှ အနီရောင်မီးလုံးများသည် အစပိင်းတွင် သေးသေးကလေးပေါ်ထွက်လာပြီးနောက် တဖြည်းဖြည်းကြီးလာနေလေသည်။ ထိုသည်မှာ ဂူအတွင်းဘီလူးကြီးများ ပြေးလာနေကြခြင်းဖြစ်သည်။
“ကဖောရေ လာပြီဟ မြန်မြန်လုပ်”
ကဖောက လူတစ်ကိုယ်စာဝင်ပေါက်လေး ဖြစ်နေပြီဖြစ်သဖြင့် အရင်ဝင်လိုက်ကာ လချေရှီးလက်ကို လှမ်းဆွဲပြီးထည့်လိုက်တော့သည်။ ချက်ချင်းပင် ဘီလူးကြီးများမှာ ထိုအနားသို့ရောက်လာကြသည်။ ကဖောနှင့် လချေရှီးတို့မှာ အသက်ပင်မရှုရဲကြဘဲ ဂူနံရံတွင် ကပ်နေကြတော့သည်။ ဘီလူးကြီးများက အနံ့ခံကြည့်ပြီးနောက် နားများစွင့်ကာ နားထောင်နေကြတော့သည်။ အတန်ကြာမှ သူတို့အချင်းချင်းစကားပြောပြီးနောက် ပြန်ထွက်သွားကြတော့သည်။
သူတို့နှစ်ယောက်လည်း အခုမှ သက်ပြင်းချနိုင်တော့သည်။ အတွင်းတွင် ဂူအမြင့်ကြီးရှိကာ ထိုဂူကြီး၏ အလယ်လောက်တွင် နေလုံးကဲ့သို့ မီးလုံးကြီးတစ်လုံးက တောက်ပစွာထွန်းလင်းနေသည်။ ဂူကြမ်းပြင်တွင်တော့ လယ်ကွင်းများသဖွယ် အကွက်များဖော်ထားပြီးနောက် ထိုအကွက်များထဲတွင် ရေညှိပင်များက ထူထပ်စွာပေါက်ရောက်နေကြလေသည်။ ကွင်းတစ်ဖက်စွန်းတွင် ကျောက်တုံးဖြင့်ဆောက်လုပ်ထားသည့် အိမ်များကိုတွေ့လိုက်ရသဖြင့် သူတို့နှစ်ယောက် ကွင်းပြင်များကို ဖြတ်ကျော်ကာ အိမ်များဆီသို့ ပြေးလာကြတော့သည်။
ပြေးရင် လချေရှီးက ကွင်းပြင်မှ ရေညှိပင်များကို ခူးယူလိုက်ပြီး ကောက်ဝါးလိုက်တော့သည်။
“ကဖောရေ စားကောင်းတယ်ဟ”
လချေရှီးပြောသဖြင့် ကဖောလည်း ရေညှိပင်များကို ချိုးပြီးပါးစပ်ထဲထည့်ကာ အပြည့်ဝါးလိုက်တော့သည်။ ရေညှိပင်များက ကြွပ်ကြွပ်ရွရွနှင့် အချပ်လိုက်ဖြစ်နေကြကာ အရသာမှာ ငံကျိကျိနှင့်ဖြစ်သည်။ သူတို့လည်း ဘာမှမစားထားရသည်က ကြာနေပြီဖြစ်သဖြင့် ရေညိုများကို အဝစားလိုက်ကြတော့သည်။ စားရင်း အိမ်များကို လှမ်းမျှော်ငေးကြည့်နေလေသည်။ လချေရှီးက ထူးဆန်းနေလေသည်။
“ကဖောရေ ရွာကိုလှမ်းကြည့်စမ်း။ ထူးဆန်းနေတယ်နော်”
ကဖောက ပါးစပ်ထဲ ရေညှိပင်များ ပလုပ်ပလောင်းနှင့်မို့ ခေါင်းခါပြလေသည်။
“ရွာက အိမ်တွေသာများတယ်၊ လူတွေ မတွေ့သလိုဘဲ”
ကဖောကြည့်လိုက်သည့်အခါ ရွာကလေးက တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
“လာ တို့တွေ အမြန်သွားကြည့်ကြစို့”
ထို့နောက် နှစ်ယောက်သား ရွာဆီသို့ အမြန်ပြေးကြတော့သည်။ ထင်သည့်အတိုင်းပင် ရွာကလေးက တိတ်ဆိတ်လွန်းနေသည်။ လမ်းများကို ကျောက်တုံးများဖြင့်ဆောက်လုပ်ထားပြီး အိမ်များမှာလည်း ဂူနံရံကိုကပ်ကာ ဆောက်လုပ်ထားကြသည်။ သူတို့က ရွာအတွင်းဝင်ပြီး လျှောက်ပတ်ကြည့်နေသည်။ ကဖောက အနီးရှိ အိမ်တစ်အိမ်ကိုဝင်ကြည့်လိုက်ရာ ထိုအိမ်မှာ လူနေထိုင်သည့် ပစ္စည်းများရှိသော်လည်း ပစ္စည်းများမှာ ဟောင်းနွမ်းနေသည်။ မီးဖိုချောင်အတွင်းမှ အိုးများကိုလှန်ကြည့်သော်လည်း အတွင်းတွင် ဘာမှမရှိပေ။
“ထူးဆန်းတယ်ဟ ရွာကလူတွေအကုန်သေသွားတာလားမသိဘူး”
သူတို့လမ်းအတိုင်းဆက်ပြေးလာရင်း ရှေ့တွင် အကြီးဆုံးအဆောက်အဦးကြီးတစ်ခုကိုတွေ့လိုက်ရတော့သဖြင့် ထိုအဆောက်အဦးထဲသို့ ဝင်ခဲ့ကြတော့သည်။ အတွင်းတွင် ကျောက်သားဖြင့်ပြုလုပ်ထားသည့် ထိုင်ခုံများ၊ ပစ္စည်းများနှင့် စာအုပ်များကိုတွေ့လိုက်ရသဖြင့် ရွာ၏ အုပ်ချုပ်ရေးအဆောက်အဦးတစ်ခုဖြစ်မှန်း သိသာလေသည်။ လချေရှီးက ထုံးစံအတိုင်း စာအုပ်တွေကို မွှေတော့သည်။ စာအုပ်ဟုဆိုသော်လည်း ကျောက်သားချပ်များကိုပေါ်တွင် ရေးထွင်းထားသည့် ချပ်ပြားများဖြစ်သည်။ ကဖောလည်း လချေရှီးအနားတွင်ကပ်ကာ သိချင်စိတ်ဖြင့် ရပ်နေတော့သည်။
“လီဝါးတွေအကုန် မျိုးတုံးသွားတာပဲကွ”
“ဟော . . ဘယ်လိုဖြစ်လို့တုန်း”
“လီဝါးရွာကိုတည်ထောင်တော့ လီဝါးမိန်းမတွေ ပါမလာခဲ့ကြဘူးတဲ့။ ယောက်ျားတွေချည်းဆိုတော့ မျိုးမပွားနိုင်တော့ နောက်ဆုံး အကုန်သေသွားကုန်ကြတော့ မျိုးတုန်းသွားတာပေါ့ကွာ”
နှစ်ယောက်သား စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ကြတော့သည်။ စိတ်ပျက်လည်း ပျက်ချင်စရာပင်၊ ရွာက အလွတ်ကြီးသာကျန်တော့သည်။ စားဖို့သောက်ဖို့အတွက် ရေညှိပင်များ ရှိနေသော်လည်း လူဟူ၍ သူတို့နှစ်ယောက်သာ ကျန်တော့သည်။
(၂၃)
ကျောက်တုံးမြို့တော်၏ ဘုရင်ကြီးက စိတ်ပူပန်နေလေသည်။ အတွင်းဆောင်အတွင်းရှိ သားမွှေးများဖြင့်ပြုလုပ်ထားသည့် ထိုင်ခုံတစ်လုံးတွင်ထိုင်နေပြီး စိတ်မသက်မသာဖြစ်နေတော့သည်။ လငေါရှီးတို့ တစ်ရန်အေးသွားပြီမှန်သော်လည်း နောက်ထပ်ရန်တွေကပေါ်လာတော့သည်။ ကျောက်တုံးမြို့တော်ရှိ မြို့သူမြို့သားများက သူ့ကိုကြည့်မရတော့ခြင်းဖြစ်သည်။ ထိုအချိန် အတွင်းခန်းတံခါးပွင့်ပြီး တစ်စုံတစ်ယောက်ဝင်လာလေသည်။ ဘုရင်ကြီးလည်း ထိုလူကိုပင်လှမ်းမကြည့်နိုင်အားပေ။
“ဘယ်လိုလဲဘုရင်ကြီးရဲ့ လရှီးလူမျိုးတွေနဲ့ ကဖောကို အောင်နိုင်ပြီးတာတောင်မှ မပြုံးမရွှင်ဖြစ်နေပါလား”
မေးလိုက်သူမှာတော့ လဘေးဝါးဖြစ်သည်။ သူက သားမွှေးဝတ်ရုံကြီးကို ဆင်မြန်းထားကာ ခေါင်းတွင်လည်း လှပသောငှက်မွှေးများကို တပ်ဆင်ထားသည့် ခေါင်းဆောင်းကြီးတစ်ခုကိုဆောင်းထားလေသည်။ ရွှေဖြင့်ပြုလုပ်ထားသည့် ခါးပတ်ကြီးကိုလည်း မတော်မတည့်ကြီးဝတ်ဆင်ထားပြန်သေးသည်။ လဘေးဝါးမှာ ကောင်းမွန်လှပသည့် အဆောင်အယောင်များကိုဝတ်ဆင်ထားသော်လည်း သူနှင့်မလိုက်ဖက်သဖြင့်် အလွန်ကြည့်ရအရုပ်ဆိုးနေတော့သည်။
“ဟုတ်တယ်၊ လဘေးဝါး တစ်ရန်ရှင်းသွားပေမယ့် အခုမြို့သားတွေက အကုန်လုံးကျုပ်ကိုမကြည်မလင်ဖြစ်နေကြတယ်”
“မြို့သားတွေတင်ဘယ်ကမလဲ ဘုရင်ကြီးရဲ့ ကျောက်တုံးမြို့တော်ကို တည်ထောင်ခဲ့တဲ့ ကျန်တဲ့မျိုးဆက် လေးဆက်စလုံးက ဘုရင်ကြီးရဲ့ လုပ်ရပ်တွေအပေါ်မေးခွန်းတွေထုတ်နေပြီ၊ မသကာ နောက်ဆက်ခံမယ့် ဘုရင်က ဘုရင်ကြီးကို သတ်ပစ်ဖို့ကြံချင်ကြံနေတော့မှာ”
ဘုရင်ကြီးမျက်နှာ ညိုးငယ်သည်ထက် ညိုးငယ်သွားတော့သည်။
“ဒါဆိုဘယ်လိုလုပ်ကြမလဲ”
လဘေးဝါးကိုမေးလိုက်တော့ လဘေးဝါးတစ်ယောက် ပြုံးရယ်လိုက်တော့သည်။
“ဒါလေးက လွယ်ပါတယ်ဘုရင်ကြီးရယ်”
ဘုရင်ကြီးက မဲ့ရွဲ့လိုက်တော့သည်။ မျက်နှာမှာအရေးအကြောင်းများနှင့် ဘုရင်ကြီးမှာ စိတ်ဖိစီးမှုကြောင့် အတော်ကလေးကို အသက်အရွယ်ကျသွားကာ အိုစာနေတော့သည်။
“ခင်ဗျားပြောလိုက်ရင် လွယ်ပါတယ်၊ လွယ်ပါတယ်ချည်းဘဲ”
“မဟုတ်လို့လားဘုရင်ကြီးရဲ့၊ ခင်ဗျားဆီက ကဖောထွက်ပြေးတော့ ကျုပ်အကြံပေးသလို လရှီးရွာကို ရွာလုံးကျွတ်သတ်ပစ်ပြီး ကဖောပြန်လာမယ်မှန်းသိလို့ သူ့ကို လွယ်လွယ်ကလေးနဲ့ စောင့်ဖမ်းနိုင်ခဲ့တာမဟုတ်လား”
ဘုရင်ကြီးက ခေါင်းညိတ်လိုက်သည်။
“နောက်ပြီးတော့ လငေါရှီးတို့ တစ်မျိုးလုံးကို ကျုပ်အကြံပေးသလို စီရင်ခိုင်းခဲ့လို့ အခု မျိုးနွယ်စုတွေအားလုံးက ဘုရင်ကြီးကို ကြောက်လန့်ပြီး အမိန့်ကိုနာခံနေကြပြီမဟုတ်လား”
ဘုရင်ကြီးက ခေါင်းထပ်ညိတ်ပြန်သည်။
“အခုလည်း ဘုရင်ကြီးအဖြစ်စေချင်ဆုံးဆန္ဒကို ကျုပ်အကောင်အထည်ဖော်ပေးမယ်၊ ကျုပ်အကြံအတိုင်းသာဆိုရင်တော့ ဘုရင်ကြီး လွယ်လွယ်ကလေးနဲ့ အောင်မြင်လိမ့်မယ်”
လဘေးဝါး ပြောလိုက်တော့မှ ဘုရင်ကြီးလည်း စိတ်သက်သာရာ ရသွားတော့သည်။
“ဒါနဲ့ လဘေးဝါး ခင်ဗျား ကျုပ်ဘာလိုချင်နေလဲဆိုတာကို ခင်ဗျားသိရဲ့လား”
“သိတာပေါ့ဗျာ၊ ဘုရင်ကြီးလိုချင်နေတာက အာဏာပဲ၊ နောက်ပြီး ခင်ဗျားတို့ တစ်မျိုးရိုးထဲကသာ မျိုးရိုးစဉ်ဆက် ကျောက်တုံးမြို့တော်ကြီးနဲ့ လူမျိုးစုတွေအားလုံးကို အုပ်ချုပ်သွားချင်တယ်မဟုတ်လား၊ ရှင်းရှင်းပြောရရင် ဘုရင်ကြီးက ဒီမြို့တော်ကြီးကို မိသားစုငါးစု အလှည့်ကျအုပ်ချုပ်တဲ့စနစ်ကို မလိုချင်တော့ဘူးမဟုတ်လား၊ အမြဲတမ်းတစ်ဦးတစ်ယောက်တည်းကပဲ အုပ်ချုပ်တာကိုလိုချင်တယ်မဟုတ်လား”
ဘုရင်ကြီးက နှစ်ခြိုက်စွာ ပြုံးလိုက်တော့သည်။
“ဒီလိုဆိုတော့လည်း ခင်ဗျားက ကျုပ်လိုချင်တာတွေအကုန်တန်းသိနေပါရောလား လဘေးဝါးရဲ့”
ဘုရင်ကြီးက ကစော်ဖောက်ထားသည့် ဖျော်ရည်တစ်မျိုးကို ခွက်ထဲငှဲ့ထည့်လိုက်ပြီး ကောက်သောက်လိုက်တော့သည်။
“ကောင်းပြီ လဘေးဝါး ခင်ဗျားအကြံကဘာလဲ”
“ဟိုတစ်လောက စာကြည့်တိုက်ထဲက လီဝါးတွေနဲ့ပက်သက်တဲ့ မြေအောက်ခန်းကြီးတစ်ခုတွေ့တယ်ဆို”
ဘုရင်ကြီးက ခေါင်းညိတ်လိုက်သည်။
“အဲဒီပစ္စည်းတွေကို အတွင်းလူရုံတွေကိုစေခိုင်းပြီးတော့ ကျန်တဲ့မိသားစုလေးစုရဲ့ အိမ်တွေမှာ သွားပြီးဖွက်ထားရမယ်၊ နောက်ပြီးတော့ မိသားစုလေးစုက လီဝါးတွေနဲ့ပေါင်းပြီး ထီးနန်းကို သိမ်းပိုက်ဖို့ကြံနေတယ်လို့ သတင်းလွှင့်ရမယ်၊ ပြီးရင်တော့ သတင်းအရဆိုပြီး အိမ်တွေကိုဝင်ရှာမယ်ဗျာ၊ လီဝါးတွေရဲ့ ပစ္စည်းတွေတွေ့ရင်တော့ သူတို့လည်ပင်းကို ကြိုးကွင်းစွပ်ပြီးသားဖြစ်သွားပြီပေါ့၊ ဘာလို့လဲဆိုတော့ ကျောက်တုံးမြို့တော်က လူတွေက လီဝါးတွေဆိုရင် ချီးကြောက် သေးကြောက် ကြောက်ကြတာမဟုတ်လား”
ဘုရင်ကြီးက လက်ဖြောက်တီးလိုက်တော့သည်။
“ပိုင်လိုက်လေ၊ ကျုပ်လိုချင်တာနဲ့ ကွက်တိပဲ၊ ဒီမိသားစုလေးစုကို ရှင်းလိုက်ပြီးရင်တော့ ကျုပ်တို့တစ်မိသားစုထဲ ဒီမြို့တော်ကြီးနဲ့ လူမျိုးစုတွေကို သားစဉ်မြေးဆက် အုပ်ချုပ်လို့ရပြီပေါ့”
“ဒါပေမယ့် ဘုရင်ကြီးအောင်မြင်သွားတဲ့အခါ ကျုပ်ကိုတော့မမေ့ရဘူးနော်”
“ဘယ်မေ့ပါ့မလဲ လဘေးဝါးရယ်၊ အခုပဲမင်းကို ငွေပြား နှစ်သောင်း၊ အိမ်ကြီးတစ်လုံး၊ ကျွန်အယောက် တစ်ရာနဲ့ စားနပ်ရိက္ခာတွေ ဆုချလိုက်မယ်၊ ဟုတ်ပြီလား”
“ကျေးဇူးကြီးလှပါတယ် ဘုရင်ကြီး၊ ဒါနဲ့ ဒီကိစ္စပြီးရင် ကျုပ်တို့ပူရမယ့်ကိစ္စက တစ်ခုပဲကျန်တော့တယ်”
“ဘာကိစ္စလဲ လဘေးဝါးရဲ့”
“ကဖောလေ . . .”
“ဟင် . . ကဖောက သေပြီမဟုတ်လား”
ထိုအခါ လဘေးဝါးက သူ့ထံမှ အရိုးကလေးများ၊ သစ်သားတုံးကလေးများ၊ ကျောက်တုံးအပိုင်းအစကလေးများကို လက်ထဲဆုပ်ကိုင်ပြီး ပါးစပ်မှ ပွစိပွစိရွတ်ကာ စားပွဲခုံပေါ်သို့ ပစ်ချလိုက်တော့သည်။ ထို့နောက် လဘေးဝါးက သေချာစိုက်ကြည့်နေလေသည်။
“မသေသေးဘူး၊ ကဖောမသေသေးဘူး . . သူဟာ ကျန်းကျန်းမာမာနဲ့ရှိနေတယ်”
လဘေးဝါးပေးသည့်အကြံကြောင့် တစ်ပတ်ပင်မကြာလိုက်ပေ။ ဘုရင်ကြီးက တော်ဝင်မိသားစုလေးစုကိုဖမ်းဆီးပြီးနောက် စွပ်စွဲကာ အကုန်လုံးကို ကွပ်မျက်လိုက်တော့သည်။ သို့သော်မြို့သူမြို့သားများက ဘုရင်ကြီးကို ပိုမိုနာကျဉ်းလာကြတော့သည်။
“ဒါသက်သက်ယုတ်မာတာကွ၊ ဘုရင်ကြီးက သူ့ထီးနန်းကို တခြားမိသားစုတွေစီ လွှဲမပေးချင်လို့ တမင်သက်သက်အကြောင်းရှာပြီးလုပ်တာပဲ”
မြို့သားတို့၏ ဘုရင်ကြီးအပေါ် အမုန်းတရားမှာ တစ်နေ့ထက်တစ်နေ့ပိုမိုတိုးပွားလာကြသည်ကို လဘေးဝါးကော ဘုရင်ကြီးပါ သိမည်မဟုတ်ပေ။
လီဝါးရွာကလေးအပေါ်တွင်တော့ နေမင်းအတုကြီးက တောက်ပနေတော့သည်။ စင်စစ်အားဖြင့် မီးလုံးကြီးတစ်ခုဖြစ်သည်။
“ထူးဆန်းလိုက်တာနော် ဘယ်လိုလုပ်ထားသလဲမသိဘူး”
“ကဲရိသက သိပ်တော်တဲ့လူကွ၊ သူက ဂူကြီးထဲက မီးလောင်စေတတ်တဲ့ အခိုးအငွေ့တွေကို စုစည်းပြီး အမြဲမီးတောက်နေအောင်လို့တည်ဆောက်ခဲ့တာပဲ”
ကဖောက လချေရှီးရှင်းပြသည်ကိုနားထောင်ပြီး ပြုံးလိုက်တော့သည်။
“လချေရှီး နင်က သိပ်တော်တာပဲနော်၊ ဒါနဲ့ နင့်ကိုကြည့်ရတာ တစ်မျိုးပါလား ပျော့ဖတ်ဖတ်နဲ့”
“ဟုတ်တယ်၊ ငါ့စွမ်းအင်တွေ ကုန်ခမ်းသွားခဲ့လို့ ကဖောရဲ့”
“ဒါဆို ရေညှိများများစားပြီး များများအနားယူလိုက်ပေါ့”
“မရဘူးကဖော၊ ငါ့စွမ်းအင်ဆိုတာ မှော်စွမ်းအင်တွေကိုပြောတာ၊ မှော်ပညာကိုအသုံးပြုဖို့က စွမ်းအင်လိုအပ်တယ်၊ ခဏတစ်ဖြုတ်သုံးလိုက်တာက ကိစ္စမရှိပေမယ့် ငါက နှစ်ရက်လောက် မှော်မီးတောက်တွေကို ဖန်ဆင်းထားရတာမို့ ငါ့ကိုယ်ထဲက မှော်စွမ်းအင်တွေက ကုန်ဆုံးတော့မလိုဖြစ်နေပြီ”
“မှော်စွမ်းအင်က လနဲ့ချီပြီးအနားယူတော့မှ တဖြည်းဖြည်းချင်းပြန်ပြည့်လာတာမျိုးဟ၊ ချက်ချင်းကြီးတော့ပြန်မပြည့်နိုင်ဘူးလေ”
“ဒါဆို ဘယ်လိုလုပ်ကြမလဲ”
ကဖောက လချေရှီးအတွက် အလွန်စိတ်ပူသွားတော့သည်။
“ကဖော တစ်ခါတုန်းက ငါနင့်ကိုမှော်မီးတောက်ကလေးပေးလိုက်တုန်းက နင့်လက်ထဲမှာ မီးတောက်အကြီးကြီးဖြစ်သွားတာကို မှတ်မိလား”
ကဖောလည်း ခေါင်းညိတ်လိုက်တော့သည်။
“နင်က မှော်ပညာကို မသုံးတတ်ဘူးဆိုတော့လေ နင့်ဆီမှာ မှော်စွမ်းအင်တွေက ပြည့်နေပြီး လိုတာထက်ပိုလျှံနေတယ်၊ ဒီတော့ နင့်စွမ်းအင်တွေကို ငါ့ဆီပေးမလား”
“ပေးမယ် ဘယ်လိုပေးရမလဲ”
“နင့်မျက်လုံးတွေ မှိတ်ထားလိုက်”
ကဖောက မျက်လုံးတွေမှိတ်ထားလိုက်တော့ လချေရှီးက ကဖော၏ နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းလေးနှင့် ညင်သာစွာထိလိုက်တော့သည်။ ထိုအခါ ကဖောကိုယ်ထဲမှ မှော်စွမ်းအင်များက လချေရှီးကိုယ်ထဲသို့ စီးဝင်နေသည်ကို ခံစားမိလိုက်တော့သည်။ နှုတ်ခမ်းချင်းအထိအတွေ့ကြောင့် ချစ်သူနှစ်ဦး ပို၍တင်းကြပ်စွာ ဖက်ထားမိကြတော့သည်။ အတန်ကြာသည့်အခါ လချေရှီးက ကဖော၏ တင်ပါးကိုလက်နှင့်ထိလိုက်တော့သည်။ ထိုအခါ ကဖောက လချေရှီး၏ ရင်ဘတ်ကို တွန်းထည့်လိုက်တော့သည်။
“ဘာလို့လဲကဖော၊ နင်ငါနဲ့အတူမနေချင်ဘူးလား”
ကဖောမျက်နှာကလေးနီမြန်းနေလေသည်။
“မင်္ဂလာလကကျော်သွားပြီလေ လချေရှီးရဲ့၊ နောက်ပြီးတော့ ငါက နောက်ဆုံးကျန်တဲ့လရှီးတစ်ယောက်လေ၊ ငါတို့ မျိုးနွယ်ရဲ့ ထုံးတမ်းတွေကို ငါမလိုက်နာရင် ဘယ်သူမှ လိုက်နာစရာမရှိတော့ဘူးလေ”
လချေရှီးလည်း ခေါင်းညိတ်လိုက်တော့သည်။ သူ့အခွင့်အရေးကို အနောက်ဆုတ်ပေးလိုက်တော့သည်။ ကဖောအနေနှင့် မိသားစုတွေဆုံးရှုံးထားရသည်မှာ မကြာသေးသည်မို့ ထိုကိစ္စကို စိတ်မပါတာလဲဖြစ်နိုင်သည်။ နောက်ပြီး ကဖောပြောသလို ထုံးတမ်းစဉ်လာတွေကို လိုက်နာသင့်သည်ဟု ထင်လိုက်ပြီးနောက် ထိုနေရာမှ မတ်တပ်ရပ်ထလိုက်တော့သည်။
ကဖောကတော့ ခေါင်းကလေးငုံ့ပြီး ဟိုးအောက်ဘက်မှ ရေညှိကွင်းပြင်များကို ငေးကြည့်နေတော့သည်။ ကဖောရင်တွေ တဒုန်းဒုန်းနှင့် ခုန်ပေါက်နေသည်ကိုတော့ လချေရှီးကြားနိုင်လိမ့်မည် မဟုတ်ချေ။
သူတို့ရွာတွင် သုံးလေးရက်ခန့်ကြာခဲ့ပြီဖြစ်သည်။ ရေညှိများစားသဖြင့် အားကပြည့်ဖြိုးနေသည်။ ကဖောကတော့ လှံအသစ်ဖြင့် လှံသိုင်းလေ့ကျင့်လျှက်ရှိပြီး လချေရှီးကတော့ လီဝါးများရေးသားထားသည့် စာများကိုသာ အချိန်ပေးပြီးဖတ်နေတော့သည်။ ဂူထဲတွင် စာရွက်မရှိသဖြင့် ကျောက်တောင်နံရံများ၊ ကျောက်ပြားများတွင် အဖြူရောင်ဆေးများဖြင့် ရေးသားထားသည့် စာများဖြစ်သည်။
“ငြိမ်လှချည်လား လချေရှီးရဲ့”
ကဖောက လချေရှီးထံပြေးလာလေသည်။ သိုင်းလေ့ကျင့်ထားသဖြင့် ကဖောတစ်ကိုယ်လုံးတွင် ချွေးများထွက်ကာ ချွေးစက်ချွေးပေါက်များစီးကျနေတော့သည်။ ကဖောက ကျောက်ပြားတစ်ပြားကို ယူကိုင်လိုက်တော့သည်။
“ဘာတွေရေးထားတာလဲ လချေရှီး”
“ဒီစာတွေကို သျှတ္တလို့ခေါ်တယ်၊ လီဝါးတွေ အသုံးပြုကြတဲ့စာတွေပေါ့လေ၊ ဒီမှာရေးထားတာကတော့ ဒီဂူကြီးကထဲ ထွက်ဖို့နည်းလမ်းရှိတယ်တဲ့”
“ဒီကနေထွက်လမ်းရှိတယ် . . ဟုတ်လား”
“အေး၊ ဒီဂူကြီးအတိုင်းအနက်ပိုင်းကိုဆက်သွားရင် ဘီလူးတွေရဲ့အရှင်သခင်နေထိုင်တယ်တဲ့၊ ဒဏ္ဍာရီအရတော့ အဲဒီဘီလူးတွေရဲ့အရှင်ကို သတ်နိုင်ရင် ဂူအပြင်ကိုပြန်ထွက်လို့ရမယ်လို့ရေးထားတယ်”
ကဖောပျော်ရွှင်သွားသည်။ လွတ်မြောက်ဖို့လမ်းစကို တွေ့သွားသောကြောင့်ဖြစ်သည်။
“ဒါပေမယ့် ဒီဘီလူးတွေက သတ်ရမလွယ်ဘူးဟ၊ ဒဏ္ဍာရီအရဆိုရင် နတ်ဘုရားတွေ စစ်ပွဲဖြစ်တော့ အပြစ်သား ဘီလူးအရှင်နဲ့ ဘီလူး ဆယ့်နှစ်ကောင်ကို ဒီတွင်းနက်ကြီးထဲထည့်ခဲ့တယ်တဲ့။ ဘီလူးတွေဟာ ပြစ်ဒဏ်ခံနေရာတာပေါ့။ သူတို့ဟာ အမြဲဆာလောင်မွတ်သိပ်နေတယ်။ တကယ်လို့ အဲဒီဘီလူးတွေ သေသွားခဲ့ရင်လည်း ဘီလူးအရှင်ဆီမှာ အသစ်ပြန်ဖြစ်ကြသတဲ့။ ဒီနည်းနဲ့ ဘီလူးတွေဟာ နှစ်ပေါင်းထောင်ချီကြာအောင် အပြစ်ဒဏ်ခံနေရတာပေါ့”
“ဒါဆို နင့်ထွက်လမ်းကလည်း မလွယ်ဘူးဟ”
“အဲဒီလိုတော့မဟုတ်ဘူး၊ ဒီကျောက်ပြားမှာရေးထားတာကိုဖတ်လိုက်ရင် ကဲရိသနဲ့ လီဝါးတွေက သူတို့တွေအကုန် အသက်ကြီးပြီးမသေခင် လက်နက်တွေစုဆောင်းပြီးတော့ ဘီလူးအရှင်ကို သွားတိုက်ဖို့ အကုန်ထွက်သွားကြတယ်တဲ့၊ဒီကျောက်ပြားက နောက်ဆုံးကျောက်ပြားဖြစ်မယ်”
“အဲဒီတော့ သူတို့ဘာဆက်ဖြစ်သွားလဲ”
“နှစ်မျိုးတွေးလို့ရတယ်၊ တစ်အချက်က သူတို့တွေအကုန်လုံးကို ဘီလူးတွေစားလိုက်တာလား၊ နှစ်အချက်က သူတို့တွေအကုန် ထွက်ပေါက်ကိုတွေ့လို့ ထွက်သွားကြတာလားဆိုတာပဲ”
“ငါကတော့ နံပါတ်နှစ်အချက်ဖြစ်မယ်လို့ထင်တယ်၊ ဒီတော့ တို့တွေလည်း လိုက်သွားကြတာပေါ့”
လချေရှီးက ခေါင်းကိုဖြည်းညင်းစွာ ခါပြလိုက်သည်။
“မလွယ်ဘူးဟ ဘီလူးအရှင်သခင်နဲ့ တွေ့ပြီဆိုပါစို့ ဘယ်သူကရင်ဆိုင်မှာလဲ”
“ငါရင်ဆိုင်မယ်”
ကဖောက ခေါင်းကိုမော့ကာ ရင်ကိုကော့ပြလိုက်တော့သည်။
လချေရှီးသေချာစဉ်းစားသည်။ ရွေးစရာလမ်းကလည်း မရှိတော့။ သူတို့အပြင်ထွက်နိုင်မှဖြစ်မည်။ မဟုတ်လျှင် ဒီဂူကြီးထဲမှာ နှစ်ပေါင်းမည်မျှလောက်ပိတ်မိနေဦးမလဲ မသိပေ။ သို့နှင့် နောက်တစ်နေ့ သူတို့ခရီးထွက်ရန်ပြင်ဆင်ကြတော့သည်။ ကဖောက ချပ်ဝတ်များကို ဝတ်ဆင်ပြီး လှံရှည်ကြီးကို ကိုင်ဆောင်လာလေသည်။ လချေရှီးကတော့ ရေညှိအနည်းငယ်နှင့် သူ့ပစ္စည်းများကို လွယ်အိတ်နှင့်လွယ်လာလေသည်။
လချေရှီးလက်ထဲတွင်တော့ ကျောက်ပြားအသေးလေးတစ်ခုကိုကိုင်ထားပြီးနောက် ထိုကျောက်ပြားကလေးတွင်လဲ ရုပ်ပုံများရေးဆွဲထားသေးသည်။
“လချေရှီးအဲဒါဘာလဲ”
“ဒါက လီဝါးတွေ ရေးဆွဲထားတဲ့မြေပုံပေါ့။ ဂူက အကောက်အကွေ့များတော့ ဒီဟာလေးကြည့်ပြီးသွားကြမယ်လေ။ နောက်ပြီးကဖော လမ်းမှာမလိုအပ်ဘဲစကားမပြောနဲ့ ဘီလူးကြီးတွေနဲ့ရုတ်တရက်တွေ့နိင်တယ်”
ကဖောလည်း ခေါင်းညိတ်ပြပြီးနောက် နှစ်ယောက်သားထွက်လာခဲ့တော့သည်။
သူတို့ထွက်လာရင်း တစ်နေရာအရောက်တွင် အလွန်ကျယ်လောင်သည့် ဟောက်သံကြီးများကို ကြားလိုက်ရတော့သည်။ သူတို့နှစ်ယောက် ခြေသံလုံလုံနင်းကာ ဆက်လျှောက်လာခဲ့တော့သည်။ အရှေ့တွင် ဂူခန်းမကြီးတစ်ခုရှိပြီးနောက် ထိုအထဲတွင် ဘီလူးကြီးများက စုပြုံကာ အိပ်စက်နေကြလေသည်။ ပါးစပ်ကြီးများက ပွင့်လန်နေကြပြီး စားထားသောက်ထားသည့် စားကြွင်းစားကျန်များက ပုပ်ပွကာ နံဟောင်နေကြသည်သာမက ပျစ်ချွဲသည့်အရည်များမှာလည်း ကြမ်းပြင်တွင် စီးကျနေကြတော့သည်။ သတိထားပြီးသွားနေစဉ်ပင် လချေရှီးက ပျစ်ချွဲချွဲအရည်များကို နင်းမိပြီးခြေထောက်ချော်သွားကာ လဲကျသွားတော့သည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် ကျောက်ပြားမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
“ချွမ်း”
ဟောက်သံမှတစ်ပါး တိတ်ဆိတ်နေသည့် ဂူကြီးအတွင်းတွင် ကျောက်ပြားကျကွဲသံက တုန်ဟီးစွာထွက်ပေါ်လာလေသည်။ မကြာခင် ကဖောတို့အနားတွင် အနီရောင်မီးတောက်များက တဖြုတ်ဖြုတ်နှင့်ပေါ်ပေါက်လာကြတော့သည်။
အပိုင်း (၇) တွင်ဆက်လက်ဖတ်ရှုပါ။