အပိုင်း(၅)
“လုပ်စမ်းပါ ကဖောရယ်၊ နင်လုပ်နိုင်ပါတယ်”
ကဖောလည်း လချေရှီးကိုတွေ့လိုက်ရသည့်အခါ အားတက်သွားပြီးနောက် ဘန်ဝါး၏ အားနည်းချက်များကို လိုက်ရှာနေတော့သည်။
“ဘန်ဝါးရဲ့ တင်းပုတ်ရိုက်ချက်တွေက အားပြင်းပေမယ့် တစ်ကွက်နဲ့တစ်ကွက် အကူးအပြောင်းမှာ အချိန်နည်းနည်းကြာတယ်၊ အဲဒါ သူ့ရဲ့အားနည်းချက်ပဲ”
အဖေဖြစ်သူ၏ ပြောစကားများကို ကြားယောင်နေလိုက်ပြီးနောက် ဘန်ဝါး၏တိုက်ကွက်များကို ပြန်လည်ခုခံရန်ကြိုးစားလိုက်သည်။ ဘန်ဝါးက တင်းပုတ်ကြီးနှင့် ကဖောကို မိုးရိုက်လိုက်သည့်အခါတွင် ကဖောက မြေကြီးတွင် အသာလှိမ့်ကာရှောင်လိုက်တော့သည်။ ထိုအခါ ဘန်ဝါးက တင်းပုတ်ဖြင့် ဝိုက်ပြီးရိုက်ရန်အတွက် တင်းပုတ်ကို ပြန်မယူလေသည်။ တင်းပုတ်မှာလေးသဖြင့်် ဘန်ဝါးအလျှင်အမြန်မယူသည့်တိုင် အနည်းငယ်ကြာမြင့်နေလေရာ ကဖောကလည်း ထိုအခွင့်အရေးကို လက်လွတ်မခံတော့ဘဲ ကျွမ်းတစ်ပတ်လှိမ့်ထိုးလိုက်ပြီးနောက် ဘန်ဝါး၏ ခြေထောက်အနီးသို့သွားလိုက်ကာ ဒူးခေါက်ကွေးကို လှံချွန်ဖြင့်ထိုးချလိုက်တော့သည်။ သစ်သားလှံပင်ဖြစ်သော်လည်း လှံချွန်က စူးနေသည့်အတွက် ဘန်ဝါးနာကျင်သွားကာ ဒူးတစ်ဖက်ထောက်ကျသွားတော့သည်။ ထိုအခါ ကဖောက ဘန်ဝါး၏ နောက်ခြေထောက်တစ်ဖက်ကိုလည်း လက်ထဲတွင်ကိုင်ထားသည့် နောက်လှံတစ်ချောင်းဖြင့် အလားတူ တိုက်ခိုက်လိုက်သဖြင့် ဘန်ဝါးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ ထိုအခါ ကဖောက ဘန်ဝါး၏ကျောကုန်းပေါ်သို့ခုန်တက်လိုက်ပြီး လက်ထဲမှလှံရိုးဖြင့် ဘန်ဝါး၏ လည်ပင်းကို ဆွဲကာ လက်နှစ်ဖက်ဖြင့်ညှစ်လေတော့သည်။ ဘန်ဝါးလည်း ကဖော၏ လက်နှစ်ဖက်ကို အတင်းပြန်ဆွဲထားလေသည်။
ပွဲကြည့်သူအပေါင်းက အလွန်အံ့သြနေတော့သည်။ တစ်ခဏအတွင်းတိုက်ပွဲအခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ ဘန်ဝါးက ကဖောလက်ကို အတင်းအားသုံးပြီးဆွဲထုတ်နေသေည်။ ကဖောကလည်း ဘန်ဝါး၏ကျောကုန်းကိုခြေကန်ကာ အားကုန်သုံးပြီး ပြန်ဆွဲထားတော့သည်။ အချိန်အတော်ကြာသည်အထိ နှစ်ယောက်သား ဆွဲကြပြီးသည့်အခါ ဘန်ဝါးတစ်ယောက်မခံနိုင်တော့ဘဲ လည်ပင်းအစ်ကာ အသက်ရှုကြပ်လာသဖြင့် လက်နှစ်ဖက်ကို မြေကြီးနှင့်တဘုန်းဘုန်းပုတ်လိုက်တော့သည်။ ထိုအပြုအမူမှာ အရှုံးပေးသည့်အပြုအမူဖြစ်သည်။
“ဟေး . . .”
ကွင်းပြင်တစ်ခုလုံး ပရိသတ်များ၏ အားပေးသံ၊ အော်ဟစ်ကြွေးကြော်သံံများနှင့် ဖုံးလွှမ်းသွားတော့သည်။ ထိုအခါမှ ကဖောလည်း ဘန်ဝါးကိုလွှတ်ပေးလိုက်တော့သည်။ ကဖောလွှတ်လိုက်သည်နှင့် ဘန်ဝါးမှာ မြေပြင်ပေါ်သို့ မျက်နှာဟပ်ထိုးကျကာ မှောက်ခုံကြီးလဲကျသွားပြီး အသက်ကို မနည်းရှူနေရလေသည်။ ကဖောက အားပေးနေသည့် ပရိသတ်များကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်နေလေသည်။
“အောင်နိုင်သူ ကဖော . . အောင်နိုင်သူ ကဖော”
ဘန်ဝါးက ချက်ချင်းမထနိုင်သေးဘဲ ကဖောကို လက်ပြပြီးအနားသို့ခေါ်လိုက်လေရာ ကဖောလည်း ဘန်ဝါးအနီးသို့ လျှောက်သွားလေသည်။
“ဒီတစ်ခါလည်း ကျွန်မရှင့်ကို တရားနည်းလမ်းကျကျနိုင်ခဲ့ပြီ ဘန်ဝါး”
“ဟုတ် . . ဟုတ်ပါတယ်ကဖော၊ မင်းနိုင်တာကို ငါဂုဏ်ပြုပါတယ်၊ ဒါပေမယ့် မင်းကိုငါတစ်ခု သတိပေးချင်တယ်ကဖော”
“ဘာလဲ”
“မင်းနိုင်လို့မဖြစ်ဖူး . . အခုမင်းနိုင်သွားတာဟာ မင်းအတွက် အရမ်းအန္တရာယ်များတယ်ကဖော”
ကဖောက မျက်လုံးများကိုမှေးစင်းလိုက်ရင်း
“ရှင်မနိုင်လို့ ဒီလိုပြောတာမဟုတ်လား ဘန်ဝါး”
“မဟုတ်ဘူးကဖော . . ငါရှုံးတာ ငါလက်ခံတယ်၊ ဘုရင် . . ဘုရင်ကြီးက မရိုးသားဘူး ကဖော”
“တော်စမ်းပါရှင်”
ကဖောက ပြောပြီးနောက် လှည့်ထွက်လာခဲ့သည်။ ကဖောနိုင်သည်ကိုကြည့်ပြီး စိတ်မသက်မသာဖြစ်နေသူကတော့ ဘုရင်ကြီးပင်ဖြစ်သည်။ ဘုရင်ကြီးက သူ့နံဘေးရှိကျောက်တုံးစားပွဲခုံကို လက်သီးနှင့်ထုလိုက်တော့သည်။
“တောက် . . ဘန်ဝါး . . ဘန်ဝါး အသုံးမကျတဲ့ဘန်ဝါး”
“ဒါဆိုဘယ်လိုလုပ်ကြမလဲ ခမည်းတော်”
ဘုရင်ကြီးက သူ့သားတော်ဘက်သို့ လှည့်ကြည့်လိုက်တော့သည်။
“ဒီတစ်ခါတော့ သားတော်ကို အားကိုးရတော့မယ်”
ပြိုင်ပွဲကွင်းအတွင်း အားပေးမှုများက မပြီးဆုံးသေးပေ။ ပြိုင်ပွဲအနိုင်ရသူအား အောင်နိုင်သူသရဖူ ဆောင်းပေးရန်အခမ်းအနားရှိသေးသည်။ ထိုအခါ ဘုရင့်သားတော်က ပွဲကြည့်စင်ပေါ်မှနေ၍ လှမ်းအော်လိုက်တော့သည်။
“ကဖော . . . မင်းကိုငါစိန်ခေါ်တယ်”
ပြိုင်ပွဲကွင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ကဖောက ဘုရင့်သားကိုလှမ်းကြည့်ပြီး မထီမဲ့မြင်ပြုံးပြလိုက်တော့သည်။
“စိန်ခေါ်တယ်ဆိုလည်း ဆင်းလာခဲ့လေ ကျွန်မကတော့ ဘယ်သူနဲ့မှ တိုက်ခိုက်ဖို့တွန့်ဆုတ်နေမှာမဟုတ်ဘူး”
ထိုအခါဘုရင်ကြီးက မတ်တပ်ရပ်လိုက်သည်။
“ကဲ ဒီလိုဆိုတော့ ထုံးစံအတိုင်း အနိုင်ရသူကို သရဖူမပေးခင်မှာ စိန်ခေါ်သူရှိရင် အဲဒီစိန်ခေါ်သူကို နိုင်အောင်တိုက်ရမှာဖြစ်တဲ့အတွက်ကြောင့် ကဖောနဲ့ သားတော်နဲ့ ပြန်လည်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ကဖောက ခုနက ပွဲစဉ်တွေကို ဆက်တိုက် တိုက်ခိုက်ထားတာကြောင့် ခဏအနားပေးသင့်တယ်ထင်ပါတယ်၊ ဒါကြောင့် ခဏနားပြီးမှ ပြိုင်ပွဲကို ပြန်စပါမယ်”
ထိုအခါ မြို့သူမြို့သားများမှာ ဘုရင်ကြီး၏ဆုံးဖြတ်ချက်ကို မနှစ်မြို့သဖြင့် အော်ဟစ်ဆဲဆိုကြတော့သည်။
“ဒါ သက်သက်မတရားလုပ်တာပဲ”
“ကဖောကို သရဖူ မပေးချင်ဘူးလား”
“မိန်းကလေးတစ်ယောက်ခေါင်းပေါ်မှာ သရဖူဆောင်းပေးဖို့ကို ကြောက်ရွံ့နေပြီလား”
စသည်ဖြင့် တစ်ယောက်တစ်ပေါက်အော်နေကြသဖြင့် ဘုရင်ကြီးလည်း ပွဲကြည့်စင်ပေါ်မှ ဆင်းခဲ့တော့သည်။ အနားယူချိန်တွင် ကဖောကို အကိုများက ရေဖြင့်လောင်းချပေးနေကာ ဒဏ်ရာများကိုလည်း ဆေးများထည့်ကာ ကုသပေးနေလေသည်။
“သမီး . . သမီးတိုက်ခိုက်တာ အရမ်းတော်ပါတယ်၊ အဖေ သမီးကို ဂုဏ်ပြုပါတယ်”
ထိုစဉ် သူတို့ဆီသို့ ရဲမက်တစ်ယောက် ရောက်လာလေသည်။
“လငေါရှီးခေါင်းဆောင်ကို ဘုရင်ကြီးက တွေ့ချင်နေပါတယ်”
ထို့ကြောင့် လငေါရှီးလည်း ခေါင်းညိတ်ပြီး ရဲမက်အနောက်သို့ လိုက်လာခဲ့တော့သည်။
အထူးတန်းပွဲကြည့်စင်ကြီး၏ အနောက်ဘက်တွင် ကျယ်ဝန်းသည့် ခန်းမတစ်ခုရှိသည်၊ ထိုခန်းမထဲတွင်တော့ ဘုရင်ကြီးက မျက်နှာမသာမယာနှင့် ထိုင်နေလေသည်။ လငေါရှီးဝင်လာသည်ကိုတွေ့သည့်အခါ မျက်နှာကိုတည်လိုက်တော့သည်။
“ဘုရင်ကြီးက တွေ့ချင်တယ်ဆိုလို့”
“ဟုတ်တယ် ခေါင်းဆောင်ကြီး၊ လာပါ၊ ထိုင်ပါဦး”
လငေါရှီးလည်း ဘုရင်ကြီးထိုးပြသည့် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်တော့သည်။
“မကြာခင် ကျုပ်သားတော်နဲ့ ခင်ဗျားသမီး ကဖောနဲ့ စီးချင်းတိုက်ကြမယ်မဟုတ်လား၊ အဲဒီပွဲမှာ ကဖောကို အနိုင်မရစေချင်ဘူး”
လငေါရှီးမှာ ဘုရင်ကြီးပြောသည့်စကားကိုကြားသည့်အခါ အံ့သြသွားတော့သည်။
“ရှင်းရှင်းပြောရရင် ကျုပ်သားအရည်အချင်းနဲ့ ခင်ဗျားရဲ့သမီး ကဖောကို အနိုင်မရနိုင်ဘူးဆိုတာ ကျုပ်သိတယ်၊ ဒါပေမယ့် ကျုပ်သားက ကျုပ်တို့ရဲ့မျိုးဆက်၊ ဘုရင့်မျိုးဆက်ပဲ၊ သူက ကျောက်တုံးမြို့တော်မှာ နာမည်လည်းကြီးသလို ဂုဏ်သိက္ခာလည်း ရှိသူတစ်ယောက်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူရှုံးသွားတယ်ဆိုရင် ကျုပ်တို့ မျိုးရိုးရဲ့ သိက္ခာကျဆင်းသွားနိုင်တယ် ခေါင်းဆောင်ကြီး”
“ဒါဆို ကဖောက အရှုံးပေးရမယ်ပေါ့၊ အနိင်ရသူတို့ရဲ့သရဖူကို ခင်ဗျားသားက ကျုပ်သမီးလက်ကနေ ယူမယ်ပေါ့ အဲဒီလိုလား”
“ဒါတော့ ဒါပေါ့ဗျာ၊ ဒါပေမယ့် မပူပါနဲ့ခေါင်းဆောင်ကြီး ကဖော ရှုံးတယ်ဆိုပေမယ့် ကျုပ်က ခင်ဗျားတို့အတွက် ကျွဲနွားတွေနဲ့ လက်နက်တွေ အများကြီး လက်ဆောင်အဖြစ်ချီးမြှင့်ပေးမှာပါ၊ ခေါင်းဆောင်ကြီးတို့ အကျိုးမယုတ်စေရပါဘူး”
“ဘုရင်ကြီးရယ် သရဖူလိုချင်မှတော့ ကိုယ့်ဖာသာ ရွှေနဲ့လုပ်ပြီး ဆောင်းပေါ့ဗျာ၊ မဟုတ်ဘူးလား”
လငေါရှီးအပြောကို ဘုရင်ကြီးက ကြားသည့်အခါ ဒေါသထွက်သွားလေသည်။
“ဒီမယ် လငေါရှီး ငါကမင်းကို ခခယယနဲ့ပြောနေလို့ မင်းက ငါ့ကိုအထင်သေးနေတာလားကွ၊ ငါကဘုရင်ပါကွ၊ ကျောက်တုံးမြို့တော်ကြီးရဲ့ဘုရင်၊ မခူးတောင်တန်းကြီးပေါ်က မျိုးနွယ်စုတွေအားလုံးရဲ့ခေါင်းဆောင်ဘုရင်ပါ၊ မင်းတစ်ခုမှတ်ထားလငေါရှီး ၊ ဒီပြိုင်ပွဲမှာ ငါ့သားရှုံးလို့ကတော့ မင်းတို့တွေအကုန်လုံး နောက်တစ်နေ့ဘာဖြစ်မလဲဆိုတာကိုသာ တွေးထားပေတော့”
ဘုရင်ကြီးက စိတ်ဆိုးမာန်ဆိုးဖြင့်ပြောပြီးနောက် ထထွက်သွားတော့သည်။ လငေါရှီးလည်း လှည့်ပြန်လာခဲ့တော့သည်။
နားနေဆောင်ပြန်ရောက်သည့်အခါ ကဖောရော သားဖြစ်သူများကပါ သိချင်လွန်းသဖြင့် လငေါရှီးကို မေးကြသည်။
“ဘုရင်ကြီးက ဘာခေါ်ပြောတာလဲ အဖေ”
“ဟား . .ဟား ဘာမှမဟုတ်ပါဘူးသမီးရာ၊ သူ့သားကို နိုင်အောင်တိုက်နိုင်ရင် ကျွဲနွားတွေနဲ့ လက်နက်တွေပါ ထပ်ပြီးဆုချမယ်လို့ပြောတာပါဟား . .ဟား”
လငေါရှီးက တမင်လှီးလွှဲကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒါတော့စိတ်သာချအဖေ၊ ကဖောက အဲဒီဆုတွေကော သရဖူကိုပါ တစ်ခါထဲအကုန်ယူပြီးမှ ရွာကိုပြန်မှာ”
ကဖောကို ဝမ်းသာအားရနှင့် လငေါရှီးက ပြုံးရင်းကြည့်နေလိုက်တော့သည်။ သမီးဖြစ်သူ၏ အရည်အချင်းနှင့် စိတ်ဓါတ်ကို လငေါရှီးအသိဆုံးဖြစ်သည်။ စိတ်အားတက်ကြွနေသည့် သမီးဖြစ်သူကဖော၏ စိတ်ဓါတ်ကို သူကိုယ်တိုင် ရိုက်မချိုးချင်တော့၊ ဖြစ်လာသမျှကိုသာ ခါးဆီးခံမည်ဟု လငေါရှီးက ခံယူထားလိုက်တော့သည်။
ဘန်ဝါးက နားနေဆောင်အတွင်းသို့ပြန်ဝင်လာတော့သည်။ ထိုအခါ လဘေးဝါးမှာ မျက်စိပျက်မျက်နှာပျက်နှင့် ဘန်ဝါးရှေ့တွင် ဒူးထောက်လေသည်။
“ကျွန်တော်အသုံးမကျလို့ ခေါင်းဆောင်ရှုံးရတာပါ၊ ကျွန်တော် ကဖောကို လက်တုံ့ပြန်ပေးပါ့မယ်”
ဘန်ဝါးမှာ ဒေါသထွက်သွားတော့သည်။
“တော်စမ်း လဘေးဝါး”
ဘန်ဝါးအော်လိုက်သည့်အခါ အခန်းအတွင်းရှိ ကျားလူမျိုးများအားလုံး တိတ်ဆိတ်သွားတော့သည်။
“ခင်ဗျားရဲ့ ယုတ်မာတဲ့အကြံအစည်တွေနဲ့လုပ်တာတောင် ကျုပ်ကဖောကို မနိုင်ခဲ့ဘူးဆိုတာကို သူများတွေသိသွားရင် အရမ်းရှက်ဖို့ကောင်းတယ်”
လဘေးဝါးမျက်နှာမှာ ဇီးရွက်လောက်သာကျန်တော့သည်။
“နောက်ပြီး ခင်ဗျားပေးတဲ့အကြံကြောင့် ကျုပ်အဖေသေခဲ့တာ၊ ခင်ဗျားရဲ့ အကြံကြောင့်ပဲ အခုကျုပ်ရှုံးခဲ့တာ၊ ခင်ဗျားကို ကျုပ်မကျေနပ်ဘူး၊ စိတ်ရှိတိုင်းသာဆို ခင်ဗျားကိုကျုပ်သတ်ပစ်တယ်”
“ဒါပေမယ့် နတ်ဆရာသတ်ရင် ဆွေမျိုးခုနစ်ဆက် ကျိန်စာသင့်တယ်ဆိုတာကြောင့် ခင်ဗျားကိုကျုပ်မသတ်တော့ဘူး၊ ခင်ဗျားမျက်နှာကိုလည်း ကျုပ်မမြင်ချင်တော့ဘူး၊ ခင်ဗျားထွက်သွားပါတော့၊ ခင်ဗျားကျုပ်ရှေ့ကနေ ထွက်သွားပါတော့”
လဘေးဝါးလည်း ခေါင်းညိတ်လိုက်ပြီးနောက် သူ့လွယ်အိတ်ကလေးကို လွယ်ကာ တောင်ဝှေးတစ်ချောင်းနှင့် ထွက်သွားတော့လေသည်။
(၁၉)
ပြိုင်ပွဲက ပြန်စတော့မည်ဖြစ်သဖြင့် ကဖောတစ်ယောက် ပြိုင်ပွဲကွင်းထဲသို့ ပြန်ဝင်ခဲ့သည်။ ပရိတ်သတ်များ အားလုံးမှာ ကဖောဘက်က အားပေးကြသည်။ ကဖောဝင်လာသည်နှင့်တစ်ပြိုင်နက် ကွင်းထဲမှ ပရိတ်သတ်များအားလုံးက မတ်တပ်ရပ်ကာ ပြိုင်တူအော်ဟစ်လိုက်ကြတော့သည်။ ထိုအသံများက ဘုရင့်သားတော်အဖို့ ပန်းပဲရုံအတွင်းမှ တူထုသံများကဲ့သို့ နားညည်းနေတော့သည်။
“ကဖော . . ကဖော . . . ကဖော”
ဘုရင့်သားက ရွှေရောင်အကြေးခွံများကဲ့သို့ ပြုလုပ်ထားသည့် ကိုယ်ကျပ်အကျီနှင့် အနီရောင် ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည်။ လက်တစ်ဖက်တွင်ကြေးဖြင့်ပြုလုပ်ထားသော ဒိုင်းအဝိုင်းနှင့် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားလေသည်။ ခါးတွင်လည်း ဓါးတစ်လက်ကို ခါးကြားထိုးထားသေးသည်။
“ဟင် ရှင်က လက်နက်တွေနဲ့ပါလား”
“အေးလေ၊ ကျုပ်က လက်နက်အစစ်တွေနဲ့ပဲ လေ့ကျင့်ခဲ့ တိုက်ခိုက်ခဲ့တာမို့လို့ လက်နက်အစစ်ပဲကိုင်တတ်တယ်၊ မင်းကတော့ ဟောဟိုက ကြိုက်တဲ့လက်နက်ရွေးပေါ့”
ထိုသို့ပြောပြီးနောက် ကဖောအား သစ်သားလက်နက်များပုံထားသည့် အပုံကြီးကို လက်ညှိုးထိုးပြလိုက်တော့သည်။ ကဖောက ထိုအပုံကြီးကို ကြည့်ပြီး ဒေါသထွက်သွားလေသည်။
“ကျွန်မအတွက်တော့ ဘာလက်နက်မှမလိုအပ်ဘူး၊ ရှင့်လိုလူကို ကျွန်မက လက်ဗလာနဲ့ပဲ အနိင်ယူပြမယ်”
ကဖောပြောလိုက်သည့်အခါ ပရိသတ်များ အားလုံးက သောင်းသောင်းဖြဖြ အော်ဟစ်အားပေးကြလေသည်။ ဘုရင့်သားမှာ ကဖော၏ မျက်နှာကိုကြည့်ရင်း ဒေါသများထွက်လာလေသည်။
“ကောင်မ . . နင်ငါ့ကိုအထင်မသေးနဲ့နော်၊ ဒီကျောက်တုံးမြို့တော်မှာ ငါ့နဲ့စီးချင်းထိုးပြီး နိုင်ခဲ့တဲ့လူတစ်ယောက်မှမရှိသေးဘူး”
“အရင်က မရှိခဲ့ပေမယ့် အခုရှင့်အရှေ့မှာ ကျွန်မရပ်နေပြီ၊ မိန်းမတစ်ယောက်ကိုရှုံးတဲ့အရသာက ဘယ်လိုလဲဆိုတာကို ရှင်ခံစားဖူးအောင် ကျွန်မ လုပ်ပေးမယ်”
ဘုရင့်သားလည်း ဒေါသထွက်သွားတော့သည်။ ထို့နောက် အထူးတန်းပွဲကြည့်စင်ရှိ ဘုရင်ကြီးကို လှမ်းပြီးကြည့်လိုက်လေသည်။ ဘုရင်ကြီးက အသာကလေးခေါင်းညိတ်ပြသဖြင့် ဘုရင့်သားက ပြုံးလိုက်တော့သည်။
ပြိုင်ပွဲစပြီ။
ဘုရင့်သားက ကဖောဆီသို့ လှံဖြင့်အတင်းထိုးဝင်လာတော့သည်။ ကဖောကလည်း လှံချက်ကိုရှောင်တိမ်းလိုက်ပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရှာနေမိသည်။ သို့သော် ဘုရင့်သားလက်တစ်ဖက်တွင်ကိုင်ထားသည်မှာ ကြေးဒိုင်းကြီးဖြစ်သဖြင့် ကဖောက ပြန်လည်တိုက်ခိုက်ရန်မှာ သိပ်မလွယ်ကူပေ။ ကဖောက လက်ဗလာနှင့်မို့ တိုက်ခိုက်ရန်မသင့်သေးသောကြောင့် ဘုရင့်သား၏တိုက်ကွက်များကိုသာ ရှောင်တိမ်းနေတော့သည်။ တိုက်ကွက် လေးငါးကွက်တိုက်ပြီးသည့်အခါ ကဖောက ဘုရင့်သား၏ လက်ရည်ကိုခန့်မှန်းမိလိုက်သည်။ ထိုလက်ရည်လောက်သည် ကဖောနှင့်ပြိုင်ဖက်မဟုတ်ပေ။ ဘုရင့်သားတော်မှာ ဘန်ဝါးလောက်ပင် တိုက်ခိုက်ရာတွင်မကျွမ်းကျင်လှပေ။ သို့သော်လည်း ကဖောက အရမ်းတိုက်၍မဖြစ်။ တစ်ဖက်ရန်သူက လက်နက်နှင့်ဖြစ်ပြီး သံချပ်ကာလည်းဝတ်ထားသည်မို့ လက်ဗလာနှင့််တိုက်ခိုက်ရန်အတွက် မဖြစ်နိုင်သေး။
ပထမအချီပြီးသည်အထိ ကဖောက ခုခံရုံသာခုခံနေတော့သည်။ ဘုရင့်သားကလည်း ထိုအခြင်းအရာကိုမြင်တွေ့ပြီး ကျေနပ်နေကာ အတင်းထိုးစစ်တွေဆင်နေတော့သည်။ ဒုတိယအချီတွင်တော့ ကဖောက ဘုရင့်သား၏ တိုက်ကွက်အချို့ကိုခန့်မှန်းမိပြီး တန်ပြန်တိုက်စစ်ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ ဘုရင့်သားက လှံရှည်နှင့်ထိုးဝင်လာသည်ကို ကဖောက လှံသွားကိုရှောင်လိုက်ကာ လှံတံအား ချိုင်းကြားတွင်ညှပ်ပြီးဖမ်းထားလိုက်ပြီးနောက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်တော့သည်။ ထိုအခါ ဘုရင့်သားသည် အရှိန်လွန်သွားပြီးနောက် လှံတံကိုလည်း ကဖောက တံတောင်ဆစ်နှင့်ရိုက်ချိုးလိုက်သဖြင့် ကျိုးသွားလေတော့သည်။ ထိုအခါတွင် ကဖောက ဘုရင့်သား၏ရင်ဘတ်အား ဖနောင့်နှင့်လှမ်းပေါက်လိုက်သည့်အခါ ဘုရင့်သားမှာ လွင့်ထွက်သွားတော့သည်။ ကဖောလည်း ဖနောင့်အတော်နာသွားလေသည်။ ရင်ဘတ်ရှိ အကြေးခွံပုံသဏ္ဍန် သံပြားများမှာ မာကျောလွန်းလှသည်။
တိုက်ခိုက်ခံလိုက်ရသည်မို့ ဘုရင့်သားမှာလည်း အလွန်ရှက်သွားလေသည်။ ဘုရင့်သားကိုကဖောက တိုက်ခိုက်လိုက်သည့်အခါတွင် ပြိုင်ပွဲရုံကြီးအတွင်းမှ လက်ခုပ်သံများကထွက်ပေါ်လာတော့သည်။ ဘုရင့်သားမှာ စိတ်ဆိုးသွားပြီး လက်တွင်ကိုင်ထားသည့် ဒိုင်းကိုပစ်ချလိုက်ပြီးနောက် ခါးမှ ဓါးကိုဆွဲထုတ်လိုက်တော့သည်။ ဓါးမှာ အရည်အသွေးကောင်းသည့် သံဖြင့်ပြုလုပ်ထားသဖြင့် ဓါးသွားများက ဝင်းလက်နေလေသည်။ ကဖောကတော့ တစ်တောင်ခန့်သာကျန်တော့သည့် ဘုရင့်သားကိုင်ဆောင်ခဲ့သည့် လှံတံကလေးကို ကိုင်ထားတော့သည်။ ဘုရင့်သားက ဒေါသတကြီးဖြင့် ကဖောအား အတင်းဝင်ခုတ်တော့သည်။ ကဖောကလည်း လှံတံဖြင့် ပြန်လည်ခုခံရသည်။ သို့သော် ဓါးမှာ အရည်အသွေးကောင်းလွန်းသဖြင့် လှံကို တစ်ပိုင်းခြင်းစီ အပိုင်းကလေးများအဖြစ် ဖြတ်တောက်ပစ်လိုက်နိုင်သည်။ ကဖောလည်း ဓါးချက်များကို အလွန်သတိထားပြီးရှောင်တိမ်းနေရတော့သည်။ ဘုရင့်သားက သူ့ကို အသေတိုက်ခိုက်နေခြင်းဖြစ်ပြီး သေကွင်းသေကွက်များကိုသာ အဓိကထားပြီး တိုက်ခိုက်နေခြင်းဖြစ်သည်ကို ကဖောရိပ်စားမိသည်။ ယခုပြိုင်ပွဲအခြေအနေက ပြိုင်ပွဲနှင့်မတူတော့ဘဲ သတ်ပွဲတစ်ခုနှင့် ဆင်တူနေပြီဖြစ်သည်။
ဘုရင်ကြီးက ပွဲကိုကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် မေးစေ့ကိုပွတ်သပ်နေတော့သည်။ ထိုနည်းတူ လငေါရှီးလည်း ကဖောတို့ တိုက်ခိုက်နေသည်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေလေသည်။ ဘုရင့်သား၏ တိုက်ခိုက်မှုများကို ခုခံရင်း ကဖောလက်ထဲရှိလှံမှာ တစ်ထွာခန့်ရှိသည့် လှံသွားကလေးသာ လက်ထဲကျန်နေတော့သည်။ ဘုရင့်သားတိုက်ကွက်များကို မရပ်မနားတိုက်ခိုက်နေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ တစ်ဖြေးဖြေးနှေးလာလေသည်။ ကဖောက အားနည်းချက်ကို ရှာဖွေလိုက်သောအခါတွင် ဝတ်ရုံကိုသွားတွေ့သည်။
တစ်ချက်တွင် ဘုရင့်သားက ကဖောအား ဓါးဖြင့်ဝိုက်ခုတ်လိုက်ရာ ကဖောမှာ ငုံ့ရှောင်လိုက်တော့သည်။ ဘုရင့်သားက ချက်ချင်းပင် ကဖောမျက်နှာကို ဒူးနှင့်တိုက်လိုက်သည့်အခါတွင် ကဖောက လှန်ချလိုက်ပြီးနောက် လေတွင်လွင့်နေသော ဘုရင့်သား၏ ဝတ်ရုံကိုလက်တစ်ဖက်ဖြင့် အားကုန်ဆွဲလိုက်ပြီးနောက် ဆောင့်ခါလိုက်တော့သည်။ ဘုရင့်သားမှာ ဒူးတစ်ဖက်က မြှောက်လျှက်သားဖြစ်နေသဖြင့် ခြေထောက်က အရှိန်မထိန်းနိုင်တော့ဘဲ လေပေါ်လွင့်တက်သွားပြီးနောက် မြေပေါ်သို့ပြုတ်ကျတော့သည်။ ထိုအခါ ကဖောက လှံသွားကို လက်တစ်ဖက်နှင့်ကိုင်ပြီးနောက် ဘုရင့်သားအပေါ်ကို ခုန်အုပ်ကာ ရင်ဘတ်တည့်တည့်သို့ လှံသွားကို စိုက်ချလိုက်တော့သည်။
“ဟာ . . . ဟင်”
ပွဲကြည့်သူများအားလုံး အံ့အားသင့်သွားကြတော့သည်။ လျှပ်တစ်ပြက်အဖြစ်အပြက်မို့ အားလုံးကြက်သေသေသွားကြတော့သည်။ ဘုရင့်သားမှာ မြေပြင်တွင်လဲကျလျှက်ရှိပြီး သူ့အပေါ်က ကဖောက ခွထိုင်လျှက်သားကြီးဖြစ်နေကာ ရင်ဘတ်တွင်လည်း လှံသွားကိုထိုးစိုက်ထားသည်။ သို့သော် ကဖောက လှံကို ဘုရင့်သားရင်ဘတ်ရှိ သံချပ်ကာနှင့် ထိသည်ဆိုရုံကလေးသာ ထိထားကာ မထိုးချလိုက်သဖြင့် ဘုရင့်သားက အံ့သြနေလေသည်။
“ရှင်ရှုံးပြီ . .”
ကဖောက ပြောလိုက်ပြီးနောက် ခုန်ထလိုက်တော့သည်။ ထိုတော့မှ ပရိသတ်များက အကုန်ထခုန်ကြတော့သည်။ ကဖောကိုလည်း အော်ဟစ်အားပေးတော့သည်။ မယုံကြည်နိင်လွန်း၍ ယောင်ယမ်းပြီး ထိုင်ခုံပေါ်တွင် ကြက်သေသေနေသူမှာ ဘုရင်ကြီးဖြစ်သည်။ သူ့သားကို ရှုံးနိမ့်အောင်လုပ်လိုက်သည့် ကဖောကို အံ့သြစွာဖြင့် ငေးကြည့်နေတော့သည်။
“ကဖော . . .”
ဘုရင်ကြီးက ထိုင်ခုံမှထပြီး ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်လိုက်တော့ ပရိတ်သတ်အားလုံး ငြိမ်ကျသွားလေသည်။
“ကဖော . . နင်ဟာ ရာရာစစ ဘုရင့်မျိုးနွယ်ကို ဓါးဦးလှည့်စရာလား၊ ဒီအမှုဟာ အရမ်းအပြစ်ကြီးတဲ့အမှုပဲ၊ ကျောက်တုံးမြို့တော်ရဲ့ ဘုရင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာကို မင်းစော်ကားလိုက်တာပဲ”
အားလုံးက တိတ်ဆိတ်နေသလို ကဖောကလည်း နားမလည်သလိုနှင့် လှမ်းကြည့်နေတော့သည်။
“ကဲ ရဲမက်တို့ အဲဒီ ကဖောနဲ့ သူတို့ တစ်ဆွေလုံးတစ်မျိုးလုံးကို ဖမ်းချုပ်ထားလိုက်ကြ”
ဘုရင်ကြီးက လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်သည်နှင့် ရဲမက် ငါးဆယ်ခန့် ကွင်းအတွင်းဝင်လာကြပြီးနောက် ကဖောကို ဝိုင်းထားလိုက်ကြတော့သည်။ ထို့အတူ ပွဲကြည့်စင်တွင်ရှိသော လငေါရှီးနှင့် သူ့အကိုခုနစ်ယောက်ကိုပါ ဝိုင်းပြီးဖမ်းချုပ်လိုက်ကြတော့သည်။
“သမီးရေ . . ကဖော ဘုရင်ကြီးကအကျင့်ယုတ်ပြီ၊ သမီးပြေး . . ပြေးတော့”
လငေါရှီးက ထိုသို့အော်လိုက်သည့်အခါတွင် ရဲမက်များက လငေါရှီးကို ကြိုးကွင်းများဖြင့် ပစ်ဖမ်းပြီးနောက် ဝိုင်းဝန်းဖမ်းဆီးလိုက်ကြတော့သည်။ ကဖောလည်း ပြေးဟုသာပြောရသည် ရဲမက် ငါးဆယ်လောက် ဝိုင်းထားသဖြင့် မည်သို့မျှ လွတ်လမ်းမရှိပေ။ ထိုစဉ်တွင် ရဲမက်များခြေထောက်အောက်တွင် တဖောက်ဖောက်နှင့် ပေါက်ကွဲမှှုများဖြစ်လာပြီးနောက် မီးခိုးလုံးများမှာ ချက်ချင်းအူထွက်လာလေသည်။ ပတ်ဝန်းကျင်အနီးတစ်ဝိုက် မီးခိုးလုံးများ ဖုံးလွှမ်းသွားသဖြင့် ဘာမှမမြင်ရတော့။ ထိုစဉ် ကဖောလက်ကို တစ်ယောက်ကလာဆွဲသည်။ ကဖောလည်း သေချာကြည့်လိုက်သောအခါ လချေရှီးဖြစ်နေလေသည်။
“ဟင် . . လချေရှီး . . နင် . .နင်”
“နောက်မှပြောတော့ကဖော . . လာ ငါ့နောက်လိုက်ခဲ့တော့”
လချေရှီးက ကဖော လက်ကိုဆွဲလိုက်ပြီးနောက် မီးခိုးငွေ့များကြောင့် အလဲလဲ အပြိုပြိုဖြစ်နေသည့် ရဲမက်များကြားမှ ပြေးထွက်ခဲ့ကြတော့သည်။ သူတို့နှစ်ဦး ပွဲကြည့်စင်ရှိ အပေါက်တစ်ခုမှ ထွက်ခဲ့ကြတော့သည်။ ထိုအခါ ရဲမက်များက အော်တော့သည်။
“ဟေ့ ဟိုမှာပြေးပြီဟေ့ လိုက်ကြ”
ရဲမက်များက ပြေးလိုက်သည့်အခါတွင် ပွဲကြည့်စင်အတွင်းမှ လူများက ပြေးဆင်းလာပြီးနောက် ရဲမက်များကို လမ်းပိတ်ထားလိုက်ကြတော့သည်။
“မင်းတို့ မတရားမလုပ်နဲ့၊ ကဖောက အောင်နိုင်သူအစစ်”
ထိုသို့ကြွေးကျော်ကာ လူအုပ်ကြီးက လမ်းကိုပိတ်ထားသဖြင့် ရဲမက်များမှာ လူအုပ်ကြားထဲတွင် ပိတ်မိနေတော့သည်။
ကျောက်တုံးမြို့တော်ကြီး၏ လူသူရှင်းသည့်လမ်းမကြီးများတွင် လချေရှီးက ဦးဆောင်ကာ ကဖောလက်ကိုဆွဲပြီးပြေးနေတော့သည်။ အနောက်သို့လှည့်ကြည့်လိုက်သည့်အခါတွင် မြင်းစီးထားသည့် ရဲမက်များက လမ်းထောင့်ချိုးမှ ထွက်လာကြတော့သည်။ လချေရှီးလည်း လမ်းဘေးသို့ ချိုးချလိုက်ပြီး ကျဉ်းမြောင်းရှုပ်ထွေးလှသည့် လမ်းကလေးများအတွင်းသို့ ပြေးဝင်လိုက်တော့သည်။ သို့သော် ရဲမက်များက သူတို့ကို မျက်ချေပြတ်မခံချေ။ လချေရှီးတို့မှာ လမ်းကြားကလေးထဲတွင် ပိတ်မိနေပြီဖြစ်သည်။ တစ်ဖက်ကလည်း လမ်းပိတ်နံရံကြီးဖြစ်သလို အနောက်တွင်လည်း ရဲမက်များက ပြေးလိုက်လာကြပြီဖြစ်သည်။ ထိုအခါတွင် ကောင်းကင်ပေါ်မှ အဝတ်စကြီးတစ်ခု လင်းလက်စွာဖြင့် ကျလာလေသည်။ ကဲရိသ၏ ဝတ်ရုံပင်ဖြစ်သည်။ ထိုဝတ်ရုံကြီးက သူတို့နှစ်ယောက်စလုံးအပေါ်သို့ ကျလာလေသည်။
“မင်းတို့နှစ်ယောက်စလုံး ဝတ်ရုံကို ခြုံထားလိုက်”
နှစ်ယောက်သား ဝတ်ရုံကိုခေါင်းပေါ်ခြုံလိုက်သည့်အခါတွင် သူတို့နှစ်ယောက်စလုံးမှာ ပျောက်ခြင်းမလှပျောက်သွားတော့သည်။ ရဲမက်များကိုတော့ သူတို့မြင်နေရသည်။ ရဲမက်များက သူတို့အနားရောက်သည့်အခါ သူတို့က အိမ်နှစ်လုံးကြားတွင် အသာကလေးရပ်နေလိုက်သည်။ ရဲမက်များမှာ သူတို့ကို မမြင်ရပေ။
“ဘယ်ရောက်သွားတာလဲ”
ရဲမက်ဆယ်ယောက်ခန့်က နှံ့နေအောင်ရှာတော့သည်။ တစ်ဖက်က လမ်းပိတ်ဖြစ်ပြီး ဆယ့်ငါးပေခန့်မြင့်သည့် အိမ်နံရံကြီးဖြစ်သည်။ ကြားထဲတွင်လည်း လူသွားလို့ရနိုင်လောက်သည့် လမ်းကြားမရှိပေ။ လချေရှီးနှင့် ကဖောတို့မှာ တစ်ယောက်နှင့် တစ်ယောက် တင်းကျပ်စွာဖက်ထားရင်း အသက်ကိုဖြည်းဖြည်းချင်းရှုနေရသည်။
“တခြားဘက်က ပြေးတာထင်တယ်၊ ဒီမှာတော့မရှိတော့ဘူး”
ထိုသို့ပြောကာရဲမက်များပြန်ထွက်သွားတော့သည်။ ထိုတော့မှ သက်ပြင်းချနိုင်သည်။ လချေရှီးလည်း ဖြေးဖြေးချင်းခြေလှမ်းလှမ်းပြီး ထိုနေရာမှထွက်လာခဲ့တော့သည်။ ရဲမက်များက တစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာဖွေနေပြီဖြစ်သည်။ အိမ်များထဲအထိပါ ဝင်ပြီးရှာဖွေနေတော့သည်။ သူတို့နှစ်ယောက်လည်း ဝတ်ရုံကိုခြုံကာ လမ်းမှန်မှန်လျှောက်ရင်း လိပ်ဖိုးဖိုးအိမ်သို့ လာခဲ့ကြသည်။ သူတို့ အိမ်ထဲမဝင်ခင် ရဲမက်တွေက အိမ်ထဲမှပြန်ထွက်လာကြသည်။ သူတို့အိမ်ထဲဝင်လိုက်သည့်အခါ လိပ်ဖိုးဖိုးက အိမ်ထဲတွင် ထိုင်နေလေသည်။ စိတ်ချရမည့် အတွင်းခန်းအတွင်းသို့ ဝင်ခဲ့ကြပြီး အိမ်အတွင်းရောက်သည်နှင့် ဝတ်ရုံကြီးက သူတို့ကိုယ်မှ လွှင့်ထွက်သွားပြီးနောက် အိမ်အတိုင်းလှည့်ပတ်ပျံသန်းကာ ဖွင့်ထားသည့် ပြတင်းပေါက်တစ်ခုမှ အပြင်သို့ပျံထွက်သွားတော့သည်။
“ကဲရိသ ဝတ်ရုံပဲ ကောင်ကလေး၊ မင်းကို သူကယ်ခဲ့တာပဲ”
လိပ်ဖိုးဖိုးက အိမ်ခန်းအတွင်းသို့ ဝင်လာလေသည်။
“ဟုတ်တယ်၊ မြေအောက်ခန်းမှာတွေ့ခဲ့တော့ သူ့ကိုလွှတ်ပေးခဲ့တာ”
“အဲဒီဝတ်ရုံက အလွန်ထူးဆန်းတဲ့ဝတ်ရုံပဲ၊ မင်း သူနဲ့တွေ့တာ ကံကောင်းတယ်မှတ်ပါ၊ မှော်ဝတ်ၤရုံက သူ့ကိုကူညီခဲ့တဲ့သူကို သုံးခါတိတိ ကျေးဇူးပြန်ဆပ်သတဲ့”
“ဒါဆိုနှစ်ခါရှိပြီ၊ ကျွန်တော် နန်းတော်ထဲက ထွက်ဖို့တစ်ခါ၊ အခုတစ်ခါဆိုတော့ နှစ်ခါရှိပြီ”
“အဲဒါတွေ အသာထားပါကွာ ငါမှာတဲ့ စာလိပ်ပါရဲ့လား”
လချေရှီးက ထိုစာလိပ်ကလေးကို လိပ်ဖိုးဖိုးကိုပေးလိုက်တော့သည်။ ထိုအခါ လိပ်ဖိုးဖိုးက ကလေးတစ်ယောက်လိုပျော်ရွှင်သွားကာ မြူးတူးနေတော့သည်။
“အဲဒါက ဘာမို့လို့လဲ”
“ဒါတော့ မပြောပါရစေနဲ့၊ အကြမ်းဖျင်းပြောရင်တော့ ကျင့်စဉ်တစ်ခုပဲ၊ ကဲ ကောင်လေး ငါတော့ခရီးထွက်တော့မယ်၊ မင်းတို့ ဒီမှာနေခဲ့ကြ၊ ဒီက ငါပိုင်တဲ့ပစ္စည်းတွေ အားလုံးကိုလည်း မင်းတို့တွေယူုလိုက်ကြ၊ လုပ်ချင်တာလုပ်လိုက်ကြတော့ဟေ့”
လိပ်ဖိုးဖိုးက ပြောလိုက်ပြီး ဝါးခမောက်ကလေးတစ်ခုဆောင်းကာ တုတ်ကောက်တစ်ချောင်းဆွဲပြီး အပြင်ထွက်သွားတော့သည်။ အိမ်ခန်းထဲတွင်တော့ ကဖောနှင့် လချေရှီးသာကျန်နေခဲ့တော့သည်။ ကဖောက ကြမ်းပြင်တွင်ထိုင်ချလိုက်ပြီး ငိုနေတော့သည်။ လချေရှီးက ကဖောကို အနောက်မှ သိုင်းဖက်လိုက်ပြီးနောက် ပုခုံးကလေးကို ပွတ်ပေးနေတော့သည်။
“ငါ . . ငါမကျေနပ်ဘူး လချေရှီး၊ ဒါသက်သက် ဘုရင်ကြီးက ငါတို့ကို ယုတ်မာတာဟ”
“အေးပါ ကဖောရယ်၊ နင်သိပ်မငိုနဲ့ စိတ်အေးအေးထားပါဟ”
“ငါဘယ်စိတ်အေးအေးထားနိုင်မလဲ လချေရှီး၊ ငါ့အကိုတွေနဲ့ ငါ့အဖေအဖမ်းခံရတာဟ”
လချေရှီးလည်း နှုတ်ဆိတ်သွားတော့သည်။ ခဏကြာမှ
“ဒါဆို နင်ဘာဆက်လုပ်မလဲ ကဖော”
“ငါ အဖေတို့ကို သွားကြည့်မယ်”
“ဘယ်ဖြစ်မလဲကဖော နင့်ကိုတွေ့ရင် ဝိုင်းဖမ်းကြမှာပေါ့”
“ဒါ . . ဒါဆိုရင် ငါရွာပြန်မယ် . . ရွာက လူတွေကို သွားပြောပြရမယ်”
“အေးကောင်းတာပေါ့၊ ဒါနဲ့ နင်ဒီအတိုင်းသွားလို့မဖြစ်သေးဘူး”
လချေရှီးက အဝတ်စများကို ယူလိုက်ပြီး ကဖောကို ပတ်ပေးလိုက်တော့သည်။ ထို့နောက် သူ့စာအုပ်ကြီးကိုလည်း အဝတ်စကြီးနှင့်ထုပ်လိုက်ပြီး လွယ်ပိုးထားလိုက်တော့သည်။ အိမ်အတွင်းမှ နှစ်ယောက်သား ကုပ်ချောင်းချောင်းနှင့် ထွက်ခဲ့တော့သည်။ မြို့ထဲတွင် လူတွေက ဟိုတစ်စု သည်တစ်စုနှင့် စကားပြောနေကြသည်။ သူတို့လည်း မြို့အဝင်အထွက် တံခါးသို့ လျှောက်လာခဲ့တော့သည်။
“အခြေအနေမကောင်းဘူး ကဖောရေ”
လချေရှီးက လက်ညိုးထိုးပြလိုက်သည်။ မြို့အဝင်အထွက်ဂိတ်တွင် ရဲမက်များက အဝင်အထွက်လုပ်သူများကို သေသေချာချာစစ်ဆေးနေကြသလို ထိုလူများသယ်ဆောင်လာသည့် ကုန်ပစ္စည်းများကိုလည်း မွှေနှောက်ရှာဖွေနေကြလေသည်။
“ဒါတိုငါတို့ ဘယ်လိုလုပ်ကြမလဲ”
ကဖောမေးတော့ လချေရှီးက စဉ်းစားလိုက်သည်။
“တစ်လမ်းပဲရှိတယ်၊ ငါတို့ မြို့ရိုးပေါ်တက်ပြီးတော့ မြစ်ထဲကို ခုန်ချကြမယ်”
သို့နှင့်် နှစ်ဦးသား ကျောက်တုံးမြို့ရိုးကြီးပေါ်သို့ အပြေးတက်လာခဲ့တော့သည်။ ကံကောင်းချင်တော့ မြို့ရိုးပေါ်တွင် ရဲမက်များသိပ်မရှိပေ။ ဂိတ်ပေါက်ဝဘက်တွင် အားဖြည့်ကာ ရှာဖွေနေသောကြောင့်ဖြစ်မည်။ သူတို့နှစ်ယောက် မြို့ရိုးပေါ်တက်ပြီးနောက် အသက်ကို တဝကြီးရှုလိုက်ကာ အတူတူလက်ဆွဲ၍ ခုန်ချလိုက်တော့သည်။
“ဝုန်း . .”
ထို့နောက် မြစ်ရေစီးအတိုင်းစီးမြောသွားလိုက်ကြပြီးနောက် မြစ်အောက်ဘက်တစ်နေရာတွင် တစ်ဖက်ကမ်းသို့ ကူးခပ်ပြီးတက်လိုက်ကြတော့သည်။ ကဖောက အဝတ်စများအား ချွတ်ပြီးလွင့်ပစ်လိုက်သော်လည်း လချေရှီးကမူ သူ့စာအုပ်ကြီးကို ရေမစိုစေရန် ရေများသုတ်ပစ်နေလေသည်။ (စာရွက်များသည် သားရေများဖြစ်ကြောင်းကို ရှေ့မှဆိုခဲ့ပြီးဖြစ်သဖြင့် စာရွက်များမှာ ရေစို၍ မထိခိုက်ချေ၊ ဤကား စကားချပ်)
“ငါတို့ လမ်းအတိုင်းလိုက်သွားလို့တော့မဖြစ်ဘူး၊ ရဲမက်တွေက လမ်းမှာလည်း တောက်လျှောက်ရှာဖွေနေလောက်တယ်”
လချေရှီးက ပြောလိုက်ပြီးနောက် သစ်ကိုင်းခြောက်ကလေးတစ်ချောင်းကို ကောက်ပြီး မန္တန်များရွတ်ကာ မြေပြင်ပေါ်ပစ်ချလိုက်တော့သည်။ ထိုသစ်ကိုင်းခြောက်ကလေးမှ အစွန်းတစ်ဖက်သို့ကြည့်ပြီး တွက်ချက်နေသည်။
“လာ ငါတို့ ဒီဘက်ကနေသွားကြမယ်”
နေကတဖြည်းဖြည်းစောင်းလာပြီဖြစ်သည်။ တောအုပ်အတွင်းမှ သွားချင်းဖြစ်သဖြင့် ခရီးကတော့ သိပ်မတွင်လှပေ။ ညအိပ်ရပ်နားရန်အတွက် အပင်ကြီးတစ်ပင်ကို ရှာဖွေလိုက်တော့သည်။ ထို့နောက် ထိုအပင်ကြီးပေါ်တွင် တက်ထိုင်လိုက်ကြသည်။ ကဖောက တစ်နေ့လုံး ပင်ပန်းလွန်းသည်မို့ အိပ်ပျော်သွားတော့သည်။ အလင်းရောင်လည်း မရှိတော့သည်မို့ လချေရှီးက လက်ဝါးထဲတွင် မီးတောက်လေးတစ်ခုကို ဖန်တီးလိုက်ပြီးနောက် သူ့စာအုပ်ကြီးကို လှန်ကာ စဖတ်တော့သည်။
“ဝေါ . . ဝေါ”
အသံအကျယ်ကြီးတစ်ခုကိုကြားလိုက်ရသဖြင့် သူတို့နှစ်ယောက်လုံး ပတ်ဝန်းကျင်ကို အကဲခတ်နေမိသည်။ မြင်းအုပ် နွားအုပ်ကြီး ဖြတ်သန်းသွားသကဲ့သို့ အသံတွေကိုကြားနေရလေသည်။ ကဖောကတော့ ဟိုကြည့် သည်ကြည့်လိုက်ကြည့်နေလိုက်သည်။
ခဏကြာမှထိုအသံကြီးက ပျောက်ကွယ်သွားလေရာ သူတို့နှစ်ယောက်လည်း သစ်ပင်ခွဆုံတွင် အိပ်စက်လိုက်ကြတော့သည်။
(၂၀)
တစ်ပတ်ခန့်ကြာတော့မှ ရွာကိုရောက်တော့သည်။ ရွာကိုလှမ်းကြည့်လိုက်သည့်အခါတွင် ရွာကလေးက တိတ်ဆိတ်နေသည်။ ရွာသို့ရောက်လိုဇောနှင့် ကဖောက အမြန်ပြေးတော့သည်။ အနောက်မှ လချေရှီးက ကဖောခြေလှမ်းကို မမီသဖြင့် နောက်ကျကျန်နေခဲ့တော့သည်။ ရွာစည်းရိုးအဝင်တံခါးက ပွင့်နေလေသည်။ ကဖောလည်း ရွာထဲသို့ တစ်ဟုန်ထိုး ပြေးဝင်လိုက်သည်။ ရွာထဲတွင် လူသူမတွေ့ရသေး။ ကဖောပြေးနေရင်း ရွာလယ်ကွင်းပြင်ဆီသို့ရောက်လာတော့သည်။ ထိုအခါတွင် ကဖောတစ်ယောက် အံ့သြစရာမြင်ကွင်းကို မြင်လိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်တော့သည်။
ရွာလယ်ကွင်းပြင်တွင် အလောင်းတွေက တပုံကြီးရှိနေပြီး ထိုအလောင်းပုံကြီးပတ်ပတ်လည်တွင် လူခေါင်းပြတ်များကို ဝါးချွန်များတွင် သုံးလေးလုံးစီ ထိုးသီထားပြီးနောက် မြေပေါ်တွင် စိုက်ထူထားလေသည်။ ရွာသားများ၊ မိန်းမများ၊ ကလေးများ အားလုံး၏ ခေါင်းပြတ်များမှာ တုတ်နှင့်သီထားကြကာ ပုတ်ပွနေတော့သည်။ ကဖောလည်း မျက်ရည်များကျဆင်းလာပြီး ထိုလူသေများဆီပြေးလာတော့သည်။ စိုက်ထူထားသည့် တုတ်ချောင်းများထဲမှ တစ်ချောင်းတွင် မိခင်ဖြစ်သူ၏ ခေါင်းပြတ်ကိုတွေ့လိုက်ရသည်။ လျှာကြီးက အပြင်ကိုထွက်ကျနေသည့်ခေါင်းပြတ်ကြီးကိုကြည့်ရင်း ကဖောက ခေါင်းပြတ်ရှေ့ ဒူးထောက်ထိုင်ချလိုက်တော့သည်။ ထို့နောက် မြေကြီးကို လက်သီးဖြင့် သုံးလေးချက်ခန့် ထိုးလိုက်တော့သည်။
“ဘာလို့လဲ . . . ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ မင်းကြောင့်ပေါ့ ကဖောရဲ့”
အနောက်မှ အသံကြားလိုက်သဖြင့်ကဖောက လှည့်ကြည့်လိုက်သည်။ ထိုအခါတွင် ကဖောကိုမြင်းစီးထားသည့် ရဲမက်များက ဝိုင်းရံထားတော့သည်။
“ဘုရင်ကြီးက မြင်းတပ်ကိုလွှတ်ပြီး မင်းတို့ရဲ့ လရှီးမျိုးနွယ်စုတစ်ခုလုံးကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာပဲကဖော၊ မင်းတို့တစ်ရွာလုံး သေရတာက မင်းကြောင့်ပဲ၊ နောက်ပြီး မင်းရွာကိုပြန်လာမယ်ဆိုတာ ငါတို့သိလို့ မင်းကိုဖမ်းဖို့စောင့်နေရတာ”
ကဖော ဘာမှမလုပ်တော့ဘဲ ငိုပဲဆက်ငိုနေလိုက်သည်။ မျက်ရည်တွေက မကျစဖူး တပေါက်ပေါက်နှင့် ကျနေတော့သည်။
“သူ့ကိုဖမ်းလိုက်ကြ၊ တစ်ကိုယ်လုံးကို ကြိုးတုပ်ပြီး မြင်းပေါ်တင်၊ ငါတို့ ဘုရင်ကြီးက သူ့ကို အရှင်လိုချင်သေးတယ်”
ထိုသို့ပြောပြီးနောက် ကဖောကို ကြိုးကွင်းများဖြင့် ပစ်ဖမ်းလိုက်ပြီးနောက် တစ်ကိုယ်လုံး ကြိုးတုပ်ကာ ခေါ်ဆောင်သွားတော့သည်။ မြင်းတပ်က ရွာမှအထွက်တွင် တစ်ရွာလုံးကို မီးနှင့်ရှို့ခဲ့တော့သည်။ ရွာလယ်ကွင်းပြင်မှ အလံနီကြီးက မီးတောက်များကြားတွင် တလူလူလွင့်နေဆဲဖြစ်သည်။
ကဖောနှင့် မြင်းတပ်ထွက်သွားသည်ကို လချေရှီးက တောအုပ်အတွင်းမှ ပုန်းအောင်ရင်းလှမ်းကြည့်နေတော့သည်။ မြင်းတပ်မှ မြင်းများ၏ ခွာသံများမှာ တဝေါဝေါနှင့် ဖြစ်နေတော့သည်။
“အင်း လက်စသတ်တော့ ဟိုတစ်ညက ကြားခဲ့တဲ့ တဝေါဝေါအသံဟာ မြင်းတပ်စစ်ချီတက်လာတဲ့ အသံပဲဖြစ်မယ်”
လချေရှီးက ကောက်ချက်ချလိုက်တော့သည်။
ကျောက်တုံးမြို့တော်သားများမှာ ဘုရင်ကြီး တမင်ယုတ်မာမှန်းကိုသိလိုက်သဖြင့် မခံမရပ်နိုင်ဖြစ်သွားကြတော့သည်။ ထိုအခါ မြို့သားများစုပေါင်းကာ လူတန်းကြီးလုပ်ပြီး နန်းတော်ရှေ့ဆီသို့ ချီတက်ကြတော့သည်။
“လရှီးတွေကို ပြန်လွှတ်ပေး . . ကဖော သာ အောင်နိုင်သူအစစ်”
“လရှီးတွေကို ပြန်လွှတ်ပေး . . ကဖောသာ အောင်နိုင်သူအစစ်”
ထိုသို့ ဟစ်ကြွေးတောင်းဆိုနေရင်း နန်းတော်ရှေ့တွင် အော်ဟစ်နေကြတော့သည်။
ထိုအသံများကိုကြားပြီး နန်းတော်အတွင်းမှ ဘုရင်ကြီးမှာ ခေါင်းကိုက်နေရတော့သည်။ မူးမတ်များကလည်း ဘုရင်ကြီးအနားတွင် ခစားနေကြကာ မျက်စိမျက်နှာပျက်နေကြသည်။
“ဒီလူတွေကို ပါးစပ်ပိတ်အောင် မလုပ်နိုင်ကြတော့ဘူးလား၊ မောင်မင်းတို့ တစ်ခုခုလုပ်ကြစမ်းပါ၊ ငါခေါင်းကိုက်လို့သေတော့မယ်”
ဘုရင်ကြီးက ညည်းတွားလိုက်သည်။
“ဒီ . .ဒီကိစ္စက ကိုယ့်မြို့သားတွေနဲ့လည်း သက်ဆိုင်နေတာဆိုတော့ အလွန်ပညာသားပါပါနဲ့ ဖြေရှင်းနိုင်မှရမှာပါမင်းကြီး”
“တော်စမ်းအမတ်ကြီး . . . ငါ့ကိုဆန့်ကျင်တာဟာ သေဒဏ်ပဲ၊ ဒီတော့ ဒီလူတွေအားလုံးကို မှတ်လောက်သားလောက်လုပ်ပြထားမှ နောက်ထပ်ငါတို့မြို့ကလူတွေ ဒါမျိုးထပ်မလုပ်ရဲမှာ”
မကြာမီ နန်းတော်တံခါးကြီးပွင့်လာပြီး ရဲမက်များထွက်လာတော့သည်။ သူတို့အနောက်တွင်တော့ မြို့သားများထင်ထားသလို ဘုရင်ကြီးပါမလာပေ၊ တပ်မှူးတစ်ယောက်သာ ပါလာလေ၏။ တပ်မှူးက အမိန့်စာရွက်တစ်ရွက်ကို ကိုင်လာပြီး ရှေ့သို့ထွက်ရပ်လိုက်သည်။
“မောင်မင်းတို့ဟာ ကျောက်တုံးမြို့တော်က မြို့သားတွေဖြစ်သော်လည်း ဘုရင်ကြီးကို စော်ကားတယ်၊ ဘုရင်ကြီးရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင်ပြုလုပ်တယ်၊ ဒါကြောင့် မောင်မင်းတို့ အားလုံးကို ဘုရင်ကြီးက နေရာမှာတင် သေဒဏ်ချမှတ်လိုက်တယ်”
ိထိုသို့ရွတ်ပြလိုက်သည်နှင့် မြို့သားများမှာ တုန်လှုပ်သွားတော့သည်။
“လေးသည်တော်တွေ ပစ် . . .”
တပ်မှူးအမိန့်ပေးလိုက်သည့်အခါ လေးသည်တော်များက နန်းမြို့ရိုးပေါ်မှ ထွက်လာကြကာ မြားဖြင့်ပစ်ကြတော့သည်။ မြို့သားအများအပြား မြားမှန်ကာ ထိခိုက်သေကြေကုန်ကြသည်။ ထိုနောက်မှ ရဲမက်များထွက်လာပြီးလျှင် ဓါးများလှံများနှင့် မြို့သားများနောက်သို့ပြေးလိုက်ကြကာ လှံဖြင့်ပစ်ပေါက်ကြ၊ ဓါးဖြင့် ခုတ်ကြပြီး ရက်စက်စွာ သတ်ဖြတ်ကြတော့သည်။ သို့နှင့် ကျောက်တုံးမြို့တော် နန်းတော်ရှေ့တွင် သွေးချောင်းစီးသည့် လူသတ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
“ကဲ အားလုံးမှတ်ထားကြစမ်း၊ ဒီနေ့ကစပြီးတော့ ဘုရင်ကြီးရဲ့မကောင်းကြောင်းပြောရင်သေဒဏ်၊ မင်းတို့ပါးစပ်က ကဖော ဆိုတဲ့နာမည်ထွက်ရင် သေဒဏ်ပဲ”
မြို့သူမြို့သားများမှာ မကျေနပ်ကြသော်လည်း ဘုရင်ကြီးကိုကြောက်ရွံ့သဖြင့် ဆက်ပြီး မလှုပ်ရှားရဲတော့ဘဲ၊ တောက် တစ်ခေါက်ခေါက်နှင့်သာ နေကြတော့သည်။
မြင်းနှင့်ပြန်လာရသည်မို့ နှစ်ရက်နှင့် ကျောက်တုံးမြို့တော်သို့ ပြန်ရောက်လေသည်။ ကဖောကို ရဲမက်များက နန်းတော်အတွင်းသို့ခေါ်သွားလိုက်ပြီး မြေတိုက်ခန်းတစ်ခုအတွင်းသို့ ကန်ထည့်ကာ ပိတ်လှောင်လိုက်တော့သည်။ မြေတိုက်ခန်းမှာ အတန်ငယ်ကျယ်ဝန်းသော်လည်း အလင်းရောင်အနည်းငယ်သာရှိသည်။ ကဖောအခန်းထဲရောက်သည်နှင့် သူ့အနီးတွင် လူများထိုင်နေသည်ကိုတွေ့ရတော့သည်။
“အဖေ . . အကိုတို့”
ကဖောက ထိုသို့ပြောလိုက်သည့်အခါတွင် လငေါရှီးက ပြန်အသံပြုလိုက်လေသည်။
“သမီး . . သမီး ကဖောလား”
ကဖောလည်း ထိုတော့မှ သူ့အဖေနှင့် အကိုများကိုကြည့်လိုက်ရာတွင် မျက်လုံးများမှ သွေးများစီးကျနေကြသည်။ ရဲမက်များက သူ့အဖေနှင့် အကိုများအားလုံး၏ မျက်စိများကို ထိုးဖောက်ထားကြသဖြင့် သူတို့အားလုံး မမြင်နိုင်တော့။ ကဖောငိုသံကြားတော့ လငေါရှီးက အနီးကပ်လာခဲ့သည်။
“သမီးရာ . . သမီးလွတ်အောင်ပြေးပါဆို၊ သမီးလွတ်သွားပြီထင်နေတာ”
“သမီး . . သမီး ရွာကိုရောက်ခဲ့တယ်”
“ဟေ . . ဒါဖြင့် နင့်အမေကိုတွေ့ခဲ့သေးလား၊ ရွာကလူတွေရော”
ကဖောက ရှိုက်ကြီးတငင်ငိုကြွေးလိုက်တော့သည်။ ပြီးမှ
“ဘုရင်ကြီးက မြင်းတပ်လွှတ်ပြီး တစ်ရွာလုံးက လူတွေအကုန်လုံးကို ကလေးပါမကျန် သတ်ပစ်လိုက်ပြီ၊ ရွာကိုလည်း မီးရှို့လိုက်ပြီ”
ထိုအခါ ကဖော အကိုများမှာ အော်ဟစ်ငိုကြွေးကြလေတော့သည်။
“တောက် . . တော်တော် ရက်စက်ယုတ်မာတဲ့ ဘုရင်ကြီးပါလား”
သူတို့အားလုံး မခံချင်စိတ်ဖြင့် ရေရွတ်လိုက်ကြတော့သည်။ သို့သော်လည်း ဘာမှမတတ်နိုင်ကြတော့။ သူတို့က အခုဘုရင်ကြီးလက်ထဲရောက်နေပြီမဟုတ်ပါလား။
ဘယ်အချိန်ရောက်သွားမှန်းပင်မသိလိုက်၊ မကြာခင် မြေတိုက်ခန်းအတွင်းသို့ ဆင်းလာသည့် ခြေသံများကိုကြားလိုက်ရလေသည်။ အနီးရောက်တော့ မီးတုတ်အလင်းရောင်နှင့် ဘုရင်ကြီးကိုတွေ့လိုက်ရတော့သည်။
“ဟား . .ဟား ၊ ဘယ်လိုလဲကဖောရဲ့၊ အနိုင်ယူခြင်းရဲ့ ခါးသက်မှုကို မင်းခံစားလိုက်ရပြီမဟုတ်လား”
“ထွီ . . လူယုတ်မာကြီး”
ဘုရင်ကြီးက ဟားတိုက်ရယ်မောနေတော့သည်။
“လငေါရှီး . . လငေါရှီး မင်းဟာတော်တော်ခေါင်းမာတဲ့လူပဲ၊ မင်းကို ငါပြောသားပဲ၊ တကယ်လို့ ကဖောနိုင်ခဲ့ရင် မင်းတို့တစ်မျိုးလုံး ဆိုးကျိုးတွေ ခံစားခဲ့ရမယ်ဆိုတာကို ငါပြောခဲ့တယ်မဟုတ်လားကွ”
ကဖောလည်း အံ့သြပြီး မျက်လုံးများပြူးနေတော့သည်။
“သြော် . . ကြည့်ရတာ မင်းက ကဖောကို မပြောပြဘူးထင်တယ်၊ ဒီမယ်ကဖော မင်းသာ ငါ့သားကို အရှုံးပေးခဲ့မယ်ဆိုရင်လေ မင်းတို့ တစ်မျိုးလုံး ဒီလို အဖြစ်ဆိုးတွေ ကြုံရမှာမဟုတ်ဘူးကွ”
ကဖောလည်း ထိုတော့မှ သူ့အဖေကို ငေးကြည့်လိုက်တော့သည်။
“အဖေ . . သမီးကို ဘာလို့မပြောခဲ့တာလဲ”
“ထွီ . . အလကားပါသမီးရယ်၊ လူရဲ့ကျင့်ဝတ်ဆိုတာ ရိုးသားဖြောင့်မတ်ဖို့ပဲသမီးရဲ့၊ ဒီကောင်ကြီးက လူမဟုတ်ဘူး၊ အရည်အချင်းမရှိဘဲ ကလိမ်ကကျစ်ဉာဏ်နဲ့ လူတွေကိုလှည့်စားနေတဲ့ကောင်ကြီး”
လငေါရှီးက ပြောပြီးနောက် ဘုရင်ကြီး၏အသံကို နားထောင်ပြီး ဘုရင်ကြီးဘက်သို့ လှည့်ကြည့်လိုက်တော့သည်။
“ဒီမှာ ကျုပ်သမီးကမှ အောင်နိုင်သူအစစ်ဗျ၊ ကဖောသာ လှံကို ရင်ဘတ်ထဲထိုးခဲ့ရင် ခင်ဗျားတို့ တစ်မျိုးလုံး မျိုးပြတ်ပြီ၊ ခင်ဗျားရဲ့တော်လှပါတယ်ဆိုတဲ့သား၊ ဘာတဲ့ ကျောက်တုံးမြို့တော်မှာ အတော်ဆုံးဆိုတဲ့သူကို ကျုပ်သမီးက အနိုင်ယူပြလိုက်တာကို ခင်ဗျားလက်မခံချင်သေးဘူးထင်တယ်”
လငေါရှီးစကားများသည် ဘုရင်ကြီး၏ ရင်ဝကို ဆောင့်ကန်လိုက်သလို ခံစားရသည်။
“တော်တော့ လငေါရှီး၊ မင်းကို ငါအဲ့ဒါကြောင့် မကြိုက်တာ၊ ဒီမှာ မင်းတို့တွေ အကုန်လုံး လူစုံပြီဆိုတော့ မနက်ဖြန်မင်းတို့ကို စီရင်မယ်၊ မင်းတို့တွေ အောင်နိုင်ခြင်းဆိုတဲ့အရသာကို နတ်ဘုရားတွေဆီရောက်မှပဲ ခံစားကြတော့ ဟုတ်ပြီလား”
ထို့နောက် ဘုရင်ကြီးက ကဖောဘက်သို့လှည့်လိုက်တော့သည်။
“ကဖော . . နင်က အောင်နိုင်သူဆို၊ အခုစဉ်းစားကြည့်လေ၊ နင်ဘာနိုင်လဲ၊ နင်ဟာ အရှုံးသမားပဲ၊ နင့်အဖေကိုရော၊ နင့်အကိုတွေကိုရော၊ နောက်ပြီးတော့ နင်တို့ရွာ၊ နင်တို့မျိုးနွယ်တစ်ခုလုံးကိုရော နင်ရှုံးခဲ့ပြီ၊ ဒါတောင်မှ နင်က အောင်နိုင်သူတဲ့လား . . ဟား . .ဟား”
ဘုရင်ကြီး၏ စကားကို လငေါရှီးက ကြားတော့ အော်ဟစ်ရယ်မောလိုက်သည်။
“အောင်နိုင်တာပေါ့ဗျာ၊ ကျုပ်သမီးက ဂုဏ်သိက္ခာရှိရှိနဲ့ အောင်နိုင်ခဲ့တာ၊ ခင်ဗျားတို့တောင် ကလိမ်ကကျစ်နဲ့ အောက်တန်းကျပြီး လုပ်ဇတ်ခင်း တစ်ဖတ်သတ်အောင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အနိုင်ရခဲ့လို့လား”
ဘုရင်ကြီးက ဒေါသတကြီးနှင့် ခြေကိုဆောင့်လိုက်ပြီး မြေတိုက်ခန်းထဲမှထွက်ခွာသွားတော့သည်။ ထိုအခါ လငေါရှီးက ခြောက်ကပ်ကပ်ရယ်သံကြီးပေးကာ အော်ဟစ်နေတော့သည်။
“ဒီမှာဘုရင်ကြီး ခင်ဗျားကမှ အရှုံးသမားဗျ၊ ခင်ဗျားက ဒီပွဲတင်ရှုံးတာမဟုတ်ဘူး၊ ခင်ဗျားတစ်သက်လုံးရှုံးတယ် . . . ခင်ဗျားတစ်သက်လုံး ကျုပ်တို့ မျိုးနွယ်အပေါ်ရှုံးတယ်”
“ဟား . .ဟား . .ဟား”
လငေါရှီး၏ ခြောက်ကပ်ကပ်ရယ်သံကြီးကို ဘုရင်ကြီး နားမခံနိုင်တော့သဖြင့် မြေတိုက်အပေါ်သို့ အမြန်ပြေးတက်ခဲ့တော့သည်။ မြေတိုက်အပေါ်တွင်တော့ တပ်မှူးက စောင့်နေလေသည်။
“ဒီမှာ တပ်မှူး၊ ဒီကောင်တွေအကုန်လုံးကို မနက်ဖြန်မနက်ကျရင် ကျောက်တုံးနဲ့ခေါင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထုသတ်စေ”
“အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ် မင်းကြီး”
ဘုရင်ကြီးက ဆက်လျှောက်သွားပြီးနောက် တစ်ဖန်တပ်မှူးဆီသို့ ပြန်လှည့်လာလေသည်။
“နေဦး ကဖောကိုတော့ မသတ်နဲ့ဦး၊ ဘာလို့လဲဆိုတော့ သူ့အဖေတွေ သူ့အကိုတွေအားလုံး သူ့ရှေ့မှာသေတာကို သူမျက်လုံးနဲ့ကိုယ်တိုင်ကြည့်နေစေရမယ်ကွာ . .”
တပ်မှူးလည်း ခေါင်းညိတ်လိုက်တော့သည်။
အပိုင်း (၆) တွင် ဆက်လက်ဖတ်ရှုပါ။