အပိုင်း (၇)
“ဘီ . . ဘီလူးကြီးတွေ နိုးလာကြပြီကဖော”
လချေရှီးက အော်လိုက်သည်နှင့် ဘီလူးကြီးများမှာ ကျယ်လောင်သည့်အသံကြီးများနှင့် ဟစ်အော်ကာ ထလာကြတော့သည်။ ထို့နောက် အသံကြားရာသို့ လက်ဖြင့်ရိုက်ပုတ်လိုက်တော့သည်။ ကဖောက လချေရှီးအား တွန်းလှဲပြီး ကျွမ်းထိုးလှိမ့်ရှောင်လိုက်၍သာ သူတို့နှစ်ဦးစလံးဘီလူးလက်ထဲမှ လွတ်မြောက်သွားခြင်းဖြစ်သည်။ ဘီလူးကြီးများက အသံကြားရာသို့ တိုက်ခိုက်တော့သည်။ ကဖောက ဘီလူးတစ်ကောင်၏ ဒူးဆစ်ကိုလှံသွားနှင့်ခုတ်ဖြတ်လိုက်ရာ ဒူးဆစ်မှာ ရွံ့တုံးကိုဖြတ်လိုက်ရသကဲ့သို့ အိခနဲနေ၍ ပြတ်ထွက်သွားတော့သည်။ သို့သော် တစ်ယောက်တည်း ဘီလူးများနဲ့တိုက်ခိုက်နေရသည်မှာ မလွယ်ကူမှန်းကဖောသိလိုက်တော့သည်။ ထိုအခါ လချေရှီးက ကဖောအားထွက်ပြေးရန်ပြောတော့သည်။
“ကဖော ငါတို့ ဘီလူးတွေကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီးတော့ ရှေ့ဆက်ပြေးရအောင်”
လချေရှီးက ပြောလိုက်ပြီးနောက် ကျောက်တုံးလေးငါးလုံးကို ကောက်လိုက်ပြီး ဂူအတွင်းသို့ လျှောက်ပစ်လိုက်တော့သည်။ အခြားဘီလူးများမှာလည်း ကျောက်တုံးသံကြားသည့်နေရာများသို့ ထွက်သွားတော့သည်။ ကဖောလည်း အချိန်ကောင်းကိုစောင့်မနေတော့ တစ်ချိုးတည်းပြေးတော့သည်။ လချေရှီးလက်ကိုဆွဲပြီး အားကုန်ပြေးရတော့သည်။ လချေရှီးမှာ ကဖောလောက်အပြေးမသန်သော်လည်း ကဖောဆွဲခေါ်လာသဖြင့် တရွတ်တရွတ်နှင့် ပါလာတော့သည်။ သူတို့နောက်ဘက်တွင် ဘီလူးကြီးများက လျှင်မြန်စွာပြေးလိုက်လာတော့သည်။ ပြေးနေရင်း ခန်းမဆောင်ကြီးတစ်ခုနှင့်ဆင်တူသည့် အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ပြေးဝင်ခဲ့ကြတော့သည်။ အခန်းဝင်ပေါက်တွင် ခြေကျော်အဖြစ်ပြုလုပ်ထားသည့် အတုံးကလေးရှိရာ ကဖောက ထိုအတုံးကို ခုန်ကျော်လိုက်သော်လည်း လချေရှီးက မမြင်သဖြင့် မကျော်လိုက်ရ၊ ထို့ကြောင့် ခြေထောက်နှင့်တိုက်မိပြီး လချေရှီးကော ကဖောပါလုံးထွေးပြီး လဲကျသွားတော့သည်။ ဘီလူးကြီးများမှာ ခြေကုန်ပြေးလာကြသည်။ လချေရှီးလည်း ကြောက်လန့်သဖြင့် မျက်လုံးများမှိတ်ထားတော့သည်။ အတန်ကြာသည်အထိ ဘာမှမဖြစ်သဖြင့် မျက်လုံးဖွင့်လိုက်တော့သည်။
ဘီလူးကြီးများမှာ သူတို့နှင့် လက်တစ်ကမ်းအကွာတွင်ရှိသော်လည်း သူတို့ဆီသို့မလာရဲဘဲဖြစ်နေသည်။ နောက်ထပ်ပြေးလာသော ဘီလူးများလည်း သူတို့အနားရောက်သောအခါ ခြေစုံပစ်ပြီးရပ်တန့်သွားကြကာ၊ လက်တစ်ကမ်းအလိုမှနေ၍ သူတို့ကိုကြည့်ကာ မာန်ဖီအော်ဟစ်နေကြတော့သည်။ အချင်းချင်းလည်း တအီအီဖြင့် စကားပြောနေကြပြီး အတန်ကြာသည့်အခါမှ ထွက်သွားကြတော့သည်။
ကျားလူမျိုးစုရွာ။
နွားများဆွဲထားသည့်လှည်းများက တဖြည်းဖြည်းရွာသို့ နီးကပ်လာလေသည်။ ဘန်ဝါးဆီသို့ ရွာသားတစ်ယောက်က သတင်းပေးသဖြင့် ဘန်ဝါးလည်း ရွာထိပ်သို့ထွက်ခဲ့သည်။
“အလို လဘေးဝါးကြီးပါလား၊ ဟား . .ဟား၊ ခင်ဗျားဘယ်လိုမျက်နှာနဲ့ ကျုပ်တို့ဆီကို ပြန်လာတာလဲ”
“မင်းတို့ဆီကို ပြန်လာတာမဟုတ်ဘူး၊ မင်းတို့ဆီက ယူစရာရှိလို့လာယူတာ”
“ပြောစမ်းပါဦး”
“ကျောက်တုံးမြို့တော်က ဘုရင်ကြီးရဲ့ ခန့်အပ်ချက်အရ ငါက အခု လူမျိုးစုခေါင်းဆောင်တွေရဲ့ အုပ်ချုပ်သူဖြစ်သွားပြီ”
ဘန်ဝါးလည်း ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်နှယ် ရယ်မောလိုက်တော့သည်။
“မင်းဘာရယ်တာလဲ ဘန်ဝါး၊ ငါအခုလာတယ်ဆိုတာ လူမျိုးစုတွေဆီက အခွန်ကောက်ဖို့လာခဲ့တာ”
“အခွန်ဟုတ်လား၊ ကျုပ်ဖြင့်နေလာတာတစ်သက်ရှိပြီ ဘာအခွန်မှမကြားဖူးဘူး”
“အရင်က မကြားဖူးပေမယ့် အခုကြားဖူးပြီမဟုတ်လား၊ ကျောက်တုံးမြို့တော် ဘုရင်ကြီးရဲ့ အမိန့်ကိုနာခံပါ။ မျိုးနွယ်စုတွေအားလုံးက သူတို့ရဲ့ အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေကို ဘုရင်ကြီးထံ အိတ်သွန်ဖာမှောက် အခွန်ဆက်သကြရလိမ့်မယ်၊ မဆက်သတဲ့သူတွေအကုန်လုံးကို ဘုရင်ကြီးက ခွင့်မလွှတ်ဘူးတဲ့”
ဘန်ဝါးမျက်နှာပျက်သွားတော့သည်။ သို့သော် လဘေးဝါး ပြောစကားများကို မယုံပေ၊ သူအမုန်းဆုံးလူတစ်ယောက်လည်း ဖြစ်နေသောကြောင့်ဖြစ်သည်။
“တော်စမ်းပါ ခင်ဗျားရဲ့ အရည်မရအဖတ်မရစကားတွေကို ဘုရင့်အမိန့်ဆိုပြီးတော့ မလုပ်နဲ့”
“ဟား . . ဟား ဒီမယ် ဘန်ဝါး၊ မင်း လရှီးတွေ ဘယ်လိုဖြစ်သွားကြသလဲဆိုတာ ကြားဖူးတယ်မဟုတ်လား”
ဘန်ဝါးမတတ်နိုင်တော့ဘဲ လက်သီးကို တင်းတင်းဆုပ်ထားပြီး အံကိုကြိတ်ထားကာ ခေါင်းညိတ်လိုက်တော့သည်။
လဘေးဝါးက ကျားလူမျိုးစုရွာအတွင်း ရှိသမျှ ဆင်စွယ်များ၊ သားရေ၊ သားမွှေးများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ကျောက်အရိုင်းတုံးများ၊ သတ္တုအရိုင်းများ စသည့်အရာများကို ယူဆောင်သယ်ရုံတင်မကဘဲ ကျွဲနွားများကိုပါ ဖမ်းယူကြလေသည်။ ထိုမျှသာမကသေး ကျားလူမျိုး မိန်းမငယ်ကလေးများကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
“လဘေးဝါး၊ ဒီမိန်းကလေးတွေကို ဘာဖြစ်လို့ဖမ်းတာလဲ”
“မျိုးနွယ်စုတွေအားလုံးကို ငါပိုင်တယ် ဘန်ဝါး၊ ဒီတော့ မျိုးနွယ်စုတွေဆီက ငါလိုချင်သမျှကို ယူခွင့်ရှိတယ်၊ နောက်ဆုံး ငါလိုချင်လာရင် မင်းရဲ့အသက်ကိုပါ ယူခွင့်ရှိတယ် ဘန်ဝါး”
လဘေးဝါးက ပြုံးဖြီးဖြီးမျက်နှာနှင့်ကြည့်လိုက်ပြီး
“သိပ်မစိုးရိမ်ပါနဲ့ဘန်ဝါးရယ်၊ မင်းလိုသုံးစားလို့မရတဲ့ အတ္တဘောကြီးကို ငါကလည်းမလိုချင်ပါဘူးကွ၊ ဟောဒီမိန်းကလေးတွေကမှ ငါနဲ့အိပ်လို့ရသေးတယ်၊ ငါမလိုချင်တော့ရင် ကျွန်ဈေးကွက်မှာ သွားရောင်းစားလို့ရသေးတယ်ကွ၊ ဟား၊ ဟား”
ကျားလူမျိုးများအားလုံး မခံမရပ်နိင်ဖြစ်နေကြသော်လည်း ကျောက်တုံးမြို့တော်ဘုရင်ကြီးကို ကြောက်ရသည်မို့ ဘာမှပြန်မလုပ်နိုင်ကြပေ။
လဘေးဝါးကတော့ အလွန်အမြင်ကပ်စရာကောင်းသည့် မျက်နှာပေးလုပ်ပြနေသည်ကို ဘန်ဝါးက အံတင်းတင်းကြိတ်ရင်းကြည့်နေလေသည်။ လဘေးဝါးတို့သည် ရွာကို စိတ်တိုင်းကျ လုယူပြီးသောအခါမှာ နွားလှည်းများ၊ ဝန်တင်လားများနှင့် တနင့်တပိုးသယ်ဆောင်ကာ ထွက်သွားကြတော့သည်။
“ခေါင်းဆောင် . . ခေါင်းဆောင် ဘာမှပြန်မလုပ်တော့ဘူးလား”
“ဘာလုပ်လို့ရမှာလဲကွ၊ ငါတို့တစ်ခုခုပြန်လုပ်တာနဲ့ ငါတို့ တစ်မျိုးနွယ်လုံးကို ဘုရင်ကြီးရဲ့ ရဲမက်တွေက လရှီးတွေလိုမျိုး သတ်ပစ်လိမ့်မယ်ကွ”
ဘန်ဝါးက ရင်နာနာနှင့်ထိုသို့ပြောပြီးနောက် အနီးရှိအိမ်တိုင်ကြီးတစ်တိုင်ကို လက်သီးနှင့် ထိုးလိုက်တော့သည်။ ထိုအခါ အိမ်တိုင်ကြီးမှာ ဘန်ဝါးအားကြောင့် ကျိုးကျသွားလေတော့သည်။
(၂၄)
“သူတို့ ဘာလို့ဆက်လိုက်မလာတာလဲ”
ကဖောကမေးသည့်အမေးကို လချေရှီးပြန်မဖြေတတ်သဖြင့် ခေါင်းသာခါပြလိုက်တော့သည်။ သူတို့နားထဲတွင် ဟောက်သံကြီးတစ်ခုကိုကြားလိုက်ရသည်။ အလွန်ကျယ်ပြောလှသည့် ခန်းမကြီးအလယ်သို့ ကောင်းကင်မှ အလင်းရောင်များက ကျဆင်းနေလေသည်။ ထိုအလင်းရောင်အောက်တွင်တော့ ဘီလူးကြီးတစ်ကောင်မှာ အိပ်မောကျနေလေသည်။ ထိုဘီလူးကြီးမှာ အလွန်သန်စွမ်းလှသည့် ခန္ဓာကိုယ်ကြီးရှိကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေတော့သည်။
“သူက ဘီလူးတွေရဲ့အရှင်သခင်ဖြစ်ရမယ်”
လချေရှီးက တိုးတိုးလေးပြောလိုက်သော်လည်း ဘီလူးကြီးက ကြားသွားပြီးနောက် အိပ်နေရာမှနေ၍ ချက်ချင်းထရပ်လိုက်တော့သည်။ ဆယ့်နှစ်ပေခန့်မြင့်သောအရပ်နှင့် လက်လေးဘက်ပါပြီး ခေါင်းတွင်လည်း ချွန်ထက်ကာ ကော့လန်နေသည့် ဦးချိုကြီးနှစ်ခုလဲ ပါရှိလေသည်။ မျက်လုံးကြီးက အနီရောင်ဖြစ်နေပြီး တစ်ကိုယ်လုံးတွင်လည်း ကြွက်သားအမြှောင်းအမြှောင်းများထနေကာ အလွန်သန်မာလေသည်။
“လူသားတွေ မင်းတို့ဘာလာလုပ်ကြတာလဲ”
“ဘာလုပ်ရမလဲ ရှင့်ကို တိုက်ခိုက်အနိုင်ယူဖို့လာတာပေါ့”
ဘီလူးကြီးက အစွယ်ကြီးများပေါ်အောင်ပြုံးလိုက်တော့သည်။
“ငါ နောက်ဆုံးလူသားနဲ့တိုက်ခိုက်ခဲ့တာတောင် တော်တော်ကြာနေပြီ၊ ဘာပဲပြောပြော မင်းတို့ ဒီအထိအရောက်လာနိုင်ခဲ့တာတော့ ချီးကျူးပါတယ်”
“မင်းနဲ့နောက်ဆုံးတိုက်ခိုက်တာက ဘယ်သူလဲ”
“အင်း၊ ငါမှတ်မိသလောက်တော့ ဆံပင်ရွှေရောင်နဲ့ အသက်သိပ်မကြီးသေးတဲ့သူတစ်ယောက်ပဲ၊ သူက ကောင်းကောင်းမွန်မွန်ဝတ်စားထားတယ်”
“ဒါဆို ကဲရိသများလား . . “
“ကဲရိသ . . ကဲရိသ”
ဘီလူးကြီးက ရေရွတ်နေလေတေတာ့သည်။
“ဟုတ်တယ်၊ ငါမှတ်မိပြီ၊ သူ့နာမည်က ကဲရိသပဲ”
လချေရှီးလည်း အံ့သြသွားမိတော့သည်။
“ဒီလောက်တော်တဲ့ ကဲရိသတောင် ခင်ဗျားကိုမနိုင်ဘူးလား”
ဘီလူးကြီးက ခေါင်းညိတ်လိုက်တော့သည်။
“သူက တော်တော့တော်ပါတယ်၊ ဒါပေမယ့်သူက မှော်ပညာတွေနဲ့ဘဲ တိုက်ခိုက်ခဲ့တာ၊ သူသုံးခဲ့တဲ့ မှော်ပညာတွေကလဲ တော်တော်စွမ်းခဲ့လို့ တိုက်ပွဲတိုက်ရင်း အချိန်ကြာလာတာနဲ့အမျှ သူ့စွမ်းအင်တွေကုန်ပြီး ငါ့ဆီမှာရှုံးသွားတော့တာပဲ”
“မှော်အစွမ်းတွေနဲ့ တိုက်ခိုက်တာတောင်ခင်ဗျားက ဘာမှမဖြစ်ဘူးလား”
“ဟား . .ဟား ငါက နတ်ဘုရားတွေရဲ့ ကျိန်စာသင့်နေတဲ့သူကွ၊ တော်ရုံမှော်အစွမ်းလောက်က ငါ့ကိုယ်ပေါ်က အတားအဆီးကို မဖောက်နိုင်ဘူး။ ကဲရိသလည်း ဒါကိုသိတယ်၊ သူက ငါ့ကိုယ်ပေါ်က အတားအဆီးကို ဖျက်စီးပစ်ဖို့ ကြိုးစားသေးတယ် ဒါပေမယ့် မအောင်မြင်ခဲ့ဘူး”
“ကဲပြောနေကြာပါတယ်၊ မင်းတို့ထဲက ဘယ်သူက ငါနဲ့တိုက်ခိုက်မှာလဲ၊ မင်းတို့ရှုံးရင် မင်းတို့အသားကို စားပြီးတော့ ပြန်အိပ်ရဦးမယ်ကွ”
“ကျွန်မတိုက်မယ်”
ကဖောက ပြောပြီးအရှေ့သို့ထွက်ခဲ့တော့သည်။ ဘီလူးကြီးက နားမလည်နိုင်သည့်မျက်လုံးများနှင့် ကဖောကိုကြည့်လိုက် လချေရှီးကို ကြည့်လိုက်လုပ်နေလေတော့သည်။
“မင်းတို့ စည်းကမ်းကို သိမှာပါ မင်းတို့နိုင်ရင်တော့ မင်းတို့ ဒီကနေထွက်သွားဖို့ နည်းလမ်းရလိမ့်မယ်၊ ငါ့ကို မနိုင်ရင်တော့ မင်းတို့နှစ်ယောက်က ငါ့ရဲ့ အဆာပြေပေါ့ကွာ”
ဘီလူးကြီးက ရယ်မောပြီး လက်နက်များကို ကောက်ကိုင်လိုက်တော့သည်။ လက်လေးဘက်စလုံးတွင် လက်နက်များကိုင်ထားတော့သည်။ ပုဆိန်ကြီး၊ ဓါးမကြီးနှင့် အောက်ဘက်လက်က လှံကိုကိုင်ထားလေသည်။
“ယား”
ကဖောကအော်ကာ ပြေးဝင်သွားတော့သည်။ ဘီလူးကြီးမှာ အလွန်ပြင်းထန်သည့် တိုက်ကွက်များဖြင့် တိုက်ခိုက်ရာ ကဖောမှာ သတိကြီးကြီးထားနေရတော့သည်။ သာမန်လူများကဲ့သို့ လက်နှစ်ဖက်မဟုတ်သဖြင့် လက်နက်များက တစ်ခုပြီးတစ်ခု ကဖောဆီသို့ ပုံစံမျိုးစုံဖြင့် တိုးဝင်လာကြသည်ကို ကဖောက မနည်းရှောင်တိမ်းနေရတော့သည်။
“သူလည်း ဘန်ဝါးလိုပဲ၊ တိုက်ကွက်တွေက နည်းနည်းနောက်ကျနေတယ်၊ ဒါပေမယ့် သူက လက်လေးဘက်ပါတော့ လက်နက်တွေကို သုံးတာကိုင်တာမှာ အားသာချက်ရှိနေတယ်”
ကဖောကရေရွတ်လိုက်ပြီးးနောက် ထုံးစံအတိုင်း ဘီလူးကြီး၏ ခြေထောက်ကို အခွင့်ရလျှင် တိုက်ခိုက်ရန် ဆုံးဖြတ်ထားတော့သည်။ တစ်ချက်တွင် ဘီလူးကြီးက ပုဆိန်ကြီးနှင့် အားကုန်ခုတ်လိုက်ရာ ကဖောက အနောက်သို့ သုံးချက်ခန့်ဂျွမ်းထိုးရှောင်လိုက်ပြီးနောက် မြေပေါ်ပြန်အကျတွင် လက်ထဲမှ လှံကြီးဖြင့် ဘီလူးကြီး၏ ဒူးဆစ်ကိုလှမ်းပစ်ထည့်လိုက်တော့သည်။ ထိုအခါ ဘီလူးကြီးမှာ ဒူးခေါင်းနာသဖြင့် ခြေတစ်ဖက်ထောက်လျှက် ထိုင်ကျသွားတော့သည်။ ကဖောလည်း လျှင်မြန်စွာပင် ဘီလူးကြီး၏ ဦးခေါင်းပေါ်သို့ခုန်တက်လိုက်တော့သည်။ ဘီလူးကြီးလည်း လက်နက်များချပြီး သူ့ခေါင်းပေါ်သို့တက်သွားသည့်ကဖောအား လက်ဖြင့်ဖမ်းတော့သည်။ ကဖောက လက်ကြိုလက်ကြားမှ လျှောကနဲခုန်ချလိုက်ပြီးနောက် ဘီလူးကြီး၏ ကျောဖက်ကို ဆင်းလိုက်တော့သည်။ ဘီလူးဒူးဆစ်မှ လံှတံကြီးကို ဆွဲနှုတ်လိုက်ပြီးနောက် နောက်ထပ်ခြေတစ်ဖက်၏ ဒူးခောက်ကွေးကို လှံဖြင့်ခုတ်ဖြတ်လိုက်တော့သည်။
အလွန်ထက်သည့်လှံသွားမို့ ထိုဒူးခောက်ကွေးက ပြတ်ထွက်သွားပြီး ဘီလူးကြီးလည်း နာကျင်စွာအော်ဟစ်ကာ ဒူးထောက်လျှက်သားလဲသွားတော့သည်။ ကဖောတစ်ယောက် ဘီလူးကြီး၏ကျောကုန်းပေါ်သို့ အမြန်ပြေးတက်လိုက်ပြီးနောက် ဘီလူးကြီး၏ နောက်စေ့သို့ လှံဖြင့် တစ်ဆုံးထိုးထည့်လိုက်တော့သည်။
“ဂူး. . . . ဂါး”
ဘီလူးကြီးက အော်ဟစ်လိုက်ပြီးနောက် သူ့ကိုယ်လုံးကြီးသည် တဖြည်းဖြည်း အဖတ်များကွာကာ ကြွေကျသွားတော့သည်။ ကဖောက အတော်မောပန်းနေသဖြင့် အသက်ကိုပင် မနည်းရှုနေရလေသည်။
မကြာခင် ဘီလူးကြီးသေသွားသည့်နေရာတွင် မြေကြီးထဲမှ အလင်းတန်းများထွက်လာပြီးနောက် လူတစ်ယောက်ပုံစံပေါ်လာတော့သည်။ ခုနကဘီလူးကြီးပုံစံဖြစ်သော်လည်း ယခုတော့ လက်လေးဘက်ပါပြီး အရပ်က ခုနစ်ပေခန့်သာ မြင့်တော့သည်။
“လွတ်ပြီ ကျွတ်ပြီဟေ့”
ထိုသို့ပြောပြီးနောက် ဘီလူးကြီးက ရယ်မောနေတော့သည်။
“နေပါဦးရှင်ကဘယ်သူလဲ နောက်ပြီးဘာလို့ ဒီထဲရောက်နေတာလဲ”
“မင်းကအောင်နိုင်သူအစစ်ပဲ၊ မင်းကိုငါစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ”
ထိုမှအစချီ၍ ဘီလူးကြီးက သူ့ဘဝဇတ်ကြောင်းကို ပြောပြလေတော့သည်။
(၂၅)
“ဒီတစ်ခါ မင်းကြံထားတဲ့အစီအစဉ်က မကောင်းဘူး ဗာဂို”
ဘီလူးကြီး ဗာဂိုက သူ့အကြံအစည်များကို ဘီလူးကျွန်းရှိခေါင်းဆောင်ထံတွင် တင်ပြလိုက်သောအခါ ခေါင်းဆောင်က သူ့အကြံကို မနှစ်သက်ပေ။
“ခေါင်းဆောင်ပြန်စဉ်းစားနော်၊ ကျုပ်တို့ချည်းဘဲ ဘာမှမရှိတဲ့ ဘီလူးကျွန်းပေါ်မှာ နေမယ့်အစား၊ လူသားတွေရှိတဲ့ ကမ်းကိုတက်ပြီး ကျူးကျော်နေထိုင်ကြမယ်ဗျာ၊ အဲဒီမှာ အပင်တွေ၊ သစ်တောတွေနဲ့ ကြွယ်ကြွယ်၀၀ နေကြရအောင်လား”
ဗာဂိုပြောစကားကို ခေါင်းဆောင်ကြီးက မနှစ်သက်သော်လည်း ဘီလူးအမတ် ဆယ့်နှစ်ဦးနှင့် ကျွန်းနေဘီလူးများက ထောက်ခံကြလေသည်။
“မလုပ်သင့်ဘူးဗာဂို၊ ငါတို့တွေကို နတ်ဘုရားတွေက ပြောထားတယ်မဟုတ်လား၊ ကိုယ့်ကျွန်းမှာပဲ ကိုယ်နေဖို့ မှာထားတယ်မဟုတ်လား။ သူတို့စကားကို ငြင်းပယ်ရင် ငါတို့ဘီလူးတွေအပေါ် နတ်ဘုရားတွေရဲ့ ဒေါသက ကျရောက်လာမယ်မဟုတ်လား”
ဗာဂိုက တစ်ချက်မဲ့လိုက်သည်။
“ခေါင်းဆောင်ကြီးကလဲဗျာ တကယ်မရှိတဲ့ နတ်ဘုရားတွေကို တယ်ပြီးကြောက်တတ်တာပဲ၊ ကျုပ်တို့နေတဲ့ကျွန်းကိုလည်းကြည့်လိုက်ပါဦး။ မီးတောင်ကြီးနဲ့ ဘာမှမရှိတဲ့ကျွန်းကြီး၊ အမြဲတမ်းပူလောင်နေတဲ့မြေကြီးတွေနဲ့၊ စားရတာတွေကလဲ မြေအောင်းပိုးကောင်တွေနဲ့ ပိုးတုံးလုံးတွေ၊ လောက်တွေသာ စားကြရတာမဟုတ်လား”
ဗာဂိုက ဆက်ပြောသည်။
“ဒီတော့ ဒဏ္ဍာရီတွေထဲကအတိုင်း ဒီပင်လယ်ကို ဖြတ်ကူးလိုက်ရင် လူတွေနေတဲ့နေရာရှိမယ်၊ စိမ်းလန်းတဲ့ သစ်တောတွေရှိတဲ့နယ်မြေသစ်၊ အေးချမ်းတဲ့နေရာမှာ ကျွန်တော်တို့တစ်တွေ အေးအေးဆေးဆေး နေနိုင်ပြီမဟုတ်လား၊ ကဲ . . အားလုံးရော ထောက်ခံကြရဲ့လား”
ဗာဂိုပြောလိုက်သည့်အခါတွင် ဘီလူးများအားလုံးက ထောက်ခံကြတော့သည်။ ဘီလူးအမတ်ကြီးတွေကလဲ ဆိတ်ဆိတ်သာ နေလိုက်ကြတော့သည်။
“ဗာဂို မင်းဟာ ပြောမရပါလား၊ ကဲ ရဲမက်တွေ ဗာဂိုကိုဖမ်းချုပ်လိုက်ကြစမ်း”
ဘီလူးခေါင်းဆောင်ကပြောလိုက်သည့်အခါ ဘီလူးရဲမက်များက ထလာပြီးနောက် ဗာဂိုဆီသို့မသွားဘဲ ခေါင်းဆောင်ကြီးဆီသို့ သွားကာ ခေါင်းဆောင်ကြီးကို လှံများနှင့် ဝိုင်းချိန်ထားကြတော့သည်။
“မင်း . . မင်းတို့ ဒါဘာလုပ်ကြတာလဲ”
ဗာဂိုက ပြုံးရယ်လိုက်တော့သည်။
“ကဲ ခေါင်းဆောင်ကြီး၊ ခင်ဗျားခေါင်းဆောင်လုပ်ရတာ ကြာပြီဆိုတော့ အေးအေးဆေးဆေးနားလိုက်ဦးနော်၊ အခုအချိန်ကစပြီး ကျုပ်က ဘီလူးတွေရဲ့ ခေါင်းဆောင်ဖြစ်သွားပြီ”
ထိုသို့ပြောလိုက်ကာ ဗာဂိုမှာခေါင်းဆောင်ကြီး၏ ခေါင်းပေါ်မှ သရဖူကို ဆွဲယူလိုက်ပြီးနောက် သူ့ခေါင်းတွင်တပ်လိုက်တော့သည်။ ဘီလူးအပေါင်းကလည်း ဗာဂိုကို လက်ခုပ်သြဘာတီးပြီး ချီးကျူးကြတော့သည်။
“ကဲ အခုအချိန်ကစပြီး ကျုပ်ခေါင်းဆောင်ပဲ၊ အားလုံးပဲ ကျုပ်လုပ်မယ့် အကြံအစည်ကို သဘောတူကြရဲ့လား”
“တူပါတယ်”
“ကဲ ဒါဆိုအသင့်ပြင်ထားကြတော့၊ မကြာခင် ငါတို့လူသားတွေဆီကိုချီတက်ကြမယ်၊ သူတို့နယ်မြေတွေမှာ ငါတို့တွေ သွားပြီး အခြေချနေထိုင်ကြမယ်”
ထိုအခါ ဘီလူးများအားလုံးက စိတ်အားတက်ကြွစွာဖြင့် ညာသံပေးလိုက်ကြတော့သည်။
ဗာဂိုက ဘီလူးကျွန်းတွင် နာမည်ကျော်ကြားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဘီလူးကျွန်းဆိုသည်ကတော့ မီးတောင်ကြီးတစ်လုံးသာရှိပြီး အမြဲမီးတောက်မီးလျှံများ၊ အခိုးအငွေ့များနှင့် ပြည့်နှက်နေသော ကျွန်းကြီးတစ်ခုဖြစ်သည်။ ပထမဆုံးဦးဆုံး နတ်ဘုရားစစ်ပွဲဖြစ်သည့်အခါတွင် ရှုံးနိမ့်ခဲ့သော ဘီလူးများအား နတ်ဘုရားများက ထိုကျွန်းတွင်သာ နေစေရန်ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် ဘီလူးမျိုးများအားလုံးတို့သည် ထိုကျွန်းတွင်သာ မသေရုံတမယ်နေထိုင်ကြရသည်။ စားစရာအလွန်ရှားပါးပြီး ကြမ်းတမ်းသည့်ကျွန်းကြီးတွင် ဗာဂိုတို့ ကြီးပြင်းခဲ့ရသည်။ ဘီလူးတစ်ကောင်သေဆုံးလျှင် အခြားဘီလူးများက ဝိုင်းပြီးစားသောက်ရသည်မို့ အမြဲတမ်းလိုလိုတိုက်ခိုက်ရေးပွဲများကျင်းပပြီး သေသူကို စားသောက်ကြရသည့်ထုံးစံကို ဗာဂိုကအလွန် မုန်းတီးနေပြီဖြစ်ရာ တစ်နေ့သူကြီးလာလျှင် ဒဏ္ဍာရီတွေထဲတွင်ပါသည့် လူသားတို့၏ကုန်းမြေသို့ သွားကာ အခြေချနေထိုင်မည်။ စိမ်းစိုသာယာသော ပတ်ဝန်းကျင်နှင့် အေးမြလတ်ဆတ်သော လေနုအေးကလေးများကို ခံစားမည်ဟု ဗာဂိုက ငယ်စဉ်ကတည်းက တွေးတောကြံစည်ထားလေသည်။
သို့သော်လည်း ကျွန်းမှထွက်ရန် နည်းလမ်းကမရှိ။ လှေဖြင့်သွားရပြန်လျှင်လည်း လှေလုပ်ရန်အတွက် သစ်မရှိ၊ ကျောက်တုံးများသာရှိသည်မို့ ကျောက်တုံးများကလည်း ရေပေါ်မပေါ်နိုင်ပေ။ သို့သော် ဗာဂိုက စုံစမ်းရင်း သတင်းအစအနတစ်ခုကို ရရှိခဲ့လေသည်။
“ကျွန်းပေါ်က မီးတောင်ကြီးထဲမှာ ဘီလူးတွေရဲ့တော်ဝင်ရတနာတစ်ခုကို ထိန်းသိမ်းထားတယ်၊ အဲဒီရတနာနဲ့ဆို ပင်လယ်ဖြတ်ဖို့ဖြစ်နိုင်တယ်”
အကြီးအကဲတစ်ဦးထံမှ သတင်းရသဖြင့် ဗာဂိုတစ်ယောက် မီးတောင်ကြီးဆီသွားခဲ့သည်။ မီးရှင်တောင်ကြီးဖြစ်သဖြင့် တွင်းနှုတ်ခမ်းဝတွင်ပင် အလွန်ပူလောင်လေသည်။ ဗာဂိုလည်း အရဲ့စွန့်ပြီး တွင်းထဲအထိရအောင်ဆင်းသက်လိုက်သည်။ တွင်းအလယ်တွင်တော့ ချော်ရည်များ ဝိုင်းရံထားသည့် ကျောက်တုံးတစ်ခုပေါ်တွင် ဓါးတစ်လက်က ထိုးစိုက်နေလေသည်။ ထိုဓါးမှာ ဘီလူးများ၏ အထွတ်အမြတ်ထားရာ မုန်တိုင်းဓါးကြီးပင်ဖြစ်သည်။
မုန်တိုင်းဓါးမှာ ပထမနတ်ဘုရားစစ်ပွဲတွင် ဘီလူးများဘက်မှခေါင်းဆောင်ကြီး ကိုင်ဆောင်ခဲ့သည့်ဓါးဖြစ်သည်။ ထိုဓါးတွင် အစွမ်းတစ်ခုရှိသည်။ ထိုအစွမ်းကတော့ ဘီလူးမျိုးနွယ်များအား ထိုဓါးနှင့်ထိထားသူမည်သူမဆို ကိုယ်စိတ်ထင်သည့်နေရာသို့ သွားလာနိုင်ရန်အတွက် မုန်တိုင်းကြီးဖန်တီးပြီးသွားလာနိုင်သည့် ဓါးဖြစ်သည်။
ယခုလည်း ဗာဂိုက ထိုဓါး၏အစွမ်းကို အသုံးချပြီး ကုန်းမြေပေါ်သို့ သွားရောက်နေထိုင်မည်ဟု ကြံစည်ရာ ဘီလူးများအားလုံးကလည်း လက်ခံကြလေသည်။ သို့နှင့် ဗာဂိုလည်း မုန်တိုင်းဓါးကိုရရှိခဲ့တော့သည်။
မုန်တိုင်းဓါးကို ကိုင်ဆွဲပြီး ဗာဂိုက မန္တန်များရွတ်ဖတ်ကာ မုန်တိုင်းကြီးတစ်ခုကို ဆင့််ခေါ်လိုက်လေသည်။ ထိုအခါ ကောင်းကင်ကြီးတစ်ခုလုံး နီမြန်းလာခဲ့ပြီးနောက် အလွန်ကြီးမားသည့် မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာသည်၊ ထိုမုန်တိုင်းကြီးက ဗာဂိုအပါအဝင်ဘီလူးများအားလုံးကို စုပ်ယူကာ သယ်ဆောင်သွားလေသည်။ မုန်တိုင်းထဲတွင် ဘီလူးများမှာ လွင့်မြောနေကြသည်။ ဗာဂိုကအမိန့်ပေးလိုက်ပြီးနောက် ဘီလူးကြီးများတစ်ကောင်နှင့်တစ်ကောင် ဖမ်းချုပ်တွယ်ကပ်ကြကာ ကွန်ခြာတစ်ခုအသွင်ဖြစ်သွားစေခဲ့သည်။ ဗာဂိုမှာ မုန်တိုင်းဓါးကို ကိုင်စွဲကာ မုန်တိုင်းကြီးကိုမောင်းနှင်လေရာ အချိန်အတန်ကြာသည့်အခါတွင်တော့ လူသားတို့နေထိုင်ရာ ကုန်းမြေဆီသို့ရောက်လာခဲ့သည်။ လူသားတို့နေထိုင်သည့် ရွာငယ်ကလေးများကို ဖျက်ဆီးကာ လူသားများကို စားသောက်ကြတော့သည်။ ထိုအကြောင်းကို လူသားများက နတ်ဘုရားတို့ထံ တိုင်ကြားလိုက်ရာ နတ်ဘုရားတို့ကချက်ချင်းစစ်ချီတက်လာကာ ဘီလူးများနှင့်တိုက်ခိုက်ကြတော့သည်။ နတ်ဘုရားများနှင့် ဘီလူးူများမှာ ရေရှည်မတိုက်ခိုက်နိုင်သောကြောင့် ဘီလူများစစ်ရှုံးပြီး ကျန်သည့်ဘီလူးများကို နတ်ဘုရားများက ကျွန်းသို့ပြန်ပို့လိုက်ပြီးနောက် ဗာဂိုနှင့် ဘီလူးအမတ် ဆယ့်နှစ်ယောက်တို့ကိုမူ အလွန်နက်ရှိုင်းသည့် တွင်းနက်ကြီးထဲသို့ ပစ်ချကာ လှောင်ပိတ်ထားလေတော့သည်။
“ဒါဆို ရှင်ကအခု ဘာလို့လွတ်ပြီလို့ပြောတာလဲ”
“နတ်ဘုရားတွေက ငါ့ကိုယ်ပေါ်မှာ ကျိန်စာတွေတိုက်ထားခဲ့တယ်၊ မင်းက ငါ့ကိုအခုသတ်လိုက်တော့ ငါ့ကိုယ်တစ်ခုက သေသွားခဲ့ပြီး ကွယ်ပျောက်သွားခဲ့ပြီ၊ အခုအသစ်ဖြစ်လာတဲ့ ကိုယ်ခန္ဓာမှာ ကျိန်စာတွေမရှိတော့ဘူး”
“ဒါဆို အပြင်ကို ဘယ်လိုထွက်ကြမလဲ”
“ဒါကတော့ မင်းတို့ဆက်ပြီး ကူညီမှရမယ်”
ဗာဂိုက ထိုသို့ပြောလိုက်ပြီးနောက် သူတို့ကိုတစ်နေရာသို့ ဦးဆောင်ခေါ်သွားတော့သည်။ ထိုနေရာအလယ်တွင် ကျောက်တုံးကြီးတစ်တုံးရှိကာ ထိုကျောက်တုံးကြီးတွင် ဓါးကြီးတစ်ချောင်းကို စိုက်ထားလေသည်။ ထိုဓါးကြီးတွင် အနီရောင်ချော်ရည်ပုံစံအရည်များက စီးဆင်းနေကြလေသည်။
“ဒါ . . ဒါက”
“ဒါက မုန်တိုင်းဓါးကြီးပဲ၊ ဒါပေမယ့် ဒီဓါးကို ငါကိုင်လို့မရသေးဘူး၊ ငါတို့ ဘီလူးတွေ ကိုင်လို့မရအောင်လို့ နတ်ဘုရားတွေက အစီအရင်တွေလုပ်ခဲ့တယ်၊ ဒီတော့တစ်ယောက်ယောက်ယူပေးမှရမယ်”
ဗာဂိုကပြောဆိုပြီးနောက် ကဖောအားကြည့်လိုက်ရာ
“ကျွန်မယူပေးမယ်”
“ဒါပေမယ့် သတိတော့ထားနော်၊ ဒီဓါးကို နတ်ဘုရားတွေက လွယ်လွယ်နဲ့ထားခဲ့မှာတော့မဟုတ်လို့ပဲ”
ကဖောက ခေါင်းညိတ်လိုက်ပြီးနောက် ဓါးအနီးသို့ တိုးကပ်သွားတော့သည်။ ထို့နောက် လက်နှစ်ဖက်နှင့် ဓါးကြီး၏ လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်တော့သည်။ ထိုအခါတွင် ကဖောအနားတွင် လုံးဝအမှောင်ကျသွားတော့သည်။ ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည့်အခါ သူမှလွဲ၍ မည်သူမျှရှိတော့။ မုန်တိုင်းဓါးကြီးကတော့ အရောင်တွေထွက်ပြီး လင်းလက်နေလေသည်။
“မင်းနာမည်ကဖောတဲ့လား”
အမှောင်ထုအတွင်းမှ အသံတစ်သံကိုကြားလိုက်ရတော့သည်။ အသံက အလွန်ကျယ်လောင်ပြီး ဟိန်းဟိန်းကြီးဖြစ်နေသည်။
“ဒီကောင်မလေးလား ငါတို့ကို စိန်ခေါ်မယ့်သူဆိုတာ”
“ဟုတ်တာပေါ့ သူပဲလေ ကဖောတဲ့”
အသံများက တစ်ယောက်တစ်ခွန်းပြောဆိုနေကြပြီးနောက် ရယ်မောနေကြလေသည်။
“ကဖော မင်းမယုံသင့်ဘူး၊ မင်းသူတို့ကို မယုံသင့်ဘူး”
“ဘယ်သူလဲ ဗာဂိုကိုလား”
“ဗာဂိုက ကောက်ကျစ်တယ်၊ စဉ်းလဲတယ်၊ ကဖောရယ် မင်းဒီဓါးကို ပြန်ချလိုက်စမ်းပါ”
“မရဘူး၊ ကျွန်မဒီထဲကနေ ထွက်သွားရဦးမယ်၊ ကျွန်မရဲ့ မိဘတွေနဲ့ မျိုးနွယ်စုအတွက် လက်စားပြေန်ချေရဦးမယ်”
“ခေါင်းမာလိုက်တဲ့ကဖော”
“မင်းတစ်နေ့တော့ ဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်”
ကဖောလည်း နံဘေးနားတွင်ပြောဆိုနေသည့် ထိုအသံများကို နားမထောင်တော့ဘဲ ဓါးကိုသာ လက်နှစ်ဖက်နှင့် ဆွဲထုတ်လိုက်တော့သည်။ ထို့နောက်ပြင်းထန်သည့် အားတစ်ခုက တွန်းကန်လိုက်သလိုဖြစ်ပြီးနောက် ကဖောလွင့်ထွက်သွားတော့သည်။
“ဟင် ဗာဂို၊ လချေရှီး”
“မင်းသက်သာရဲ့လား”
လချေရှီးက ကဖောကို ဆွဲထူလိုက်ပြီးနောက် ဗာဂိုက ဓါးကိုပြေးကောက်လိုက်တော့သည်။
“ဟား . . .ဟား . . ဟား ရပြီ၊ ငါ့ရဲ့ မုန်တိုင်းဓါးကို ပြန်ရပြီကွ”
ကဖောက လဲနေရာမှပြန်ထလိုက်တော့သည်။
“ဒါဆိုရှင်ပေးခဲ့တဲ့ ကတိအတိုင်း ကျွန်မတို့ကို အပေါ်ကို ပြန်ပို့ပေးတော့”
“ကောင်းပြီလေ”
ထိုအခါ လချေရှီးက ကဖောကို ပွေ့ဖက်လိုက်တော့သည်။
“ကဖောရယ် မင်းကိုငါစိတ်ပူလိုက်ရတာ၊ ငါတို့အခုတော့ အတူတူဒီထဲကနေထွက်သွားနိုင်တော့မှာပေါ့နော်”
“ဟုတ်တယ် လချေရှီး၊ ငါဖြင့် ငါတို့လုပ်နိုင်ခဲ့တာကို ယုံတောင်မယုံနိုင်ဘူး”
“ဒါဆိုနင်အပေါ်ရောက်ရင် ဘာလုပ်မှာလဲ ကဖော”
“ငါ ဘာလုပ်ရမလဲ၊ ငါ့အဖေ၊ ငါ့မိသားစု၊ ငါ့မျိုးနွယ်တွေအတွက် ဘုရင်ကြီးကို ငါလက်စားပြန်ချေရမယ် လချေရှီး၊ နောက်ပြီး ငါနင့်အကူအညီလည်းလိုတယ်”
“မပူပါနဲ့ကဖောရယ်၊ ငါက နင့်ဘေးမှာ အမြဲရှိနေမှာပါ”
ထိုသို့ပြောပြီး လချေရှီးက ကဖောကို ပွေ့ဖက်လိုက်တော့သည်။ ကဖောလည်း လချေရှီးကို အလိုက်သင့်ပြန်ဖက်ထားလိုက်တော့သည်။ ထိုစဉ် ကဖော၏ ကျောကုန်းမှ တဆစ်ဆစ်နှင့်နာကျင်လာသည်ကို ခံစားရလိုက်တော့သည်။ ထိုအခါ လချေရှီး၏ မျက်နှာကိုကြည့်လိုက်ရာတွင် လချေရှီးက သူ့ကိုတွန်းထုတ်လိုက်တော့သည်။ လချေရှီးလက်ထဲတွင် အလွန်ချွန်ထက်နေသော ဓါးမြှောင်ကလေးတစ်ခုကိုတွေ့လိုက်ရတော့သည်။ ကဖောကျောကုန်းမှ သွေးတွေက စီးကျလာတော့သည်။
“ဘာလို့လဲ လချေရှီး၊ နင် ငါ့ကို ဘာလို့ဒီလိုလုပ်ရတာလဲ”
လချေရှီးက ကဖောမျက်နှာကိုကြည့်လိုက်ကာ နှစ်နှစ်ကာကာပြုံးပြလိုက်ရင်း
“မင်းကိုချစ်လို့၊ မင်းကို ငါအရမ်းချစ်လို့”
ကဖောက လချေရှီး၏ မျက်နှာကိုကြည့်ရင်း မျက်ရည်တွေကျဆင်းလာတော့သည်။ ကဖောဘာမှ နားမလည်နိုင်တော့။ သူအချစ်ဆုံးလူတစ်ယောက်က သူ့ကိုပြန်ပြီး ဒီလိုမျိုးလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။
“ချစ်တယ် . . . ချစ်တယ်ဟုတ်လား . . လချေရှီး”
“ဟုတ်တယ်ကဖော ငါလုပ်ခဲ့တာတွေအားလုံးက မင်းကိုချစ်လို့၊ မင်းအတွက်လုပ်ခဲ့တာ”
“ဒါဆိုလည်း လချေရှီးရယ် . . . နင်ငါ့ကို တကယ်ချစ်ခဲ့တယ်ဆိုရင် နင်ငါ့နှလုံးသားတည့်တည့်ကို ဓါးနဲ့ထိုးစိုက်ချလိုက်ပါဟာ”
ကဖောက ပြောပြီးနောက် သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် သံချပ်ကာကို ဖြုတ်လိုက်တော့သည်။ လချေရှီးက ဓါးမြှောင်ကလေးကိုကိုင်ပြီးနောက် ကဖောအနားသို့တိုးကပ်သွားလိုက်သည်။ သူ့မျက်ဝန်းတွင်တော့ မျက်ရည်စတွေ စို့နေသည်ကိုတွေ့လိုက်ရတော့သည်။
“မှတ်ထားကဖော၊ နင်နဲ့ငါက အရင်ကတည်းက ချစ်ခဲ့တဲ့သူတွေ၊ ဟိုးငယ်ငယ်လေးကတည်းက ငါနင့်ကိုချစ်ခဲ့တာ နင်အသိဆုံးပါ၊ ငါအခုလုပ်တယ်ဆိုတာလဲ နင့်ကိုချစ်လွန်းလို့ လုပ်လိုက်တာ”
လချေရှီးက ထိုသို့ပြောပြီးနောက်ချွန်ထက်နေသည့် ဓါးမြှောင်ကလေးကို ကဖောရင်ဘတ်ထဲသို့ ဖြည်းညင်းစွာ ထိုးထည့်လိုက်တော့သည်။ ဓါးဦးချွန်ကလေးက ကဖော၏ နှလုံးသားကို ထိုးဖောက် တိုးဝင်သွားတော့သည်။ ကဖောက အံ့သြခြင်း၊ ဝမ်းနည်းခြင်းများနှင့် ခံစားနေရပြီးနောက် နှုတ်ခမ်းများပါ တုန်ယင်လာလေသည်။ ထို့နောက် လချေရှီးအား ပါးရိုက်ရန်အတွက် လက်ကိုဟန်ပြင်လိုက်တော့သည်။ သို့သော် တကယ်မရိုက်ဖြစ်ခဲ့ပဲ လက်ကိုပြန်ချလိုက်တော့သည်။
“ငါနင့်ကိုချစ်လွန်းလို့ နင့်အသားကိုတောင် ငါမနာကျင်စေချင်ဘူး လချေရှီး၊ နင် . . နင်သွားပါတော့”
ဗာဂိုက မုန်တိုင်းဓါးကြီးကို ကိုင်ဆွဲကာ မွှေ့ယမ်းလိုက်တော့သည်။ ထိုအခါတွင် ကြီးမားသော တိမ်တိုက်ကြီးများက သူတို့ခေါင်းပေါ်တွင်ပေါ်လာခဲ့ပြီးနောက် မိုးကြိုးများကလဲတဖြတ်ဖြတ်နှင့် လင်းလက်တောက်ပနေကာ၊ မိုးခြိမ်းသံများလဲ မြည်ဟီးလာတော့သည်။ လချေရှီးက ဓါးမြှောင်ကလေးကို ဆွဲနှုတ်လိုက်သည်နှင့် ကဖော၏ ရင်ဝမှ သွေးများက စီးကျလာတော့သည်။ ထို့နောက် ကဖောတစ်ယောက် ဘေးစောင်းလဲကျသွားတော့သည်။ လချေရှီးက ဗာဂို၏ လက်ကိုကိုင်ထားလိုက်ပြီးနောက် မကြာခင်မှာပင် မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ သူတို့နှစ်ယောက်ပျောက်ကွယ်သွားလေသည်။ ကဖောတစ်ယောက်သာ အမှောင်ထုအတွင်းကျန်နေရစ်ခဲ့သည်။ မကြာခင် တစ်ကိုယ်လုံး ချမ်းတုန်တက်လာသဖြင့် လက်များကို ရင်ဘတ်ပေါ်တွင် ယှက်တင်ထားလိုက်တော့သည်။
“ချမ်း . . ချမ်းလိုက်တာ၊ ဒီဟာက ငါ့ရဲ့အဆုံးသတ်ပဲလား”
ကဖော မျက်လုံးများက ေ၀ဝါးလာသည်။ ရင်ဘတ်ရှိ ဓါးဒဏ်ရာမှာ တဆစ်ဆစ်နှင့်နာကျင်နေသော်လည်း နှလုံးသားထဲမှ ခံစားချက်များက ပိုမို၍နာကျင်ရပေသည်။
“လချေရှီး နင်ဘာလို့ ဒီလိုလုပ်ရတာလဲ၊ နင်ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ၊ ငါအခုထိကို မယုံနိုင်သေးဘူး”
ပြောရင် ကဖောနှုတ်ခမ်းများမှာ သွေးများဆုတ်သွားသဖြင့် ဖြူဖတ်လာတော့သည်။ မကြာခင်ပင် ကဖောတစ်ကိုယ်လုံး ဖြူဖတ်လာပြီးနောက် မျက်လုံးတွေလည်း သဲသဲကွဲကွဲမမြင်ရတော့ဘဲ အမှောင်ထုကြီးက လွှမ်းခြုံသွားတော့သည်။
“ကဖော . . . သမီး . . ကဖော”
နားထဲတွင် ခေါ်သံကြားသဖြင့် ကဖောမျက်လုံးများကို ဖွင့်ကြည့်လိုက်တော့သည်။ အလွန်ဖြူစင်ဝင်းပနေသည့် အခန်းကြီးတစ်ခုအတွင်း ကဖောက လဲလျောင်းနေလေသည်။ သူ့ဘေးနားတွင်တော့ သူ့အဖေ လငေါရှီးနှင့် သူ့အစ်ကိုများကိုတွေ့လိုက်ရတော့သည်။
“ဟင် အဖေ”
ကဖောလည်း အိပ်နေရာမှ လွှားခနဲ ခုန်ထလိုက်ပြီး သူ့အဖေကိုပြေးဖက်လိုက်တော့သည်။
“အဖေ သမီးသေသွားပြီထင်တယ်၊ အခုဆို အဖေတို့နဲ့တစ်သက်လုံး ကဖောနေရတော့မယ်”
ကဖောက ပြောရင်း မျက်ရည်များကျလာလေသည်။ လငေါရှီးက ခေါင်းခါလိုက်သည်။
“မဟုတ်သေးဘူးသမီး၊ သမီးဒီမှာ မနေရဘူး”
“ဘာလို့လဲအဖေ”
“သမီးမှာ လုပ်စရာတွေရှိသေးတယ် သမီး၊ အဖေတို့မိသားစုအတွက်၊ အဖေတို့ မျိုးနွယ်စုအတွက် သမီးလုပ်ရမှာတွေ အများကြီးရှိသေးတယ်”
“အဖေ . . သမီးဆက်မလုပ်ချင်တော့ဘူး၊ သမီး အဖေနဲ့ပဲ တစ်သက်လုံးနေချင်တော့တယ်၊ အဖေ သမီးကို ခွဲမသွားပါနဲ့”
ကဖောက ထိုသို့ပြောသည့်အခါတွင် သူ့အဖေက တစ်နေရာကိုလက်ညိုးထိုးပြလိုက်သည်။ ထိုနေရာတွင် လူတစ်စုမတ်တပ်ရပ်နေကြသည်။ ထိုလူများကတော့ ကဖောအမေနှင့် မျိုးနွယ်စုမှ ရွာသားများဖြစ်ကြလေသည်။
“သမီး သူတို့ကိုမေ့သွားပြီလား”
“အမေ . .အမေ”
ကဖောအော်လိုက်သည့်အခါ ထိုလူစုကြီးမှာ ကဖောနှင့် တဖြည်းဖြည်းဝေးကွာသွားကြတော့လေသည်။
“ဒီမှာသမီး၊ သမီးအခု သေလို့မရသေးဘူး၊ သမီးမှာ လုပ်စရာတွေအများကြီးရှိသေးတယ်၊ သမီး ပြန်မှရမယ်၊ တစ်နေ့ကျရင်တော့ သမီးအဖေတို့အားလုံးနဲ့ ပြန်တွေ့နိုင်မှာပါ”
ကဖောက ခေါင်းအတင်းခါနေသော်လည်း လငေါရှီးက ကဖောကိုတွန်းထုတ်လိုက်တော့သည်။ ထို့နောက် ကဖောရင်ဘတ်ကို ခြေထောက်နှင့် ဆောင့်ကန်လိုက်ရာ ကဖောမှာလွင့်ထွက်သွားပြီး အလွန်နက်ရှိုင်းသည့် ချောက်ကြီးအတွင်းသို့ ပြုတ်ကျသွားသလိုခံစားလိုက်ရတော့သည်။
“ကဖော မင်းဟာလေ ငါမြင်ဖူးသမျှလူတွေထဲမှာ အရဲရင့်ဆုံးနဲ့ အဖြူစင်ဆုံးလူတစ်ယောက်ပဲ”
နားထဲတွင် စကားပြောသံကို ကြားနေရလေသည်။ ကဖောလဲ အပူဒဏ်ကို ခံစားမိလိုက်သဖြင့် မျက်လုံးများကို အားယူပြီးဖွင့်လိုက်ရတော့သည်။ ပူနွေးသည့် နေရောင်ခြည်နှင့်ထိတွေ့လိုက်ရသဖြင့် ကဖောက အံ့သြသွားမိတော့သည်။ ထိုအခါ ခေါင်းကိုအသာကလေး လှည့်လိုက်ပြီး ဘေးသို့ကြည့်လိုက်ရာ အဘိုးအိုတစ်ဦးကို တွေ့လိုက်ရတော့သည်။ စကားပြောရန်အတွက် နှုတ်ခမ်းများကိုအားယူလိုက်သော်လည်း ပါးစပ်က ဟမရဘဲ အားမရှိသဖြင့် ဖျော့တော့နေလေသည်။
“မင်းမေးချင်တဲ့မေးခွန်းတွေအများကြီးရှိတယ်ဆိုတာ ငါသိတယ်”
အဘိုးကြီးက ထိုသို့ပြောလိုက်သည့်အခါ အတွင်းစိတ်ထဲမှအရာများကိုသိနေသဖြင့် ကဖောလည်း အံ့သြသွားတော့သည်။ အဘိုးကြီးက ကဖောဘက်သို့လှည့်လိုက်တော့မှ လိပ်ဘိုးဘိုးကြီးဖြစ်နေလေသည်။ လိပ်ဘိုးဘိုးက သစ်သားခွက်တစ်ခုနှင့် ဆေးရည်တစ်မျိုးခပ်လာပြီး ကဖောနှုတ်ခမ်းနားတွင်တေ့လိုက်ကာ ပါးစပ်အတွင်းသို့လောင်းထည့်လိုက်တော့သည်။ ကုန်ဆုံးနေသော ကဖော၏ အားအင်များမှာ တခဏအတွင်းပင် ချက်ချင်းပြည့်လာသလို ခံစားမိလိုက်သည်။
“လိပ်ဘိုးဘိုး. . . အဖိုးက လချေရှီးရဲ့ ဆရာပဲ”
လိပ်ဘိုးဘိုးက ခေါင်းကိုညိတ်လိုက်တော့သည်။ ကျောက်တောင်စွန်းတစ်ခုကို အမှီပြု၍ တည်ဆောက်ထားသည့် အခန်းကလေးဖြစ်ကာ အခန်းတစ်ဖက်မှနေ၍ ချောက်ကမ်းပါးကြီးကို မြင်နေရလေသည်။ ထိုအခန်းထဲတွင်လည်း ဆေးပင် ဆေးရွက်များနှင့် ရှုပ်ယှက်ခတ်နေတော့သည်။
“ကျွန်မ . . ကျွန်မက သေပြီးပြီမဟုတ်လား၊ အဖိုးက ဘယ်လိုလုပ်ပြီး ကျွန်မကိုကယ်လိုက်တာလဲ”
“ဒီမယ်ကလေးမလေး ငါအသက် ရှစ်ရာနီးပါးရှည်နေတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ဘူးကွ၊ နောက်ပြီး မင်းကို ငါကယ်လိုက်တာလဲ မဟုတ်ဘူး၊ မင်းကို ဖရီရန်ကယ်လိုက်တာ”
“ဖရီရန် ဟုတ်လား”
သူတို့စကားပြောနေစဉ်မှာပင် လိပ်ဘိုးဘိုးက မီးပုံအတွင်းသို့ သစ်ရွက်ခြောက်များအနည်းငယ်ပစ်ထည့်လိုက်တော့သည်။ ထိုအခါ ထိုမီးပုံမှာ မီးခိုးများ အူတက်လာပြီးနောက် ထိုမီးခိုးငွေ့ဖြူဖြူများမှာ လူပုံသဏ္ဍာန်တစ်ခုအဖြစ်ပြောင်းလဲလာကာ ဖရီရန် သည်မီးပုံအတွင်းမှ ထွက်လာလေတော့သည်။ ဖရီရန်မှာ တစ်ကိုယ်လုံးကို အနက်ရောင်ငှက်မွှေးများဖြင့်ပြုလုပ်ထားသည့် ခြံထည်ကြီးဝတ်ဆင်ထားပြီး ခေါင်းတွင်လည်း ငှက်ခေါင်းသဏ္ဍာန်ပြုလုပ်ထားသည့် ခေါင်းဆောင်းကိုဆောင်းထားကာ လက်တွင်တော့ အလွန်သေးသွယ်သည့် တုတ်ရှည်တစ်ချောင်းကို ကိုင်ထားပြီး ထိုတုတ်တံထိပ်တွင်လည်း သစ်ကိုင်းခွသုံးခုပါလေတော့သည်။ မီးပုံအတွင်းမှ လျှောက်ထွက်လာပြီးတော့ ကဖောအနားတွင် မတ်တပ်ရပ်လိုက်တော့သည်။
“နောက်ဆုံးတော့ မင်းနိုးလာပြီပေါ့ ကဖော”
“ရှင်က ကျွန်မကို ဘာလို့ကယ်တာလဲ”
“ဘာလို့လဲဆိုတော့ မင်းမမွေးခင်ကတည်းက မင်းကိုငါစောင့်ကြည့်နေခဲ့တာ၊ အခုမင်းကြီးပြင်းလာတဲ့ တောက်လျှောက်လည်း မင်းကို ငါစောင့်ကြည့်ခဲ့တယ် ကဖော”
“ကျွန်မရှင့်ကိုမသိဘူး”
“မင်းသိစရာမလိုပါဘူး၊ ငါမင်းကိုကယ်လိုက်ရတယ်ဆိုတာကလဲ တခြားတော့မဟုတ်ဘူး၊ မင်းမှာသေကံမရှိသေးဘူး၊ မင်းရဲ့ ကံကြမ္မာကြိုးမျှင်က ဒီနေရာမှာ မပြတ်တောက်သေးလို့ပဲ”
“ဒါနဲ့ ကျွန်မအဲဒီလှိုဏ်ဂူကြီးထဲကနေ ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ”
“ငါက ဖရီရန်ပဲလေ၊ ဒီလောကကြီးမှာ ကိုယ်သွားချင်တဲ့နေရာကို သွားလို့ရတဲ့အစွမ်းက နှစ်ခုပဲရှိတယ်၊ အဲဒီအစွမ်းက မုန်တိုင်းဓါးနဲ့ ငါ့ဆီမှာပဲရှိတာ”
“ဒါဆိုကျွန်မ လချေရှီးကိုလိုက်ရှာရမယ်၊ သူဘာလို့ကျွန်မကို ဒီလိုလုပ်ခဲ့တာလဲဆိုတာကို ကျွန်မသိအောင်လုပ်ရမယ်”
“အချိန်မကျသေးဘူးကဖောရဲ့ ၊ တစ်ပတ်လောက် နားနေပါဦး”
“ဘာလို့လဲ”
ကဖောက မေးသည့်အခါ ဖရီရန်က ပြုံးနေတော့သည်။ ထို့နောက်မှ
“မင်းငယ်ငယ်ကတည်းက ဘာလို့သိုင်းတော်နေတာလဲ၊ နောက်ပြီး ဘာလို့ ဘန်ဝါးအဖေကိုရော ဘန်ဝါးကိုရော အနိင်ရခဲ့တာလဲ၊ ဘာလို့ လိပ်ဘိုးဘိုး ကျောက်တုံးမြို့တော်ကနေ ရုတ်တရက်ထွက်သွားတာလဲ၊ ဒါတွေအားလုံးဟာ ပရမ်းပတာတွေဖြစ်နေတာမဟုတ်ဘူးကဖော၊ ဒါတွေအားလုံးက သူ့အစီအစဉ်တကျဖြစ်နေတာ”
“ဒါတွေကို ကျွန်မဘာမှနားမလည်တော့ဘူး”
“ဒါကြောင့် မင်းကိုငါက အရဲရင့်ဆုံးနဲ့ အဖြူစင်ဆုံးဆိုတဲ့ ဘွဲ့ပေးထားတာပေါ့ကဖောရယ်၊ မင်းနားလည်သလိုပြောရရင် မင်းက သာမန်လူမဟုတ်ဘူး၊ မင်းမှာ လူတွေနဲ့ နတ်ဘုရားတွေကို ကယ်တင်နိုင်မည့်စွမ်းရည်တွေရှိတယ်၊ ဒါကြောင့် မင်းကို ငါတို့လိုအပ်တယ်၊ မင်းအတွက်ကြောင့်နဲ့ ငါတို့အားလုံးဟာ ကြိုးပမ်းနေရတယ်”
ကဖောက ဖရီရန်ပြောလေ ရှုပ်လေဖြစ်သည်။
“ကဲပါ မင်းအနားယူတော့ ခုနစ်ရက်ပြည့်မှ မင်းဒီတောင်ပေါ်ကနေဆင်းရမယ်၊ လိပ်ဘိုးဘိုးတိုက်တဲ့ဆေးတွေကို သေချာသောက်”
ဖရီရန်ကပြောပြီးနောက် မီးပုံကြီးထဲ ဝင်သွားရန်ပြင်လိုက်တော့သည်။
“ကဖော မင်းတစ်ခုမှတ်ထားရမှာက မင်းအခုဖြစ်နေတဲ့အရာတွေအားလုံးဟာ သူ့အလိုလိုဖြစ်နေတာမဟုတ်ဘူးကွ၊ အကွက်ကျကျစီစဉ်ထားတဲ့အရာတွေဖြစ်နေတာပဲ”
ကဖောမျက်မှောင်ကြုတ်လိုက်တော့သည်။
“ဒါ . .ဒါဆို ဘယ်သူက စီစဉ်နေတာလဲ”
“ကံကြမ္မာပေါ့ကွာ”
ထိုသို့ပြောပြီးနောက် ဖရီရန်က မီးပုံကြီးအတွင်းဝင်သွားကာ မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့သည်။
(၂၆)
“ငါ့သား . . ငါ့သား ပြန်လာပြီလား”
နန်းတော်အခန်းအတွင်းဝင်လာသည့် လချေရှီးကိုကြည့်လိုက်ပြီးနောက် လဘေးဝါးက ပွေ့ဖက်ကာ နှုတ်ဆက်လိုက်တော့သည်။
“ဒါနဲ့ ကဖောသေပြီလား”
“သေချာတယ်အဖေ၊ ကဖောရဲ့နှလုံးသားကို ကျွန်တော်ကိုယ်တိုင် ဓါးနဲ့ထိုးခဲ့တာပဲ”
“ကောင်းတယ်သား၊ ကဖောကို သတ်လိုက်နိုင်တယ်ဆိုတာ ငါတို့ ပြသနာပေါင်းတစ်ထောင်လောက်ကို ဖြေရှင်းလိုက်တာနဲ့အတူတူပဲ၊ ကဖောက ငါတို့အနာဂါတ်မှာ ဆူးညှောင့်ခလုပ်တစ်ခုပဲကွ”
“ဒါဆို ရှေ့လျောက်ဘာဆက်လုပ်ကြမလဲ အဖေ”
“အဖေတို့ရဲ့ အကြံအစည်အတိုင်း ကျောက်တုံးမြို့တော်က ဘုရင်ကြီးကို နန်းချဖို့ကြံရမယ်၊ ဘုရင်ကြီးသေရင် ငါက ဘုရင်တက်လုပ်မယ်၊ သားက အဖေသေတော့ ဘုရင်ဆက်လုပ်ပေါ့”
“ဒါပေမယ့် ဒီအကြံအစည်မအောင်မြင်ခဲ့ရင်ကော”
“မအောင်မြင်ခဲ့ရင်တော့ မင်းခေါ်လာခဲ့တဲ့ ဗာဂိုကို အသုံးချရတာပေါ့ကွာ”
လချေရှီးလည်း ခေါင်းညိတ်လိုက်တော့သည်။
“သားလည်း အနားယူတော့၊ ဘာပဲပြောပြော ငါ့သားကို ငါအရမ်းလေးစားပါတယ်၊ ဒီလောက်ကြီးလေးတဲ့တာဝန်ကို အဖေ့အတွက်ထမ်းဆောင်ပေးခဲ့တယ်”
“ဘာလို့လဲအဖေ၊ အဖေ့ရဲ့ ဆူးငြှောင့်ကြီးတစ်ခုကို ရှင်းလိုက်နိုင်တဲ့အတွက်လား”
“ဟား ဟား မဟုတ်ဘူး၊ မင်းတကယ်ချစ်တဲ့သူကို ပြန်ပြီးလုပ်ရက်တာကို အဖေချီးကျူးတာ”
လချေရှီးလည်း အခန်းအတွင်းမှ ပြန်ထွက်ခဲ့တော့သည်။ အပြင်ပြန်ထွက်လိုက်တော့ သူ့မိခင်ဖြစ်သူနှင့် တွေ့ဆုံတော့သည်။
“သားလေး လချေရှီး”
“အမေ . . “
သားအမိနှစ်ယောက်ပွေ့ဖက်လိုက်ကြတော့သည်။
“သားလေး သေဆုံးသွားပြီလို့အမေထင်နေတာ သားရဲ့”
“စိတ်ချပါအမေ သားလွယ်လွယ်နဲ့ မသေပါဘူး”
သုံးရက်ခန့်အကြာ။
ကဖောက အားအင်ပြည့်ဖြိုးနေပြီဖြစ်သည်။ ထိုင်ပင်ထိုင်နိုင်နေပြီး လမ်းတစ်လှမ်းနှစ်လှမ်းလျောက်နိုင်နေချေပြီ။
“ဒါနဲ့ ဟိုနေ့က ဖရီရန်ပြောသွားတာတွေ တစ်ခုမှ နားမလည်ဘူး”
“နားမလည်တာလဲ ခပ်ကောင်းကောင်းပါ၊ နားလည်ရင် မင်းပိုခံစားရမှာပေါ့”
“ပြောပါပါလိပ်ဘိုးဘိုးရယ်”
လိပ်ဘိုးဘိုးက သူ့နှုတ်ခမ်းမွှေးအရှည်ကြီးတွေကို လက်ဖြင့်တဆုံးသပ်နေတော့သည်။
“အင်း ပြောရမယ်ဆိုရင်တော့ မင်းမမွေးခင်ကတည်းက စတာပဲကွ”
(၂၇)
လဘေးဝါးမှာ အလွန်အကြံအစည်ကြီးသူဖြစ်သည်။ သူက သူ့ဖခင်မှာစကားအရသာ လရှီးလူမျိုးများတွင် နေထိုင်ခဲ့ရသော်လည်း အမှန်စင်စစ်အားဖြင့် လူမျိုးစုခေါင်းဆောင်တစ်ယောက် သို့မဟုတ် လူအများက လေးစားရသည့် သူတစ်ယောက်ဖြစ်ချင်သည်။ သို့သော် ယခုတော့ လရှီးရွာကလေးတွင် မထင်မရှားနတ်ဆရာကလေးအဖြစ် နေထိုင်နေရသည်ကို မကျေနပ်နိုင်ပေ။ တစ်ရက်တွင် လရှီးလူမျိုးများ စစ်တိုက်ပြန်လာရာတွင် အခြားလူမျိုးများမှ မိန်းမများပါလာကြသည်။ ထိုမျိုးနွယ်က လီဝါးမျိုးနွယ်မှန်း လဘေးဝါးသိလိုက်ရတော့သည်။
နတ်ဆရာဆိုသည်မှာ ဆေးလဲကုသရသည်။ နတ်ဘုရားတွေအားလည်း ပူဇော်ပသမှု ပြုကြရသူဖြစ်သည်။ သို့သော် လရှီးလူမျိုးများက အခြားလူမျိုးများလိုမဟုတ်ဘဲ နတ်ဆရာနှင့် နတ်ဘုရားတွေကို သိပ်မယုံကြည်ကြပေ။ သူတို့ယုံကြည်သည်မှာကိုယ်ပိုင်ခွန်အားဖြစ်သည်။ ထို့ကြောင့် လဘေးဝါးကို ရွာမှလူများက လူပေါ်ကျော့တစ်ယောက်၊ လက်ကျောမတင်းသည့်သူတစ်ဦးအဖြစ်သာ မှတ်ယူထားကြသည်။ သူ၏ ငယ်သူငယ်ချင်းဖြစ်သူ၊ လရှီးမျိုးနွယ်စုများ၏ခေါင်းဆောင် လငေါရှီးတစ်ယောက်က သူ့ကို ကာကွယ်ပေးထားသည်မို့ ခေါင်းဆောင်မျက်နှာထောက်ပြီး သူ့ကို မချေမငံတော့ မလုပ်ရဲကြချေ။
လီဝါးများကို သိမ်းသွင်းလာသည့်အပေါ် လဘေးဝါးက အခွင့်ကောင်းတစ်ခုအဖြစ်ကြံစည်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ခုနစ်ရက်တိုင်တိုင် အလွန်ကြီးမားသော အကြံအစည်ကို ရေးဆွဲနေတော့သည်။ လရှီးမျိုးနွယ်စုများ၏ခေါင်းဆောင် လငေါရှီးက သိမ်းပိုက်လာသော လီဝါးမိန်းမများနှင့် ခုနစ်ရက်တိုင်တိုင် ဆက်ဆံပြီးတော့မှ ကျန်သည့်မိန်းမများကို ရွာသားများအား ခွဲဝေပေးတော့သည်။ ထိုအခါ လဘေးဝါးက သူအရင်ဆုံးအမျိုးသမီးတစ်ယောက်ကို ရွေးချယ်မည်ဟု ပြောလိုက်သည့်အခါ လငေါရှီးလည်း လက်ခံလိုက်တော့သည်။
“အင်း ဒီမိန်းကလေးကြည့်ရတာ ကိုယ်ဝန်လနုနုပါလာပုံထောက်တော့ လငေါရှီးနဲ့ရတဲ့ ရင်သွေးမဖြစ်နိုင်ဘူး၊ ငါ့အကြံအစည်မှာ သူ့ကိုအသုံးချလို့ရနိုင်တယ်”
ဆေးဝါးပညာတတ်သည့် လဘေးဝါးမှာ ထိုမိန်းကလေး ကိုယ်ဝန်ရှိနေကြောင်းကို ခန့်မှန်းသိလိုက်ပြီးနောက် ထိုမိန်းကလေးအား သူ့မိန်းမအဖြစ် တဲအတွင်းသို့ခေါ်လာခဲ့တော့သည်။
“မိန်းကလေး မင်းနာမည် ဘယ်လိုခေါ်လဲ”
“ကျွန်မနာမည် ယုဝါပါ”
“ကောင်းပြီ၊ မင်းကိုသေချာမေးမယ် မင်းငါ့ကိုအမှန်အတိုင်းဖြေပါ”
ယုဝါ ဟုသောမိန်းကလေးက ခေါင်းကိုအသာညိတ်ပြလိုက်တော့သည်။
“မင်းမှာ ကိုယ်ဝန်ရှိတာ ဘယ်လောက်ကြာပြီလဲ”
ထိုမိန်းကလေးလည်း မျက်လုံးများပြူးသွားတော့သည်။
“မကြောက်နဲ့၊ မင်းငါ့ကို အမှန်အတိုင်းပြောလို့ရတယ်၊ မင်းကိုငါ ဒုက္ခမပေးဘူး”
ထိုအခါ မိန်းကလေးက လက်နှစ်ချောင်းထောင်ပြလေသည်။ လဘေးဝါးမှာလည်း ကျေနပ်စွာဖြင့် ပြုံးလိုက်တော့သည်။
“မင်းနဲ့ငါ အပေးအယူတစ်ခုလုပ်ရအောင်၊ မင်းလရှီးတွေကို မုန်းတယ်မဟုတ်လား”
“ဘယ်လိုများပြောလိုက်တာလဲရှင်၊ ဒီလူတွေက ကျွန်မရဲ့မိဘ၊ ကျွန်မရဲ့ဆွေမျိုးတွေနဲ့၊ ကျွန်မမွေးထားတဲ့ကလေးလေးကိုပါ ရက်ရက်စက်စက်နဲ့ သတ်ပစ်ခဲ့ကြတာပဲ၊ ကျွန်မ သူတို့ကို လုံးဝမကျေနပ်ဘူး၊ ကျွန်မအရမ်းမုန်းတယ်၊ အသည်းထဲက မုန်းတယ်”
“ကောင်းပြီ၊ ဒါဆိုရင်တော့ မင်း ဒီကလေးကို ကောင်းကောင်းမွန်မွန်မွေးဖွားပေးပြီး ကြီးပြင်းလာအောင် စောင့်ရှောက်ပေးရမယ်”
“ဒါဆို . . ရှင် . .ရှင်က ဘာလုပ်ပေးမလဲ”
“တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် လရှီးမျိုးနွယ်စုတွေကို မင်းလက်တုန့်ပြန်နိုင်ရမယ်လို့ ငါကတိပေးတယ်၊ မင်းရဲ့သားကိုလည်း အကြီးအကဲတစ်ယောက်ဖြစ်စေရမယ်လို့ ငါကတိပေးတယ်”
“ကောင်းပြီလေ၊ ဒါဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့”
ထိုလီဝါးမိန်းကလေး ယုဝါမှာ သိပ်မကြာခင်တွင်ပင် သားကလေးတစ်ဦးဖွားမြင်လေသည်။ လငေါရှီးက လရှီးမျိုးနွယ် ဟုတ်မဟုတ် သံသယရှိသော်လည်း လဘေးဝါးက ပြောထားသဖြင့် လရှီးဟုသာ ထင်မှတ်နေပြီး နာမည်ကိုလည်း လချေရှီးဟု ပေးလိုက်တော့သည်။ မျိုးနွယ်စုများ၏ ထုံးစံမှာ လူအမည်များကို အကြီးအကဲက ပေးရခြင်းဖြစ်သည်။ လချေရှီးမွေးဖွားပြီး တစ်လခန့်အကြာတွင် ကဖောမွေးဖွားတော့သည်။ မိန်းကလေးယုဝါနှင့် လဘေးဝါးမှာ လင်မယားကဲ့သို့ဆက်ဆံသော်လည်း နောက်ထပ်ကလေးမရတော့ပေ၊ ကလေးမရနိုင်အောင်လည်း လဘေးဝါးက ပြုလုပ်လိုက်ခြင်းဖြစ်သည်။
နှစ်တွေကြာငြောင်းခဲ့ပြီဖြစ်သည်။ လချေရှီးဆံပင်တွေက လရှီးတွေလို ဆံပင်အနက်မဟုတ်ဘဲ ဆံပင်တွေက နီကျင်ကျင်အရောင်တွေဖြစ်နေသည်။ ထိုအခါ ရွာမှလူများက သံသယဖြစ်လာကြသည်။ လဘေးဝါးကပဲ သူတတ်သည့် ဆေးပညာဖြင့် သစ်မြစ်တစ်ခုကို ထုထောင်းပြီး အရည်ညှစ်ကာ ထိုအရည်များကို ဆံပင်တွင် သုတ်လိမ်းလိုက်သည့်အခါ ဆံပင်မှာ နက်သွားတော့သည်။ သို့သော် ထိုအရည်များသည် တစ်လခန့်သာခံပြီး ရေစိုလျှင်ပျက်တတ်သည်မို့ လချေရှီးတစ်ယောက် သတိကြီးကြီးထားရတော့သည်။
လချေရှီးကို ရွာမှ လူများက ပစ်ပယ်ထားကြသော်လည်း လငေါရှီး၏ သမီး ကဖောနှင့်တော့ အလွန်တည့်ကြသည့် သူငယ်ချင်းတွေဖြစ်သည်ကို လဘေးဝါးက သိထားသဖြင့် ပိုပြီးဝမ်းသာမိနေသည်။
“သား . . မိန်းကလေးကဖောနဲ့ မင်းနဲ့အတော်ပဲ ချစ်ခင်ကြတယ်ဆို”
“ဟုတ်ကဲ့အဖေ၊ ရွာကလူတွေက ကျွန်တော့ကို ပစ်ပယ်ထားပေမယ့် မိန်းကလေးကဖောကတော့ ကျွန်တော့်ကို တော်တော်ခင်တယ်”
“ကောင်းပါတယ်သားရယ်၊ ဘာပဲပြောပြော ခေါင်းဆောင်ရဲ့သမီးနဲ့ ခင်တယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်လား ဟား . . ဟား”
လဘေးဝါးတစ်ယောက် နောက်ကွယ်တွင် ကောက်ကျစ်သည့် အကြံများချထားသဖြင့် ရယ်မောလိုက်ခြင်းကို သားဖြစ်သူ လချေရှီးကတော့ ဖြူစင်သဖြင့် ဘာဆိုဘာမှမသိပေ။
လချေရှီးနှင့် ကဖောလည်း တပူးပူးတတွဲတွဲနှင့် အခုဆို ရင်ခုန်တတ်တဲ့အရွယ်ရောက်လာခဲ့ပြီ။ ထိုနေ့က လချေရှီးက ပျော်ရွှင်စွာဖြင့် အိမ်သို့ပြန်လာလေသည်။
“အဖေ့ကို သားပြောစရာရှိတယ်”
“နေဦး၊ မင်းအမေနဲ့အရင် စကားပြောလိုက်ပါဦး”
လဘေးဝါးက ထိုသို့ပြောလိုက်ပြီးနောက် အိမ်အပြင်သို့ထွက်သွားလေသည်။ ယုဝါက လချေရှီးကို သူတို့ဟာ လရှီးတွေမဟုတ်ကြောင်းနဲ့ လရှီးတွေကို လက်တုန့်ပြန်ပြီး လီဝါးမျိုးဆက်ပြန်လည်တည်ဆောက်ရမည့်အကြောင်းတွေကို ပြောဆိုကာ ကတိပေးခိုင်းနေသဖြင့် လချေရှီးလဲ ကတိပေးလိုက်ရတော့သည်။
“ဒါနဲ့ သားပြောစရာရှိတယ်ဆို”
လချေရှီးခေါင်းခါလိုက်သည်။ သူပြောမည့်အကြောင်းကတော့ ကဖောနှင့် အိမ်ထောင်ပြုဖို့ကိစ္စဖြစ်သည်။ အခုတော့ ကဖောနှင့် သူမှာ ရန်သူတွေဖြစ်သွားခဲ့ကြချေပြီ။ ကဖောတင်မက ကဖောတို့ တစ်မျိုးနွယ်စုလုံးဟာ သူ့ရန်သူတွေအဖြစ် နေ့ချင်းညချင်း ဖြစ်သွားကြတော့သည်။ ထိုနောက်ပိုင်း လချေရှီးမှာ ကဖောနှင့် ပေါင်းသင်းသည့်အခါ အရင်လို ဟက်ဟက်ပက်ပက်မရှိတော့ဘဲ မှိုင်တွေငေးမောနေတော့သည်။ သူငယ်ချင်းအဖြစ်လည်းကောင်း၊ ချစ်သူများအဖြစ်လည်းကောင်း ချစ်ခင်ခဲ့သည့် ကဖောကို ရန်သူတစ်ယောက်အဖြစ် မှတ်ယူရန်မှာ လချေရှီးအတွက် အလွန်ကြီးလေးခက်ခဲသည့် ကိစ္စကြီးတစ်ခုပင်ဖြစ်သည်။
ကဖော၏အရည်အချင်းများကို သိမြင်လိုက်ရသည့်အခါ လဘေးဝါးတစ်ယောက် မိမိ၏ စီမံကိန်းကို စတင်ရတော့မည်ဟု သတ်မှတ်လိုက်တော့သည်။ ထိုအခါ တစ်သက်လုံးခင်လာသည့် လငေါရှီးနှင့် ကောက်ကာငင်ကာ စကားများလိုက်တော့သည်။ လငေါရှီးကလဲ မူးနေသဖြင့် ဒေါသထွက်နေကာ ပေါက်ကွဲနေတော့သည်။ ထိုအချက်ကပဲ လဘေးဝါးတို့ကို ရွာမှ သံသယကင်းကင်းထွက်ခွာနိုင်ခဲ့သည့် အကြောင်းပြချက်တစ်ခုဖြစ်ပေသည်။
“အဖေ သားတို့ ဘယ်သွားကြမလဲ”
အထုတ်အပိုးတွေလွယ်ပြီး လချေရှီးနှင့် လဘေးဝါးတို့ ရွာမှအတူတူထွက်ခဲ့ကြတော့သည်။
“အဖေတို့ ကျားလူမျိုးတွေဆီသွားမယ်သား”
“ကျားလူမျိုးတွေက တောင်ကြီးရဲ့ တစ်ဖက်ခြမ်းမှာနေတဲ့သူတွေမဟုတ်လား”
“ဟုတ်တယ်၊ ဒါတင်မကသေးဘူး ကျားလူမျိုးတွေက မျိုးနွယ်စုတွေထဲမှာ အကြီးမားဆုံးနဲ့ အင်အားအကောင်းဆုံး မျိုးနွယ်စုတစ်ခုပဲ”
လဘေးဝါးပြောသည်ကလည်း မှန်သည်။ ကျားလူမျိုးစုရွာကြီးက လရှီးရွာထက် လေးငါးဆခန့်ပိုကြီးကာ လူဦးရေလည်း ပိုများသည်။ နတ်ဘုရားများအပေါ် အလွန်ကိုးကွယ်အားထားသည့် ကျားလူမျိုးများက လဘေးဝါးတို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါသည်။ ကျားလူမျိုးရွာတွင် အခြားနတ်ဆရာသုံးလေးဦးခန့်ရှိပြီးဖြစ်သော်လည်း လဘေးဝါး၏ အကြံအစည်နှင့်ထိုသူတို့ကို တစ်လအတွင်းမောင်းထုတ်နိုင်ခဲ့သည်သာမက၊ လရှီးမျိုးနွယ်စုရွာကိုပါ တိုက်ခိုက်ပေးရန် အကြံပေးမည်ဟုဆိုသဖြင့် လဘေးဝါးမှာ နေ့ချင်းညချင်း လူမျိုးစုခေါင်းဆောင်၏ အားကိုးယုံကြည်ချင်းကို ခံရလေသည်။
သို့သော် လချေရှီးက တိုက်ပွဲသတင်းကြားပြီး လငေါရှီးတို့ကို သွားပြောလိုက်သဖြင့် သူ့အကြံအစည်များ မအောင်မြင်တော့ပေ။
နောက်ပြီးပိုဆိုးသည်က တိုက်ခိုက်ဖို့သွားသည့် ဘန်ဝါးမှာ ကဖောကို ရှုံးနိမ့်ပြီး၊ ထပ်မံတိုက်ခိုက်သည့်အခါ ကျားလူမျိုးစုခေါင်းဆောင်ကြီးကိုပါ ကဖောက တိုက်ခိုက်လိုက်သဖြင့် လဘေးဝါး၏ အကြံအစည်မှာ ပိုပြီး ဝေးကွာသွားတော့သည်။ သို့သော် သူက နောက်တစ်ဆင့်အတွက် သူ့အကြံအစည်ကို ထပ်မံကြံစည်တော့သည်။ ထိုအရာကား လချေရှီးကို လီဝါးမျိုးနွယ်စုများအကြောင်း စုံစမ်းခိုင်းလိုက်ခြင်းဖြစ်သည်။
လဘေးဝါး ထိုသို့ စိတ်ဓါတ်ကျနေခိုက်တွင် မကြာခင် ကျောက်တုံးမြို့တော်တွင် မျိုးနွယ်စုပြိုင်ပွဲကြီးက စတင်တော့သည်။ ဒီတစ်ကြိမ်တော့ လဘေးဝါးက ယုတ်မာသောအကျင့်ဖြင့် ကဖောကို ရှုံးနိမ့်အောင်လုပ်ခဲ့သော်လည်း ကဖောကသာ ထပ်မံ၍ အနိင်ရသွားလေသည်။ ထို့အပြင် ဘန်ဝါး၏ မောင်းထုတ်ချင်းကိုပါ ခံလိုက်ရတော့သည်။ လဘေးဝါး ကူရာကယ်ရာမဲ့ဖြစ်ချေပြီ။ ထို့အတွက်ကြောင့် ကျောက်တုံးမြို့တော် ဘုရင်ကြီးဆီသို့ အခစားဝင်ခဲ့သည်။ ကဖောနိုင်မှာ ကြောက်သည့်သူက သူ့အပြင် ဘုရင်ကြီးလည်း ရှိသေးသည်မဟုတ်လား။
ဘုရင့်သားကို လက်နက်အစစ်ဖြင့် တိုက်ခိုက်စေခြင်းက လဘေးဝါးအကြံဖြစ်သည်။ ကဖောနိုင်ခဲ့ပါကလည်း အမျိုးမျိုးသော စွဲဆိုချက်များနှင့် လရှီးမျိုးနွယ်များကို ရှင်းပစ်ရန်ကြံစည်ခဲ့သည်။ သူကြံစည်သည့်အတိုင်း တစ်ထပ်ထဲဖြစ်ခဲ့သော်လည်း ကဖောက ထွက်ပြေးခဲ့လေသည်။
ထိုအခါ မြင်းတပ်ကို လရှီးရွာကို စေလွှတ်စေပြီး တစ်ရွာလုံးကို သတ်ဖြတ်စေခဲ့ကာ ထိုရွာတွင်ပင် ကဖောအား စောင့်ဖမ်းစေခဲ့သည်။ ရိုးသားသည့် ကဖောမှာ ရွာသို့ပင်အပြေးပြန်ပြီး သူ့ထောင်ချောက်ထဲ တည့်တည့်ကျခဲ့သည်။ သို့သော် သူ၏ မိန်းမဖြစ်သော ယုဝါကို ရဲမက်များအား မသတ်ခိုင်းဘဲ ကျောက်တုံးမြို့တော်သို့ ခေါ်ဆောင်လာစေသည်။ ထို့ကြောင့် လချေရှီးက သူ့အမေခေါင်းကိုရှာတော့ ရှာမတွေ့ခြင်းဖြစ်သည်။
သို့သော် လချေရှီးမှာ ကံမကောင်းဘဲ နောက်ချန်တပ်၏ ဖမ်းဆီးခြင်းကိုခံရသည်။ လီဝါးဖြစ်ကြောင်း လက်ပူးလက်ကြပ်မိပြီမို့ လချေရှီးကို ကယ်တင်ရန်မဖြစ်နိုင်တော့။ လချေရှီးမှာ ကျိန်းသေပေါက် အမှောင်တွင်းနက်ထဲ ပစ်ချခံရတော့မည်ဖြစ်သည်။ လချေရှီးကို ဖမ်းဆီးထားသည့် အချုပ်ထောင်အတွင်းသို့ လဘေးဝါးက ရောက်လာခဲ့လေသည်။
“သား . .”
“အဖေ . .”
“သားကို သူတို့တွင်းနက်ထဲကို ပစ်ချကြတော့မယ်၊ အဲဒီမှာ ကဖောလည်း ပါသွားလိမ့်မယ်၊ အဲဒီတွင်းနက်အောက်မှာ ဘီလူးကြီးတွေ နေထိုင်တယ်၊ အဲဒီဘီလူးကြီးတွေက မျက်လုံးမမြင်ရဘူး၊ အသံနဲ့ အနံ့ကိုပဲရတတ်ကြတယ်၊ ဒီတော့ ဒီဆေးပင်လေးတွေကို သားယူသွားပါ”
လဘေးဝါးက ဆေးပင်အခြောက်ကလေးများကို လချေရှီးကိုယ်တွင် တပ်ဆင်ပေးရန် ကြည့်လိုက်တော့သည်။ လချေရှီး ခါးတွင်ပတ်ထားသည့် လရှီးအလံကြီးထဲသို့ ထိုးထည့်ပေးလိုက်တော့သည်။
“ဒီဆေးပင်လေးရှိနေရင် သားရဲ့အနီးတစ်ဝိုက်ကို ဘီလူးကြီးတွေ အနံ့ခံလို့ရမှာမဟုတ်ဘူး၊ ဒီတော့ တွင်းအောက်ကျသွားတဲ့ ကဖောကို သားရအောင်ကယ်ရမယ်”
“ဗျာ၊ အဖေပြောတော့ ကဖောက ရန်သူဆို၊ အခုတော့ ကဖောကို ကယ်ရမယ်ဟုတ်လား”
“ဒီတွင်းကြီးရဲ့ အဆုံးမှာ ဘီလူးတွေရဲ့ အရှင်သခင်ရှိတယ်၊ အဲဒီအရှင်သခင်ကို အနိုင်ရသူသာ တွင်းနက်ထဲက လွတ်မြောက်မယ်လို့ ဆိုရိုးရှိတယ်၊ ဒီတော့ ကဖောကို ရအောင်ခေါ်ရမယ်၊ ကဖောက ဒီဘီလူးကြီးကို နိင်လိမ့်မယ်လို့ အဖေထင်တယ်”
“နိုင်သွားခဲ့ရင်ကော”
“နိုင်သာနိုင်စေသား၊ ကဖောကို အဲဒီထဲက မလွတ်စေနဲ့၊ သားရတဲ့နည်းနဲ့ သူ့ကိုတားရမယ်”
“ဘာလို့လဲ သား မတားဘူးဆိုရင် ဘာဖြစ်မလဲ”
“သားမတားရင် ကဖောက သားရဲ့ရှေ့ရေးအတွက် ဆူးညှောင့်ခလုပ်တစ်ခု ဖြစ်လာလိမ့်မယ်ငါ့သား၊ ဒီလိုဖြစ်လာရင် ငါတစ်သက်လုံး လုပ်လာခဲ့တဲ့ကိစ္စတွေ၊ မင်းအမေ နဲ့ မင်း မျက်နှာငယ်ငယ်နဲ့ လရှီးတွေကြားထဲ နေခဲ့ရတဲ့အချိန်တွေ၊ မင်းရဲ့ လီဝါးမျိုးနွယ်သားတွေ အကုန်လုံး လရှီးတွေက သတ်ပစ်ခဲ့လို့ သေခဲ့တာတွေ အကုန်လုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်ငါ့သား”
လချေရှီးသည် အလွန်လေးနက်စွာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။
“တကယ်လို့ သားတွင်းနက်ကြီးထဲကနေ မထွက်နိုင်ခဲ့ဘူးဆိုရင်ရော”
လဘေးဝါးက လချေရှီးပုခုံးကို ပုတ်လိုက်တော့သည်။
“ဒါကတော့သားလုပ်နိုင်မှာပါ၊ သားလုပ်နိုင်မယ်လို့လည်း အဖေယုံကြည်တယ်၊ သားသာ ကဖောကို တွင်းနက်ထဲချန်ထားခဲ့ပြီး ကျောက်တုံးမြို့တော်ကို ပြန်လာခဲ့၊ ဒါဆိုရင် ဟောဒီကျောက်တုံးမြို့တော်က ပုလ္လင်ကြီးဟာ သားအတွက်ပဲဖြစ်စေရမယ်”
အပိုင်း (၈) တွင်ဆက်လက်ဖတ်ရှုပါ။