အပိုင်း (၁)
(၁)
နွေဦးစမို့ ဥသြငှက်များက သစ်ပင်များပေါ်တွင် လူးလာပျံသန်းလျှက် လွမ်းမောဖွယ်တေးသံများကို ဟစ်ကြွေးသီဆိုနေကြသည်။ ရွက်ဟောင်းကြွေကာ ရွက်သစ်ဝေတော့မည့််အချိန်မို့ တစ်နှစ်ပတ်လုံး စိမ်းစိမ်းစိုစိုနှင့် လန်းဆန်းခဲ့ကြသည့်် သစ်ပင်ကြီးများမှာ ယခုတော့ ရွှေဝါရောင်အသွေးကိုဆောင်လျှက် ရွက်ဟောင်းများကို ခွာချနေကြလေသည်။ နွေဦးမို့ လေရူးတစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါတိုင်း ထိုရွှေဝါရောင်သစ်ရွက်များမှာ လေနှင့်အတူလွင့်ကျဲကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းနေကြလေတော့သည်။
မုဆိုးကြီး ဦးတောကျော်လည်း အိမ်ရှေ့သစ်ပင်ကြီးအောက်တွင်ထိုင်လျှက် ဆေးတံကို အေးအေးလူလူဖွာရှိုက်ရင်း နွေဦးကာလ၏ လွမ်းဆွေးဆွတ်ပျံ့ဖွယ်ခံစားချက်များကို ခံစားနေစဉ်မှာပင် ခြံတံခါးရှေ့တွင် လူရပ်လိုက်သည်ကိုမြင်တွေ့လိုက်ရသည်။
“ဗျို့၊ မုဆိုးကြီး ဦးတောကျော်ရှိပါသလား”
ဦးတောကျော်က ဆေးတံကိုပါးစပ်မှဖြုတ်လိုက်ကာ မီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်ရင်း
“အေး၊ ရှိတယ်၊ လာခဲ့ ခြံထဲကိုဝင်လာခဲ့ကြ”
ထိုအခါ ခြံတံခါးကိုဖွင့်လိုက်ပြီး လူလေးယောက်ခြံအတွင်းသို့ဝင်လာခဲ့ကြသည်။ ထိုလူများအနက် လူသုံးယောက်မှာ လူငယ်လူရွယ်များဖြစ်ပြီး ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်ကြသည်။ ထိုလူငယ်များ၏ နောက်ကျောတွင်လည်း ခေတ်မီသေနတ်များကိုလွယ်ပိုးလာကြသည်။ ထိုလူငယ်သုံးဥိး၏ အရှေ့တွင်တော့ အရပ်ပုပု၊ ဂင်တိုတို၊ အသားမဲမဲရုပ်ဆိုးဆိုးနှင့် လူကြီးတစ်ယောက်က ဦးဆောင်လာလေသည်။
“ထိုင်ကြပါ၊ ထိုင်ကြပါ”
ဦးတောကျော်က အိမ်ရှေ့ကွပ်ပျစ်တွင်နေရာပေးလိုက်သော်လည်း ထိူလူများမှာ ကွပ်ပျစ်တွင်မထိုင်ဘဲ ခြံထဲသို့ ကျီးကန်းတောင်းမှောက်ဖြင့်ကြည့်နေကြလေသည်။
“ထိုင်ကြပါအုံး၊ ဧည့်သည်ကြီးများ”
“ကျုပ်တို့လာတဲ့ကိစ္စက အရေးကြီးတယ်၊ တခြားသူကြားလို့မဖြစ်ဘူး”
ဦးတောကျော်က ဆေးတံကိုဖွာလိုက်ရင်း
“ဘာမှမပူပါနဲ့ ကျုပ်အိမ်မှာ ကျုပ်ကလွဲရင် ဘယ်သူမှမရှိပါဘူး၊ ကျုပ်ခြံကြီးကလည်း အကျယ်ကြီးပဲ၊ ကျုပ်တို့စကားပြောနေတာကို ဘယ်သူမှလည်း တကူးတက နားထောင်မယ်မထင်ပါဘူးဗျာ”
ဦးတောကျော်က ထိုသို့ပြောလိုက်သော်လည်း အရပ်ပုပုနှင့်လူကြီးက ဦးတောကျော်အား မျက်မှောင်ကြုတ်ကာကြည့်လျှက်
“မရဘူးဗျာ၊ ခင်ဗျားအိမ်ထဲမှာပဲပြောမယ်၊ ကျုပ်ကတော့ ကျုပ်တို့အကြောင်းအရာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး”
“ဒါဆိုရင် ကျုပ်ကိုရော သိစေချင်ရဲ့လားဗျာ”
“ခင်ဗျား စကားကိုကပ်မပြောပါနဲ့မုဆိုးကြီး၊ ခင်ဗျားကိုယုံလို့ ခင်ဗျားဆီကိုလာခဲ့တာ၊ အခု ကျုပ်တို့အိမ်ထဲမှာ လာရင်းကိစ္စကိုဆွေးနွေးကြရအောင်”
အရပ်ပုပုနှင့်လူကြီးကပြောလိုက်သဖြင့် ဦးတောကျော်လည်း မတ်တပ်ရပ်လိုက်တော့သည်။ ထို့နောက် ပုဆိုးကိုပြင်ဝတ်ရင်း
“ဘာများလဲဗျာ၊ ခင်ဗျားတို့က မသိရင် ရတနာသိုက်သွားရှာမယ့် လူတွေကျနေတာပဲ”
ထိုအခါ အရပ်ပုပုနှင့်လူကြီးမှာ ဦးတောကျော်ကို အံ့သြစွာနှင့်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။ ဦးတောကျော်လည်း ထိူလူများကိုခေါ်ရင်း အိမ်ထဲသို့ဝင်ခဲ့သည်။ ထိုလူကြီးက သူ့လူနှစ်ယောက်ကိုကြည့်ရင်း
“ဗလက ခြံပေါက်ဝနားမှာနေခဲ့၊ ငဘကတော့ အိမ်တံခါးအရှေ့မှာစောင့်နေ၊ ငထွန်း မင်းကတော့ တဲအနားမှာစောင့်ကြပ်နေစမ်း၊ ငါနဲ့မုဆိုးကြီးနဲ့ စကားအေးအေးဆေးဆေးပြောချင်တယ်”
ထိုလူက အမိန့်ပေးလိုက်သည့်အခါ ဗလဟုအမည်ရသည့်အတိုင်း ဗလထောင်ထောင်မောင်းမောင်းနှင့်လူက ခြံတံခါးအနီးတွင်သွားရပ်လေသည်။ ငဘဟုအမည်ရသည့် ဆံပင်ဂုတ်ဝဲနှင့်လူမှာတော့ အိမ်တံခါးအနီးတွင်ရပ်နေခဲ့သည်။ ကျန်သည့် ငထွန်းဆိုသည့် လူငယ်မှာ သေနတ်တစ်လက်ကိုကိုင်စွဲရင်း တဲအနီးတွင် လှည့်ပတ်သွားလာနေလေသည်။ သူ့လူများအားလုံးစိတ်ချရသည့်အခါမှ ထိုအရပ်ပုပုနှင့်လူကြီးမှာ ဦးတောကျော်၏ တဲပေါ်သို့တက်လိုက်လာလေသည်။
ဦးတောကျော်က တဲကြမ်းပြင်တွင်ထိုင်ချလိုက်ရင်း
“ကဲပြောပါအုံး၊ ခင်ဗျားတို့ရဲ့ လာရင်းကိစ္စက ဘာများလဲ”
ထိုလူကြီးမှာ ဦးတောကျော်အား အသေအချာအကဲခတ်ကြည့်ပြီး
“ကျုပ်နာမည်ကတော့ အောင်ဒင်လို့ခေါ်တယ်၊ လွယ်လွယ်ပြောရရင်တော့ သိုက်တူးသမားပေါ့”
ဦးတောကျော်က ခေါင်းညိတ်လိုက်ရင်း
“ကျုပ်အစောကြီးကတည်းက ရိပ်မိပြီးသားပါ၊ ဘာလဲခင်ဗျားတို့က မင်းကြီးတောင်ရတနာသိုက်ကို တူးဖို့လာခဲ့ကြတာမဟုတ်လား”
ပြောမည့်အရာများကို ကြိုသိနေသဖြင့် ဦးအောင်ဒင်မှာ ဦးတောကျော်အား အထူးအဆန်းနှင့်ကြည့်နေရင်း
“ခင်ဗျား မုဆိုးမလုပ်စားပဲ ဗေဒင်ဆရာလုပ်စားသင့်တယ်၊ ကျုပ်ပြောမယ့်အရာတွေကို ခင်ဗျားက အကုန်သိနေပါလား”
ထိုအခါ ဦိးတောကျော်က ရယ်မောလိက်လေသည်။
“ကြိုသိတာပေါ့ဗျာ၊ ခင်ဗျားတို့ လှို့လှို့ဝှက်ဝှက်လုပ်နေတာပုံထောက်ရင်တော့ တစ်ခုခုထူးခြားတာကြံစည်နေပြီဆိုတာကို ကျုပ်သိလိုက်တယ်၊ ဒါတင်မကသေးဘဲ မင်းကြီးတောင်မှာ လှည်းကိုးစီးတိုက်ရတနာတွေရှိတယ်ဆိုတာ ကျုပ်မပြောနဲ့ ဟောဒီရွာအနီးအပါးက ကလေးတွေတောင်မှ သိကြတယ်မဟုတ်လား”
“ဟင်၊ မင်းကြီးတောင်သိုက်အကြောင်းကို လူတိုင်းကသိနေတယ်တဲ့လား”
“သိရုံတင်ဘယ်ကပါ့မလဲဗျာ၊ ကျုပ်တောင် အဲဒီသိုက်ကြီးကို နှစ်ခါရောက်ဖူးသေးတယ်”
“ဟင်၊ ဒါဆိုရင် ရတနာတွေကို သူများတွေယူသွားပြီပေါ့”
ဦးအောင်ဒင်အမေးကို ဦးတောကျော်က ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူးဗျ၊ ကျုပ်တို့ တစ်တောင်လုံးကို လှည့်ပတ်ရှာပေမယ့် ကျောက်လှည်းဘီးကြီးတစ်ခုလွဲလို့ တခြားဘာမှတန်ဖိုးရှိတာကိုမတွေ့ရဘူး၊ ရက်တွေကြာတော့ ရှာတဲ့လူတွေလည်း စိတ်ပျက်အားလျော့ပြီးတော့ ပြန်ခဲ့ကြတာပေါ့ဗျာ”
ထိုတော့မှ ဦးအောင်ဒင်က ရယ်ပြုံးလိုက်လေသည်။
“အဲဒါပေါ့ဗျာ၊ မသိသူကျော်သွား၊ သိသူဖော်စားဆိုသလိုပေါ့ အရှေ့ကလူတွေ တစ်ယောက်မှ ရတနာတွေကိုမရခဲ့ပေမယ့် ကျုပ်တို့ကတော့ ဒီတစ်ခါရအောင်ကို သွားယူကြမှာဗျ”
ဦးတောကျော်က ဆေးတံကိုတစ်ဖွာဖွာလျှက်
“မလွယ်ဘူးနော်”
“မလွယ်လို့လည်း လူတိုင်းမရတာပေါ့ဗျာ၊ ကဲပါ၊ မုဆိုးကြီးအလုပ်က အဲဒီမင်းကြီးတောင်ကြီးဆီကို ကျုပ်တို့ကိုခေါ်သွားဖို့ပဲ၊ ကျန်တာကို ကျုပ်တို့ဘာသာဆက်လုပ်မယ်”
ဦးတောကျော်က ခေါင်းညိတ်လျှက်
“ခင်ဗျားတို့သေချာလို့လား၊ နို့မို့ဆိုသွားမောကြီးဖြစ်နေမယ်ဗျ”
“သေချာပါတယ်ဗျာ၊ ကဲ ခင်ဗျားအတွက်လည်း ကျုပ်ဝေစုတစ်စုပေးမယ်”
ဦးတောကျော်က လက်ကာပြလိုက်ပြီး
“တော်စမ်းပါဗျာ၊ အရင်လူတွေတုန်းကလည်း ဝေစုပေးမယ်၊ ပေးမယ်နဲ့ ဘာမှမတွေ့တော့ ကျုပ်ကိုတစ်ပြားမှတောင်ပေးသွားတာမဟုတ်ဘူးဗျ၊ ဒိတစ်ခါတော့ ကျုပ်ဝေစုကို မမက်တော့ဘူး၊ ခင်ဗျားတို့သာ ကျုပ်ကိုပိုက်ဆံအရင်ပေးရင် ကျုပ်လိုက်မယ်၊ မဟုတ်ရင်တော့ လိုက်မပို့နိုင်ဘူး”
ထိုအခါ ဦးအောင်ဒင်က ရယ်ပြုံးလျှက်
“ကောင်းပါပြီဗျာ၊ ရော့ ခင်ဗျားကို ငွေတစ်ဆယ်လက်ငင်းပေးလိုက်မယ်ဟုတ်ပြီလား၊ တကယ်လို့ရတနာတွေ ထပ်ရတယ်ဆိုရင်လည်း ခင်ဗျားကိုသပ်သပ်ဆုချမယ်”
ဦးအောင်ဒင်လှမ်းပေးသည့် တစ်ကျပ်တန်ငွေပြားများကို ဦးတောကျော်က လှမ်းယူလိုက်ကာ သွားနှင့်ကိုက်ကြည့်လိုက်သည်။ ထို့နောက်တွင်မှ
“ကောင်းတာပေါ့ဗျာ၊ ကဲ . . . ဒါဆိုရင်လည်း ခင်ဗျားတို့ကို အဲဒီမင်းကြီးတောင်ဆိုတာကို လိုက်ပို့ပေးရတာပေါ့၊ ခင်ဗျားတို့ ဘယ်နေ့သွားချင်သလဲ”
“ကျုပ်တို့ ဒီနေ့ ဒီအိမ်မှာနားပြီးတော့ မနက်ဖြန်မနက် အာရုဏ်တက်ချိန်မှာ ထွက်ကြမယ်ဗျာ။
“ကောင်းတာပေါ့၊၊ ကောင်းတာပေါ့၊ ကဲ၊ ဒါဆိုရင်လည်း ကျုပ်အိမ်ကလေးထဲမှာသာ အဆင်ပြေပြေအနားယူကြတော့ဗျို့”
(၂)
ဦးအောင်ဒင်တို့အဖွဲ့လာသဖြင့်် ထမင်းဟင်းများကိုထပ်မံချက်ပြုတ်ရသည်။ ဦးတောကျော်က တစ်ကိုယ်ရေတစ်ကာယာမို့ ဆန်ကိုပြောင်စင်အောင်မဖွပ်ဘဲ ဘေးကြားသဖွယ်သာ ဖွပ်စားလေ့ရှိသဖြင့် ထမင်းမှာကြမ်းတမ်းလှသည်။ အသားခြောက်၊ အသားကျပ်တိုက်များနှင့် ခြံဝန်းအတွင်းမှ သီးပင်စားပင်တစ်ချို့ကိုခူးဆွတ်လိုက်ကာ ထမင်းချက်ပြုတ်လိုက်သည်။ ဦးတောကျော်ချက်သောထမင်းကို ထိုလူများ အားရပါးရစားသောက်ကြလေသည်။ စားသောက်ပြီးစီးသည်အထိ ထိုလူများမှာ သတိရှိရှိဖြင့်စောင့်ကြပ်နေကြသေးသည်။ ထမင်းစားရန်ကိုပင် ကင်းအလှည့်နှင့် စောင့်ကာ စားသောက်ကြသည်ကိုကြည့်ရင်း ဦးတောကျော်တစ်ယောက် စိတ်ထဲမနှစ်မြို့တော့ပေ။
“ခင်ဗျားတို့ ဒီလောက်သံသယဖြစ်စရာမလိုပါဘူးဗျာ၊ ဘာလဲ ခင်ဗျားတို့က ကျုပ်ကိုမယံုံဘူးလား”
ဦးအောင်းဒင်က ငွေသွားတစ်ချောင်းပေါ်အောင် ပြုံးလျှက်
“ဒီလိုတော့မဟုတ်ပါဘူးဗျာ၊ မုဆိုးကြီးကို ကျုပ်တို့ကယုံပေမယ့် ပတ်ဝန်းကျင်ကို ကျုပ်တို့ကမယံုံတာဗျ”
“အောင်မယ်လေးဗျာ၊ ရွာခံတွေကြားရင်တော့ ခင်ဗျားတို့ကိုလာသတ်တော့မှာပဲ၊ ဒီရွာကလူတွေက ရိုးသားကြပါတယ်ဗျာ၊ သူများပစ္စည်းယူတတ် ခိုးတတ်တဲ့အကျင့်မရှိပါဘူး”
ထိုတော့မှ ဦးအောင်ဒင်က ကင်းစောင့်အဖြစ်ကျနေသည့်သူကို မျက်ရိပ်ပြလိုက်ရာ ထိုလူလည်း သေနတ်ကိုချလိုက်ပြီး ဦးတောကျော်အနီးတွင်ထိုင်လိုက်သည်။ ထိုလူများမှာ သိုက်လာတူးသည်ဟုဆိုသော်လည်း လူတိုင်းစေ့တွင် သေနတ်များပါသည်။ ဦးအောင်ဒင်ထံတွင်သာ သေနတ်မပါပေ၊ ဗလဆိုသည့်လူကိုင်သည့်သေနတ်မှာ တူမီးသေနတ်အဟောင်းတစ်လက်ဖြစ်ပြီး၊ ငထွန်းမှာတော့ ခါးချိုးနှစ်လုံးပြူးသေနတ်တစ်လက်ကိုင်ထားသည်။ ငဘဆိုသူကတော့ ရိုင်ဖယ်တစ်လက်ကို ကိုင်ဆွဲထားလေသည်။
“နေစမ်းပါအုံးဗျ၊ မင်းကြီးတောင်မှာ သိုက်လာတူးတဲ့လူတွေ အတော်များများရှိတယ်၊ တစ်ယောက်မှလည်း ရမသွားဘူးဗျ၊ ဒါနဲ့ ခင်ဗျားတို့ကရော ဘယ်လိုသဲလွန်စနဲ့ ရောက်လာကြတာလဲ”
ဦးတောကျော်၏ အမေးကိုကြားသည့်အခါ ဦးအောင်ဒင်က ပြုံးလိုက်ရင်း
“ဒါဆို မုဆိုးကြီးကို ကျုပ်အရင်မေးပါရစေ၊ အဲဒီ မင်းကြီးတောင်ရတနာသိုက်ကို မုဆိုးကြီးဘယ်လိုသိထားသလဲ”
“ကျုပ်သိထားတာကတော့ ဘုရင်ကြီးတစ်ပါးက ရတနာတွေသယ်လာပြီးတော့ အဲဒီတောင်မှာ လာရောက်ပုန်းခိုနေသတဲ့ဗျာ၊ အဲဒါနဲ့ အဲဒီတောင်ကို လူတွေက မင်းကြီးတောင်လို့ပဲ ခေါ်တော့တယ်၊ ရတနာတွေလည်း တော်တော်များများရှိတယ်ဆိုပဲဗျ”
“ဒါပဲလား”
ဦးအောင်ဒင်က ပြီတီတီမျက်နှာပေးနှင့် မေးသဖြင့် ဦးတောကျော်မှာ ခေါင်းညိတ်လိုက်လေသည်။ ဦးအောင်ဒင်က ပြုံးလျှက်
“ခင်ဗျားတို့သိထားတာ မှန်တော့မှန်တယ်၊ ဒါပေမယ့် မပြည့်စုံသေးဘူးဗျ၊ ကဲ ဦးတောကျော်၊ ဟောဒီပေစာကိုဖတ်ကြည့်စမ်းဗျာ”
ဦးအောင်ဒင်က သူ့လွယ်အိတ်အတွင်းမှ အဝတ်စများဖြင့်ပတ်ထားသည့် ပေစာများကိုထုတ်လိုက်သည်။ ပေစာထုပ်တစ်ခုမဟုတ်ဘဲ၊ ပေစာသုံးလေးရွက်ကို ပတ်ထားခြင်းဖြစ်သည်။ ဦးအောင်ဒင်က ကမ်းပေးသဖြင့် ဦးတောကျော်က ထိုပေစာများကိုယူလိုက်ပြီး ဖတ်ကြည့်လိုက်လေသည်။ လေးထောင့်စပ်စပ်လက်ရေးများဖြင့် ရေးထားသည့် ပေစာများကို ဦးတောကျော်တစ်ယောက် မဖတ်တတ်ပေ၊ မြန်မာအက္ခရာနှင့် ရေးသားထားသော်လည်း အလွန်ရှေးကျသည့် လက်ရေးမျိုးဖြစ်သဖြင့် ယခုခေတ်ရေးသားသည့် စာများနှင့် လုံးဝမတူပေ။
“စာတွေက လေးထောင့်စာတွေဗျ၊ ကျုပ်တော့ မဖတ်တတ်ဘူးဗျို့”
“ဒါသိုက်စာဗျ၊ ကျုပ်တို့တွေ ညောင်ကန်ဘက်က ဘုရားတစ်ဆူကိုသွားတူးရင်းနဲ့ ဒီသိုက်စာကျလာတာပဲဗျ”
“ထူးဆန်းလိုက်တာဗျာ၊ ဒါနဲ့ ဘာတွေရေးထားတာလဲဗျ”
“အကြမ်းဖျင်းပြောရရင်တော့ ပုဂံခေတ်အပြီးလောက်မှာ မြို့ပြနိုင်ငံံံလေးတွေ ပေါ်လာတယ်ဗျာ၊ အဲဒီအထဲမှာ သိုက်ဝန်းဆိုတဲ့ မြို့လည်းပါတယ်၊ မြို့တစ်မြို့မှာ မင်းတစ်ပါးရှိတယ်ဆိုတော့ အဲဒီသိုက်ဝန်းမြို့မှာလည်း ဘုရင်ကြီးတစ်ပါး အုပ်ချုပ်တယ်ပေါ့ဗျာ”
“စိတ်ဝင်စားဖို့ကောင်းလိုက်တာဗျာ”
“သိုက်ဝန်းမြို့ရဲ့ တကယ့်နာမည်က နာဂပူရတဲ့ဗျ၊ ဒါပေမယ့် လူတွေက ဘာလို့သိုက်ဝန်းလို့ခေါ်တာလဲဆိုရင် အဲဒီမြို့ရဲ့ပတ်ပတ်လည်မှာ ကုန်းတွေရှိပြီးတော့ သိုက်တွေရှိသတဲ့ဗျာ၊ အဲဒီမှာ အစိုးရတဲ့ ဘုရင်ကြီးက အဲဒီသိုက်တွေကို တူးဖော်တော့ သိုက်ကိုးသိုက်ရတယ်တဲ့၊ သိုက်တစ်ခုမှာ ရတနာလှည်းတစ်စီးထွက်တယ်တဲ့ဗျာ၊ သိုက်တွေဝိုင်းရံနေတဲ့မြို့ဆိုပြီး နာမည်ကြီးသွားလို့ သိုက်ဝန်းလို့ အများကခေါ်သတဲ့”
“ဒီဘုရင်ကြီးက ဘာဆက်ဖြစ်သွားသလဲဗျ”
“အင်အားနည်းတဲ့သူကို အင်အားကြီးတဲ့သူက အနိုင်ကျင့်စမြဲမဟုတ်လားဗျ၊ ဒီတော့ သိုက်ဝန်းမှာ ရတနာတွေပေါ်တယ်ကြားတော့ ဘေးအနားက မြို့ပြနိုင်ငံံံံတွေက သိုက်ဝန်းမြို့ကို စုပေါင်းပြီးထိုးစစ်ဆင်ကြသတဲ့၊ သိုက်ဝန်းမြို့က ခပ်ကျဉ်းကျဉ်း၊ ခပ်သေးသေးဆိုတော့ ဒီစစ်ပွဲကို ခုခံနိုင်ဖို့အင်အားမရှီဘူးပေါ့ဗျာ၊ ဒါနဲ့ ဘုရင်ကြီးက ရတနာလှည်းကိုးစီးကို ဦးဆောင်ပြီးတော့ မြောက်ဘက်က ရိုးမတောင်တန်းကြီးဆီကို ပုန်းအောင်းဖို့ပြေးလွှားသွားသတဲ့”
ဦးတောကျော်လည်း သိလိုက်ပြီမို့
“ဒါဆို အခုမင်းကြီးတောင်ဆိုတာက . . .”
“အမှန်ပဲပေါ့ဗျာ၊ အဲဒီဘုရင်ကြီးက ရတနာလှည်းကိုးစီးနဲ့ပုန်းအောင်းခဲ့တဲ့နေရာပဲ”
“ခင်ဗျားသိုက်စာက သေချာလို့လားဗျ”
“သေချာတာပေါ့ဗျာ၊ ဒီဘုရင်ကြီးရဲ့သားတော်က ရန်သူတွေကိုခုခံရင်း ကျန်နေခဲ့သတဲ့၊ ရန်သူတွေလည်း ရတနာတွေမရတော့ မြို့ကိုဖျက်ဆီးပြီး ပြန်သွားတယ်တဲ့ဗျာ၊ ဒီမှာ ဘုရင်ကြီးရဲ့သားက ပြည်မြို့ကိုဆင်းသွားပြီးတော့ ပြည်မြို့စားနဲ့ပူးပေါင်းလိုက်တယ်ဆိုပဲ၊ သူ့အဖေဘုရင်ကြီးကို လိုက်ရှာကြပေမယ့် ခင်ဗျားပြောတဲ့ ကျောက်လှည်းဘီးကြီး နှစ်ခုကိုပဲတွေ့ပြီး လူသူအရိပ်အခြေမတွေ့တော့ဘူးဆိုပဲဗျ”
“ဟာဗျာ၊ ကျောက်လှည်းဘီးက တစ်ခုတည်းပဲဗျ”
“သိုက်စာထဲတော့ နှစ်ခုလို့ပြောတာပဲလေ၊ ဒီစာက အဲဒီဘုရင်ကြီးရဲ့သားက ဘုရားတည်ရင်း ဌာပနာခဲ့တဲ့ စာဗျ၊ ကျုပ်တို့အဖွဲ့ သွားတူးရင်းနဲ့ တွေ့ခဲ့တာ”
“ဒါပေမယ့် အဲဒီဘုရင့်သားတော်တောင်မှ ရှာမတွေ့ခဲ့ဘူးမဟုတ်လား”
“သူက ပညာနည်းတာကိုးဗျ၊ အမှန်က ကျောက်လှည်းဘီးနှစ်ခုရှိရင် သိုက်တံခါးဖွင့်လို့ရတဲ့အတတ်တစ်ခုရှိတယ်၊ အဲဒီအတတ်ကို သူမတတ်လို့ လက်လျော့ပြီးပြန်လာခဲ့တာပေါ့”
“ထားပါတော့ဗျာ၊ ကျန်တဲ့ကျောက်လှည်းဘီးတစ်ခုက ဘယ်မှာလဲဗျ”
“ဒါကတော့ ကျုပ်တို့ရှာရမှာပေါ့ဗျာ၊ ကျုပ်အထင်တော့ အဲဒီတောင်ကြီးရဲ့ တစ်နေရာရာမှာ ရှိနေမှာပဲဗျာ”
“ကဲပါ၊ ကျုပ်ကတော့ ခင်ဗျားတို့ကို အဲဒီတောင်ကြီးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင်ပို့ပေးမယ်၊ ရှာတာကတော့ ခင်ဗျားတို့အပိုင်းပဲနော်”
“စိတ်ချပါဗျာ၊ ကျုပ်အနှစ်သုံးဆယ်နီးပါး သိုက်တူးလာခဲ့တာပါ၊ ကျုပ်တူးလို့ မပွင့််တဲ့သိုက်ဆိုတာ မရှိသေးပါဘူးဗျာ”
သို့နှင့်ထိုညတွင်တော့ ဦးတောကျော်အိမ်တွင် တစ်ညအိပ်လိုက်ကြလေသည်။ မအိပ်ခင်အချိန်တွင် မနက်ဖြန်မနက် ခရီးထွက်ဖို့ရန်အတွက် အထုပ်အပိုးများကို ပြင်ဆင်နေကြသည်။ ဦးအောင်ဒင်တို့ထံတွင် တစ်ပတ်တာမျှ စားသောက်နိုင်စေရန် ရိက္ခာများပါလာသည်ကိုတွေ့ရသည်။ ဆန်များ၊ ပဲများနှင့် အခြားအခြောက်အခြမ်းများဖြစ်သည်။ ချက်ပြုတ်ရန်အတွက် အိုးခွက်အချို့လည်းပါသေးသည်။
ညည့်နက်လာခဲ့ပြီဖြစ်သည်။ ဦးတောကျော်နှင့်် သိုက်တူးသမားတစ်သိုက်မှာ တဲအိမ်ကလေးထဲတွင် အိပ်မောကျနေသည်။ ထိုစဉ် ဦးတောကျော်တစ်ယောက် ဖျပ်ခနဲလန့်နိုးလာသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ညကမ္ဗလာက ပိန်းပိတ်အောင် ဖုံးလွှမ်းထားသည်။ ခပ်လှမ်းလှမ်းမ သန်းခေါင်ကြက်တွန်သံကို တစ်ချက်တစ်ချက်ကြားလိုက်ရပြန်သည်။
ထိုကြက်သံံအပြင် အခြားအသံများကို နားစွင့်မိသည်။ ခပ်အုပ်အုပ်ဖြင့် လျှောက်လှမ်းလာသည့် ခြေသံများဖြစ်သည်။ ခြေသံများက ရွာလမ်းမတိုင်း လျှောက်လာနေရင်းမှ ခြံစည်းရိုးအနားသို့ တိုးကပ်လာပုံရသည်။ ခြေသံများမှာ အတော်များသည်ဖြစ်ရာ လူငါးဦးခြောက်ဦးခန့် ရှိလောက်မည်ဟု ဦးတောကျော်က ခန့်မှန်းလိုက်သည်။
ထို့နောက် ခနော်ခနဲ့ဝါးလုံးများနှင့် ကာရံထားသည့် ခြံံံစည်းရိုးအား အတင်းဖြဲဝင်နေသည်ကို ကြားလိုက်ရသဖြင့် ဦးတောကျော်လည်း လက်စွဲတော်တူမီးသေနတ်ကို ထဖြုတ်လိုက်ရသည်။ ထို့နောက် ဦးအောင်ဒင်အနီးသို့ တိုးကပ်သွားပြီး အသာလှှုပ်နှိုးလိုက်သည်။
“ဦးအောင်ဒင်၊ ဟေ့လူ ထပါအုံးဗျ”
ဦးအောင်ဒင်မှာ လန့်နိုးလာလေရာ ဦးတောကျော်က
“တိတ်တိတ်နေဗျ၊ လူတစ်ချို့ ကျုပ်ခြံထဲကို ဖြဲဝင်လာကြတယ်”
ဦးတောကျော်စကားသံကို ကြားလိုက်ရသည့်အခါ ဦးအောင်ဒင်တစ်ယောက်ထိတ်လန့်သွားပြီး ငုတ်တုတ်ထထိုင်လေသည်။ ဦးအောင်ဒင်လည်း သူ့လူများကို လှုပ်နှိုးလိုက်ပြီးနောက် သေနတ်များကို အသင့်ပြင်ထားခိုင်းသည်။
“အဲဒါ ပြောင်ကြီးတို့အုပ်စုဖြစ်မယ် အာစရိ”
သူတို့အချင်းချင်းပြောဆိုနေကြလေရာ ဦးတောကျော်ပင်ထူးဆန်းနေမိသည်။
“ဒိုင်း”
သေနတ်သံတစ်ချက်ကိုကြားလိုက်ရပြီးနောက် အိမ်ထရံကို ကျည်ဖူးတစ်ခုက ဖောက်ဝင်လာကာ ဦးတောကျော်ခေါင်းအပေါ်မှ ဝှီးခနဲဖြတ်သန်းသွားသည်။ ဦးတောကျော်မှာ အလွန်ထိတ်လန့်ပြီး မှောက်ခုံလှဲချလိုက်ရသည်။ ထိုစဉ်မှာပင် ဗလက သေနတ်ကိုကိုင်လျှက် အိမ်တံံခါးကို ခြေထောက်နဲ့ကန်ကာ ဖွင့်လိုက်ရင်း
“ဘယ်ကောင်တွေလာရှုပ်တာလဲကွ”
ထိုစဉ်မှာပင် အမှောင်ထုအတွင်းမှ သေနတ်မီးပွင့်များကို မြင်တွေ့လိုက်ရပြီးနောက် သေနတ်သံများလည်း ကျယ်လောင်စွာထွက်ပေါ်လာလေသည်။ အိမ်တံံခါးဝတွင် ရပ်လိုက်သည့်် ဗလ၏ တစ်ကိုယ်လုံးကို ကျည်ဆန်သုံးလေးခုက ထိုးဖောက်ဝင်သွားပြီးနောက် ဗလက အနောက်သို့ပက်လက်လန်ကာ လဲကျသွားသည်။ ဦးအောင်ဒင်က မျက်လံုံးပြူးသွားပြီး
“ဗလ၊ ဗလ”
ဦးအောင်ဒင်အား ဦးတောကျော်က ပြေးဆွဲလိုက်သည်။
“ခင်ဗျား ခေါ်နေလို့လည်း ဘာမှမထူးဘူး၊ လာဗျာ၊ ကျုပ်တို့အမြန်သွားမှဖြစ်မယ်”
ဦးတောကျော်က မီးဖိုချောင်ထရံကြီးကို ကိုယ်လုံးနှင့််တိုက်ဖွင့်လိုက်ပြီးနောက် အိမ်ပေါ်မှခုန်ဆင်းလိုက်သည်။ ထိုစဉ် သေနတ်သံတွေက ဆူညံစွာထွက်ပေါ်လာပြန်သည်။ ဦးတောကျော်မှာ မီးဖိုချောင်အနောက်ဘက်ရှိ ထင်းပုံကြီးကို အကာအကွယ်ပြုလိုက်သဖြင့် ကျည်ဆန်များမှာ မထိတော့ပေ၊ ဦးတောကျော်တစ်ယောက် လက်ထဲတွင်ကိုင်စွဲထားသည့် သေနတ်ဖြင့်် ထင်းပုံကိုအကာအကွယ်ယူကာ အမှောင်ထုအတွင်းထိုးချိန်လိုက်သည်။ လူငါးဦးခန့်မှာ ခြံအတွင်းရှိ သစ်ပင်များအကြားတွင် နေရာယူလျှက် အိမ်ကိုထိုးချိန်နေကြသည်။ အချို့မှာလည်း သေနတ်များကို ကျည်ဖြည့်နေလေသည်။
သာမန်လူတစ်ဦးအဖို့ အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိမည်မဟုတ်သော်လည်း ဦးတောကျော်မှာ ညအမှောင်နှင့် ကျင့်သားရနေသူမို့ ထိုလူများကို အတိုင်းသားမြင်နေရသည်။ ဦးတောကျော်မှာ အိမ်ဆီသို့ သေနတ်ဖြင့်ထိုးချိန်နေသည့် လူတစ်ဦးအား ချိန်ရွှယ်လိုက်သည်။ သေနတ်မောင်းခလုပ်အား ညှစ်ရန်စိတ်ကူးနေစဉ် အတွေးတစ်ခုက ခေါင်းထဲသို့ဝင်လာသည်။
“ငါက မုဆိုးပဲ၊ လူသတ်သမားမှ မဟုတ်တာ၊ ဒီလူတွေက ငါနဲ့လည်း ဘာမှဆိုင်တာမဟုတ်ဘူး”
သို့နှင့် ထိုလူ၏ ဦးခေါင်းအားမပစ်တော့ဘဲ လက်မောင်းကိုသာချိန်ရွယ်လျှက် ပစ်ခတ်လိုက်သည်။
“ဒိန်း”
ယမ်းငွေ့များဝေထွက်သွားပြီးနောက် သေနတ်ကိုင်ထားသည့်လူ၏ လက်မောင်းကို ကျည်ဆန်ထိမှန်သွားကာ ထိုလူမှာ လဲကျသွားလေသည်။ သေလောက်သည့် ဒဏ်ရာမဖြစ်နိုင်ဟု ဦးတောကျော်က တွေးလိုက်မိသည်။ အိမ်ကိုဝိုင်းထားကြသည့်လူများမှာလည်း ရုတ်ရုတ်သဲသဲဖြစ်သွားလေရာ မကြာခင် ဦးအောင်ဒင်မှာ အိမ်ပေါ်မှခုန်ဆင်းလာခဲ့သည်။
ငဘကလည်း ရိုင်ဖယ်တစ်လက်နှင့် ပြန်လည်ပစ်ခတ်သကဲ့သို့၊ ငထွန်းကလည်း နှစ်လုံးပြူးဖြင့် တဒိန်းဒိန်းပစ်ခတ်ပြန်သည်။ သို့သော် အမှောင်ထုအတွင်းမို့ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်သည်။ တစ်ဖန် ခြံအတွင်းမှ လူများမှာလည်း အိမ်ကလေးအပေါ်သို့ သေနတ်များဖြင့်် ပြန်လည်ပစ်ခတ်ပြန်သည်။ သို့သော် ငဘတို့မှာ ပုန်းအောင်းနေသဖြင့် မထိကြပေ၊ ရွာအတွင်း တစ်ဖက်နှင့််တစ်ဖက် ပစ်ခတ်သည့် သေနတ်သံများမှာ ဆူညံနေတော့သည်။ ဦးတောကျော်လည်း သေနတ်အတွင်းသို့ ကျည်ဖြည့်ပြီးနောက် မြေပြင်တွင်လှိမ့်လိုက်ကာ သစ်ငုတ်တိုတစ်ခုနှင့် အကာအကွယ်ယူလိုက်ရင်း နောက်ထပ်လူတစ်ဦး၏ ခြေထောက်အားပစ်ခတ်လိုက်ပြန်သည်။
တစ်ဖက်မှ လူငါးယောက်တွင် နှစ်ယောက်မှာ ထိခိုက်ပြီးလဲကျသွားပြီဖြစ်ရာ ထိုသူများက ဆက်လက်မပစ်ခတ်တော့ဘဲ အမှောင်ထုအတွင်းသို့ တိုးဝင်ကာထွက်ပြေးကြလေသည်။ ငဘနှင့် ငထွန်းတို့မှာ အိမ်ပေါ်မှ သေနတ်များကိုင်ကာ ခုန်ချလာလေသည်။ ဦးတောကျော်လည်း ထကြည့်မည်အလုပ်တွင် ဦးအောင်ဒင်က ဦးတောကျော်လက်ကို ဆွဲကိုင်ထားသည်။
“ကျုပ်တို့သွားရအောင် မုဆိုးကြီး”
“ဘာဖြစ်လို့သွားမှာလဲဗျ၊ ဟိုလူတွေ ပြေးပြီမဟုတ်လား”
“သူတို့ထပ်လာကြအုံးမယ်ထင်တယ်၊ ကျုုပ်တို့ ဒီကနေ အမြန်ထွက်သွားမှရမယ်”
ဦးအောင်ဒင်ပြောဆိုနေသည့်အချိန်မှာပင် မြင်းစီးသံများကို ကြားလိုက်ရပြီးနောက် မြင်းအပေါ်မှလူများက သေနတ်များဖြင့် ပစ်ခတ်ပြန်လေရာ ဦးတောကျော်လည်း ဦးအောင်ဒင်တို့အဖွဲ့ကို ဦးဆောင်ရင်း ဝါးရုံပင်များကြားမှနေ၍ ထွက်လာခဲ့ရတော့သည်။ ဦးတောကျော်အိမ်နောက်တွင် သစ်တောတစ်ခုရှိပြီး ထိုတောမှဆက်သွားလျှင် တောစပ်သို့ရောက်သည်မို့ ထိုအတိုင်းဆက်တက်လာခဲ့ကြသည်။ မကြာမီး မြင်းစီးထားသည့်လူများမှာ မီးတုတ်များကိုင်စွဲလာကြပြီး ဦးတောကျော်၏ တဲအိမ်ကလေးအား မီးတုတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကြလေသည်။
“သွားပါပြီ၊ ကျုပ်တဲတော့ ကုန်ပါပြီဗျာ”
ဦးတောကျော်မှာ မိမိနေထိုင်သည့်် တဲကလေးအားကြည့်နေရင်း စိတ်မကောင်းဖြစ်လာလေသည်။ တဲကလေးမှာ မီးဟုန်းဟုန်းတောက်လောင်နေပြီဖြစ်သည်။ ထိုအခါ ဦးအောင်ဒင်က ဦးတောကျော်ကို လက်ကုပ်ရင်း
“လာပါဗျာ၊ ရတနာတွေရတော့ ခင်ဗျားသစ်သားအိမ် ပြန်ဆောက်လို့ရတာပေါ့၊ လာဗျာ”
သို့နှင့် ဦးတောကျော်လည်း တောအုပ်ဆီသို့ ဦးတည်ခဲ့လေတော့သည်။
(၃)
တစ်ညလုံးပြေးလွှားလာခဲ့ပြီး မိုးလင်းသည့်အခါတွင်တော့ ဦးတောကျော်တို့မှာ စမ်းချောင်းပေါက်ကလေးတစ်ခုအနီးတွင် ရပ်တန့်လိုက်ကြသည်။ အလွန်ရေဆာနေပြီဖြစ်သောကြောင့် စမ်းရေများကို အငမ်းမရသောက်သုံးလိုက်ပြီး လန်းဆန်းသွားစေရန်အတွက် လက်ခုပ်အတွင်းရေထည့်လိုက်ကာ မျက်နှာသို့ဖြန်းပက်လိုက်လေသည်။
“ဒီလူတွေက ဘယ်သူတွေလဲ”
ဦးတောကျော်မေးလိုက်သည့်အခါ ဦးအောင်ဒင်တို့မှာ မျက်နှာအနည်းငယ်ပျက်သွားသည်။
“ကိစ္စတိုင်းမှာ အဖျက်တွေရှိတယ်တဲ့ မုဆိုးကြီးရဲ့၊ ကောင်းတာလုပ်လုပ်၊ ဆိုးတာကိုလုပ်လုပ် အဖျက်တွေ့မှာပဲ၊ ဒီတော့ ဒီလူတွေကလည်း ကျုပ်တို့ရတနာသိုက်တူးမှာကို ဖျက်မယ့်အဖျက်တွေပေါ့ဗျာ”
“အဖျက်တွေ၊ မဖျက်တွေ ကျုပ်မသိဘူးဗျာ၊ ကျုပ်သိတာကတော့ ကျုပ်အိမ်ကုန်ပြီဗျ၊ ခင်ဗျားတို့ ဒီလိုရှုပ်ရှုပ်ယှက်ယှက်မှန်းသိရင် ကျုပ်ဒီအလုပ်ကို လက်မခံခဲ့ပါဘူး”
ဦးတောကျော်ပြောလိုက်သည့်အခါ ဦးအောင်ဒင်က
“ခင်ဗျားတဲပုတ်လောက်အိမ်ကလေး မီးလောင်သွားတာကို ထည့်ပြောမနေစမ်းပါနဲ့ဗျာ၊ ကျုပ်တို့က ဒီထက်ဆိုးတဲ့အဖျက်တွေ တွေ့ကြုံခဲ့ပြီးပြီ မုဆိုးကြီး၊ ကျုပ်မိန်းမနဲ့ကလေးကို ဒီလူတွေသတ်သွားခဲ့ပြီ၊ ငဘတို့ တစ်မိသားစုလုံးကိုလည်း ဒီလူတွေက စိတ်ကြိုက်နှိပ်စက်ပြီး သတ်ဖြတ်ခဲ့ပြီးပြီ၊ နောက်ပြီး ငထွန်းရဲ့အကိုကိုလည်း ဒီကောင်တွေ သတ်ခဲ့သွားပြီ၊ ပြီးတော့ ညက ဗလဆိုရင်လည်း သေသွားခဲ့ပြီမဟုတ်လား”
ဦးတောကျော်မှာ ငိုင်ကျသွားသည်။
“ဘာပဲပြောပြော ကျုပ်တို့က ခင်ဗျားထက် အများကြီးပေးဆပ်ခဲ့ပြီးတဲ့လူတွေပါ မုဆိုးကြီးရာ၊ ဒီတော့ ကျုပ်တို့ဒီနေရာအထိ ရောက်လာပြီးတော့မှ လက်မလျော့ချင်တော့ဘူး၊ ကျုပ်တို့ ရတနာတွေကို မရ၊ ရတဲ့နည်းနဲ့ တွေ့အောင်ရှာမှာပဲ”
“ကျုပ်က မပို့ပေးနိုင်ဘူးဆိုရင်ရောဗျာ”
ဦးတောကျော်ပြောလိုက်သည့်အခါ ဦးအောင်ဒင်က ဦးတောကျော်ကိုင်ထားသည့် သေနတ်ပြောင်းကိုဆွဲယူလိုက်ကာ သူ့ရင်ဘတ်သို့ချိန်ရွယ်ပေးလိုက်လေသည်။ ဦးတောကျော်မှာ အလွန်အံ့သြနေမိသည်။ ငဘနှင့် ငထွန်းတို့မှာလည်း အလွန်ထိတ်လန့်သွားကြသည်။
“ခင်ဗျားမပို့ပေးဘူးဆိုရင်တော့ ကျုပ်ကိုသာ ပစ်သတ်လိုက်ပါတော့၊ ပြီးရင် ကျုပ်ခေါင်းကိုဖြတ်ယူသွား၊ ပြောင်ကြီးတို့အဖွဲ့ကိုပေးလိုက်ရင် သူတို့က ခင်ဗျားအတွက် ပိုက်ဆံနည်းနည်းပါးပါး ပေးရင်ပေးမှာပေါ့ဗျာ”
ဦးတောကျော်တွေဝေသွားသည်။
“လုပ်လိုက်ပါမုဆိုးကြီး၊ ခင်ဗျားလုပ်လိုက်ပါ”
ဦးတောကျော်က သေနတ်ကိုဆွဲယူလိုက်ကာ ပုခုံးပေါ်တွင်ထမ်းလိုက်သည်။
“ထားလိုက်ပါတော့ဗျာ၊ ကျုပ်ခင်ဗျားတို့ကို အဲဒီမင်းကြီးတောင်ကြီးဆီ လိုက်ပို့ပေးမယ်၊ ဟုတ်ပြီလား”
ဦးအောင်ဒင်က ခပ်ထေ့ထေ့ပြုံးလိုက်တော့သည်၊ ထိုတော့မှ သူ့တပည့်နှစ်ယောက်လည်း ပြုံးနိုင်လေသည်။ အလောသုံးဆယ်နှင့်် ထွက်ပြေးခဲ့ရသည်မို့ သူတို့ထံတွင် လက်နက်နှင့် ခဲယမ်းအချို့သာ ပါရှိပြီး ရိက္ခာ၊ စားစရာ မပါရှိပေ၊ တစ်ညလုံးပြေးလာရသဖြင့် ဝမ်းကလည်းအလွန်ဆာလောင်နေပြီဖြစ်သည်။ ဦးတောကျော်မှာ ချောင်းကမ်းနံဘေးသို့တက်လိုက်ပြီးနောက် တစ်နေရာသို့ဦးတည်သွားလေသည်။
“ခင်ဗျားတို့ ကံကောင်းရင်တော့ သားကောင်တစ်ကောင်ကောင်ရဲ့အသား စားရအုံးမှာပါဗျ”
ဦးတောကျော်မှာ တောအတွင်းဝင်လာခဲ့သည်။ စမ်းချောင်းရိုးကလေး၏ အပေါ်ဘက်တွင်မြက်တောများထူထပ်နေလေသည်။ ဦးအောင်ဒင်တို့မှာ ဦးတောကျော်အနောက် အသာကလေးလိုက်လာကြသည်။ ဒိန်း ခနဲသေနတ်သံတစ်ချက်ကြားလိုက်ရပြီးသည့်နောက် ဦးတောကျော်မှာ စမ်းချောင်းရိုးထဲသို့ ခုန်ဆင်းသွားလေသည်။ ထို့နောက် ချောင်းတစ်ဖက်ကမ်းတွင် လဲကျနေသည့် ချေငယ်ကလေးကို ပြေးကောက်လိုက်လေသည်။ ချေငယ်မှာ သမင်ပေါက်အရွယ်သာရှိသည်။
“ဟား၊ မုဆိုးကြီးတို့ကတော့ လက်စွမ်းပြပြီဟေ့”
“ဒီကောင်တွေက တစ်ညလုံးကျက်စားပြီးတော့ မနက်ခင်းမှာ ရေသောက်ဆင်းတတ်ကြတယ်မဟုတ်လား၊ ကဲ ကျုပ်တို့ ဒီမှာပဲ စခန်းချရအောင်ဗျာ၊ ချေသားကင်နဲ့ ဝမ်းဖြည့်ကြတာပေါ့”
မီးပုံတစ်ခုကို ချောင်းရိုးနံဘေး ကျောက်တုံးပေါ်တွင် ဖိုလိုက်ပြီးနောက် ချေသားများကို ဦးတောကျော်က ဖျက်ယူလေသည်။ ထို့နောက် ဝါးတံစို့များနှင့် ထိုးကာ ကင်စားကြသည်။ ချေသားများမှာ ဟင်းခတ်အမွှေးအကြိုင်များမပါဝင်သဖြင့် အနည်းငယ်ညှီနေလေသည်။ ဦးအောင်ဒင်က ချေသားကင်တစ်ချောင်းအား ကြိတ်ဝါးနေသော်လည်း ငထွန်းကတော့ မစားနိုင်ပေ။
“အရသာလဲမရှိဘူးဗျ”
ဦးတောကျော်က ပြုံးလိုက်ပြီးနောက် ဝါးတံတစ်ခုအား မီးဖိုထဲသို့ထည့််လိုက်လေသည်။ မီးမှာ ဝါးတံကိုလောင်ကျွမ်းပြီးသည့်အခါ ထိပ်ပိုင်းမှာ ပြာများအဖြစ်ပြောင်းလဲသွားသည်။ ထိုဝါးပြာအမျှင်ကလေးတစ်ချို့ကို ဖြုတ်ယူလိုက်ပြီးနောက် အသားကင်တွင်ပွတ်လိုက်လေသည်။
“ရော့၊ စားကြည့်လိုက်ပါအုံး”
ဦးအောင်ဒင်က ငထွန်းအားလှမ်းပေးလိုက်သည့်အခါ ငထွန်းက လှမ်းယူလိုက်ပြီးနောက် မယုံသင်္ကာနှင့် ကိုက်ဝါးလိုက်သည်။
“ဟာဗျာ၊ ဒီလိုကျတော့လည်း စားလို့တစ်မျိုးကောင်းသားပဲ”
“ဒါပေါ့၊ ဒါ မုဆိုးတွေရဲ့စားသောက်တဲ့နည်းလမ်းတစ်ခုပေါ့ကွာ”
သူတို့ခပ်မြန်မြန်စားလိုက်ကြသည်။ ပိုလျှံနေသည့်အသားများကို မီးကင်ကာ ဖက်နှင့်ထုတ်လာခဲ့ကြသည်။
“နေအုံး၊ မုဆိုးကြီးရ၊ မင်းကြီးတောင်ဆိုတာ ဝေးသေးလား”
“ဝေးတာပေါ့ဗျာ၊ ကျုပ်တို့အခုသွားရင်တောင် နောက်တစ်နေ့မနက်လောက်ရမှ ရောက်မယ်ဗျ၊ ဒါတောင် ကျုပ်ကတောကျွမ်းလို့ ခင်ဗျားတို့ကို အနီးစပ်ဆုံးလမ်းက ခေါ်သွားလို့နော်၊ သာမန်လူဆိုရင် နှစ်ရက်လောက်တော့ သွားရမယ်ထင်ပါ့ဗျာ”
်တစ်ခုကောင်းသည်က အထုပ်အပိုး ဝန်စည်စလွယ်များ မပါရှိသည်မို့ ခပ်မြန်မြန်သွားနိုင်ခြင်းဖြစ်သည်။ သွားသည့်လူများမှာလည်း အားကောင်းမောင်းသန် ယောက်ျားသားများချည်းဖြစ်ရာ နှောင့််နေးရန်အကြောင်းမရှိပေ၊ မုဆိုးဦးတောကျော်၏ မုဆိုးခြေလှမ်းကို အခြားသူများက အမှီလိုက်နိုင်သည်မှာ အံ့သြစရာပင်ဖြစ်သည်။
မုဆိုးဦးတောကျော်တို့ တောင်တန်းတစ်ခုပေါ်သို့ တက်သွားချိန်တွင် လူတစ်စုက ချောင်းရိုးအနားသို့ရောက်လာခဲ့လေသည်။ ထိုလူများအနက် နဖူးပြောင်ပြောင်နှင့်လူတစ်ယောက်မှာ မီးပုံဖိုထားသည့်နေရာကို အသေအချာကြည့်နေရင်း မီးသေနေပြီဖြစ်သည့် မီးပုံအား လက်ချောင်းဖြင့်ထိုးကြည့်ကာစမ်းသပ်လိုက်သည်။
“တော်တော်ပူနေတုန်းပဲ၊ ဒါဆိုရင် သူတို့သွားတာမကြာသေးဘူး၊ ဒီအနားမှာ သွေးတွေနဲ့ အသားစတွေတွေ့တယ်ဆိုတော့ သူတို့သားကောင်တစ်ကောင်ကို ပစ်ပြီး ဖျက်စားသွားတာပဲဖြစ်မယ်”
နဖူးပြောင်ပြောင်နှင့်လူက လက်ကိုပွတ်သပ်လိုက်ရင်း
“ဗလသေပြီဆိုတော့ သုံးယောက်ပဲကျန်မယ်၊ ဦးအောင်ဒင်က သေနတ်မသုံးဘူး၊ ငဘနဲ့ ငထွန်းတို့ကလည်း သားကောင်ကိုပစ်ခတ်နိုင်လောက်တဲ့အရည်အချင်းမရှိဘူး၊ ဒီတော့ မုဆိုးတစ်ယောက်ယောက်က သူတို့ကိုဦးဆောင်သွားတာပဲဖြစ်မယ်”
ထိုအခါ နောက်လိုက်တစ်ယောက်က
“ဟုတ်တယ်ဆရာ၊ ညက ကျုပ်တို့ပစ်ခတ်ခဲ့တဲ့အိမ်က မုဆိုးတစ်ယောက်ရဲ့နေအိမ်တဲ့ဗျ၊ သူ့နာမည်က ဦးတောကျော်တဲ့”
“ဟား၊ ဟား တောကျော်တဲ့လားကွ၊ ဒါဆိုရင်တော့ အံကိုက်ပဲဟေ့၊ ငါနဲ့တစ်ပွဲလောက်တော့ နွဲလိုက်ချင်သေးတယ်”
“ဒါနဲ့ဆရာ၊ သူတို့ကိုဘယ်လိုဆက်လိုက်ကြမလဲ”
“မလိုပါဘူးကွာ၊ ငါကလည်းမုဆိုးတစ်ယောက်ပါ၊ ပြီးတော့ အရှေ့ကသွားတဲ့ကောင်တွေက တောထဲတောင်ထဲသွားဖူးတဲ့ကောင်တွေမဟုတ်တော့ သူတို့ကိုခြေရာခံံပြီးလိုက်ရတာက အသာကလေးပါကွ၊ လာ၊ ဆက်လိုက်ကြစို့ဟေ့”
နဖူးပြောင်ပြောင်နှင့် လူက ချောင်းရိုးအတိုင်းဆက်တက်သွားသဖြင့် အနောက်မှ တပည့်ငါးယောက်မှာ သေနတ်များကိုယ်စီကိုင်ဆွဲလျှက် လိုက်ပါသွားကြလေသည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။