အပိုင်း (၂) ဇာတ်သိမ်း
(၁)
ဦးတောကျော်တို့အဖွဲ့ လမ်းသွားနေကြရင်း ဦးတောကျော်မှာ တစ်ခုခုကိုရိပ်စားမိသွားလေသည်။ သို့နှင့် မြောင်ကလေးတစ်ခုအတွင်း တက်လိုက်ဆင်းလိုက်နှင့်လုပ်နေလေရာ သုံးကြိမ်ခန့်ရှိသောအခါ ဦးအောင်ဒင်မှာ သံသယဖြစ်လာခဲ့လေသည်။
“ဒီမှာ မုဆိုးကြီး၊ ကျုပ်စိတ်ထင်တော့ ကျုပ်တို့ဒီနေရာကိုဖြတ်နေတာ သုံးခေါက်လောက်ရှိပြီဗျ၊ တန်တော့ ခင်ဗျားလမ်းမှားနေတာလား၊ ဒါမှမဟုတ် ကျုပ်တို့ကိုပဲ တမင်လမ်းမှားအောင်လုပ်နေတာလား”
ဦးတောကျော်က ပြုံးလိုက်ရင်း
“လမ်းတော့မမှားပါဘူး၊ ဒါပေမယ့် လမ်းမှားအောင်လုပ်တာကတော့အမှန်ပဲ”
ဦးအောင်ဒင်မျက်လုံးပြူးသွားလေသည်။
“စိတ်ချပါ၊ ခင်ဗျားတို့ကိုလမ်းမှားအောင်လုပ်တာမဟုတ်ပါဘူး၊ ကျုပ်လုပ်တာက ကျုပ်တို့အနောက်က လိုက်လာမယ့်သူတွေကို လမ်းမှားအောင်လုပ်တာ၊ တကယ်လို့သာ သူတို့ကျုပ်တို့ခြေရာကိုကြည့်ပြီး လိုက်လာကြမယ်ဆိုရင် သေချာပေါက် လမ်းမှားသွားမှာပဲဗျ”
ထိုတော့မှ ဦးအောင်ဒင်ကပြုံးနိုင်တော့သည်။
“ကဲ အခုတော့ သုံးပတ်ပြည့်ပြီ၊ ဒီတော့ ကျုပ်တို့ဟိုဘက်ကိုသွားကြမယ်၊ အဲဒီဘက်မှာ မြေသားကမာသွားပြီဆိုတော့ ကျုပ်တို့ခြေရာကို လိုက်ရှာဖို့ လွယ်မှာမဟုတ်တော့ဘူးဗျ”
ထိုအခါ ဦးအောင်ဒင်တို့မှာ ဦးတောကျော်ပြလိုက်သည့်နေရာသို့ လှည့်ထွက်သွားရန်ပြင်လိုက်စဉ် ဦးတောကျော်က ဟန့်တားလိုက်သည်။
“နေအုံး၊ အားလုံးရပ်လိုက်ကြ၊ ကျုပ်တို့ အတည့်မသွားဘူး၊ နောက်ပြန်လမ်းလျှောက်သွားမယ်”
ထို့နောက် ဦးတောကျော်က ဦးဆောင်ကာ သူတို့တစ်ဖွဲ့လုံး နောက်ပြန်လမ်းလျှောက်လျှက် လျိုမြောင်ကလေးအပေါ်ဘက်သို့တက်သွားကြလေသည်။ ဦးအောင်ဒင်က ပြုံးလျှက်
“မုဆိုးကြီးကတော့ အကွက်စေ့ပါ့ဗျာ၊ ဒီအတိုင်းသာဆိုရင် ကျုပ်တို့ခြေရာတွေကို နောက်ယောင်ခံပြီးလိုက်လာတဲ့သူတွေ အကုန်လုံး မျက်စိလည်ကုန်တော့မှာပဲ”
“ဒါပေါ့ဗျာ၊ လမ်းမပျောက်ရင်တောင်မှ အနည်းဆုံးတော့ သူတို့အချိန်ပုပ်သွားတာပေါ့၊ ကဲ ခပ်မြန်မြန်သွားကြစို့ဗျာ၊ ဒီအတိုင်းဆိုရင်တော့ မိုးမချုပ်ခင် မင်းကြီးတောင်ကို ရောက်လောက်မယ်ထင်ပါရဲ့”
ဦးတောကျော်က ပြောဆိုလိုက်ပြီးနောက် သေနတ်ထမ်းကာ ခပ်မြန်မြန်ဆက်သွားတော့သည်။
ညနေစောင်းပြီဖြစ်သဖြင့် အိပ်တန်းတက်ငှက်တစ်ချို့က သစ်ပင်များထက်တွင် ဆူညံနေကြလေသည်။ ခပ်လှမ်းလှမ်းတွင်လည်း မျောက်အုပ်တစ်အုပ်မှာ သစ်ပင်တစ်ပင်မှ တစ်ပင်ထံသို့ ခုန်ပေါက်သွားလာကာ ဆူညံနေတော့သည်။ ဦးတောကျော်နှင့်အဖွဲ့လည်း မကြာမီတွင် မင်းကြီးတောင်၏ ခြေရင်းသို့ ရောက်လာခဲ့ကြလေသည်။ မင်းကြီးတောင်မှာ ကျောက်တောင်ကြီးတစ်ခုဖြစ်ပြီး တောနည်းပါးသည်ဖြစ်ရာ တောင်ကြောကြီးတစ်ခုလုံးတွင် ကျောက်တံုံးကျောက်သားများကို အဖွေးသားမြင်ရသည်။ ညနေခင်း နေရောင်ခြည်က ထိုတောင်ကြောကြီးအပေါ်တွင် ထွန်းလင်းပက်ဖြန်းထားသည့်အခါ ကျောက်စိုက်ကျောက်သားများမှာ ရွှေရောင်အဆင်းဖြင့် ဝင်းလက်နေကြလေသည်။
“ရောက်ပြီဗျာ၊ ဟောဒါမင်းကြီးတောင်ပဲ”
ဦးတောကျော်ပြောလိုက်သည့်အခါ ဦးအောင်ဒင်မှာ မျက်လုံးအပြူးသားနှင့်် တောင်ကြီးအားကြည့်နေလေသည်။
“ဒီတောင်သေချာလား”
“သေချာတာပေါ့ဗျာ၊ ဟောဟိုနားက တောင်ခြေမှာ ကျောက်လှည်းဘီးကြီးရှိတယ်၊ လာလိုက်ခဲ့ကြ”
မကြာခင် နေလုံးမှာတောင်ကြားထဲသို့ တိုးဝင်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးကို အမှောင်ထုကအလျင်အမြန်ပင် ဖုံးလွှမ်းလိုက်လေသည်။ သူတို့လမ်းလျှောက်ရင်း မကြာခင်တွင် ရေအိုင်ကြီးတစ်ခုအနားသို့ရောက်လေသည်။ ရေအိုင်အနီးရှိ ကျောက်တုံးကျောက်သားများအပေါ်တွင် ဖြူဖြူလွှလွှကျောက်လှည်းဘီးကြီးကိုတွေ့ရသည်။
ကျောက်လှည်းဘီးကြီးမှာ သာမန်လှည်းဘီးထက် သုံးဆမျှကြီးမားကာ အချင်းပင်လျှင် ငါးတောင်ခန့်ရှိပေသည်။ ထိုကျောက်လှည်းဘီးကြီး၏ အပေါ်တွင်တော့ မြေသားများကဖုံးအုပ်နေကာ အချို့နေရာတွင် မြက်ပင်များပင် ပေါက်နေလေတော့သည်။ ရာသီဥတုတိုက်စားမှုကြောင့် ကျောက်လှည်းဘီးကြီး၏ အပေါ်ယံကျောက်သားများမှာ ချောမွေ့နေလေသည်။ ကျောက်လှည်းဘီးကြီးထံတွင် လှည်းဘီးထောက်တံပေါင်း ဆယ့်နှစ်ခုတိတိပါဝင်သည်။
“တွေ့ပြီလား ကျုပ်ပြောတဲ့ကျောက်လှည်းဘီးကြီး”
ဦးအောင်ဒင်က ကျောက်လှည်းဘီးကြီးဆီသို့ ပြေးသွားလိုက်ကာ အသေအချာလေ့လာနေလေသည်။ သူ့မျက်နှာကြည့်ရသည်မှာလည်း အလွန်ပျော်ရွှင်နေပုံရသည်။
“ဟုတ်တယ်ကွ၊ ဒါ ငါတို့ကြားထားတဲ့အတိုင်းပဲ”
“နေပါအုံးဗျ၊ ကျောက်လှည်းဘီးတွေ့တာနဲ့တင်ရပြီလား”
“မရသေးဘူးဗျ၊ နောက်ထပ်ကျောက်လှည်းဘီးတစ်ခုကို တွေ့အောင်ရှာရအုံးမယ်”
“အခုတော့ညနက်နေပြီဗျာ၊ ကျုပ်တို့ဒီအနားမှာပဲ စခန်းချရအောင်”
ဦးတောကျော်က ပြောဆိုလိုက်ပြီးနောက် အနီးအနားရှိ ထင်းခြောက်များ၊ မြက်ခြောက်များကို ကောက်ယူလိုက်ကာ မီးမွှေးနေလေသည်။ ဦးအောင်ဒင်မှာ ဦးတောကျော်လုပ်ကိုင်နေသည်ကိုကြည့်ရင်း
“မီးမွှေးလို့အဆင်ပြေပါ့မလားဗျ၊ မတော်လို့ ကျုပ်တို့အနောက်က လိုက်လာတဲ့သူတွေ တွေ့သွားရင် ဒုက္ခရောက်သွားနိုင်တယ်”
ဦးတောကျော်က ပြုံးလျှက်
“မပူပါနဲ့ဗျာ၊ ကျုပ်တို့ခြေရာဖျောက်ပြီးတော့ လမ်းလွှဲထားတယ်မဟုတ်လား၊ မပူနဲ့၊ ဒီအတိုင်းဆိုရင် ဒီလူတွေ ညတွင်းချင်း ဒီနေရာကို ရောက်လာဖို့မလွယ်ပါဘူးဗျာ”
ထိုအခါ ငထွန်းက
“မီးမွှေးရင်လည်း မြန်မြန်မွှေးပါဗျာ၊ ကျုပ်တို့တော့ ချမ်းလှပြီဗျ”
သို့နှင့် မီးပုံတစ်ခုကို ဖိုလိုက်ပြီး မီးလှုံလိုက်ကြတော့သည်။ တောရိပ်တောင်ရိပ်ကြောင့် ရာသီဥတုက ဆောင်းတမျှ အေးမြနေလေတော့သည်။
(၂)
မီးတုတ်ကိုယ်စီဖြင့်် ပြောင်ကြီးနှင့် လူတစ်စု တောအုပ်အတွင်း ခြေရာခံကာ လိုက်လာခဲ့ကြသည်။ ပြောင်ကြီး၏ တပည့်များမှာ မောပန်းနေပြီဖြစ်သည်။
“ဆရာပြောင်ကြီး၊ မိုးလည်းချုပ်နေပြီဆိုတော့ ကျုပ်တို့ဒီနားမှာပဲ နားလိုက်လို့မရဘူးလား”
“မဖြစ်ဘူးကွ၊ ခြေရာခံတယ်ဆိုတာ ခြေရာလတ်ဆတ်နေတုန်းလိုက်မှကွ၊ ငါ့အထင် ဒီခြေရာတွေက လွန်ခဲ့တဲ့ သုံးနာရီလောက်က သွားခဲ့တဲ့ခြေရာတွေပဲ၊ ငါတို့မြန်မြန်လိုက်ရင် သူတို့ကိုမီနိုင်သေးတယ်”
ဆရာဖြစ်သူကပြောသဖြင့် ကျန်သည့်တပည့်များက ဆက်မပြောဝံ့တော့ဘဲဲ လိုက်လာခဲ့ကြလေရာ မကြာခင်တွင် မြောင်ကြားကလေးတစ်ခုအတွင်းသို့ ချဉ်းကပ်မိကြသည်။ အောက်ခံမြေသားမှာ အနည်းငယ်ပျော့သည်မို့ ခြေရာများကို အတိုင်းသားမြင်နေရသည်။ ခြေရာများအတိုင်း ပြောင်ကြီးတို့လိုက်လာခဲ့ရာ တစ်နာရီခန့်ကြာသွားခဲ့လေသည်။ တစ်နေရာအရောက်တွင်တော့ ခေါင်းဆောင်ဖြစ်သူ ပြောင်ကြီးက တစ်ခုခုကိုသတိထားမိသွားသည်။
“ကဲငါဒီမှာရပ်နေခဲ့မယ်၊ မင်းတို့ကောင်တွေက ခြေရာအတိုင်းဆက်လိုက်ကြ”
ပြောင်ကြိးက ဆေးလိပ်တစ်လိပ်ကိုထုတ်ကာ မီးညှိပြီး ဖွာရှိုက်နေလေသည်။ တပည့် ငါးယောက်လည်း ဆရာပြောသည့်အတိုင်း ဦးတောကျော်တို့ သွားလာထားပံံုံရသည့် ခြေရာများအတိုင်း ဆက်လိုက်လာခဲ့ကြရာ မကြာခင်တွင် ဝါးရုံကလေးတစ်ခုကို ကျော်ဖြတ်လိုက်စဉ် ဆေးလိပ်ထိုင်သောက်နေသည့် သူတို့ဆရာပြောင်ကြီးကို တွေ့လိုက်ကြရသည်။
“ဟာ၊ ဆရာပြောင်ကြီး၊ ဘယ်အချိန်တုန်းကသွားလိုက်လို့ ကျုပ်တို့အရှေ့ကိုရောက်နေတာလဲ”
ပြောင်ကြီးက ရယ်မောလိုက်ကာ
“ငါဘယ်မှမသွားဘူးဟေ့၊ ခုနက နေရာမှာပဲထိုင်နေခဲ့တာ”
“ဒါ . . . ဒါဆို”
“မင်းတို့တွေ လမ်းမှားနေကြတာပဲကွ၊ အရှေ့က သွားခဲ့တဲ့မုဆိုးက အတော်လည်တဲ့လူပဲကွ၊ ငါတို့လိုက်လာမှန်းသိလို့ ငါတို့ကိုလမ်းလွှွဲသွားအောင် တမင်သက်သက်ထောင်ချောက်ဆင်ခဲ့တာပဲကွ”
“ဗျာ၊ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ ဆရာ”
“တခြားသူဆိုရင်တော့ တောထဲမှာ လမ်းပျောက်လောက်ပြီပေါ့ကွာ၊ ဒါပေမယ့် ငါက မုဆိုးတစ်ယောက်မဟုတ်လား၊ ဟောဟိုက ခြေရာတွေကို ငါသံသဖြစ်မိတယ်”
တပည့်များက ပြောင်ကြီးညွှန်ပြသည့် ခြေရာများကိုသွားကြည့်သည်။
“ဟာ၊ ဆရာပြောင်ကြီးကလည်း၊ ခြေရာတွေက ဒီဘက်ကိုလာတဲ့ခြေရာတွေပါဗျ”
“တမင်သက်သက်လမ်းလွှဲထားပါတယ်ဆိုမှကွာ၊ ဒီလူက ငါတို့ကိုလမ်းလွှဲရင်လွှဲ၊ မလွဲရင် အချိန်ပုတ်သွားအောင်လို့ လုပ်ခဲ့ပုံပဲကွ၊ ကဲ အဲဒီလမ်းကိုဆက်လိုက်ကြမယ်”
ပြောင်ကြီးတို့အဖွဲ့လည်း ထိုခြေရာများအတိုင်းလိုက်လာခဲ့ကြရာ မကြာခင်တွင် ကျောက်သားများနှင့် ဖုံးလွှမ်းထားသည့် ကုန်းကလေးတစ်ခုဆီသို့ရောက်လာခဲ့သည်။ ထိုနေရာအရောက်တွင် ခြေရာများကိုမတွေ့ရတော့ပေ၊ ပြောင်ကြီးခေါင်းဆောင်သည့်အဖွဲ့မှာ အကြပ်ရိုက်ခဲ့ပြီဖြစ်သည်။ မြေသားမာနေသဖြင့်် ခြေရာခံ၍ သိပ်မလွယ်လှပေ။ ညည့်ကလည်းအတော်နက်နေပြီဖြစ်ရာ မိုးကောင်းကင်တွင် ကြယ်ရောင်စုံတောက်ပလျှက် ညဘက်အစာရှာထွက်သည့် လင်းဆွဲများနှင့် ဒီးဒုတ်၊ ဇီးကွက်များသာပျံလွှားနေကြလေသည်။
“ဆရာကြီး ဘယ်လိုလုပ်ကြမလဲ၊ ညည့်ကလည်းနက်နေပြီ၊ ကျုပ်တို့လိုက်ခဲ့တဲ့လမ်းက ဟုတ်ရဲ့လား”
ပြောင်ကြီးမှာ အတွေ့အကြုံုရှိသူပီပီ မြေပြင်အား အသေအချာကြည့်ရှုလိုက်ရင်း အကဲခတ်နေလေသည်။ ထိုအခါမြေကြီးပေါ်တွင် ရွှံ့စ ရွံ့နတစ်ချို့ကိုတွေ့ရသည်။ ပြောင်ကြီးက ထိုရွံ့တုံးကလေးများကို ကောက်ယူကြည့်လိုက်ရင်း
“ဒီကျောက်သားမှာ ရွံံ့တွေရှိတာထူးဆန်းတယ်၊ နောက်ပြီးတော့ ရွံံ့တွေက စိုနေတုန်းပဲကွ”
တပည့်များက ပြောင်ကြီးထံသို့ ပြေးလာကာ ရွံ့ကလေးများကိုကြည့်ကြလေသည်။ ပြောင်ကြီးမှာ မြေတွင်ကျကျန်ရစ်နေသည့် ရွံံ့တုံးများကိုအသေအချာကြည့်ရင်း
“မင်းတို့ကောင်တွေကြည့်စမ်း၊ ရွံ့တုံးက ဒီဘက်ကိုအလျားလိုက်ကလေးဖြစ်နေတယ်မဟုတ်လား”
“ဟုတ်တယ်ဆရာကြီး”
“ဒီရွံ့က ခြေမကြားမှာ ကပ်နေတဲ့ရွံ့ဖြစ်မှာကွ၊ သူတို့က ငါတို့ကိုလှည့််ဖျားချင်လို့ ပြောင်းပြန်လမ်းလျှောက်ပြီးထွက်သွားပေမယ့်၊ ဒီနေရာရောက်တော့ အတည့်ပြန်ပြီးလမ်းလျှောက်သွားပံုံရတယ်၊ ကဲ တပည့်တို့ လမ်းလျှောက်တဲ့အခါမှာ ခြေမက ဘယ်ကိုဦးတည်နေသလဲ”
“ဟာ ဆရာကလည်း ခြေမက ကိုယ်သွားမယ့်အရပ်ကိုဦးတည်နေတာပေါ့ဗျာ”
“အေးပေါ့၊ ဒါဆို အခုဒီရွံ့တုံးကလေးတွေရဲ့ အလျားလိုက်တည်ရှိနေတဲ့အရပ်က သူတို့ဦးတည်နေတဲ့အရပ်ပဲပေါ့ကွ”
ပြောင်ကြီးနှင့် တပည့်များက တောအုပ်တစ်နေရာသို့လှမ်းကြည့်လိက်ကြလေသည်။ ထို့နောက် ပြောင်ကြီးက ဦးဆောင်ကာ ထိုသူများသွားလာနိုင်သည့် လမ်းကြောင်းတစ်ခုအတိုင်းဆက်လိုက်လာခဲ့ရာ မကြာခင် တောင်ကုန်းကလေးတစ်ခုကိုဖြတ်ကျော်ရသည်။ ထိုတောင်ကုန်းအကျော်တွင်တော့ အလွန်မြင့်မားမတ်စောက်စွာတည်ရှိနေသည့် တောင်ကြီးတစ်လုံးကို လရောင်အောက်တွင်မြင်တွေ့လိုက်ရလေသည်။ ပြောင်ကြီးမှာ အားရဝမ်းသာနှင့် ပြုံးလိုက်ပြီးနောက်
“တွေ့ပြီကွ၊ အဲဒါ မင်းကြီးတောင်ပဲနေမှာ”
တပည့်များလည်း ပျော်ရွှင်သွားကြသည်။ ပြောင်ကြီးက မြေပြင်တွင်ထိုင်ချလိုက်ပြီးနောက် အခြေအနေကိုအကဲခတ်လိုက်သည်။ တောင်ကြီးဆီမှ အေးမြသည့်လေအေးတစ်ချို့က တိုက်ခတ်နေကြလေသည်။ ပြောင်ကြီးက နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ရင်း
“လေကိုသေချာအနံ့ခံကြည့်စမ်းကွ၊ လေထဲမှာ မီးသင်းနံ့၊ မီးခိုးနံ့တွေပါနေတယ်၊ ငါထင်တာတော့ ဒီကောင်တွေ တောင်ခြေတစ်နေရာရာမှာ စခန်းချနေတဲ့ပုံပဲကွ”
တပည့်များကလည်း အနံ့ခံံကြည့်ရာ တိုက်ခတ်နေသည့် လေထုအတွင်းတွင် သစ်ရွက်စိမ်းမီးခိုးနံ့ကဲ့သို့ အနံံ့တစ်မျိုးကို ရရှိလိုက်ကြလေသည်။ သို့နှင့် တပည့်များအားလုံးက ဆရာပြောင်ကြီးအား ချီးကျူးကြလေသည်။
“ကဲ၊ ငါတို့ ဒီမှာပဲ စခန်းချမယ်ဟေ့၊ မီးတော့မဖိုနဲ့၊ ပါလာတဲ့ရိက္ခာ အခြောက်အခြမ်းတွေပဲ စားထားကြ”
တပည့်အချို့က အံ့သြသွားလေသည်။
“ဆရာပြောင်ကြီး၊ ဒီကောင်တွေကို မီနေပြီမဟုတ်လား၊ ကျုပ်တို့အခုဆက်လိုက်သွားရင် သူတို့ကိုတောင် တွေ့ချင်တွေ့မှာဗျ”
“နေပါစေကွာ၊ ဒီကောင်တွေက အခုငါတို့လက်ထဲကကောင်တွေဖြစ်နေပါပြီကွ၊ အောင်ဒင်ကို ရတနာတွေရှာဖို့ အချိန်ပေးထားလိုက်အုံးမယ်၊ သူတို့တွေ့လောက်ပြီဆိုတော့မှ ငါတို့သွားကြတာပေါ့ကွာ”
ထိုအခါ တပည့်များက ရယ်မောလိုက်လေသည်။
“တို့ဆရာပြောင်ကြီးက ထိပ်လည်းပြောင်သလောက် အကြံတွေကလည်း သိပ်ပြောင်တာပဲဟေ့၊ ဒါဆိုရင် ကျုပ်တို့ပင်ပန်းစရာမလိုတော့ဘဲ သူတို့ရတနာတွေရလာခါမှ သွားအပိုင်စီးရုံပဲပေါ့၊ ဟား၊ ဟား”
တပည့်များပြောသည်ကို ကြားလိုက်သည့်အခါ ပြောင်ကြီးတစ်ယောက် ပြုံးလျှက် မင်းကြီးတောင်ဘက်သို့ ကြည့်နေလေတော့သည်။
“အောင်ဒင်၊ အောင်ဒင် မင်းက ငါ့ကိုသစ္စာဖောက်ပြီးတော့ ကွက်ကျော်ရိုက်လို့ ရမယ်တဲ့လားကွ”
(၃)
မနက်လင်းတော့မည်ဖြစ်သည်။ ဦးတောကျော်တို့လည်း ခပ်စောစောထလိုက်ကာ လုပ်ငန်းစတင်ရန် ပြင်ဆင်ကြလေသည်။ ဦးအောင်ဒင်မှာ ကျောက်လှည်းဘီးကြီးအပေါ်တွင်ရောက်နေပြီဖြစ်ပြီး အသေအချာလေ့လာစူးစမ်းနေလေရာ ဦးတောကျော်မှာ ဦးအောင်ဒင်အနီးသို့တိုးကပ်ခဲ့သည်။
“ကျောက်လှည်းဘီးကြီးက တော်တော်ကြီးတာနော်၊ ကျုပ်တို့လေးယောက်ပေါင်းရင်တောင် လှည့်လို့ရမယ်မထင်ဘူး”
“လှည့်စရာမလိုပါဘူး မုဆိုးကြီးရဲ့”
“ဘယ်လိုဗျ”
“သူ့အလိုလိုလှည့်မှာပါ၊ အဒီလိုလှည့်ဖို့ ခလုတ်တစ်ခုကိုရှာဖို့ပဲလိုတယ်”
“ဒါပဲလား”
ဦးအောင်ဒင်က ခေါင်းခါလိုက်ပြီးနောက်
“နောက်ထပ်ကျောက်ဘီးတစ်ခုရှာရမယ်၊ တွေ့ရင်တော့ ဒီကျောက်ဘီးမှာရှိတဲ့ခလုပ်နဲ့ နောက်ထပ်ကျောက်ဘီးကြီးမှာ ရှိတဲ့ခလုပ်ကို တစ်ပြိုင်နက်တည်းနှိပ်ရမယ်”
“တစ်ပြိုင်နက်တည်း မနှိပ်ဘူးဆိုရင်ရောဗျာ”
“အဲဒါဆိုရင်တော့ မပွင့််ဘူးပေါ့၊ ဒါကြောင့်လည်း ခင်ဗျားပြောသလို လူတွေခဏခဏလာရှာကြပေမယ့် မတွေ့ကြဘူးဆိုတာပေါ့ဗျာ”
“ကောင်းပါပြီဗျာ၊ ဒါဆိုရင်လည်း ခင်ဗျားဆက်ရှာပါ၊ ကျုပ်တော့ မျက်နှာသစ်၊ ခြေလက်ဆေးလိုက်အုံးမယ်ဗျ”
ဦးတောကျော်တစ်ယောက် သူတို့စခန်းချသည့် ကျောက်လှည်းဘီးကြီးနှင့် မနီးမးဝေးရှိရေကန်ကလေးဆီသို့လာခဲ့သည်။ ရေကန်မှာ လူကြီးပေါင်လယ်ခန့်နက်ပြီး ကျောက်သားများအလယ်တွင်တည်ရှိနေကာ ရေညှိများနှင့် ပြည့်နှက်နေကာ စိမ်းနောက်ကျိနေလေသည်။ ကျောက်သားကြားတွင် တည်ရှိနေသဖြင့်် ရေများမှာ ကျောက်စက်ရေအလားအလွန်အေးမြလှသည်။ ဦးတောကျော်လည်း ကိုယ်လက်သုတ်သင်လိုက်ပြီး ကန်ရေဖြင့်မျက်နှာသစ်လိုက်ရာ ရေမှော်ပင်များအောက်ဘက်သို့ ငါးတစ်ချို့တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။
“ဟာ၊ ပွတာပဲဟေ့၊ ကျောက်တုံးအောက်မှာ ကျောက်ငါးတွေရှိတယ်ဟ”
ဦးတောကျော်က စခန်းချထားသည့်နေရာသို့ ပြေးခဲ့သည်၊ ငထွန်းနှင့် ငဘတို့မှာ ယမန်နေ့ကရခဲ့သည့် အသားခြောက်များအား ဝါးစားနေကြလေသည်။
“ဟေဟေ့၊ မင်းတို့တော့ ငါးကင်စားရတော့မယ်ကွ၊ ဟောဟိုကန်ကလေးထဲမှာ ကျောက်ငါးတွေရှိတယ်”
“ငါးတွေကိုတော့ ခုနကတည်းက ကျုပ်တို့တွေ့ပြီးသားပါ၊ ဒါပေမယ့် ကျုပ်တို့မှာ ငါးမျှားဖို့ ချိတ်မရှိ၊ ပိုက်မရှိနဲ့ ဘယ်လိုဖမ်းကြမှာလဲဗျ”
“ဒါတော့ မပူပါနဲ့ကွာ”
ဦးတောကျော်မှာ မင်းကြီးတောင်ခြေတွင် ပေါက်ရောက်နေသည့် တောအုပ်အတွင်းသို့ တိုးဝင်လိုက်သည်။ ကျောက်တောင်ကြီးဖြစ်သဖြင့် သစ်တောအုပ်မှာ သစ်ပင်မထူထပ်လှပေ၊ ကျောက်သားများကိုထိုးဖောက်ပေါက်ရောက်နိုင်သည့် သစ်ပင်တချို့နှင့် နွယ်ပင်၊ ချုံပင်များသာရှိသည်။ ဦးတောကျော်မှာ နွယ်ပင်တစ်ပင်အား တွေ့ရှိသွားသဖြင့် ပါလာသည့်ဓါးဖြင့် အသာခုတ်ဖြတ်လိုက်လေသည်။ နွယ်ပင်၏ အရိုးတံမှာ လက်မလုံးခန့်ရှိသည်။ ဦးတောကျော်က ထိုနွယ်ပင်များကို နှစ်လံသုံးလံခန့်ဖြတ်တောက်ပြီးနောက် လေးငါးပင်ကိုယူဆောင်လာခဲ့လေသည်။ ဦးတောကျော် နွယ်ပင်ကြီးများကိုင်လာသည်ကိုကြည့်ရင်း ငဘနှင့် ငထွန်းက သက်ပြင်းချလိုက်သည်။
“အဲဒီနွယ်ပင်တွေနဲ့ ပိုက်လုပ်မလို့လား မုဆိုးကြီးရဲ့”
ဦးတောကျော်မှာ ဘာမှမပြောတော့ဘဲ ထိုနွယ်ပင်များ၏ အခေါက်ကိုဓါးနှင့်ခွာထုတ်လိုက်သည်။ ထို့နောက်အပင်ခေါက်များကို ကျောက်တုံးတစ်ခုပေါ်တွင်တင်ကာ အခြားကျောက်တုံးတစ်ခုဖြင့် ထုနေတော့သည်။ ခေတ္တမျှထုပြီးသောအခါ နွယ်ပင်အခေါက်များမှာ ပြားချပ်ကုန်ကာ ပျော့ဖတ်များကဲ့သို့ ဖြစ်ကုန်သည်။ ဦးတောကျော်လည်း ထုထောင်းထားသည့် နွယ်ပင်အခေါက်များကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်လျှက် ရေကန်အတွင်းသို့ဆင်းလာခဲ့သည်။
ရေကန်အစပ်တွင် ထိုနွယ်ပင်အခေါက်များကို ချကာ ရေထဲနှစ်လိုက်လေသည်။ ထိုအခါ နွယ်ပင်အခေါက်မှ စိမ်းရွှေရွှေအရည်များမှာ ရေကန်အတွင်းသို့ ပျံ့နှံ့သွားတော့သည်။ ဦးတောကျော်လည်း နွယ်ပင်အခေါက်များကို ရေစွတ်လိုက်၊ ကန်ထဲသို့ ညှစ်ချလိုက်နှင့်လုပ်နေသည်ကို ကျန်သူများကငေးမောကြည့်ရှုနေကြသည်။
“ဦးတောကျော် အဲဒါဘာလုပ်တာလဲဗျ”
ငထွန်းက အနီးကပ်မေးလာသည်။
“ဒီနွယ်ပင်တွေက ဟုမ်းနွယ်ပင်တွေကွ၊ ဟုမ်းနွယ်ဆိုတာ အဆိပ်တစ်မျိုးရှိတယ်၊ သူ့အခေါက်ကို ဒီလိုထုရိုက်ပြီးတော့ ချောင်းရိုးပေါ်ကနေ ရေစိမ်ချလိုက်ရင် ချောင်းရိုးအောက်က ငါးတွေ အသက်ရှူရပ်၊ မူးမေ့ပြီးတော့ ရေအပေါ်ကို ပေါ်လာတတ်တယ်ကွ”
ဦးတောကျော်ပြော၍မဆံုံးသေးပေ၊ ဖြူဖျော့ဖျော့ ငါးတစ်ကောင်က ရေမျက်နှာပြင်တွင်ပေါ်လာပြီးနောက် တဖျပ်ဖျပ်လှုပ်ခတ်နေရင်း အတန်ကြာသည့်အခါ ငြိမ်သက်သွားလေသည်။ ကျောက်ငါးများမှာ ငါးရံ့၊ ငါးခေါင်းပွနှင့် ပုံစံခြင်းဆင်တူသည်။ ရေညှိရေမှော်များကို စားသောက်သည်မို့ ဆူဖြိုးနေလေသည်။
“လာစမ်းဟေ့”
ှုဦးတောကျော်က ရေကန်အတွင်းသို့ဆင်းလိုက်ကာ ငါးကိုအသာကောက်ယူလိုက်သည်။ ထိုစဉ်မှာပင် အခြားငါးများမှာလည်း တစ်ကောင်ပြီးတစ်ကောင် ရေကန်ထဲမှ ပေါ်ထွက်လာကြရာ ငဘနှင့် ငထွန်းတို့လည်း ပျော်ရွှင်စွာဖြင့် ရေကန်ထဲဆင်းလိုက်ကြပြီး ငါးများကိုလိုက်ကောက်တော့သည်။
“နေပါအုံးမုဆိုးကြီးရဲ့၊ ငါးတွေက အဆိပ်မိတယ်ဆိုတော့ သူတို့ကိုစားတဲ့ကျုပ်တို့ကရော အဆိပ်မမိဘူးလား”
“မဟုတ်ဘူးကွ၊ ဒီအဆိပ်က ငါးတွေကိုပဲ အဆိပ်သင့်စေတာ၊ ဒါပေမယ့် ငါးတွေကိုမသေစေဘူးကွ၊ အချိန်တစ်ခုအထိပဲ မေ့မြောနေစေတာ၊ လူတွေကိုဆိုရင်တော့ ဘာမှကိုမဖြစ်ဘူးဟေ့”
ငဘနှင့် ငထွန်းမှာ ငါးကောင်များကို မီးပုံအနီးသို့ယူဆောင်သွားကာ တံစို့ထိုးပြီး ကင်နေကြလေသည်။ ဦးတောကျော်မှာ ပေါင်လယ်ခန့်နက်သည့် ရေလယ်သို့ဆင်းလာရင်း တစ်နေရာအရောက် ခြေထောက်အောက်တွင် မာမာကျောကျောအရာတစ်ခုနှင့် ခလုတ်တိုက်မိပြီး ချော်လဲကျသွားမလိုပင် ဖြစ်သွားသည်။ ခြေထောက်ဖြင့် သေချာစွာစမ်းသပ်ကြည့်သည့်အခါ ကုန်းတန်းတစ်ခုကဲ့သို့ အမြှောင်းလိုက်ဖြစ်နေသည့် ကျောက်သားတစ်ခုကိုစမ်းမိလေသည်။ ဦးတောကျော်လည်း ခြေထောက်ဖြင့်အသာ ဆက်လက်စမ်းကြည့်ရာ ရေညှိများအောက်တွင် လှည်းဘီးနှင့်ဆင်တူသည့် အဝန်းအဝိုင်းတစ်ခုကို စမ်းမိကာ ဝင်ရုံးတံနှင့် သဏ္ဍာန်တူညီသည့်် အချောင်းသဏ္ဍာန်များကိုလည်း စမ်းသပ်မိလေရာ ဦးတောကျော်ပင် မျက်လုံးပြူးသွားရသည်။
“တွေ့ပြီဟေ့”
ဦးတောကျော်မှာ အားရဝမ်းသာနှင့် အော်ဟစ်လိုက်လေရာ မီးပုံအနီးတွင်ထိုင်ရင်း ငါးများကိုကင်နေကြသည့် ငထွန်းနှင့် ငဘပင်အံ့သြသွားရလေသည်။
“ဟောဒီရေကန်အောက်မှာ ကျောက်လှည်းဘီးနောက်တစ်ခုဗျို့”
ဦးတောကျော်အော်ဟစ်လိုက်သဖြင့် ဦးအောင်ဒင်မှာ အပြေးရောက်လာခဲ့လေသည်။ ရေကန်အတွင်းပေါက်နေကြသည့် ရေညှိများ၊ ရေမှော်များကို တုတ်တစ်ချောင်းဖြင့် ဆယ်ယူလိုက်သည့်အခါတွင်တော့ အောက်ဘက်ရှိ ကျောက်လှည်းဘီးကြီးကို မထင်မရှားမြင်ရလေသည်။ ဦးအောင်ဒင်လည်း ရေထဲသို့ကိုယ်တိုင်ဆင်းပြီး ဆက်လက်စမ်းသပ်လိုက်ရာ ကျောက်လှည်းဘီးကြီးကို စမ်းသပ်မိတော့သည်။
“ဟုတ်ပြီ၊ တွေ့ပြီဗျ”
ဦးအောင်ဒင်မှာပျော်ရွှင်သွားလေသည်၊ ဦးတောကျော်လည်း ခေါင်းညိတ်လိုက်ရင်း
“အေးဗျာ၊ လတ်စသတ်တော့ ဒီကျောက်လှည်းဘီးကြီးက မြေနိမ့်ပိုင်းမှာရှိနေလို့ မိုးရွာတဲ့အခါ ရေတွေဝပ်ပြီးတော့ သူ့ကိုဖုံးအုပ်သွားတာဗျို့၊ ဒါကြောင့်လည်း လူအတော်များများက လာရှာကြပေမယ့် ဒီကျောက်လှည်းဘီးကြီးကို မတွေ့တာကိုး”
ထိုအခါ ဦးအောင်ဒင်က ရေပေါ်ပြန်တက်လာပြီးနောက် ကုန်းပေါ်ရှိကျောက်လှည်းဘီးကြီး၏ ဝင်ရိုးစွပ်သည့်နေရာအနီးသို့ တိုးရပ်လိုက်သည်။ ထိုနေရာတွင် တင်နေသည့် မြေသားများနှင့် ကပ်ပေါက်နေသည့် မြက်ပင်များကို ရှင်းလင်းလိုက်ကာ ထိုလှည်းဘီးဝင်ရိုးနေရာအား သေနတ်ဒင်ဖြင့် ထုနှက်လိုက်လေသည်။ မကြာခင်မှာပင် ဝင်ရိုးနေရာမှာ တဖြည်းးဖြည်းလှုပ်ခပ်လာပြီးနောက် အဖုံးတစ်ခုသဏ္ဍာန်သဖွယ် ပေါ်ထွက်လာလေရာ ဦးအောင်ဒင်က ထိုအဖုံးကို ဆွဲဖွင့်လိုက်လေသည်။
“ကဲ၊ လာကြည့်ပါအုံး မုဆိုးကြီး”
ဦးတောကျော်မှာ ဦးအောင်ဒင်ပြသည့် အဖုံးအောက်သို့ကြည့်လိုက်ရာ ဘီလူးခေါင်းသဏ္ဍာန်ထွင်းထုထားသည့် ကျောက်အချပ်ပြားတစ်ခုကိုတွေ့လိုက်ရလေသည်။
“ကျုပ်တို့လုပ်ရမှာကတော့ လွယ်ပါတယ်၊ တုတ်တစ်ချောင်းရှာဖွေပြီးတော့ ဟောဒီဘီလူးခေါင်းပေါ်မှာ တင်ပြီး ခပ်နာနာလေး ထုရိုက်ပေးဖို့ပဲ၊ ဒီလိုဆိုရင် ဘီလူခေါင်းတွေက အောက်ကိုကျွံဝင်သွားပြီးတော့ စက်ယန္တရားတွေက သူ့အလိုလိုလည်ပတ်သွားလိမ့်မယ်”
“ထူးဆန်းလိုက်တာဗျာ”
“ဒီနည်းပညာက ဟိုးရှေးခတ်ကတည်းက အသုံးပြုလာခဲ့တဲ့ ကျောက်လှည်းနှစ်ဘီး နည်းပညာပဲပေါ့ဗျာ”
သို့နှင့်် ဦးတောကျော်မှာ လူကြီးလက်ကောက်ဝတ်ခန့်ရှိသည့် သစ်လုံးတစ်ခုအား တစ်တောင်ခန့်ဖြတ်လိုက်ကာ ထိုကျောက်လှည်းဝင်ရိုးပေါက်အတွင်းသို့ ထိုးထည့်လိုက်လေသည်။ ထို့နောက် ကျောက်တုံးကြီးတစ်တုံးကို လက်မှကိုင်လျှက် ထုရိုက်ရန်အသင့်ပြင်ဆင်လိုက်သည်။ တစ်ဖက်တွင်လည်း ဦးအောင်ဒင်မှာ ရေအတွင်းရှိ ကျောက်လှည်းဘီးအနီးတွင် ရပ်တန့်နေလိုက်ကာ ဦးတောကျော်ပြုလုပ်သည့်နှယ် ပြုလုပ်လိုက်လေသည်။
“မုဆိုးကြီး၊ ကျုပ်တို့နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ထုရိုက်မှ ဖြစ်မယ်နော်ဗျ”
ဦးတောကျော်လည်း ခေါင်းညိတ်လိုက်လေသည်။ ဦးအောင်ဒင်က အသံကျယ်ကျယ်ဖြင့်် အော်ဟစ်လိုက်ရင်း
“တစ်၊ နှစ်၊ သုံး”
သုံးဟုရောက်သည်နှင့် ဦးတောကျော်ရော၊ ဦးအောင်ဒင်ပါ သစ်သားကိုင်း၏ အနှောင့််သို့ ကျောက်တုံးများဖြင့် အားကုန်ထုရိုက်ထည့်လိုက်ကြသည်။ ထိုအခါ ဂျိန်းခနဲမြည်သံကြီးက မြည်ဟီးသွားပြီးနောက် ကျောက်လှည်းဘီးကြီးများမှာ လက်ယာရစ်အတိုင်း လည်ပတ်သွားကြသည်။
“ကျောက်လှည်းဘီးကြီးတွေ လည်နေပြီဟေ့”
ဦးတောကျော်တို့မှာ ကျောက်လှည်းဘီးကြီးနှင့် မလှမ်းမကမ်းသို့ ပြေးတက်ခဲ့ကြသည်။ ကျောက်လှည်းဘီးကြီးများမှာ ဦးအောင်ဒင်ပြောသလိုပင် သူ့အလိုလိုလည်ပတ်ကာ တစ်ပတ်ပြည့်သွားသည့်အခါတွင်တော့ ရပ်တန့်သွားတော့သည်။ ဦးတောကျော်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့််အခါ မည်သို့မျှ မထူးခြားပေ၊ ထိုစဉ် ရေကန်ကလေးအတွင်းရှိရေများမှာ ဝဲကတော့ပုံသဏ္ဍာန် လည်ပတ်လာပြီးနောက် ရေမျက်နှာပြင်မှာလည်း တဖြည်းဖြည်းနိမ့်ဆင်းသွားသည်ကိုတွေ့လိုက်ရသည်။ မကြာမီအချိန်အတွင်းမှာပင် ရေကန်အတွင်းမှရေများ အကုန်လုံးကုန်ခမ်းသွားပြီး ရေကန်အလယ် ကျောက်ဘီးကြီး၏ အနီးတွင်တော့ အောက်ဘက်သို့ဆင်းသွားနိုင်သည့် လှေကားထစ်တစ်ခုကိုမြင်တွေ့လိုက်ကြရသည်။
ငဘနှင့် ငထွန်းတို့မှာ ပျော်မြူးသွားကာ ထခုန်ပေါက်ကြလေသည်။ ဦးအောင်ဒင်မှာတော့ ပျော်ရွှင်သည်ကို မြိုသိပ်ထားပုံရသည်။
“ဟေး၊ တံခါးပွင့်သွားပြီဟေ့၊ ရတနာတွေ ရတော့မယ်ကွ”
“ဒိုင်း . . .”
ထိုစဉ်မှာပင် သေနတ်သံတစ်ချက်ကို ကြားလိုက်ရသည်။ သေနတ်ကျည်ဆန်မှာ သူတို့အနီးရှိ ကျောက်သားပြင်သို့ လာရောက်ထိမှန်လေသည်။ ဦးတောကျော်တို့လည်း လှည့်ကြည့်လိုက်သည့််အခါ ပြောင်ကြီးတို့ လူတစ်စုဖြစ်နေသည်။ ပြောင်ကြီးတို့မှာ သူတို့အား သေနတ်များဖြင့်ထိုးချိန်ထားသည်။ ဦးတောကျော်တို့၏ သေနတ်များမှာတော့ မီးပုံအနီးတွင် ထောင်ထားခဲ့သဖြင့်် အလွန်အလှမ်းဝေးနေသည်။
နဖူးပြောင်ပြောင်နှင့် ကျစ်လျစ်သန်မာသည့် ကိုယ်လုံးကိုယ်ထည်ရှိသည့် လူတစ်ဦးမှာ နှစ်လုံးပြူးတစ်လက်ကို ကိုင်ဆောင်ထားကာ သူတို့ကိုချိန်ရွယ်ထားလေသည်။
“ခင်ဗျားတို့မလှုပ်နဲ့နော်၊ လှုပ်တာနဲ့ သေပြီသာမှတ်၊ ကဲ ခင်ဗျားတို့လက်တွေကို လေထဲမှာမြှောက်ထားလိုက်”
ဦးတောကျော်တို့အဖွဲ့လည်း ပြောင်ကြီးပြောသည့်အတိုင်း လက်များကို လေပေါ်သို့ မြှောက်တင်ထားလိုက်ကြသည်။ ဦးအောင်ဒင်က အံကြိတ်လိုက်ပြီးနောက်
“ဟေ့ကောင်ပြောင်ကြီး၊ မင်းငါတို့ကိုသတ်ချင်သတ်လိုက်စမ်း”
“ဟား၊ ဟား မပူပါနဲ့ ခင်ဗျားတို့ကို ကျုပ်သတ်မှာပါ၊ ဒါပေမယ့် ရတနာတွေရပြီးမှ သတ်မယ်”
ပြောင်ကြီးတို့အုပ်စုက တဖြည်းဖြည်းနီးကပ်လာလေသည်။ ထို့နောက် ဦးအောင်ဒင်အားကြည့်ရင်း
“အောင်ဒင်၊ အောင်ဒင် မင်းကငါ့ကိုမလှိမ့်တပတ်လုပ်သွားပြီးတော့ ပြေးလို့လွတ်မယ်လို့ ထင်နေတာလားကွ”
ဦးအောင်ဒင်က ဘာမှမပြောဘဲ အံကြိတ်လျှက်သာနေလေသည်။
“မင်းက ငါ့ဆီက သိုက်စာကိုလည်းယူသွားသေးတယ်၊ ငါ့ကိုလည်း အဆိပ်ခတ်ခဲ့ပြီး သေကြောင်းကြံသေးတယ်၊ တော်သေးတာပေါ့ကွာ၊ အဲဒီနေ့က မင်းကျွေးတဲ့အစားကို ငါမစားလိုက်မိဘဲ ငါ့အမဲလိုက်ခွေးကြီးက အရင်စားမိသွားလို့ပေါ့၊ နို့မို့ဆိုရင် ငါသေတာကြာပြီပေါ့ကွာ၊ အခုလည်း မင်းက ငါတို့ထက်အရင် ဒီကိုလာပြီးတော့ ရတနာတွေ လိုချင်တယ်ပေ့ါ၊ ဟား၊ ဟား”
“ဒါဆိုရင်လည်း ကျုပ်ကိုလွှတ်ပေးပါ”
ဦးတောကျော်က ထပြောလိုက်လေသည်။
“ခင်ဗျားတို့အချင်းချင်း ဖြစ်တဲ့ပြဿနာကို ကျုပ်မသိဘူး၊ သိလည်းမသိချင်ဘူး၊ ကျုပ်ကို သူတို့ကငွေပေးတယ်၊ ပြီးတော့ ဒီတောင်ကိုလမ်းပြပေးရမယ်လို့ပြောတယ်၊ ဒါကြောင့်ကျုပ်လိုက်လာခဲ့တာ၊ အခုလမ်းပြပြီးတော့ ကျုပ်တာဝန်ပြီးပြီ၊ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ကိစ္စကို ဆက်ရှင်းကြ၊ ကျုုပ်နဲ့ အခုကိစ္စနဲ့က ဘာမှမဆိုင်ဘူး”
ထိုအခါ ဦးအောင်ဒင်က ဦးတောကျော်အားကြည့်ရင်း
“ဘာဗျ၊ မုဆိုးကြီးလည်း ဝေစုတစ်စုလိုချင်လို့ဆိုဗျ”
ဦးတောကျော်အလွန်ထိတ်လန့်သွားလေသည်။
“ကျုပ်က ခင်ဗျားကိုအဲဒီလိုပြောခဲ့လို့လား ဦးအောင်ဒင်”
ပြောင်ကြီးက ဦးတောကျော်အားကြည့်ရင်း
“ဘာမှ ဗြောင်ငြင်းမနေနဲ့၊ ရတနာတွေဆိုတဲ့ စကားကြားတဲ့လူတိုင်း မက်မောကြမှာအမှန်ပဲ၊ ခင်ဗျားလည်း အလိုတူအလိုပါပဲမဟုတ်လား မုဆိုးကြီး၊ အခုမှ ရှောင်မထွက်ချင်နဲ့”
ဦးတောကျော်တစ်ယောက် ဦးအောင်ဒင်ကို မျက်စောင်းထိုးကြည့်မိသည်။ ဦးအောင်ဒင်မှာ သူမပြောသည့်စကားများကို ပြောသယောင်ပြောဆိုသည့် အောက်တန်းကျသည့်လူတစ်ယောက်ဖြစ်မှန်းသိသွားသည်။ ပြောင်ကြီးပြောပုံအရဆိုလျှင် ဦးအောင်ဒင်မှာ ယခင်က ပြောင်ကြီး၏ အဖွဲ့သားတစ်ဦးဖြစ်ခဲ့သည်။ ပြောင်ကြီးတို့အဖွဲ့မှာ ရတနာသိုက်များကို လိုက်လံရှာဖွေနေကြသည့် ရတနာမုဆိုးများဖြစ်ဟန်တူသည်။ ဦးအောင်ဒင်က ရတနာများကို အများနှင့်ခွဲဝေမယူချင်သဖြင့် ပြောင်ကြီးထံချဉ်းကပ်ကာ ရတနာအကြောင်းရေးသားထားသည့် သိုက်စာကိုခိုးယူကာ ပြောင်ကြီးကိုပင် လုပ်ကြံရန်ကြိုးစားခဲ့သူတစ်ဦးဖြစ်သည်။
ပြောင်ကြီးတို့အဖွဲ့မှာ ဆာဆာနှင့် ဦးတောကျော်တို့ကင်ထားသည့် ငါးများကိုစားသောက်ကြလေသည်။ ပြောင်ကြီးက သူ့တပည့်များကိုကြည့်ရင်း
“ကဲ အချိန်မရှိဘူးဟေ့၊ စကြမယ်၊ ဟိုကောင် ငဘနဲ့ငထွန်း၊ မင်းတို့နှစ်ယောက်ကစပြီးတော့ အဲဒီလှေကားအောက်ကိုဆင်းသွားစမ်းကွာ”
ပြောင်ကြီးက အမိန့်ပေးကာ သေနတ်နှင့်ထိုးချိန်လိုက်သဖြင့် ငဘနှင့် ငထွန်းတို့မှာ လှေကားဆီသို့ တဖြည်းဖြည်းချင်း လှမ်းလျှောက်သွားကြလေသည်။
(၄)
ကျောက်လှေကားများမှာ ရေညှိများကပ်နေလျှက် ချွဲကျိနေလေသည်။ ငဘနှင့် ငထွန်းတို့အနောက်မှ ဦးတောကျော်နှင့်် ဦးအောင်ဒင်မှာ လိုက်လာခဲ့ရပြီး သူတို့အနောက်တွင်တော့ ပြောင်ကြီးက နှစ်လုံးပြူးသေနတ်ကြီးဖြင့် ဦးတောကျော်တို့အား ထိုချိန်ထားသည်၊ ပြောင်ကြီးအနောက်တွင်မှ တပည့််များက လိုက်လာကြလေသည်။ လှေကားထစ်ဆုံးသောအခါ မှောင်မိုက်နေသည့်် ကျောက်ဂူလျှောက်လမ်းတစ်ခုထံသို့ ရောက်လာခဲ့ကြသည်။ ထိုအခါ ပြောင်ကြီးတပည့်များက မီးတုတ်များကိုထွန်းညှိလိုက်ကြသည်။ မှောင်အတိကျနေသည့်် လျှောက်လမ်းတစ်ခုလုံးမှာ မီးတုတ်အလင်းရောင်ကြောင့်အနည်းငယ် လင်းချင်းသွားသည်။
“မြန်မြန်သွားကြ၊ ငါ့ကောင်တို့”
ပြောင်ကြီးက ပြောလိုက်သဖြင့် ငဘနှင့်် ငထွန်းတို့ ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။ လျှောက်လမ်းကြီးတစ်ခုလုံးကို ကျောက်သားချပ်များဖြင့် ခင်းကျင်းထားလေသည်။ ငဘမှာ အရှေ့မှသွားနေရင်း တစ်နေရာအရောက်တွင် ဝုန်းခနဲအသံကြီးနှင့်အတူ ကြမ်းပြင်ကြီးမှာ လည်ထွက်သွားကာ ငဘလည်းကြမ်းပြင်အောက်သို့ ပြုတ်ကျသွားတော့သည်။ ဖုန်မှုန့်များ ထူထပ်စွာထွက်လာသဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးကို သဲသဲကွဲကွဲမမြင်ရပေ၊ ထို့နောက် ဖုန်ထူများအကြားမှ ငဘကိုတွေ့လိုက်ရသည်။ ငဘမှ လူကြီးခါးစောင်းခန့်နက်သည့် ကျင်းတစ်ခုအတွင်းသို့ပြုတ်ကျနေလေသည်။ ထိုကျင်းထဲတွင်တော့ သစ်ချွန်များရှိကာ ငဘတစ်ကိုယ်လုံးကို သစ်ချွန်များက ထိုးဖောက်ဝင်ရောက်နေသည်ကိုတွေ့ရသည်။
“ငဘ၊ ငဘ”
ငထွန်းက အသံပြဲကြီးနှင့် အော်ဟစ်နေလေသည်။ ငဘတစ်ယောက်မှာတော့ ကျင်းကြီးထဲတွင် လူးလွန့်နေလေသည်။
“ကယ်ပါ၊ ကျုပ်ကိုကယ်ပါ”
ဦးတောကျော်မှာ ကျင်းအနီးသို့ တိုးကပ်သွားသော်လည်း ငဘကိုယ်ရှိ ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည့်အတွက် ငဘတစ်ယောက်အသက်ရှင်နိုင်မှန်း မဖြစ်နိုင်သည်ကို သိလိုက်ရသည်။ သစ်ချွန်ကြီးများက ငဘ၏ ရင်ဘတ်နှင့်် ဝမ်းဗိုက်များကို ထုတ်ချင်းခတ်ကာ ထိုးဖောက်ဝင်ရောက်နေလေသည်။ ပြောင်ကြီးက ဦးတောကျော်တို့အား သေနတ်နှင့်ထိုးချိန်ရင်း
“ကဲ၊ မဟုတ်တဲ့လူတစ်ယောက်အတွက် အချိန်ကုန်ခံမနေနဲ့ ဆက်သွားကြ”
ဦးတောကျော်မှာ အရှေ့သို့တက်လိုက်ရတော့သည်။ ကျောက်ဂူလျှောက်လမ်း ကြမ်းပြင်တစ်လျှောက်သို့ သတိကြီးကြီးထားကာ ဆက်လျှောက်ရသည်။ အချို့ကြမ်းပြင်များမှာ ကျောက်သားဟုထင်ရသော်လည်း ကျောက်သားအစစ်မဟုတ်ဘဲ ခြေဖြင့််နင်းခေါက်လိုက်လျှင် လှိုဏ်ခေါင်းသံထွက်လာလေသည်။ ထိုသို့ကျောက်ပြားများမှာ နင်းလိုက်လျှင်တစ်ဖက်သို့လည်ထွက်သွားမည်ဖြစ်ကာ အောက်ဘက်ရှိကျင်းနက်ကြီးများအတွင်းသို့ သက်ဆင်းသွားမည်ဖြစ်သည်။ သို့နှင့် သတိကြီးကြီးထားကာ ဆက်လျှောက်လာခဲ့ရင်း နောက်ဆုံးတွင်တော့ ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ ရောက်သွားတော့သည်။
ခန်းမကျယ်ကြီးအတွင်းသို့ ကျောက်တောင်နံရံအပေါက်များမှ နေအလင်းရောင်များက ထိုးကျနေသဖြင့် အတွင်းတွင် လင်းချင်းနေလေသည်။ ခန်းမကြီး၏အလယ်တွင် စဉ့်အိုးကြီးများအား တန်းစီစုပုံထားသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ငထွန်းတစ်ယောက်မှာ ပျော်ရွှင်သွားပြီးနောက် စဉ့်အိုးကြီးများဆီသို့ အပြေးသွားလေသည်။
“ငထွန်းနေအုံး”
ဦးတောကျော်မှာ တားလိုက်သော်လည်း ငထွန်းမှာအပျော်လွန်သွားသည်မို့ တားမရတော့ပေ၊ စဉ့်အိုးကြီးတစ်လုံးကို ပြေးဆွဲပြီး စဉ့်အိုးကိုဖုံးအုပ်ထားသည့် သစ်သားအဖုံးကိုဖွင့်ကြည့်လိုက်သည်၊ အတွင်းတွင်တော့ ပိတ်စတစ်ခုဖြင့် ဆို့ပိတ်ထားသဖြင့် ငထွန်းက အဆို့ကိုအားကုန်ဆွဲဖွင့်လိုက်သည့်အခါ အတွင်းမှ အခိုးအငွေ့များက ရှူးခနဲထွက်လာပြီးနောက် ငထွန်းမျက်နှာအား ထိမှန်သွားလေသည်။ ငထွန်းမှာ ချက်ချင်းပင် မျက်နှာတစ်ခွင်တွင် ကျပ်ပြားဝိုင်းခန့်ရှိသည့်် ဘုသီးလုံးကြီးများဖြစ်ပေါ်လာပြီးနောက် ယားယံသဖြင့်ကုပ်ဖဲ့နေရလေသည်။ ခဏတာမျှကြာသည့်အခါ ငထွန်းမှာ အသက်ရှူရပ်ကာ မြေပြင်တွင်လဲကျလျှက် လူးလွန့်ကာ သေဆုံးသွားလေသည်။ ထိုတော့မှ ပြောင်ကြီး၏ နောက်လိုက်တပည့်များက အကုန်ထိတ်လန့်သွားကြသည်။
“ရတနာတွေမှာ ထောင်ချောက်တွေ ဆင်ထားတယ်ဟေ့”
ပြောင်ကြီးမှာ စဉ့်အိုးကြီးတစ်လုံးထံသို့ သေနတ်ကိုချိန်ရွယ်လိုက်ကာ ပစ်ချလိုက်လေသည်။ ထိုအခါ စဉ့်အိုးကြီးကွဲထွက်သွားပြီး အတွင်းမှ ရွှေပြား၊ ရွှေတုံးနှင့် ရွှေမန်ကျည်းတောင့်များမှာ ဝေါခနဲသွန်ကျလာလေသည်။ စဉ့်အိုးကွဲသွားသဖြင့် အတွင်းမှ အငွေ့များသည်လည်း ဂူအမိုးဆီသို့ တရှူးရှူးနှင့် ထိုးတက်သွားကြတော့သည်။ ပြောင်ကြီးနှင့်် တစ်ဖွဲ့လုံးမှာ အံ့သြပျော်ရွှင်သွားတော့သည်။ ခန်းမကြီးတစ်ခုလုံးုအား အကဲခတ်ပြီးနောက် အန္တရာယ်ကင်းပြီဟု ယူဆရသဖြင့် စဉ့်အိုးကြီးများအနီးသို့ တိုးကပ်ခဲ့ကြလေသည်။
“စဉ့်အိုးကြီးတွေအပေါ်ပိုင်းမှာ အဆိပ်ငွေ့တွေထည့်ထားကြတယ်၊ အောက်ပိုင်းမှာတော့ ရွှေတွေဟေ့”
ပြောင်ကြီးက သေနတ်ဖြင့် နောက်ထပ်စဉ့်အိုးကြီးတစ်လုံး၏ အောက်ခြေအနီးသို့ ပစ်ခတ်လိုက်ရာ သူတို့ထင်ထားသည့်အတိုင်းပင် ရွှေဒင်္ဂါးများထွက်လာကာ အဆိပ်ငွေ့များမှာ မိုးပေါ်သို့ပျံတက်သွားကြလေသည်။ လောဘသားတစ်သိုက်မှာ ရတနာများကို သယ်ယူနေကြပြီဖြစ်သည်။ ဦးတောကျော်မှာတော့ ပတ်ဝန်းကျင်တစ်ခွင်ကို အကဲခတ်ကြည့်လိုက်မိသည်။ ခန်းမကြီးအစွန်းလောက်တွင် မြောက်များလှစွာသောအရိုးစုများကိုတွေ့ရသည်။ အရိုးစုများအားလုံးမှာ မြေပေါ်တွင်လဲပြိုလျှက် တစ်ဦးနှင့်တစ်ဦးထပ်လုနီးပါးဖြစ်နေလေသည်။ ဦးတောကျော်လည်း အရိုးစုများကိုမြင်သည့်အခါမှ တစ်ခုခုကိုရိပ်စားမိလိုက်သည်။
“ဒါတွေက ထောင်ချောက်ပဲ၊ ဒီလူတွေ အစုလိုက်အပုံလိုက်သေခဲ့ပုံထောက်ရင် ဒီအထဲမှာ ဘေးဆိုးတစ်ခုခုနဲ့ တွေ့ခဲ့တဲ့ပုံပဲ”
ဦးအောင်ဒင်မှာ အခွင့်ကောင်းကိုချောင်းနေသူဖြစ်သည်မို့ ပြောင်ကြီး၏ သေနတ်ကိုင်တပည့်တစ်ယောက်အား အတင်းဝင်လုံးကာ သေနတ်ကိုလုတော့သည်။ ကျောက်ဂူအတွင်း သေနတ်သံများထွက်လာခဲ့သည်။
နောက်ဆုံးတော့ ဦးအောင်ဒင်က ပြောင်ကြီး၏ တပည့်တစ်ယောက်ကို သေနတ်နှင့်ထောက်ထားလိုက်ကာ အကာအကွယ်ယူထားလိုက်သည်။
“ပြောင်ကြီး၊ မင်းတို့လက်နက်ချ၊ မချရင် ဒီကောင့်ကိုငါပစ်သတ်လိုက်မယ်”
ထိုအခါ ပြောင်ကြီးက ရယ်မောလျှက် သူကိုင်ထားသည့်သေနတ်မောင်းခလုပ်ကိဆွဲညှစ်လိုက်လေသည်။ သေနတ်သံတစ်ချက်ပေါ်ထွက်လာခဲ့ပြီးနောက် ပြောင်ကြီးတပည့်ရော၊ ဦးအောင်ဒင်ကိုပါ သေနတ်ကျည်ဆန်ကဖောက်ထွက်သွားကာ နှစ်ယောက်စလုံးလဲကျသွားတော့သည်။ ဦးအောင်ဒင်မှာ အလွန်ထူးဆန်းသည့် မျက်နှာပေးနှင့််ကြည့်နေလေသည်။
“ဟား၊ ဟား မင်းခြိမ်းခြောက်တိုင်း ငါက ကြောက်ရမှာလားကွ”
ဦးအောင်ဒင်တစ်ယောက် လဲကျကာ ငြိမ်သက်သွားတော့သည်။ ထိုအခါ ပြောင်ကြီးနှင့်် တပည့်များက အိတ်ကြီးများကိုထုတ်ယူလိုက်ကာ ရွှေပြားများကို ထည့်သွင်းနေကြလေသည်။ ဦးတောကျော်ကို ပြောင်ကြီးက သေနတ်နှင့်ချိန်ရွယ်လျှက် ရွှေအိတ်တစ်အိတ်သယ်ခိုင်းလေသည်။ ရွှေအိတ်မှာ အလွန်လေးလံလှသည်မို့ ဦးတောကျော်ပင် မနည်းသယ်ဆောင်ရသည်။ ဂူဝသို့မရောက်ခင် လှေကားအတက်နားတွင် ရွှေအိတ်များကို စုပုံထားလိုက်ကြသည်။ နောက်ထပ်အိတ်များနှင့် ရွှေများထည့်ရင်ပြင်ဆင်ကြတော့သည်။ ထိုစဉ်မှာပင် ကျောက်ဂူကြီးမှာ တဝုန်းဝုန်းနှင့် လှုပ်ခတ်လာလေသည်။ ကျောက်ဂူအတွင်းဘက် နံရံတွင် ကျောက်လှည်းဘီးဝိုင်းအသေးစားတစ်ခုရှိသည်။ ထိုကျောက်လှည်းဘီးဝိုင်းကလေးမှာ မသိမသာကလေး တရွေ့ရွေ့နှင့်လည်ပတ်နေကာ အထစ်တစ်ခုဆိသို့ရောက်သွားတိုင်း ကျောက်ဂူကြီးမှာတစ်ချက်သိမ့်ခနဲတုန်လှုပ်သွားလေသည်။
“ဧကန္တ၊ ဒီကျောက်လှည်းဘီးကလေး လည်နေတာက အချိန်တစ်ခုကိုမှတ်ထားတာများလား၊ အချိန်တစ်ခုပြည့်သွားရင် ကျောက်ဂူကြီးက ပြန်ပိတ်သွားမှာလား”
ပြောင်ကြီးမှာ သူ့တပည့်များထံသို့ တစ်ချက်ကြည့်ရင်း
“ဘာမှမဖြစ်ဘူး၊ ခုနက သေနတ်သံတွေကြောင့် ကျောက်ဂူကြီးလှုပ်သွားတာ၊ ရွှေတွေသာ ဆက်ထည့်နေကြ”
တပည့်များကလည်း ရွှေများကိုဆက်ထည့်နေသည်။ ပြောင်ကြီးက ရွှေအိတ်များကို လှေကားအနီးသို့ ထုတ်ခိုင်းပြီးသည့်နောက် ပြောင်ကြီးမှာလှေကားအနီးသို့ရောက်လာခဲ့သည်။ ဦးတောကျော်လည်း ရွှေအိတ်တစ်ခုကိုထမ်းပိုးရင်း ကျောက်လှည်းဘီးဝိုင်းကလေးကို ကြည့်နေမိသည်။ ကျောက်လှည်းဘီးဝိုင်းကလေးမှာ တစ်ပတ်တိတိပြည့်သွားပြီးနောက် ကျောက်ဂူကြီးမှာ တုန်လှုပ်သွားပြန်သည်။ ထိုအခါ ကျောက်ဂူခန်းမကြီး၏ ခေါင်မိုးဘက်ရှိ နေရောင်ခြည်ဝင်နေသည့် အပေါက်များမှာ တဂျိန်းဂျိန်းနှင့် အလိုအလျှောက်ပိတ်ကျသွားလေသည်။ အလားတူ ကျောက်ဂူလျှောက်လမ်းမကြီးအပေါ်မှလည်း ကျောက်တံခါးကြီးတစ်ခုက တအိအိနှင့် ဆင်းကျလာခဲ့သည်။
“မကောင်းတော့ဘူး၊ အားလုံးအပြင်ထွက်ကြ”
ဦးတောကျော်မှာ လက်ထဲမှရွှေအိတ်ကိုပစ်ချကာ ကျောက်တံခါးကြီးဆီသို့ ပြေးလာခဲ့သည်။ ကျောက်တံခါးကြီးမှာ အလျှင်အမြန်အိကျလာသဖြင့် ဦးတောကျော်မှာ တံခါးအနီးတွင်လှဲအိပ်လိုက်ကာ ကိုယ်လုံးကိုလှည့်ထွက်လိုက်တော့သည်။ ဦးတောကျော်ထွက်ပြီး လက်မတင်အချိန်ကလေးမှာပင် ကျောက်သားတံခါးကြီးမှာ စေ့နေအောင်ပိတ်သွားတော့သည်။ ကျောက်သားတံခါးတစ်ဖက်မှ အော်ဟစ်သံများ၊ အကူအညီတောင်းသံများကိုကြားရသည်။ ဦးတောကျော်က ပြောင်ကြီးအားကြည့်လိုက်ရင်း
“ကျုပ်တို့ သူတို့ကိုကယ်ရမယ်၊ အပြင်ပြန်ထွက်ပြီးတော့ ကျောက်လှည်းဘီးတွေကို ပြန်ဖွင့်ရမယ်”
ပြောင်ကြီးက ရယ်မောလျှက် ခေါင်းကိုအသာခါရမ်းလိုက်ကာ
“မဖြစ်ဘူး၊ ကျောက်လှည်းဘီး နည်းစနစ်အရ တစ်ခါပိတ်သွားရင် တစ်နှစ်ကြာမှ ပြန်ဖွင့်လို့ရတော့မှာပဲဗျ၊ ကဲပါ၊ အတွင်းခန်းပိတ်သွားပေမယ့် အပြင်ခန်းတံခါးကတော့ အချိန်တစ်ခုအထိပွင့်နေအုံးမှာ၊ ကျုပ်တို့အမြန် အပေါ်ကိုပြန်တက်ရမယ်၊ မဟုတ်ရင်တော့ ကျုပ်တို့လည်း ဟိုကောင်တွေလိုမျိုး အောက်မှာတစ်သက်လုံးပိတ်မိသွားလိမ့်မယ်”
လှေကားအနီးတွင်တော့ ဦးတောကျော်နှင့် ပြောင်ကြီးတပည့်နှစ်ဦးသာ ကျန်နေတော့သည်။ ပြောင်ကြီးက လျှောက်လမ်းအတိုင်း လမ်းလျှောက်လာရင်း လှေကားရင်းရှိ တပည့်တစ်ဦးအား နှစ်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်လိုက်သည်။ ရွှေအိတ်အနီးတွင်ရပ်နေသည့် တပည့်မှာ သေနတ်ကျည်ထိမှန်သွားကာ မှောက်ခုံကြီးလဲကျသွားလေသည်။ ပြောင်ကြီးက ခပ်ထေ့ထေ့ပြုံးလိုက်ရင်း
“မင်းတို့လူနည်းသွားတော့ ဝေစုများများခွဲစရာမလိုတော့ဘူးပေါ့ကွာ”
ကျန်သည့်တပည့်မှာ ကြောင်အမ်းအမ်းနှင့်် ကြည့်နေစဉ်မှာပင် ပြောင်ကြီးက ထိုတပည့်အား သေနတ်ဖြင့်ပစ်ခတ်လိုက်တော့သည်။ ဦးတောကျော်လည်း ထိုအဖြစ်ကိုမြင်သည့်အခါ ကျောက်လှေကားအတိုင်း တက်ပြေးတော့သည်။ ပြောင်ကြီးမှာ နှစ်လုံးပြူးသေနတ်ကျည်ကုန်သွားသည်မို့ ဦးတောကျော်အား မပစ်ခတ်နိုင်တော့ပေ။ သို့နှင့် လှေကားအပေါ်ပြေးတက်လာသွားသည့် ဦးတောကျော်အနောက်သို့ အပြေးလိုက်လာခဲ့ရာ လှေကားထိပ်ဝအနီးတွင် ဦးတောကျော်ခြေထောက်များအား ဖမ်းဆုပ်မိသွားသဖြင့် ဦးတောကျော်တစ်ယောက်လဲပြိုသွားသည်။
“ခင်ဗျားကိုအလွတ်မပေးဘူး၊ ခင်ဗျားကိုလည်း ကျုပ်သတ်မယ်”
ပြောင်ကြီးက အားခွန်ကြီးမားလှသည်ဖြစ်ရာ ဦးတောကျော်နှင့် လုံးထွေးသတ်ပုတ်ရာတွင် ပြောင်ကြီးသာ အနိုင်ရသည်။ ဦးတောကျော်အား ဘယ်ဖက်လက်သီးဖြင့်ထိုးလိုက် ညာဖက်လက်သီးဖြင့်ထိုးလိုက်နှင့် ထိုးနှက်နေလေရာ ဦးတောကျော်မှာ အလူးအလဲခံနေရသည်။ ထို့နောက် ပြောင်ကြီးက သူ့ခါးကြားမှ ဓါးမြှောင်ကိုထုတ်လိုက်သည်။
“ခင်ဗျားကြီးသေစမ်း”
ဦးတောကျော်ကို ဓါးမြှောင်နှင့် အတင်းဝင်ထိုးတော့သည်။ ဦးတောကျော်လည်း ဓါးမြှောင်ကိုင်ထားသည့်လက်ကို ဖမ်းဆုပ်ကာ ပြန်လည်တွန်းနေရသည်။ လှေကားမှာချောနေသည်မို့ နှစ်ယောက်သားလုံးထွေးလျှက် လှေကားအတိုင်းပြန်လည်ကျဆင်းသွားတော့သည်။ လှေကားအောက်ရောက်သည့်အခါ နှစ်ဦးသား လဲပြိုသွားကြသည်။ ထိုအခိုက်တွင် လှေကားထိပ်ရှိကျောက်တံခါးမှာ တဖြည်းဖြည်းနှင့် ပိတ်လာသည်ကိုမြင်လိုက်ရသည်မို့ ဦးတောကျော်က လေးဖက်ထောက်လျှက်သားနှင့်ပင် အပေါ်သို့အမြန်ပြေးတက်ခဲ့သည်။ ပြောင်ကြီးကတော့ လှေကားရင်းတွင်ချထားသည့် ရွှေအိတ်တစ်အိတ်ကို ကောက်ထမ်းကာ လှေကားအတိုင်းတက်လာခဲ့သည်။
ဦးတောကျော်မှာ လှေကားထိပ်ထွက်ပေါက်မှ ထွက်ပြီးမီးပုံဆီသို့ပြေးသွားလိုက်သည်။ ပြောင်ကြီးလည်း ရွှေအိတ်ကြီး မနိုင်မနင်းထမ်းရင်း ကိုယ်တစ်ပိုင်းခန့်ထွက်လိုက်ပြီဖြစ်သည်။ သို့သော်လည်း ကျောက်တံခါးမှာ တဖြည်းဖြည်းကျဉ်းကြပ်လာပြီး ရွှေအိတ်ကြီးနှင့်မို့ တစ်နေလေသည်။ ဦးတောကျော်က ပြောင်ကြီးကိုလှမ်းကြည့်လိုက်ပြီး
“အိတ်ကိုထားခဲ့လိုက်၊ ခင်ဗျားအမြန်ထွက်တော့”
“မထားခဲ့ဘူးဗျ၊ ဒီကိုလာပြီးမှတော့ ရွှေတစ်ပြားမှ မပါဘဲ မသွားနိုင်ဘူး”
ပြောင်ကြီးမှာ လောဘဇောနှင့်မို့ ရွှေအိတ်ကိုမရအရထမ်းသယ်နေသည်။ ထိုအချိန်မှာပင် ကျောက်တံခါးကြီးမှာ တဖြည်းဖြည်းကျဉ်းမြောင်းလာလေသည်။ ရွှေအိတ်မှာ လှေကားထစ်အတိုင်းပြန်လည်လျှောကျသွားပြီး ပြောင်ကြီးတစ်ယောက်သာ ကိုယ်တစ်ပိုင်းတစ်လျှက်ကျန်နေခဲ့သည်။
“ကယ်ပါအံုံး၊ ကျုပ်ကိုကယ်ပါအုံး”
ဦးတောကျော်လည်း မနေသာတော့ဘဲ ပြောင်ကြီးလက်နှစ်ဖက်ကို ပြေးဆွဲလိုက်သည်။ ထိုအခိုက် ကျောက်လှည်းဘီးကြီးနှစ်ခုမှာ တစ်ပတ်ပြည့်အောင် ပြန်လည်သွားလေရာ ကျောက်တံခါးကြီးမှာလည်း ပြောင်ကြီး၏ ခါးစောင်းကိုဖိညှစ်လိုက်ပြီးနောက် စေ့နေအောင်ပိတ်သွားလေသည်။ ပြောင်ကြီးတစ်ယောက် မျက်လုံးကြီးပြူးလျှက် လှုပ်ရှားရုန်းကန်နေသေးသည်။ သို့သော် သူ၏ကလီစာများမှာ ကျောက်ချပ်ညပ်သဖြင့် ကြေမွနေပြီဖြစ်သည်။
“ကျုပ်ကိုကယ်ပါ၊ ကျုပ်ကိုကယ်ပါ”
ဦးတောကျော်က ခေါင်းခါလိုက်ပြီးနောက် လက်စွဲတော်သေနတ်ကြီးကို ကျည်ဖြည့်လိုက်လေသည်။ ထို့နောက် ပြောင်ကြီး၏ ဦးခေါင်းအားထိုးချိန်လိုက်သည်။
“ကျုပ်ဒီလိုလုပ်ရတာ ခင်ဗျားကောင်းဖို့အတွက်ပါဗျာ”
“ဒိုင်း”
မင်းကြီးတောင်တစ်ခွင် သေနတ်သံတစ်ချက်က ပျံ့လွင့်ကာထွက်ပေါ်လာလေသည်။ ဦးတောကျော်လည်း အထိတ်တလန့်ဖြင့် ထိုတောင်ကြီးဆီမှ အပြေးထွက်လာခဲ့တော့သည်။ အတော်လှမ်းလှမ်းရောက်သွားခါမှ ဦးတောကျော်လည်း ပြေးလွှားရင်း မောပန်းလာသဖြင့် နားလိုက်မိသည်။ ထို့နောက် ပုဆိုးခါးပုံစကို သေချာဖြည်လိုက်ပြီး အတွင်းမှ ရွှေမန်ကျည်းတောင့်တစ်တောင့်ကို ထုတ်လိုက်ကာ ကြည့်နေမိသည်။
“ကျုပ်အတွက် ရတနာတွေအများကြီးမလိုဘူး၊ ဒီလောက်ဆိုရင် ကျုပ်အိမ်ပြန်ဆောက်လို့ရပြီ”
ဦးတောကျော်မှာ ရွှေပြားများကိုသယ်ယူနေစဉ်မှာပင် ရွေမန်ကျည်းတောင့်တစ်တောင့်အား ခါးပုံစအတွင်းသို့ ထိုးထည့်ကာဝှက်ယူထားလိုက်ခြင်းဖြစ်သည်။ အနည်းငယ်အပန်းဖြေပြီးသည့်အခါ ရိုးမတောင်တန်းကြီးပေါ်မှ မိမိနေထိုင်ရာ ရွာကလေးဆီသို့ အပြေးပြန်လာခဲ့တော့သည်။ လောဘသားတစ်သိုက်၏ အဖြစ်ဆိုးလှသည့် ကံကြမ္မာကိုတွေးကာ ကြောက်ရွံ့နေမိသည်။ ထိုနောက်ပိုင်းတွင်တော့ ဦးတောကျော်တစ်ယောက် မင်းကြီးတောင်ဘက်သို့ တစ်သက်တာလုံး ခြေဦးမလှည့်တော့ပေ။
ပြီးပါပြီ။