အတွဲ(၄) စာစဉ်(၄)
(၁)
ကျုပ်အိပ်နေတုန်း နားထဲမှာအသံဆိုးကြီးကြားလိုက်တယ်ဗျ၊ အသံကဘယ်လိုအသံလဲဆိုတော့ ရေငတ်ပြီးရေမသောက်ရလို့ လည်ချောင်းတွေကွဲနေတဲ့အသံမျိုးဗျ၊ ကျုပ်လည်း မထချင်သေးဘူးဗျာ၊ ဆောင်းအဝင်ဆိုတော့ ရာသီဥတုက အေးအေးနဲ့ ဆက်ကွေးနေတာပေါ့ဗျာ။
“ဟဲ့ကောင်လေး”
နောက်တော့ ကျုပ်ကိုခေါ်နေတယ်ဗျ၊ ကျုပ်လည်း မျက်လံုံးကိုမဖွင့်ချင်ပါဘူး၊ ခေါ်နေတာကိုမကြားသလိုလုပ်ပြီးတော့ စောင်ကိုခေါင်းမြီးခြုံပြီးဆက်အိပ်နေလိုက်တယ်။
“သြော်၊ နင်က ငါပါးစပ်နဲ့ပြောတာမရဘူးဆိုတော့၊ လက်တွေ့ပြမှထင်တယ်”
အဲဒီအသံကြီးက ပြောတယ်ဗျ၊ နောက်တော့
“ဟဲ့ကောင်လေး၊ နင်အခုထ”
အဲဒီလိုလည်းပြောလိုက်ရော ကျုပ်အိပ်နေတဲ့ဖျာကြီးက ဗြန်းခနဲမတ်တပ်ကြီးဖြစ်သွားတာဗျာ၊ ကျုပ်လည်းလန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကျုပ်ရောက်နေပါရော၊ ပြီးတော့ ကျုပ်ကလည်းမတ်တပ်ကြီးဗျ၊ မတ်တပ်ကြီးဆိုပေမယ့်လည်း လူကအိပ်နေတာ၊ ခေါင်းအုံးနဲ့စောင်ကြီးလည်းခြုံလို့ဗျ၊ ဒါပေမယ့် ကျုပ်အိပ်နေတဲ့ဖျာကြီးက မတ်တပ်ကြီးဆိုတော့ ကျုပ်လည်းမတ်တပ်ကြီးဖြစ်နေတာပေါ့ဗျာ၊ လက်တွေခြေတွေကိုလှုပ်ပေမယ့် လှုပ်မရဘူးဗျို့။
“ဘယ်သူလဲ၊ ဘယ်သူကျုပ်ကိုခေါ်တာလဲ”
ကျုပ်အော်လိုက်တော့ မိုးပေါ်ကနေ အဘွားကြီးတစ်ယောက်ဆင်းလာတယ်ဗျ၊ တစ်ကိုယ်လုံးက ခေါင်းမွှေးတွေကလည်း ကြာဆန်တွေလို ဆွတ်ဆွတ်ဖြူလို့ဗျာ၊ ပြီးတော့ ပိုပြီးထူးခြားတာက ဆံပင်တွေကလင်းနေသေးတယ်၊ မျက်နှာကလည်းပါးရေတွေတွန့်နေလို့ ဘယ်သူမှန်းတောင် မှန်းလို့ရဘူးဗျာ။
“ဟဲ့ကောင်လေး”
“ခင်၊ ခင်ဗျားကဘယ်သူလဲ”
“ငါက မယ်ပျင်း”
“ဗျာ၊ ဒေါ်၊ ဒေါ်ပျင်းကြီးလား၊ ခင်ဗျားက သေပြီမဟုတ်လား”
“သေတော့ သေပြီးပြီ၊ ဒါပေမယ့် ငါ့သားကိုယ်ထဲမှာ ငါ့ရဲ့စိတ်ပွားတစ်ခုကျန်နေသေးတယ်၊ အဲဒါက မကြာခင်ကမှ လွတ်လာတာ”
ကျုပ်ပြန်စဉ်းစားလိုက်တော့ ဦးဘသာကို ဘသော်တို့က စုန်းကိုးပေါက်ဖောက်ကြတုန်းက နောက်ဆုံးထွက်လာတဲ့ ဒေါ်ပျင်းကြီးနဲ့တစ်ပုံစံတည်းပဲဗျာ၊ ကျုပ်အထင်တော့ ဒေါ်ပျင်းက အဲဒီတုန်းကလွတ်လာတယ်ထင်တာပဲ။
“ကျုပ်ကိုမလုပ်ပါနဲ့၊ ကျုပ်ကိုမသတ်ပါနဲ့”
“နင့်ကိုမသတ်ပါဘူး၊ ဟိုစိန်ရင်ကိုတော့ ငါသတ်ပစ်လိုက်ပြီ၊ ငါ့အကြောင်းတွေ နောက်ကွယ်မှာပြောရင် မကြိုက်ဘူးဆိုတာကို ဒင်းသိရဲ့သားနဲ့”
“ဗျာ၊ ဒါဆို ဘကြီးစိန်ရင်သေသွားတာ ခင်ဗျားလုပ်တာလား”
“အောင်မယ်၊ ဒီကောင်လေးက ငါ့ကိုများ ခင်ဗျား၊ ခင်ဗျားနဲ့ စကားပြောတာ မိုက်ရိုင်းလိုက်တာ၊ နင့်မိဘတွေက မသင်ပေးဘူးလား”
“ခင်ဗျားကို ခင်ဗျားလို့မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ”
“ငါ့ကို မေမေကြီးလို့ခေါ်”
“ဖွီ၊ ဒီအသက်အရွယ်ကြီးကို မေမေကြီးလို့ခေါ်ရမယ်တဲ့၊ ဘွားဘွားကြီးလို့ခေါ်ရင်တောင်မှ တော်တော်လွန်နေပြီ”
“ဟား၊ ဟား နင်ကတော်တော် ပါးစိပါးစပ်များတဲ့ကောင်လေးပဲ၊ နင့်ကိုမှတ်လောက်အောင်တော့ လုပ်ရသေးတာပေါ့”
ကျုပ်ဇောချွေးတွေပြန်လာတယ်ဗျ။
“မလုပ် . . . မလုပ်”
ကျုပ်ပြောနေတုန်းရှိသေးတယ် ဖျာကြီးက မိုးပေါ်ကိုပျံတက်သွားတာဗျာ၊ ဘယ်လောက်အထိတက်သွားသလဲဆိုရင် ဟိုးမိုးပေါ်တိမ်တွေကြားအထိရောက်သွားတယ်။ ကောင်းကင်မှာ ကြယ်တွေစုံပြီးတော့ အလင်းရောင်တွေမျိုးစုံထွက်နေတာဗျာ၊ ကြည့်လို့တောင်ကောင်းသေးတယ်။ ပြီးတာနဲ့ ဖျာကြီးက မိုးပေါ်မှာမှောက်ခုံကြိးဖြစ်သွားပါရောဗျာ၊ ဖျာပေါ်အိပ်နေတဲ့ကျုပ်လည်း မြေပြင်နဲ့မျက်နှာမူပြီးသားကြီးဖြစ်သွားတာပေါ့၊ ကျုပ်တို့ရွာကလေးကို ခပ်သေးသေးလေးပဲမြင်ရတော့တယ်ဗျ၊ အိမ်ခေါင်မိုးလေးတွေတောင်မှ မသဲမကွဲပဲဗျာ။
ပြီးတာနဲ့ချက်ချင်းကြီး ပြုတ်ကျတော့တာပါပဲ၊ ကျတာကလည်း အရှိန်နဲ့ကျတာဗျ၊ လေတွေကလည်းပင့်တိုက်တာဆိုတော့ အသည်းကိုအေးနေတာပဲဗျာ၊ ကျုပ်လည်း ပါးစပ်ဖွင့်ပြီးတော့ အသံကုန်ဟစ်ပြီးတော့ တအားအားနဲ့အော်နေတာပေါ့ဗျာ၊ ဒီအတိုင်းဆိုရင် မြေကြီးပေါ်ကို မျက်နှာနဲ့ပြုတ်ကျပြီးတော့ သေတော့မယ်မဟုတ်လား။
“အောင်မယ်လေး၊ လုပ်ကြပါအုံးဗျ၊ ကယ်ကြပါအုံး”
မြေကြီးနဲ့ထိဖို့ တစ်ထွာလောက်အလိုမှာ ဝုန်းခနဲရပ်သွားတော့တာဗျာ။ ကျုပ်ရင်တွေဆို တဒုန်းဒုန်းနဲ့ဗျာ၊ ဒါတင်မကသေးပါဘူး ဖျားကြီးက စကောဝိုင်းကြီးလိုလှည့်ပြီးတော့ ပတ်ပျံနေပြန်ရောဗျာ။ ကျုပ်ဖြင့်ခေါင်းတွေမူးပြီးတော့ ချာချာလည်နေတော့တာပဲ၊ ပါးစပ်ထဲကလည်း ဖြူဖြူတွေရော၊ နီနီတွေရော အကုန်အန်တာဗျာ၊ နောက်ဆုံးကျုပ်မျက်ဖြူဆိုက်နေတော့မှ ဖျာကြီးကရပ်သွားတယ်။
“ဟုတ်ပါပြီ၊ မေမေကြီး . . . မေမေကြီး၊ ကျုပ်ခေါ်ပါမယ်”
ဒေါ်ပျင်းကြီးက ကျုပ်ကိုခါးထောက်ကြည့်နေရင်း ရယ်တယ်ဗျ။
“ဘယ့်နှယ့်လဲ၊ ဖျာပျံစီးရတာ ကောင်းတယ်မဟုတ်လား”
“တောင်းပန်ပါတယ်ဗျာ၊ ကျုပ်ကိုထပ်မလုပ်ပါနဲ့တော့”
“ဒါဆို ငါ့ကိုမေမေကြီးလို့ခေါ်မှာလား”
“ခေါ်ပါ့မယ်၊ ခေါ်ပါ့မယ်”
“ဒါဆို ငါ့အနားကိုတိုးလာခဲ့”
ကျုပ်တိုးစရာမလိုဘဲ ဖျာကြီးက သူ့အလိုလိုတိုးသွားတာဗျ၊ ဒီမှာပဲ ဒေါ်ပျင်းကြီးက ကျုပ်နဖူးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်၊ ပြီးတော့
“ပြန်အိပ်တော့”
အဲဒီလိုတစ်ချက်ပြောလိုက်တာနဲ့ ကျုပ်ဖျာကြီးက အနောက်ကိုဝှီးခနဲလွင့်သွားတာဗျာ၊ ကျုပ်လည်း အော်နေတာပေါ့ဗျာ။
“အား၊ မေမေကြီး . . . တော်ပါပြီ၊ မလုပ်ပါနဲ့တော့”
အိပ်နေရင်းနဲ့ ကျုပ်ထအော်တော့ အနားကဖြတ်သွားတဲ့အမေက ကျုပ်ကိုသေချာကြည့်တယ်။
“ဟဲ့အလတ်ကောင်၊ နင့်ကိုငါ ဘာမှမလုပ်ပါဘူး”
ကျုပ်လည်းတော်တော်လန့်နေသေးတာဗျ။ ဖျာပေါ်မှာ ငုတ်တုတ်ထိုင်ပြီး အော်နေတာ၊ လက်နှစ်ဖက်ကတောင် ဖျာအစွန်းကို ကျစ်နေအောင်ဆုပ်ကိုင်ထားမိသေးတယ်၊ တစ်ကိုယ်လုံးလည်း ချွေးတွေက ရေချိုးသလိုထွက်နေတာ၊ အမေက ဘုရားဆွမ်းတော်ဗန်းကလေးကိုင်ပြီးတော့
“အိပ်မက်ဆိုးတွေမက်နေတာထင်တယ်၊ နင်ညအိပ်တော့ ဘုရားရှိခိုးပြီးမအိပ်ဘူးလားအလတ်ကောင်”
အမေက ပြောဆိုပြီး အိမ်ပေါ်ကဆင်းသွားတော့မှ ကျုပ်လည်း အိပ်ရာထဲက ထလိုက်တော့တယ်၊ ကြောက်ဖို့ကောင်းလိုက်တာဗျာ၊ မသိရင် တကယ်ဖြစ်နေတဲ့အတိုင်းပဲဗျ။
(၂)
ထမင်းစားသောက်ပြီးတော့ ကျုပ်လည်း လယ်ခင်းထဲဆင်းလိုက်တယ်၊ မကြာခင် ယာခင်းစိုက်ကြတော့မယ်ဗျ၊ အငယ်ကောင်ကတော့ နွားတွေကိုရိုက်ပြီးစ လယ်ကွင်းတွေဆီမှာလိုက်ကျောင်းနေလေရဲ့၊ နွားတွေက စားရင်းသောက်ရင်း ဟိုးတောတန်းကလေးအနားကိုတောင်ရောက်သွားပြီ။ ကျုပ်လည်း ကွင်းထဲကိုကြည့်ရင်း စဉ်းစားနေတာပေါ့ဗျာ၊ မနက်မိုးလင်းပိုင်းက မက်ခဲ့တဲ့အိပ်မက်အကြောင်းပေါ့ဗျာ၊ နောက်ပြီးတော့ ဦးဘသာကြီးငယ်ဘဝကို ပြန်တွေးရင် ကျုပ်ကဘာလို့သူ့အတွေးထဲကို ရောက်ရောက်သွားရတာလဲလို့ပေါ့၊ ဘကြီးစိန်ရင်သေတာကရော အိပ်မက်ထဲပြောသလို ဒေါ်ပျင်းကြီးလုပ်လိုက်တာများလား။
ကျုပ်တွေးနေတုန်း အငယ်ကောင်က ဖုန်တလုံးလုံးနဲ့ ကျုပ်ဆီကိုပြေးလာတယ်ဗျ။ ကျုပ်ကိုမြင်တာနဲ့
“အကိုလတ်၊ နွားနှစ်ကောင်ဝှေ့နေကြလို့”
“ဟာ၊ နွားဝှေ့တာ ငါနဲ့ဘာဆိုင်သလဲကွ”
“အိမ်ကနွားပြာနဲ့ ကိုထွန်းရဲ့ နွားညှိုနဲ့စားကျက်ထဲမှာ ဝှေ့ကြရင်းနဲ့ အိမ်ကနွားပြာကြီးက ထွက်ပြေးသွားလို့”
“ထွက်ပြေးတော့လည်း လိုက်ခေါ်ပေါ့အငယ်ကောင်ရာ”
“လိုက်တော့ခေါ်ချင်တာ၊ နွားပြာကြီးက နွားပျောက်ကုန်းဘက်ပြေးသွားလို့ဗျ”
“ဟေ”
ကျုပ်လည်း တစ်ခွန်းပဲပြောနိုင်တော့တယ်၊ အငယ်ကောင် မသွားရဲတာလည်းမပြောနဲ့ဗျာ၊ နွားပျောက်ကုန်းဆိုတာ နာမည်နဲ့လိုက်အောင်ပဲ အဲဒီဘက်ကိုနွားတွေရောက်ရင် ပျောက်ပျောက်သွားတတ်ကြတယ်၊ မြန်မြန်လိုက်ရှာခါမှ တော်ကာကျတာဗျ၊ ညနေမိုးချုပ်ဆိုရင်တော့ လိုက်မသွားနဲ့တော့ဗျို့၊ တော်တော်လည်းမြေကြမ်းတဲ့နေရာဗျ။ အခုကတော့ မနက်အစောပိုင်းပဲရှိသေးတာဆိုတော့ ကျုပ်တို့လိုက်မယ်ပေါ့ဗျာ၊ နွားပျောက်ကုန်းမရောက်ခင် နွားပြာကြီးကို မီရင်မီမယ်ဆိုပြီး ညီအကိုနှစ်ယောက် လိုက်ခဲ့ကြတာပေါ့။
ကျုပ်တို့ဗမာတွေက လူနာမည်ပေးရင်လည်း ခေါ်ကောင်းရုံပေးသလို နေရာတွေကို နာမည်ပေးတဲ့အခါလည်း အဲဒီနေရာရဲ့အထင်ကရဖြစ်တဲ့အချက်ကိုကြည့်ပြီး အမည်ပေးကြတယ်မဟုတ်လားဗျာ၊ ကြို့ပင်ကြီးရှိတဲ့ကုန်းဆို ကြို့ကုန်း၊ ပေါက်ပင်ကြီးပေါက်နေတဲ့နေရာဆိုရင်တော့ ပေါက်ကုန်းပေါ့၊ တစ်ခါတစ်လေ ကုန်းလို့သာ နာမည်ပေးပေမယ့် ကုန်းကလေးလို မြင့်မနေတဲ့နေရာကိုလည်း ကုန်းလို့ခေါ်ကြသေးတယ်၊ ကျုပ်တို့ဘက်က ရွာတွေဆိုရင် ကုန်းလို့နာမည်တွေ ထည့်ခေါ်ကြတယ်၊ ကျုပ်တို့ရွာဆိုရင်လည်း ဇီးကုန်းတဲ့၊ နောက်ပြီး တမာကုန်းရွာ၊ ထောက်ရှာကုန်းရွာဆိုပြီး ကုန်းတွေထည့်ကြတာဗျာ၊ ယုတ်စွအဆုံး မီးလောင်သွားတဲ့ရွာကိုတောင်မှ မီးလောင်ကုန်းရွာဆိုပြီး ခေါ်ကြသေးတာဗျ။
အဲ လူတွေနေတဲ့နေရာပြီးသွားတော့လည်း တခြားနေရာတွေဆိုရင်လည်း ကုန်းဆိုပြီးထည့်တတ်တာ၊ နွားပျောက်ကုန်းဆိုတဲ့ နေရာကတော့ အဲဒီနားရောက်တဲ့နွား ပျောက်ပြီသာမှတ်တော့ဗျာ၊ ဖက်လိပ်ရွာဟောင်းရဲ့ တောင်ဘက်နားမှာ ကုန်းသုံးကုန်းရှိတယ်ဗျ၊ နွားပျောက်ကုန်း၊ သားပျောက်ကုန်း၊ လင်ပျောက်ကုန်းတဲ့၊ ကုန်းကလေးတွေက ခပ်မြင့်မြင့်ကမူကလေးတွေပေါ့ဗျာ၊ သုံးခု ဖိုခုံလောက်ဆိုင်ရှိနေကြတာ၊ သရဲ၊ တစ္ဆေအခြောက်အလှန့်ကြမ်းတာကတော့ ပြောမနေပါနဲ့ဗျာ၊ ရွာကလူတွေ ဘယ်သူမှ မသွားရဲတဲ့နေရာတွေပေါ့။
အဖေကတော့ မယုံဘူးဗျ၊ ဥပါဒ်ဒါန်ကြောင့် ဥပါဒ်ရောက်ဆိုသလိုပါတဲ့ဗျာ၊ ကုန်းနာမည်တွေကိုလည်း ရွာကလူတွေက ပေးချင်သလိုပေးခဲ့ကြတာ၊ တကယ်မဟုတ်ဘူးလို့ပြောတာပဲ၊ အဖေကသာ အဲဒီလိုပြောပေမယ့် အရပ်ထဲမှာတော့ နွားပျောက်ကုန်းကဘယ်လို၊ သားပျောက်ကုန်းက ဘယ်လိုနဲ့ ယုံတမ်းစကားတွေ လျှောက်ပြောကြတာပေါ့ဗျာ။
ဒီလိုနဲ့ကျုပ်နဲ့အငယ်ကောင်ပြေးလာလိုက်တာ မကြာခင် ကုန်းသုံးကုန်းအနားကိုရောက်လာပါရောဗျာ၊ ဘယ်သူမှအသွားအလာမရှိတော့ ကုန်းတွေက တောကြီးတွေလိုဖြစ်နေပြီဗျ၊ ဒါပေမယ့် အပင်ကြီးကြီးမားမားမရှိဘဲနဲ့ ချုံတွေပဲမင်းမူနေတာပေါ့ဗျာ၊ အနားရောက်တော့ ကျုပ်တို့လည်း နွားကြီးကိုအသံပြုပြီးရှာကြည့်သေးတယ်ဗျ၊ နွားအော်သံတော့မကြားရပေမယ့် ချုံကြားထဲတိုးနေတဲ့အသံတစ်ခုကိုတော့ကြားလိုက်ရတယ်။
“အငယ်ကောင် ဝင်ကြည့်မယ်ကွာ”
“ဟာ၊ အကိုလတ်ကလည်း ကျုပ်ကြောက်တယ်ဗျ”
“မင်းကလည်းကွာ၊ ဒါဆိုရင်လည်း မင်းဒီမှာစောင့်နေ၊ ငါဝင်မယ်”
“ကျုပ်စောင့်လည်း မစောင့််ရဲဘူးဗျာ”
ကျုပ်လည်းဘာမှမပြောတော့ဘဲ ချုံတွေကိုဖြဲပြီးအသာတိုးဝင်သွားတာပေါ့ဗျာ၊ အငယ်ကောင်လည်းအနောက်ကနေလိုက်ခဲ့တာပေါ့၊ ဆူးတွေပါတဲ့ချုံပင်တွေဆိုတော့ ရှလိုက်တာမှပြောမနေပါနဲ့တော့ဗျာ၊ ကျုပ်တို့အသားမာမာ၊ ထူထူကြီးတွေတောင်မှ ဆူးတွေနဲ့ညိပြီးတော့ ပေါက်ပြဲကုန်တော့တာ။ ချုံတိုးသံံကြားတဲ့အနောက်လိုက်ခဲ့ရင်းနဲ့ မကြာပါဘူး ကုန်းပြောင်ပြောင်ကလေးဆီကိုရောက်သွားတယ်ဗျ၊ အဲဒီနေရာမှာတော့ ခြေသလုံးလောက် မြက်ပင်တွေပဲရှိပြီး တခြားအပင်တွေမရှိဘူး၊ အဲဒီမှာ ကျုပ်တို့နွားကြီးကိုတွေ့လိုက်ရပါရောဗျာ။
“ဟေ့၊ သားကြီးလာဟေ့”
ကျုပ်တို့နွားကြီးအနားလည်းရောက်ရော နွားကြီးရဲ့ကျောကုန်းပေါ်မှာ မည်းမည်းအကောင်ကြီးတစ်ကောင်ထိုင်နေတာပဲဗျာ၊ နွားကိုခွစီးတာတာမဟုတ်ဘူးဗျ၊ နွားကျောကုန်းအပေါ်မှ ဆောင့်ကြောင့်ကြီးထိုင်လို့ရယ်ဗျ၊ ဆံံပင်ကြီးတွေကလည်း အရှည်ကြီးပဲဗျာ၊ တစ်ကိုယ်လုံးလည်း မည်းမှောင်နေလိုက်တာများ မီးသွေးတုံးအလားပဲဗျ၊ မွဲခြောက်ခြောက်တော့မဟုတ်ဘူးဗျ၊ ဆီပွတ်ထားသလို ပြောင်ချောချောနဲ့ပေါ့ဗျာ၊ အငယ်ကောင်က အဲဒီအကောင်ကြီးတွေ့ရော လှည့်ပြေးတာ တန်းနေတာပဲဗျာ၊ ကျုပ်တို့ငါးမိနစ်လောက် ဖြတ်တိုးရတဲ့ ဆူးတောကို ဝုန်းခနဲတိုးပြီးတော့ကိုပြေးတာ၊ ကျုပ်ဖြင့်တစ်ယောက်တည်း လှည့်ပြေးရနိုးနိုး၊ ဆက်နေရနိုးနိုးနဲ့ ကျန်ခဲ့တာပေါ့ဗျာ။
အကောင်ကြီးက အစွယ်တွေဖြဲပြတယ်ဗျ၊ အစွယ်ကြီးတွေကလည်း ရှည်လို့ဗျ၊ ကျုပ်ကိုထွက်သွားအောင်လို့ ခြောက်တာပေါ့ဗျာ၊ ကျုပ်လည်း ကြောက်ရမယ့်အစား ဒေါသထွက်လာသလိုလိုနဲ့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတာဗျ၊ ငါတို့နွားကိုတက်စီးနေပြီး ငါတို့ကိုပြန်ရန်လိုနေတယ်ဆိုပြီးတော့ မခံချင်ဘူးပေါ့ဗျာ၊ ဒါနဲ့ ခါးထောက်လိုက်ပြီး
“ဟေ့ကောင်၊ အောက်ဆင်းစမ်း”
ကျုပ်လည်း ဟန်ပါပါနဲ့အော်လိုက်တော့ အကောင်ကြီးကလည်း မခေဘူးဗျာ၊ ခွီးခနဲကြောင်အော်သလိုအသံကြီးအော်ပြီးတော့ အစွယ်တွေကို ထပ်ဖြဲပြပြန်ရော၊ ကျုပ်လည်းအမြင်ကပ်တာနဲ့ အနားက မြေကြီးခဲတစ်ခဲကောက်ပြီးတော့ အဲ့ကောင်ကိုလှမ်းထုတာပေါ့၊ မြေကြီးခဲကြီးထိပေမယ့် သူက ဘာမှမဖြစ်ဘူးဗျ၊ ဘတ်ခနဲအသံံကြီးမြည်ပြီးတော့ မြေကြီးခဲက အောက်ကိုပြုတ်ကျသွားတာ၊ ပြီးတာနဲ့ ဒီကောင်ကြီးက ကျုပ်ဆီကိုလှမ်းခုန်အုပ်ပါရောဗျာ။
ကျုပ်နဲ့ဒီကောင်ကြီးနဲ့ လုံးကြတာပေါ့ဗျာ၊ အားကလည်းအတော်သန်သန်ဗျ၊ လုံးရင်းလုံးရင်းနဲ့ တဖြည်းဖြည်းကျုပ်လည်း အားနည်းလာတယ်။ ဒီကောင်က ကျုပ်ရင်ဘတ်ပေါ်တက်ပြီး ဆောင့်ကြောင့်တက်ထိုင်ပါရောဗျာ၊ နောက်တော့ သူ့လက်အရှည်ကြီးတွေနဲ့ ကျုပ်လည်ပင်းကိုညှစ်သေးတယ်။ ကျုပ်လည်း လက်ကချလို့မနိုင်တော့ ပါးစပ်ကနေ အမျိုးစုံဆဲတာပေါ့ဗျာ။
“အသားကမည်းမည်းနဲ့ မီးသွေးနဲ့လင်တော်တဲ့ကောင်မ၊ ငါ့ကိုလွှတ်စမ်း၊ နင်ငါ့ကိုလွှတ်စမ်း”
ကျုပ်ပြောတော့ အဲဒီသရဲကြီးက ကျုပ်လည်ပင်းကိုညှစ်ထားတဲ့လက်တွေကို ဆွဲလွှတ်လိုက်တယ်ဗျ၊ ကျုပ်ဖြင့်တော်တော်အံ့သြသွားတာ၊ အစကတော့ ဘာလဲပေါ့ဗျာ။ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲဆိုရင် ငါ့ကိုလွှတ်စမ်းလို့ပြောရင် လူကြမ်းက မလွတ်တဲ့အပြင် ပိုပြီးကြမ်းတယ်ဆိုပေမယ့် အခုကတော့ ထူးထူးဆန်းဆန်းပဲဗျ။
“ဟဲ့၊ ငါ့ပေါ်ဘာတက်လုပ်နေတာလဲ၊ ငါ့ရင်ဘတ်ပေါ်ကနေဆင်းစမ်း”
သရဲကြီးက ကျုပ်ရင်ဘတ်ပေါ်တက်နေရာကနေ ဖုတ်ခနဲခုန်ဆင်းလိုက်တယ်ဗျ။ ကျုပ်လည်း လူးလဲပြီးထလိုက်တာပေါ့၊ ဒီသရဲက တစ်ခုတော့တစ်ခုပဲဗျ။ ကျုပ်ပြောတာတွေချည်းလိုက်လုပ်နေတော့တာ။ ကျုပ်လည်း နည်းနည်းစမ်းကြည့်မယ်ဆိုပြီးတော့
“ဟဲ့သရဲ၊ လျှာထုတ်ပြစမ်း”
ကျုပ်ပြောတော့ သူက ဆောင့်ကြောင့်ထိုင်လျှက်သား လျှာကြီးကိုထုတ်ပြတယ်ဗျာ၊ လျှာကတစ်တောင်လောက်တောင်ရှိတယ်ဗျာ၊ အခွေလိုက်ကြိးထွက်ကျလာတာ လျှာကြီးထွက်လာတော့ ညှီစို့စို့အနံ့ကြီးကလည်း တွဲပါလာတာဗျ၊ နံလိုက်တာပြောမနေပါနဲ့။ ကျုပ်လည်း နှာခေါင်းကိုလက်နဲ့ပိတ်ပြီးတော့
“တော်ပြီ၊ လျှာပြန်သိမ်းတော့”
သရဲကြီးက လျှာကိုခေါက်ဆွဲဖတ်တွေ ဆွဲပြီးစားသလို ရှလွတ်ခနဲလုပ်လိုက်တော့ လျှာအရှည်ကြီးက ပါးစပ်ထဲပြန်ဝင်သွားရောဗျို့။
“လေးဖက်ထောက်စမ်း”
“ကင်းမြှီးကောက်ထောင်စမ်း”
ကျုပ်ပြောသမျှကို သရဲက လိုက်လုပ်နေရတာ၊ ကျုပ်ဖြင့် စိတ်ထဲ ပျော်တောင်ပျော်လာသေးတာဗျ။ ဒါနဲ့ နွားပြာကြီးကိုလက်ညှိုးထိုးပြီးတော့
“ကဲ၊ ငါ့နွားကို လယ်ထဲကိုမောင်းသွားစမ်းဟာ”
သရဲကြီးက မပြောမဆိုနဲ့ နွားကျောပေါ်ကိုခုန်တက်ပြီးတော့ လယ်ထဲကိုမောင်းသွားတာပဲဗျာ၊ နွားကလည်း သူတက်စီးရင် ငြိမ်နေတာပဲ၊ သူသွားခိုင်းတဲ့အတိုင်းကို သွားတော့တာပဲဗျာ၊ ကျုပ်လည်း နွားတိုးတဲ့အပေါက်အနောက်ကနေ လိုက်တိုးပြီးထွက်ခဲ့တာပေါ့၊ ခပ်လှမ်းလှမ်းမှာ အငယ်ကောင်နဲ့ အကိုကြီးနဲ့ပြေးလာနေကြတယ်၊ အကိုကြီးက လက်ထဲမှာ ကိုင်းခုတ်ဓါးတစ်ချောင်းကိုင်လို့ရယ်ဗျ။
“ဟေ့အလတ်ကောင်၊ ဘယ်မှာလဲသရဲ”
“အလကားပါဗျာ၊ ဘာသရဲမှမရှိပါဘူး၊ အငယ်ကောင်က ကြောက်ကိုကြောက်လွန်းတယ်”
ကျုပ်ပြောတော့ အငယ်ကောင်က ပြူးတူးကြောင်တောင်နဲ့
“ခုနက သရဲမည်းမည်းကြီးရော အကိုလတ်”
“ဘာသရဲမှမရှိပါဘူး၊ အဲဒါ ချုံပုတ်ကို နေထိုးလို့အရိပ်ကျတာပါကွ၊ လာ ပြန်ကြစို့”
ကျုုပ်တို့ညီအကိုသုံးယောက်လည်းပြန်လာခဲ့တယ်ဗျ၊ ကျုပ်တို့အရှေ့မှာ အေးအေးလူလူသွားနေတဲ့ နွားကြီးရဲ့ကျောကုန်းပေါ်မှာတော့ သရဲကြီးကရှိနေတယ်ဗျ၊ အငယ်ကောင်နဲ့ အကိုကြီးနဲ့ မမြင်ရတာဖြစ်မယ်။ အိမ်ကနွားတွေစားကျက်ထဲမှာ ပြေးလွှားနေကြတယ်ဗျ၊ နောက်တော့ နွားနှစ်ကောင်က ဟိုးတောတန်းဘက်ကိုပြေးပါရော၊ အငယ်ကောင်က ကြိမ်တစ်ချောင်းနဲ့ အော်လိုက်ဆဲဆိုပေမယ့် နွားတွေက သူ့ကိုမမှုပဲနဲ့ဆက်ပြေးတယ်။ ကျုပ်လည်း အဲဒီနွားနှစ်ကောင်ကိုကြည့်ပြီးတော့
“အဲဒီနွားနှစ်ကောင်ကို သွားပြန်ခေါ်ခဲ့စမ်း”
ကျုပ်က ပြောလိုက်တော့ ဘေးနားက အကိုကြီးက ကျုပ်ကိုမျက်လုံးအပြူးသားနဲ့ကြည့်ပြီးတော့
“ဟေ့ကောင်၊ မင်းငါ့ကို ဘယ်လိုပြောလိုက်တာလဲကွ”
“ဟာဗျာ၊ အကိုကြီးကိုပြောတာမဟုတ်ပါဘူး”
“ဒီနေရာမှာ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းရပ်နေတာကွ၊ မင်းက ငါ့ကိုပြောတာမဟုတ်လို့ ဘယ်သူ့ကိုပြောတာလဲ”
အကိုကြီးပြောတာကို ကျုပ်လည်းပြန်ဖြေလို့မရဘူးဗျ။ အကိုကြီးက ဒေါသထွက်သွားတယ်နဲ့တူတယ်။
“အလတ်ကောင်နော်၊ မင်းကိုငါကြည့်နေတာကြာပြီ၊ ငါ့ကိုမလေးမစားမလုပ်နဲ့၊ မင်းအကိုကွ၊ တန်းတူလာမပေါင်းနဲ့”
ကျုပ်လည်းဘာမှ ပြန်မပြောတော့ပါဘူးဗျာ၊ မကြာပါဘူး တောတန်းဘက်ကိုပြေးသွားတဲ့နွားနှစ်ကောင်က သူ့အလိုလိုပြန်ပြေးလာတယ်၊ နွားကျောပေါ်မှာတော့ ဟိုသရဲက ရှိနေဆဲပဲဗျ။ တန်တော့ ကျုပ်အမိန့်ပေးလိုက်တာကို လိုက်လုပ်တဲ့ပုံပဲ။
အကိုကြီးနဲ့ အငယ်ကောင်လစ်တုန်း ကျုပ်လည်း သုဿန်ဘက်ကိုပြေးလာခဲ့တယ်၊ အနောက်က သရဲလည်းပါလာတယ်ဗျ၊ သုဿန်နားက သစ်ပင်အောက်မှာထိုင်ရင်းနဲ့
“ဟေ့သရဲမ၊ နင့်နာမည်ဘယ်လိုခေါ်သလဲ”
သရဲက ကျုပ်ကိုတွေတွေကြီးကြည့်နေတယ်။
“စကားမပြောတတ်ဘူးလား၊ ပြောလေကွာ၊ ငါလုပ်ထည့်လိုက်လို့”
“ပြောပါ့မယ်”
သရဲအသံကခပ်သေးသေးဗျ၊ ကလေးအသံလိုပဲ”
“ဟ၊ ငါမေးတာ နင့်နာမည်ကိုမေးတာ”
“ကျုပ်က မိန်းမမဟုတ်ပါဘူး၊ ယောက်ျားပါဗျ”
“ဟောဗျာ၊ ဒီလောက်ဆံပင်အရှည်ကြီးနဲ့က ယောက်ျားတဲ့လား၊ အေးကွာ၊ ထားပါတော့ မင်းနာမည်ဘယ်သူလဲ”
“ငတိုး”
နာမည်ကလည်း ငတိုးတဲ့ဗျ၊ ကျုပ်လည်းခေါင်းညိတ်ရင်း
“အေး၊ မင်းက ဘာဖြစ်လို့ အဲဒီနားမှာနေပြီးတော့ နွားတွေကိုခိုးခိုးနေရတာလဲကွ”
“ကျုပ်ခိုးတာမဟုတ်ပါဘူးဗျာ၊ ကျုပ်က နွားကျောင်းပေးတာပါ၊ ကျုပ်ကနွားတွေကိုခေါ်ပြီး အဲဒီနေရာမှာ ထားထားပေးရတယ်၊ ညနေညဘက်ရောက်ရင်တော့ လူကြီးတစ်ယောက် လာလာပြီးယူတာပဲဗျ”
“ဘယ်သူလဲကွ”
“ဒါတော့ ကျုပ်မသိဘူး၊ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့လူကြီးပဲဗျ”
ကျုပ်ဖြင့်တွေးလို့တောင်မရပါဘူးဗျာ၊
“ဒါနဲ့ငတိုး၊ မင်းသရဲဖြစ်နေတာကြာပြီလား”
ကျုပ်မေးတော့ ငတိုးက မှိုင်မှိုင်တွေတွေနဲ့ဗျ။ ကျုပ်လည်းမေးခွန်းပြောင်းမေးရမှာပေါ့။
“ဒါဖြင့် မင်းက ဘယ်လိုလုပ်ပြီးသေတာလဲ”
ငတိုးက ကျုပ်ကိုကြည့်ပြီးတော့ ဇက်ပုသွားတယ်ဗျ၊ ဒီအချိန်မှာပဲ ကျုပ်အနောက်ကနေ အသံကြားရတယ်။
“အလတ်ကောင်”
အသံကြားကတည်းက ဦးဘသာကြီးမှန်း သိပြီးသားပါဗျာ။
“လူနဲ့ပရလောကသားနဲ့ဆိုတာက မထိတွေ့လေကောင်းလေပဲကွ၊ သွားသွား၊ သူ့ကိုပြန်လွှတ်ပေးလိုက်”
ဦးဘသာပြောတာဆိုတော့ ကျုပ်လည်းခေါင်းညိတ်လိုက်ရတာပေါ့ဗျာ၊ ဦးဘသာက ငတိုးကိုကြည့်ရင်း
“ဟဲ့ကောင်လေး သွားတော့”
သူပြောလိုက်တော့ ငတိုးက သုဿန်ထဲကနေထွက်ပြေးသွားတော့တယ်ဗျ၊ ပြီးတော့ ဦးဘသာကြီးက ကျုပ်အနားမှာလာထိုင်တာနဲ့
“ဦးဘသာက ဒီသရဲကိုသိတယ်တဲ့လား”
“သိတာပေါ့ကွ၊ ငတိုးဆိုတာ ငါတို့နဲ့ငယ်ငယ်ကတည်းက ဆော့ခဲ့တဲ့ ကစားဖော်တွေပေါ့”
“ဘာဗျ၊ ဦးဘသာ ငယ်ငယ်ကတည်းကဆိုတော့ ငတိုးသေတာ ကြာပြီပေါ့”
ဦးဘသာက ခေါင်းညိတ်ပြတယ်ဗျ။
“ဒါဆို ငတိုးကဘာဖြစ်လို့များ သေသွားရတာလဲဗျာ”
ဦးဘသာက ဘာမှမပြောဘဲ တွေဝေနေတယ်၊ ကျုပ်လည်း ဦးဘသာရဲ့ပုခုံးကို ကိုင်လိုက်တယ်။
“ဦးဘသာ . . . ဦးဘသာ”
ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက နီညိုရောင်လိုလိုဖြစ်သွားလိုက်၊ ဝါဝါထိန်ထိန်ကြီးဖြစ်သွားလိုက်နဲ့ဆိုတော့ ကျုပ်လည်း ဦးဘသာငယ်ဘဝကို ပြန်စဉ်းစားနေပြီလို့ သိလိုက်ပြီလေဗျာ၊
(၃)
ကျုပ်တို့ထိုင်နေတဲ့ သုဿန်ကြီးက ချက်ချင်းပဲသစ်ပင်တွေနဲ့စိုစိုပြေပြေကလေးဖြစ်သွားတယ်ဗျ၊ သုဿန်အလယ်လောက်မှာတော့ အိမ်ကလေးတစ်လုံးရှိတယ်၊ ခြံထဲမှာတော့ သာစံကလေးက ငရုတ်ပင်တွေကို ရေလောင်းနေတယ်ဗျ၊ ငရုတ်သီးတောင့််ကလေးတွေများ စိမ်းစိမ်းစိုစိုနဲ့ မိုးပေါ်ထောင်ပြီးသီးနေလိုက်ကြတာဗျာ၊ အိမ်လှေကားထစ်မှာတော့ ဘွားမယ်ဖြူက ပြုံးရင်းကြည့်နေတယ်ဗျ။
“ဘွားဘွားကြီးရေ၊ ငရုတ်ပင်တွေတအားကောင်းတာပဲဗျာ၊ တစ်ပင်တစ်ပင်ကို အတောင့််ငါးဆယ်၊ အတောင့်တစ်ရာလောက်တော့ ရှိမှာဗျ”
“အေးကွယ်၊ ငါ့မြေးက စိုက်ပျိုးရေးနဲ့တော့ အကျိုးပေးသားဟဲ့၊ နင့်ငရုတ်သီးတွေအကုန် ငါတို့ဘယ်လိုစားမလဲ”
“ငရုတ်စိမ်းက ရွာထဲမှာရှားတယ် ဘွားဘွားကြီးရ၊ သားရွာထဲသွားရောင်းမှာပေါ့”
“အောင်မယ်လေး၊ ငါ့မြေးက အသက်သာငယ်တာဟဲ့၊ ဈေးတွက်က တွက်တတ်နေပြီ၊ အေးအေး၊ ငရုတ်တွေများတော့လည်း နင်တို့သားအမိသွားရောင်းကြပေါ့”
“ဟာဗျာ၊ အမေ့ကိုမရောင်းခိုင်းပါဘူး၊ ဟိုတစ်နေ့က ငတိုးကပြောတယ်၊ အမေဈေးရောင်းတာက ဓါးပြတိုက်တာကျနေတာပဲတဲ့၊ အမေရောင်းတော့ ရွာကလူတွေက ဝယ်မှာတဲ့လား”
သူတို့ပြောနေရင်း ခြံဝကို ကလေးလေးတစ်ယောက်ပြေးလာတယ်ဗျ၊ အသက်က ဆယ်နှစ်ဝန်းကျင်လောက်ပဲရှိအုံးမယ်ဗျ၊ သာစံကလေးကတော့ ရှစ်နှစ်လောက်ပေါ့။
“သာစံရေ၊ သာစံ”
“ဟေ့ငတိုး၊ လာကွ”
“မလာတော့ဘူးဟေ့၊ ဇီးကုန်းဘက်မှာ ဇီးသီးတွေဝင်းနေပြီ၊ တို့တွေသွားခူးစားရအောင်ဟေ့”
သာစံလည်း သူရေလောင်းနေတဲ့အိုးကလေးချပြီးတော့ ငတိုးနဲ့အတူတူအပြင်ကိုပြေးထွက်သွားကြတာပေါ့ဗျာ၊ ကျုပ်လည်း သူတို့အနောက်ကနေ ပြေးလိုက်ခဲ့တာပေါ့၊ ကလေးတွေဆိုတော့ ပြေးကြတာမြန်သားဗျ၊ ကျုပ်တို့အခုရွာသစ်ဘက်ကိုပြေးကြတာဗျ၊ အဲဒီမှာဇီးပင်တွေက စုပြိးပေါက်နေတယ်ဗျာ၊ ဇီးပင်ဆိုတာက အညာမှာအလေ့ကျပေါက်တဲ့အပင်ပေါ့ဗျာ၊ ရေလောင်းစရာလဲမလို၊ မြေသြဇာထည့်စရာလည်းမလိုဘူးဗျ၊ သူ့အလိုလိုပေါက်ရင်း အချိန်တန်တော့ကြီးသွားကြတာပဲ၊ ပြီးရင်တော့ သီးချိန်ပွင့်ချိန်ရောက်ရင် ပြွတ်ခဲနေအောင်သီးကြတာ၊ ကျုပ်တို့တုန်းကတော့ ဇီးသီးပေါလွန်းလို့ ပေါ်ဦးပေါ်ဖျားနဲ့၊ အလုံးကြီးတာလောက်ပဲ ရွေးစားကြတာဗျ၊ ကျန်တဲ့ဇီးသီးတွေကိုတော့ နွားတွေကိုကျွေးတာပဲ၊ ဆိတ်တွေကလည်း ဇီးသီးသိပ်ကြိုက်တာဗျ၊ ဇီးပင်အောက်မှာ နွားတို့ ဆိတ်တို့လွှတ်ထားလိုက်ရင် တဖြောက်ဖြောက်နဲ့ကို အသံစုံမြည်နေတော့တာ။
ဒါနဲ့ သာစံတို့ဇီးပင်တွေအနားကိုသွားမယ်လုပ်တော့ ရွာပြင်ကနေပြီးတော့ လှည်းတစ်စီးက မောင်းလာတယ်ဗျ၊ လှည်းပေါ်မှာထိုင်နေတဲ့သူကတော့ သူကြီးနဲ့တခြားသူတွေလည်းပါသေးတယ်၊ ခေါင်းတုံးပြောင်ပြောင်နဲ့သူရယ်၊ ပိန်ညောင်ကျပြီးအရိုးကပ်နေတဲ့လူကြီးရယ်ပေါ့ဗျာ၊ အဲဒီလှည်းက သူတို့အနားကိုရောက်သွားတော့ ထိုးရပ်သွားတယ်ဗျ။
“သာစံပါလား၊ ငတိုးလည်းပါတာကိုးကွ”
သာစံံံကတော့ သူကြီးကိုကြောင်ကြည့်နေတယ်ဗျ။ သူကြီးကပြုံးဖြီးဖြီးနဲ့ ကြည့်နေရင်း အရိုးခြောက်ကြီးလိုမျိုးပိန်ကပ်နေတဲ့အဘိုးကြီးက ပဲချောင်းတွေလှမ်းယူလိုက်တယ်ဗျ၊ ပြီးတော့ သာစံတို့ကိုကြည့်ရင်း
“ဘယ်သူလဲ သူကြီးရဲ့”
သူကြီးက သာစံကိုလက်ညှိုးထိုးပြီးတော့
“အဲဒါသူပေါ့”
အဲဒီလူကြီးက သာစံဆီကိုပဲချောင်းတစ်ချောင်းလှမ်းပေးတယ်ဗျ၊ ပဲချောင်းဆိုတာ ဆိမ့်ပြီးကြွပ်ရွနေတဲ့စားစရာတစ်ခုပေါ့ဗျာ၊ အဲဒီအပေါ်မှာ သကာရည်လေးလမ်းဆမ်းထားတာဆိုတော့ ကလေးတွေသိပ်ကြိုက်ပေါ့၊ သာစံံကလည်း ကလေးဆိုတော့ စားချင်ရှာတာပေါ့ဗျာ၊ အဲဒါနဲ့ အဲဒီပဲချောင်းကိုလှမ်းယူတယ်၊ နောက်တော့ အဲဒီလူကြီးက ပဲချောင်းနောက်တစ်ချောင်းကို ငတိုးကိုပေးလိုက်တယ်။ သူကြီးက သာစံကိုကြည့်ရင်း
“မင်းတို့မုန့်စားလို့ကုန်သွားရင် မင်းအမေဆီကိုပြန်ကြနော်ကွ”
သူကြီးပြောပြီးတာနဲ့ လှည်းကမောင်းထွက်သွားတာပဲဗျာ၊ သာစံနဲ့ငတိုးက ဇီးကုန်းအနားကိုသွားရင်း လက်ထဲက ပဲချောင်းတွေကိုကိုက်စားတယ်ဗျ၊ ငတိုးက သူ့လက်ထဲက ပဲချောင်းကိုကြည့်လိုက်ပြီးတော့
“ငါ့ပဲချောင်းက သေးသေးလေးကွ၊ သကာရည်လည်းနည်းတယ်”
“ဒါဆိုလည်း ငါ့အချောင်းယူစားလိုက်ပါ၊ ငါနဲ့မင်းနဲ့လဲစားကြတာပေါ့”
“ရပါတယ်သာစံရ”
“လုပ်မနေပါနဲ့ငတိုးရာ၊ တစ်ရွာလုံးက ဘယ်သူမှငါနဲ့အပေါင်းအသင်းမလုပ်ပေမယ့် မင်းကတော့ ငါ့ကိုပေါင်းတယ်မဟုတ်လား၊ ငါ့မှာသူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲရှိတာ၊ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ငါကျွေးတာပါကွာ”
ငတိုးလည်း သာစံလက်ထဲက ပဲချောင်းကိုယူပြိးတော့ တဂျွတ်ဂျွတ်နဲ့ကိုက်စားတော့တာပဲ၊ ဇီးကုန်းနားကိုရောက်တော့ နွားတစ်သိုက်က ဇီးပင်တွေအောက်မှာထိုင်ပြီး ဇီးသီးတွေဝါးနေတယ်ဗျ။
“ဟ ငတိုး၊ မင်းနွားတွေက ဒီကိုကြိုရောက်နေပါလားကွ”
“ဒါပေါ့သူငယ်ချင်းရာ၊ ငါ့ကောင်ကြီးတွေက လွှတ်လိမ်မာတာကွ၊ ငါခိုင်းရင်တစ်ချက်မှ ညည်းညူတယ်လို့မရှိဘူး၊ ဒီကောင်ကြီးတွေက တခြားသူနဲ့သာ ပေကပ်ကပ်ဆိုပေမယ့် င့ါစကားတော့ သိပ်နားထောင်တဲ့ကောင်တွေကွ”
“ဟုတ်မယ်ဟေ့၊ ဒါကြောင့် မင်းကြီးဒေါ်က မင်းကိုနွားပဲကျောင်းခိုင်းတာဖြစ်မယ်”
သူတို့သူငယ်ချင်းနှစ်ယောက်က ဇီးပင်ရိပ်အောက်မှာထိုင်ကြတယ်ဗျ။ သာစံက ဇီးပင်ပေါ်ကိုမော့ကြည့်နေရင်း
“ငတိုးရေ၊ မင်းဇီးပင်ပေါ်တက်ပြီးလှှုပ်ကွာ၊ ငါအောက်ကနေ ပုဆိုးနဲ့ခံမယ်”
ငတိုးက ခေါင်းညိတ်ပြီးတော့ ပုဆိုးကိုစလွယ်သိုင်းပြီးတော့ ဇီးပင်ပေါ်ကိုတက်ဖို့ပြင်တယ်ဗျ၊ ဇီးပင်ရဲ့ ပင်စည်ကိုခြေထောက်နဲ့နင်းလိုက်တယ်ဆိုရင်ပဲ ငတိုးတစ်ယောက်မျက်နှာပျက်သွားတယ်။
“အောင်မယ်လေး၊ နာလိုက်တာ”
“ငတိုး၊ မင်းဗိုက်နာတာလား၊ ဒီနားမှာလူရှင်းပါတယ်ကွ၊ ဒီနားမှာပဲရှင်းလိုက်ကွာ”
ငတိုးက ခေါင်းခါပြီးတော
“မဟုတ်ဘူးကွ၊ တစ်ခုခုပဲ၊ ငါ့ဗိုက်ထဲမှာ တစ်ခုခုက ခွေပြီးထိုးနေသလိုပဲ၊ အား၊ နာလိုက်တာ၊ အား . . .”
ငတိုးက မြေပေါ်ကိုခွေခွေကလေးလဲကျသွားတော့တယ်ဗျ၊ ဒီတော့မှ သာစံလည်း ပြာပြာသလဲဖြစ်သွားတာ၊
“ငတိုးရရဲ့လား”
သာစံရဲ့အမေးကို ငတိုးကမဖြေတော့ဘဲ ခေါင်းပဲခါပြနေတယ်ဗျာ၊ ဒါနဲ့ သာစံက ငတိုးကိုဆွဲပွေ့လိုက်ပြီးတော့ ကျောကုန်းပေါ်တင်လိုက်တယ်ဗျ၊ လူကောင်ကလည်း နှစ်ယောက်သားက မတိမ်းမယိမ်းကိုး၊ ငတိုးကလည်း ခပ်ပိန်ပိန်ဆိုတော့ သာစံက မတ်တပ်ရပ်ပြီးတော့ ကုန်းပိုးရင်း ပြေးတော့တာပဲဗျာ၊ ကျုပ်လည်း ကူလို့ရရင်အကောင်းသားဗျ။ သာစံံတစ်ယောက် မနိုင်မနင်းနဲ့ဆွဲပြေးရင်း သူတို့အိမ်နားရောက်တော့ လှမ်းအော်ရှာတယ်။
“ဘွားဘွားကြီးရေ၊ ဘွားဘွားကြီးရေ”
ဘွားမယ်ဖြူက လှေကားကနေဆင်းလာရင်း ခြံံံထဲကိုအလန့်တကြားပြေးဝင်လာတဲ့ သာစံကိုကြည့်တယ်ဗျ။
“ဟဲ့၊ ငါ့မြေး၊ ဘာဖြစ်လာတာလဲ”
“ငတိုး၊ ငတိုးလေအောင့်တာလားမသိဘူး”
ဘွားမယ်ဖြူက လှေကားကနေဆင်းလာပြီးတော့ ငတိုးကိုဆွဲယူရင်း ကွပ်ပျစ်ပေါ်ကိုတင်ပေးလိုက်တယ်၊ ငတိုးကတော့ လူးလိမ့်နေတာပဲဗျာ၊ ဘွားမယ်ဖြူက ငတိုးဗိုက်ကိုစမ်းနှိပ်ရင်းနဲ့
“အောင်မယ်လေး”
ဆိုပြီးထအော်တယ်ဗျ၊ သာစံံလည်းအံံ့သြသွားတာပေါ့။
“ဘွားဘွားကြီး ဘာဖြစ်တာလဲ”
“နင့်အမေသွားခေါ်ကောင်လေး၊ ဒါကတော့ ငါမရဘူး နင့်အမေပဲရမှာ၊ နင့်အမေ ခုနက ရေတွင်းဘက်ကိုထွက်သွားတယ်၊ မြန်မြန်သွားလိုက်ခေါ်ချေ”
သာစံံပြေးထွက်သွားတော့ ကျုပ်လည်း သူ့နောက်မလိုက်တော့ဘဲ ခြံထဲမှာပဲကျန်နေခဲ့တာပေါ့ဗျာ၊ နောက်တော့ ဒေါ်ပျင်းနဲ့သာစံံံက ခြံထဲကိုပြေးဝင်လာတယ်ဗျ။ ဒေါ်ပျင်းက ငတိုးဗိုက်ကိုစမ်းကြည့်ရင်း
“မှန်းစမ်း၊ လတ်စသတ်တော့ တိုက်မြွေထည့်ထားတာပဲ”
ဒေါ်ပျင်းက သာစံဘက်ကိုလှည့်ပြီးတော့
“နင်တို့ဘာတွေစားထားသောက်ထားလဲဆိုတာ မှန်မှန်ပြောစမ်း”
“ဒီလိုပါ၊ အိမ်ကနေထွက်သွားပြီးတော့ သူကြီးနဲ့တွေ့တယ်၊ သူကြီးနဲ့ပါလာတဲ့လူကြီးက ကျုပ်တို့စားဖို့ဆိုပြီးတော့ ပဲချောင်းနှစ်ချောင်းပေးခဲ့တယ်အမေရ၊ ကျုပ်စားတဲ့ပဲချောင်းက ခပ်ကြီးကြီး၊ ငတိုးစားတဲ့ ပဲချောင်းက ခပ်သေးသေးမို့လို့ သားတို့ချင်းပဲချောင်းလဲစားလိုက်တာ”
သာစံံပြောတော့ ဒေါ်ပျင်းကြီးက အံကြိတ်သွားပြီးတော့
“သြော်၊ သူကြီး၊ သူကြီး၊ ဒင်းက ငါနဲ့တစ်ပွဲတစ်လမ်းတွေ့ချင်တယ်ပေါ့ဟုတ်သလား”
ဒေါ်ပျင်းက ထသွားဖို့လုပ်တာနဲ့ သာစံက ဒေါ်ပျင်းလက်ကိုဆွဲလိုက်တာပေါ့ဗျာ။
“အမေ၊ ငတိုးကို ကယ်ပါအံုံးအမေရာ၊ ဒီအတိုင်းဆိုရင် ငတိုးသေတော့မယ်ဗျ”
ဒေါ်ပျင်းက ငတိုးကိုတစ်ချက်ကြည့်လိုက်ပြီးတော့
“ငါတို့က လူမကယ်ဘူးသား၊ သူသေတာ မင်းသေတာမဟုတ်ဘူး”
အဲဒီလိုပြောပြီးတာနဲ့ ဒေါ်ပျင်းကြီးက အိမ်ကနေထွက်သွားတာပဲဗျာ၊ ကျုပ်လည်း ဒေါ်ပျင်းနောက်လိုက်ရကောင်းနိုးနိုး၊ သာစံံတို့မြေးအဘွားနဲ့ပဲ နေရကောင်းနိုးနိုးဖြစ်နေတာပေါ့၊ ဒီအချိန်မှာပဲ ငတိုးက ပက်လန်လန်သွားတယ်ဗျ၊ သူ့ဗိုက်ထဲမှာတော့ ခွေခွေအကောင်ကြီးက လိမ်တွန့်နေတာပဲဗျာ၊ ဗိုက်အပြင်ကနေပြိးမြင်ရတယ်ဗျ၊ မသိရင်အူကြီးတွေလှုပ်နေတယ်လို့ထင်ရတာ၊ သာစံံကတော့ ငိုနေတယ်ဗျ။
“ဘွားဘွားကြီး၊ ဘွားဘွားကြီး တစ်ခုခုလုပ်ပါအုံး”
ဘွားမယ်ဖြူလည်း သက်ပြင်းချပြီးတော့ ခေါင်းခါတယ်ဗျ၊
“သူ့ဗိုက်ထဲက တိုက်မြွေကိုပြန်ထုတ်ဖို့လောက်တော့ ဘွားဘွားက မစွမ်းဘူးငါ့မြေးရဲ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်”
“ဘာလဲဘွားဘွားကြီး”
“သူ့ကို ဒီလိုဝေဒနာမခံစားရအောင်လို့ လုပ်ပေးလို့ရတယ်”
“ဒါဆိုရင်လည်း လုပ်ပေးပါ ဘွားဘွားကြီးရယ်၊ ငတိုးဖြစ်နေတာကို သားမကြည့်ရက်နိုင်တော့ဘူး”
ဘွားမယ်ဖြူက လက်ဝါးကိုဖြန့်လိုက်ပြီးတော့ ငတိုးမျက်နှာအပေါ်ကိုလက်ဝါးနဲ့အုပ်လိုက်တယ်ဗျ၊ အုပ်တယ်ဆိုပေမယ့် ထိတယ်ဆိုရံုံလေးထိထားတာ၊ ငတိုးက မျက်ဖြူတွေလန်တက်လာတယ်၊ ပြီးတော့ မျက်နှာကြီးတစ်ခုလုံးမှာ သွေးကြောကြီးူတွေ ရဲပြီးတော့ အကြောင်းအကြောင်းတွေဖြစ်လာတယ်ဗျာ၊ ခဏလေးအတွင်းမှာပဲ ငတိုးတစ်ယောက် တစ်ချက်တွန့်လိမ်ပြီးတော့ ငြိမ်ကျသွားတာပဲ။ သာစံံက ငတိုးကိုခေါ်ကြည့်တော့ ငတိုးကမလှုပ်တော့ဘူးဗျ။
“ဘွားဘွားကြီး၊ ဘွားဘွားကြီး ငတိုးကိုဘာလုပ်လိုက်တာလဲ”
“သူဒီအတိုင်းဆိုရင် မသေမချင်းရောဂါတွေခံံစားနေရအုံးမှာလေ၊ ဒါကြောင့်မို့ သူ့ကိုငါက သတ်ပစ်လိုက်တာ”
“ဗျာ၊ ဘွားဘွားကြီး၊ ဒါဆိုရင် ငတိုး . . . ငတိုးသေပြီပေါ့”
“အေးပေါ့၊ တိုက်မြွေက တစ်ရက်နှစ်ရက်လောက်သူ့ကိုနှိပ်စက်အုံးမှာပဲ ငါ့မြေး၊ အခုသူသေသွားတော့ မခံစားရတော့ဘူးပေါ့”
သာစံက ခေါင်းတခါခါနဲ့
“မဟုတ်ဘူးလေဘွားဘွားကြီးရာ၊ သူ့ကိုမနာကျင်၊ မခံံံစားအောင်လုပ်ခိုင်းတာ ဘွားဘွားကြီးက သတ်ပစ်လိုက်တာလား၊ အီး . . .ဟီး”
သေသွားတဲ့အလောင်းကိုဖက်ပြီးတော့ သာစံကငိုတော့တယ်ဗျ၊ ကျုပ်လည်း စိတ်မကောင်းဘူးပေါ့ဗျာ၊ ငတိုးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားတာမဟုတ်လား၊ ဒါကြောင့် သူ့ကိုဘာလို့သေသလဲလို့မေးရင် သူပြန်မဖြေတာကိုးဗျ။ ငတိုးသေပြီးမကြာပါဘူးဗျာ၊ ငတိုးရင်ဘတ်က လှုပ်လာတယ်၊ ပြီးတော့ ပါးစပ်ကြိးပွင့်သွားပြီးတော့ အထဲက မြွေကြီးတစ်ကောင်ထွက်လာတယ်ဗျ၊ လုံးပတ်ကတော့ သိပ်မကြီးပါဘူးဗျာ၊ ကျပ်ပြားဝိုင်းလောက်ရှိမှာပေါ့။ မြွေကြီးလည်းထွက်လာရော ဘွားမယ်ဖြူက မြွေကြီးကိုလက်ညှိုးထိုးလိုက်တော့ မြွေကြီးက အပ်ချည်ကြိုးကလေးတစ်ချောင်းဖြစ်သွားသဗျ။
ကျုပ်လည်း ရွာထဲကိုပြေးလာခဲ့တာပေါ့ဗျာ၊ ဟိုမှာက ပွဲကောင်းနေပြီမဟုတ်လား၊ ရွာထိပ်ရောက်တော့ အော်သံဟစ်သံတွေကို ကြားရပြီဗျ။
“ဟဲ့ ငဖောင်ရိုး၊ နင်လား ငါ့သားကိုလုပ်တာ”
“ဟား၊ ဟား စုန်းမ၊ နင့်သားအသက်မသေချင်ရင် နင်ငါ့ရှေ့မှာဒူးထောက်ဟဲ့”
ဒေါ်ပျင်းက ရယ်တယ်ဗျ။
“ဟား၊ ဟား အခုနက နင်ကျွေးတဲ့ပဲချောင်းကို ငါ့သားမစားမိဘဲ၊ နွားကျောင်းသား ငတိုးစားမိပြီး အခုငတိုးသေပြီဟဲ့”
“ဘာ၊ ငတိုးသေပြီတဲ့လား”
ရွာသားတွေက တစ်ယောက်တစ်ပေါက်နဲ့ပြောဆိုကုန်တယ်ဗျ၊ ပိန်ပိန်ညှောင်ညှောင်နဲ့လူကြီးကတော့ ခေါင်းခါရင်း
“မဟုတ်တာတွေမပြောနဲ့စုန်းမ၊ အဲဒီကလေးသေတာ နင်သတ်တာမဟုတ်လား၊ ငါက သူနဲ့ဘာရန်ငြိုးရှိလို့ သူ့ကိုသတ်ရမှာလည်း”
အဲဒီလူကြီးပြောတာကို ရွာသားတွေကလည်းယုံတယ်ဗျ၊ အမှန်တော့ အဲဒီလူကြီးကပဲ အစာထဲကိုအပင်းထည့်ပြီး မြွေတိုက်နဲ့တိုက်တာမဟုတ်လားဗျာ။ ကျုပ်က ကိုယ့်မျက်စိနဲ့တင် တပ်အပ်မြင်ခဲ့တာဆိုတော့ သိတာပေါ့ဗျာ၊ ဒါပေမယ့်လည်း လူတွေကတော့ ဒေါ်ပျင်းလုပ်တယ်ပဲထင်ကြတာဗျ။
“ရှင်ဘာမှ ဘူးခံငြင်းမနေနဲ့၊ ရှင်တို့တွေ ကျုပ်ကိုမနိုင်လို့ ကျုပ်သားကိုလုပ်ပြီး အကြပ်ကိုင်ချင်တာမဟုတ်လား၊ လူကြီးတွေဖြစ်ပြီးတော့ စကားတွေက ဖာဆန်လိုက်တာရှင်”
ဒေါ်ပျင်းပြောတော့ ခေါင်းတုံးပြောင်ကြီးနဲ့လူက ရှူးရှူးရှဲရှဲဖြစ်သွားတယ်ဗျ။
“ဟဲ့ စုန်းမ၊ နင့်အဆင့်လောက်ကိုများ ငါကကြောက်မတဲ့လား”
“နင့်ကိုရောငါက လန့်နေလို့လား၊ ဖုတ်ဆရာရဲ့၊ နင့်ဘေးက လူကြီးက ရိုးရိုးလူမဟုတ်ဘဲ ပညာသည်ရဲ့သရဲကို ဖုတ်သွင်းထားတယ်ဆိုတာ ငါသိသားပဲ”
ဒေါ်ပျင်းပြောမှ ကျုပ်တို့လည်းသိတော့တယ်ဗျာ၊ ဒါကြောင့် ကျုပ်ကြည့်ကတည်းက ဒီလူကြီးက လူနဲ့လုံးဝကိုမတူတာဗျ၊ တစ်ကိုယ်လုံးအရိုးပေါ်အရေတင်နဲ့ အရိုးခြောက်ကြီးတစ်ကောင်နဲ့ တူပါတယ်လို့ပေါ့ဗျာ၊ ခေါင်းတုံးပြောင်နဲ့လူကြီးက ဘေးနားက ပိန်ပိန်နဲ့လူကြီးကို တစ်ချက်ကြည့်လိုက်တယ်ဗျ။ အဲဒီလူကြီးက မျက်လုံးကြီးတွေက ဝင်းဖန့်လာပြီးတော့ ဒေါ်ပျင်းကြီးဆီကိုပြေးလာတာဗျ။ ဒေါ်ပျင်းကတော့ အေးအေးလူလူပါပဲ။
“ဟဲ့၊ မယ်ပျင်းဆိုတာ ဖုတ်လောက်ကတော့ ရှိတယ်လို့တောင်မထင်တာ”
ဖုတ်ကောင်ကြီးက ဒေါ်ပျင်းကို လက်ညှိုးနဲ့ထိုးပြီး ရေရွတ်နေတာဗျ၊ ဘာမှကိုတော့ မမြင်တွေ့ရပေမယ့် ဒေါ်ပျင်းရပ်နေတဲ့ခြေထောက်အနားက မြေကြီးတွေက ဖုန်းခနဲ၊ ဖုန်းခနဲ၊ ထထပေါက်တာဗျ၊ ဒေါ်ပျင်းကတော့ ဖုတ်ကောင်ကြီးကိုကြည့်တောင်ကြည့်မနေပါဘူးဗျာ၊ နောက်တော့ ဖုတ်ကောင်ကြီးက သူလုပ်မရတဲ့အဆုံး မြေကြီးမှာကျနေတဲ့ သစ်ကိုင်းတစ်ခုကိုကောက်လိုက်ပါရော၊ အဲဒီသစ်ကိုင်းက ဖုတ်ကောင်ကြီးလက်ထဲရောက်တော့ ဓါးကြီးတစ်လက်ဖြစ်သွားတာဗျ၊ အသွားတွေဆိုရင် ဝင်းလက်လင်းထိန်နေတာပဲ၊
ဖုတ်ကောင်ကြီးက ဓါးဝင့်ပြီး ဒေါ်ပျင်းကြီးဆီကိုပြေးလာပြီးတော့ လက်နှစ်ဖက်ကိုမြှောက်ပြီးတော့ ဒေါ်ပျင်းကိုဓါးနဲ့ပိုင်းဖို့လုပ်တာပေါ့ဗျာ၊ ဒေါ်ပျင်းက ဒီတော့မှ ဖုတ်ကောင်ကြီးကိုစိုက်ကြည့်လိုက်တော့ ဖုတ်ကောင်ကြီးက ဓါးကြီးမြှောက်ရင်း တန့်ခနဲရပ်သွားတော့တာပါပဲ။ ဒေါ်ပျင်းက ဖုတ်ကောင်ရဲ့နဖူးကို လက်ညှိုးနဲ့တောက်ထည့်လိုက်တော့ ဖုတ်ကောင်ကြီးက အသေကောင်ကြီးတစ်ကောင်လိုဖြစ်သွားပြီးတော့ မြေပေါ်ကိုပက်လက်လန်ပြီးလဲကျသွားတာပဲဗျာ၊ မြေပေါ်ကျပြီးတော့ တွန့်ခွေသွားပြီး ပြန်မထလာတော့ဘူး။
“ဟဲ့၊ နင်ဖုတ်တော့ ပြေးပြီ၊ နင်ပဲကျန်တော့တယ်”
ခေါင်းတုံးပြောင်ပြောင်နဲ့လူကြီးက ပြေးဖို့လုပ်တာပေါ့ဗျာ၊ ဒေါ်ပျင်းက လက်ညှိုးနဲ့ထိုးလိုက်တော့ ခေါင်းတုံးကြီးက ပြေးမရတော့ဘူးဗျ။
“ငါ့ကိုမသတ်ပါနဲ့၊ ငါ့ကိုမသတ်ပါနဲ့ဟာ”
ဒေါ်ပျင်းကရယ်မောရင်းနဲ့
“မသတ်ပါဘူး၊ နင့််ကိုငါမသတ်ပါဘူး”
ဒီအချိန် ချုံပုတ်ထဲကနေ မြွေကြီးတွေထွက်လာတာဗျ၊ မြွေကြီးငါးကောင်ရှိတယ်၊ မြွေဟောက်တွေလား၊ မြွေပွေးတွေလားတော့မသိပေမယ့် အကုန်လုံးကတော့ အနက်ရောင်တွေချည်းပဲဗျ။ ရွာသားတွေဆို အနောက်ကိုခုန်ဆုတ်ကြတယ်၊ ထွက်ပြေးတဲ့သူကလည်း ပြေးကြတာပေါ့ဗျာ၊ မြွေကြီးတွေက ခေါင်းတုံးပြောင်နဲ့လူကြီးရဲ့ ခြေထောက်အပေါ်ကိုရစ်ဖက်တက်သွားပြီးတော့ တဖြည်းဖြည်းနဲ့လည်ပင်းဆီကိုရောက်လာတယ်၊ ဒေါ်ပျင်းက ခေါင်းတုံးကြီးဆီကိုကြည့်ပြီး
“ဟဲ့၊ တံခါးလေးဘာလေး ဖွင့်ပေးလိုက်ပါအုံး”
ဒေါ်ပျင်းပြောလိုက်တော့ အဲဒီလူကြီးရဲ့ပါးစပ်က ပွင့်သွားတယ်ဗျ၊ မြွေကြီးတွေက အဲဒီလူကြီးရဲ့ပါးစပ်ထဲကို တစ်ကောင်ပြီးတစ်ကောင် ဝင်သွားကြတာဗျာ၊ မသိရင် တွင်းထဲဝင်သွားသလိုပဲ၊ အဲဒီလူကြီးလည်း အော်လိုက်တာမှ ပြောမနေပါနဲ့တော့၊ ပါးစပ်ဖွင့်ထားတာဆိုတော့ ဝူးဝူးဝါးဝါးနဲ့အော်နေတော့တာပေါ့ဗျာ။
မြွေငါးကောင်လုံးဝင်သွားပြီးတော့မှ ဒေါ်ပျင်းက အသံအကျယ်ကြီးနဲ့ရယ်မောရင်းနဲ့
“နင်တို့က ငါ့ကိုနိုင်ဖို့ ဆရာတွေခေါ်လာကြတယ်ပေါ့၊ ခေါ်ကြစမ်း၊ နင်တို့ဒီနယ်မကလို့ တစ်ကမ္ဘာလုံးက ဆရာတွေခေါ်လာခဲ့စမ်း၊ ဒီရွာက ဒင်းတို့ရဲ့သချိုင်းဖြစ်သွားစေရမယ်၊ ဟား၊ ဟား”
အဲဒီလိုကြွေးကျော်ပြီးတော့ လှည့််ထွက်သွားတာပဲဗျာ၊ ခေါင်းတံုံးကြီးက ပြန်လှည့်လို့ရတော့ လည်ပင်းကိုလက်နဲ့အတင်းထိုးနှိုက်ပြီးအန်တယ်ဗျ၊ စားထားသမျှအကုန်အန်ပေမယ့် မြွေကြီးတွေကတော့ ပြန်ထွက်မလာပါဘူး။ နောက်တော့ သူဝတ်ထားတဲ့အင်္ကျီကိုလှန်ကြည့်လိုက်တော့ သူ့ဗိုက်ထဲမှာ မြွေကြီးတွေက တိုးဝှေ့ပြီးသွားနေတာဗျ၊ အပြင်ကနေ အတိုင်းသားမြင်နေရတယ်၊ အဲဒီလူကြီးက သူလွယ်ထားတဲ့လွယ်အိတ်ထဲကနေ ဓါးမြှောင်တစ်လက်ဆွဲထုတ်လိုက်တယ်ဗျာ၊ ဓါးမြှောင်က ခြောက်လက်မလောက်ပဲရှိမယ်၊ နောက်တော့ သူ့ဗိုက်ကိုသူ အဲဒီဓါးနဲ့ဟက်တက်ကြီးခွဲချလိုက်တာပါပဲဗျာ။
ကျုပ်ဖြင့်ကြည့်နေရင်းကို တုန်လှုပ်နေတော့တာပဲဗျာ၊ ဗိုက်ကြီးက ဖားပါးစပ်ကြီးလိုပြဲထွက်သွားပြီးတော့ အဲဒီလူကြီးက ဗိုက်ပြဲကြီးထဲလက်နှိုက်ပြီးတော့ ဟိုစမ်းဒီစမ်းနဲ့ စမ်းနေသေးတာဗျ၊ နောက်တော့ တစ်ခုခုကိုလက်နဲ့စမ်းပြီး ဆွဲထုတ်လိုက်တော့ မြွေကြီးမထွက်လာဘဲနဲ့ အူကြီးက အခွေလိုက်ကြီး ပါလာတော့တာပဲဗျာ။ ဒီလိုနဲ့ဗိုက်ထဲစမ်းလိုက်၊ အူတွေဆွဲထုတ်လိုက်လုပ်နေရင်း နောက်ဆုံးတော့ ဒီလူကြီး မှောက်ခုံကြီးလဲပြီး သေသွားပါရော။ အူတွေမြေပေါ်ပြန့်ကျဲနေတာ မြင်မကောင်းဘူးဗျာ။
(၄)
ပတ်ဝန်းကျင်က ရုတ်ခြည်းပြန်ပြီး ပြောင်းလဲသွားတယ်ဗျ၊ နောက်တော့ ကျုပ်တို့ထိုင်နေတာ အုတ်ဂူဖြူဖြူကြီးတွေနဲ့ မြေပံုံမို့မို့တွေအကြားက သစ်ပင်ကြီးအောက်မှာဖြစ်နေတယ်၊ ဦးဘသာက ထိုင်နေရင်း ငေးမောနေတယ်ဗျ။
“ဒါ၊ ဒါဆို ခုနက ငတိုးသရဲက၊ ဦးဘသာရဲ့ သူငယ်ချင်းငတိုးပေါ့”
ဦးဘသာက ခေါင်းညိတ်တယ်ဗျ။
“ဒါဆိုရင် သူကနွားကျောင်းသားဆိုတော့ နွားတွေလိုက်ကျောင်းနေတာပေါ့၊ ဒါကြောင့်ဖြစ်မှာဗျ၊ နွားတွေက သူနဲ့ဆိုရင် ငြိမ်နေတာပဲ”
“ငတိုးက နဂိုကတည်းက မိဘမဲ့၊ တစ်ကောင်ကြွက်ဆိုတော့ သူ့အလောင်းကို လာတောင်မယူကြပါဘူးကွာ၊ ဒါနဲ့ ငါနဲ့ဘွားမယ်ဖြူပဲ အခုနွားပျောက်ကုန်းလို့ခေါ်တဲ့ ကုန်းကလေးအလယ်နားမှာ မြှုပ်ပေးလိုက်တာပေါ့ကွာ”
“သြော်၊ ဒီလိုလား၊ ငတိုးသေသွားတာ သနားစရာဗျာ၊ ဒါနဲ့ ဒေါ်ပျင်းကြီးက ဘာလို့များ ငတိုးကိုမကယ်ခဲ့တာလဲဗျ၊ သူသာကယ်ခဲ့ရင် ငတိုးတစ်ယောက်သေမှာမဟုတ်ဘူး”
ဦးဘသာက သက်ပြင်းချတယ်ဗျ။
“စုန်းဆိုတာကို ဘာလို့လူတွေက မကောင်းဘူးလို့သတ်မှတ်ကြသလဲဆိုတာ မင်းသိပြီမဟုတ်လားကွ၊ တကယ်တော့ လူတွေပြောတာလည်း မမှားပါဘူးကွာ၊ စုန်းဆိုတာက ဘယ်တော့မှ ကောင်းတဲ့အလုပ်ကို လုပ်ကြတဲ့လူတွေမဟုတ်ဘူးကွ”
“ဒါပေမယ့် ဦးဘသာကျတော့၊ ဦးဘသာကျတော့ ကောင်းမှုတွေလိုက်လုပ်နေတယ်မဟုတ်လား”
“ပတ်ဝန်းကျင်က လူတွေကိုပုံဖော်တယ်ဆိုတဲ့ စကားတစ်ခုရှိတယ်အလတ်ကောင်၊ လူတွေက လူဆိုးဆိုတာနဲ့ အဲဒီလူက ဆိုးရမှာလား၊ လူတွေက လူကောင်းလို့သမုတ်လိုက်တာနဲ့ ဒီလူတွေက မကောင်းတာတွေ မလုပ်ကြရတော့ဘူးလား”
ဦးဘသာစကားက တော်တော်အဓိပ္ပါယ်ရှိတယ်ဗျ။
“တကယ်တော့ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ ပုံဖော်ရတာကွ၊ ပတ်ဝန်းကျင်က မကောင်းဘူးလို့ ခေါင်းစဉ်တပ်ပေမယ့် မကောင်းမှုဆိုတာ ကိုယ်လုပ်ချင်မှဖြစ်တာ၊ ကောင်းတယ်၊ မကောင်းဘူူးဆိုတာကို ကိုယ်ဆုံးဖြတ်ပြီး ကိုယ့်လက်နဲ့လုပ်ရတာပဲအလတ်ကောင်ရေ”
ဦးဘသာက မတ်တပ်ရပ်ပြီးတော့ ပုဆိုးပြင်ဝတ်လိုက်တယ်။
“ငတိုးသေသွားပြီးကတည်းက ငါကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်၊ အဲဒါကတော့ ငါစုန်းပညာကိုသင်ယူမယ်ဆိုတာပဲ၊ ဒါပေမယ့် ငါသင်ယူရတဲ့ရည်ရွယ်ချက်က ငါ့အမေဒေါ်ပျင်းကိုလူသတ်ဖို့မဟုတ်ဘူး၊ ငတိုးလိုမျိုး ပညာနဲ့လုပ်ခံထိထားတဲ့လူတွေကို ကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ ငါ့အဘွားဆီက ပညာသင်ယူခဲ့တာပဲအလတ်ကောင်”
“မွန်မြတ်လိုက်တာဗျာ”
ကျုပ်ပါးစပ်ကနေတောင် ယောင်ပြီးတော့ထွက်သွားတယ်ဗျ။
“တကယ်တော့ လူဆိုတာသိပ်ကြောက်ဖို့ကောင်းတယ်ကွ၊ သူတို့အပေါ်မင်းက ကောင်းနေသရွေ့၊ သူတို့မင်းကိုအသုံးလိုနေသရွေ့တော့ မင်းကိုလူကောင်းတစ်ယောက်လို့ ပြောဆိုသတ်မှတ်ကြပေမယ့် သူတို့မလိုချင်တဲ့အချိန်၊ သူတို့အကျိုးစိးပွားထိခိုက်လာပြီဆိုရင်တော့ မင်းကိုလူဆိုးတစ်ယောက်ဆိုပြီး ဝိုင်းပြီးသမုတ်ကြဖို့ ဝန်မလေးကြဘူးကွ၊ ကဲ . . . ငါတော့သွားပြီအလတ်ကောင်ရေ”
ဦးဘသာက သုဿန်ထဲကနေ တစ်လှမ်းချင်းထွက်သွားတယ်ဗျ၊ သုံးလေးလှမ်းလောက်ရောက်တော့ ကျုပ်ဘက်ကိုပြန်လှည့်ကြည့်တယ်။
“နောက်ပြီး မင်းငါ့ရဲ့အတိတ်တွေကို ပြန်တွေ့နေတာ မကောင်းဘူးနော်အလတ်ကောင်၊ မင်း ရှေ့လျှောက်ဒီလိုထပ်မလုပ်ပါနဲ့”
ကျုပ်လည်းမတ်တပ်ရပ်လိုက်ပြီး
“ဘာဖြစ်လို့လဲဦးဘသာ၊ ကျုပ်လုပ်တယ်ဆိုတာ ကျုပ်အတွက်လုပ်နေတာမဟုတ်ဘူး၊ ဦးဘသာကြီးရဲ့ မေ့ပျောက်နေတဲ့ ပညာတွေကို ပြန်ရဖို့ ကျုပ်ကြိုးစားပေးနေတာ”
ဦးဘသာက ကျုပ်ကိုကျောခိုင်းရင်း
“ငါသိတယ်၊ ဒါပေမယ့် အဲဒါက ငါကိုယ်တိုင်ရွေးချယ်ခဲ့တာ”
“ဘာဗျ”
“ငါ့ပညာတွေ ကုန်သွားဖို့ကို ငါကိုယ်တိုင်ရွေးချယ်ခဲ့တာပဲအလတ်ကောင်၊ တကယ်တော့ ဘသော်တို့လူတစ်စုလောက်ကို ငါ့ပညာနဲ့အသာကလေး သတ်ပစ်လိုက်လို့ရတယ်၊ ဒါပေမယ့် ငါမသတ်ခဲ့ဘူး၊ ငါ့ပညာတွေပျောက်သွားလို့ ငါဝမ်းမနည်းဘူး၊ ငါပျော်တောင်ပျော်သေးတယ်”
“ဘယ်လိုဗျ၊ ဘာလို့ဦးဘသာက ပျော်တာလဲ၊ စုန်းတစ်ယောက်က စုန်းပညာတွေမရှိဘဲနဲ့ အသက်မရှင်နိုင်ဘူးဆိုဗျ”
“ဒါက ခုနကပြောသလို ပတ်ဝန်းကျင်က သတ်မှတ်ကြတာလေကွာ၊ ဒါပေမယ့် ငါကတော့ နေနိုင်တယ်၊ င့ါပညာတွေမရှိဘဲနဲ့လည်း ငါအေးအေးဆေးဆေးနေနိုင်တယ်အလတ်ကောင်၊ ဒါကြောင့်မို့ ဘသော်တို့ငါ့ကို စုန်းပေါက်ဖောက်တာကို ငါ့အတွက်အခွင့်အရေးတစ်ခုလို့ ငါထင်မှတ်ခဲ့တယ်၊ ဒါကြောင့်သူတို့လုပ်ချင်တဲ့အတိုင်း အလုပ်ခံခဲ့တယ်”
“ကျုပ်တော့နားမလည်ဘူး၊ ဦးဘသာ ပညာမရှိလို့မရဘူး၊ စုန်းထီးဖြစ်တဲ့ဦးဘသာ ပညာမရှိတော့ရင် စုန်းထီးဘယ်ဟုတ်တော့မလဲ၊ နောက်ပြီး ကျုပ်ကို၊ ကျုပ်တို့မိသားစုကို၊ နောက်တော့ ဦးဘသာချစ်တဲ့ရွာသားတွေကို ဘယ်လိုအကာအကွယ်ပေးနိုင်တော့မလဲဗျ”
ဦးဘသာက တော်တော်စိတ်ပျက်သွားတဲ့ပုံနဲ့ ကျုပ်ဘက်ကိုလှည့်လာတယ်ဗျ၊ နောက်ပြီးတော့ ကျုပ်ပုခုံးကိုပုတ်လိုက်တယ်။
“ဒီမှာအလတ်ကောင်၊ ငါမင်းကိုကယ်ခဲ့တော့ဘာရခဲ့လဲ”
ဦးဘသာမေးတော့ ကျုပ်ဖြင့်ဆအသွားတာပဲဗျာ။
“ဒီရွာသားတွေကို ငါကယ်ခဲ့တော့ ငါဘာပြန်ရလိုက်သလဲ”
“ဟို . . . ဟို”
“ငါနောက်ဆုံးပြောမယ်အလတ်ကောင်၊ မင်းတို့ကိုကယ်လို့၊ ရွာသားတွေကိုကယ်လို့ ငါရလိုက်တာက ငါ့အတွက်ဒုက္ခတွေပဲ၊ မင်းတို့ကိုသာ မကယ်လို့ရှိရင် ဒီကဝေတွေ၊ စုန်းတွေက ငါ့ကိုအငြိုးအတေးထားခဲ့မှာမဟုတ်ဘူးကွ၊ တကယ်တော့ ငါကရွာကလူတွေကို ကူညီခဲ့ပေမယ့် ငါ့ကိုတောင် အကောင်းပြောခံံရတာမဟုတ်ဘူးကွ၊ ရွာဦးကျောင်းဆရာတော်ပြောတာမှန်တယ်၊ ကုသိုလ်၊ အကုသိုလ်ဆိုတာ ကိုယ်ဖြစ်ကိုယ်ခံပဲကွ၊ မင်းတို့တွေကို ကယ်တင်တယ်ဆိုပေမယ့် တကယ်တမ်းတော့ငါခံံံရတာ၊ တော်ပြီ၊ ငါရှေ့လျှောက် ကိုယ်နဲ့မဆိုင်တဲ့အရာတွေကိုဝင်ပါတော့မှာမဟုတ်ဘူး”
ဦးဘသာက ကျုပ်လက်ကိုဆွဲရင်း
“ဒီတော့ ငါတောင်းပန်ပါတယ်အလတ်ကောင်ရာ၊ မင်းဒိလောက်နဲ့ပဲရပ်လိုက်ပါတော့၊ င့ါပညာတွေကိုငါ ထပ်မလိုချင်တော့ဘူး၊ ငါပညာတွေမရှိဘဲ အေးအေးဆေးဆေးနေချင်တယ်၊ ငါသာမန်လူတစ်ယောက်လိုပဲ နေသွားချင်တယ်ကွာ၊ ငါတောင်းပန်ပါတယ်အလတ်ကောင်ရာ၊ မင်းကိုငါတကယ်တောင်းပန်ပါတယ်”
ဦးဘသာမျက်လုံးထဲက မျက်ရည်တွေစီးကျလာတယ်ဗျ၊ နောက်ပြီးတော့ တစ်ဖက်ကိုလှည့်သွားပြီးတော့ သူပေါင်းထားတဲ့ ခေါင်းပေါင်းစကြီးဖြုတ်ပြီးသုတ်လိုက်တယ်၊ ပြီးတာနဲ့ သုဿန်ထဲကနေထွက်သွားတော့တာပါပဲဗျာ။
သူငိုတာတွေ့တော့ ကျုပ်လည်းစိတ်မကောင်းဘူးဗျ၊ ကျုပ်လုပ်ခဲ့တာတွေက အမှားတွေလား၊ ကျုုပ်က သူ့ကိုပညာတွေပြန်ရပါစေဆိုပြီးတော့ လုပ်ခဲ့တာတွေက အမှားတွေလား။ ကျုပ်ကိုယ့်ကိုယ်ကိုယ်မေးရင်းနဲ့ သစ်ပင်ခြေရင်းမှာ ထိုင်ကျသွားတယ်၊ တကယ်လို့ ဒါသာ ဦးဘသာရွေးချယ်မှုဆိုရင်တော့ ကျုပ်လက်လျော့သင့်ပြီပေါ့၊ ဦးဘသာကိုကျုပ်ချစ်တယ်၊ ကိုယ်ချစ်တဲ့လူဖြစ်ချင်တာကို ဖြစ်စေချင်ကြတာ သဘာဝမို့ နောက်ဆုံးတော့ ကျုပ်လက်လျော့ဖို့စိတ်ဆုံးချက် ချလိုက်တော့တယ်။
“မှန်ပါတယ်ဗျာ၊ ဦးဘသာက အမြဲတမ်းမှန်ပါတယ်”
“မှားတယ်”
သစ်ပင်နောက်က အသံကြားလိုက်လို့ ကျုပ်လှည့််ကြည့်လိုက်တော့ ဒေါ်ပျင်းတစ်ယောက် ဆေးလိပ်ကြီးလက်ကြားညှပ်ရင်း သုဿန်ထဲကနေထွက်လာတယ်ဗျ။ ကျုပ်ဖြင့် အံံ့သြလို့မဆုံးပါဘူးဗျာ။
“မှားတယ်၊ သာစံဆိုတာ အမြဲတမ်းမှားခဲ့တယ်၊ မှားခဲ့လို့လည်း ဒီကောင်လေး အခုလိုနေရတာပေါ့”
“ဒေါ်၊ ဒေါ်ပျင်း၊ ဒါဆိုရင် ကျုပ်အိပ်မက်မက်တာ တကယ်ပေါ့”
“စုန်းတစ်ယောက်ရဲ့သားက စုန်းပဲဖြစ်ရမယ်၊ နောက်ပြီး စုန်းဆိုတာ ပျော့ညံ့နေလို့မရဘူး၊ ငါရှိတုန်းက ဟောဒီရွာမပြောနဲ့ အနားကရွာတွေအပြင်၊ ဒီနယ်တစ်ခွင်မှာ ငါ့ကိုယှဉ်ရဲတဲ့လူရှိခဲ့လို့လား၊ ဒီတော့ ဒီဟာကလည်း ငါ့ရဲ့အခွင့်အရေးပဲ”
“ဘာအခွင့်အရေးလဲ”
“သာစံကိုပညာတွေထည့်ပေးပြီးတော့ သူ့ဝမ်းထဲက ငါပေးခဲ့တဲ့နတ်မင်းတွေရဲ့ ပညာတွေကိုတောင်းခံရမယ်၊ ပြီးတော့ သူ့ကိုဒီနယ်တစ်ကြောမှာ အစွမ်းအထက်ဆုံးသူဖြစ်အောင် လုပ်ပေးရမယ်”
“မဖြစ်နိုင်ဘူးထင်တယ်၊ ဦးဘသာက ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူက လူကောင်းတစ်ယောက်၊ သူတော်ကောင်းတစ်ယောက်မို့လို့ဗျ”
ကျုပ်စကားကြားတော့ ဒေါ်ပျင်းက တဟားဟားနဲ့ရယ်တယ်ဗျ။
“စုန်းတစ်ယောက်က သူတော်ကောင်းဖြစ်နိုင်မလား၊ စာဆိုတောင်ရှိသေးတယ်၊ ဒီပုတ်ထဲက ဒီပဲဘဲတဲ့၊ ဒီတော့ ဒီပုတ်ထဲမှာ ဒီပဲမဟုတ်ဘဲ တခြားပဲတွေရောပါလာရင် လွှင့်ပစ်ခံရတတ်တာထုံးစံပဲ၊ သာစံအခုဖြစ်နေတာလည်း ဒီလိုပဲ၊ သူက စိတ်ကောင်းရှိတော့ သူ့ကိုရွာကလူတွေက ပစ်ပယ်ထားကြတယ်မဟုတ်လား၊ အခုငါရောက်လာပြီ၊ ငါ့သားရဲ့စိတ်တွေကို ငါပြောင်းလဲပေးမယ်၊ သာစံဆိုတဲ့နာမည်ကြားလိုက်တာနဲ့ လူတွေအားလုံးက ခေါင်းဖော်မကြည့်ဝံ့လောက်အောင်ဖြစ်သွားအောင်လို့ ငါလုပ်ပေးရမယ်”
“မလုပ်နဲ့၊ အဲဒီလိုမလုပ်ပါနဲ့၊ ဦးဘသာက အဲဒီလိုဖြစ်စေချင်တာမဟုတ်ဘူး၊ သူက သာမန်လူအတိုင်း ဘဝကိုအေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တာဗျ”
ဒေါ်ပျင်းက ကျုပ်ကိုပြုံးကြည့်ရင်း အခိုးအငွေ့တွေအဖြစ်ပြောင်းသွားတယ်ဗျ၊ နောက်တော့ အဲဒီအခိုးအငွေ့တွေက ကျုပ်မျက်နှာအနားကိုပျံံံသန်းလာပြီးတော့ ကျုပ်ရဲ့နှာခေါင်းပေါက်တွေနဲ့ ပါးစပ်ထဲကိုအတင်းတိုးဝင်တယ်ဗျာ၊ ကျုပ်နှာခေါင်းထဲမှာလည်း စိမ်းရွှေရွှေအနံ့ကြီးရပြီးတော့ ပါးစပ်ထဲမှာလည်း တစ်မျိုးကြီးပဲဗျ၊ နောက်တော့ ကျုပ်ခေါင်းတွေအကုန်လုံး မူးဝေလာသလိုဖြစ်ပြီးတော့ ကျုပ်လည်း သစ်ပင်ခြေရင်းမှာ လဲကျသွားတော့တာပါပဲဗျာ။
ဆက်ရန်။