(သူရဇ္ဇမဂ္ဂဇင်း ၂၂နှစ်ပြည့် အထူးထုတ်တွင် ဖော်ပြခံရပြီးဖြစ်ပါသည်)
(၁)
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းဆူပူမှုများ နေရာအနှံ့တွင် ဖြစ်ပွားနေသော အချိန်ဖြစ်သည်။ ရွာငယ်လေးများနှင့် တောရွာလေးများသည် ကွန်မြူနစ်များနှင့် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုကို အကြီးအကျယ်ခံနေရသည်။
ထိန်ကုန်းကျေးရွာလေးသည် ပျဉ်းမနားခရိုင်အတွင်းတည်ရှိသည်။ အလယ်ပဲခူးရိုးမကြီးနှင့် မနီးမဝေးဖြစ်သည်။ ရွာသားများသည် လယ်ယာလုပ်ငန်းများနှင့် ဥယျာဉ်ခြံလုပ်ငန်းများကိုလုပ်ကိုင်ကြသည်။ ထိုအလယ်ရိုးမကြီးတွင် ကွန်မြုနစ်များက တောခိုပြီး လက်နက်ပြကာ ကျေးရွာလေးများကို လုယက်လျှက်ရှိသည်။ ထို့အပြင် အခြားလက်နက်ကိုင်ထားသည့် ဓါးပြအဖွဲ့များကလဲ ရွာငယ်ကလေးများကို ပစ်မှတ်ထားကာ တိုက်ခိုက်လုယူလေ့ရှိကြသည်။
ထိုညက လကွယ်ညဖြစ်သည်။ ထိန်ကုန်းကျေးရွာလေးမှာတော့ ညအမှောင်တွင် အိပ်မောကျလျှက်ရှိသည်။ ထိုအချိန်တွင် ရွာပြင်မှ မြင်းစီးသံများကို ကြားလိုက်ရသည်။ ရွာမှ လူများအကုန် နိုးကုန်သည်။ တိုင်းရေးပြည်ရေး အခြေအနေမကောင်းသဖြင့် ရွာသူရွာသားများမှာ နိုးနိုးကြားကြား နေကြရသည်။ ရွာမှလူများက အိမ်အောက်များတွင် အသင့်ပြုလုပ်ထားသော ကျင်းများထဲသို့ ဝင်ရောက်ပုန်းအောင်းကြသည်။ မကြာခင် မြင်းစီးထားသည့် လူများမှာရွာထဲသို့ ဝင်လာလေသည်။ ထို့နောက် ရွာထဲမှ အိမ်ကြီးတစ်လုံးဆီသို့ ဦးတည်သွားကြသည်။
ထိုအဖွဲ့မှာ ကွန်မြုနစ်များမဟုတ်၊ ထိုဒေသတစ်ဝိုက်တွင် တိုက်ခိုက်လုယူနေသည့် ဓါးပြ ငထွားတို့ အဖွဲ့ပင်ဖြစ်သည်။ ယခုလဲ ငထွားတို့အဖွဲ့က ထိန်ကုန်းကျေးရွာလေးရှိ ဒေါ်မြ တို့ အိမ်သို့ တန်းတန်းမတ်မတ်ဝင်ရောက်လာလေသည်။ ဒေါ်မြမှာ ထိုရွာလေးတွင် လယ်မြေအများအပြားပိုင်သူဖြစ်သည်။
“ကဲ အိမ်သားတွေ အကုန်ထွက်ခဲ့နော်။ ပုန်းနေလို့ ကျုပ်တို့ဝင်ရှာလို့တွေ့ရင် အကုန်သတ်ပစ်မယ်”
ငထွားက မြင်းကြီးပေါ်မှ အော်ဟစ်လိုက်သည်။ လက်တွင်လဲ ခြောက်လုံးပြုးသေနတ်ကို ကိုင်ထားသည်။ ဓါးပြများမှာ အယောက် ၂၀ ခန့်ရှိသည်။ သေနတ် သိပ်မပါကြ။ အချို့မှာ ဓါးများ လှံများကိုင်ဆောင်ထားကြသည်။ အယောက်တိုင်းတော့ မြင်းစီးထားသည်။ အနီးအနားရွာသားများမှာလဲ ဝိုင်းဝန်းမကူညီနိုင်၊ အားလုံးငြိမ်ပြီး ပုန်းအောင်းနေလေသည်။
“အိမ်ထဲတော့ ဝင်မရှာပါနဲ့ ထွက်ခဲ့ဆို ထွက်ခဲ့ပါမယ်”
ဒေါ်မြပြောရင်း ထွက်လာသည်။ မကြာမီ မိသားစုဝင်များပါ အကုန်ထွက်လာလေသည်။
မောင်စိန်လဲ ဒေါ်မြတို့အိမ် စပါးကျီထောင့်တွင် ပုန်းအောင်းနေရာမှ ထွက်လာခဲ့သည်။ မောင်စိန်မှာ ဒေါ်မြတို့နှင့် ဆွေမျိုးနီးစပ်သာတော်သည်။ ငယ်စဉ်ကတည်းက မိဘများဆုံးပါးသွား၍ ဒေါ်မြအိမ်တွင် ဝင်ရောက်လုပ်ကိုင်ရင်း ဆင်းရဲစွာ နေထိုင်ရလေသည်။ ဒေါ်မြသည် ကပ်စေးနှဲသလို အကျင့်လဲမကောင်းပေ။ မောင်စိန်တို့ မိဘပိုင် လယ်များ၊ နွားများကို သိမ်းယူလိုက်လေသည်။ ထို့နောက် မောင်စိန်ကို ကျွန်တစ်ယောက်လိုသာ ဆက်ဆံလေသည်။ မောင်စိန် အသက် ၈ နှစ်ကတည်းက ဒေါ်မြအိမ်မှာ နေထိုင်ခဲ့ရာက အခုအသက် ၁၉ နှစ်ပင်ဖြစ်နေပြီဖြစ်သည်။ တစ်နေကုန် အလုပ်နှင့်လက် ပြတ်သည်မရှိ။ လုပ်ကိုင်ရသည်။ စားရတော့လဲ ထမင်းကြမ်းနှင့် ဒေါ်မြတို့ အိမ်သားများ စားသောက်ပြီးသော ဟင်းအကျန်များသာ စားရလေသည်။
ဒေါ်မြတို့က အမျိုးတောင့်သည်။ အကုန် အိမ်အောက်မှ ထွက်လာကြပြီး အိမ်ရှေ့မြေကွက်လပ်တွင် ဒူးထောက် ထိုင်လိုက်ကြသည်။ ဓါးပြများက သေနတ်ဖြင့် ချိန်ထားသည့်သူက ချိန်ထားသည်။ မောင်စိန်လဲ နောက်ဆုံးတွင် ဝင်ထိုင်လိုက်လေသည်။
“ကဲ ဒေါ်မြ ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ကျုပ်တို့ကို ငွေတွေနဲ့ စားဖို့ရိက္ခာတွေလိုချင်တယ်” ဓါးပြ ဗိုလ်ကပြောလိုက်သည်။
ဒေါ်မြကတော့ မျက်ရည် စမ်းစမ်းဖြင့်
“ရိက္ခာတွေ လိုတယ်ဆို စပါးတွေသာ ယူသွားပါ။ ငွေတွေလဲ ပေးပါ့မယ် လူကိုတော့ ချမ်းသာပေးပါ” ဒါ်မြက ပြောလိုက်လေသည်။ ထို့နောက် ချွေးခံအကျီအိတ်ထဲမှ ငါးဆယ်တန်တစ်ရွက်ကို ထုတ်လိုက်ပြီး ဓါးပြဗိုလ် လက်ထဲကို ထည့်ပေးလိုက်လေသည်။
“ဒါပဲလား” ဓါးပြဗိုလ်က ပြောလိုက်လေသည်။
“ဒါပဲယူသွားကြပါရှင် ကျွန်မတို့လဲ ခေတ်အခြေအနေမကောင်း စီးပွားရေးမကောင်း၊ အိမ်မှာလဲ စားမယ့် ပါးစပ်ပေါက်တွေက များလို့ လို့” ဒေါ်မြက ပြောလိုက်လေသည်။
“ကဲ ငါ့တပည့်တို့ ထုံးစံအတိုင်းလုပ်ရအောင်” ဓါးပြဗိုလ်က ပြောလိုက်လေသည်။ ဓါးပြများသည် အိမ်ထဲသို့ဝင်ရောက်ကာ တန်ဖိုးရှိသည့် ပစ္စည်းမှန်သမျှကို အသင့်ယူလာသော ဂုန်နီအိတ်များထဲ ထည့်လေသည်။ စပါးများကိုလဲ ဂုန်နီအိတ်ကြီးထဲ ထည့်ကြပြီး မြင်းနောက်တွင် တင်ဆောင်လိုက်ကြသည်။
“ရိက္ခာတွေက မလောက်သေးဘူးကွ” ဓါးပြဗိုလ်က ပြောလိုက်လေသည်။ သို့နှင့်စပါးများကို အိတ်များဖြင့်ထပ်ထည့်ကြလေသည်။
“ဗိုလ်ကြီး မြင်းတွေက မသယ်နိုင်တော့ဘူး” ဓါးပြတစ်ယောက်က ပြောလေသည်။ ဗိုလ်ကြီးက ဒေါ်မြဖက်လှည့်လိုက်၍
“ကျုပ်တို့ကို စပါးတွေ သယ်ဖို့ လူနှစ်ယောက်လောက် ထည့်ပေးနိုင်မလား” ဒေါ်မြကိုပြောလိုက်လေသည်။
များသောအားဖြင့် ဓါးပြများ၊ ကွန်မြူနစ်များက ပေါ်တာဆွဲသွားသောသူများကို သတ်ပစ်ခဲ့ကြတာများသည်။ အလွန်ကံကောင်းသည့်သူမှ ထွက်ပြေးလွတ်မြောက်တတ်ကြလေသည်။ ဓါးပြများသည် သူတို့ ခိုင်းလိုရာခိုင်းပြီးလျှင် ထိုသူများကို တောထဲတွင်ပင် ပစ်သတ်ခဲ့ကြလေသည်။
ယခုလဲ ဒေါ်မြဆီမှ လူနှစ်ယောက်တောင်းလေသည်။ ဒေါ်မြသည် ကြာကြာ မစဉ်းစားလိုက်ရပေ။
“မောင်စိန်နဲ့ မောင်ပိန် မင်းတို့ နှစ်ယောက် လိုက်ပို့လိုက်ကြ” ဒေါ်မြက ပြောလေသည်။ မောင်စိန်ကော မောင်ပိန်ပါ ဒေါ်မြထံတွင် ကျွန်ခံနေကြသည့် သူများဖြစ်သည်။ ထို့အတွက်ကြောင့် ဒေါ်မြက သူတို့အား သိပ်ပြီး စိုးရိမ်ပုံမပေါ်။
မောင်စိန်လဲ အလွန်ခံပြင်းသွားလေသည်။ သူ့အပေါ်တစ်ဘဝလုံး ယုတ်မာခဲ့သည်သာမက ယခုလဲ ပြန်လမ်းမရှိသည့် သေလမ်းသို့ ပို့လိုက်လေပြီ။ မောင်စိန်နှင့် မောင်ပိန်တို့ကို စပါးအိတ်ကြီးများ ထမ်းခိုင်းကာ ဓါးပြ အဖွဲ့က သေနတ်နှင့်ချိန်ပြီး ခေါ်သွားလေသည်။ ဓါးပြများက ရွာထဲမှ အေးအေးလူလူပင်ထွက်သွားကြသည်။ ရွာပြင် အတော်ကလေးလှမ်းမှ ရွာထဲတွင် မီးအိမ်အလင်းရောင်လေးများ မှိတ်တုပ် မှိတ်တုပ်လင်းလာသည်ကို မောင်စိန်တွေ့လိုက်ရလေသည်။
အလယ်ရိုးမတောင်ကြီးကို တက်လာပြီး တောင်ခါးပန်းတစ်ခုကို ရောက်လာကြသည်။ ဓါးပြဗိုလ်က မြင်းကို ရပ်လိုက်ပြီး သူတို့ နှစ်ဦးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
“ကဲ မင်းတို့ ဒီလောက်ဆိုရပြီ ပြန်တော့”
ဓါးပြဗိုလ်ကပြောလိုက်သည်။ မောင်စိန်နှင့် မောင်ပိန်လဲ စပါးထုပ်ကြီးများကို ပစ်ချလိုက်ကြသည်။ တစ်ညလုံး ထမ်းလာရသဖြင့် ခါးတွေနာနေသည်။
“ကျွန်တော် မပြန်တော့ဘူး ကျွန်တော့်ကို ဓါးပြအဖြစ်လက်ခံပေးပါ ဗိုလ်ကြီး” မောင်စိန်က ပြောလိုက်သည်။ မောင်ပိန်က မျက်လုံးပြူးသွားသည်။
“ဟား . . ဟား မင်းက ဘာလို့ ဓါးပြဖြစ်ချင်တာလဲကွ ပြောစမ်းပါဦး” ဓါးပြဗိုလ်က ရယ်ရင်းမေးလိုက်သည်။
“ဒေါ်မြဆိုတဲ့ အဖွားကြီးအိမ်မှာ ကျွန်ခံတာထက် ဒီတောထဲမှာ နေပြီး ဓါးပြလုပ်တာကမှ ပိုနေပျော်ပါဦးမယ်”
မောင်စိန်ကပြောလိုက်သည်။ ဓါးပြဗိုလ်က ရယ်မောလိုက်ပြီး
“မင်းကို ငါ ဓါးပြအဖြစ် လက်မခံဘူးဆိုရင်ကော” ဓါးပြဗိုလ်က မေးလိုက်သည်။
“ဒါဆိုလဲ ကျွန်တော့်ကို ဒီနေရမှာပဲ ပစ်သတ်လိုက်ပါတော့၊ ကျွန်တော် ဝဋ်ကျွတ်သွားတာပေါ့” မောင်စိန်ကပြောရင်း ရင်ကော့ပေးလိုက်သည်။
“ဟား . . ဟား ကောင်းပြီကောင်လေး မင်းဆန္ဒကို ငါဖြည့်ပေးရတာပေါ့”
ဓါးပြဗိုလ်က ပြောဆိုလိုက်ပြီး ခါးကြားမှ ခြောက်လုံးပြုးသေနတ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် မောင်စိန်ကို ချိန်လိုက်လေသည်။ မောင်စိန်ကလဲ တခြားမစဉ်းစားတော့ပဲ မျက်လုံးကိုသာ တင်းတင်းမှိတ်ထားလိုက်လေသည်။
“ဒိုင်း”
သေနတ်သံတစ်ချက်က တောင်ကြောပေါ်တွင် ပဲ့တင်ထပ်သွားလေသည်။
မောင်စိန်က မှိတ်ထားသော မျက်လုံးများကို ဖွင့်မကြည့်ရဲသေးပေ။ သူ့ကိုယ်ပေါ်တွင် နာကျင်မှု ဝေဒနာကို လိုက်ရှာနေသည်။ ထို့နောက် အတန်ကြာမှ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးကို စမ်းကြည့်လိုက်သည်။
“ငါ ဘာမှ မဖြစ်ဘူးပဲ” မောင်စိန်က ရေရွတ်လိုက်လေသည်။
“တော်တယ်ကောင်လေး၊ မင်းစမ်းသပ်တာအောင်မြင်သွားပြီ မင်းလိုသတ္တိရှိတဲ့လူကို တို့ဓါးပြအဖွဲ့က ကြိုဆိုပါတယ်” ဓါးပြဗိုလ်ကပြောလိုက်သည်။ ထို့နောက် မောင်ပိန်ဘက်ကို ကြည့်လိုက်လေသည်။
“မင်းကော မပြန်သေးဘူးလား၊ ငါစိတ်ကောင်းဝင်နေတုန်း ပြန်ခိုင်းတာနော်” ဓါးပြဗိုလ်က မောင်ပိန်ကိုကြည့်ပြီးပြောလိုက်သည်။ မောင်ပိန်ကလဲ ကြောင်နေရာမှ သတိဝင်၍ ခေါင်းကိုညိတ်လိုက်သည်။ ထို့နောက် ထိုနေရာမှ တစ်ဟုန်ထိုးပြေးထွက်လိုက်လေသည်။
ဓါးပြဗိုလ်က မောင်ပိန်၏ နောက်ကျောကို ကြည့်နေရင်း ရေရွတ်နေလေသည်။
“တစ် . . . နှစ်. . . .သုံး”
ထို့နောက် မောင်ပိန်အား သေနတ်ဖြင့် ပစ်ခတ်လိုက်လေသည်။
“ဒိုင်း”
သေနတ်သံတစ်ချက် ဟိန်းထွက်သွားသည်။ မောင်ပိန်မှာ အရှေ့သို့ ပစ်လဲသွားလေသည်။ သူ၏ ကျောကို ကျည်ဆံဖောက်ဝင်သွားပြီး ရင်ဖက်တွင် ကျည်ပွင့်ထွက်နေပြီး ကလီစာများက ဖွာလန်ကျဲသွားသည်။ မောင်ပိန်သည် ချက်ခြင်းတော့ မသေသေးပေ။ လူးလွန့်နေလေသည်။
“ငါပြောသားပဲ ငါစိတ်ကောင်းဝင်နေတဲ့အချိန်ပြေးပါဆို . . . ဟား . . .ဟား”
ဓါးပြဗိုလ်ကပြောရင်းဖြင့် သေနတ်ကို ခါးကြားပြန်ထိုးလိုက်သည်။ ထို့နောက် မောင်စိန်လဲ စပါးအိတ်ကြီးထမ်းကာ ဓါးပြများနှင့်အတူ တောထဲသို့ ဆက်လိုက်ခဲ့လေသည်။
တောင်စွယ်ကြီးတစ်ခုကို ကျော်ဖြတ်ပြီးသည့်အချိန်တွင် လျှိုကြီးတစ်ခုကို တွေ့လေသည်။ လျှိုထဲတွင် မြေပြန့်ပြီး ဝါးရုံပင်များက ထူထပ်နေသည်။ အနီးရောက်သောအခါ ထိုဝါးရုံပင်များကြားတွင် ဝါးအိမ်လေးများ ထိုးထားသည်ကို တွေ့ရသည်။ ထိုနေရာသည် ဓါးပြများ စခန်းချရာ စခန်းဖြစ်သည်။ ဓါးပြ ဆယ်ယောက်ခန့်က စခန်းထဲမှ ပြေးထွက်လာကာ ကြိုဆိုကြသည်။ မြင်းများကို ဆွဲခေါ်သွားပြီး မြင်းဇောင်းထဲသို့ ပို့လိုက်ကြသည်။
(၂)
ညရောက်ပြီ။ တဲအိမ်လေးများရှေ့ မြေကွက်လပ်ကြီးတွင် မီပုံကြီးများကို ဟီးနေအောင် ဖိုထားလေသည်။ ထို့နောက်မြေပြင်တွင် ငှက်ပျောဖက်များကို ခင်းလိုက်ကြသည်။ မြေအိုးများဖြင့် ချက်လုပ်ထားသော ထမင်းများကို ထိုငှက်ပျောရွက်များပေါ်တွင် တစ်ပုံချင်းစီ ပုံလိုက်ကြသည်။ ထို့နောက် ဆားများကို လက်ဖြင့်ခပ်ကာ ထမင်းပေါ်ဖြူးလိုက်ကြသည်။ ထို့နောက် ဟင်းရွက်ပြုတ်များကို လိုက်ပြီးထမင်းပုံများဘေးတွင် ပုံပေးလိုက်ကြသည်။ ဗိုလ်ကြီးက ထမင်းစားနိုင်ပြီလို့ ပြောလိုက်သည်နှင့် ဓါးပြများသည် ထမင်းပုံများရှေ့ထိုင်ကာ အလုအယက်စားသောက်ကြလေတော့သည်။
ယခု ထမင်းတစ်နပ်သည် မောင်စိန်ဘဝတွင် စားခဲ့ရသမျှ ထမင်းများအနက် အဆိုးဆုံးဖြစ်သည်။ ဆန်မှာလဲ ပြောင်စင်အောင် မဖွပ်ထားသဖြင့် စားရတာ မာပြီး ကြမ်းထော်နေလေသည်။ ဟင်းရွက်ပြုတ်များမှာလဲ ဘာဟင်းရွက်တွေ ပြုတ်ထားသလဲမသိပေ။ ပြီးနောက် ထမင်းကို ဆားဖြင့်သာ ကြိတ်မှိတ်ပြီး စားရသည်။ အနားတွင်ရှိသော ရေအိုးမှ ဝါးဆစ်ဗူးဖြင့် ရေသောက်ပြီး မျောချရလေသည်။ ဓါးပြဗိုလ်ကြီးကတော့ သူတို့နှင့် အတူတူမစား။ တဲတစ်ခုအတွင်းဝယ် ဒေါင်းလန်းအဟောင်းတစ်ခုဖြင့် ထမင်းပို့ပေးရလေသည်။
“ထမင်းကလဲ စားမကောင်းလိုက်တာ၊ ဒေါ်မြအိမ်က စားကြွင်းစားကျန်ကတောင် ဒီထက်ကောင်းသေး” မောင်စိန်က ညည်းညူလိုက်လေသည်။
ညအိပ်သောအခါ အတန်းလိုက်ကြီးဆောက်ထားသည့် ဝါးတဲကြီးတွင် စုပြုံပြီး အိပ်ကြလေသည်။ အဝတ် တစ်ထည် ကိုယ်တစ်ခုနှင့် မောင်စိန်မှာတော့ သူဝတ်ထားသည့် ပုဆိုးစုတ်ကလေးကို ခြုံပြီး အိပ်ရလေသည်။
မိုးလင်းပြီ။
မောင်စိန်တို့ ဓါးပြတွေ ထိုနေ့က အလုပ်မရှိ၊ ဓါးပြအချို့ကတော့ ညက တိုက်၍ရလာသည့် ရွှေတိုငွေစများ ပစ္စည်းများကို သွားရောက် ထုခွဲရောင်းချကြပြီး လိုအပ်သည့် လက်နက်ခဲယမ်းများနှင့် အရက်များဝယ်လာကြမည်ဖြစ်သည်။ မောင်စိန်လဲ အနီးအနားရှိ စမ်းချောင်းလေးနှင့် ရေတံခွန်ငယ်လေးတွင ်ရေချိုးလိုက်လေသည်။ ဝတ်စရာအဝတ်အစားအပိုမပါသဖြင့် ကိုယ်တုံးလုံးချိုးရလေသည်။ ပြီးမှ အဝတ်အစားများပြန်ဝတ်ရသည်။
ရေတံခွန်ကပြန်လာပြီး ဝါးရုံအောက်တွင် ထိုင်နေသည်။ ထိုစဉ် ဓါးပြဗိုလ်ကြီးသည် သူ့ဆီ လမ်းလျှောက်လာလေသည်။
“ဘယ်လိုလဲ ကောင်လေး ညက အဆင်ပြေရဲ့လား”
“ပြေပါတယ်ဗျာ တစ်ခုပဲရှိတယ် စားရတာအဆင်မပြေဘူးဗျ” မောင်စိန်က ပြောလိုက်လေသည်။
“ဘယ်လို အဆင်မပြေတာလဲ”
“ဒီမှာ ဟင်းချက် ထမင်းချက်တာ ဘယ်သူချက်တာလဲ” မောင်စိန်က မေးလိုက်သည်။
“ဒီလိုပဲ စခန်းမှာရှိတဲ့သူချက်တာပေါ့ကွာ”
“ဒါဆို ကျွန်တော် ချက်ပေးရမလား၊ ကျွန်တော်က ရွာမှာ အိုးသူကြီးအကူလုပ်ဖူးတယ်” မောင်စိန်ကပြောလိုက်လေသည်။ ဓါးပြဗိုလ်လဲ မျက်လုံးများ အရောင်လက်သွားလေသည်။
“ကောင်းတာပေါ့ ဒါပေမယ့် မင်းအရည်အချင်းကို စမ်းသပ်ရမယ်”
မောင်စိန်က ခေါင်းညိတ်လိုက်လေသည်။
“ဘသော်ရေလာဟေ့ ဒီကောင်လေးကို ထမင်းဟင်းချက်တဲ့နေရာ ခေါ်သွားပြလိုက်” ဘသော် ဆိုသူကပြေးလာသည်။
“နေပါဦးကောင်လေး ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်သလဲ”
“ကျွန်တော့် နာမည် မောင်စိန်ပါ”
“အေး ငါ့နာမည်မှတ်ထား ငါ့နာမည်က ငထွားတဲ့”
မောင်စိန်လဲ ခေါင်းညိတ်လိုက်လေသည်။ ငထွားမှာနာမည်အတိုင်း အသားမဲမဲ ထွားထွားကြိုင်းကြိုင်းနှင့်ဖြစ်သည်။ မျက်နှာတွင် ကျောက်ပေါက်မာတွေများပြီး ဗြုပ်ထနေလေသည်။ မှုတ်ဆိတ်မွှေးတွေနှင့် ပါးသိုင်းမွှေးတွေက ထူလဗြစ်။
မောင်စိန်လဲ ထမင်းချက်ရန်ပြင်လေသည်။ စပါးများကို ဓါးပြ နှစ်ယောက်အား ဘသော်က ဖွပ်ခိုင်းလေသည်။ ထို့နောက် မောင်စိန်ကလဲ ထမင်းအိုးတည်လိုက်သည်။ ထမင်းအိုးမှာ မြေအိုးများဖြစ်သောကြောင့် မြေအိုးများကို ထင်းမီးနှင့် တန်းစီပြီး တည်လိုက်လေသည်။ ထို့နောက် ထမင်းများကို ရေခမ်းချက်လိုက်လေသည်။ ထမင်းချက်ပြီးသော် ဟင်းက မရှိပေ။ ဘသော်က ဓါးပြ သုံးယောက်ကို ဟင်းစားရှာလာခိုင်းသည်။ ယုန်တစ်ကောင်နှင့် ဘာရွက်တွေမှန်းမသိ၊ တွေ့တာတွေ ခူးလာလေသည်။ မောင်စိန် အလွန်စိတ်ပျက်သွားလေသည်။
“နေပါဦး ယုန်က တစ်ကောင်ထဲလား” မောင်စိန်က မေးလိုက်လေသည်။
“အဲဒီယုန်က ဓါးပြဗိုလ် ငထွားအတွက်ကွ၊ သူက ထမင်းစားရင် အသားမပါရင် ဘယ်တော့မှမစားဘူး၊ အေး အသားမပါပဲ ထမင်းစားရတဲ့ရက်ဆို အဲ့ရက် ထမင်းချက်တဲ့လူကို သေနတ်နဲ့ ပစ်သတ်လိုက်တာပဲ” ဘသော် က ပြောလိုက်လေသည်။ မောင်စိန်က တံထွေးကို ဂလုကနဲ မြိုချလိုက်သည်။
“ငါကလဲ နည်းနည်းပါးပါး ချက်တတ်ပြုတ်တတ်တော့ အခုလောလောဆယ် ချက်ပြုတ်ရေး တာဝန်ခံက ငါပဲဖြစ်နေတာပေါ့” ဘသော်က ပြောသည်။ ရှေးက မြန်မာ အမျိုးသားများမှာ ထမင်းဟင်း မချက်ပြုတ်တတ်ကြပေ။ အနည်းအကျဉ်းသာ ချက်ပြုတ်တတ်ကြသည်။ မောင်စိန်မှာ ရွာမှ သာရေး၊ နာရေးများတွင် ဝိုင်းဝန်းကူညီပေးဖူးသဖြင့် ချက်တတ်ခြင်းဖြစ်သည်။
ထမင်းကျက်တော့ ယုန်ကို ဘသော်က ကင်နေလေသည်။ မောင်စိန်ကတော့ ဓါးပြတစ်ယောက်ခေါ်ကာ တောထဲ ဟင်းစားရှာထွက်ခဲ့လေသည်။ ဝါးရုံပင်များရောက်သော် မျှစ်များကိုတွေ့သဖြင့် မျှစ်နုလေးများကို အတူ ဖြတ်ကြလေသည်။ စခန်းရောက်တော့ ထိုမျှစ်နုလေးများကို အတုံးလေးများတုံးပြီး အိုးထဲထည့်ပြီး ရေလုံပြုတ်ကာ ဆားများခတ်လိုက်လေသည်။ ထိုနေ့လည်စာကတော့ တစ်မျိုးစားကောင်းနေသည်။ ဓါးပြဗိုလ်ကလဲ သဘောကျနေသည်။
“ကောင်းတယ်ကွာ ငါတို့လဲ တစ်ခါလာ အရွက်ပြုတ်တွေနဲ့ပဲစားနေရတာ” ဓါးပြဗိုလ် ငထွားက ပြောလေသည်။
သို့ဖြင့်ထမင်းချက်ပြုတ်ရေး တာဝန်မှာ ဘသော်ရယ်၊ မောင်စိန်ရယ်အပေါ် အလိုလိုရောက်လာခဲ့လေသည်။
နောက်တစ်ရက်တွင် ဓါးပြတိုက်ရန် အစီအစဉ်ရှိလေသည်။ ကသစ်ဝိုင်းရွာသို့ ဓါးပြတိုက်ကြမည်ဖြစ်သည်။ ငထွားကတော့ မောင်စိန်ကို မလိုက်ခိုင်းပေ၊ သို့သော် မောင်စိန်ကလဲ လိုက်ချင်နေသည်။။ ထို့ကြောင့် မောင်စိန်ကို မြင်းတစ်ကောင်ပေးကာညနေတွင် ဓါးပြတိုက်ထွက်ခဲ့ကြလေသည်။ ထုံးစံအတိုင်းပင်၊ ဓါးပြအဖွဲ့မှ သတင်းပေးက ပေးထားသော သတင်းအရ အတန်ငယ် ချမ်းသာသော အိမ်တစ်အိမ်ကို တိုက်ကြလေသည်။ အိမ်တွင်းရှိ အဖိုးတန် ပစ္စည်းများအား ယူကြလေသည်။ မောင်စိန်ကတော့ ဂုန်နီအိတ်ကိုင်ကာ အိမ်နောက်ဖေးမီးဖိုသို့ဝင်ခဲ့ပြီး ဟင်းချက်စရာ ပစ္စည်းများကို ယူလေသည်။
စခန်းရောက်တော့ တိုက်ရာပါပစ္စည်းများကို စုပုံ၍ ဝေခွဲကြလေသည်။ ထိုအချိန်တွင် မောင်စိန်မှာ ကြက်သွန်ဖြူများ၊ ကြက်သွန်နီများ၊ ငရုတ်သီးများသာ ပါလေသည်။ ဓါးပြများအားလုံးက ရယ်မောကြလေသည်။ မောင်စိန်ကတော့ မျက်နှာလေးအောက်ချထားလေသည်။
နောက်နေ့တွင် ထုံးစံအတိုင်း ချက်ပြုတ်ရလေသည်။ ဟင်းအတွက် တောဝက်တစ်ကောင် ပစ်ခတ်ရလေသည်။ တောဝက်မှာသေးငယ်သောကြောင့် ဓါးပြဗိုလ်အတွက် ထားလိုက်ရလေသည်။ မောင်စိန်က ဝက်သားကို ကြက်သွန် ငရုတ်သီးထောင်းကာ ဝက်ဆီဖြင့်ပင် ဆီပြန်လေးချက်လိုက်သည်။ တောဝက်မှာ အဆီနည်းသော်လဲ ချက်၍ ရ၍ တော်သေးသည်။ ထို့နောက် မျှစ်နှင့်ချဉ်ဟင်းတစ်ခွက်ချက်သည်။ ထမင်းစားတော့ ငထွား၏ တဲလေးထဲသို့ ဒေါင်းလန်းလေးကိုင်ပြီး ဝင်ခဲ့လေသည်။
ငထွားမှာ ဒေါင်းလန်းထဲမှ ထမင်းများကို ခေါင်းမဖော်တမ်း အားရပါးရစားလေသည်။
“ကောင်းလိုက်တာကွာ ငါ့မှာ တစ်ခါလာလဲ အသားကင်၊ အသားခြောက်၊ အသားမီးဖုတ်ကြီးဘဲ စားနေရတာများတယ်” ငထွားက လက်ကို မဆေးပဲ လျှက်နေသေးသည်။
“မောင်စိန် မင်းတော်တယ်၊ မင်းကို ဝေစုများများပေးမယ်၊ ငါ့ကို အခုလိုပဲ ချက်ကျွေးစမ်းပါ” ငထွား၏ စားတော်ကဲ ဘဝသို့ မောင်စိန်ရောက်လာပြီဖြစ်သည်။
နောက်ပိုင်း ဓါးပြတိုက်ရာပါ ပစ္စည်းများ ထုခွဲသည့်အခါ နီးစပ်ရာ မြို့များသို့ မောင်စိန်လဲ လိုက်ပါရလေသည်။ ထို့နောက် ဟင်းချက်စရာများ၊ အမွှေးအကြိုင်များ၊ ဆီများ ငပိများ ဝယ်ယူရလေသည်။ မောင်စိန်မှာ နောက်ပိုင်းတွင် ဓါးပြစခန်းတစ်ခုလုံး ချက်ကျွေးစရာမလိုတော့ ငထွားကိုသာ ပင်တိုက်ချက်ကျွေးရလေသည်။
ထိုနေ့က ဖြစ်ချင်တော့ ကံဆိုးမည့်နေ့။
ဓါးပြများ တောလိုက်သွားရာတွင် ဘာအသားမှ မရခဲ့ပေ။ မောင်စိန် ပြဿနာတက်ပြီ။ အသားဟင်းမပါလျှင် ငထွားက ဟင်းချက်သည့်သူကို သတ်ကြောင်း ဘသော်က တစ်ခါပြောဖူးသည်။ မောင်စိန်ကြံရာမရဖြစ်လာသည်။ ထမင်းစားချိန်က ရောက်တော့မည်။ ဒါနဲ့ ဓါးပြတစ်ယောက်ကို ခေါ်ပြီး တောထဲထပ်ဝင်ခဲ့သည်။ တောထဲမှာ တစ်နာရီခန့်ကြာနေပြီဖြစ်သည်။ အသားမပြောနှင့် ဖွတ်၊ ပုတက် နှင့် ငှက်တောင် တစ်ကောင်မှ မတွေ့ရ။ မောင်စိန် အကြံအိုက်နေပြီ။ မကြာမီ အကြံတစ်ခုရလိုက်သည်။ သို့သော် ထိုအကြံကို အကောင်အထည်ဖော်ရန် လက်တွန့်နေသည်။
မောင်စိန်နှင့် အတူပါလာသည့် ဓါးပြမှာ ကြိုးစားပြီး တောင်ပို့တစ်လုံးကို ရှာကြည့်နေသည်။ မိုးကလဲ သည်းနေသည်။ ထိုစဉ်မောင်စိန်က လက်ထဲမှ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်နေသော ဓါးပြအား အသာချဉ်းကပ်သွားသည်။ ပြီးနောက် ဓါးဖြင့် ထိုဓါးပြ၏ ဇက်ပိုးကို အားကုန်ခုတ်ချလိုက်လေတော့သည်။
“လုပ်ကြပါဦး ဓါးပြတစ်ယောက် ချောက်ထဲခြေချော်ကျသွားလို့” မောင်စိန်က အော်ပြီး စခန်းထဲပြေးဝင်လာသည်။
“ဘယ်သူလဲကွ” ဘသော်က မေးလိုက်သည်။
“ကျွန်တော်နဲ့ အတူဟင်းစားလိုက်ရှာတဲ့ တစ်ယောက်လေ”
“အော် ဒါဆို မောင်ခွေးဖြစ်မယ်၊ လာတို့တွေ သွားရှာကြစို့” ဓါးပြ များစခန်းထဲမှ ထွက်သွားကြသည်။
မောင်စိန်ကတော့ ပုဆိုးနှင့်ကွယ်ဝှက်ယူလာခဲ့သည့် လူလက်ပြတ်ကြီးကို ထုတ်လိုက်သည်။ လက်မောင်းသားများကို ထွင်ပြီး ချက်ပြုတ်လိုက်သည်။
“ထမင်း မကျက်သေးဘူးလားကွ ဟေ” ငထွားက ဟင်းချက်သည့် တဲထဲသို့ ဝင်လာလေသည်။ မောင်စိန်ကလဲ တုန်ယင်နေသည်။
“ဟုတ် ပြီးတော့မှာပါ ဗိုလ်ကြီးအတွက် အကောင်းဆုံး ချက်ပြုတ်ပေးနေလို့ နဲနဲကြာနေတာပါ” မောင်စိန်ကပြောလိုက်သည်။
“အင်းလေ လက်ဖက်ကောင်းစားချင်ရင်တော့ ပလောင်တောင်တက်နှေးရမှာပေါ့ မဟုတ်ဖူးလား” ငထွားကပြောပြီး သူ့တဲကို ပြန်သွားလေသည်။
မကြာမီ မောင်စိန်လဲ ဒေါင်းလန်းလေးကိုင်ပြီး ငထွားတဲထဲသို့ပြေးသွားလေသည်။
“ဟာ ဒီနေ့ဟင်းက သိပ်မွှေးပါလား ဘာသားတုန်းဟ”
“ဟို . . ဟိုလေ ယုန် . .ယုန်သားပါ” ပြောရင်းဆိုရင်း ငထွားက စားလေသည်။
“အားပါးပါး စားလို့ကောင်းလိုက်တာ အသားက နူးပြီးအိနေတာပဲ၊ ငါယုန်သားစားဖူးတာပဲ ဒါပေမယ့် ဒီလိုယုန်သားမျိုး တစ်ခါမှ မစားဖူးဘူးကွာ” ငထွားကပြောရင်းဆိုရင်း ပလုပ်ပလောင်းနှင့် စားသောက်နေလေသည်။
“ဟို . . ဟို အဲဒါကလဲ ယုန်သားထက်အမွှေးအကြိုင်တွေ ကောင်းလို့နေမှာပါ” မောင်စိန်ကပြောလိုက်လေသည်။
ပြီးနောက် စားပြီးသား ဒေါင်းလန်းလေးကို ကိုင်ပြီး တဲအပြင်ထွက်ခဲ့လေသည်။ တဲအပြင်တွင် ဘသော်က စောင့်နေလေသည်။
“တော်ပါသေးရဲ့ ငါကမင်းကို သတ်လိုက်ပြီလို့တောင်ထင်နေတာ” ဘသော်ကပြောလေသည်။
“ဘယ်ကလာ သတ်ရမှာလဲ ဘသော်ရဲ့”
“မဟုတ်ဖူးလေ ဒီနေ့ဘာအသားမှ မရတာ”
“မဟုတ်ဘူး ကျွန်တော် တောထဲနောက်တစ်ခါသွားတော့ ယုန်တစ်ကောင်ဖမ်းမိလို့” ဘသော်က ဘာမှမပြောပဲ မောင်စိန်ကို ကြည့်နေသည်။
“ဒါနဲ့ မောင်စိန်ရေ မောင်ခွေးအလောင်းကိုလဲ ရှာမတွေ့ဘူး” ဘသော်ကပြောလေသည်။
“ချောက်ထဲကျသွားတာဆိုတော့ ချောက်အောက်ဆင်းရှာမှ ရမှာပေါ့ဗျာ” မောင်စိန်က ပြောရင်း လှည့်ထွက်သွားလေသည်။
ထိုညက မောင်စိန် အိပ်မက်ဆိုးတွေမက်သည်။ အိပ်မက်ထဲတွင် မောင်ခွေးက သူ့ကို ဓါးနဲ့ ခုတ်သတ်ပြီး အပိုင်းပိုင်းလှီးဖြတ်နေသည်။ ထို့နောက် သူ့အသားတွေကို ဟင်းချက်ပြီး ငထွားနှင့် စခန်းမှ ဓါးပြများက မြိန်ရေရှက်ရည် စားသောက်နေကြလေသည်။
(၃)
နောက်တစ်နေ့။
ထိုနေ့က ရစ်များဖမ်းမိလေသည်။ မောင်စိန်လဲ ရစ်များကို ချက်ပြုတ်ပေးလိုက်လေသည်။ သို့သော် ထမင်းဝိုင်းတွင် ငထွားက စားမကောင်းဟုပြောသည်။
“မနေ့ကလို ယုန်သားလေးစားချင်လိုက်တာကွာ၊ ငါ့ကို အဲ့ယုန်သား နေ့တိုင်းချက်ကျွေးပါ” ငထွားကပြောလေသည်။
“ဟုတ် ဟုတ်ကဲ့ ဗိုလ် . . ဗိုလ်ကြီး”
ညနေစောင်းတော့မည်။ မောင်စိန်က အခြေအနေကြည့်ပြီး တောထဲပြေးဝင်ခဲ့သည်။ ထို့နောက် သူမှတ်သားထားသည့် တောင်ပို့အောက်ခြေကို တူးထုတ်လိုက်သည်။ ရွှံ့မြေများဖြစ်သည်က တစ်ကြောင်း၊ မနေ့က မိုးများရွာပြီး မြေပျော့နေသည်က တစ်ကြောင်းမို့ အသာလေး မောင်ခွေး၏ အလောင်းကို တူးဖော်ရရှိလေသည်။ မောင်စိန်သည် အလောင်း၏ လက်တစ်ဖက်အား ထပ်ပြီးဖြတ်လိုက်သည်။ ထို့နောက် အနီးရှိဝါးပင်မှ အဖတ်များဖြင့် ထုတ်ပိုးလိုက်သည်။ ထို့နောက်အလောင်းကို တောင်ပို့အောက်ခြေတွင် ပြန်မြှုပ်လိုက်ပြီး စခန်းသို့ ပြန်လာခဲ့လေသည်။
စခန်းအတွင်း ထမင်းချက်သည့်တဲတွင် ဘသော်ရှိနေသည်။
“မောင်စိန် မင်းဘာတွေ ယူလာတာလဲ”
“ဟို ဟို မျှစ်တွေချိုးလာတာပါ” မောင်စိန်က တုန်တုန်ယင်ယင်ပြန်ဖြေလေသည်။
ထို့နောက်ထမင်းဟင်းချက်သည့်တဲထဲတွင် မောင်စိန်အလုပ်များနေသည်။ ဘသော်ကလဲ မောင်စိန်နားတွင် ရစ်သီရစ်သီလုပ်နေသည်။ ညစာစားချိန်ရောက်တော့ မောင်စိန်က ဒေါင်းလန်းလေးကိုင်ပြိး ငထွား၏ တဲထဲသို့ ဝင်ခဲ့သည်။ ထို့နောက် ဘသော်ကပါတဲထဲလိုက်ဝင်လာလေသည်။
“ဘယ်လိုလဲ ငါမှာတဲ့ ယုန်သားရရဲ့လား” ငထွားက မေးလိုက်သည်။ မောင်စိန်က ခေါင်းညိတ်ပြလိုက်သည်။
“ငထွားက ထမင်းကို အားရပါးရစားသောက်နေသည်။ ဘသော်ကလဲ ဘေးနားမှာနေ၍ အရိပ်အကဲကြည့်နေလေသည်။
“မောင်စိန် . . မင်းချိုးလာတဲ့ မျှစ်တွေ မပါပါလား” ဘသော်က မေးလိုက်သည်။ မောင်စိန်မျက်နှာပျက်သွားလေသည်။
“ဟို ဟို မျှစ်တွေကလေ ခါးနေလို့ပါ” မောင်စိန် ကပြောလိုက်သည်။
ငထွားထမင်းစားပြိးတော့ မောင်စိန်နှင့် ဘသော်က တဲထဲမှပြန်ထွက်လာကြသည်။ ထို့နောက် ထမင်းဟင်းချက်သည့် တဲလေးအတွင်းကို ဝင်လိုက်ကြသည်။ ပတ်ဝန်းကျင်က မှောင်မဲနေသည်။ ဓါးပြများက အနားယူနေပြီဖြစ်သည်။
“မောင်စိန် မင်းငါ့ကို မှန်မှန်ပြောစမ်း မင်းဘာသားတွေ ချက်တာလဲ” ဘသော်ကမေးလိုက်လေသည်။ မောင်စိန်ပူထူသွားသည်။
“ကို . . . ကိုဘသော်ကလဲ ကျွန်တော်ချက်တာ ယုန်သားပါ” မောင်စိန်ကပြန်ပြောလိုက်လေသည်။ ဘသော်က ခေါင်းကို တွင်တွင်ခါလိုက်သည်။
“မဟုတ်ဘူး မောင်စိန်၊ မင်းသူများကို ပဲ ညာချင်ညာလို့ရမယ် ငါ့ကိုတော့ ညာလို့မရဘူး၊ ငါသိသလောက်ကတော့ ဒီနေ့ ယုန်သားမရဘူးနော်” ဘသော်က ပြောလိုက်သည်။
“ပြီးတော့ မောင်ခွေးပျောက်တာကလဲ ထူးဆန်းနေတယ်။ အဲဒီချောက်က ပြုတ်ကျဖို့မလွယ်ဘူးကွ၊ တစ်ယောက်ယောက်တွန်းချမှ ဒါမှမဟုတ် မူးနေတဲ့လူမှပဲ ပြုတ်ကျမယ်”
မောင်စိန်က ပြာယာခတ်သွားသည်။ ထို့နောက်
“ကိုဘသော်ကြီး ဘယ်သူကိုမှ မပြောပြနဲ့နော်” ဟုအစချီကာ ဖြစ်သမျှ အကြောင်းတွေကို ပြောပြလိုက်သည်။
ဘသော်မျက်လုံးပြူးသွားသည်။
“မင်းကွာ . . ကိုယ်လူအချင်းချင်းကို လုပ်ရက်တယ်၊ ဒီကိစ္စဗိုလ်ကြီးသိရင် မင်းကိုဘာလုပ်မယ်ထင်လဲ”
“ကိုဘသော်ဗျာ ကျေးဇူးပြုပြီး ဗိုလ်ကြီးကို မပြောပါနဲ့၊ ဗိုလ်ကြိးသိသွားရင် ကျုပ်သေမှာ၊ ကျုပ်လဲ သေမှာကြောက်လို့ သွေးရူးသွေးတန်းနဲ့ လုပ်မိတာပါဗျာ၊ တမင်ရည်ရွယ်တာ မဟုတ်ပါဘူး။” မောင်စိန်က ပြောလိုက်လေသည်။
“အေးကွာ ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီပဲ ငါလဲ ဘယ်သူ့ကိုမှ မပြောပါဘူး၊ ဒါပေမယ့် မင်းနှုတ်ပိတ်ခတော့ ပေးရမယ်”
“ဘယ်လောက်လဲ”
“မင်းရတဲ့ ဝေစု တစ်ဝက်ကို ငါ့ကိုပေးကွာ” မောင်စိန်ခက်ပြီ၊ သို့ပင်မယ့် အသက်ထက်ငွေကြေးက တန်ဖိုးမကြီးသောကြောင့် ခေါင်းညိတ်လိုက်လေသည်။
ဓါးပြတိုက်ပြီးသောအခါ တိုက်ရာပါပစ္စည်းများကို စုပုံလေသည်။ ထို့နောက် အညီအမျှ အပုံတွေခွဲလိုက်သည်။ ဗိုလ်ကြီးက သုံးပုံယူသည်။ ကျန်သည့်အပုံတွေကတော့ တစ်ယောက်တစ်ပုံယူကြရသည်။ သူတို့ ဓါးပြတိုက်ပြီး ဝေစုခွဲသည့်အခါ ဘယ်တော့မှ ကတောက်ကဆ မဖြစ်ကြပေ။
နောက်တစ်နေ့ရောက်သောအခါ ဟင်းစားရှာရန် မောင်စိန်နှင့် ဘသော် အတူတူ သွားကြလေသည်။ တောထဲရောက်တော့ ဝါးရုံပင်ရိပ်အောက်ရှိ တောင်ပို့ကြီးတစ်ခု၏ အောက်ခြေကို မောင်စိန်က တူးလိုက်သည်။ အထဲတွင် မောင်ခွေးအလောင်းကြီးထွက်လာလေသည်။ မောင်ခွေးမှာ ရုပ်မပျက်သေးပေ။ ဝါးရုံပင်အရိပ်နှင့် ခြတောင်ပို့က အေးနေသဖြင့် အထားခံခြင်းဖြစ်ပေမယ်။
“မင်းကွာ ငါရွံလိုက်တာဝေါ့”
ဘသော်က ပြောပြီး အန်နေသည်။ မောင်စိန်က အချိန်မဆွဲတော့ပဲ ပေါင်သားများကို ဖြတ်ထုတ်လိုက်သည်။ ထို့နောက် ဖက်များဖြင့် ပတ်ကာ စခန်းသို့ ပြန်ယူခဲ့ကြလေသည်။
“ဒီနေ့ အရမ်းစားလို့ကောင်းတယ်ကွာ ဘာသားတုန်းကွ၊ အသားတွေကလဲ ကြီးတယ်” ငထွားကပြောလိုက်လေသည်။
“ဂျီ . . ဂျီငယ်ရဲ့ အသားပါ” မောင်စိန်က ထင်ရာလျှောက်ပြောလိုက်လေသည်။
“စားလို့ကောင်းလိုက်တာကွာ ညနေစာဖယ်ထားတာရှိသေးလား ရှိသေးရင် ငါ့ကိုကျွေးပါဦး” မောင်စိန်ခေါင်းကုတ်လိုက်သည်။
ထိုနေ့လည်က ငထွားစားလိုက်သဖြင့် မောင်စိန်ယူလာသော မောင်ခွေး၏ ပေါင်ကြီးမှာအကုန်ကုန်သွားလေသည်။ ညနေရောက်တော့ ဘသော်နဲ့ အတူတူ နောက်တစ်ပေါင်သွားပြီး ထပ်ဖြတ်ကြလေသည်။
နှစ်ရက်ခန့်ကြာသောအခါ မောင်ခွေးမှာ အသားများကုန်သွားလေသည်။ ကလီစာတွေကလဲ ပုတ်ပွနေပြီဖြစ်၍ စားမရတော့။ မောင်စိန်နှင့် ဘသော် ခေါင်းချင်းဆိုင်လိုက်ကြသည်။
“ကိုဘသော် အသားတွေကုန်ပြီ ဘယ်လိုလုပ်ကြမလဲ” ဘသော်က အနည်းငယ်စဉ်းစားလိုက်သည်။
“ဟုတ်ပြီ အကြံရပြီ၊ မနက်ဖြန် ဓါးပြတိုက်ဖို့ရှိတယ်မလား၊ ရွာက လူတစ်ယောက်ကို ခေါ်လာကြမယ်၊ ဗိုလ်ကြီးက သူ့ကို သတ်ပစ်မှာပဲ။ အဲလိုသတ်ပစ်ပြီးရင် ငါတို့က အဲ့လူအလောင်းကို သွားပြန်ယူမယ် ဘယ့်နှယ့်လဲ” ဘသော်က ပြောလိုက်သည်။ မောင်စိန်လဲ သဘောတူလိုက်သည်။ ထိုနေ့အတွက်ကတော့ မောင်ခွေးအလောင်းမှ ကျန်သည့်အသားများကို ခြစ်ပြီးယူခဲ့ရလေသည်။
ထိုနေ့ည ဗူးတောင်းရွာသို့ ဓါးပြသွားတိုက်ကြလေသည်။ ထုံးစံအတိုင်း ရွာမှ လူတစ်ယောက်ကို ခေါ်လာခဲ့သည်။ သေမှာသိသဖြင့် ရွာက အဖိုးကြီးတစ်ယောက်သာ လိုက်လာလေသည်။ အဖိုးကြီးလိုက်လာသည်ကို မောင်စိန်နှင့် ဘသော်တို့က သဘောမတွေ့။ အဖိုးကြီးမှာ အသားနည်းပြီး အလွန်ပိန်လှီနေသည်။ ဒီလိုနှင့် အဖိုးကြီးကို ရိက္ခာထုပ် ထမ်းခိုင်းပြီး တောင်စောင်းတစ်နေရာသို့ရောက်လာလေသည်။ ငထွားက မြင်းကို ရပ်လိုက်ပြီးနောက် အဖိုးကြီးဘက် လှည့်လိုက်သည်။
“ကဲ အဖိုးကြီး ရိက္ခာအိပ်ကြီးဒီမှာချထားခဲ့ ခင်ဗျားပြန်တော့”
ဟုပြောလိုက်သည်။ အဖိုးကြိးကလဲ ဝမ်းမြောက်စွာဖြင့် ခြေကုန်သုတ်ပြေးလေသည်။
ငထွားသည် အဖိုးကြီး၏ ကျောကုန်းကို အတန်ကြာကြည့်နေသည်။ ထို့နောက်
“ကဲ သွားကြမယ်ဟေ့”
ဟုပြောပြီး မြင်းကိုလှည့်လိုက်လေသည်။
မောင်စိန်နှင့် ဘသော် နှစ်ယောက်စလုံး မျက်နှာပျက်သွားကြသည်။ မောင်စိန်က ငထွားနားကို ကပ်ပြီးမေးလိုက်လေသည်။
“ဗိုလ်ကြီး အဖိုးကြီးကို မသတ်ဘူးလား”
“အေး ငါဒီနေ့ လူသတ်ချင်စိတ်မရှိလို့”
ငထွားကပြောလိုက်သည်။ မောင်စိန်နှင့် ဘသော်တို့ ခေါင်းကုတ်လိုက်ကြသည်။
စခန်းပြန်ရောက်ပြီ။
“ကို ဘသော် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
“အိုကွာ ဘယ်လိုလုပ်စရာ ရှိမလဲ ဗိုလ်ကြီးကို အမှန်အတိုင်းပြောလိုက်ကြရုံပေါ့”
“ဒါက မင်းကိစ္စလေကွာ ငါ့ကိစ္စမှ မဟုတ်တာ” ဘသော်က ဆက်ပြောလေသည်။ မောင်စိန်ပူထူသွားသည်။
“လုပ်ပါဦး ကိုဘသော်ရယ် ဗိုလ်ကြီးသိရင် ကျွန်တော့်ကို သတ်မှာဗျ ကျွန်တော့်ကို ကူညီပါအုံး” မောင်စိန်က ပြောလိုက်လေသည်။
“အေးကွာ ဒါဆိုလဲ ကူညီပေးမယ် ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လဲ”
“မင်းရထားတဲ့ ဝေစုအကုန် ငါ့ကိုပေးရမယ်” ဘသော်က ပြောလိုက်သည်။ ဘသော်က မောင်စိန်ကို တမင်ငွေညှစ်နေခြင်းဖြစ်သည်။ မောင်စိန်လဲ သိသည်။ သို့သော် မတတ်နိင်တော့ ထမင်းစားချိန် နီးလာလေပြီ။
ဘသော်က မောင်စိန်ကို သူ့အကြံပြောပြလေသည်။ တောထဲကို သူရယ် ဘသော်ရယ် နောက်ဓါးပြ တစ်ယောက်ရယ် ခေါ်သွားကြမည်။ နောက်ပြီး တောထဲရောက်လျှင် ထိုဓါးပြကို သူတို့နှစ်ယောက် ရှင်းပစ်ရန်ဖြစ်သည်။ ပြီးလျှင်ထိုဓါးပြကို တောင်ပို့အောက်ခြေတွင် မြှုပ်ကြမည်ဟု တိုင်ပင်ထားသည်။
ထို့နောက် ဘသော်ရယ်၊ မောင်စိန်ရယ်၊ စခန်းမှ မောင်အေးရယ် သုံးယောက်သား တောထဲထွက်လာခဲ့ကြသည်။
“မောင်အေးရေ မင်းဟိုဖက်ကို သွားရှာ၊ ငါနဲ့ မောင်စိန်က ဒီဖက်ခြမ်းကို သွားကြည့်မယ်”
ဘသော်က မောင်အေးကိုပြောလိုက်လေသည်။ မောင်အေးကလဲ ဘသော်ပြောလိုက်သည့်ဖက်ကို ထွက်ခဲ့သည်။
“ဒီကောင် ခပ်လှမ်းလှမ်းရောက်မှ ငါတို့ ဒီကောင့်နောက်ကို လိုက်သွားပြိး ရှင်းပစ်ကြတာပေါ့”
ဘသော်က ပြောလိုက်သည်။ ခဏကြာတော့ ဘသော်က အရှေ့က မောင်စိန်က အနောက်ကနေ၍ မောင်အေးသွားသည့်ဖက်သို့ လိုက်သွားကြလေသည်။ စမ်းချောင်းလေးနှင့် ရေတံခွန်လေးအနားရောက်လာသည်။ ရေစီးကျသံတွေက ဆူညံနေသည်။ ထိုစဉ် ဘသော်သည် သူ၏ နောက်ကျောမှ ပူခနဲခံစားလိုက်ရသည်။ မျက်လုံးများ ပြာဝေလာပြီး လဲကျသွားလေသည်။ သူသည် လဲကျရင်း ပက်လက်လှန်လိုက်သည်။ ပက်လက်လှန်လိုက်တော့ သူ့အပေါ်တွင် မောင်စိန်က မိုးပြီးကြည့်နေလေသည်။
“မောင်စိန် မင်းမဟုတ်တာ မလုပ်နဲ့နော် မင်းငါ့ကို သတ်လို့မရဘူး၊ ငါသေသွားရင် မင်းကိစ္စတွေ ဗိုလ်ကြီးသိသွားလိမ့်မယ်” ဘသော်က ပြောလိုက်လေသည်။
မောင်စိန်က ရယ်မောလိုက်လေသည်။
“ခင်ဗျား သေမှာ ကြောက်လို့ လျှောက်ပြော မနေနဲ့ ခင်ဗျားသေရင် ကျုပ်အေးပြီ” မောင်စိန်က ပြောရင်း ဓါးကို ထုတ်လိုက်သည်။
“ကယ်ကြပါဦး”
ဘသော်က အသံကုန်ဟစ်အော်လိုက်သည်။ မောင်စိန်က ဘသော်၏ ခေါင်းကို ဓါးဖြင့်ခုတ်ဖြတ်လိုက်လေတော့သည်။ ဘသော်၏ အော်သံမှာ ချောင်းရေစီးသံ ရေတံခွန်အသံများကြား ပျောက်ကွယ်သွားလေသည်။
“ဘာ ဘသော်ပျောက်သွားလို့ ဟုတ်လား”
ငထွားက ထမင်းစားရင်း ပလုပ်ပလောင်းဖြင့် အော်လိုက်လေသည်။
“ဟုတ်တယ် ဗိုလ်ကြီး ဟင်းစားသွားရှာရင်း လူခွဲပြီးသွားကြတာ မောင်အေးနဲ့ ကျွန်တော်က ပြန်ရောက်ပြီး ဘသော်က ပြန်မလာလို့” မောင်စိန်ကပြောလိုက်သည်။
ငထွားကတော့ ထမင်းစားမပျက်ပေ။
“တောထဲ လမ်းပျောက်သွားတာဖြစ်မယ်” ငထွားက ပြောရင်း မဆလာနိုင်နိုင်အုပ်ထားသော အသားဟင်းကို စားလိုက်ပါတော့သည်။
ထမင်းစားပြီးတော့ မောင်စိန်က တဲအပြင်သို့ လှမ်းထွက်လိုက်လေသည်။ ထိုအခါ ဖိုးကျော်က တဲအပြင်ရောက်နေသည်။
“ဗိုလ်ကြီး ဘသော်က မှာသွားတာရှိလို့” ပြောရင်း တဲအတွင်းဝင်လိုက်ရန် ပြင်လိုက်လေသည်။ ဖိုးကျော်လက်တွင်လဲ အဝတ်စဖြူတစ်ခုကိုင်ထားပြိး ထိုအဝတ်စတွင် မီးသွေးများဖြင့် စာများရေးသားထားလေသည်။ မောင်စိန်ကလဲ ဖိုးကျော်ကို တားလိုက်လေသည်။
“အဲဒါဘာရေးထားတာလဲ ကျွန်တော့်ကိုပြပါ”
“ဒီမှာ ဘသော်က ငါ့ကို မှာသွားတယ်၊ သူတစ်ခုခုဖြစ်သွားရင် ဒီစာတွေကို ဗိုလ်ကြီးကို ပေးလိုက်ပါလို့ ပြောသွားတာပဲ”
“ကျွန်တော် ဖတ်ချင်တယ်”
မောင်စိန်ကပြောလိုက်သည်။ ထို့နောက် ဓါးပြတိုက်တုန်းက ရလာသော လက်စွပ်တစ်ကွင်းကို ဖိုးကျော်ကို ပေးလိုက်သည်။ ဖိုးကျော်ကလဲ အဝတ်စကို မောင်စိန်ကိုပေးလိုက်သည်။
“ဗိုလ်ကြီး မောင်စိန်က မောင်ခွေးကိုသတ်တယ်၊ ပြီးတော့ လူသားတွေကို ဗိုလ်ကြီးကို ချက်ကျွေးနေတယ်” ဟု မညီမညာရေးသားထားလေသည်။ ဖိုးကျော်ကတော့ စာကိုစိတ်မဝင်စား တစ်ဖက်သို့လှည့်ကြည့်နေလေသည်။
“ကိုဖိုးကျော် ဒီစာကို ဗိုလ်ကြီးဆီ မပြပါနဲ့။ ကျွန်တော့်ရဲ့ ဝေစု တစ်ဝက်ကို ခင်ဗျားကိုပေးပါ့မယ်”
မောင်စိန်ကပြောလိုက်သည်။ ဖိုးကျော်ကလဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မောင်စိန်သည် ထမင်းချက်သည့်တဲကလေးအတွင်း ဝင်လိုက်သည်။ ထို့နောက် မီးတစ်ပိုင်းတစ်စရှိနေသေးသော ထင်းမီးပုံအတွင်းသို့ ပစ်ထည့်လိုက်လေသည်။
အပိုင်း (၂) တွင်ဆက်လက်ဖတ်ရှုပါ