အပိုင်း (၁)
(၁)
ညနေဆည်းဆာအချိန်ရောက်ရှိပြီဖြစ်သဖြင့် တစ်နေ့တာပတ်လုံး အပူရှိန်ပြင်းစွာ အလင်းဖြန့်ကျက်ပေးနေသည့် နေလုံးကြီးမှာ အနောက်ဘက်တောင်တန်းကြီးပေါ်သို့ မေးတင်ကာ တဖြည်းဖြည်းပျောက်ကွယ်စပြုနေပြီဖြစ်သည်၊ ရွှေကျီးမြင်ရွာထိပ်နားရှိ မြေတလင်းကြီးပေါ်တွင် လူတစ်စုက ခြင်းဝိုင်းဖွဲ့ကာ ခြင်းခတ်နေကြလေသည်။ ပုဆိုးခါးတောင်းကျိုက်ထားသည့် ရွာခံလူငယ်၊ ကာလသားများ ခြင်းခတ်နေသည့်ကြားတွင် မုဆိုးကြီးတောကျော်လည်း ဝင်ရောက်ကာ ခြင်းခတ်နေလေသည်။
အသက်အရွယ်မှာ ငါးဆယ်ကျော်နေခဲ့ပြီဆိုသော်လည်း မုဆိုးကြီးတောကျော်မှာ လူငယ်ကာလသားများအလား ဖြတ်လတ်ပေါ့ပါးစွာဖြင့် ခြင်းခတ်နေလေသည်။ ခါးဝတ်ပုဆိုးကို ခါးတောင်းမြောင်နေအောင်ကျိုက်ထားပြီး ဦးတောကျော်၏ ခါး၊ ပေါင်တုံတစ်လျှောက်နှင့် ခြေသလုံးသားများတွင်လည်း ထိုးကွင်းမင်ကြောင်များအပြည့်နှင့်ဖြစ်သည်။ ခြင်းခတ်ရန် လှုပ်ရှားလိုက်သည့်အခါတွင်လည်း ကျစ်လျစ်သန်မာလှသည့် ကြွက်သားမြှောင်းကြီးများက ချွေးသံတရွဲရွဲJနှင့် လှုပ်ရှားနေသည်မှာလည်း အလွန်ကြည့်ရကောင်းနေတော့သည်။
ထိုစဉ် လူတစ်ဦးက မြင်းကိုစီးနင်းလျှက် ရွာအဝင်လမ်းအတိုင်း အပြင်းနှင်မောင်းလာလေရာ ဖုန်တထောင်းထောင်းနှင့်ရှိနေတော့သည်။ မြင်းစီးလာသူက ရွာလမ်းနံဘေး တလင်းကြီးတွင် ဝိုင်းဖွဲ့ကာခြင်းခတ်နေကြသည့် လူတစ်စုကိုတွေ့မြင်သည့်အခါ မြင်းဇက်ကိုသပ်လိုက်ကာ မြင်းကိုရပ်တန့်လိုက်သည်။ ထိုလူက အဖြူရောင်ချည်ထည်လက်ရှည်ကို ဝတ်ဆင်ထားပြီးနောက် ခြင်းခတ်နေသည့်သူများကို မြင်းပေါ်မှအတန်ကြာအောင်ကြည့်နေလေသည်။
ခြင်းခတ်သူတစ်ယောက်၏ လွဲမှားမှုကြောင့် ခြင်းလုံးမှာ မြေပေါ်သို့ကျသွားလေတော့မှ ထိုသူက မြင်းကိုခြင်းဝိုင်းအနီးသို့ တိုးကပ်မောင်းနှင်လာပြီး
“ဦးတောကျော်၊ ကျုပ်ခင်ဗျားနဲ့ စကားပြောချင်တယ်”
ဦးတောကျော်က ထိုလူကိုလှည့်ပင်မကြည့်ဘဲ။
“ဘာလဲ ကိုအေးရဲ့၊ မျက်နှာဖြူအရာရှိကြီးတွေက အမဲလိုက်ချင်လို့ ကျုပ်ကိုခေါ်ပြန်ပြီလား”
ခြင်းဝိုင်းက ပြန်စနေပြီဖြစ်သည်။ ဦးတောကျော်ကလည်း ခြင်းခတ်ဆက်နေလေသည်။ ကိုအေးဆိုသည့် မြင်းပေါ်မှလူက
“မဟုတ်ဘူး ဦးတောကျော်၊ ဒီတစ်ခါတော့ တကယ်အရေးကြီးလို့ ခေါ်လိုက်တာဗျ”
“ခင်ဗျားတို့ နယ်ချဲ့မျက်နှာဖြူတွေနဲ့ ကျုပ်အလုပ်မလုပ်ချင်ဘူးဗျာ၊ ခင်ဗျား လာရာလမ်းအတိုင်း လှည့်ပြန်သွားတာ အကောင်းဆုံးဖြစ်မယ်ကိုအေး”
“ဒီတစ်ခေါက်က သာမန်အမဲလိုက်ရုံမဟုတ်ဘူး ဦးတောကျော်၊ ရိုးမအနောက်ဘက်ခြမ်းမှာ ကျားဆိုးတစ်ကောင်သောင်းကျန်းနေပြီ၊ အဲဒါ အရေးပိုင်မင်းက ခင်ဗျားကိုအခေါ်လွှတ်လိုက်လို့ ကျုပ်လာခဲ့ရတာပဲ”
“အနောက်ဘက်ရိုးမက ဒီကနေအဝေးကြီးပါ၊ နောက်ပြီး အဲဒီဘက်မှာ ထွန်းတောက်ဆိုတဲ့ မုဆိုးတစ်ယောက် စွမ်းတယ်မဟုတ်လား”
“မုဆိုးထွန်းတောက်သေပြီ”
ကိုအေးက ခပ်ပြတ်ပြတ်ပြောလိုက်သည့်အခါမှ ဦးတောကျော်မှာ လေပေါ်မြောက်နေသည့် ခြင်းလုံးကိုလက်နှင့်ဖမ်းလိုက်ပြီး ကိုအေးအား စိတ်ဝင်တစားနှင့်ကြည့်လိုက်လေသည်။ မုဆိုးထွန်းတောက်ဆိုသည်မှာလည်း နှယ်နှယ်ရရမုဆိုးတစ်ယောက်မဟုတ်သည့်အပြင် ဦးတောကျော်နှင့်လည်း အတော်အတန် ခင်မင်ရင်းနှီးလေရာ ဦးတောကျော်မှာ စိတ်မကောင်းဖြစ်သွားသည်။
“ဘာဖြစ်လို့သေသွားတာလဲ”
“အဲဒီကျားကြီးက သူ့ကိုကိုက်သတ်လိုက်တာ”
“ဘယ်လို . . . ကျားတွေလိုက်ပစ်ခဲ့တဲ့ မုဆိုးက ကျားကိုက်ခံရပြီး သေတယ်တဲ့လား”
“ကျုပ်ပြောတာအမှန်ပဲ ဦးတောကျော်၊ အဲဒီနေရာမှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေလည်းရှိတယ်ဆိုတော့ အင်္ဂလိပ်အရာရှိကြီးတွေ ခေါင်းခဲနေတာအမှန်ပဲ၊ အဲဒီကျားကြီးက မုဆိုးထွန်းတောက်အပါနဲ့ဆို လူလေးယောက်တိတိ သတ်ဖြတ်ခဲ့ပြီးပြီ၊ အခု သူတို့အားကိုးစရာ မုဆိုးမရှိတော့တဲ့အတွက် ဦးတောကျော်ကို အရေးပိုင်မင်းကနေတဆင့် ဆင့်ခေါ်လိုက်တာပဲ”
ကိုအေးပြောစကားကြားသည့်အခါ ဦးတောကျော်က တွေးနေမိသည်။ ကိုအေးက မြင်းကိုလှည့်လိုက်ပြီး
“ဘယ်လိုလဲ ဦးတောကျော်၊ ခင်ဗျား လိုက်မှာလား၊ မလိုက်ဘူးလား”
ဦးတောကျော်က မျက်နှာတစ်ချက်မဲ့လိုက်ပြီး
“မင်းတို့ရဲ့ နယ်ချဲ့မျက်နှာဖြူတွေအတွက် ငါအလုပ်မလုပ်ပေးချင်ဘူး . . .”
ကိုအေးမျက်နှာပျက်သွားသည်။
“ဒါပေမယ့် ငါဒီအလုပ်ကို လက်ခံလိုက်တယ်ဆိုတာ ဒီကျားဆိုးကြောင့် လူတွေထပ်ပြီး မသေရအောင်လို့ လက်ခံလိုက်တာပဲ”
ထိုတော့မှ အရေးပိုင်မင်း၏ နားခံစာရေးတစ်ယောက်ဖြစ်သည့် ကိုအေးပြုံးနိုင်တော့သည်။
“ရွာလူကြီးဆီကနေ မြင်းတစ်စီးယူလိုက်မယ်၊ ဦးတောကျော် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးရင် ရွာလူကြီးအိမ်ကိုလိုက်ခဲ့ပါ”
ကိုအေးက မြင်းစီးလျှက် ရွာအတွင်းသို့ဆက်ဝင်သွားလေသည်။ ဦးတောကျော်လည်း ခြင်းလုံးကို လူငယ်များထံသို့ လှမ်းပစ်ပေးလိုက်ပြီးနောက် ရွာအတွင်းသို့ဝင်ခဲ့သည်။
အနောက်ဘက်ရိုးမတောင်ကြောမှာ ဦးတောကျော်တို့ ရွှေကျီးမြင်ရွာနှင့် အတော်ဝေးကွာလှပေသည်။ ဦးတောကျော်လည်း လက်စွဲတော်တူမီးသေနတ်နှင့် လက်နက်ခဲယမ်းများကိုသယ်ဆောင်လိုက်ပြီး ခါးဝတ်ပုဆိုးနှင့် အဝတ်အစားအနည်းငယ်ထည့်ထားသည့် လွယ်အိတ်ကိုစလွယ်သိုင်းလွယ်လိုက်ကာ ခမောက်ဝိုင်းတစ်လုံးဆောင်းလိုက်ပြီး ရွာသူကြီးအိမ်ဆီသို့ထွက်လာခဲ့သည်။
ရွာသူကြီးအိမ်တွင် ကိုအေးနှင့် သူကြီးက ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောဆိုနေကြလေသည်။ ဦးတောကျော်ရောက်လာသည်ကို မြင်တွေ့လိုက်သည့်အခါ ကိုအေးနှင့် ရွာလူကြီးတို့ စကားစဖြတ်လိုက်ကြပြီးနောက် ရွာလူကြီးက အိမ်နောက်ဖေးဘက်သို့ဝင်သွားလေသည်။ မကြာခင် အိမ်အနောက်ဘက်ရှိ မြင်းဇောင်းမှ အနက်ရောင်ရှိသည့် မြင်းတစ်စီးကိုဆွဲထုတ်လာခဲ့သည်။
“ဦးတောကျော်၊ ဒီကျားဆိုးကြီးကို ရှင်းလင်းနိုင်ပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ်”
ရွာသူကြီးက ပြောလိုက်သည့်အတွက် ဦးတောကျော်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုမြင်းပေါ်သို့ စွေ့ခနဲခုန်တက်လိုက်ကာ ဇက်ကြိုးကိုဆွဲလိုက်သည်။ ကိုအေးကလည်း သူစီးလာသည့်မြင်းပေါ်သို့တက်လိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး မြင်းကိုဒုန်းစိုင်းစီးလျှက် ထွက်ခွာလာခဲ့ကြသည်။ ရွာပြင်ရောက်သည့်အခါ နေဝင်သွားပြီဖြစ်ပြီး မိုးကောင်ကင်ကြီးက တဖြည်းဖြည်းအမှောင်ဖုံးလာခဲ့တော့သည်။
အုတ်နီကြီးများနှင့် တည်ဆောက်ထားသည့် အရေးပိုင်မင်းရုံးခန်းသို့ ဦးတောကျော်တို့နှစ်ယောက် ရောက်ရှိချိန်တွင် မိုးအတော်ချုပ်နေပြီဖြစ်သည်။ အောက်လင်းမီးများ ထိန်လင်းနေအောင်ထွန်းထားသည့် အရေးပိုင်မင်းရုံးခန်းအတွင်းသို့ ဦးတောကျော်အား စာရေးကိုအေးက ဦးဆောင်ကာ ဝင်ရောက်သွားသည်။ အရေးပိုင်မင်းမှာ စာရွက်စာတမ်းများဖြင့် ပြည့်နှက်နေသည့် စားပွဲတစ်လုံးတွင်ထိုင်လျှက် စိတ်ရှုပ်နေပုံရသည်။
“အရေးပိုင်မင်းခင်ဗျာ၊ ဒီလူကတော့ မုဆိုးကြီးဦးတောကျော်ပါပဲ”
အရေးပိုင်မင်းက ဦးတောကျော်အား အသေအချာအကဲခတ်ကြည့်လိုက်သည်။ ထို့နောက် စားပွဲခုံပေါ်တွင်တင်ထားသည့် စာရွက်တစ်ရွက်ကို ကောက်ယူလိုက်ကာ ဦးတောကျော်ထံသို့ လှမ်ပေးလိုက်သည်။ ဦးတောကျော်လည်း ထိုစာရွက်ကို ဖြတ်ခနဲဆွဲယူလိုက်ပြီး ဖတ်ကြည့်လိုက်သည်။
စာရွက်တွင် ကျားခေါင်းပုံစံကြီးရေးဆွဲထားလေသည်။ စာရွက်ထိပ်ဘက်တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ကြေငြာချက်များရေးထားလေသည်။
“ရိုးမအနောက်ဘက် သစ်တောလုပ်ကွက်များအနီး ဆိုးသွမ်းနေသည့် ကျားကြီးဘဒင်အား ပစ်ခတ်သတ်ဖြတ်နိုင်သူ အလိုရှိသည်။ ပစ်ခတ်သတ်ဖြတ်ပြီး ကျားကြီး၏ အလောင်းကို ဆက်သနိုင်သူအား ဆုတော်ငွေ ငါးဆယ်ချီးမြှင့်မည်”
ဦးတောကျော်က စာရွက်တွင်ရေးထားသည့် စာသားများကို အသေအချာဖတ်လိုက်ပြီး အရေးပိုင်မင်းကိုကြည့်လိုက်သည်။ အရေးပိုင်မင်းက
“မောင်မင်းအကြောင်းတွေ ကျုပ်တို့ကြားထားတာတွေ များပါပြီ၊ အခုတော့ မောင်မင်းရဲ့အစွမ်းကို ထုတ်ပြဖို့အချိန်ရောက်ပြီ၊ ဆုတော်ငွေ ငါးဆယ်ဆိုတာကလည်း မောင်မင်းအတွက် မနည်းလောက်ပါဘူးနော်”
ဦးတောကျော်က ကြော်ငြာစာရွက်ကို စားပွဲခုံပေါ်သို့ ပြန်ပစ်တင်လိုက်ပြီး
“ကျုပ်အတွက် ငွေကအရေးမကြီးပါဘူး၊ ငွေထက်ပိုပြီးအရေးကြီးတာက ဒီကျားဆိုးကြီးကြောင့် နောက်ထပ်လူတွေ ထပ်ပြီးမသေရဖို့ပဲအရေးကြီးတာပါ”
အရေးပိုင်မင်းက ခေါင်းတဆတ်ဆတ်ညိတ်သည်။
“ကောင်းပါပြီ၊ မောင်မင်း ဒီကျားဆိုးကို နှိမ်နင်းနိုင်ပါစေ၊ ဂွဒ်လပ်ခ်”
အရေးပိုင်မင်းက ပြောဆိုပြီးသည့်အခါ စာတစ်စောင်ရေးသားလိုက်ပြီးနောက် ထိုစာကို စာရေးကိုအေးထံသို့ ပေးလိုက်သည်။ ကိုအေးလည်း စာကိုယူဆောင်လိုက်ပြီးနောက် ဦးတောကျော်ကိုခေါ်ဆောင်ကာ ရုံးပေါ်မှဆင်းလိုက်သည်။
“ဒီကိစ္စက အရေးကြီးတယ်ဆိုတော့ ညတွင်းချင်းပဲ ခရီးထွက်ရလိမ့်မယ် ဦးတောကျော်၊ ဒီစာကိုယူပြီးတော့ ကားနဲ့လိုက်သွားပါ၊ ဟိုရောက်ရင် ဒီစာကို ဝန်ထောက်မင်းကိုပေးလိုက်ပါ”
ရုံးအရှေ့တွင် ကားကလေးတစ်စီးက ရပ်တန့်နေလေသည်။ မကြာခင် ရုံးခန်းအတွင်းမှ ကုလားတစ်ဦးထွက်လာကာ ကားအရှေ့ခန်းတွင်ဝင်ထိုင်သည်။ ဦးတောကျော်အားလည်း လက်ယပ်ပြိးခေါ်ဆောင်လိုက်ရာ ဦးတောကျော်က ကားအနောက်ခန်းတွင် တက်ထိုင်လိုက်သည်နှင့် ကားက မောင်းထွက်လာခဲ့တော့သည်။
(၂)
တစ်ညလုံး ကားစီးလာခဲ့ရပြီး နောက်တစ်နေ့ နံနက်ခင်းရောက်မှ အနောက်ဘက်ရိုးမတောင်တန်းအခြေသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် သစ်တောဝန်ထောက်ရုံးစိုက်သည်။ ကျွန်းသားများဖြင့်တည်ဆောက်ထားပြီး ရေနံချေး၀အောင်သုတ်ထားသည့် အနက်ရောင်နှစ်ထပ်ဘိုတဲကြီးအတွင်းတွင် သစ်တောဝန်ထောက်မင်းက ရုံးစိုက်လေသည်။
ဦးတောကျော်လည်း ဝန်ထောက်မင်းရုံးထဲသို့ ဝင်သွားလိုက်ပြီး အရေးပိုင်မင်းရေးပေးလိုက်သည့်စာအား စာရေးတစ်ယောက်ထံသို့ ပေးလိုက်လေရာ မကြာခင် ဝန်ထောက်မင်းက ဦးတောကျော်အား ဆင့်ခေါ်လေသည်။
“ခင်ဗျားအကြောင်းတွေကိုတော့ အရေးပိုင်မင်းက တော်တော်ချီးကျူးပြီးရေးပေးထားတာပဲ”
ဝန်ထောက်မင်းက ဦးတောကျော်အား ပြီတီတီမျက်နှာထားဖြင့်ကြည့်သည်။ ထို့နောက် ရုံးခန်းအတွင်းရှိ စားပွဲကလေးတစ်ခုပေါ်တွင် တင်ထားသည့် အရက်ပုလင်းတစ်လုံးကို ကောက်ယူလိုက်ကာ ဖန်ခွက်အတွင်းသို့ လောင်းထည့်လိုက်သည်။
“ခင်ဗျား သောက်အုံးမလား”
“ကျုပ်မသောက်တတ်ဘူး”
ဝန်ထောက်မင်းက ခေါင်းညိတ်လိုက်ပြီးနောက် ခွက်ကိုကိုင်ကာ တစ်ကျိုက်မော့ချလိုက်လေသည်။
“ဒီနယ်တစ်ကြောမှာ နာမည်ကြီးပါတယ်ဆိုတဲ့ မုဆိုးကြီးထွန်းတောက်လည်း သေသွားခဲ့ရပြီ၊ ဒီတော့ ခင်ဗျားကို ကြိုတင်သတိပေးချင်တာက ဒီကျားကြီးဟာ သာမန်ကျားတွေနဲ့လုံး၀မတူဘူးဆိုတာပဲ”
“ထွန်းတောက်ကို ကျုပ်သိပါတယ်၊ သူနဲ့ကျုပ်လည်း အရင်ကလက်တွဲဖူးပါတယ်”
“ကောင်းပါပြီမုဆိုးကြီး၊ ကျုပ်တို့ တောအုပ်ထဲက သစ်လုပ်ကွက်တွေအနီးကို ပို့ပေးမယ်၊ အဲဒီမှာ တခြားကျားပစ်မယ့်လူတွေနဲ့ ပူးပေါင်းပြီးတော့ ကျားကိုအမြန်ဆုံးနှိမ်နင်းပေးရလိမ့်မယ်”
သစ်တောဝန်ထောက်က နွားလှည်းတစ်စီးဖြင့် ဦးတောကျော်ကို သစ်တောလုပ်ကွက်အနီးသို့ လိုက်လံပို့ဆောင်ပေးသည်။ လမ်းတစ်လျှောက်တွင် တောင်ဆင်းတောင်တက်လမ်းများသာဖြစ်သည်။ နယ်ချဲ့မျက်နှာဖြူများက မြန်မာ့မြေမှ ကျွန်းသစ်နှင့် အခြားသစ်မာများကို ထုတ်လုပ်သည့် သစ်စခန်းများထံသို့ ရောက်လာခဲ့သည်။ ထိုသစ်စခန်းများ၏ အနောက်ဘက်တွင်တော့ ရွက်ဖျင်တဲများထိုးထားသည့် စခန်းကလေးတစ်ခုထံရောက်လာခဲ့ကြသည်။
ဒေသခံတစ်ဦးက ဦးတောကျော်ကိုဆီးကြိုလိုက်လေသည်။
“ဆရာကြီးက ဘယ်သူများလဲ”
“ကျုပ်နာမည် ဦးတောကျော်ပါ၊ ရိုးမအရှေ့ခြမ်းက လာခဲ့တာပါ”
“ဪ၊ မုဆိုးကြီးပဲကိုး၊ ကြွပါ . . ကြွပါ”
ထိုအခါ ရွက်ဖျင်တဲစုကလေးအရှေ့တွင် လူတစ်ချို့က စုဖွဲ့ကာထိုင်နေလေသည်။ ဦးတောကျော်လည်း ထိုအနီးတွင်သွားရပ်လိုက်သည်။ ဒေသခံက
“ကျုပ်နာမည် ကိုမျိုးပါ၊ ကျုပ်က ဒီနေရာတစ်ဝိုက်ကို လမ်းပြပေးပါ့မယ်၊ ဟောဒီမှာထိုင်နေတာကတော့ အဘိုင်ပါ၊ သူက အင်္ဂလိပ်အရာရှိတွေ ရွေးချယ်ထားတဲ့ မုဆိုးတစ်ယောက်ပါ”
အဘိုင်ဆိုသူက ကုလားတစ်ဦးဖြစ်သည်။ သန်မာထွားကျိုင်းသည့် ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ဆံပင်ကောက်ကောက်များနှင့်အတူ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများကလည်း လိမ်ကောက်နေသည်။ အပြာရောင်ရှပ်အင်္ကျီတစ်ထည်ကိုဝတ်ဆင်ထားလေသည်။ အဘိုင်က ဦးတောကျော်အနီးသို့တိုးလာကာ ဦးတောကျော်ကို လက်ကမ်းပေးလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်”
ဦးတောကျော်က အဘိုင်လက်ကမ်းပေးနေသော်လည်း ပြန်မနှုတ်ဆက်ဘဲ လက်ပိုက်လျှက်သာရပ်နေလေရာ အဘိုင်မှာ လူအများကြားတွင် ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။
“ကျုပ်နာမည် အဘိုင်ပါ၊ အလုပ်ကတော့ ပုလိပ်ပါ၊ ဒါပေမယ့် ကျုပ်ကိုမုဆိုးလို့ လူသိများပါတယ်၊ မြန်မာနိုင်ငံတစ်လွှားက သစ်ထုတ်လုပ်ရေးစခန်းတွေမှာ အခုလိုမျိုး တောကောင်တွေသောင်းကျန်းရင် ဖြေရှင်းပေးရတဲ့အလုပ် လုပ်ကိုင်ပါတယ်”
အဘိုင်က သူ့ကိုယ်သူခပ်ကြွားကြွားကလေးပြောလိုက်သည်။ ဦးတောကျော်က အဘိုင်ကိုတစ်ချက်ကြည့်လိုက်ပြီး
“ကျုပ်နာမည်ကတော့ တောကျော်၊ လုပ်တာက မုဆိုး”
ထိုသို့ပင် ခတ်ပြတ်ပြတ်ပြောလိုက်လေသည်။ အဘိုင်က ဦးတောကျော်လွယ်ထားသည့် သေနတ်ကိုအသေအချာကြည့်လိုက်ပြီး
“ခင်ဗျားက ဒီသေနတ်နဲ့အမဲလိုက်နေတာပေါ့၊ ဟုတ်လား”
“ဘာဖြစ်လို့လဲ”
“ခင်ဗျားသေနတ်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က သုံးခဲ့တဲ့သေနတ်ကြီးဗျ၊ တော်တော်ရှေးကျနေပြီး ခေတ်မမီတော့တဲ့သေနတ်ကြီးပါလား၊ ကျုပ်ဖြင့် ခင်ဗျားဒီသေနတ်နဲ့ တောကောင်တွေကိုဘယ်လိုပစ်သလဲဆိုတာ အံ့ဩနေမိတာ”
ဦးတောကျော်ကို စော်ကားသလိုပြောလာသဖြင့် ဦးတောကျော်က သေနတ်ကိုဖြုတ်လိုက်လေသည်။
“ဟောဒီသေနတ်က မြန်မာမင်းတွေလက်ထက်က နန်းတွင်းလက်နက်တိုက်ကနေ ထုတ်ထားတဲ့သေနတ်ပဲ၊ ကျုပ်ဒီသေနတ်နဲ့ သားကောင်တွေပစ်လာတာ မနည်းတော့ဘူး”
အဘိုင်က ခေါင်းတဆတ်ဆတ်ညိတ်ပြီး
“ထင်ပါတယ်၊ ဒါကြောင့် ဒီလောက်စုတ်ပြတ်နေတာကိုး”
အဘိုင်က ရွက်ဖျင်တဲတစ်လုံးအတွင်းသို့ဝင်သွားလိုက်သည်။ ထို့နောက် သေနတ်တစ်လက်ကိုင်ကာ ပြန်ျထွက်လာလေသည်။ ထို့နောက် ဦးတောကျော်အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
“ဟောဒါကျုပ်သေနတ်ဗျ၊ အင်္ဂလန်ဖြစ် ဟင်နရီရိုင်ဖယ်သေနတ်ပေါ့၊ သားကောင်ကို ကိုက်သုံးလေးရာလောက်ကနေ အသာကလေးလှမ်းပစ်နိုင်တယ်ဗျ၊ ခင်ဗျားလိုချင်ရင် ကျုပ် အရာရှိကြီးတွေဆီကနေ တစ်လက်တောင်းပေးမယ်”
“မလိုပါဘူးဗျာ၊ ကျုပ်အတွက်ကတော့ ကျုပ်သေနတ်နဲ့ပဲအဆင်ပြေတယ်”
“ခင်ဗျားအရင်က အဆင်ပြေခဲ့ပေမယ့် အခုကျားနဲ့ရော အဆင်ပြေနိုင်ပါ့မလားဗျ၊ ခင်ဗျားသေနတ်က ကိုက်တစ်ရာလောက်တောင် ထိမယ့်ပုံမပေါ်ဘူး”
အဘိုင်က အထင်သေးသည့်မျက်လုံးများဖြင့်ကြည့်လိုက်လေရာ ဦးတောကျော်က သေနတ်ကိုဖြုတ်ကာ ယမ်းမှုန့်များကိုထည့်နေလေသည်။
“ကိုမျိုးရေ ကိုက်တစ်ရာက ဘယ်လောက်လောက်ရှိမလဲ”
ကိုမျိုးဆိုသူက ဦးတောကျော်ကို နားမလည်သည့်မျက်လုံးများဖြင့်ကြည့်လျှက်
“ဟိုးက သစ်ငုတ်တိုနားလောက်ရှိမယ်ထင်တယ်ဗျ”
“ဒါဆိုရင် အဲဒီသစ်ငုတ်တိုပေါ်မှာ ဟောဟိုက ပုလင်းအလွတ်တစ်လုံးလောက် သွားတင်လိုက်စမ်းပါကွာ၊ ဒီက မုဆိုးကြီးအဘိုင်က ငါ့သေနတ်ကို ကိုက်တစ်ရာလောက်ကို ပစ်လို့ရပါ့မလားဆိုလို့ သူယုံအောင်လို့ ပစ်ပြမလို့ဟေ့”
အဘိုင်မျက်နှာတစ်ချက်မဲ့သွားသည်။ ကိုမျိုးက ပုလင်းခွံတစ်ခုကိုယူလိုက်ကာ ထိုသစ်ငုတ်တိုအနီးသို့ပြေးသွားလိုက်ပြီး ပုလင်းကိုသစ်ငုတ်တိုပေါ်တွင်ထောင်ထားလိုက်သည်။ ဦးတောကျော်က ကျည်ဆန်ထည့်ပြီးနောက် ယမ်းထောင်းတံဖြင့်ထောင်းလိုက်ကာ သေနတ်ကို ထိုသစ်ငုတ်ဆီသို့ထိုးချိန်လိုက်သည်။
ဦးတောကျော်က ထိုသေနတ်ဖြင့် တစ်သက်လုံးအမဲလိုက်ပစ်ခတ်လာသည်မို့ ကိုယ့်သေနတ်အကြောင်းကိုယ် နောကျေနေပြီဖြစ်ရာ သေနတ်ကိုပုလင်းဆီသို့ချိန်ရွယ်လိုက်ပြီးနောက် ပြောင်းကိုအနည်းငယ်ထောင်မော့လိုက်လေသည်။
“ခင်ဗျားဟာက သေနတ်ကမော့နေတယ်ဗျ၊ ထိပါ့မလား”
အဘိုင်၏ အမေးကို ဦးတောကျော်က ဘာမှပြန်မဖြေတော့ဘဲ သေနတ်မောင်းခလုပ်ကိုညှစ်ချလိုက်လေသည်။
“ဒိန်း . . .”
ယမ်းပေါက်ကွဲသံနှင့်အတူ ယမ်းငွေ့ဖြူဖြူများက အလုံးလိုက်အခဲလိုက်ထွက်ပေါ်လာပြီးနောက် ကိုက်တစ်ရာတွင်ထောင်ထားသည့် ပုလင်းခွံမှာ ခွမ်းခနဲကွဲထွက်သွားသည်ကို အဘိုင်ကကြည့်ပြီး အံ့ဩနေမိသည်။ ထို့နောက် အံ့ဩတကြီးနှင့် လက်ခုပ်တီးခတ်နေလေသည်။
“ခင်ဗျားကတော့ တကယ့်လူပါပဲ မုဆိုးကြီးရာ”
ဦးတောကျော်က သေနတ်ကိုထောင်လိုက်ပြီး
“ခင်ဗျားတို့ကိုင်နေတဲ့ သေနတ်အကောင်းတွေမပေါ်ခင်က ခင်ဗျားတို့ အဖေတွေ၊ အဘိုးတွေလဲ ဒီလိုသေနတ်တွေနဲ့ပဲ ပစ်ခတ်ခဲ့တာပဲမဟုတ်လား”
ဦးတောကျော်၏ သေနတ်ပြောင်းတွင် ယမ်းငွေ့များဝေနေဆဲဖြစ်သည်။ အဘိုင်က ကိုမျိုးကို ပုလင်းခွံလေးငါးခု ယူခိုင်းလိုက်ပြီး ကိုက်သုံးရာခန့်အကွာ တောအတွင်းတွင် ပြန့်ကျဲနေအောင်ချထားစေသည်။ ထို့နောက် သူကိုင်နေကျ ဟင်နရီရိုင်ဖယ်ကြီးဖြင့် ထိုပုလင်းခွံများကိုချိန်ရွယ်လိုက်ကာ တစ်ချက်ချင်းပစ်ခတ်လေသည်။ တစ်ချက်ပစ်ခတ်ပြီးတိုင်း သေနတ်မောင်းခလုပ်အနီးရှိ လက်ကိုင်ကွင်းကို အရှေ့သို့ဆွဲချပြီး သေနတ်ပြောင်းအတွင်းမှ ကျည်ခွံကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လျှင်မြန်စွာပင် နောက်တစ်ချက်ကို ထပ်မံပစ်ခတ်ပြန်သည်။ ထိုနည်းဖြင့် အဘိုင်က ပုလင်းခွံငါးခုကို ကျည်ဆန်ငါးတောင့်ဖြင့် ဆက်တိုက်ပစ်ခတ်ပြလိုက်ရာ ဦးတောကျော်ပင် အဘိုင်၏ သေနတ်ပစ်စွမ်းရည်ကို လေးစားသွားမိသည်။
“ကောင်းလိုက်တာဗျာ၊ ခင်ဗျားလက်မှန်းသိပ်ကောင်းတာပဲ”
ဦးတောကျော်က အဘိုင်ကိုချီးမွမ်းလိုက်လေသည်။ အစပိုင်းတွင် တစ်ဦးနှင့်တစ်ဦး အမြင်စောင်းကာ ငြိစွန်းမလိုဖြစ်သွားခဲ့ကြသော်လည်း ယခုတော့ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားသွားကြသည်။
(၃)
“လုပ်ပါအုံး . . . .မုဆိုးကြီးတို့”
ကောင်လေးတစ်ယောက်က အမောတကောနှင့်ပြေးလာပြီးနောက် သူတို့အနီးရောက်လာလေသည်။ ကောင်လေးမှာအလွန်မောပန်းနေသဖြင့် ချက်ချင်းပင်စကားမပြောနိုင်ဘဲ အနည်းငယ်အမောဖြေနေလေသည်။ ကိုမျိုးက ထိုကောင်လေး၏ ပုခုံးကိုဆုပ်ကိုင်လျှက်
“ဘာဖြစ်လာတာလဲ”
“ဘဒင် . . . ဘဒင်ကြီးက မြေဒူးရွာက နွားကျောင်းသားလေးကို ဆွဲသွားလို့”
ထိုစကားကြားလိုက်သည့်အခါ ဦးတောကျော်နှင့် အဘိုင်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ကိုမျိုးကလည်း အလျှင်အမြန်ပင် မြင်းများကိုဆွဲယူလိုက်ပြီးနောက် သူတို့သုံးယောက် ရွက်ဖျင်တဲစခန်းမှ မြင်းစီးလျှက်ထွက်လာခဲ့ကြသည်။
မြေဒူးရွာမှာ ထိုသစ်တောစခန်းနှင့် အတန်ငယ်လှမ်းသည့် တောင်ခြေရွာကလေးဖြစ်သည်။ တောင်တန်းကြီးအောက်ခြေတွင် ဖြတ်ဖောက်ထားသည့် တောလမ်းကလေးအတိုင်း မြင်းသုံးစီးဖြင့် အပြင်းနှင်ခဲ့ရာ နာရီဝက်ခန့်အကြာတွင် မြေဒူးရွာသို့ရောက်ခဲ့သည်။ မြေဒူးရွာရှိလူများမှာ အလွန်ထိတ်လန့်နေကြသည်။ သေနတ်ကိုယ်စီလွယ်ထားသည့် သူတို့သုံးဦးကိုကြည့်ရင်း မုဆိုးများဖြစ်မည်ဟုထင်လိုက်ကာ အားကိုးတကြီးနှင့် ပြေးလာကြလေသည်။
“မုဆိုးကြီးတို့ ကျုပ်သားကလေးကို ကယ်ပါအုံး”
အဒေါ်ကြီးတစ်ယောက်က အပြေးလာပြီး ဦးတောကျော်တို့ကိုဆွဲကာ ငိုယိုနေလေသည်။ ထိုအဒေါ်ကြီးကို ရပ်ရွာမှလူများက ဝိုင်းဆွဲထားကြသည်။ ဦးတောကျော်လည်း ရွာသားများကိုကြည့်လိုက်ရင်း
“ဘယ်လိုဖြစ်တာလဲဆိုတာ ပြောပြပါအုံး”
ထိုအခါ အသက်ခပ်လတ်လတ် လူတစ်ယောက်က
“ဖြစ်ပုံကတော့ ဒီလိုပါ၊ ဘဒင်ကြီးကိုကြောက်လို့ ကျုပ်တို့ရွာသားတွေ ရွာပြင်သိပ်မထွက်ရဲကြပါဘူး၊ ဒါပေမယ့် နွားတွေကလည်းဆာနေတာဆိုတော့ ရွာနဲ့နီးတဲ့ မြက်ခင်းမှာပဲ ကျောင်းနေတာပါ၊ နေ့ခင်းကြီးဆိုတော့လည်း ဘဒင်ကြီးမလာလောက်ဘူးလို့ထင်တာပေါ့ဗျာ၊ နွားကျောင်းသားတွေ အုပ်လိုက်နွားကျောင်းနေရင်း ဖိုးမောင်ဆိုတဲ့ကောင်ကလေးကို ဘဒင်ကြီးက အနောက်ကနေအလစ်ဝင်ဆွဲပြီးတော့ တောအုပ်ထဲကိုဝင်သွားတာပဲ”
“ကျုပ်တို့ကို အဲဒီနေရာကိုလိုက်ပြဗျာ”
ရွာသားများက မသွားဝံ့ကြသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသည်။ ဦးတောကျော်က သူလွယ်ထားသည့် သေနတ်ကိုဖြုတ်လိုက်ပြီး
“ခင်ဗျားတို့ ဘာမှမကြောက်ပါနဲ့၊ ကျုပ်တို့တွေရှိပါတယ်”
သို့နှင့် ရွာသားများမှာ ဦးတောကျော်တို့နှင့်လိုက်လာကြသည်။ ရွာနှင့် တစ်ခေါ်ပင်မဝေးသော မြက်ခင်းပြင်ကြီးအတွင်းတွင် နွုားခြေရာများက ရှုပ်ပွပြန့်ကျဲနေလေသည်။ တစ်နေရာအရောက်တွင် ကျားခြေရာကိုတွေ့ရသည်။ ဦးတောကျော်လည်း ကျားခြေရာကို အသေအချာလေ့လာလိုက်သည်။
“ကျားလာတုန်းက ခြေရာသုံးခုပဲတွေ့တယ်၊ ခုန်ပြီးပြန်ဆင်းလာတော့ ခြေရာလေးခုဖြစ်နေပြန်ရော၊ ကျုပ်ထင်တာမမှားရင် ဒီကျားကြီးက ခြေတစ်ချောင်းထိခိုက်ထားပုံရတယ်”
ဦးတောကျော်ပြောလိုက်သည့်အခါ ကိုမျိုးက အံ့ဩစွာဖြင့်ခေါင်းညိတ်လိုက်သည်။
“ဟုတ်တာပေါ့ မုဆိုးကြီးရယ်၊ ဒါကြောင့်လည်း ဒီကျားကြီးကို သုံးချောင်းထောက် ဘဒင်လို့ ခေါ်ကြတာပေါ့”
အဘိုင်က တောအုပ်အတွင်းသို့အေးအေးလူလူပြန်လျှောက်ဝင်သွားသည့် ကျားခြေရာများကိုကြည့်ရင်း
“ကျားတွေရဲ့သဘာ၀အရ သားကောင်ကို သိပ်ဝေးဝေးသယ်မှာမဟုတ်ဘူး၊ ပြီးတော့ ဒီကောင်ကြီးက ခြေထောက်တစ်ဖက်နာနေတယ်မဟုတ်လား၊ ဒါဆို ဒီကနေ သိပ်ဝေးဝေးရောက်သေးမှာ မဟုတ်ဘူး၊ ကျုပ်တို့လိုက်ရင် မီနိုင်တယ်”
အဘိုင်ကပြောလေရ ဦးတောကျော်လည်း ခေါင်းညိတ်လိုက်ရသည်။ အဘိုင်က သေနတ်ကိုကျည်ထည့်ပြီး အသင့်ပြင်သည်။ ဦးတောကျော်ကလည်း တစ်ချက်သာပစ်ခတ်ရသည့် သူ့တူမီးသေနတ်ကြီးကိုအသင့်ပြင်လိုက်ပြီး တောအုပ်အတွင်းသို့ဝင်ခဲ့သည်။ တစ်ချက်ထိုး ခါးချိုးရိုင်ဖယ်တစ်လက်ကို ကိုင်စွဲထားသည့်ကိုမျိုးမှာ သူတို့နှစ်ဦးအနောက်မှ လိုက်လာခဲ့သည်။
မြေပျော့နေသဖြင့် ကျားနောက်ခြေရာခံလိုက်ရာတွင် သိပ်မပင်ပန်းပေ၊ တောအုပ်အတွင်း ကျားခြေရာများ၊ မသေခင် ရုန်းကန်နေသည့် ဖိုးမောင်ကြောင့် လဲပျိုနေသည့် မြက်ပင်၊ ချုံပင်များကိုတွေ့ရသည်။ မကြာခင် မြေကြီးမှာ ကျောက်သားဆန်သွားသဖြင့် ခြေရာများပျောက်ကွယ်သွားလေသည်။ တစ်ဖက်တွင် တောင်စောင်းကြီးရှိပြီး နောက်တစ်ဖက်တွင်တော့လျှိုမြောင်တစ်ခုရှိကာ တသွင်သွင်စီးဆင်းနေသည့် စမ်းရေကျသံကိုလည်း ကြားနေရသည်။ ဦးတောကျော်က ခြေရာများမရှိတော့သဖြင့် ခါးထောက်လိုက်ပြီး အဘိုင်ကိုကြည့်လိုက်သည်။
“ကဲ ပြောစမ်းပါအုံးအဘိုင်၊ ဟင်းကောင်ကြီးက ဘယ်ကိုသွားတာဖြစ်နိုင်သလဲ”
“ကျားဆိုတာ အစာစားရင် ရေငတ်လို့ ရေသောက်ရစမြဲပဲဆိုတော့၊ ကျုပ်အထင်တော့ ရေရှိတဲ့ ဟောဒီစမ်းချောင်းဘက်ကို ဆင်းသွားမယ်လို့ထင်တာပဲ”
ဦးတောကျော်က မျက်ခုံးပင့်လိုက်ကာ
“မဆိုးပါဘူးအဘိုင်ရ၊ မင်းကောက်ချက်ချတာမှန်လောက်မှာပါ”
ဦးတောကျော်တို့လည်း လျှိုမြှောင်ကလေးအတွင်းသို့ ဆင်းလာခဲ့ကြသည်။ မြေသားပျော့ပျော့အနီးအရောက်တွင် ကျားခြေရာတစ်ချို့ကိုပြန်မြင်ရသည်။ ထို့နောက် စမ်းချောင်းအစပ် ကျောက်တုံးကလေးများအနီးတွင် မှောက်လျှက်သားလဲကျနေသည့် နွားကျောင်းသားကလေး ဖိုးမောင်၏ ရုပ်အလောင်းကိုတွေ့ရသည်။ အဘိုင်နှင့် ဦးတောကျော်မှာ ပတ်ဝန်းကျင်ကို အသေအချာအကဲခတ်နေသည့်အချိန် ကိုမျိုးကတော့ နွားကျောင်းသားကလေးအနီးသို့ပြေးဆင်းသွားသည်။
“ဟေ့ . . . ဟေ့ မသွားနဲ့”
ဦးတောကျော်က လှမ်းအော်လိုက်သဖြင့် ကိုမျိုးခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားလေသည်။ အဘိုင်က အသေအချာကြည့်ပြီး
“ဒီလောက်ဆို ကျားကြီးမရှိလောက်တော့ပါဘူးဗျာ”
ထိုတော့မှ သူတို့သုံးဦးသား ဖိုးမောင်ရုပ်အလောင်းအနီးသို့တိုးကပ်ခဲ့သည်။ ဖိုးမောင်မှာ မှောက်လျှက်သားလဲကျနေပြီး ကျားကြီးမှာ ဖိုးမောင်၏ လက်ယာဘက် ဝမ်းဗိုက်ခြမ်းကိုဖွင့်ကာ အတွင်းမှကလီစာများကို ဖောက်စားထားသည်ကိုတွေ့ရသည်။ ကိုမျိုးက ဖိုးမောင်အလောင်းကို ထိကိုင်မည်ဟု လက်လှမ်းလိုက်စဉ် ဦးတောကျော်က ကိုမျိုးလက်ကိုဖမ်းဆွဲလိုက်သည်။
“မထိနဲ့၊ မကိုင်နဲ့”
“ဘာဖြစ်လို့လဲ မုဆိုးကြီး”
ထိုအခါ အဘိုင်က မတ်တပ်ရပ်လိုက်ပြီး
“လူသေတစ်ခု အရင်းပြုပြီးတော့ ဒီကျားကိုဖမ်းရမှာပဲ၊ ကျားဆိုတဲ့အကောင်မျိုးက သူတို့စားစရာကို စားသောက်ပြီး ဗိုက်၀ရင် အဲဒီနေရမှာပဲ ထားခဲ့ကြတယ်၊ နောက်တစ်ခါဗိုက်ဆာရင် အဲဒီနေရာကိုမှတ်ပြီးတော့ ပြန်လာစားတတ်ကြတယ်ကွ”
ဦးတောကျော်က အဘိုင်စကားကို ခေါင်းညိတ်ရင်းထောက်ခံလိုက်သည်။
“မင်းသွားထမယ်ဆိုရင် လူနံ့ရသွားမယ်၊ ပုံပျက်နေတာကို သတိထားမိသွားမယ်ကိုမျိုး”
“ဒါဆို ကျုပ်တို့ ဒီကောင်လေးအလောင်းကို မသဂြိုဟ်ကြတော့ဘူးလား”
“ငါ့အထင်လောက်ဆို ဟင်းကောင်ကြီးက အခုဆို ဒီကောင်လေးရဲ့အသားစားပြီး တစ်နေရာမှာ အေးအေးလူလူသွားနှပ်နေလောက်ပြီကွ၊ ဒါပေမယ့် ညဘက်အိပ်ရာနိုးလို့ သူဗိုက်ဆာလာပြီဆိုရင် ဒီကိုပြန်လာလိမ့်မယ်”
ကျားလိုက်သည့် မုဆိုးအတွေ့အကြုံရှိသည့် အဘိုင်က မတ်တပ်ရပ်ရင်း သစ်ပင်များကိုမော့ကြည့်နေပြီဖြစ်သည်။ အဘိုင်က လူသေအလောင်းနှင့် မနီးမဝေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ လက်ညှိုးထိုးပြလိုက်ရင်း
“အဲဒီအပင်ပေါ်မှာ လင့်ထိုးပြီးတော့ စောင့်ပစ်မယ်ဗျာ”
ဦးတောကျော်က အဘိုင်ပြသည့်အပင်ကို မော့ကြည့်ရင်း
“မဖြစ်ဘူးကွ၊ ဟောဟိုက အပင်လောက်ဆိုရင် အတော်ပဲ”
ဦးတောကျော်က နောက်ထပ်အပင်တစ်ပင်ကို လက်ညှိုးထိုးပြလိုက်ပြန်သည်။ တစ်ချိန်လုံး အတိုင်အဖောက်ညီခဲ့သည့် ဦးတောကျော်နှင့် အဘိုင်မှာ ယခုတော့ အယူအဆကွဲပြားကုန်သည်။
“ကျုပ်ပြတဲ့သစ်ပင်က အကောင်းဆုံးပဲ ဦးတောကျော်၊ ခင်ဗျားပြတဲ့သစ်ပင်က မြင့်လွန်းတယ်၊ နောက်ပြီး လူသေကောင်နဲ့လည်း လှမ်းလွန်းတယ်ဗျ”
“မင်းပြတဲ့သစ်ပင်က နိမ့်လွန်းတယ်၊ နောက်ပြီးတော့ လူသေကောင်နဲ့လည်း အရမ်းနီးနေတယ်”
ဦးတောကျော်အပြောကို အဘိုင်ကလက်မခံ
“အပင်နိမ့်တယ်ဆိုပေမယ့် ကျားတစ်ခုစာထက်တော့ မြင့်ပါတယ်ဗျာ၊ နောက်ပြီး ပိုပြီးနီးတော့ မြင်ကွင်းကောင်းတယ်၊ ပစ်ကွင်းရှင်းတယ်ပေါ့ဗျာ”
ဦးတောကျော်လည်း ဆက်မပြောချင်တော့ပေ။
“ဒါဆိုလည်း ကိုယ့်သစ်ပင်မှာကိုယ်လင့်ထိုးပြီးတော့ ဘယ်သူရအောင်ပစ်နိုင်မလဲဆိုတာ စောင့်ကြည့်တာပေါ့ကွာ”
“ဟား၊ ဟား စိန်လိုက်လေမုဆိုးကြီးရာ၊ ဒီကျားကြီးရဲ့ ခေါင်းက ကျုပ်အတွက်ပဲဖြစ်ရမယ်ဗျ”
သို့နှင့် လင့်စင်ကို တစ်ယောက်တစ်စင်ဆောက်ကြသည်။ ဦးတောကျော်က ဝါးလုံးသုံးလုံးခန့်ခုတ်ပြီး လင့်စင်ကို လူတစ်ထိုင်ရရုံစာ အဖြစ်ဆောက်ထားသော်လည်း အဘိုင်ကတော့ ကျေးရွာအတွင်းမှ သစ်ခွဲသားများဖြင့် သစ်ပင်တွင် လင့်စင်ကို ခိုင်ခိုင်မာမာဆောက်လေတော့သည်။ လင့်စင်မှာ ကျယ်ဝန်းသဖြင့် လင့်စင်ထိုးပြီးသည့်အခါ ဦးတောကျော်ပင် အဘိုင်တို့လင့်စင်ပေါ်သို့တက်ခဲ့သည်။
“ဒါနဲ့ အဘိုင် မင်း ဟင်းကောင်ပစ်ဖူးသလား”
“ကျုပ် သုံးလေးကောင်တော့ပစ်ဖူးတယ်”
ထိုအခါ သူတို့အနီးတွင်ထိုင်နေသည့်ကိုမျိုးက
“နေပါအုံး မုဆိုးကြီးရ၊ ဟင်းကောင်ဆိုတာဘာလဲဗျ”
ဦးတောကျော်က
“ဟင်းကောင်ဆိုတာ အဲဒီကျားကြီးကို နာမ်နှိမ်ပြီးတော့ ခေါ်တာပေါ့ကွာ၊ တို့ မုဆိုးအယူအရ တောထဲမှာ ကျားကို ကျားလို့ခေါ်ရင် အဲဒီကျားက စွမ်းအင်တွေ ပိုတက်နေတယ်ကွ၊ ဒါကြောင့် ကျားကို ဟင်းကောင်လို့ နာမ်နှိမ်ခေါ်တာ”
“ထူးဆန်းပါ့ဗျာ”
“ဒါထက်ထူးဆန်းတာရှိသေးတယ်၊ ဟင်းကောင်လိုက်တဲ့မုဆိုးဟာ မနက်နေထွက်ကနေ နေမွန်းမလွဲခင်အထိ ဟင်းကောင်ကို မလိုက်ရဘူးကွ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တွေက ဟင်းကamင်တွေအတွက် အစွမ်းတွေတက်နေတဲ့အချိန်လို့ ယူဆကြတယ်၊ မွန်းလွဲသွားရင်တော့ ဟင်းကောင်က အစွမ်းတွေကျသွားတယ်၊ အဲဒီတော့မှ လိုက်ကြတာပေါ့”
အဘိုင်က ဦးတောကျော်ပြောသမျှကို မျက်လုံးအပြူးသားနှင့် နားထောင်နေလေသည်။
“နောက်ပြီးတော့ ဟင်းကောင်မလိုက်ခင် မကောင်းတဲ့နမ်ပါတဲ့ စားစရာတွေ မစားရဘူးကွ၊ ရှမ်းပြည်ဘက်မှာ ပဲပုတ်တို့၊ ခေါပုတ်တို့ မစားရဘူး၊ ပုပ်ဆိုတာ မကောင်းတဲ့အသံလို့ သူတို့က ယူဆကြတယ်၊ ပြီးတော့ ခေါင်ရည်သောက်တာမလုပ်ရဘူး၊ ကယားတွေဘက်ဆိုရင် ဖက်ဖယ်ရွက်မစားရဘူး၊ ဒီလိုအယူအဆတွေရှိတာပေါ့ကွာ”
“အခုလို ကျားကျန်ခဲ့တဲ့သားကောင်ကိုလည်း တောပန်းတွေခူးပြီးပန်ပေးရတယ်၊ မျက်နှာကို နံ့သာသွေးပြီးလူးပေးကြတယ်၊ ဒီလိုလုပ်ပြီးတော့ တောစောင့်နတ်တွေကို တိုင်ပင်ပြီး ဟင်းကောင်လာအောင်လို့ လမ်းပြခိုင်းကြတာပေါ့၊ ဟင်းကောင်က သူ့အစာကိုသတိရပြီး ပြန်လာမှသာ ပစ်ခတ်လို့ရတာမဟုတ်လား”
“ဒါဆို ကျုပ်တို့ရော ပန်းပန် သနပ်ခါးလူးအုံးမှာလား”
ဦးတောကျော်က အဘိုင်၏ မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။ အဘိုင်ကလည်း
“ခင်ဗျားတို့ ဗမာတွေ မတိုးတက်တာလည်းမပြောနဲ့ ဒီလိုအယူအဆတွေကို လိုက်ပြီးယူဆနေကြတာကိုးဗျ၊ ကျားကို ကျားလို့ခေါ်တော့ရော ဘာဖြစ်သလဲဗျာ၊ သူ့နာမည်ကိုကလည်း ကျားမဟုတ်လား”
ဦးတောကျော်က အဘိုင်နှင့်ဆက်ပြောနေလျှင် တစ်ယောက်နှင့်တစ်ယောက် အချင်းများကုန်မည်စိုးသဖြင့် ကိုမျိုးဘက်သို့လှည့်လိုက်ကာ
“ဒီဟင်းကောင်ကြီးအကြောင်း ပြောစမ်းပါအုံးကွ”
“ဒီလိုပါ မုဆိုးကြီးရယ်၊ ဒီဟင်းကောင်ကြီးရဲ့ အသံတွေ ကြားရတာတော့ ကြာပါပြီ၊ နောက်တော့ သစ်လုပ်ငန်းထဲက အလုပ်သမားတန်းလျားက မိန်းမတစ်ယောက်ကို ဝင်ဆွဲတာပဲ၊ အဲဒီမှာ ကျုပ်တို့လည်း မုဆိုးတစ်ယောက်ရှာလိုက်တော့ မုဆိုးထွန်းတောက်ကို တွေ့ပြီးခေါ်လိုက်တယ်၊ သူက ဒီနယ်မှာ နာမည်ကြီးတဲ့ မုဆိုးကိုးဗျ”
“ဒါတော့ဟုတ်တယ်၊ ရိုးမအနောက်ကြောမှာ ထွန်းတောက်ဆိုရင် မသိတဲ့သူမရှိသလောက်ပဲ”
“ဒါနဲ့ မုဆိုးထွန်းတောက်က ကျားကိုခြေရာခံပြီးလိုက်တာပဲ၊ သူလိုက်နေတဲ့အချိန်မှာပဲ နောက်ထပ်လူတစ်ယောက်ကို ကျားကထပ်ဆွဲတယ်၊ အဲဒီလူကတော့ သစ်လုပ်ငန်းထဲက ဆင်ဆွဲတဲ့ ဆင်ဦးစီးတစ်ယောက်ပဲ”
ဦးတောကျော်က ခေါင်းညိတ်လိုက်ပြီး
“လူ့ရဲ့သွေးအရသာကို သိသွားတယ်ထင်ပါရဲ့ကွာ”
“အဲဒီလူကိုဆွဲပြီးတဲ့နောက်မှာ မုဆိုးထွန်းတောက်က တောင်ပေါ်တက်ပြီး ကျားကိုရှာတော့တာပဲဗျာ၊ တစ်ညတော့ မုဆိုးထွန်းတောက်နဲ့ကျားကြီးနဲ့ ပက်ပင်းတိုးတယ်၊ အဲဒီကျားကို မုဆိုးထွန်းတောက်က သေနတ်နဲ့ပစ်ပေမယ့် ကျားရဲ့ရှေ့ခြေတစ်ချောင်းကိုပဲ ကျည်ထိသွားတယ်၊ မုဆိုးထွန်းတောက်ကိုလည်း အဲဒီကျားက ဆွဲပြီး တောထဲဝင်ပြေးပါရောလား”
မုဆိုးထွန်းတောက် သေဆုံးသည်ကို ကြားလိုက်ရသည့်အတွက် ဦးတောကျော်စိတ်မကောင်းဖြစ်မိသည်ကတော့ အမှန်ဖြစ်သည်။
“ဒါကြောင့် ဗြိတိသျှအစိုးရက ဒီကျားကြီးကို ဘဒင်လို့နာမည်ပေးပြီး ဆုငွေငါးဆယ်ထုတ်ထားတာပေါ့၊ ဒီကျားကြီးက ဒီတောင်တစ်ဝိုက်က ရွာတွေကိုသွားလာပြီး ကျက်စားနေတော့တာပဲ၊ အရင်က နွားတွေ၊ ကျွဲတွေကိုဆွဲပေမယ့် အခုတော့ လူတွေချည်းလိုက်ဆွဲနေတော့တာပဲဗျာ၊ မုဆိုးထွန်းတောက်ပစ်လိုက်တဲ့ ကျည်ဆန်ထိထားတဲ့ခြေထောက်က သိပ်မထောက်နိုင်ဘဲ တွဲလောင်းကျနေတာဆိုတော့ သူ့ကိုသုံးချောင်းထောက် ဘဒင်လို့ နယ်ခံတွေက နာမည်ပေးလိုက်ကြတယ်ဗျ”
“အင်း၊ လူသားကိုလည်းစားဖူးသွားပြီး၊ လူတွေလုပ်လို့ လက်လည်းနာသွားပြီဆိုတော့ ဒီဟင်းကောင်က လူတွေကိုပဲ ဆက်ပြီးစားတော့မှာပဲကွ၊ ကျားနာခဲ ခဲတယ်လို့ ခေါ်ကြတာပေါ့ကွာ၊ ဒါဆိုရင်တော့ ဒီအကောင်ကြီးက သာမန်ဟင်းကောင်တွေနဲ့မတူတော့ဘူး၊ တော်တော်ကိုသွမ်းတဲ့ ဟင်းကောင်ကြီးဖြစ်သွားပြီကွ”
စကားပြောဆိုရင်း ညနေစောင်းလာခဲ့ပြီဖြစ်သည်။ ရွာသားများမှပို့ပေးသည့် ထမင်းဟင်းများကို အဆာပြေစားသောက်လိုက်ပြီးနောက် ကိုယ့်လင့်စင်ပေါ်သို့ ကိုယ်တက်ထိုင်လိုက်ကြသည်။ ကျယ်ဝန်းသည့်လင့်စင်တွင် ကိုမျိုးနှင့် အဘိုင်တို့ ထိုင်ကြပြီး၊ ဦးတောကျော်ကတော့ သူတို့လင့်စင်နှင့် မျက်နှာချင်းဆိုင်အနေအထားရှိပြီး အနည်းငယ်ကွာဝေးသည့် သစ်ပင်ကြီးတစ်ပေါ်တွင် ဝါးသုံးလုံးကိုလင့်စင်ထိုးကာ ထိုင်စောင့်နေလေသည်။
(၄)
ကျားကြီးလာမည်ဆိုသဖြင့် ရေမသောက်၊ အပေါ့မသွား၊ လှုပ်လှုပ်ရှားရှားမနေရဲဘဲ စောင့်နေကြရသည်။ ကျားများမှာ အလွန်ကောက်ကျစ်စဉ်းလဲသလို ဥာဏ်လည်းများလှသဖြင့် အထူးသတိထားရသည်။ သူတို့စားထားခဲ့သည့် သားကောင်အနီးတွင် ခြေရာလက်ရာပျက်ခြင်း၊ အနံ့ရခြင်း၊ မသင်္ကာစရာတစ်ခုခုရှိနေခြင်းဆိုပါက ထိုကျားမှာ အလောင်းဆီသို့မလာဘဲ အဝေးမှကြည့်ကာ လှည့်ပြန်သွားတတ်ကြသည်။
“တစ် . . . တစ် . . . တစ်”
ညည့်သိပ်မနက်ခင်မှာပင် ကျားတောက်သံကိုကြားရသည်။ ထိုအသံမှာ ကျားများနှုတ်မှထွက်တတ်သည့်အသံမျိုးဖြစ်သည်၊ ထိုအသံကြားလိုက်ရသည်နှင့် မုဆိုးဦးတောကျော်လည်း သေနတ်ကိုအသင့်ပြင်ထားလိုက်သည်။ ချောင်းကမ်းစပ်အနီးမို့ သစ်ပင်များကျဲနေသဖြင့် ခပ်မှိန်မှိန်သာနေသည့် လရောင်က တောအုပ်အတွင်းဖြာကျနေလေသည်။
ကျားတောက်သံကြီးမှာ ပတ်ပတ်လည်တွင် ကြားနေရသဖြင့် ကျားကြီးမှာ သူ့အစားအစာအတွက် နယ်မြေရှင်းမရှင်းကို လိုက်လံအကဲခတ်နေခြင်းဖြစ်မည်။ ထိုစဉ် တိမ်မှောင်တစ်အုပ်က လကိုဖုံးကွယ်သွားလေရာ တောအုပ်အတွင်း အမှောင်ဖုံးသွားလေသည်။ ဦးတောကျော်လည်း မျက်စိလျင်လျင် နားလျင်လျင်ထားပြီး ကျားကိုစောင့်ဆိုင်းနေမိသည်။ ပတ်ဝန်းကျင်တွင် လေတိုက်သံ၊ စမ်းရေစီးသံမှတပါး အခြားအသံများမရှိဘဲ တိတ်ဆိတ်နေလေသည်။
မကြာခင် ထိုတိမ်မှောင်တစ်စုမှာ လကိုဖုံးကွယ်ထားရာမှ လွင့်ပြယ်သွားတော့သည်။ ထိုအချိန်တွင် ဦးတောကျော်နှင့် မျက်နှာချင်းဆိုင် တောင်ကြောတစ်ခုအပေါ်တွင် အနက်နှင့်အဝါစင်း ကျားကြီးကိုလှမ်းမြင်တွေ့လိုက်ရသဖြင့် ဦးတောကျော်က သေနတ်ဖြင့်ထိုးချိန်လိုက်သည်။
သို့သော် ထိုနေရာမှာ ဦးတောကျော်နှင့် ကိုက်ငါးရာခန့်ကွာဝေးသည်မို့ သေနတ်ကျည်ဆန်ရောက်နိုင်မည်မဟုတ်သဖြင့် မပစ်ခတ်ဘဲ ပစ်ကွင်းကောင်းသို့ ကျားကြီးရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလေသည်။
“ဝေါင်း . . . “
သို့သော် မှန်းချက်နှင့် နှမ်းထွက်မှာ လွဲတော့သည်၊ ထိုကျားကြီးမှာ လျှိုမြောင်အတွင်းသို့ဆင်းမလာဘဲ တောင်စောင်းပေါ်မှတဆင့် သစ်ပင်တစ်ပင်ပေါ်သို့ခုန်တက်လိုက်လေသည်။ ဦးတောကျော်လည်း မျက်လုံးပြူးသွားသည်။ ထိုသစ်ပင်မှာ အဘိုင်တို့ လင့်ထိုးစောင့်နေသည့် သစ်ပင်ဖြစ်သည်။ သစ်ပင်က မြေနိမ့်ပိုင်းတွင်ပေါက်နေလေရာ သစ်ပင်ထိပ်ဖျားနှင့် တောင်စောင်းမှာ တပြေးညီနီးပါး ရှိနေသောကြောင့်ဖြစ်သည်။
ဦးတောကျော်ထင်ထားသည့်အတိုင်းပင် ကျားကြီးက အဘိုင်တို့လင့်စင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ကောက်ကျစ်စဉ်းလဲသည့် ကျားကြီးမှာ သူ့အားစောင့်ပစ်သူများရှိလိမ့်မည်ဟု တွေးထင်ထားပုံရသည်။ လင့်စင်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ ထို့နောက် သေနတ်သံနှစ်ချက်က ထွက်ပေါ်လာလေသည်။
“ဒိုင်း . . . ဒိုင်း”
သို့သော် သေနတ်မီးပွင့်များမှာ မိုးပေါ်ထောင်ကာထွက်သွားသဖြင့် ကျားကိုပစ်မိခြင်းမဟုတ်ဘဲ ကြောက်ကြောက်လန့်လန့်နှင့် ပစ်ခတ်မိခြင်းဖြစ်မည်ဟု ဦးတောကျော်ကတွေးလိုက်မိကာ လင့်စင်ဆီသို့ သေနတ်ကိုထိုးချိန်လိုက်သည်။
“အား . . . . အား”
လူတစ်ယောက်ကြောက်လန့်တကြားနှင့် အော်ဟစ်သံကိုကြားလိုက်ရပြီးနောက် ကျားကြီးက လင့်စင်ပေါ်မှ လွှားခနဲခုန်ဆင်းလာလေသည် ကျားကြီး၏ ပါးစပ်တွင်လည်း လူတစ်ဦးကို လည်ကုတ်မှ ကိုက်ချီထားသည်။ ကျားကြီးက စမ်းချောင်းအနီးသို့တိုးကပ်လိုက်သည့်အခါ ကျားကိုက်ချီထားသည့်လူမှာ အင်္ကျီအပြာဝတ်ထားသည့် အဘိုင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ဦးတောကျော်လည်း ကျားကြီး၏ ဦးခေါင်းကိုသေနတ်နှင့်ထိုးချိန်လိုက်ပြီးနောက် မောင်းခလုပ်ကို ညှစ်ချလိုက်လေသည်။
“ဒိန်း . . . “
ကျယ်လောင်သည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီးသည့်အခါ ကျားကြီးမှာ တောအတွင်းတိုးဝင်ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။ ယမ်းငွေ့တွေအူနေသဖြင့် ဦးတောကျော်က ပတ်ဝန်းကျင်ကို သေသေချာချာမမြင်တွေ့ရပေ၊ သေနတ်ကိုကျည်ဆန်ပြန်ထည့်လိုက်ပြီး အသင့်ပြင်ထားလိုက်သည်။ စမ်းချောင်းနံဘေးတွင် အဘိုင်က လူးလွန့်နေလေသည်။
ကျားကြီးပြန်မလာမှန်းသေချာသွားတော့မှ ဦးတောကျော်လည်း လင့်စင်ပေါ်မှဆင်းခဲ့ကာ အဘိုင်ထံသို့ပြေးလာခဲ့သည်။
“အဘိုင် . . . အဘိုင်”
အဘိုင်က မှောက်ခုံကြီးလူးလွန့်နေလေသည်။ အဘိုင်၏ လည်ကုတ်မှာ ပွင့်ထွက်နေပြီး အတွင်းမှ အရိုးဖြူဖြူကြီးများကိုပင် လရောင်နှင့် အတိုင်းသားမြင်နေရသည်။ သွေးတွေထွက်နေသည်မှာလည်း မြင်မကောင်းပေ။ အဘိုင်ကို ဦးတောကျော်က ပက်လက်လှန်လိုက်ရာ အဘိုင်မှာ မျက်လုံးအပြူးသားနှင့်ပင် ဦးတောကျော်လက်အတွင်းမှာပင် အသက်သေဆုံးသွားတော့သည်။
ဦးတောကျော်က အနီးသို့ကြည့်လိုက်ရာ သွေးကွက်များကိုတွေ့လိုက်ရပြီး ကျားစွယ်တစ်ချောင်းကျနေသည်ကိုမြင်လိုက်ရသဖြင့် ဦးတောကျော်လည်း ကျားစွယ်ကိုကောက်ယူကာ ကြည့်လိုက်လေသည်။
“ငါ့ကျည်ဆန်က ခေါင်းကိုထိတော့ထိတယ်၊ ဒါပေမယ့် ကျားမေးရိုးကိုထိပြီး ကျားစွယ်ကျိုးကျန်ခဲ့တာပဲဖြစ်မယ်”
ဦးတောကျော်က တွေးလိုက်ကာ လရောင်အောက်တွင် ကျားစွယ်ကိုအသေအချာတိုင်းကြည့်လိုက်သည်။ လက်နှစ်ဆစ်ခန့်ရှိသည့် ကျားစွယ်မှာ ကျားကြီး၏ အောက်မေးရိုးမှ အစွယ်ဖြစ်မည်ထင်သည်။
ဦးတောကျော်လည်း အဘိုင်တို့လင့်စင်ဆီသို့တက်လာခဲ့သည်။ လင့်စင်ပေါ်တွင်တော့ မျက်လုံးအပြူးသားနှင့် ကုန်းကုန်းကြီးဖြစ်နေကာ ပါးစပ်မှလည်း အဖြူရောင်အမြှုပ်များထွက်ပေါ်နေသည့် ကိုမျိုးကိုတွေ့လိုက်ရသည်။ ကိုမျိုးမှာ အကြောက်လွန်ပြီး သတိလစ်သွားခြင်းဖြစ်မည်။ စမ်းချောင်းကလေးအနီးတွင်တော့ လူသေအလောင်းနှစ်ခုက အလျိုလျို လဲကျသေဆုံးနေကြတော့သည်။
“သွားပြီ၊ တစ်ယောက်တော့ သွားရှာပြန်ပြီ”
သစ်တောဝန်ထောက်မင်းမှာ အလွန်စိတ်ညစ်နေပုံရသည်။ ထို့နောက် ဦးတောကျော်ကိုကြည့်လိုက်ပြီး
“မုဆိုးကြီး ဘာဆက်လုပ်မှာလဲ”
“ကျုပ်ကတော့ ကျားနာကိုရအောင်ရှာမှဖြစ်လိမ့်မယ်၊ အဲဒီကျားနာက အနီးအပါးက လူတွေကို လစ်ရင်လစ်သလို ရန်မူတိုက်ခိုက်နေမှာပဲ”
ဦးတောကျော်က ထိုသို့ပြောဆိုလိုက်ပြီးနောက် သူရထားသည့်ကျားစွယ်ကို သစ်တောဝန်ထောက်မင်း၏ စားပွဲပေါ်သို့ ပစ်ချပေးလိုက်လေသည်။
“ဒီတစ်ခါ ကျုပ်အစွယ်ပဲရလာခဲ့ပေမယ်၊ နောက်တစ်ခါဆိုရင်တော့ အဲဒီကျားရဲ့ခေါင်းကို ရအောင်ယူလာခဲ့ပါ့မယ်”
သစ်တောဝန်ထောက်မင်းက သက်ပြင်းချလိုက်ကာ
“ကောင်းပါပြီ မုဆိုးကြီး၊ ဘဒင်ကြီးရဲ့ ခေါင်းကိုရတဲ့သူ ဆုတော်ငွေ တစ်ရာတိတိ ချီးမြှင့်မယ်”
အပိုင်း (၂) ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။