နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် ဆမန်းညီနောင်များ
အတွဲ(၃) အပိုင်း (၁၁) (၁) မြင့်မားလှသည့် တောင်တန်းကြီးများအလယ်ရှိ ကွင်းပြင်ကျယ်ကြီးအတွင်းတွင် ထီးတည်းကြီး ချွန်ထွက်နေသည့် တောင်ကြီးတစ်တောင်ရှိသည်။ လင်းဆွဲများက ထိုတောင်ပေါ်သို့ပျံသန်းကာ တက်လာကြပြီးသည့်နောက် တောင်ထိပ်ရှိ နတ်ကျောင်းဆောင်အပျက်ကြီးထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။ နတ်ကျောင်းဆောင်ပျက်ကြီးအတွင်းသို့ လရောင်က ထိုးကျနေလေသည်။ နတ်ကျောင်းဆောင်ကြီး၏ တစ်ဖက်စွန်းတွင်တော့ ကျောက်သားကိုထွင်းထုထားသည့် အမျိုးသမီးပုံစံရုပ်တုကြီးရှိသည်။ သို့သော်လည်း ထိုရုပ်တုကြီးမှာ နှစ်ကာလကြာမြင့်စွာတည်ရှိနေခဲ့သဖြင့် ပျက်စီးယိုယွင်းကာ ခေါင်းများ၊ ခြေလက်များမှာ ပဲ့ကျနေပြီဖြစ်သည်။ ထိုရုပ်တုကြီး၏ တစ်ဖက်စွန်းတွင်တော့ ကျောက်သားဖြင့်ပြုလုပ်ထားသည့် စားပွဲဝိုင်းကြီးတစ်ခုရှိပြီး ထိုစားပွဲဝိုင်းကြီးနှင့် မလှမ်းမကမ်း တောင်စွန်းပေါ်တွင်တော့ ကျောက်သားဖြင့်ပြုလုပ်ထားသည့် ကျောက်မောင်းကြီးလည်းရှိသေးသည်။ လင်းဆွဲတစ်သောင်းသခင်ကြီး စိုင်းနော်က ထိုကျောက်မောင်းကြီးအနီးသို့သွားကာ မန္တန်တစ်ပုဒ်ကို ရွတ်ဖတ်လိုက်ပြီး ကျောက်မောင်းကြီးကို လက်နှင့်ပွတ်သပ်လိုက်လေရာ ကျောက်မောင်းကြီးမှာ အစိမ်းရောင်အလင်းတန်းများဖြင့် လင်းလက်လာတော့သည်။ စိုင်းနော်က တစ်ဖန် ကျောက်မောင်းကြီးကို လက်သီးဖြင့်သုံးချက်ထုခတ်လိုက်လေရာ ကျောက်မောင်းကြီးမှာ ထူးဆန်းသည့်အသံတစ်မျိုးထွက်သွားပြီးနောက်…