ပြောင်းပြာရွာသူ မသဲဖြူ
အပိုင်း(၄) ဇာတ်သိမ်းပိုင်း “ခင် . . ခင်ဗျားတော်တော်ရက်စက်တဲ့မိန်းမကြီးပဲ” မသဲဖြူက ရယ်မောလိုက်ပြီးနောက် “ရက်စက်တယ်ဟုတ်သလား . . . ဟား၊ ဟား၊ အရင်တုန်းကတော့ ငါ့ကိုယ်ထဲက စုန်းကဝေက လူသားစားချင်လို့စားခဲ့တာ၊ အခုတော့ ငါကိုယ်တိုင်ကိုက လူသားကလွဲပြီး ဘာသားမှ မစားချင်တော့ဘူးလေ၊ ကဲပါ၊ ဒါတွေနင်တို့သိလည်း အပိုပဲ၊ ဘာလို့လဲဆိုတော့ မနက်ဖြန်မြကြီးရဲ့ ကျန်တဲ့အသားတွေကို ငါစားပစ်မယ်၊ နောက်နေ့ကျရင်တော့ နင်တို့နှစ်ယောက်ကိုအရင်စားမယ်၊ ဟောဒီက ထွားထွားကျိုင်းကျိုင်းနဲ့လူကြီးကိုတော့ ငါ့ဘက်ပါအောင် စည်းရုံးရအုံးမယ်လေ” မသဲဖြူကပြောလိုက်ကာ ဖိုးထွား၏ ကျစ်လျစ်သန်မာလှသည့် ရင်ဘတ်ကြွက်သားကြီးများနှင့် ဗိုက်ကြွက်သားများကို လက်ဖြင့်ပွတ်သပ်နေသေးသည်။ ထို့နောက် မသဲဖြူက အသံအကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး အိပ်ရာပေါ်တက်သွားလေသည်။ “ငါအိပ်ချင်ပြီ၊ အိပ်တော့မယ်” မသဲဖြူက ကွေးကွေးကလေးအိပ်သွားလေသည်။ အပြူးနှင့် ဒိုးလုံးတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ဒိုးလုံးက…