ဘယ်သန်ဘခက်နှင့် ညာလက်ရုံး ဗီဂျေး
စာစဉ် (၂) (၁) ၁၉၃၀ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းကြီးသည် ဆိပ်ကမ်းဂိုထောင်တွင်ဖြစ်ပွားသည့် ဘခက်နှင့် ဗီဟန်တို့၏ ရန်ပွဲမှစတင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းသို့ တောမီးပမာ ပျံ့နှံ့သွားလေတော့သည်။ အမျိုးသားရေးလှုပ်ရှားမှုများ အရှိန်ကောင်းလာသည့်အချိန်ဖြစ်သည့်အပြင် ဖိနှိပ်ခံရမှုများလည်းရှိနေသည်မို့ ဗမာတစ်မျိုးသားလုံးမှာ အုံကြွလှုပ်ရှားကြသည်။ မြို့ကြီးများတွင် အင်္ဂလိပ်အစိုးရမှာ ရက်ပိုင်းအတွင်း ထိန်းသိမ်းနိုင်ခဲ့သော်လည်း ကျေးလက်ဒေသများတွင်တော့ ထင်သလောက်မထိန်းချုပ်နိုင်ခဲ့ပေ၊ အထူးသဖြင့်် တောင်သူလယ်သမားများအား အမြတ်ထုတ် ဂုတ်သွေးစုပ်နေသည့်် ချစ်တီးခေါ် ငွေရှင်မြေရှင်ကြီးများနှင့်် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သည့် ကျေးကုလားများနှင့်် ဗမာလူထုကြား ပဋိပက္ခများဖြစ်ပွားကာ သွေးချောင်းစီးခဲ့ရလေသည်။ ထိုခေတ်ကာလ အုပ်ချုပ်ရေးတွင် ဗမာအမျိုးသားများမှာ အပယ်ခံများဖြစ်ကြသည်။ အိန္ဓိယမှ ငွေရှင်ကြေးရှင်ကြေးရတတ်များက မြန်မာနိုင်ငံံသို့ ရောက်လာကြကာ လယ်မြေများကို အင်္ဂလိပ်အစိုးရနှင့်ပူးပေါင်းကာ မတရားသိမ်းယူသည်။ ထို့နောက် အိန္ဓိယမှ ရွှေ့ပြောင်းအလုပ်သမားများကို အသုံးပြုငှားရမ်းကာ ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးကြလေသည်။ ရရှိသည့်အကျိုးအမြတ်ဟူသမျှကို…