(၁)
ဦးဘသာကြီးအကြောင်းပြောရင်းနဲ့ တော်တော်ရောက်လာခဲ့ပြီ၊ ဒီတစ်ခါတော့ ကျုပ်ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဦးဘသာနဲ့ ပညာပြိုင်ခဲ့တဲ့ စုန်းမတစ်ယောက်အကြောင်းဗျ၊ ပြောရမယ်ဆိုရင် ကျုပ်အသက် ဆယ့်ငါးနှစ်လောက်ကပေါ့ဗျာ။
ကျုပ်တို့ဆီမှာက အစိုးရကျောင်းမရှိဘူးဗျ၊ ကျောင်းဆိုရင် ကျုပ်တို့ရွာနဲ့ ရှစ်မိုင်ဝေးတဲ့ တန်းမြင့်ကျေးရွာက မူလတန်းကျောင်းကို သွားတက်ရတယ်၊ ဒါပေမယ့် အဲဒီကျောင်းကလည်း ပေတိပေစုတ်ပါ၊ ဆရာလည်း တစ်ယောက်နှစ်ယောက်လားရှိတာဆိုတော့ ကျုပ်တို့လိုဝေးတဲ့သူတွေက ကျောင်းကို တကူးတကသွားမတက်ကြဘူးဗျ။ ကျုပ်တို့မိဘတွေကလည်း မထားပေးဘူး၊ သူတို့လည်း အစိုးရကျောင်းနေခဲ့ရတာမှ မဟုတ်တာ၊ ဒါကြောင့် ရွာက ယောက်ျားလေးတွေဆိုရင် ဆယ်နှစ်လောက်ဆိုတာနဲ့ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းကိုပို့တာပေါ့ဗျာ။
ဘုန်းကြီးကျောင်းဆိုလို့ သိပ်လွယ်တယ်မထင်နဲ့ကိုယ့်လူ၊ ဘုန်းကြီးကျောင်းမှာက မြန်မာစာသင်တယ်၊ ပါဠိသင်တယ်၊ နောက်ပြီး ဘုရားစာတွေသင်တယ်၊ ဗေဒင်သင်တယ်၊ ဆေးပညာသင်တယ်ဗျာ၊ ခုခေတ်နဲ့ပြောရရင်တော့ ဘာသာတွဲတွေပေါ့ဗျာ။ ဘုန်းကြီးကျောင်းမှာသင်တဲ့ သဂြိုလ်တို့၊ သဒ္ဒါဆို့ဆိုတာ သိပ်ခက်တာဗျာ၊ ကျုပ်တို့မှာ ဘုန်းကြီးကျောင်းတက်ခဲ့ပေမယ့် မျက်ရည်နဲ့မျက်ခွက် တက်ခဲ့ရတာဗျ။
စာရေးဆရာတို့မမီလိုက်ဘူးထင်လို့ ပြောပြရအုံးမယ်ဗျ၊ ဘုန်းကြီးကျောင်းတက်ရင် မနက်အစောကြီး အိမ်ကနေထပြီး ဘုန်းကြီးကျောင်းသွားရတယ်၊ ကျောင်းမှာလည်း အလုပ်တွေကူလုပ်ပေးရသေးတယ်ဗျ၊ နောက်ပြီး ဘုန်းကြီးတွေဆွမ်းစားပြီးတော့မှ စာစသင်တာ၊ မြန်မာစာ ကကြီးခခွေးသင်တယ်၊ ဘုရားစာဆိုရင်တော့ ပရိတ်ကြီးဆယ့်တစ်သုတ်ပေါ့၊ ကျုပ်တို့တုန်းက စာအုပ်တွေဘာတွေမရှိဘူး၊ ရှိလည်း ကကြီးခခွေးသမားတွေဆိုတော့ ဘယ်ဖတ်တတ်ပါ့မလဲ၊ အရှေ့က ဦးဇင်းတွေတိုင်ပေးတာကိုလိုက်ဆိုရတာ၊ ပြီးရင် ညနေလောက်ကျရင် အဲဒီပရိတ်တွေပြန်မေးတာဗျ၊ သေချာနားထောင်ပြီး လိုက်မှတ်နိုင်မှ၊ မရရင်တော့ သိတဲ့အတိုင်းပေါ့ဗျာ၊ ကြိမ်ကောင်းကောင်းနဲ့ဆော်တာ။ ဘုန်းကြီးကျောင်းသားဘဝက အဲဒီလိုပါဗျာ၊ ပြီးရင် ဗေဒင်တို့၊ ဆေးကျမ်းတို့သင်သေးတာ၊ ကျုပ်တို့မှာ ငယ်ငယ်နဲ့ဥတုတို့ ပညတ်တို့၊ အာဟာရတို့ကျက်ရတာဗျ၊ ဗေဒင်မဟာဘုတ်ထူနည်းတို့အဲဒီတုန်းက ကျုပ်အလွတ်ရတယ်ပေါ့ဗျာ။
ဒီလိုနဲ့တက်ရင်း ပါရမီပါတဲ့သူကျတော့ ဘုန်းကြီးကျောင်းဆက်တက်ပြီး ကိုရင်တွေဘာတွေဝတ်ကြတာပေါ့၊ ဗေဒင်တော်တဲ့သူကျတော့ ဗေဒင်လိုင်း၊ ဆေးပညာတော်တဲ့သူကျတော့ ဆေးဆရာလိုင်းပေါ့၊ ဘုန်းကြီးကျောင်းကနေအဆင့်တဖြည်းဖြည်းတက်သွားကြတာပေါ့ဗျာ၊ မြိုင်သာမှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာကြီးက ကျုပ်တို့အောက်က တစ်နှစ်ငယ်တယ်ဗျ၊ ငယ်ငယ်ကဆိုရင် ကျုပ်တို့နဲ့ ငိုဖော်ငိုဖက်တွေပေါ့၊ ခုမြို့မှာ ဝမ်းနှုတ်ဆေးဖော်ရောင်းပြီး နာမည်ကြီးသွားတဲ့ ဆေးဆရာကြီးဆိုရင်လည်း ကျုပ်တို့နဲ့တစ်တန်းထဲတက်ခဲ့တာပေါ့ဗျာ။
အဲ၊ သူတို့က ပါရမီပါခဲ့ပေမယ့် ကျုပ်တို့ကတော့ ပါရမီမပါပါဘူးဗျာ၊ ငိုယိုတက်ပြီး နှစ်နှစ်လောက်ကြာတော့ ဘုန်းကြီးကျောင်းကိုမသွားတော့ဘူး၊ ရွာဓလေ့က ကျောင်းမတတ်ရင် အိမ်အလုပ်ကူရတယ်ဗျ။ နွားတွေရှိတော့ နွားကျောင်း၊ နွားစာရိတ်၊ လယ်တွေယာတွေကူရတယ်ပေါ့၊ မိန်းကလေးတွေကတော့ ကျောင်းတက်လေ့မရှိဘူးဗျ၊ ငယ်ငယ်ကတည်းက အိမ်မှုကိစ္စတွေ သင်ရတာပေါ့ဗျာ။
ဒီလိုနဲ့ ကျုပ်အသက်ဆယ့်သုံးနှစ်လောက်မှာ ကျောင်းထွက်ပြီးတော့ လယ်ထဲဆင်းခဲ့တယ်။ ကျုပ်အဖေတို့လယ်ကလည်း ဦးဘသာကြီးတို့လယ်နဲ့ နှစ်ဘက်ဆက်နေတာဆိုတော့ ဦးဘသာကြီးနဲ့ လယ်ထဲသွားတိုင်း တွေ့နေကျပေါ့ဗျာ။ အဲဒီမှာ ဦးဘသာကြီးနဲ့ ခင်သွားတယ်ဗျ။ အကိုအကြီးက အိမ်ထောင်ကျသွားပြီးတော့ အဖေက အကိုကြီးကိုလယ်တွေခွဲပေးလိုက်တယ်၊ အိမ်ကလယ်တွေကိုတော့ ကျုပ်နဲ့ ကျုပ်ညီရယ်၊ ကျုပ်ဘကြီးတစ်ယောက်ရယ် အတူလုပ်ကြတာပေါ့ဗျာ။
(၂)
ဦးဘသာကြီးက ဘယ်လိုလူလဲဆိုတာသိတော့ ကျုပ်လည်း သူ့ပညာတွေကို စိတ်ဝင်စားတယ်လေ၊ ဒါကြောင့် လယ်ထဲဆင်းပြီး အားပြီဆိုရင် ဦးဘသာကြီးတဲမှာ သွားသွားထိုင်နေတတ်တာပဲ၊ အဖေကတော့ ဘာမှမပြောပေမယ့်၊ အမေကတော့ မကြိုက်ဘူးဗျ။ ကျုပ်လည်းကြုံတိုင်း ဦးဘသာကြီးဆီကပ်ပြီး ပြောရတောပေါ့ဗျာ။
“ဦးဘသာကြီး ကျုပ်ကိုပညာသင်ပေးပါလားဗျ”
“အောင်မယ်၊ မင်းကပညာတတ်ပြီးတော့ ဘာလုပ်ချင်လို့လဲကွ”
သူအဲဒီလိုမေးတိုင်း ကျုပ်ရေရေရာရာမဖြေတတ်ဘူးဗျ၊ ကျုပ်အကြောင်းပြချက်တွေ လျှောက်ပေးတိုင်းလည်း သူက မကောင်းဘူး မလုပ်ပါနဲ့ချည်းပြောနေတာဗျ။ ဒီတစ်ခါတော့ ကျုပ်ကနပ်သွားပြီလေ။
“ကျုပ်ကိုပညာသင်ပေးပါ၊ မဟုတ်ရင်လည်း တုတ်ပြီးဓါးပြီး အဆောင်လေးတွေ၊ ဆေးလေးတွေ ချီးမြှင့်ပေးပါဗျာ”
“အစီအရင်တွေ၊ ဆေးတွေဆိုတာ အလကားရတာမဟုတ်ဘူ့းကွ၊ တစ်ခုခုကိုပေးဆပ်မှ တစ်ခုခုပြန်ရတာကွ၊ နေပါအုံး၊ တုတ်ပြီးဓါးပြီးတော့ မင်းကဘာလုပ်ချင်လို့လည်း၊ ဓါးပြတိုက်စားမလို့လား”
“မဟုတ်ပါဘူးဗျ၊ အကာအကွယ်ဖြစ်တာပေါ့”
“မဟုတ်တာတွေမလုပ်ကောင်းဘူးကွ ငါ့တူရ၊ ငါပြောပြမယ်၊ တုတ်ပြီးဓါးပြီးတဲ့နည်းတွေ အများကြီးရှိပါတယ်ကွ၊ တစ်ပွဲတိုးနည်းဆိုတာ လိုချင်မှ တစ်ခါပဲထုတ်သုံးတဲ့နည်းကွ၊ နောက်ပြီးတော့ တက်တူတို့ထိုးသလိုမျိုး ဆေးတွေထိုးလို့ရတယ်၊ အဲဒီဆေးတွေကတော့ နည်းနည်းအောက်လမ်းနည်းဆန်တယ်ကွ၊၊ နောက်ပြီး အင်းတွေ၊ အစောင်တွေလည်းရှိသေးတယ်”
“တုတ်ပြီးဓါးပြီးဆိုတိုင်း အချိန်ပြည့်ပြီးနေတာမဟုတ်ဘူးကွ၊ သူက ကိုယ်လိုချင်တဲ့အချိန်မှ ပြီးအောင်လို့ မနန်တွေ အုပ်မန်းရတာကွ”
“ဪ၊ ဒီလိုလား မသိပါဘူးဗျာ၊ ကျုပ်က အချိန်ပြည့်ရတယ်ထင်နေတာ”
“တက်တူကြီး ထိုးထားတဲ့ ဘီလူးသားပိုက်ဆေးဆိုရင် တုတ်ဓါးပြီးတာမှန်ပေမယ့် သူက အောက်လမ်းနည်းတစ်မျိုးပဲကွ၊ ဘီလူးဆေးထိုးထားတော့ အဲဒီဆေးကိုစောင့်တဲ့ ဘီလူးက ကိုယ့်ကိုယ်မှာဝင်ဆွဲနေတာပေါ့ကွာ၊ လူကလည်း ဘီလူးစိတ်ပေါက်ပြီး ကြမ်းကြမ်းတမ်းတမ်း ပေပေကမ်းကမ်းနေတာမဟုတ်လား”
(ထိုအချိန်က ဦးတက်တူမသေသေးပါ)
“ဟုတ်တယ်နော်”
“ပြီးတော့ အဲဒီဆေးတွေကလည်း အထူးသဖြင့် အိပ်နေတဲ့အချိန်တို့၊ မိန်းမနဲ့အိပ်တဲ့အချိန်တို့၊ သတိလစ်နေတဲ့အချိန်တွေမှာ ဆေးစောင့်တွေက ခွာနေတတ်တယ်ကွ၊ အဲဒီအချိန်မစွမ်းဘူးပေါ့ကွာ”
ဟုတ်တော့ဟုတ်တယ်ဗျ၊ ကျုပ်ပြန်စဉ်းစားလိုက်တော့ ဦးတက်တူကြီးသေတော့ မခင်မြက အိပ်ရာထဲမှာ ဓါးနဲ့ခုတ်သတ်လိုက်တယ်မဟုတ်လား၊ အဲဒီအချိန်က ဆေးစောင့်ကွာနေတဲ့အချိန်ဖြစ်လိမ့်မယ်ဗျ။
“အဲဒီဆေးတွေက ကောင်းကျိုးထက် ဆိုးကျိုးများတဲ့ဆေးတွေပါကွာ၊ မလုပ်ကောင်းပါဘူး၊ တုတ်ဓါးပြီးလို့ ဆေးကုမရဘဲ သေသွားတဲ့သူတွေတောင်ရှိတယ်မဟုတ်လား”
“ဟင်၊ တုတ်ဓါးပြီးတာ ဆေးကုလို့မရဘူးတဲ့လား”
“အေးကွ၊ မင်းမကြားဖူးရင်ပြောပြမယ်၊ ငါဟိုတစ်လောက မြိုင်သာတက်တော့ ဈေးထဲမှာပြောနေကြတာပါကွာ၊ အဲဒီလူကြီးတစ်ယောက်က တုတ်ဓါးပြီးသတဲ့ကွ၊ တစ်ရက်တော့ အသည်းအသန်နေမကောင်းဖြစ်ပြီး သတိလစ်သွားလို့ ဆေးရုံပို့တာ ဆရာဝန်က အပ်တောင်ထိုးမရဘူးတဲ့ကွ၊ သူ့အသားက အပ်ထိုးရင် ကျောက်တုံးကြီးလိုဖြစ်သွားတာတဲ့ကွာ”
“ဒါနဲ့ ခုနက ဦးဘသာကြီးပြောတော့ သတိလစ်နေရင် ဆေးပြယ်တယ်ဆိုဗျ”
ဦးဘသာကြီးပြုံးတယ်ဗျ။
“အေးကွာ၊ မင်းထောက်တာမှန်ပါတယ်၊ သူသုံးထားတာက ဆေးမဟုတ်ဘဲ အဆောင်တစ်ခုကိုလက်မောင်းမှာပတ်ထားတာကွ၊ အဲဒီအဆောင်အင်းက ဂြိုလ်ချိန်နက္ခတ်နဲ့ ကိုက်နေတာ့ ဆေးအောင်နေတာပေါ့ကွာ၊ သူ့မိသားစုကလည်း အင်းကြောင်းဆိုတာ သိထားပုံမရဘူးကွ၊ အင်းတွေက များသောအားဖြင့် ဂြိုလ်အသွားအလာ၊ နက္ခတ်အသွားအလာကိုကြည့်ပြီး စီရင်ကြတာမဟုတ်လား”
ကျုပ်လည်း သိပ်နားမလည်တော့ သူပြောတာပဲခေါင်းညိတ်လိုက်ရတာပေါ့ဗျာ၊ သူ့ဆီက ပညာလည်း ဘာမှမရခဲ့ပါဘူး၊ သူပြောတဲ့ ဗဟုသုတတော့ ရခဲ့တာပေါ့ဗျာ။
(၃)
ဟိုရက်က ကျုပ်တို့ရွာက ပုံပုံတွေအကြောင်းပြောခဲ့တယ်မဟုတ်လားဗျ၊ အဲဒီလိုနဲ့ ရွာက ခြံတွေရဲ့အနောက်ဘက်မှာ ပုံပုံတွေအများကြီးရှိတာပေါ့ဗျာ၊ ကျုပ်တို့ခြေရင်းခြံမှာက ဒေါ်ဝိုင်းဆိုတဲ့ အဒေါ်ကြီးနေတယ်ဗျ။ တစ်ညကျတော့ အဲဒီဒေါ်ဝိုင်းကြီးက အလေးသွားချင်တာနဲ့ ထုံးစံအတိုင်း အိမ်အောက်ကိုဆင်းခဲ့တာပေါ့ဗျာ၊ လထွက်ညဆိုတော့ လကလည်းသာနေတာမို့လို့ ဆီမီးခွက်မယူတော့ဘဲဒီအတိုင်းပြေးဆင်းခဲ့တယ်ဗျ။ ခြံနောက်ဖေးမှာ ချုံကလေးတွေရှိတာမို့ ခြုံတွေကြားထိုင်လိုက်တာပေါ့ဗျာ၊ လူကတော့ လယ်ကွင်းဘက်ကို မျက်နှာမူထားတာပေါ့၊ အဲဒီအချိန်မှာ ဝါဖန့်ဖန့်မီးလုံးကြီးက လယ်ကွင်းစပ်မှာ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ တလှုပ်လှုပ်သွားနေသတဲ့ဗျာ၊ ဒေါ်ဝိုင်းကြီးလည်း ကြည့်ပြီးမအော်ရဲဘူးပေါ့၊ ဒါနဲ့ချုံပုတ်ထဲမှာ ဝပ်နေလိုက်တာပေါ့ဗျာ၊ အဲဒီအချိန်မှာ လယ်ကွင်းထဲက ဖြတ်လာပြီးတော့ ခြံနောက်ဖေး ရိုးချောင်းထဲကို ဆင်းလာပါရော၊ ရိုးချောင်းကလေးက နွေနဲ့ဆောင်းဆို ရေမရှိဘဲ ခန်းခြောက်နေတတ်တာ၊ အဲဒီရိုးချောင်းထဲကနေမှ အိမ်နောက်ဖေး ချုံကြားကိုပျံလာတာတဲ့ဗျ၊ ဒေါ်ဝိုင်းကြီးက ထွက်ပြေးရကောင်းမလား၊ ဆက်ပဲပုန်းနေရကောင်းမလားနဲ့ပေါ့ဗျာ၊ အဲဒီမီးလုံးကြီးက နောက်တော့ အရင်နေ့တွေက ပါထားတဲ့ ချေးပုံအခြောက်တွေကို သွားပြီးတော့ နားလိုက်၊ ခွာလိုက် လုပ်နေသတဲ့၊ ချေးပုံ တစ်ပုံပြီးတစ်ပုံသွားရင်း နောက်တော့ ဒေါ်ဝိုင်းကြီးအနားရောက်လာတာပေါ့၊ ဒေါ်ဝိုင်းကြီးလည်း အဲဒီတော့မှ ကြောက်ပြီးတော့ အော်ပြီးတော့ထပြေးပါရော၊ မီးလုံးကြီးကလည်း လန့်သွားတယ်ထင်ပါရဲ့ တစ်ချိုးတည်း ပြေးတော့တာပဲတဲ့ဗျာ။
(၄)
“အဲဒါ ချေးစားစုန်းကွ”
ဒေါ်ဝိုင်းအဖြစ်ကိုကြားတော့ ကာလသားတွေက တစ်ယောက်တစ်မျိုးပြောတယ်။ ဒေါ်ဝိုင်းအဖြစ်ကိုသိကြတော့မှ ရွာကလူတွေကလည်း ဟိုမှာ ဒီမှာ မီးလုံးတွေမြင်ဖူးတယ်လို့ ပြောကြရောဗျ။ အဲဒီမီးလုံးကလည်း အိမ်သာတွေ၊ ပုံပုံတွေနားမှာ ရစ်ဝဲနေတတ်တယ်တဲ့ဗျ။
“တို့ရွာမှာ ချေးစားစုန်းတစ်ယောက်တော့ရှိနေပြီနဲ့တူတယ်”
ရွာက ကာလသားခေါင်းက ကိုမှတ်ဆိုတဲ့လူဗျ၊ ကျုပ်တို့တော့ ကိုမှတ်ကြီးလို့ခေါ်တယ်၊ သူ့မျက်နှာတစ်ခြမ်းမှာ မွေးရာပါ အမှတ်ကြီးပါတယ်ဗျ၊ အသက်ကတော့ သုံးဆယ်ကျော်ပေါ့၊ ဘယ်မိန်းကလေးမှ မယူကြလို့ လူပျိုကြီးဖြစ်နေတာပေါ့ဗျာ၊ ကိုမှတ်ကြီးက မကျေနပ်ဘူးလေ၊ စုန်းကိုပညာပေးမယ်ဆိုပြီးတော့ ကျုပ်တို့ကာလသားတွေကိုခေါ်ပြီးတိုင်ပင်တာပေါ့ဗျာ။
ကျုပ်ကလည်း ဒီအကြောင်းတွေကို လယ်ထဲသွားရင်း ဦးဘသာကြီးကိုပြောမယ်လို့ စိတ်ကူးထားတာပေါ့၊ ဦးဘသာကြီးကိုလည်းတွေ့ရော သူက အရင်ဦးအောင် မေးတာဗျ။
“ဟေ့ ငါ့တူ၊ မင်းတို့ခြေရင်းက ဒေါ်ဝိုင်း စုန်းနဲ့တွေ့လို့ဆိုကွ”
“အောင်မယ်၊ ဒီသတင်းက ဦးဘသာကြီးဆီကို အရင်ရောက်နေပါလား၊ ဟုတ်တယ်ဗျ၊ ဝါဝါအလုံးကြီးက ပုံပုံတွေကိုလိုက်ပြီး နားနေတယ်ဆိုတာပဲဗျာ၊ အဲဒါ ချေးစားစုန်းမဟုတ်လားဟင်”
“အေးလေ၊ ချေးစားစုန်းကတော့ အရပ်အခေါ်ပေါ့ကွာ၊ တကယ်တော့ သူတို့ကို ဆင်ကွပ်လို့ခေါ်တယ်ကွ၊ တစ်ချို့လည်း ကိုယ်စုန်းဆိုပြီးခေါ်ကြတယ်၊ ချေးခြောက်တွေ၊ အနံ့ဆိုးတဲ့ အပုပ်အစပ်တွေကို စားတာပေါ့ကွာ”
“ရွံစရာကြီးဗျာ၊ ဒါနဲ့ ကိုမှတ်ကြီးတို့ကတော့ အဲဒီစုန်းကို ပညာပေးမယ်လို့ပြောနေတယ်ဗျ”
“မဟုတ်တာတွေ လျှောက်မလုပ်ပါနဲ့ကွာ၊ သူ့ဖာသာ ချေးခြောက်စားတာ မင်းတို့ကိုဘာလုပ်နေလို့လဲကွ”
“ဟာ၊ ဦးဘသာကြီးကလည်း ရွာထဲမှာစုန်းတွေရှိနေရင် ရွာနာတယ်ဗျ”
ကျုပ်ပါးစပ်က လွှတ်ခနဲထွက်လိုက်မိတာဗျာ၊ ဦးဘသာကြီးကတော့ မျက်နှာကွက်ခနဲပျက်သွားပြီး သူ့တဲထဲကနေ ထွက်သွားတော့တာပဲ၊ သူစိတ်ဆိုးသွားတာလားတော့မသိဘူးဗျ၊ ကျုပ်လည်း ကိုယ့်ပါးစပ်ကို လက်ဝါးနဲ့ရိုက်လိုက်မိတယ်၊ ဟုတ်တယ်လေဗျာ၊ စုန်းရှေ့မှာမှ ဒီလိုစကားထွက်စရာလား၊ ဦးဘသာမို့ပေါ့ဗျာ၊ တခြားစုန်းဆိုရင် ကျုပ်ကိုဆော်ထည့်မှာဗျ။
ကိုမှတ်ကြီးက ကျုပ်တို့ကို ပုံပုံတွေစုခိုင်းတယ်ဗျ၊ ရွံစရာကြီးဗျာ၊ သူများပါထားတဲ့ ပုံပုံတွေလိုက်စုရမှာမဟုတ်လား၊ ကျုပ်ကမလုပ်ချင်ပေမယ့် သူကခိုင်းတော့လည်း လုပ်ရတာပေါ့ဗျာ၊ ဒါနဲ့ လူတွေမသိအောင်လို့ တောင်းစုတ်ကြီးတစ်ခုယူပြီးတော့ ဂေါ်ပြားတစ်လက်နဲ့ ပုံပုံလိုက်ကျုံးရတာဗျာ၊ တချို့ပုံပုံတွေကျတော့ ပျော့ပြဲပြဲနဲ့၊ တစ်ချို့ပုံပုံကျတော့ ငရုတ်သီးဖတ်တွေတောင်ပါသေးဗျ၊ တစ်ချို့ပုံပုံတွေကျတော့ ဘာရွက်တွေစားထားလို့လဲတော့မသိဘူး အရွက်တွေနဲ့မည်းနေတာဗျာ၊ ရွံစရာကြီးပါ။
ခွေးလေခွေးလွင့်တွေကတော့ ကျုပ်တို့ကိုဝိုင်းဟောင်တယ်ဗျ၊ သူတို့အစားကို လုတယ်လို့ထင်နေတာနေမှာပေါ့ဗျာ၊ ဒီလိုနဲ့ ပုံပုံတွေကိုစုပြီးတော့ လယ်ထဲမှာ ဂုန်နီအိတ်အစုတ်ကြီးခင်းပြီးတော့ သွားပုံထားလိုက်တယ်ဗျာ၊ တစ်နေလောက်လှန်းထားတော့ ပုံပုံတွေခြောက်ကုန်တာပေါ့ဗျ၊ အဲဒီပုံပုံတွေကို ပြန်သယ်ပြီးတော့ ရွာနောက်ဘက်တောတန်းထဲမှာ သွားထားလိုက်တယ်။
ကိုမှတ်ကြီးက ကာလသား ဆယ်ယောက်လောက်ကိုခေါ်ပြီး တိုင်ပင်တယ်ဗျ။
“ဒီမှာ၊ ငါတို့ ဒီပုံပုံတွေကို ဒီမြေကွက်လပ်မှာ ချထားလိုက်မယ်၊ ငါတို့ကျတော့ ဒီဘေးနားက ချုံတွေနဲ့ သစ်ပင်တွေကြားမှာ ပုန်းနေကြမယ်၊ အဲဒီချေးစားစုန်းလာရင် ဖမ်းပြီးတော့ ဝိုင်းရိုက်ကြမယ်ကွာ”
“ဟာ၊ ကိုမှတ်ကြီးကလည်း စုန်းကိုဖမ်းလို့ရပါ့မလား”
“ရတယ်ကွ၊ ဟောဒီခြင်းကြားကြီးနဲ့အုပ်ထားမယ်ကွာ၊ မင်းတို့က ဇီးကိုင်းတွေရှာထားကွ၊ ဇီးကိုင်း၊ ထနောင်းကိုင်းတွေကို စုန်းတွေက သိပ်ကြောက်ကြတာမဟုတ်လား”
ကျုပ်တို့လည်း ကိုမှတ်ကြီးပြောသလို ဇီးကိုင်းတွေ၊ ထနောင်းကိုင်းတွေခုတ်လိုက်ကြတယ်၊ ညနေလောက်ရောက်တော့ အားလုံးအချက်ပေးပြီးတော့ အိမ်ကနေမသိမသာလေးထွက်ခဲ့တယ်၊ ကာလသားတွေဆိုတော့လည်း ထွက်ရလွယ်ပါတယ်။ နောက်တော့ တောတန်းကလေးထဲကိုလာခဲ့တယ်၊ အဲဒီနေ့က လပြည့်ညဆိုတော့ လကလည်း ထိန်ထိန်သာနေတာပေါ့ဗျာ။
တောတန်းထဲမှာ ကိုမှတ်ကြီးတို့က အရက်ဝိုင်းဖွဲ့ပြီး ရဲဆေးတင်နေတယ်၊ ချေးခြောက်ပုံကြီးကလည်း လေတိုက်တိုင်း အနံ့သင်းနေတာပေါ့ဗျာ၊ ဟဲ ဟဲ၊ ကျုပ်လည်း ရဲဆေးဝင်တယ်တယ်ဗျ၊ နည်းနည်းညည့်နက်လာတော့ အရက်ဝိုင်းဖျက်ပြီးတော့ ကိုယ့်နေရာကိုယ်ယူထားလိုက်ကြတယ်။
အရက်ကလည်း မူးမူး၊ လေကလည်း တဖြူးဖြူးဆိုတော့ အိပ်တောင်အိပ်ချင်တယ်ဗျာ၊ တစ်နေ့လုံးလည်း လယ်ထဲဆင်းထားရတာမဟုတ်လား၊ အဲဒီအချိန်မှာ ကျုပ်ကိုဘေးနားက လူက လှုပ်နှိုးတယ်ဗျ။ ပြီးတော့ ကွင်းထဲကို လက်ညှိုးထိုးပြတယ်၊ ကျုပ်လည်းကြည့်ပြီး အံ့ဩသွားတယ်ဗျာ၊ ကွင်းထဲကိုဖြတ်လာတဲ့ မီးလုံးတစ်လုံးကိုတွေ့လိုက်ရတာကိုးဗျ။ လရောင်အောက်မှာ မီးလုံးကြီးကို အတိုင်းသားမြင်နေရတယ်၊ ကျုပ်တို့ခေတ်က သင်္ဘောမီးသီးခေါ်တဲ့ မီးလုံးဝါဝါကြီးထွန်းထားတဲ့အတိုင်းပဲဗျာ၊ အဲဒီမီးလုံးကြီးက ရွာထဲကနေဖြတ်လာပြီး ကွင်းကိုဖြတ်လာတယ်၊ နောက်တော့ တောတန်းအပေါ်မှာ ပျံဝဲနေတယ်ဗျ၊ မီးလုံးပျံတာက သိပ်အမြင့်ကြီးမဟုတ်ဘူး၊ လူတစ်ရပ်စာလောက်ပဲရှိမှာ။ ကျုပ်တို့လည်း ပုဆိုးတွေနဲ့ မျက်နှာတွေကိုစည်းလိုက်ကြတယ်၊ တော်ကြာ စုန်းက ဘယ်သူလုပ်တယ်ဆိုတာ မြင်သွားမှ ရန်ပြုခံနေရမယ်မဟုတ်လား။
နောက်တော့ ချေးခြောက်ပုံကြီးနားမှာ ရပ်သွားပြီးတော့ အပုံပေါ်ကိုနိမ့်ဆင်းသွားတယ်၊ ကျုပ်တို့လည်းစောင့်မနေတော့ဘူးပေါ့ဗျာ၊ ကိုမှတ်ကြီးက ခြင်းကြားကြီးကိုဆွဲပြီး ကျားခနဲအော်ကာ ပြေးခုန်ထွက်သွားတယ်၊ နောက်တော့ စုန်းကိုခြင်းကြားနဲ့ဖမ်းအုပ်လိုက်တာပေါ့ဗျာ၊ သူ့ခြေထောက်တောင် ချေးခြောက်ပုံကြီးကို နင်းမိသွားသေးတယ်ဗျ။
သူထွက်ပြီး အုပ်လိုက်တော့ စုန်းက မပျံတော့ဘူးဗျာ၊ ခြင်းတောင်းထဲမှာ အတင်းရုန်းကန်နေတာပေါ့၊ ကျုပ်တို့လည်း ချုံထဲကနေထွက်လိုက်ပြီးတော့ ဇီးခက်တွေ၊ ထနောင်းခက်တွေကို ခြင်းကြားအပေါက်ထဲထည့်ပြီး ရိုက်နှက်တာပေါ့ဗျာ၊ စုန်းကလည်း အတော်အော်တာဗျ၊ အော်သံကတော့ မိန်းမအသံပဲ။
“ကြောက်ပါပြီ၊ ငါ့ကိုလွှတ်ပေးပါ”
“အေးစုန်းမ၊ နင်နောက်တစ်ခါ တို့ရွာမှာ ချေးလာမစားနဲ့၊ စားရင် နင်ဒီထက်နာမည်မှတ်”
စိတ်ကြိုက်ရိုက်နှက်ပြီးတော့မှ ခြင်းတောင်းကိုပြန်လွှတ်ပေးလိုက်တာဗျ၊ စုန်းမက ဝှီးခနဲပျံထွက်သွားတာ မြန်လိုက်တာဗျာ၊ ကွင်းကိုဖြတ်ပြီး ရွာနားအရောက်မှာ အလင်းရောင်တွေပျောက်သွားတယ်။
ကျုပ်တို့လည်း အောင်ပွဲခံပြီး ရယ်မောလိုက်ကြတာပေါ့ဗျာ။
“တွေ့လား၊ ငါတို့ကိုစုန်းတောင်ကြောက်တယ်ကွ”
“ဟား၊ ဟား၊ ဟား”
တောတန်းလေးထဲမှာ ရယ်သံတွေလွှမ်းသွားတာပေါ့ဗျာ၊ ကျုပ်အိမ်ကိုပြန်ရောက်တော့ မနက်နှစ်နာရီထိုးတော့မယ်ဗျ၊ လူကလည်းဒေါင်ချာစိုင်းနေတာနဲ့ အိမ်ထဲတောင်မရောက်တော့ဘူး အိမ်ရှေ့ကွပ်ပျစ်မှာပဲ လှဲအိပ်လိုက်တော့တယ်ဗျာ။
(၅)
နောက်တစ်နေ့အထိ ကျုပ်တို့က မြောက်ကြွမြောက်ကြွဖြစ်နေကြတယ်ဗျ၊ စုန်းနိုင်ထားတာမဟုတ်လားဗျာ၊ ဘယ်သူမှမပြောနဲ့ဆိုလို့ ဘာမှတော့မပြောပေမယ့် ကျုပ်တို့တစ်ဖွဲ့လုံး ကျေနပ်နေကြတာအမှန်ပဲဗျ။ အဲဒီနေ့ ညနေ လယ်ထဲကပြန်လာတော့ ရွာထိပ်ညောင်ပင်အောက်မှာ ကိုမှတ်ကြီးတို့တွေ ဝိုင်းဖွဲ့နေကြသေးတယ်ဗျ၊ ကျုပ်လည်း သူတို့ဝိုင်းထဲကို ဝင်လိုက်တာပေါ့ဗျာ၊ ကိုမှတ်ကြီးတို့က ပဲကြီးလှော်စားလိုက်၊ ချက်အရက်သောက်လိုက်နဲ့ သောက်ပြီးရယ်မောနေရင်းကနေ ကိုမှတ်ကြီးမျက်နှာကြီးတစ်မျိုးဖြစ်သွားတယ်ဗျ။
“ကိုမှတ်ကြီး ဘာဖြစ်လို့လဲ”
“ဟေ၊ တစ်မျိုးပဲကွ၊ ငါ့ဗိုက်က နာသလိုလိုပဲ”
ပြောနေရင်းနဲ့ ကိုမှတ်ကြီးဗိုက်ကိုပွတ်လာတယ်ဗျ၊ သူ့ဗိုက်က ခပ်ရွှဲရွှဲပါ၊ နောက်တော့ မအီမသာဖြစ်လာတယ်ဗျ၊ ပါးစပ်ကလည်း ညည်းညူလို့ဗျာ၊ ဗိုက်ကလည်းတဖြည်းဖြည်းပူထွက်လာတာ အားလုံးမျက်မြင်ပါ။
“ကိုမှတ်ကြီး ဗိုက်ကြီးပူလာပြီဟေ့”
ကျုပ်တို့လည်း ကြံရာမရဘူးပေါ့ဗျာ၊
“အဲဒါ စုန်းကလုပ်တာနေမှာကွ၊ သူ့ကိုငါတို့လုပ်လိုက်တာကို မကျေနပ်လို့နေမှာ”
ကြည့်နေရင်း ဗိုက်က မွေးခါနီးဖွားခါနီး ဗိုက်ကြီးလို ပူလာတယ်ဗျ၊ ဗိုက်မှာလည်း သွေးကြောကြီးတွေ ဖောင်းတက်လာတယ်၊ အကြောကြီးတွေနဲ့ ဗိုက်ပူကြီးဆိုတော့ ကြည့်ရအတော်ဆိုးတာဗျ။
“ဒါဆိုရင် ဆေးဆရာကြီးကို သွားခေါ်ရအောင်”
“မလုပ်နဲ့ကွာ၊ သူ့ကိုသွားခေါ်လိုက်ရင် ငါတို့လုပ်ထားတာတွေ ပေါ်သွားမှာပေါ့”
ဒါနဲ့ကျုပ်လည်း
“ဒါဆို ဦးဘသာကြီးကိုသွားခေါ်ကြည့်မယ်ဗျာ၊ သူက တော်တော်စွမ်းတာဆိုတော့ ဒီလောက်တော့ လုပ်ပေးတတ်မှာဗျ”
ကိုမှတ်ကြီးလည်း ခေါင်းညိတ်တယ်ဗျ၊ ဦးဘသာကြီးက ကာလသားတွေနဲ့ခင်တယ်မဟုတ်လား၊ ဒါနဲ့ ရွာထိပ်ညောင်ပင်အောက်နေပြီး ကိုမှတ်ကြီးကိုဝိုင်းတွဲထူပြီးတော့ ရွာအပြင်ဇရပ်ကလေးဆီကို သွားထားလိုက်ရတယ်၊ ကျုပ်လည်း လယ်ထဲပြန်ပြီး ဦးဘသာကြီးကို ပြေးခေါ်တာပေါ့ဗျာ၊ ဦးဘသာကြီးက ခမောက်ကြီးလွယ်ပြီး ရွာထဲပြန်လာနေတယ်၊ ကျုပ်အကျိုးအကြောင်းပြောတော့ သူလည်းလိုက်လာတာပေါ့ဗျာ။
“ဟာ၊ စောက်ကျိုးနည်း၊ မှတ်ကြီး မင်းဘယ်လိုဖြစ်တာလဲ”
“မြင်တဲ့အတိုင်းပါပဲဗျာ”
ဦးဘသာကြီးက သူ့ဗိုက်ကိုလက်နဲ့ပွတ်ကြည့်တယ်။
“စုန်းလုပ်ထားတာပဲကွ၊ ငါ့ကိုမှန်မှန်ပြောစမ်း၊ မင်းတို့ဘာတွေလုပ်ထားသလဲ”
“ကျုပ်တို့ ညက ချေးစားစုန်းကိုဖမ်းပြီးတော့ ဇီးကိုင်းတွေနဲ့ရိုက်လိုက်တယ် ဦးဘသာကြီး”
“ဟာ၊ မင်းတို့ကွာ၊ ဘာလို့အဲဒီလိုသွားလုပ်တာလဲကွ၊ အခုမင်းတို့ကို မကျေနပ်တော့ မင်းကိုလုပ်ပြီထင်တယ်”
“မဖြစ်နိုင်ဘူး ဦးဘသာကြီးရာ၊ကျုပ်တို့မျက်နှာတွေ ဖုံးထားတာဗျ၊ ကျုပ်တို့ဘယ်သူမှန်း စုန်းကဘယ်လိုလုပ်သိမလဲ”
ဦးဘသာက ဘာမှမပြောဘဲ ဗိုက်ကိုပွတ်နေတယ်၊ နောက်ပြီးတော့ သူ့ကွမ်းအစ်ကိုဖွင့်ပြီး ကွမ်းရွက်ကလေးတွေကို ထုတ်လိုက်တယ်။ ကွမ်းရွက်သုံးရွက်ကို မန်းမှုတ်ပြီးတော့ ချက်ရဲ့ဘေးနားမှာ ဖိုခုံလောက်ဆိုင် ကပ်ထားလိုက်တယ်ဗျာ၊ အဲဒီအချိန်မှာပဲ ကိုမှတ်ကြီးက လှုပ်စိ၊ လှုပ်စိဖြစ်လာတယ်။
“ဟဲ့၊ နင်ဘယ်သူလည်း၊ ဘာကြောင့်သူတို့ကိုလုပ်တာလဲ”
ကိုမှတ်ကြီးအကြည့်တွေက ပြောင်းသွားတယ်ဗျ။
“သူက ကျုပ်ကိုအရင်လုပ်တာ၊ သူတို့နှိပ်စက်လို့ ကျုပ်မှာတော်တော်ခံလိုက်ရတယ်ဆိုတာ ရှင်သိလား၊ ရှင်ဘာမှဝင်ပါစရာမလိုဘူး၊ သူ့ကိုသေအောင်မလုပ်ဘူး၊ မှတ်သွားအောင်လို့ ငါးရက်လောက် ဒီအတိုင်းထားမှာ”
“ဟဲ့၊ ငါးရက်တော့လွန်တာပေါ့ဟ၊ နင့်ပညာတွေကိုပြန်ထုတ်လိုက်၊ သူတို့ကို ငါတောင်းပန်ခိုင်းလိုက်မယ်၊ နင်ကျေနပ်တော့”
“ဟား၊ ဟား မကျေနပ်နိုင်ဘူး၊ ဒင်းတို့ ငါ့ကိုဒီလိုလုပ်တုန်းက ဒီအခွက်တွေမဟုတ်ဘူး”
ကျုပ်တို့အားလုံးကို လက်ညှိုးထိုးပြီးတော့ပြောနေလိုက်တာဗျာ။ ကျုပ်တို့လည်း ကြောက်နေကြတာပေါ့။
“ဟဲ့ တော်စမ်း၊ နင်ထွက်သွားတော့၊ မဟုတ်ရင် နင့်ကိုငါကန်ထုတ်လိုက်မယ်”
ကိုမှတ်ကြီးက ဦးဘသာကြီးကို စိမ်းစိမ်းကြီးကြည့်နေတာဗျာ၊ တော်fတော်ကြောက်ဖို့ကောင်းတယ်၊ ဦးဘသာကြီးကလည်း ပြောမရတော့ ကိုမှတ်ကြီးမျက်နှာကို ခြေထောက်နဲ့ကန်ထည့်လိုက်တာဗျာ၊ ကိုမှတ်ကြီးပက်လက်လန်ပြီးလဲကျသွားတယ်၊ နောက်တော့ ကိုမှတ်ကြီးသေးပေါက်ချပါရောဗျာ၊ သေးတွေဆိုတာ မနည်းဘူးဗျာ၊ အဲ၊ ထူးခြားတာကတော့ သေးတွေက ပုံမှန်တွေ့နေသလို၊ ရေရောင်၊ အဝါရောင်မဟုတ်ဘဲ အစိမ်းရောင်၊ အနီရောင်တွေဗျာ၊ အံ့ဩဖို့ကောင်းတယ်f၊ သေးပေါက်ပြီးတော့ ဗိုက်ကြီးက ချပ်ကျသွားတယ်၊ အကြောကြီးတွေကတော့ ထောင်နေဆဲပဲဗျာ။
“ကဲ၊ မင်းတို့အားလုံး စုန်းမကိုတောင်းပန်လိုက်ကြ”
“စုန်းမက ဘယ်သူမှန်းမှမသိတာဗျာ၊ ကျုပ်တို့ဘယ်လိုတောင်းပန်မလဲ”
“ရတယ်၊ စုန်းမက မင်းတို့ကိုသိနေတယ်ကွ၊ ဒီအတိုင်းထိုင်ပြီးတောင်းပန်လိုက်ကြ”
ကျုပ်တို့လည်း ဇရပ်ထဲ တန်းစီဒူးထောက်ထိုင်ပြီး လက်အုပ်ချီပြီးတော့ တောင်းပန်လိုက်တာပေါ့ဗျာ၊ ကိုမှတ်ကြီးဆိုရင် တော်တော်ကိုထိတ်လန့်နေတာဗျ၊
“ဦးဘသာကြီး ဒီအဖြစ်ကို ဘယ်သူ့ကိုမှမပြောပါနဲ့ဗျာ၊ ရွာကလူတွေသိသွားမှာစိုးလို့ပါ”
“အေးပါကွာ၊ နောက်သွားမလုပ်နဲ့ကွ၊ ဒီစုန်းက ဆင်ကွပ်ကွ၊ ဆင်ကွပ်ဆိုတာ လူမျက်နှာမြင်ရမှမဟုတ်ဘူး၊ အရိပ်တို့၊ ခြေရာတို့ကိုသိရင်လည်း ဖမ်းစားလို့ရတယ်ကွ”
အဲဒီတော့မှ ကျုပ်တို့လည်း ပြန်တွေးမိတော့ ကိုမှတ်ကြီးက ညက ချေးခြောက်ပုံကြီးကို တက်နင်းခဲ့တာလေဗျာ၊ ချေးခြောက်ပုံထဲမှာ ခြေရာကျန်နေခဲ့နိုင်တယ်လေ။
(၆)
နောက်ရက်တော့ ကျုပ်တို့ထုံးစံအတိုင်း လယ်ထဲမှာပေါ့၊ ဦးဘသာကြီးတဲထဲမှာကျုပ်ရောက်နေပြီး စကားတွေပြောနေကြတာပေါ့ဗျာ၊ စပါးတွေက ရိတ်ရတော့မယ်ဆိုတော့ စပါးအကြောင်းတွေပြောနေကြတာပေါ့၊ ဒီအချိန်မှာ မကြည်က ဦးဘသာကြီးတို့လယ်ထဲကို ရောက်လာတယ်ဗျ။ လက်ထဲမှာလည်း တံစဉ်ကြီးကိုင်လို့။ မကြည်ဆိုတာ သိတယ်မဟုတ်လား၊ ဦးလေးဖိုးထွန်းရဲ့ မိန်းမလေ၊ တံစဉ်ကိုင်ထားပုံထောက်တော့ လယ်အငှားလိုက်ရိတ်ပုံရတယ်ဗျ၊ ကျုပ်လဲ ရိုးရိုးတန်းတန်းထင်လို့ ဒီအတိုင်းကြည့်နေတာပေါ့။
မကြည်က တဲအနားကိုလျှောက်လာပြီးတော့ တဲထဲကိုမဝင်ဘဲနဲ့ အပြင်ကနေပြီး ဦးဘသာကြီးကို တံစဉ်နဲ့ချိန်ပြီးစကားပြောတာဗျ။
“ဦးဘသာကြီး ရှင်လူကြီးဖြစ်ပြီး လူကြီးလိုနေနော်၊ ကျုပ်ကိုလာမနှောင့်ယှက်နဲ့”
ဦးဘသာကြီးကတော့ ခပ်ပြုံးပြုံးပဲဗျ။
“ဟဲ့မကြည်၊ ကလေးတွေက ငါ့ကိုအားကိုးလို့ ငါလုပ်ပေးလိုက်ရတာ၊ တကယ်ဆိုရင် နင်ငါ့ကိုတောင်ကျေးဇူးတင်သင့်သေးတာ၊ အထက်လမ်းဆရာနဲ့တွေ့ရင် နင်အနှိပ်စက်ခံရမှာဟဲ့”
“သေချင်းဆိုးကြီးနော်၊ ရှင်ကြပ်ကြပ်သတိထား၊ ရှင်လုပ်တာ သုံးလေးခါရှိနေပြီနော်”
“မကြည်၊ ငါနင်နဲ့ ရန်ဖက်မဖြစ်ချင်ဘူးဟာ၊ နင့်အဆင့်နင်သိ၊ သွားပြန်တော့”
မကြည်က မပြန်ဘူးဗျာ၊ လက်ထဲက တံစဉ်နဲ့ ဦးဘသာကြီးကိုလှမ်းပေါက်တာ၊ လှမ်းပေါက်တယ်ဆိုပေမာ့် တစ်မျိုးကြီးဗျ၊ တံစဉ်က ပျံလာသလိုမျိုးအရှိန်နဲ့ပြေးလာတာဗျာ၊ ကျုပ်ဖြင့်တစ်ခါမှ မမြင်ဖူးဘူး၊ ဦးဘသာကြီးက ဘာမှမလုပ်ဘူးဗျ၊ အဲဒီတံစဉ်ကိုတစ်ချက်ပဲကြည့်လိုက်တာ တံစဉ်က ဖုတ်ခနဲမြေကြီးပေါ်ကိုကျသွားတော့တာပဲ။
“ဟဲ့မကြည်၊ ညည်းကိုငါပြန်တော့လို့ ပြောနေတယ်နော်”
မကြည်က မတ်တပ်ရပ်နေရင်းနဲ့ နောက်ပြန်ကြီးလမ်းလျှောက်ပြီး လက်ထဲကနေပြန်ထွက်သွားတယ်၊ ရုပ်ကတော့ ဦးဘသာကြီးကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်နေတာပေါ့ဗျာ၊ သူမပြန်ချင်တာကို ဦးဘသာကြီးက ပညာနဲ့ပြန်အောင်လုပ်လိုက်တဲ့ပုံပါပဲ၊ နောက်ပြန်လျှောက်နေပေမယ့် ခြေထောက်က ခလုပ်မတိုက်ဘူးဗျာ။
ဦးဘသာက မြေကြီးမှာကျနေတဲ့ တံစဉ်ကိုကြည့်လိုက်ပြီးတော့
“ဟဲ့၊ မကြည် နင့်တံစဉ်အစုတ်ကို ငါမယူဘူးဟဲ့”
အဲဒီလိုပြောလိုက်တာနဲ့ တံစဉ်က မိုးပေါ်ကိုခုန်တက်ပြီး တဲထဲကနေ ပျံထွက်သွားတာဗျာ၊ ကျုပ်ဖြင့်အံ့ဩတယ်၊ နောက်တော့ မကြည်ဆီကိုရောက်သွားတယ်၊ မကြည်က တံစဉ်ကိုလက်ဝါးနဲ့လှမ်းတားပေမယ့် တံစဉ်က သူ့လက်ဝါးကိုရှသွားသေးတယ်ဗျ။ ဦးဘသာကြီးလယ်အပြင်ဘက် ကန်သင်းရိုးကိုရောက်တော့မှ မကြည်လဲ လမ်းလျှောက်တာရပ်သွားတယ်၊ အဲဒီမှာဘာလုပ်တယ်ထင်သလဲဗျ၊ ထဘီကြီးလှန်ပြီးတော့ ဦးဘသာကြီးကိုဆဲတော့တာဗျာ၊ ပက်ပက်စက်စက်ပဲ၊ ကျုပ်တို့ဆီမှာ ကအတွင်းခံဆိုတာ ဝတ်လေ့ဝတ်ထသိပ်မရှိတော့ သူ့ပစည်းကြီးက အထင်းသားပေါ့ဗျာ။
ဦးဘသာကြီးက မတ်တပ်ရပ်လိုက်ပြီးတော့ ဟိုဘက်ကိုလှည့်လိုက်တယ်ဗျ၊ ကျုပ်ကိုလည်း
“ဟေ့ကောင်၊ သွားကြည့်မနေနဲ့၊ သူမရှက်ပေမယ့် ငါရှက်တယ်ကွ”
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူး၊
“ဦးဘသာကြီးကလည်းဗျာ၊ ဟိုမှာကလော်ဆဲနေတာ၊ တစ်ခုခုပြန်လုပ်ပေါ့ဗျာ”
“နေပါစေကွာ၊ သူအာညောင်းရင် ပြန်သွားလိမ့်မယ်”
ဦးဘသာက အေးဆေးပဲဗျ၊ ကွမ်းအစ်ဖွင့်ပြီး ကွမ်းယာနေတာ၊ ကျုပ်က မကြည်ကိုဆက်ကြည့်နေတာပေါ့ဗျာ၊ ဟီးဟီး၊ ဦးဘသာကြီးပြောတာမှန်တယ်ဗျ၊ မကြည်က မိနစ်နှစ်ဆယ်လောက်ဆဲပြီးတော့ အသံမထွက်တော့ဘူး၊ အသံကြီးဩနေတာ၊ နောက်တော့ မကျေမနပ်နဲ့ပြန်သွားပါလေရောဗျာ။
ဦးဘသာကြီး ဘယ်လောက်သွေးအေးသလဲဆိုတာကိုသာ ကြည့်ပါတော့ဗျာ၊ အဲဒီနောက်ပိုင်းကစပြီးတော့ မကြည်က ကျုပ်ကိုတွေ့ရင်မခေါ်ဘူးဗျ၊ ကျုပ်လည်း မကြည်ဘာလဲဆိုတာ သိသွားတော့ သိပ်မခေါ်တော့ဘူး၊ အဖေ့ကိုတော့ ပြောလိုက်တယ်၊
“အဖေ၊ မကြည်က ဆင်ကွပ်လို့ခေါ်တဲ့ ချေးစားစုန်းဗျ”
အဖေကတော့ ထုံးစံအတိုင်းပါပဲ၊ နားထောင်ပြီးတော့
“သူ့ဖာသူ ဘာစုန်းဖြစ်ဖြစ်၊ မင်းတို့မဟုတ်တာတွေတော့မလုပ်နဲ့နော်”
အဖေက ကျုပ်တို့တစ်ခုခုလုပ်ခဲ့တာ သိနေတဲ့ပုံပဲဗျ၊ အင်းလေ၊ သူကြီးဆိုတော့ ကိုယ့်ရွာထဲဘာဖြစ်တယ်ဆိုတာတော့ သိနေမှာပေါ့ဗျ။
ပြောရတာတော်တော်ရှည်နေပြီ စာရေးဆရာရေ၊ အဲဒီမကြည်က တော်တော်ဆိုးဆိုးဗျ၊ စုန်းပူးခွေးနဲ့ပူးပြီး မတရုတ်မကို ကိုက်လိုက်တာ မကြည်ဆိုတာကို စာရေးဆရာခန့်မှန်းမိလောက်ရောပေါ့ဗျာ၊ ဒီနေ့တော့ တော်ပြီ၊ နောက်နေ့မှ အဲဒီမကြည်ဘယ်လောက်ဆိုးသလဲဆိုတာ ထက်ပြောပြမယ်ဗျာ။
ပြီးပါပြီ။