ဆရာချစ် ယနေ့ကျောင်းနောက်ကျသည်။ ကျောင်းဘာကြောင့် နောက်ကျရသနည်း။
“ရှင် တစ်နေ့တစ်နေ့ ဈေးဖိုးဒီလောက်ပဲပေးနေရင် ကျွန်မ ဘာမှ မချက်တတ်တော့ဘူး။ ဆန်ဈေး ကလည်းတက်၊ ဆီဈေးကလည်းတက်၊ အသားဈေး ငါးဈေးကလည်း မကပ်နိုင်၊ ဒီကြားထဲ ရပ်ကွက်ကလည်း ဟိုကြေး သည်ကြေးတွေကများ … ရှင်ပိုပြီး မရှာနိုင်တော့ဘူးလား”
မနက်မိုးလင်းကတည်းက မိန်းမဖြစ်သူ ပြဿနာနှင့်ပူသည်။ တစ်ညလုံးလည်း မီးကင်းစောင့်ထားရသဖြင့် အိပ်ရေးကပျက်သည်။ ရေချိုးစရာ ရေမရှိသဖြင့် ကိုယ်တိုင်ထွက်ထမ်းရသည်။ ထမင်းစားမည်ဆိုတော့ မိန်းမက ဆူညံနေသည်။
ဒေါသတွေကို ငယ်ထိပ်မရောက်မီထိန်းကာ ကျောင်းကိုထွက်ခဲ့သည်။ စက်ဘီးက ဘီးပေါက်နေသည်။ ဘီးပေါက်ကိုဖာသည့်အခါတွင် စက်ဘီးပြင်ဆိုင်မှ ကိုဗေဒါက အကြွေးမရဟု ဆီးပြောသည်။ ကျောင်း ရောက်တော့
“ခင်ဗျား … ဘယ်လိုဖြစ်တာလဲ … ဆရာတွေကစပြီး စည်းကမ်းပျက်နေရင် ကလေးတွေကို ဘယ်လို ဆုံးမရတော့ မှာလဲ။ ကျုပ် အမိန့်ထုတ်ထားပြီးသား။ ဆရာတွေ … ဆရာမတွေဟာ ကျောင်းကို မတက်မီ ၁၅ မိနစ် စောရောက်နေရမယ်ဆိုတာ”
ကျောင်းကို နောက်ကျမှရောက်လာတော့ ကျောင်းအုပ်ကအော်သည်။ ဆရာချစ်ဒေါသတွေ ငယ်ထိပ်ကို ရောက်သွားသည်။
“ဆရာကြီး … တော်တော့ … ကျွန်တော် အမြဲ နောက်ကျနေတာ မဟုတ်ဘူး။ တစ်ကြိမ်တစ်ခါ နောက်ကျ တာကို ဒီလောက်ပြောစရာမလိုဘူး”
“ဘာ … ခင်ဗျားက ခံအော်တယ် ဟုတ်လား”
“တောက်”
“အလို … တောက်တောင် ခေါက်သေးတယ် … ဟုတ်လား … ဘာလုပ်မလဲ … ခင်ဗျား … ဘာလုပ်ချင်လို့လဲ”
ဆရာချစ် အံတွေကြိတ်ထားပြီး လက်သီးကို ဆုပ်ထားသည်။
“ဆရာကြီးက ဘာကြောင့် ကျွန်တော့်ကို ဆူသလဲ”
“ကျုပ်ဆူတာက ခင်ဗျား ကျောင်းနောက်ကျလို့ဆူတာ … ပြော … ဘာဖြစ်လို့ ကျောင်းနောက်ကျသလဲ”
ဆရာချစ်က ကျောင်းအုပ်ဆရာကြီးကို တည့်တည့်ကြည့်လိုက်သည်။
“ကျွန်တော် ဘာဖြစ်လို့ ကျောင်းနောက်ကျရသလဲဆိုတာ ပြောနေစရာမလိုဘူး … ကျောင်းနောက်ကျတာ ကိုယ်ရေးကိုယ်တာကြောင့်ပဲ။ အဲဒီ ကိုယ်ရေးကိုယ်တာကို ဘာကြောင့်ဆိုတာ ပြောစရာ မလိုဘူးထင်တယ်။ ကျောင်းနောက်ကျလို့ အရေးယူမှာလား … ကြိုက်သလို အရေးယူလိုက်။ အေး … ထုတ်ချင်လည်း ထုတ်လိုက်။ ဗြစ်တောက် … ဗြစ်တောက် လာမပြောနေနဲ့ … အိမ်မှာကတည်းက မိန်းမကို သတ်ချင်နေတာ …”
ဆရာချစ်ကပြောပြီး ရုံးခန်းထဲက ထွက်ခဲ့သည်။ ကျောင်းအုပ်ဆရာကြီး ဘာမျှမပြောနိုင် ငိုင်ပြီးကျန်ခဲ့သည်။
ဆရာချစ် စာသင်ခန်းထဲဝင်သည်။
“မင်္ဂလာပါဆရာ”
“မင်္ဂလာပါ … ထိုင်ကြ … ထိုင်ကြ … ဆရာ့အချိန် ၁၅ မိနစ်လောက်ပဲ ကျန်တော့တယ်။ အဲဒီ ၁၅ မိနစ်လောက် ငြိမ်ငြိမ်လေး နေပေးကြပါလား”
ဆရာချစ်က အတန်းရှေ့ ကုလားထိုင်တွင်ထိုင်ချလိုက်ပြီး မျက်မှန်ကိုချွတ်လိုက်သည်။ မျက်နှာကို လက်ဝါးနှင့် အုပ်ထားပြီး ငြိမ်နေသည်။ ကျောင်းသားတွေကလည်း သူတို့ဆရာ မျက်နှာမကောင်းသဖြင့် ငြိမ်နေသည်။
သူက ကျောင်းခေါ်ကြိမ်စာအုပ်ကို ဖွင့်လိုက်ပြီး ကလေးတွေနာမည်ကို ခေါ်လိုက်သည်။
“စံသိန်း”
“ရှိပါတယ်ခင်ဗျာ”
“ကောင်းမြတ်သူ”
“ရှိပါတယ်ခင်ဗျာ”
“ဝင်းနိုင်”
“မလာပါ”
“ဟာ … ဒီကောင် ကျောင်းပြေးပြန်ပြီ … အလကားကောင် … စာလည်း မကြိုးစားချင် … ကျောင်းကလည်း ပျက် … ဘာဖြစ်လို့ ကျောင်းမလာသလဲ … စိန်ထွန်း ပြောစမ်း … မင်းနဲ့အိမ်နီးချင်းတွေ မဟုတ်လား”
“ဆရာကြီး”
“ဘာလဲ”
“ဝင်းနိုင် အဖေ ညကပဲဆုံးသွားပြီ”
“ဟေ”
အတန်းပြောင်း ခေါင်းလောင်းထိုးသဖြင့် ဆရာချစ်ထွက်လာခဲ့သည်။ သူက နောက်နှစ်ချိန်ကျော်မှ အတန်းဝင် ရမည်။ ရပ်ကွက်ထဲကိုထွက်လာခဲ့သည်။ ဝင်းနိုင်အဖေဆုံးသည်ဆိုသောကြောင့် သတင်းမေးလေးတော့ သွားရန်လိုသည်။
ဟိုမေး သည်မေးနှင့် ဝင်းနိုင်တို့အိမ်ကို ရောက်လာသည်။ အိမ်ဟုသာဆိုရသည် ပြိုလုလုတဲလေး။
“ဝင်းနိုင်ရေ”
တဲပျက်ထဲက ဝင်းနိုင်ပြေးထွက်လာသည်။
“ဆရာ … လိုက်လာတယ်”
“အေး … ငါ ခုမှသိတယ်”
“သား … အဖေနေမကောင်းလို့ ကျောင်းမတက်နိုင်တာပါဆရာ”
သူ့အဖေ အလောင်းကို တဲထဲတွင် ပြင်ထားသည်။ ထိုင်စရာ နေရာမရှိ။ သူတို့ကလည်း ဆရာချစ်ကို အားနာပြီး ထိုင်ရန်မပြော။ အလောင်းက ပိန်ချုံးပြီး အရိုးခြောက်လိုဖြစ်နေသည်။ မျက်လုံးတွေက ပွင့်နေသည်။ ပါးစပ်က ဟောင်းလောင်းဖြစ်ကာ ယင်ကောင်တွေက နားနေသည်။
ဆရာချစ်က သူ့တိုက်ပုံအိတ်ထဲက လက်ကိုင်ပဝါလေးကို ထုတ်လိုက်ပြီး အသုဘမျက်နှာကို သွားအုပ်ပေးထား လိုက်သည်။
ဝင်းနိုင်အမေက မျက်ရည်တွေကြားက
“ဆရာရယ် … ရွှေတောင်ကြီးပြိုတာပါပဲ။ သူတစ်ယောက်တည်းနဲ့ သားသမီး ၇ ယောက်ကို လုပ်ကျွေးနေ တာပါ။ မမာတာလည်းကြာပြီ။ အဲဒါ ဆရာ့တပည့်ကပဲ ညညဆို ဆိုက်ကားထွက်နင်းနေရတာ။ ဒါကြောင့် အိပ်ရေးတွေပျက်ပြီး ကျောင်းတောင် မတက်နိုင်တော့ပါဘူး။ ခုလည်း သူက အကြီးဆုံးဆိုတော့ သူ့ကိုပဲ အားကိုးရတော့မယ်ဆရာ … ကျောင်းဆက်တက်နိုင်မယ် မထင်ပါဘူး”
ငိုသံတွေကို ကျောခိုင်းပြီး ဆရာချစ်ပြန်ခဲ့သည်။ ဝင်းနိုင်က သူ့ကိုလိုက်ပို့သည်။
“မင်း တကယ်ပဲ ကျောင်းဆက်မတက်တော့ဘူးပေါ့”
“ဟုတ်ကဲ့ဆရာ”
“အေးကွာ … မင်းဒုက္ခက ငါ့ ဒုက္ခထက်ကြီးတာပဲ … ပြန်တော့ … ပြန်တော့ ငါသွားတတ်ပြီ”
ဆရာချစ်ကျောင်းထဲကို ပြန်ရောက်လာသည်။ ဆရာမလေး ဒေါ်ခင်ပြုံးက
“ဆရာ … ဘယ်သွားနေတာလဲ … ဟိုမှာ ကျောင်းအုပ်ကြီးက ခေါ်ခိုင်းလိုက်လို့”
“အေး … အေး … ငါသွားလိုက်မယ်”
သူကျောင်းအုပ်ကြီး ရုံးခန်းထဲကို ဝင်လိုက်သည့်အခါ
“ဆရာချစ်”
“ခင်ဗျာ”
“ခင်ဗျား ကျုပ်ကို ခံအော်တယ် … ကျောင်းနောက်ကျတဲ့အပြင် စည်းကမ်းဖောက်တာကို ဝန်မခံဘဲ ဆရာ တစ်ယောက်နဲ့မညီတဲ့ အပြောအဆိုကြောင့် အရေးယူမယ်။ နောက် ဒီလိုအပြုအမူမျိုးကို မလုပ်တော့ကြောင်း ခင်ဗျား ခံဝန်လက်မှတ်ထိုးရမယ်”
ဆရာချစ်က ဆရာကြီးရှေ့တွင် ထိုင်ချလိုက်သည်။ ကျောင်းအုပ်ဆရာကြီးက ဘာပြောရမှန်းမသိ သူ့ကို ကြည့်နေသည်။
“ဆရာကြီး … ကျွန်တော်မှားသွားပါတယ် … မနက်က ကိစ္စ ကျွန်တော် လွန်ပါတယ်။ တကယ်ဆိုရင် အိမ်ကိစ္စတွေ ကျောင်းကို မယူလာသင့်ပါဘူး။ ပိုဆိုးတာက ကျွန်တော်ခံစားနေရတဲ့ ဒုက္ခတွေကို အဆိုးဆုံးလို့ ထင်လိုက်မိတာပဲ။ လောကမှာ ကျွန်တော့်ထက် အခြေအနေဆိုးတာတွေ အများကြီးရှိနေတာပဲ … ကျွန်တော် တောင်းပန်ပါတယ်။ ဆရာကြီး ကြိုက်သလိုအရေးယူပါ … ကျွန်တော်ခံပါ့မယ်”
ဆရာချစ်က ကျောင်းအုပ်ဆရာကြီးကို ဦးသုံးကြိမ်ချပြီး လက်အုပ်ချီထားလိုက်သည်။
ဆရာကြီးက ထလာပြီး သူ့ကို ဆွဲထူသည်။
“ဆရာချစ်ရယ် … ဘာမှန်းမသိတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုး အထင်မှားစရာတွေ ဖြစ်တာပေါ့။ ဆရာ ဘာကြောင့်ပေါက်ကွဲနေသလဲ ကျွန်တော်မသိချင်ပါဘူး။ ဆရာနဲ့ရောပြီး ပေါက်ကွဲလိုက်တာက ကျွန်တော်မှားတာပဲ။ ကျွန်တော်တို့ဟာ ဘဝတူတွေပါ … ညီအစ်ကိုတွေပါနော် … အခက်အခဲရှိရင်ပြောပေါ့”
“ဆရာကြီး … အခက်အခဲတွေရှိလို့ ပြောလည်း အပိုပါပဲ … ဘယ်သူကမှ ဘယ်သူ့ကို မထူနိုင်တဲ့ အနေအထား တွေပါ … ကိုယ့်ဘဝတွေကို ကိုယ်ကြိတ်မှိတ်သည်းခံပြီး အကောင်းဆုံးဖြစ်အောင် ရုန်းကန်ကြရမှာပါ … ကျွန်တော်မှားသွားတယ်”
“ဆရာချစ် … ကျောင်းလွှတ်ရင် လက်ဖက်ရည်ဆိုင်သွားရအောင်”
“ဘိုင်ပြတ်နေတယ်ဆရာကြီး”
“ထုံးစံအတိုင်း … အကြွေးပေါ့ … ဒီတစ်ခါတော့ ကျွန်တော့်စာရင်း”
———–