(၁)
ရွာဆိုတော့လည်း အမှုများတာပေါ့ဗျာ၊ ဒါတင်ဘယ်ကအုံးမလဲဗျ၊ ကျုပ်တို့အဖေက သူကြီးဆိုတော့ ရွာမှာဖြစ်သမျှ အမှုတွေအကုန်လုံး ကျုပ်တို့အိမ်ကိုရောက်လာတာပေါ့ဗျာ။ တစ်ခါတစ်လေဆိုရင် မနက်အစောကြီး လင်မယားကွဲမယ်ကွာမယ်ဆိုပြီးတော့ အိမ်ကိုရောက်လာကြတာဗျာ၊ ပြီးရင် အိမ်မှာလာပြီး ဆဲဆိုနေကြပြန်ရော၊ အဖေက နားချပြီးပြန်လွှတ်လိုက်ရင်တော့ ယောက်ျားမှားပါတယ်၊ မိန်းမအမှားပါနဲ့ လက်ချင်းတွဲ၊ ပုခုံးချင်းဖက်ပြီး ပြန်သွားတော့တာပဲဗျာ၊ နောက်ပြီးရင် ဟိုလူနဲ့ ဟိုလူက ရန်ဖြစ်လို့ဆိုပြီး တုတ်ဆွဲဓါးဆွဲဆိုရင်လည်း အဖေက ပါရပြန်ပြီဗျာ၊ ကျုပ်သတိထားမိတာကတော့ အဲဒီလို ဓါးရေးတပြပြနဲ့လူတွေက တစ်ခါမှ ဓါးခုတ်မှုဖြစ်တယ်လို့ကိုမကြားရပါဘူးဗျာ၊ ဟောင်လွန်းတဲ့ခွေးက မကိုက်ဘူးဆိုတဲ့စကားလိုပေါ့ဗျာ၊ တကယ်တမ်းရွာမှာ ဓါးထိုးမှုတို့၊ ဓါးခုတ်မှုတို့ဖြစ်ရင် ကျုပ်တို့မထင်ထားတဲ့လူတွေချည်းဖြစ်တာ။
အဲဒီလိုရွာအမှုကို သူကြီးပတ်တော့ ကျုပ်တို့အိမ်မှာလည်း အမှုမစဲနိုင်ဘူးပေါ့ဗျာ၊ အသက်တစ်ရာမနေရ၊ အမှုတစ်ရာပွေရတယ်ဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား၊ အကိုကြီးကတော့ အရင်က အဖေ့ရဲ့လက်ထောက်ပေါ့ဗျာ၊ သူက အိမ်ထောင်ကျပြီး ကလေးမွေးသွားတော့ အဖေ့ရဲ့ သူကြီးလက်ထောက်နေရာက ကျုပ်ပုခုံးပေါ်ကို ကျလာတော့တာပဲဗျို့။
(၂)
တစ်ညနေတော့ ကျုပ်တို့ရွာပြင်မှာ ပေတောရွာက လူမိုက်တွေနဲ့ ကျုပ်တို့ရွာက လူမိုက်တွေနဲ့ ရိုက်ကြပါရောဗျာ၊ ပေတောရွာဆိုတာ ကျုပ်တို့နဲ့ဘေးချင်းကပ်ရွာပါဗျာ၊ အဲဒီနေ့က နွေခေါင်ခေါင်ကြီးဗျ၊ တန်ခူးလလောက်ဆို ကျုပ်တို့ယာမစိုက်တော့ဘူးလေ၊ အောက်ရေလည်းခမ်းပြီဆိုတော့ အလုပ်ပါးသွားတဲ့အချိန်ပေါ့ဗျာ၊ ကျုပ်ကလည်း စာဖတ်ဝါသနာပါတာဆိုတော့ စာအုပ်ကလေးတစ်အုပ်ဖတ်ပြီး နှပ်နေတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ နွားကျောင်းသားလေးက ရွာထဲကနေ ပြေးလာတယ်ဗျ။
“သူကြီးရေ၊ ရွာပြင်မှာ လူမိုက်တွေ ရိုက်ကုန်ကြပြီ”
အဖေကလည်း သတင်းကြားတာနဲ့ ပုဆိုးပြင်ဝတ်ပြီး ခမောက်တစ်ခုဆောင်းပြီး ပြေးသွားတာပေါ့ဗျာ၊ ကျုပ်လည်း ဒါမျိုးကျတော့ ခေါ်စရာမလိုဘူးပေါ့၊ အဖေကထွက်ပြီဆိုတာနဲ့ ကျုပ်လိုသူကြီးလက်ထောက်က အိမ်ရှေ့ခန်းနံရံမှာချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကြီးလွယ်ပြီး အဖေ့အနောက်ကနေ ပြေးလိုက်ခဲ့ရတာပေါ့ဗျာ၊ ဒါကလည်း အဖေ့ရဲ့ထုံးစံဗျ၊ အဖေက တစ်ခုခုဖြစ်ရင် ကိုယ်လွတ်သွားတတ်တာ၊ အရင်တုန်းက ကျုပ်လည်းမသိတော့ ဒီအတိုင်းလိုက်သွားတာပေါ့ဗျာ၊ တစ်ဖက်က နည်းနည်းမာမာထန်ထန်ဆိုတော့မှ အဖေကကျုပ်ကို ဓါးတောင်းတာ၊ မပါသွားဘူးဆိုလို့ကတော့ အိမ်ရောက်ရင် အပြောအဆိုခံရပြီလို့သာမှတ်တော့ဗျို့၊ ဒါမျိုးတွေ နောကျေနေပြီဆိုတော့ ကျုပ်လည်း ငှက်ကြီးတောင်ဓါးကြီးလွယ်ပြီး ပြေးလိုက်ခဲ့တယ်ဆိုပါတော့ဗျာ။
ပွဲကတော့ တော်တော်ကောင်းနေပြီဗျ၊ လာကြည့်တဲ့လူတွေလည်း အုံခဲနေတာပဲ၊ တစ်ရွာလုံးတောင် ကုန်ပြီလားမှတ်တယ်၊ ကြည့်တဲ့သူတွေကလည်း အနားတော့ မကပ်ဝံ့ဘူးဗျ၊ ဝါးနှစ်ရိုက်လောက်အကွာကနေပြီး ကြည့်နေကြတာ၊ ရွာပြင် လက်ပံပင်ကုန်းအောက်မှာတော့ လူမိုက်တွေက တုတ်တွေနဲ့ရိုက်နေကြတာဗျာ၊ နိုင်ငံခြားကား ကြည့်နေရတဲ့အတိုင်းပဲ၊ ကျုပ်တို့ရွာက ကာလသားတွေကလည်း လူမိုက်တွေကို လှံနဲ့ချည်းဝင်ထိုးမယ်လုပ်လို့ တားနေရသေးတယ်၊ အဖေက ကွင်းစပ်ကနေပြီးလှမ်းအော်တယ်။
“ဟေ့ကောင်တွေ၊ ငါ့ရွာလာပြီးတော့ တုတ်တရမ်းရမ်းနဲ့လုပ်ရအောင်၊ မင်းတို့က ငါ့ကိုဘာကောင်များထင်နေသလဲကွ”
အဖေ့အသံက ကျယ်ပေမယ့် ပွဲကြည့်နေတဲ့လူတွေရဲ့အသံကို မဖုံးဘူးဖြစ်နေတယ်။ ဒါမျိုးရန်ပွဲကျတော့ ရွာကလူတွေက ဝါသနာပါသားဗျ၊ ခုခေတ်လို လက်ဝှေ့ပွဲတွေ ဘာတွေလွယ်လွယ်ကြည့်မရလေတော့ ကြံကြိုက်တဲ့အခါမှပဲ ရန်ပွဲကိုအားပေးရတာဗျ၊ ဟိုလူက ဟိုလူကိုရိုက်ပြီကွ၊ တော်တော်နာမှာကွာ၊ ဆော်ထားဟေ့ အဲဒီလိုမျိုး ဘေးကနေ ရန်တိုက်ပေးကြတာဗျ။
အဖေကလည်း ဝင်မဆွဲရဲသလို၊ ရွာက ဘယ်သူမှ ဝင်မဆွဲရဲပါဘူးဗျာ၊ ရန်ဖြစ်နေတဲ့လူတွေကိုလည်း ကြည့်အုံးဗျ၊ ကျုပ်တို့ရွာက ဆိုးပေ့မိုက်ပေ့ဆိုတဲ့ လူသုံးယောက်ရယ်၊ ပေတောရွာက ထောင်ထွက်လူမိုက် သန်းတိုးတို့ သုံးယောက်ရယ် ရိုက်နေကြတာဗျ၊ ဒီလူတွေက လက်ယဉ်နေပြီ၊ ကျုပ်တို့သွားဆွဲလို့ ကျုပ်တို့ပါအရိုက်ခံရတော့ ဘယ်နှယ့်လုပ်မလဲ။ ရိုက်ရင်းနဲ့ ခေါင်းကိုရိုက်မိလို့ သွေးစိမ်းဖြာထွက်တဲ့လူကထွက်၊ လက်ဖျံကျိုးတဲ့လူက ကျိုးနဲ့ဖြစ်ကုန်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ဦးဘသာကြီးက ကြိမ်လုံးကြီးဝှေ့ပြီး လူမိုက်အုပ်ကြားကိုပြေးဝင်သွားတယ်ဗျ။
“ဟေ့ကောင်တွေ၊ ရပ်လိုက်ကြစမ်း”
ဦးဘသာပြောတာနဲ့ ဟိုလူမိုက်ခုနစ်ယောက်က ငြိမ်ကျသွားတာဗျာ၊ ကွင်းပြင်မှာ မလှုပ်မယှက်ကြီးတွေဖြစ်သွားတာ၊ ပြီးတော့ တစ်ယောက်ချင်းစီကိုလက်ညှိုးထိုးပြီး ဒူးထောက်စမ်းလို့ပြောတာနဲ့ အဲဒီလူမိုက်တွေက ဒူးတွေထောက်သွားကြတာများဗျာ၊ အံ့ဩဖို့ကောင်းလိုက်တာ၊ ဒီတော့မှ အဖေက ကွင်းထဲကိုဝင်သွားတော့ ရွာက ကာလသားတွေလဲ ဝင်ပြီးသူတို့ကိုဖမ်းတော့တာပေါ့ဗျာ၊ ဖမ်းချုပ်ပြီး ရွာထဲကိုသွင်းတော့ လူမိုက်တွေက မငြိမ်ဘူးဗျာ၊ တစ်ချို့ဆို အကြောက်အကန်နဲ့ရုန်းနေကြတာ၊ ဒီတော့ ရုန်းနေတဲ့သူကို ဦးဘသာကြီးက နားအုံတွေချည်း လွှတ်ရိုက်တာဗျာ၊ ပါးစပ်ကလဲ သွားစမ်း၊ အေးအေးဆေးဆေးလိုက်သွားစမ်း နဲ့ အဲဒီလိုအမိန့်ပေးပြီးပြောလိုက်တော့မှ လူမိုက်တွေလည်း ကျုပ်တို့အနောက်ကို ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်ပါလာကြတော့တာ။
အဖေတို့လူတန်းကြီးသွားပြီးတော့ ကျုပ်နဲ့ဦးဘသာလည်း အနောက်ကနေလိုက်လာတာပေါ့ဗျာ၊ ကျုပ်လည်း ဦးဘသာကြီး တစ်ခုခုလုပ်လိုက်တာကို သိလိုက်တယ်လေဗျာ၊ ပုံမှန်ဆိုရင်တော့ လူမိုက်တွေက ဦးဘသာကို ပြန်ဆော်မှာပေါ့ဗျာ၊ ကျုပ်တို့ရွာက ကာလသား အားကောင်းမောင်းသန်တွေတောင်မှ ဝင်မဆွဲရဲတာမဟုတ်လား၊ သူပညာသုံးလိုက်တယ်ဆိုတာ ကျုပ်သိပါတယ်။
“ဦးဘသာကြီး ဒီကောင်တွေကို လုပ်လိုက်တာမဟုတ်လား”
“အေးလေ၊ ဒီအတိုင်းပြောလို့ရမယ့် ကောင်တွေမှ မဟုတ်တာကွာ၊ ဒါနဲ့ မင်းရော ဒီကောင်တွေကို ဆော်ချင်သလား”
ကျုပ်လည်းခေါင်းခါလိုက်တယ်ဗျ။
“မဆော်fချင်ပါဘူးဦးဘသာရာ၊ တော်ကြာ သူတို့က ကျုပ်ကိုအငြိုးအတေးထားပြီး လမ်းကြုံရင်ပြန်ဆော်နေပါအုံးမယ်ဗျ”
“ဟား၊ ဟား ဆော်ချင်ရင် ဆော်စမ်းပါကွ၊ ရော့ဒီမှာဟေ့”
ဦးဘသာက သူဝတ်ထားတဲ့ ရှပ်အကျီအဟောင်းကြီးရဲ့ အိတ်ကပ်ထဲကနေ ကျုပ်ကိုသစ်ရွက်တစ်ရွက်ထုတ်ပေးတယ်ဗျ၊ သစ်ရွက်ဆိုပေမယ့် အပြန့်အတိုင်းတော့မဟုတ်ဘူးဗျ၊ ခေါက်ပြီးချိုးထားလို့ လေးထောင့်စပ်စပ်ပုံလေးဖြစ်နေတာပေါ့ဗျာ။
“ဒီဟာလေးကို မင်းအိတ်ထဲထည့်ထား၊ ဒီကောင်တွေကို ညသန်းခေါင်မတိုင်ခင် ကြိုက်သလောက်သာဆော်စမ်းကွာ၊ မင်းကိုသူတို့ ဘာမှပြန်မလုပ်စေရဘူး၊ အိုကွာ၊ ကုန်ကုန်ပြောရရင် သူတို့ကိုဘယ်သူရိုက်လို့ ရိုက်သွားမှန်းတောင် သိမှာမဟုတ်ဘူးကွ”
ကျုပ်လည်း သူပေးတဲ့သစ်ရွက်ခေါက်ကလေးကိုယူပြီး ရှပ်အကျီအိတ်ကပ်ထဲ ထည့်လိုက်တာပေါ့ဗျာ။
“ဒါနဲ့ ညသန်းခေါင်ကျော်သွားရင် ရိုက်လို့မရဘူးလား”
“အေး၊ သန်းခေါင်ကျော်ရင်သွားမလုပ်နဲ့ကွ၊ ငါက တစ်ပွဲတိုးနည်းနဲ့လုပ်ထားတာ၊ သန်းခေါင်ကျော်လို့ သွားရိုက်ရင်တော့ မင်းဖြစ်တာမင်းခံရမှာနော်ကွ”
ဦးဘသာကြီးက ရယ်ရယ်မောမောနဲ့ပြောတယ်။
“ဒါနဲ့ ဦးဘသာကြီးကရော သူတို့ကိုဘာလို့ရိုက်တာလဲဗျ၊ ကျုပ်ကိုလည်း ဘာလို့ရိုက်စေချင်တာလဲ”
“ဒီကောင်တွေက လူမိုက်တွေလေကွာ၊ နောက်ပြီး မင်းလည်း လူမိုက်ကိုရိုက်ဖူးသွားတာပေါ့”
ကျုပ်လည်း ဦးဘသာကြီးဆီကနေ အစီအရင်ရလာတော့ အိမ်ကိုဆောင့်ကြွားကြွားနဲ့ပြန်လာခဲ့တာပေါ့ဗျာ၊ အိမ်ကိုကျုပ်ရောက်သွားတော့ လူမိုက်တွေကို ထိပ်တုံးတွေနဲ့ခတ်ထားပြီဗျ၊ အချိန်က ညနေစောင်းတော့မယ်လေ၊ ရွာက လူမိုက်တွေရဲ့မိဘအုပ်ထိန်းသူတွေခေါ်ရတယ်၊ ပေတောရွာက သူကြီးကိုအကြောင်းကြားပြီး လူမိုက်တွေရဲ့အုပ်ထိန်းသူတွေကို ခေါ်ဖို့လူလွှတ်ရတော့တာပေါ့ဗျာ။
(၂)
ကျုပ်လည်း အိမ်ရောက်တော့ သိပ်မယုံသေးတာနဲ့ ထိတ်တုန်းတန်းလန်းနဲ့ ခေါင်းငုံ့နေတဲ့လူမိုက်တစ်ယောက်ရဲ့ နောက်စေ့ကို အသာပိတ်ရိုက်လိုက်တယ်၊ လူမိုက်က သိတောင်သိပုံမပေါ်ပါဘူးဗျာ၊ ကျုပ်လည်း နောက်လူမိုက်တစ်ယောက်ရဲ့ လည်ကုပ်ကို ဖြောင်းခနဲမြည်အောင် အကျယ်ကြီးရိုက်ထည့်လိုက်တယ်ဗျာ၊ လည်ကုပ်ဆိုတဲ့ မြည်သံကအကျယ်ကြီးဗျ၊ ကျုပ်အကိုကြီးဆို ရေချိုးနေရင်း ကျုပ်ကိုအံ့ဩပြီးကြည့်နေတာဗျာ၊ ကျုပ်ကလည်း အိမ်ကလူတွေကြည့်နေတာ့ လူမိုက်တွေကိုပိုပြီး ရိုက်နှက်ပြတာပေါ့။
“ဟေ့အလတ်ကောင်၊ မင်းဒီကောင်တွေကို သွားရိုက်မနေနဲ့၊ မင်းကိုသူတို့ ရန်ငြိုးထားအုံးမယ်”
“အောင်မာ၊ ဒီလိုလူမိုက်တွေလောက်ကတော့ ကျုပ်ကသနားတယ်ဗျ”
ကျုပ်လည်းစကားပြောရင်း လူမိုက်တွေကို သုံးလေးချက်လောက် နားပန်ပိတ်ကျင်းလိုက်တာပေါ့၊ လူမိုက်တွေကို နှိပ်စက်နေတဲ့ကျုပ်ကို အဖေက မျက်မုန်းကျိုးသွားတယ်ထင်ပါရဲ့ဗျာ။
“ဟေ့ အလတ်ကောင်လာစမ်း”
ကျုပ်လည်း အဖေခေါ်ပြီဆိုတော့ အဖေ့အနားကိုပြေးသွားရတာပေါ့ဗျာ။
“ပေတောရွာကိုသွားပြီးတော့ သူကြီးစိုးတင်ကိုခေါ်လာခဲ့ကွာ၊ နောက်ပြီး ဟောဒီစာကိုလည်းသူ့ကိုပေးလိုက်”
အဖေပေးတဲ့ စာရွက်ကလေးကိုခေါက်လိုက်ပြီးတော့ ကျုပ်လည်း အိတ်ကပ်ထဲထည့်လိုက်တာပေါ့ဗျာ၊ အဖော်မပါဘဲခရီးမသွားနဲ့ဆိုတဲ့ စကားလည်းရှိတယ်ဆိုတော့ ကျုပ်လည်း ကျုပ်ညီကိုခေါ်ရတာပေါ့ဗျာ။ ကျုပ်ညီက မလိုက်ချင်လို့ အကြောက်အကန်ငြင်းတယ်ဗျ။
“ဟာ၊ ဒီအချိန်ကြီးမှ ပေတောကိုသွားရင် ဟိုကိုညဖက်မှရောက်သွားမှာပေါ့အကိုရာ၊ မလိုက်ဘူး”
ကျုပ်လည်း အကြံအိုက်နေတာပေါ့ဗျာ၊ နောက်ဆုံးတော့ အဖေက စက်ဘီးရှိတဲ့ အရှည်ကြီးဆိုတဲ့လူနဲ့ လိုက်သွားဖို့ပြောတော့ အရှည်ကြီးနဲ့ကျုပ်နဲ့သွားဖြစ်သွားတာပေါ့ဗျာ၊ ကျုပ်တို့ရွာတွေမှာ ကနာမည်တွေရှိတယ်ဆိုပေမယ့် လူတွေကိုတော့ နာမည်ပြောင်တွေ ခေါ်ကြတာများတယ်ဗျ၊ အရပ်ပုရင် ငပု၊ မောင်ပု၊ ဂျပု ဘွဲ့ပေးပြီး အရပ်ရှည်တဲ့လူကျတော့ အရှည်ကြီး၊ လောရှည် အဲဒီလိုမျိုး နာမည်တွေ ပေးတတ်ကြတယ်ဗျာ။ အရှည်ကြီးဆိုတဲ့လူက နာမည်အတိုင်းပဲ အရပ်ရှည်ရှည် ကလန်ကလားနဲ့ပါ၊ ပိန်ကလည်း ပိန်သေးတယ်ဗျ၊ ဒါပေမယ့် တောသားဆိုတော့ ပိန်ပေမယ့်လည်း အားတော့ရှိတယ်ပေါ့ဗျာ၊ သူ့စက်ဘီးက မောင်ဗမာ ယောက်ျားစီးဘီးကြီးဗျ၊ ကျုပ်ကိုအနောက်ခုံမှာတင်ပြီး သူကအရှေ့ကနေနင်းလာတာပေါ့ဗျာ။
ပေတောရွာနဲ့ ကျုပ်တို့ရွာက ရှစ်မိုင်ဝေးတာဆိုတော့ စက်ဘီးနဲ့နင်းရင် လေးဆယ့်ငါးမိနစ်နီးပါးလောက်ကြာတယ်၊ ဒါတောင်လမ်းကောင်းတဲ့ နွေခေါင်ခေါင်ကြီးမို့ပါ၊ လမ်းမကောင်းရင်တော့ တစ်နာရီကျော်ကျော်လောက်တော့ အသာကလေးကြာပါတယ်၊ အငယ်ကောင် မလိုက်ချင်တာလည်းမပြောနဲ့ဗျာ၊ ကျုပ်တို့ရွာထိပ်က ဇရပ်တွေကိုကျော်လာတော့ နေကဝင်ပြီးနေပြီဗျ၊ နောက်ပြီး ပိုဆိုးတာက ပေတောရွာနဲ့ ကျုပ်တို့ရွာက ရွာစဉ်အတော်ပြတ်သဗျ၊ ကြားမှာ လူနေတဲ့အဆောက်အအုံမရှိဘူး၊ နောက်ပြီး လမ်းခုလတ်တစ်နေရာမှာ မုယားကြီးပင်(မုယားကို မယားဟုအသံထွက်ပါ) ကြီးတစ်ပင်လဲရှိသေးတယ်၊ စာနဲ့ရေးတော့ မုယားလို့ရေးပေမယ့် ကျုပ်တို့အရပ်အခေါ်တော့ မယားကြီးပင်လို့ခေါ်ကြတာဗျ၊ အပင်ကလည်း တော်တော်ကြီးပါတယ်၊ လူနှစ်ဖက်လောက်ရှိပြီး အမြဲအုပ်အုပ်မှိုင်းမှိုင်းနဲ့ ရှိနေတာပါဗျာ။
အဲဒီ မယားကြီးပင်ကြီးကလည်း သူ့သမိုင်းနဲ့သူရှိပြီသားဗျ။ အဲဒီအပင်မှာ နှစ်ချို့သရဲကြီးတစ်ကောင်ရှီတယ်၊ တစ်ချို့ကလည်း သဘက်လို့ပြောကြတယ်၊ အဲဒီအကောင်ကြီးက အပင်အောက်ကဖြတ်တဲ့လူတွေဆီကနေ ရေတောင်းသောက်လိုက်၊ ဆေးလိပ်တောင်းဖွာလိုက်၊ အစားတောင်းလိုက်နဲ့ လုပ်လေ့ရှိတယ်တဲ့ဗျ၊ ဒါကြောင့် ပေတောရွာနဲ့ကျုပ်တို့ရွာနဲ့က သိပ်ပြီးတော့ အဆက်အဆံမရှိဘူးဖြစ်နေတာ၊ နေ့ခင်းကြောင်တောင်ကြီးတောင်မှ ပေတောကို တစ်ယောက်တည်း သွားဝံ့သူရှားတယ်ဗျို့၊ ဘာလို့လဲဆိုတော့ အဲဒီမယားကြီးပင်ကြောင့်ပဲ။
(၃)
အရှည်ကြီး စက်ဘီးနင်းလာပြီးတော့ မိနစ်နှစ်ဆယ်လောက်နေတော့ အဲဒီအပင်ကြီးကို လှမ်းမြင်နေရပြီဗျ၊ မှောင်ကလည်း အတော်မှောင်နေပြီ၊ နေဝင်ပြီးပြီဆိုတော့ အလင်းရောင်က တော်fတောအားနည်းနေပြီပေါ့ဗျာ၊ လုံးလုံးမိုးချုပ်သွားတာတော့မဟုတ်သေးဘူး မြင်တော့မြင်နေရသေးတာပေါ့ဗျာ၊ ကျုပ်လည်း အပင်ကြီးကိုတွေ့လိုက်တော့မှ စိတ်ထဲလန့်သွားတာဗျ။
ကျုပ်လည်း စိတ်ထဲကနေ ဘာမှမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းနေတာပေါ့ဗျာ၊ အရှည်ကြီးကလည်း စက်ဘီးနင်းရင်း တုန်လှုပ်နေတာကို ကျုပ်သတိထားမိတယ်ဗျ၊ အရှည်ကြီးဆိုပေမယ့် ကျုပ်တို့ထက် လေးငါးနှစ်ကြီးပါတယ်ဗျာ။
“ကိုရှည်ကြီး စက်ဘီးကိုသတိထားမောင်းအုံးနော်”
“အေးပါကွ၊ ဟိုရှေ့မှာ မယားကြီးပင်နားရောက်တော့မယ်မဟုတ်လား”
“အပင်အောက်တည့်တည့်ကမဖြတ်ဘဲ လမ်းတစ်ဖက်ခြမ်းကနေ ကပ်ပြီးဖြတ်ဗျာ”
ကျုပ်ပေးတဲ့အကြံကို အရှည်ကြီးက လက်ခံပါတယ်ဗျာ၊ သစ်ပင်ကြီးနားရောက်တော့ သိသိသာသာကို တစ်မျိုးကြီးဖြစ်သွားတာဗျ၊ ဘယ်လိုကြီးမှန်းတော့မသိဘူး၊ အရှည်ကြီးက စက်ဘီးကို မယားပင်ကြီးအောက်ကမဖြတ်ဘဲ လမ်းတစ်ဖက်ခြမ်း လှည်းဘီးရာတွေနားက ဖြတ်နင်းတယ်ဗျ၊ ဒီအချိန်မှာပဲ ကျုပ်က စက်ဘီးကိုခွစီးတာဆိုတော့ ကျုပ်ရဲ့မျက်စိဘေးစောင်းနားလေးကနေ ဖြတ်ခနဲတွေ့လိုက်တာက မယားကြီးပင် ပင်စည်ကြီးကနေ အကောင်ကြီးတစ်ကောင် ဇောက်ထိုးကြီးဆင်းလာတာဗျာ၊ ကျုပ်လည်း ကြောက်လို့ လှည့်မကြည့်ပါဘူး၊ ဒါပေမယ့် မျက်စိတစောင်းနေရာဆိုတော့ ရိပ်ခနဲတော့မြင်လိုက်ရတာပေါ့ဗျာ။
“ဟေ့ကောင်ရေ စက်ဘီးလဲပြီဟ”
ကိုရှည်ကြီးက စက်ဘီးနင်းနေရင်း စက်ဘီးပေါ်ကနေခုန်ချတယ်ဗျ၊ ကျုပ်လည်း ကယ်ရီယာပေါ်ကနေ ခုန်ဆင်းလိုက်တာပေါ့ဗျာ၊ ကျုပ်စိတ်ထဲ ငါတို့တော့သွားပြီဆိုတဲ့ ခံစားချက်မျိုးဖြစ်သွားတာပေါ့ဗျာ။
“စက်ဘီးက ဖုတ်နစ်သွားတာကွ”
ကျုပ်တို့က လှည်းလမ်းကြောင်းထဲကိုဆင်းလိုက်တော့ ဒီလိုရာသီဆိုရင် လမ်းတွေက ဖုန်တွေထူနေတတ်တာဗျ။ ဖုတ်က တစ်ပေထုလောက်ရှိတာဆိုတော့ စက်ဘီးဘီးနစ်ပြီး ထိုးရပ်သွားတာပေါ့ဗျာ၊ အရှည်ကြီးက စက်ဘီးကိုပြန်ဆွဲတင်နေတဲ့အချိန်မှာပဲ ကျုပ်တို့အနောက်ကနေ အက်ကွဲကွဲအသံကြီးတစ်ခုကိုကြားလိုက်ရတယ်။
“ငါ့ကိုဆေးလိပ်တိုက်ပါ”
အသံကြီးက လူသံဆိုပေမယ့် စကားကိုတစ်လုံးချင်းပြောတဲ့အသံကြီးဗျ၊ အရှည်ကြီးက ကျုပ်တောင်းတယ်ထင်နေတာတဲ့လေ။
“ငါ့မှာ တစ်လိပ်ပါတယ်အလတ်ကောင်၊ မင်းယူမလား”
“ကျုပ်၊ ကျုပ်တောင်းတာမဟုတ်ဘူးဗျ”
အရှည်ကြီးက အနောက်ကိုလှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးကြီးက ပြူးထွက်သွားတာကို ကျုပ်မြင်လိုက်တယ်ဗျာ၊ သွေးပျက်သွားတဲ့ပုံပေါ့၊ ကျုပ်လည်း မဝံ့မရဲနဲ့ အနောက်ကိုလှည့်ကြည့်လိုက်တယ်ဆိုရင်ဘဲ ကျုပ်တို့အနောက်မှာ ကုန်းကုန်းကြီးလုပ်နေတဲ့ သဘက်ကြိးကိုမြင်တွေ့လိုက်ရတယ်ဗျာ၊ သဘက်ကြီးတစ်ကိုယ်လုံးကို အမွှေးကြမ်းအရှည်ကြီးတွေက ဖုံးအုပ်ထားတယ်ဗျ၊ အဲဒီအမွှေးကြီးတွေကလည်း ရေတွေစိုထားသလို စေးကပ်ကပ်ကြီးဗျာ။
“ဟေ့ကောင်ကြီး၊ မင်းဖို့ငါတို့တွေမှာ ဘာမှမပါဘူး၊ သွားစမ်း”
အရှည်ကြီးက အော်ဟစ်လိုက်တယ်ဆိုရင်ဘဲ ဒီကောင်ကြီးက တော်တော်ဒေါသထွက်သွားပုံရတယ်ဗျ၊ အရှေ့ကိုကုန်းကုန်းကြီးတက်လာတာ၊ ကျုပ်လည်း ကြောက်ကလည်းကြောက်၊ ဒေါသကလည်းထွက်ဆိုတော့ ပိတ်အော်ပစ်လိုက်တယ်။
“အောင်မာ၊ ဟေ့ကောင်ကြီး သွားစမ်းကွာ၊ ငါရိုက်ထည့်လိုက်ရ”
ကျုပ်လက်ရွယ်လိုက်တော့ အဲဒီကောင်ကြီးက ကြောက်တယ်ဗျာ၊ တွန့်ပြီးအနောက်ကိုဆုတ်သွားတာပဲ၊ ကျုပ်တို့လည်း စက်ဘီးပေါ်ကိုတက်ပြီး အမြန်နင်းဖို့လုပ်တာပေါ့ဗျာ၊ အရှည်ကြီးက စက်ဘီးကိုအားစိုက်နင်းပေမယ့် စက်ဘီးက မထွက်ဘူးဗျ၊ ဘယ်ထွက်မလဲဗျာ၊ သဘက်ကြီးက ကျုပ်တို့စက်ဘီးရဲ့ အနောက်ဘီးကို လက်နှစ်ဖက်နဲ့ဆွဲထားတာကိုး။ လက်ကြီးတွေက အရှည်fကြီးပဲဗျာ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့။
“အောင်မာ၊ စက်ဘီးကိုအခုလွှတ်နော်”
ကျုပ်ပြောလိုက်တော့ ကလေးတစ်ယောက်လိုပဲဗျာ၊ လက်ကိုချက်ချင်းလွှတ်လိုက်တာ။ ကျုပ်ပြောတာကိုတော့ ကြောက်ပုံရတယ်၊ စက်ဘီးကလည်းဗျာ ဘာဖြစ်တယ်မသိပါဘူး၊ နင်းလိုက်ရင် တဂျစ်ဂျစ်၊ တဂျောက်ဂျောက်နဲ့နင်းရတာနှေးနေတယ်ဗျ၊ ကျုပ်တို့နင်းပြီးထွက်လာတော့ ကျုပ်တို့အနောက်ကနေ အဲဒီအကောင်ကြီးက ပြေးလိုက်လာတာဗျာ၊ ဒါပေမယ့် ကျုပ်က လက်ရွယ်လိုက်ရင် သူ့ကိုရိုက်မယ်ထင်ပြီးတော့ အနောက်ကိုပြေးပြေးဆုတ်သွားတာ။
ကျုပ်လည်း သူ့ကိုလန့်ရမဲ့အစား သနားလာတယ်ဗျာ။ သူက အပင်ကြီးနဲ့ တော်တော်ကြီးကိုလှမ်းတဲ့နေရာအထိလိုက်လာပြီး ဆေးလိပ်တောင်းတာ၊ နောက်တော့ အရှည်ကြီးကိုပြောပြပြီး သူ့ဆီကဆေးလိပ်ယူပြီး ချပေးခဲ့တော့တာပဲဗျာ၊ အဲဒီကောင်ကြီးလည်း ဆေးလိပ်ရပြီးတော့ ကျန်နေရစ်ခဲ့ရောဗျို့။
(၄)
ပေတောရွာရောက်တော့ ခုနစ်နာရီထိုးတော့မယ်ဗျ။ ကျုပ်တို့လည်း သူကြီးစိုးတင်ကို အကျိုးအကြောင်းပြောပြီးတော့ ခေါ်လာတာပေါ့၊ သူကြီးနဲ့မိဘတွေလည်း နွားလှည်းတစ်စီးနဲ့လိုက်လာကြတာပေါ့ဗျာ၊ အရှည်ကြီးကတော့ မလိုက်ဝံ့တော့ဘူးဗျ၊ သူ့စက်ဘီးကိုပြင်ရင်း ပေတောရွာက သူ့ယောက်ဖအိမ်မှာ နေခဲ့မယ်တဲ့၊ သူလည်း တော်တော်သွေးပျက်သွားပုံရပါတယ်ဗျာ။
ကျုပ်ကတော့ ပြန်မလိုက်လို့မဖြစ်ဘူးလေ၊ နောက်ပြီး လှည်းတစ်စီးနဲ့သွားတာဆိုတော့ လှည်းနောက်နားမှာ ထိုင်ပြီးလိုက်လာခဲ့တာပေါ့ဗျာ၊ လှည်းကတော့ လူသိပ်မပါပါဘူး၊ လှည်းမောင်းတဲ့လူရယ်၊ သူကြီးရယ်၊ ကာလသားခေါင်းရယ်၊ နောက်ပြီး အဘွားကြီးတစ်ယောက်၊ ဦးလေးကြီးတစ်ယောက်၊ ကျုပ်တို့နဲ့ရွယ်တူကောင်လေးတစ်ယောက်လည်း ပါသေးတယ်၊ လှည်းပေါ်မှာလူများတော့ အားရှိတာပေါ့ဗျာ၊ လှည်းပေါ်ထိုင်ရင်း စကားတပြောပြောနဲ့လာခဲ့တာ ညရှစ်နာရီထိုးခါနီးလောက်ကျတော့ အဲဒီမယားကြီးပင်နားကို ရောက်ပါရောဗျာ၊
အဘိုးကြီး၊ အဘွားကြီးကြည့်ရတာ ပါးစပ်က တတွတ်တွတ်နဲ့ဆိုတော့ ဘုရားစာရွတ်နေတာဖြစ်မယ်ဗျ၊ လှည်းမောင်းတဲ့သူကလည်း နွားတွေကိုကြိမ်တို့ပြီး လှည်းကိုအရှိန်တင်လိုက်တယ်၊ သူကြီးဦးစိုးတင်ကတော့ ကျီးကြည့်ကြောင်ကြည့် လျှောက်ကြည့်နေတာဗျ။ ကျုပ်တို့ သစ်ပင်ကြီးအောက်က ဖြတ်တဲ့အချိန်မှာ သစ်ကိုင်းကြီးက တဖြန်းဖြန်းလှုပ်သွားပြီးတော့ သဘက်ကြီးက ကျုပ်တို့လှည်းပေါ်ကို ဝုန်းခနဲခုန်ချတော့တာပဲဗျို့၊ ခုန်ချတာကမှ ကျုပ်အရှေ့တည့်တည့်ကို ခုန်ချတာဗျာ၊ ကျုပ်က လှည်းနောက်နားမယ် ထိုင်နေတာမဟုတ်လားဗျ။
ခုန်ချပြီးတော့ ဘာမပြောညာမပြောနဲ့ ကျုပ်ရှေ့မျက်စောင်းထိုးမှာထိုင်နေတဲ့ ကောင်လေးကိုဆွဲလုံးပြီး လှည်းပေါ်ကနေ ခုန်ချသွားတာပဲဗျာ၊ ဟိုကောင်လေးလဲ လှည်းအောက်ကိုကျပြီးတော့ ဖုန်တွေတထောင်းထောင်းထသွားတာပေါ့၊ အဘိုးကြီး၊ အဘွားကြီးလည်း ကောင်လေးကျသွားလို့ အော်တော့ လှည်းသမားကလည်း လှည်းကိုရပ်လိုက်တယ်ဗျ၊ သဘက်ကြီးက ကောင်လေးပေါ်ကို တက်ခွပြီးတော့ ထိုးကြိတ်နေလိုက်တာဗျာ၊ တခွပ်ခွပ်နဲ့၊ မသိရင် ရုပ်ရှင်တွေထဲမှာကြည့်တဲ့ လက်သီးထိုးခန်းများလား မှတ်ရတယ်၊ ကျုပ်လည်း ဘာမှမပြောတော့ဘဲ လှည်းပေါ်ကနေခုန်ချပြီးတော့ သဘက်ကြီးရဲ့ကျောကုန်းကို လက်ဝါးနဲ့ဖြန်းခနဲရိုက်ထည့်လိုက်တော့ သဘက်ကြီးခမျာ ကျောကော့တက်သွားတာပဲဗျို့၊ လဆန်းရက်မို့လို့ လကလည်းသာနေတော့ သစ်ပင်အောက်ဆိုပေမယ့် မြင်နေရတယ်ဗျာ၊ ဒါတောင်သဘက်ကြီးက ဟိုကောင်လေးကို မလွှတ်သေးဘူးနော်၊ ကျုပ်က နောက်တစ်ချက် ထပ်ရိုက်လိုက်တော့မှ ဟိုကောင်လေးကိုလွှတ်လိုက်တာ။
“သွားစမ်း၊ သေအုံးမယ်၊ ငါလုပ်ထည့်လိုက်လို့”
ကျုပ်လက်နဲ့ရွယ်တော့ သစ်ပင်ပေါ်ကို ပြန်ပြေးတက်သွားပါရောဗျာ။ ဟိုကောင်လေးကတော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ဖြစ်နေပြီ၊ သူကြီးဦးစိုးတင်နဲ့ လှည်းသမားကတော့ ကျုပ်ကိုကြည့်လိုက်တာဗျာ၊ ကယ်တင်ရှင်လိုလို၊ သူရဲကောင်းလိုလိုအကြည့်နဲ့ကြည့်တာ၊ ကျုပ်နဲ့ဟိုကောင်လေးလည်း လှည်းပေါ်ပြန်တက်ခဲ့ပြီး လှည်းကိုအမြန်နှင်ခဲ့တာပေါ့ဗျာ၊
ကျုပ်လည်း လှည်းပေါ်မှာ စဉ်းစားနေမိတာက ဒီအကောင်ကြီး ငါ့ကိုဘာလို့ကြောက်သလဲပေါ့၊ နောက်တော့မှ ညနေက ဦးဘသာပေးခဲ့တဲ့ သစ်ရွက်ကလေးကိုသတိရသွားတာဗျ၊ ကျုပ်ထင်ပါတယ်၊ သဘက်ကြီးက ကျုပ်ကိုကြောက်တာမဟုတ်ဘူး၊ ဒီသစ်ရွက်အစီအရင်ကို ကြောက်တာဗျ။
သူကြီးဦးစိုးတင်ဆို အိမ်ရောက်တော့ ကျုပ်အဖေကို ကျုပ်အကြောင်းတွေပြန်ပြောပြနေတာဗျာ၊ သူလည်း တော်တော်အံ့ဩနေပုံရတယ်၊ အဖေကတော့ မယုံပါဘူး၊ အမေနဲ့ကျန်တဲ့သူတွေကတော့ တစ်ဖက်ရွာက သူကြီးတင်မက လှည်းမောင်းတဲ့ ကာလသားခေါင်းရော၊ အဘိုးကြီး အဘွားကြီးပါပြောတာဆိုတော့ ယုံကြတာပေါ့ဗျာ။
ဖြစ်ချင်တော့ ဟိုကောင်လေးက ထောင်ထွက်လူမိုက်ရဲ့ ညီအငယ်ဆုံးတဲ့ဗျ၊ သူတို့ညီအကိုနှစ်ယောက်က မယားကြီးပင်ကြီးမှာ တစ်ခါမဖွယ်မရာလုပ်ပြီး စိန်ခေါ်ထားဖူးတယ်တဲ့ဗျာ၊ ဒါကြောင့် သဘက်ကြီးက သူ့ကိုအငြိုးအတေးထားတာဖြစ်မှာပေါ့၊ အခါအခွင့်သင့်မယ့်အချိန်ကို စောင့်နေတယ်ထင်ပါရဲ့ဗျာ၊ ကျုပ်သာမပါရင် ဒီကောင်လေးဘာဖြစ်မလဲဆိုတာ မတွေးတတ်တော့ပါဘူး။
ညတွင်းချင်းပဲ ပေတောရွာသူကြီးက လူမိုက်တွေကိုခေါ်ပြီး ပြန်သွားတယ်၊ ကျုပ်ကတော့ အဲဒီညမှာ ဟီးရိုးဖြစ်ခဲ့တာပေါ့ဗျာ။
နောက်တစ်နေ့တော့ ကျုပ်ဦးဘသာကြီးဆီတန်းပြေးတာပဲဗျို့၊ ကျုပ်တို့ဖြစ်ခဲ့တာတွေအကုန်လုံးကို ပြောပြလိုက်တယ်။
“အဲဒါ ဘာအင်းလဲ၊ ဘာအစီအရင်လဲ ဦးဘသာ”
“မင်းနားလည်အောင်ပြောရရင်တော့ အကုန်နိုင်အင်းပေါ့ကွာ၊ ဒီအစီအရင်လုပ်ထားရင် မင်းဘာလုပ်လုပ်၊ ဘာပြောပြော၊ မင်းကိုတော်တော်များများကကြောက်နေလိမ့်မယ်ကွ၊ မင်းဘသက်ကြီးနဲ့တွေ့ခဲ့တော့ ဒီအစီအရင်ကြောင့်မင်းကို ဟိုက ကြောက်နေတာနေမှာ”
“ဒီအင်းက တစ်ပွဲတိုးအစီအရင်တစ်ခုကွ၊ အဲဒီအစီအရင်ရှိနေသရွေ့ မင်းက ခွေးကိုပြောရင် ခွေးကိုနိုင်မယ်၊ လူကိုပြောရင်လည်း လူကိုနိုင်မယ်၊ အဲ . . ခုနကလို သရဲနဲ့ဖြစ်ရင်လည်း မင်းကသရဲကိုနိုင်မယ်ကွ၊ သူတို့ကို ကြိုက်သလောက်ရိုက်နှက် နှိပ်စက်လို့ရတယ်၊ သူတို့က ပြန်မလုပ်နိုင်ကြဘူးကွ၊ သူတို့စိတ်ထဲမှာ အလိုလို အဖေကိုသားက ကြောက်သလို ကြောက်သွားကြတာ”
သူပြောတာလည်းဟုတ်တယ်လေ၊ ဒါပေမယ့် ကျုပ်ကြောက်သွားတာတစ်ခုရှီတယ်ဗျ၊ အဲဒါကတော့ ကျုပ်က သဘက်ကြီးကို သွားပြီး စခဲ့သလိုဖြစ်နေမလားလို့ပေါ့၊ သဘက်ကြီးသာ ကျုပ်ကိုအငြိုးအတေးထားမယ်ဆိုရင် ကျုပ်နောက်တစ်ခေါက် အဲဒီအပင်ကြီးဆီကို မသွားဝံ့တော့ဘူးဗျ။
တကယ်လည်း ကျုပ်ထင်တဲ့အတိုင်းပါပဲ၊ သဘက်ကြီးက ကျုပ်ကိုငြိုးနေတာပါ၊ ကျုပ်ဆီမှာ အစီအရင်ရှိနေလို့ သူက ကျုပ်ကိုကြောက်နေရတာ၊ အစီအရင်မရှိတဲ့အချိန်မှာ ကျုပ်ကိုပြန်တွယ်ဖို့ ချောင်းနေတာပေါ့ဗျာ၊ နောက်တော့ သူနဲ့ကျုပ်နဲ့ နောက်တစ်ချီထပ်နွှဲကြတာပေါ့၊ ဒါကို ကျုပ် သဘက်ကြီးငညိုအကြောင်းမှာ ထည့်ပြောမယ်ဗျာ၊ ဒီနေ့တော့ တော်လောက်ပြီ၊ နားကြအုံးစို့ဗျာ။
ပြီးပါပြီ။