အတွဲ(၅) စာစဉ်(၈)
(၁)
“ဦးဘသာ ကဝေရှင်ကို ဘယ်မှာသွားရှာကြမှာလဲဗျ”
ချောချောပုံစံနဲ့ ဦးဘသာကို ကျုပ်ကမေးလိုက်တယ်၊ ဦးဘသာ လမ်းလျှောက်တာကိုရပ်လိုက်ပြီးတော့
“ကဝေရှင်ဆိုတာ သိုသိုသိပ်သိပ်နေတတ်တဲ့လူတွေကွ၊ သူတို့က လူမသိအောင်နေတယ်၊ လူမသိသူမသိလည်းလှုပ်ရှားတတ်တယ်ကွ၊ စုန်းကဝေတွေကို ဖမ်းဆီးတဲ့လူဆိုတော့ စုန်းကဝေတွေတောင်မှ ကဝေရှင်ဘယ်သူလဲဆိုတာ မသိကြဘူး”
“ဟောဗျာ၊ ဒါဆိုရင်ကျုပ်တို့ဘယ်လိုသွားရှာမလဲဗျ၊ ဟောဒီရန်ကုန်မှာ လူတွေကလည်းအများကြီးမဟုတ်လား ဒီလူတွေထဲကမှ ကဝေရှင်ဘယ်သူလဲဆိုတာကို လိုက်ရှာရရင်ဖြင့် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာထက်တောင် ဆိုးနေအုံးမယ်ဗျာ”
ဦးဘသာက ပြုံးရင်း
“သိပ်လည်းမစိုးရိမ်ပါနဲ့ကွ၊ ငါ့မှာနည်းလမ်းရှိပါတယ်”
“ဘယ်လိုနည်းလဲဗျာ”
“စောင့်ကြည့်ပေါ့ကွာ၊ လာဟေ့ ဒီအချိန်ဆိုရင် သူတို့ထွက်နေလောက်ပြီကွ”
ဦးဘသာနဲ့ကျုပ်လည်း ကားလမ်းအတိုင်းဆက်လျှောက်လာခဲ့ကြတယ်၊ မြို့နဲ့တဖြည်းဖြည်းလှမ်းလာတဲ့အခါ ကားလမ်းမကြီးမှာ မီးတိုင်တွေက ခပ်ကျဲကျဲပဲရှိတော့တယ်ဗျ၊ ကားလမ်းပေါ်မှာလည်း ကျုပ်နဲ့ဦးဘသာပဲ ရှိတော့တာ၊ ကုန်တင်ကားကြီးတွေကတော့ တစ်ချက်တစ်ချက် ဝေါခနဲဝေါခနဲဖြတ်သွားတတ်တာပါပဲဗျာ။
ဆက်လျှောက်လာရင်း ခပ်လှမ်းလှမ်းက လမ်းမီးတိုင်တစ်ခုအောက်မှာ ကလေးလေးတွေက ဆော့ကစားနေသဗျ၊ ကလေးချည်း ဆယ်ယောက်လောက်ရှိတယ်ဗျာ၊ သူတို့တွေက လမ်းမီးရောင်အောက်မှာ ပြေးလိုက်လွှားလိုက်နဲ့ ဆော့ကစားနေတယ်၊ ကျုပ်လည်း ကလေးတွေကိုကြည့်ပြီး အံ့သြသွားတာပေါ့ဗျာ။
“ညကြီးမင်းကြီး ဘယ်ကကလေးတွေ လမ်းမီးတိုင်အောက်မှာ လာဆော့နေကြသလဲမသိပါဘူးဗျာ၊ ကားတိုက်မိလို့ သေကုန်အုံးမယ်”
ဦးဘသာက ပြုံးရင်း
“သူတို့က ကားတိုက်ပြီးသားဆိုတော့ မသေတော့ဘူးပေါ့ကွာ”
“ဘယ်လိုဗျ၊ ကားတိုက်ပြီးသားတဲ့လား”
“ငါပြောမယ်အလတ်ကောင်၊ မင်းဘေးဘီကိုကြည့်လိုက်စမ်း၊ တစ်ဖက်မှာလည်းတောကြီး၊ တစ်ဖက်မှာလည်း ခြံစည်းရိုးကြီးမဟုတ်လားကွ၊ ဒီလိုနေရာမှာ ဘယ်ကကလေးက လာဆော့မှာလဲကွ”
ဦးဘသာပြောတာလည်းဟုတ်တယ်ဗျ၊ ဒီနားမှာ လူနေအိမ်ဆိုလို့ တစ်အိမ်တောင်မတွေ့မိပါဘူးဗျာ၊ ဒီတော့မှ ကျုပ်လည်းကျောတွေချမ်းလာတာ။
“ဒါဆို ဒီကလေးတွေက သရဲတွေပေါ့နော်”
“သရဲတော့မဟုတ်ဘူး၊ မှင်စာကလေးတွေကွ”
“မှင်စာနဲ့ ကဝေရှင်နဲ့က ဘယ်လိုအဆက်အသွယ်ရှိလို့လဲဦးဘသာ”
“ကဝေရှင်က မှင်စာလေးတွေကို အသုံးချတယ်ကွ၊ မှင်စာကလေးတွေက ကလေးသရဲလေးတွေဆိုတော့ မလိမ်မညာတတ်ကြဘူးမဟုတ်လား၊ ပြီးတော့ ခိုင်းရပြုရတာလည်း လွယ်တယ်လေကွာ”
“ဒါဆိုရင် ဒီမှင်စာကလေးတွေထဲမှာ တစ်ယောက်ယောက်က ကဝေရှင်ကိုသိနေမှာပေါ့နော်”
“အစစ်ပေါ့ကွာ၊ ကဲ လာလာ၊ ဒီကောင်တွေကိုသွားမေးရအောင်”
ကျုပ်တို့လည်း မှင်စာကလေးတွေအနားကို လမ်းလျှောက်လာကြတယ်ဗျ၊ မှင်စာလေးတွေကို ကျုပ်တို့ကို ဂရုမထားပါဘူးဗျာ၊ အော်ကြဟစ်ကြ၊ ဆူညံကြနဲ့ ဆော့ကစားနေကြတာပေါ့၊ ဆူတာလည်း အတော်ဆူတာဗျ၊ အသံသေးသေးလေးတွေနဲ့ အော်ဟစ်နေတာပဲဗျာ။ ကျုပ်တို့နဲ့ တဖြည်းဖြည်းနီးလာတဲ့အခါ အဲဒီမှင်စာကလေးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပါပဲ၊ ဓါတ်တိုင်အောက်မှာ ဘာမှကိုမရှိတော့ဘူးဗျ။
“ဟော၊ ဘယ်ရောက်ကုန်တာလဲဗျာ”
“လာစမ်းပါကွာ၊ သူတို့က လူတွေ့လို့ပုန်းနေတာကွ”
ဦးဘသာနဲ့ကျုပ်နဲ့ အဲဒီဓါတ်တိုင်အောက်ကိုရောက်တော့ ဦးဘသာက ဓါတ်တိုင်ကိုလက်နဲ့ပုတ်ရင်း
“ဟေ့ကောင်လေးတွေ၊ ပုန်းမနေနဲ့ထွက်လာခဲ့ကြစမ်းဟေ့”
ဦးဘသာပြောပေမယ့် ဘာမှတော့မထူးဘူးဗျ၊ တစ်ဖက်မှာလည်း ကတ္တရာလမ်းကြီး၊ တစ်ဖက်မှာလည်း ချုံပင်မြက်ပင်တွေပဲရှိသဗျာ၊ ဒီအချိန် ချုံဘက်ကနေ ချွတ်ခနဲအသံကြားလိုက်ရပြီးတော့ အကောင်လေးတစ်ကောင်က လွှားခနဲခုန်ထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီအကောင်လေးကို လက်ညှိုးနဲ့ထိုးလိုက်တော့ အကောင်လေးက လေပေါ်မှာတန်းလန်းကြီးဖြစ်သွားသဗျာ၊ ပုံစံကတော့ လူပုံစံမဟုတ်ဘူးဗျာ၊ လက်ရှည်ရှည်၊ ခြေရှည်ရှည်နဲ့ဗျ၊ မသိရင်မျောက်တစ်ကောင်နဲ့တောင်တူတယ်၊ မျောက်ကတော့ အမြီးပါတယ်၊ သူကအမြှီးမပါဘူးပေါ့ဗျာ။
မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲနဲ့ဗျာ၊ ပါးစပ်ထဲမှာလည်း အစွယ်သွားချွန်ချွန်ကလေးတွေ အများကြီးရှိတယ်၊ ဒီကောင်လေးက လေပေါ်ရပ်နေတာကို မကျေနပ်တဲ့ပုံပဲဗျ၊ ပါးစပ်ကလည်း စူးစူးဝါးဝါးအော်တယ်။ ဦးဘသာက မှင်စာကလေးကို မျက်မှောင်ကြုတ်လိုက်ပြီး
“အောင်မာ၊ မင်းအစွမ်းလောက်နဲ့ ငါ့ကိုချုံခိုတိုက်ချင်တယ်ပေါ့၊ ဟုတ်သလား”
ဦးဘသာက မှင်စာကလေးကိုလွှတ်ပေးလိုက်တော့ မှင်စာကလေးက မြေကြီးပေါ်မှာဆောင့်ကြောင့်လေးထိုင်လို့ဗျ၊
“ငါလာတာ မင်းတို့ကို ဒုက္ခပေးဖို့လာတာမဟုတ်ဘူးကွ၊ ကဲ မင်းရဲ့အပေါင်းအပါတွေကို ခေါ်လိုက်စမ်းကွာ”
မှင်စာကလေးက ပါးစပ်ကအော်ဟစ်ပြီးတော့ သူ့လက်နဲ့ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပါရောဗျာ၊ ခင်ဗျားတို့ကျုပ်တို့လည်း ငယ်ငယ်က အဲဒီလိုလုပ်ခဲ့ဖူးမယ်မဟုတ်လား၊ ပါးစပ်က ဝူးလို့အော်ရင်း လက်ကိုအဖွင့်အပိတ်လုပ်တော့ ဝလူ ဝလူဆိုတဲ့အသံထွက်တာပေါ့ဗျာ။
“ဒါဘာလုပ်နေတာလဲ ဦးဘသာ”
“မှင်စာကလေးတွေကိုခေါ်နေတာကွ၊ မှင်စာခေါ်ရင် အဲဒီလို ဝလူဝလူလုပ်ပြီးခေါ်ရတယ်၊ ဒါကြောင့်ရှေးလူကြီးတွေက ကလေးတွေအဲဒီလိုလုပ်ပြီးဆော့ရင် ဆူကြရိုက်ကြတယ်မဟုတ်လား၊ နောက်မဆော့ဖို့လည်း ပြောကြတယ်လေကွာ”
ဟုတ်တယ်ဗျ၊ ကျုပ်တို့ငယ်ငယ်က အဲဒီလိုလုပ်တဲ့အခါ အမေကဆူတာပါပဲဗျာ၊ ခေါင်းကိုလည်း ဒေါက်ခနဲခေါက်တာဗျ၊ သုံးလေးခါလောက် အခေါက်ခံရပြီးတော့ ကျုပ်တို့လည်း မှတ်သွားပြီး လိုက်မလုပ်တော့ဘူးပေါ့ဗျာ၊ အခုမှသိတယ်၊ ဒီလိုလုပ်တာ မှင်စာခေါ်တာတဲ့ဗျာ။
“ဟုတ်တယ်ဦးဘသာ၊ ကျုပ်တို့ငယ်ငယ်ကဆို ဒီလိုလုပ်ရင် ခဏခဏအတီးခံရတာဗျ၊ ဘာကြောင့်မှန်းတော့ မသိဘူးပေါ့ဗျာ”
“မှင်စာလေးတွေက ကလေးခေါ်ရင် ရောက်လာတတ်တယ်ကွ၊ ပြီးတော့ ကလေးကို စနောက်တတ်တယ်၊ မှင်စာ စနောက်တာခံရရင် ကလေးက အကြောင်းမရှိဘဲနဲ့ တခစ်ခစ်ရယ်တတ်တယ်ကွ၊ တချို့မှင်စာကျတော့ ကလေးကိုခြောက်တယ်၊ ဆူတယ်၊ ဒီအခါ ကလေးကငိုရောဟေ့၊ အခန့်မသင့်ရင် မှင်စာက ကလေးကိုပူးကပ်တာလည်းဖြစ်နိုင်သေးတယ်၊ ဒါကြောင့်မို့ ကလေးတွေကို ဒီလိုမဆော့ခိုင်းတာကွ”
ဟိုမှင်စာကလေး ဝလူဝလူအော်ပြီး သိပ်မကြာပါဘူးဗျာ၊ လမ်းဘေးက ချုံပုတ်တွေက တရှဲရှဲနဲ့လှုပ်ခတ်လာပြီးတော့ မှင်စာကလေးတွေ ခုန်ပေါက်ပြီးထွက်လာသဗျာ၊ ပြီးတာနဲ့ တစ်ခါတည်း ကျုပ်အပေါ်ကို ကုပ်ဖက်တက်ကြတာပါပဲဗျာ၊ ခေါင်းပေါ်တက်တဲ့အကောင်က ကျုပ်ဆံပင်တွေကိုဆောင့်ဆွဲသဗျ၊ ခြေသလုံးကိုဖက်ကိုက်တဲ့အကောင်ကလည်းကိုက်တယ်၊ လက်မောင်းတစ်ဖက်မှာလည်း တစ်ကောင်စီတက်နေသေးတယ်ဗျာ၊ ကျုပ်လည်းမှင်စာငါးကောင် ကိုယ်ပေါ်တက်နေတာနဲ့ သူတို့ကျသွားအောင်လို့ အမျိုးစုံခါရမ်းနေတာပေါ့ဗျာ၊ ဒီကောင်တွေက မျောက်တွေလိုပဲဗျ၊ မြန်လိုက်တာလည်း လှစ်နေတာပဲဗျာ၊ သူတို့ကိုရိုက်ထည့်လိုက်ရင် သူတို့မထိဘဲ ကိုယ့်အသားပဲကိုယ်ပြန်ထိတယ်ဗျ။
ခေါင်းပေါ်က မှင်စာကိုလှမ်းဖမ်းဆွဲလိုက်တဲ့အချိန်မှာ ခါးပေါ်ကိုမှင်စာတစ်ကောင်က ကုပ်ဖက်တက်လာပြီးတော့ ကျုပ်ချိုင်းကို သူ့လက်ညှိုးနဲ့ကလိထိုးပါရောဗျာ၊ ကျုပ်ဖြင့် ရယ်လိုက်ရတာပြောမနေပါနဲ့၊ နောက်တစ်ကောင်ကလည်း ကျုပ်ခါးကိုပွတ်တယ်ဗျ၊ ကျုပ်မနေနိုင်တော့တာနဲ့ ကတ္တရာလမ်းပေါ်လှဲချလိုက်ရတယ်၊ ဒီမှင်စာတွေက ကျုပ်ကိုကလိချည်းလှိမ့်ထိုးတာဗျ၊ ကျုပ်ဖြင့် ရယ်လိုက်ရတာ အူပါတက်တယ်ဗျာ၊
“ဦးဘသာ၊ ကျုပ်ကိုလုပ်ပါအုံးဗျာ၊ ဟား၊ ဟား”
ကလိထိုးတာ အသားမနာဘူးဆိုပေမယ့် တော်တော်တော့ခံရခက်တဲ့အမျိုးဗျ၊ ခင်ဗျားတို့မယုံရင် ကလေးငါးယောက်လောက်ခေါ်ပြီးတော့ ကလိသာထိုးခိုင်းကြည့်ဗျာ၊ ကျုပ်က ယားတတ်တဲ့လူဆိုတော့ ပိုဆိုးတယ်ဗျ။ ဒီမှင်စာကလေးတွေကလည်း တော်တော်ပေါ့ပါးတာဆိုတော့ ခါထုတ်လို့လည်းမရဘူးဗျာ။
ဦးဘသာက ကျုပ်ကိုလက်ညှိုးနဲ့ထိုးရင်း
“အလတ်ကောင်၊ ငြိမ်ငြိမ်နေစမ်းကွာ၊ လှုပ်မနေနဲ့ကွ”
“ဟာ၊ ဦးဘသာရာ၊ မလှုပ်လို့ရမလားဗျ၊ ဒီလောက်ယားနေတာကို၊ ဟား၊ ဟား”
ဒီအချိန် ကျုပ်ဘက်လက်မှာကိုင်ထားတဲ့တောင်ဝှေးနဲ့ မှင်စာကလေးတစ်ကောင်ကို ထိမိသွားပါရောဗျာ၊ ဂျိန်းခနဲအသံတစ်ချက်မြည်သွားပြီးတော့ မှင်စာကလေးက လွင့်ထွက်သွားပြီး ကတ္တရာလမ်းမပေါ်ကို ကျသွားပါရော၊ ဒီတော့မှ ကျန်တဲ့မှင်စာကလေးတွေလည်း ကြောက်လန့်ပြီး ကျုပ်ကိုယ်ပေါ်ကနေပြေးဆင်းသွားကြတယ်၊ ကားလမ်းပေါ်ကျတဲ့မှင်စာကလေးက မီးခိုးငွေ့တွေတအူအူထွက်လို့ဗျ။ ကျုပ်လည်းကုန်းထလိုက်ပြီး
“သေပြီလားမသိဘူး”
မှင်စာကလေးက လက်ကိုအားယူပြီးကုန်းထလာတယ်ဗျာ၊ သူ့ခေါင်းမှာ အမွှေးတွေမရှိတော့ဘဲ ကတုံးကြီးဖြစ်နေပါရော၊ အဲဒီအမွှေးတွေကလည်း မီးလောင်ကျွမ်းထားသလိုဖြစ်ပြီး မီးခိုးငွေ့တွေထွက်နေသဗျ၊ ညှော်တာလည်း တော်တော်ညှော်တာ။ ဦးဘသာက ရယ်လိုက်ပြီး
“မင်းတို့ကို ငါတို့ဒုက္ခပေးဖို့လာတာမဟုတ်ပါဘူးကွာ၊ မေးစရာရှိလို့လာတာ၊ ဒါနဲ့ မင်းတို့ကို မုန့်လာလာကျွေးတဲ့လူရှိတယ်မဟုတ်လား”
ဆောင့်ကြောင့်ထိုင်နေတဲ့ မှင်စာကလေးက ခေါင်းညိတ်လိုက်တယ်။
“တစ်ခါတရံလာကျွေးတာမျိုးမဟုတ်ဘဲ၊ အမြဲတမ်းလာကျွေးတဲ့လူရော ရှိသလား”
မှင်စာကလေးက ခေါင်းညိတ်ပြတယ်ဗျ၊
“ပြောစမ်း၊ အဲဒီလူက မင်းတို့ကိုဘာလုပ်ခိုင်းတာလဲ”
“ကျွန်တော်တို့ကို သကြားလုံးတွေ၊ မုန့်တွေကျွေးပါတယ်၊ ပြီးရင်တော့ ဒီနားကရွာတွေထဲက အိမ်ကြိုအိမ်ကြားကိုလွှတ်ပါတယ်၊ သူပြောတဲ့အိမ်မှာ လှန်းထားတဲ့ ထမီဖြစ်ဖြစ်၊ အင်္ကျီဖြစ်ဖြစ် တစ်ထည်ကိုခိုးယူပေးရပါတယ်၊ သူက အဲဒီအင်္ကျီရတဲ့အခါ ကျွန်တော်တို့ကို မုန့်တွေအများကြီးကျွေးပါတယ်”
ဦးဘသာက ခေါင်းညိတ်လိုက်ပြီးတော့
“အဲဒါ ကဝေရှင်ပဲကွ”
“နေပါအုံး ဦးဘသာ၊ ကဝေရှင်က ဘာဖြစ်လို့ထမီတွေ၊ အင်္ကျီတွေကိုယူခိုင်းတာလဲ”
“ဒီလူက စုန်းကဝေဟုတ်မဟုတ် အတည်ပြုပေးဖို့ကွာ၊ ငါပြောပြမယ်အလတ်ကောင်ရ၊ ပရလောကသားတွေမှာလည်း သူ့နယ်နဲ့ သူ့စည်းနဲ့ရှိတယ်၊ သရဲတွေဆိုပေမယ့်လည်း လူတွေရဲ့အိမ်ခြံဝန်းတွေ၊ စုန်းတွေရဲ့ ခြံဝိုင်းတွေထဲကို စိတ်ရှိတိုင်း ဝင်လို့ထွက်လို့မရဘူးကွ၊ အဲဒီလိုဝင်ထွက်နိုင်တာ မှင်စာကလေးတွေပဲရှိတယ်၊ မှင်စာကလေးတွေကို ပရလောကသားတွေက ချစ်တယ်ကွ၊ တို့လူတွေသဘောနဲ့ပြောရရင် ကလေးတွေဆိုရင် ဘာလုပ်လုပ်ဆိုပြီးလွှတ်ထားတဲ့သဘောမျိုးပေါ့ကွာ၊ မှင်စာကလေးတွေက အိမ်ကြိုအိမ်ကြား၊ ဝိုင်းကြိုဝိုင်းကြားကို ဝင်ထွက်လို့ရတယ်ကွ၊ တစ်ခါတလေ အိမ်စောင့်နတ်နဲ့အဆင်ပြေရင် အိမ်ပေါ်ကိုတောင်တက်လို့ရတယ်ပေါ့ကွာ”
“ဟာ၊ အဆန်းပါလားဗျာ”
“ဟုတ်တယ်၊ ကဝေရှင်ဆိုတာကလည်း သေချာမှလုပ်တဲ့အမျိုးကွ၊ ဒါကြောင့် အိမ်ကြိုအိမ်ကြားသွားလို့ရတဲ့ မှင်စာကလေးတွေကို မုန့်ကျွေးပြီးတော့ သူသတင်းရထားတဲ့အိမ်မှာ စုန်းကေ၀ တကယ်ရှိမရှိကို အတည်ပြုချင်တာနဲ့ မှင်စာလေးတွေကို ခိုင်းတာပေါ့ကွာ”
မှင်စာကလေးက ခေါင်းညိတ်ပြီး
“ဟုတ်တယ်ဗျ၊ အိမ်တစ်အိမ်မှာလှန်းထားတဲ့အဝတ်ကို ကျွန်တော်တို့က အနံ့ခံကြတယ်၊ အဲဒီအခါ ထူးဆန်းတဲ့အနံ့ရတဲ့အင်္ကျီဆိုရင်တော့ အဲဒီအင်္ကျီကိုယူပြီး အဲဒီလူကြီးကို သွားသွားပေးရတယ်”
“တွေ့လားအလတ်ကောင်၊ ကဝေရှင်က တိကျတယ်ကွ၊ အိမ်တစ်အိမ်မှာ လူငါးယောက်ရှိတယ်ဆိုပါတော့ကွာ၊ အဲဒီအထဲမှာ ဘယ်သူက စုန်းလဲဆိုတာကို သေချာသိအောင် ဆုံးဖြတ်တဲ့သဘောပေါ့ကွ”
“ထားပါတော့ဗျာ၊ ဒါပေမယ့် ညဘက်အဝတ်မလှန်းတဲ့အိမ်ဆိုရင် ဘယ်လိုလုပ်မလဲဗျ”
ဦးဘသာက ခေါင်းခါရင်း
“စုန်းကဝေမှန်ရင် ညဘက်အဝတ်လှန်းလေ့ရှိတယ်ကွ၊ ဒါကလည်း စုန်းအချင်းချင်းဆက်သွယ်တဲ့နည်းလမ်းတစ်ခုပဲပေါ့ကွာ၊ ဒါကြောင့် ရှေးလူကြီးတွေက ညနေစောင်းပြီဆိုတာနဲ့ အဝတ်တွေရုတ်ခိုင်းတယ်မဟုတ်လား၊ ညဘက်အဝတ်လှမ်းရင် စုန်းမဆိုပြီးတော့ ပြောဆိုကြသေးတယ်လေကွာ”
ကျုပ်သဘောပေါက်လိုက်ပါပြီဗျာ၊ ဦးဘသာက မှင်စာကလေးကိုကြည့်ရင်း
“ဒါဆို အဲဒီလူကြီးကို ငါတို့ဘယ်မှာသွားရှာရမလဲ”
မှင်စာကလေးက တစ်ချက်ပြူးကြောင်ကြည့်နေရင်း သူ့လက်ဝါးကိုဖြန့်ပြတယ်ဗျ၊ သူ့လက်ဝါးထဲမှာတော့ ဆီစိမ်စက္ကူနဲ့ လိမ်ပြီးထုတ်ထားတဲ့ သကြားလုံးသုံးလုံးကို တွေ့လိုက်ရတယ်ဗျာ။ ဦးဘသာက မျက်မှောင်ကြုတ်ကြည့်ရင်း
“ဒါ ဘာသဘောလဲကွ”
“ခုနကပဲ ဒီလူကြီးလာသွားသေးတယ်၊ ကျွန်တော်တို့လည်း ရွာထဲက ထမီတစ်ထည်ယူပြီး ပေးလိုက်တော့ ကျွန်တော်တို့ကို သကြားလုံးတွေပေးသွားကြတာပါပဲ၊ ကျွန်တော်တို့လည်း မုန့်စားရတော့ ပျော်ရွှင်ပြီးတော့ ဆော့နေကြတာပါ”
ဦးဘသာက ကျုပ်ကိုကြည့်ပြီးတော့ ခေါင်းညိတ်ပြတယ်ဗျ၊ ကျုပ်တို့ကတော့ ကဝေရှင်နဲ့ တည့်တည့်တိုးနေပြီမဟုတ်လားဗျာ။
“ဒါဆိုရင် မင်းထမီယူခဲ့တဲ့အိမ်ကို ငါ့ကိုလမ်းပြနိုင်မလား”
မှင်စာကလေးတွေက ဦးဘသာကိုယောင်ပေပေနဲ့ကြည့်နေတယ်ဗျ၊ ဦးဘသာက သူ့လက်ဝါးကိုပွတ်လိုက်ပြီးတော့ လက်ဝါးဖြန့်လိုက်တဲ့အခါ သကြားလုံးကလေးတွေ လက်ဝါးထဲကိုရောက်နေပါရောဗျာ၊ အဲဒီသကြားလုံးကလေးတွေမြင်တော့ မှင်စာကလေးတွေက ပျော်သွားတယ်။ နောက်တော့ ဦးဘသာဆီက သကြားလုံးကိုဆွဲယူပြီး ကားလမ်းမအတိုင်းပြေးသွားပါရောဗျာ။ ဦးဘသာနဲ့ကျုပ်လည်း သူတို့အနောက်ကိုလိုက်ခဲ့တာပေါ့၊ မှင်စာကလေးတွေက မျောက်တွေလိုခုန်ဆွခုန်ဆွနဲ့ပြေးတာဗျ။
“ဒါနဲ့ ဦးဘသာ၊ အဲဒီသကြားလုံးတွေကို ဦးဘသာဘယ်ကရတာလဲဗျ၊ ပညာနဲ့ဖန်ဆင်းလိုက်တာလား”
ဦးဘသာက ပြုံးရင်း
“ဘယ်ဟုတ်ပါ့မလဲကွ၊ ဒီသကြားလုံးတွေက ဒီကောင်တွေဆီက သကြားလုံးတွေပဲဟေ့၊ သူတို့သကြားလုံးတွေကို ပညာနဲ့လှမ်းခိုးယူပြီး သူတို့ကိုပြန်ပေးလိုက်တာပေါ့ကွာ”
“ဟာဗျာ၊ တော်တော်ရက်စက်တဲ့လူကြီးဗျာ၊ ကလေးတွေကတော့ အဟုတ်မှတ်လို့ပျော်နေတာဗျ”
“အိုကွာ၊ ဒီလိုပဲ ကြံဖန်လုပ်ရတာပေါ့၊ ကလေးတွေကို ညှပ်ချသင့်တဲ့အခါလည်း ညှပ်ချရတာပေါ့ကွာ”
ကျုပ်တို့လည်း ဆက်ပြေးခဲ့ပါတော့တယ်။
(၂)
ကားလမ်းအတိုင်းပြေးသွားရင်း တစ်နေရာရောက်တဲ့အခါမှာတော့ မြေနီလမ်းကလေးတစ်ခုက ကားလမ်းမဘေးကနေ ချိုးဝင်သွားပါရောဗျာ၊ ကျုပ်တို့လည်း မြေနီလမ်းကလေးအတိုင်းလိုက်လာရင်း တစ်နေရာရောက်တော့ ရွာကလေးတစ်ခုကိုမြင်လိုက်ရတယ်ဗျ၊ လေးအိမ်စု၊ ငါးအိမ်စုနဲ့ အိမ်စုကလေးတွေကိုဖြတ်ကျော်သွားပြီး တစ်နေရာရောက်တော့ ခြံဝန်းကျယ်ကြီးတစ်ခုအနားကိုရောက်သွားသဗျာ၊ ခြံဝန်းက အတော်ကျယ်တယ်ဗျ၊ အနီးပတ်ဝန်းကျင်က အိမ်တွေနဲ့လည်း တော်တော်လှမ်းပြီး တသီးတသန့်ဖြစ်နေတာပေါ့၊ ခြံကျယ်ကြီးရဲ့ အလယ်တည့်တည့်လောက်မှာ တဲအိမ်ကလေးတစ်ခုရှိသဗျ။
တဲအိမ်ကလေးအနားမရောက်ခင်မှာပဲ မှင်စာကလေးတွေက အရှေ့ဆက်မသွားတော့ဘဲ ရပ်တန့်သွားကြသဗျာ၊ လမ်းဘေးနားက သစ်ပင်တွေ၊ ချုံပင်တွေကို ကပ်ပြီးပုန်းနေကြပါရော၊ လမ်းပြတဲ့မှင်စာကလေးက အရှေ့ကိုလက်ညှိုးထိုးပြလိုက်တော့ ခြံကျယ်ကြီးရဲ့အဝင်ဝနားမှာ လူကြီးတစ်ယောက်က ခါးထောက်ရင်းရပ်နေပါရောဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း နီးစပ်ရာချုံတစ်ခုကို ပြေးကပ်လိုက်ရသဗျ။
“ဒီလူပဲထင်တယ်နော် ဦးဘသာ”
“အေးပေ့ါကွ၊ သူပဲဖြစ်မှာပေါ့”
မှင်စာလေးတွေက တော်တော်ကြောက်ကြောက်လန့်လန့်နဲ့ဗျာ၊ နောက်တော့ မှင်စာကလေးတစ်ကောင်က လမ်းဘေးနားမှာကျနေတဲ့ ကျောက်ခဲလေးတစ်လုံးကိုကောက်လှန်လိုက်ပြီးတော့ သူကလည်း သေးသေးကလေးဖြစ်သွားတော့တယ်၊ အဲဒီကျောက်ခဲအောက်ကိုဝင်ပြီးတော့ ပုန်းပါရောဗျာ၊ တခြားမှင်စာကလေးတွေလည်း အကောင်သေးသေးလေးတွေဖြစ်အောင်လုပ်ပြီးတော့ အနားက အိုးခြမ်းပဲ့တွေ၊ သစ်ရွက်တွေအောက်ကို ပြေးပုန်းကြတယ်ဗျ၊
“ဟာ၊ သူတို့ပုန်းနေပါရောလား”
“အေးကွ၊ မကြာခင်ဘာဖြစ်တော့မယ်ဆိုတာကို သိလို့ထင်ပါရဲ့”
ဦးလေးကြီးက ခါးထောက်ကြည့်ရင်း
“ဟဲ့ မိလှိုင်၊ ထွက်ခဲ့၊ ခပ်မြန်မြန်ထွက်ခဲ့စမ်း”
ခြံထဲက ဘာအသံမှတော့မကြားရဘူးဗျ။
“ညည်းဒီအိမ်မှာရှိတယ်ဆိုတာကို ငါသိတယ်နော် မိလှိုင်၊ ငါဝင်လာရရင် ညည်းနာမယ်မှတ်”
ဒီလူကြီးက ကြိမ်းဝါးတယ်ဗျ၊ ဒီအချိန်မှာပဲ ခြံကျယ်ကြီးအဝင်နားမှာ ပေါက်နေတဲ့ဝါးရုံကြီးက တဖြန်းဖြန်းနဲ့လှုပ်ခါသွားပြီးတော့ ဝါးရုံပင်အပေါ်ကနေ ဖြူဖြူအကောင်ကြီးတစ်ကောင်က ခုန်ဆင်းလာသဗျာ၊ လက်တံရှည်ရှည်နဲ့အကောင်ကြီးဗျ၊ ဒီအကောင်ကြီးက ကဝေရှင်ရဲ့အရှေ့မှာရပ်လိုက်ပြီးတော့ အသံပြဲကြီးနဲ့အော်လိုက်တယ်။
“အောင်မာ၊ မင်းရဲ့သဘက်လောကနဲ့ ငါ့ကိုနိုင်မယ်ထင်သလားဟေ့”
ကဝေရှင်က သူ့လွယ်အိတ်ထဲကို လက်နှိုက်ပြီးတော့ ပင်နယ်ဆလင်ပုလင်းကလေးတစ်လုံးထုတ်လိုက်တယ်ဗျ၊ အဲဒီပုလင်းလေးကို အဖုံးဖွင့်ပြီးတော့ သူ့ပါးစပ်နားကိုကပ်လိုက်ရင်း
“ကဲ၊ မောက်ပြားစုန်းထွက်ခဲ့စမ်း၊ ဒီသဘက်ကို ပညာနည်းနည်းပြလိုက်စမ်းပါ”
အဲဒီလိုပြောပြီးတော့ ပုလင်းအဝကို လေနဲ့မှုတ်ထည့်လိုက်တဲ့အခါမှာ ပုလင်းအထဲကနေ မီးခိုးငွေ့ဖြူဖြူကြီးတွေထွက်လာပြီးတော့ အကောင်ကြီးတစ်ကောင် ထွက်လာပါရောဗျာ၊ ဆံပင်စုတ်ဖွားဖွားနဲ့အကောင်ကြီးက အရိုးခြောက်ကြီးနဲ့တောင်တူသဗျာ၊ အကောင်ကြီးက အောက်ပိုင်းမပါဘဲ ခါးအလယ်လောက်အထိပဲပါတယ်။ ဒီအကောင်ကြီးက သဘက်ကြီးဆီကိုပြေးဝင်သွားပြီးတော့ ပြေးလုံးတော့တာပါပဲဗျာ၊ သဘက်ကြီးနဲ့ ဒီအကောင်ကြီးနဲ့ လုံးထွေးနေကြတုန်း ဒီလူကြီးက နောက်ထပ်ပုလင်းနှစ်လုံးကို ထပ်ထုပ်လိုက်ပြန်ပါရော၊ ခုနကအတိုင်း ပုလင်းကိုမန်းမှုတ်ပြီးတော့
“မင်းတို့နှစ်ကောင်က အိမ်ထဲက စုန်းမကိုသွားဖမ်းခေါ်ခဲ့ကြစမ်းကွာ”
ဖြူဖြူကြီးနှစ်ကောင်က ခြံထဲကိုပျံပြီးဝင်သွားတော့တယ်ဗျာ၊ နောက်တော့ ခြံထဲမှာ အော်ဟစ်ငိုယိုသံတွေကိုကြားလိုက်ရတယ်။ ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်ပြီး
“ဦးဘသာ တစ်ခုခုလုပ်လေဗျာ”
ဦးဘသာက ခေါင်းခါပြီးတော့
“ဝင်လုပ်လို့မဖြစ်ဘူးကွ၊ ကဝေရှင်တွေက အလုပ်လုပ်ရင်စေ့စပ်တယ်၊ ငါ့အထင်တော့ ဒီအနီးတစ်ဝိုက်မှာ သူ့ရဲ့ကဝေထောင်ချောက်တွေကို ချပြီးသားပဲနေမှာကွ”
“ကဝေထောင်ချောက်ဆိုတာ ဘာလဲဗျာ”
“ကဝေထောင်ချောက်အမျိုးမျိုးရှိတယ်ကွ၊ များသောအားဖြင့်ကတော့ စုန်းတွေပညာစက်သုံးလို့မရအောင် ပိတ်ပင်ထားတဲ့ ကဝေထောင်ချောက်တွေဖြစ်တတ်တယ်၊ ဒီအချိန်မှာ ငါက ပညာထုတ်သုံးလိုက်ရင် ကဝေထောင်ချောက်က ငါ့ဆီလာထိမှာပဲဟေ့”
ဒီလိုနဲ့ပဲ ဘာမှမလုပ်နိုင်ဘဲ ဆက်ကြည့်နေရတယ်ဆိုပါတော့ဗျာ၊
ငိုယိုသံတွေကြားပြီးတဲ့အခါ ဖြူဖြူကြီးနှစ်ကောင်က မိန်းမတစ်ယောက်ကိုဆွဲချလာသဗျာ၊ အဲဒီမိန်းမက ကလေးလေးတစ်ယောက်ကို လက်မှာချီထားတယ်၊ ကလေးလေးက လသားလောက်ကလေးပဲ ရှိမှာဗျ။ အဖြူကောင်ကြီးနှစ်ကောင်က ဒီမိန်းမကိုပခုံးတွေကနေ ဖမ်းချုပ်ဆုပ်ကိုင်ထားတယ်၊ ဒီမိန်းမက ရုန်းပေမယ့် ရုန်းမရဘူးဗျ၊ ကဝေရှင် ဒီမိန်းမကိုကြည့်ရင်း
“ဟာ၊ လတ်စသတ်တော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုမိလိုက်တာပဲဟေ့”
ဟိုမိန်းမက ငိုယိုပြီးတော့
“တောင်းပန်ပါတယ်ရှင်၊ ကျွန်မတို့ကို လွှတ်ပေးပါ”
ကဝေရှင်က စုပ်တသပ်သပ်လုပ်ရင်း
“မိလှိုင်၊ မိလှိုင် နင်သူများကိုလုပ်တုန်းကတော့ ဒီမျက်ခွက်မဟုတ်ပါလားဟဲ့၊ သူများကိုလုပ်တုန်းက နင်ပျော်သလို အခုလဲပျော်ပျော်နေစမ်းပါဟ”
“မလုပ်ပါနဲ့ဆရာကြီးရယ်၊ ကျွန်မတောင်းပန်ပါတယ်”
“နှစ်ပတ်အတွင်း နင်လူကိုးယောက်ကို ပြုစားခဲ့တယ်မိလှိုင်၊ ခုနစ်ယောက်က သေသွားခဲ့တယ်၊ နင့်ကို ငါလိုက်ရှာနေတာကြာပြီ၊ အခုတော့ နင့်အပြစ်တွေကို နင်ခံရတော့မယ်”
မိလှိုင်ဆိုတဲ့မိန်းမ ပိုက်ထားတဲ့ကလေးလေးကလည်း တဗြဲဗြဲနဲ့အော်ငိုတော့တာပဲဗျာ၊ မိလှိုင်က ခေါင်းညိတ်ပြီးတော့
“ဒါဆိုရင်လည်း ကျွန်မကိုဖမ်းပါဆရာကြီးရယ်၊ ကျွန်မကို သတ်ပါ၊ ကျွန်မရဲ့ ကလေးလေးကိုတော့ ချမ်းသာပေးပါရှင်”
ကဝေရှင်က ခေါင်းခါလိုက်ပြီး
“ဒီမှာ မိလှိုင်၊ စုန်းတစ်ယောက်က ကဝေရှင်တစ်ယောက်ကို အသနားခံလို့ရရိုး ထုံးစံရှိလို့လားဟဲ့”
မိလှိုင်မှိုင်ကျသွားတယ်ဗျ။
“နင့်ကလေးကို ငါကလွှတ်ပေးလိုက်ပြီပဲထားပါတော့၊ ဒီကလေးက ဝမ်းတွင်းပါကလေးမို့ တစ်ချိန်ကျရင် နင့်လိုစုန်းဖြစ်လာအုံးမှာပဲ၊ ဒီအခါ ငါကလည်း ခက်ခက်ခဲခဲလိုက်ဖမ်းနေရအုံးမှာပဲမဟုတ်လား၊ ဒါကြောင့် ငါနှစ်ခါအပင်ပန်းမခံတော့ဘူးမိလှိုင်၊ အခုပဲ နင်တို့သားအမိနှစ်ယောက်ကို ငါဖမ်းမယ်”
ဒီအခါ မိလှိုင်က မျက်လုံးကြီးဝင်းလက်သွားပြီးတော့ တောက်တစ်ချက်ကို အကျယ်ကြီးခေါက်လိုက်တယ်ဗျ၊ ကဝေရှင်တောင်မှ အံ့သြသွားတယ်။
“ဟဲ့ ကဝေရှင်အစုတ်ပလုပ်၊ ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ကိုက်တတ်သေးတာပဲ၊ နင့်လိုကောင်ဖမ်းတာကို ငါကငြိမ်ခံနေရမှာတဲ့လား”
ကဝေရှင်ကလည်း တဟားဟားရယ်လိုက်ပြီး
“လုပ်စမ်းပါ မိလှိုင်၊ နင်စွမ်းရင် နင်လုပ်လိုက်စမ်းပါဟ”
မိလှိုင်က မိုးပေါ်ကိုလက်ညှိုးထောင်လိုက်ပြီး လက်ညှိုးကနေ မီးလုံးကြီးတစ်လုံးကို ဝုန်းခနဲပစ်တင်လိုက်တော့တယ်ဗျာ၊ မီးလုံးကြီးက မီးရှူးမီးပန်းလိုမျိုး တရွှီရွှီနဲ့ကောင်းကင်အပေါ်ကို ထိုးတက်သွားပြီးတော့ ကောင်းကင်ပေါ်ရောက်တဲ့အခါ ကြယ်ကလေးတွေကို မှုန်မှုန်ကလေးတွေဖြစ်သွားပါရောလား။
“အဲဒါဘာလုပ်တာလဲ ဦးဘသာ”
“အချက်ပေးတာကွ၊ ကြည့်ရတာ မိလှိုင်က တခြားစုန်းတွေကို အချက်ပေးပြီး ခေါ်ချင်ပုံရတယ်”
“သူခေါ်တော့ရော စုန်းတွေက လာမှာမို့လားဗျ”
“ဘယ်လာဝံ့မလဲကွ၊ ဒီမှာကဝေရှင်ရှိနေတယ်ဆိုရင် ဘယ်စုန်းမှ လာမှာမဟုတ်ဘူးကွ”
ပြောနေတုန်းရှိသေးတယ်ဗျာ၊ ခြံထောင့်နားကနေ တချွင်ချွင်အသံမြည်ပြီးတော့ အလင်းရောင်ကလေးတစ်ခုက မိလှိုင်ရဲ့ကျောကိုဝင်ထိသွားတယ်ဗျ၊ မိလှိုင်က ကျောကော့ထွက်သွားပြီးတော့ သူ့လက်ထဲပွေ့ထားတဲ့ကလေးက မြေပေါ်ကိုကျသွားတယ်၊ မိလှိုင်က ကလေးကိုကောက်မယ့်အချိန်မှာပဲ သူ့ပါးစပ်ထဲကနေ သွေးတွေဒရဟော စီးကျလာသဗျာ။
ကဝေရှင်က မိလှိုင်ကိုကြည့်ရင်း
“မိလှိုင်ရေ၊ နင်တို့တစ်ခြံလုံးကို ကဝေထောင်ချောက်တွေချထားတာတောင်မှ နင်က စုန်းပညာကိုထုတ်သုံးနိုင်သေးတယ်တဲ့လား၊ ကဝေရှင်အရှေ့မှာ စုန်းပညာထုတ်သုံးတာ နင်ရူးတာပဲ မိလှိုင်ရ”
မိလှိုင်က ကဝေရှင်ကိုမော့ကြည့်ပြီးတော့
“စောင့်ကြည့်လိုက်စမ်းပါ၊ ဒီညတော့ ရှင်ပဲသေမလား၊ ကျုပ်ပဲသေမလားဆိုတာ စောင့်ကြည့်လိုက်စမ်းပါ”
ကဝေရှင်က မိလှိုင်ကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျ၊ ဖြူဖြူအကောင်ကြီးနှစ်ကောင်က မိလှိုင်ကိုချုပ်လိုက်ပါရောဗျာ၊ ဒီအခါ ကဝေရှင်က သူ့ပါးစပ်ကြီးကို ပြဲနေအောင်ဖြဲလိုက်တယ်။ နောက်တော့ တရှူးရှူးနဲ့လေတွေကို စုပ်သွင်းတော့တာပါပဲဗျာ၊ မိလှိုင်ရဲ့ကိုယ်လုံးထဲက ပိုးစုန်းကြူးလို အစိမ်းရောင်အလင်းစက်ကလေးတွေထွက်လာတယ်ဗျ၊ အလင်းစက်ကလေးတွေက ကဝေရှင်ရဲ့ပါးစပ်ထဲကို တိုးဝင်သွားကြတယ်၊ နောက်တော့ အလင်းစက်တွေများလာပြီးတော့ အလင်းစီးကြောင်းကြီးတစ်ခုဖြစ်သွားပါရောဗျာ။
ဒီအချိန် ကောင်းကင်ကနေ တရွှီးရွှီးအသံမြည်ပြီးတော့ ရောင်စုံအလုံးကလေးတွေ ဆင်းလာပါရောဗျာ၊ ကဝေရှင်ကလည်း လျှင်သဗျ၊ ချက်ချင်းအနောက်ကိုခုန်ပြီးရှောင်လိုက်တော့ ရောင်စုံအလုံးကလေးတွေ မြေကြီးပေါ်ကိုကျသွားပါရောဗျာ၊ ကဝေရှင်က ဘေးဘီကိုကြည့်ရင်း
“ဘာကောင်လည်း၊ ဘယ်သူနှောင့်ယှက်တာလဲ၊ သတ္တိရှိရင် ထွက်ခဲ့လေကွာ”
ကဝေရှင်ကပြောလိုက်ပြီးတဲ့အခါ တဟင်းဟင်းရယ်သံကြီးနဲ့အတူ မြေကြီးထဲကနေ လူတစ်ယောက်ထွက်လာသဗျာ။
“ဟာ၊ မရွှေတောင်ပါလား”
ကျုပ်အသံထွက်ပြီး အော်လိုက်မိတယ်၊ ဦးဘသာက ကျုပ်ပါးစပ်ကိုအမြန်ပိတ်ပြီးတော့
“မအော်နဲ့ကွ၊ ကိစ္စကတော့ တို့ထင်ထားတာထက်ကို နက်နဲလာပြီဟေ့”
မရွှေတောင်ကို ကဝေရှင်ကတွေ့လိုက်တော့
“နင်ကဘာကောင်မလဲ၊ သေချင်လို့ ဝင်ရှုပ်တာလား”
မရွှေတောင်က လက်ဝါးကိုဖြန့်လိုက်ပြီး ရောင်စုံအလုံးလေးတွေနဲ့လှမ်းပစ်လိုက်သဗျာ၊ ရောင်စုံအလုံးလေးတွေက ဖန်ဂေါ်လီလုံးအရွယ်အစားလောက်ပဲရှိတာဗျ၊ ကဝေရှင်က ကိုယ်ကိုစောင်းနွဲ့ပြီး ရှောင်လိုက်ရတယ်။
“ဟင်၊ ဒီလောက်ကဝေထောင်ချောက်တွေချထားတာတောင် နင်က ပညာထုတ်သုံးနိုင်သေးတယ်ပေါ့”
ကဝေရှင်ခမျာအတော်အံ့သြနေပုံရတယ်၊ မရွှေတောင်က မိလှိုင်ကို ဆွဲထူလိုက်ရင်း
“နင့်လိုကဝေရှင်က စုန်းလောက်ကိုပဲ နိုင်မှာပေါ့ဟဲ့၊ ငါက အောက်ဝိဇ္ဇာ၊ နင်လိုကောင်က ငါ့ကိုဖမ်းနိုင်မှာတဲ့လား”
ကဝေရှင်က လန့်တော့လန့်တယ်ဗျ၊ ဒါပေမယ့် မာန်တင်းလိုက်ပြီး
“အောက်ဝိဇ္ဇာတွေ၊ အပေါ်ဝိဇ္ဇာတွေ ငါနားမလည်ဘူး၊ ငါဖမ်းမယ့်စုန်းကို ဝင်ကူညီတာက ငါ့ကိုနှောင့်ယှက်တာပဲ၊ ကိုင်း ကဝေထောင်ချောက်တွေ လာကြဟေ့”
ကဝေရှင်က လက်ခုပ်တီးလိုက်တဲ့အခါ ခြံဝိုင်းကြီးပတ်ပတ်လည်ကနေ တချွင်ချွင်နဲ့ ရွှေရောင်အပြားကလေးတွေ ပြေးထွက်လာသဗျာ၊ ကဝေထောင်ချောက်ဆိုတာ ဒါပဲဖြစ်မှာဗျ၊ အဲဒီအပြားကလေးတွေက မရွှေတောင်ဆီကို အရှိန်နဲ့ပြေးသွားပြီးတော့ ဦးခေါင်းတွေ၊ ခြေလက်တွေနဲ့ ကျောတွေရင်တွေမှာ ပြေးကပ်တယ်၊ ခုနက မိလှိုင်ကို အပြားကလေးတစ်ပြားကပ်တုန်းက မိလှိုင်မှာ ကျောကော့အောင်ခံရပေမယ့် မရွှေတောင်ကျတော့ ဘာမှကိုမဖြစ်ဘူးဗျာ။
ကဝေရှင်ဆိုရင် အံ့သြလွန်းလို့ ပါးစပ်ကိုမစေ့နိုင်တော့ဘူးဗျာ၊ မရွှေတောင်က ကဝေရှင်ကိုစိုက်ကြည့်ပြီးတော့
“ရှင့်အစွမ်း ဒါအကုန်ပဲလား”
လို့ပြောရင်း လက်ဖျောက်တစ်ချက်တီးလိုက်တော့ အဲဒီရွှေရောင်အပြားကလေးတွေအကုန်လုံး ဖုန်းခနဲပေါက်ကွဲထွက်ပြီးတော့ ရွှေမှုန်ရွှေစလေးတွေအဖြစ်ပြောင်းလဲသွားသဗျ။
“မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး”
“ပြောသားပဲ၊ ငါက နင်တို့ဖမ်းနေကျ အဆင့်နိမ့်တဲ့စုန်းတွေမဟုတ်ပါဘူးလို့”
ကဝေရှင်က လေတစ်ချက်ချွန်လိုက်ပြီးတော့
“မိန်းမရေ၊ လာခဲ့၊ ဒီကောင်မတွေကို နင့်အကြောင်းသိအောင် ပြလိုက်စမ်းဟေ့”
ကဝေရှင်မှာလည်း လက်နက်ကုန်သေးပုံမရဘူးဗျာ၊ သူအော်လိုက်ပြီးတဲ့အချိန်မှာ မြေကြီးထဲကနေ မြွေတစ်ကောင်ထွက်လာသဗျာ၊ မြွေဆိုပေမယ့်လည်း ကိုယ်လုံးက စိမ်းဖန့်ဖန့်ကြီးလင်းနေတာဗျ၊ ညလင်းအနုမြူချောင်းလင်းသလို အရောင်ကြီးပေါ့ဗျာ၊ မြွေက မြေကြီးထဲက ထွက်လာတော့ တစ်တောင်လောက်ပဲရှိမယ်ဗျ၊ တဖြည်းဖြည်းနဲ့ ရှည်ရှည်ပြီးကြီးလာလိုက်တော နောက်ဆုံးလူကြီးလက်မောင်းလုံးလောက်တုတ်ပြီးတော့ ရှည်တာကလည်း အရှည်ကြီးဖြစ်သွားတယ်၊ မြွေဟောက်ကြီးနဲ့တူပါတယ်ဗျာ၊ ပါးပျဉ်းကြီးကလည်း ခွက်လို့ဗျ။
“လတ်စသတ်တော့ နင်က မြွေမနဲ့ညားနေတာပဲ”
မြွေဟောက်စိမ်းကြီးက မရွှေတောင်ဆီကို အဆိပ်ငွေ့တွေနဲ့လှမ်းမှုတ်သဗျ၊ မရွှေတောင်က ပါးစပ်ကနေလေနဲ့မှုတ်ထုတ်တော့ အဆိပ်ငွေ့တွေအကုန်လုံး လေနဲ့လွင့်ပါသွားကြတယ်၊ မြွေဟောက်ကြီးက အရှေ့ကိုတိုးလာပြီးတော့ မရွှေတောင်ဦးခေါင်းကို ဒေါက်ခနဲပေါက်ချလိုက်ပါရောဗျာ၊ မရွှေတောင်က မြွေရဲ့ခေါင်းကို သူ့လက်ဝါးနဲ့ကာလိုက်ပါရော။
“နင့်အစွမ်းဒါအကုန်ပဲလား မြွေမ”
မရွှေတောင်က မြွေခေါင်းကို လက်နဲ့တွန်းထုတ်လိုက်တော့ မြွေစိမ်းကြီးက အနောက်ကိုလွင့်ထွက်သွားသဗျာ၊ မြွေစိမ်းကြီးမြေပေါ်ကျတယ်ဆိုရင်ပဲ မရွှေတောင်က သူ့လက်ကနေအပ်ပျံတစ်ချောင်းနဲ့လှမ်းပစ်လိုက်တယ်၊ အပ်က မြွေစိမ်းကြီးရဲ့ခေါင်းကိုဖောက်ထွက်သွားတဲ့အခါ မြွေစိမ်းကြီးက မြေပေါ်မှာလူးလွန့်နေပါရောဗျာ၊ ပြီးတော့ တဖြည်းဖြည်းသေးသေးသွားရင်းနဲ့ နောက်ဆုံးတော့ တောင်ဝှေးတစ်ချောင်းလို ဆန့်ဆန့်ကြီးဖြစ်ပြီး ငြိမ်ကျသွားပါရောဗျာ၊ မြွေဟောက်ကြီးက ပါးစပ်ဖြဲပြီးအော်နေတဲ့ပုံစံမျိုး တောင်ဝှေးဖြစ်သွားတာဗျ၊ ကဝေရှင်က အထိတ်တလန့်နဲ့အော်ဟစ်ပြီးတော့ မြွေစိမ်းကြီးကိုကောက်ကိုင်လိုက်တယ်။
“မိန်းမ၊ မိန်းမ”
မရွှေတောင်က ရယ်မောရင်း
“ရှင့်မိန်းမကတော့ အခုတောင်ဝှေးဖြစ်သွားပြီပေါ့ရှင်၊ ရှင်လမ်းလျှောက်တဲ့အခါ သုံးလို့ရတာပေါ့၊ မဟုတ်ဘူးလား၊ ဟား . . .ဟား”
ကဝေရှင်က မျက်ရည်တွေကျလာတယ်ဗျ၊ ဒီတော့မှ မငွေတောင်က
“ကဲ ယောက်ျားကြီးတန်မဲ့နဲ့ ငိုမနေပါနဲ့ရှင်၊ ရှင်သာ ကျွန်မတို့နဲ့ပူးပေါင်းမယ်ဆိုရင် ရှင့်ကိုကျွန်မတို့မသတ်ဘူး”
“ခင်ဗျားဘာပြောလိုက်တာလဲ”
“အမှန်တော့ ရှင့်ကိုကျွန်မတို့လိုအပ်တယ်၊ ဒါကြောင့် မိလှိုင်ကိုပညာသုံးခိုင်းပြီးတော့ လူခုနစ်ယောက်ကို သတ်ဖြတ်ခိုင်းခဲ့တာပဲ၊ ဒီလိုလုပ်တော့မှ ရှင်တို့ကဝေရှင်တွေက စုန်းအနံ့ရပြီး လိုက်လာကြမယ်မဟုတ်လား”
“ဒါဆို ဒါတွေအားလုံးက ခင်ဗျားကြိုတင်စီစဉ်ထားတာပေါ့”
“ပြောပြီးပါရောရှင်၊ ရှင်ကျွန်မတို့နဲ့ ပူးပေါင်းမလား၊ မပူးပေါင်းဘူးလား၊ ဒါပဲပြော”
“ပူးပေါင်းရင် ဘာရမလဲ”
ကဝေရှင်က မေးလိုက်တော့ မရွှေတောင်က တစ်ချက်ပြုံးပြီး
“ရှင်လိုချင်တာ အားလုံးဖြစ်စေရမယ်၊ ဟောဒီလောကကြီးမှာရှိသမျှ အရာအားလုံးထဲက ရှင်လိုတဲ့အရာကိုသာပြော၊ ကျွန်မဖြစ်အောင်လုပ်ပေးမယ်”
ကဝေရှင်က တောင်ဝှေးကိုကြည့်ရင်း
“ဒါဆို ငါ့မိန်းမကိုရော အကောင်းပြန်ဖြစ်အောင်လုပ်ပေးမလား”
မရွှေတောင်မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ၊ နောက်တော့ ခေါင်းကိုအသာညိတ်ရင်း
“ဒါက ဘာမှမခက်ပါဘူးရှင်”
“နေစမ်းပါအုံး၊ ခင်ဗျားတို့က ဘာဖြစ်လို့ကျုပ်ကို ပူးပေါင်းစေချင်တာလဲ”
“ကျွန်မ ရှင်းရှင်းပဲပြောမယ်၊ မသာမတဲ့လူတစ်စုက ရှင့်ကိုလိုအပ်နေတယ်၊ ရှင့်ရဲ့အစွမ်းတွေကို အသုံးချဖို့အတွက် ရှင့်ကိုလိုက်ရှာနေကြတယ်၊ ဒီလူတွေနဲ့ရှင်ပူးပေါင်းလို့မဖြစ်ဘူး၊ ဒါကြောင့် ကျွန်မနဲ့ပူးပေါင်းရမယ်”
ဦးဘသာက သူစီးထားတဲ့ဖိနပ်တစ်ဖက်ကို ချွတ်လိုက်ပြီးတော့ မှင်စာကလေးတစ်ကောင်ကိုလှမ်းပေးလိုက်တယ်၊ နောက်တော့ ပါးစပ်ကနေ ကွိကွိကွကွနဲ့တစ်ခုခုပြောလိုက်သေးတယ်ဗျာ၊ ဘာပြောမှန်းတော့မသိဘူးဗျ၊ မှင်စာကလေးက ဦးဘသာပေးတဲ့ မိန်းမစီး ကတ္တီပါဖိနပ်ကလေးကို ကိုင်ပြီးတော့ ထွက်ပြေးသွားတော့တာပါပဲ၊ ပြီးတဲ့အခါ ကျုပ်လက်ကိုပုတ်လိုက်ပြီးတော့ ချုံကွယ်ထဲကနေ ထွက်ခဲ့တယ်ဗျ၊ ပြီးတော့ အရှေ့ကိုထွက်သွားရင်း
“မင်းသေချာစဉ်းစားနော်၊ အောက်လမ်းတွေရဲ့ ပါးစပ်က ယုံရတာမဟုတ်ဘူးကွ”
ကဝေရှင်က ဦးဘသာကိုကြည့်ပြီး
“ဟင်၊ နင်ဘယ်သူလဲ”
မရွှေတောင်က ဦးဘသာနဲ့ကျုပ်နဲ့ကိုစိုက်ကြည့်ရင်း
“နင်တို့လာရှုပ်ကြပြန်ပြီ”
ဦးဘသာက ကဝေရှင်ကိုလက်ညှိုးထိုးပြီး
“ဒီမှာ၊ မင်းသူနဲ့ပူးပေါင်းစရာမလိုပါဘူးကွာ၊ ငါတို့နဲ့သာပူးပေါင်းစမ်းပါဗျ”
ကဝေရှင်က ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက်နဲ့
“လတ်စသတ်တော့ ခင်ဗျားတို့ပဲကိုး၊ ဒီမှာ ကျုပ်တစ်ခုပဲပြောမယ်၊ ကျုပ်က ကဝေရှင်ဗျ၊ အဖွဲ့အစည်းနဲ့အလုပ်မလုပ်တတ်ဘူး၊ ဒါကြောင့် ဘယ်သူနဲ့မှ ကျုပ်မပေါင်းနိုင်ဘူးဗျာ”
ဒီအခါ မရွှေတောင်က
“မပေါင်းဘူးဆိုရင် ကျွန်မတို့ကလည်း ရှင့်ကိုအရှင်ထားမှာမဟုတ်ဘူးနော်”
ကဝေရှင်က တစ်ချက်တွန့်သွားတယ်ဗျ၊ ဦးဘသာက
“ဒီမှာ ကဝေရှင်၊ ငါတပ်အပ်ပြောနိုင်တာက ဒီလူတွေက ကောင်းတဲ့လူတွေမဟုတ်ဘူးကွ၊ ဒီလူတွေက ဒီလောကကြီးကို ဒုက္ခပေးမယ့်လူတွေ၊ မင်းအခုပဲကြည့်လေကွာ၊ မင်းကိုဒီကိုရောက်အောင်ခေါ်ဖို့အတွက် မိလှိုင်က လူခုနစ်ယောက်ရဲ့အသက်ကို သတ်ခဲ့တယ်မဟုတ်လား၊ မင်းသူတို့နဲ့ပေါင်းလိုက်မယ်ဆိုရင် သူတို့က မကောင်းမှုတွေအများကြီးဆက်လုပ်မယ်၊ လူတွေအများကြီးသေရမယ်၊ သမိုင်းမှာလည်း မင်းကတရားခံဖြစ်မယ်”
ဦးဘသာပြောတော့ ကဝေရှင်က တွေဝေသွားတယ်။
“ကဝေရှင်တွေဆိုတာ ကောင်းတဲ့လူတွေပါကွာ၊ ဒီတော့ ငါတို့နဲ့ပူးပေါင်းစမ်းပါကွ”
ဒီအခါ မရွှေတောင်က ရယ်တယ်ဗျ။
“ဟား၊ ဟား နင့်လိုစုန်းကများ ကဝေရှင်ကိုနားချနေသေးတယ်၊ ကဝေရှင်ဆိုတာ စုန်းနဲ့ဘယ်တုန်းက ပေါင်းဖူးလို့လဲ”
“တော်ကြပါတော့ဗျာ၊ တော်ကြပါတော့”
“နင်ငါတို့နဲ့ပေါင်းရမယ်၊ မဟုတ်ရင် နင့်ကိုသတ်ပစ်မယ်”
မရွှေတောင်က နောက်ဆုံးအနေနဲ့ခြိမ်းခြောက်လိုက်ပြီပေါ့ဗျာ၊ ကဝေရှင်က မရွှေတောင်ကိုတစ်ချက်ကြည့်ပြီးတော့ စဉ်းစားနေသဗျ၊ ဦးဘသာကို
“ဘယ်သူနဲ့ပူးပေါင်းရမယ်ဆိုတာတော့ မင်းစဉ်းစားပေါ့ကွာ၊ ငါတစ်ခုပြောချင်တာက အောက်လမ်းသမားတွေကို မယုံနဲ့ဆိုတာပဲ၊ ဒီတော့ ငါတစ်ခုပဲမေးလိုက်ချင်သကွာ၊ မင်းသူနဲ့ပူးပေါင်းစေချင်တယ်ဆိုရင် မင်းမိန်းမ မြွေစိမ်းကို ပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်ခိုင်းကွ၊ သူသာ အကောင်းပကတိပြန်ဖြစ်အောင်လုပ်ပေးနိုင်ရင် မင်းသူနဲ့လိုက်သွား၊ ရော့ပတ္တမြား၊ ရော့နဂါးပေါ့ကွာ”
မရွှေတောင်က ဦးဘသာကိုလှမ်းကြည့်ရင်း
“ရှင်အပိုတွေလျှောက်ပြောမနေနဲ့၊ ရှင့်ပါးစပ်ကိုပိတ်ထားစမ်း”
ဒီအခါ မလှိုင်က ဦးဘသာကို ဒေါနဲ့မောနဲ့ကြည့်ပြီးတော့ မီးလုံးကြီးတစ်လုံးကို ဟုန်းခနဲပစ်ထည့်လိုက်ပါရောဗျာ၊ ဦးဘသာက မလှိုင်ပစ်တဲ့မီးလုံးကို လက်ချည်းဗလာနဲ့ ဖမ်းယူလိုက်ပြသဗျ၊ မီးလုံးက ဦးဘသာလက်ထဲမှာ ခြင်းလုံးကြီးတစ်လုံးလို ရှိနေပါရော၊ မီးတွေတော့ တောက်လို့ဗျ။
“ဘာလဲမလှိုင်၊ ပတ်ဝန်းကျင်ကမှောင်တော့ ငါတို့ကိုမီးထွန်းဖို့ပေးတာလားဟ၊ ဟား၊ ဟား”
ကဝေရှင်က မရွှေတောင်ကိုကြည့်လိုက်ရင်း
“ကောင်းပြီဗျာ၊ ခင်ဗျားတို့နဲ့ ကျုပ်နဲ့ပူးပေါင်းမယ်”
မရွှေတောင်မျက်လုံးတွေအရောင်လက်သွားပြီးတော့ ပြုံးလိုက်တယ်ဗျာ။
“ဒါပေမယ့် ကျုပ်မိန်းမကို အကောင်းပကတိဖြစ်အောင် ပြန်လုပ်ပေးရမယ်”
ကဝေရှင်ပြောလိုက်တော့ မရွှေတောင်ပြုံးနေတဲ့မျက်နှာက ချက်ချင်းမှိုင်ကျသွားတယ်ဗျ။
“ဒါ. . . ဒါက အခုချက်ချင်းလုပ်လို့မရဘူး”
ဦးဘသာက တဟင်းဟင်းနဲ့ရယ်ပြီးတော့
“လက်လွန်သွားတယ်မဟုတ်လား မရွှေတောင်”
မရွှေတောင်က ဦးဘသာကို စိုက်ကြည့်တယ်ဗျ၊ ဦးဘသာက ဆက်ပြီးတော့
“မြွေစိမ်းဆိုတာ နတ်စိမ်းတစ်မျိုးပဲ၊ သူက နေရာတစ်နေရာမှာသူ့နာမ်ကိန်းပြီးတော့ လူ့ပြည်ကိုကျတော့ တခြားကိုယ်ခန္ဓာနဲ့လာရတာ၊ အခု နင်က သူ့ကိုအောက်လမ်းရွှေအပ်နဲ့ ဇီဝိန်ချုပ်ပေးလိုက်တော့ လူ့ပြည်ကိုလာလို့မရတော့ဘူး၊ တစ်နည်းပြောရရင်တော့ ဘယ်လောက်ပညာတတ်တတ် ဒီမြွေစိမ်းကို လူ့ပြည်ပြန်ခေါ်လို့မရတော့တဲ့သဘောပဲ”
ကဝေရှင်က ဦးဘသာစကားကြားတော့ တော်တော်ထိတ်လန့်သွားတယ်ဗျ၊ ဒေါသလည်း ဖြစ်သွားပုံရတယ်၊ နောက်တော့ အံကြိတ်ပြီးတော့
“သူပြောတာဟုတ်သလား၊ ခင်ဗျား ကျုပ်မိန်းမကို ပြန်အသက်မသွင်းပေးနိုင်တော့ဘူးလား”
မရွှေတောင်က မဖြေတော့ဘဲနဲ့ ကဝေရှင်ကို ရွှေအပ်ပျံနဲ့ပစ်ထည့်လိုက်တော့တယ်ဗျာ၊ ကဝေရှင်ကလည်း ရုပ်ချည်းဆိုသလို ပျောက်သွားပြီးတော့ ကျုပ်တို့အနားမှာ လာပေါ်တယ်ဗျ၊ ဦးဘသာက အချိန်မဆိုင်းတော့ဘဲ မီးလုံးကြီးကို မရွှေတောင်တို့ဆီကို ပစ်ထည့်လိုက်ပါရောဗျာ၊ ဒါပေမယ့် မီးလုံးကြီးက မရွှေတောင်တို့ကိုမထိဘဲ သူတို့အရှေ့မြေကြီးကိုထိမှန်ပြီးတော့ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီး မီးခိုးငွေ့တွေအူကုန်တယ်ဗျ၊ ဦးဘသာက ကဝေရှင်ရဲ့လက်ကိုဆွဲလိုက်ပြီးတော့ ကျုပ်ရဲ့ပခုံးကိုဆုပ်ကိုင်လိုက်တယ်။
ပြီးတာနဲ့ ဖိနပ်မစီးထားတဲ့ ခြေထောက်နဲ့ မြေကြီးကို ခပ်နာနာကလေး နင်းလိုက်တယ်ဆိုရင်ပဲ ကျုပ်တို့သုံးယောက်စလုံး ချာချာလည်နေသလိုကြီး ခံစားလိုက်ရပါတယ်ဗျာ၊ ခေါင်းတွေလဲမူးပြီးတော့ ကိုက်နေတာပဲဗျာ၊ ကျုပ်ဖြင့် ခေါင်းမူးလို့ မျက်လုံးမှိတ်ထားလိုက်ရတယ်၊ ဦးဘသာက ကျုပ်ပခုံးကိုပုတ်လိုက်တော့မှ ကျုပ်မျက်စိပြန်ဖွင့်ကြည့်မိတယ်ဗျာ၊ ကျုပ်တို့ရောက်နေတာက ကားလမ်းအလယ်ခေါင်ကြီးရောက်နေပါရောဗျာ၊ ဒီအချိန် ကုန်ကားကြီးတစ်စီးက ကျုပ်တို့အနားကနေ ဝှီးခနဲဖြတ်သွားတယ်။
“အောင်မယ်လေးဗျာ၊ သေတော့မှာပဲ”
ဦးဘသာက ကားလမ်းအလယ်မှာကျနေတဲ့ သူ့ဖိနပ်တစ်ဖက်ကို ပြန်စီးလိုက်တယ်ဗျ၊ မှင်စာကလေးတွေက ကားလမ်းပေါ်ကိုတက်လာတယ်။
“ဘယ်လိုဖြစ်သွားတာလဲ ဦးဘသာ”
“နေရာရွှေ့တဲ့အစီအရင်ပေါ့ကွာ၊ ဖိနပ်တစ်ဖက်ကိုရွှေ့ပြီး အဲဒီဖိနပ်အနောက်ကို လိုက်တဲ့ပညာတစ်ခုပေါ့”
“ဆန်းလည်းဆန်းတယ်ဗျာ၊ ဒါကြောင့် မရွှေတောင်တို့နဲ့မတွေ့ခင် ဦးဘသာကြီးက မှင်စာကလေးကို ဖိနပ်ပေးလိုက်တာကိုးဗျ”
“အေးလေကွာ၊ မှင်စာကလေးကို ငါကဖိနပ်ယူပြီးတော့ အဝေးဆုံးကို ပြေးခိုင်းခဲ့တာပဲဟေ့”
ကဝေရှင်ကတော့ ငူငူကြီးဗျ၊ သူ့လက်ထဲမှာကိုင်ထားတဲ့ မြွေပုံစံတောင်ဝှေးကိုစိုက်ကြည့်နေတယ်။ ပြီးတော့ မျက်ရည်တွေ ဝဲလာပါရောဗျာ။
“မိန်းမ၊ မိန်းမ အဖြစ်ဆိုးလှချည်လား မိန်းမရာ”
ဦးဘသာက ကဝေရှင်ကျောကိုပုတ်ပေးဖို့ကိုင်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံး ကျင်တက်သွားပြီးတော့ လက်ကလည်း ရှဲခနဲမြည်သွားတယ်ဗျ၊ ကဝေရှင်က မျက်နှာကိုရှုံ့မဲ့လိုက်ပြီးတော့
“ကျုပ်မကျေဘူး၊ ဒင်းတို့ကို မကျေနပ်ဘူးဗျာ၊ ဒီကောင်မကို ကျုပ်ပြန်သတ်မယ်”
“စိတ်လျှော့စမ်းပါ ကဝေရှင်ရာ၊ မင်းတစ်ယောက်ထဲနဲ့ ဒီလူတွေကို မနိုင်ပါဘူးကွ၊ အခုတော့ မင်းရဲ့ဒေါသကို လျှော့ထားလိုက်အုံး၊ ငါတို့တစ်ချိန်ကျရင်တော့ ဒီလူတွေကို ပြန်ပြီးအပြစ်ပေးနိုင်မှာပါကွ”
ကဝေရှင်က ခေါင်းညိတ်လိုက်ပြီး
“ကျုပ်နာမည် သောင်းတန်ပါ၊ ကျုပ်ကိုလူတွေက ဘသောင်းလို့ခေါ်ကြတယ်”
“ငါ့နာမည်ကတော့ သာဒင်ကွ၊ လူတွေကတော့ ဘသာလို့ခေါ်တယ်၊ ငါက စုန်းတစ်ယောက်ပဲ အခုဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတယ်”
ဦးဘသာပြောတော့ ကဝေရှင်က ဦးဘသာကိုစိန်းစိန်းကြီး စိုက်ကြည့်နေသဗျာ၊ ကျုပ်လည်း ဦးဘသာအရှေ့ဝင်ရပ်လိုက်ပြီး
“ဦးဘသာက စုန်းဆိုပေမယ့် ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့တဲ့သူတစ်ယောက်ပါ”
ကဝေရှင် ဘသောင်းက ခေါင်းညိတ်ရင်း
“ကျုပ်ယုံပါတယ်ဗျာ၊ ခုနက ခင်ဗျားတို့သာ မဝင်ခဲ့ရင် ကျုပ်သေတာကြာပြီ”
“ဟုတ်တယ်၊ ဒီမိန်းမက မင်းကိုအရှင်ထားမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီမိန်းမတွေကို နိုင်မည့် ဖဲချပ်က မင်းလက်ထဲမှာရှိနေလို့ပဲ”
ဘသောင်း မျက်လုံးတွေအရောင်လက်သွားရင်း
“သူတို့ကို နိုင်မည့် ဖဲချပ်၊ ဟုတ်လား”
“ဟုတ်တယ်၊ ဒီဖဲချပ်က မင်းတို့ကဝေရှင်တွေမှာပဲရှိတာ”
“ကျုပ်ဘာလုပ်ရမလဲ၊ ကျုပ်ဘာကူညီရမလဲ”
ဦးဘသာက ဘေးဘီကိုကြည့်ရင်း
“ငါတို့ လုံခြုံတဲ့တစ်နေရာကို အရင်သွားကြတာပေါ့ကွာ”
“ဒါဆို ကျုပ်အိမ်ကိုလိုက်ခဲ့ဗျာ၊ ကျုပ်အိမ်ကိုသွားကြမယ်”
“နေစမ်းပါအုံး၊ မင်းအိမ်က ဘယ်နားမှာလဲကွ”
“ခလောက်ကွန်ဒိုင်ဆိုတဲ့ ရွာကလေးပေါ့ဗျာ၊ ဒီကနေဆိုရင် နည်းနည်းတော့လှမ်းတယ်၊ ကျုပ်အိမ်မှာဆိုရင်တော့ စိတ်ချရပါတယ်ဗျာ”
ကျုပ်တို့သုံးယောက်လည်း လမ်းဆက်လျှောက်ခဲ့တာပေါ့ဗျာ၊ ဘသောင်းက သူ့လွယ်အိတ်ထဲက သကြားလုံးလေးတွေနှိုက်ပြီးတော့ ကတ္တရာလမ်းပေါ် ကျဲချလိုက်တယ်ဆိုရင်ပဲ မှင်စာကလေးတွေက သူ့ထက်ငါအလုအယက် ဝိုင်းကောက်ကြတယ်ဗျာ။
(၃)
ကြက်ဦးတွန်ချိန်လောက်မှာတော့ ရွာကလေးတစ်ရွာကိုရောက်လာခဲ့သဗျ၊ ကျုပ်ခြေထောက်တွေလည်း လမ်းလျှောက်ရလို့လွန်း ညောင်းချိနေပြီပေါ့ဗျာ၊ သွေးတွေကျပြီးတော့ ခြေထောက်က ဖောင်းအစ်နေသဗျ၊ ရွာကလေးကတော့ မွန်ရွာကလေးနဲ့တူတယ်ဗျာ၊ အိမ်ကလေးတွေကလည်း တလိုင်းခေါင်လို့ခေါ်တဲ့ ခေါင်မိုးကလေးတွေ မိုးထားကြတယ်ဗျ၊ ရွာကလေးထဲဆက်လျှောက်သွားရင်း ရွာစွန်လောက်မှာတော့ ခြံနဲ့ဝန်းနဲ့ သပ်သပ်ရပ်ရပ်ဆောက်ထားတဲ့ သစ်သားအိမ်ကလေးတစ်လုံးရှိတယ်။
သစ်သားတွေနဲ့ကာရံထားတဲ့ ခြံစည်းရိုးရှိပြီးတော့ သစ်သားခြံတံခါးတစ်ခုလည်းရှိတယ်ဗျ၊ ဘသောင်းက ခြံတံခါးအရှေ့မှာ မတ်တပ်ရပ်လိုက်ပြီးတော့ ခြံတံခါးကို လက်နဲ့ပွတ်သပ်လိုက်တဲ့အခါ ခြံတံခါးမှာ စာတန်းတွေ၊ ပုံတွေပေါ်လာပြီး တစ်ချက်လင်းသွားသဗျ။
“ကဝေရှင်တွေရဲ့ခြံထဲကို စုန်းတွေမဝင်နိုင်အောင်လုပ်ထားတယ်၊ ဒါပေမယ့် ကျုပ်ရဲ့စက်လက်နက်တွေကို ပြန်သိမ်းပေးထားပါတယ်”
ကျုပ်တို့သုံးယောက်ခြံထဲကိုဝင်ခဲ့သဗျ၊ အိမ်ထဲကိုဝင်လိုက်တဲ့အခါ ဆေးဆိုင်ကြီးတစ်ခုထဲကို ရောက်သွားသလိုခံစားရတယ်ဗျ၊ ထူးဆန်းတာက အဲဒီသစ်သားအိမ်ကလေးမှာ ပြတင်းပေါက်မရှိဘူးဗျာ၊ အထဲမှာလည်း တန်းတွေ၊ ကြွက်လျှောက်တွေပေါ်မှာ ပုလင်းအကြီးအသေး ဆိုဒ်စုံအများကြီးပဲရှိတယ်ဗျ၊ တစ်ချို့ပုလင်းကြီးတွေက လေးထောင့်ပုံစံအကြီးကြီးတွေဗျ၊ နံရံကပ်စင်ကလေးအပေါ်တင်ထားတဲ့အထဲမှာတော့ လက်တစ်ဆစ်လောက်ရှိတဲ့ ပုလင်းသေးသေးကလေးတွေတင်ထားပြန်ပါရောဗျာ၊ ပုလင်းတွေထဲမှာလည်း သဲမှုန်တွေ၊ မီးသွေးမှုန်တွေလို မဲမဲအမှုန်တွေ၊ ဆန်ကွဲလို ဆန်စေ့လို ဖြူဖြူအစေ့လေးတွေ အစုံပါပဲဗျာ။ ကျုပ်က ပုလင်းတွေကိုလိုက်ကြည့်နေတုန်း ပုလင်းတစ်ခုထဲက သဲမှုန်လေးတွေထဲမှာ လူမျက်နှာကြီးတစ်ခုပေါ်လာသဗျ၊ လူမျက်နှာက မျက်လုံးတွေပါးစပ်တွေဖွင့်ပြီး ဝါးခနဲလုပ်လိုက်တာမို့လို့ ကျုပ်လည်း လန့်ပြီးတော့ အနောက်ကိုဆုတ်လိုက်မိတယ်၊ ဒီအခါ ဘသောင်းက
“ဟေ့လူ၊ ပုလင်းတွေကို မထိနဲ့၊ မကိုင်နဲ့နော်”
“ဒီပုလင်းတွေက ဘာတွေလဲဗျ”
ဘသောင်းက လွယ်အိတ်ထဲက ပုလင်းကလေးတွေကိုပြန်ထုတ်ရင်း မှန်ဘီရိုအသေးကလေးထဲကို သေသေချာချာစီထည့်နေသဗျ၊ ဦးဘသာက ပုလင်းလေးတွေကိုကြည့်ရင်း
“ဒီပုလင်းတွေထဲမှာ ကဝေတွေပေါ့ကွာ”
“ဗျာ၊ ကဝေတွေကို ပုလင်းထဲထည့်ထားတာလားဗျ”
ဘသောင်းက ကျုပ်တို့ဘက်ကိုလှည့်လာပြီးတော့
“ဟုတ်တယ်၊ ငါတို့ကဝေရှင်တွေဆိုတာ ကဝေတွေဆီကနေ စုန်းပညာတွေကို ဖမ်းဆုပ်လိုက်ပြီးတော့ ကဝေတွေရဲ့ ဝိညာဉ်တွေကို ဖမ်းချုပ်ထားကြတာပဲ”
ကျုပ်ဆိုတော်တော်အံ့သြသွားတာဗျ၊ အိမ်အရှေ့ခန်းတစ်ခန်းတည်းမှာတင် ပုလင်းက တစ်ထောင်လောက်နီးနီးရှိတာကိုး။
“ဒါဆို ဒါတွေအားလုံးအထဲမှာ ကဝေတွေချည်းပဲပေါ့နော်”
“ဒါပေါ့ကွ”
“ဒီကဝေတွေအကုန်လုံးကို ခင်ဗျားတစ်ယောက်တည်း ဖမ်းခဲ့တာလား”
ဘသောင်းက ခေါင်းခါလိုက်ပြီး
“ငါတို့အဖေကလည်း ကဝေရှင်ပဲကွ၊ သူ့နာမည်က ဦးထိုက်တန်လို့ခေါ်တယ်၊ အဖေက သားသုံးယောက်မွေးခဲ့တယ်၊ အကိုအကြီးဆုံးနာမည်ကတော့ သန်းတန်တဲ့၊ အကိုလတ်နာမည်က သိန်းတန်၊ အငယ်ဆုံးဖြစ်တဲ့ ငါ့နာမည်ကတော့ သောင်းတန်ပေါ့ကွာ”
ကျုပ်ဖြင့် ဟိခနဲရယ်မိသွားတယ်၊ နာမည်ပေးပုံတွေကလည်း အဆန်းတွေမဟုတ်လားဗျာ၊ ဘသောင်းကတော့ ကျုပ်ရယ်တာကို ကြိုက်ပုံမရဘူးဗျ။
“ဒါနဲ့ ဒီလူတွေက ဘာတွေလဲ၊ သူတို့က ဘာလုပ်ချင်တာလဲ”
“မရွှေတောင်ဆိုတာ အောက်လမ်းဝိဇ္ဖာတစ်ယောက်ပဲ၊ သူက လူအဖြစ်ထုံကူးပြီးတော့ လှုပ်ရှားနေတာပဲ၊ မရွှေတောင်ရဲ့အကြံအစည်ကတော့ ငထေရှင်လို့ခေါ်တဲ့ ဘီလူးမိစ္ဆာတစ်ကောင်ကို ပြန်ပြီးအသက်သွင်းချင်တာပဲ”
“အသက်သွင်းပြီးတော့ ဘာလုပ်ကြမှာလဲ”
“မကောင်းတာပေါ့ကွာ၊ ဘာလုပ်မလဲဆိုတာတော့ သေချာမပြောနိုင်သေးဘူးကွ၊ ဒါပေမယ့် မကောင်းမှာတော့အမှန်ပဲ၊ ငါ့သူငယ်ချင်းပြောပုံအရတော့ လူတွေအများကြီးသေမယ်၊ သွေးချောင်းစီးလိမ့်မယ်”
“အခု ခင်ဗျားတို့က ကျုပ်ကိုဘာလို့လိုချင်တာလဲ၊ ကျုပ်ဆီမှာ ကိုင်ထားတဲ့ ဝှက်ဖဲဆိုတာက ဘာလဲ”
“ငါပြောပါ့မယ်ကွာ၊ မရွှေတောင်တို့က ထောက်ကြံ့မှာ ခြံကျယ်ကြီးတစ်ခုရှိတယ်၊ အဲဒီခြံအကျယ်ကြီးထဲမှာ ခုနက ပြောတဲ့ ငထေရှင်ရှိတယ်၊ ပြီးတော့ လူတစ်ချို့ကိုလည်းဖမ်းထားသေးတယ်၊ ငါတို့လုပ်ရမှာက အဲဒိခြံကြီးထဲကိုဝင်ပြီးတော့ ကောင်မလေးတစ်ယောက်ကို ကယ်ဖို့ပဲကွ၊ ဒါပေမယ့်ခက်တာက အဲဒီခြံကြီးထဲကို ဝင်မရဘူး”
ဦးဘသာက ဆက်ပြောတယ်။
“မရွှေတောင်က အောက်လမ်းပညာနဲ့ ခြံကြီးတစ်ခုလုံးကို လုံခြုံအောင်လုပ်ထားတယ်၊ လေးဖက်လေးတန် ထိုးဖောက်မရတဲ့အပြင် မြေပေါ်မြေအောက်ပါမကျန် တိုးဝင်မရအောင် လုပ်ထားတယ်ကွ”
ဘသောင်းက ခေါင်းညိတ်ရင်း
“ကျုပ်နားလည်ပါပြီဗျာ၊ ခင်ဗျားတို့ ကဝေရှင်ကိုလိုအပ်တယ်ဆိုတာ ဧကန္တတော့ သိုက်ပေါက် ဖောက်ဖို့အတွက်မဟုတ်လား”
ဦးဘသာက ခေါင်းညိတ်တယ်ဗျ။ ကျုပ်လည်း ဘာမှန်းမသိတာနဲ့
“နေပါအုံး သိုက်ပေါက်ဆိုတာက ဘာလဲဦးဘသာ”
“အလွန်လုံခြုံလှပါပြီ၊ ခိုင်မာလှပါပြီဆိုတဲ့ သိုက်ကြီးတွေကိုတောင် ပေါက်သွားအောင်ဖောက်နိုင်တဲ့အစွမ်းက ကဝေရှင်တွေဆီမှာပဲရှိသကွ၊ သိုက်ပေါက်လို့ခေါ်တဲ့ အဲဒီပညာရပ်နဲ့ သိုက်တွေကို ထုတ်ချင်းခတ်အောင် ဖွင့်ဖောက်နိုင်သကွ၊ ဒီလိုသိုက်တွေကို ဖောက်နိုင်တယ်ဆိုမှတော့ မရွှေတောင်လုပ်ထားတဲ့ ကွန်ခြာလောက်ကိုတော့ အေးအေးဆေးဆေးဖောက်နိုင်တာပေါ့ကွာ”
ကျုပ်လည်း အတော်အားတက်သွားတယ်ဗျ။
“ဒါဆို အကိုဘသောင်း၊ ခင်ဗျား ဒီလိုလုပ်တတ်သလား”
ဘသောင်းက ခေါင်းခါပြတယ်၊ ဦးဘသာရော ကျုပ်ရော ထိတ်လန့်သွားတယ်ဗျာ။
“ခင်ဗျားမလုပ်တတ်ဘူးလား”
“သိုက်ပေါက်ပညာကို ကျုပ်မလုပ်တတ်ဘူး၊ အဲဒါက ကျုပ်အကိုကြီး ကိုသန်းတန်ပဲလုပ်တတ်တာဗျ”
“ဟင်၊ ဒါဆိုရင် သူကအခုဘယ်မှာလဲ”
“အထက်အညာကိုတက်သွားတယ်၊ သိုက်သွားတူးတယ်”
ဦးဘသာဆိုရင် ကြမ်းပြင်ပေါ်ကိုခွေခနဲလဲကျသွားတော့တာပဲဗျာ။
“ဒါဆို ငါတို့လာတာ သဲထဲရေသွန်ဖြစ်ပြီပေါ့”
ဘသောင်းက တစ်ချက်စဉ်းစားရင်း
“နေအုံးဗျ၊ ကျုပ်အကိုလတ် ကိုသိန်းတန်တော့ လုပ်တတ်မလားပဲ”
ကျုပ်တို့အတွက် မျှော်လင့်ချက်ရောင်ခြည်ကလေး ပွင့်လာပြီဆိုပါတော့ဗျာ။
“သူက ဘယ်မှာလဲ၊ အခုဘယ်ရောက်နေလဲ”
“ဒီကနေသိပ်မဝေးတဲ့ ရှမ်းစုရွာမှာနေတယ်ဗျ”
“ဒါဆိုရင် အခုပဲသွားကြရအောင်”
ဦးဘသာက ငေါက်ခနဲထရပ်ရင်းပြောတယ်ဗျ၊ ဘသောင်းက တွေဝေနေသေးတယ်။
“ခင်ဗျားတို့သွားမယ်ဆိုရင်လိုက်ပို့မယ်၊ ဒါပေမယ့် . . . ကျုပ်စိတ်ထဲထင့်နေတယ်ဗျ”
“ဘာဖြစ်လို့လဲကွ”
“ကျုပ်နဲ့ အကိုလတ် သိန်းတန်နဲ့က စကားမပြောတာ ရှစ်နှစ်ရှိပြီ”
ဦးဘသာလည်း သက်ပြင်းတစ်ချက်ချလိုက်ပါတော့တယ်ဗျာ။
“အိုဗျာ၊ ခင်ဗျားစကားမပြောလည်း ဘာဖြစ်သလဲ ကျုပ်တို့ပြောမယ်ဗျာ”
ဘသောင်းက ခေါင်းညိတ်ပြီး
“အင်းလေ၊ သွားကြည့်တာတော့ မမှားပါဘူး”
ဒါနဲ့ ကျုပ်တို့သုံးယောက် ဆက်ပြီးခရီးနှင်ဖို့ ပြင်ဆင်လိုက်ကြတယ်ဆိုပါတော့ဗျာ။
ဆက်ရန်။