(၁)
မကြည်ဆိုတာ ဦးလေးဖိုးထွန်းရဲ့မိန်းမ၊ ဆင်ကွပ်လို့ခေါ်တဲ့ အညစ်အကြေးတွေ မစင်တွေစားတဲ့စုန်းမကြီးဆိုတာ ခင်ဗျားတို့သိပြီးဖြစ်မှာပေါ့ဗျာ၊ ဒီတစ်ခါတော့ အဲဒီမကြည်မွေးထားတဲ့ သရဲတွေအရမ်းသောင်းကျန်းတဲ့အကြောင်း ပြောပြချင်တယ်ဗျို့၊ မကြည်က ယုတ်မာတဲ့စုန်းဖြစ်တဲ့အပြင် သရဲတွေလည်း သူ့ခြံမှာမွေးထားသေးတယ်ဗျာ၊ ကျုပ်တို့လို ငတ်ကြီးကျတဲ့ကောင်တွေနဲ့ အဲဒီသရဲတွေနဲ့ တွေ့တော့တာပဲဗျို့၊
မကြည်တို့ခြံကလေး ဘုန်းကြီးကျောင်းဘေးနားမှာရှိတယ်မဟုတ်လား၊ ဒါ့အပြင် မြေကွက်ကလေးကလည်း အရင်ကတည်းရှိနေခဲ့တာဆိုတော့ သီးပင်စားပင်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းကလေးဗျ၊ နောက်ပြီး ဦးလေးဖိုးထွန်းကလည်း စိုက်ပျိုးရေးတော့ အတော်ဝါသနာပါတဲ့လူမဟုတ်လား၊ သူ့ခြံထဲမှာ သူတို့နောင်ရေးအတွက်ဆိုပြီးတော့ သီးပင်စားပင်ကလေးတွေ စိုက်ပျိုးထားခဲ့သေးတာ၊ အဖေနဲ့အရင်က စကားပြောဖြစ်တော့ ဦးလေးဖိုးထွန်းက မကြည်နဲ့ ကလေးတွေဘာတွေယူပြီးတော့ အေးအေးဆေးဆေးနေမယ်လို့ တွေးထားတယ်တဲ့လေ၊ ဒါပေမယ့် မကြည်က စုန်းမဆိုတော့ ပညာပြိုင်ရင်းသေသွားတော့ ဦးလေးဖိုးထွန်းရဲ့ ဘဝရှေ့ရေးတွေ အကုန်ပျက်ကုန်တာပဲဗျာ။
ဒီလိုနဲ့ မကြည်သေပြီးတော့ ဦးလေးဖိုးထွန်းလည်း ရွာကနေထွက်သွားခဲ့တယ်၊ အဲဒီနောက်မှာတော့ သူတို့ခြံကြီးက ဒီအတိုင်းကျန်နေခဲ့တာပေါ့ဗျာ။ နှစ်တွေကြာလာတော့ အဲဒီအထဲက သီးပင်စားပင်ကလေးတွေက ဖြစ်ထွန်းလာပြီး သီးပွင့်လာကြတယ်၊ ဒါပေမယ့် အဲဒီခြံကြီးအနားကို ဘယ်သူမှ မကပ်ရဲကြဘူးဗျ၊ ယုတ်စွအဆုံး လမ်းလျှောက်သွားရင်တောင်မှ အဲဒီခြံရှေ့ကနေဖြတ်မလျှောက်ဘဲ လမ်းတစ်ဖက်ခြမ်းကနေ ဖြတ်လျှောက်ကြတယ်။ ဖြစ်ချင်တော့ သူတို့ခြံဘေးနားမှာ ဘုန်းကြီးကျောင်းပဲရှိပြီးတော့ မျက်နှာချင်းဆိုင်မှာလည်း အိမ်တွေမရှိတာမို့လို့ လူတွေရှောင်ကြတဲ့လမ်းတစ်ခုဖြစ်သွားတာပေါ့ဗျာ။
လူတွေဘာလို့ရှောင်ကြသလဲဆိုတော့ အဲဒီခြံထဲမှာ မကြည်မွေးထားတဲ့ သရဲကြီးသုံးကောင် ကျန်နေခဲ့တာကိုးဗျ။ သူတို့သခင် မကြည်သေသွားတော့ သရဲကြီးတွေလည်း ဘဝပျက်သွားတာပေါ့ဗျာ၊ စားရမဲ့ သောက်ရမဲ့ဖြစ်ကုန်တယ်ထင်ပါတယ်။ ဒီလိုနဲ့ခြံကြီးထဲမှာ လျှောက်သွားလာနေတာကို မကြာမကြာတွေ့ရတာပေါ့ဗျာ၊ သူတို့ကို မြင်ရဖန်များလို့ ရွာကလူတွေကတောင် နာမည်တွေပေးထားတယ်ဗျာ၊ ငဖြူ၊ ငနီရယ်၊ ငနက်ရယ်ဆိုပြီး သုံးကောင်ဗျ။
(၂)
အရင်ဆုံးခံရတာကတော့ ဘုန်းကြီးကျောင်းထဲက ကျောင်းသားလေးတွေနဲ့ ကိုရင်လေးတွေပေါ့ဗျာ၊ မကြည်တို့ခြံထဲမှာက ဖန်ခါးသီးတို့ ဆီးဖြူသီးပင်တို့ဆိုတာ အတော်ကောင်းတာမဟုတ်လား၊ ဆီးဖြူသီးဆိုတာ ခုခေတ်ကလေးတွေအတွက်တော့ စားမကောင်းပေမယ့် ကျုပ်တို့ခေတ်တုန်းကတော့ ရှားပါးတာမို့လို့ ဆီးဖြူသီးက ကျုပ်တို့အတွက်တော့ အပြင်းပြေစားစရမုန့်တစ်မျိုးပေ့ါဗျာ၊ ဆီးဖြူသီးကိုက်ဝါးပြီး ရေပြေးသောက်လိုက်လို့ ချိုပြီးဆင်းသွားတဲ့အရသာက ကျုပ်တို့အတွက်တော့ နတ်သုဒ္ဓါလိုပါပဲ၊ အခုခေတ်လို မုန့်ဆိုင်တွေ မုန့်တွေဆိုတာ ရှိမှမရှိပဲဗျ။
မကြည်တို့ခြံထဲမှာ ဆီးဖြူပင်သုံးပင်ရှိတယ်၊ ခြံအရှေ့နားကအပင်ကျတော့ သိပ်မကောင်းဘူး၊ အသီးလုံးကလေးတွေပဲသီးပြီး အသီးညံ့တယ်ဗျ၊ ကောင်းတဲ့အပင်ကတော့ မကြည်တို့အိမ်သာအနားက ဆီးဖြူပင်ပဲဗျ၊ အသီးတွေဆို ပွပွကြီးတွေနဲ့ အကြီးကြီးတွေပဲဗျာ၊ ဘယ်သူမှလည်းမခူးကြဘူးဆိုတော့ အပြွတ်လိုက်သီးနေတာ သွားရည်ယိုချင်စရာကြီးဗျာ၊ သွားရည်အယိုဆုံးကတော့ ဘုန်းကြီးကျောင်းသားလေးတွေပါတာပေါ့။ တစ်ရက်တော့ ဘုန်းကြီးကျောင်းသားလေးတွေက တိုင်ပင်ကြတယ်တဲ့ဗျ၊ ဆီးဖြူသီးခူးပြီးတော့ ဆားနဲ့ငရုတ်သီးလှော်မှုန့်နဲ့ တိုးစားကြမယ်ပေါ့၊ ဒီအစီအစဉ်ထဲမှာ ကျုပ်တူ ကိုရင်လည်းပါတယ်၊ ကျုပ်ရဲ့အမေဘက်က အမတစ်ယောက်မွေးထားတဲ့သားလေးဆိုတော့ ကျုပ်တူပေါ့ဗျာ၊ ဒါနဲ့ သူလည်း သွားခူးမယ်ပေါ့။ သူတို့က အဲဒီတုန်းက အလွန်ဆုံးရှိလှ ဆယ်နှစ်၊ ဆယ့်သုံးနှစ်လောက်ပေါ့ဗျာ။
“ဟေ့၊ ငါတို့ဘုန်းကြီးကျောင်းသားတွေ၊ နွားကျောင်းသားတွေဆိုတာ သရဲက အလိုလိုနေရင်းကြောက်နေရတဲ့ကောင်တွေမဟုတ်လား၊ ဒီခြံထဲက သရဲကလည်း ငါတို့ကိုကြောက်မှာကွ”
“နေ၊ နေစမ်းပါအုံး၊ ဘာလို့ သရဲက ဘုန်းကြီးကျောင်းသား၊ နွားကျောင်းသားတွေကို ကြောက်ရတာလဲ”
“ဟာကွာ၊ ဟောဒီမှာတွေ့လား ဘတ်ခွကွ၊ သရဲတွေတွေ့လို့ကတော့ လောက်စာလုံးကို ဗုဒ္ဓံသရဏံဂစ္စာမိ လို့ရွတ်ပြီး ပစ်ထည့်လိုက်ရင် အဲဒီသရဲတွေဆိုတာ တော်တော်ကြောက်တာတဲ့ကွ”
ဘုန်းကြီးကျောင်းသား သုံးယောက် စကားပြောသည့်ကြားထဲ ကိုရင်က ကန့်လန့်ကန့်လန့်ပါသွားတာပေါ့ဗျာ၊ နောက်တော့ သူတို့တွေ ဘုန်းကြီးကျောင်းအုတ်စည်းရိုးကိုကျော်တက်ပြီးတော့ မကြည်တို့ခြံဘက်ကိုတိုးကြတယ်၊ ဘုန်းကြီးကျောင်းအုတ်စည်းရိုးနဲ့ မကြည်တို့ခြံက လေးငါးပေတော့ ကွာတယ်၊ မကြည်တို့ခြံက လူမနေတော့ဘူးဆိုတော့ ဘေးနားက ခြံစည်းရိုးတွေလဲ ပျက်နေတာပေါ့ဗျာ။
နေ့ခင်းကြောင်တောင်ကြီးတောင်မှ အဲဒီခြံကြီးက သစ်ပင်ရိပ်တွေအုံ့ဆိုင်းပြီး အရိပ်ကျနေတယ်တဲ့ဗျ၊ ကိုရင်လည်း ခြံထဲရောက်တော့ ကျောရိုးထဲအထိ စိမ့်ခနဲအေးသွားသေးတာ၊ အိမ်ပျက်ကြီးက ခြံအလယ်ကောင်မှာရှိပြီး ခြံထောင့်နားမှာတော့ အိမ်သာဟောင်းကြီးရှိတယ်၊ အဲဒီအိမ်သာဘေးနားမှာ ဆီးဖြူပင်ကြီးက သီးနေတာ ပြွတ်ခဲနေတာပဲတဲ့ဗျာ။
“ငါတို့ခူးရအောင်ဟေ့”
ဘုန်းကြီးကျောင်းသားတွေတိုင်ပင်ပြီးတော့ သစ်ပင်ပေါ်တက်ဖို့ပြင်တယ်၊ ဒါပေမယ့် သူတို့မတက်ဘဲနဲ့ ကိုရင်ကိုမြှောက်ပေးသတဲ့ဗျာ။
“မင်းက ကိုရင်ဆိုတော့ မင်းသစ်ပင်တက်ကွာ”
“ဖြစ်၊ ဖြစ်ပါ့မလား၊ ဒီခြံထဲမှာ ငဖြူ၊ ငနီ၊ ငနက်ဆိုပြီးတော့ သရဲကြီးသုံးကောင်ရှိတယ်လို့ ငါကြားဖူးတယ်”
“ဟာကွာ၊ မင်းက ကိုရင်ပါကွ၊ ကိုရင်ဆိုတာ ဘုန်းကြီးပဲ၊ မင်းရဲ့သင်္ကန်းကိုမြင်တာနဲ့ ဒီသရဲတွေလန့်ပြီးပြေးသွားမယ်၊ ဘုန်းကြီးခါးပန်းကြိုးဆိုတာ သရဲတွေအရမ်းကြောက်ကြတာတဲ့၊ မင်းမှာ ခါးပန်းကြိုးပါရဲ့လား”
ကိုရင်က သင်္ကန်းကိုမပြီးတော့ ခါးပန်းကြိုးပါမပါပြန်စစ်လိုက်တယ်။ ခါးပန်းကြိုးပါတော့ နည်းနည်းအားတက်သွားတာပေါ့၊ ဟိုဘုန်းကြီးကျောင်းသား သုံးကောင်ကလည်း အမြှောက်ကောင်းတာကိုး။ နောက်ဆုံးတော့ ကိုရင်လည်း သစ်ပင်တက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်တဲ့။
“တက်စမ်းပါကိုရင်ရဲ့၊ သရဲလာရင်မပူနဲ့၊ ငါတို့ဘတ်ခွနဲ့ ဘုရားစာရွတ်ပြီးတော့ ဝိုင်းပစ်ပေးမယ်၊ ဟုတ်ပြီလား”
ကိုရင်က အပေါ်ရုံသင်္ကန်းကို ဆီးဖြူပင်မှာတင်လိုက်တယ်။ ပြီးတော့ သင်္ကန်းခါးတောင်းကျိုက်ပြီး ဆီးဖြူပင်ပေါ်ကို ခွတက်တာပေါ့ဗျာ၊ ဆီးဖြူပင်က အပင်ပျိုလေးဗျ၊ လူကြီးနှစ်ရပ်၊ သုံးရပ်လောက်သာသာရှိလောက်မယ်။
ကိုရင်က သစ်ပင်ဖက်တက်နေတုန်း ဘုန်းကြီးကျောင်းသားတွေက ဘေးဘီကြည့်ပေးတာပေါ့၊ မကြည့်လို့လဲမရဘူးလေ၊ ဘုန်းကြီးမြင်ရင် သူတို့ကိုဆော်ပလော်တီးမှာမဟုတ်လား၊ အခုက ဆရာတော်တွေ နေ့ခင်းတစ်ရေးတစ်မော ကျိန်းနေကြတဲ့အချိန်မို့လို့သာ တော်သေးတယ်မဟုတ်လားဗျ။
ကိုရင်က သစ်ပင်ပေါ်တက်ပြီးတော့ လက်တစ်ဖက်က ဆီးဖြူသီးတွေခူးခူးပြီး သင်္ကန်းခါးပိုက်ထဲမှာ အိပ်ပုံစံလုပ်ထားတဲ့အထဲကို ခူးထည့်နေတုန်း၊ သူ့လက်ကို လက်နီကြီးတစ်ဘက် ဗြုန်းဆိုပြီးတော့ လာကိုင်တယ်ဗျာ၊ ကိုရင်လည်း လန့်သွားတာပေါ့။ သေချာကြည့်လိုက်တော့မှ သစ်ပင်အဖျားမှာ လူနီကြီးက ဇောက်ထိုးကြီးတက်နေတာတဲ့ဗျ၊ ခြေထောက်တွေက အပေါ်ကိုထောင်နေပြီးတော့ လက်တစ်ဖက်ကတော့ ကိုရင်ရဲ့လက်ကိုလှမ်းဆွဲထားတာပေါ့။
ကိုရင်လည်း အသံကုန်ဟစ်ပြိးအော်တာပဲတဲ့ဗျာ၊ ကြောက်စရာကောင်းတာကိုး၊ လူနီကြီးက တစ်ကိုယ်လုံးအနီရောင်ချည်းဘဲတဲ့ဗျ၊ မျက်ခုံးမွှေးတွေဘာတွေမပါဘဲ ကတုံးပြောင်ကြီးနဲ့၊ တစ်ကိုယ်လုံးလည်း သွေးရောင်ကြီးနဲ့ မျက်လုံးကြီးကဖြူဖြူ ပါးစပ်ကြီးက ပြဲပြဲကြီးနဲ့တဲ့ဗျ၊ ကိုရင်အော်သံကြားတော့ ဘုန်းကြီးကျောင်းသားတွေ သစ်ပင်ပေါ်မော့ကြည့်ကြတယ်၊ အဲဒီမှာ လူနီကြီးကိုတွေ့သွားတာပါပဲ။
“ဟေ့ကောင်တွေ၊ ငါ့ကိုကယ်ကြပါအုံး၊ ငနီကြီးငါ့ကိုဆွဲထားတယ်”
ကိုရင်က အသံကုန်အော်တာပဲဗျို့၊ အောက်ကဘုန်းကြီးကျောင်းသားတွေလည်း ကြောက်ကြောက်နဲ့ဘတ်ခွတွေထုတ်ပြီး လောက်စားလုံးတွေထည့်ကြတယ်၊ ပြီးတော့ ဘုရားစာရွတ်ကြတာပေါ့ဗျာ။
“ဘွတ်ဒံ၊ ဘွတ်ဒံ”
ဘုန်းကြီးကျောင်းသားတွေ ကြောက်ကြောက်လန့်လန့်နဲ့ ဘုရားစာကိုတောင်မှ မေ့သွားတယ်၊ ဗုဒ္ဓံရွတ်ရမှာကို ဘွတ်ဒံလို့ပဲ ရွတ်မိကြတယ်တဲ့ဗျာ၊ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းသားနှစ်ယောက်ကို အနောက်ကနေ အကျီကိုဆွဲထားတာခံလိုက်ရလို့ လှည့်ကြည့်လိုက်ကြတယ်ဗျာ၊ တစ်ကိုယ်လုံးမည်းနက်နေတဲ့ လူမည်းကြီးတစ်ကောင်က သူတို့အကျီလည်ပင်းကို ဆောင့်ဆွဲထားကြတယ်ဆိုပဲ။
ငနက်ကိုမြင်လိုက်တာနဲ့ ဘုန်းကြီးကျောင်းသားတွေ အတင်းထွက်ပြေးတော့တာပဲဗျို့၊ ဘုန်းကြီးကျောင်းသားတစ်ယောက်က ကံကောင်းလို့ ငနက်ကြီးလက်ကလွတ်သွားတယ်ဆိုပေမယ့် ဟိုနှစ်ယောက်ကတော့ အကျီဆွဲခံထားရင်း ခြေကုန်ပြေးနေတာတဲ့ဗျာ၊ အရှေ့ကိုတော့ မရွေ့ပေမယ့် ဖုန်တွေတထောင်းထောင်းထလို့တဲ့ဗျ။
နောက်တော့ ငနက်ကြီးက ဘာစိတ်ပေါက်သွားသလဲမသိဘူး၊ ဘုန်းကြီးကျောင်းသားတွေကိုလွှတ်ပေးလိုက်တာ ဘုန်းကြီးကျောင်းသားနှစ်ယောက်က အရှိန်လွန်ပြီးတော့ မြေပြင်ကိုဟပ်ထိုးလဲကျသွားပါရော၊ ပြီးတော့ နှစ်ယောက်သား အမြန်ထပြီး လူတစ်ရပ်လောက်မြင့်တဲ့ ဘုန်းကြီးကျောင်းအုတ်တံတိုင်းကို လွှားခနဲခုန်တက်ပြီးတော့ ထွက်ပြေးကြသတဲ့ဗျာ၊ နောက်ဆုံးတော့ ကိုရင်တစ်ယောက်ပဲ ကျန်နေခဲ့တယ်။
“ကျုပ်၊ ကျုပ်ကိုလွှတ်ပေးပါ ငနီကြီးရယ်”
“ဒါဆိုရင် မင်းခူးနေတဲ့အသီးတွေချခဲ့လိုက်”
ကိုရင်လည်း ခါးပန်းကြိုးကိုဖြေချလိုက်တော့ သင်္ကန်းခါးပိုက်ထဲက ဆီးဖြူသီးတွေလည်း အကုန်ကျသွားတော့တာပေါ့၊ ဒီတော့မှ ငနီကြီးက လက်လွတ်ပေးလိုက်တယ်၊ ကိုရင်လည်း သစ်ပင်ပေါ်ကနေခုန်ချပြီးတော့ ထပြေးတော့တာပဲ၊ ဒါပေမယ့် ကိုရင်က အရှေ့ကိုမရောက်ဘူးဖြစ်နေတယ်၊ ငနက်ကြီးက ကိုရင်ရဲ့ခါးပန်းကြိုးကနေပြီး ဆွဲထားတော့ ကိုရင်အရှေ့ကိုမရောက်ဘူးဖြစ်နေတယ်ပေါ့ဗျာ။ ခါးပန်းကြိုးက အကုန်မပြေဘဲ ကျန်နေတာကိုး။
“အရှင်ဘုရား၊ ကယ်တော်မူပါအုံးဘုရား၊ ကယ်တော်မူပါအုံးဘုရား”
ကိုရင်က အသားကုန်အော်တော့တာပေါ့၊ ကျောင်းထဲက ဦးဇင်းက ဘုန်းကြီးကျောင်းသားတွေပြေးလာပြီး ဘုန်းကြီးကျောင်းအောက်မှာ ပြေးဝပ်နေတာကိုသတိထားမိတယ်၊ နောက်ပြီး ကိုရင်လေးအော်သံကိုလည်းကြားတော့ လိုက်ရှာတာပေါ့၊ နောက်တော့ မသင်္ကာတာနဲ့ အုတ်တံတိုင်းပေါ်တက်ကြည့်တော့မှ မကြည်တို့ခြံထဲမှာ ပြေးနေတဲ့ကိုရင်လေးကိုတွေ့သွားတယ်ဗျ။
“ဟေ့ကိုရင်၊ မင်းဘာလုပ်နေတာလဲ၊ လာခဲ့စမ်း”
“တပည့်၊ တပည့်တော်ကို အနောက်က သရဲကြီးဆွဲထားတယ်ဘုရား”
ဦးဇင်းကြည့်တော့ ဘာသရဲမှမတွေ့ဘူးတဲ့ဗျ၊ သူမြင်လိုက်တာက ဆူးချွန်တွေရှိတဲ့သစ်ပင်က အကိုင်းတစ်ခုနဲ့ ကိုရင်ငြိနေတာကိုတွေ့လိုက်ရတယ်တဲ့။
“ဟေ့ကိုရင်၊ မင်းခါးပန်းကြိုးနဲ့ သစ်ကိုင်းနဲ့ငြိနေတယ်”
ဒီတော့မှ ကိုရင်လည်း သတိပြန်ကပ်သွားတယ်၊ ခါးပန်းကြိုးစကို အကုန်ဖြုတ်ချပြီးတော့ ကိုယ်တုံးလုံးနဲ့ လွှားခနဲပြေးတော့တာပဲတဲ့ဗျ၊ ကိုရင်ရဲ့အဖြစ်ကိုကြားလိုက်ရတော့ ကျုပ်တို့မှာဖြင့်ရယ်လိုက်ရတာ အူတွေကိုနာနေရောဗျို့၊ ဘုန်းကြီးကျောင်းသားတွေကိုတော့ ဆရာတော်က ဆော်ပလော်တီးတော့တာပေါ့ဗျာ၊ ကိုရင်လည်းအဆစ်ပါသွားတာပေါ့၊ နောက်တော့ ကိုရင်လည်းလူထွက်လိုက်တယ်လေ။
(၃)
နောက်တော့ အဲဒီသရဲကြီးတွေက ပိုပြီးဆိုးလာတယ်၊ အတင့်ရဲလာတယ်၊ ခြံထဲကသွားတဲ့လူတွေတင်မဟုတ်ဘဲ ခြံရှေ့ဖြတ်လျှောက်တဲ့လူတွေကိုတောင် ခြောက်လှန့်နေကြတာပေါ့ဗျာ၊ ကျုပ်လည်း အဲဒီသရဲကြီးသုံးကောင်နဲ့ ကိုယ်တွေ့ကြုံခဲ့ဖူးတယ်ဗျ၊ အဲဒီတုန်းက စပါးပေါ်ပြီးတဲ့အချိန်ပေါ့၊ ရွာက လယ်သမားတွေလက်ထဲ ရွှေတိုငွေစလေးရှိပြီဆိုတော့ အလှူပေးကြ၊ ရဟန်းခံကြတဲ့အချိန်ပေါ့ဗျာ။
အဲဒီနေ့က ကြီးဒေါ်ပြုံးကြီးတို့ အလှူမတိုင်ခင်တစ်ရက်ပေါ့ဗျာ၊ ကြီးဒေါ်ပြုံးကြီးက ရွာမှာဆိုချမ်းသာတဲ့အထဲတော့ပါတယ်ဗျ၊ ခုနှစ်လည်း စပါးအထွက်ကောင်းလို့ အလှူပေးတာပေါ့ဗျာ၊ ကြီးဒေါ်ပြုံးတို့က သုံးနှစ်တစ်ခါလောက်တော့ အလှူကြီးလုပ်နိုင်တယ်ဗျ၊ အလှူကြီးဆိုတာက ခုနစ်ရက်ခုနစ်လီကျွေးတဲ့အလှူကြီးကိုပြောတာ။ အလှူနဲ့ပတ်သက်လို့ ကျုပ်တို့ဒေသမှာ အမျိုးမျိုးရှိတယ်ဗျ၊ အလှူပိန်ဆိုတာကတော့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီးတော့ ဆွေမျိုးတွေနဲ့ ကျောင်းကိုလာတဲ့သူတွေလောက်ကို ကျွေးတဲ့ နေ့တစ်ပိုင်းအလှူကိုခေါ်ကြတာ၊ မတတ်နိုင်တဲ့သူတွေ လုပ်ကြတာပေါ့ဗျာ၊ အလှူလတ်ကတော့ နှစ်ရက်ကျွေးတဲ့အလှူဗျ၊ ကျုပ်တို့ဆီမှာတော့ အလှူလို့ပဲခေါ်တယ်။ ပုံမှန်အလှူဆိုရင် အလှူမတိုင်ခင်တစ်ရက်၊ အလှူနေ့တစ်ရက် ထမင်းကျွေးတာပေါ့၊ အဲ အလှူကြီးဆိုတာကတော့ ခုနှစ်ရက်ခုနစ်လီ မဏ္ဍပ်ထိုးပြီး တစ်ရွာလုံးကို မီးခိုးတိတ်ကျွေးတဲ့အလှူပေါ့ဗျာ၊ တစ်ရွာလုံးကလည်း တတ်အားသရွှေ့ လူအားဖြင့်ကူညီပေးကြတယ်လေ။ ခုခေတ်တော့ အလှူကြီးသိပ်မတွေ့ရတော့ဘူးဗျ၊ တော်တော်ချမ်းသာပါတယ်ဆိုတဲ့လူတောင်မှ သုံးရက်လောက်ပဲ ကျွေးနိုင်တော့တာ။
ကြီးဒေါ်ပြုံးကြီးတို့က ဒီနှစ်တော့ ထူးထူးဆန်းဆန်း ဝက်သားဗြောင်ကျွေးမယ်ဆိုပါလားဗျ၊ ရက်တိုင်းတော့မကျွေးနိုင်ဘူး၊ အလှူရက်မှာ ကျွေးမှာတဲ့ဗျ၊ ပုံမှန်အလှူတွေဆိုရင် အသားမကျွေးနိုင်ဘူး၊ ငါးခြောက်ကြော်၊ သရက်ချဉ်သုပ်၊ အစပ်ကြော်၊ အရည်သောက်ဟင်း၊ ပဲဟင်း အဲဒီလိုဟင်းတွေပဲ ကျွေးနိုင်ကြတာမဟုတ်လား၊ အခု ဝက်သားဗြောင်ဆိုတော့ တစ်ရွာလုံးက ပျော်တာပေါ့ဗျာ။ ဝက်သားနီချက်ကို ကျကျနနချက်ကျွေးဖို့ ဝက်ငါးကောင်ဆွဲထားတယ်ဗျ၊ ကျုပ်တို့က ကာလသားတွေဆိုတော့ အဲဒီဝက်တွေကို ကိုင်ဖို့အလုပ်ရတာပေါ့ဗျာ။
မြို့ကနေဝယ်လာတဲ့ ဝက်အရှင်တွေကို မွေးထားရသေးတယ်၊ အလှူနေ့မတိုင်ခင် တစ်ညအလိုမှ ဝက်ကိုပေါ်ပြီး ဖျက်ကြမယ်ပေါ့ဗျာ၊ အလှူမတိုင်ခင်တစ်ရက်အလို မွန်းလွဲပိုင်းရောက်တော့ ကျုပ်တို့လုပ်ငန်းစတာပေါ့။ သတ်မယ့်ဝက်တွေကို ကြိုးနဲ့တုပ်ပြီးတော့ လှည်းပေါ်တင်ခေါ်ကြတယ်၊ ပြီးတော့ ရွာအပြင်က ရေတွင်းပျက်နားကိုခေါ်သွားကြတယ်၊ ရေတွင်းပျက်နားမှာ ဝက်တွေကိုပေါ်ပြီးတော့ အဲဒီရေတွင်းပျက်က ရေနဲ့ခပ်ပြီးဆေးကြကြောကြတာပေါ့၊ ပြီးမှ ရွာထဲအသားတွေ ပြန်သွင်းလေ့ရှိတယ်ဗျ၊ ဝက်ပေါ်တဲ့ကိစ္စက အမင်္ဂလာမို့ မနက်ပိုင်းမလုပ်ကြဘူး၊ နေ့ခင်းပိုင်းလောက် ဝက်တွေပေါ်ပြီးတော့ ဖျက်ရတယ်၊ ညနေနွားရိုင်းသွင်းချိန်မရောက်ခင်ရွာထဲကို သွင်းကြရတာပေါ့။
ရေတွင်းပျက်ဆိုတာကလည်း သိပ်ပြီးနာမည်ကြီးတဲ့နေရာ၊ ရေတွင်းပျက်ဆိုပေမယ့် ရေတွင်းက ရေထွက်နေတုန်းပဲ၊ ဘယ်အချိန်ကတည်းက တူးသွားတယ်တော့မသိဘူးဗျ၊ ရွာကအဘိုးတို့တောင်မှ ဒီရေတွင်းကို မမီလိုက်ဘူး၊ ရေတွင်းဆိုတော့ ပက်လက်တွင်းကြီး၊ အကာမရှိတဲ့ တွင်းကြီးပေါ့ဗျာ၊ အဘိုးပြောဖူးတာကတော့ ဒီရေတွင်းက ဘုရင်ခေတ်ကတည်းက ရှိနေခဲ့တဲ့တွင်းတဲ့၊ အရင်ကဆို ရေတွင်းအပေါ်မှ ပြဿဒ်ကလေးနဲ့ အမိုးတောင်ရှိတယ်တဲ့၊ ရေကလည်း နွေခေါင်ခေါင်ကလွဲရင် အမြဲထွက်နေတတ်တယ်လေ။
ရွာကလူတွေက ဒီရေတွင်းကိုမသုံးဘူးဆိုတာက အဲဒီရေတွင်းက အရမ်းအခြောက်အလှန့်များလို့တဲ့ဗျ။ တစ်ယောက်တည်းမပြောနဲ့ လူလေးငါးယောက်တောင်စုပြီးမသွားရဲဘူး၊ ရေတွင်းရှိတဲ့နေရာကလည်း ရွာနဲ့ခပ်လှမ်းလှမ်းဆိုတော့ လူအရောက်အပေါက်နည်းတာပေါ့ဗျာ။
ကျုပ်တို့လည်း ဝက်တွေကိုချပြီးတော့ ပေါ်ဖို့လုပ်တယ်၊ အရေးထဲ ဝက်ပေါ်တတ်တဲ့ ကိုမြကြီးက မူးနေတာမို့လို့ သူ့ကိုစောင့်နေရသေးတယ်၊ ဒီလိုနဲ့ ဝက်တွေသတ်တာပေါ့ဗျာ၊ ဝက်တွေမှာဆို တစီစီနဲ့အော်လိုက်ကြတာဗျာ၊ ကြိုးတွေနဲ့တစ်ကိုယ်လုံးတုတ်ထားလို့သာ၊ နို့မဟုတ်ရင် အတော်ရုန်းကန်မှာ။ အရှေ့ဆုံးက ဝက်တစ်ကောင်သတ်ပြီးတော့ ကျန်တဲ့ဝက်တွေက မျက်ရည်တွေကျတယ်ဗျ၊ သူတို့ကိုသတ်မှာ သိနေလို့နေမှာပေါ့ဗျာ၊ အရှေ့ဆုံးသေသွားတဲ့ဝက်က မသေခင် “ငါ့ကိုတော့သတ်ကြပြီ၊ ပြီးရင်မင်းတို့အလှည့်” လို့ပြောသွားတယ်ထင်ပါရဲ့ဗျာ။
ဝက်သတ်ပြီးတော့ ဓါးထက်ထက်နဲ့ ဝက်ကိုနှစ်ခြမ်းခွဲရတယ်၊ အသည်းအမြစ်တွေ၊ ကလီစာတွေထုတ်ရတယ်၊ ကျန်ခဲ့တဲ့ မလိုတဲ့အစိတ်အပိုင်းတွေကိုတော့ ရေတွင်းပျက်နားမှာပဲ ဖက်ခင်းပြီးထားခဲ့ကြတယ်၊ ဝက်ကိုရေနှစ်ကြောလောက်ဆေးပြီး အသားတွေကိုဖျက်ကြရတာပေါ့၊ ကျုပ်တို့က ကာလသားပေါက်တွေဆိုတော့ ဘာသိမှာလဲဗျာ၊ ကျုပ်တို့ထက် အသက်ကြီးတဲ့ လူတွေခိုင်းသမျှ လုပ်ရတာပေါ့၊ ကျုပ်တို့တာဝန်က ဝက်သားတွေကို အကြမ်းတုံးပေးဖို့ပေါ့ဗျာ၊ အမွှေးတွေနဲ့ ဝက်သားတုံးကြီးတွေကို ဓါးထက်ထက်နဲ့ အမြှောင်းကြီးတွေဖြစ်သွားအောင်လုပ်ရတာပေါ့။
ကျုပ်ဖြင့်ဝက်သားတွေလှီးကိုင်ရင်း ခုနက အကောင်းအတိုင်းရှိနေတဲ့ဝက်၊ အခုတော့ ငါ့လက်ထဲမှ အရိုးတစ်ခြားအသားတစ်ခြားဖြစ်ပြီလို့ တွေးမိပြီးစိတ်တောင်မကောင်းနိုင်ပါဘူးဗျာ၊ ဝက်သတ်တယ်ဆိုတာ အင်မတန်သနားဖို့ကောင်းတယ်၊ သတ်တဲ့လူကလည်း အရမ်းရက်စက်ရတယ်ဗျ။
ကျုပ်တို့ဝက်တွေဖျက်ပြီး လှည်းပေါ်တင်တော့ ညနေစောင်းနေပြီ၊ ကိုမြကြီးကို စောင့်နေလို့ ကြာသွားရတာမဟုတ်လား။
“ဟေ့ကောင်တွေ အမြန်လုပ်ကြ၊ နွားရိုင်းသွင်းချိန်ရောက်တော့မယ်၊ အဲဒီအချိန်ရောက်ရင် အသားစိမ်းငါးစိမ်းတွေ မသယ်ကောင်းဘူးကွ”
ကျုပ်တို့လည်း အသားတွေမြန်မြန်တင်ပြီး အမြန်ထွက်တော့တာပဲဗျ၊ လှည်းဆွဲတဲ့နွားတွေဆိုတာ နှာတွေမှုတ်ပြီးတော့ ခွာတွေယက်နေတာ ဖုန်တွေတထောင်းထောင်းထလို့။ သူတို့တစ်ခုခုတွေ့နေပြီဆိုတာ ကျုပ်တို့သိလိုက်တယ်လေ၊ ကျုပ်တို့လှည်းထွက်လာပြီးတော့ ရေကန်အနားကိုပြန်ကြည့်မိတယ်၊ ရေကန်အနားက ဝက်တွေရဲ့မလိုတဲ့အစိတ်အပိုင်းတွေ ပုံထားတဲ့ ဖက်တွေအနားမှာ လူသုံးယောက် ဆောင့်ကြောင့်ထိုင်နေတယ်ဗျ။ ကျုပ်တို့ဒေသအခေါ် တစ်ခေါ်သာသာတောင်မဝေးသေးဘူးဗျာ၊ ဒီလူတွေကြည့်ရတာလည်း နွမ်းနွမ်းဖတ်ဖတ်နဲ့ဗျာ၊ ကျုပ်ကတော့လူတွေမဖြစ်နိုင်ဘူးလို့ထင်ထားပြီးသား၊ ရေတွင်းအနားမှာ ကျုပ်တို့ကလွဲပြီး ဘယ်သူမှရှိမနေဘူးလေ”
ရွာထဲကိုဖြတ်လာတော့ နေအတော်ကျနေပြီ၊ ကြီးဒေါ်ပြုံးတို့အိမ်ကိုသွားဖို့ လမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းက ရွာလယ်အတိုင်းသွားမယ့်လမ်းဗျ၊ နောက်တစ်လမ်းကတော့ မကြည်တို့အိမ်ရှေ့၊ ဘုန်းကြီးကျောင်းရှေ့က ဖြတ်တဲ့လမ်းပေါ့ဗျာ၊ ကျုပ်တို့ရွာက အင်္ဂလိပ်အက္ခရာ အယ်လ် ပုံစံလေးနဲ့ဆင်တယ်၊ ကောက်ကောက်လေးဗျ၊ ရွာလယ်လမ်းအတိုင်းသွားရင် ကြီးဒေါ်ပြုံးတို့အိမ်ရောက်ဖို့ ပိုကြာမယ်၊ ဘုန်းကြီးကျောင်းရှေ့ကလမ်းကဖြတ်ရင်တော့ လမ်းတိုလို့ မြန်မြန်ရောက်နိုင်တယ်မဟုတ်လား၊ လှည်းမောင်းတဲ့လူက ဘာမပြောညာမပြောနဲ့ မကြည်တို့လမ်းကို ကွေ့ချပြီးမောင်းနှင်လာတယ်။
ကျုပ်စိတ်ထဲလည်း တစ်ချက်တော့ ထင့်ခနဲဖြစ်သွားပြီးတယ်၊ ဒီလိုအမှောင်ရိပ်သန်းတဲ့အချိန်၊ မကြည်တို့ခြံရှေ့က ဖြတ်ပြန်ရမှာကို ခပ်လှန့်လှန့်ဗျ၊ ကျုပ်တို့လှည်းခေါင်းမှာ လှည်းသမားရယ် ကိုမြကြီးရယ်၊ လူတစ်ယောက်ရယ်ထိုင်တယ်၊ အဲဒီနောက်မှာတော့ ဝက်သားပုံကြီးပေါ့ဗျာ၊ လှည်းနောက်မှာက ကျုပ်ရယ်၊ လူသုံးယောက်ရယ် ခြေထောက်အောက်ချပြီး ထိုင်လိုက်ခဲ့တာပေါ့ဗျာ။
ထင်တဲ့အတိုင်းပဲ မကြည်တို့ခြံရှေ့ရောက်တော့ လှည်းကဆက်မရုန်းတော့ဘူးဗျ၊ လှည်းသမားက နွားတွေကိုရိုက်တော့တာပေါ့၊ ကျုပ်က သိနေပြီးသား၊ ဟိုသရဲကြီးတွေ လုပ်ပြီထင်တယ်ဆိုပြီးတွေးနေတုန်းရှိသေးတယ်၊ ငနီနဲ့ ငနက်ကြီးက လှည်းပေါ်ဝုန်းဆိုခုန်ချလိုက်တာဗျာ၊ လှည်းမှာ ယိုင်ထွက်သွားတယ်၊ ဝက်သားပုံကြီးပေါ်ကိုတက်ပြီးတော့ ဝက်သားတွဲကြီးကို ဆွဲနေတာပေါ့ဗျာ။
ကိုမြကြီးက ဓါးရှည်ကြီးနဲ့လှမ်းခုတ်တော့ ရှောင်တယ်၊ ပြီးရင် ဝက်သားတွေပြန်ကောက်တာပဲ၊ ပါလာတဲ့သူတွေလည်း ကြောက်တာပေါ့ဗျာ၊ ကျုပ်တို့လည်း တုတ်တွေနဲ့ရိုက်၊ ခဲတွေနဲ့ခြောက်လွှတ်တော့မှ ဝက်သားတွဲနှစ်တွဲကိုင်ပြီးတော့ သစ်ပင်ပေါ်ကို လွှားခနဲခုန်တက်လိုက်တာ မြန်လိုက်တာဗျာ၊ သူတို့ထွက်သွားပြီးတော့ လှည်းကစွေ့ကနဲထွက်သွားပါရော၊ ကျုပ်တို့လည်း လှည်းနောက်ကိုအမီပြေးလိုက်ရတော့တာပေါ့၊ ဒီအဖြစ်ကို ကျွန်တော်တို့လှို့ဝှက်ထားတယ်ဗျ၊ လူသိသွားရင် မကောင်းဘူးမဟုတ်လား။
(၄)
ဒါပေမယ့် အဲဒီသရဲကြီးတွေ အခုတော့ပြေးသွားပြီ၊ ဦးဘသာကြီးနဲ့ တွေ့သွားတာကိုးဗျ။
ခင်ဗျားသိချင်သွားပြီမဟုတ်လား၊ ကျုပ်တို့ ဝက်သားတွေအဆွဲခံရပြီးတော့ နောက်တစ်နှစ်လောက်ကြာတဲ့အချိန်ပေါ့ဗျာ။
ရန်ကုန်က သူဌေးတစ်ယောက်က ရွာဦးကျောင်းမှာ အလှူလာလုပ်တယ်၊ ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ အုတ်မြစ်ချတဲ့ပွဲပေါ့ဗျာ၊ အလှူကတော့သိပ်မကြီးပါဘူး၊ ကျုပ်တို့လည်းကူညီပေးရပါတယ်၊ ဘုန်းကြီးကျောင်းမှာပဲ နေ့ဆွမ်းကပ်ပြီးတော့ လာတဲ့လူတွေကိုတော့ မုန့်ဟင်းခါးကျွေးတယ်ပေါ့ဗျာ။
အဲဒီအလှူရှင်တွေက ရွာထဲက ကိုတင့် တို့အိမ်မှာတည်းတယ်ဗျ။ ကိုတင့်ရဲ့သားက ရန်ကုန်သူတစ်ယောက်နဲ့ငြားထားတာ၊ ကိုတင့်တို့ကလည်းပြည့်ပြည့်စုံစုံထဲကပဲလေ၊ အဲဒီအလှူရှင်တွေဆီမှာ သားကလေးတစ်ယောက်ရှိတယ်၊ အသက်ကတော့ ဆယ်နှစ်ကျော်လောက်ပေါ့ဗျာ၊ အလှူလုပ်နေတုန်း သူတို့က ဘုန်းကြီးကျောင်းဝန်းထဲမှာ ပြေးလွှားဆော့နေကြတယ်၊ ကိုတင့်တို့သားသမီးတွေရယ်နဲ့ ရွာထဲက ကလေးသုံးလေးယောက်ပါမှာပေါ့ဗျာ။
သူတို့ကျောင်းဝန်းထဲဆော့ကစားနေရင်း ပျင်းလာလို့ထင်ပါတယ်၊ နောက်တော့ ကျောင်းဝန်းရှေ့မှာပြေးလွှားကစားနေကြတယ်၊ အလှူပြီးတော့ အလှူရှင်တွေလည်းကိုတင့်တို့အိမ်ကိုပြန်သွားကြတာပေါ့ဗျာ၊
ညနေခြောက်နာရီလောက်ကျတော့ ကိုတင့်ကအိမ်ကို အမောတကောနဲ့ရောက်ချလာတယ်ဗျ။
“သူကြီး၊ အလှူရှင်တွေရဲ့ ကလေးလေး အပမှီတယ်ထင်တယ်ဗျ”
“ဟေ၊ ဒါဆို ဆေးဆရာကြီးသွားပင့်လေကွာ”
ကျုပ်လည်း အဖေနဲ့အတူ ကိုတင့်တို့အိမ်ကိုလိုက်သွားခဲ့တယ်၊ ကိုတင့်တို့က သိုသိုသိပ်သိပ်ကြိတ်ပြီးဖြေရှင်းနေပုံပဲ၊ ဘေးအိမ်ကလူတွေတောင်မရှိဘူးဗျို့၊ အပေါ်ထပ်ကိုတက်သွားတော့ ကောင်လေးက ဘုရားခန်းရှေ့မှာလှဲအိပ်နေတယ်ဗျာ၊ သူ့ညာဖက်ခြေထောက်ကြီးက ဆင်ခြေထောက်ကြီးလိုနီရဲပြီးတော့ ဖူးယောင်နေတာပဲ၊ အဖေက သူ့မိဘ အလှူရှင်တွေကိုမေးလိုက်တယ်။
“ခင်ဗျားသား ဘာဖြစ်တာလဲ၊ ကျုပ်နေ့လည်ကတွေ့တော့ အကောင်းအတိုင်းပါ”
“ဟုတ်ပါတယ်သူကြီးရယ်၊ သားကဘာဖြစ်မှန်းမသိဘူး၊ ခြေထောက်ကြီးလဲယောင်နေပြီးတော့ စကားလည်းမပြောနိုင်ဘဲ တအိအိနဲ့ဖြစ်နေတယ်”
အဖေက ကလေးကိုစမ်းကြည့်လိုက်တော့ ကလေးက တောင့်တောင့်ကြီးဖြစ်နေပြီး မျက်လုံးကြီးနီနေတယ်၊ မျက်လုံးကလည်း အပေါ်ကိုလှန်ပြီးကြည့်နေပြီးတော့ ပါးစပ်ကလည်း တအင့်အင့်နဲ့တစ်ခုခုကိုပြောချင်နေပုံရတယ်။
“ကျုပ်အထင် အပမှီနေတာဖြစ်မယ်ဗျ”
ကျုပ်လည်း တွေးကြည့်လိုက်တော့ မကြည်တို့ခြံက သရဲကြီးတွေကိုတွေးလိုက်မိတယ်။ ဘုန်းကြီးကျောင်းရှေ့ဆော့ရင်း အဲဒီခြံကိုရောက်သွားသလားမှ မသိတာ၊ ဒါနဲ့ ကျုပ်လည်းအိမ်ပေါ်ကနေပြေးဆင်းလာခဲ့တယ်၊ ဦးဘသာကြီးအိမ်ဆီကိုပေါ့။
ကျုပ်ရောက်သွားတော့ ဦးဘသာကြီးက ထမင်းစားနေတာဗျ။
“ဦး၊ ဦးဘသာကြီး ကိုတင့်တို့အိမ်က မြို့ကလာတဲ့ကလေးတစ်ယောက် အပမှီနေလို့ဗျ”
“ဟေ၊ ဘာဖြစ်တာလဲ”
“ခြေထောက်ကြီးဖူးယောင်နေပြီးတော့ လူကလည်းတစ်မျိုးကြီးပဲဗျ၊ ကျုပ်အထင်တော့ မကြည်ခြံထဲက သရဲကြီးသုံးကောင်လက်ချက်လားလို့”
ဦးဘသာကြီးက လက်ကိုအမြန်ဆေးပြီး သူ့ပုဆိုးနဲ့လက်သုတ်ပြီး ကျုပ်နဲ့အတူတူပြေးလိုက်လာတယ်၊ ကျုပ်တို့ကိုတင့်တို့ခြံထဲကိုဝင်လိုက်တော့ ဦးဘသာကြီးက မျက်စောင်းကြီးခဲပြီးတော့
“မင်းတို့ဘာလုပ်နေကြတာလဲ”
ခြံထောင့်ကိုလက်ညှိုးထိုးပြီးပြောလိုက်တာဗျာ၊ ကျုပ်လဲလန့်သွားလို့ကြည့်လိုက်တော့ ဘယ်သူမှလဲမရှိနေပါဘူး”
“မင်းတို့သွားကြတော့၊ မသွားရင် ငါနဲ့တွေ့မယ်”
“ဦးဘသာကြီး ဘယ်သူနဲ့စကားပြောနေတာလဲဗျ”
“ဟိုခြံထောင့်မှာ ငနီနဲ့ ငနက် နှစ်ကောင် နောက်ပြန်ကြီးရပ်နေတာကွ၊ အခုငါ့ကိုတွေ့မှ သူတို့ပြေးသွားကြတယ်”
ကျုပ်တို့အိမ်ပေါ်ကိုတက်ခဲ့တော့ ဆေးဆရာကြီးက ရောက်နေပြီ၊ ကလေးကတော့ စကာမေးမရပါဘူး။ ဦးဘသာကြီးနဲ့ ကျုပ်က လှေကားရင်းမှာပဲထိုင်ချလိုက်တယ်၊ အဖေက ကျုပ်တို့ကိုတွေ့သွားတော့
“ဦးဘသာကြီးပါလား”
“အေးလေ၊ သူကြီးသားလာခေါ်တာနဲ့ လိုက်ခဲ့တာ”
“ဘာထူးလဲဗျ”
“ကလေးရဲ့လည်ပင်းကို ငဖြူကြီးခွစီးထားတယ်ဗျ”
ဦးဘသာက ဟောင်ဖွာဖွာနဲ့ပြောလိုက်တော့ လူတွေအားလုံးကြားသွားတယ်၊ ပြီးတော့ လန့်သွားတယ်၊ ဆေးဆရာကြီးကတော့ ဦးဘသာကြီးကိုတစ်ချက်ကြည့်လိုက်ပြီး သူလည်းဘေးကပ်ပေးလိုက်တယ်။ ဦးဘသာကြီးက အနားကိုကပ်သွားပြီး
“ဟေ့ကောင်ငဖြူ၊ ဖယ်ပေးလိုက်စမ်း”
ကလေးကိုကြည့်ပြီးပြောနေတယ်၊ အားလုံးကလည်း စိတ်ဝင်စားပြီးကြည့်နေတာပေါ့ဗျာ။
“အောင်မာ၊ မင်းကများပေကပ်ကပ်လုပ်နေသေးတယ်၊ မင်းမသွားရင် ငါမင်းကိုလုပ်ရလိမ့်မယ်နော်”
ဦးဘသာကြီးတစ်ယောက်တည်းစကားပြောနေတာဗျ၊ နောက်တော့ ကြမ်းပြင်ကိုလက်ဝါးနဲ့ပုတ်လိုက်တယ်။ နောက်တော့ အိမ်ရှင်ကိုတင့်ကိုကြည့်လိုက်တယ်။
“ငတင့် မင်းတို့အိမ်မှာ ထုံးမှုန့်ရှိလား”
“ရှိပါတယ်၊ ထုံးမှုန့်တွေရှိပါတယ်”
“အေး၊ အဲဒီထုံးမှုန့်တွေကို လှေကားထစ်တွေပေါ်မှာ ကြဲချထားလိုက်စမ်းကွာ၊ လှေကားအောက်ခြေမှာလဲ ထူထူလေးကြဲထား၊ နောက်ပြီး လှေကားအနားမှာ ဘယ်သူမှမနေနဲ့၊ ငါဒီကောင့်ကို ဆွဲချမယ်”
ဦးဘသာကြီးက ကလေးအနားကိုကပ်သွားပြီး လက်နဲ့လေကိုပုတ်ချလိုက်တယ်ဗျ၊ ဒုန်းဆိုတဲ့အသံကြီးက ကြမ်းပေါ်မှာထွက်လာတာပဲ၊ ဦးသဘာကြီးက ကြမ်းပြင်ကိုလက်ညှိုးထိုးပြီး။
“မင်းလုပ်ထားတာတွေ မင်းပြန်သိမ်းပြီး အိမ်ပေါ်ကနေဆင်းသွားတော့၊ မင်းတောင်းတာကိုလည်း ငါတို့မကျွေးနိုင်ဘူး၊ မင်းကိုငါတို့မွေးထားတာမဟုတ်ဘူး”
နောက်တော့ လှေကားအတိုင်း ဒုန်းဒုန်းနဲ့ အသံတွေကြားရတယ်၊ ပြီးတော့ လှေကားမှာလည်း ခြေရာကြီးတွေပေါ်လာတယ်၊ ဖိနပ်မပါတဲ့ လူခြေရာကြီးတွေပါပဲ ဒါပေမယ့် ခြေရာကြီးတွေက အတက်ခြေရာကြီးတွေဖြစ်နေတယ်၊ ငဖြူကြီးက နောက်ပြန်ဆင်းသွားလို့သာ ခြေရာတွေက အတက်ဖြစ်နေတာပေါ့၊ လှေကားရင်းက ထုံးမှုန့်တွေပေါ်မှာလည်း ခြေရာကြီးစုံရပ်နေတဲ့အရာ ပေါ်နေတယ်ဗျ။
“ကဲ ကောင်းသွားပါပြီ၊ ခြေထောက်နာတာကတော့ ဆေးဆရာကြီးဆက်ကုပါစေ”
ဦးဘသာကြီးကပြန်ထွက်သွားတယ်၊ ကိုတင့်နဲ့ကလေးမိဘတွေကလည်း ဦးဘသာကြီးကို ဘာမှမကန်တော့လိုက်ရလို့ စိတ်မကောင်းဖြစ်သွားကြတယ်၊ ကလေးက မကြာခင်မှာပဲ စကားပြန်ပြောတယ်။ သူစကားပြောနေပေမယ့် အသံမထွက်ဘူးတဲ့ ဖြူဖြူအကောင်ကြိးက သူ့လည်ပင်းအပေါ်တက်ထိုင်နေလို့တဲ့ဗျာ၊၊ သေချာမေးကြည့်တော့မှ သူတို့ပြေးတမ်းလိုက်တမ်းဆော့ရင်း အဲဒီခြံရှေ့မှာ မှောက်လျှက်လဲကျတယ်ဆိုပဲ။
နောက်ရက်တော့ ကလေးမိဘတွေက ကျုပ်ကို ငွေသုံးထောင်ပေးခိုင်းတယ်၊ ဦးဘသာကြီးကို ကန်တော့ခိုင်းတာပေါ့ဗျာ၊ အဲဒီခေတ်က သုံးထောင်ဆိုတာ မနည်းဘူးဗျ၊ ကျုပ်တို့လူပျိုပေါက်အရွယ်ကကိုး၊ ဦးဘသာကြီးဆီကျုပ်သွားပေးတော့ ဦးဘသာကြီးက ယူလိုက်တယ်၊ နောက်တော့ ရွာဦးကျောင်းက ဦးဇင်းတွေဆွမ်းကြွတော့ သုံးထောင်လှူလိုက်တယ်ဗျာ။
အဲဒီလိုဖြစ်ပြီးတစ်ရက်တော့ ကျုပ်ကိုဦးဘသာကြီးကခေါ်တယ်။
“ညကျရင် မင်းနဲ့ငါ မကြည်ခြံထဲကိုသွားကြမယ်”
ကျုပ်လန့်သွားတာပေါ့ဗျာ၊ ဦးဘသာကြီးပါတယ်ဆိုပေမယ့်လည်း ကြောက်တော့ကြောက်တာပေါ့။
“ဘာသွားလုပ်မလို့လဲဗျ”
“ဒီကောင်သုံးကောင် သနားစရာပါကွာ၊ သူ့သခင်သေတော့ ခွေးလေခွေးလွင့်တွေလိုဖြစ်နေရှာတာ၊ ငါသူတို့ကို သွားဖြေပေးမလို့”
ကျုပ်လည်းဒါမျိုးတော့လက်လွတ်မခံဘူးလေ၊ တစ်ခါတည်းခေါင်းညိတ်လိုက်တယ်။ အဲဒီညက လပြည့််ညဗျ၊ မိုးလေကင်းလွတ်ပြီဆိုတော့ လကထိန်ထိန်သာနေတာဗျို့။ ကျုပ်လည်း ညနေကတည်းက ဦးဘသာအိမ်မှာရောက်နေခဲ့တာ၊ အိမ်ကိုတော့ ကာလသားတွေစုပြီး စကားပြောမလို့ဆိုပြီး လိမ်ထွက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကြီးအိမ်မှာ ရေနွေးသောက်လိုက် စကားပြောလိုက်နဲ့ ညကိုးနာရီရောက်တော့ ဦးဘသာကြီးနဲ့အတူတူထွက်ခဲ့ကြတယ်။
ရွာထဲမှာတော့ လူတွေအိပ်တဲ့သူကအိပ်နေပြီလေ၊ ရွာက တိတ်ဆိတ်နေတာပေါ့၊ လကလည်း သာနေတာဆိုတော့ ကျုပ်တို့ဓါတ်မီးတောင်မပါပါဘူးဗျာ၊ မကြည်တို့လမ်းဆို တိတ်ဆိတ်နေတာပဲ၊ ဦးဘသာကြီးက မကြည်တို့ခြံကို အသာကျော်ဝင်ခဲ့တယ်။ အဲဒီနောက်တော့ မကြည်တို့အိမ်ပျက်ကြီးရှေ့မှာရပ်လိုက်ပြီး
“ဟိုကောင်သုံးကောင်ထွက်ခဲ့ကြစမ်း”
မကြည်တို့အိမ်ပျက်ရဲ့ အိမ်တံခါးကြီးက လေမတိုက်ဘဲ ဝုန်းခနဲပွင့်သွားတာဗျ၊ နောက်မှသိရတာက ဦးဘသာကြီးက သရဲကြီးသုံးကောင်ကိုမြင်နေရတယ်တဲ့၊ ကျုပ်ကတော့ ဘာမှ မမြင်ရပါဘူး။
“မင်းတို့ပိုင်ရှင်လဲသေပြီ၊ ပိုင်ရှင်က မင်းတို့ကိုအချိန်ဘယ်ရွေ့ဘယ်လောက်ဆိုပြီး ကတိပေးမထားဘူးဆိုတော့ မင်းတို့မလွတ်မလပ်ဖြစ်နေတာပေါ့ကွာ”
ဦးဘသာကြီးက လက်တစ်ဖက်နဲ့ တစ်ခုခုကိုဆုပ်ကိုင်လိုက်ပြီး လက်တစ်ဖက်နဲ့ ကောက်ပင်တွေကို တံစဉ်နဲ့ဖြတ်သလိုမျိုး သုံးခါတိတိလုပ်တယ်၊ ပါးစပ်ကနေလည်း ကျုပ်နားမလည်တဲ့စကားတွေ ရွတ်ဖတ်နေတယ်။
“ကဲ မင်းတို့လွတ်လပ်သွားပြီ၊ မင်းတို့သွားချင်ရာကိုသွားကြတော့”
အဲဒီအချိန်မှာ မကြည်တို့အိမ်ပျက်ကြီးက သိမ့်ခနဲ သုံးချက်လှုပ်သွားတာဗျာ၊ မသိရင် ငလျင်လှုပ်သလိုပဲ၊ နောက်တော့ ဘာမှဆက်မဖြစ်တော့ဘူး”
“သူတို့သွားပြီကွ၊ မင်းကိုငါတစ်ခုအကြံပေးမယ်၊ မင်းအဖေကလည်း သူကြီးဆိုတော့ မင်းတို့ဒီမြေဝိုင်းကို ဝယ်လိုက်ပါလား”
ကျုပ်ကတော့ ဘာမှမဆုံးဖြတ်တတ်တော့ဘူးပေါ့ဗျာ၊ နောက်တော့ ကျုပ်တို့ပြန်လာခဲ့တယ်၊ ကျုပ်အမှတ်မထင်ဘဲ လယ်ကွင်းထဲကိုလှမ်းကြည့်တော့ ဘာမြင်တယ်ထင်လို့တုန်းဗျ၊ ငနီ၊ ငနက်၊ ငဖြူဆိုတဲ့ သရဲကြီးသုံးကောင် လယ်ကွင်းထဲမှာ မတ်တပ်ကြီးသွားနေတဲ့ပုံဗျာ၊ လရောင်နဲ့ဆိုတော့ ထင်းနေတာပဲ။ ကျုပ်လည်း ဦးဘသာကြီးကိုနှုတ်ဆက်ပြီး တစ်ချိုးတည်းအိမ်ကို အပြေးပြန်ခဲ့တာပေါ့ဗျာ။
ခြံဝိုင်းကို ကျုပ်တို့မဝယ်ဖြစ်ပါဘူး၊ တစ်ရွာလုံးက သရဲရှိတယ်ဆိုပြီး ဘယ်သူမှမဝယ်ရဲကြဘူးလေ၊ ခုထိမကြည်တို့ခြံကြီးက ဒီအတိုင်းရှိနေဆဲပဲ၊ သရဲမရှိတော့ဘူးဆိုတာ ကျုပ်သိပေမယ့် ကျုပ်မဝယ်ဝံ့ဘူးဗျာ၊ ရွာကလူတွေလည်း ဘယ်သူမှမဝယ်ရဲဘဲ ဒီအတိုင်းပဲထားလိုက်ကြတယ်၊ အဲ သိပ်မကြာသေးခင်ကတော့ ဘုန်းကြီးကျောင်းကိုတိုးချဲ့ဖို့ အဲဒီအကွက်ကို ဝယ်လိုက်တယ်လို့တော့ အသံကြားတယ်ဗျ။
ဒီနေ့တော့ တော်လောက်ရောပေါ့ဗျာ၊ နောက်ရက်ကျမှ ဦးဘသာကြီးအကြောင်းဆက်ကြအုံးစို့ဗျာ။
ပြီးပါပြီ။