“မိန်းမဆိုတာ ပညာအသင့်အတင့် တတ်ရင် တော်ပြီ၊ သိပ်တတ်နေလို့ မကောင်းဘူး။ တော်ကြာ သူတို့က ယောက်ျားနဲ့လာလာပြီး ခွာရာတိုင်းတတ်တဲ့ဟာတွေ”
ဘမောင်စိန်က ငါးသုံးလုံးစီးကရက်ကို မီးညှိရင်း တွေးလေသည်။ သူက အတော်လေးချမ်းသာသည်။ သူ့အစွမ်းအစနှင့်တော့ မဟုတ်ပေ။ အဘိုးအဘွားတွေ၊ မိဘတွေ၏ အစွမ်းအစကြောင့် ဖြစ်လေသည်။
ကိုယ်တိုင်ရှာရန်ဖွေရန်မလိုဘဲ အဆင်သင့်ချမ်းသာပြီ ဆိုတော့လည်း ကောင်းကောင်းသုံး၍ ကောင်းကောင်းစားတတ်လေသည်။ တစ်ဦးတည်းသော အမွေခံသားဖြစ်ရသည်မှာ နည်းနည်းနောနောကုသိုလ် မဟုတ်ပေ။ သူကိုယ်တိုင်က ရုပ်ရည်သိပ်မချောသော်လည်း ဘမောင်စိန်သည် ချောချောလှလှ မိန်းကလေးများကို ကြိုက်တတ်သည်။ ငွေကလည်း ချမ်းသာ၊ ဝါသနာလေးကလည်း ပါသည်ဆိုတော့ အထူးအထွေ ပြောစရာအကြောင်း မရှိချေ။
သူရခဲ့ဖူးသော မိန်းမများလည်း အတော်လေး များလေသည်။ မိန်းမရခြင်းမှာ အိမ်ထောင်ပြုခြင်းမဟုတ်၍ လူတော့သိပ်မသိပေ။ အများအမြင်တွင်မူ သူဌေးသား လူပျိုသိုးကလေး ဘမောင်စိန်သာလျှင် ဖြစ်လေသည်။
သို့သော် အသက်ကလေး သုံးဆယ်နား နီးလာပြီဆိုတော့ ဘမောင်စိန်သည် လူသိရှင်ကြားမိန်းမယူရန် စဉ်းစားလာမိလေသည်။ လူ့လောက လူ့ဘဝတွင် သူ၏မျိုးဆက်သစ်ကလေးများကို ထားခဲ့ရန် မိန်းမတစ်ယောက်တော့ အတည်တကျရှိရန် လိုအပ်လေသည်။
“မိန်းမဆိုတာ မိန်းမပီသမှ ကောင်းတာ မေမေရဲ့။ ကျွန်တော့ကို ဆရာဝန်မတွေ၊ အင်ဂျင်နီယာမတွေ၊ အထူးသဖြင့် ဆရာမတွေနဲ့ မပေးစားပါနဲ့ မေမေရယ်”
“ဘာလို့တုံး သားရဲ့”
“သြော်…သူတို့တစ်တွေက မီးဖိုချောင်အလုပ်ကို သူတို့အလုပ်လို့ ထင်တာမဟုတ်ဘူး မေမေရဲ့ ။ နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်တယ် ဆိုပြီး ဆေးရုံသွားလိုက်၊ ရုံးသွားလိုက် လုပ်နေကြမှာ။ ကျွန်တော်က ကျွန်တော်နဲ့ ရပြီးရင် ကျွန်တော့တာဝန်ကိုသာ ထမ်းဆောင်စေချင်တာ”
“အေး၊ ဟုတ်တာပေါ့ကွယ်”
သူ့အမေကလည်း သူ့အယူအဆကိုထောက်ခံခဲ့သည်။
“ဆရာမဆိုတော့ ပိုဆိုးသဗျ။ သူတို့က ဆရာလုပ်ရတာ အကျင့်ပါနေပြီ။ ကျွန်တော့ကို ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့၊ ဘာနဲ့ ညာနဲ့ ဆရာလုပ်ရင် ကျွန်တော်ကမကြိုက်ဘူး”
“အင်း..ဒါလဲ ဟုတ်တာပဲ”
“ကျွန်တော်က တပည့်ပဲ လိုချင်တာ၊ ဆရာ မလိုချင်ဘူး”
ဘမောင်စိန်က ပြတ်ပြတ်သားသား ပြောသည်။ လူဟူသည်မှာ အတော်လည်သော သတ္တဝါ ဖြစ်လေသည်။ သူ့ကိုယ်သူလည်း အတော်ချစ်တတ်သည်။ သူ့ကိုယ်သူအတွက်လည်း အကောင်းဆုံးကိုသာ စဉ်းစား ရွေးချယ်တတ်လေသည်။ သူကလည်း လူပီပီ သူ့အတွက် အကောင်းဆုံးကို စဉ်းစားလေသည်။
“နောက်ပြီး မချက်တတ် မပြုတ်တတ်နဲ့ လက်သည်းနီ ထိုင်ဆိုးနေတာတွေလဲ ကျွန်တော်မကြိုက်ဘူးဗျ”
အရေးအကြီးဆုံးအချက်ကတော့ မီးဖိုချောင်နိုင်နင်းရန် ဖြစ်သည်။ “လူ့ဘဝတွင် စားဖို့ရန် အသက်ရှင်နေနိုင်ခြင်းမဟုတ်၊ နေဖို့ရန်အတွက်သာ စားရခြင်းဖြစ်သည်”ဟု ပညာရှိတို့က ဆိုသည်။ ဘမောင်စိန် လက်ခံပါသည်။ သို့ရာတွင် ထိုသို့ အသက်ရှင်နေနိုင်ရန်အတွက် စားရသော အစားအစာသည် အရသာရှိရန်တော့ အရေးကြီးလေသည်။ ဆိုရိုးစကားတစ်ခုပင် ရှိသည်။ “အစာအိမ်သည် ယောက်ျားတို့၏အသည်းနှလုံးဆီသို့ သွားရာဖြတ်လမ်း ဖြစ်သည်” တဲ့။
“ငါ့သားအတွက် မိန်းမကိုတော့ မေမေ တော်တော်လေး ဂရုစိုက်ပြီး ရွေးရမယ်ဟေ့”
သူ့မိခင်က ကျေနပ်စွာ ပြောသည်။ ဥစ္စာပေါ ရုပ်ချောကာ (သိပ်မချောသော်လည်း ကိုယ့်သားဆိုတော့လည်း ချောသည်ဟု ထင်လေသည်) သဘောကောင်းသော သူ့သားက သူ့စိတ်ကြိုက်မိန်းမကို ရွေးလာကာ “မေမေရေ၊ နက်ဖြန်ကျရင် သွားတောင်းပေးပါ” ဟု မပြောဘဲ “မေမေ့စိတ်ကြိုက် ရွေးပေးပါ” ဟု ပြောတော့ မွေးမိခင်ခမျာ နှလုံးအိမ်ကို ဆီစိမ်ထားဘိသကဲ့သို့ ညွတ်နူးကျေနပ်မိလေသည်။ သားအတွက် အသင့်တော်ဆုံးမိန်းမကို ရှာပေးရန်မှာ သူ့မှာတာဝန်ဖြစ်သည်မို့ သမီးပျို၊ သမီးချော ရှိသော မိဘများထံတွင် မသိမသာ စနည်းနာရသည်။
“သမီးက စာသိပ်ကြိုးစားတာ။ ဆေးတက္ကသိုလ်ဝင်ခွင့်ရတယ်လေ။ နောင်နှစ်ဆိုရင် ပြီးတော့မှာ” ဆိုလျှင် အသာကလေး ဘေးဖယ်ကာ ပယ်လိုက်သည်။ သားက ဆရာဝန်မကို မယူချင်ဘူးဟု အတိအလင်း ပြောထားသည်။
“တုပ်ကွေးတွေကွယ်၊ ကွေးလိုက်ကြတာ တစ်အိမ်လုံးကူးကုန်ရော။ ထမင်းချက်မအေးမြင့်ပါ ကွေးနေလို့ မနက်တုန်းက သမီးလေးက မီးဖိုချောင်ဝင်တယ်။ နောက်ပြီး ဖိုပေါ်တင်ချက်တဲ့ ထမင်းအိုးက ပွက်ပွက် ဆူနေတာကို ဘေးကထိုင်ပြီး ယောက်မနဲ့ မွှေနေတယ်လေ။ ဘယ်အချိန် ချပြီး ထမင်းရည်ငှဲ့ရမလဲ မသိလို့တဲ့။ အဟင်း ဟင်း ထမင်းစေ့တွေ အကုန်လုံး ပျော့ပြဲပြီး ထမနဲဖြစ်ကုန်လို့ ဒီမနက်တော့ တစ်အိမ်လုံး ဆန်ပြုတ်သောက်ခဲ့ကြရတယ်” ဟု ရယ်စရာ မောစရာ ပြောလာလျှင်လည်း စာရင်းမှဖျက်လိုက်ရသည်။ ထမင်းအိုးတစ်လုံးမှ အပေါက်တည့်အောင် မချက်တတ်သူကို ချွေးမတော်၍ မဖြစ်။
“အင်း..ရှေးခေတ်တုန်းကတော့ ချွေးမရွေးရင် ကင်ပွန်းချဉ်ရွက် ခြွေခိုင်းသတဲ့၊ ငရုတ်သီးထောင်းခိုင်းသတဲ့။ လုပ်တဲ့ကိုင်တဲ့ နေရာမှာ သပ်ရပ်မှုရှိမရှိ၊ အဖိတ်အစင်၊ အလေအလွင့် ရှိမရှိကို စမ်းတာထင်ပါရဲ့။ ငါကတော့ ဒီခေတ်မှာမှ လာပြီး ချွေးမ ရွေးရတော့ ငရုတ်သီးထောင်းခိုင်းလို့လဲ မဖြစ်၊ ကင်ပွန်းရွက်ခြွေခိုင်းလို့လဲ မဖြစ်”
ဒေါ်စိန်မမက တစ်ဦးတည်း ညည်းညူမိလေသည်။
“မေမေရေ စိတ်ကြိုက် မတွေ့သေးဘူးလားဗျ”
ဘမောင်စိန်ကလည်း လောသည်။
“ဖြည်းဖြည်းပေါ့ သားရယ်၊ လက်ဖက်ကောင်းစားချင်ရင် ပလောင် တောင်တက်နှေးရသတဲ့။ ဘာလဲ၊ ငါ့သားက လိုချင်လှပြီလား”
“စီးပွားရေးလေးတစ်ခု လုပ်ချင်လို့ပါ မေမေရဲ့”
“ဘာများပါလိမ့်ကွယ်”
ဘမောင်စိန်က ဘိုးဘွားမိဘတွေ၏အစွမ်းအစဖြင့် ငွေပုံပေါ်တွင် ထိုင်နေရသူမို့ သူ့အစွမ်းသူ့အစကို ပြလိုနေသည်။ သူ့အဖေတွေ၊ အမေတွေလုပ်နေသလို စိန်ပွဲစား ကျောက်ပွဲစားအလုပ်လည်း မလုပ်လို။
“ဒီလိုလေ မေမေရဲ့၊ ကျွန်တော့သူငယ်ချင်းတစ်ယောက်က စာအုပ်ထုတ်ဝေရေး လုပ်တာ အတော်အောင်မြင်နေတယ်”
“ ဒီတော့ သားကလဲ စာအုပ်ထုတ်ချင်တယ်ပေါ့ ”
“အဲဒါများ ကောင်းမလားလို့ စမ်းလုပ်ကြည့်ချင်တယ်”
“အင်း၊ ကောင်းတယ်၊ ကောင်းတယ်”
ဒေါ်စိန်မမခေါင်းညိတ်သည်။ သူ့လို အရောင်းအဝယ် မလုပ်လည်း သင့်တော်ရာ စီးပွားရေးလေးတစ်ခုခု လုပ်စေချင်နေသည်မှာ ကြာလှပြီ။ သားဖြစ်သူက စီးပွားရေးကို စိတ်ဝင်စားလာ၍ အတော်လေး ဝမ်းသာသွားသည်။
“ဒါနဲ့ ဘာစာအုပ်တွေ ထုတ်မှာလဲ သားရဲ့”
“ဟားဟား၊ ကျွန်တော့မိန်းမရေးမယ့် ဝတ္ထုစာအုပ်တွေကိုလေ၊ မေတ္တာဘွဲ့ လှလှပပလေးတွေ၊ အချစ်သန့်သန့်လေးတွေ”
“ဟင် ”
ဒေါ်စိန်မမက မျက်စိလည်သွားသည်။ အမေ့ကိုတော့ စိတ်ကြိုက်ချွေးမ ရှာပါ၊ ရွေးပါဟု ပြောထားပြီး သူကတော့ ဘယ်ကနေ ဘယ်လို ဘယ်စာရေးဆရာမနှင့် သွားပြီး ချိတ်နေသည်မသိ။
“ဟင် သားက ဘယ်သူ့ကို ယူမှာလဲ”
“သိဘူးလေဗျာ”
“သူက စာရေးဆရာမ ဆို”
“ဟုတ်တယ်လေ”
“ဘယ်လိုလဲ သားရဲ့”
ဒေါ်စိန်မမက စိုးရိမ်မကင်းနှင့် မျက်လုံးပြူးလာတော့ ဘမောင်စိန်က သဘောကျစွာနှင့် တဟားဟား ရယ်မိသည်။ သူ့အမေသည် စိန်အကြောင်း၊ ရွှေအကြောင်း၊ ကျောက်အကြောင်းကလွဲလို့ ဘာမျှမသိရှာ။
“မစိုးရိမ်ပါနဲ့ မေမေရဲ့၊ မေမေရှာပေးတဲ့ ချွေးမကို ကျွန်တော် ယူမှာပါဆိုမှ”
“ဟဲ့၊ သူက စာမရေးတတ်ရင်ကော”
“သြော်…မေမေရယ်၊ စာရေးဆရာမ ဖြစ်ဖို့က စာရေးတတ်ဖို့ မလိုပါဘူး မေမေရဲ့”
“ဒါဖြင့် ဘာလိုတာလဲ၊ တကတဲ”
“ဒါလိုတာ မေမေ၊ ဒါ လိုတာ”
ဘမောင်စိန်က သူ၏လက်ညှိုးနှင့် လက်မကို ဝိုင်းပြသည်။
သူ့အမေသည် ငွေကို လောဘတကြီးရှာကာ အစုလိုက်အပုံလိုက်ဖြစ်အောင် စုဆောင်းတတ်သော်လည်း ထိုငွေများကို မည်သို့ အသုံးချရမည်နည်း အသေအချာမသိဟု ကရုဏာသက်မိသည်။ ပထမအဆင့်အနေနှင့် ငွေတွေကို အပုံလိုက်ဖြစ်အောင်လုပ်၊ ထို့နောက် ကိုယ်ဖြစ်ချင်တာကို ငွေနှင့်ပြန်၍ဖန်တီးယူနိုင်သည်။
“သူများရေးတဲ့ ဝတ္ထုတွေကို ဝယ်မှာပေါ့ မေမေရယ်။ နောက်ပြီး ကျွန်တော့မိန်းမနာမည်နဲ့ ထုတ်မှာပေါ့။ ကြော်ငြာကောင်းကောင်း သုံးမယ်လေ”
“ဟဲ့ အဲဒီလိုလုပ်လို့ ရသလား”
ဒေါ်စိန်မမက အချိန်ကုန်ခံပြီး စာဖတ်တတ်သူ မဟုတ်။ သူ့ ရှေ့တွင် ယောင်မှားပြီး ရောက်လာသော စာအုပ်များကိုလည်း တစ်ချက်တလေလောက် လှန်ကြည့်ရန်ပင် စိတ်ဝင်စားသူမဟုတ်ပေ။ သူ့စိတ်အစဉ်သည် ရွှေဈေးအတက်အကျထဲတွင်ပင် ပေါလောပေါလောနှင့် မျောနေသည်မို့ စာအုပ်လောက၊ စာပေလောကတွင် ဘာတွေဖြစ်နေသလဲကိုလည်း သူမသိ။
“ရတယ်၊ မေမေရဲ့”
ဘမောင်စိန်က ကျေနပ်စွာ ပြောသည်။
“လက်ထဲမှာ ငွေသာရှိ၊ စာရေးဆရာဖြစ်ချင်ရင်လဲ ရတယ်၊ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်ရင်လဲ ရတယ်”
ဒေါ်စိန်မမ တအံ့တဩ ဖြစ်နေမိလေသည်။ ငွေဟူသည်မှာ တန်ဖိုးရှိမှန်းတော့ သူအသိသားပင်။ သို့သော် စာရေးဆရာ ဟူသော အမည်ကို ငွေနှင့်ဝယ်ယူ၍ရသည်အထိ အစွမ်းထက်မှန်းတော့ သူမသိ။ ကြားလည်း မကြားဖူးခဲ့ပေ။
“တယ်ဟုတ်ပါလားဟယ်”
သည်လိုဆိုလျှင် မည်သူမှန်း မသိသေးသည့် ချွေးမချောက စာရေးဆရာမကြီးဖြစ်ကာ သူ၏သားကလည်း ရုပ်ရှင်ဒါရိုက်တာကြီး ဖြစ်ချင်လျှင် ဖြစ်လာနိုင်သည်ပေါ့ဟု တွေးရင်း ပြုံးမိသည်။ ဘမောင်စိန်က အမည်ခံ စာရေးဆရာတွေ၊ သူတို့နောက်မှ အရိပ်လိုလှုပ်ရှားရသော တကယ်ရေးသူတွေအကြောင်းကို ပြောပြသည်။
“အဲဒါပဲ မေမေရဲ့၊ သူက ထမင်းချက် ကလေးထိန်းရင်း အလုပ်မပျက် အကိုင်မပျက် စာရေးဆရာမ ဖြစ်လာမှာ။ မကောင်းဘူးလား ဟင် ”
“ကောင်းပါလေ့ရှင်၊ ကောင်းပါလေ့”
ဒေါ်စိန်မမက ခေါင်းကို ဆတ်ဆတ်ညိတ်ကာ ထောက်ခံသည်။ လောကကြီးမှာ ငွေသာ လုံလောက်ပြည့်စုံပါစေ၊ တတ်နိုင်လျှင် မို့မောက်ပိုလျှံပါစေ၊ ပျော်စရာအတော်ကောင်းလေသည်ဟု ထင်တာ မှားမည်ဟု မယုံကြည်တော့။
* * *
ပြောရလျှင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသကဲ့သို့ပင် ဖြစ်တော့မည်။ ဒေါ်မြမြခင်သည် သူ၏သမီးအကြီးဆုံး သက်နှင်းကို နည်းနည်းမျှ အားမရပေ။ အသက်က နှစ်ဆယ်ကျော်ပြီ ဖြစ်သော်လည်း ခုထိ ဆယ်တန်းမအောင်နိုင်သေး။ သုံးနှစ်ဆက်တိုက်ကျပြီး ဖြစ်လေသည်။ နောင်နှစ်သာ ဆက်ကျလျှင် သူ့ထက် ခြောက်နှစ်ကျော်ကျော် ငယ်သော သက်ဝေ နှင့် အတန်းတူတော့မည်ဖြစ်သည်။
“ဒီနှစ် အောင်စာရင်းထွက်ချိန်ကျရင်လဲ ငါတို့အိမ်က ဘုန်းခနဲ ကျသံကြီးကိုပဲ ကြားရလိမ့်မယ်ထင်ပါရဲ့ ကွာ”
သမီးတို့ဖေဖေက စိတ်အားငယ်စွာ ပြောသည်။
“ကျလဲ ဘယ်တတ်နိုင်မှာလဲ ကိုကိုရယ်၊ တက္ကသိုလ်ရောက်ပြီး ဘွဲ့ ရတော့ရော အောက်တန်းစာရေးတစ်နေရာအတွက် တန်းစီပြီး လျှောက်နေကြရတာပဲမဟုတ်လား”
ဒေါ်မြမြခင်ကတော့ စိတ်သက်သာရာရအောင် တွေးသည်။ တွေးမယ့်သာတွေးသော်လည်း သိပ်ပြီးစိတ်သက်သာသည်တော့မဟုတ်။ သူက သူ့သမီးသုံးယောက်တွင် သက်နှင်းကို အချစ်ဆုံးဖြစ်သည်။ သက်နှင်းကိုမွေးပြီး ခြောက်နှစ်ကျော်ကျော်ကြာသောအခါမှ သက်ဝေကို မွေးသည်။
ထို့နောက် တစ်နှစ်အကြာတွင် သက်ထားကို မွေးသည်။ ထို့ကြောင့် သက်ဝေနှင့် သက်ထား အမြွှာညီအစ်မလိုဖြစ်နေပါသည်။ သက်ဝေနှင့် သက်ထားသည် တစ်ဦးနှင့်တစ်ဦး သူငယ်ချင်းလို ပေါင်းကြသည်။ တွဲဖက်ညီကြသည်။ အစ်မကြီးဖြစ်သူ သက်နှင်းနှင့်ကျတော့ အတန်ငယ် အနေစိမ်းကြလေသည်။ သက်နှင်းကလည်း သက်ဝေတို့ကို လူရာမသွင်းလို။ အမေ့အနား ပိုကပ်မိလေသည်။ ထို့ကြောင့် ဒေါ်မြမြခင်ကလည်း သူ့သမီးကြီး သက်နှင်းကို အငယ်နှစ်ဦးထက် အတန်ငယ် အချစ်ပိုမိလေသည်။ အချစ်ပိုလျှင်တော့ စေတနာပိုတတ်သည်မှာ ဓမ္မတာမို့ သက်နှင်းကို အမြဲဦးစားပေးတတ်လေသည်။
ထိုကြောင့်လည်း သက်နှင်းက တဖြည်းဖြည်းနှင့် ဗိုလ်ကျတတ်လာလေသည်လားတော့မသိ။ သူစိတ်မထင်လျှင် မထင်သလို ဆိုးခနဲ ဆတ်ခနဲ ထိုးတတ် ခေါက်တတ်သည့်အတွက် သက်ဝေရော၊ သက်ထားပါ သူ့ကို ကြောက်ကြရလေသည်။ သူတို့အိမ်မှာ လာပြီးမှီခိုနေသော ကံထူး ဆိုလျှင်တော့ ပြောမနေနှင့်တော့။
“အစ်မသက်နှင်း ခေါက်တိုင်း ခံနိုင်အောင် သံမဏိခေါင်းစွပ်ကလေး တစ်ခုလောက် ပေးသနားတော်မူပါ ဘုရား’ဟု ဘုရားတွင် ဆုတောင်းမိအောင်ပင် သူက လက်စွမ်းပြတတ်လေသည်။ သမီးအကြီးဆုံးမို့ အချစ်ဆုံးဖြစ်ကာ ပစားပေးမယ့်သာ ပေးနေသော်လည်း ဒေါ်မြမြခင်ကိုယ်တိုင်က နည်းနည်းမျှ စိတ်တိုင်းကျသည်တော့မဟုတ်။
“အင်း စာတော်သလား ဆိုတော့လဲ မတော်၊ အချက်အပြုတ် ကောင်းသလားဆိုတော့လဲ မကောင်း၊ အချုပ်အလုပ် တတ်သလား ဆိုတော့လဲ မတတ်”
သက်နှင်းကို ဘွဲ့လေးတစ်လုံးလောက်တော့ မဖြစ်ဖြစ်သည့်နည်းနှင့် ရစေချင်သည်။ ကိုယ့်မှာ ဘွဲ့ ကလေးတစ်ခုလောက် ရှိနေပြီး ဆိုလျှင်တော့ ဘာမျှပူစရာမလို။ ပတ်သက်ရာပတ်သက်ကြောင်းများနှင့် ပတ်သက်ပြီး ပတ်သက်ရာဌာနများမှာ နေရာကောင်းကောင်းလေး ရနိုင်သည်။ ခုတော့ ဆယ်တန်းလောက်မျှ မအောင်သေးဘူးဆိုတော့ မည်မျှပင် ပတ်သက်ပတ်သက် နေရာကောင်းလေးမရနိုင်။ နေရာမကောင်းတော့လည်း သက်နှင်းက မလုပ်ချင်ပြန်။ ကောင်းတာကမရ၊ မကောင်းတော့လည်း မလိုချင်နှင့် လုံးလည်ချာလည်လိုက်ကာ မည်သည့်ဌာနတွင်မျှလည်း မဝင်ဖြစ်ဘဲ တစ်နေ့တစ်နေ့ ကက်ဆက် နားထောင်လိုက်၊ တီဗီ ကြည့်လိုက်နှင့် အချိန်ကုန်နေလေတော့သည်။
“ငါ့သမီးကောင်းစားအောင်ကတော့ ယောက်ျားကောင်းကောင်း ပေးစားရုံပဲ ရှိတော့တယ် ထင်ပါရဲ့ ”
ဒေါ်မြမြခင်က ထိုသို့ပင် စဉ်းစားမိသည်။ ယောက်ျားကောင်းကောင်းလေး ရအောင် ပေးစားချင်သည်ဆိုတော့လည်း မျက်စိကို ဒေါက်ထောက်ပြီး ရှာရလေသည်။ ကိုယ့်သမီးကို ဆရာဝန်မကြီး၊ အင်ဂျင်နီယာမကြီးဟု မပြောနိုင်ပြီဆိုတော့လည်း ဆရာဝန်ကတော်ကြီး၊ အင်ဂျင်နီယာကတော်ကြီးဟု ပြောနိုင်ရန် ကြိုးစားမိသည်။ သို့သော် ဆင်းဆင်းရဲရဲ ဆရာဝန်နှင့် ခပ်ချာချာအင်ဂျင်နီယာများကိုကား စိတ်ကူးထဲတွင်ပင်မထည့်။ သား၏မျက်နှာထက် မိဘ၏မျက်နှာကို အရင်ကြည့်မိသည်ကား အမှန်ပင်။ သူတို့သားကို မည်ရွေ့မည်မျှ အမွေပေးနိုင်သည်ကို တွက်ချက်ရသည်နှင့် ဦးနှောက်လည်း ကွန်ပျူတာဖြစ်တော့မည်။ အစခပ်သိမ်း ပြည့်စုံသူများ၏ သားဖြစ်ပါမူ ဆယ်တန်းမအောင်လျှင်လည်း ထည့်သွင်းစဉ်းစားရသည်။ ဆယ်တန်းမအောင်တာ အရေးမဟုတ်၊ သင်္ဘောလိုက်ပြီး ချမ်းသာနိုင်သည် မဟုတ်လား။
သို့သော် ကိုယ့်ရောင်းကုန်က ရုပ်ကလေးလှသည်မှတစ်ပါး အမွှမ်းတင်စရာ သိပ်မရှိသည်က ခက်လှသည်။
“ခက်တော့ခက်တာပေါ့၊ ဒါပေမဲ့ မခက်ဘူး”
အိမ်စာပေးလိုက်သော သင်္ချာပုစ္ဆာများကို ကြိုးစားပမ်းစား တွက်ပြီး အဖြေမှန်ထွက်တိုင်း သက်ထား အော်၍ ဆိုလေ့ရှိသော သီချင်းကို သတိရသည် ။ ဟုတ်ပါသည်၊ ခက်တော့ခက်သည်၊ သို့သော်လည်း မခက်လှပါ။ တက္ကသိုလ် မရောက်သေးသည်ကိုတော့ တက္ကသိုလ်ကျောင်းသူပါဟု ပြော၍မဖြစ်။ သို့သော် သူ့သမီး လိမ္မာကြောင်း၊ မိန်းကလေးပီသကြောင်း၊ အရှင်းအလင်း အချက်အပြုတ် အချုပ်အလုပ် အင်မတန် တော်ကြောင်းကိုတော့ ပြောဆိုနိုင်သည်။ ပြောလည်း ပြောသည်။
“သမီးချက်ပေးလိုက်တဲ့ ဝက်သားနီချက်ကလေးလေ၊ မမစိန် မြည်းကြည့်စမ်းပါဦး၊ အစပ်တည့်ရဲ့ လားလို့”
“ဪ သည်ခြုံထည်လေးလား၊ သမီးကြီး သက်နှင်း ထိုးပေးရှာတာလေ။ သမီးက တစ်နေ့တစ်နေ့ ချက်လိုက်ပြုတ်လိုက်၊ ချုပ်လိုက် လုပ်လိုက်နဲ့ မအားရရှာဘူး။ ကျွန်မလဲ ဒီသမီးလေးတစ်ယောက် ရှိနေတာ တကယ့်ကို တအားပဲ”
“ပေါ်လစ်ဝယ်မလို့ မမစိန်ရယ်။ အိမ်က ကြမ်းကို သမီးတို့ညီအစ်မတစ်တွေ တိုက်ကြမလို့တဲ့လေ။ ဒီလိုပဲ မမရယ်၊ ကျွန်မအိမ်မှာ ဒီသမီး သုံးယောက်နဲ့ကို မြိုင်နေတာ။ နေရာတကာ သူတို့ခြေ၊ သူတို့လက် သိပ်ကို အားကိုးရတာ”
အသိမိတ်ဆွေများနှင့် ဆုံမိကြုံမိတိုင်း သူက ထိုသို့ပြောတတ်သည်။ သူ့သမီးကို ဝက်သားဟင်း တကယ်ချက်သလား၊ သိုးမွေးခြုံထည် တကယ်ထိုးသလား၊ မည်သူကမျှ လိုက်ပြီးချောင်းကြည့်နေသည် မဟုတ်။
“မမခင်သမီးက တယ်ပြီး ဟင်းချက်ကောင်းတာပဲ၊ သားကိုပါ ခေါ်ခဲ့ပြီး ထမင်းလိုက်စားဦးမယ်လေ”
ရာထူးရာခံ၊ ငွေကြေးဥစ္စာ အသင့်အတင့်လောက်ရှိသူများက ထိုသို့ပြောလာလျှင်မူ ဒေါ်မြမြခင်က ခပ်ဝင့်ဝင့်လေးပြုံးကာ “ရတယ်၊ ရတယ်” ဟု ပြောတတ်သည်။ အရာရှိကြီးကြီးကတော်က ပြောလာလျှင်မူ “ရပါတယ် မမရဲ့။ ကဲ ဘယ်နေ့လာမလဲ ပြော။ သမီးကို စပါယ်ရှယ် လက်စွမ်းပြခိုင်းလိုက်မယ်” ဟုပြောလေသည်။ တစ်ခါတည်း ထမင်းစားဖိတ်ခဲ့လေသည်။
ခက်တော့ခက်ပါသည်။ ဒါပေမဲ့ မခက်ပါ။ အိမ်ပြန်ရောက်တော့ ကံထူးကို အော်ခေါ်ပြီး ဘောက်ဆူးပေးလိုက်မည်။ “ကြမ်းတွေမှိန်နေပြီ သားရယ်၊ တိုက်ပါဦး” ဟု ပြောလိုက်ရုံပင်။ ကံမထူးသော မောင်ကံထူး တစ်နေ့ခင်းလုံး တကုန်းကုန်း ကုန်း၍ တိုက်ပေရော့။
အစားအသောက်အတွက်ကရော၊ ဒါလည်း မခက်ပါ။
“မပုစိန်၊ နက်ဖြန်ညနေကျရင် ထမင်းစားဧည့်သည် လာမယ်နော်” ဟု ပြောပြီး သူ့လက်ထဲသို့ ငွေထည့်ပေးလိုက်ရုံပင်။ အချဉ်၊ အချို၊ အငန်၊ အစပ် အစစအဆင်ပြေအောင် မပုစိန်က ကြည့်ရှုပြီး စီမံသွားမည် ဖြစ်လေသည်။
သို့သော် ထမင်းပွဲကျလျှင်တော့ “ကျွန်မသမီး သက်နှင်း ချက်တာပါ” ဟု ပြောရမှာပေါ့။ ဆိုစကားပင်ရှိသေးသည် မဟုတ်လား။ မုသားမပါ လင်္ကာမချောတဲ့။
* * *
“ပိုက်ဆံခဲကြီးတွေ၊ ပိုက်ဆံခဲကြီးတွေ”
အိမ်တွင် ပုစွန်တုပ်ဟင်း ချက်ခဲလှသည်။ တစ်ခါတစ်ရံ ဧည့်သည် စောင်သည်ရှိ၍ ချက်သောအခါမျိုးတွင်လည်း အန်တီကြီးက “ပိုက်ဆံခဲကြီးတွေ၊ ပိုက်ဆံခဲကြီးတွေ” ဟု ပြောတတ်လေသည်။ ခုတော့ မပုစိန်ကပါ အန်တီကြီး၏ လေသံကိုလိုက်ပြီး ပြောတတ်နေပြီ ဖြစ်လေသည်။ ယခုလည်း ကြားရပြန်ပြီ။ ညနေကျလျှင် မည်သူ့ကို ထမင်းစားဖိတ်ထားလေသည်မသိ။
“ညနေ ဧည့်သည် ထမင်းစားဖိတ်ထားတယ်တဲ့”
ကံထူးမမေးရသေးမီပင် မပုစိန်က လှမ်းပြောသည်။ ခြင်းတောင်းထဲမှ ပုစွန်တုပ် အကောင်စိမ်းစိမ်းကြီးများကို ကောက်ယူကာ ကြွေရည်သုတ်ဇလုံထဲ ထည့်သည်။
“ဘယ်နှစ်ယောက်လာမှာလဲဟင် အဒေါ်မပုစိန်”
“အဲဒါတော့ ငါဘယ်သိမလဲ”
ထမင်းစားဧည့်သည်ဆိုလျှင် အစ်မသက်နှင်းနှင့် ပတ်သက်လိမ့်မည်ကို တွေး၍ရသည်။ အစ်မသက်နှင်း အရွယ်ရောက်ကတည်းက အန်တီကြီးသည် အလားအလာရှိသော လူငယ်များကို ကြုံလျှင်ကြုံသလို ထမင်းစားဖိတ်တတ်လေသည်။ ထမင်းပွဲတွင် သူ့သမီး အချက်အပြုတ်ကောင်းကြောင်း၊ အိမ်ထောင်မှုနိုင်နင်းကြောင်းများကို ပြောပြ၍ အမွမ်းတင်လေသည်။ အစ်မသက်နှင်းကလည်း သိမ်သိမ်မွေ့မွေ့ပြုံးကာ မျက်လွှာချနေတတ်သည်။
ထိုအခါမျိုးတွင် ကံထူးသည် မပြုံးဘဲ ဝါးလုံးကွဲရယ်ပစ်လိုက်ချင်သည်။ သို့သော် ရယ်ဖို့နေနေသာသာ ပြုံးပင်မမပြုံးရဲပေ။ အစ်မသက်နှင်းက စိတ်ဆတ်သည်။ သူ့စိတ်နှင့်မတွေ့လျှင် ဆိုးခနဲဆတ်ခနဲ လှမ်း၍ ခေါက်တတ်သည်။ သူ့လက်ခေါက်၏ အရသာကို ကောင်းကောင်း သိနေသော ကံထူးသည် ဒီအိမ်တွင် အစ်မသက်နှင်းကို အကြောက်ဆုံးဖြစ်လေသည်။
အကြောက်ဆုံးဟုဆိုထားသောကြောင့် အခြားကြောက်ရသူများလည်း ရှိသေးကြောင်း သိနိုင်ပါသည်။ အိမ်ဦးနတ်ဖြစ်သော ဘဘကြီးကို ကံထူး မော်၍ပင်မကြည့်ရဲ။ သို့သော် ဘဘကြီးကလည်း ကံထူး၏ဘူမိနက်သန်ဖြစ်သော မီးဖိုချောင်သို့ ဝင်လာခဲသောကြောင့် ဆုံစရာအကြောင်း သိပ်မရှိပေ။ အန်တီကြီးကတော့ အတန်ငယ် သဘောကောင်းသည်။ မျက်နှာချိုသာသည်။ “ကံထူးရေ လာဦး။ ဒီမှာ ကြမ်းတွေပေနေတာ အဝတ်ယူပြီး တိုက်လိုက်ပါဦးကွယ်၊ ကံထူးရေ တံမြက်စည်းလေး ယူခဲ့ပါဦးဟေ့” စသည်ဖြင့် ဇယ်ဆက်သလို ခိုင်းတတ်သော်လည်း စားစရာရှိလျှင်လည်း ကံထူးကို မမေ့။ “ဟဲ့ ကံထူးကို ပေးလိုက်ကြပါဦး”ဟု ပြောတတ်သည်။ တစ်ခါတစ်ရံလည်း ကံထူး၏ကျောလေးကို သပ်ကာ “စာကြိုးစား ကံထူးရဲ့။ ရှစ်တန်းလောက်အောင်ရင် နင့်ကို ရုံးအကူလေး သွင်းပေးလို့ရတယ်”ဟု ပြောတတ်လေသည်။
အသက်ဆယ့်တစ်နှစ်ရှိပြီး လေးတန်းတွင် တစ်ခါကျဖူးပြီဖြစ်သော ကံထူးကမူ ရှစ်တန်းအောင်ဖို့ နေနေသာသာ သူ့ကိုယ်သူ လေးတန်းကိုပင် အောင်တော့မည် မထင်ရှာပေ။ နဂိုကမှ စာက ခပ်ညံ့ညံ့၊ မလိုက်နိုင်ရသည့်အထဲ အိမ်မှာလည်း စာကျက်စရာအချိန်မရှိ။ တော်ကြာနေ ဟိုလူက ကံထူးရေ၊ သည်လူက ကံထူးရေ နှင့် သူ့မှာ ဖင်ချရသည်ဟူ၍ပင် မရှိချေ။ အတန်းပိုင်ဆရာမက သူ့အိမ်တွင် စနေ၊ တနင်္ဂနွေနေ့များ၌ ကျူရှင်ပေးလေသည်။ စာညံ့သောကျောင်းသားများကို တော်လာအောင်၊ တော်ပြီးသားကျောင်းသားများကို ပိုတော်အောင် သင်ပေးတတ်သည်။ သိတတ်သူများက မုန့်ကလေး ပဲကလေးများနှင့် ကန်တော့ကြသော်လည်း ဆရာမက ကျူရှင်ခသက်သက် မယူပေ။ ကံထူးကိုလည်း သူ့ အိမ်လာရန် ခေါ်သည်။ သို့သော် သူ မသွားဖြစ်။ သူ့မှာ ကန်တော့စရာလည်း ပစ္စည်းမရှိ။ စာသင်ရန်လည်း အချိန်မရှိ။ သူတစ်ပါးအိမ်တွင် ထမင်းတစ်လုတ်အတွက် မှီခိုနေရသော သူတစ်ယောက်အတွက် ကိုယ့်အချိန်ကို ကိုယ်ပိုင်ဆိုင်ခွင့်မရှိသည့်အကြောင်းကို ဆရာမလည်း နားလည်လိမ့်မည် ထင်သည်။
“ဟဲ့ ငရုတ်သီးထောင်းမယ့်ဟာ ထောင်းတာမဟုတ်ဘူး၊ ငေးနေလိုက်တာ”
မပုစိန်က လှမ်းအော်သည်။ ကံထူးက သူ့လက်ထဲတွင် ခပ်လျော့လျော့ကိုင်ထားမိသော ငရုတ်ကျည်ပွေ့ကို တင်းတင်းလေး ပြန်ဆုပ်ကာ သူ သိချင်ရာကို မေးသည်။
“အဒေါ်မပုစိန်၊ ကျွန်တော့်အမေနဲ့ အန်တီကြီးနဲ့က ဘာတော်လဲဟင်”
“ညီအစ်မ နှစ်ဝမ်းကွဲ တော်တာပေါ့။ နင့်အမေရဲ့ အဘွားနဲ့ မမခင်ရဲ့ အဘွားက ညီအစ်မအရင်း”
“ဒီလိုဆို ကျွန်တော်နဲ့ကျတော့ရော၊ ကျွန်တော်နဲ့ အစ်မ သက်ဝေတို့ သက်နှင်းတို့နဲ့ ဘာတော်လဲ”
“မောင်နှမ သုံးဝမ်းကွဲပေါ့။ ငါနဲ့မမခင်လဲ သုံးဝမ်းကွဲပဲ။ ဒါပေမဲ့ ငါက မမခင်ရဲ့ အဖေဘက်က တော်တာ။ နင်က အမေဘက်က တော်တာ၊ အမျိုးက အတော်ဝေးသွားပါပြီဟယ်။ သုံး၀မ်းတောင် ကွဲသွားပြီ ဆိုတော့ တော်ချင်ရင်လဲ အမျိုးအရင်းကြီးပေါ့၊ မတော်ချင်ရင်လဲ တစိမ်းပေါ့ဟာ၊ ကဲ ကဲ ငရုတ်သီးထောင်းမှာထောင်း၊ တော်ကြာ သက်ဝေ ကျူရှင်အမီ ဟင်းမကျက်ဘဲ ဖြစ်နေဦးမယ်”
သက်ပြင်းတစ်ချက်ချကာ ငရုတ်ဆုံထဲမှ ငရုတ်သီးတောင့်များကို အညှိုးတကြီးနှင့် ဖိထောင်းလိုက်သည်။ ဆိုးလိုက်သည့်ကံကြမ္မာ။ သူများတကာတွေများ အဖေသေလျှင် အမေရှိသေးသည်။ အမေသေလျှင်လည်း အဖေရှိသေးသည်။ သူ့ကျမှ အဖေရော၊ အမေရော ရှေ့ဆင့် နောက်ဆင့် သေရသည်။ သူများအိမ်ရောက်ရသည်။ ထမင်းကျွေးသည်၊ အဝတ်ဆင်သည်၊ ကျောင်းထားပေးသည်ဟူသော ကျေးဇူးကတော့ နည်းနည်းနောနော မဟုတ်။ သူက ကျေးဇူးတရားကို နှိုက်နှိုက်နဲနဲ မတွေးမိသော်လည်း စားကောင်းအောင်တော့ ဖင်ပေါ့ပေါ့နှင့် အလုပ်မရွေး လုပ်ရလေသည်။ ထို့ကြောင့် သူနှင့်ရွယ်တူသည့် သူငယ်ချင်းများ စာကျက်သောအချိန်၊ အိပ်သောအချိန်၊ ဘောလုံးကန်သော အချိန်များတွင် သူက ငရုတ်သီးထောင်းနေရသည်။ တစ်ခါတစ်ရံတော့လည်း သူ့ကို ဘာကြောင့်များ အဖေတို့ အမေတို့က “ကံထူး” ဟု မှည့်ခေါ်လေသည် မသိ။ စင်စစ်အားဖြင့် “ကံချာ” ဟု မှည့်ဖို့ကောင်းသည်ဟု စိတ်ညစ်ညစ်နှင့် တွေးမိသည်။
“ဒီမှာကြည့် ကံထူး၊ ပုစွန်တုပ်နွှာတယ်ဆိုတာ ဒီလိုနွှာရတယ်။ နင့်များ တစ်ခါတလေ နွှာခိုင်းလိုက်ရင် ချေးအိမ်ကျန်လိုကျန်။ အဆီ ပေါက်ထွက်လိုထွက်၊ အမြီးပြတ်လိုပြတ်၊ ခေါင်းပြတ်လိုပြတ်နဲ့”
မပုစိန်က ပုစွန်အခွံကို ကျင်လည်စွာ ခွာပြသည်။ ခေါင်းခွံကို လှန်၍ချွတ်လိုက်ပြီး ဦးခေါင်းထိပ်တွင်စုနေသော မစင်အိမ်၊ သွားနှစ်ဖက်နှင့်တကွ ဖြူဖြူကြည်ကြည် သေးအိမ်ကိုပါ တစ်ခုပြီးတစ်ခု ဆွဲထုတ်ပြသည်။
“ဟီး အဲဒီ ပုစွန်တုပ်ကြီးများ တီးလိုက်ရရင် ”
မပုစိန်က ပြောချင်ရာပြော ကံထူးကလည်း တွေးချင်ရာ တွေးလေသည်။ ပုစွန်တုပ်ကို သူ့တစ်သက်တာတွင် တစ်ခါမျှ အသေအချာ မစားဖူးသေးပေ။ ငယ်ငယ်တုန်းက အဖေတို့အမေတို့နှင့် အတူနေစဉ်ကမူ ပုစွန်တုပ်ဟင်းချက်သည်ကိုပင် မမြင်ဖူးခဲ့ပေ၊ ပုစွန်သေးသေးလေးများကို ပဲသီးနှင့်ကြော်၊ မျှစ်နှင့်ကြော်ပြီး ရောနှော ကျွေးတတ်သည်။ သည်အိမ်ရောက်လာမှ ဆီပြန်ပြီး ဝင်းအိနေသော ပုစွန်ထုပ်ဟင်းကို မြင်ဖူးသည်။ သို့သော် မြင်ရုံသာ မြင်ရသည်။ ကြင်တော့မကြင်ရရှာပေ။ ပုစွန်တုပ်ဟင်းချက်သောနေ့များတွင် ကံထူးသည် ဟင်းကို မျှော်၍ကြည့်၊ အနံ့ကို တဝကြီးရှူကာ ထမင်းကြမ်းကို ငါးပိရည်များများဆမ်းပြီး ဘဲဥပြုတ်တစ်ခြမ်းနှင့် စားရတတ်လေသည်။
“နောက်ပြီးတော့ ကျောကုန်းကို အခုလို ဓားပါးပါးလေးနဲ့ ခွဲပြီး ဟောဒီချေးကြောင်းမည်းမည်းလေးကို အသာလေး ဆွဲထုတ်ရတယ် သိလား၊ ဟိုတစ်ခါတုန်းက နင့်ကို ခိုင်းမိပါတယ်၊ ပုစွန်ကို အားရှိပါးရှိ လှီးထားလိုက်တာ ထက်ခြမ်းပြတ်ခါနီးရော”
မပုစိန်က ကံထူးအား လက်ထပ်သင်သည်။ ကံထူးလုပ်ကိုင်နိုင်သလောက် သူက သက်သာမည်မို့ ကြိုးစားပမ်းစား သင်ပြနေခြင်းဖြစ်သည်။ သို့သော် ကံထူးက မပုစိန်၏သင်ကြားပို့ချမှုကို စိတ်မဝင်စား။ စိတ်ထဲမှနေပြီး “ထက်ခြမ်းပြတ်တော့ ဘာဖြစ်လဲ၊ ပုစွန်က ပုစွန်ပဲ။ ငါးတော့ ဖြစ်မသွားပါဘူး”ဟု ဂျစ်ကန်ကန် ပြောမိသည်။ အသံထွက်၍တော့ မပြောရဲ။ မပုစိန်သည်လည်း သူကြောက်ရမည့်သူတစ်ဦးပင် ဖြစ်သည်။
သို့သော် ခုတလောတော့ မပုစိန်က ဘာစိတ်ကူးပေါက်သည် မသိ။ သူ့ကို အတော်လေး မျက်နှာသာပေးနေသည်။ မနေ့တုန်းကလည်း သူထမင်းစားတော့ ငါးဆုပ်လုံးတစ်လုံး ပိုထည့်ပေးသည်။ အိုးဖင်ကို ဂျစ်ဂျစ်မြည်အောင်ခြစ်ကာ အနှစ်တစ်ဇွန်းလည်း ထည့်ပေးလေသည်။ မပုစိန်က မီးဖိုချောင်ကို အစိုးရသူမို့ သူ ကြည်သာလျှင် ကြည်သာသလို ဟင်းကလေးတစ်လုံးတစ်ဖတ် ပိုပိုမိုမို စားရတတ်သဖြင့် ကံထူးက မပုစိန်ကို တည့်အောင်ပေါင်းသည်။ ကျောင်းပညာသာ မူလတန်း မအောင်သေးသော်လည်း ဘဝပေးအခြေအနေအရ ထိုပညာများကိုကား ကံထူးသည် အထက်တန်းလောက်ရောက်အောင် တတ်နေပြီ ဖြစ်လေသည်။
“ထမင်းစား ဧည့်သည်ဆိုတော့ မိန်းမဧည့်သည်တော့ ဟုတ်မယ် မထင်ပါဘူးဟယ်၊ ယောက်ျားဧည့်သည်ပဲ နေမှာပါ”
နောက်ဆုံးပုစွန်ကို အပြီးသတ် အခွံသင်ပြီးတော့ မပုစိန် နေရာမှ ထသည်။ ခြင်းတောင်းထဲမှကြက်သားကို လှမ်းယူပြီး စဉ်းတီတုံးပေါ် တင်လေသည်။
“ဟိုအရင်တုန်းက ခဏခဏ ထမင်းစားဖိတ်ဖူးတဲ့ အသားဖြူဖြူ လူကြီးတော့ မလာတော့ဘူးနော်”
“အေးဟဲ့၊ မမခင်ကပြောတယ်၊ ဟန်သာရှိတာ အဆံရှိတာ မဟုတ်ဘူး။ အလကား သင်္ကြန်အမြောက်တဲ့”
“အဲဒါနဲ့ သင်္ကြန်အမြောက်ကြီးလည်း ပျောက်သွားရော ထင်ပါရဲ့၊ အဟီး”
ကံထူးရယ်တော့ မပုစိန်ကလည်း လိုက်ရယ်လေသည်။ သက်နှင်းအတွက် ရည်ရွယ်၍ အန်တီကြီး ဖိတ်သော ဧည့်သည်များ စားဖို့ သူတို့ မကြာမကြာ ချက်ကြပြုတ်ကြရသည်။ သက်ထားနှင့် သက်ဝေက အတန်ငယ် ငယ်သောကြောင့် သူတို့အတွက် ဧည့်သည်များကို ထမင်းစားမဖိတ်သေးပေ။ သူတို့နှစ်ဦးပါ အပျိုကြီးဖားဖား ဖြစ်လာလျှင် မပုစိန်နှင့် ကံထူးခမျာ မီးဖိုထဲက ထွက်ရတော့မည်မထင်။
“သက်နှင်းက သိပ်လိမ္မာတာတဲ့ ကံထူးရဲ့ ။ သူ့ကိုကြိုက်တဲ့သူ တွေ့ရင် သူက သူ့စိတ်နဲ့သူ ဘယ်တော့မှ လက်မခံဘူး ပြောတယ်တဲ့။ အမေက အကဲခတ်ပြီး သဘောမတူဘူးဆိုရင် လက်မခံဘူး။ အမေ သဘောတူ မီးစိမ်းပြမှ ယူမယ်တဲ့”
“အံမာလေးဗျာ၊ ဒီလိုဆို မမလေးသက်ဝေနဲ့ သက်ထားတို့ မလိမ္မာကြပါစေနဲ့ဗျာ”
“ဟဲ့၊ ဘာဖြစ်လို့လဲ”
“သူတို့လိမ္မာတိုင်း ကျွန်တော်တို့မှာ ချက်ရပြုတ်ရ၊ ဆေးရ ကြောရနဲ့၊ တယ်ပြီး ပင်ပန်းလှသဗျာ။ ဟုတ်ဘူးလား…ဟင် အဒေါ် မပုစိန်”
“ဟဲ့ ကြားသွားဦးမယ်”
မပုစိန်က အထိတ်တလန့်နှင့် မီးဖိုချောင်အဝသို့ လှည့်ကြည့်သည်။ မည်သူမျှ ဝင်မလာသောအခါမှပင် လွတ်လွတ်လပ်လပ် ရယ်လေသည်။
“သက်နှင်းကြားသွားရင် နင်အခေါက်ခံနေရဦးမယ်နော်”
သက်နှင်းက လူပုံပျော့ပျော့နွဲ့နွဲ့ နှင့် သွယ်လျလှပသော်လည်း သူ့လက်ခေါက်များက သံနှင့်လုပ်ထားသလား အောက်မေ့ရသည်။ ထိုလက်ခေါက်၏အရသာကို သုံးလေးရက်တစ်ခါ တစ်ခါတစ်ရံ နေ့စဉ်ရက်ဆက် မြည်းစမ်းရလေတော့ ကံထူး အတော်စိတ်ညစ်သည်။ ရှင်းရှင်းပြောရလျှင် သက်နှင်းကိုလည်း မုန်းလှသည်။ သို့သော် စိတ်ထဲက မုန်းသော်လည်း သက်နှင်းကိုမပြောနှင့် သက်နှင်း၏အရိပ်ကိုပင် ယောင်ယမ်းပြီး သွားလေးအဖြီးသားနှင့် ပြုံး၍ပြုံး၍ မျက်နှာချိုသွေးမိသည်။ သူ၏ဘဝက သူ့ကို ထိုသို့ပင် ပညာပေးသင်ပြခဲ့လေသည်။
“အဲဒီ ငရုတ်တစ်ဆုံပြီးရင် ပန်းကန်တွေ ဆေးဦး၊ သိလား ကံထူး”
မပုစိန်က ကြက်မတမ်းများကို ကျင်ကျင်လည်လည် ခုတ်ထစ်သည်။ ခုတ်သည်ရော၊ ရေဆေးသည်ရော၊ ဆားနနွင်းနယ်သည်ရော ခဏကလေးနှင့် ပြီးသွားသည်။ ကံထူးက ငရုတ်တစ်ဆုံ မညက်သေး။
“ပန်းကန်ဆေးပြီးရင် ကြက်သွန်ဖြူနွှာထားဦးနော်၊ ငါးပိကြော်ရအောင်လို့”
“ဟုတ်ကဲ့”
“ငါ မဆလာ သွားဝယ်လိုက်ဦးမယ်”
“ကျွန်တော် ဝယ်ပေးမယ်လေ အဒေါ်မပုစိန် “
“နေပါစေ၊ ရပါတယ် ”
ကံထူးက မျက်နှာလုပ်သော်လည်း မပုစိန်က လက်မခံပေ။ လှေကားအောက်တွင်ရှိသော သူ့အခန်းကျဉ်းကျဉ်းလေးထဲဝင်ကာ ဆံပင်ကို ဘီးနှင့်သပ်ကာ တို့ဖတ်လေး တစ်ချက်နှစ်ချက်ရိုက်ပြီး ပြန်ထွက်လာသည်။ အိမ်ရှေ့တံခါးမှ မထွက်ဘဲ နောက်ဖေးတံခါးမှနေပြီး အိမ်ကိုပတ်ကာ ခြံပြင်သို့ ထွက်လေသည်။ ခြံဝရောက်ခါနီးမှ ခပ်သုတ်သုတ် ပြန်လှည့်လာကာ “ကြက်သားထဲ ဆားဝင်အောင် ခဏစောင့်နေ သိလား၊ ငါပြန်လာမှ ချက်မယ်။ မကြာဘူး သိလား။ မမခင် မေးရင် ပြောပြလိုက်” ဟု ပြောလေသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
ခေါင်းကို တဆတ်ဆတ်ညိတ်ပြရင်း ငရုတ်သီးကို ဖိထောင်းသည်။
“ငရုတ်သီးညက်ရင် ကျွန်တော် ပန်းကန်တွေ ဆေးထားလိုက်ပါ့မယ်” ဟု ပြောသည်။
မပုစိန်က သူ့ကို မသိမသာ အကဲခတ်နေပြီးမှ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။ သူထွက်သွားသည်နှင့် ကံထူးလည်း ငရုတ်ကျည်ပွေ့ကို ပစ်ချလိုက်သည်။ မပုစိန် ခြံပြင်ရောက်လောက်ပြီဆိုတော့ နေရာမှ ထသည်။ အိမ်ရှေ့ဘက်သို့ အသာကဲကြည့်ပြီး ကြောင်အိမ်တံခါးကို ဖွင့်လေသည်။ နို့ဆီဘူးထဲမှ နို့ဆီများကို လက်ညှိုးနှင့်ကော်၍ လျက်သည်။ ထို့နောက် လက်တိုဂျင်နို့မှုန့်ဘူးကို ဇွန်းနှင့်ကလော်ဖွင့်ကာ အုန်းထန်းလျက်ဖြူဖြူလေးတစ်ခဲကို ကောက်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ထိုထန်းလျက်များသည် ဘဘကြီးအတွက် သီးသန့်ထားသဖြင့် ကံထူး စားခွင့်မရှိ။ ကံထူးသာလျှင်မဟုတ်၊ တစ်ခါတစ်ရံ သက်ဝေတို့၊ သက်ထားတို့ နှိုက်စားလျှင်ပင် အန်တီကြီးက “ဟဲ့ နင့်အဖေဖို့ ထားပါဦး” ဟု ဟန့်တတ်လေသည်။ သို့သော် သက်ထားက လစ်လျှင် လစ်သလို နှိုက်စားတတ်သည်။ ထို့ကြောင့် ကံထူးကလည်း သက်ထားနှင့်အတူ ရောယောင်၍ နှိုက်စားတတ်လေသည်။ ထန်းလျက်ခဲများ သိသိသာသာ လျော့လျှင် အန်တီကြီးက “ဒီ မိသက်ထားဟာလေ မော်လမြိုင်အုန်းထန်းလျက်ကို အသေကြိုက်တော့တာပဲ” ဟုပြောတတ်တော့ ကံထူးတစ်ဦးတည်း ကြိတ်၍ ပြုံးရသည်။
“သက်ထားရေ တယ်လီဖုန်းလာတယ် “
သက်ဝေ၏ အော်ခေါ်သံကို ကြားရသည်။ ထန်းလျက်စားရသည်မှာ အာသာမပြေသေး။ ထို့ကြောင့် ထမင်းစားခန်းသို့ မယောင်မလည် ထွက်ကြည့်သည်။ မီးဖိုချောင်သို့ မည်သူမျှ ဝင်လာပုံမရသောအခါမှ ခပ်သုတ်သုတ်ပြန်လာကာ ထန်းလျက်နှစ်ခဲ ထပ်နှိုက်သည်။ တစ်ခဲကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ကျန်တစ်ခဲကို လက်ထဲတွင် ဆုပ်ထားသည်။ ထို့နောက် အပေါက်ဝကို ကျောပေးထိုင်ကာ ထန်းလျက်ခဲကို ဝါးလေသည်။ ချိုပြီးဆိမ့်နေသော အရသာက လျှာကြောထဲသို့ စိမ့်ဝင်သွားသည်။ အရသာရှိလိုက်သည့် ဖြစ်ခြင်း၊ သည်လိုဆိုတော့လည်း လောကကြီးမှာ နေပျော်သားပင်။
* * *
အသားကလေး မည်းကာ သွားကလေး မသိမသာခေါသော်လည်း မပုစိန်သည် ခါးကျဉ်ကျဉ်၊ ရင်မောက်မောက်နှင့် ကိုယ်ပေါက်ကိုယ်ပေါက် လှပလေသည်။ မပုစိန်သာ ချမ်းသာမည်ဆိုလျှင် စိန်နားကပ်၊ စိန်လက်
ကောက်များကို လျှပ်လျှပ်လက်အောင် ဝတ်နိုင်မည်ဆိုလျှင် အသားကလေး မည်းသည်သာမက သွားကလေးခေါသည်ပါ ပျောက်သွားမည် ဖြစ်သည်။
” ကြည့်ပါဦး၊ မယ်မြန်မာလိုပဲ၊ လှလိုက်တာ” ဟု ချီးကျူးသူများလည်း နည်းမည်မဟုတ်။
ခုတော့ မပုစိန်က ချမ်းသာသူမဟုတ်။ စိန်နားကပ်ကို အနားပင် မသီနိုင်။ သွားလေသူကြီး ဆင်ပေးခဲ့သည့် ဥဿဖယားနားကပ်တစ်ရံကိုသာ အနိုင်နိုင်ပန်ထားရသူဖြစ်သည်။ အိရှန်တွေ၊ အိတုန်တွေ၊ တစ်ကွက်ရှန်တွေ၊ သင်္ဘောရှန်တွေလည်း မဝတ်နိုင်။ သည်တော့လည်း မပုစိန်ကို ချီးကျူးမည့်သူ မရှိပေ။ သုံးနှစ်တိုင်တိုင် ပေါင်းသင်းခဲ့သော သွားလေသူ ကိုကာစင်ကပင်လျှင် မပုစိန်ကို မချီးကျူးဖူးပေ။ တစ်ခါတုန်းကတော့ ရုပ်ရှင်အတူသွားကြည့်ရန် စိတ်လိုလက်ရ ပြင်ဆင်နေသော မပုစိန်ကို ပြုံးပြုံးကြီးကြည့်ရင်း “ခါးကလေးသေးသေး၊ ဗိုက်ကလေး ချပ်ချပ်နဲ့ ငါ့မိန်းမ တယ်လှတာပဲ’ဟု ပြောသည်။ သူက ဝမ်းသာမည် ကြံခါရှိသေးသည် “ဒါပေမဲ့ ငါက ဗိုက်ချပ်တာထက် ဗိုက်ပူတာကို ပိုကြိုက်တယ်မိန်းမရဲ့၊ ဗိုက်ကြီးတကားကားနဲ့ ဗိုက်ဖုံးအင်္ကျီဝတ်ထားတာ မြင်ချင်လှပြီ” ဟုပြောလေသည်။
မပုစိန်ကလည်း ပူချင်သားပင်။ ဗိုက်နာမည်ကိုကြောက်သော်လည်း ကလေးတစ်ယောက်တော့ ဖြစ်မြောက်အောင် မွေးပြချင်သည်။ သို့သော် သုံးနှစ်ကျော်ကျော် ပေါင်းပြီး ကိုကာစင်တစ်ယောက် အပြင်းဖျား၍ ကောက်ကာငင်ကာ ဆုံးသာသွားသည်။ မပုစိန်ခမျာ ဗိုက်မပူခဲ့ရရှာပေ။ ဘယ်ဆရာဝန်နှင့်မှလည်း ပြသ တိုင်ပင်ခဲ့ဖူးခြင်း မရှိခဲ့လေတော့ သူ့အပြစ်လား၊ ကိုယ့်အပြစ်လားလည်း မသိခဲ့ရပေ။
“တကယ့်တကယ်တော့ ကလေးမရခဲ့တာ ခပ်ကောင်းကောင်းပါပဲဟယ်။ ကလေးသာရှိရင် ငါ့မှာ ကလေးတစ်ယောက်နဲ့မို့ ဒုက္ခကောင်းကောင်းရောက်မှာ။ အစ်မအိမ်မှာ ကပ်နေပြီး ကိုယ့်ပါးစပ်ပေါက်တောင် ကိုယ်အနိုင်နိုင် စားနေရတာ၊ ကလေးတစ်ယောက်တွဲလောင်းနဲ့ နောက်ထပ် ပါးစပ်တစ်ပေါက် တိုးလာရင် ဒုက္ခ”
ခုတော့လည်း ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု မပုစိန် ခံယူတတ်လာပြီဖြစ်သည်။ တစ်ချိန်တုန်းက ကလေးမရခဲ့ခြင်းကို ဝမ်းနည်းခဲ့မိသော်လည်း ခုတော့ ထိုသို့မရခြင်းသည်ပင် ခပ်ကောင်းကောင်းဟု ငေးရင်းမောရင်း တွေးတောတတ်လာပြီဖြစ်လေသည်။
သို့သော် တစ်ခုကိုတော့ မကျေနပ်။ သူ ခုထိ စာမဖတ်တတ်သေးပေ။ သူက ဟင်္သာတတောဘက်ပိုင်းတွင် ကြီးပြင်းလာရသူ ဖြစ်သည်။ အဖေ၊ အမေတို့က ယာသမား ကိုင်းသမားများဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း စာမတတ်၊ ပညာတန်ဖိုးကိုလည်း နားမလည်။ ထိုကြောင့် မပုစိန်ကိုလည်း ကျောင်းထားပေးရန် စိတ်ဝင်တစား မရှိခဲ့ပေ။ မပုစိန်ကလည်း ကျောင်းတက်ရမှာ၊ စာအံရမှာ ခပ်ပျင်းပျင်းမို့ “အမေရယ်၊ ကျောင်းသွားချင်တယ်” ဟု တစ်ခါမျှ မပူဆာခဲ့ဖူးပေ။ ထို့ကြောင့် ကကြီးကို ပုတ်လောက်ကြီး ရေးပြလျှင်ပင် ဘာမှန်းမသိသောဘဝသို့ ရောက်ခဲ့သည်။
ကိုကာစင်က မြေတိုင်းစာရေးဖြစ်သည်။ သူတို့ရွာကို မြေတိုင်း လာရင်း၊ ကွင်းစစ်လာရင်း သူနှင့် တွေ့ခဲ့ခြင်းဖြစ်သည်။ မျက်လုံးပြူးပြီး နှာရောင်ကောက်သောကြောင့် သူ့မျက်နှာကြည့်ရသည်မှာ စွန်နှင့် တူသလိုလို၊ သိမ်းငှက်နှင့်တူသလိုလို ဘယ်လိုကြီးမှန်း မသိဘူးဟု တွေးတောမိသော်လည်း ကိုကာစင်၏မေတ္တာကို သူလက်ခံခဲ့သည်။ လယ်သမား ယာသမားကတော်ဖြစ်ရခြင်းထက် မြေတိုင်းစာရေးကတော် ဖြစ်ရခြင်းက ပို၍ကောင်းမည်ဖြစ်ကြောင်းကို သူနားလည်ခဲ့သောကြောင့် ဖြစ်လေသည်။
“ကိုကာစင်ကတော့ ပြောသား၊ ငါ့ကိုစာသင်ပေးမယ်တဲ့။ ဒါပေမဲ့ သေသာသွားရော၊ မသင်ဖြစ်ခဲ့ပါဘူးဟယ်”
ကိုကာစင်က သူ့ကို စာသင်ပေးရန် ဆန္ဒရှိခဲ့သော်လည်း သူက မသင်လိုခဲ့ပေ။ လင်ယူသားမွေး အရွယ်ရောက်နေပြီးမှ “ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င “ဟူ၍ အသံထွက်ပြီး စာအံရမည်ကို ရှက်နေသောကြောင့် ဖြစ်သည်။
“စာမတတ်လဲ ကိစ္စမရှိပါဘူး၊ ငါသိချင်ရင် ကိုကာစင်ကို ဖတ်ပြခိုင်းလို့ရတာပဲ” ဟု ခပ်ပေါ့ပေါ့ပင် တွေးခဲ့သည်။ ကိုကာစင်သည် သူ့ဘေးတွင် သေတပန်သက်တဆုံး အမြဲရှိလိမ့်မည်ဟု ထင်မှတ်ခဲ့မိလေသည်။ မရဏတရားကို သိလျက်နှင့် သူမေ့ခဲ့သည်။ မရဏတရားကို သူက မေ့သော်လည်း မရဏကတော့ သူ့ကို မမေ့ခဲ့ပေ။ သူ့ဘေးမှ ကိုကာစင်ကို ဆတ်ခနဲဆွဲကာ ခေါ်သွားသည်။ သူလည်း ရင်ဘတ်ကို စည်တီးသလို တီး၍ ငိုရလေသည်။
“ညီမရယ်၊ ငိုမနေပါနဲ့။ မိဘမရှိ၊ လင်သားမရှိတော့ပေမယ့် ဆွေမျိုး ရှိပါတယ်ကွယ်။ အစ်မနဲ့ လိုက်နေ ဟုတ်လား။ ဒီလိုပဲ ဝိုင်းလုပ် ဝိုင်းစားကြတာပေါ့ ”
ပူပူနွေးနွေးမုဆိုးမလေးကို အစ်မဝမ်းကွဲတော်သူ မမခင်က လေအေးအေးနှင့် ပြောလေသည်။ မပုစိန်ကိုလည်း စောင့်ရှောက်ပြီးသား ဖြစ်၊ သူ့မီးဖိုချောင်လည်း တစ်ခါတည်း လုံသွားရန် စီမံခြင်း ဖြစ်ဟန်တူသည်။ မပုစိန်က ဒါကိုတွေးမိသော်လည်း ထိုင်ချင်ထိုင်၊ ထချင်ထ၊ သွားချင်သွား၊ စားချင်စား၊ ကိုယ့်အိုးကိုယ့်အိမ်နှင့် လွတ်လွတ်လပ်လပ် နေလာပြီးမှ သူများမျက်နှာကြည့်ကာ အလိုက်တသိ နေရသော အဖြစ်မျိုးသို့ မရောက်ချင်၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရန် ကြိုးစားကြည့်သေးသည်။ နေလက်စ အိမ်ကလေးတွင် ဆက်နေကာ လက်ထဲတွင် ကျန်ခဲ့သော ငွေကလေး ထောင့်ငါးရာကို အရင်းတည်ပြီး ကုန်စုံဆိုင်ဖွင့်သည်။ သို့သော် သူက ချက်တတ်ပြုတ်တတ်သူသာဖြစ်သည်။ ရောင်းတတ် ဝယ်တတ်သူမဟုတ်။ စာမတတ်တော့ စာရင်းအင်းလည်း မမှတ်နိုင်။ ဟိုလူက အကြွေးယူသွားလိုက်၊ ဆုံးလိုက်၊ သည်လူက အကြွေးယူသွားလိုက် ဆုံးလိုက်နှင့် တစ်နှစ်အတွင်းတွင် လုံးပါးပါးပြီး အရင်းပြုတ်လေတော့သည်။
သည်တော့လည်း သူ့မှာ အခြားရွေးချယ်စရာလမ်း မရှိတော့ပေ။ မမခင်တို့အိမ်သို့ ရောက်ခဲ့ရသည်။ မီးဖိုချောင်တွင် ထမင်းချက်ရင်း၊ သားငါး ကိုင်ရင်း၊ ငရုတ်သီးထောင်းရင်း အချိန်ကုန်ခဲ့ရသည်မှာ ဆယ်နှစ်ခန့် ရှိပြီဖြစ်သည်။ သူရောက်စက နို့ဘူးကြီးကို နို့သီးခေါင်းမှ နေပြီး တန်းလန်းကြီး ကိုက်ကာ ပြေးနေတတ်သော သက်ထားပင် ဆယ့်သုံးနှစ်ရှိပြီဖြစ်လေသည်။ သူ့အသက်လည်း သုံးဆယ်ကျော်၍ သုံးဆယ့်ငါးနှစ်ထဲပင် ရောက်နေပြီဖြစ်သည်။ မမခင်၏ ခင်ပွန်းက အစိုးရဝန်ထမ်းမို့ သူကလည်း မမခင်တို့နှင့်အတူ အနယ်နယ် အရပ်ရပ် ပြောင်းလိုက်လာရင်း အခုလို ရန်ကုန်ရောက်တော့ သူ့ကို ယောက်ျားရဖူးမှန်း၊ မုဆိုးမမှန်းပင် သိပ်မသိကြတော့ပေ။ အိမ်နီးနားချင်းတွေက သူ့ကို မမခင်၏ညီမဝမ်းကွဲ အပျိုကြီးဟု ထင်ကြလေသည်။ ဈေးထဲက ကုန်စိမ်းသည် ဒေါ်လှရွှေကမူ ထင်ရုံသာမက “အပျိုကြီး မဝယ်တော့ဘူးလား”၊ “အပျိုကြီးရေ ပဲတောင့်ရှည်တွေ လတ်တယ်နော်” စသည်ဖြင့် သူ့ကို အပျိုကြီး အပျိုကြီးနှင့် တကျော်ကျော် ခေါ်တတ်လေသည်။ သူကလည်း ရှင်းပြရန် ခပ်ခက်ခက်မို့ ပြုံး၍သာနေလိုက်သည်။ ခုတော့ တစ်ဈေးလုံးနီးနီးကပင် သူ့ကို “အပျိုကြီး” ဟု ခေါ်ကြလေသည်။
“အို၊ ငါက ငါ့ကိုယ်ငါ အပျိုကြီးပါလို့ လျှောက်ပြောနေတာမှ မဟုတ်တာ။ သူတို့ဟာသူတို့ ထင်ချင်ရာထင်တာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ဟိုလူကြီးကတော့ မရိုးဘူး”
ဈေးထဲတွင် အာလူး၊ ကြက်သွန်ရောင်းသော ဦးကျော်လှ၏အကြည့်ကတော့ နည်းနည်းမျှ မရိုး။ မပုစိန်သတိထားမိသည်မှာ ကြာပြီ။ သူမို့လို့ ငရုတ်သီးဝယ်လျှင်၊ အာလူးဝယ်လျှင် တပြုံးပြုံးနှင့် မျက်နှာထား ချိုလှသည်။ ချိန်ခွင်ကို ဇောက်ထိုးချိန်ပေးတတ်သည်။
“ဟွန်း ဦးကျော်လှကြီးနော်၊ ကျွန်မတို့များကျရင်တော့ ချိန်ခွင်လျှာတောင် အစွန်းမဟဘူး၊ အပျိုကြီးများကျတော့ ဇောက်ထိုးကြီးကို ချိန်ပေးတာပဲ” ဟု လမ်းထဲမှ အိမ်ရှင်မများက ရန်ထောင်သောအခါများတွင် ရှက်ပြုံးကြီး ပြုံးနေတတ်သည်မှအပ ဘာမျှပြန်မပြော။
“ဟွန်း လူကြီးကိုက ဆံပင်တောင်ဖြူနေပြီဟာကို ခုထိ နောက်ပိုးချင်တုံး”
မပုစိန်ကတော့ မကျေမနပ်ချင်ယောင်ဆောင်ပြီး မသိမသာ မျက်စောင်းဝဲမိလေသည်။ စိတ်ထဲမှာတော့ အသက်က လေးဆယ့်ငါးနှစ် တဲ့။ ငါ့ထက် ဆယ်နှစ်ကြီးတယ်။ အရင် အိမ်ထောင်နဲ့ သားတစ်ယောက် ကျန်ခဲ့ပေမယ့် သားက အိမ်ထောင်ပြုသွားပြီဆိုတော့ လက်လွတ်ပြီပေါ့။ လူကြီးကြည့်ရတာ ရှာတတ် ဖွေတတ် စုတတ် ဆောင်းတတ်ပုံပဲ၊ သူ ဆွဲထားတဲ့ ဆွဲကြိုးကြီးက တစ်ကျပ်သားကျော်မယ် ထင်တယ်။ သူ့ဆိုင်ကလဲ အရင်းအနှီးက သိပ်တော့ မသေးလှဘူး၊ လက်ထဲမှာရော စုမိဆောင်းမိ ရှိသေးလား မပြောတတ်ဘူးဟု စဉ်းစားရင်း တွက်ချက်နေမိသည်။ စာမတတ်၍ စာရင်းအင်း မနိုင်သော်လည်း သည်လို တွက်တတ်ချက်တတ်သော ပညာကတော့ မွေးရာပါပညာမို့ မပုစိန်လည်း တတ်သည်ပင်။
တစ်နေ့တုန်းကတော့ အာလူးဝယ်စဉ် အာလူးအိတ်နှင့်အတူ စာအိတ်ပြာပြာလေးတစ်လုံးကိုပါ မပုစိန်၏ ခြင်းတောင်းထဲသို့ ထည့်ပေးလိုက်သည်။ သူ့ကိုလည်း အသနားခံသောမျက်လုံးနှင့် ကြည့်ရင်း “ဖတ်ကြည့်ပါနော် “ဟုပြောသည်။ သူကလည်း ရင်တဒိတ်ဒိတ်ခုန် မျက်လုံးတွေ ပြာပြီး ခြေလှမ်းအမှားမှားနှင့် သုတ်ခြေတင်ခဲ့သည်။ အိမ်ထောင် တစ်ခါကျဖူးသော်လည်း သူ့မှာ စာအပေးခံရဖူးသည်မဟုတ်။
အိမ်ရောက်တော့ စာအိတ်လေးကို ကံထူး မမြင်ခင် ခြင်းတောင်းထဲမှ ယူကာ အခန်းထဲ သွက်သွက်ဝင်ခဲ့သည်။ အပြာရောင် စာအိတ်ကလေးမို့ အနုလုံပဋိလုံကြည့်ရင်း ရှက်သလိုလို ကြောက်သလိုလို ရင်တဖိုဖိုနှင့် ကြက်သီးရှိန်းမြမြထနေခဲ့သည်။ အပြာရောင် စာအိတ်လေးကို ဖောက်လိုက်တော့ ပန်းနုရောင်စာရွက်သုံးရွက် ထွက်လာသည်။ သုံးရွက်စလုံးတွင် ညီညာလှပသော စာလုံးလေးများက အပြည့်။
“အဲဒါမှ ဒုက္ခ”
မပုစိန်သည် ညီညာလှပသော စာလုံးများကို ကြည့်ရင်း ငိုချင်သွားသည်။ သည်စာတွေကို ဘယ်လိုဖတ်ရမည်နည်း၊ အသက် သုံးဆယ်ကျော် သုံးဆယ့်ငါးနှစ်ရောက်မှ ကံပေါ်ကာ ရည်းစားစာ အပေးခံရသော်လည်း ထိုစာများကို သူ
မဖတ်တတ်။ စာသင်ပေးမည်၊ စာသင်ပေးမည်နှင့် တပြောတည်း ပြောပြီး တကယ်တတ်အောင် သင်မပေးခဲ့သော သွားလေသူ ကိုကာစင်ကိုပင် စိတ်ဆိုးချင်သလိုလို ဖြစ်လာသည်။
“ဒီစာလေးကို ဘယ်သူ့ကိုများ ဖတ်ပြခိုင်းရပါ့မလဲနော်။ သက်ဝေတို့၊ သက်ထားတို့ကို ဖတ်ခိုင်းရင် မမခင်နားကို ချက်ချင်း ပေါက်မှာ၊ မမခင်ကလည်း ငါ လင်ယူမှာ သိပ်ကြောက်တာ၊ ငါ လင်ယူသွားရင် သူ မီးဖိုချောင်မှာ ထမင်းချက်ရတော့မှာကိုး ဟွန်း၊ သူကတော့ သူ့ယောက်ျားကို ကိုကိုရေ ကိုကိုရေ နဲ့ ချွဲကောင်းနေပြီး ငါ့ကျတော့ ပုစိန်နော် အိမ်ထောင်ဆိုတာ ထောင်ကျတာနဲ့ အတူတူပဲ၊ ကိုယ့်မီး၊ ကိုယ်မွှေးတာတဲ့။ နင့်မှာ မီးဖိုကြီးဖိုမိလို့ မီးလောင်ခံခဲ့ရပြီ။ နောက်တစ်ခါ ဒီမီးကို ထပ်မမွှေးနဲ့တော့တဲ့။ ဟွန်း… ငါ မပြောလိုက်ချင်ဘူး။ သူ့ကျတော့ မီးပုံပေါ်မှာ မီးအလောင်ခံနေလိုက်တာ တပြုံးပြုံးနဲ့”
မပုစိန်က မလိုတမာ တွေးသည်။ မီးဖိုသည်ပြောပြော၊ မီးမွှေးသည်ပြောပြော စိတ်ရင်းအတိုင်း ရှင်းရှင်းပြောရလျှင်တော့ မပုစိန် နောက်အိမ်ထောင်ပြုလိုသည်။ တစ်နေ့တစ်နေ့ ဈေးသွားလိုက်၊ ချက်လိုက်ပြုတ်လိုက်၊ အဝတ်လျှော်လိုက် အတန်ငယ်အားလျှင်လည်း မီးဖိုချောင် တံခါးဝတွင် ထိုင်ကာ ဆေးလိပ်ဖွာလိုက်နှင့် တစ်နေ့ပြီးတစ်နေ့ ကုန်နေရသောဘဝကို သူငြီးငွေ့နေပေပြီ ဖြစ်သည်။
“အင်း၊ ကံထူးကိုဖတ်ခိုင်းရင်တော့ ရမယ် ထင်တယ်။ ဒါပေမဲ့ မမခင်ကို သွားပြောရင်တော့ ဒုက္ခပဲ”
သို့သော် ကံထူးက မမခင်နှင့်မပုစိန်နှစ်ဦးကြားတွင် တည့်တည့် ပ်နေပါက မပုစိန်ဘက်သို့ ယိမ်းလိမ့်မည်ထင်သည်။ ဘာပဲပြောပြော အရေးကြီးပါက သွေးစည်းမည်ဟု မပုစိန်တွေးမိသည်။ ကံထူးနှင့် မပုစိန်က သည်အိမ်တွင် မှီခိုသူလူတန်းစား၊ အလုပ်သမား လူတန်းစား၊ ဘဝတူနှစ်ဦး ဖြစ်လေသည်။
ထို့ကြောင့် ခုတလောတော့ ကံထူးကို မျက်နှာသာပေးမိသည်။ ကံထူးထမင်းစားလျှင် အသားတုံးကလေး၊ အနှစ်ကလေး ပိုပိုသာသာ ထည့်မိသည်။ “ငါ့ကို အဲဒီစာလေး ဖတ်ပြစမ်းဟယ်” ဟု ခိုင်းချင်လိုက်သည်မှာ လျှာယားေသော်လည်း ပါးစပ်က မရဲ၊ ချီတုံချတုံနှင့် အချိန်ကုန်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်သည်။ တော်ကြာနေ စာက သူထင်သလို မေတ္တာစာ မဟုတ်ဘဲ ကြွေးတောင်းစာဖြစ်နေပါက ခက်မည်။ ထို့ကြောင့် လွတ်လွတ်ကျွတ်ကျွတ်လည်း ရင်မခုန်နိုင်သေး။
သည်နေ့တော့ ကံထူးကျောင်းပိတ်သည်။ နေ့ခင်းပိုင်း လူရှင်းတုန်း ဖတ်ပြခိုင်းမည်ဟု စဉ်းစားထားမိလေသည်။ သို့သော်လည်း အရေးထဲ အရာပေါ်သည်။ ဧည့်သည်တွေကို ညနေကျလျှင် ထမင်းစားဖိတ်ထားသည်ဟု ဆိုသည်။ မပုစိန်ရော ကံထူးပါ ဂျင်ခြေလည်အောင် ထုကြထောင်းကြ၊ ချက်ကြပြုတ်ကြရပြန်လေသည်။
“အင်း၊ ကိုကာစင်တုန်းကတော့ ငါစာမတတ်တာ သိပြီးသား။ ဒီလူကြီးကတော့ ငါ့ကို စာတတ်တယ်ထင်နေတာ။ ငါက ကျွန်မ စာမဖတ်တတ်ဘူးလို့ ပြောရရင် ရှက်စရာကြီး၊ မပြောချင်ပါဘူး”
ပန်းကန်ဆေးနေသော ကံထူးကို တစေ့တစောင်းကြည့်ရင်း မပုစိန်က စဉ်းစားသည်။ ခုနတုန်းက မဆလာသွားဝယ်တုန်းကလည်း သည်လူကြီးကို တွေ့သေးသည်။ သူ့ကို လည်ဆန့်ပြီး ကြည့်နေသည်။
တော်ကြာနေ “စာကလေးဖတ်ပြီးပြီလား” ဟု မေးနေမည်စိုးသောကြောင့် မပုစိန်က ခေါင်းငုံ့ပြီး သုတ်ခြေတင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဈေးသွားရသည်ကိုတော့ မပုစိန် ရင်တခုန်ခုန်နှင့် စိတ်ဝင်တစားရှိလာလေသည်။ လည်ကို ဆန့်၍ဆန့်၍ မျှော်ကြည့်တတ်သော သူ့ကို သတိမထားမိချင်ဟန်ဆောင်ပြီး လူရိပ်လူယောင်ပြရသည်မှာ ပြုံးပျော်ချင်စရာ ဖြစ်လေသည်။
“ကံထူးရေ”
“ခင်ဗျာ အဒေါ်မပုစိန်”
“စာသင်ရတာ ခက်သလားဟဲ့”
“နည်းနည်းတော့ ခက်တာပေါ့ဗျာ”
“ငါလဲ စာတတ်ချင်လိုက်တာဟယ်”
ကံထူးက မပုစိန်အား ကရုဏာသက်သော မျက်လုံးများနှင့် လှည့်ကြည့်သည်။ လောကတွင် ရှိရှိသမျှ လူတွေအကုန်လုံး သူ့ထက် သာသည်ဟု ယူဆထားရာ အခုတော့ သူက မပုစိန်ထက်သာသော အချက် တစ်ချက်ရှိနေ၍ တအံ့တသြ ဖြစ်သွားပုံလည်း ရသည်။
“အဒေါ်မပုစိန်၊ စာမတတ်ဘူးလား”
“အေး၊ မတတ်ဘူးဟဲ့”
ကံထူးကိုတော့ မပုစိန်က မှန်သည့်အတိုင်းပြောရန် ဝန်မလေးလှပေ။
“ငါက စာလဲ မဖတ်တတ်ဘူး။ ရေးလဲ မရေးတတ်ဘူး။ ငယ်ငယ်တုန်းက မသင်ခဲ့လို့ပေါ့ဟယ်။ အခုလိုကြီးလာတော့ ဖတ်ချင်တဲ့စာ ရှိလဲ မဖတ်တတ်၊ ရေးချင်တာရှိလဲ မရေးတတ် ”
“အဒေါ်မပုစိန် ဘာစာဖတ်ချင်လို့လဲဟင်။ ကျွန်တော် ဖတ်ပြမယ်လေ။ ရေးချင်တာရှိလဲ ပြော”
ကံထူးက စိတ်လိုလက်ရ ပြောသည်။ မပုစိန်၏ရင်ထဲတွင်မူ တဒိတ်ဒိတ်ခုန်အောင် ဝမ်းသာသွားလေသည်။ ကံထူးကိုလည်း အတော်ကျေးဇူးတင်သွားသည်။ စိတ်ကောင်းရှိလိုက်တဲ့ကောင်ကလေး၊ အလိုက်သိလိုက်တဲ့ကောင်ကလေး၊ ညနေကျလျှင် ပုစွန်တုပ်ဟင်းအိုးကို နယ်ပြီး ကျွေးလိုက်ဦးမည်။
“စာတစ်စောင် ဖတ်ပြပါလားဟယ်။ ဒါပေမဲ့ သက်ဝေတို့၊ မမခင်တို့ကို မပြောနဲ့နော်”
“ဘာစာလဲဟင်၊ အဒေါ်မပုစိန် ”
“သိဘူးဟဲ့၊ ဈေးထဲက ဦးကျော်လှကြီး ပေးလိုက်တာ”
“ဟို အာလူးရောင်းတဲ့ လူကြီးလား”
“အေး”
“အဟိ၊ ရည်းစားစာ ထင်တယ် ”
“ဟဲ့ နင်ကလဲ”
မပုစိန်က ရှက်စနိုးဖြစ်နေသည်။ ကံထူးက တဟီးဟီး ရယ်နေလေသည်။
“ပေး…ပေး…အဒေါ်မပုစိန်ပေး၊ ကျွန်တော် ဖတ်ပြမယ်” ဟု စိတ်အားထက်သန်စွာ ပြောသည်။
“ဘယ်သူ့ကိုမှ မပြောဘူး၊ စိတ်ချ” ဟု ကြိုတင်ကတိပေးသည်။
“နေပါဦး၊ အခု မဖတ်ပါနဲ့ဦး၊ တော်ကြာ မမခင်ဝင်လာရင် ခက်နေဦးမယ်။ ခဏနေရင် သက်ဝေကျူရှင်သွားမှာ။ မမခင်လဲ လိုက်သွားဦးမှာ။ အဲဒီကျမှ ဖတ်ပြ”
မဖတ်မိပေ၍သာ တော်တော့သည်။ နှစ်မိနစ်လောက်နေတော့ မီးဖိုချောင်ထဲသို့ မမခင်ဝင်လာသည်။ အလုပ်ပြီးစီးမှုအခြေအနေကို အကဲခတ်သည်။ ကြက်သားဟင်းရော၊ ပုစွန်တုပ်ဟင်းရော ကျက်နေပြီ။ ဘူးသီးချဉ်ရည်လည်း မီးဖိုပေါ်ရောက်နေပြီဆိုတော့ ကျေနပ်သွားလေသည်။
“ပုစွန်က ညနေဧည့်သည်ဖို့ထားလိုက်၊ သိလားမပုစိန်။ ကြက်သားကိုလည်း အသားကောင်းကောင်းတစ်ခွက် ခပ်ထားလိုက်။ ရေခဲ သေတ္တာထဲက ငါးဖယ်ကြော်ကိုထုတ်ပြီး ပြန်နွေးနော်။ ညနေကျ သုပ်ပေးရအောင်။ ငါးပိကြော်ရော ကြော်ပြီးပြီလား။ အစိမ်းကြော်ကိုတော့ ညနေမှ ကြော်တော့၊ သုံးဆယ့်ရှစ်လမ်းဈေး ဝင်ပြီး ဆိတ်သားဝယ်ခဲ့မယ်။ မှိုရရင်လဲ ဝယ်ခဲ့မယ်”
“ဟင်းတွေစုံလိုက်တာ မမခင်ရယ်”
“ဪ၊ စုံဆို သူတို့သားအမိက အတော်ချမ်းသာတယ်တဲ့။ တော်ရိလျော်ရိတွေ ကျွေးလို့မကောင်းဘူး။ ဆားကိုလဲ ဂရုစိုက်ပြီးနယ်နော်။ ကောင်းကောင်းလဲ ချက်၊ အဲဒီကောင်လေးက အရသာကောင်းကောင်းလေးများဆို တယ်သိ တယ်ကြိုက်ဆိုပဲ သူ့အမေက ပြောဖူးတယ် “
မမခင်က ပြောပြီး ချက်ပြီးသားဟင်းတွေကို နည်းနည်းစီ မြည်းကြည့်သည်။ ဖိုပေါ်မှ ဘူးသီးချဉ်ရည်ကို မြည်းကြည့်ပြီး ဆားနည်းနည်း ထပ်ထည့်သည်။ “အခုမှ ကောင်းသွားတယ်” ဟု ပြောရင်း မီးဖိုထဲမှ ထွက်သွားလေသည်။ ကံထူးကမူ ဆေးလက်စပန်းကန်ကို လက်ထဲတွင် မေ့မေ့လျော့လျော့ ကိုင်ရင်း “အင်း ဆားဖြူးတယ်ဆိုတာ ဒါပဲထင်ပါရဲ့” ဟု တွေးမိလေသည်။
အိမ်ရှေ့မှ ကားထွက်သွားသံကြားတော့ မပုစိန်သည် သူ့ဘော်လီအင်္ကျီ ရင်ဘတ်ကြားတွင် ထည့်ထားသောစာကို ထုတ်မည်ပြုသည်။ သို့သော် သက်နှင်းဝင်လာပြန်သောကြောင့် သက်ပြင်းချမိလေသည်။
“အဒေါ်မပုစိန် ကောင်းကောင်းလေးချက်နော်။ ကိုဘမောင်စိန်က အရသာသိပ်သိတာ၊ အစားကောင်းကောင်း သိပ်စားတာတဲ့”
“တတ်သမျှ မှတ်သမျှတော့ ချက်တာပဲ သက်နှင်းရေ၊ ဟောဒီမှာ ပုစွန်၊ ဟောဒီမှာ ကြက်သား၊ ဟောဒီမှာချဉ်ရည်၊ ဟောဒီမှာ ငါးပိကြော်ဖို့ ကြက်သွန်ဖြူနွှာနေတာ”
သက်နှင်းကလည်း သူ့အမေလိုပင် ဟင်းတွေကို နည်းနည်းစီ လိုက်မြည်းပြန်လေသည်။ “ဘုရား… ဘုရား သူကပါ ဆားဖြူးလိုက်ရင် ဟင်းတွေ ငန်ကုန်တော့မှာပဲ” ဟု ကံထူးက ဘုရားတနေမိစဉ် “ကိုဘမောင်စိန်ရဲ့ အမေကြီးက မုန့်ဟင်းခါးစားရင် အမြဲ ငံပြာရည် ထပ်ထည့်တာ။ ပေါ့နေရင် မကြိုက်ဘူး။ လေးလေးပင်ပင်လေးမှ ကြိုက်တာ”ဟု ပြောပြီး ဆားနည်းနည်းစီ ထပ်ဖြူးလေသည်။
“အင်း ကောင်းရင်တော့ သူတို့ချက်တာ၊ ငန်ရင်တော့ ငါချက်တာ ဖြစ်တော့မှာပဲ ထင်ပါရဲ့”
သက်နှင်း၏ကိုယ်မှ ဝေ့ပျံ့လာသော ရေမွှေးနံ့ကလေးကို ခုန်ခုန်မင်မင် ရှိုက်ရင်း မပုစိန်က တွေးမိသည်။ “ကဲ ကဲ ပြီးရင် မြန်မြန်သွားတော့ဟယ်” ဟု စိတ်ထဲမှ ပြောနေမိစဉ်တွင်ပင် သက်နှင်းက သူ့ဘေးတွင် ဝင်ထိုင်သည်။ ကြက်သွန်ဖြူတွေ ထည့်ထားသော ပလပ်စတစ် ဆန်ခါလေးကို ဆွဲယူကာ အခွံခွာမည်ပြုလေသည်။
“ကြည့် ကြက်သွန်ဖြူတွေက နံက နံသနဲ့ သက်နှင်းရယ်၊ နွှာမနေစမ်းပါနဲ့”
“ရပါတယ်၊ အဒေါ်မပုစိန်ရဲ့ ”
“အို၊ ဒီအနံ့က တော်တော်နဲ့ ပျောက်တာမဟုတ်ဘူး၊ ကိုယ်မှာ စွဲနေတတ်တာ။ တော်ကြာ ညနေဧည့်သည်လာတဲ့အထိ နံပြုနေပါဦးမယ် ငါ့တူမရယ်”
မပုစိန်က သက်နှင်း၏လက်ထဲမှ ဆန်ကာကို အတင်းဆွဲယူသည်။
“သွား၊ သွား၊ အိမ်ရှေ့မှာသာ ရှင်းလင်းထား”ဟု ကျောကို မသိမသာလေး တွန်းကာပြောသည်။
“ဟုတ်သားပဲ အစ်မသက်နှင်းကလဲ၊ အဲဒီကြက်သွန်ဖြူတွေ ကျွန်တော် နွှာပါ့မယ်”
ဆေးပြီးသား ပန်းကန်တွေကို ပန်းကန်စင်ပေါ် လှမ်းတင်ရင်း ကံထူးကပါ ဝင်ပြောသည်။ နဂိုကတည်းက ခပ်ပျင်းပျင်းမို့ သက်နှင်းလည်း အပြင်ပြန်ရောက်သွားလေသည်။ ကက်ဆက်နားထောင်ရင်း ရုပ်ပြဖတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအလုပ်က ကြက်သွန်ဖြူနွှာသည်ထက် ပို၍ကောင်းသည်။
မြန်မာပြည်တွင် ငါးပိစားပြီးကြီးရသော မြန်မာအချို့က ကျန်မြန်မာများ နားမလည်အောင် ကြိုးစားပမ်းစားနှင့် မပီကလာ ပီကလာ လုပ်ဆိုနေသော မြန်မာသီချင်းသံက ဝဲပျံလာသည်။ ထိုအခါမှပင် မပုစိန်လည်း သူ့ရင်ဘတ်ကြားမှစာကို ထုတ်ယူလေသည်။ သက်နှင်းတစ်ယောက် မီးဖိုချောင်သို့ ပြန်ဝင်လာတော့မည်မဟုတ်။ နိုင်ငံခြားအလိုက်ကို နိုင်ငံခြားသံဝဲပြီး ဆိုနေသော မည်ကာမတ္တ မြန်မာသီချင်းအစစ်ကို မျက်လုံးလေးမှေးကာ အရသာခံနေမည်ဖြစ်လေသည်။
“ကဲ ရော့”
ကံထူးက လက်နှစ်ဖက်တွင် ပေနေသော ရေများကို သူ့ပုဆိုးနှင့်သူ ကမန်းကတန်း သုတ်သည်။ ရေကောင်းစွာမခြောက်သေးမီပင် အလောတကြီး လှမ်းယူသည်။ အသက်ကသာ ဆယ်နှစ်ကျော်ကျော် ရှိသေးသော်လည်း မွေးရာပါ ဝါသနာလေးက ရှိတော့ ဒါမျိုးကိုတော့ အတော်လေး စိတ်ဝင်စားတတ်ပြီ ဖြစ်လေသည်။
“အဟီး၊ မပုစိန် တဲ့”
“ဟွန်း ခေါ်ပုံကြီးကလဲ ရိုးရိုးကြီး။ အဲလေ၊ ရိုးပေမှာပေါ့၊ အသက်ကလည်း ကြီးပြီကိုး”
မပုစိန်က နားကို ဖွင့်ထားရင်း တွေးမိသည်။
“စကား..တဲ့၊ ပြောချင်လှသော်လဲ…တဲ့၊ အခွင့်မသာ၍ တဲ့၊ ဒီစာကို..တဲ့၊ ရေးလိုက်ရပါတယ်…တဲ့၊ ဒါပေမဲ့..တဲ့၊ မပုစိန်..တဲ့၊ အထင်သေး၊ အမြင်သေး..တဲ့၊ ဖြစ်သွားမှာကို..တဲ့၊ စိုးရိမ်မိပါတယ်တဲ့”
“အဲဒီ..တဲ့ တဲ့ ဆိုတာကြီးတွေ မထည့်စမ်းပါနဲ့ ကံထူးရယ်။ အရသာပျက်လိုက်တာ”
“အဟီး၊ မထည့်ဘဲ မဖတ်တတ်ဘူးဗျ”
ကံထူးက တဟီးဟီးနှင့် အူမြူးနေသည်။ မပုစိန်ကို ကူညီခွင့်ရခြင်း၊ ထိပ်တန်းလျှို့ဝှက်ချက်ကို သိခွင့်ရခြင်းတို့ကြောင့် အတော်ကလေး ပျော်နေလေသည်။
“မပုစိန်ကို..တဲ့၊ ကျွန်တော်မေတ္တာရှိပါသည်..တဲ့၊ အဟီး၊ လူကြီးစုံရာနှင့်..တဲ့၊ တောင်းရမ်းပြီးတဲ့၊ လက်ထပ်ယူလိုပါသည်..တဲ့ အဟီး”
မပုစိန်၏မျက်နှာသည် သွေးရောင်လွှမ်းတက်သွားသည်။ တစ်ကိုယ်လုံးလည်း တရှိန်ရှိန်ပူပြီး ကြက်သီးမြမြ ထလာသည်။ ရင်ထဲမှ နှလုံးသားကလည်း ခုမှပင် လွတ်လွတ်လပ်လပ်ခုန်ရသည်။ လိုရင်းကတော့ ဒါပဲဖြစ်လေသည်။ အနားတွင်ရှိနေသော ဘူးသီးချဉ်ရည်အိုးကို ဦးကျော်လှအမှတ်နှင့် မျက်စောင်းလေးဝဲလိုက်သည်။
“ဟွန်း သူများ သိနေတာ ကြာလှပြီ။ သူ့မျက်လုံးကြီးတွေက ရိုးမှ မရိုးဘဲ”
“မပုစိန်က တဲ့၊ ကျွန်တော့မေတ္တာကိုငြင်းပယ်မှာကို..တဲ့၊ စိုးရိမ်လှပါသည်..တဲ့၊ ကျွန်တော်ဟာ..တဲ့၊ သားလေးတစ်ယောက်ကို..တဲ့၊ လူလားမြောက်အောင်..တဲ့၊ ပြုစုပျိုးထောင်ရင်း..တဲ့၊ အထီးကျန်ဘဝမှာ..တဲ့ နေခဲ့ရတာကြာလှပါပြီ…..တဲ့”
ကံထူးက ထစ်အထစ်အနှင့် ဆက်၍ဖတ်ပြနေသည်။ သို့သော် မပုစိန်က မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေသည်။ ခုနတုန်းက ကြားလိုက်ရသော စကားကိုသာ ထပ်ပြန်တလဲလဲ ပြန်ပြီး ကြားယောင်နေမိသည်။ သုံးဆယ်ကျော် သုံးဆယ့်ငါးနှစ်ရောက်ခါမှ ကံကလေး အတက်ပေါက်လာသည်။ ကိုယ်ပိုင်ဘဝကို အသစ်တစ်ဖန် တည်ဆောက်ခွင့်ရပြီး အရိုးများသော ချေးခါးသော ချေးထူနေစရာ အကြောင်းမရှိ။ ခပ်မြန်မြန် ခပ်သွက်သွက် ခေါင်းညိတ်လိုက်ချင်ပြီ။
“မမခင်ရေ၊ ထမင်းချက်အသစ် ရှာပေတော့”ဟု စိတ်ထဲမှ ကျိတ်ပြီး အော်လိုက်သည်။ ကိုယ့်အိုး ကိုယ့်အိမ်တွင် ကိုယ့်ထမင်းကိုယ်ချက်စားရမည် ဆိုသည့် ကုသိုလ်က နည်းနည်းနောနောကုသိုလ် မဟုတ်ပေ။ ခေါင်းကလေးငုံ့ကာ ပြုံးမိသည်။
“သည်လိုဆိုတော့လဲ လောကကြီးမှာ နေပျော်သားပင် “
* * *
“ဟောတော့”
မပုစိန် ယောက်ျားယူတော့မည် ဆိုတော့ ဒေါ်မြမြခင်သည် သူ့နားကိုပင် သူချက်ချင်း မယုံချင်။
“ဟောတော့၊ မပုစိန်က ယောက်ျားယူတော့မယ်တဲ့”
မပုစိန်က တကယ်ပြောနေမှန်းသိတော့ တော်တော်လေး စိတ်ညစ်သွားသည်။ ပထမဆုံးတွေးမိသည်ကတော့ မီးဖိုချောင်သို့ ကိုယ်တိုင်ဝင်လျှင်ဝင်၊ မဝင်လိုကတော့ ထမင်းချက်အသစ် ရှာရတော့မည်။ ရှင်းရှင်းပြောရလျှင်တော့ကိုယ်တိုင်လည်း မဝင်ချင်၊ ထမင်းချက်အသစ်လည်း မရှာချင်။
“အင်း ခက်လိုက်တာ၊ ဘယ်တုန်းကနေ ဘယ်လိုဖြစ်ပြီး ဘယ်သူနဲ့များ ချိတ်သွားပါလိမ့်။ ငါကလဲ သက်နှင်းအတွက် လုံးပမ်းနေရတာနဲ့ သူ့ကို မျက်ခြည်ပြတ်မိတယ်”
သက်နှင်းနှင့် ဘမောင်စိန်က စေ့စပ်ဖို့ လက်ထပ်ဖို့ နေ့ကောင်းရက်သာရွေးပြီး ဇာတာတွေ ဘာတွေ တိုက်ကြည့်၊ ယတြာတွေဘာတွေ ရွေးရုံရှိသေးသည်။ မပုစိန်က “နက်ဖြန်ကျရင် ကျွန်မ ရုံးမှာ သွားပြီး လက်မှတ်ထိုး လက်ထပ်ချင်တယ်” ဟု ကောက်ကာငင်ကာ ပြောလာတော့ ဒေါ်မြမြခင်ခမျာ တစ်ချီတည်းနှင့် အလဲထိုးခံလိုက်ရသလို ပက်လက်လန်သွားလေသည်။ တားဖို့ဆီးဖို့လည်း အချိန်မရတော့ပေ။ မပုစိန်က သူ့ကို အသိပေးခြင်းသာဖြစ်သည်။ တိုင်ပင်ခြင်းမဟုတ်ပေ။
“သမီးလက်ထပ်ပြီး အဒေါ်မပုစိန်ကို သမီးနဲ့ထည့်လိုက်မယ်ဆို မေမေ”
သက်နှင်းကလည်း သူ့အတွက်သူ ပူရှာသည်။ မပူလို့ကလည်း မဖြစ်။ သူ့ကို ဘမောင်စိန်တို့သားအမိက အတော်ကလေး အထင်တကြီးဖြစ်နေကြသည် မဟုတ်လား၊ “ဒီခေတ်မှာ ဒီလို မီးဖိုချောင်နိုင်တဲ့သူ။ အချက်အပြုတ်ပိုင်တဲ့သူက ရှားတယ်ကွဲ”ဟု ဒေါ်စိန်မမ သူ့ကို ကျောသပ်ပြီး ချီးကျူးခဲ့တော့ သက်နှင်းခမျာ ပြုံးမည့်သာပြုံးနေရသော်လည်း စိတ်ကတော့ သိပ်မလုံချင်ပေ။ ကိုယ့်အကြောင်း ကိုယ်သိသည်မို့ အားလည်းငယ်ချင်သည်။ မိခင်ဖြစ်သူက “အားမငယ်နဲ့ သမီး၊ သမီးတို့ လက်ထပ်ပြီးရင် မပုစိန်ကို သမီးနဲ့ ထည့်လိုက်မယ်”ဟု အားပေးစကား ပြောထား၍ အတော်လေး စိတ်သက်သာရာရနေခဲ့သည်။
ခုတော့ ခက်ပြီ။ မပုစိန်က ဗြုန်းစားကြီးကောက်ပြီး ယောက်ျားယူတော့မည်။ သူ၏နောက်ကွယ်တွင် လှုပ်ရှားချက်ပြုတ်ပေးနေသော အရိပ်လည်း ပျောက်ရတော့မည်။
“ရှဲဒိုးဆိုတာ အရိပ်ပဲ သက်နှင်းရဲ့ ”
“အင်း”
“အရိပ်ဆိုတော့ နောက်ကွယ်က လှုပ်ရှားတဲ့သူပေါ့ကွယ်။ ဟုတ်ဘူးလား။ သူတို့ဟာ ဘယ်တော့မှ ရှေ့ကိုမထွက်ရဘူး၊ နောက်မှာပဲ နေရမယ့်သူတွေ”
ဘမောင်စိန်က သူ့အဓိပ္ပာယ်နှင့်သူပြောသော်လည်း သက်နှင်းသည် အဒေါ်မပုစိန်ကိုသာ သတိရမိလေသည်။
“သက်နှင်းအတွက် ကလောင်နာမည်တောင် မနေ့ညက တစ်ရေးနိုးကမှ စဉ်းစားလို့ ရခဲ့တယ် ”
“ဘာတဲ့လဲဟင် ”
“သက်နှင်းဝေ(ကံ့ကော်မြေ)ဆိုရင် မကောင်းဘူးလားဟင်”
ဘမောင်စိန်က စိတ်အားတက်ကြွနေသည်။ သက်နှင်းကတော့ မလုံမလဲ ပြုံးမိသည်။ နာမည်လေးက လှသော်လည်း သိပ်ပြီး ဝမ်းမသာချင်ပေ။
“ကံ့ကော်မြေဆိုတော့ သက်နှင်းမှ တက္ကသိုလ် မရောက်ဖူးဘဲ ကိုကိုရယ်”
“အိုကွာ၊ သက်နှင်းကလဲ တက္ကသိုလ်ရောက်မှ ဒါထည့်ရမယ် လို့ ဘယ်သူက ပြောဖူးလို့လဲ။ သက်နှင်းနဲ့အစ်ကိုတို့အတွက် မေမေစီစဉ်ပေးထားတဲ့အိမ်မှာလဲ ကံ့ကော်ပင်တွေရှိတယ်လေ။ အဲဒီကံ့ကော်တွေကို အစွဲပြုပြီး ထည့်တယ်ပေါ့။ ဘာဖြစ်လဲ။ နာမည်ဆိုတာ ဆွဲဆောင်မှုလေးလဲ ရှိဦးမှ လူစိတ်ဝင်စားမှာပေါ့ကွာ၊ ဟုတ်ဘူးလား”
ဘမောင်စိန်က သူ့အစီအစဉ်နှင့်သူ အတော်ပျော်နေသည်။ သက်နှင်းကတော့ ရင်တဒိတ်ဒိတ်ခုန်ကာ စိတ်လေးတေးတေး ဖြစ်ချင်သည်။ ကိုယ်က တကယ်မလုပ်တတ်၊ အယောင်ဆောင် နာမည်ခံရသော အလုပ်ကိုတော့ တတ်နိုင်လျှင် ရှောင်ချင်လာပြီ။ စာရေးဆရာမအလုပ်ကို အသာထားဦး၊ ယောက္ခမအိမ် ရောက်၍ “သမီးရေ၊ လက်စွမ်းပြပါဦးကွယ်”ဟု ဆိုလာလျှင်ပင် ဘယ်လို ရင်ဆိုင်ရမည် မသိ။ အဒေါ်မပုစိန် ပါမလာလို့ကတော့ ဘဲဥပြုတ်ကို ဆီဆမ်းပေးရုံသာ ရှိတော့သည်။
“သက်နှင်းက ဝတ္ထုဆိုလို့ တစ်လုံးမှလဲ မရေးတတ်”
“အိုကွာ၊ သက်နှင်းက အလကား အားငယ်နေတယ်။ မရေးတတ်လို့ သူများရေးတာ ဝယ်ရတာပေါ့ကွ။ ကိုကိုကတော့ ရှင်းရှင်းပဲ”
“တော်ကြာ စာဖတ်ပရိသတ်ကို ညာသလိုများ ဖြစ်နေမလားလို့ပါ ကိုကိုရယ် “
“ဒီမှာ သက်နှင်းရဲ့၊ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ညာနေကြတာ၊ တစ်ယောက်အိတ်ထဲက ငွေကို တစ်ယောက် နိုက်ယူဖို့ အမြဲကြိုးစားနေကြတာ။ ဒါဟာ ဒီလောကရဲ့ နိယာမပဲ။ တော်တဲ့လူဟာ ကိုယ့်အိတ်ထဲက အပါမခံဘဲ သူများအိတ်ထဲက နှိုက်ယူနိုင်ရမယ်။ ရှော်တဲ့သူတော့ အိတ်ထဲက အကုန်ပါသွားမယ်၊ ဒါပဲ။ ငွေဆိုတာ ရှော်တဲ့လူတွေရဲ့ အိတ်ထဲကနေ တော်တဲ့လူတွေရဲ့ အိတ်ထဲ လှိမ့်လှိမ့်ပြီး ဝင်လာတတ်တာကွဲ့၊ မှတ်ထား”
သက်နှင်းက မျက်နှာငယ်ငယ်လေးနှင့် ငြိမ်နေသည်။ သူ တကယ် အချက်အပြုတ်မကောင်းကြောင်းကို ဖွင့်ပြောချင်စိတ်ပေါက်နေသော်လည်း မပြောရဲ။ သူတို့နှစ်ဦးစေ့စပ်ဖို့၊ လက်ထပ်ဖို့က နေ့ကောင်း ရက်သာ ရွေးပြီးနေပြီ။ အပေါင်းအသင်း အသိုင်းအဝိုင်းကလည်း အကုန် သိနေပြီ။ အကြောင်းမညီညွတ်၍ ပျက်သွားသည်ဆိုတာမျိုး မဖြစ်ချင်ပေ။ နောက်ပြီး ဘမောင်စိန်လို လူမျိုးကိုလည်း လက်လွှတ်မခံချင်။ သည်တော့ ဘာမျှမတတ်နိုင်။ နောင်ခါလာ နောင်ခါဈေးပဲ။ နောင်မှ ဖြစ်လာမည့်ပြဿနာကို နောက်ကျမှ ရင်ဆိုင်တော့မည်။ သူက ဟင်းချက်ရာတွင် ရှဲဒိုးရှိခဲ့သော်လည်း စာရေးရာတွင် ရှဲဒိုးများ ရှိမည်ဖြစ်သော်လည်း သူ့အတွက် ဘမောင်စိန်အတွက် မျိုးဆက်သစ်ကလေးများကိုတော့ သူကိုယ်တိုင်မွေးမည့်သူဖြစ်သည်။ သည်နေရာက အရေးအကြီးဆုံးမို့ ရှဲဒိုးထားလို့လည်း မဖြစ်။ သည်လောက်ဆိုလျှင် သူတို့နှစ်ယောက် ထိမ်းမြားလက်ထပ်ရန်လုံလောက်ပြည့်စုံသောအကြောင်း ရှိနေပြီဖြစ်ပါသည်။
“ဟား ဟား အဒေါ်မပုစိန်ကလဲ ရှဲဒိုးနဲ့ပဲ။ သူ့ကို ဟိုလူကြီးက စာပေးတော့ ပြန်စာကို ကံထူးက ရေးပေးတာတဲ့။ အဒေါ်မပုစိန် စာမတတ်မှန်းလဲ ဟိုလူကြီးက ခုထိမသိသေးဘူးတဲ့”
သက်ဝေနှင့်သက်ထားက ထမင်းစားခန်းမှ ရယ်မောပြီး ထွက်လာကြသည်။ သူတို့စကားကိုကြားတော့ ဘမောင်စိန်ကလည်း သဘောကျစွာ ရယ်မောလေသည်။ နေရာတကာတွင် ရှဲဒိုးများရှိနေသည်။ အနုပညာလောက၊ စီးပွားရေးလောက၊ ခုလည်း ကြားရပြန်ပြီ၊ သမီးရည်းစားလောကတွင်ပင် ရှဲဒိုးနှင့်မကင်း။
“ကဲ၊ ရှဲဒိုးတွေကျေးဇူး ဘယ်လောက်ကြီးတုံး၊ ဒေါ်ပုစိန်တောင် ယောက်ျားရတော့မယ်တဲ့”
“ကျွန်မလဲ ယောက်ျားရတော့မယ်လေ”
သက်နှင်းက စိတ်ထဲမှပြောမိသည်။ သူလည်း ယောက်ျားရတော့မည်။ အရက်နည်းနည်းကြိုက်တာ၊ မိန်းမနည်းနည်း လိုက်တတ်သည်ကို သိသော်လည်း သက်နှင်းက ဘမောင်စိန်ကတော် ဖြစ်လိုခဲ့သည်။ ဖြစ်ရန်လည်း ကြိုးစားခဲ့သည်။ ဘမောင်စိန်၏နှလုံးသားဆီသို့လား၊ ဦးနှောက်ဆီသို့လားတော့ အသေအချာ မသိ။ ထိုနှစ်ခုထဲမှ တစ်ခုခုဆီသို့ အစာအိမ်လမ်းကြောင်းမှတစ်ဆင့် ဖြတ်ပြီး ဝင်လာနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဘမောင်စိန်ကို သူပိုင်ဆိုင်ရတော့မည်။ အရေးကြီးသည်ကတော့ ဒါပဲဖြစ်သည်။
“ကျွန်တော်တော့ ရှဲဒိုးတွေကို သိပ်ကျေးဇူးတင်တယ်၊ ဆရာမ ဒေါ်သက်နှင်းဝေရဲ့ သဘောထားလေးကိုရော တစ်ဆိတ်လောက် သိပါရစေ ခင်ဗျာ”
သည်ကို မလာခင် နည်းနည်းဝင်မော့ခဲ့သောကြောင့် အူရွှင် နှုတ်ရွှင်နေသော ဘမောင်စိန်က မဂ္ဂဇင်းများတွင် ပါဝင်လေ့၊ ဖတ်ရလေ့ ရှိသော တွေ့ဆုံခန်း မေးမြန်းသူ၏လေသံကို တုကာ ပြောသည်။
သက်နှင်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ ဘမောင်စိန်၏ ဘယ်ဘက်လက်သူကြွယ်တွင်ဝတ်ထားသော စိန်ခြယ်လက်စွပ်ကြီးကို ကြည့်ရင်း ခပ်တိုးတိုး ဖြေဆိုလေသည်။
“ဟုတ်ကဲ့၊ ကျွန်မလဲ သိပ်ပြီးကျေးဇူးတင်မိပါတယ်ရှင်”