စာစဉ် (၂၉)
(၁)
ကျုပ်တို့ရွာမှာ ဦးဘသာကိုတော့ အားလုံးက ကြောက်ကြပါတယ်၊ ကြောက်တယ်ဆိုတာ သူ့စုန်းကဝေပညာတွေထက် သူစနောက်မှာကို ပိုပြီးကြောက်ကြတာပါ၊ ကျုပ်အရှေ့မှာပြောခဲ့သလို ဦးဘသာကြီး စတဲ့နောက်တဲ့နေရာမှာတော့ သိပ်ပြီးအစအနောက်သန်တာဗျ၊ သူ့ပညာတွေနဲ့ သူတစ်ပါးအကျိုးယုတ်အောင်တော့ မလုပ်ခဲ့ပေမယ့် စတာနောက်တာတော့ တအားလုပ်တာဗျ၊ ဒီတစ်ခါတော့ ဦးဘသာကြီး စနောက်ခဲ့တဲ့အကြောင်းတွေကို ဖောက်သည်ချရအုံးမယ်ဗျာ။
ဦးဘသာကြီးကို ရပ်ထဲရွာထဲက လူကြီးသူမတွေက ခပ်တန်းတန်းပဲနေတယ်ဆိုပေမယ့် ကာလသားတွေကတော့ သူ့ကိုခင်ကြတယ်ဗျ၊ သူက စတတ်နောက်တတ်သလို မျက်လှည့်တွေလည်း ပြတတ်သေးတာကိုးဗျ၊ ကာလသားတွေစုမိပြီဆိုရင် ဦးဘသာကြီးကို မျက်လှည့်သွားပြခိုင်းတာများတယ်၊ ဦးဘသာကြီးကလည်း သူစိတ်ပါတဲ့အခါကျရင်တော့ ကျုပ်တို့ကိုလုပ်ပြတာပေါ့ဗျာ။
တစ်ခါတော့ ရွာမှာ ကိုကြွက်နီက ထန်းတက်ပါရောဗျာ၊ ကျုပ်တို့ရွာမှာက ထန်းရည်ဆိုတာ အမြဲမရဘူးဗျို့၊ အမြဲရတဲ့ ယမကာကတော့ ဦးတရုတ်ကြီးတို့ရဲ့ ချက်အရက်ပဲ၊ ကိုကြွက်နီက မိဘလက်ငုပ်လက်ရင်းနဲ့ ထန်းတောတစ်ခုပိုင်တယ်ဆိုပေမယ့် ထန်းအလုပ် လုပ်မစားဘူးဗျ၊ လယ်ချိန်တန်ရင် လယ်စိုက်၊ ယာချိန်တန်ရင် ယာစိုက်စားတာ၊ ဒါပေမယ့် အခုအချိန်လို လယ်ရော၊ ယာရော နားတဲ့အချိန်ဆိုရင်တော့ ထန်းတက်တာပေါ့ဗျာ၊ သူက ထန်းပင်ကို ပုံမှန်မတက်ပေမယ့် ထန်းပင်တွေကိုတော့ အမြဲရှင်းလင်းထားလေ့ရှိတယ်၊ နောက်ပြီး ကိုကြွက်နီက ချက်အရက်ကိုလုံး၀မသောက်ဘူးဗျ၊ သူတို့ခြံဝိုင်းထဲက ထန်းပင်ကို ကိုယ်တိုင်တက်ပြီး ထန်းရည်ခံသောက်တာ၊ အခုလိုရာသီဆိုရင်တော့ သူလည်းပျင်းပျင်းနဲ့ ထန်းပင်တွေတက်ပြီး ထန်းရည်ခံတယ်၊ တစ်ဖက်တစ်လမ်းက စီးပွားဖြစ်အောင် သူ့ထန်းတောထဲမယ် ထန်းရည်တဲကလေးထိုးလိုက်တော့ ကျုပ်တို့အတွက် ဟန်ကျသွားတော့တာပေါ့ဗျာ။
ကိုကြွက်နီတို့ ထန်းတောက တော်တော်အေးတယ်ဗျ၊ ထန်းပင်တွေအောက်ခြေမှာလည်း အပင်ကလေးတွေရှိနေတာဆိုတော့ ကွင်းထဲကဖြတ်တိုက်လာတဲ့ လေတွေနဲ့ အေးနေတာပေါ့ဗျာ၊ ပြီးတော့ ထန်းတဲကြီးကိုလည်း ထိုးထားပြီးတော့ သူ့မိန်းမက ဘူးသီးကြော်၊ ဗယာကြော်၊ ပဲကြော် ကြော်တယ်၊ နောက်ပြီး လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ပဲလှော်နဲ့ဆိုတော့ တစ်နွေလုံးနီးပါး သူတို့စီးပွားဖြစ်တာပေါ့ဗျာ၊ ကိုကြွက်နီထန်းတဲဖွင့်ရင် ဦးတရုတ်ကြီးတို့ ရောင်းအားကျတာ လက်တွေ့ပဲ၊ ကာလသားတွေဆို အရက်ဆိုင်ထက် ထန်းတောမှာထိုင်ပြီးတော့ စကားတွေပြောရင်း တစ်နေကုန်အချိန်ဖြုန်းနေကြတာပေါ့ဗျာ။
ကျုပ်လည်း ကိုကြွက်နီတို့ တဲကိုရောက်နေတာပေါ့၊ အရိပ်အာဝါသကောင်းတဲ့ အပင်ကြီးတစ်ပင်အောက်မှာထိုင်ပြီး ဝိုင်းဖွဲ့နေကြတာ၊ မကြာပါဘူး၊ ဦးဘသာတစ်ယောက် ပုလင်းလေးတစ်လုံးဆွဲပြီး တဲထဲကိုဝင်လာပါရောဗျာ၊ ထန်းတဲကိုလာတယ်ဆိုမှတော့ ထန်းရည်သောက်ချင်လို့ဖြစ်မှာပေါ့။
ကျုပ်တို့ကာလသား ဆယ်ယောက်လောက်လည်း ဦးဘသာကြီးကိုတွေ့တော့ လှမ်းခေါ်တယ်ဗျ။
“ဦးဘသာကြီး လာပါအုံး၊ ထိုင်ပါအုံးဗျ”
ဦးဘသာက ထန်းကျောဖျာကြမ်းကြီးပေါ်မှာ သူစီးလာတဲ့ဖိနပ်ကိုခင်းပြီး ထိုင်လိုက်တယ်ဗျ။
“ဘယ်ကိုလှည့်လာတာလဲ”
“အိုကွာ ထန်းတဲလာပါတယ်ဆိုမှ ထန်းရည်လာဝယ်တာပေါ့”
“ဟာဗျာ၊ ထန်းရည်ဆိုတာ ဟောဒီလို ထန်းတောမှာသောက်တာ အရသာအရှိဆုံးဗျ၊ အိမ်မှာသောက်ရင် ဘယ်လိုလုပ်ပြီး ကောင်းပါ့မလဲဗျ”
“မင်းတို့ကောင်တွေကတော့ကွာ၊ ငါထန်းရည်လာဝယ်တယ်ဆိုတာ ငါသောက်ဖို့မဟုတ်ဘူးကွ၊ ငါ့အိမ်က နွားတွေတိုက်ဖို့ကွ”
“ဟာဗျာ ကြံကြံဖန်ဖန်၊ နာဠာဂီရိဆင်ကို အရက်တိုက်တယ်ပဲကြားဖူးတယ်၊ ဦးဘသာအလှည့်ကျမှ ထန်းရည်တိုက်တယ်လို့”
“မင်းတို့ကောင်တွေမှတ်ထား၊ အခုလိုနွေခေါင်ခေါင်ကြီး နွားတွေက လျှောက်သွားနေရင်း ခွာပူလျှာပူဖြစ်တဲ့အခါ ထန်းရည်နဲ့ လျှာကိုပွတ်ပေး၊ တိုက်ပေးရတယ်ကွ၊ ထန်းဖိုရည်ရရင်တော့ အကောင်းဆုံးပေါ့ကွာ”
“ဒါဖြင့် ကျုပ်တို့ထန်းရည်ဝယ်ပေးမယ်၊ ကျုပ်တို့ပျင်းနေလို့ မျက်လှည့်ကလေးဘာလေး ပြစမ်းပါဗျာ”
ကျုပ်လည်း ဦးဘသာကြီးလက်ထဲက ပုလင်းကိုယူပြီး ကိုကြွက်နီမိန်းမကို ပေးလိုက်တာပေါ့၊ ကိုကြွက်နီမိန်းမက ဆေးသုံးမယ်ဆိုလို့ ထန်းရည်ကောင်းကောင်းသန့်သန့်ကို ထည့်ပေးတာပေါ့ဗျာ။ ဦးဘသာကြီးကတော့ ကာလသားတွေကို မျက်လှည့်ပြချင်ပုံမရဘူးဗျ။ ဒါနဲ့ ခြံဝိုင်းထဲမှာ ဆူညံနေတာပေါ့ဗျာ၊ ဒီတော့ ပက်လက်ကုလားထိုင်တစ်လုံးနဲ့ ထန်းရည်ကိုဇိမ်ခံသောက်နေတဲ့ ထန်းတောပိုင်ရှင် ကိုကြွက်နီက မတ်တပ်ထလာပြီးတော့
“ဟေ့ကောင်တွေ၊ ထန်းရည်သောက်ရင် အေးအေးဆေးဆေးသောက်ကြစမ်း၊ ငါ့ခြံဝိုင်းထဲမှာ ရှုပ်ရှုပ်ယှက်ယှက်တွေ လာမလုပ်နဲ့”
အဲဒီလိုပြောပြီး ဦးဘသာကြီးကို ဘုကြည့်ကြည့်ပါရောဗျာ၊ ကိုကြွက်နီက ဦးဘသာကို ကြည့်မရတဲ့သူတစ်ယောက်ဗျ၊ ဦးဘသာကြီးက ကိုကြွက်နီကိုတော့ ဘာမှပြန်မပြောပါဘူး၊ ကာလသားတွေဘက်ကိုလှည့်ပြီးတော့
“ထန်းရည်ဆိုတာ ကြွက်ကြော်တို့ ဘာတို့နဲ့မှ လိုက်တာကွ၊ မင်းတို့ပဲကြီးလှော်နဲ့သောက်တော့ ဘာအရသာရှိမှာလဲ”
“ဦးဘသာကလည်းဗျာ၊ ဒီအချိန်ကြွက်မှမရှိတာဗျ”
ဦးဘသာကြီးက ပြုံးပြီးတော့ သူ့အရှေ့မှာချထားတဲ့ ပဲကြီးလှော်ပန်းကန်ထဲက ပဲကြီးလှော်လက်တစ်ဆုပ်ကိုယူလိုက်တယ်ဗျ၊ နောက်ပြီးတော့ ကာလသားတွေကို ပြုံးကြည့်ပြီးတော့
“အေးကွာ၊ မင်းတို့စားချင်ရင် လိုက်ဖမ်းကြစမ်း”
အဲဒီလိုပြောပြီးတော့ ထန်းတဲကြီးထဲကို ပဲကြီးလှော်တွေ ပစ်ကျဲလိုက်တာဗျာ၊ ပဲကြီးလှော်က မြေကြီးနဲ့ထိတာနဲ့ ၀၀ဖီးဖီး မြေကြွက်ကြီးတွေ ဖြစ်သွားတော့တာပဲ၊ လက်တစ်ဆုပ်နီးပါးဆိုတော့ အစေ့သုံးဆယ်လောက်ရှိတာပေါ့ဗျာ၊ ဒါနဲ့ ထန်းတဲကြီးထဲမှာ ကြွက်ကြီးအကောင်သုံးဆယ်လောက်ဖြစ်သွားပြီး တဲတစ်ခုလုံးကိုလှည့်ပတ်နေတာမို့လို့ ထန်းရည်သောက်နေတဲ့သူတွေ အုတ်အော်သောင်းနင်းဖြစ်သွားကြတာပေါ့ဗျာ၊ ကိုကြွက်နီမိန်းမဆို ကြောက်လွန်းလို့ တဲထဲကနေကိုထွက်ပြေးတော့တာ။ ဦးဘသာကြီးက ကျုပ်လက်ထဲက ထန်းရည်ပုလင်းကိုလှမ်းယူပြီးတော့
“ဟား၊ ဟား အခုမှပဲ နာမည်နဲ့လိုက်သွားတော့တယ်ဟေ့၊ ကြွက်နီရဲ့ထန်းတောထဲမှာ ကြွက်တွေပေါမှပေါပဲကွ”
ကာလသားတွေလဲ ကြွက်ကြော်စားရချည်သေးဆိုပြီး အဲဒီကြွက်တွေကို တုတ်နဲ့လိုက်ရိုက်ကြတာပေါ့ဗျာ၊ တကယ်လည်း ရိုက်မိရော ကြွက်တွေကနေ ပဲလှော်စေ့တွေ ပြန်ဖြစ်ကုန်တယ်ဗျ၊ ကိုကြွက်နီဆို မျက်လုံးကြီးကို ပြူးလို့ဗျာ။ အဲဒီကတည်းက ကျုပ်တို့ကာလသားတွေက ဦးဘသာကြီးကို “တော်တော်ဆိုးတဲ့လူ” ဆိုပြီး ခေါ်ကြတော့တာပဲ။
(၂)
ကျုပ်အကို ဝမ်းကွဲတစ်ယောက် ရွာမှာရှိတယ်ဗျ၊ သူ့နာမည်က ငပျော့လို့ခေါ်တယ်၊ နာမည်အရင်းတော့မဟုတ်ဘူးပေါ့ဗျာ၊ လူပုံက အရပ်ရှည်ရှည် လမ်းလျှောက်ရင်လည်း နွဲ့နွဲ့နောင်းနောင်းနဲ့မို့ ငပျော့လို့ခေါ်ကြတာပေါ့။
အကိုငပျော့က ကျုပ်တိုတော့သိပ်ချစ်တာ၊ ဒါပေမယ့် ဦးဘသာကြီးကိုတော့ လုံး၀ကြည့်မရဘူးဗျို့၊ ကြည့်မရတာကလည်း ဒီလိုဗျ။ အကိုငပျော့က ကာလသားဖြစ်တော့ ဆရာတော်တစ်ပါးနဲ့လိုက်သွားပြီး မြို့တက်သွားတယ်၊ ပြီးတော့ အထက်လမ်းဂိုဏ်းတစ်ဂိုဏ်းဝင်ပြီးတော့ သုံးနှစ်လောက်ကြမှ ပြန်လာတာပေါ့ဗျာ၊ လူကလည်း နည်းနည်းမြောက်ကြွကြွဖြစ်နေပြီ၊ သူတို့ဂိုဏ်းရဲ့ သုံးဆင့်ပြီးတယ်ဆိုလားပဲဗျာ၊ တစ်ကိုယ်လုံးလည်း အင်းတွေပေါက်ထားတာ ဆေးနီ၊ ဆေးနက်နဲ့ အရောင်ကိုစုံရောဗျို့၊
ရွာကိုပြန်ရောက်တော့ ဦးဘသာကြီးကို ခလုပ်တိုက်တာပေါ့ဗျာ၊ ဒါနဲ့တစ်ရက်တော့ ဆေးကြိမ်လုံးကိုင်ပြီး ဦးဘသာအိမ်ရှေ့ကိုသွားစိန်ခေါ်တယ်ဗျ။
“ဟေ့စုန်းကြီး၊ ခင်ဗျားကြီးကို ပညာပေးဖို့ ကျုပ်ရောက်လာခဲ့ပြီ”
အကိုငပျော့က ပြောဆိုအော်ဟစ်နေတော့ ရွာသားတွေလည်း ပွဲတစ်ပွဲဖြစ်ပြီဆိုပြီးတော့ ချက်ချင်းအုံချလာတာပေါ့ဗျာ။ ဦးဘသာကလည်း အကိုငပျော့ကို လက်ညှိုးထိုးပြီး ပြန်ပြောတယ်ဗျ။
“ဟေ့ကောင်ငပျော့၊ ငါ့ကိုပညာပြမနေနဲ့ မင်းပုဆိုးကိုမင်းအရင် ခိုင်အောင်ဝတ်ကွ”
ဦးဘသာကြိးပြောလိုက်တာနဲ့ အကိုငပျော့ဝတ်ထားတဲ့ ယောပုဆိုးက ဖြုတ်ခနဲ ကွင်းလုံးကျွတ်ကျသွားတာဗျာ၊ အောက်ကလည်း ဘာမှခံမထားတော့ သူ့ပစ္စည်းကို တစ်ရွာလုံးမြင်ကုန်တာပေါ့၊ အကိုငပျော့လဲ ရှက်ရှက်နဲ့ ပုဆိုးကိုပြန်ဝတ်တယ်ဗျ၊ ဝတ်ပြီးခဏပါပဲ။
တစ်ယောက်ယောက်က ပုဆိုးအောက်စကနေ ဆွဲချွတ်သလိုမျိုး ဗြုန်းခနဲ ကွင်းလုံးကျွတ်သွားပြန်ရော၊ အကိုငပျော့လည်း မှတ်သွားပြီလေ၊ ပုဆိုးကိုပြန်ဆွဲပြီး လက်ကမလွှတ်ရဲတော့ဘဲ အိမ်ကိုပြန်ပြေးရောပေါ့ဗျာ၊ ရွာကလူတွေဆိုရင်လည်း အကိုငပျော့ကိုကြည့်ပြီး ရယ်လိုက်ကြတာဗျာ။ အကိုငပျော့လည်း ရွာမှမနေရဲတော့တာနဲ့ နေ့တွင်းချင်းပဲ မြို့တက်သွားသဗျို့၊ ဘယ်နေရဲမလဲဗျ၊ တစ်ရွာလုံးမှာ သူ့အကြောင်းတွေ ပြန့်ကုန်ပြီမဟုတ်လား။ ဒါကြောင့် ဦးဘသာကြီးကို ကြည့်မရတာဗျ၊ သူလည်း ဂိုဏ်းပညာတွေကို ဆက်မသင်တော့ဘူးဆိုပဲ။
ဒီလိုနဲ့ အကိုငပျော့က မိန်းမရသွားတယ်ဗျ၊ သူ့မိန်းမနာမည်က မဆွေတဲ့၊ အဖေ့ရဲ့ တူမတော်တဲ့သူပေါ့။ ဒီလိုနဲ့ မိန်းမရပြီး သုံးနှစ်လောက်ကြာတော့ မိန်းမနဲ့စကားများကြတယ်၊ အကိုငပျော့က ဘုရားတရားတွေ တအားလုပ်တော့ တရားပေါက်နေပြီ၊ ဒါနဲ့ပဲ အဖေ့ရှေ့မှာပဲ လင်မယားကွာရှင်းကြဖို့လုပ်တယ်၊ အဖေကတော့ မလုပ်ပေးပါဘူး၊
“မင်းတို့အချင်းချင်းပြန်တိုင်ပင်ကြအုံး၊ ကလေးတွေကလည်း ရှိသေးတာဆိုတော့ စဉ်းစားအုံးပေါ့ကွာ”
အကိုငပျော့က အဖေက သူ့တူမဘက်ကမို့ ကွာမပေးဘူးလို့ထင်တာပေါ့၊ ဒါနဲ့ပဲ ရွာဦးကျောင်းကိုသွားပြီးတော့ လောကီလူ့ဘောင်ကို စိတ်ကုန်လို့ ဘုန်းကြီး အပြီးဝတ်ပေးပါဆိုပြီးတော့ လျှောက်တင်တာပေါ့ဗျာ၊ ရွာဦးကျောင်းဆရာတော်ကလည်း ဒီလောက်ရှိလှတာဆိုပြီး နေ့တွင်းချင်းပဲ ဘုန်းကြီးဝတ်ပေးလိုက်ပါရော။ အကိုငပျော့က ဘုန်းကြီးဝတ်နဲ့ ရွာထဲကို ဆွမ်းခံကြွတာပေါ့ဗျာ။
မှတ်မှတ်ရရ အကိုငပျော့ ဘုန်းကြီးဖြစ်ပြီး သုံးရက်လောက်ကြာတဲ့အချိန်ပေါ့၊ ဖြစ်ချင်တော့ ဦးဘသာကြီးကလည်း ကျုပ်တို့အိမ်ကိုရောက်နေတာဗျ၊ သူ့နွားတွေကိုရောင်းမလို့ ဝယ်သူတွေနဲ့ ကျုပ်တို့အိမ်မှာ အရောင်းအဝယ်လာလုပ်တာပေါ့ဗျာ၊ အဲဒီတုန်းက အရောင်းအဝယ်ကြီးကြီးမားမားဆိုရင် သူကြီးရှေ့မှာလုပ်ပြီး သူကြီးက သက်သေခံပေးရတာကိုးဗျ။
ဒါပေမယ့် အမေမရှိပါဘူး၊ အမေကလည်း ဘယ်ရောက်နေမှန်းမသိဘူး၊ ကျုပ်ကိုတော့ ဆွမ်းလောင်းဖို့မှာခဲ့တယ်၊ အကိုငပျော့က ဦးဇင်းဝတ်နဲ့ အိမ်ကိုကြွလာပြီး ဆွမ်းလာရပ်တယ်၊ အိမ်ရှေ့က ခုံမှာထိုင်နေတော့ ဦးဘသာကြီးနဲ့ မျက်စောင်းထိုးဖြစ်သွားတာပေါ့၊ ကျုပ်လည်း ဆွမ်းတွေခူးခပ်လောင်းထည့်ပေးလိုက်တယ်၊ အကိုငပျော့က ကျုပ်ကိုကြည့်ပြီးတော့
“ဦးလေးလည်းမတွေ့ပါလား ဘယ်သွားတာလဲ”
အကိုငပျော့က ဘုန်းကြီးဝတ်တာမကြာသေးတော့ စကားပြောတာ အချိုးမပြေသေးဘူး။ ကျုပ်လည်း ပြန်ဖြေမလို့လုပ်နေတုန်း ဦးဘသာကြီးက ထပြောတယ်ဗျ။
“ဘယ်ရှိမလဲကွ၊ မင်းကိုရိုက်ဖို့လိုက်ရှာနေတာ၊ ခုနကပဲ မင်းကိုဟောဟိုက သစ်သားတုတ်နဲ့ ရိုက်သတ်မယ်လို့ပြောပြီးတော့ ထွက်သွားတာပဲ”
အကိုငပျော့လည်း တုတ်ကိုတစ်ချက်ကြည့်ပြီး ခပ်မြန်မြန်ထထွက်သွားတာပဲဗျာ၊ ကျုပ်တောင် ဦးမချလိုက်ရဘူး၊ တုတ်ကတော့ ကျုပ်တို့အရေးအကြောင်းဆို သုံးလို့ရအောင်လုပ်ထားတဲ့ တုတ်တံပါ၊ ရှားအနှစ်သားနဲ့လုပ်ထားပြီး နွားကျင်ငယ်စိမ်ပြီး နေလှန်းထားတာဗျ။
အကိုငပျော့ကလည်း တကယ်ကြောက်သွားတာဖြစ်မယ်၊ သူ့မိန်းမက အဖေ့တူမလေ၊ သူ့မိန်းမ ဘာတွေလာတိုင်ထားသလဲဆိုတာကို တွေးပြီးတော့ ကြောက်နေတာဖြစ်မယ်ဗျ။ မကြာပါဘူးဗျာ၊ အဖေက သီချင်းကလေးတညည်းညည်းနဲ့ အိမ်ထဲကိုဝင်လာပါရော။
“ဦးဘသာကြီးရောက်နေပြီလား၊ ဒါနဲ့ ဝယ်လက်တွေမရောက်သေးဘူးဗျ”
ဦးဘသာကတော့ ဘာမှမပြောဘူး၊ ကျုပ်လည်း သူ့ဘေးမှာထိုင်နေလိုက်တာပေါ့။ အဖေက ကျုပ်ကိုကြည့်ပြီးတော့ စားပွဲပေါ်က ဆွမ်းလောင်းထားပြီးသား ပန်းကန်တွေကိုကြည့်တယ်။
“ဒါနဲ့ မင်းအကို ငပျော့ ဆွမ်းခံကြွသွားပြီလား”
ကျုပ်လည်း ခေါင်းညိတ်ပြလိုက်တယ်၊ ဒီအခါ ဦးဘသာက ဘာထပြောတယ်ထင်သလဲဗျ။
“ငပျော့ဆွမ်းခံကြွပြီးပြီ၊ ဆွမ်းခံကြွရင်း ဟောဟိုကထောင်ထားတဲ့ တုတ်ကြီးကိုတွေ့ပြီး ဘာစိတ်ကူးပေါက်တယ်မသိပါဘူးကွာ၊ အဲဒီတုတ်ကြီးကို သူ့ကိုလှူပါလို့ အလှူခံတယ်ကွ၊ မင်းရဲ့သားကလည်း အဖေလုပ်ထားတဲ့တုတ်မို့လို့ မလှူလိုက်ဘူးတဲ့ကွာ”
အဖေက တစ်ချက်စဉ်းစားသွားတယ်ဗျ။
“ငပျော့ကတော့ တုတ်ကိုဘာလုပ်မှာလဲ၊ ဒါပေမယ့် ရွာဦးကျောင်းဆရာတော်က ဆေးပညာတွေ၊ ဓါတ်ရိုက်ဓါတ်ဆင်တွေ နှံ့စပ်တယ်ဆိုတော့ ဒီတုတ်ကြီးကို တစ်ခုခုလုပ်ဖို့ အလှူခံခိုင်းတာဖြစ်ရမယ်၊ တုတ်ကြီးက ရှားသားဆိုတော့ နေ့သင့်နံသင့် တစ်ခုခုလုပ်ဖို့နေမယ်”
အဖေက အဲဒီလိုတွေးတာဗျ၊ ဒါက နောက်မှပြန်ပြောပြလို့သိရတာပေါ့ဗျာ၊ ဦးဘသာစကားလည်းဆုံးရော အဖေက ငေါက်ခနဲထထိုင်လိုက်ပြီးတော့ အဲဒီတုတ်ကြီးကို ကောက်ယူလိုက်တယ်။
“မင်းအကိုငပျော့ သွားတာကြာပြီလားကွ”
“မကြာသေးဘူး၊ ခုနကလေးကတင် ထွက်သွားတာ”
ဒါနဲ့အဖေလည်း တုတ်ကြီးကိုကိုင်ပြီးတော့ ခြံထဲကနေပြေးထွက်သွားတာပေါ့၊ ဦးဘသာကြီးက ကြိတ်ပြီးတခွီခွီနဲ့လုပ်နေတော့တာ၊ ကျုပ်လည်း ခြံထဲကနေ အမြန်ပြေးထွက်ခဲ့တာပေါ့ဗျာ၊ အဖေက အကိုငပျော့နောက်ကို ပြေးလိုက်သွားပြီး
“ရပ်တော်မူပါအုံးဘုရား”
လို့အော်ပြီး အပြေးလိုက်လာတာမြင်တော့ အကိုငပျော့ကလည်း သူ့ကိုရိုက်ဖို့ လိုက်လာတယ်ထင်ပြီး သပိတ်ပိုက်ပြီး တန်းနေအောင်ပြေးတာပဲဗျာ၊ အကိုငပျော့က အရှေ့ကပြေး၊ အဖေက အနောက်ကနေ တုတ်ကြီးနဲ့လိုက်ဆိုတော့ ရွာလယ်လမ်းကြီးမှာ ဖုန်တွေကို တော်တော်ထသွားတာပဲဗျာ၊ ကျုပ်လည်း ပြေးလို့မောတာကတစ်မျိုး ရယ်ရလို့မောတာကတစ်မျိုးနဲ့ မောလိုက်တာဗျာ။
အဖေက အဲဒီအကြောင်းတွေ ပြန်ပြောတိုင်း ဦးဘသာကြီးကို
“ဒီလူအတော်ဆိုးတဲ့လူ” လို့အမြဲပြောတတ်တယ်ဗျ။ အကိုငပျော့လည်း ကြာကြာမနေနိုင်ပါဘူးဗျာ။ တစ်ပတ်လောက်နေတော့ သူ့မိန်းမ မဆွေက ငိုကြီးချက်မနဲ့ ဘုန်းကြီးကျောင်းကိုသွားခေါ်တော့ လူထွက်ပြီး ပြန်လိုက်သွားပါရော။ နောက်ပြီးသူကပဲ ပြောသေးတယ်။
“ရွာဦးကျောင်းဆရာတော်က နည်းနည်းဆင်ဆင်ခြင်ခြင်မရှိပါဘူးကွာ။ ငါ့ကို ဘုန်းကြီးတန်းဝတ်ပေးတာကွ”
ဒါနဲ့ရွာဦးကျောင်းဆရာတော်က နောက်ဆိုမှတ်သွားပြီဗျ။ မိန်းမနဲ့ရန်ဖြစ်ပြီး ဆင်းလာတဲ့သူကို ဘုန်းကြီးမဝတ်ပေးဘူးဆိုတဲ့ စည်းကမ်းထုတ်လိုက်တာပေါ့ဗျာ။
(၃)
“လိမ္မော်သီး စားကြအုံးမလားဗျို့”
ဆောင်းတွင်းလောက်ရောက်ရင် ရှမ်;တွေရွာကိုလာတတ်ပြီဗျ၊ သူတို့က ဆိုင်းထမ်းကြီးတွေနဲ့ ရွာစဉ်လှည့်ပြီးတော့ လိမ္မော်သီးတို့ နေကြာစေ့တို့ ရောင်းတာပေါ့ဗျာ၊ ကျုပ်တို့လည်း လိမ္မော်သီးဆိုတာက မြိုင်သာတက်မှ စားရတာမို့လို့ ဝယ်စားကြတာပေါ့ဗျာ၊ တစ်ရက်တော့ ရှမ်းနှစ်ယောက်က ဆိုင်းထမ်းကြီးနဲ့ လိမ္မော်သီးရောင်းဖို့ ထမ်းလာတာတဲ့ဗျာ၊ ရွာထိပ်သစ်ပင်ရိပ်ရောက်တော့ ဆိုင်းထမ်းကြီးချပြီးတော့ ညည်းညူကြသတဲ့။
“လိမ္မော်သီးတွေ ထမ်းရတာလေးလိုက်တာကွာ”
အဲဒီလိုညည်းညူတာကို ဦးဘသာကြီးက ကြားသွားပြီးတော့ သူတို့အနားကိုရောက်လာတယ်တဲ့ဗျာ။
“မင်းတို့ ငါ့ကိုလိမ္မော်သီးတစ်လုံးကျွေးရင် မင်းတို့လေးနေတာတွေကိုပေါ့သွားအောင်လုပ်ပေးမယ်”
ရှမ်းတွေကလည်း ဒီလူကြီးအရူးကြီးလားဆိုပြီးတော့ ပြောဆိုအော်လွှတ်လိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးက ရယ်မောပြီးတော့ လိမ္မော်သီးတောင်းကြီးကို လက်နဲ့ပုတ်သွားတယ်ဆိုပဲဗျ၊ ဒါနဲ့ ရွာထဲကိုဝင်ဖို့ ဆိုင်းထမ်းတွေကိုထမ်းလိုက်တော့ လိမ္မော်သီးတောင်းတွေက ပေါ့နေတယ်ဆိုပဲဗျ၊ ပေါ့တာမှ တောင်းအလွတ်ထမ်းရသလို ပေါ့သွားတာ၊ ရှမ်းတွေက လိမ္မော်သီးတောင်းကိုဖွင့်ကြည့်တော့လည်း လိမ္မော်သီးတွေ အပြည့်ပဲတဲ့ဗျာ။
ဒါနဲ့ တစ်ရွာလုံးကို လိမ္မော်သီးရောင်းတာပေါ့၊ ကျုပ်အမေကလည်း လိမ္မော်သီးဘုရားကပ်ရအောင်ဆိုပြီး ဝယ်တာပေါ့ဗျာ၊ ရှမ်းနှစ်ယောက်က တောင်းတွေချပြီးတော့ အမေက လိမ္မော်သီးဆယ်လုံးလောက် ဝယ်လိုက်တာပေါ့။ အဖေက ဘေးကနေကြည့်နေပြီး
“ငါ့ကိုတစ်လုံးပေးစမ်းကွာ၊ အချဉ်လေးစားချင်တာနဲ့ အတော်ပဲ”
အဖေလှမ်းယူပြီး လိမ္မော်သီးကိုခွာလိုက်တော့ အခွံတွေဘဲပါပြီးတော့ အထဲမှာ ဘာအသားမှ မပါဘဲ လေဟာနယ်ကြီးဖြစ်နေသတဲ့ဗျာ၊ ရှမ်းတွေလည်း မျက်နှာပျက်သွားတာနဲ့ နောက်ထပ် တစ်လုံးပေးလိုက်တာပေါ့၊ နောက်တစ်လုံးကို ခွာကြည့်တော့လည်း ဒီအတိုင်းပဲဗျာ၊ မယုံလို့ နောက်ထပ်လေးငါးဆယ်လုံးလောက် ခွာကြည့်တော့လည်း အားလုံးအထဲမှာ ဘာမှမရှိဘူးတဲ့၊ ရှမ်းတွေလည်း တော်တော်ထိတ်ထိတ်ပြာပြာဖြစ်နေကြပြီ၊ အဖေကလည်း သိတယ်ဗျ။
“မင်းတို့ကောင်တွေ၊ တစ်ခုခုတော့ ကြုံခဲ့ရမယ်၊ ဘာတွေ ထူးတာကြုံခဲ့သလဲ”
ဒီတော့မှ ရှမ်းတွေက စဉ်းစားပြီးတော့။
“ဟာ၊ ဟုတ်ပြီဗျ၊ ရွာထိပ်မှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်၊ အဲဒီအဘိုးကြီးက ကျုပ်တို့သယ်ရမှာလေးရင် ပေါ့အောင်လုပ်ပေးမယ်ဆိုပြီး ပြောတယ်ဗျ၊ ကျုပ်တို့လည်း အရူးကြီးလားမသိဘူးဆိုပြီးတော့ ဆဲလွှတ်လိုက်တာဗျ”
အဖေလည်းခေါင်းညိတ်ပြီးတော့။
“ငါသိပြီ၊ ကဲ ဦးဘသာကြီးကို သွားခေါ်စမ်း”
ဦးဘသာရောက်လာတော့ ရှမ်းတွေကလည်း ဒီလူကြီးပဲဆိုပြီး ပြောကြတယ်ဗျ၊ အဖေကလည်း ဦးဘသာကြီးကိုမေးတာပေါ့ဗျာ။
“ဦးဘသာကြီး၊ ဒီကောင်လေးတွေက ကောင်းရောင်းကောင်းဝယ်လုပ်စားနေတဲ့ကောင်လေးတွေပါဗျာ၊ သူတို့စီးပွားကို မဖျက်ပါနဲ့”
“အေးကွာ၊ ဒီကောင်တွေက ငါ့ကိုဆဲကြတော့ ငါလည်းသူတို့ ဒုက္ခဖြစ်ပါစေဆိုတာထက် သူတို့ကိုကျီစားအုံးမယ်ဆိုပြီးတော့ လုပ်လိုက်မိတာပဲ”
ဦးဘသာကြီးက လိမ္မော်သီးတောင်းတွေကို ပြန်ပုတ်ပြီးတော့ အိမ်ထဲကနေထွက်သွားတယ်၊ ဒီတော့မှ နောက်ထပ်လိမ္မော်သီးတွေ ခွာကြည့်တော့ အထဲမှာ အသီးဖတ်တွေကို ပြန်တွေ့ရတော့တယ်တဲ့ဗျာ။
ဒါတင်မကသေးပါဘူးဗျာ၊ ကျုပ်တို့ရွာက ကာလသားတစ်ယောက်က မိန်းမယူတော့မှာပေါ့၊ ဦးဘသာကြီးကိုလည်း မင်္ဂလာဆောင်ဖိတ်တာပေါ့ဗျာ၊ ဦးဘသာကြီးက ဘာပြောတယ်မှတ်သလဲ။
“ဟေ့ကောင် မင်းယူမယ့် မိန်းမက ကဝေမကွ၊ ကဝေမှ လူရဲ့အူအသည်းတွေကို စအိုကနေဖွင့်စားတဲ့ ကဝေမကွ”
“ဟာ ဟုတ်ပါ့မလား ဦးဘသာရယ်”
“မင်းကွာ၊ ငါက အကုန်သိပြီးသားပါ၊ မင်းမယုံရင် ဒီတစ်ခါလပြည့်ညရောက်ရင် မင်းမိန်းမကို မင်းသေချာသတိထားနေလိုက်၊ သူက မင်းဝမ်းထဲက ကလီစာတွေစားချင်နေတာကြာပြီး၊ မင်းစအိုကို ထထပြီးကြည့်လိမ့်မယ်”
ကာလသားကတော့ ဦးဘသာကြီးပြောတာကို သိပ်မယုံဘူးပေါ့ဗျာ၊ ဒီလိုနဲ့ လပြည့်ညကို ရောက်ပါရောဗျာ၊ အဲဒီကာလသားလည်း အိပ်နေရင်း သန်းခေါင်လောက်ကျတော့ တရေးနိုးသွားတယ်ဗျာ၊ အဲဒီအခါ သူ့မိန်းမက ဘာလုပ်နေသလဲဆိုတော့ သူ့ဖင်ကို သေသေချာချာစိုက်ကြည့်နေတာတဲ့ဗျာ၊ ဒီတော့မှ ကာလသားကလည်း ဦးဘသာပြောတာဟုတ်မလားဆိုပြီးတော့ လန့်သွားတာပေါ့ဗျာ၊ ဒါနဲ့ အိပ်ချင်ယောင်ဆောင်ပြီး ဘာဆက်လုပ်မလဲဆိုပြီး ဆက်စောင့်ကြည့်နေတာပေါ့။
ဒီအခါ သူ့မိန်းမက သူ့ပုဆိုးကို အောက်ကနေအသာကလေး လှန်တယ်တဲ့ဗျာ၊ သူလည်း ကြောက်လို့ ချွေးစေးတွေပြန်နေပြီ၊ ဒါနဲ့ပဲ ပုဆိုးစကို ဒူးခေါင်းနဲ့ မသိမသာလေးညှပ်ထားလိုက်တာပေါ့။ သူ့မိန်းမလည်း ပုဆိုးကိုအသာလှန်တာမရတော့ ဝုန်းဆိုပြီး ဆွဲလှန်လိုက်တော့ အဲဒီကာလသားလည်း ဘာပြောကောင်းမလဲဗျာ၊ အော်ဟစ်ပြီးတော့ ထွက်ပြေးတော့တာပေါ့။ ရွာကလူတွေက မနည်းဖမ်းယူရတယ်၊ သူ့မိန်းမကိုချည်း ကွာမယ်လုပ်နေတာ တကဲကဲဗျာ၊ သူ့မိန်းမကို အကြောင်းစုံမေးတော့မှ အားလုံးပေါ်တာ။
“ဦးဘသာကြီးကပြောတယ်၊ နင့်ယောက်ျားက သမန်းခွေးတဲ့၊ နင်မယုံရင် လပြည့်ညကျရင် သူ့ပုဆိုးကိုလှန်ပြီး သူ့ဖင်ကိုလှန်ကြည့်၊ ဖင်ညှောင့်ရိုးမှာ ခွေးအမြီးထွက်နေတတ် တယ်ဟ”
အဲဒီတော့မှ ရွာကလူတွေကလည်း ရယ်ရခက် ငိုရခက်ဖြစ်ကုန်တာပေါ့ဗျာ၊ တစ်ယောက်က သမန်းခွေးဟုတ်မဟုတ် ဖင်လှန်ကြည့်၊ နောက်တစ်ယောက်ကလည်း စအိုဖွင့်စားတဲ့ကဝေဆိုလို့ ကြောက်ပြီးထွက်ပြေးနဲ့ ဖြစ်ကုန်တာပေါ့ဗျာ၊ သူတို့လင်မယားလဲ ရယ်ရခက်၊ ငိုရခက်နဲ့ ပြန်ပေါင်းကြပါတယ်၊ အခုတောင် ကလေးသုံးယောက် ရနေပါပြီ။
နောက်တစ်ခါကြုံတာတော့ အဖေတို့ကြုံတာဗျို့။
ဖြစ်ပုံက ဒီလိုဗျ၊ ရွာထဲမယ် အလှူလုပ်တော့ အဖေတို့က မဏ္ဍပ်ထဲ ထမင်းစားကြတာပေါ့ဗျာ၊ အဲဒီအခါ ရွာဦးကျောင်းဆရာတော်လည်းရှိတယ်၊ ဦးဘသာကြီးကလည်း အဖေတို့နဲ့အတူတူ ထမင်းစားနေတာပေါ့ဗျာ၊ ဒီအချိန် ဆေးဆရာဦးမှတ်ကြီးတို့ ဇာတ်လမ်းစပြီပေါ့။
“ဘသာ၊ မင်းအသက်လည်း ကြီးနေပါပြီကွာ၊ မင်းရဲ့မကောင်းတဲ့ပညာတွေကို စွန့်ပြီးတော့ ဘုရားရိပ် တရားရိပ်ခိုပါတော့လား”
တစ်ဝိုင်းထဲထိုင်နေတဲ့ လူတွေကလည်း အခွင့်သင့်ပြီဆိုပြီး ဝိုင်းနှက်တာပေါ့ဗျာ။
“ဟုတ်တာပေါ့ ဦးဘသာရယ်၊ အခု ပညာတွေက သေရင်ငရဲကျပြီး အဝီဝိ ချိုးကပ်မည့် ပညာတွေမဟုတ်လား၊ ဘုရားတရားလုပ်ပြီး အမြင်မှန်ရသင့်ပြီ”
ဒီအခါ ရွာဦးကျောင်းဆရာတော်က အနားမှာ ကုလားထိုင်တစ်လုံးနဲ့ ထိုင်နေတာပေါ့ဗျာ။
“မင်းတို့နှယ်ကွာ၊ ဟောဒီ ဟင်းခွက်ထဲက ကြက်ခေါင်းကြီးသာ ထတွန်ရင်ထတွန်လိမ့်မယ်၊ ဘသာက ငါ့ကျောင်းကို ခြေချမှာ မဟုတ်ဘူးကွ”
သူတို့အားလုံး ပြောပြီးတော့ ရယ်မောနေကြတာပေါ့ဗျာ၊ ဦးဘသာကြီးကတော့ ဘာမှမပြောပါဘူး၊ ထမင်းကိုပဲစားနေတယ်၊ ဒီအချိန်မှာပဲ ကြက်သားဟင်းခွက်ထဲက ကြက်ခေါင်းကြီးက ထပြီးတွန်တာတဲ့ဗျာ။ အောက်အီးအီးအွတ်ဆိုပြီးတော့ ထပြီးတော့ တွန်ပါရော၊ မျက်လုံးကြီးလည်းပွင့်နေပြီးတော့ အမောက်ကြီးကလည်း ထောင်လို့ဗျ၊ အားလုံးလည်း လန့်ဖျပ်သွားတာပေါ့ဗျ၊ ဒီတော့မှ အဖေက တောင်းပန်ရတယ်။
“ဦးဘသာကြီးကို ကျုပ်တောင်းပန်ပါတယ်၊ အလှူပွဲမှာမို့လို့ မဟုတ်တာတွေမလုပ်ပါနဲ့ဗျ၊ အလှူရှင်ကိုလည်း အားနာပါအုံး”
ဦးဘသာကြီးက ခေါင်းညိတ်ပြီးတော့ ထမင်းစားပြီးလို့ လက်ဆေးပြီးထသွားတဲ့အထိ အဲဒီကြက်ခေါင်းကြီးက ဟင်းခွက်ထဲကနေ ဟိုလှည့်ကြည့် ဒီလှည့်ကြည့်နဲ့ လုပ်နေသေးတာတဲ့ဗျာ။
(၄)
တစ်ခါတုန်းကလည်း ရွာဦးကျောင်းမှာ တရားစခန်းဖွင့်တယ်ဆိုပဲဗျာ၊ ရွာကလူတွေတော်တော်များများ တရားစခန်းသွားဝင်ကြတာပေါ့၊ ဟောပြောတဲ့ဆရာတော်ကလည်း သိပ်နာမည်ကြီးတာဆိုပဲ၊ တရားပြတဲ့တစ်ရက်တော့ အသုဘကမ္မဌာန်း ရှူဖို့ဆိုပြီးတော့ ဆရာတော်က လူအရိုးစုကြီးယူလာတာတဲ့ဗျာ၊ လူရိုးစုကြီးကိတုတ်နဲ့ထောက်ပြီးတော့ာ့ ချိတ်ထားတာပေါ့ဗျာ၊ ဆရာတော်က တရားဟောရင်း အသုဘရှုခိုင်းတာပေါ့၊
ဒါနဲ့ဆရာတော်က မျက်လွှာကလေးချပြီး တရားပြနေရင်း ဝုန်းဒိုင်း ဝုန်းဒိုင်းနဲ့ ဆူဆူညံညံဖြစ်ကြတယ်ဆိုပဲ၊ ဆရာတော်က မျက်လုံးဖွင့်ကြည့်တော့ သူ့အရှေ့မှာ တရားနာနေတဲ့ ဒကာတွေ၊ ဒကာမတွေ တစ်ယောက်မှမရှိကြတော့ဘူးတဲ့၊ ဆရာတော်က ထူးဆန်းပြီးတော့ သူ့ဘေးနားကိုကြည့်တော့မှ သူတို့ချိတ်ထားတဲ့အရိုးစုကြီးက ကပြနေတာဗျာ၊ ပါးစပ်ကလည်း လှုပ်လို့တဲ့ဗျ၊ လူတစ်ယောက်လိုပဲ။
ဆရာတော်လည်း ဘာပြောကောင်းမလဲ တရားဟောပလင်ပေါ်ကနေ လွှားခနဲခုန်ချပြီးတော့ ပြေးတော့တာပဲတဲ့ဗျာ၊ အဲဒီဆရာတော် ကျုပ်တို့ရွာကို နောက်တစ်ခေါက်ထပ်မလာတော့ပါဘူးဗျာ၊ အဲဒီတုန်းကလည်း အရိုးစုကပဲ သရဲခြောက်သလိုလို ဘာလိုလိုနဲ့ နောက်မှ ဦးဘသာကြီးက သူလုပ်ပါတယ်ဆိုပြီး ဝန်ခံတယ်တဲ့။
“ကျုပ်လည်း အရိုးစုကြည့်ပြီးတော့ သူတို့ကိုစနောက်မယ်ဆိုပြီး စိတ်ထဲမထိန်းနိုင်တာနဲ့ လုပ်လိုက်မိတာပါသူကြီး၊ ကျုပ်တောင်းပန်ပါတယ်” တဲ့ဗျာ။
အဖေကတော့ သူ့ရဲ့ လက်သုံးစကားအတိုင်း “အတော်ဆိုးတဲ့လူ” ဆိုပြီး ရေရွတ်လိုက်ပြန်သတဲ့။
အဲဒီတစ်ခါကတော့ မှတ်မှတ်ရရဗျ၊ ကျုပ်တို့ဘကြီးတစ်ယောက် ဆုံးပါရောဗျာ၊ ကျုပ်တို့လည်း နာရေးအိမ်သွားပြီးစောင့်ပေးရတာပေါ့၊ စောင့်တဲ့လူတွေ မပျင်းအောင် ဖဲဝိုင်းလည်းခင်းပေးထားတယ်၊ ဖဲဝိုင်းအရှေ့ဖက်မှာတော့ အရက်ဝိုင်းပေါ့ဗျာ၊ အဲဒီအရက်ဝိုင်းရဲ့အပြင်ဘက်မှာတော့ အလောင်းစင်နဲ့ မသာကြီးတင်ထားတာပေါ့ဗျ။
ကျုပ်လည်း ဖဲရိုက်ရင်း ရှံI;သွားတော့ အရက်ဝိုင်းကို ကူးခဲ့ရတာပေါ့ဗျာ၊ အဲဒိမှာ ကာလသားတွေရော၊ လူမိုက်တွေရော စုပြီး အရက်သောက်ရင်း စကားတွေပြောနေကြတာဗျ၊ သူတို့ပြောနေတာတွေကလည်း သရဲအကြောင်းတွေချည်းဘဲ။ ဟိုလူကတော့ သရဲနဲ့ ဟိုလိုနပမ်းလုံးခဲ့တာ၊ ဟိုလူကတော့ သရဲကို ဘယ်လိုပြန်ပြီး မောင်းထုတ်ခဲ့တာတွေ ပြောပြီး ပါးစပ်အရသာခံနေကြတာပေါ့၊ နောက်ပြီး သရဲမကြောက်တဲ့အကြောင်းတွေ ပြောနေကြတာပေါ့။
ဦးဘသာကြီးကလည်း ကွပ်ပျစ်ထောင့်နားမှာထိုင်ပြီး သူတို့ကို ပြုံးစိစိနဲ့ကြည့်နေတာပေါ့ဗျာ၊ မကြာပါဘူး ဖဲဝိုင်းကလူတွေက အော်ဟစ်ပြီး ထပြေးကြတယ်။ ကျုပ်တို့သေသေချာချာကြည့်လိုက်တော့ သေသွားတဲ့မသာကြီးက ဖဲဝိုင်းဘေးနားမှာ ငုတ်တုတ်ကြီးထိုင်နေတာဗျာ၊
ကျုပ်တို့ဝိုင်းက လူတွေကလည်း ကြောင်ပြီးကြည့်နေတာပေါ့၊ အဲဒီအခါ မသာကြီးက ဝုန်းဆို အိမ်ပေါ်ကနေ ကျုပ်တို့ဆီကို ခုန်ချလာတာဗျာ၊ ဘာပြောကောင်းမလဲ ကျုပ်တို့ကာလသားတစ်သိုက် မူးမူးနဲ့ပြေးကြတာပေါ့ဗျာ၊ ခုနက သရဲနဲ့နပမ်းလုံးခဲ့တဲ့သူတို့၊ သရဲနဲ့ချခဲ့တဲ့လူတို့ တစ်ယောက်မှကို မကျန်ပါဘူးဗျာ၊ ကျန်နေတာက ဦးဘသာကြီးပဲဗျ၊ ဦးဘသာကြီးက တဟားဟားနဲ့ရယ်နေလိုက်တာဗျာ။
နောက်မှသိရတာက အဲဒီမသာကြီးက တကယ့်မသာကြီးမဟုတ်ဘူးတဲ့ဗျ၊ ကျုပ်တို့အမြင်မှားအောင် ဦးဘသာက သက်သက်လုပ်ခြောက်တာတဲ့ဗျာ၊ သရဲမကြောက်တဲ့လူတွေလည်း နှာနှပ်ယူရတဲ့လူနဲ့၊ ဖျားသွားတဲ့လူနဲ့ စုံလို့ဗျ။
ဒါကြောင့် ရွာကလူတွေက ဦးဘသာကြီးကိုမြင်ရင် ကြောက်ကြတယ်၊ ဦးဘသာကြီးတွေ့ရင် ဘာများဖြစ်မလဲဆိုပြီးတော့ ကြောက်ကြတာကိုး။
နောက်ဆုံးပြောချင်တာကတော့ လောရှည်ဆိုတဲ့လူဗျ၊ လောရှည်ကိုခင်ဗျားတို့ သိပြီးလောက်မှာပါ၊ ပိန်ပိန်ရှည်ရှည်နဲ့လူပေါ့ဗျာ၊ သူက ရွာထဲက မုဆိုးမဒေါ်ရီရဲ့ သမီးအငယ်မ ညိုထွေး ကိုကြိုက်တာဗျ၊ သမီးအကြီးမ မဌေးတဲ့ သူကတော့ အပျိုကြီးပါ၊ အသက်လည်း သုံးဆယ့်ငါးကျော်ပြီပေါ့ဗျာ၊ အငယ်မညိုထွေးနဲ့ အကြီးမ မဌေးက တစ်မအေတည်းမွေးထားတာလားလို့ မေးယူရလောက်အောင် ရုပ်ရည်က ကွာတယ်ဗျ၊ ဒါပေမယ့် ဒေါ်ရီက သူ့သမီးနဲ့လောရှည်ကို သဘောမတူဘူးတဲ့ဗျာ၊ ဒီတော့လည်း ခိုးဖို့ပဲရှိတော့တာပေါ့။
ဒီလိုမျိုး အချစ်ရေးကျတော့ ကျုပ်တို့ကာလသားတွေက ကူညီပေးရတယ်လေ၊ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုပြီးတော့ပေါ့ဗျာ၊ ဒါနဲ့ ကျုပ်တို့ကာလသားတွေနဲ့ ထန်းတဲမှာ လောရှည်ကတိုင်ပင်ပါရော၊ ဖြစ်ချင်တော့ ဦးဘသာကြီးကလည်း ကျုပ်တို့နဲ့အတူတူရှိနေတာဗျ။
“မုဆိုးမ ဒေါ်ရီက ညဆိုစောစောအိပ်တယ်ကွ၊ သူ့အမအပျိုကြီးကလည်း စာအုပ်ဖတ်ပြီးရင် အိပ်ရောတဲ့၊ ညသန်းခေါင်လောက်ကျတော့ ညိုထွေး ဆင်းလာလိမ့်မယ်၊ ငါတို့ သူ့ကိုခေါ်ပြီးတော့ သူတို့အိမ်နောက်ဖေးက ကွင်းထဲကို ဖြတ်ပြေးမယ်ကွာ၊ မင်းတို့က လှည်းနဲ့ ရွာထိပ်နားမှာ စောင့်နေကြ၊ ငါတို့ တန်းမြင့်ရွာကိုညဘက်သွားမယ်၊ တန်းမြင့်ရောက်ရင် ငါကြိုတင်ပြင်ဆင်ထားတဲ့အိမ်မှာ တစ်ညအိပ်မယ်၊ နောက်နေ့ မနက်စောစောကားနဲ့ မြို့တက်ပြီးတော့ ငါတို့အောက်ပြည်ဘက်ဆင်းမယ်ကွာ”
သူ့အကြံနဲ့သူတော့ ဟုတ်သားဗျ၊ ဒါနဲ့ ကျုပ်နဲ့လောရှည်နဲ့ ညဘက်ကြီး မုဆိုးမဒေါ်ရီတို့အိမ်နောက်မှာ သွားစောင့်ကြပါရောဗျာ၊ သူ့အမကြီးမီးခွက်မှုတ်ပြီး မကြာခင် လှေကားကနေ လောရှည်ရည်းစား ညိုထွေး ဆင်းလာတယ်ဗျ။ အိမ်သာဘက်ကိုလျှောက်သွားတာနဲ့ ကျုပ်တို့လည်း ချုံထဲကထွက်ပြီးတော့ ညိုထွေးလက်ကိုပြေးဆွဲတာပေါ့ဗျာ၊ ညိုထွေးက ကျုပ်တို့ကိုကြည့်ပြီး အံ့ဩနေတာ၊ လောရှည်လည်း ညီုထွေးလက်ကိုဆွဲပြီးတော့ ကွင်းထဲကို ဖြတ်ပြေးကြပါရောဗျာ၊ နောက်တော့ လှည်းပေါ်တင်ပြီး ထွက်ပြေးတာပေါ့၊ ညိုထွေးက ငြင်းလိုက်တာ အကြောက်အကန်ပဲဗျာ။
“နင်တို့ဘာလုပ်တာလဲ၊ နင်တို့ဘာလုပ်ကြတာလဲ”
“ကိုယ်မင်းကိုသိပ်ချစ်နေပြီကွာ၊ ဒါကြောင့် ကိုယ်တို့နီးဖို့အတွက် ကြံမိကြံရာ ကြံတာပါ”
ဒီလိုနဲ့ hညိုထွေးတို့ကို ကျုပ်တို့ တန်းမြင့်ရွာကို ပို့ခဲ့ပြီးတော့ ရွာကိုပြန်လာခဲ့တာပေါ့ဗျာ၊ မနက်ရောက်တော့ ထင်တဲ့အတိုင်းပဲ ကျုပ်တို့အိမ်ကို မုဆိုးမဒေါ်ရီ ပေါက်ချလာပါရောဗျာ။
“သူကြီး၊ ကျုပ်သမီးကို သူများခိုးသွားလို့ လုပ်ပါအုံး”
ကျုပ်လည်း ကြိတ်ပြီးဝမ်းသာနေတာပေါ့ဗျာ၊ ခြံတံခါးဖွင့်ပေးလိုက်တော့မှကျုပ်လည်း တော်တော်ခေါင်းနားပန်းကြီးသွားတာဗျ၊ ဒေါ်ရီရဲ့ဘေးနားမှာတွေ့လိုက်ရတာ ညိုထွေးကိုးဗျ။
“အဲဒီသူခိုးကောင်ကို သူကြီးနဲ့တိုင်ပြီးဖမ်းခိုင်းမယ်၊ သူကြီးအရေးယူပေးပါ”
ညိုထွေးက သူ့အမေလက်ကိုဆွဲပြီး
“အမေရယ်၊ ပြီးတာတွေက ပြီးနေပြီ စိတ်ကိုလျော့ပါ”
ကျုပ်လည်း ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဘူးဗျာ၊ ညက ကျုပ်တို့တွေ့ခဲ့တာ ညိုထွေးမှ ညိုထွေးအစစ်ကိုးဗျ၊ အခုကျတော့ ညိုထွေးက ဒီကိုပြန်ရောက်နေပါရော၊ ဒါနဲ့ ကာလသားတွေတိုင်ပင်ပြီး တန်းမြင့်ရွာကို လိုက်သွားကြတာပေါ့ဗျာ၊ ဟိုရောက်တော့ လောရှည်က သူတို့စီစဉ်ထားတဲ့ အိမ်ရှေ့မှာခွေးမှိုင် မှိုင်နေတယ်ဗျ။
“ငါတို့ခိုးခဲ့တာ ညိုထွေးမှ ညိုထွေးအစစ်ပါ၊ အခုမနက်လင်းတော့ ဘယ်လိုလုပ်ပြီး မဌေးကြီးဖြစ်နေတာလဲမသိဘူး”
“ဟာ၊ ဟေ့ကောင် ဒါဆိုမင်းတို့ လွန်လွန်ကျူးကျူးတွေ ဖြစ်ခဲ့ပြီးပြီလား”
လောရှည်က ခေါင်းညိတ်တယ်ဗျ၊ ဒါနဲ့ပဲ လောရှည်တစ်ယောက် ညီမညိုထွေးကိုမရဘဲ၊ သူ့ထက်ဆယ်နှစ်လောက်အသက်ကြီးတဲ့ မဌေးနဲ့ ညားသွားပါရောဗျာ၊ မင်္ဂလာဆောင်တဲ့နေ့ရောက်မှ ဦးဘသာက ကျုပ်ကိုတိုးတိုးကပ်ပြောတာ
“ဒီကောင် နှမကိုကြံပြီးတော့ အမကိုရသွာတာကွ၊ ဟား၊ ဟား”
“ဦးဘသာကြီးလုပ်လိုက်တာမဟုတ်လား”
ကျုပ်မေးတော့ ဦးဘသာကြီးက ပြုံးပြတယ်ဗျ။
“ငါလည်း စလိုက်တာပါကွာ၊ ဒီကောင်တွေ လွန်လွန်ကျူးကျူးဖြစ်ကုန်ကြတာတော့ ဒိကောင့်ကံပေါ့ကွာ”
ကျုပ်လည်း အဲဒီအကြောင်းတွေကို မြိုသိပ်ထားလိုက်ပါတယ်ဗျာ၊ လောရှည်သာ ဦးဘသာကြီးလုပ်တယ်ဆိုတာ သိသွားရင် ဦးဘသာကြီးကို အသေသတ်မှာဗျ၊ လောရှည်အဖြစ်ကိုသိပြီး ရွာမှာ စကားတစ်ခုတောင် တွင်နေပါသေးတယ်ဗျာ။
“အပျိုကြီးဆိုပြီး အားမငယ်နဲ့၊ မှားခိုးတဲ့လူရှိရင်လည်း အိုရသေးရဲ့”
တဲ့ဗျာ၊ ကဲ ဒီနေ့တော့ နားပြီဆရာရေ၊ လောရှည်လည်း အခုတော့ မဌေးနဲ့ရတဲ့ သမီးနှစ်ယောက်နဲ့ ရွာမှာ ခုထိရှိနေတုန်းပဲဗျ။ အင်း . . . ညိုထွေးကျတော့၊ ညိုထွေးအကြောင်း နောက်မှပြောပြမယ်ဗျာ။
ပြီးပါပြီ။