(၁)
ဦးဘသာအကြောင်းပြောလာတာ တော်တော်ရောက်လာပြီဗျ၊ အခုဆိုရင် ဦးဘသာကြီးနဲ့သိပ်ပြီး မိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်တယ်ဗျနော်။ ဒီတစ်ခါပြောမယ့်အကြောင်းက ဦးတက်တူဆိုတဲ့လူကြီးအကြောင်းဗျ။ သူက လူမိုက်ကြီးဗျ။ အနေအထိုင်အတော်ကြမ်းကြမ်းတမ်းတမ်းနေတဲ့လူကြီး၊ တစ်နည်းအားဖြင့်ပြောရင်တော့ လူပေလူတေကြီးပေါ့ဗျာ။
ကျုပ်တို့ငယ်ငယ်တုန်းက ကျုပ်တို့တွေငိုနေပြီဆိုရင် အမေက ဦးတက်တူကြီးလာပြီဟေ့ လို့ပြောလိုက်တာနဲ့ ကျုပ်တို့မှာ အငိုတိတ်သွားရတယ်။ ဦးတက်တူဆိုရင် ကျုပ်တို့ကလေးတွေက နာမည်ကြားရင်ကို ကြောက်နေရတာ၊ ဆော့နေရင်းလည်း ဦးတက်တူကြီးလာနေတာကိုမြင်လို့ကတော့ ကျွန်တော်တို့ကလေးတစ်သိုက် နီးရာအိမ်တက်ပြေးပြီး ပုန်းတော့တာပဲဗျို့။
ဦးတက်တူဆိုတာက အသက်တော့သိပ်မကြီးသေးပါဘူးဗျာ၊ လူပုံက ခပ်ကြမ်းကြမ်း၊ ဆံပင်က ဖွာလန်ကျဲနေတာပဲဗျာ၊ ပါးနှစ်ဖက်မှာလည်း ကျောက်ပေါက်မာတွေနဲ့၊ နှာခေါင်းက တိုတိုလန်လန်ပွပွကြီး၊ လူပုံကလည်း ပုပုကွကွ၊ လူကောင်ထွားထွားနဲ့၊ လမ်းလျှောက်ရင်လည်း ဘောက်ဆတ်ဘောက်ဆတ်နဲ့ဆိုတော့ သူ့ရုပ်ကြီးမြင်ရင် ကျုပ်တို့ကလေးတွေဆိုတာ သရဲ၊ ဘီလူးတစ်ကောင်မြင်သလို ကြောက်နေရတာဗျ။
အဲဒီဦးတက်တူကြီးက ကျုပ်တို့ရွာကတော့မဟုတ်ဘူးဗျ၊ ရွာနီးချင်း ပေတောရွာကလူကြီး၊ ရုပ်ရည်က ကြမ်းတယ်ဆိုပေမယ့် ကျုပ်တို့ရွာက အပျိုကြီးမခင်မြနဲ့ အိမ်ထောင်ကျသွားပါလေရောဗျာ၊ ရွာထဲကလူတွေကတော့ မခင်မြက ဦးတက်တူကြီးကို မျက်လုံးမှိတ်ပြီး ယူလိုက်တယ်လို့တောင် စောင်းမြောင်းပြောဆိုကြတယ်၊ ပြောလည်းပြောချင်စရာပါ၊ မခင်မြက အပျိုကြီးဆိုပေမယ့် တောင့်တောင့်ဖြောင့်ဖြောင့်ကြီးဗျ၊ သူ့အမေအိုကြီးကို ငဲ့နေရလို့သာ အိမ်ထောင်မပြုဖြစ်တာ၊ ဒါနဲ့ အမေအိုကြီးသေပြီးတော့ သုံးလလောက်ပဲကြာတယ် ဦးတက်တူကြီးနဲ့ညားပါရောဗျာ၊ မခင်မြကိုမှန်းနေတဲ့ ရွာက လူပျိုကြီးတွေဆိုရင် ကြိတ်မနိုင်ခဲမရဖြစ်ကုန်တာပေါ့ဗျာ။
ဦးတက်တူဆိုတဲ့သူက ပေတောရွာမှာနေတယ်ဆိုပေမယ့် အိမ်မရှိ၊ ယာမရှိ၊ လယ်မရှိဘဲ ရွာပြင်ရင်ကွဲဇရပ်မှာနေတဲ့သူဗျ၊ အခြေအနေဘာမှမရှိတဲ့သူပေါ့၊ ရွာထဲက ခိုင်းတာလုပ်ပြီး ရသလောက်စား၊ အရက်တို့ ထန်းရည်တို့ အကြွေးသောက်ပြီး ဇရပ်မှာအိပ်နေတတ်တဲ့သူကြီးဗျ၊ ရွာကလူတွေ နာရင်လည်း နာစရာပေါ့ဗျာ။
ဒီလိုနဲ့ မခင်မြနဲ့ညားပြီးတော့ ဦးတက်တူကြီးက ရွာရောက်လာပါရောဗျာ၊ မခင်မြက လယ်နဲ့ယာနဲ့၊ အိုးနဲ့အိမ်နဲ့ဆိုတော့ ဦးတက်တူကြီးက ရေမီးအစုံနဲ့ အသင့်တက်နေရုံပေါ့ဗျာ။ အိမ်ထောင်ကျပြီးတော့လည်း ဦးတက်တူကြီးက အိမ်အလုပ်တွေ၊ လယ်အလုပ်တွေ ဝိုင်းကူလုပ်မယ်မထင်နဲ့ဗျ၊ အချိန်ပြည့်နီးပါး ရွာထိပ်နားက ဦးတရုတ်ကြီးအရက်ဆိုင်မှာဘဲ လူတွေနဲ့ဝိုင်းဖွဲ့စားသောက်နေတာ၊ မခင်မြကလည်း သူ့ယောက်ျားကြီးကို တော်တော်ချစ်ရှာပါတယ်၊ ဦးတက်တူကြီး နေ့လည်စာထမင်းအိမ်ပြန်မစားဘူးဆို ခံတောင်းလေးထဲကို ထမင်းနဲ့ဟင်းပန်းကန်တွေထည့်ပြီး တောင်းကိုရွက်ပြီးတော့ ဦးတရုတ်ကြီးအရက်ဆိုင်အရောက် လိုက်ပို့ပေးရှာတယ်။ သူတို့အချစ်က ရှားရှားပါးပါးဗျ။
မခင်မြကတော့ သူ့မိဘတွေဆီက ကျန်ခဲ့တဲ့ လယ်တွေ၊ ယာတွေကို အငှားချထားတယ်၊ သူကတော့ အိမ်မှာ အိမ်အလုပ်တွေလုပ်တာပေါ့ဗျာ၊ ဒါတောင်မှာ ဦးတက်တူကြီးက မခင်မြကို လုံးဝအမြင်မကြည်ဘူးဗျာ၊ အမြဲလိုလိုပြသနာပဲရှာနေတတ်တာ။
“ဟေ့၊ တက်တူတဲ့ကွ၊ စနေသား နေတက်ရေတက်မှာမွေးတာ ဘယ်ကောင်မှ လူမထင်ဘူး”
ဦးတက်တူကြီး ရန်ဖြစ်တော့မယ်ဆိုရင် အဲဒီလိုကြိမ်းဝါးနေကျဗျ၊ တရုတ်ကြီးဆိုင်မှာထိုင်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်တယ်၊ ဆိုင်မှာအရက်လာသောက်တဲ့ လူတွေနဲ့ စကားစမြည်ပြောနေရင်း နောက်တော့ သူ့ကိုစောင်းပြောတာလား၊ ရန်စောင်တာလားဆိုပြီး ပြသနာရှာတယ်၊ နောက်တော့ အတင်းထိုးကြကြိတ်ကြပေါ့ဗျာ။
ကျုပ်တို့က ဦးတက်တူကိုကြောက်ပေမယ့် ဦးတက်တူက ကျုပ်တို့အိမ်ကို မခေါ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာနေကျမဟုတ်လား၊ ရန်ဖြစ်ပြီးရင် ကာလသားတွေဖမ်းပြီးတော့ ဦးတက်တူကြီးကို သူကြီးလက်ကို လာအပ်နေကျပေါ့၊ ပြီးရင် သူထိုးလွှတ်လိုက်တဲ့လူတွေလည်း ပါလာကြတယ်၊ ထူးဆန်းတာက ဦးတက်တူကြီးက တစ်ခါမှ ကြီးကြီးမားမားဒဏ်ရာရတယ်မရှိဘဲ သူနဲ့ရန်ဖြစ်တဲ့သူတွေသာ မျက်နှာတွေဖူးယောင်၊ မျက်ခုံးတွေကွဲ၊ သွားတွေကျိုးပြီးတော့ ရောက်လာတဲ့သူတွေများတယ်။
ဦးတက်တူကြီးကို အဖေတို့က ဆူတန်ရင်ဆူရတယ်၊ အရမ်းဆိုးလာရင်တော့ ထိပ်တုံးပေါ်ဗျာ၊ ထိပ်တုံးကြီးက ကျုပ်တို့အိမ်ရှေ့ကွက်လပ် မြေပြောင်ပြောင်မှာထားထားတာဗျ၊ ထိပ်တုံးခတ်ပြီး နေပူအောက်မှာ နေ့တစ်ပိုင်းလောက်ထားလိုက်ရင်ကိုပဲ တော်ရုံမာတဲ့သူဆို ပျော့ကျသွားတာ၊ နေကလည်းပူ ခြေထောက်ကလည်းချုပ်ထားသေးဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ၊ ဒါကြောင့်လည်း အဖေ့ထိပ်တုံးကို ကြောက်ကြတာနေမှာပေါ့။
ဒါပေမယ့် အဖေ့ထိပ်တုံးကို လုံးဝမကြောက်တဲ့သူကတော့ အဲဒီဦးတက်တူကြီးပဲဗျ။ နေပူပူကြီးထဲ လက်ကြီးပိုက်ပြီး ပေကပ်ကပ်နဲ့ငုတ်တုတ်ထိုင်နေတာ၊ သူ့အသားကလည်း ပုန်းရည်ကြီးရောင်နဲ့ဆိုတော့ အသားတော့မမည်းဘူးပေါ့ဗျာ၊ အဖေ့ကိုတော့ ဦးတက်တူကြီးက ပြန်မပြောပါဘူး၊ အဖေလုပ်သမျှတော့ ခံရှာတယ်။ အဖေကလည်း ဦးတက်တူကို ဂါတ်တဲပို့မယ်၊ ရဲလက်အပ်မယ်လို့ ပြောပေမယ့်၊ တကယ်တမ်းတော့ တစ်ရွာတည်းသားထဲဆိုတော့လည်း အဲဒီလောက်အထိ မလုပ်ရက်ဘူးထင်ပါတယ်ဗျာ၊ မခင်မြမျက်နှာကို ထောက်နေရတာလဲ ပါတာပေါ့။
ဘာလို့လည်းဆိုတော့ ဦးတက်တူကြီးကိုချုပ်ထားပြီဆို ငိုယိုပြီးရောက်လာတတ်တာက မခင်မြဗျ။ အဖေ့ခြေသလုံးဖက်ပြီးတော့ကို သူ့ယောက်ျားကိုလွှတ်ပေးဖို့ တောင်းပန်တာဗျာ၊ အဖေကလည်း တစ်ခါတစ်လေတော့ သနားလို့လွှတ်ပေးလိုက်တာပေါ့၊ တစ်ခါတစ်လေကျတော့လည်း အဖေက
“ညည်းယောက်ျား၊ ဒီလောက်တော့ ခံပါလေ့စေ၊ ဒါမှ ဒီကောင်မှတ်မှာ”
ဆိုပြီး ထိပ်တုံးကြီးနဲ့ တစ်ရက်လောက်ခတ်ထားလိုက်တာ၊ အဲဒီမခင်မြက ဘာလုပ်တယ်မှတ်သလဲ သူ့ယောက်ျားဘေးနားမှာထိုင်ပြီး ရေတိုက်ရတာနဲ့၊ ထမင်းခွံ့ရတာနဲ့၊ တော်တော်ချစ်တတ်တဲ့ မိန်းမကြီးဗျာ။ အဲ၊ အဖေက ဦးတက်တူကြီးကိုလွှတ်ပေးလိုက်ပြီဆိုရင်လည်း ဦးတက်တူကြီးက အဖေ့ရှေ့တင် မခင်မြကို ပါးတွေနားတွေရိုက်တာဗျာ၊ လာတာနောက်ကျလို့တဲ့ဗျာ၊ ကဲ၊ ဒီလူကြီး ဘယ်လောက်လွန်သလဲဗျ။
(၂)
ကျုပ်တို့ရွာမှာတော့ ရိုမီယိုတို့ ဂျူးလိယက်တို့၊ ရွှေဟင်္သာမောင်နှံတို့လို ချစ်ခြင်းအကြောင်းတွေကို စာမဖွဲ့ကြပါဘူး၊ မခင်မြလောက်ချစ်တတ်ရဲ့လားဆိုပြီးတော့ပဲ စနောက်ကြတယ်။ ဒါပေမယ့်လည်း အဲဒီမခင်မြနဲ့ ဦးတက်တူကြီးတို့ ပေါင်းသင်းလာတာ ဆယ်နှစ်ပြည့်တော့မယ်ဆိုပေမယ့် ကလေးတစ်ယောက်မှ မထွန်းကားဘူးဗျ။
ဦးတက်တူရောက်လာတော့ ကျုပ်တို့ရဲ့တိတ်ဆိတ်အေးချမ်းတဲ့ရွာကလေးက ဆူညံနေရတယ်။ ရွာထဲမှာ မိုက်ပြီ၊ တိုက်ပြီ၊ ရိုက်ပြီဟေ့ဆိုရင် ဦးတက်တူကြီးထိပ်ဆုံးကပဲ၊ ဒီတော့ အဖေလည်း အလုပ်များတာပေါ့ဗျာ၊ အဖေဆိုရင် သူ့ကိုဆုံးမရတာ၊ အရေးယူရတာတောင်မှ မလုပ်ချင်တော့ဘူးတဲ့ဗျ၊ ကျုပ်တို့ငယ်ငယ်ကတည်းက ဆိုးလာတဲ့ဦးတက်တူကြီးဟာ ကျုပ်တို့လူပျိုပေါက်ဖြစ်တဲ့အထိ မလိမ်မာသေးဘူးဗျ၊ ဒီအတိုင်းပဲ။
တစ်ခါပေါ့ဗျာ၊ ကျုပ်အကိုကြီးနဲ့ကျုပ်နဲ့ ကြက်သွားတိုက်ကြတယ်၊ ကြက်တိုက်တယ်ဆိုတာက တရားမဝင်ဘူးပေါ့ဗျာ၊ ကျုပ်တို့ရွာရယ်၊ တန်းမြင့်ရွာရယ် အလယ်နားမှာ တောတန်းကလေးတစ်ခုရှိတယ်၊ အဲဒီထဲမှာ ကြက်ဝိုင်းခိုးထောင်ကြတာပေါ့ဗျာ၊ ကြက်ဝိုင်းဘယ်နေ့လုပ်မယ်ဆိုတာကို ကြက်တိုက်မယ့်သူတွေကိုပဲ အသိပေးထားတာပေါ့၊ ပုံမှန်အချိန်သွားလိုက်ရင် လူမရှိတဲ့တောအုပ်ကြီးပေါ့ဗျာ၊ ကြက်ဝိုင်းထောင်တဲ့နေ့ဆိုရင် စည်ကားနေတာပေါ့။
ကျုပ်အကိုအကြီးဆုံးက ကြက်တော့ဝါသနာပါတယ်ဗျ၊ ဒါပေမယ့် အဖေ့ရှေ့မှာတော့ ကြက်အကြောင်းမဟရဲဘူး၊ သူ့သူငယ်ချင်း ချစ်ကောင်းဆိုတာ ကြက်တိုက်ဝါသနာအိုးပေါ့၊ သူလည်း ချစ်ကောင်းနဲ့ပေါင်းပြီး ကြက်တစ်ကောင်မွေးထားတယ်၊ ချစ်ကောင်းဆီမှာ ခိုးမွေးတာပေါ့ဗျာ၊ ကျုပ်ကလည်း စပ်စပ်စုစုဆိုတော့ သိသွားတာပေါ့၊ ဒါနဲ့သူက ကျုပ်ကိုနှုတ်ပိတ်ခ နှစ်ဆယ်ပေးပြီးတော့ နှုတ်ပိတ်ခိုင်းထားတာပေါ့၊ ကျုပ်လည်း သူတို့နဲ့ ကြက်ဝိုင်းသုံးလေးဝိုင်းလိုက်သွားရင်း ကြက်ဝါသနာပါသွားတာပေါ့ဗျာ၊ သူတို့နိုင်ရင် မုန့်ဖိုးလည်းရသေးတာကိုး။
တစ်ရက်တော့ ကြက်ဝိုင်းမှာ ဦးတက်တူကြီးပါလာတယ်ဗျ။ ကျုပ်တို့က ငယ်ငယ်ကတည်းကကြောက်ပေမယ့် ကြီးလာတော့ သိပ်မကြောက်တော့ဘူးလေ၊ အိမ်ကိုခဏခဏလာနေရလို့လည်းမျက်မှန်းတန်းမိနေပြီပေါ့။
“ဟေ့၊ သူကြီးမင်းသားတွေ ကြက်လာတိုက်တယ်ဟေ့”
ဦးတက်တူအော်လိုက်တော့ အနားမှာရှိတဲ့သူတွေ ရယ်သွားကြတယ်ဗျ။
“မင်းတို့အဖေမိနေမှ မင်းတို့ကိုယ့်အိမ်ရှေ့မှာကိုယ်၊ ထိပ်တုံးစာမိနေပါအုံးမယ်ကွာ”
အကိုကတော့ ဘာမှဂရုမစိုက်ဖို့ပြောတယ်၊ ဒီလိုနဲ့ ကြက်တိုက်ကြတာပေါ့ဗျာ၊ တစ်ချီတော့ ဦးတက်တူနဲ့ အကို့ရဲ့ကြက်ဖ တိုက်ရမယ့်အလှည့်ဗျ၊ ဦးတက်တူကြက်ကလည်း ကြက်ကောင်းဗျ၊ ကျုပ်အကိုကြက်နဲ့ အပြန်အလှန်တိုက်ကြတာပေါ့ဗျာ၊ ပွဲကလည်း တော်တော်ကောင်းတာဗျ၊ လောင်းကြေးတွေတင် နှစ်ရာကျော်၊ သုံးရာရှိနေပြီ၊ ဒီလိုနဲ့တိုက်ရင်း ဦးတက်တူကြက်က အခြေအနေမကောင်းတော့ဘူး၊ ကြက်သမားချစ်ကောင်း လက်သပ်ပြီးမွေးပေးထားတဲ့ အကို့ကြက်ကို မယှဉ်နိုင်တော့ဘူးဗျ၊ ဒီအချိန်မှာ ဦးတက်တူက ဘာလုပ်သလဲဆိုတော့ ကြက်ဝိုင်းထဲဝင်ပြီး သူ့ကြက်ကို ဝင်ဆွဲတယ်ဗျာ၊ ကျုပ်တို့ညစ်တယ်ဆိုပြီးတော့ ပြသနာရှာတာပေါ့။
လူတွေကတော့ ဖြန်ဖြေပါတယ်၊ ဒါပေမယ့် ဦးတက်တူကြီးက မရဘူးဗျ၊ သူ့ကိုယ်သူလူမိုက်ဆိုပြီးတော့ ဖြဲချောက်နေတော့တာ၊
“ဟေ့ကောင်တွေ၊ မင်းတို့က သူကြီးသားတွေဆိုပြီးတော့ ညစ်ချင်တာလား”
ကျုပ်တို့ကတော့ ပြန်မတုံ့ပြန်ဘူးပေါ့ဗျာ၊ ချစ်ကောင်းကလည်း ကြက်နှစ်ကောင်ပိုက်လို့၊ ကျုပ်တို့ပြန်ကြမယ်ဆိုပြီး လုပ်တာပေါ့ဗျာ။
“ဟေ့ကောင်တွေ၊ မဟုတ်တာလုပ်ပြီး ဒီတိုင်းသွားလို့ရမလားကွ”
အကိုကြီးကလည်း လူငယ်ဆိုတော့ ပြန်ပြောတာပေါ့။
“ဒီမှာ ဦးတက်တူကြီး၊ ခင်ဗျားကြက်ချင်းမနိုင်လို့ လူကိုရန်ရှာမနေနဲ့ဗျ၊ ခင်ဗျားကြက်မဟန်တာ အားလုံးအသိ၊ ခင်ဗျားမကျေနပ်ရင် နောက်တစ်ပွဲဆက်တိုက်လို့ရတယ်ဗျ”
“အောင်မာ မင်းတို့က ညစ်ချင်တိုင်းညစ်ပြီးတော့ ဒီလိုလုပ်လို့ရမလားကွ”
ဦးတက်တူကြီးက အကို့အင်္ကျီစကိုဆွဲလိုက်တယ်၊ အကိုကလည်း လူငယ်ဆိုတော့ ဦးတက်တူကြီးရဲ့ မျက်နှာကိုအရင်ထိုးထည့်လိုက်တယ်၊ ဦးတက်တူကြီးက ဖြုံတောင်မဖြုံပါဘူးဗျာ၊ အကို့ကိုသူကပြန်ပြီးတော့ နားရင်းကိုပိတ်ရိုက်ထည့်လိုက်တာဗျာ၊ အုန်းခနဲမြည်သွားပြီးတော့ ကျုပ်အကိုကြီးမှာ တစ်ပတ်လည်ထွက်ပြီးတော့မှ မြေပေါ်ကိုဖင်ထိုင်လဲကျသွားသည်။ အကိုကြီးက ခေါင်းမူးသွားပုံရတယ်ဗျ၊ ချက်ချင်းတောင်ပြန်မထနိုင်ဘူး။
အကို့သူငယ်ချင်း ချစ်ကောင်းကလည်း ဝင်ထိုးတာပေါ့ဗျာ။ ဒါပေမယ့် လူမိုက်ကြီးနဲ့ဖိုက်ရတာဆိုတော့ ဘယ်နိုင်မှာလဲဗျ၊ ချစ်ကောင်းကိုလည်း ဦးတက်တူကြီးက လက်သီးနဲ့တစ်ချက်ထိုးထည့်လိုက်တယ်၊ ချစ်ကောင်းလည်း ယိုင်လဲကျသွားတယ်ဗျ၊ ကျုပ်လည်းအကိုထိတော့ဘယ်ရမလဲဗျာ၊ ဒါပေမယ့် ကျုပ်လိုငချွတ်ကလေးလောက်က ဦးတက်တူကြီးကို မနိုင်ဘူးဆိုတာသိတယ်၊ ဒါနဲ့ အနားကိုရှာကြည့်တော့ သစ်ကိုင်းတစ်ခုတွေ့တယ်ဗျ၊ သစ်ကိုင်းက တစ်လံလောက်ရှည်ပြီး လုံးပတ်ကလည်း လက်ကောက်ဝတ်လောက်ရှည်မယ်ဗျ၊ ကျုပ်လဲကောက်ကိုင်လိုက်တော့ သစ်ကိုင်းက တော်တော်မာမာပဲဗျာ၊ အဲဒါနဲ့ ဦးတက်တူကြီးဆီကိုပြေးပြီး ခေါင်းကိုတအားလွှဲရိုက်ချလိုက်တာပေါ့ဗျာ၊ ဦးတက်တူကြီးက ကျုပ်ကိုကျောပေးထားတာဆိုတော့ သူဘယ်သိမှာလဲ။
သစ်ကိုင်းက ဦးတက်တူရဲ့ နောက်စေ့တည့်တည့်ကို ရိုက်မိသွားတယ်။ ပြီးတော့ အဲဒီသစ်ကိုင်းက ဖြောင်းခနဲ ကျိုးကျသွားတယ်ဗျာ၊ ကျုပ်ရိုက်တဲ့အားကို ကျုပ်သိတယ်ဗျ၊ ဦးတက်တူကြီး သေရင်သေ၊ မသေရင်တော့ ရူးမှာပဲလို့တောင်မှ စိတ်ထဲတွေးလိုက်မိတယ်၊ ဒါပေမယ့်ဗျာ ဦးတက်တူကြီးက ကျုပ်ကိုလှည့်ကြည့်တယ်၊ သူ့မျက်လုံးကြီးကလည်း နီနေလို့ဗျ။ ကျုပ်ကိုစိုက်ကြည့်နေတာများ ကြောက်စရာကြီးဗျာ၊ နောက်တော့ ကျုပ်ခေါင်းကဆံပင်ကိုကိုင်ပြီးတော့ သူ့လက်သီးကြီးနဲ့ဆွဲပြီးထိုးလိုက်တာဗျာ၊ ကျုပ်လည်း သတိလစ်သွားတော့တာပေါ့။
သတိပြန်ရလာတော့ အိမ်ပြန်ရောက်နေပြီဗျ၊ နေလည်းအတော်စောင်းနေပြီ၊ အဖေက ဦးတက်တူကြီးတို့ကို ထိပ်တုံးခတ်ထားတယ်၊ “ဒီကောင်တွေကို ဒီညတော့ ခြင်စာကျွေးပစ်ရမယ်တဲ့” အကိုကြီးကလည်း အဖေ့နားမှာရပ်နေတယ်၊ ဒါနဲ့အဖေက အကိုကြီးမျက်နှာကို လက်သီးနဲ့ထိုးထည့်လိုက်တယ်ဗျ၊ အကိုကြီးနှာခေါင်းသွေးတွေပါ လျှံထွက်သွားတယ်၊ အဲဒီနောက်ပိုင်းကစပြီး အကိုကြီး ကြက်ဆိုတဲ့ ဝါသနာပျောက်သွားတာ သေသွားတဲ့အထိပဲဗျ၊ အဲဒီတုန်းက ကျုပ်မျက်လုံးကြီးကွင်းနေပြီးတော့ ဖူးယောင်ပြီးညိုမည်းနေတာဗျ၊ မသိရင် မျက်လုံးကြီးက ပေါက်ထွက်တော့မယ့်အတိုင်းပဲဗျာ။
အဖေက ကိုယ့်သားပေမယ့်လည်း အကိုကြီးကို ထိပ်တုံးခတ်လိုက်တယ်၊ ကျုပ်ကိုလည်း ကြံရာပါဆိုပြီး ထိပ်တုံးခတ်တယ်၊ ကျုပ်ဘေးမှာက ချစ်ကောင်းကိုခတ်ထားတယ်၊ ထိပ်တုံးက လေးယောက်လောက်တော့ အေးဆေးခတ်လို့ရတဲ့ ထိပ်တုံးဗျာ၊ ကျုပ်အဘိုးတို့ အင်္ဂလိပ်လက်ထပ်ကတည်းက သုံးလာတဲ့ဟာကြီးပေါ့။ တစ်ညလုံးခြင်တွေက တဝီဝီကိုက်နေတယ်၊ ကျုပ်တို့လည်း ငုတ်တုတ်ဆိုတော့ အိပ်လို့ဘယ်ရမလဲဗျာ၊ ဒါ့အပြင် ကျုပ်တို့ဒဏ်ရာတွေက ယောင်ကိုင်းပြီးတော့ နာကျင်လိုက်တာမပြောပါနဲ့၊ အကိုကြီးကတော့ ဦးတက်တူကြီးကို မကျေနပ်လို့ ပေစောင်စောင်နဲ့ကြည့်တယ်၊ ဦးတက်တူကြီးကတော့ ကျုပ်တို့ကိုကြည့်ပြီးတော့ မချိုမချဉ်မျက်နှာပေးနဲ့ဗျ၊ အဖေ့ကိုကြောက်ရလို့သာပေါ့၊ မဟုတ်ရင်တော့ အိမ်မှာတစ်ပွဲလောက် ထပ်ဖြစ်ကြအုံးမှာ၊ ထုံးစံအတိုင်းပါပဲ၊ မခင်မြမီးခွက်တစ်ခုနဲ့ရောက်လာတယ်။ သူ့ယောက်ျားကို ထမင်းခွံ့တယ်၊ ကြက်ကြော်တွေဘာတွေကျွေးတယ်၊ ခြင်ကိုင်မှာစိုးလို့ ပုဆိုးတစ်ပိုင်းနဲ့လဲ ယပ်ခပ်ပေးနေတာဗျာ၊ ကျုပ်တို့ကတော့ သူတို့ကိုကြည့်ပြီး သွားရည်ကျနေတာပေါ့၊ ဗိုက်ကလည်းဆာနေတာကိုး။
အမေကတော့ မနေတတ်ပါဘူး၊ ထမင်းဆင်းကျွေးချင်တယ်၊ ဆေးထည့်ပေးချင်တယ်၊ ဒါပေမယ့် အဖေ့ကိုကြောက်ရတယ်မဟုတ်လား၊ အဖေက “ဒီကောင်တွေ မှတ်လောက်အောင် လွှတ်ထားကွာ၊ ထမင်းတစ်နပ်ငတ်လို့ မသေပါဘူး” တဲ့၊ ကျုပ်တို့ကတော့ ခံပြင်းတာပေါ့ဗျာ၊ ထမင်းက တစ်နပ်မှမဟုတ်တာ၊ နေ့လည်စာလည်း မစားရသေးဘူးမဟုတ်လား။
နောက်တော့ အဖေက အောက်ဆင်းလာတယ်၊ မခင်မြအနားကိုလာပြီး
“မခင်မြ၊ ညည်းဒီလိုလုပ်နေတော့ နင့်လင်က ထိပ်တုံးခတ်ခံရတာကို ဟော်တယ်ရောက်နေတယ်လို့ ထင်နေတာပေါ့ဟ၊ ညည်းပြန်တော့”
“မပြန်နိုင်ဘူးသူကြီး၊ သူကြီးမကျေနပ်ရင် ကျုပ်ကိုပါ ထိတ်တုံးခတ်လိုက်”
အဲဒါသာကြည့်တော့ဗျာ၊ ဘယ်လောက်လင်ချစ်သလဲဆိုတာ၊ အဖေကလည်း စိတ်ပေါက်ပေါက်နဲ့ မခင်မြကိုပါ ထိပ်တုံးခတ်လိုက်တယ်ဗျာ၊ ဒါပေမယ့် မခင်မြကတော့ အပြုံးမပျက်ပါဘူးဗျ၊ အေးအေးဆေးဆေးပဲ သူ့ယောက်ျားဘေးနားမှာ အတူတူထိပ်တုံးခတ်ခံရတာတောင်မှ ပျော်နေသလားမသိပါဘူးဗျာ၊ နောက်ဆုံး မနက်မိုးလင်းတော့မှ ထိပ်တုံးကိုဖွင့်လိုက်တယ်၊ ကျုပ်တို့အားလုံးလည်းညောင်းနေတာ ကိုယ်တစ်ပိုင်းသေတော့မယ်၊ မခင်မြကတော့ ဦးတက်တူကြီး ကိုဖက်ပြီး လင်မယားနှစ်ယောက်ပြန်သွားတာများဗျာ၊ မပြောချင်တော့ပါဘူး။
(၃)
ကျွန်တော်လူပျိုပေါက်ဆိုတော့ ဦးဘသာကြီးနဲ့ ကျွန်တော်နဲ့အတော်ကလေးခင်နေကြပြီဗျ၊ ဦးဘသာလယ်က ကျွန်တော်တို့လယ်ရဲ့ အနောက်ဘက်ကပ်လျှက်ဆိုတော့ လယ်ထဲဆင်းရင်း ဦးဘသာရဲ့ လယ်စောင့်တဲကလေးဆီ သွားနေကျပေါ့၊ ဦးဘသာက နေ့လည်နေ့ခင်းဆို အဲဒီလယ်စောင့်တဲကလေးထဲမှ အနေများတယ်၊ တဲဆိုပေမယ့်ဗျာ၊ အမိုးကလည်း မလုံတလုံပါ၊ အကာကလည်း တစ်ဖက်ပဲရှိတယ်၊ ကျန်တာဟာလာဟင်းလင်းကြီး အထဲမှာတော့ ဝါးကွပ်ပျစ်ကလေးတစ်လုံးရှိတယ်။ ကျုပ်လည်း မခံချင်တာနဲ့ ဦးဘသာကြီးဆီကိုလာခဲ့တာပေါ့ဗျာ။
“မင်းတို့ မနေ့က တက်တူနဲ့ရန်ဖြစ်ကြတယ်ဆိုကွ”
ဦးဘသာက ရယ်ကျဲကျဲနဲ့ ကျုပ်ကိုလှမ်းမေးလိုက်တော့ ကျုပ်လည်းစိတ်ထဲမခံချင်ဖြစ်သွားတယ်။
“ဟုတ်တာပေါ့ဗျာ၊ ဒီလူကြီးက လူညစ်ကြီးူဗျ”
“ညစ်ရုံတင်ဘယ်ကမလဲကွ၊ တကယ်တော့ ဒီကောင်က တော်တော်ယုတ်မာတဲ့ကောင်”
ဦးဘသာကြီးက တော်ရုံလူကို မကောင်းမပြောတတ်ပေမယ့် ဦးတက်တူကို အဲဒီလိုပြောလိုက်တော့ ကျုပ်လဲထူးဆန်းသွားတာပေါ့ဗျာ၊ ဒါနဲ့ ဘာလို့လည်းဆိုပြီး မေးကြည့်ရတာပေါ့။
“သူက ဆေးစောင့်ကောင်းကောင်းရထားတာကွ၊ ဆေးဆိုပေမယ့်လည်း ကောင်းတဲ့ဆေးမဟုတ်ပါဘူးကွာ၊ သူ့ကျောကုန်းမှာ ဘီလူးခေါင်းကြီးတစ်ခု၊ သူ့ရင်ဘတ်မှာ ဘယ်ညာ ဘီလူးခေါင်းအသေးလေးနှစ်ခု ထိုးထားတယ်မဟုတ်လား”
ကျုပ်လည်းခေါင်းညိတ်လိုက်သည်။ ဦးတက်တူက အင်္ကျီကျွတ်နှင့်နေတာများသူမို့ ဘီလူးခေါင်းကို လူတိုင်းမြင်ဖူးသည်။
“အဲဒါ ဘီလူးသားပိုက်လို့ခေါ်တယ်ကွ၊ ကျောမှာဘီလူးအမေ၊ ရင်ဘတ်မှာ ဘီလူးကလေးတွေပေါ့၊ မကောင်းတဲ့အစီအရင်တစ်ခုပဲကွ၊ လူမိုက်တွေ၊ လူဆိုးတွေထိုးကြတဲ့ဆေးပေါ့ကွာ၊ အဲဒါထိုးထားရင် တုတ်ပြီးဓါးပြီးတယ်လို့ ပြောကြတာကွ”
ကျုပ်လည်း ဒီတော့မှ သဘောပေါက်သွားတယ်။
“ဘီလူးဆေးထိုးထားတော့ လူကလည်း ကြမ်းကြမ်းတမ်းတမ်းကြီးနဲ့ စိတ်ကလည်းကြမ်းနေတာပေါ့ကွာ၊ နောက်ပြီး တစ်ခုခုဆိုရန်ထောင်လာတာ ဘီလူးရဲ့သဘာဝကွ၊ မင်းမှတ်ထား၊ နောက်သူနဲ့သွားပြီးမဖြစ်နဲ့”
ကျုပ် တောက်တစ်ချက်ခေါက်လိုက်မိတယ်၊
“တော်တော်ယုတ်မာတဲ့လူဗျာ”
“ဒါတင်မကသေးဘူးကွ၊ သူ မခင်မြနဲ့ညားတာ ဘာကြောင့်လို့မင်းထင်သလဲ”
“မခင်မြက သူ့ကိုသိပ်ချစ်တာကိုးဗျ”
ဦးဘသာကြီးက ရယ်မောလိုက်တယ်ဗျ။
“မှတ်ထားကွ၊ အဲဒါ အိမ်မြှောင်ပီယဆေးလို့ခေါ်တယ်ကွ၊ အိမ်မြှောင်နဲ့ပီယမှော်သွင်းထားတာကွ၊ ဒါကြောင့်မို့ မခင်မြသူ့ကို မခွဲနိုင်ဖြစ်နေတာကွ”
အိမ်မြှောင်ပီယဆေးဆိုတော့ ကျုပ်လည်း သိချင်သွားတာပေါ့ဗျာ၊ ဒါနဲ့ဦးဘသာကြီးကို မေးကြည့်ရတယ်။
“အိမ်မြှောင်တစ်ကောင်ကိုဖမ်းပြီးတော့ ကိုယ်လိုချင်တဲ့သူရဲ့ နာမည်ကို မှိုင်းကိုင်စက္ကူမှာ ရေးရတယ်ကွ၊ ပြီးရင် အိမ်မြှောင်ရဲ့ ဝမ်းဗိုက်ထဲက ကလီစာတွေကိုအကုန်ထုတ်ပြီး ခုနက ရေးထားတဲ့စာရွက်ကိုထည့်ရတယ် ပြီးတော့ “ဥုံ ဥဘတု သွာဟ” ဆိုတဲ့ မန္တန်ကို (၃၇) ခေါက်ရွတ်ထားရတယ်၊ ပြီးရင် နေမပြဘဲ အခြောက်ခံထားရတယ်ကွ၊ လိုအပ်လာရင်တော့ကိုယ့်ရဲ့ လက်ဝဲဘက်ရင်အုံက သွေးကိုဖောက်ထုတ်ပြီး အဲဒီသွေးနဲ့ အိမ်မြှောင်ကောင်ကို သွေးရတယ်၊ သွေးပြီးသားရေကို ကိုယ်လိုတဲ့သူကိုတိုက်ကွ၊ တစ်သက်လုံးချစ်တယ်၊ မျက်နှာမမြင်ရရင်မနေနိုင်ဘူးကွ”
ကျုပ်လည်း ဦးဘသာကြီးပြောသည့် အစီအရင်များကို ခေါင်းထဲရိုက်သွင်းထည့်နေသည်။
“ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွ၊ အိမ်မြှောင်ပီယဆေးသုံးရင် သစ္စာရှိရတယ်၊ တစ်ယောက်ဆိုတစ်ယောက်ပဲ သုံးလို့ရတယ်ကွ”
ကျုပ်လည်း နောက်တော့ လယ်ထဲကပြန်လာခဲ့တယ်၊ အပြေးတစ်ပိုင်းနဲ့ကို ပြန်လာခဲ့တာဗျ၊ အိမ်ရောက်တော့ ခေါင်းထဲမှတ်မိတာတွေကို ဗလာစာအုပ်ထဲ ခဲတံတစ်ချောင်းနဲ့ ရေးမှတ်ထားလိုက်တယ်လေဗျာ၊ နောက်လိုရင် သုံးဖို့ဆိုပြီးတော့ ပေါ့၊ ဟား၊ ဟား။
ဒါပေမယ့် ဦးဘသာကြီးကတော့ ဦးတက်တူကြီးကို ဆုံးမပေးဖို့ပြောတော့ သူမလုပ်ချင်ဘူးတဲ့ဗျ၊ သူနဲ့ထိပ်တိုက်မတွေ့သရွေ့တော့ သူရန်မလုပ်ချင်ဘူးလို့ပြောတယ်။ ဦးတက်တူကြီးကလည်း လူလည်ဗျ၊ ဦးဘသာကြီးကိုတော့ သူက ရှောင်တယ်လေ။
(၄)
ဒါပေမယ့် တစ်နေ့တော့ သူတို့ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါရောဗျာ၊ အဲဒီနေ့က မိုးတွင်းကြီးဗျ၊ မိုးက တဖွဲဖွဲရွာနေတာ၊ ဦးတက်တူကြီးက နွားကြီးဆွဲသွားတယ်၊ ကျုပ်အထင်တော့ သတ်စားဖို့လား၊ ဘာလားပဲပေါ့။ ရွာပြင်ရောက်တော့ နွားကြီးကိုလွှတ်လိုက်ရောဗျ၊ နွားကြီးက ပြေးပြီး စိမ်းစိမ်းစိုစိုနဲ့ ပျိုးကြဲထားတဲ့ ဦးဘသာလယ်ထဲက စပါးတွေကို ဝင်ပြီးတော့ စားနေတာပေါ့၊ ဦးတက်တူကြီးကလည်း နွားကြီးစားနေတာကို မဟန့်ဘဲ သစ်ပင်အောက်မှာ အရက်ထိုင်သောက်နေသတဲ့ဗျာ။
ဦးဘသာကြီးက နွားကိုမြင်တော့ လယ်စောင့်တဲကနေပြေးလာတာပေါ့၊ သူလည်းအလုပ်များနေတော့ နွားကိုမမြင်လိုက်ဘူးတဲ့ဗျ။ နွားကြီးက စပါးပင်တွေ အတော်စားထားတာပေါ့ဗျာ၊ ဦးဘသာကြီးက လုံးဝမကျေနပ်ဘဲ ဦးတက်တူကြီးကို စပါးခင်းကိစ္စပြောတော့တာပေါ့။ အဲဒီနေ့က ကျုပ်လည်း လယ်ထဲရောက်နေတဲ့အချိန်ဗျ၊ လယ်ထဲမှာ ကျုပ်ရယ်၊ ကျုပ်ဘကြီးရယ်၊ ကျုပ်ညီတစ်ယောက်ရယ် ရှိနေတဲ့အချိန်ပေါ့၊ ဦးဘသာတို့ စကားများနေတာတွေ့တော့ ကျုပ်တို့လည်း သွားစပ်စုတာပေါ့ဗျာ။
“ဟေ့ကောင်တက်တူ မင်းနဲ့ငါ ရန်မဖြစ်ချင်ဘူး၊ မင်းနွားကိုပြန်ခေါ်သွား၊ ငါ့စပါးတွေကို မင်းလျော်ပေးရမယ်”
ဦးတက်တူက လက်ထဲ အရက်ပုလင်းကြီးကိုင်ထားသေးတယ်။
“ဘာဖြစ်လဲဗျာ၊ နွားပဲ လယ်ထဲကမြက်စားတာ ဆန်းသလားဗျ”
“ဟေ့ကောင်တက်တူ၊ လယ်ထဲမှာပေါက်နေတာ မြက်မဟုတ်ဘူးကွ၊ ငါ့စပါးပင်တွေကွ”
“ဟား၊ ဟား၊ စပါးဆိုတာလည်း မြက်ပါပဲဗျာ”
ဦးဘသာကြီး တော်တော်ဒေါသထွက်နေတယ်ဗျ၊ ဦးတက်တူကတော့ အရယ်မပျက်ဘူးဗျ။
“ဟေ့ကောင်တက်တူ၊ မင်းလူပါးမဝနဲ့နော်”
“ဘာလည်း ခင်ဗျားကြီးက မကျေနပ်ဘူးလား၊ မကျေနပ်ရင် ကျုပ်နဲ့ထိုးမလား”
ဦးတက်တူက လက်ထဲက အရက်ပုလင်းကိုပစ်ချလိုက်ပြီးတော့ ဦးဘသာရှေ့မှာ လက်သီးတပြင်ပြင်နဲ့ဟန်ရေးပြနေတာပေါ့ဗျာ၊ ဦးဘသာကတော့ ခါးထောက်ပြီးကြည့်နေတယ်။
“ဟေ့ကောင်တက်တူ၊ မင်းကိုငါကိုယ်တိုင်မထိုးဘူးဟေ့၊ မင်းကိုယ့်ဖာသာကိုယ် ပြန်ထိုးစမ်းကွာ”
အဲဒီလိုပြောပြီးတော့ ဦးတက်တူရဲ့ရင်ဘတ်ကို လက်ညှိုးထိုးလိုက်တာ ဦးတက်တူက သူ့မျက်နှာကိုသူ ဘယ်ဘက်လက်သီးနဲ့ထိုးလိုက်၊ ညာဘက်လက်သီးနဲ့ထိုးလိုက်နဲ့ ထိုးတော့တာပဲဗျို့၊ တခွပ်ခွပ်နဲ့ ခပ်လှမ်းလှမ်းကကျုပ်တို့တောင် အသံအကျယ်ကြီးကြားရတယ်ဗျ၊ သူ့မျက်နှာကြီးလည်း ယောင်ယမ်းလာပြီးတော့ မျက်ခုံးတွေလည်းကွဲပြီး သွေးတွေထွက်ကုန်ပါရော၊ ဒီတော့မှ ဦးဘသာက လက်ကိုပြန်ချလိုက်တယ်။
ဒီတော့မှ ဦးတက်တူလည်းရပ်သွားတယ်ဗျ၊
“ဟေ့ကောင်တက်တူ၊ ဒါတောင် ငါမင်းကိုဘာမှလုပ်ရသေးတာမဟုတ်ဘူးကွ၊ မင်းရဲ့ထိုးထားတဲ့ ဆေးစောင့်ကို မင်းကိုပြန်ထိုးအောင်ခိုင်းထားတာပဲရှိသေးတာကွ”
ဦးတက်တူတစ်ယောက် တော်တော်နာနေပုံရတယ်ဗျ၊ ချက်ချင်းနွားကြီးကိုဆွဲပြီးတော့ ရွာထဲပြန်သွားတော့တာပါပဲ၊ အဲဒီနေ့ကစပြီး ဦးတက်တူက ဦးဘသာကြီးကို သွားမထိရဲတော့ဘူးဗျ။
နောက်ပိုင်း ဦးဘသာကြီးပြန်ပြောတော့ ဘီလူးသားပိုက်အစီအရင်က တော်တော်ကြောက်ဖို့ကောင်းတာပဲဗျ၊ သူက အမေနဲ့သားကို ခွဲထားတဲ့ပုံစံမျိုးပေါ့ဗျာ၊ ဘီလူးတွေကလည်း တော်တော်ကြမ်းကြမ်းပဲ၊ ကောင်းကျိုးထက် ဆိုးကျိုးများတာပေ့ါဗျာ၊ ဦးတက်တူ အဲဒီဆေးတွေကို ဘယ်ကထိုးလာမှန်းမသိဘူးတဲ့၊ အဲဒီဆေးတွေထိုးပြီးတော့ သူ့အမေနဲ့အဖေ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ပြီးတော့ သူတို့ပစ္စည်းတွေကိုလည်း သူများက အပိုင်သိမ်းသွားလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားရတယ်လို့တော့ ပေတောရွာကလူတွေပြောတာ ကြားရတယ်ဗျ။
(၅)
အခုတော့ ဦးတက်တူကြီးမရှိတော့ပါဘူးဗျာ၊ ကျုပ်လည်း ကျုပ်မိန်းမနဲ့အိမ်ထောင်ကျသွားပြီးတော့ သိပ်မကြာပါဘူးသူလည်းသေသွားတာပဲ၊ အဲ၊ သူသေသွားတာကလည်း ထူးဆန်းတယ်ဗျ၊ ဘာလို့လဲဆိုတော့ သူ့မိန်းမ မခင်မြက သူ့ကိုပြန်ပြီးဓါးနဲ့ခုတ်သတ်လိုက်တာတဲ့၊ စာရေးဆရာသိချင်တယ်ဆိုရင်ပြောပြပါ့မယ်။
ဦးတက်တူက မခင်မြအသက်ကြီးလာလို့လားမသိဘူး၊ နောက်ထပ်မိန်းကလေးတစ်ယောက် ရှာတယ်တဲ့၊ သူကလည်း ရွာမှာ အချောဆုံးအလှဆုံးဆိုတဲ့ ကွမ်းတောင်ကိုင် မိမိုးကို မှန်းတာဗျာ၊ ဒါနဲ့ သူလုပ်နေကျ အိမ်မြှောင်ပီယဆေးနဲ့ လုပ်တာပေါ့၊ ဒါပေမယ့် မရတော့ဘူးဗျ၊ မိမိုးကိုကျတော့ ပီယဆေးက မစွမ်းတော့ဘူး၊ အဲဒီအချိန်မှာ မခင်မြရဲ့ ဆေးအစွမ်းကလည်း ပျယ်သွားတယ်ထင်ပါတယ်၊
တစ်ရက်တော့ မခင်မြက အိပ်ရာနိုးတော့ ဦးတက်တူကြီးကိုမြင်ပြီး လန့်သွားတယ်တဲ့၊ ဒီလိုရုပ်ဆိုးအကျည်းတန်တဲ့ လူ့ဘီလူးကြီးကို ငါပေါင်းနေတာပါလားဆိုပြီး အသိတရားဝင်ပြီးတော့ ထရံမှာထိုးထားတဲ့ ဓါးမကိုဆွဲဖြုတ်ပြီး ခုတ်လိုက်တာ ဦးတက်တူကြီး ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားတယ်ပေါ့ဗျာ။ မခင်မြကို ရွာကလူတွေက သနားကြတာပေါ့၊ ဒါပေမယ့် လူသတ်မှုဆိုတော့လည်း နောက်ဆုံး မခင်မြကို ရဲတွေဖမ်းသွားပြီး အချုပ်ထောင်ကျသွားပါလေရော၊ သူတို့အဖြစ်က သနားစရာလဲကောင်းပါတယ်ဗျာ၊ သနားစရာအကောင်းဆုံးကတော့ မခင်မြပေါ့ဗျာ၊ ဘုမသိဘမသိနဲ့ ဆေးအခပ်ခံရပြီး နောက်ဆုံး ဆေးပြယ်သွားတော့လည်း သူပဲထောင်နန်းစံသွားရတယ်မဟုတ်လားဗျာ၊ အခုထိ ကျုပ်တို့ရွာမှာ အပျိုလေးတွေဆိုရင် သူများကျွေးစာ၊ ပေးစာ မစားဖို့ တားမြစ်နေကြတုန်းဗျ။ “မခင်မြလိုဖြစ်မယ်နော်” ဆိုပြီးတော့ စကားတောင်တွင်နေပါတယ်ဗျာ။
ကဲ ဦးတက်တူအကြောင်းတော့ အဆုံးသတ်သွားပြီဗျာ၊ ဒီလူကြီးသေသွားတော့မှ ကျုပ်တို့အိမ်က ထိပ်တုံးကြီးလည်း အနားရသွားတော့တယ်ဗျာ၊ အင်းဗျာ၊ လူတစ်ယောက်သေတာ စိတ်မကောင်းစရာဆိုပေမယ့် ဦးတက်တူကြီးသေတော့ ကျုပ်တို့တွေပျော်လိုက်ကြတာဗျာ၊ စိတ်ထဲကြိတ်ပြီး ဝမ်းသာလိုက်ကြတာ၊ ဦးဘသာပြောတဲ့ အိမ်မြှောင်ပီယဆေးကိုတော့ ကျုပ်အဲဒီကတည်းက မစမ်းဝံ့တော့တာပဲဗျို့။
ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့ကျရင်တော့ ကျုပ်ဦးဘသာကြီးဆီကနေ ပညာသင်ခဲ့တဲ့အကြောင်းလေးတွေ ပြောပြချင်သေးတယ်ဗျာ။
ုပြီးပါပြီ။