အတွဲ(၅) စာစဉ်(၁၁)
(၁)
“ဖြစ်ပါ့မလားအောင်ရှိန်ရာ ဘုရားပျံဂိုဏ်းဆိုတာ အထက်လမ်းဂိုဏ်းလေကွ၊ ပြီးတော့ ငါကစုန်းမဟုတ်လား”
ဦးအောင်ရှိန်အပြောကို ချောချောတစ်ဖြစ်လဲ ဦးဘသာက အကြောက်အကန်ငြင်းရှာတယ်ဗျ၊ ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း
“ဖြစ်ပါတယ်ကွာ၊ ငါပြောပြမယ် သာဒင်ရ၊ ဘုရားပျံဂိုဏ်းဆိုတာက ဂိုဏ်းအဖွဲ့ဆိုတာထက် လမ်းစဉ်တစ်ခုပဲကွ၊ ဒီလမ်းစဉ်က အထက်လမ်းစဉ်မဟုတ်သလို အောက်လမ်းစဉ်လည်းမဟုတ်ဘူး၊ ဘုရားပျံတွေရဲ့တာဝန်က မကောင်းသူပယ်ဖို့ပဲကွ၊ ဘုရားပျံတွေရဲ့အဓိက ရန်သူကတော့ ငထေရှင်ဆိုတဲ့အဲဒီလူပဲဟေ့၊ ငထေရှင်ရဲ့ရန်ကို တွန်းလှန်ဖို့က ဘုရားပျံရဲ့တာဝန်ပဲ၊ ဒါပေမယ့် ရှေးကဘုရားပျံအဆက်ဆက်က ငထေရှင်ကိုလည်း စောင့်ကြည့်နေတဲ့အပြင် အားရင်အားသလို မကောင်းမှုလုပ်တဲ့စုန်းတွေ၊ ကဝေတွေ၊ အောက်လမ်းဆရာတွေကို တိုက်ခိုက်နှိမ်နင်းခဲ့ကြတာပဲ”
“မင်းပြောတာက ဟုတ်ပါတယ်အောင်ရှိန်ရာ၊ ဒါပေမယ့် ငါကစုန်းလေကွာ”
“စုန်းက ဘုရားပျံမဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူးကွာ၊ ဘုရားပျံတစ်ယောက်က တခြားဘယ်သူ့ကိုမဆို ဘုရားပျံအဖြစ်လွှဲပြောင်းပေးလို့ရတယ်ကွ၊ အခု ငါ့အခြေအနေနဲ့ပြောရရင် ငါကမစွမ်းနိုင်တော့ဘူး၊ ငါ့ရဲ့အသက်ကို အဓိဋ္ဌာန်နဲ့ဆက်ထားလို့သာ ရှင်နေတာ၊ ငါကသေလူဖြစ်နေပြီကွ၊ ဒါကြောင့် ဒီအတောအတွင်းမှာ ဘုရားပျံတစ်ယောက်ကို အမြန်လွှဲပြောင်းပေးပြီးတော့ ခုနစ်ရက်မပြည့်ခင် ငထေရှင်ကိုတားမှဖြစ်လိမ့်မယ်၊ ဟောဒီနံရံက ရုပ်ပုံတွေဆိုတာ ဘယ်တော့မှ မမှားဖူးသလို ဘုရားပျံတစ်ယောက်ရဲ့ဆုံးဖြတ်ချက်က မှားတယ်ဆိုတာ မရှိဘူး၊ ငါပြောတာကိုယုံစမ်းပါ သာဒင်၊ သုံးဆယ့်ရှစ်ယောက်မြောက်ဖြစ်ရမယ့်ဘုရားပျံက မင်းမှမင်းအစစ်ပဲ”
နောက်ဆုံးတော့ ဦးဘသာလည်း ခေါင်းညိတ်လိုက်တော့သဗျာ၊
“ကဲ ဒါဆိုရင် ငါဘာဆက်လုပ်ရမလဲ”
“တို့ဘုရားပျံဂိုဏ်းကိုတည်ထောင်ထားတာ ဟောဒီဓမ္မပါလရသေ့ကြီးပဲ သာဒင်ရေ၊ အရင်ဆုံး ရသေ့ကြီးနဲ့မင်းကိုပေးတွေ့ရမယ်”
ဦးအောင်ရှိန်က ပြောဆိုပြီးတာနဲ့ကျောက်ဆင်းတုကလေးကို ကုန်းကန်တော့တယ်ဗျာ။
“ဆရာရသေ့၊ ဘရသေ့ တပည့်တို့ရှေ့မှာ ကိုယ်ထင်ပြတော်မူပါ”
ဒီအခါ ကျောက်ဆင်းတုလေးခေါင်းပေါ်မှာ အလင်းလုံးကလေးတစ်လုံးပေါ်လာတယ်ဗျ၊ စစပေါ်လာခါစတုန်းကတော့ ဇီးသီးလောက်အရွယ်ပဲဗျာ၊ နောက်တော့ တဖြည်းဖြည်းနဲ့ကြီးလာပြီး ဥသျှစ်သီးအရွယ်၊ ဒီကနေ ဘောလုံးကြီးတစ်လုံးအရွယ်ဖြစ်သွားပါရောဗျာ။
ဦးအောင်ရှိန်က ကျုပ်တို့ဘက်ကိုလှည့်ပြီး
“ဟောဒါ ဘုရားပျံဂိုဏ်းရဲ့တည်ထောင်သူ ဓမ္မပါလရသေ့ကြီးပဲ၊ ငါကတော့ ဦးဖြူစင်လို့ခေါ်တယ်”
ကျုပ်နဲ့ဦးဘသာလည်း အံ့သြသွားတယ်။
“မင်းက ဒီအလင်းလုံးကြီးကို ဦးဖြူစင်လို့ခေါ်တာလား အောင်ရှိန်”
“ဟုတ်တယ် ဦးအောင်ရှိန်၊ ဒီအလင်းလုံးကြီးကို ကျုပ်တို့တွေ့ခဲ့ပြီးပြီဗျ”
ဦးအောင်ရှိန်က တော်တော်ထူးဆန်းသွားတဲ့မျက်နှာပေးနဲ့ အလင်းလုံးကြီးကိုကြည့်လိုက်တယ်။
“ဦးဖြူစင်၊ သူတို့တွေနဲ့ တွေ့ပြီးခဲ့ပြီလား”
အလင်းလုံးကြီးက ကြည်လင်ပြတ်သားတဲ့အသံသြကြီးနဲ့
“တွေ့ပြီးပြီ အောင်ရှိန်၊ တွေ့ရုံတင်မကသေးဘူး သူတို့အသက်ကို ငါကယ်တင်ထားလိုက်တာ၊ ဒီကောင်တွေကို ငထေရှင်ဝိညာဉ်နှုတ်တဲ့အချိန်မှာ ငါက သူတို့ဝိညာဉ်ကို ငါနေထိုင်တဲ့ဘုံကို ခနခေါ်ထားလိုက်တာပဲ”
“ဘရသေ့နဲ့တွေ့ပြီးပြီဆိုတော့ ကျုပ်အထူးပြောစရာမရှိတော့ပါဘူးဗျာ”
“မဟုတ်ဘူးဦးအောင်ရှိန်၊ ကျုပ်တို့ ဒီအလင်းလုံးကြီး အဲလေ . . ဘရသေ့နဲ့တွေ့ခဲ့တယ်ဆိုပေမယ့် သူဘယ်သူလဲဆိုတာ ကျုပ်တို့လုံးဝမသိခဲ့ဘူး”
အလင်းလုံးကြီးက တဟားဟားနဲ့ရယ်ရင်း
“မင်းတို့နှစ်ယောက်ကို ငါကဘာဖြစ်လို့ကယ်တင်ခဲ့တယ်ထင်သလဲကွ၊ တကယ်တော့ ဟောဒီကသာဒင်က ဘုရားပျံဖြစ်မယ်ဆိုတာ သိနေလို့ငါကယ်တင်ခဲ့တာပဲ၊ ငါ့ကို ဘယ်သူမှလွယ်လွယ်နဲ့တွေ့ခွင့်မရဘူး၊ ဘုရားပျံအဖြစ် ဖြစ်မယ့်လူတွေပဲ တွေ့ခွင့်ရကြတာကွ”
“ဟာ၊ ဒါ့ကြောင့်ကိုးဗျ”
“ဘုရားပျံဖြစ်မယ့်လူကို ကံကြမ္မာက ရွေးချယ်တဲ့ဆိုပေမယ့် အဲဒီကံကြမ္မာကို ငါကပဲဖန်တီးနေခဲ့တာပဲ၊ ဒါကြောင့် သာဒင်ရေ၊ မင်းဘုရားပျံဖြစ်ရမယ့်ကံကို ဘယ်တော့မှ သံသယမဖြစ်စမ်းပါနဲ့ကွာ”
ဒီအခါ အမေးအမြန်းထူတဲ့ကျုပ်က ထမေးပါရောဗျာ။
“နေပါအုံး ဘရသေ့ရဲ့၊ ဘုရားပျံဆိုတာဘာလဲ ငထေရှင်ဆိုတဲ့လူကရော ဘာလဲဗျာ”
“ဇာတ်ရည်လည်သွားအောင် အစအဆုံးရှင်းပြရတော့မကွာ၊ ဒီလိုကွ ငထေရှင်ဆိုတာ လူအစစ်မဟုတ်ဘူး၊ ဘီလူးပဲကွ၊ ဟိုးပုဂံခေတ် အလယ်လောက်ကပေါ့ကွာ၊ ပုဂံပြည်က အခုပုဂံနေရာမဟုတ်သေးဘူးကွ၊ တမ္ပဝတီလို့ခေါ်တဲ့ ပြည်ပဲရှိသေးတယ်၊ တမ္ပဝတီလို့ကို မင်းငခွေးဆိုတဲ့ မင်းကအုပ်ချုပ်နေတယ်ပေါ့ကွာ၊ ငထေရှင်ရဲ့အမေက သူကြွယ်တစ်ယောက်ရဲ့ကျွန်ပဲကွ၊ တစ်နေ့တော့ ကျွန်မကို ယာခင်းစောင့်ခိုင်းထားရင်း ဘုမ္မိယဘီလူးတစ်ကောင်နဲ့ သံဝါသပြုပြီး ပေါင်းသင်းမိပါရော၊ ဘီလူးက လုလင်အသွင်နဲ့ပေါင်းသင်းခဲ့တာပဲဖြစ်မှာ၊ သုံးရက်သုံးညတိတိပေါင်းသင်းပြီးတဲ့အခါ အဲဒီကျွန်မမှာ ဘီလူးနဲ့ရတဲ့ကိုယ်ဝန်ကျန်ခဲ့တယ်၊ ဘီလူးဆိုတော့ လူတွေလိုကိုးလလွယ် ဆယ်လဖွားမဟုတ်ဘဲနဲ့ အချိန်သုံးနှစ်တိတိကိုယ်ဝန်ဆောင်ခဲ့ရတယ်၊ နောက်ပြီးတော့ သားကလေးတစ်ယောက်မွေးတယ်ဆိုပါတော့၊ စနေသားကလေးဖြစ်လို့ သူ့နာမည်ကို ငထေရှင်လို့ပေးလိုက်တယ်”
“ဘရသေ့ပြောတာ ဟုတ်ရဲ့လားဗျာ၊ တုတ်ထိုးရာဇဝင်တွေများလား”
“အောင်မာ၊ ငါကမင်းကို ဘာဖြစ်လို့လိမ်ရမှာလဲကွ၊ သက္ကရာဇ်တိတိကျကျပြောမယ်ဆိုရင် သက္ကရာဇ်၅၇ ခုနစ်မှာ ငထေရှင်ကိုမွေးခဲ့တာပဲဟေ့”
“ဟုတ်ပါပြီ၊ ယုံပါပြီ၊ ဆက်ပြောပါအုံးဗျာ”
“ငထေရှင်က ဘီလူးနဲ့ရတာဖြစ်တဲ့အတွက် ခွန်အားအလွန်ကြီးတယ်၊ သာမန်လူတွေထက်ကို အဆပေါင်းများစွာသန်စွမ်းတယ်၊ သူ့အမေ ကျွန်မကြီးအလုပ်အကျွေးပြုတဲ့ သူကြွယ်ဆီမှာပဲ ကျွန်ငယ်အဖြစ်အလုပ်အကျွေးပြုနေတယ်ကွ၊ သူက သန်စွမ်းတဲ့လူဆိုတော့ သူ့ကို သူကြွယ်က မြင်းတွေထိန်းခိုင်းတယ်၊ ဒီလိုနဲ့ ငထေရှင်အသက်ဆယ့်ခြောက်နှစ်ရောက်တဲ့အခါမှာ မြင်းကျောင်းသွားရင်း သူ့အဖေရှိတဲ့ ယာခင်းအပြင်စားကျက်ကိုရောက်သွားတယ်၊ ဒီမှာ အဖေဖြစ်သူက လူယောက်ျားလာတယ်ဆိုပြီး ဖမ်းစားဖို့အလုပ်မှာ သူ့သားဖြစ်နေတာကိုသွားတွေ့လိုက်တယ်၊ သူ့သားနိမ့်ကျတဲ့ကျွန်ဖြစ်နေတာကို မမြင်လိုတာနဲ့ ဘုရင်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီး သားတော်ငထေရှင်ကို ယောက်ျားတွေတတ်အပ်တဲ့အတတ်ပညာတွေသင်ပေးတယ်၊ ဒါတွေတင်မကဘူး ဘီလူးတွေတပ်အပ်တဲ့ အစွမ်းတန်ခိုးတွေကိုလည်း သင်ကြားပေးလိုက်သေးတယ်”
“ဒါနဲ့ ငထေရှင်က ဘုရင်ဖြစ်ရောလားဗျ”
“ဘုရင်တော့ တန်းမဖြစ်သေးဘူးကွ၊ အသက်ဆယ့်ရှစ်နှစ်ရောက်တဲ့အခါ ဘုရင်ဖြစ်အောင်ကြံစည်မယ်ဆိုပြီးတော့ အစီအစဉ်လုပ်တယ်၊ ဒီအစီအစဉ်ကို ဦးဆောင်တဲ့လူကတော့သူ့အဖေ ဘီလူးကြီးပဲဟေ့၊ ဘီလူးကြီးနာမည်က ယဘူတေတဲ့ကွ၊ ဘီလူးမျိုးအများကြီးရှိတဲ့အထဲက သူတို့အမျိုးကို မြေဖုတ်ဘီလူးတွေလို့ခေါ်ကြတယ်၊ မြေတစ်ခုမှာ ပျော်မြူးနေထိုင်ကြတဲ့ ဘီလူးတွေပေါ့ကွာ၊ သူ့အဖေဘီလူးကြီး ယဘူတေက ရှစ်ကျိပ်သောမြေဖုတ်ဘီလူးတွေရဲ့ အကြီးအကဲဆိုပဲကွ”
“ဒါနဲ့ သူ့သားကိုခေါ်ပြီးတော့ သူကိုယ်တိုင်က သိင်္ဂသမြင်းအဖြစ် ဖန်ဆင်းလိုက်တယ်၊ သိင်္ဂသမြင်းဆိုတာက ခေါင်းမှာဦးချိုပါပြီးတော့ အလွန်လျှင်မြန်တဲ့မြင်းပျံပေါ့ကွာ၊ ဒီမြင်းက ရတနာထိုက်တဲ့မြင်းကွ၊ အဲဒီမြင်းကို ငထေရှင်က စီးပြီးတော့ တမ္ပဝတီပြည်ကိုသွားတယ်၊ မင်းဖြစ်နေတဲ့ မင်းငခွေးကို ဒီရတနာမြင်းဆက်သလိုက်တော့ မင်းငခွေးက အားရတော်မူပြီး မြင်းကိုလည်းသိမ်းလိုက်တယ်၊ ငထေရှင်ကိုတော့ မြင်းဇောင်းကိုကြီးကြပ်ရတဲ့ မြင်းခံအဖြစ်ခန့်လိုက်တယ်”
“အကွက်ကတော့ စေ့တယ်ဗျာ”
“ဒီမြင်းကို ငထေရှင်ကလွဲလို့ ဘယ်သူမှစီးမရဘူး၊ မြင်းက ရိုင်းနေတယ်၊ ဒါကြောင့် ငထေရှင်က မြင်းကိုယဉ်အောင်ထိန်းချော့တာကို မင်းငခွေးက အမြဲလာကြည့်တတ်တယ်၊ ဒီလိုနဲ့ ဘုရင်နဲ့တော်တော်ရင်းနှီးသွားတော့တယ်၊ ဘုရင်ရဲ့မိဖုရားတစ်ဦးကလည်း ငထေရှင်နဲ့ဖောက်ပြားမိပြီးတော့ ငထေရှင်ထီးနန်းရဖို့ သူကူညီမယ်ဆိုပြီးတော့ ပြောရောဟေ့”
“ဟာ၊ အတွင်းလူပါတယ်ဆိုတော့ ပြီးပြီပေါ့ဗျာ”
“အေးပေါ့ကွာ၊ ဒီလိုနဲ့ သုံးနှစ်သုံးမိုးတိတိ မင်းငခွေးကိုအယုံသွင်းပြီးတဲ့အချိန်မှာ သိင်္ဂသမြင်းက ယဉ်ပါးသွားပြီဖြစ်လို့ မင်းမြောက်တန်ဆာငါးပါးဝတ်ပြီး စီးနင်းနိုင်ပြီလို့ မင်းငခွေးကိုလျှောက်တင်တယ်၊ မင်းငခွေးကလည်း အားရတာနဲ့ မင်းမြောက်တန်ဆာငါးပါးဝတ်ပြီး မြင်းကိုစီးပါရောဟေ့၊ ဒီအခါ မြင်းက မင်းငခွေးကိုခေါ်ပြီး နန်းတော်အပြင်ဘက်ရောက်အောင် ကျော်ပြီးပြေးပါရော၊ မြင်းကလည်း မြင်းအစစ်မှမဟုတ်တာကွာ၊ ငထေရှင်ကလည်း မြင်းနောက်လိုက်တယ်ဆိုပြီး အနောက်ကနေလိုက်သွားသတဲ့၊ မြေဖုတ်ဘီလူးတွေရှိတဲ့နေရာရောက်တော့ ငထေရှင်က မင်းငခွေးကို အစိမ်းလိုက်ကိုက်ဖြတ်စားသောက်ပြီးတော့ မင်းမြောက်တန်ဆာငါးပါးဝတ်ပြီး ရတနာမြင်းစီးလို့ နန်းတော်ကိုပြန်လာပါရောကွာ၊ သူ့အဖေ ယဘူတေကလည်း သူ့နောက်လိုက်နောက်ပါ မြေဖုတ်ဘီလူးတွေကို မြင်းအဖြစ်ယောင်ဆောင်စေပြီးခေါ်လာခဲ့ပါရော၊ ဒီလိုနဲ့ ညနေနေဝင်ရီတရောလောက်အချိန်မှာ ငထေရှင်က နန်းတော်ထဲကို ဘုရင်အသွင်နဲ့ တစ်ခါတည်း ဝင်ချသွားတော့တာပဲဟေ့”
“တော်တော်ရဲတဲ့လူဗျာ”
“နန်းတော်ထဲကလူတွေက မင်းငခွေးပဲထင်တာပေါ့၊ ဒါပေမယ့် မိဖုရားခေါင်ကြီးက မင်းငခွေးမဟုတ်မှန်းသိတယ်၊ ဒီအခါ ငထေရှင်က မင်းငခွေးကို သတ်ပစ်ပြီး တမ္ပဝတီထီးနန်းကို သိမ်းပိုက်တယ်လို့ကြေငြာလိုက်ပါရော၊ ဒီမှာ မခံမရပ်နိုင်ဖြစ်တဲ့ မင်းချင်းတွေက ငထေရှင်ကိုတိုက်ခိုက်ကြပါရော၊ ဘီလူးတွေဆီက အတတ်ပညာတွေကိုတတ်တဲ့ ငထေရှင်ကို ဘယ်တိုက်ခိုက်နိုင်ပါ့မလဲ၊ ငထေရှင်က ဒီလူတွေကိုသတ်ဖြတ်ပြီး သူနဲ့မပူးပေါင်းတဲ့ မူးမတ်တွေအကုန်လုံးကို သတ်ပစ်မယ်လို့ခြိမ်းခြောက်ပြီးတော့ မိဖုရားခေါင်ကြီးကို အစိမ်းလိုက်ဝါးစားပြန်သတဲ့၊ မူးမတ်တွေလည်းကြောက်တာနဲ့ ငထေရှင်ကိုမင်းမြှောက်လိုက်ရပါရောဟေ့၊ မမြှောက်လို့လည်းမရဘူးလေ၊ နန်းတော်အပြင်မှာ ဘီလူးရှစ်ကျိပ်ကလည်း အသင့်စောင့်ပြီးဝိုင်းထားပြီကိုး မင်းမဖြစ်ခင်က မြင်းထိန်းလုပ်ပြီး မြင်းစာကျွေးခဲ့ရလို့ သူ့ကိုလူတွေက မြင်းကျွေးမင်းလို့ခေါ်ကြတယ်ဆိုပါတော့”
“နန်းသိမ်းတာလည်း ပိုင်လိုက်တာဗျာ၊ သူတို့ကျ ဘုရင်ဖြစ်တာ တယ်လွယ်တာကိုးနော်၊ ခပ်တည်တည်နဲ့ပုလ္လင်ပေါ်တက်ထိုင်ပစ်လိုက်တာပဲဗျာ”
“မပြီးသေးဘူးကွ၊ ဇာတ်လမ်းက အခုမှစတာ၊ ငထေရှင်ဘုရင်ဖြစ်တော့ ဘီလူးတွေကို လူတွေနဲ့အတူတူနေထိုင်ခွင့်ပေးလိုက်သကွာ၊ အဲဒီမှာအနယ်နယ်အရပ်ရပ်က ဘီလူးတွေ တမ္ပဝတီကိုရောက်လာပြီး ရပ်ရွာတည်ဆောက်ပြီးနေကြပါရော၊ ငထေရှင်ရဲ့လက်ရုံးတပ်တွေမှာလည်း ဘီလူးတွေချည်းခန့်ထားသတဲ့၊ ဒါနဲ့ ဝေသာလီပြည်ကိုဘီလူးကျသလို တမ္ပဝတီပြည်ကြီးလည်း ဘီလူးကျပါလေရောကွာ၊ ပိုဆိုးသွားတာက ငသန်ပျင်ဆိုတဲ့ အောက်လမ်းမိစ္ဆာကောင်ကြီးကို ပုရောဟိတ်ခန့်မိတာပဲ”
“ငသန်ပျင်ဆိုရင် အရိပ်ဘုရင် ငသန်ပျင်ဆိုတာများလား၊ အဲဒါက ဟောဒီက ဦးဘသာကိုယ်ထဲရောက်နေပြီလေဗျာ”
“ငထေရှင်ဘုရင်ဖြစ်တော့ ဘီလူးကိုးကွယ်မှုစတင်လာတယ်၊ လူတွေကိုလည်း စိတ်ကြိုက်ဖမ်းဆီစားသောက်လာခဲ့တယ်၊ ငထေရှင်ကိုယ်တိုင်လဲ ဘီလူးကြီးတစ်ကောင်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်၊ အဲဒီအချိန်မှာ သူက သူ့အဖေ ယဘူတေရဲ့ သန်လျက်ပဲ၊ သူစွမ်းတယ်ဆိုတာ သူ့အဖေရဲ့တစ်ဝက်တောင်မရှိဘူးမဟုတ်လား၊ သူ့အဖေကလည်း သန်လျက်အစွမ်းနဲ့ ဘီလူးတွေကိုအုပ်ချုပ်နေတယ်ဆိုတော့ အဲဒီသန်လျက်ကိုရလိုဇောနဲ့အဖေအရင်းဖြစ်သူကို ဥပါယ်တံမျဉ်နဲ့ လုပ်ကြံသတ်ဖြတ်ပြီး သံလျက်ရခဲ့တာပဲ”
“ဟုတ်ပြီဗျာ၊ ကျုပ်သဘောပေါက်ပြီ၊ ဒါဆို ရွှေဆံတော်ဘုရား ငှက်ပျောဖူးက ကျုပ်ယူပေးခဲ့တဲ့သန်လျက်က လက်စသတ်တော့ ယဘူတေရဲ့သန်လျက်၊ သူ့အဖေရဲ့သန်လျက်ပေါ့”
“ဒါပေါ့ကွာ၊ ဖအေအရင်းကိုပြန်သတ်ပြီး ဆိုးချင်တိုင်းဆိုးနေတဲ့ ငထေရှင်ကြောင့် လူတွေအတော်ဘေးဒုက္ခရောက်ကုန်ကြတယ်၊ ဒါကြောင့်မို့လို့ နတ်သိကြားတွေက ငထေရှင်ကိုနှိပ်ကွပ်ဖို့အတွက် ငါ့ကိုတာဝန်ပေးအပ်ခဲ့တယ်၊ ငါက ဝေဘူလတောင်မှာ တစ်ပါးတည်းကျင့်စဉ်ကျင့်နေတဲ့ ပါလရသေ့ကြီးပဲ၊ ဟောဒီမင်းကိုင်ထားတဲ့ ကသစ်ဖြူသားတောင်ဝှေးရယ်၊ သင်္ကန်းနက်သား ပုတီးနဲ့ သံရှင်ဓါတ်လုံးကိုပေးသနားခဲ့တာပေါ့၊ ငါဒီလက်နက်သုံးမျိုးအစွမ်းနဲ့ တမ္ပဝတီပြည်က ငထေရှင်ကိုတိုက်ခိုက်ဖို့လုပ်ရပါရော၊ ခက်တာက ငထေရှင်ကို ငါတစ်ယောက်တည်းဆိုရင် မနိုင်ဘူးလေ၊ ဒီအတွက် လူရှာကြည့်တော့၊ အဖကိုပြန်သတ်ပြီး လုပ်ချင်တိုင်းလုပ်နေတဲ့ငထေရှင်ကို စက်ဆုပ်ရွံရှာနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသကွ၊ အဲဒီလူကတော့ တခြားသူမဟုတ်ဘူး၊ ငထေရှင်ရဲ့ ပုရောဟိတ်ကြီး ငသန်ပျင်ပဲ”
“ဟာဗျာ၊ ဒါဆို ငသန်ပျင်နဲ့ဘရသေ့နဲ့က မဟာမိတ်တွေပေါ့”
“ဟုတ်တယ်၊ ငသန်ပျင်ရဲ့အကူအညီနဲ့ ငါမြို့တွင်းကိုထွင်းဖောက်ဝင်နိုင်ခဲ့တယ်၊ မြို့အတွင်းကိုဝင်ပြီးတော့ ဘီလူး၊ သရဲ၊ သဘက်၊ စုန်း၊ ကဝေပေါင်း ကိုးထောင်ကျော်ကို သုတ်သင်နိုင်ခဲ့တယ်၊ ဒါပေမယ့် ငါနန်းတွင်းထဲဝင်သွားချိန်မှာတော့ ငထေရှင်က ငသန်ပျင်ကိုသတ်ဖြတ်ခဲ့ပြီးပြီ”
“ဒါဆိုရင် ဘရသေ့က ငထေရှင်ကို မသတ်နိုင်ခဲ့ဘူးပေါ့”
“ငထေရှင်ရဲ့ရုပ်ခန္ဓာကို သတ်ဖြတ်နိုင်ပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်ကတော့လွတ်မြောက်သွားခဲ့တယ်၊ ပြီးတော့ ဘုမ္မိယဘီလူးဖြစ်တဲ့အတွက် မြေအောက်မှာ ပုန်းခိုနေနိုင်ခဲ့တယ်၊ ငထေရှင်ပြန်လာမယ်မှန်းသိတဲ့အတွက် ငထေရှင်ကိုဆက်လက်သုတ်သင်နိုင်ဖို့ ကြိုးစားခဲ့တယ်၊ ဒီအတွက် ဘုရားပျံဂိုဏ်းကိုတည်ထောင်ခဲ့ပြီး ငထေရှင်ကို ခေတ်အဆက်ဆက်လိုက်လံခြေမှုန်းဖို့ တာဝန်ပေးခဲ့တာပဲ”
“ဘရသေ့တောင် ငထေရှင်ကို မသတ်နိုင်တာ ဦးဘသာက နိုင်ပါ့မလားဗျ”
“နိုင်နိုင်တယ်ကွ၊ အရင်က ငထေရှင်ရဲ့နောက်ကြောင်းကို ငါမသိခဲ့ဘူး၊ ငထေရှင်က ဘဝတစ်ခုမှာ ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းလှူခဲ့ဖူးတယ်၊ အဲဒီဘဝက သူက စစ်သူကြီးတစ်ပါးပေါ့၊ ဆွမ်းလှူပြီးတောင်းတဲ့ဆုကတော့ ဖြစ်လေရာဘဝမှာ သူ့ကိုဘယ်ယောက်ျားမှ သတ်ဖြတ်လို့မရပါစေနဲ့ဆိုပြီးတောင်းခဲ့တာ၊ စစ်တိုက်တယ်ဆိုတာကလည်း ယောက်ျားတွေချည်းတိုက်တာမဟုတ်လားကွာ၊ အဲဒီဆုတောင်းကြောင့် ဖြစ်လေရာဘ၀ သူ့ကိုယောက်ျားတွေက သတ်ဖြတ်လို့မရခဲ့တာပဲ”
“ဒါဆိုရင် ဒီတစ်ခါ တကယ်နိုင်ပြီပေါ့နော်”
“သေချာတာကတော့ သာဒင်က မိန်းမဖြစ်နေပြီ၊ ငသန်ပျင်လည်း သူ့ကိုယ်ထဲမှာရှိနေပြီ၊ သာဒင်သာ ဘုရားပျံဖြစ်ဖို့ပဲလိုတော့တာ၊ ဒီပွဲက ငါတို့ရဲ့နောက်ဆုံးတိုက်ပွဲပဲ အလတ်ကောင်”
“ကျုပ်တို့တိုက်ရင်း ဟိုတစ်ခါလိုထွက်ပြေးသွားရင် ဘယ့်နှယ့်လုပ်မလဲဗျာ”
“အဲဒါကို ငသန်ပျင်က ကြည့်ရှင်းပါလိမ့်မယ်၊ ငသန်ပျင်ကိုသာ ငထေရှင်က အရင်မသတ်ခဲ့ဘူးဆိုရင် တမ္ပဝတီမှာကတည်းက ငထေရှင်အသက်ဆုံးခဲ့ပြီပေါ့”
ဦးဘသာက ဒီတော့မှခေါင်းညိတ်တယ်။
“ကောင်းပြီဗျာ၊ ဒီလောက်ဆိုးသွမ်းတဲ့ငထေရှင်ကို နှိမ်နင်းဖို့အတွက် ကျုပ်ဘုရားအဖြစ်ခံယူပါ့မယ်”
“သေချာရဲ့လား သာဒင်”
“သေချာပါတယ်”
“ဘုရားပျံထဲဝင်ပြီးသွားတော့မှ နောက်ပြန်လှည့်လို့မရဘူးနော်”
“စိတ်ချစမ်းပါဗျာ”
ဒီအခါ ဦးအောင်ရှိန်က ဦးဘသာကို ဒူးထောက်ထိုင်ခိုင်းလိုက်ပြီးတော့
“ဘုရားပျံရသေ့ကြီး ဓမ္မပါလကို လျှောက်ထားအပ်ပါသည်ရသေ့ကြီး၊ ဘုရားပျံဂိုဏ်းရဲ့ ထုံးစံအရ၊ ဘုရားပျံတစ်ယောက်မှ တစ်ယောက်သို့လွှဲပြောင်းပေးအပ်ပါတော့မည်။ ယခုသာဒင်အမည်ရ သောကြာသားဟာ ဘုရားပျံများရဲ့လမ်းစဉ်ကိုလိုက်နာပြီး ဘုရားပျံဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်သည့် စိတ်ဆန္ဒနှင့်အညီ အကျွနု်ပ်ကလည်း သာဒင်အား ဘုရားပျံဂိုဏ်းအတွင်းသို့ သွပ်သွင်းစေလိုပါသဖြင့် ရသေ့ကြီးအနေနဲ့ သာဒင်အား ဘုရားပျံတစ်ယောက်အဖြစ် လက်ခံပေးပါရသေ့ကြီးခင်ဗျား”
ဦးအောင်ရှိန်က ပြောဆိုပြီးတော့ ဦးဘသာကို ကန်တော့ခိုင်းလိုက်တယ်ဗျာ၊ ဦးဘသာက သုံးကြိမ်သုံးခါ ကန်တော့ပြီးတဲ့အချိန်မှာ
“ကဲ ဒုတိယအဆင့်ကတော့ ဟောဟိုမှာထိုင်နေတဲ့ ဘုရားပျံကြီးတွေဆီကနေ ပညာတွေတောင်းယူရမယ် သာဒင်၊ ဘုရားပျံကြီးတွေ တစ်ယောက်ချင်းစီရှေ့မှာထိုင်ချပြီးတော့ ပညာတောင်းပေတော့၊ မင်းနဲ့ကံစပ်တဲ့လူက မင်းကိုပညာပေးလိမ့်မယ်”
ဦးဘသာက တန်းစီထိုင်နေတဲ့လူကြီးတစ်ယောက်ရဲ့အရှေ့မှာ ထိုင်ချလိုက်တယ်ဗျ။
“ဆရာကြီးခင်ဗျ၊ ဆရာကြီးတတ်ကျွမ်းထားတဲ့ ပညာအစွမ်းတွေ ကျွန်တော့်ကိုပေးတော်မူပါ”
ဦးဘသာပြောလိုက်တာနဲ့ ထိုင်နေတဲ့လူကြီးက မျက်တောင်ပွင့်သွားပြီးတော့ ဦးဘသာကိုစိုက်ကြည့်တယ်ဗျ၊ စိုက်ကြည့်နေရင်း သူ့မျက်လုံးကနေ ရွှေရောင်ငွေရောင်အမျှင်တန်းကလေးတွေက ဦးဘသာမျက်လုံးထဲကိုတိုးဝင်သွားပါရောဗျာ၊ တစ်ချိန်တည်းမှာပဲ ကျန်တဲ့ဘုရားပျံကြီးတွေအကုန်လုံး ခေါင်းတွေစောင်းလာကြပြီး ဦးဘသာကိုစိုက်ကြည့်တယ်၊ သူတို့အားလုံးရဲ့ကိုယ်ထဲကနေလည်း ရွှေရောင်ငွေရောင်တွေထွက်လာကုန်ကြပါရော၊ ဘုရားပျံဖြစ်ခဲ့တဲ့ ဦးအောင်ရှိန်တောင်မှ တော်တော်အံ့သြလို့ရယ်ဗျ။
“ဟာ၊ ပညာတွေ၊ ပညာတွေ၊ ဘုရားပျံကြီးတွေဆီက ပညာတွေအကုန် မင်းရခဲ့တာပဲသာဒင်ရေ”
ဦးဘသာက မတ်တပ်ထရပ်လိုက်တော့ ဦးအောင်ရှိန်က သူ့လည်ပင်းမှာ ဆွဲထားတဲ့ပုတီးကုံးကိုဖြုတ်ပေးတယ်။
“ဟောဒါ သင်္ကန်းနက်နဲ့လုပ်ထားတဲ့ပုတီးပဲ၊ ဘုရားပျံတွေအတွက်တော့ အကာအကွယ်လုံခြုံရေးအဖြစ်နဲ့ အသုံးပြုနိုင်တယ်၊ အဆင့်နိမ့်တဲ့ စုန်းတိုက်၊ ကဝေတိုက်၊ ပယောဂမျိုးဆိုရင် ဒီပုတီးဆွဲထားတာနဲ့တင် ကာကွယ်ပြီးဖြစ်တယ်”
နောက်တော့ သူ့လက်မှာစွပ်ထားတဲ့ လက်စွပ်ကလေးကိုချွတ်ပြီး ဦးဘသာလက်ညှိုးမှာဝတ်ပေးလိုက်တယ်၊ လက်စွပ်ကလေးရဲ့အလယ်မှာတော့ ခဲရောင်အလုံးကလေးတစ်လုံးပါသဗျ။
“ဒါကတော့ နတ်မင်းကြီးတွေရဲ့ ဓါတ်ပေါင်းဖိုကနေထွက်တဲ့ သံရှင်ဓါတ်လုံးပဲ၊ မင်းအလိုရှိရာ အသုံးပြုနိုင်တယ်”
နောက်ဆုံးတော့ ကျုပ်လက်ထဲကိုင်ထားတဲ့ တောင်ဝှေးကိုလှမ်းတောင်းပြီး ဦးဘသာကိုပေးလိုက်တယ်။
“ဒီတောင်ဝှေးကတော့ နတ်ပြည်က ကသစ်ဖြူသားနဲ့လုပ်ထားတယ်လို့ပြောတယ်ကွ၊ လိုရာသုံးပေါ့ကွာ”
ဦးဘသာကို ဦးအောင်ရှိန်က လက်နက်တွေတပ်ဆင်ပေးလိုက်ပြီဗျ၊ အလင်းလုံးကြီးက နိမ့်ချည်မြင့်ချည်လုပ်ရင်း
“ငထေရှင်သေဖို့အတွက်ဆိုရင် ကြာသပတေးကြယ်က လကိုဖောက်ထွင်းဝင်ရောက်ရလိမ့်မယ်”
“အဲဒါဘယ်အချိန်လဲ”
“မနက်ဖြန်ည သန်းခေါင်ကျော်အချိန်မှာ လကိုကြာသပတေးကြယ်က ထိုးဖောက်လိမ့်မယ်”
“ဒါဆို ကျုပ်တို့မနက်ဖြန်ပဲ ငထေရှင်ကို အပြီးတိုင်အဆုံးသတ်ပေးရမှာပေါ့”
“ပြောတာကတော့ လွယ်တယ်ဗျ၊ ဒါပေမယ့် ငထေရှင်ကရော ဒါကိုမသိဘဲနေမလား”
“ငထေရှင်က သူ့အိမ်ထဲကြာကြာမပုန်းနိုင်ပါဘူးကွာ၊ လကိုကြယ်ခွင်းတယ်ဆိုတာ သူ့ရဲ့သေချိန်ဆိုတာ သူလည်းသိထားပြီးသားပါ၊ အဲဒီသေချိန်မှာပဲ သူက ရှင်သန်ထမြောက်လာလိမ့်မယ်”
“ဘယ်လိုရှင်သန်မှာလဲ ဘရသေ့”
“ပြည်လမ်းနံဘေးမှာ ချပ်သင်းတောဆိုတာရှိတယ်၊ အဲဒီတောကြီးထဲမှာ တောင်ကုန်းတစ်လုံးရှိတယ်၊ အဲဒီတောင်ကုန်းအောက်မှာ ဘီလူးသိုက်ရှိတယ်၊ ဘီလူးသိုက်တောင်မှ သူ့အဖေ ယဘူတေလိုမျိုး မြေဖုတ်ဘီလူးတွေနေတဲ့ ဘီလူးသိုက်ကွ၊ အဲဒီသိုက်ကို သူရထားတဲ့ ဘုရားစိန်ဖူးတော်စိန်သွားနဲ့ ဖောက်လိမ့်မယ်၊ မြေဖုတ်ဘီလူးတွေကို ထိန်းကြောင်းဖို့အတွက် သူ့မှာ သန်လျက်လည်းရှိနေပြီမဟုတ်လား၊ အဲဒီဘီလူးသိုက်ထဲမှာ ဘီလူးမင်းသားတစ်ပါးရဲ့ရုပ်အလောင်းရှိတယ်၊ ငထေရှင်က အဲဒီရုပ်အလောင်းထဲဝင်ပြီး မြေဖုတ်ဘီလူးတွေကို ဦးဆောင်ပြီး ဘီလူးတစ်ခေတ်ပြန်ဆန်းသစ်စေလိမ့်မယ်”
“ဒီလောက်သိနေတာများဘရသေ့ရယ်၊ ဘရသေ့ကိုယ်တိုင်ဆင်းလာပြီးတော့ ငထေရှင်နဲ့တိုက်ပါတော့လား”
“မရလို့ပေါ့ကွာ၊ ကာမ၊ ရူပ၊ အရူပဆိုတဲ့ ဘုံသုံးမျိုးရှိတဲ့အထဲမှာ အခုငါရောက်နေတဲ့ဘုံက အရူပဘုံလို့ခေါ်တဲ့ ရုပ်ခန္ဓာမရှိတဲ့ဘုံကွ၊ ရုပ်ခန္ဓာမရှိမှတော့ ငထေရှင်ကို ငါဘယ်လိုလုပ်ပြီးတော့ တိုက်လို့ရမှာလဲ၊ ဒါကြောင့် ငါက ဘုရားပျံလမ်းစဉ်ကို ထွင်ခဲ့တာပေါ့ကွာ”
ဦးဘသာက ကျုပ်ကိုလက်ကုပ်ပြီးတော့ နောက်ဆုတ်ခိုင်းလိုက်တယ်။
“ဒါဆို ကျုပ်တို့မနက်ဖြန်ည ငထေရှင်ဆီကိုသွားမယ်၊ ပြီးတော့ သူသိုက်မဖောက်ခင်မှာ သူ့ကိုတားကြရမယ်”
ကျုပ်ရော ဦးအောင်ရှိန်ရော ခေါင်းညိတ်လိုက်တယ်၊ အလင်းလုံးကြီးက နိမ့်ချည်မြင့်ချည်ဖြစ်ပြီးတော့ ပျောက်ကွယ်သွားတော့တာပါပဲဗျာ။
“ကဲ ကျုပ်တို့ပြန်ကြမယ်”
ဦးအောင်ရှိန်ကပြောပြီး ကြေးစည်ဝိုင်းကလေးထုတ်ကိုင်လိုက်တယ်။
“သာဒင်၊ ခင်ဗျားသွားချင်တဲ့နေရာကို အာရုံပြုစမ်းဗျာ”
ဦးဘသာက မျက်မှောင်ကြုတ်အာရုံပြုရင်း နောင်ဝေေ၀လို့အော်လိုက်တယ်ဆိုရင်ပဲ ကျုပ်တို့သုံးယောက်စလုံး မြေအောက်ကိုတစ်ရှိန်ထိုး ကျသွားပါလေရောဗျာ။
(၂)
အပြင်ရောက်တော့ မိုးတောင်လင်းနေပြီဗျ၊ ကျုပ်တို့ရောက်သွားတဲ့နေရာက အိမ်တစ်လုံးဗျ၊ အိမ်ထဲမှာလည်း လူတွေစည်လို့၊ ဒါနဲ့ဆက်လျှောက်လာခဲ့တော့ ဘသိုက်တို့အိမ်ဖြစ်နေသဗျာ၊ အိမ်ရှေ့မှာ ဘသိုက်အလောင်းကိုပြင်ပြီးစောင်တွေခြုံပေးထားကြတယ်၊ ဘေးနားမှာလည်း ဘသိုက်တို့မိသားစုတွေက ငိုယိုလို့ပေါ့ဗျာ။
အနားမှာ ကဝေရှင်ဘသောင်းကိုလည်းတွေ့လိုက်ရတယ်၊ ဘသောင်းကို ကျုပ်တို့ကို တအံ့တသြနဲ့ကြည့်ရင်း
“ခင်ဗျားတို့ ဘယ်ရောက်သွားကြတာလဲဗျာ”
ဦးအောင်ရှိန်က ဘာမှမပြောဘဲ
“ဘသိုက်ဆုံးသွားတာလား”
ဘသောင်းက ခေါင်းကိုအသာညိတ်ပြတယ်ဗျ။ ဦးဘသာက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီးတော့
“အဲဒါတွေအားလုံးက ငါ့ကြောင့်ပါကွာ”
“မဆိုင်ပါဘူး သာဒင်ရာ၊ ဒါတွေက ငထေရှင်ကြောင့်ပါကွ၊ ဘသိုက်အခုလိုသေရတာ ငထေရှင်သတ်တာ၊ သူ့ရဲ့အသက်သေဆုံးမှုကို အလဟဿမဖြစ်စေနဲ့ကွ၊ ငါတို့ငထေရှင်ကိုပြန်နှိမ်နင်းပြီး ဘသိုက်အတွက် လက်စားပြန်ချေရမယ်”
နေ့လည်လောက်ရောက်တော့ ဘသိုက်အလောင်းကိုမြေချပါရောဗျာ၊ ဘသိုက်က သေသာသေတယ်မျက်နှာက ပြုံးပြုံးလေးဗျ၊ ကျုပ်တို့လည်း သူ့ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ကြတာပေါ့ဗျာ၊ အရှေ့က ကြေးစည်ကြီးတနောင်နောင်ထုပြီးအနောက်က လိုက်ပို့ကြတယ်၊ ဘသိုက်က မျက်နှာမွဲဆိုတော့ လိုက်ပို့တဲ့လူတောင် သိပ်မရှိပါဘူးဗျာ၊ သူ့မိသားစုလောက်ပဲပါတာပါ၊ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့အခါ ကျုပ်တို့ သုဿန်တစ်ခုစီကိုရောက်လာခဲ့ကြတယ်၊ ဆင်းရဲသားသုဿန်ဆိုတော့ ဂူတောင်ရှားတယ်ဗျာ၊ အကုန်လုံးက မြေကျင်းတွေချည်းပါပဲ၊ ဘသိုက်အလောင်းကို မြှုပ်နှံပြီးတဲ့အချိန်မှာပဲ ကောင်းကင်မှာ တဝီဝီတဝေါဝေါနဲ့အသံတွေကြားရတယ်ဗျာ၊ ရုတ်တရက်မိုးမှောင်ကြီးလည်းကျလာပါရော၊ တိမ်မည်းကြီးတစ်လိပ်က မိုးပေါ်ကနေနိမ့်ကျလာတာမို့လို့ အသုဘပို့လာတဲ့လူတွေအကုန်လုံး ကြောက်ကြောက်နဲ့ထွက်ပြေးကုန်ကြတော့တယ်။
“ဟာ ဦးဘသာ၊ ဟိုဟာတိမ်တိုက်ကြီးပါလားဗျ၊ အသံတွေလည်းမြည်လို့နော်”
“အဲဒါတိမ်တိုက်မဟုတ်ဘူးကွ၊ ပိတုန်းကောင်တွေ”
“ဗျာ၊ ပိတုန်းတွေကလည်း များလိုက်တာဗျာ”
“ဒါရိုးရိုးပိတုန်းမဟုတ်ဘူးကွ၊ စုန်းတွေပဲ၊ ပိတုန်းယောင်ဆောင်ပြီးတော့ ငါတို့ဆီကိုပျံလာတာ၊ ကြည့်ရတာ ငါတို့ကိုတိုက်ခိုက်ဖို့နဲ့တူပါတယ်ကွာ”
“ဟာ၊ ဒါဆိုဒုက္ခပဲဗျာ၊ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
ဒီအခါ ဦးအောင်ရှိန်က
“မပူစမ်းပါနဲ့အလတ်ကောင်ရာ၊ ငါတို့မှာ အသစ်စက်စက်ပူပူနွေးနွေး ဘုရားပျံကြီးတစ်ယောက်ရှိပါတယ်ကွ”
“ဖြစ်ပါ့မလားဦးဘသာ၊ ပိတုန်းတစ်ကောင်က စုန်းတစ်ယောက်သာဆိုရင် စုန်းတွေထောင်ချီလာတာဗျနော်”
“ဒါကို ပိတုန်းသိုက်လို့ခေါ်တယ်ကွ၊ ကြည့်ရတာ ငထေရှင်က စုန်းသိုက်ကိုငှားပြီး တို့ကိုဒုက္ခပေးချင်တယ်နဲ့တူပါတယ်ကွာ၊ ဒီလောက်ကတော့ ငါ့အတွက်ပမွှားလေးပါကွ”
ပြောရင်းဆိုရင်း ပိတုန်းတွေက ကျုပ်တို့ခေါင်းအပေါ်ရောက်လာကြသဗျာ၊ လှည့်ပတ်ပျံသန်းရင်း ပိတုန်းတစ်ကောင်က ကျုပ်ဆီကို အစိမ်းရောင်အလုံးတစ်လုံးနဲ့လှမ်းပစ်ထည့်ပါရော၊ ဒီအခါ ဦးဘသာက အဲဒီအစိမ်းရောင်အလုံးကို လေထဲမှာပဲ လက်နဲ့ဖမ်းကိုင်ထည့်လိုက်တယ်။
“အောင်မာ၊ နင်တို့ပညာလောက်နဲ့များ ငါ့ကိုလုပ်ချင်တယ်ပေါ့”
ှုဦးဘသာက အစိမ်းလုံးကို မိုးပေါ်ပြန်ပစ်တင်လိုက်တော့ ပိတုန်းတစ်ကောင်နဲ့ထိမိပြီးတော့ ပိတုန်းက ပြုတ်ကျလာသဗျာ၊ ဒါပေမယ့် မြေကြီးပေါ်ရောက်တာနဲ့ ပိတုန်းကောင်က လူခေါင်းပြတ်ကြီးတစ်ခုဖြစ်သွားပါရော၊ လူခေါင်းကြီးဆိုပေမယ့် မသေဘူးဗျ၊ အသက်ရှူနေသေးတယ်။
ဒီအချိန်ပိတုန်းတွေက အစိမ်းလုံးတွေအများကြီး ကျဲချပါရောဗျာ၊ မသိရင်မိုးရွာသလိုကျလာတာဗျ၊ ဦးဘသာက တောင်ဝှေးကိုခေါင်းအထက်နားတင်ပြီးတော့ ပန်ကာလှည့်သလိုလှည့်ပါရောဗျာ။ မိုးပေါ်ကနေကျလာတဲ့ အစိမ်းရောင်အလုံးကလေးတွေဟာဆိုရင်ဖြင့် ဦးဘသာရဲ့တောင်ဝှေးနဲ့ထိပြီးတော့ သူ့အလိုလိုပြန်ကန်တက်သွားပါရော၊ ပြီးတာနဲ့ တောင်ဝှေးလှည့််တဲ့အပေါ်မှာ လေဝဲကြီးလိုတစ်ခုဖြစ်လာပါရောဗျာ၊ လေဝဲလည်တာပြင်းလွန်းတော့ ပိတုန်းကောင်တွေဆိုရင် လေဝဲထဲအကုန်လုံးမြောပါကုန်ကြတယ်ဗျ၊ ဦးဘသာ အတော်ကြာကြာလှည့််ပြီးတဲ့အချိန် တောင်ဝှေးကိုတွန်းလိုက်တဲ့အခါမှာ လေဝဲကြီးက ပျက်သွားပြီး ပိတုန်းတွေအကုန်လုံး မြေပေါ်ကိုတဖြုတ်ဖြုတ်နဲ့ပြုတ်ကျတယ်၊ အရှေ့က အကောင်တွေအတိုင်း မြေပေါ်ကျတဲ့အခါကျတော့ လူခေါင်းတွေဖြစ်သွားပါရော၊ ယောက်ျားတွေရော မိန်းမတွေရောစုံလို့ဗျာ။
နောက်ဆုံးလေပေါ်မှာကျန်နေခဲ့တာကတော့ ရွှေရောင်ပိတုန်းကလေးတစ်ကောင်ပဲဗျ၊ အဲဒီပိတုန်းက ပျံပြေးမလို့လုပ်နေတဲ့အချိန် ဦးဘသာက ပိတုန်းကိုလက်ညှိုးနဲ့ထိုးလိုက်တော့ ရွှေပိတုန်းခမြာ လေပေါ်ကနေပြုတ်ကျလာပြီး ဦးဘသာလက်ထဲကိုရောက်လာပါရောဗျာ၊ ဦးဘသာလက်ထဲရောက်တော့ ခေါင်းပြတ်တစ်ခုဖြစ်သွားတယ်၊ ခေါင်းကတော့ အဘွားကြိးတစ်ယောက်ရဲ့ခေါင်းဗျ။
“နင်တို့အစွမ်းလောက်နဲ့ ငါ့ကိုရန်ပြုလို့ရမယ်လို့များထင်နေတာလား”
အဘွားကြီးက ကြောက်ကြောက်နဲ့
“ကြောက်ပါပြီဆရာကြီးရယ်၊ ကျွန်မတို့ကိုမသတ်ပါနဲ့ချမ်းသာပေးပါ၊ ကျွန်မတို့လည်း သူများခိုင်းလို့လုပ်ရတာပါ”
“သြော်၊ သူများခိုင်းတိုင်းလုပ်စရာလား၊ ဒါဆိုသူများက နင်တို့ကိုချေးစားခိုင်းရင် နင်တို့စားမှာလား”
“မဟုတ်ပါဘူးဆရာကြီး၊ အဲဒီလူက ကျုပ်တို့ကိုဖမ်းချုပ်ထားပါတယ်၊ ကျုပ်တို့ရဲ့ကိုယ်လုံးတွေကို သူက ဖမ်းဆီးထားပြီးခေါင်းတွေလွှတ်ပြီးတော့ တိုက်ခိုက်ခိုင်းတာပါ”
“အဲဒီလူက ဘယ်သူလဲ၊ မဟုတ်မှလွဲရော ငထေရှင်ဆိုတဲ့လူများလား”
အဘွားကြီးက ခေါင်းညိတ်တယ်ဗျ၊ ဒီအချိန်မှာပဲ သူ့ခေါင်းက အလယ်နှစ်ခြမ်းကနေ ထက်ခြမ်းကွဲကျသွားပြီးတော့ ခေါင်းနှစ်ခြမ်းပြတ်ထွက်သွားပါရောဗျာ၊ ဦးဘသာက ကြောင်တောင်တောင်နဲ့ကြည့်နေတယ်ဗျ၊ နောက်တော့ တခြားမြေပေါ်ကျထားတဲ့ခေါင်းတွေလည်း သူ့အလိုလို အပိုင်းပိုင်းအတစ်တစ်ဖြစ်ကုန်တယ်။
“ငါလုပ်တာ မဟုတ်ဘူး၊ ဒါတွေက ငါလုပ်တာမဟုတ်ဘူး”
ဦးဘသာက ရေရွတ်လိုက်တယ်ဗျ၊ အုတ်ဂူတစ်ခုအပေါ်မှာတင်နေတဲ့ခေါင်းတစ်လုံးက ရယ်မောရင်း
“ငါခိုင်းရင်အောင်မြင်တယ်ဆိုတာပဲ လိုချင်တယ်၊ မအောင်မြင်ရင်တော့ ဒင်းတို့အားလုံး သေလမ်းကိုသွားရမှာပဲ”
အဲဒီခေါင်းကြီးက ရယ်မောရင်းနဲ့ နှစ်ခြမ်းကွဲကျသွားပါရောဗျာ၊ သုဿန်တစ်ဝိုက် ခေါင်းပြတ်တွေဆိုတာ နည်းတောင်မနည်းဘူးဗျ။
“ဒါငထေရှင်လက်ချက်ပဲ၊ ငထေရှင်က စုန်းတွေကိုဖမ်းဆီးပြီးတော့ အတင်းအကြပ်စေခိုင်းခဲ့တာပဲ”
ဦးအောင်ရှိန်က မကျေမနပ်နဲ့ရေရွတ်တယ်၊ ဦးဘသာက ခေါင်းပြတ်တွေကိုကြည့်ပြီး
“မင်းတို့လွတ်မြောက်သွားပါပြီ၊ မင်းတို့သွားလိုရာသွားကြပါ”
ဆိုရင်း ခြေထောက်ကိုမြေကြီးပေါ် ဆောင့်နင်းလိုက်တော့ ခေါင်းပြတ်တွေအကုန်လုံးက ယင်မဲကြီးတွေအဖြစ်ပြောင်းသွားပြီး တဝီဝီနဲ့ပျံသန်းသွားကြပါရောဗျာ။
ဦးဘသာက မျက်မှောင်ကြုတ်ရင်း
“ပြောနေကြာပါတယ်ကွာ၊ တို့တွေ ငထေရှင်ဆီအရင်သွားကြမယ်၊ ဒီကောင့်အစီအစဉ်က ညကျမှစမှာဆိုတော့ ငါတို့အခုပဲလိုက်သွားကြတာပေါ့ကွာ”
ကျုပ်တို့အားလုံး ငထေရှင်ရဲ့ခြံကျယ်ကြီးဆီကိုရောက်လာပါရောဗျာ၊ ခြံကြီးဆီမရောက်ခင်မှာပဲ လူတွေရှုပ်ယှက်ခပ်နေတာနဲ့ မေးကြည့်တော့ ဒီခြံကြီးတစ်ခြံလုံး မီးဟုန်းဟုန်းတောက်ပြီးတော့ လောင်နေပါရောဗျာ၊ လောင်တာမှ သရက်ပင်တွေ၊ ပိန္နဲပင်တွေလို အပင်စိမ်းကြီးတွေက မီးတွေတဟုန်းဟုန်းလောင်နေတယ်၊ လူတွေကလည်း မီးငြိမ်းနေကြတယ်၊ ကျုပ်တို့ရောက်တာ နောက်ကျသွားလို့ အိမ်ကြီးတစ်ခုလုံးက ပြာဖြစ်နေပြီဗျ။
လူအုပ်ထဲကပြန်ထွက်ပြီးတော့ ချပ်သင်းတောကြီးဆီကိုခြေဦးလှည့်ကြတယ်၊ တောအုပ်ကြီးက စိမ့်နေအောင်အေးတယ်ဗျာ၊ သစ်ရိပ်ဝါးရိပ်တွေကလည်း ထူထူထပ်ထပ်ရယ်ဗျ၊ ရန်ကုန်လိုမြို့ကြီးမှာ ဒီလိုတောကြီးရှိတယ်လို့တောင် မထင်ရဘူးဗျာ၊ သွားလာနေရင်း တစ်နေရာရောက်တော့ ဦးဘသာအရိပ်က စကားထပြောတယ်ဗျ။
“မင်းတို့ဒီအတိုင်းသွားလို့မရဘူးနော်”
အရိပ်က စကားပြောတယ်ဆိုတော့ ငသန်ပျင်ပေါ့ဗျာ။
“ပြောစမ်းပါအုံး ဘာဖြစ်လို့ဒီအတိုင်းသွားလို့မရတာလဲ”
“ငထေရှင်ဆိုတာ အရမ်းယုတ်မာကောက်ကျစ်တဲ့လူတစ်ယောက်ပဲ၊ သူ့ကိုငါတို့ ဒီအတိုင်းရင်ဆိုင်လို့မရနိုင်ဘူးကွ”
အမေးအမြန်းထူတဲ့ကျုပ်နဲ့ ငသန်ပျင်နဲ့စတွေ့ပြီပေါ့ဗျာ။
“ဒါနဲ့နေပါအုံး၊ ခင်ဗျားကိုမေးပါအုံးမယ်၊ ခင်ဗျားက ငထေရှင်ရဲ့ပုရောဟိတ်လို့လည်းပြောသေးတယ်၊ ဘာဖြစ်လို့ ငထေရှင်ကိုမကျေမနပ်တာလဲ”
“ပုရောဟိတ်လို့ပြောတာထက် ယောက်ဖလို့ပြောရင် ပိုပြီးမှန်တယ်ကွ”
“အလိုဗျာ၊ ဒါဆို ငထေရှင်နဲ့ခင်ဗျားနဲ့က အမျိုးပါတော်တယ်ပေါ့၊ ဒါနဲ့များဘာဖြစ်လို့ အချင်းချင်းစိတ်ဝမ်းကွဲသွားရတာလဲ”
အရိပ်ကြီးက လူတစ်ယောက်လို လက်တွေခြေတွေလှုပ်ရင်း
“ပြောရမယ်ဆိုရင်တော့ ငါ့ဘဝအစကိုပြောရမှာပဲကွာ၊ ငါက အရင်ကတည်းက တမ္ပဝတီပြည်ရဲ့ မင်းမျိုးမင်းနွယ်မျိုးရိုးပဲ၊ ပုပ္ပါးစောရဟန်းမင်းရဲ့ သားတော်တစ်ပါးက အိုးထိန်းသည်နဲ့အကြောင်းပါပြီး ငါ့ကိုမွေးတယ်၊ မင်းသွေးတစ်ဝက်၊ သာမန်အရပ်သည်သွေးတစ်ဝက်ဆိုတော့ တော်မဝင်ခဲ့ပေမယ့် ဘုရင်အဆက်ဆက်က မြှောက်စားချီးမြှင့်ခဲ့တယ်။ ကလန်၊ သံပျင်တွေကို အုပ်ချုပ်ရတဲ့လူမို့လို့ ငါ့ကိုငသန်ပျင်လို့ လူတွေကခေါ်ကြတယ်၊ ငါက စာပေပညာကိုလေ့လာနေရင်း အရည်းတွေကို ကိုးကွယ်မိတယ်၊ အရည်းတွေထဲမှာမှ ထူးဆန်းတဲ့မှော်အတတ်ရှိတဲ့ အရည်းကြီးတစ်ယောက်ကို ဆရာတင်ရင်း သူ့ဆီကနေ အရိပ်အယောင်ကို ခိုင်းစေပြုစားနိုင်တဲ့ မှော်ပညာတစ်ခုကို တတ်မြောက်ခဲ့တယ်၊ ဒါကြောင့် ငါ့ကိုအရိပ်သခင်လို့ လူတွေက ခေါ်ကြတာပေါ့ကွာ”
“တစ်ခါတော့ မင်းငခွေးက ငါ့ကိုနက္ခတ်သဘင်ပွဲမှာ အရှက်ခွဲခဲ့တယ်၊ ငါ့အမေက အိုးထိန်းသည်မမို့လို့ မင်းငခွေးက သူ့အတွက်အိုးကောင်းလုပ်ပေးပါဆိုပြီး ငါ့ကိုရွှံ့ငါးပိဿာဆုချတယ်၊ ဒါကိုငါမကျေနပ်လို့ ဒီမင်းအပေါ် အငြိုးအတေးထားခဲ့တယ်၊ ငါ့နှမ မိစောသင်ကို မင်းငခွေးက မိဖုရားငယ်အဖြစ်ကောက်ခဲ့တယ်၊ ငါတို့မောင်နှမနှစ်ယောက်ပေါင်းပြီးတော့ ဒီမင်းကိုလက်စားချေဖို့ကြိုးစားရင်း ငထေရှင်နဲ့တွေ့ခဲ့တာပဲ”
“ဟုတ်ပြီဗျာ၊ ဒါဆို ငထေရှင်နဲ့ပေါင်းခဲ့တဲ့ မိဖုရားဆိုတာက ခင်ဗျားနှမ မိစောသင်ပေါ့”
“အမှန်ပေါ့၊ ငါ့နှမကို အကြောင်းပြုပြီး မင်းငခွေးကို ရတနာမြင်းကိုတစ်ယောက်တည်းစီးရအောင် တိုက်တွန်းခဲ့တာလည်း ငါပဲ၊ မင်းကြီးအနောက်ကို မင်းချင်းတွေလိုက်မသွားနိုင်အောင် နန်းမြို့တံခါးကိုပိတ်ခိုင်းခဲ့တာလည်းငါပဲ၊ ငါ့အကြံအစည်ကောင်းလို့ ဒီကောင်မင်းဖြစ်လာတာပါကွ”
“ဒါကြောင့်လည်း ခင်ဗျားကို ပုရောဟိတ်ခန့်ခဲ့တာမဟုတ်ဘူးလား”
“ဟုတ်တယ်၊ ဒါပေမယ့် ငထေရှင်က နောက်ပိုင်းကျတော့ အရမ်းမောက်မာလာတယ်၊ ဘီလူးတွေအားကိုးနဲ့သူစိတ်ထင်တာလုပ်တယ်၊ အဆိုးဆုံးကတော့ ငါ့နှမ မိစောသင်ကို ဘီလူးသုံးကောင်ဆီကို ဆုချီးမြှင့်တယ်ဆိုပြီးတော့ ပေးအပ်ခဲ့တာပဲ၊ ဘီလူးသုံးကောင်က ငါ့နှမကို သိမ်းပိုက်တာကို ဒင်းက ကြည့်ကောင်းကောင်းနဲ့ကြည့်နေခဲ့တယ်၊ ပြီးတော့ ဒီဘီလူးတွေက ငါ့နှမကိုစားသောက်လိုက်ကြတယ်”
“အင်းဗျာ၊ ခင်ဗျားစိတ်နာမယ်ဆိုရင်လည်း နာစရာပါပဲ”
“သာမာန်လူဆိုရင် အရိပ်ထဲကနေပြုစားလို့ရပေမယ့် ဘီလူးတွေက အရိပ်မထွက်လို့ ငါပြုစားလို့မရတာကို ငထေရှင်က သိနေခဲ့တယ်၊ ဒါကြောင့် နောက်ပိုင်းမှာ ပါလရသေ့ကြီးနဲ့ ငါနဲ့ပူးပေါင်းပြီးတော့ ငထေရှင်ကိုလုပ်ကြံခဲ့တာပဲ၊ ဒါပေမယ့် ကောက်ကျစ်တဲ့ငထေရှင်က ငါတို့အကြံအစည်ကိုရိပ်မိနေခဲ့တယ်၊ တမ္ပဝတီမြို့ရိုးပွင့်သွားပြီဆိုတာနဲ့ ငါ့ကိုလုပ်ကြံသတ်ဖြတ်ခဲ့တယ်၊ ပြီးတော့ ငါ့ဆီကနေ မဟူရာချက်ကျောက်ကိုယူသွားခဲ့တယ်”
“အဲဒီ မဟူရာချက်ကျောက်ဆိုတာ ဘာလဲဗျ”
“အနက်ရောင်ရှိတဲ့ကျောက်တစ်မျိုးပါ၊ ဒါပေမယ့် အဲဒီကျောက်က သဘာဝတွင်းထွက်မဟုတ်ဘူး၊ မိုးပြဲဒယ်ကြီးတွေနဲ့ ချက်လုပ်ထားရတဲ့ကျောက်တစ်မျိုး၊ ဒီကျောက်ရှိတဲ့လူဟာ သေဆုံးခါနီးအချိန်မှာ အရိပ်တစ်ခုအနေနဲ့ထွက်ပြေးလွှတ်မြောက်သွားနိုင်တယ်”
“ကျုပ်သဘောပေါက်ပြီ၊ ဒါဆိုရင် ရသေ့ကြီးငထေရှင်ကိုသတ်တဲ့အချိန်မှာ သူကဒီနည်းလမ်းနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုလိုချင်တာလား”
“ဟုတ်တယ်၊ အခုလည်း ဒီကောင်ထွက်ပြေးမှာပဲ၊ အဲဒီတုန်းက ငါမရှိတော့လို့သာ ဒီကောင်ထွက်ပြေးနိုင်တာ၊ အခုငါပြန်လာပြီ ဒီကောင်အရိပ်အဖြစ်ထွက်ပြေးသွားတာနဲ့ ငါဒီကောင့်ကိုဖမ်းမယ်”
“ဒါဖြင့် သွားကြတာပေါ့ဗျာ”
“နေအုံး၊ ငါစိတ်ထင့်နေတာတစ်ခုရှိတယ်”
“အဲဒါဘာလဲ”
“ဒီကောင် မြေဖုတ်ဘီလူးသိုက်ကိုဖောက်တယ်ဆိုတာ သာမန်မဟုတ်ဘူး၊ သူ့အဖေယဘူတေသေသွားတဲ့အချိန်မှာ ဘီလူးတွေက လောင်းလှေပေါ်တင်ပြီး အောက်ပြည်အောက်ရွာကိုဆင်းသွားကြတယ်ဆိုတယ်၊ ဒီကောင် ဒီဘီလူးသိုက်ကို အသည်းအသန်ဖောက်ပုံထောက်တော့ ဒီသိုက်ထဲမှာရှိနေတဲ့အလောင်းကောင်က သူ့အဖေ ယဘူတေရဲ့အလောင်းကောင်ဖြစ်ဖို့များတယ်”
“ဟာ၊ ဒါဆိုရင်ဘာတွေဖြစ်နိုင်သလဲဗျာ”
“ယဘူတေသာဆိုရင်တော့ သူ့သန်လျက်ပြန်ရသွားရင် ငထေရှင်ထက် ပိုပြီးဆိုးရွားတာတွေဖြစ်နိုင်တယ်၊ ငါကြည့်ရသလောက်တော့ ဒီတစ်ခေါက် ငထေရှင်က သူကိုယ်တိုင်မင်းလုပ်မှာထက် သူ့အဖေယဘူတေကို အသက်ပြန်သွင်းပြီးတော့ အရင်ကလို ဘီလူးတစ်ပိုင်း၊ လူတစ်ပိုင်းအုပ်ချုပ်မယ်ထင်တာပဲ”
ဦးဘသာက ခေါင်းညိတ်ရင်း
“ကျုပ်နားလည်ပြီ၊ ဒီလိုသာမှန်ရင် ဒီကောင့်အကြံက မသေးဘူးပဲ”
“ဒီလိုသာတကယ်ဖြစ်ခဲ့ရင် ကျုပ်တို့မနိုင်ဘူး၊ ငထေရှင်ကို ဘုရားပျံက နိုင်တယ်ထားအုံး၊ ယဘူတေကို ကျုပ်တို့မနိုင်လောက်ဘူး”
“ဒါဆိုဘယ်လိုလုပ်ကြမှာလဲဗျာ”
“ကျုပ်မှာအကြံတစ်ခုရှိတယ်၊ ခင်ဗျားတို့ လိုက်လုပ်မယ်ဆိုရင်တော့ ကျုပ်တို့ရဲ့နိုင်နိုင်ချေကို အများကြီးအထောက်အကူပြုလိမ့်မယ်”
“ဘယ်လိုအကြံလဲဗျာ”
ငသန်ပျင်က လူတွေကိုသေချာကြည့်နေသေးသဗျာ။
“ကျုပ်အကြံအတိုင်းလုပ်မယ်လို့ ကတိပေးတော့မှ ကျုပ်ပြောပြမယ်”
ဦးအောင်ရှိန်က ဦးဘသာလက်ကိုဆွဲရင်း
“သာဒင်၊ မင်းသတိတော့ထားနော်၊ ငသန်ပျင်ဆိုတာ ငထေရှင်ရဲ့ယောက်ဖတော်တယ်၊ ပြီးတော့ အရင်ကလည်း သူတို့က အလိုတူအလိုပါတွေဆိုတာ မင်းမမေ့နဲ့၊ ဒီကောင်က မင်းကိုလှည့်စားချင်လို့ တမင်လုပ်တာဆိုရင်ရော”
ဦးဘသာက ခေါင်းခါရင်း
“ကျုပ်သူ့ကိုယုံတယ်၊ ဒီအခြေအနေမှာ သူကျုပ်ကိုမလိမ်ဘူးလို့ ကျုပ်ထင်တယ်”
ဦးအောင်ရှိန်က တားမရတဲ့အဆုံး
“အေးကွာ၊ ငသန်ပျင်တကယ်ယုံရမယ်ထင်ရင် မင်းလုပ်ပေါ့ကွ၊ ဒါပေမယ့် သာဒင်၊ တို့အားလုံးရဲ့အသက်၊ ဟောဒီတစ်လောကလုံးက လူတွေရဲ့အသက်က မင်းလက်ထဲမှာရှိနေတာ မင်းမမေ့နဲ့”
ဦးဘသာက
“ကဲ ငသန်ပျင်၊ မင်းရဲ့အကြံအစည်က ဘာလဲဆိုတာကိုသာပြောပေတော့”
ငသန်ပျင်အနားကို ကျုပ်တို့အားလုံး စုစည်းလိုက်ကြတယ်။
“ကျုပ်အကြံကတော့ ဒီလိုဗျ”
ဆက်ရန်။