လွန်ခဲ့သော နှစ် ၅၀ တစ်ဝိုက်က မန္တလေးမြို့၊ နန်းတော်ရှေ့အရပ်၌ မတ္တရာတိုက် ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ဖွင့်လှစ်ထားသော အစိုးရမူလတန်းကျောင်း တစ်ကျောင်း ရှိခဲ့ဖူးလေသည်။ ထိုမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးအမည်မှာ ဒေါ်ဧကြင် ဖြစ်၏။ အသားညိုညို အရပ် ပျပ်ပျပ်၊ မျက်နှာပြားပြား အသွင်ရှိ၏။
ထိုကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ယူခဲ့သူ တစ်ယောက်အနေဖြင့် ဤစာကို ရေးပါသည်။ ဤတွင် ခေါင်းစဉ် တပ်ထားသည့် “ဒေါ်ဧကြင်နှင့် အက်ဂျူကေးရှင်း” ဆိုသော စကားမှာ ဒေါ်ဧကြင်၏ ပညာရည်တတ်မြောက်မှု အဆင့်အတန်းကို ပြောခြင်း မဟုတ်ပါ။ ဒေါ်ဧကြင် ဟူသော ဆရာမကြီး တစ်ယောက်နှင့် ပညာရေး ဟူသော အဓိပ္ပါယ်ကိုသာ ယူစေလိုပါသည်။
ဆရာမကြီး ဒေါ်ဧကြင် အုပ်ချုပ်သော နန်းရှေ့ မတ္တရာတိုက် မူလတန်း ကျောင်းကလေး၏ တစ်နေ့တာ လှုပ်ရှားမှုမှာ ဤသို့ ဖြစ်ပါသည်။ နံနက် ကျောင်းတက်ခေါင်းလောင်းထိုးအပြီး
ဒေါ်ဧကြင်
သူငယ်တန်းက စပြီး စတုတ္ထတန်း အထိ ကိုယ့်နေရာမှာ ကိုယ်နေ၊ မတ်တပ်ရပ်၊ လက်ပိုက်၊ စကားမပြောနဲ့၊ ငြိမ် ….
(ကျောင်းသူကျောင်းသားများ ထိုအတိုင်း လိုက်နာကြပြီး ငြိမ်သက်သွားမှ)
စ … ဆို။
ကျောင်းသူ၊ ကျောင်းသားများ
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို … အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ …
ဤသို့ အစချီကာ ၃၈ ဖြာ မင်္ဂလာ သံပေါက်လင်္ကာကို သူငယ်များ အသံကုန် ဟစ်၍ ရွတ်ကြသည်။ အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ အပိုဒ်မှာတော့ အကျယ်လောင်ဆုံး အညီညာဆုံး ဖြစ်လေသည်။ ဤနေရာတွေမှာ ခပ်ဝါးဝါး အထူးသဖြင့် သူငယ်တန်းတွေဘက်က မပီမသ အသံတိုးတိမ်၊ ဗလုံးဗထွေး။
ဆရာမကြီး ဒေါ်ဧကြင်က လင်္ကာ မရသေးသည့် သူငယ်တန်းတွေနား သွားရပ်ပြီး ကိုယ်တိုင်ဟစ်၍ ရွတ်သည်။ ရွတ်ရင်းလည်း နှာခေါင်း နှိုက်နေသူ၊ ဘေးကကောင်ကို တံတောင်ဖြင့် တွတ်သူ၊ မန်ကျည်းပင်ပေါ်မှ စာကလေးတွေကို ငေးကြည့်နေသူ၊ လက်ကောက်ဝတ်မှ သားရေကွင်း ဆော့နေသူတို့အား ပေတံဖြင့် ဆော်လိုက်သေး၏။
တဖြည်းဖြည်းနှင့် ၃၈ ဖြာမင်္ဂလာ လင်္ကာကို သူငယ်တို့ ပိုင်ပိုင်နိုင်နိုင်ကြီး ရွတ်ဆိုလာနိုင်ကြသည်။ နှစ်လလောက် ကြာတော့ သူငယ်တို့ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး နိုင်ကြပြီ။ ထို့နောက်တွင်ကား ကျောင်းတက်ခေါင်းလောင်း ထိုးပြီး သည်နှင့် သူငယ်တို့သည် ဆရာမကြီး၏ “ကိုယ့်နေရာ ကိုယ်နေ၊ မတ်တပ်ရပ်” အမိန့်ကိုပင် စောင့်မနေကြတော့ဘဲ အလိုလို အသင့် အနေအထား ယူပြီး ဖြစ်နေကြ၏။
တူရိယာ မပါ၊ စည်းဝါး မပါ၊ အားလုံး ကီးကိုက်၊ နရီကိုက်။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေသည် ဟိန်းလျက်၊ စည်လျက်၊ ညီညီညာညာကြီး ထွက်ပေါ် လာလေသတည်း။
နေ့လယ် ထမင်းစားဆင်း၊ ကျောင်းပြန်တက် ခေါင်းလောင်းထိုးအပြီး
အတန်းအလိုက်၊ ဆိုင်ရာ လက်ထောက်ဆရာ၊ ဆရာမများက သင်စရာ ရှိတာတွေ သင်ပြီးနောက် မွန်းလွဲ သုံးနာရီခန့် အချိန်။
ဒေါ်ဧကြင်က စားပွဲပေါ်မှ လက်ကိုင် ခေါင်းလောင်းကို လှုပ်ခါ၏။ ဂလောင် ဂလင်သံ အစဲ၊ ဒေါ်ဧကြင်က ခေါင်းလောင်းကို စားပွဲပေါ် ပြန်မှောက်ချလိုက်ပြီး အားလုံးကြားအောင် အော်လိုက်၏။
အားလုံး … အိပ်ချိန်”
တစ်မနက်လုံး စာသင်၊ စာအံ၊ စာရွတ်။ နေ့လယ် ထမင်းစား ကျောင်းဆင်း၊ ထမင်းစား၊ မျောက်ရှုံးအောင် ဆော့၊ ကျောင်းပြန်တက်၊ နှစ်နာရီလောက် စာဆက်သင်ခဲ့ရသော သူငယ်များ အားလုံးလိုလို မျက်ခွံတွေ လေးနေကြပြီ ဖြစ်၏။ ဒါကို “အပုပ်ချိန်” ဟု ခေါ်သည်။ “ဒေါင်း” နေကြသော သူငယ်တို့ အားလုံး အကြီးအကျယ် အိပ်ငိုက်ချင် ကြပြီ။ ထိုသို့သော အချိန်တွင် “အိပ်ချိန်” ဟူသော ဆရာမကြီး၏ ခွင့်ပြုမိန့်ကား သုတိသာယာ ရှိလှပါဘိခြင်း။ သူငယ်များ ကိုယ်ရှေ့ စားပွဲစောင်းပေါ် လက်တင်၍ မျက်နှာအပ် အိပ်ကြသည်။ သူငယ်တန်းတွေ ကတော့ ကြမ်းပြင်ဖျာပေါ် လှဲချလိုက်ရုံပင်။ ခြေပြန်၊ ခေါင်းပြန်၊ ဟိုကောင့် ရင်ဘတ်ပေါ် ဟိုကောင့် ခြေထောက် ရောက်၊ အဲဒီကောင့် ခေါင်းစွန်းကို ဟိုအကောင့် ဖနောင့်နဲ့ ထိကပ်။ စုပေါင်း အိပ်ပွဲကြီးကို နှစ်နှစ်ခြိုက်ခြိုက် ဆင်နွှဲကြသော ဟူ၏။
မိနစ်လေးဆယ်၊ လေးဆယ့်ငါး မိနစ်ခန့် အကြာတွင် ဂလောင်ဂလင် မြည်လာ၏။ အိပ်မက်တွေ ဘာတွေ မက်ကောင်း မက်နေမည့် အစားပုပ်၊ အဆော့သန် ကောင်လေး အချို့ ကိုတော့ နှိုးယူကြရသည်။ လွန်စွာ့ လွန်စွာ အအိပ်မက် အိပ်ပုပ် ကြီးသော သာဌေး ဆိုသည့် ကောင်လေးကိုကား အမြဲလိုလိုပင် မျက်နှာကို ရေဆွတ် လက်ဝါးဖြင့် တဖတ်ဖတ် ရိုက်နှိုးရလေသည်။ တစ်ရေး၊ တစ်မှေး အိပ်လိုက်ရသဖြင့် အားပြည့်စွာ နိုးထလာရင်း ဗိုက်ဟာ နေကြပြီ ဖြစ်သော ကလေးတို့အတွက် အသင့်စောင့် နေသည်ကား နို့မှုန့်ရည် ပူပူနွေးနွေး ဖြစ်၏။ ကလေးတို့ အိပ်နေချိန်မှာ ဆရာမကြီးနှင့် လက်ထောက်ဆရာ၊ ဆရာမများက ပညာမင်းကြီးရုံးမှ လက်ဆောင် ခွဲတမ်း ချပေးထားသော နို့မှုန့်ထုပ်များကို ဖောက်ကာ နို့ဖျော်ထားနှင့် ပြီးပေပြီ။
သူငယ်တန်း ကလေးတွေ ထိပ်ဆုံးက စစီ၊ ငယ်စဉ်ကြီးလိုက် တစ်တန်းချင်း တန်းစီ။ ဟိုဘက်မှာ ခွက်ယူပြီးရင် ဒီဘက်ကို လာ၊ နို့မှုန့်ယူ”
ပုံစံ သံဖြူခွက် မပြည့်တပြည့် နို့မှုန့်ရည်ကို သူငယ်တို့ မြိန်ယှက်စွာ၊ ပျော်ရွှင်စွာ မှီဝဲကြသည်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်ပွဲဖွဲ့ ကြသည်။ ဒါ … ရယ်ချိန်ပေါ့။ ဘာဖြစ်လို့ပါလဲ။ ဆာဆာနှင့် စွတ်တွယ်ကြ လေတော့ နို့မှုန့်ရည် အစအနတွေက မေးစေ့ပေါ် စွန်းလိုစွန်း၊ နှုတ်ခမ်းထောင့်မှာ အစွယ်ဖြူဖြူ ပေါက်သလိုလို ပေလိုပေ၊ အချို့ အပေါ်နှုတ်ခမ်းထက်မှာ (ကုန်ခါနီး ခွက်ကို စောင်းရင်း လျှာနဲ့ လျက်လေတော့) ဖြူဖြူ အတန်းကြီးက နှုတ်ခမ်းမွေး ဖြစ်လိုဖြစ်။
လေးနာရီ မထိုးမီ
ဆရာမကြီး၏ ဟစ်သံ ပေါ်လာပြန်၏။ “အားလုံး ဘောလုံးကွင်းထဲ ဆင်းကြ။ သူငယ်တန်းက စထွက်။ တန်းစီ လက်ပိုက်ထွက်။ ဘောလုံးကွင်းထဲ ရောက်မှ လက်ပိုက်ဖြုတ်။ စကားမများနဲ့။ ဘောလုံးကွင်းထဲ ရောက်ရင် သူငယ်တန်းက စနေထောင့် မန်ကျဉ်းပင်အောက် နေရာယူ၊ ပထမတန်းက တနင်္ဂနွေထောင့်၊ ဒုတိယတန်းက …” ဤအချိန်ကား ကလေးများ အမျှော်လင့် အတောင့်တဆုံး အချိန် ဖြစ်၏။
ဆရာမကြီး ပြောသော ဘောလုံးကွင်း ဆိုတာက တကယ့် ဘောလုံးကွင်း အစစ် မဟုတ်။ မတ္တရာကျောင်း ပရိဝုဏ်ထဲ ဝင်ပြီး ကိုက်၂၀၀ လောက်ညအရောက်မှာ လက်ျာဘက်တွင် ရှိနေသော မန်ကျဉ်းပင်၊ သီးပင်ကြီးတွေ ဝိုင်းအုံ ပတ်လည် ပေါက်နေသည့် ကွင်းပြင်တလင်း တစ်ခုသာ ဖြစ်သည်။ စည်းရိုး၊ မျဉ်းကြောင်း၊ ဂိုးတိုင် ဘာတစ်ခုမှ မရှိ။ သို့သော် အနှီနေရာကား မတ္တရာ ကျောင်းတိုက်၏ ဘက်စုံ အားကစားကွင်း” ဖြစ်လေသည်။ ဘာကြောင့်နည်း။
ကလေးများ အတန်းလိုက် နေရာယူပြီးနောက် ဆရာမကြီးက “ခရာတွတ်” လိုက်သည်နှင့် စနေထောင့်မှာ သူငယ်တန်း၏ လိုက်တမ်း ပြေးတမ်း၊ တနင်္ဂနွေထောင့်မှာ ကောင်လေးများ၏ ကျောကုန်းပိုး ဘောလုံးပစ်၊ အင်္ဂါထောင့်မှာ မိန်းကလေးများ၏ ဖန်ခုန်၊ ရှပ်ဒိုးပစ်၊ ကွင်းလယ်မှာ ဇယ်တောက်၊ ဇယ်ခတ်၊ ကြက်ဖခွပ်၊ ထုပ်စီးတိုး အစရှိကုန်သော ကစားနည်း ပေါင်းစုံတို့ဖြင့် ကျွတ်ကျွတ်ညံ သွားသောကြောင့် ဖြစ်လေသည်။
အငြင်းအခုန်၊ အတိုင်အတော၊ လဲကွဲ၊ ဒူးပြဲ၊ ငိုယို တိုင်တန်းတာတွေလည်း ပေါ်ပေါက်၏။ ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက အမှုကြီးငယ် ကြားနာ စစ်ဆေးကာ ဖြေရှင်း ပေးကြရသည်။ လက်ဝါးဖြန့် ပေတံဖြင့် မစပ်တစပ် ဆော်၊ ဒူးပြဲ ဆေးထည့်၊ ငိုသူကို ချော့၊ တစ်ခါတစ်ရံ စရိုက်ကြမ်းကြမ်း တစ်ကောင်တလေက “ငါ” ကိုင်တုပ် ဆဲသည့် အမှုမျိုး ရောက်လာ လျှင်တော့ တရားခံအား … “သွား … မင်းကိုယ်တိုင် အဝေရာပင် ချိုးခဲ့” ဟု စီရင်ချက် ချရ၏။ နီတွတ် အမည်ရှိသော ဇာတ်လိုက်ကျော်ကား သူ့ကို ရိုက်မည့် အဝေရာပင်ကို ချိုးယူရာမှာ အဝေရာတောထဲက သေးပေ့ မျှင်ပေ့ ဆိုသော လက်တောက်လောက် အပင်လေးကို ချိုးလာသည်။ ဆရာမကြီး ဒေါ်ဧကြင်မှာ ရယ်ချင်နေသော မျက်နှာကို အပိုးသတ်ပြီး –
အဝေရာနဲ့ဆို နာနေပါဦးမယ်။ ဒီနားလာ” ဟု ခေါ်ကာ ဗိုက်ကြော၊ ပေါင်တွင်းကြောကို ဆွဲလိမ်ရတော့သည်။
နောက် … ဆဲဦးမလားဟဲ့”
မဆဲတော့ပါဘူး ခင်ဗျ … နာတယ်ဗျ”
နောက်ဆဲရင် ဘာလုပ်ရမလဲ”
အဝေရာ ကြိမ်ကြီးကြီးနဲ့ ရိုက်ပါ ဆရာမကြီးရဲ့”
ငါ မရိုက်ဘူး။ တာရိုး အရှေ့ဘက်က ညောင်ပင်မှာ ကြိုးနဲ့ တုပ်ထားမယ်”
အောင်မလေး … ကြောက်ပါပြီဗျ နောက် မဆဲတော့ပါဘူး ခင်ဗျ”
တာရိုး အရှေ့ဘက်က ညောင်ပင်ကြီးမှာ လူနီသရဲ ရှိသည်ဟု သတင်းကြီး နေသောကြောင့် ဖြစ်လေသည်။
တချို့ရက်တွေ မှာတော့ ဘောလုံးကွင်းထဲမှာ ခဲလုံးကောက်၊ ဆီးစေ့ကောက် သန့်ရှင်းရေး လုပ်ခိုင်း၏။ အတန်းလိုက်၊ ယောက်ျားလေး တစ်ဖက်၊ မိန်းကလေး တစ်ဖက်၊ ကောက်ကြ။ ပြီးတော့ ကောက်ယူ ရရှိထားသော ဆီးစေ့၊ ခဲလုံးများကို စုပုံထား။ သူငယ်တန်းကြီး ကလေးများကို ရေတွက်ခိုင်း၏။ များသောအားဖြင့် မိန်းကလေးတွေက နိုင်တတ်သည်။ ဆီးစေ့ ခဲလုံး ပိုများများ ရသည်။ ကောင်လေးတွေ ကတော့ ရှုံးလည်း စပ်ဖြီးဖြီးပါပဲ။ အမြတ်တကယ် ရလိုက်သူ ကတော့ သူငယ်တန်း ကလေးတွေ ဖြစ်သည်။
ဆီးစေ့ ခဲလုံးတွေကို ရေတွက်သည့် အလုပ်၊ သူတို့ လုပ်ကြရ၏။
တစ်ဆယ်၊ နှစ်ဆယ်၊ တစ်ရာ၊ တစ်ရာ့ငါးဆယ်၊ နှစ်ရာလေးဆယ့်ရှစ်၊ နှစ်ရာလေးဆယ့်ကိုး၊ သုံးရာတစ်ဆယ့်တစ်၊ သုံးရာခြောက်ဆယ့်သုံး။ ခု၊ ဆယ်၊ ရာ ဂဏန်းသင်္ချာ ရေတွက်မှုကို သူတို့က ကစားရင်း ကျွမ်းကျင်သွားကြလေသည်။
ညနေ လေးနာရီ
ကျောင်းဆင်းခေါင်းလောင်း မခေါက်သေးပါ။
ဒေါ်ဧကြင်က ခေါ်လိုက်၏။
ဆရာ ဦးထွန်းခင် ကြွပါ”
တစ်ကျောင်းလုံးရှိ သူငယ်များ ရှေ့မှောက်၌ ဆရာ ဦးထွန်းခင် နေရာယူသည်။ မျက်ခုံးမွေးထူထူ၊ လည်ဇလုတ်နှင့် နားရွက်ပေါက်ထဲမှပင် အမွေးတွေ ထွက်နေသော ဆရာကား သည်အတိုင်း ကြည့်လျှင် ကြောက်စရာကြီး ဖြစ်၏။ သို့သော် သူ စကားပြောတိုင်း သူ့ဇလုတ်ပေါ်က အမွေးတွေ တလှုပ်လှုပ် ဖြစ်နေတာ ကြည့်ရင်း သူပြောတာ နားထောင်ရင်းဖြင့် ဆရာသည် ချစ်စရာကြီး ဖြစ်လာလေသည်။
မောင်တို့ … မယ်တို့ … ငါတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ …” ဟု အာလုတ်သံကြီးဖြင့် အစချီပြီး အနော်ရထာ အကြောင်း၊ ကျန်စစ်သား အကြောင်း၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး အကြောင်း၊ စောလူး ငရမန် အကြောင်း၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ၊ ငခင်ညို၊ ရာဇ သင်္ကြန်၊ အနန္တသူရိယ၊ အဲမွန်ဒယာ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း။
အာဇာနည်မယ်လေး ဂျုံး၊ အက်စကီမိုးတို့၏ ရေခဲအိမ်၊ လေးသည်တော်ကြီး ဝီလျှံတဲ၊ စစ်သူကြီး ဟန်နီဘော၊ သောမတ် အက်ဒီဆင်၊ မျက်မမြင် ဟယ်လင် ကဲလား … တောတွင်းသားလေး မောဂ္ဂလိ။
အဲဒီလို ကျားကြီး ရှိရာခန်က ပြောတော့ မောဂ္ဂလိလေးက ဝင်ချမယ် အလုပ်၊ ဝက်ဝံကြီး ဘာလူးက မောဂ္ဂလိ … နေဦးကွ … ခဏနေဦး ဆိုပြီး …”
ကျော်ထင်နော်ရထာက အမောင်တို့ … ဖောင်ပန်းများကို မီးရှို့ဖျက်ဆီး ပစ်လိုက်ကြပြီ မဟုတ်လား။ ငါတို့မှာ ဖောင်ပန်း မရှိတော့ဘူး။ စစ်ကို အနိုင်တိုက်ဖို့က လွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး။ စစ် ဆိုသည်မှာ အင်အားကြီးခြင်း၊ နည်းခြင်းသည် ပဓာန မဟုတ်၊ သတ္တိ ဗျတ္တိနှင့် လုပ်ရည် ကိုင်ရည်သာ ပဓာန ဖြစ်သည် ဆိုပြီးတော့”
ငချစ်ညိုကလည်း မြင်းကို ဆွဲလှည့် ဓားကိုဝင့်ပြီး ဟဲ့ … နင်လည်း မုဆိုးဗိုလ်က အောင်ဇေယျ၊ ငါလည်း ခင်ဦးက ငချစ်ညို … လာစမ်းဟဲ့ပေါ့”
ဟဲ့ … ဝီလျှံတဲ၊ နောက်ထပ် မြားတစင်းက ဘာလုပ်ဖို့တုန်းလို့ ဘုရင်က မေးလိုက်သတဲ့။ ဝီလျှံတဲက ငါ့သား ခေါင်းပေါ်က ပန်းသီးကို မထိဘဲ လွဲချော်သွားခဲ့လို့ မြားက ငါ့သား မှန်ခဲ့ရင် ဟောဒီမြား တစ်စင်းနဲ့ နင့်ကို ပစ်ဖို့ပေါ့လို့” သူငယ်တို့မှာ ရင်တမမ၊ သည်းတဖိုဖို။ မတ္တရာတိုက်တည်း ဟူသော ကျောင်းဝင်းထဲမှ နေ၍ ပုဂံ နန်းတော်ကြီးထဲ ရောက်သွား၊ အင်းဝ စစ်မြေပြင် ရောက်သွား၊ ရွှေမော်ဓော ဘုရားရင်ပြင် သူရဲကောင်း ရွေးပွဲထဲ ရောက်သွား၊ တောဟေဝန်ကြီးထဲ ရောက်သွား။ သက်ပြင်းတွေ ရှိုက်လိုက်၊ မွေးညှင်းတွေ တဖျဉ်းဖျဉ်း ထလိုက်၊ တဝါးဝါး ရယ်လိုက်၊ မျက်ရည်လေးတွေ စမ်းစမ်း စမ်းစမ်း ဖြစ်လိုက် …။
ထို “ပုံနားထောင်ချိန်” အပြီး အထူးထူးသော အရသာတို့ကို မြိန်ယှက်စွာ စားသုံးရခြင်း၏ အကျိုးဆက်ကား ကျောင်းဘီရိုကြီး သုံးလုံးထဲတွင် ထည့်ထားသော ရာဇဝင် စာအုပ်များ၊ ရှာဖွေစွန့်စား ဇာနည်ဘွား၊ ကလေးဂျာနယ်၊ စာပေဗိမာန်မဂ္ဂဇင်း၊ လောကီထုပ္ပတ် လူတို့ဇာတ် … အစရှိသော စာအုပ်များကို ကလေးတို့ အလုအယက် ငှားကြ။ ဥာဏ်ရည်မြင့်သော ကလေးများက သူတို့ ဖတ်ထားသည်များကို ပြောပြကြသေးသည်။
ဆရာ ဦးထွန်းခင် ပြောပြတာတွေ အားလုံး ဟောဒီ ဘီရိုကြီးတွေထဲမှာ ရှိသကွဲ့” ဟု ဆရာမကြီး ဒေါ်ဧကြင်က နိဂုံးချုပ် စကားဖြင့် ပိတ်လိုက်ခဲ့ သည်ကိုး။
တစ်ခါသားမှာတော့ “ဆရာဦးထွန်းခင်က ဒီနေ့မောလို့ နားချင်တယ်တဲ့။ မင်းတို့ထဲက ပြောချင်တဲ့သူ ရှိရင်” ဆွပေးလိုက်ရာ …
ကျွန်မ ပြောမယ်ရှင့် ” ဟု လက်ညှိုး တထောင်ထောင်ဖြင့် ကောင်မလေး တစ်ယောက် ပေါ်လာ၏။ ပေါက်ပေါက်။ စွာတိစွာတာ ကောင်မလေး၊ အားကြီး ဆရာ လုပ်ချင်တဲ့ ကောင်မလေး။
ကိုင်း .. လုပ်စမ်းဟေ့ ပေါက်ပေါက် ဘာပြောမလဲ”
သာလွန် မင်းတရားကြီး ထမင်းရည်ငှဲ့တဲ့ အကြောင်း”
ဘယ်လိုကွဲ့”
အဟင်း … မှားလို့၊ ထမင်းရည်ငှဲ့တဲ့ မိန်းမနဲ့ သာလွန်မင်း အကြောင်း”
ကိုင်း … လုပ်စမ်း”
ဟိုတုန်းက … တဲ့ … ပေါက္ကံရာမ မင်းနေပြည် … ဟုတ်ပေါင် … အင်းဝ နေပြည်တော်ကြီး ဆိုလား … အဲဒီမှာတဲ့ သာလွန်မင်းကြီးက ဘုရင်လုပ်တော့ တဲ့၊ တစ်နေ့ကျတော့တဲ့ ဆင်ကြီး စီးပြီးတော့ တဲ့ တိုင်းခန်း လှည့်လည်တော့တဲ့။ တစ်နေရာ အရောက်မှာတဲ့။ မိန်းမကြီး တစ်ယောက်က ထမင်းရည် ငှဲ့နေတယ်တဲ့၊ သူ့သားလေးက ဗိုက်ဆာလို့ … ဟီး … အဟီးနဲ့ … ငိုနေတာတဲ့။ ဘုရင်ကြီးက ဟဲ့ … နင့်ကလေး ဗိုက်ဆာလို့ အသံပြဲကြီးနဲ့ ငိုနေတာ …. နင်က ထမင်းရည်တွေ အလကားငှဲ့ ပစ်ရသလား … ထမင်းရည်တွေ ခံပြီး တိုက်ပါလား … တဲ့။ အဲဒီလို ပြောပြီး မိုက်လှတဲ့ မိဖုရား အဲ … ဟုတ်ဘူး … မိန်းမ … လာလေ့ကွာ ဆိုပြီးတဲ့ … အဝေရာကြိမ်နဲ့ သုံးချက် ရိုက်တယ်တဲ့။ ပြီးတော့မှ ဟဲ့ … ရော့ … နင့်ကလေးကို မုန့်ပျစ်သလက် ဝယ်ကျွေး ဆိုပြီး ဆုတော်ငွေ တစ်ကျပ် ပေးလိုက်သတဲ့။ သာလွန်မင်းကြီးဟာ အဲဒီလို မင်းကောင်း မင်းမြတ်ကြီး ဖြစ်ပါတယ်တဲ့ … ပြီးပါပြီရှင် တဲ့”
ဘာရယ် ညာရယ် မသိ၊ လက်ခုပ်တွေ ဖြောင်းဖြောင်း တီးကြလေသည်။ ဒီလို ထွက်ပြောရဲတာကိုက ပေါက်ပေါက် တော်လှပြီလေ။
ညနေ ကျောင်းဆင်းခေါင်းလောင်း တီးကာနီးမှာတော့ ဦးထွန်းခင်၏ “ပုံ” တွေဖြင့် နိုးနိုးကြားကြား၊ တန်ခိုးတွေ ဖွားဖွား ထွက်လျှံနေသော ကလေးတို့သည် ကမ္ဘာမကြေ” ကို အားပါးတရကြီး သံကုန်တင် ဟစ်ကြလေ သတည်း။
ကြားဖြတ် အထူး အစီအစဉ် ဒေါ်ဧကြင်
နက်ဖြန် အဖိတ်နေ့၊ ဒါပေမဲ့ ကျောင်းမပိတ်ဘူး”။ (ဟင် … ဟာ အသံတွေ ထွက်လာသည်)
ထမင်းချိုင့် ယူလာခဲ့ကြ၊ ကုသိုလ်တော် ဘုရား သွားမယ်၊ မြက်နုတ်မယ်”။ (ဟေး ကနဲ အူမြူးသံများ)
မတ္တရာတိုက်နှင့် ဘာမှ မဝေးသော မန္တလေးတောင်ခြေ၊ ကုသိုလ်တော် ဘုရားကြီး ပရိဝုဏ်အတွင်း ခရေပင်ကြီးများ အောက်မှာ နေရာယူ၊ အတန်းလိုက် မြက်နုတ် သန့်ရှင်းရေးဖြင့် ဘုရားကို ပူဇော်ကြသည်။
အပိုင်းလိုက်၊ အကွက်လိုက် နေရာ ချပေးထားပြီး မြက်အပြောင်ဆုံး နုတ်နိုင်သော အဖွဲ့၊ အမှိုက်က်ို စနစ်တကျဆုံး ပုံနိုင်သော အဖွဲ့ … စသည်ဖြင့် အမှတ်များ ချပေးကာ နန်းရှေ့ဈေးမှ လက်ကား ဝယ်ထားသော ထန်းလျက်ချောင်းများ၊ မင်္ဂလာဥယျဉ် အရပ်ထဲမှ ဒေါ်သွယ်ထံ အော်ဒါ မှာထားသော ကြံရည် ညောင်စီးများ၊ မုန့်ဦးနှောက်များ၊ ဒေါ်ဧကြင်ကိုယ်တိုင် စီမံသော သီးသီးသုပ်များ၊ ဆရာ ဦးထွန်းခင် ဒါနပြုသည့် မုန့်ခေါင်းအုံးများကို ဆုကြေးအဖြစ် ချီးမြှင့်၏။
ထမင်းစား နားကြပြီးနောက် ဆရာမကြီး ဒေါ်ဧကြင်က ကလေးများ အားလုံးကို ခေါ်ကာ ဘုရားတန်ဆောင်း၊ နံရံ၊ မျက်နှာကြက်များ ဆီသို့ လှည့်သည်။ ထိုနေရာတွေမှာ ဗုဒ္ဓဝင် မဟာဝင် ထူပဝင် စသော ပန်းချီကားများ ရှိ၏။ ပန်းချီကားများ အောက်မှာ စာတွေ ရေးထားသည်။ တတိယတန်း၊ စတုတ္ထတန်း ကလေးများက စာဖတ်ကြရသည်။ ပါဠိ၊ ပါဌ်အဆင့်တွေ ပါလာ၍ မဖတ်တတ်လျှင် ဆရာမကြီးက ပြင်ပေး၏။
ဇူဇကာပုဏ္ဏားကြီး စားပိုးနင့်၍ သေဆုံးခန်း”
မင်းလေးပါးတို့ တွေ့ဆုံခန်း”
ဘူးတောင်းနစ်၍ ဇောင်းခြမ်းပေါ်သော အိပ်မက်ကို ကောသလမင်းကြီး မြင်မက်ခန်း”
သိဉ္ဇိုင်း ငရဲ၌ လူမိုက်တို့ ငရဲခံရခန်း”
ဝိဓုရ အမတ်အား ပုဏ္ဏက နတ်ဘီလူး မြင်းဖြင့် ဆောင်ယူခန်း”
ဒုဋ္ဌဂါမဏိမင်းကြီး ကျေးကုလား မိစ္ဆာများကို သုတ်သင်ခန်း”
ဆရာမကြီးဒေါ်ဧကြင်က ရုပ်ပုံပန်းချီကား တစ်ကွက်ချင်း တစ်ကွက်ချင်းကို ရှင်းပြသည်။ ရှင်းပြရင်း အကွက်ဆိုက် လာသော အခါမျိုး၌ –
ကိုင်း … လေးတန်းတွေ ရှေ့ထွက်၊ ဆိုကြစမ်း ဟေ့ ” ဟု အမိန့်ပေးကာ
သုံးလူရှင်ပင်၊ ကျွန်းထိပ်တင် သောင်းခွင် စကြဝဠာ”
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း။ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား”
ဘုရား တရား၊ မြတ်ဖျားသံဃာ၊ အရိယာကို၊ မကွာနေ့ည၊ ဟတ္တအဉ္ဇလီ၊ မြှောက်ပင့်ချီသည်၊ ကိုယ်စီနေ့ည၊ ကိုးကွယ်ကြ”
သူ၏ဥစ္စာ၊ သူ့ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေးတစ်အိုးမျှ၊ မယူကြနှင့်၊ ရှောင်ကြပါလေ”
စသော … စသော … သံပေါက် လင်္ကာများ၊ ဆုံးမစာများကို ရှေ့က တိုင်ပေး၊ နောက်က လိုက်ထောက် ပေးရင်း ကလေးတို့အား ရွတ်စေသည်။ ဘုရားဖူးဧည့်သည်များပင် ဝင်ရောက် “နာ” ကာ သာဓုခေါ်၍ ကလေးများအား မုန့်ဝယ်ကျွေး သွားတတ်ကြသည်။
နောက်တော့ ကလေးများကပင် တောင်းဆို ကြတော့သည်။
ဆရာမကြီး လာမယ့် အဖိတ်နေ့ကျရင် ကျောက်တော်ကြီး ဘုရား လိုက်ပို့ပါ။ စန္ဒမုနိဘုရား ပို့ပေးပါ။ မန္တလေးတောင် လိုက်ပို့ပါ။
ထို “အိတ်စ်ကျူကတ်ရှင်း” အောင်မြင်လိုက်ပုံများ ကလေးမိဘ သားချင်းတွေပါ ကလေးတွေနှင့် ရောပြီး လိုက်ပါလာကြသည် အထိ။
မတ္တရာတိုက် ဆရာတော် ဦးနန္ဒိယ ကပင် –
ဒေါ်ဧကြင် နောက်အဖိတ် ကျရင် မတ္တရာတိုက် ပစ်ကနစ် ဘယ်သွားဖို့ ရှိလဲ” ဟု မေးတော်မူကာ ငှက်ပျောသီးတွေ စွန့်လိုက်လေသည်။
ခြုံငုံသုံးသပ်ချက်
မန္တလေးမြို့၊ နန်းတော်ရှေ့၊ မတ္တရာတိုက်မှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကြင်၏ အက်ဂျူကေးရှင်းနယ် စစ္စတမ်” တစ်စိတ်တစ်ပိုင်းကို ထိုကျောင်း၌ လေးတန်းအထိ နေခဲ့ဖူးသူက မှတ်မိသမျှ ပြန်လည် ဖောက်သည်ချခြင်း ဖြစ်ပါသည်။
တစိမ့်စိမ့် ပြန်ပြောင်း အောက်မေ့ရင်းဖြင့် ဒေါ်ဧကြင် ကျင့်သုံးခဲ့သော “ပညာသင်ကြားရေးစနစ်”၏ လေးနက် ကြီးကျယ်မှုကို “အလန့်တကြား” သဘောပေါက် ရပါ၏။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ပြည်သူ့နီတိ၊ မြန်မာစာ ရာဇဝင်၊ သင်္ချာ၊ ကဗျာ ချစ်ခင်မှု၊ ဝန်းကျင် လေ့လာမှု၊ အားကစား၊ ချိုင်း ဆိုက်ကိုလိုဂျီ … အကန့်လိုက် အကန့်လိုက် ပါဝင် နေကြပါလား။
ဆရာမကြီး ဒေါ်ဧကြင်သည် ဘီအေ ဘီအီးဒီ မဟုတ်ပါ။ ဟိုင်းယားဂရိတ်” သာ အောင်ခဲ့သော ရှေးကျကျ မူလတန်း ကျောင်းအုပ် ဆရာမကြီး တစ်ယောက်သာ ဖြစ်၏။ ပညာရေး ဆိုင်ရာ၊ ဘယ် ကွန်ဖရင့်၊ ဘယ် ဆယ်မီနာ၊ ဘယ် ဝပ်ရှော့မှလည်း တက်ရောက်ဖူးခြင်း မရှိ။ ဘာ စာတမ်းမှလည်း မပြုစုဖူးခဲ့။ ဆဋ္ဌသံဃာယနာတင်ပွဲ၊ ရန်ကုန်သို့ ရောက်ဖူးသည်မှ အပ “ ဖောရိန်း” ဆိုတာ ဝေးရော ပြည်တွင်းမှာပင် နယ်စုံ မရောက်ခဲ့။
ဂလိုဘယ် အိုင်ဒီယာ၊ ဟိုင်းတက်ကနော်လော်ဂျီ အဝေးကြီး။
အင်တာနက်၊ ဝက်ဆိုက်၊ အီးမေးလ်၊ ဖက်စ် ဝေးစွ၊ ဓာတ်ခဲသုံး ထရန်စစ္စတာ ရေဒီယိုပင် အိမ်တိုင်းစေ့ မသုံးနိုင်သေးသည့် ကာလ။ အီလက်စရောနစ် ထားလို့ အောက်လင်းဓာတ်မီး တောင်မှ ရေနံဆီ ပြတ်သည့်အခါ အသုံးမတည့်၊ နံပြား တစ်ချပ် ဆယ်ပြား၊ လက်ဖက်ရည် တစ်ခွက် တစ်မတ်။ ဆရာမကြီး လစာမှ တစ်ရာကျော်လေး။ ကုသိုလ်တော်၊ ကျောက်တော်ကြီး ဘုရားသို့ သွားသော ဖုထစ်ချိုင့်ဝှမ်း၊ ကျောက်ခဲမြှပ် မြေလမ်း ကြမ်းကြမ်းမှာ နွားလှည်းတွေ မောင်းနေသော ကာလ။ “ရာလေး” စက်ဘီး စီးနိုင်လျှင်ပင် ကြေးရေတတ် စာရင်းဝင်။
သို့သော် …
ဒေါ်ဧကြင်၏ အက်ဂျူကေးရှင်းနယ် စစ္စတမ် သည် ယနေ့ “အင်တာနေရှင်နယ် စကူး” များတွင် အကောင်အထည် ဖော်ဖို့ ကြိုးပမ်းနေသော စနစ် ဖြစ်နေပါရောလား။
ဪ … မတ္တရာတိုက်ကို လွမ်းလိုက်ပါဘိခြင်း။