အတွဲ(၂) စာစဉ်(၆)
(၁)
ရေအေးကွင်းရွာထဲကို ဝင်လိုက်တော့ ရွာကလေးက အေးအေးချမ်းချမ်းပဲဗျ၊ ရေအေးကွင်းကားရပ်နားစခန်းနဲ့ ရေအေးကွင်းရွာနဲ့က ခပ်လှမ်းလှမ်းရယ်ဗျ၊ ဆက်တော့ ဆက်နေတာပေါ့ဗျာ၊ ရေအေးကွင်းရွာက အဲဒီကားရပ်နားစခန်းကြောင့် စီးပွားတော်တော်ဖြစ်နေတာတဲ့ဗျာ၊ အခုလည်း ဦးကြည်က ကျုပ်နဲ့ဦးဘသာကို ထမင်းစားဖိတ်ခေါ်ရင်းကနေ ကျုပ်တို့နဲ့အတူတူပါလာတဲ့ ဘုရားပျံဦးအောင်ရှိန်ရယ်၊ သူ့တပည့်ရယ်ကိုပါ ခေါ်လာတာပေါ့ဗျာ။
ရေအေးကွင်းရွာက ရွာကြီးဗျ၊ အိမ်ခြေရာခြေတွေလည်း တောင့်တောင့်တင်းတင်းဆောက်ထားကြရဲ့ဗျာ၊ ကားလမ်းပေါက်တယ်ဆိုတော့ အတော်လေးတိုးတက်တယ်လို့ပြောရမယ်၊ မကြာပါဘူး ကျုပ်တို့လှည်းက ခြံဝန်းကြီးတစ်ခုထဲကို မောင်းဝင်လာပါရောဗျာ၊ ခြံဝန်းကတော့ အတော်ကျယ်တယ်ဗျ၊ ခြံထဲမှာလည်း မန်ကျည်းရိပ်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်းပေါ့ဗျာ၊ ခြံအလယ်လောက်မှာတော့ သစ်သားအိမ်ကြီးတစ်အိမ်ရှိတယ်ဗျ၊ ခြေတံရှည်အိမ်ကြီးက ရှေးပုံစံကြီးဆောက်ထားတာ၊ တိုင်လုံးတွေဆိုရင်လည်း သစ်လုံးအတိုင်းကြီးတွေ ဆောက်ထားတာဗျို့။
“ဆရာကြီးတို့ ကျုပ်အိမ်ကိုရောက်ပါပြီ၊ ကြွကြပါ”
ဦးကြည်ကတော့ ရိုးရိုးအေးအေးနေတယ်ဆိုပေမယ့် သူ့အိမ်ကိုကြည့်ပြီး အထိုက်အသင့်ချမ်းသာတဲ့လူလို့တွေးမိတယ်ဗျ၊ ကျုပ်တို့ကိုအိမ်ပေါ်ကိုမခေါ်သေးဘဲ အိမ်ရှေ့နားမှာခင်းထားတဲ့ ကွပ်ပျစ်မှာ ဖျာချောခင်းပြီးတော့ ကြိုတယ်ဗျ။
“အဖေကြီးပြန်လာပြီ၊ ဘာတွေပါလာခဲ့လဲ”
မိန်းကလေးတွေလည်း ပြေးလာတာဗျ၊ သူ့သမီးဖြစ်ပုံရမှာပေါ့ဗျာ၊ ဦးကြည်က မိန်းကလေးတွေကိုကြည့်လိုက်ပြီး
“နင်တို့မှာတာ နောက်ထားစမ်းပါ၊ အခု ဒီဆရာကြီးတွေအတွက် စားဖို့သောက်ဖို့ ဧည့်ခံဖို့ပြင်ကြစမ်း”
ဦးကြည်ငေါက်လိုက်တော့မှ အဲဒီမိန်းကလေးတွေ အိမ်နောက်ကိုပြေးဝင်သွားကြပါရော၊ ဦးကြည်က ကျုပ်တို့ဘက်ကိုလှည့်ပြီးတော့
“ဒီက ဆရာကြီးတို့ ဘာများသုံးဆောင်ချင်ပါသလဲခင်ဗျာ”
ဦးဘသာကြီးကတော့ ပြုံးလိုက်ပြီး
“လောလောဆယ်တော့ ကွမ်းတစ်ယာလောက် ဝါးလိုက်ချင်တယ်ဗျာ”
ဦးကြည်က ခေါင်းညိတ်လိုက်ပြီးတော့
“ရပါတယ်ဆရာကြီး၊ ကျုပ်အခုပဲ ပြင်ပေးပါ့မယ်”
ဦးကြည်ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ယွန်းကွမ်းအစ်တစ်လုံးနဲ့ ဆေးလိပ်ခွက်တစ်ခုကိုလာချပေးတယ်ဗျ။ ဦးဘသာကတော့ ဘာပြောကောင်းမလဲဗျာ၊ ကွမ်းအစ်ကိုဆွဲယူပြီးတော့ သူ့စိတ်ကြိုက်ယာပြီးစားနေတော့တာပဲ၊ ကွမ်းအစ်ထဲမှာလည်း အမယ်စုံတယ်ဗျ၊ ကွမ်းရွက်၊ ထုံး၊ ရှားစေး၊ ဂမုန်း၊ ဆေးရွက်ကြီး၊ နွယ်ချို အစုံပါတယ်၊ ဆေးလိပ်ခွက်ဆိုတာကလည်း စဉ့်သုတ်ထားတဲ့ ဒေါင်းပုံစံခွက်ကြီးဗျ၊ အထဲမှာတော့ ဆေးပေါ့လိပ်ရော၊ ဆေးခါးလိပ်ရောပါတယ်။ ကျုပ်ကတော့ ဘာမှမသောက်မစားတတ်တဲ့လူဆိုတော့ ရေနွေးကြမ်းနဲ့ မြေပဲပြစ်၊ နှမ်းပြစ်တွေပဲ စားတာပေါ့ဗျာ၊ ဦးအောင်ရှိန်ကလည်း ကျုပ်လိုပါပဲ၊ သူနဲ့အတူတူပါလာတဲ့ သူ့တပည့်ကတော့ ဆေးခါးလိပ်ကို ဖွာတယ်ဗျ။ ဦးကြည်တို့ ကျုပ်တို့ကိုဧည့်ခံဖို့အလုပ်ရှုပ်နေတုန်းမှာ ဦးဘသာနဲ့ ဦးအောင်ရှိန်လည်း စကားပြောကြတယ်။
“ဒါနဲ့ မင်းဘယ်ကနေဘယ်လို ငါ့ဆီကိုလာဖို့ စိတ်ကူးရတာလဲ ပြောင်ရှင်းရ”
“ဒီလိုပါပဲကွာ၊ မင်းနဲ့လည်း မတွေ့တာကြာပြီ၊ နောက်ပြီး ငါ့နွားတွေကိုလည်းရောင်းလိုက်ပြီဆိုတော့ မိုးဦးမကျခင် အားသွားပြီလေကွာ၊ ဒါနဲ့ပဲထွက်ဖြစ်ခဲ့တာ”
“အေးကွာ၊ ဒါနဲ့ သူကမင်းတပည့်လားကွ ငါတို့ကိုမိတ်ဆက်ပေးပါအုံး”
ဦးအောင်ရှိန်က ကျုပ်ကိုလက်ညှိုးထိုးပြီးပြောတယ်ဗျ၊ ဦးဘသာက ခေါင်းခါလိုက်ပြီးတော့
“ငါ့တပည့်မဟုတ်ပါဘူးဟ၊ မင်းတို့ရွာကိုလာတော့ သူကိုတွေ့ဖူးမှာပေါ့”
“တွေ့ဖူးတယ်လေကွာ၊ မင်းတို့ရွာက ဆေးဆရာကြီးကပြောတော့ သူက မင်းတပည့်ဆိုကွ၊ မင်းဆီကနေ စုန်းပညာတွေသင်ယူပြီးတော့ မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ကောင်ဆို”
ဦးအောင်ရှိန်က မေးလိုက်တော့ ဦးအောင်ရှိန်ရဲ့တပည့်က ဆေးလိပ်သောက်နေရင်း ကျုပ်ကိုဘုကြည့်လှမ်းကြည့်တာဗျ၊ ကျုပ်ကလည်း ဘယ်ရမလဲ သူ့ကိုပြန်ပြီး ဘုရှိုးလှမ်းရှိုးတာပေါ့ဗျာ၊ ဒီကောင်က အထက်လမ်းဆရာနောက်လိုက်ဆိုတော့ ကျုပ်ကိုစုန်းလို့ထင်နေတာနေမှာပေါ့။
“မဟုတ်ပါဘူးကွာ၊ သူက တို့ရွာရဲ့ သူကြီးသားပါ၊ သူ့နာမည် ခင်မောင်တဲ့၊ ဒါပေမယ့် သူ့ကိုတော့ အလတ်ကောင်လို့ပဲခေါ်ကြတယ်၊ သူ့အမေခေါ်တဲ့အတိုင်း တစ်ရွာလုံးက လိုက်ခေါ်တာပေါ့ကွာ၊ ငါ့တပည့်လည်းမဟုတ်ပါဘူးကွ၊ သူ့ကိုငါက ဘာမှမသင်ပေးပါဘူး”
ဦးအောင်ရှိန်က ခေါင်းညိတ်တယ်ဗျ၊ နောက်ပြီးတော့ သူ့ဘေးမှာထိုင်နေတဲ့ သူ့တပည့်ကို လက်ညှိုးထိုးပြတယ်။
“ဟောဒါက ငါ့တပည့်ပဲ ပြောပါစို့ကွာ၊ သူ့နာမည်က ရင်မောင်တဲ့ကွ၊ ငါ့နောက်လိုက်နေတာ ငါးနှစ်လောက်ရှိပြီဆိုတော့ ပညာလည်း ထိုက်သင့်သလောက်ရပြီပေါ့”
“ဟား၊ ဟား မင်းတပည့်က ရင်မောင်၊ ငါ့တူက ခင်မောင်ဆိုတော့၊ ရင်မောင်နဲ့ ခင်မောင်နဲ့ တွေ့ကြပြီပေါ့ကွာ၊ ဟား၊ ဟား”
ဦးဘသာကြီးက ပြောပြီးရယ်တယ်ဗျ၊ ကျုပ်ဖြင့် အဲဒီရင်မောင်ဆိုတဲ့ကောင်ကို ကြည့်လို့ကိုမရပါဘူးဗျ၊ ဒါပေမယ့် ဒီကောင်က လူရည်သန့်တယ်ဗျ၊ အသားကခပ်လတ်လတ်၊ အရပ်ကလည်း ကျုပ်နဲ့မတိမ်းမယိမ်းပါပဲဗျာ၊ ဒါပေမယ့် ဝတ်ထားတာကတော့ ယောဂီရောင်လိုလို ရှပ်အကျီလက်ရှည်ကို မီးပူထိုးထားတာ ကော့နေတာပဲဗျ၊ အောက်ကလည်း ယောပုဆိုးဝတ်ထားပြီးတော့ အရောင်ကလည်း လိုက်ဖက်ညီတာပေါ့ဗျာ၊ လည်ပင်းမှာလည်း ပုတီးအဖြူရောင်တစ်ခုဆွဲထားသေးတယ်၊ နှုတ်ခမ်းမွှေးစစနဲ့ ဘိုကေကလည်း အိနေအောင်ဖြီးထားတာဗျ၊ ခေါင်းလိမ်းဆီတွေရွှဲစိုနေတာပဲ။
သူ့ဆရာဦးအောင်ရှိန်ကရော ဘာထူးသေးလို့လဲဗျာ၊ အဖြူရောင်ရှပ်အကျီလည်ကတုံးကို အောက်က ယောပုဆိုးနဲ့ဗျ၊ လွယ်အိတ်ဖြူဖြူကြီးကိုလည်း လွယ်ထားပြီး ခေါင်းမှာလည်း ဘိုးတော်တွေဆောင်းတဲ့ ခေါင်းပေါင်းဖြူဖြူနဲ့ကိုးဗျ၊ ရုပ်ကတော့ ဦးဘသာကြီးခေါ်သလို မျောက်ခေါင်းရုပ်ဗျ၊ ပါးရိုးငေါငေါ ပါးခွက်ချိုင့်ချိုင့်နဲ့ မျက်လုံးကလည်း နည်းနည်းပြူးနေသေးတယ်ဗျ၊ ခင်ဗျားတို့မျက်နှာထဲ တန်းမြင်အောင်ပြောရရင်တော့ တကယ့်မျောက်ခေါင်းရုပ်ပါပဲဗျာ။ ဒါပေမယ့် သူတို့ဆရာတပည့်နှစ်ယောက်က ကြွရွနေအောင်ဝတ်ထားစားထားတာဆိုတော့ သူတို့ကိုကြည့်လိုက်တာနဲ့ ဘိုးတော်ကြီးတွေလား၊ အထက်လမ်းဆရာကြီးတွေ၊ ဂိုဏ်းဆရာကြီးတွေပုံစံ ပေါက်ပြီးသားပေါ့ဗျာ။
ကျုပ်တို့ကိုလည်း ကြည့်အုံးလေ၊ ကျုပ်က အပေါ်က ချည်ထည်ကြမ်းကြမ်းနဲ့ချုပ်ထားတဲ့ ရှပ်အကျီကို ပူလွန်းလို့ ကြယ်သီးမတတ်ဘဲ ဝတ်ထားတယ်၊ အဲဒီအောက်ကလည်း ဘုရားစူးအဖြူရောင်ဆိုတဲ့ စွပ်ကျယ်နဲ့ အောက်ကလည်း ပုဆိုးကြမ်းကြီးဝတ်လို့ဗျ၊ ပုဆိုးကြမ်းဆိုတာက ကျုပ်တို့အရပ်အခေါ်ပါ၊ ကျုပ်တို့အိမ်မှာတင် ရက်လုပ်ထားတဲ့ ပုဆိုးကို ပုဆိုးကြမ်းလို့ခေါ်ပြီး အပြင်ကနေဝယ်တဲ့ပုဆိုးတွေကိုတော့ ပုဆိုးချောလို့ခေါ်တယ်၊ ကျုပ်တို့ခေတ်က အိမ်တိုင်းလိုလို ရက်ကန်းတွေရှိသေးတယ်၊ ယာခင်းထဲ ဝါတွေစိုက်ပြီး မိန်းကလေးတွေက ဗိုင်းတောင့်၊ ဗိုင်းငင်ပြီး အိမ်မှာဝတ်ဖို့အတွက် ကိုယ်တိုင်ယက်လုပ်ကြတာ ပုဆိုးပေါ့ဗျာ၊ လုံချည်ကြော်ငြာတွေထဲ ချည်ချောလုံချည်ဆိုတာ ထည့်ကြော်ငြာတယ်မဟုတ်လား၊ ပုဆိုးကြမ်းကတော့ ခုခေတ်လုံချည်တွေလို ချည်မချောဘဲနဲ့ ဟိုနားအဖုအထစ်၊ ဒီနားအဖုအထစ်နဲ့ပေါ့ဗျာ၊ ထားပါတော့။
ဦးဘသာဆိုရင်လည်း သဘက်ဟောင်းကြီးခေါင်းပေါင်းပြီး အဆီပြန်နေတဲ့မျက်နှာကြီးရယ်၊ အပြာရောင် တိုက်ပုံဟောင်းကြီးရယ်၊ အောက်ကလည်း ပုဆိုးကွက်ကျဲကြီးနဲ့ဆိုတော့ ကျုပ်တို့နှစ်ယောက်ကိုကြည့်လိုက်တာနဲ့ တောသားတွေလား၊ ရွာသားတွေလား ဆိုပြီးတန်းသိတဲ့ဂိုက်တွေပေါ့ဗျာ၊ ဦးအောင်ရှိန်တို့ဆရာတပည့်နဲ့ ကျုပ်တို့နဲ့ကိုယှဉ်လိုက်ရင် နံ့သာဆီနဲ့ အီးလိုကွာတာပေါ့ဗျာ။
(၂)
အဲဒီရင်မောင်ဆိုတဲ့လူက စကားပြောရင် သူသိ၊ သူတတ်ပုံစံမျိုးနဲ့ပြောတာ၊ ကျုပ်နဲ့တောင်မှ သိပ်အဖက်လုပ်ပြောတာမဟုတ်ဘူးဗျ၊ ဦးဘသာကိုလည်း ဦးအောင်ရှိန်ပြောထားလို့ စုန်းမှန်းတော့ သိပြီးဖြစ်မှာပါဗျာ၊ ဒါပေမယ့် စုန်းတွေကို သူတို့က နိုင်တယ်ဆိုတဲ့အထာနဲ့ စကားပြောတာဗျ၊ ဦးအောင်ရှိန်ကတော့ စကားပြောတာ ခပ်အေးအေးပါပဲ၊ မော်တာကြွားတာမရှိပါဘူး။
ကျုပ်တို့စကားပြောနေရင်း အခြေအနေက နည်းနည်းတင်းမာလာတယ်ဗျ၊ မကြာပါဘူးဗျာ၊ ဦးကြည်က အဝတ်အစားလဲပြီး ကျုပ်တို့ဆီရောက်လာပါရော။
“ဒါနဲ့ ဆရာကြီးတို့နဲ့တောင် သေသေချာချာမိတ်မဆက်ရသေးပါဘူးဗျာ၊ ကျုပ်နာမည်ဦးကြည်လို့ခေါ်ပါတယ်၊ ဒီရေအေးကွင်းဇာတိပါပဲဗျာ၊ ကျုပ်အိမ်သူကတော့ ဆုံးတာကြာပြီဗျ၊ သမီးနှစ်ယောက်တော့ အရွယ်ကောင်းလေးတွေ ကျန်ခဲ့တာပေါ့ဗျာ၊ အလုပ်အကိုင်ကတော့ အရှေ့နဲ့အနောက် ကုန်ကူးပါတယ်”
ဦးကြည်က ဦးဘသာကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ ဥပဓိရုပ်ပိုကောင်းတဲ့ ဦးအောင်ရှိန်ကိုအရင်မေးလိုက်တယ်ဗျ၊ ဦးအောင်ရှိန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့
“ငါ့နာမည်အောင်ရှိန်၊ အနောက်နယ်ဘက်မှာတော့ ဘုရားပျံဦးအောင်ရှိန်လို့ လူသိများကြတယ်၊ အထက်ဘိုးတော်တွေရဲ့ ကူညီဆောင်မမှုနဲ့ ခုနစ်ရက်သားသမီးတွေကို ကယ်တင်ပေးနေတာပေါ့ကွဲ့”
ဦးကြည်ရုပ်က ချက်ချင်းပြောင်းလဲသွားတယ်ဗျ၊ တအံ့တဩဖြစ်သွားတဲ့ပုံပဲ၊ ပြီးတာနဲ့ ဦးအောင်ရှိန်ကို တန်းပြီး ကန်တော့တာပဲ။
“ဟာ ဆရာကြီးရာ၊ ဆရာကြီးရဲ့သတင်းတွေ ကျုပ်တို့ကြားပြီးသားပါ၊ ကျုပ်အိမ်ကို ဆရာကြီးက ဆိုက်ဆိုက်မြိုက်မြိုက်ကြွလာတယ်ဆိုတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ ဆရာကြီး၊ ကျုပ်အရမ်းဝမ်းသာပါတယ်”
ဦးကြည်က ဘယ်နှကြိမ်မှန်းမသိ ဖင်ပူးတောင်းထောင်ပြီး ကန်တော့နေတာနဲ့ ကျုပ်လည်း မြင်ပြင်းကပ်လာပြီး ချောင်းတစ်ချက်ခပ်ကျယ်ကျယ်ကလေး ဟန့်လိုက်တာပေါ့ဗျာ။
“အဟမ်း . . .”
ကျုပ်တို့လည်း ရှိသေးတယ်ဆိုတဲ့သဘောနဲ့ ချောင်းဟန့်လိုက်တော့မှ ဦးကြည်က ကျုပ်တို့ဘက်ကိုလှည့်လာတယ်၊ ကျုပ်က ဘာမှမပြောရသေးခင် ဦးဘသာကြီးက ကွမ်းကြီးငုံပြီးပြောတယ်ဗျ။
“ကျုပ်နာမည်ကတော့ ဘသာတဲ့၊ ဦးဘသာလို့ခေါ်ကြတယ်၊ အရှေ့ဘက် ဇီးကုန်းရွာကပေါ့”
ဦးကြည်က ဦးဘသာကိုကြည့်ပြီးတော့
“ဒါနဲ့ ဆရာကြီးကရော အထက်လမ်းလိုက်စားတဲ့ ဆရာများလား”
ဦးဘသာက ထွေးခံထဲကို ကွမ်းသွေးတွေ ထွေးချလိုက်ပြီးတော့
“မဟုတ်ပါဘူး၊ ငါကစုန်းပါ”
ဦးကြည်မျက်လုံးကြီးကို ပြူးထွက်သွားတာပဲ၊ နောက်တော့ မယုံသလိုလိုဘာလိုလိုနဲ့ ဦးအောင်ရှိန်ကိုလှည့်ကြည့်တယ်၊ ဦးအောင်ရှိန်ကလည်း ခေါင်းညိတ်ပြီးတော့
“ဟုတ်တယ်၊ ပြောင်ရှင်းက စုန်းပါပဲ၊ ငါနဲ့တော့ အတော်ခင်ကြတဲ့ သူငယ်ချင်းတွေပေါ့”
စုန်းနဲ့အထက်လမ်းနဲ့ အတူတူတွဲနေတာကိုမြင်တဲ့ ဦးကြည်က အတော်အံ့ဩနေပုံပဲဗျ၊ ဦးဘသာကလည်း
“ဟုတ်ပါတယ်၊ ကျုပ်သူငယ်ချင်းမျောက်ခေါင်းဆီကို ကျုပ်တို့လာလည်ကြတာပါ”
ပြောင်ရှင်းတွေရော၊ မျောက်ခေါင်းတွေရော၊ စုန်းတွေရော၊ အထက်လမ်းတွေရော စုံနေအောင်ကြားလိုက်ရလို့ ဦးကြည်ခေါင်းရှုပ်သွားတယ်ထင်ပါရဲ့ဗျာ၊ ခေါင်းကုပ်ပြီးတော့ ရေနွေးကရားအိုးကို လှမ်းစမ်းတယ်ဗျ။
“ရေနွေးတွေတောင်အေးနေပြီ၊ ကျုပ်ပြန်ဖြည့်ပေးပါ့မယ်”
ဦးကြည်က ရေနွေးကရားအိုးကို ယူပြီးကွပ်ပျစ်ပေါ်ကဆင်းသွားတယ်ဗျ၊ ဒီအချိန်မှာ ဦးအောင်ရှိန်က ဦးဘသာကို မျက်စောင်းလှမ်းထိုးတယ်။
“ပြောင်ရှင်းရာ၊ မင်းနဲ့ငါ ဘယ်လောက်ခင်ခင် လူရှေ့သူရှေ့မှာ ငါ့ကိုမျောက်ခေါင်းလို့ မခေါ်စမ်းပါနဲ့၊ ငါက မင်းနဲ့သာ သူငယ်ချင်းဆိုပေမယ့် မင်းလိုမဟုတ်ဘူးကွ၊ ဒီနယ်တစ်ကြောမှာ နာမည်ရနေတဲ့ အထက်လမ်းဆရာကြီးပဲ၊ မင်းနည်းနည်းတော့ သတိထားသင့်တယ်”
ဦးအောင်ရှိန်ကသာ သူ့ကို မျောက်ခေါင်းခေါ်လို့ မျက်စိပျက်မျက်နှာပျက်ဖြစ်နေတာ၊ ဦးဘသာကတော့ ခပ်ပြုံးပြုံးပါပဲ။
“အောင်မယ်၊ ငါ့သူငယ်ချင်းက ရှက်နေတာလားကွ၊ ဟေ”
“အိုကွာ၊ မင်းငါ့ကိုမျောက်ခေါင်းလို့ခေါ်တာ ငါအပြစ်မမြင်ပါဘူး၊ ဒါပေမယ့် လူရှေ့သူရှေ့တော့ ရှောင်သင့်တယ်ကွ”
ဦးဘသာမျက်မှောင်တစ်ချက်ကြုတ်သွားတယ်ဗျ၊ ကျုပ်ကလည်း သူစိတ်ဆိုးသွားမှန်း သိလိုက်ပါပြီဗျာ၊ ဒါပေမယ့် ဦးဘသာက သူ့ပုံစံအတိုင်း အပြုံးမပျက်ပါဘူးဗျာ၊ ဦးအောင်ရှိန်နဲ့ သူ့တပည့် ရင်မောင်သာ မျက်စိပျက်မျက်နှာပျက်ဖြစ်နေတာ။
နောက်တော့ ဦးကြည်က ရေနွေးကရားအိုးကလေး ပြန်ကိုင်ပြီးတော့ ထွက်လာတယ်ဗျ၊ ရေနွေးကရားအိုးက ဒန်နဲ့လုပ်ထားတဲ့ ကရားအိုးကလေးပါဗျာ၊ ဦးကြည်က ရေနွေးဗန်းထဲလာချတာနဲ့ ဦးဘသာက ရေနွေးကရားအိုးကို ယူလိုက်ပြီးတော့ အကြမ်းပန်းကန်လုံးထဲကို ငှဲ့ထည့်တယ်ဗျ။
“တို့အရှေ့ပိုင်းသားတွေကတော့ ရေနွေးဆိုလွှတ်ကြိုက်ချက်ပဲ မောင်ကြည်ရ”
ဦးဘသာက မပြောမဆိုနဲ့ အကြမ်းပန်ကန်ထဲက အငွေ့တစ်ထောင်းထောင်းထနေတဲ့ ရေနွေးတွေကို မှုတ်တောင်မမှုတ်ဘဲ တစ်ကျိုက်တည်းမော့ချပစ်လိုက်တော့တာပဲဗျာ၊ ကြည်hနေတဲ့လူတွေအကုန်လန်Uကုန်တယ်ဗျ၊ ဦးဘသာကတော့ ဘာမှဖြစ်ပုံမရဘူး၊ ကျုပ်တော့စိတ်ထဲကနေ သိလိုက်ပါပြီဗျာ၊ ဦးဘသာကြီး ပညာတွေပြနေပြီဆိုတာ၊ နောက်ပြီးတော့ ရေနွေးအကြမ်းပန်ကန်လုံးကို ဗန်းထဲကို ဒေါင်ခနဲမြည်အောင်လို့ ချလိုက်တယ်။
“မင်းတို့အနောက်ပိုင်းသားတွေရော၊ ရေနွေးကြိုက်ရဲ့လားကွ”
ဦးအောင်ရှိန်ကိုကြည့်ပြီးပြောတာဗျ၊ ကျုပ်ကတော့ ဒဲ့စိန်ခေါ်တယ်ထင်တာပဲ၊ ဦးအောငရှိန်ကလည်း မထုံတတ်တေးမျက်နှာနဲ့ ရေနွေးတစ်ခွက်ကောက်ငှဲ့လိုက်တယ်ဗျ၊ ပြီးတော့ ပါးစပ်ထဲကို စွက်ခနဲမော့ထည့်လိုက်တာ၊ နောက်တော့ ဟန်ပါပါနဲ့ ရေနွေးအကြမ်းပန်းကန်ကို ပြန်ချပြလိုက်တယ်။ နှစ်ခွက်လောက် ဆင့်သောက်လိုက်ပြီးတော့မှ ဦးဘသာကို ဘယ့်နှယ်hရှိစ ဆိုတဲ့အကြည့်နဲ့ကြည့်တာဗျ။
“တို့အနောက်ပိုင်းသားတွေကလည်း ရေနွေးဆိုလို့ကတော့ ကြိုက်ပြီးသားပေါ့ကွာ”
ပြိုင်ပွဲကတော့ စနေပြီဗျ၊ ပြိုင်တယ်လို့ မပြောတာဘဲရှိတာ၊ ဦးဘသာကြီးကလည်း မခံချင်တာနဲ့
“တို့အရှေ့ပိုင်းသားတွေက ရေနွေးဆို များများသောက်ရမှ ကျေနပ်တာကွ၊ မောင်ကြည်၊ ဖလားရှိရင်ချကွာ”
ဦးကြည်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ အိမ်ပေါ်တက်သွားပြီးတော့ ကြေးနဲ့လုပ်ထားတဲ့ ဖလားလေးတစ်လုံးချတယ်ဗျ၊ ဦးဘသာက အဲဒီဖလားထဲကို ရေနွေးတွေငှဲ့ထည့်လိုက်တာ ရေနွေးအိုးတစ်ဝက်ကျိုးသွားပါရောဗျာ၊ နောက်တော့ ရေနွေးပူပူကြီးကိုဖလားတစ်ခုလုံး ကုန်သွားအောင်လို့ မော့ချပစ်လိုက်တယ်၊ သူတို့သာ ဘာမှမဖြစ်ပေမယ့် ဘေးကကြည့်နေတဲ့ကျုပ်ကတော့ ပါးစပ်ထဲ တော်တော်ပူနေပြီဗျ။
“မင်းက ဖလားဆိုတော့လည်း ဖလားပေါ့ကွာ”
ဦးအောင်ရှိန်ကလည်း ဦးဘသာသောက်တဲ့အတိုင်း ဖလားထဲကို ရေနွေးထည့်လိုက်တယ်၊ ဒါပေမယ့် ဖလားတစ်ဝက်လောက်ရောက်တော့ ရေနွေးအိုးက ရေကုန်သွားပြီ၊ ဒါနဲ့ ဦးအောင်ရှိန်က ဦးကြည်ဘက်ကိုလှည့်လိုက်ပြီးတော့
“ရေနွေးဆူဆူရှိသေးလား . . .”
“ဟို . . . မီးဖိုပေါ်မှာ တစ်အိုးတော့ဆူနေပါပြီ”
“သွားယူလာခဲ့၊ တို့အနောက်ပိုင်းသားတွေက ရေနွေးဆိုပူမှကြိုက်တာကွ”
ဦးကြည်လည်း မီးဖိုထဲကိုပြေးပြီးတော့ ရေနွေးအိုးကြီးကိုင်ပြီးထွက်လာတယ်၊ ဦးအောင်ရှိန်အနားရောက်တော့ ရေနွေးအိုးကြီးထဲက ရေတွေကို ဖလားထဲကို လောင်းထည့်လိုက်တယ်ဗျ၊ ရေနွေးတွေက အခုမှ မီးဖိုပေါ်ကချလာတာဆိုတော့ အငွေ့တွေထနေတာ မြင်မကောင်းဘူးဗျာ၊ ဦးအောင်ရှိန်ကလည်း ဖလားကိုကိုင်မြှောက်လိုက်ပြီးတော့ သောက်ထည့်လိုက်တာပါပဲ၊ နားတောင်မနားပါဘူးဗျာ၊ ဖလားကုန်တော့မှ ဖလားကိုပြန်ချလိုက်တယ်။ ဦးဘသာကလည်း မလျော့ရေးချမလျော့ဗျာ။
“တို့အရှေ့ပိုင်းသားက ရေနွေးဆို ဒီထက်ပိုပူမှကွ၊ မောင်ကြည် ထည့်စမ်းကွာ”
ဦးကြည်ကလည်း ဦးဘသာအရှေ့က ဖလားထဲကို ရေနွေးတွေထည့်ပေးလိုက်တာပေါ့ဗျာ၊ ဦးဘသာက အငွေ့တစ်ထောင်းထောင်းထနေတဲ့ ရေနွေးဖလားကို စိုက်ကြည့်နေတာဗျ၊ တစ်မိနစ်တောင်မကြာလိုက်ပါဘူးဗျာ၊ ဖလားထဲက ရေနွေးတွေက ပလုံစီတွေတက်လာပါရော၊ သုံးမိနစ်လောက်ကြာတော့ရေနွေးတွေ ပွက်ပွက်ဆူပြီးတော့ ဘောင်ဘင်ခတ်နေပြီ၊ ဦးဘသာက ပွက်ပွက်ဆူနေတဲ့ ရေနွေးဖလားကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပါးစပ်ဖြဲပြီး လောင်းထည့်ပြတာဗျ၊ သောက်တဲ့သူသာ ဘယ့်နှယ့်မှ မနေတာ ဘေးကကြည့်နေတဲ့ ကျုပ်တို့ကတော့ ပါးစပ်အဟောင်းသားဖြစ်နေပြီဗျ။
ဦးအောင်ရှိန်ကလည်း လျော့မယ်ထင်သလားဗျာ၊ ပူလွန်းလို့ လက်နှီးအဝတ်နဲ့ကိုင်ထားရတဲ့ ဦးကြည်လက်ထဲက ရေနွေးအိုးကြီးကိုဖင်ကနေလက်ဗလာနဲ့ကိုင်ယူပြီးတော့ သူ့ပါးစပ်ထဲကို လောင်းထည့်ပြတာဗျ၊ တစ်ချက်မှ ပူပုံမရသလို၊ ချွေးတစ်စက်တောင် မထွက်ပါဘူးဗျာ၊ ဦးကြည်ဆိုရင် ဆရာကြီးနှစ်ယောက် ပြိုင်တာကိုကြည့်ပြီး ချွေးတွေပြန်နေပြီဗျ။ ဦးအောင်ရှိန်မော့သောက်လိုက်တာ ရေနွေးအိုးကြီးကုန်သွားတဲ့အထိပေါ့ဗျာ၊ ပြီးတော့မှ ဦးအောင်ရှိန်က ဦးဘသာကိုပြုံးကြည့်ရင်း ရေနွေးအိုးကိုပြန်ချလိုက်တာ။
“ကဲ သူငယ်ချင်း၊ တို့အနောက်ပိုင်းသားတွေက ပူလည်းပူရမယ် များလည်းများရမယ်ကွ”
ဦးဘသာလည်းအားကျမခံဘဲ ဦးကြည်ဘက်ကိုကြည့်လိုက်ပြီး
“ကဲ မောင်ကြည် ရေနွေးထည့်စမ်းကွာ”
“ဟို . . . ဟို ရေနွေးက မရှိတော့ဘူးဆရာကြီး”
“အေး . . . ရေနွေးမရှိလည်းရပါတယ်၊ ရေအေးသာထည့်စမ်းပါ . . .”
ဦးဘသာကြီးပြောလို့ ဦးကြည်လည်း ရေပြေးခပ်ဖို့လုပ်တာပေါ့။ ဒါပေမယ့် ဦးဘသာက ဦးကြည်ကိုတားလိုက်ပြီး
“ရေလည်းမလိုပါဘူးကွာ၊ ငါပဲဖြည့်လိုက်ပါ့မယ်”
ကွပ်ပျစ်ပေါ်မှာ ရေနွေးကရားအိုးကိုချပြီးတော့ အဖုံးဖွင့်လိုက်တယ်၊ နောက်တော့ ဦးဘသာက ရေနွေးအိုးကို လက်ညိုးထိုးလိုက်တော့ သူ့လက်ညိုးကနေ ရေတွေဒရဟော စီးကျလာတာဗျာ၊ အံ့ပါရဲ့၊ တစ်ခဏအတွင်းမှာပဲ အဲဒီရေနွေးအိုးကြီးပြည့်သွားတယ်ဗျ၊ နောက်တော့ ဦးဘသာက ရေနွေးအိုးကိုယ်ထည်ကို လက်သုံးချောင်းနဲ့ ပွတ်ဆွဲပြီးလှည့်နေရင်း အိုးထဲက ရေအေးတွေက တဖြည်းဖြည်းနဲ့ ဆူလာပြီးတော့ တဗွမ်းဗွမ်း ပွက်ကုန်တာပဲဗျာ။
ဦးအောင်ရှိန်ကတော့ မျက်နှာထားတည်တည်နဲ့ပါပဲဗျာ။
“အဟမ်း၊ မင်းလုပ်တဲ့အတိုင်းဆို ငါရေဆုံးမြေဆုံးလိုက်လုပ်ချင်သပ ပြောင်ရှင်းရာ၊ ဒါပေမယ့် ငါတို့ပညာရပ်မှာက မြေ၊ လေ၊ ရေ၊ မီး နဲ့ သက်ရှိတွေကို မဖန်တီးရဘူးတဲ့ကွ၊ ဒါကြောင့် မင်းလိုတော့ ငါရေမဖန်တီးချင်ဘူး”
ဦးအောင်ရှိန်ကပြောတော့ ဦးဘသာကလည်း ခေါင်းတဆတ်ဆတ်ညိတ်တယ်ဗျ။
“ဒါပေါ့၊ အားတိုင်းယားတိုင်း မီးတို့ရေတို့ ဖန်တီးနေမယ်ဆိုရင် သဘာ၀တရားကြီးနဲ့ ဆန့်ကျင်ရာကျသွားမှာပေါ့၊ ဒါတော့ ငါလည်းလက်ခံပါတယ်၊ ငါလည်း နောက်ဆိုရင်တော့ ဒါတွေမဖန်တီးဖြစ်အောင် သတိထားပါ့မယ်ကွာ”
ကြည့်စမ်းဗျာ၊ စိတ်ထားပြည့်၀တဲ့သူတွေဆိုတာ အဲဒီလိုမျိုးပါလားလို့ ကျုပ်သဘောပေါက်သွားတယ်၊ သူများတွေလို အကြိတ်အနယ် ခွန်းတုံ့ခံပြီး ပြိုင်နေမယ့်အစား ဦးအောင်ရှိန်ပြောတာကိုတောင် သူကလက်ခံလိုက်သေးသဗျာ၊ ဦးအောင်ရှိန်ကလည်း ဦးဘသာကိုကြည့်ပြီးပြုံးတယ်။
“သူငယ်ချင်းပြောင်ရှင်းရာ၊ ငါက မင်းလိုမျိုးရေတော့မဖန်တီးချင်ပေမယ့် မင်းဖန်တီးထားတဲ့ရေနွေးထဲကို လက်ဖက်ခြောက်တော့ ခပ်ပေးမှာပါကွ”
ဦးအောင်ရှိန်က ပြောပြောဆိုဆိုနဲ့ ကွပ်ပျစ်အစပ်နားမှာ ကျနေတဲ့ သစ်ရွက်ခြောက်တစ်ခုကို ကောက်လိုက်ပြီးတော့ လက်ထဲချေလိုက်တယ်ဗျ၊ နောက်ပြီးတော့ ကြေသွားတဲ့သစ်ရွက်ကလေးတွေကို ဦးဘသာလုပ်လို့ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးထဲကို ထည့်လိုက်ရင်ပဲ လက်ဖက်နံ့မွှေးမွှေးကလေးက ထောင်းခနဲထွက်လာပါရောဗျာ။
“ကဲသူငယ်ချင်းရာ ငါတို့အတူတူ သောက်ကြစို့ကွာ”
“ဟုတ်ပါ့ဟေ့၊ အရှေ့ပိုင်းသားပဲဖြစ်ဖြစ်၊ အနောက်ပိုင်းသားပဲဖြစ်ဖြစ် အညာသားမှန်ရင်တော့ လက်ဖက်ခြောက်ကြမ်းကြမ်းခပ်ထားတဲ့ ရေနွေးကိုတော့ လူတိုင်းကြိုက်ကြမှာပဲကွ”
အခုကျတော့ သူငယ်ချင်းနှစ်ယောက် အတိုင်အဖောက်ညီသွားပြန်ရောဗျာ၊ အကြမ်းပန်းကန်လုံးထဲ ရေနွေးတွေလောင်းထဲ့ပြီးတော့ သောက်နေလိုက်ကြတာ၊ သူတို့က ဘာမှမဖြစ်ပေမယ့် ဘေးကကြည့်နေတဲ့ ကျုပ်တို့ကတော့ဟပ်ကော့ကြီးဖြစ်ပြီး ကျန်ခဲ့တာပေါ့ဗျာ၊ ဦးဘသာက ရေနွေးတစ်ကျိုက်သောက်လိုက်ပြီးတော့
“သူငယ်ချင်းမျောက်ခေါင်း . . . အဲလေ . . . အောင်ရှိန်၊ အခုအချိန်ကစလို့ မင်းကိုလူကြားသူကြားထဲ မျောက်ခေါင်းလို့ မခေါ်တော့ပါဘူးကွာ၊ ငါ့ကိုခွင့်လွှတ်နော်”
ဦးဘသာက ထိုင်နေတဲ့ ဦးအောင်ရှိန်ရဲ့ပေါင်ကို ပုတ်ပြီးပြောတာဗျ၊ ဦးအောင်ရှိန်ကလည်း ခေါင်းညိတ်ပြီးတော့
“ခွင့်လွှတ်ပါတယ်သူငယ်ချင်းရာ၊ ငါလည်းမင်းကို ပြောင်ရှင်းလို့မခေါ်တော့ပါဘူး၊ သူများတွေခေါ်သလို ဘသာလို့ပဲခေါ်တော့မယ်”
“ဘယ်လိုခေါ်ခေါ် ငါကတော့ ဂရုမစိုက်ပါဘူးကွာ၊ ဒါနဲ့ လူရှင်းသွားရင်တော့ မျောက်ခေါင်းက မျောက်ခေါင်းပဲနော် ဟား . . . ဟား”
“ဒါပေါ့ ပြောင်ရှင်းရာ . . .ဟား၊ ဟား”
သူငယ်ချင်းနှစ်ယောက်ရယ်မောနေတာကိုကြည့်ပြိး ကျုပ်နဲ့ ဦးကြည်က ခေါင်းကုတ်နေမိတယ်ဗျ၊ အခုကျတော့လည်း သူတို့တည့်သွားကြပြန်ရော၊ ဦးကြည်လဲ ရေနွေးအိုးကြီးထဲက ရေနွေးတွေကို ကရားအိုးထဲ လောင်းထည့်ခဲ့ပြီးတော့ ထမင်းပြင်ဖို့အတွက် အနောက်ကိုဝင်သွားပါရောဗျာ။
(၃)
ဦးကြည်နဲ့ သမီးနှစ်ယောက်ကတော့ ထမင်းဟင်းတွေပြင်ထားတာ ရှယ်ပဲဗျာ၊ အိမ်ကြက်တစ်ကောင်ကို ဘူးသီးလေးနဲ့ ဆီကျန်ရေကျန်ကလေးချက်ထားတာ၊ နောက်ထပ်ကြက်တစ်ကောင်ကိုတော့ တုံးတစ်ပြီးတော့ အကြွပ်ကြော်ထားသေးတယ်၊ ပြီးတော့ မန်ကျည်းရွက်နုကလေးတွေကို ဆီစိမ်းကလေးဆမ်းပြီးသုပ်ထားသေးတယ်၊ ငါးပိချက်၊ ဘာလချောင်ကြော်၊ ခရမ်းချဉ်သီးထောင်းအပြင်၊ ဆီးဖြူသီးထောင်းလေးက ခံတွင်းရှင်းပြီး စားလို့မြိန်ချက်ဗျာ၊ ကျုပ်လည်း ဆာဆာနဲ့ထမင်းကိုစားတော့တာပေါ့၊ ဦးအောင်ရှိန်ကတော့ ကြက်သားမစားဘူးဗျ။
“သူတော်ကောင်းတွေက မြင်သား၊ ကြားသား၊ ယုံမှားသံသယဖြစ်တဲ့အသားကို မစားရဘူးကွ၊ စားရင် ပါဏာတိပါတာကံဖြစ်တယ်”
“ဟာ ဆရာကြီးကလည်း၊ ကျုပ်တို့သတ်တာမှမဟုတ်တာ . . .”
ကျုပ်က ကြက်ကြော်တုံးကိုဝါးရင်း ဦးအောင်ရှိန်စကားကို ပြန်ပြီးတုန့်ပြန်လိုက်တာပေါ့။
“မဟုတ်ဘူးကွ၊ ကိုယ်တိုင်မသတ်ပေမယ့် ကိုယ့်အတွက်သတ်ပေးတယ်ဆိုရင်လည်း အကုသိုလ်ဖြစ်တယ်၊ ငါ့အထင်တော့ ဒီကြက်က အရင်က ချက်ဖို့အစီအစဉ်မရှိဘဲ ငါတို့ရောက်လာလို့ ထသတ်ပုံရတဲ့ကြက်ကွ”
ဦးအောင်ရှိန်က ကြက်သားဟင်းကိုလက်ညှိုးထိုးပြီးပြောလိုက်တော့ ဦးကြည်က ခေါင်းကုပ်ရင်းနဲ့
“ဟို . . . ကျုပ်ကလည်း ဆရာကြီးတို့ကို စားစေချင်တဲ့ စေတနာနဲ့မို့ပါဗျ”
“မင်းကိုအပြစ်မတင်ပါဘူးမောင်ကြည်ရာ၊ ငါမစားရလည်း သူတို့တွေစားကြတာပဲမဟုတ်လား”
ဦးအောင်ရှိန်တို့ ဆရာတပည့်က မစားပေမယ့် ကျုပ်နဲ့ဦးဘသာကတော့ အိမ်ကြက်ကိုမြိန်ရေရှက်ရေစားကြတာပေါ့ဗျာ၊ ဦးဘသာက သွားသိပ်မကောင်းတော့ ကြက်သိပ်မဝါးနိုင်လို့ ကျုပ်ပဲ ဒိုင်ခံစားနေတာပေါ့။ စားသောက်နေရင်း ကျုပ်တစ်ခုသတိရသွားတယ်ဗျ။
“နေပါအုံး ဆရာကြီးရှိန်ရ၊ ဟိုတစ်ခါ ကျုပ်တို့ရွာကိုလာတော့ ဦးဘသာအိမ်မှာ ကြက်သားနဲ့ဘူးသီးနဲ့ ကာလသားချက်ကျတော့ စားသွားတယ်မဟုတ်လား”
ကျုပ်ကတမင်ထောက်မှန်း ဦးဘသာက သိတယ်ဗျ၊ ကျုပ်ဆိုတဲ့ကောင်ကလည်း တစ်ယောက်ယောက်ကို ထောက်ရတော့မယ်ဆိုရင် ဟိုးပဝေသဏီက အဖြစ်အပျက်ကိုပါ ရအောင်မှတ်ထားတဲ့ကောင်ပဲဗျ၊ ဦးအောင်ရှိန်က တစ်ချက်ငြိမ်သွားတယ်ဗျ၊ ဒါနဲ့ ဦးဘသာကြီးက ထပြောတယ်။
“အဲဒါက ပံ့သကူကြက်ပါကွာ”
“ဘယ်လိုဗျ”
“အေးလေအလတ်ကောင်ရာ၊ ငါတို့အိမ်မှာ ကြက်မှမွေးထားတာမှမဟုတ်တာ၊ ဖြစ်ချင်တော့ အဲဒီနေ့နေ့လည်လောက်က တို့ခြေရင်းအိမ်က မွေးထားတဲ့ကြက်ကို ခွေးကဝင်ဆွဲပါရောလား၊ အဲဒီမှာ ကြက်မနှစ်ကောင်သေပါရောကွာ၊ ငါကလည်း ကြက်သားစားချင်တာနဲ့ သူတို့ကြက်ကို အဖိုးအခပေးပြီးတော့ ဝယ်လိုက်ပါရော၊ ဒါကြောင့် ပံ့သကူကြက်လို့ပြောတာကွ”
အခုမှ ကျုပ်လည်းသဘောပေါက်ပါတယ်၊ ဒါပေါ့ဗျာ၊ အထက်လမ်းလိုက်စားတဲ့ဆရာကြီးတွေက ကျုပ်တို့လိုမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ၊ အစားတစ်လုပ်အတွက်နဲ့ တစ်သက်လုံးစောင့်ထိန်းခဲ့တဲ့သီလကို အဖျက်ခံပါ့မလား၊ ကျုပ်ဦးအောင်ရှိန်ကို အမြင်ကပ်နေတာ မှားပြီဗျာ၊ ကျုပ်အသံထွက်ပြီးတော့ မတောင်းပန်ပေမယ့် ဦးအောင်ရှိန်ရဲ့မျက်နှာကိုကြည့်ပြီးတော့ စိတ်ထဲကနေတောင်းပန်လိုက်ပါတယ်ဗျာ၊ ဦးအောင်ရှိန်က ကျုပ်စိတ်ထဲပြောတာကို သိနေသလိုပဲဗျ၊ ကျုပ်ကိုကြည့်ပြီး ပြုံးဖြီးဖြီးနဲ့ ခေါင်းညိတ်ပြတယ်။
ထမင်းစားသောက်ပြီးတော့ လက်ဖက်ဝိုင်းဖွဲ့တာပေါ့ဗျာ၊ သေသေချာချာထောင်းပြီးနှပ်ထားတဲ့လက်ဖက်ဆီစိမ်လေးရယ်၊ ပဲကြော်မွမွလေးရယ်၊ နှမ်းကလေးဖြူးပြီး ကြက်သွန်ကြော်ကလေးဖြူးထားတော့ မွေးပြီး ဆိမ့်နေတာပေါ့ဗျာ၊ ပြီးတော့ ထန်းလျက်၊ ကြံသကာလည်း ပါသေးသဗျ။
ဒီအချိန်မှာပဲ ရွာထဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေကြတာပေါ့၊ လူတွေက ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်နဲ့ဗျ၊ နည်းနည်းစပ်စုတဲ့ ဦးကြည်သမီးအငယ်မက ခြံ၀ကိုပြေးကြည့်တယ်။
“အဖေရေ၊ မတင်သောင်းကြီးကို အပမှီလို့တဲ့”
ဦးကြည်ကလည်း ခြံရှေ့ကိုပြေးထွက်သွားတယ်၊ အသက်ကြီးကြီး အဒေါ်ကြီးတစ်ယောက်ကို လူငယ်တစ်ယောက်က ပွေ့ချီထားပြီးတော့ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ဖြစ်နေတာပေါ့၊ ဦးကြည်က အဲဒီလူကိုကြည့်ပြီး
“အဆင်သင့်လိုက်တာဟေ့၊ ငါ့အိမ်မှာ အခုရောက်နေတဲ့ဆရာကြီးက ဘုရားပျံဦးအောင်ရှိန်ဆိုတဲ့ အထက်လမ်းဆရာကြီးပဲ၊ ဆရာကြီးဆီလာဟေ့၊ ဆရာကြီးကို ကုသပေးဖို့ ဝိုင်းပြီးတောင်းပန်ကြရအောင်”
ဖုန်အလိမ်းလိမ်းနဲ့ လူငယ်တစ်ယောက်က မိန်းမကြီးတစ်ယောက်ကို ပွေ့ချီပြီးတော့ ခြံဝိုင်းထဲကိုဝင်လာတယ်ဗျ၊ ပြီးတော့ ကျုပ်တို့ထိုင်နေတဲ့ကွပ်ပျစ်ပေါ်ကို အဲဒီမိန်းမကြီးကိုတင်လိုက်တယ်ဗျ၊ မိန်းမကြီးက တစ်ကိုယ်လုံးငှက်ဖျားတက်သလို တဆတ်ဆတ်တုန်နေတာပါပဲဗျာ။
ဦးအောင်ရှိန်က အဲဒီမိန်းမကြီးကို ကိုင်တွယ်ကြည့်တယ်ဗျ၊ သူစမ်းသပ်ပြီးသွားတော့ ဦးဘသာကြီးကိုလှမ်းကြည့်တယ်၊ ဦးဘသာကြီးကလည်း ခေါင်းညိတ်ပြီးတော့
“ရွာသူနှောင့်တာကွ”
ဦးအောင်ရှိန်ကလည်း ခေါင်းညိတ်လိုက်တယ်၊ သူတို့အဖြေအတူတူထွက်တယ်ထင်ပါတယ်ဗျာ၊ နောက်တော့ အဲဒီလူငယ်ဘက်ကိုလှည့်လိုက်ပြီး
“ငါတို့အထက်လမ်းဆရာတွေမှာ ခံယူချက်တစ်ခုရှိတယ်ကွ၊ အဲဒါကတော့ လူနာဖြစ်ဖြစ် လူနာရှင်ဖြစ်ဖြစ် ကိုယ့်ကိုမကုခိုင်းရင် ကုသလို့မရဘူး”
လူငယ်က ပြာပြာသလဲနဲ့ခေါင်းညိတ်တယ်။
“ကျုပ် . . ကျုပ်လက်ခံပါတယ်ဆရာကြီး၊ ကျုပ်အမေကို ကုသပေးပါဗျာ”
တစ်ရွာလုံးက ရွာသားတွေကလည်း ဝိုင်းအုံလာတာပေါ့ဗျာ၊ ဦးအောင်ရှိန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့ အဲဒီအဒေါ်ကြီးရဲ့ နဖူးကိုလက်ဝါးနဲ့ဖိလိုက်တယ်ဗျ၊ အဲဒီအဒေါ်ကြီးကို သူ့သားနဲ့ ရွာကလူတွေက ဝိုင်းပြီးထူထားလို့ ငူငူကြီးထိုင်ပြီး မျက်လုံးတွေက မိုးပေါ်ကိုကြည့်နေတာပေါ့ဗျာ။
“တယ်၊ ဘုရားငါးဆူအမိန့်၊ အထက်ပုဂ္ဂိုလ်များအမိန့်၊ ငါဆရာအမိန့် . . .”
ဦးအောင်ရှိန်ပြောနေတုန်းရှိသေးတယ် ဦးဘသာက ကြားဖြတ်ပြောတယ်ဗျ။
“အောင်ရှိန်ရာ မင်းဒီလောက်တောင်လုပ်ဖို့လိုလို့လားကွ၊ ရွာသူနှောင့်တာ စားချင်သောက်ချင်လို့နေမှာ၊ သူ့ကိုမေးစမ်းကြည့်စမ်းပါအုံးကွာ”
ဦးအောင်ရှိန်ကလည်း အပမှီထားတဲ့ မိန်းမကြီးဘက်ကိုလှည့်လိုက်ပြီးတော့
“ပြောစမ်း၊ နင်ဘယ်သူလဲ၊ ဘာလို့သူ့ကိုလုပ်တာလဲ”
ဒီတော့ မတင်သောင်းလို့ခေါ်တဲ့ အပမှီနေတဲ့သူက ရယ်မောပြီးတော့ ဦးဘသာကြီးကိုလက်ညှိုးထိုးတယ်။
“ဟား၊ ဟား ဟိုအဘိုးကြီးပြောတာမှန်တယ်၊ ငါစားချင်လို့ သူ့ကိုဖမ်းလိုက်တာ၊ နင်တို့ငါစားချင်တာကို မကျွေးမချင်း သူပြန်ကောင်းလာမယ်မထင်နဲ့၊ တဖြည်းဖြည်းနဲ့ ဆိုးသွားဖို့ပဲရှိတယ်”
ဦးအောင်ရှိန်က မျက်စောင်းကြီးခဲပြီးတော့ လက်ဝါးနဲ့ရွယ်လိုက်တယ်။
“တယ်လေ၊ ငါရိုက်ထည့်လိုက်လို့ စကြာ၀ဠာတံတိုင်းဆီ ပြေးကပ်သွားအုံးမယ်”
ဦးအောင်ရှိန်လက်ရွယ်တော့ မတင်သောင်းက ကြောက်သွားပုံရတယ်ဗျ၊ လက်နှစ်ဖက်နဲ့ကာပြီး ခေါင်းကိုငုံ့ထားတယ်၊ ဦးဘသာကတော့ အေးအေးလူလူပါပဲဗျာ။ ရေနွေးခွက်ကလေးကိုင်ရင်း
“အောင်ရှိန်ရာ၊ သူများတကာ စားရမဲ့သောက်ရမဲ့ဖြစ်လို့ ပူးကပ်ပါတယ်ဆိုနေမှ၊ မင်းကရိုက်လွှတ်လို့ကောင်းမလားကွ၊ ကဲ မင်းဘာစားချင်သလဲပြောစမ်း”
မတင်သောင်းကြီးက အားရဝမ်းသာနဲ့
“အမဲသား နှစ်ပိသ၊ ငါးကြော်နဲ့ ထမင်းဆီဆမ်းတစ်ပြည် စားချင်တယ်”
ဦးဘသာကြီးက ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီးတော့
“အေးကွာ၊ ကျွေးရမှာပေါ့ကွ၊ ဆာလောင်နေတဲ့လူကို မကျွေးဘူးဆိုရင် ငါတို့က ဘယ်လိုလုပ်ပြီး လူပီသတော့မှာလည်း မဟုတ်ဘူးလား”
ကြည့်နေတဲ့လူတွေအကုန် အံ့ဩနေတယ်ဗျာ၊ ဦးဘသာကတော့ သူ့ပုံမှန်အတိုင်း အေးအေးဆေးဆေးပါပဲ။
“ကဲ သူလိုတာကို ပြင်ပေးလိုက်စမ်းကွာ”
လူတွေလည်း ဘာလုပ်ရမှန်းမသိဖြစ်ကုန်တယ်ဗျ။ ဦးဘသာကြီးက မတင်သောင်းကိုလက်ညှိုးထိုးပြီးတော့
“မ၀မှာ မပူနဲ့နော်၊ မင်းကို ငါတို့က ၀အောင်ကျွေးမှာ၊ မင်းစားဖို့သာပြင်ထား”
မတင်သောင်းကြီးက လက်ခုပ်လက်ဝါးတွေတီးပြီးတော့ ပျော်နေတာဗျာ၊ ကလေးတစ်ယောက်လိုပဲဗျ၊ ဦးဘသာကြီးက ဆက်ပြောတယ်။
“ဒါနဲ့ စကားမစပ်၊ မင်းက ယောက်ျားလား၊ မိန်းမလား”
“ကျုပ်ယောက်ျားပါ”
“ဟာ၊ ဒါဆိုအညာသားပေါ့ကွ၊ အညာသားဆိုတာ ရေနွေးကြမ်းကြိုက်တယ်တဲ့၊ မင်းရောကြိုက်တယ်မဟုတ်လား”
မတင်သောင်းက ခေါင်းညိတ်ပြတယ်လေ။ ဦးဘသာကြီးက သူ့အရှေ့က အကြမ်းပန်ကန်လုံးထဲကို ရေနွေးတစ်ခွက်ငှဲ့ထည့်လိုက်ပြီးတော့
“အေးကွ၊ စားချင်တာမစားခင် ရေနွေးလေးအရင်သောက်လိုက်ပါအုံးကွာ၊ ထမင်းမစားခင် ရေနွေးသောက်ရင်း အူရှင်းတယ်၊ အစာကြေလွယ်တယ်တဲ့ကွ”
ဦးဘသာက ရေနွေးခွက်ကိုကမ်းပေးလိုက်တော့ မတင်သောင်းက တုန်တုန်ယင်ယင်နဲ့ ရေနွေးခွက်ကိုလှမ်းယူတယ်ဗျ၊ နောက်တော့ နှုတ်ခမ်းနားမှာ တေ့ထားတယ်၊ သောက်တော့မသောက်သေးဘူး၊ ဦးအောင်ရှိန်ကလည်း သိတဲ့ပုံပါပဲဗျာ။
“သောက်လေကွာ၊ မင်းစားချင်တာ စားရတော့မယ်မဟုတ်လား၊ သောက်စမ်းပါ”
ဦးအောင်ရှိန်ပြောလိုက်တာနဲ့ မတင်သောင်းက ရေနွေးတစ်ခွက်ကို သောက်ချလိုက်တာပဲဗျာ၊ ပြီးတာနဲ့ သူ့ရုပ်ကြီးက ရှုံ့မဲ့သွားတာပဲ၊ တစ်ခါ ဦးအောင်ရှိန်က အကြမ်းပန်ကန်လုံးတစ်လုံးထဲကို ရေနွေးတစ်ခွက် ငှဲ့ထည့်ပေးပြန်ပါရော။
“ကဲ၊ သောက်စမ်းပါအုံးကွ၊ မင်းကြည့်ရတာ မောနေသလိုပဲ”
ဦးအောင်ရှိန်ကမ်းပေးတဲ့ ခွက်ကို မတင်သောင်းက မဝံ့မရဲလှမ်းယူတယ်ဗျ၊ နောက်တော့ ပါးစပ်နားကပ်ပြီး ဦးအောင်ရှိန်ကိုလှမ်းကြည့်လိုက်သေးတယ်၊ ဦးအောင်ရှိန်က မျက်မှောင်ကြုတ်ပြလိုက်မှ လက်ထဲက ရေနွေးခွက်ကို ဂွပ်ခနဲမော့ချထည့်လိုက်တာ၊ ဒီတစ်ခါ မော့ချပြီးတော့ အဖျားတက်သလိုဖြစ်ပြီး တစ်ကိုယ်လုံးတုန်ယင်လာတယ်။ လက်ဖျားခြေဖျားတွေဆိုရင်လည်း ဆတ်ဆတ်ကိုခါလို့ဗျ၊ ကျုပ်လည်းသိလိုက်ပါပြီဗျာ၊ ဒီရေနွေးက ရိုးရိုးရေနွေးမှမဟုတ်ဘဲ၊ သူတို့ တစ်ခုခုလုပ်ထားလို့ဖြစ်မှာပေါ့။ ဦးဘသာကြီးက ရေနွေးထပ်ငှဲ့တယ်ဗျ။ မတင်သောင်းကြီးက ဦးဘသာကိုကြည့်ပြီး အတော်ကြောက်နေပြီ။
“အဘိုးကြီး . . . ခင် . . ခင်ဗျားကျုပ်ကို ရေနွေးထပ်တိုက်အုံးမှာလား”
“အေးလေ၊ မင်းကြည့်ရတာ ရေဆာနေပုံပဲ၊ သောက်ပါအုံးကွ၊ ဒီတစ်ခွက်သောက်ပြီးတော့ မင်းစားချင်တာ စားရမှာပေါ့”
ဦးဘသာကြီးက ရေနွေးခွက်လှမ်းပေးလိုက်တော့ မတင်သောင်းက တော်တော်ကိုတုန်တုန်ယင်ယင်နဲ့လှမ်းယူတာ၊ မသိရင် ဆေးခါးကြီးသောက်ရမယ့် ကလေးတစ်ယောက်လိုပဲဗျ၊ ပြီးတော့ အဲဒီရေနွေးခွက်ကို တွေတွေကြီးကြည့်နေတာ၊ ဦးဘသာကြီးက
“သောက်လေကွာ၊ သောက်စမ်းပါ”
ဒီလိုပြောတော့မှ မသောက်ချင်သောက်ချင်နဲ့ တစ်ကျိုက်မော့သောက်လိုက်တယ်၊ ပြီးတာနဲ့ မတင်သောင်းကြီးခမျာ နတ်ပူးသလိုလိုတစ်ကိုယ်လုံးတုန်ခါလာပြီးတော့ အရုပ်ကြိုးပြတ်လဲကျသွားတာပဲဗျာ၊ ဦးဘသာက အဲဒီအဖြစ်ကိုကြည့်ရင်း
“ကျွတ် . . . ကျွတ်၊ ရေနွေးတောင် ပြီးအောင်မသောက်သွားဘူးကွာ”
ဦးအောင်ရှိန်ကလည်း ထောက်ခံတယ်။
“ဟုတ်ပါ့ကွာ၊ ဒီကောင်ရေနွေးမကြိုက်ပုံထောက်ရင် အညာသားမစစ်ဘူးကွ၊ ဟား၊ ဟား”
ဒီတော့မှ မတင်သောင်းကြီးက ပြန်ပြီးထလာတယ်ဗျ၊ နောက်တော့ လန့်ဖျပ်ပြီး ပတ်ဝန်းကျင်ကလူတွေကလို လှည့်ပတ်ကြည့်နေသေးတယ်၊ သူ့သားဖြစ်သူကတော့ သူ့ကိုပွေ့ဖက်ထားတာပေါ့၊ နောက်တော့မှ အကြောင်းစုံသိသွားပြီး ဦးအောင်ရှိန်နဲ့ ဦးဘသာကို ဖင်ပူးတောင်းထောင်ပြီးတော့ ကန်တော့တာပါပဲဗျာ။
ဦးအောင်ရှိန်နဲ့ ဦးဘသာကတော့ နှစ်ယောက်စလုံးပြုံးနေကြတာပေါ့ဗျာ။
“ကဲ အချိန်လည်းလင့်နေပြီ၊ တို့ကလည်း ခရီးဆက်စရာရှိသေးတာဆိုတော့ သွားစို့ကွာ”
အချိန်ကလည်း သုံးနာရီထိုးနေပြီမဟုတ်လား၊ ဒါနဲ့ပဲ ဦးကြည်အိမ်ကနေ ကျုပ်တို့ထထွက်ခဲ့တယ်၊ ရွာသားတွေကတော့ ကျုပ်တို့ကိုလေးစားသွားတာမို့ သူတို့ရွာမှာ ဆက်နေပေးပါအုံးလို့ ခေါ်ကြပေမယ့်လည်း ကျုပ်တို့က နေလို့မဖြစ်တော့ဘူးမဟုတ်လား။
ရေအေးကွင်းကားဂိတ်ကနေပြီး ညနေသုံးနာရီထွက်တဲ့ ကားကိုစီးခဲ့ကြတယ်ဗျ၊ ညနေထွက်တဲ့ကားမို့ ကားပေါ်မှာတော့ လူက ခပ်ကျဲကျဲပဲပါလာတယ်။
“ဒါနဲ့ဘသာရေ၊ သူငယ်ချင်းအချင်းချင်းမို့ဆိုပေမယ့် တကယ်တော့ မင်းခုနကလိုမလုပ်သင့်ဘူးကွ၊ ဆရာတစ်ယောက်ကိုင်ထားတဲ့လူနာကို မင်းက ဝင်ကုတယ်ဆိုတာ စည်းဖောက်တဲ့သဘောပဲ”
ဦးဘသာက ခေါင်းညိတ်တယ်။
“မသိပါဘူးကွာ၊ ငါကလည်း သူ့ကိုကြည့်ပြီးတော့ စိတ်ထဲ စနောက်ချင်လာတာနဲ့ ထလုပ်လိုက်တာပါ၊ ခွင့်လွှတ်နော် သူငယ်ချင်း”
“အေးပါ၊ ငါကတော့ ခွင့်လွှတ်ပါတယ်၊ ဒါကြောင့်လည်း မင်းတို့ရွာက ပယောဂဆရာက မင်းကိုကြည့်မရတာနေမှာပေါ့ကွ”
“ပယောဂဆရာမဟုတ်ပါဘူးကွာ၊ သူက ဆေးဆရာကြီးပါ၊ ဆေးတောင်မှ ငါးမျိုးပဲသိတဲ့ ဆေးဆရာဟေ့၊ နောက်တော့မှ သူ့အကြောင်းလေးတွေ ပြောပြရသေးတာပေါ့ကွာ . . . ဟား၊ ဟား”
ဦးဘသာတို့ စကားပြောသလောက် ရင်မောင်ဆိုတဲ့လူကတော့ စကားမပြောဘူးဗျ၊ တစ်လမ်းလုံး ဘုရားစာရွတ်လာသိုလို ပွစိပွစိနဲ့လိုက်လာတာ၊ ကားကြီးကလည်း မောင်းထွက်ခဲ့တာပေါ့ဗျာ။ မကြာပါဘူး အဲဒီရင်မောင်ဆိုတဲ့လူက ဆရာကြီးအောင်ရှိန်ကို ပြောတယ်။
“ဆရာကြီး၊ ဒီညကားရပ်နားမယ့် မင်းရွာ မှာ ကျုပ်တို့အတွက် အခက်အခဲတစ်ခု အာရုံရတယ်”
ကျုပ်တို့လည်း အံ့ဩပြီးသူ့ကိုကြည့်နေတာပေါ့၊ ဦးအောင်ရှိန်ကတော့ ဦးဘသာဘက်ကိုလှည့်လိုက်ပြီး
“ငါတို့နှစ်ယောက်ရှိနေမှတော့ အခက်အခဲကို ကြောက်စရာလိုလို့လားကွ၊ အခက်အခဲက ငါတို့ကိုပြန်ပြီးကြောက်နေရမှာကွ၊ ဟား . . ဟား”
ကားပေါ်မှာရယ်မောရင်းနဲ့ ခရီးဆက်လာကြတာပေါ့ဗျာ၊ ကားကြီးကတော့ တအိအိနဲ့မောင်းလာရင်း ညနေတောင်စောင်းလာခဲ့ပါပြီ။ အဲဒီခေတ်က သူပုန်တွေ၊ ဓါးပြတွေပေါလို့ကားတွေက ညဘက်ဆိုမမောင်းဝံ့ကြဘူးဗျ၊ ဒီလိုဆိုရင် အနီးအနားက ကားရပ်နားလေ့ရှိတဲ့ရွာတွေမှာပဲ ညအိပ်လေ့ရှိတာမဟုတ်လား၊ ကားမောင်းလာရင်း ကျုပ်တို့အရှေ့မှာ နားမည့်ရွာကတော့ မင်းရွာတဲ့ဗျ၊ အဲဒီမင်းရွာမှာလည်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုက ကျုပ်တို့လူတစ်စုကို စောင့်ကြိုနေပါရဲ့ဗျာ။
ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာ၊ နောက်နေ့မှ ဆက်ကြအုံးစို့ဗျာ။
ပြီးပါပြီ။