အပိုင်း (၁)
(၁)
မိုးကတဖွဲဖွဲရွာသွန်းနေလေသည်။ ဝင်္ကပါမြို့ကြီး ပင်လယ်နှင့်နီးကပ်သည်မို့ မိုးက မထင်လျှင်မထင်သလို ရွာချတတ်လေ့ရှိသည်။ မနက်ကတည်းက အုပ်ဆိုင်းနေခဲ့သည့် မိုးတိမ်တောင်များက ယခုညတော့ တဖွဲဖွဲရွာသွန်းနေခဲ့လေပြီ။
“ဖေဖေ သမီးနဲ့ အတူတူပုံဆွဲကြရအောင်”
သမီးငယ်က အနားသို့တိုးကပ်လာပြီး သူနဲ့အတူတူပုံဆွဲခိုင်းလေသည်။ အလုပ်မှပြန်လာပြီး အဝတ်အစားပင်မလဲရသေးသည့် ဦးမောင်က ဆိုဖာတွင်ထိုင်ပြီး သတင်းစာဖတ်နေသည်။ ထို့နောက် လက်ထဲမှသတင်းစာကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီးနောက် သမီးငယ်ချပေးသည့် ရောင်စုံခဲတံများကိုယူလိုက်သည်။
“သမီးက ဖေဖေ့ပုံကိုဆွဲပေးမယ်”
သမီးဖြစ်သူ နီနီက စားပွဲခုံပေါ်တွင် စာအုပ်တစ်အုပ်ချကာ ရပ်ပုံများရေးဆွဲနေလေသည်။ ဦးမောင်ကတော့ စာအုပ်ကို ပေါင်ပေါ်တင်လိုက်ပြီး ရောင်စုံခဲတံများနှင့် ပုံကြမ်းတစ်ပုံရေးဆွဲနေလေသည်။ ဦးမောင်မှာ နောက်တစ်နှစ်ဆိုလျှင် အသက်ငါးဆယ်ပြည့်ပြီဖြစ်သည်။ ဇနီးဖြစ်သူ မို့မို့ကတော့ သူ့ထက်အသက်နှစ်ဆယ်ကျော်ငယ်ရွယ်လေသည်။ အသက်ကြီးမှအိမ်ထောင်ကျခြင်းဖြစ်သဖြင့် ဦးမောင်တို့တွင် သားသမီးတစ်ယောက်သာထွန်းကားသည်။ ထိုသမီးကလေးမှာ မွေးကတည်းက အသားလေးများက နီတာရဲကလေးဖြစ်နေသည်မို့ နီနီဟုချစ်စနိုးနှင့်ခေါ်ရင်း ထိုနာမည်တွင်သွားလေသည်။
“ဖေဖေပြီးပြီ”
နီနီက စာအုပ်ကိုထုတ်ပြလိုက်သည်။ လူပုံစံခပ်ကြမ်းကြမ်းရေးဆွဲထားပြီး လက်ထဲတွင်သေနတ်တစ်လက်ကိုင်ထားသေးသည်။ ဦးမောင်က ထိုပုံကိုမြင်လိုက်တော့ ပြုံးလိုက်သည်။
“ဒါ ဖေဖေ့ပုံလားသမီး”
“ဟုတ်တယ်၊ ဖေဖေက စုံထောက်ဆိုတော့သေနတ်ကိုင်ပြိး လူဆိုးတွေကို ပစ်မှာပေါ့”
နီနီ၏ စကားကိုကြားလိုက်ရသည့်အခါ ဦးမောင်က ပြုံးရယ်လိုက်သည်။ နီနီက သူ့လက်ထဲမှ စာအုပ်ကိုဆွဲယူလိုက်သည်။
“ဖေဖေရော ဘာပုံတွေဆွဲထားတာလဲ”
ဦးမောင်စာအုပ်တွင် လူတစ်ဦးလဲကျနေပုံကိုဆွဲထားပြီး ထိုလူ၏ နောက်ကျောတွင် ဓါးတစ်ချောင်းက စိုက်ဝင်နေလေသည်။ နီနီက ထိုပုံကလေးကိုကြည့်ရင်း
“ဒီလူကို လူတစ်ယောက်က သတ်သွားတာပဲဖြစ်မယ်နော်ဖေဖေ”
စုံထောက်ဦးမောင် မျက်လုံးပြူးသွားသည်။
“သမီးက ဘယ်လိုသိတာလဲ”
“ဓါးက သူ့ကျောကုန်းမှာ တန်းတန်းကြီးစိုက်နေတယ်မဟုတ်လားဖေဖေရဲ့၊ ဘယ်လိုလူကများ ကိုယ်နောက်ကျောကိုယ် ဓါးနဲ့ထိုးပြီးသတ်သေနိုင်မှာလဲ၊ တစ်ယောက်ယောက်က ထိုးလိုက်တာဖြစ်မှာပေါ့”
အသက်ဆယ်နှစ်ပင်မပြည့်သေးသော်လည်း သူ့ဗီဇက ပါလာသည်ထင်သည်။ နီနီကလေးက စုံထောက်ကလေးတစ်ယောက်လို ကောက်ချက်ချလိုက်သည်။ ထိုစဉ် သူတို့ထိုင်နေသည့် ဘေးတွင်ချထားသည့် ဖုန်းက အသံမြည်လာလေသည်။ ဦးမောင်လည်း ဖုန်းကိုကောက်ကိုင်လိုက်သည်။
“အမိန့်ရှိပါ”
“ဦးမောင်ရေ၊ အခုပဲ လူသေမှုတစ်ခုဖြစ်သွားတယ်၊ ဦးမောင်လာကြည့်မှဖြစ်မယ်”
အသံကိုနားထောင်လိုက်သည်နှင့် ရဲတပ်ကြပ်ညွန့်ဝေဖြစ်ကြောင်းကို သိလိုက်သည်။
“ငါအခုမှ အိမ်ပြန်ရောက်တာ တစ်နာရီတောင်မပြည့်သေးဘူးလေကွ”
“ဒီတစ်ခုတော့ ဦးမောင်ကိုယ်တိုင်လာကြည့်မှဖြစ်မယ်”
ဦးမောင်သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကောင်းပြီ ငါ့ကိုလိပ်စာသာပြော”
“မြို့မြောက်ဘက်က အင်ပိုင်ယာသူဌေး ဦးဇော်ဇော်ရဲ့ အိမ်ကိုပဲ”
ဦးမောင်က ညည်းညူလိုက်ပြီးနောက် ဆိုဖာခုံပေါ်မှထလိုက်သည်။ သူ့မိန်းမ မို့မို့က မီးဖိုချောင်အတွင်းမှထွက်လာလေသည်။
“ညစာအဆင်သင့်ပဲအကိုကြီး၊ စားတော့မလား”
ဦးမောင် ခေါင်းခါလိုက်သည်။
“မင်းတို့ပဲစားလိုက်နှင့်တော့ကွာ၊ အမှုတစ်ခုဖြစ်ပြန်ပြီတဲ့”
မို့မို့မျက်နှာကွက်ခနဲပျက်သွားလေသည်။ ဦးမောင်က မို့မို့မျက်နှာကိုမကြည့်တော့ဘဲ ဂျာကင်အကျီတစ်ထည်ကို အပေါ်မှဝတ်လိုက်ကာ အိမ်အပြင်သို့ထွက်ရန်ပြင်လိုက်သည်။
“ဟောဒီမြို့မှာ တခြားစုံထောက်မရှိတော့ဘူးလား အကိုကြီး”
မို့မို့လေသံက တင်းမာနေလေသည်။ ဦးမောင်လည်း မို့မို့ဘက်သို့လှည့်ကြည့်လိုက်သည်။
“ဒီတစ်ခါအရေးကြီးလို့ပါကွာ”
“ရှင်ဘယ်တုန်းကများ အရေးမကြီးဖူးလို့လဲ၊ အရေးကြီးတယ်ဆိုပြီး အချိန်ပြည့်အိမ်ကနေ ထွက်ထွက်သွားတယ်မဟုတ်လား၊ ရှင့်သမီးတောင် ရှင်နဲ့ထမင်းလက်ဆုံမစားရတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ ရှင်သိလား”
ဦးမောင်ခေါင်းညိတ်လိုက်သည်။ နီနီကလေးကတော့ ဦးမောင်ကို မျက်လုံးအပြူးသားနှင့်ကြည့်နေသည်။ ဦးမောင်ဘာမှပြန်မပြောချင်တော့သဖြင့် အိမ်တံခါးကိုဆွဲဖွင့်ကာ အပြင်သို့ထွက်ခဲ့လိုက်တော့သည်။ အိမ်ရှေ့တွင် ရပ်ထားသည့် ကားကိုစက်နှိုးလိုက်ပြီး အမြန်မောင်းနှင်လိုက်သည်။ ဝင်္ကပါမြို့မြောက်ဘက်တွင်လူကုံထံများနေထိုင်သည့် ရပ်ကွက်ကြီးများရှိသည်။ တောင်စောင်းတစ်လျှောက်တွင် အိမ်ကြီးအိမ်ကောင်းများကို အသီးသီးဆောက်လုပ်ပြီး ဆိတ်ငြိမ်စွာ နေထိုင်ကြလေသည်။
ဦးမောင်ကားမောင်းနေရင်း နောက်ဆုံးအိမ်တစ်အိမ်ရှေ့သို့ရောက်ခဲ့သည်။ ခြံတံခါးက ပွင့်နေပြီး ခြံဝတွင် ရဲကားနှစ်စီးရပ်ထားလေသည်။ ဦးမောင်လည်း လမ်းဘေးတွင် ကားကိုရပ်လိုက်ပြီး ခြံဝင်းထဲသို့ဝင်လိုက်သည်။ ရဲတပ်သားတစ်ယောက်က သူ့အားခေါ်ဆောင်သွားသဖြင့် ခြံထဲသို့ဝင်ခဲ့သည်။ ခြံရှေ့တွင်လှပသည့် ဥယျာဉ်တစ်ခုရှိကာ အလွန်ခမ်းနားသည့်အိမ်ကြီးတစ်အိမ်ကို တွေ့မြင်လိုက်ရသည်။ မကြာမီ ရဲတပ်ကြပ်ညွန့်ဝင်းရောက်လာလေသည်။
“အိမ်ကြီးကတော့ တော်တော်ကြီးတာပဲဟေ့၊ ငါတို့အိမ်ဆယ်လုံးစာလောက်ရှိမယ်ထင်တယ်”
ဦးမောင်ပြောလိုက်သဖြင့် ရဲတပ်ကြပ်က ပြုံးရယ်လိုက်လေသည်။
“သူဌေးတွေနေတဲ့အိမ်ဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့၊ လာပါ အထဲဝင်ကြရအောင်”
(၂)
အိမ်ကြီးအတွင်းမှာလည်း ခမ်းနားလှသည်။ လှပသည့် မီးဆိုင်းကြီးများရှိသလိုအထက်တန်းဆန်သည့် ပရိဘောဂများနှင့် အလှဆင်ထားသည်။ ကြမ်းတွင်ခင်းထားသည့် ကော်ဇောကြီးများဆိုလျှင် နင်းရက်စရာပင်မရှိပေ။
အိပ်ခန်းတစ်ခုအတွင်းသို့ ရဲတပ်ကြပ်က ဝင်သွားသည့်အခါ အခန်းကြမ်းပြင်တွင် လဲလျောင်းနေသည့် ဦးဇော်ဇော်၏ အလောင်းကိုမြင်တွေ့လိုက်ရသည်။ ဦးမောင်က သူ့အကျီအိတ်ထဲကို နှိုက်လိုက်ပြီး ပလတ်စတစ်အိတ်ဖြင့်ထုတ်ထားသည့် လက်အိတ်တစ်စုံကိုထုတ်လိုက်ကာ ဝတ်ဆင်လိုက်သည်။
ဦးဇော်ဇော်၏ အသက်မဲ့အလောင်းက ကြမ်းပြင်ပေါ်တွင် ပက်လက်ကြီးလဲကျနေသည်။ သူ့လက်အနီးတွင်တော့ ခြောက်လုံးပြူးသေနတ်ကလေးတစ်လက်ကိုတွေ့လိုက်ရသည်။ ခြောက်လုံးပြူးကလေးမှာ ငွေရောင်ပြောင်လက်နေပြီး လက်ကိုင်တွင်လည်း ဆယ်စွယ်တပ်ထားကာ ကျောက်ကလေးများ၊ စိန်တုံးကလေးများကို စီခြယ်ထားသေးသည်။
“ဒီသေနတ်က သူဆောင်လေ့ရှိတဲ့ သေနတ်ကလေးပါပဲ ဦးမောင်”
ဦးဇော်ဇော်၏ ရင်ဘတ်တွင် ကျည်ဆန်ပေါက်ရာတစ်ခုရှိသည်။ ကျည်ဆန်က နှလုံးသားတည့်တည့်တို့ ထိုးဖောက်ဝင်ရောက်သွားပုံရသည်။ အမွှေးပွပွကော်ဇောကြီးတွင် သွေးတွေက အိုင်ထွန်းကာ ခမ်းခြောက်နေလေသည်။
“ကျည်ဆန်ရော စစ်ဆေးပြီးပြီလား”
“ကျည်ဆန်က သူ့ကိုဖောက်ထွက်သွားတယ်၊ လက်နက်ကျွမ်းကျင်သူရဲ့ ကနဦးထွက်ဆိုချက်အရတော့ သူ့သေနတ်ထဲက ကျည်ဆန်ပါပဲ၊ သေနတ်ထဲမှာလည်း ကျည်ဆန်တစ်တောင့် ပစ်ခတ်ထားတာကိုတွေ့ရတယ်”
ဦးမောင်က အလောင်းကိုမကြည့်တော့ဘဲ ထလိုက်သည်။ ထို့နောက် ရဲတပ်ကြပ်ဘက်သို့လှည့်လိုက်ပြီး
“ဘယ်တုန်းကသိတာလဲ”
“လွန်ခဲ့တဲ့နာရီဝက်လောက်က အိမ်အကူအဒေါ်ကြီး ဖုန်းဆက်တော့မှသိလိုက်ရတာဆရာ၊ မိုးကလဲ ခြိမ်းနေတာဆိုတော့ အဒေါ်ကြီးက သေနတ်သံကိုမကြားလိုက်ရဘူးတဲ့”
ဦးမောင်ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ သက်သေတွေအားလုံးကို သေချာသိမ်းဆည်းပြီး မှတ်တမ်းတင်လိုက်ပါ၊ သူ့ကိုတော့ ရှင်းလင်းလိုက်လို့ရပြီ”
ဆေးတပ်ဖွဲ့များက ဦးဇော်ဇော်အလောင်းကို သယ်ထုတ်သွားကြလေသည်။ ဦးဇော်ဇော်မှာ သူတို့ဝင်္ကပါမြို့တွင် လူတိုင်းနီးပါးသိကြသည့် သူဌေးတစ်ဦးဖြစ်သည်။ အင်ပိုင်ယာအမည်ရ လုပ်ငန်းစုကိုတည်ထောင်ထားသည်မို့ အင်ပိုင်ယာဇော်ဇော်ဟု လူသိများသည်။ သို့သော် ယခုနောက်ပိုင်းတွင် အင်ပိုင်ယာလုပ်ငန်းစု၏ စီးပွားရေးမှာ အကျပ်အတည်းဖြစ်နေသည်ဟု သိရသည်။ ဦးမောင်က စာကြည့်စားပွဲခုံပေါ်မှ စာအုပ်များကိုလှန်လှောကာ ကြည့်နေလိုက်သည်။
“ကျုပ်တို့ သူ့အနားက စာတစ်စောင်ရထားသေးတယ် ဦးမောင်”
တပ်ကြပ်က စာရွက်တစ်ရွက်ကို ထုတ်ပေးသဖြင့် ဦးမောင်က ယူကြည့်လိုက်သည်။
“အမှန်တရားက ဘယ်နည်းနဲ့မဆို ပေါ်လာမှာပဲ”
ဦးမောင်က စာကိုဖတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မင်းဘယ်လိုယူဆသလဲ တပ်ကြပ်”
“သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာပဲဗျ”
ဦးမောင်က မျက်မှောင်ကြုတ်လိုက်ပြီး ရဲတပ်ကြပ်ကိုလှည့်ကြည့်လိုက်သည်။
“ပြောစမ်းပါအုံးကွာ၊ သတ်သေမှုလို့ မင်းဘာကိုကြည့်ပြီး ကောက်ချက်ချလိုက်တာလဲ”
“ရှင်းပါတယ်ဦးမောင်ရ၊ ဦးဇော်ဇော်တို့လုပ်ငန်းက စီးပွားရေးအရ ကျပ်တည်းနေတယ်မဟုတ်လား၊ ဒါ့အပြင် သူ့မိန်းမနဲ့လည်း သိပ်ပြီးအဆင်မပြေဘူးလို့သိရတယ်၊ သူတို့လုပ်ငန်းစုကိုလည်း သူ့သူငယ်ချင်း ဝင်းမောင်က အကုန်သိမ်းယူမယ့်သတင်းတွေထွက်နေခဲ့တယ်မဟုတ်လား၊ ဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဖြစ်မှာပါ”
“သူကြည့်နေတဲ့စာအုပ်ကလည်း သူ့ငွေစုဘဏ်စာအုပ်မဟုတ်လား၊ အဲဒီမှာ အကြွေးတွေလဲ အများကြီးဖြစ်နေပြီလေ၊ စိတ်ဓါတ်ကျပြီးတော့ စားပွဲအံဆွဲထဲက သေနတ်ကိုထုတ်ပြီး သူ့နှလုံးသားကို သူချိန်ပြီး ပစ်ခတ်ပြီး အဆုံးစီရင်လိုက်တာဖြစ်မှာပါ”
ဦးမောင်က ခေါင်းခါလိုက်သည်။
“မင်းတွေးတာလွဲနေပြီ၊ ဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေတာမဟုတ်ဘူးကွ၊ လူသတ်မှုတစ်ခုပဲ”
ရဲတပ်ကြပ် ညွန့်ဝင်း မျက်လုံးပြူးသွားသည်။ အနည်းငယ်ဒေါသထွက်သွားပုံလည်းရသည်။
“ဒါဆိုလည်းပြောပါအုံးဦးမောင်၊ ဦးမောင်က ဘာလို့ လူသတ်မှုလို့ယူဆရတာလဲ”
“ကျည်ပေါက်ထွက်သွားတဲ့ ထောင့်က ဒီဂရီလွဲနေတယ်ကွ၊ ကိုယ့်နှလုံးကို ကိုယ်ပစ်မယ်ဆိုရင် ကျည်ဆန်က တည့်တည့်ဖောက်ဝင်သွားရိုး ထုံးစံမရှိဘူး၊ ကိုယ့်ကိုယ်ကိုယ်ပြန်ချိန်တာဆိုတော့ ကျည်ပေါက်ရာက နည်းနည်းတော့လွဲနေမှာပဲလေ၊ အခုက ကျည်ပေါက်ရာက အရှေ့နဲ့အနောက်နဲ့ တစ်ထပ်တည်းဖြစ်နေတယ်ဆိုတော့ သူ့ကိုယ်သူ ပစ်တာမဖြစ်နိုင်ဘူး”
“ဒါဆို ဦးမောင်က လူတစ်ယောက်ယောက်က ပစ်ခတ်လိုက်တယ်လို့ ဆိုလိုချင်တာလား၊ ဒါမဖြစ်နိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအိမ်ကိုကျုပ်တို့စစ်ဆေးတဲ့အခါမှာ လူတွေဝင်ထားတဲ့ပုံစံမျိုးမတွေ့ရဘူး၊ အိမ်ထဲကိုဝင်မယ်ဆိုရင် အနည်းဆုံးတော့ အိမ်က အိမ်အကူတွေသိမယ်၊ ဖောက်ထွင်းဝင်မယ်ဆိုရင်လည်း ခြေရာလက်ရာတွေ တွေ့ရမယ်မဟုတ်လား”
ဦးမောင်က လက်ထဲမှ စာရွက်ကလေးကို ထောင်ပြလိုက်သည်။
“ပြီးတော့ ဟောဒီစာ၊ ဒီစာကို ဖတ်ကြည့်လိုက်ရင် အမှန်တရားက တစ်နေ့တော့ ဘယ်နည်းနဲ့မဆို ပေါ်မယ်လို့ရေးထားတယ်မဟုတ်လား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူက ဒီလိုစာမျိုးရေးလေ့မရှိဘူးကွ၊ နောက်ပြီးတော့ စာကလည်း ပရင့်ထုတ်ထားတဲ့စာ၊ ဒီအခန်းထဲမှာ ပရင့်တာစက်ကို ငါမတွေ့ရဘူး၊ ဒီတော့ ဒီစာက သူကိုယ်တိုင်ရေးတာမဟုတ်ဘူး၊ တစ်ယောက်ယောက်က သူ့ကိုပေးတဲ့စာဖြစ်မှာ”
ရဲတပ်ကြပ် စိတ်ရှုပ်ထွေးသွားပုံရသည်။
“ဒါဆိုဘာဆက်လုပ်မလဲ ဦးမောင်”
“အမှုဖွင့်ထားလိုက်ကွာ၊ အခုအခြေအနေမှာတော့ ဘာကိုမှတပ်အပ်မပြောနိုင်သေးပေမယ့် ငါအသေအချာပြောနိုင်တာတစ်ခုကတော့ ဒီအမှုက လူသတ်မှုပဲ၊ သတ်သေတဲ့အမှုလို့ထင်အောင်လို့ ဆင်ထားတဲ့ လူသတ်မှုတစ်ခုပဲ”
ရဲတပ်ကြပ်ညွှန့်ဝင်းက ခေါင်းညိတ်လိုက်သည်။
“ငါသူနဲ့ပတ်သက်တဲ့လူတွေကို စကားပြောချင်တယ်”
“ဒါဆို သူ့မိန်းမ ဧကရီနဲ့ အရင်စကားပြောကြည့်လိုက်ပါဦးမောင်၊ သူအခု အိမ်ထဲမှာရှိတယ်”
ရဲတပ်ကြပ် ခေါ်ဆောင်ရာအနောက်သို့ ဦးမောင်လိုက်ပါခဲ့သည်။
(၃)
အလင်းရောင် ခပ်မှိန်မှိန်ထွန်းထားသည့် အခန်းတစ်ခုအတွင်း ဧကရီဆိုသည့် မိန်းကလေးက ထိုင်နေလေသည်။ ထိုမိန်းကလေးမှာ ဦးဇော်ဇော်ထက် အသက်အများကြီးငယ်ပုံရသည်။ ထိုမိန်းကလေးက ဇာလက်ကိုင်ပုဝါတစ်ခုဖြင့် သူ့မျက်နှာကိုသုတ်ကာ ငိုကြွေးနေလေသည်။ အနက်ရောင်ပြောင်လက်တောက်ပနေသည့် အနောက်တိုင်းပုံစံ ဂါဝန်တစ်ထည်ကိုဝတ်ဆင်ထားသည်။ ဂါဝန်တစ်ခုလုံးတွင်လည်း တဖိတ်ဖိတ်တောက်ပနေသည့် ကျောက်ကလေးများကို စီခြယ်ထားသေးသည်။ မျက်နှာတွင် မိတ်ကပ်များပြင်ထားသည်မို့ ဧကရီဆိုသည့် မိန်းကလေးမှာ အလွန်လှပနေလေသည်။
“မင်းကိုကျုပ် မေးစရာရှိတယ်မိန်းကလေး၊ ကျုပ်နာမည်က စုံထောက်ဦးမောင်ပါ”
“မေးပါရှင့်”
မိန်းကလေးက တစ်ချက်သိမ့်ရှိုက်လိုက်လေသည်။
“မင်းက သူ့ရဲ့မိန်းမမဟုတ်လား”
“ဟုတ်ပါတယ်ရှင့်၊ အကိုကြီးရဲ့ သုံးယောက်မြောက် မိန်းမပါ”
“ဒီအတောအတွင်း မင်းနဲ့ ဦးဇော်ဇော်နဲ့ကြားမှာ ကတောက်ကဆဖြစ်တာတွေ၊ စကားများရန်ဖြစ်တာတွေ ဖြစ်သေးသလား”
ဧကရီက ခေါင်းညိတ်လိုက်သည်။
“ဖြစ်ပါတယ်၊ အခုတစ်လော အကိုကြီးက အရမ်းစိတ်တိုလွယ်နေတယ်ရှင့်၊ အဲဒါကလည်း သူ့စီးပွားရေးအခြေအနေကြောင့်လည်းဖြစ်မှာပါ၊ ကျွန်မတို့လုပ်ငန်းရဲ့ အခြေအနေကို ရှင်လည်းသိပြီးလောက်ဖြစ်မှာပါ၊ အခု အကိုကြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်ဆိုတာကြားတော့ ကျွန်မဖြင့် မယုံနိုင်အောင်ဖြစ်ရပါတယ်ရှင်”
ဧကရီက ငိုကြွေးနေလေသည်။ ဦးမောင်လည်း သူ့မှတ်စုစာအုပ်ကလေးတွင် ရေးမှတ်ထားလေသည်။
“ဒါဆို အခင်းဖြစ်ပွားနေတဲ့အချိန်မှာ မင်းကဘယ်ကိုရောက်နေသလဲ”
“ကျွန်မက စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ ညစာစားပွဲမှာ ရောက်နေပါတယ်ရှင်၊ အမှန်က အကိုကြီးကို ဖိတ်ကြားခံရတာပါ၊ အကိုကြီးက မသွားချင်ဘူးဆိုတာနဲ့ ကျွန်မက ကိုယ်စားသွားပေးရတာပါ”
“သူက ဘာလို့မသွားချင်ရတာလဲ၊ မင်းသိသလား”
“အဲဒီပွဲကိုတက်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ သူ့အကြွေးရှင်တွေ အများကြီးပါနေတယ်ရှင့်၊ သူက ဒါကြောင့် မတက်ချင်တာ နေမှာပါ”
ဦးမောင်က ခေါင်းညိတ်ပြိး ဧကရီပြောသမျှကို ရေးမှတ်ထားလိုက်သည်။
“မင်းဝတ်ထားတဲ့ဝတ်စုံက တော်တော်လှတယ်နော်၊ လက်ဝတ်ရတနာတွေကလည်း ဈေးကြီးမယ့်ပုံပဲ”
“ဒါပေါ့ရှင်၊ ဝတ်စုံက သိန်းကိုးဆယ်တန်တယ်၊ ဟောဒီဘယက်တစ်ခုတည်း သိန်းသုံးထောင်လောက်တန်တယ်ရှင့်”
ဦးမောင်က ခေါင်းညိတ်လိုက်ပြီးနောက်
“အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မိန်းကလေး”
ဧကရီကလည်း ပြန်လည်ခေါင်းညိတ်ပြလိုက်သည့်အခါ ဦးမောင်လည်း အခန်းထဲမှထွက်လာခဲ့လေသည်။ ရဲတပ်ကြပ်က အခန်းအပြင်မှ စောင့်နေလေသည်။
“တစ်ခုခုထူးခြားတာရှိလားဦးမောင်”
“အခုထိတော့မတွေ့သေးဘူးကွ၊ ဒါနဲ့ မင်းပြောတဲ့ သူ့ရဲ့သူငယ်ချင်းဆိုလား လုပ်ဖော်ကိုင်ဖက်ဆိုလား သူနဲ့တွေ့ချင်တယ်ကွာ”
“သူ့နာမည်က ဦးဝင်းမောင်တဲ့၊ ကြယ်တံခွန်လုပ်ငန်းစုကို ပိုင်ဆိုင်တဲ့ သူဌေးကြီးတစ်ယောက်ပေါ့၊ အရင်တုန်းကတော့ ဦးဇော်ဇော်နဲ့အလွန်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်၊ အင်ပိုင်ယာလုပ်ငန်းစုကို သူတို့အတူတူ တည်ထောင်ခဲ့ကြတယ်ဆိုပဲ”
ရဲတပ်ကြပ်က လိပ်စာကတ်တစ်ခုထုတ်ပေးသဖြင့် ဦးမောင်က ယူလိုက်ပြီး ထိုစံအိမ်ကြီးထဲမှထွက်လာခဲ့လိုက်သည်။
“ဂျိန်း”
(၄)
“ဆရာ၊ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်၊ သူက စုံထောက်တစ်ယောက်လို့ ပြောပါတယ်”
အတွင်းရေးမှူးမလေးက ဖုန်းဆက်ပြီးလှမ်းမေးလိုက်သည်။ ထို့နောက် ဖုန်းချလိုက်ပြီး ဦးမောင်ကို ဓါတ်လှေကားအတိုင်း ခေါ်သွားသည်။ ကြယ်တံခွန်လုပ်ငန်းစုမှာ ဆယ့်ရှစ်ထပ်မြင့်သည့် တာဝါကြီးတစ်ခုကိုပိုင်ဆိုင်ထားပြီး ထိုတာဝါကြီးတွင်ပင် ဦးဝင်းမောင်က ရုံးထိုင်ချင်းဖြစ်သည်။ ဆယ့်ငါးထပ်ရောက်တော့ ဓါတ်လှေကားအတွင်းမှထွက်လိုက်ပြီး လျှောက်လမ်းအတိုင်း လျှောက်လာခဲ့ရာ မကြာခင်တွင် အခန်းတစ်ခုအရှေ့သို့ရောက်သွားသည်။ အတွင်းရေးမှူးမလေးက အခန်းတံခါးကို အသာခေါက်လိုက်သည်။
“ဝင်ခဲ့ပါ”
အခန်းအတွင်းမှ ဖြေသံကြားလိုက်သဖြင့် သူတို့အခန်းအတွင်းသို့ ဝင်ခဲ့လိုက်သည်။် ကြီးမားလှသည့် ဆိုဖာကြီးပေါ်တွင် ဦးဝင်းမောင်က ထိုင်နေရာ အရက်ခွက်တစ်ခွက်ကို ကိုင်ထားလေသည်။
“ကျုပ်ကစုံထောက်တစ်ယောက်ပါ၊ ကျုပ်နာမည်ဦးမောင်ပါ”
ဦးဝင်းမောင်က ဦးမောင်ကမ်းပေးသောလက်ကိုလှမ်းဆွဲလိုက်ပြီးနှုတ်ဆကလိုက်သည်။ ထို့နောက် အတွင်းရေးမှူးမလေးကိုကြည့်လိုက်ပြီး
“မင်းသွားလို့ရပြီ”
အတွင်းရေးမှူးမလေးက ခေါင်းညိတ်လိုက်ပြီး ပြန်လည်ထွက်ခွာသွားတော့သည်။
“မဟုတ်မှလွဲရော ဇော်ဇော်သေဆုံးမှုအတွက် ခင်ဗျားကျုပ်ဆီကိုလာခဲ့တာလား”
ဦးမောင်က ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ကျုပ်ခင်ဗျားကို မေးခွန်းတစ်ချို့မေးချင်တယ်”
ဦးဝင်းမောင်က အရက်ကိုတစ်ကျိုက်မော့သောက်ရင်း ခေါင်းညိတ်လိုက်သည်။
“ခင်ဗျား ခုနကတုန်းက ဘယ်မှာရှိနေတာလဲ”
“ကျုပ်က ညစာစားပွဲမှာရောက်နေခဲ့တာ၊ နောက်တော့ ဧကရီက ပြေးထွက်သွားတယ်၊ သူ့ကိုမေးလိုက်တော့မှ ဇော်ဇော်သတ်သေသွားတယ်ဆိုပြီး ပြောတယ်လေ”
ဦးမောင်က စာအုပ်တွင်ရေးမှတ်ရင်း ဦးဝင်းမောင်အား သံသယမျက်လုံးများဖြင့်ကြည့်fလိုက်သည်။
“ခင်ဗျားကျုပ်ကို သံသဖြစ်နေတယ်မဟုတ်လား၊ သတင်းတွေမှာတော့ ကျုပ်က ဇော်ဇော်ပိုင်တဲ့ အင်ပိုင်ယာလုပ်ငန်းစုကို သိမ်းပိုက်မယ်ဆိုပြီးထွက်နေတယ်လေ၊ ဒီတော့ ကျုပ်က သူ့ကိုသတ်လိုက်တယ်လို့ ခင်ဗျားတို့ထင်ကောင်းထင်နေကြမယ်၊ တကယ်က မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျုပ်နဲ့ဇော်ဇော်နဲ့ဆိုတာ လူပျိုပေါက်ဘဝကတည်းက အတူတူလက်တွဲခဲ့တဲ့သူတွေပဲ၊ သူ့ရဲ့အင်ပိုင်ယာလုပ်ငန်းစုဆိုတာ ကျုပ်တို့အတူတူတည်ထောင်ခဲ့တာလို့ ပြောလို့ရတယ်”
ဦးဝင်းမောင်မျက်လုံးတွေက ရီဝေနေပြီး မျက်ရည်တွေလဲ စို့နင့်တက်လာသည်ကိုတွေ့လိုက်ရသည်။
“သူနဲ့ကျုပ်က သွေးမတော်သားမစပ်ပေမယ့် ညီအကိုတွေလိုပါပဲဗျာ၊ ကျုပ်က ဘယ်နည်းနဲ့မှ သူ့ကိုသတ်မှာမဟုတ်ဘူးဗျ”
ဦးမောင်က ပြုံးလိုက်သည်။
“ဦးဝင်းမောင်၊ ကျုပ်လည်း ဦးဇော်ဇော်အသတ်ခံရတယ်လို့ တစ်ခွန်းမှ မပြောရသေးပါဘူးဗျာ”
ထိုအခါ ဦးဝင်းမောင်က မျက်လုံးပြူးသွားလေသည်။
“ခင်ဗျားတစ်ခုခုသိထားတယ်မဟုတ်လား”
ဦးဝင်းမောင်က ထိတ်လန့်နေပုံရသည်။
“ကျုပ်ဘာမှမသိဘူး၊ ကျုပ်စိတ်ထင်တာ ကျုပ်ပြောတာ”
ဦးဝင်းမောင်က တစ်ခုခုကိုဖုံးကွယ်ချင်နေမှန်း ဦးမောင်သိလိုက်သည်။ ဦးမောင်က ဆိုဖာခုံမှမတ်တပ်ထရပ်လိုက်သည်။
“ဒီမှာ ဦးဝင်းမောင်၊ ခင်ဗျားကျုပ်ကို ကြိုက်သလိုငြင်းလို့ရတယ်၊ ဒါပေမယ့် သက်သေတွေကိုတော့ငြင်းလို့မရဘူး”
ဦးမောင်က အခန်းထဲမှပြန်ထွက်လာခဲ့သည်။ ထို့နောက် ကားပေါ်တက်လိုက်ပြီး မောင်းထွက်လာခဲ့လိုက်သည်။
“ဘယ်သူသတ်လိုက်တာလဲ”
ဦးမောင်စဉ်းစားရင်း အိမ်သို့ရောက်မှန်းမသိ ပြန်ရောက်ခဲ့သည်။ မိုးက အတော်သည်းနေပြီဖြစ်သလို ညည့်လည်းအတော်နက်နေပြီဖြစ်သည်။ အိမ်ရှေ့တွင် ကားရပ်လိုက်ပြီး ကားပေါ်မှဆင်းလိုက်သည်။
“ဟေ့လူ၊ ခဏရပ်စမ်း”
သူ့အနောက်မှ ခေါ်သံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။ ထိုအခါ အမှောင်ထဲမှ မိုးကာအနက်ရောင်ဝတ်ထားသည့် လူတစ်ယောက်ထွက်လာခဲ့သည်။ ဦးမောင်လည်း သူ့ချိုင်းကြားမှ သေနတ်ကို လက်ဖြင့်အသာကလေးကိုင်ထားလိုက်သည်။
“ကျုပ်က ခင်ဗျားကို သတင်းပေးဖို့ လာခဲ့ရုံသက်သက်ပါ”
“မင်းဘယ်သူလဲ”
ထိုလူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
“ကျုပ်မှာ ဦးဇော်ဇော် အသတ်ခံရမှုအတွက် သဲလွန်စတစ်ခုရှိတယ်”
“ဘာသဲလွန်စလဲ”
“ဒီနေရာမှာ ပြောလို့မဖြစ်ဘူး၊ ကျုပ်ကို ဒီညဆယ့်နှစ်နာရီတိတိမှာ ဆိပ်ကမ်းက ဂိုဒေါင်အမှတ် ခြောက်ဆယ့်ခုနစ်မှာ လာတွေ့ပါ”
ထိုလူက လှည့်ထွက်သွားဖို့ပြင်ဆင်သည်။
“မင်းမျက်နှာကိုမှ မမြင်ရတာ၊ ငါက မင်းကိုဘယ်လိုလုပ်ပြီး ယုံကြည်ရမှာလဲ”
ထိုလူ၏ ခြေလှမ်းများရပ်တန့်သွားလေသည်။
“ယုံတာမယုံတာ ခင်ဗျားရဲ့အပိုင်းပေါ့၊ ခင်ဗျားလာချင်ရင်လည်းရတယ်၊ မလာချင်ရင်လည်း ရတယ်၊ ကျုပ်က ဘာမှမဖြစ်သွားဘူး”
ထိုလူက အမှောင်အတွင်းသို့ တိုးဝင်ကာပျောက်ကွယ်သွားသည်။ တစ်ကိုယ်လုံးရေတွေစိုနေပြီမို့ ဦးမောင်က အိမ်ရှေ့တံခါးဆီသို့ပြေးလိုက်သည်။ အိမ်ရှေ့တံခါးလက်ကိုင်ကို ဖွင့်ရန်လုပ်လိုက်သော်လည်း လက်မှ သူ၏ လက်ပတ်နာရီကိုကြည့်လိုက်သည်။ ညဆယ်နာရီထိုးနေပြီဖြစ်သည်။
“ငါဝင်သွားရင် ပြန်ထွက်ဖို့လွယ်မှာမဟုတ်ဘူး”
ထို့နောက် ဦးမောင်က ကားဆီသို့ပြန်လာခဲ့လိုက်သည်။ သူ့အား အိမ်ပြတင်းပေါက်မှ မို့မို့က ရပ်ကြည့်နေသည်ကို သူမမြင်တွေ့လိုက်ပေ။
(၅)
ဆိပ်ကမ်းကိုရောက်တော့ ညဆယ့်တစ်နာရီကျော်ပြီဖြစ်သည်။ ဆိပ်ကမ်းတစ်ခုလုံးလူသူရှင်းနေသည်။ ဦးမောင်က ချိုင်းကြားမှ ခြောက်လုံးပြူးသေနတ်ကိုထုတ်လိုက်ပြီး ကျည်ဆန်များကို အသေအချာစစ်ဆေးနေလိုက်သည်။ ထို့နောက် ကားကို ဂိုထောင်များဆီသို့ ဆက်မောင်းနှင်လာခဲ့သည်။ မကြာမီ ဂိုထောင်အမှတ် ခြောက်ဆယ့်ခုနစ်အရှေ့သို့ရောက်လာခဲ့သည်။
ဂိုထောင်တံခါးမှာ လူတစ်ယောက်ဝင်စာခန့်ပွင့်နေလေရာ ဦးမောင်က သေနတ်ကိုဆွဲထုတ်လိုက်ပြီး အသင့်အနေအထားပြင်လိုက်ကာ ဂိုထောင်အတွင်းသို့ဝင်ခဲ့သည်။ ဂိုထောင်အတွင်းတွင်တော့ ကုန်ပစ္စည်းများကိုပုံထပ်ထားကြလေသည်။ မကြာမီ အမှောင်အတွင်းမှ အလင်းရောင်ကလေးတစ်ခုပေါ်ထွက်လာပြီး သူနှင့်တဖြည်းဖြည်းနီးကပ်လာလေသည်။
“ခင်ဗျား တကယ်လာသားပဲ”
“ကဲ ဒါဆိုရင်လည်း ပြောစရာရှိတာသာပြောတော့”
“ခင်ဗျားရဲ့သေနတ်ကြီးကို ချထားလိုက်စမ်းပါဗျာ၊ ကျုပ်က ခင်ဗျားကိုရန်ပြုဖို့လာတာမဟုတ်ပါဘူး”
“ဒါဆိုရင်လည်း မင်းဘာလို့ ငါ့ကိုကူညီရတာလဲဆိုတဲ့ အကောင်းကို ငါယုံအောင်လို့ပြောပြစမ်းပါ”
ဂိုထောင်အတွင်းတွင် မှောင်မည်းနေလေသည်။ ထိုလူက မိုးကာအကျီကြီးကို ခေါင်းပါစွပ်ပြီးဝတ်ဆင်ထားသည်။ လက်ထဲတွင်တော့ ဓါတ်မီးအသေးလေးတစ်လက်ကို ကိုင်ထားလေသည်။ အလင်းရောင်အားနည်းသည်မို့ ထိုလူမည်သူဖြစ်မှန်း မမြင်နိုင်ပေ၊ ထိုလူက မျက်နှာကိုအဝတ်စတစ်ခု သို့မဟုတ် မျက်နှာဖုံးထပ်ထားသည်ဟု ခန့်မှန်းရသည်။ ထိုလူ့အသံက အတားအဆီးတစ်ခုခုကိုဖြတ်ပြီးထွက်လာသည့် လေသံမျိုးဖြစ်သည်။
“ကျုပ်က ဘာလို့ခင်ဗျားကိုကူညီရတာလဲဆိုတော့ ဒီအမှုမှန်ကို ပေါ်ပေါက်စေချင်လို့”
“မင်းက ဘာလို့အမှုမှန် မပေါ်မှာ စိုးရိမ်နေတာလဲ”
“ဘာလို့လဲဆိုတော့ သေသွားတဲ့ ဦးဇော်ဇော်က ကျုပ်အပေါ်ကျေးဇူးရှိခဲ့လို့ပဲ”
ဦးမောင်က ခေါင်းညိတ်လိုက်ပြီး သေနတ်ကို ချိုင်းကြားထဲရှိ သေနတ်ထည့်သည့်အိတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။
“ဒါဆိုရင်လည်းပြောစမ်းပါအုံးကွာ၊ မင်းသာတကယ်ဖွင့်ထုတ်ချင်တယ်ဆိုရင် ရဲစခန်းကိုလာပြီးဖွင့်ပြလို့ရပါတယ်”
ထိုလူက တစ်ဖက်သို့လှည့်သွားလေသည်။
“ကျုပ်လူသိခံလို့မရဘူး စုံထောက်ကြီး၊ ခင်ဗျားအပိုတွေမေးမနေနဲ့ ဒီအမှုရဲ့သဲလွန်စကို ခင်ဗျားသိချင်သလား၊ မသိချင်ဘူးလား၊ ဒါပဲပြော”
ဦးမောင်ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းကဘာတွေသိထားသလဲ”
“ဧကရီအကြောင်း ခင်ဗျားဘယ်လောက်သိသလဲ”
“ခုနက ရဲတွေက နောက်ကြောင်းရာဇဝင်တွေ စစ်ဆေးထားတဲ့ အမှုဖိုင်တစ်ခုကိုငါဖတ်ထားတယ်၊ အသက်ငယ်တယ်၊ လှတယ်၊ ဦးဇော်ဇော်နဲ့လက်ထပ်တာ ငါးနှစ်လောက်ပဲရှိသေးတယ်”
“တကယ်တော့ အဲဒီမိန်းမက အပျက်မ”
ဦးမောင်မျက်ခုံးများပင့်လိုက်သည်။
“မင်းက ဘာလို့လူတစ်ဖက်သားကို ဒီလိုပြောနိုင်တာလဲ”
“ဧကရီက ဦးဇော်ဇော်ကို မချစ်ခဲ့ဘူး၊ ဒါပေမယ့် ဦးဇော်ဇော်ကတော့ ဧကရီကို တကယ်ချစ်ခဲ့တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဦးဇော်ဇော်က သူ့ကိုဝယ်ခဲ့တာပဲ”
“မင်းဆိုလိုချင်တာက”
“ဧကရီက အသုံးအဖြုန်းကြီးတယ်၊ လှချင်တယ်၊ လက်ဖွာတယ်၊ သူ့မိဘတွေက အထည်ကြီးပျက်တွေ၊ ဒါကြောင့်မို့ အကြွေးတွေတင်လာခဲ့တယ်၊ ဧကရီက သူ့အကြွေးတွေကို ထိုးဆပ်ဖို့လိုအပ်လာတယ်၊ ဒီအချိန်မှာ သူပစ်မှတ်ထားတာ ဦးဝင်းမောင်ပဲ”
ဦးမောင် ခေါင်းညိတ်လိုက်သည်။
“ငါသိပြီ၊ ဒါဆို ဧကရီက ဦးဝင်းမောင်နဲ့ လက်ထပ်ဖို့လုပ်မယ်၊ ဒါပေမယ့် ဦးဝင်းမောင်မှာ မိန်းမသုံးယောက်ရှိနေတယ်၊ ဦးဝင်းမောင်ဆီက ဧကရီကိုတွေ့သွားပြီးတော့ ဦးဇော်ဇော်က ချစ်သွားမယ်၊ ဒါကြောင့်မို့ ဧကရီဆပ်ဖို့ရှိတဲ့အကြွေးတွေကို ဆပ်ပေးပြီးတော့ သိမ်းပိုက်ခဲ့တဲ့ ပုံစံပေါ့”
“ခင်ဗျားက စုံထောက်တစ်ယောက်ပီပီ ဉာဏ်ပြေးသားပဲဗျ”
“ဒါဆိုရင် ဧကရီနဲ့ ဦးဝင်းမောင်နဲ့ ပေါင်းပြီးလုပ်ကြံတယ်လို့ ခင်ဗျားကဆိုလိုတာလား”
ထိုလူက ခေါင်းခါလိုက်သည်။ ထို့နောက် ဦးမောင်ဘက်သို့လှည့်လိုက်ပြီး
“ခင်ဗျား အနုပညာတွေ ဘာတွေခံစားတတ်သလား”
ဦးမောင်က ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ်မှာပင် ထိုလူက လိပ်စာကတ်တစ်ခုကိုထုတ်ပေးသည်။ ထိုလူ၏ လက်တွင် သားရေလက်အိတ်တစ်ခုကိုဝတ်ဆင်ထားသည်။ ဦးမောင်က လိပ်စာကတ်ကိုယူလိုက်ကာ အလင်းရောင်မှိန်မှိန်တွင် ဖတ်ကြည့်လိုက်သည်။ စာလုံးအကြီးများဖြင့်ရေးထားသည့် စာသားများက ထင်ရှားနေလေသည်။
“ထွန်း ဂယ်လာရီဆိုပါလား”
“ခင်ဗျားသူ့ပန်းချီကားတွေကို သွားကြည့်သင့်ပြီ”
ထိုလူက ဂိုထောင်အတွင်းမှ ထွက်ခွာသွားရန်ပြင်ဆင်လိုက်သည်။ ထို့နောက် ဦးမောင်ကိုလှည့်ကြည့်ပြီး
“ကျုပ်နောက်လိုက်မလာပါနဲ့စုံထောက်ကြီး၊ ကျုပ်ဒီလောက်ပဲ ခင်ဗျားကို အကူအညီပေးနိုင်တာကို ခွင့်လွှတ်ပါ”
“ကျုပ်နားလည်ပါတယ်၊ အမှုတစ်ခုမှာ သဲလွန်စအသေးလေးတစ်ခုကလည်း အထောက်အကူပေးပါတယ်”
ထိုလူက ထွက်သွားလေသည်။ ဦးမောင်လည်း ဂိုထောင်အပြင်သို့ပြေးထွက်လာပြီး ကားထဲသို့ဝင်လိုက်သည်။ ကားမီးကိုဖွင့်လိုက်ပြီး လိပ်စာကတ်ကို အသေအချာဖတ်ကြည့်လိုက်သည်။
“ထွန်း ဂယ်လာရီ၊ ၂၅၀၊ ကမ်းနားလမ်းဆိုပါလား”
ဦးမောင်ကားကို မောင်းထွက်လိုက်သည်။ သာမန်လူများအဖို့ အလွန်ညည့်နက်နေသည့် အချိန်ဖြစ်မည်ထင်သော်လည်း ဦးမောင်အဖို့ကတော့ အမှုလိုက်နေရလျှင် အချိန်တွေ၊ နာရီတွေ အကုန်လုံးကို မေ့နေမိသည်။ ကားမောင်းရင်း သူ့ခေါင်းထဲ အတွေးမျိုးစုံက ဝင်ရောက်နေသည်။
“ဧကရီနဲ့ ဦးဝင်းမောင်နဲ့က ဘာတွေလဲ၊ ဟိုလူကလဲ ဘယ်သူလဲ၊ ဘာကြောင့် သူက ကူညီပေးနေရတာလဲ၊ ဂယ်လာရီကရော ဒီအမှုနဲ့ဘာလို့ပတ်သက်နေတာလဲ”
ကမ်းနားလမ်းဖြစ်သည့်အတွက် သူရောက်နေသည့်နေရာနှင့် သိပ်မဝေးသည်မို့ ဦးမောင်က ကားကိုအမြန်မောင်းနှင်လိုက်သည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။