(၁)
ဘူးလယ်အင်းသို့ဆင်းသည့် လမ်းကလေးတွင် ငခမ်းနှင့် စည်သူတို့စကားပြောဆိုနေကြခြင်းဖြစ်သည်။ ညနေစောင်းလာခဲ့ပြီဖြစ်သဖြင့် လေညှင်းကလေးက ဧရာဝတီမြစ်အတွင်းမှ ဖြတ်သန်းတိုက်ခတ်နေလေသည်။ အနီးအနားရှိ သစ်ပင်များမှာ လေတိုးသဖြင့် တရှဲရှဲအော်မြည်နေကြသလို မျက်စိတစ်ဆုံးကျယ်ဝန်းလှသည့် မြက်ရိုင်းတောကြီးကလည်း လေအဝေ့တွင် လှိုင်းထသကဲ့သို့ မြက်ပင်များယိမ်းနွဲ့လှုပ်ခတ်သွားလေသည်။
ငခမ်းက သူဖြစ်ခဲ့သမျှအကြောင်းအကုန်လုံးကို စည်သူအားပြောပြလိုက်သည်။ စည်သူက ငခမ်းပြောသည်များကို မယုံနိုင်ဖြစ်နေရသည်။
“မင်းအဖြစ်ကဆန်းကြယ်လိုက်တာကွာ၊ တခြားသူပြောတယ်ဆိုရင် အပိုတွေပြောတယ်လို့ ငါထင်မိမှာကွ”
ငခမ်းက သူ့ညာဘက်လက်ကို စည်းနှောင်ထားသည့် အဝတ်စဖြူကြီးကို ဖြေပြလိုက်သည်။ ထိုအခါ သူ့လက်ဖဝါးရှိ နတ်ဆိုးပါးစပ်ကို စည်သူမြင်ကာ အံ့သြသွားလေသည်။
“နတ်ဆိုးပါးစပ်က အိပ်ပျော်နေတာ၊ မကြာခင် သူနိုးထလာတော့မယ်”
စည်သူကတစ်ယောက်တည်းစဉ်းစားနေသည်။ ခေါင်းတွေပူထူလာသဖြင့် အနောက်သို့လှည့်လိုက်ကာ မြက်ရိုင်းတောကြီးအတွင်းသို့ကြည့်လိုက်သည်။
“ခင်ဗျား ဘာတွေစဉ်းစားနေတာလဲစည်သူ”
“မင်းအကြောင်း၊ ပြီးတော့ အခုဖြစ်နေတဲ့ အိမ်ရှေ့စံတို့ရဲ့အကြောင်းကို စဉ်းစားနေတာကွ၊ အိမ်ရှေ့စံတို့က အခုငါတို့ကိုဖိအားပေးလာပြီမဟုတ်လား၊ တကယ်လို့သာ ဒီလင်းနို့အမှုကိုမဖော်နိုင်ရင် ငါတို့ခံတပ်ကြီးရော၊ မိစ္ဆာဖမ်း သူတွေကိုရော ထိခိုက်လာနိုင်တယ်လေကွာ”
“နောက်ပြီးတော့ မင်းကလည်း လင်းနို့ကြီးမဟုတ်လား၊ ဒီတော့ ဒီအရေးကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲဆိုပြီး ငါတွေးနေခဲ့တာကွ၊ နေစမ်းပါအုံး၊ မင်းဒီလိုဖြစ်နေတာကို ဘယ်သူတွေသိသေးသလဲ”
ငခမ်းက အသေအချာစဉ်းစားလိုက်ပြီး
“မုန်တိုင်းတစ်ယောက်သိတယ်၊ နောက်ပြီးတော့ . . .”
ငခမ်းဆက်ပြောဖို့စဉ်းစားနေမိသည်။ လုံဒီဆိုသည့် မိန်းကလေးလည်း သူဘယ်သူလဲဆိုတာကို သိသွားပြီဖြစ်သည်။ သို့သော် လုံဒီအကြောင်းကို စည်သူကိုမပြောချင်သဖြင့် ဘာမှဆက်မပြောတော့ပေ။ ငခမ်းစဉ်းစားနေသည်ကို စည်သူကသိလိုက်သဖြင့်
“နောက်ပြီးတော့ ဘယ်သူတွေသိသေးလဲ”
“အခု ခင်ဗျားသိသွားပြီပေါ့စည်သူရာ”
စည်သူက သက်ပြင်းချလိုက်သည်။
“တော်ပါသေးရဲ့ကွာ၊ လူတွေများများမသိသေးတာ ကောင်းတာပေါ့၊ ဒါဆိုရင် မင်းကိုငါလူတစ်ယောက်နဲ့ခေါ်တွေ့ပေးမှဖြစ်မယ်”
“ဘယ်သူလဲ”
“ပျံလွှားရဲ့အဘွားနဲ့ပေါ့ကွာ၊ ပြောနေကြာပါတယ်ကွာ၊ ငါတို့ ပျံလွှားတို့အိမ်ကိုသွားကြစို့”
စည်သူနှင့် ငခမ်းက မြင်းများကိုစီးလိုက်ကြသည်။ ထိုအခါ မုန်တိုင်းကလည်း သူတို့အနားကိုရောက်လာသဖြင့် မုန်တိုင်းကိုပါခေါ်ဆောင်လာခဲ့ကြသည်။ ခံတပ်မှထွက်ပြီးသောအခါ ဆင်ခြေဖုံးများနေထိုင်သည့် အရပ်သို့ထွက်လာခဲ့သည်။ ဆင်ခြေဖုံးဆိုသည်မှာ စစ်ထွက်တိုက်သည့် ဆင်များ၏အောက်ခြေကို ကာကွယ်ပေးရသည့် ရဲမက်စစ်သားများကို ဆိုလိုခြင်းဖြစ်သည်။ ထိုရဲမက်စစ်သားများအား နေရာပေးထားသည့် အရပ်ကို ဆင်ခြေဖုံးအရပ်ဟုခေါ်ဆိုသည်။ ရဲမက်စစ်သားအများအပြားနေထိုင်ကြသော်လည်း သာမန်အရပ်သားများလည်း ထိုအရပ်တွင်ရောထွေးနေထိုင်ကြသည်။
လမ်းကျဉ်းကျဉ်းကလေးများထဲတွင် အိမ်ကလေးများကို ပြွတ်သိပ်အောင်တည်ဆောက်ထားသည်။ ထိုအိမ်တန်းကလေးများတွင်လည်း ကလေးငယ်များ၊ မိန်းမများ၊ လူငယ်လူရွယ်များဖြင့် ပြည့်နှက်နေလေသည်။ အိမ်ကလေးများမှာ တစ်အိမ်နှင့်တစ်အိမ် ခေါင်မိုးချင်းထိနေသည်။ ကလေးငယ်များမှာ လမ်းမအပေါ်တွင် ပြေးလွှားဆော့ကစားနေကြသည်မို့ သူတို့မြင်းကိုခပ်မှန်မှန်သာ မောင်းနှင်လာခဲ့ကြသည်။
“အမရပူရမြို့မှာ လူဦးရေတွေအရမ်းထူထပ်နေပြီ”
စည်သူက ညည်းတွားလိုက်သည်။ အမရပူရမင်းနေပြည်တော်က ကျယ်ဝန်းလှသည်ဆိုသော်လည်း ယခုတော့ လူဦးရေထူထပ်လာပြီး စစ်ရှုံးခဲ့သည့် အောက်မြန်မာနိုင်ငံမှ အရပ်သားများ အများအပြားခိုလှုံလာခဲ့သည်မို့ လူဦးရေထူထပ်လာခဲ့သည်၊ ထို့ကြောင့် မြို့အပြင်တွင် လူနေကျဲပါးသော်လည်း မြို့အတွင်းတွင်တော့ လူနေအိမ်ခြေတွေက ကြပ်ညပ်နေလေသည်။
ထိုအိမ်တန်းကလေးကို ဖြတ်ကျော်လာပြီးသည့်အခါ လူနေအိမ်များကျဲပါးသွားပြီး သုဿန်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုသုဿန်အနီးတွင် ကြီးမားသည့် ပေါက်ပင်ကြီးတစ်ပင်ရှိပြီး ထိုပေါက်ပင်အောက်တွင် တဲအိမ်ကလေးတစ်လုံးရှိသည်။ စည်သူက ထိုတဲအိမ်ရှေ့တွင် မြင်းကိုရပ်လိုက်ပြီး မြင်းပေါ်မှခုန်ဆင်းလိုက်သည်။
“ဒါ ငါတို့မိတ်ဆွေကြီး ပျံလွှားရဲ့အိမ်ပဲဟေ့”
ထိုအခါ ပျံလွှားက အိမ်အတွင်းမှထွက်လာခဲ့သည်။ စည်သူကို ပြုံး၍ကြည့်လိုက်သော်လည်း ငခမ်းနှင့် မုန်တိုင်းကိုတော့ မျက်စောင်းတစ်ချက်ထိုးပြီးကြည့်လိုက်သည်။
“စည်သူ၊ ခင်ဗျားဘာလို့ သူတို့ကိုခေါ်လာတာလဲ”
“အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်နေပြီပျံလွှား၊ ငါတို့ မင်းရဲ့အဘွားနဲ့တွေ့ရမှာဖြစ်မယ်”
ပျံလွှားက ငခမ်းတို့ကိုလက်ညှိုးထိုးလိုက်သည်။
“သူတို့ရောလား”
“လာစမ်းပါကွာ၊ လုပ်ဖော်ကိုင်ဖက်တွေပဲမဟုတ်လား၊ ဟေ့ ငခမ်းတို့ အိမ်ထဲကိုလာခဲ့ကြကွာ”
ငခမ်းနှင့် မုန်တိုင်းလည်း မြင်းပေါ်မှဆင်းပြီး တဲအတွင်းသို့ဝင်လိုက်ကြသည်။ တဲကလေးမှာ ကုပ်ကုပ်ကလေးဖြစ်သည်။ အတွင်းတွင်လည်း ဘာပစ္စည်းမှ ကြီးကြီးမားမားမရှိပေ။ ထရံဖြင့်ကာရံထားသည့် အခန်းတစ်ခုအရှေ့တွင် ပျံလွှားကရပ်လိုက်ပြီး အခန်းထရံကို လက်ဖြင့်ခေါက်လိုက်သည်။
“အဘွား၊ စည်သူတို့လာတယ်”
ထိုအခါ အခန်းအတွင်းမှ အညိုရောင်ဆံပင်များရှိသည့်် အဘွားကြီးတစ်ဦးထွက်လာသည်။ ထိုအဘွားကြီးမှာ ထဘီရင်လျားနှင့်ဖြစ်ပြီး အပေါ်က အနက်ရောင်ခြုံထည်ကြီးတစ်ခုကို ခြုံလွှမ်းထားသည်။ ဆီမီးခွက်တစ်ခုကို ကိုင်လာခဲ့လေရာ ထိုအလင်းရောင်ကြောင့် အဘွားအို၏ ရုပ်ရည်ကိုအတိုင်းသားမြင်နေရသည်။ မျက်နှာတစ်ခုလုံး ပါးရေတွေက အလွန်တွန့်နေပြီး ကြောက်စရာကောင်းလှသည်။ ခေါင်းမှဆံပင်များကတော့ အညိုရောင်ကြမ်းကြမ်းကြီးများဖြစ်သည်။ အဘွားအိုက သူတို့ကိုကြည့်ပြီး ပြုံးပြလိုက်သော်လည်း ငခမ်းအတွက်တော့ ထိုအပြုံးက နှစ်လိုဖွယ်မကောင်းလှပေ။
“လူလေးတို့ကိုကြိုဆိုပါတယ်၊ ကဲလာ၊ ထိုင်ကြပါအုံး”
ဝါးကြမ်းခင်းပေါ်တွင် ပျံလွှားက ဖျာတစ်ချပ်ခင်းပေးလိုက်ရာ သူတို့အကုန်လုံးစုဝေးပြီး အဝိုင်းပုံစံထိုင်လိုက်ကြသည်။ သူတို့အလယ်တွင် အဘွားအိုကိုင်လာသည့် ဆီမီးခွက်ကို ချထားလိုက်သည်။
“ဘာထူးလို့လဲစည်သူ”
ပျံလွှား၏ အမေးကိုစည်သူက မဖြေဘဲ အဘွားကိုဘက်သို့လှည့်လိုက်သည်။
“ဒီတစ်ခေါက်တော့ ဒီကောင်လေးကို အဘွားညို ကြည့်ပေးစမ်းပါ”
စည်သူက ငခမ်းကိုလက်ညှိုးထိုးပြလိုက်ရာ အဘွားအိုက ငခမ်းအားကြည့်လိုက်လေသည်။
“ဟေ့ကောင်ငခမ်း၊ မင်းရဲ့လက်နှစ်ဖက်ကို အရှေ့ကိုဆန့်တန်းပေးလိုက်စမ်း”
ငခမ်းက ကြောင်တောင်တောင်နှင့် သူ့လက်များကို အရှေ့သို့ဆန့်တန်းပေးလိုက်သည်။ ထိုအခါ အဘွားအိုက ငခမ်း၏ လက်ဝါးများကိုပွတ်သပ်လိုက်လေသည်။ လေပြင်းတစ်ချက်ဝှေ့လိုက်သလိုဖြစ်သွားပြီး ဆီမီးခွက်က လေဝှေ့လိုက်သဖြင့် မီးငြိမ်းတော့မလိုဖြစ်သွားသည်။ ငခမ်းကြည့်နေစဉ်မှာပင် အဘွားအို၏ မျက်လုံးများမှာ အလင်းရောင်များဖြာထွက်လာလေသည်။
“မင်းက မိစ္ဆာတစ်ကောင်ပဲ”
ငခမ်းအလွန်အံ့သြနေမိသည်။
“ခင်၊ ခင်ဗျားက စုန်းမကြီးလား”
အဘွားအို၏ အသံမှာ ရှတတ အက်ကွဲကွဲကြီးဖြစ်နေလေသည်။
“မင်းမျက်လုံးတွေကို မှိတ်လိုက်”
ငခမ်းက အဘွားအိုအားစိုက်ကြည့်နေရာက စည်သူက ငခမ်းပေါင်ကိုလှမ်းပုတ်ပြီး
“လုပ်စမ်းပါငခမ်းရာ မင်းမျက်လုံးတွေကို မှိတ်လိုက်စမ်းပါ”
စည်သူပြောသဖြင့် နောက်ဆုံးတော့ ငခမ်းလည်းမဝံ့မရဲနှင့် မျက်လုံးများကိုမှိတ်ချလိုက်သည်။
(၂)
“အား”
ငခမ်းအသံပြဲကြီးနှင့် ထအော်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူမျက်စိမှိတ်လိုက်သည့်အခါ သူ့ခေါင်းတစ်ခုလုံးမူးဝေလာပြီး အလွန်နက်ရှိုင်းလှသည့် ချောက်နက်ကြီးအတွင်းသို့ ကျဆင်းသွားသလို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ သူ့အောက်ဘက်မှ လေတွေက တဝူးဝူးနှင့်တိုက်နေလေသည်။ မကြာခင်တွင် ပြာလဲ့နေသည့် ကောင်းကင်ကြီးတစ်ခုကိုမြင်ရသည်။ သူ့ကိုယ်လုံးကြီးမှာ တိမ်စိုင်တစ်ခုလို လွင့်မြောနေသည်။
“ဘာမှမကြောက်ပါနဲ့ကွ၊ ဒါတွေက တကယ်ဖြစ်နေတာမဟုတ်ပါဘူး”
နံဘေးမှ အသံကြားလိုက်ရသည့်အတွက် လှည့်ကြည့်လိုက်ရာ မိန်းမပျိုတစ်ဦးဖြစ်နေသည်။ ထိုမိန်းမပျိုက သူ့နံဘေးတွင် ပျံသန်းနေလေသည်။ ထိုမိန်းမပျို၏ဆံပင်များမှာ မန်ကျည်းနှစ်ရောင်ကဲ့သို့ အညိုရောင်ကြီးဖြစ်နေသည်။
“ခင်၊ ခင်ဗျားက ဘယ်သူလဲ၊ ကျုပ်ကရော ဘယ်ရောက်နေတာလဲ”
“ငါကလား၊ ငါက မင်းခုနကတွေ့ခဲ့တဲ့ အဘွားညိုဆိုတဲ့ အဘွားကြီးပေါ့ကွာ”
“ဒါဆို ခင်ဗျားက စုန်းမကြီးလား”
ထိုမိန်းမပျိုကလေးက ရယ်မောလိုက်သည်။ အခုတွေ့မြင်နေရသည့်မိန်းမပျိုကလေးမှာ ခုနက တွေ့ခဲ့သည့် အရုပ်ဆိုးဆိုးနှင့် ပါးရေတွေတွန့်နေသည့် အဘွားကြီးရုပ်ပုံနှင့် အလွန်တရာကွာခြားလှသည်။
“တခြားသူတွေကတော့ ဒီလိုခေါ်ရင်ခေါ်မယ်၊ ငါတို့ကျတော့ ငါတို့ကိုယ်ငါတို့ စုန်းလို့မခေါ်ဘူးကွ”
“ဒါဆိုရင် ဘယ်လိုခေါ်ရမှာလဲ”
“ငါတို့ကို စိတ်ခရီးသွားတွေလို့ခေါ်ကြတယ်”
“စိတ်ခရီးသွားတွေ ဟုတ်သလား”
“ဟုတ်တယ်၊ စိတ်ခရီးသွားတွေဆိုတာ နားလည်လွယ်အောင်ခေါ်ကြတာပေါ့၊ ငါတို့က လူတစ်ယောက်ရဲ့စိတ်ထဲကို ထိုးထွင်းဖောက်ဝင်နိုင်ပြီးတော့ သူ့ရဲ့အတိတ်၊ ပစ္စပ္ပုန်နဲ့ ဖြစ်လာမယ့် အနာဂတ်တွေကို ပုံဖော်ပြီး ခရီးသွားလာနိုင်ကြတဲ့သူတွေပေါ့”
ငခမ်းအလွန်ခေါင်းရှုပ်နေသည်။
“ခင်ဗျားပြောတာတွေ ကျုပ်နားမလည်ဘူး၊ ဒါနဲ့ ကျုပ်တို့အခုရောက်နေတာက ဘယ်နေရာလဲ”
“ဒါက မင်းရဲ့စိတ်ထဲကိုရောက်နေတာပဲ ငခမ်း၊ ငခမ်းဆိုတာ မင်းနာမည်ကို ဗမာမှုပြုထားတာမဟုတ်လား၊ မင်းရဲ့နာမည်အရင်းက စိုင်းကွမ်ခမ်း၊ မင်းအဖေက စိုင်းဆေခမ်း ဆိုတဲ့ ပန်းပဲဆရာကြီးတစ်ယောက်မဟုတ်လား”
ငခမ်းအံ့သြနေသည်။
“ခင်ဗျားဘယ်လိုလုပ် ဒီအကြောင်းတွေကို အကုန်သိနေတာလဲ”
ထိုအခါ ထိုမိန်းမပျိုက ပြုံးလိုက်ပြီးနောက် သူတို့အောက်ဘက်ရှိ မြေပြင်တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
“ကဲ၊ ငါ့လက်ကိုမင်းကိုင်ထား၊ မင်းကိုငါအားလုံးပြမယ်”
ငခမ်းက လေပေါ်ပျံနေရင်း ထိုမိန်းမပျိုကလေး၏ လက်တစ်ဖက်ကိုဆွဲကိုင်လိုက်ရာ သူတို့နှစ်ယောက် အလွန်လျှင်မြန်သည့်အရှိန်ဖြင့် အောက်သို့ထိုးဆင်းသွားလေသည်။ မြန်ဆန်လွန်းလှသဖြင့် ပတ်ဝန်းကျင်မှအရာများအားလုံးက မှုန်ဝါးနေသည်။ နောက်တော့မှ မြင်ကွင်းတွေကြည်လင်သွားလေသည်။
“ဟင်၊ ငါ၊ ငါတို့ရွာကလေးပဲ”
သူ့မျက်စိရှေ့တွင် သူတို့ရွာကလေးကိုမြင်နေရသည်။ ရွာမှာ ရွာသူရွာသားများက ရွာလမ်းမကြီးပေါ်တွင် လျှောက်သွားနေကြလေသည်။ ငခမ်းက ရွာအတွင်းသို့ပြေးဝင်လိုက်ပြီး သူနှင့်သိသည့် အသိမိတ်ဆွေများကို နှုတ်ဆက်နေလိုက်သည်။ သို့သော် ထိုလူများက သူ့ကိုမမြင်တွေ့ရသည့်သဖွယ် ဖြစ်နေကြလေသည်။
“ငါ၊ ငါတို့အိမ်”
ငခမ်းသတိရသွားပြီး ရွာလယ်လမ်းအတိုင်းပြေးလာခဲ့လိုက်သည်။ ပြေးလွှားရင်း မကြာခင် သူတို့ပန်းပဲဖိုကြီးဆီသို့ရောက်လာသည်။ ပန်းပဲဖိုအတွင်းတွင် ပန်းပဲထုသံကိုကြားလိုက်ရသဖြင့် ငခမ်းထူးဆန်းသွားလေသည်။ ပန်းပဲဖိုအဝင်ဝမှ အတွင်းသို့လှမ်းကြည့်လိုက်ရာ အဝတ်များလှန်းနေသည့် သူ့အမေကိုပြန်တွေ့လိုက်သည်။
“ဟင်၊ အမေ”
ထို့နောက် မီးဖိုခန်းအတွင်းမှ ရေနွေးကရားအိုးကလေးကိုင်ပြီး သူ့ညီမလေး ထွက်လာသည်။
“နန်းလိပ်၊ ညီမလေး”
သူ့ညီမလေးက ရေနွေးကရားအိုးကလေးကိုင်ကာ ပန်းပဲဖိုအတွင်းသို့ဝင်ခဲ့ပြီး ပန်းပဲထုနေသည့် ယောက်ျားတစ်ယောက်အနားသို့တိုးကပ်သွားသည်။ ထိုယောက်ျားမှာ အားကောင်းမောင်းသန်နှင့်ဖြစ်ပြီး သူ့ကိုကျောပေးထားသဖြင့် မည်သူဖြစ်မှန်း မမြင်ရပေ။ ငခမ်းလည်းသိချင်ဇောဖြင့် ပန်းပဲဖိုအနီးသို့ပြေးဝင်ခဲ့လေသည်။
“ဟင်၊ သူက၊ သူက”
ငခမ်းအံ့သြနေမိသည်။
“ဟုတ်တယ်လေ၊ သူက ရှင်ပဲ”
နန်းလိပ်မှာ ရေနွေးကရားအိုးကလေးကိုင်ပြီး ပန်းပဲထုနေသည့် သူ့အနားသို့ပြေးလာလေသည်။ ငခမ်းကတော့ ပန်းပဲထုသည့် တူကြီးကိုကိုင်ကာ ချွေးတလုံးလုံးဖြင့် ပန်းပဲထုနေလေသည်။
“အကိုကြီးရာ အမောပြေ ရေနွေးလေးသောက်လိုက်ပါအုံး”
ငခမ်းက တူကိုချလိုက်ပြီး ထုလက်စသံကို မီးဖိုအတွင်းသို့ပြန်ပစ်ထည့်လိုက်ကာ နန်းလိပ်ပေးသည့် ရေနွေးကရားအိုးကလေးကို ကောက်ယူပြီး ခွက်တစ်ခုအတွင်းရေနွေးငှဲ့ထည့်လိုက်ကာ သောက်နေလေသည်။
“ကွမ်ခမ်း”
အော်သံကြားသဖြင့် ငခမ်းလှည့်ကြည့်လိုက်ရာ ရှဲန်ဆိုင်ဖြစ်နေသည်။ ရှဲန်ဆိုင်က ပန်းပဲဖိုအဝင်ဝမှ လမ်းလျှောက်လာလေသည်။ နန်းလိပ်က ရှဲန်ဆိုင်အား တွေ့သည့်အခါ ပြုံးရင်း
“ဟိုမှာ ယောက်မလာနေပြီ”
ငခမ်းလည်း ရှက်သွားလေသည်။
“ဟာ၊ ညီမလေးကလဲဟာ”
“ဟုတ်တယ်လေ၊ တစ်ချိန်ကျတော့ အကိုကြီးနဲ့ ရှဲန်ဆိုင်နဲ့လက်ထပ်ကြမှာမဟုတ်လား၊ ဒီတော့ ယောက်မပေါ့၊ ကဲ ညီမလေးသွားတော့မယ်၊ ထမင်းအိုးတည်လက်စဖြစ်နေလို့”
နန်းလိပ်က အလိုက်သိစွာဖြင့် ပန်းပဲဖိုအတွင်းမှပြေးထွက်သွားသည်။ ရှဲန်ဆိုင်က ငခမ်းအနီးသို့ရောက်လာပြီး ရှက်ကိုးရှက်ကန်းနှင့်ကြည့်နေသည်။ ငခမ်းကတော့ သူတို့အဖြစ်များကို ဘေးမှမတ်တပ်ရပ်လျှက် ကြည်နူးစွာကြည့်နေလေသည်။ ပန်းပဲထုနေသည့်ငခမ်းနှင့် ရှဲန်ဆိုင်စကားတွေပြောနေကြသည်။ နောက်တော့ ငခမ်းက ရှဲန်ဆိုင်ကိုပွေ့ဖက်လိုက်သည်။
“ရှဲန်ဆိုင်၊ ရှဲန်ဆိုင်”
ထိုအချိန်မှာပင် ပတ်ဝန်းကျင်မှ အရာအားလုံးက ေ၀ဝါးသွားလေသည်။ မကြာခင် ပတ်ဝန်းကျင်တစ်ခုလုံးက မီးဟုန်းဟုန်းတောက်နေသည့် ချော်သားမြေပြင်ကြီးဖြစ်သွားလေသည်။
“ရှဲန်ဆိုင်၊ မင်းဘယ်ရောက်သွားတာလဲ”
“ဒါတွေအားလုံးက ရှင့်စိတ်ကူးထဲမှာဖြစ်နေတာတွေပဲ ငခမ်း၊ အပြင်မှာတကယ်မရှိဘူး”
ငခမ်းက အော်ဟစ်နေမိသည်။
“ငါ့ကိုရှဲန်ဆိုင်ကို ပြန်ခေါ်ပေး၊ ငါ့ညီမလေးနဲ့ ငါ့အမေနဲ့ရှိတဲ့ ငါ့အိမ်ကလေးကိုပြန်ပို့ပေးစမ်းပါ၊ ငါသူတို့ကိုကြည့်ရတာ စိတ်ချမ်းသာလို့ပါ”
ငခမ်းက ထိုမိန်းမပျို၏ ပုခုံးကိုကိုင်လျှက် တောင်းဆိုနေမိသည်။ မိန်းမပျိုက ခေါင်းခါသည်။
“ရှင်အတိတ်မှာပဲ ပျော်မွေ့နေလို့မရဘူးငခမ်း၊ အခုလက်ရှိမှာ ရှင့်အမေလဲမရှိတော့ဘူး၊ ရှင့်ညီမလဲ သေပြီမဟုတ်လား၊ ရှင့်စိတ်ကူးထဲမှာသာ အတိတ်ကိုနောက်ပြန်လှည့်လို့ရပေမယ့်၊ အပြင်မှာတော့ လက်ရှိအရှိတရားအတိုင်း ရှင်လက်ခံရလိမ့်မယ်”
ငခမ်းက မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။ သူ့ဒူးခေါင်းအောက်ရှိ မြေကြီးများကို လက်နှင့်ဆုပ်ကိုင်လိုက်သည်။ မြေကြီးများဆိုသော်လည်း ပြာမှုန်များနှင့် မီးသွေးများ၊ မီးစကလေးများ ရောထွေးနေသည့် မြေကြီးတစ်ခုဖြစ်သည်။
“ဒါဆို ငါအခုဘယ်ရောက်နေတာလဲ”
“ရှင်ရောက်နေတာ ရှင့်ရဲ့ပစ္စုပ္ပန်၊ လက်ရှိအချိန်ပဲ”
ငခမ်း၏ ဘေးနားပတ်လည်ကိုကြည့်လိုက်သောအခါ မြင့်မားလှသည့် တောင်ကြီးခုနစ်လုံးက သူ့ကိုဝန်းရံထားလေသည်။ ကောင်းကင်ကြီးတစ်ခုလုံးကလည်း မီးတောက်လောင်နေသကဲ့သို့ နီရဲနေလေသည်။ အလားတူ မီးတောက်မီးလျှံများမှာလည်း တိမ်များကဲ့သို့ ကောင်းကင်တွင် လွင့်မြောနေကြသည်။
“ကျုပ်ဘယ်ကိုရောက်နေတာလဲ”
ထိုမိန်းမပျိုကလေးက ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သူ့လက်တွေကို ဝှေ့ယမ်းလိုက်သည်။ သို့သော် ဘာမှထူးခြားမလာခဲ့ပေ။
“တစ်ခုခုတော့ထူးနေပြီ၊ ဒီလိုဖြစ်ရမှာမဟုတ်ဘူး”
“မင်းဘာတွေပြောနေတာလည်း၊ ဒါတွေက ငါ့စိတ်ကူးထဲကအရာတွေဆို၊ မင်းတို့စိတ်ခရီးသွားတွေက ကိုယ်လိုတဲ့နေရာကို သွားနိုင်တယ်မဟုတ်လား”
ထိုအခါ သူတို့အနောက်မှ ရယ်မောသံတစ်ခုကိုကြားလိုက်ရသည်။ သူတို့လှည့်ကြည့်လိုက်သည့်အခါတွင်တော့ အနီရောင်ဝတ်စုံကိုဆင်မြန်းထားသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူမှာ အရပ်အလွန်ရှည်ပြီး ခြေလက်များမှာ ရှည်မြောမြောနှင့်ဖြစ်သည်။ သူဝတ်ဆင်ထားသည့် အနီရောင်ဝတ်စုံမှာ ပိုးသားကဲ့သို့ဖြစ်ပြီး လေတိုက်တိုင်းလွင့်မြောနေလေသည်။ ထိုလူ၏ မျက်နှာမှာရှည်လျားပြီး ချွန်ထွက်နေသော နှာခေါင်းနှင့် မိုးပေါ်သို့ချွန်တက်နေသည့် နားရွက်များရှိသည်။ ထိုလူ၏ အသားအရောင်ကတော့ ပြာမှုန့်အရောင်ကဲ့သို့ ခပ်မှိုင်းမှိုင်းကြီးဖြစ်သည်။
“မင်းတို့ကိုကြိုဆိုပါတယ်ကွာ”
(၃)
အဘွားညိုခုခေါ်သည့် ထိုမိန်းမပျိုက အံတစ်ချက်ကြိတ်လိုက်ပြီးနောက် သူ့လက်တစ်ဖက်မှ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လက်အတွင်း အပြာရောင်မီးတောက်တစ်ခုပေါ်လာခဲ့သည်။ ထိုမီးတောက်ဖြင့်် အနီရောင်ဝတ်ဆင်ထားသည့်သူအား ပစ်ခတ်လိုက်လေသည်။ ထိုအပြာရောင်မီးတောက်မှာ လျှင်မြန်စွာပျံသန်းသွားပြီး အနီရောင်ဝတ်ဆင်ထားသည့်သူအနားရောက်သည့်အခါ ထိုလူက မီးတောက်ကို လက်ဖြင့်ပုတ်ချလိုက်လေသည်။
မိန်းမပျိုက မကျေမနပ်နိုင်ပေ။ လက်နှစ်ဘက်စလုံးကို ကချေသည်များကဲ့သို့ စည်းချက်ညီညီဝှေ့ယမ်းလိုက်ပြီး လက်နှစ်ဖက်စလုံးတွင် အပြာရောင်မီးတောက်များဖန်တီးလိုက်ကာ ထိုအပြာရောင်မီးတောက်များဖြင့် ပစ်ခတ်လိုက်ပြန်သည်။ ထိုလူက အပြာရောင်မီးတောက်တစ်ခုကို ပုတ်ချလိုက်ပြီး နောက်ထပ်အပြာရောင်မီးတောက်တစ်ခုကိုတော့ လက်ဖြင့်ထိန်းယူလိုက်ကာ သူတို့ထံသို့ ပြန်လည်ပစ်ခတ်လိုက်သည်။
အပြာရောင်မီးတောက်က ငခမ်းဆီသို့ တည့်တည့်ပျံသန်းလာခဲ့လေသည်။ ငခမ်းလည်း ရုတ်တရက်မို့ ရှောင်ချိန်မရတော့ပေ၊ မိန်းမပျိုက ငခမ်းအားဆောင့်တွန်းလိုက်သဖြင့် ငခမ်းလွင့်ထွက်သွားပြီး အပြာရောင်မီးတောက်မှာ ငခမ်းထိုင်နေသည့် မြေကြီးပေါ်သို့ကျကာ ပေါက်ကွဲသွားလေသည်။
“ဒီမီးတောက်တွေကို ရှင်ထိလို့မဖြစ်ဘူး”
“ဘာဖြစ်လို့လဲ”
“ဒီမီးတောက်ထိသွားရင် ရှင်ရဲ့စိတ်အလျဉ်ရပ်တန့်သွားလိမ့်မယ်”
“အဲဒီတော့ဘာဖြစ်သလဲ”
“ရှင်ပြန်နိုးမထလာပဲဖြစ်သွားလိမ့်မယ်၊ ရှင့်ရဲ့စိတ်အလျဉ် ရပ်တန့်သွားရင် ရှင်ရဲ့အပြင်လောက က ခန္ဓာကိုယ်က ဘယ်တော့မှ နိုးထနိုင်မှာမဟုတ်တော့ဘူး”
ထိုတော့မှ ငခမ်းလန့်သွားသည်။
“ဒါဆို ဒီလူက ဘယ်သူလဲ”
မိန်းမပျိုက ခေါင်းခါသည်။
“ငါလည်းမသိဘူး၊ ငါ့တစ်သက်လုံး ဒီလိုအဖြစ်မျိုးတစ်ခါမှ မကြုံခဲ့ဖူးဘူး၊ မင်းရဲ့အတွင်းစိတ်ထဲမှာ နောက်ထပ်တစ်ယောက်ရှိနေတာလား”
အနီရောင်ဝတ်စုံဝတ်ထားသည့်သူက ပြုံးလိုက်ပြီးနောက်
“ကဲ၊ မင်းအစွမ်းက ဒါပဲလား မိန်းကလေး”
မိန်းမပျိုက ခြေနှစ်ချောင်းကို သေသေချာချာစုကာ မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုဘေးဘက်သို့ဆန့်တန်းလိုက်သည်။
“ရှင်အနောက်ဆုတ်နေ ငခမ်း”
ငခမ်းလည်း ထိုမိန်းကလေးနှင့် ခပ်လှမ်းလှမ်းဆီသို့ ပြေးလာခဲ့လိုက်သည်။ ထိုမိန်းမပျိုကလေးက လက်နှစ်ဖက်ကို စက်ဝိုင်းပုံစံဝှေ့ယမ်းလိုက်ပြီးနောက် သူ့အရှေ့တွင် အပြာရောင်မီးတောက်လုံးကြီးကို ဖန်တီးလိုက်သည်။ ထို့နောက် အားယူကာ ထိုအပြာရောင်မီးတောက်ကြီးကို တွန်းထုတ်လိုက်လေရာ အပြာရောင်မီးတန်းကြီးအဖြစ်ပြောင်းလဲသွားသည်။ မိန်းမပျိုကလေး၏ လက်အတွင်းမှ အပြာရောင်အစွမ်းတွေက အဆက်မပြတ်ထွက်နေလေသည်။
ထိုအပြာရောင်မီးတန်းကြီးက အနီရောင်ဝတ်စုံကိုဆင်မြန်းထားသည့်လူအရှေ့သို့ရောက်သည့်အခါ ရပ်တန့်သွားသည်။ ထိုလူက အပြာရောင်မီးတန်းကြီးကို လက်ဝါးတစ်ဖက်ဖြန့်လျှက် ကာကွယ်ထားလိုက်သည်။ ခဏကြာသည့်အခါ ထိုမိန်းမပျိုကလေးမှာ တဆတ်ဆတ်တုန်ခါလာပြီးနောက် မြေပြင်တွင်လဲကျသွားသည်။ အပြာရောင်မီးတန်းကြီးလည်း ပျောက်ကွယ်သွားလေသည်။ ငခမ်းလည်း မိန်းမပျိုကလေးဆီပြေးလာပြီး တွဲထူလိုက်သည်။ မိန်းမပျိုကလေးမှာ အလွန်အံ့သြသောမျက်နှာဖြင့် ထိုလူအားစိုက်ကြည့်နေသည်။
“ရှင်ဘယ်သူလဲ”
“မင်းအစွမ်းတွေကုန်ပြီလားကွ၊ ဟား၊ ဟား၊ လူစိမ်းတစ်ယောက်ကိုတွေ့ရင် မင်းတို့အမြဲပဲ ဒီလိုကြိုဆိုသလားကွ”
“ရှင်ဘယ်သူလဲဆိုတာသာပြော၊ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့”
ထိုလူက ငခမ်းကိုလက်ညှိုးထိုးလိုက်ပြီးနောက်
“ငါက သူ့ကိုယ်ထဲမှာနေတဲ့သူပဲ၊ လောလောဆယ်တော့ ငါ့နာမည်ကို ငါမသိသေးဘူး”
ငခမ်းအံ့သြသွားလေသည်။
“ဒါဆို ခင်ဗျားက နတ်ဆိုးလား”
နတ်ဆိုးက ပတ်ဝန်းကျင်တစ်ခုလုံးကိုလှည့်ပတ်ကြည့်နေရင်း
“မင်းအခုမြင်နေရတာ မင်းရဲ့အနာဂတ်ပေါ့ကွာ၊ မင်းကြည့်လိုက်စမ်းငခမ်း၊ ဒီမှာ တောင်ကြီးခုနစ်လုံးရှိတယ်မဟုတ်လား၊ ဒီတောင်ကြီးတွေထဲမှာ ငါ့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မြှုပ်နှံထားတယ်၊ ဟောဟိုက တောင်မှာ ငါ့မျက်လုံးရှိတယ်၊ ဟိုးက တောင်ကြီးမှာတော့ ငါ့ရဲ့ဦးချိုရှိတယ်”
ထို့နောက် နတ်ဆိုးက အလွန်မြင့်မားသည့်တောင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုတောင်ကြီးမှာ တောင်များအားလုံးထဲတွင် အမြင့်ဆုံးတောင်ကြီးဖြစ်သည်။
“အဲဒီတောင်ကြီးကတော့ အရေးအကြီးဆုံးပဲကွ၊ ငါ့ရဲ့ ဦးနှောက်ကို အဲဒီအထဲမှာ ထည့်သိမ်းထားတယ်ကွ၊ ဒီတော့ မင်းလုပ်ရမှာကလွယ်ပါတယ်ငခမ်းရာ၊ မင်းက အဲဒီတောင်တွေကိုဆီကိုသွားပြီးတော့ ငါ့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အကုန်ပြန်စုပေးရမယ်ကွ”
“ခုနစ်ခုစလုံး စုပြီးရင်ဘာဖြစ်မှာလဲ”
“အားလုံးစုပြီးရင်တော့ ငါက တစ်ဖန်ပြန်ပြီး မွှေးဖွားလာမယ်ပေါ့ကွာ၊ တကယ်တော့ ဒီကမ္ဘာကြီးဆိုတာ နဂိုကတည်းက ငါပိုင်ခဲ့တာကွ၊ ငါပိုင်ခဲ့တဲ့ကမ္ဘာကြီးကို ငါပြန်လည်ပြီး စိုးစံရမှာပေါ့ကွာ”
“မဟုတ်ဘူးငခမ်း၊ ရှင်ဒီလိုမလုပ်ရဘူး”
မိန်းမပျိုကလေးက ငခမ်းလက်ကိုဆွဲလိုက်သည်။
“ရှင်အခုမြင်နေရတာ ရှင့်ရဲ့အနာဂါတ်အစစ်မဟုတ်ဘူး၊ ဒါက နတ်ဆိုးကဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုဖြစ်မယ်ငခမ်း”
ငခမ်းခေါင်းထဲ ရှုပ်ထွေးနေလေသည်။
“ပါးစပ်ပိတ်ထားစမ်း မိန်းကလေး၊ ငါတို့တိုင်ပင်နေတဲ့အချိန်မှာ မင်းကြားဖြတ်ပြီးတော့ ဝင်မပြောနဲ့၊ ငခမ်း၊ မင်းအခုမြင်နေရတာ မင်းရဲ့အနာဂါတ်ပဲ၊ မင်းတောင်ခုနစ်လုံးကိုသွားရမယ်၊ ပြီးတော့ ငါ့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ခုနစ်ခုကို မင်းပြန်လည်စုစည်းပေးရမယ်ကွ”
“သူလိမ်နေတာငခမ်း၊ ရှင်သူ့ကိုနားမထောင်နဲ့”
“မင်းတော်တော်ရှုပ်တဲ့ မိန်းကလေးပဲကွာ”
နတ်ဆိုးက ပါးစပ်ကြီးကိုဖြဲလိုက်သည်။ ထိုအခါ ပါးစပ်အတွင်းမှ မီးတောက်မီးလျှံများက ထိုးထွက်လာပြီး ထိုမိန်းမပျိုကလေးကို ထိမှန်သွားလေသည်။ မိန်းမပျိုကလေးမှာ အော်ဟစ်နေရသည်။
“မလုပ်နဲ့၊ ခင်ဗျားရပ်လိုက်စမ်းပါ”
“မင်းငါ့ကို အမိန့်ပေးလို့မရဘူးငခမ်း”
မိန်းမပျိုကလေးမှာ တဖြည်းဖြည်း မီးများစွဲလောင်လာလေသည်။ ငခမ်းလည်း ဘာလုပ်ရမှန်းမသိတောပေ။
“ငခမ်း၊ ဒါရှင့်စိတ်ထဲမှာဖြစ်နေတာ၊ အပြင်မှာတကယ်ဖြစ်နေတာမဟုတ်ဘူး၊ ရှင့်စိတ်ကို ရှင်နိုင်အောင်ထိန်း”
ငခမ်း အသေအချာစဉ်းစားလိုက်သည်။
“ဟုတ်တယ်၊ ဒါငါ့စိတ်ထဲမှာ ဖြစ်နေတာ၊ ငါ့ရဲ့စိတ်ထဲမှာဖြစ်နေတာ”
ငခမ်းက နတ်ဆိုးဘက်သို့လှည့်ကြည့်လိုက်သည်။
“ခင်ဗျားက နတ်ဆိုးမဟုတ်ဘူး”
နတ်ဆိုးက မျက်လုံးပြူးပြီး ငခမ်းကိုကြည့်နေသည်။ ငခမ်းကဆက်လက်ပြီး
“ခင်ဗျားက နတ်ဆိုးတစ်ကောင်မဟုတ်ဘူး၊ ခင်ဗျားက သုံးစားမရတဲ့ ပါးစပ်တစ်ခုပဲ”
နတ်ဆိုးမှာ ချက်ချင်းပုံစံပြောင်းသွားပြီးနောက် ပါးစပ်ကြီးတစ်ခုဖြစ်သွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ကျကာ ခုန်ပေါက်နေလေသည်။
“မဟုတ်ဘူးငခမ်း၊ ငါက နတ်ဆိုးပါ”
“ခင်ဗျားနတ်ဆိုးမဟုတ်သေးဘူး၊ လက်ရှိအချိန်မှာ ခင်ဗျားကိုယ်ခန္ဓာအစိတ်အပိုင်းတွေ မစုံသေးဘူးမဟုတ်လား”
သို့သော် မိန်းမပျိုကလေးကတော့မီးများစွဲလောင်နေသည်။
“ခင်ဗျားလဲမသေရဘူး၊ ကျုပ်စိတ်ထဲမှာ မသေရဘူး”
ထိုမိန်းမပျိုကလေးမှာ ခေါင်းခါလိုက်သည်။
“မရဘူးငခမ်း၊ ရှင့်စိတ်ထဲမှာဆိုပေမယ့် ငါ့လိုအချိန်ခရီးသွားကို ရှင်မထိန်းချုပ်နိုင်ဘူး”
“ဒါဆို ကျုပ်ဘာလုပ်ရမှာလဲ”
“ရှင့်ကိုတစ်ခုပြောမယ်ငခမ်း၊ အနာဂါတ်ဆိုတာ ဖြစ်မလာသေးတဲ့အရာတစ်ခုပဲ၊ ဖြစ်လာမယ်လို့တော့ သတ်မှတ်ထားတာရှိပေမယ့် အဲဒါတွေအကုန်လုံးက ပုံကြမ်းတွေပဲ၊ ရှင့်ရဲ့လက်ရှိအချိန် ပစ္စပ္ပုန်အချိန်မှာ အပြောင်းအလဲတွေလုပ်နိုင်ခဲ့ရင် ရှင့်ရဲ့အနာဂါတ်ကိုလည်း ရှင်ပြောင်းလဲနိုင်လိမ့်မယ်”
“ဒါတကယ်လား”
“တကယ်ပေါ့ရှင်၊ လူတစ်ယောက်ရဲ့အနာဂါတ်ကို ဘယ်နတ်ဘုရားမှ မဖန်တီးပေးနိုင်ဘူး၊ ကိုယ့်ရဲ့အနာဂါတ်က ကိုယ်ကိုယ်တိုင် ဖန်တီးမှရတာပဲငခမ်း”
မိန်းမပျိုကလေးက ငခမ်းလက်ကို ဆွဲကိုင်လိုက်သည်။
“ရှင်က မိစ္ဆာတစ်ကောင်ဆိုပေမယ့်၊ ရှင့်မှာ ကြင်နာတတ်တဲ့နှလုံးသားရှိနေသေးတယ်ငခမ်း၊ ရှင့်ရဲ့ကြင်နာတတ်တဲ့နှလုံးသားကြောင့် ရှင်ဟာ မိစ္ဆာဆိုးကြီးတစ်ကောင်အဖြစ် ပြောင်းလဲမသွားခဲ့တာပဲ”
“ရှင့်ရဲ့ ကောင်းတဲ့စိတ်ကို ဆိုးတဲ့စိတ်က အနိုင်မယူမိစေနဲ့၊ ဖြူစင်တဲ့စိတ်ကို မိုက်မှောင်တဲ့အမှောင်တွေ မဖုံးလွှမ်းစေပါနဲ့”
ငခမ်းခေါင်းညိတ်လိုက်သည်။
“ကျုပ်နားလည်ပါပြီ”
“နတ်ဆိုးက ရှင့်ကိုယ်ထဲကို ဝင်သွားတာကို ရှင်ရောင်လွှဲလို့မရခဲ့ပေမယ့် ဒီတောင်ကြီးတွေဆီကို ရောက်မသွားအောင်တော့ ရှင်ရှောင်လွှဲလို့ရပါတယ်ငခမ်း”
ထိုသို့ပြောပြီး မိန်းမပျိုကလေးမှာ ပြာမှုန်များအဖြစ်သို့ပြောင်းလဲသွားလေသည်။ ထို့နောက် ငခမ်းကိုယ်လုံးကြီးလည်း ပေါ့ပါးလာခဲ့ပြီး မိုးပေါ်သို့ပျံတက်သွားခဲ့လေသည်။
(၄)
“ဟား၊ အား”
ငခမ်းပြန်နိုးထလာခဲ့သည်။ ထို့အတူ အဘွားအိုလည်း ပြန်လည်နိုးထလာခဲ့သည်။ ဆီမီးတိုင်ကလေးက လေများတိုက်ခတ်နေဆဲဖြစ်သည်။
“ဘာတွေထူးလဲငခမ်း”
“ကျုပ်၊ ကျုပ်တို့ဘယ်လောက်ကြာကြာ ဒီလိုဖြစ်နေတာလဲ”
မုန်တိုင်းက ထူးဆန်းသွားလေသည်။
“မင်းတို့ခုနကလေးတင်ပဲ လက်ချင်းထိလိုက်တာမဟုတ်လား”
သူတို့စိတ်ထဲတွင် အချိန်အတော်ကြာ ဖြစ်ပျက်ခဲ့သော်လည်း အပြင်လောကတွင်တော့ မျက်စိတစ်မှိတ်ခန့်သာ ကြာမြင့်ခဲ့လေသည်။ အဘွားအိုက ချောင်းဆိုးလိုက်ပြီးနောက် အနာက်သို့ယိုင်လဲကျသွားရာ ပျံလွှားက ဖမ်းပြီးထွေးပွေ့ထားလိုက်သည်။
“အဘွား အဆင်ပြေရဲ့လား”
အဘွားအိုက ငခမ်းလက်ကိုဆုပ်ကိုင်လိုက်သည်။
“မင်းရဲ့စိတ်ထဲမှာ ငါကသေဆုံးသွားပြီဆိုတော့ ငါတို့နောက်ထပ် စိတ်ခရီးသွားလို့မရတော့ဘူးပေါ့၊ ဒါပေမယ့် မင်းငါပြောတာတွေကိုတော့ သတိရနေပေးပါ”
ငခမ်းခေါင်းညိတ်လိုက်သည်။ စည်သူက အဘွားညိုကိုကြည့်လိုက်ပြီး
“ကဲ အဘွားညို၊ အခုငခမ်းကိုကြည့်ပြီးပြီဆိုတော့ သူ့ရဲ့အနာဂါတ်ကို အဘွားညိုမြင်ခဲ့ပြီလား”
အဘွားညိုက စည်သူအားကြည့်ရင်းပြုံးပြလိုက်သည်။
“သူက လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းဖြစ်နေတယ်၊ နောက်ပြီးတော့ သူ့ကိုယ်ထဲမှာ မကောင်းတဲ့အရာတစ်ခု ကိန်းအောင်းနေသေးတယ်၊ ဒါပေမယ့် ငါအသေအချာပြောနိုင်တာကတော့ သူက သိပ်ဆိုးဆိုးရွားရွားကြီးမဟုတ်ပါဘူး”
ဘာမှမသိသေးသည့် ပျံလွှားက အံ့သြနေလေသည်။
“ကောင်းပါပြီအဘွားညို၊ ဒါဆိုရင် သူ့ကိုကျုပ်တို့ဘာဆက်လုပ်ပေးရမလဲ”
“လွှတ်ပေးလိုက်တာအကောင်းဆုံးပဲ”
အဘွားညို၏စကားကို နားထောင်ပြီးခေါင်းညိတ်လိုက်သည်။ နောက်တော့ သူတို့ခံတပ်ဆီသို့ပြန်လာခဲ့ကြသည်။ စည်သူကအရှေ့မှသွားနေပြီး တစ်လမ်းလုံးနှုတ်ဆိတ်နေသည်။ ခံတပ်အဝင်လမ်းရောက်တော့မှ စည်သူက မြင်းကိုရပ်လိုက်သည်။
“ငါတစ်လမ်းလုံးစဉ်းစားလာခဲ့တာ အခုမှဘဲ အဖြေပေါ်တော့တယ်ငခမ်း”
“ခင်ဗျားဘာတွေစဉ်းစားနေတာလဲ စည်သူ”
“ငါစဉ်းစားနေတာက၊ ငါတို့က မင်းရဲ့ပြဿနာကိုလဲဖြေရှင်းရမယ်၊ နောက်ပြီး အခုအိမ်ရှေ့မင်းရဲ့အမှုကိစ္စကိုလဲ ဖြေရှင်းရမယ်မဟုတ်လား”
“ဒါဆိုခင်ဗျားအဖြေတွေ့ပြီလားစည်သူ”
စည်သူက ခေါင်းညိတ်လိုက်သည်။
“ကျုပ်တို့ဘာဆက်လုပ်ကြမှာလဲ”
“လင်းနို့ကိုရအောင်သတ်မယ်”
ငခမ်းမျက်လုံးတွေပြူးထွက်သွားသည်။
“လင်းနို့ကိုသတ်မယ်ဆိုတော့ ကျုပ်ကိုသတ်မှာပေါ့”
“မှန်တယ်ငခမ်း၊ သတ်မယ်ဆိုပေမယ့် တစ်ကယ်သတ်မှာတော့မဟုတ်ဘူးပေါ့လေ၊ မင်းကိုငါတို့ သတ်ချင်ယောင်ဆောင်ကြမှာ”
“ခင်ဗျားပြောတာတွေကြားပြီး ကျုပ်တော့တစ်ခုမှ နားမလည်တော့ဘူးဗျာ”
စည်သူက ပြုံးလိုက်သည်။
“မပူပါနဲ့ကွာ၊ မင်းတို့နားမလည်ရင်လည်း ငါခိုင်းတဲ့အတိုင်းသာလုပ်စမ်းပါ”
“ကျုပ်တို့အခုဘာလုပ်ရမှာလဲ”
“မုန်တိုင်းနဲ့ငါနဲ့က ခံတပ်ကိုပြန်မယ်၊ ငခမ်း၊ မင်းကတော့ ခံတပ်ကိုပြန်လို့မရဘူး၊ မင်း လူခြေတိတ်တဲ့နေရာကိုသွားပြီးတော့ လင်းနို့အဖြစ်ပြောင်းလဲရမယ်”
ငခမ်းအံ့သြသွားမိသည်။
“လင်းနို့ဖြစ်သွားရင် မင်းက မြို့ထဲမှာပတ်ပြီး သောင်းကျန်းတော့ကွာ၊ မင်းမှတ်ထားရမှာက မင်းကိုလူတွေတော်တော်များများက မြင်တွေ့မှရမယ်၊ မင်းကိုမြင်ပြီး တစ်မြို့လုံးက လင်းနို့ရန်ကို တုန်လှုပ်လာတဲ့အထိ မင်းလုပ်ရမယ်”
ငခမ်းခေါင်းညိတ်လိုက်သည်။
“ကျုပ်အတွက်တော့ ဘာမှမခက်ခဲပါဘူး၊ ဒီလိုလုပ်ခြင်းအားဖြင့် ဘာအကျိုးရှိမှာလဲ စည်သူ”
“အကျိုးကတော့ ငါတို့မိစ္ဆာဖမ်းတဲ့သူတွေကို ဘုရင်မင်းမြတ်ကိုယ်တိုင်က လင်းနို့ကိုနှိမ်နင်းဖို့ တောင်းဆိုလာလိမ့်မယ်ကွ”
ငခမ်းနှင့် စည်သူတို့လမ်းခွဲလိုက်ကြသည်။ ငခမ်းက လမ်းနံဘေးရှိ ပြောင်းဖူးစိုက်ခင်းကြီးအတွင်းသို့ ဝင်လိုက်လေသည်။ မကြာခင်မှာပင် လင်းနို့ကြီးတစ်ကောင်က မိုးပေါ်သို့ပျံတက်သွားလေသည်။
(၅)
လကထိန်ထိန်သာနေသည်။ ထိုစဉ်ကောင်းကင်တွင် လင်းနို့ကြီးတစ်ကောင်ပျံသန်းလာပြီး နန်းတော်အပေါ်တွင် ပျံဝဲနေလိုက်သည်။ နန်းတော်၏ အနောက်တောင်ဘက်တွင်တော့ မိဖုရားများနှင့် ကိုယ်လုပ်တော်များ၊ မောင်းမ မိဿံများနေထိုင်ကြသည့် နန်းဆောင်ကြီးရှိသည်။ နန်းဆောင်မရသည့် မိဖုရားငယ်ကလေးများနှင့် မောင်းမများမှာ ထိုနန်းဆောင်တွင် နေထိုင်ကြရလေသည်။ ငခမ်းက ထိုနန်းဆောင်၏ ခေါင်မိုးကိုဖောက်ပြီး ခုန်ဝင်လိုက်သည်။
အတွင်းတွင်ရှိသော မောင်းမများနှင့် ကိုယ်လုပ်တော်များမှာ ခေါင်မိုးပေါ်မှပြုတ်ကျလာသည့် လင်းနို့ကြီးကိုကြည့်ပြီး အလွန်ထိတ်လန့်ကာအော်ဟစ်ကြလေသည်။ မိန်းကလေးများ၏ အော်ဟစ်သံများက တိတ်ဆိတ်နေသည့် နန်းတော်အတွင်းတွင် ကျယ်လောင်စွာထွက်ပေါ်လာလေသည်။ ငခမ်းလည်း သူ့အနီးရှိ မိန်းကလေးတစ်ဦးကို ကုတ်ချီလိုက်ပြီးနောက် ခေါင်မိုးကြီးကိုဖောက်ထွက်လိုက်ပြန်သည်။
သူ့လက်အတွင်းပါလာသည့် မိန်းကလေးက အသံကုန်ဟစ်ပြီးအော်နေလေသည်။ ငခမ်းက ထိုမိန်းကလေး၏ မျက်နှာကိုအသေအချာကြည့်လိုက်ပြီး အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ရာ ထိုမိန်းကလေးမှာ မေ့မြောသွားလေသည်။ နန်းဆောင်အတွင်းတွင် အော်ဟစ်နေကြသဖြင့် နန်းတွင်းအမှုထမ်းများက ထိတ်လန့်ကုန်ကြသည်။ ငခမ်းက မိဖုရားကြီးများနေထိုင်သည့် အနောက်ဆောင်ခေါင်မိုးပေါ်သို့ တက်လိုက်ပြီး အသံကုန်အော်ဟစ်ကြွေးကျော်လိုက်လေသည်။
“ဟို၊ ဟိုမှာ ဘာကောင်ကြီးလဲ”
နန်းတော်စောင့်ရဲမက်များက အလွန်တုန်လှုပ်သွားကြသည်။
“လင်း၊ လင်းနို့မိစ္ဆာကြီးဟေ့”
ထိုသို့အော်ဟစ်ကာ ကြောက်လန့်နေကြသည်။ ငခမ်းက အနောက်ဆောင်ခေါင်မိုးပေါ်ရှိ ပြဿဒ်တစ်ခုကို ကိုယ်လုံးနှင့်တိုက်ကာ ချိုးဖဲ့လိုက်ပြီး နန်းရင်ပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လက်ထဲမှ မိန်းကလေးကိုလည်း နန်းရင်ပြင်တွင်ချထားခဲ့ကာ မြို့အတွင်းသို့ပျံသန်းလာခဲ့သည်။ မြို့အတွင်းရှိ အိမ်ခေါင်မိုးများကို ဖျက်ဆီးခြင်း၊ မြို့အတွင်းမွေးမြူထားသည့် ကျွဲနွားများကို ချီကာ ပစ်ချခြင်းတို့ပြုလုပ်ပြီး တစ်မြို့လုံးကို မွှေလေရာ ထိုညက အမရပူရနေပြည်တော်ကြီးတွင် အော်ဟစ်သံများ၊ ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းသွားလေသည်။
နောက်တစ်နေ့ မနက်အစောပိုင်းမှာပင် အတွင်းဝန်မင်းက ဆင်စီးကာ သူတို့ခံတပ်ဆီသို့ရောက်လာခဲ့သည်။ မိစ္ဆာဖမ်းသူများအပါအဝင် ရဲမက်များကိုစုဆောင်းလိုက်လေသည်။
“ကဲ၊ ညကတော့ အမရပူရမြို့တော်အထဲကို လင်းနို့မိစ္ဆာတစ်ကောင် မွှေနှောက်သောင်းကျန်းသွားသတဲ့ကွာ၊ နန်းတော်ထဲကိုလည်း ဝင်ပြီးသောင်းကျန်းသွားလို့ မိဖုရားတွေအတော်ကလေး ဖျားနာကုန်ကြသတဲ့၊ မင်းကြီးက ငါ့ကိုညတွင်းချင်းဆင့်ခေါ်ပြီးတော့ အဲဒီလင်းနို့ကို အမြန်ဆုံးနှိမ်နင်းဖို့ အမိန့်ချမှတ်လိုက်တယ်ကွ”
အတွင်းဝန်မင်း၏ မျက်နှာမှာ အတော်စိတ်ဖိစီးနေပုံရသည်။ ပျံချီက အရှေ့သို့ထွက်လာပြီး
“မပူပါနဲ့ဝန်မင်းကြီး၊ ကျုပ်တို့အဲဒီလင်းနို့မိစ္ဆာကြီးကို ဖမ်းဆီးပေးပါ့မယ်”
အတွင်းဝန်မင်းကြီးက ပျံချီကိုကြည့်လိုက်ကာ ခေါင်းခါလိုက်သည်။
“ဟိုတစ်နေ့က နန်းတွင်းကနေ အသစ်ရောက်လာတဲ့ ရဲမက်တွေကိုရော မင်းလေ့ကျင့်ပေးနေရဲ့လား၊ သူတို့ကို မိစ္ဆာဖမ်းခိုင်းလို့ ရလောက်ပြီလား”
“မှန်ပါ၊ သူတို့က သိုင်းပညာအရာမှာ ကျွမ်းကျင်ကြပေမယ့် မိစ္ဆာဖမ်းတဲ့နေရာမှာတော့ အစိမ်းသက်သက်သာရှိသေးတာကြောင့် သူတို့ကိုမိစ္ဆာဖမ်းခိုင်းရင် မိစ္ဆာကိုအစာသွားကျွေးတာနဲ့ တူတူပါပဲ ဝန်မင်းကြီး”
ထိုအခါ စည်သူအရှေ့သို့တက်လာပြီး
“ဝန်မင်းကြီးမပူပါနဲ့၊ ဒီကိစ္စကို ကျွန်တော်မျိုးတို့တပ်ဖွဲ့က ဖြေရှင်းပေးပါ့မယ်၊ ကျွန်တော်ကတိပေးပါတယ်၊ ဒီလင်းနို့ကို သုံးရက်အတွင်း အပြီးသတ်ရှင်းလင်းပေးပါ့မယ်”
အတွင်းဝန်မင်းကြီးက စည်သူကိုတစ်ချက်ကြည့်လိုက်ပြီး
“မင်းသေချာရဲ့လားစည်သူ၊ မင်းမအောင်မြင်ရင်ရော”
“ကျွန်တော်မအောင်မြင်ရင် ကျွန်တော့်ကိုကွပ်မျက်ပါ”
ငခမ်း၊ ပျံလွှားနှင့် မုန်တိုင်းတို့ အရှေ့ကိုထွက်လိုက်ကြပြီး အတွင်းဝန်မင်းကြီးအရှေ့တွင် ဒူးထောက်လိုက်ကြသည်။
“ကျွန်တော်တို့မအောင်မြင်ရင် ကျွန်တော်တို့အကုန်လုံးကို ကွပ်မျက်ပါ”
“ကောင်းပြီလေ၊ မင်းတို့အစွမ်းကိုကြည့်ရတာပေါ့ကွာ၊ စည်သူ၊ ဒီတစ်ခါတော့ ငါမင်းကိုအားကိုးပါရစေ၊ မင်းတို့သာတစ်ခုခုအမှားဖြစ်ခဲ့ရင် ငါ့ခေါင်းလည်းပြုတ်လိမ့်မယ်ကွ”
“စိတ်ချပါဝန်မင်းကြီး၊ ကျွန်တော်မလုပ်နိုင်တာကို မပြောပါဘူး၊ ဘုရင်မင်းမြတ်ထံကိုသွားပြီး သုံးရက်အတွင်း မိစ္ဆာဖမ်းသူတွေက နှိမ်နင်းပေးမဲ့အကြောင်းကို လျှောက်တင်လိုက်ပါ”
အတွင်းဝန်မင်းကြီးက ထိုတော့မှသက်ပြင်းချလိုက်သည်။
“စည်သူရေ၊ မင်းတို့ကိုပဲ အားကိုးရမှာပဲကွာ”
အတွင်းဝန်မင်းကြီးက သူ့အနောက်မှာ စာရေးကိုကြည့်လျှက်
“သူတို့လိုအပ်တာ ပြင်ဆင်ဖို့အတွက် ရွှေတစ်ပိဿပေးလိုက်စမ်းဟေ့”
စည်သူတို့အံ့သြသွားလေသည်။ ပျံချီကတော့ မျက်လုံးကြီးပြူးနေပြီး သူကြားလိုက်သည့်စကားကိုပင် မယုံနိုင်လောက်အောင်ဖြစ်နေလေသည်။
“ရွှေ တစ်ပိဿတောင်၊ ဟုတ်လား ဝန်မင်းကြီး”
“ဒါအစပဲရှိသေးတာကွဲ့၊ မင်းတို့ဒီအရေးကို အောင်မြင်သွားရင် ရွှေငါးပိဿထပ်ပြီးဆုချီးမြှင့်မယ်၊ ဘုရင်မင်းမြတ်ကလည်း မင်းတို့ကိုဆုတွေပေးမှာသေချာတယ်ကွ”
အတွင်းဝန်မင်းကြီး ပြန်လည်ထွက်ခွာသွားသည်။ အားလုံးထွက်သွားတော့မှ သူတို့လေးယောက် တိုင်ပင်ကြသည်။
“ငါတို့ရဲ့ကံကြမ္မာကတော့ မင်းအပေါ်ပဲမူတည်နေပြီငခမ်း”
“ဒါနဲ့စည်သူ ကျုပ်တို့က ချက်ချင်းလုပ်လို့ရပေမယ့်၊ ဘာဖြစ်လို့ သုံးရက်စောင့်ခိုင်းလိုက်တာလဲ”
စည်သူက ပြုံးလိုက်သည်။
“ကျန်တဲ့နှစ်ရက်မှာ မင်းက နန်းတော်ကလူတွေမှတ်သွားအောင်လို့ မွှေပြရမယ်ကွ၊ ငါက အတွင်းဝန်မင်းကြီးပြောတာလောက်နဲ့မကျေနပ်သေးဘူး၊ နောက်ဆုံးတော့ ဘုရင်မင်းကြီးက ငါတို့ကိုခေါ်ပြီးတော့ ခခယယ ပြောတာကို ခံချင်တာကွ”
ငခမ်းတို့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြတော့သည်။
အမရပူရနန်းတော်။
အမြဲပြုံးပြုံးရွှင်ရွှင်နေတတ်သည့် မင်းတုန်းမင်းကြီးက အခုတော့ မျက်နှာမသာမယာဖြစ်နေသည်။ သူ၏အနီးတွင်လည်း မူးမတ်များ၊ စစ်ကဲများထိုင်နေကြသည်။
“ရွှေစိတ်တော်မပူပန်ပါနဲ့အကိုတော်ဘုရား၊ ဒီညသာ အဲဒီလင်းနို့လာရင် ညီတော်ရဲ့တပ်တွေက ပစ်ချနိုင်မှာအမှန်ပါ”
ကနောင်မင်းသားကြီးက မင်းတုန်းမင်းကြီးကိုလျှောက်တင်သည်။
“ဖြစ်နိုင်ပါ့မလား ညီတော်အိမ်ရှေ့မင်းရဲ့”
“ဖြစ်နိုင်ပါတယ်ဘုရား၊ ညီတော်ရဲ့တပ်တွေထဲမှာ အကောင်းဆုံးအနောက်နိုင်ငံဖြစ် သေနတ်တွေကို ဝယ်ယူတပ်ဆင်ထားတဲ့ သေနတ်တပ်ပါပါတယ်ဘုရား၊ သူတို့က ပစ်ချနိုင်မှာပါ”
တစ်ဖန် ကင်းဝန်မင်းကြီးက
“ကျွန်တော်မျိုးရဲ့ လက်ရုံးတပ်တွေကိုလည်း အမိန့်ပေးပြီးသားပါမင်းကြီး၊ လက်ရုံးတပ်တွေက ဒီညတော့ နန်းတော်ကိုဝန်းရံပြီး အသင့်စောင့်နေပါလိမ့်မယ်”
“မောင်မင်းတို့ပြောတာကြားရတာ ငါအားရှိလှတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ထပ်မှားလို့မဖြစ်ပေဘူး၊ အနောက်ဆောင်က မိဖုရားတွေနဲ့ ကိုယ်လုပ်တော်၊ မောင်းမတော်တွေက လင်းနို့ကြီးမြင်ပြီး လန့်ကာဖျားနာကုန်တယ်မဟုတ်လား၊ ဒီတစ်ခါသာ ထပ်ဝင်လို့ကတော့ သင်းတို့လန့်ပြီးသေကုန်ကြမယ်ဟဲ့”
ထိုအခိုက် အတွင်းဝန်မင်းကြီးကလည်း မင်းတုန်းမင်းကြီးရှေ့သို့အခစားဝင်လာလေသည်။
“စိတ်တော်မပူပန်ပါနဲ့ မင်းကြီး၊ အခုပဲ ကျွနု်ပ်ရဲ့ မိစ္ဆာဖမ်းတဲ့တပ်တွေကို အမိန့်ပေးလာခဲ့ပြီးပါပြီ၊ သုံးရက်အတွင်းမှာ ဒီလင်းနို့ကြီးကိုနှိမ်နင်းပေးပါ့မယ် ဘုရား”
“မောင်မင်းစကားက သေချာလှချည်လား၊ ဒီကိစ္စက နောက်ပြောင်စရာ ကိစ္စမဟုတ်ဘူးနော်”
“သေချာပါတယ်ဘုရား”
“ကောင်းပြီ၊ သုံးရက်အတွင်းသာ မနှိမ်နင်းနိုင်ခဲ့ဘူးဆိုရင် မောင်မင်းရဲ့စကားကို မောင်မင်းတာဝန်ယူရမယ်”
မင်းတုန်းမင်းကြီးက တစ်ချက်လွှတ်အမိန့်ပေးကာ အတွင်းဆောင်သို့ဝင်သွားလေသည်။ အိမ်ရှေ့စံကနောင်မင်းသားကြီးက အတွင်းဝန်မင်းကြီး မဟာမင်းလှကျော်ခေါင်ကို မျက်စောင်းထိုးကာ ထွက်သွားလေသည်။ ထို့နောက် ကင်းဝန်မင်းကြီးက အနားသို့ရောက်လာလေသည်။
“မင်းလှကျော်ခေါင်ရာ မင်းသိပ်ပြီး တိကျနေပါလားကွ”
“ကျုပ်က ကျုပ်လုပ်တဲ့အရာကို သေသေချာချာတွက်ချက်ထားပြီးမှ ပြောဆိုတာပါ ကင်းဝန်မင်းကြီးရဲ့”
“အေးပေါ့ကွာ၊ မင်းရဲ့တပ်တွေအစွမ်းကို ကြည့်ရတာပေါ့”
ကင်းဝန်မင်းကြီးပြန်ထွက်သွားလေရာ သူတို့အနောက်မှ အတွင်းဝန်မင်းကြီးလဲ လိုက်ပြီးထွက်ခဲ့တော့သည်။ နန်းတွင်းထဲတွင် သူရဲသူခက်များဖြင့် စည်ကားနေသလို၊ နန်းပြင် မြို့ထဲတွင်လည်း ထိုလင်းနို့အကြောင်းသာ လူတွေပြောဆိုနေကြလေသည်။
ပြီးပါပြီ။