အပိုင်း (၁)
(၁)
နေမင်းကြီးက အနောက်ရိုးမတောင်တန်းကြီးပေါ်သို့ မေးတင်လျှက်ရှိနေပြီဖြစ်သည်။ ကောင်းကင်တစ်ခွင်တွင် တိမ်စိုင်တိမ်လိပ်တွေက နီညိုရောင်သန်းနေတော့သည်။ အိပ်တန်းတက်မည့် ငှက်ကလေးများက တစာစာအော်မြည်လျှက် ပျံသန်းနေကြလေသည်။ စည်သူလည်း ကိုင်းတောကြီးအတွင်းမှထွက်လိုက်ကာ လမ်းတစ်ခုအတိုင်း လျှောက်လာခဲ့သည်။ မကြာမီ လမ်းဘေးတစ်နေရာတွင် မြင်းကိုအစာကျွေးနေသည့် လူတစ်ဦးကိုမြင်တွေ့လိုက်ရသည်။ စည်သူလည်း ထိုလူထံသို့အပြေးလာခဲ့သည်။
ထိုလူက စည်သူအားအံ့ဩသဖြင့် ငေးမောကြည့်နေလေသည်။ စည်သူက ထိုလူကိုကြည့်လိုက်ပြီး
“နောင်ကြီး ကျုပ်ကို နောင်ကြီးရဲ့မြင်းလေး ခဏငှားပေးလို့ရမလား”
ထိုလူက စည်သူအားမျက်မှောင်ကြုတ်ကာ ဘုကြည့်ကြည့်လိုက်သည်။
“ဘာလို့ငှားရမှာလဲဗျ၊ ကျုပ်မြင်းကို ကျုပ်ကလွဲပြီး ဘယ်သူမှစီးတာမကြိုက်ဘူး”
ထိုအခါ စည်သူက ထိုလူ၏ပုခုံးကိုပုတ်လိုက်ပြီး ထိုလူအား သေချာစိုက်ကြည့်လိုက်ကာ
“လုပ်စမ်းပါနောင်ကြီးရာ ခင်ဗျားရဲ့မြင်း ကျုပ်ကိုငှားစမ်းပါဗျ၊ နော်”
ထိုလူမှာ စည်သူအားတွေတွေကြီးကြည့်နေပြီး မကြာခင်မှာ ခေါင်းညိတ်သွားလေသည်။ စည်သူ၏ ပီယသျှို နှုတ်အစွမ်းကြောင့် ထိုလူက လက်ခံသွားရခြင်းဖြစ်သည်။ စည်သူက မြင်းပေါ်သို့လွှားခနဲ ခုန်တက်လိုက်ပြီး မြင်းကိုဇက်ဖွင့်ကာ ဒုန်းစိုင်းမောင်းနှင်လိုက်သည်။
“မြန်မြန်ပြန်မှပဲ တော်ကြာနေရင် မြို့တံခါးပိတ်တော့မယ်ထင်ပါ့”
အမရပူရမြို့ အသည်ရပ်တွင် အိမ်ကြီးအိမ်ကောင်းများရှိသည်။ ကျယ်ဝန်းသည့်ခြံဝန်းကြီးများအတွင်း သစ်လုံးတိုင်ကြီးများဖြင့်ဆောက်လုပ်ထားသည့် အိမ်ကြီးများမှာ အတန်းလိုက်တည်ရှိနေသည်။ ထိုအိမ်ကြီးရှင်များမှာ များသောအားဖြင့် ကုန်သည်များ၊ ပွဲစားများနှင့် မင်းမှုထမ်းများ ပိုင်ဆိုင်သည့်အိမ်ကြီးများဖြစ်သည်။ စည်သူက သစ်ခြမ်းများနှင့် ကာရံထားသည့် ဝင်းခြံကြီးတစ်ခုအတွင်းသို့ မြင်းကိုစီးဝင်သွားသည်။ သစ်လုံးများနှင့်ဆောက်လုပ်ထားသည့် ခြေတံရှည်အိမ်ကြီးအရှေ့တွင် မြင်းကိုရပ်လိုက်လေသည်။ အိမ်ကြီးမှာ တိတ်ဆိတ်နေလေသည်။
“ဟေ့ မယ်သုံတို့၊ မယ်ဆုံတို့”
ထိုသို့အသံပေးလိုက်စဉ်မှာပင် အိမ်အောက်ဘက်မှ ရဲမက်များက ပြေးထွက်လာလေသည်။ စည်သူသိလိုက်ပြီး လှည့်ထွက်ရန်လုပ်လိုက်စဉ်မှာပင် အိမ်ရှေ့ခြံတံခါးကို ရဲမက်များကပိတ်ဆို့ထားကြသည်။ ရဲမက်များက လှံသွားများကိုချိန်ရွယ်လျက် စည်သူအနားသို့ တိုးကပ်လာကြသည်။ ထိုအခါ လှေကားပေါ်မှ လူတစ်ဦးကဆင်းလာသည်။
“ဟင်၊ ပျံချီ”
“သိပ်အံ့ဩသွားသလားစည်သူရဲ့၊ ခင်ဗျားက ကျုပ်တို့မှန်းထားတာထက်တောင် နောက်ကျပြီးမှ ရောက်လာခဲ့တာပဲ”
“မင်းတို့ဘယ်လိုလုပ်ပြီး သိသွားရတာလဲ”
ပျံချီက ရယ်မောလိုက်သည်။
“ဟား၊ ဟား၊ ငခမ်းလွတ်နေတယ်လေဗျာ၊ ငခမ်းက ခင်ဗျားတို့ဆီကိုပြန်လာပြီးတော့ ခင်ဗျားတို့ကိုလာလွှတ်ပေးမယ်လို့ ကျုပ်ကတွက်ထားပြီးသားဗျ”
စည်သူမျက်လုံးပြူးသွားသည်။
“ဒါဆို၊ မုန်တိုင်းတို့၊ ပျံလွှားတို့ရော”
“စိတ်မပူပါနဲ့ဗျာ၊ မုန်တိုင်းဆိုတာ ပါချီပါချက် မုဆိုးလေးတစ်ယောက်ပါ၊ ကျုပ်သူ့လောက်ကို စိတ်မဝင်စားဘူး၊ ပျံလွှားဆိုတာကလည်း ကျုပ်နဲ့ဆယ်နှစ်လောက်အတူတူနေခဲ့ပြီးတော့ ကျုပ်ရဲ့ယောက်ဖဖြစ်ခဲ့တဲ့သူပါဗျ၊ သူ့ကိုကျုပ်မသေစေချင်ပါဘူး၊ ဒါပေမယ့်၊ ခင်ဗျားကတော့ ကျုပ်ရန်သူပဲမဟုတ်လား၊ ခင်ဗျားကိုတော့ ကျုပ်အလွတ်မပေးဘူး စည်သူရာ”
စည်သူက အံကိုကြိတ်လိုက်သည်။
“ဟေ့ကောင်၊ မင်းအပိုတွေပြောမနေနဲ့ သတ်ချင်ရင် ငါ့ကိုသတ်လိုက်”
ပျံချီက ရယ်မောနေရင်း
“ခင်ဗျားကိုသတ်လို့ဘယ်ဖြစ်ပါ့မလဲဗျာ၊ ခင်ဗျားမသေခင် ပွဲကြီးပွဲကောင်းတစ်ခုကြည့်စရာရှိသေးတယ်ဗျ၊ ကဲ၊ ရဲမက်တွေ သူ့ကိုဖမ်းချုပ်ပြီးတော့ အိမ်ပေါ်ကို ခေါ်ခဲ့စမ်းဟေ့”
ပျံချီအိမ်ပေါ်တက်သွားသည်နှင့် ရဲမက်များက စည်သူအားဝင်လုံးကြကာ ကြိုးများဖြင့် တစ်ကိုယ်လုံးကို မလှုပ်နိုင်အောင် တုပ်လိုက်သည်။ ထို့နောက် အိမ်ပေါ်သို့ ခေါ်ဆောင်လာကြသည်။
(၂)
“အဖေ၊ အဖေ”
“မောင်ကြီး”
အိမ်ဦးခန်း ကြမ်းပြင်တွင်တော့ စည်သူ၏ မယားများနှင့် သားသမီးများကို လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ထိုင်ခိုင်းပြီး ဖမ်းဆီးထားလေသည်။ စည်သူလည်း မျက်လုံးပြူးသွားပြန်သည်။ စည်သူကိုလည်း သူတို့နည်းတူ ဒူးထောက်ထိုင်ခိုင်းလိုက်လေသည်။
“ငါ့ကိုသတ်ချင်သတ်ပါကွာ၊ ငါ့သားသမီးတွေ၊ ငါ့မယားတွေတော့ လွှတ်ပေးစမ်းပါ ပျံချီရာ”
ပျံချီက ပြုံးလျှက် စည်သူအားငုံ့ကြည့်ပြီး
“ဒါကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်စည်သူ”
“လုပ်စမ်းပါပျံချီရာ၊ မင်းနဲ့ငါနဲ့ အလုပ်အတူတူလုပ်ဖူးတဲ့ သံယောဇဉ်ကိုထောက်ရင် မင်းငါ့အိမ်သားတွေကို လွှတ်ပေးစမ်းပါကွာ”
“ခင်ဗျားက အသနားလဲခံနေသေးတယ်၊ လေသံကလည်း မာလှချည်လားဗျ”
စည်သူက သိလိုက်ပြီမို့ ခေါင်းကိုငုံ့ချလိုက်ကာ ပျံချီ၏ ခြေဖမိုးအပေါ်သို့ မျက်နှာကိုတင်လိုက်သည်။ လက်များမှာ လက်ပြန်ကြိုးတုပ်ထားသဖြင့် လှုပ်ရှားမရပေ။
“လုပ်ပါကွာ၊ ငါတောင်းပန်ပါတယ်ပျံချီရာ၊ သူတို့ကိုလွှတ်ပေးစမ်းပါကွ”
ထိုသို့ပြောလျှက် ပျံချီ၏ ခြေဖမိုးကို သူ့နဖူးနှင့်ပွတ်သပ်ကာ တောင်းပန်နေလေသည်။ ပျံချီကတော့ ခေါင်းမော့လျှက်ပင်
“ကျုပ်ကိုတောင်းပန်ရုံနဲ့ ကျုပ်ကလွှတ်ပေးရမှာလား၊ ဘာအကျိုးအမြတ်မှ မရှိဘဲနဲ့”
စည်သူက ခေါင်းကိုမော့လိုက်ပြီး
“အကျိုးအမြတ်ရစေရမယ် ပျံချီရာ၊ ငါတို့အိမ်အနောက်က မြင်းဇောင်းထဲမှာ ငါရွှေအိုးလေးလုံးမြှုပ်ထားပါတယ်ကွာ၊ မင်းကို အဲဒီရွှေအိုးတွေရော အခုငါတို့ပိုင်ဆိုင်တဲ့ အရာမှန်သမျှပေးပါ့မယ်ကွာ၊ သူတို့ကို ခွင့်လွှတ်ပေးပါ”
ပျံချီမျက်လုံးများ အရောင်လက်သွားသည်။
“အကျိုးအမြတ်တော့ရပါပြီ၊ ဒါပေမယ့် ခင်ဗျားကိုကျုပ် မကျေနပ်ဘူး”
ပျံချီက သူ့ခြေထောက်ဖြင့် စည်သူ၏မျက်နှာကို ဆောင့်ကန်ထည့်လိုက်ရာ စည်သူလွင့်ထွက်သွားသည်။ ထို့နောက် လဲကျသွားသည့် စည်သူ၏မျက်နှာအား ခြေထောက်ဖြင့်နင်းကာ ခြေနေလေသည်။
“အီး၊ ဟီး၊ အဖေကြီးကိုမလုပ်ပါနဲ့”
သူ့သားသမီးများက ငိုယိုကြလေသည်။ စည်သူက သွားတွေကျွတ်ကုန်ပြီး သွေးတွေစီးဆင်းနေသော်လည်း သားသမီးများဘက်သို့လှည့်ကာ ပြုံးလိုက်လေသည်။
“အဖေကြီးဘာမှမဖြစ်ဘူး၊ သားတို့ သမီးတို့ မငိုနဲ့နော်”
ပျံချီက ထိုအဖြစ်အပျက်ကိုကြည့်ပြီးရယ်မောလိုက်သည်။
“ဘာမှမဖြစ်ဘူးဆိုပါလား၊ ကဲကွာ၊ ကဲကွာ”
ပျံချီက မျက်နှာကိုဖနောင့်နှင့် လှိမ့်ပေါက်နေရာ စည်သူမျက်နှာတွင် ကွဲပြဲကုန်ပြီး သွေးများစီးဆင်းလာသလို သွေးခြေဥကာ အညိုအမည်းများစွဲနေလေသည်။ မျက်လုံးတစ်ဖက်မှာလဲ ဖူးပြီး ယောင်တက်လာလေသည်။
“ငါ့ကို မင်းစိတ်ကြိုက်နှိပ်စက်စမ်းပါပျံချီရာ၊ ငါ့ကိုသတ်ချင်ရင် သတ်စမ်းပါ၊ ပြီးရင်တော့ ငါပေးတဲ့ငွေတွေယူပြီး မင်းငါ့မိသားစုကို ချမ်းသာပေးပါကွာ”
ပျံချီက လဲကျနေသည့် စည်သူကို သျှောင်ထုံးမှကိုင်ပြီး ဆွဲထူလိုက်သည်။
“မင်းမိသားစုကို ငါ့စိတ်ထဲမှာရှိတဲ့အတိုင်းဆိုရင် လွှတ်ပေးချင်ပါတယ်ကွ”
ထို့နောက် ပျံချီက သူ့ခါးပုံစအတွင်းမှ စာချွန်အလိပ်ကလေးတစ်ခုကိုထုတ်ကာ ဖြေလိုက်သည်။
“အပြစ်သား စည်သူနာခံစေ၊ မောင်မင်းဟာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ကြောင်းထင်ရှားတဲ့အတွက် မောင်မင်းရဲ့အပြစ်အတွက် မောင်မင်းပေးဆပ်ရလိမ့်မည်၊ အပြစ်သားစည်သူနှင့် ၎င်း၏ မိသားစုများနှင့် ဆွေမျိုးခုနစ်ဆက် အကုန်နေရာမှာတင် ကွပ်မျက်စေ၊ အတွင်းဝန်မင်းကြီးအမိန့်၊ ဘုရင့်အမိန့်”
ထိုအမိန့်စာကိုဖတ်လိုက်ပြီးသည့်အခါ စည်သူအလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
“မလုပ်ပါနဲ့ ပျံချီရာ မလုပ်ပါနဲ့ကွာ”
ပျံချီက စည်သူ့မျက်နှာကို အသေအချာကြည့်လိုက်ပြီး
“ငါလည်း ဘယ်လုပ်ချင်ပါ့မလဲကွာ၊ မင်းသိတယ်မဟုတ်လားကွ၊ ငါတို့က မင်းမှုထမ်းတွေလေ၊ မင်းမှုထမ်းတွေဆိုတာ အမိန့်ကိုပြန်ပြီး မေးခွန်းထုတ်လို့မရဘူးမဟုတ်လားကွ၊ ဟား၊ ဟား”
“မလုပ်ပါနဲ့၊ မလုပ်ကြပါနဲ့”
“ဒီမယ်စည်သူ၊ မင်းပေးတဲ့ ရွှေအိုးလေးလုံးကိုတော့ ငါကောင်းကောင်းအသုံးချလိုက်ပါ့မယ်၊ ကဲ ရဲမက်တို့၊ အမိန့်တော်ပါတဲ့အတိုင်း ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို အငယ်ကစပြီး သုတ်သင်ကြလော့”
စည်သူ၏ အငယ်ဆုံးသမီးကလေးမှာ ကိုးလကျော်ရင်ခွင်ပိုက်အရွယ်သာရှိသေးသည်။ ထိုသမီးကလေးကို ရဲမက်တစ်ဦးက ဆွဲယူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ဒီငါးဆယ်သားလောက်ရှိတဲ့ကလေးအတွက်တော့ ငါတို့လက်နက်တွေ သွေးစွန်းစရာမလိုပါဘူးကွာ”
ရဲမက်တစ်ယောက်ကပြောဆိုလိုက်ပြီး ထိုကလေးအား ဘောလုံးတစ်လုံးကို ကန်ထုတ်လိုက်သည်။ ကလေးက အော်ဟစ်ငိုယိုလျှက် ကြမ်းပြင်တွင်လိမ့်သွားကာ နောက်ထပ်ရဲမက်တစ်ယောက် ခြေထောက်အနားသို့ရောက်သွားသည်။ ရဲမက်သုံးယောက်က ကလေးငယ်အား ဟိုဘက်ကန်လိုက်၊ ဒီဘက်ကန်လိုက်နှင့် ကန်ထုတ်နေပြီး သူတို့အချင်းချင်းရယ်မောနေကြလေသည်။ နောက်ဆုံးတော့ ကလေးငယ်မှာ အကန်အကျောက်ခံရပြီး အရိုးများအကုန် ကျိုးကြေကာ သေဆုံးသွားလေသည်။
“ကဲ၊ အကြီးတွေအလှည့်”
စည်သူ၏ သားသမီးများကိုဆွဲထုတ်လာပြန်သည်။ အသက်ဆယ်နှစ်မှစပြီး လေးငါးနှစ်ဝန်းကျင်ရှိသည့် ကလေးများဖြစ်သည်။ ကလေးငယ်များမှာ ကြောက်လန့်လွန်းသဖြင့် အော်ဟစ်ငိုယိုနေကြသည်။
“အဖေကြီးကယ်ပါအုံး”
“သားတို့သေရတော့မှာလား၊ အီး၊ ဟီး”
စည်သူက ကလေးများကိုကြည့်လိုက်ရင်း
“တိတ်စမ်း၊ ငါ့သားတို့၊ သမီးတို့၊ အဖေကြီးဘာပြောထားသလဲ၊ သူရဲကောင်းမှန်ရင် မငိုရဘူးကွဲ့၊ သူရဲကောင်းအစစ်တွေဟာ သေခြင်းတရားမှာ မတုန်မလှုပ်ကြရဘူးမဟုတ်လား၊ သေတယ်ဆိုတာ ဘာမှမထူးဆန်းပါဘူး၊ သံသရာတစ်လျှောက်မှာ ဒီလိုပဲ အကြိမ်ကြိမ်သေရကြအုံးမှာမဟုတ်လား”
စည်သူ၏ စကားကိုကြားပြီး ကလေးငယ်များအကုန်လုံး အငိုတိတ်သွားကြလေသည်။ ထို့နောက် ကလေးငယ်များမှာ ခေါင်းကိုငုံ့ပြီးမျက်လုံးများကိုမှိတ်ထားလိုက်သည်။ ရဲမက်များမှာ ဓါးများကိုထုတ်ပြီး ကလေးငယ်များ၏ လည်ကုပ်ကို ခုတ်ဖြတ်လိုက်ကြသည်။ ကလေးငယ်များ၏ ခေါင်းများက ကြမ်းပြင်ပေါ်သို့ တဘုန်းဘုန်းနှင့် ပြုတ်ကျလေသည်။ စည်သူက ကြည့်ရင်း မျက်ရည်တွေစီးကျလာလေသည်။
“ဟား၊ ဟား ကောင်းတယ်၊ သေမှပဲ ငရဲမှာ သူရဲကောင်းသွားလုပ်ကြပေတော့”
ပျံချီက ပြောဆိုရင်း မိန်းမများကိုဆွဲထုတ်လိုက်သည်။ မိန်းမများမှာလည်း မိမိတို့ကလေးများသေဆုံးသဖြင့် ပူဆွေးငိုယိုနေကြလေသည်။ ပျံချီက မိန်းမတစ်ယောက်ကိုကြည့်လျှက်
“နေစမ်းပါအုံး၊ နင်က ကရင်မလေး မြလေးမဟုတ်လား”
“ဟုတ်ပါတယ်”
“ဒါဆိုငါမေးမယ်၊ နင်တို့အဖေတွေနဲ့ ငါးအိမ်စုရွာကလေး ဘာဖြစ်သွားသလဲဆိုတာ နင်သိသလား”
မြလေးက ခေါင်းညိတ်လိုက်သည်။
“ဓါးပြတွေသတ်သွားလို့ အဖေတို့ရော၊ ကျုပ်တို့တစ်မျိုးတစ်ဆွေလုံး အကုန်သေဆုံးသွားပါတယ်”
“ဟား၊ ဟား၊ ဟား”
ပျံချီက အလွန်အားရစွာ ရယ်မောနေလေသည်။ နောက်တော့မှ စည်သူကိုကြည့်လိုက်သည်။
“စည်သူ၊ ဘာတဲ့ ဓါးပြတွေသတ်သွားတယ်ဆိုပါလားကွ၊ မင်းတော်တော်လိမ်ပြောတတ်တဲ့ကောင်ပဲကွ”
ပျံချီက မြလေးဘက်သို့လှည့်လိုက်ပြီး
“ဘာဓါးပြမှမဟုတ်ဘူး၊ အဲဒါ နင့်လင်သတ်သွားတာ၊ နင့်လင်က နင်တို့တစ်ဆွေလုံးတစ်မျိုးလုံးရဲ့ ကျွေးတာကိုစားပြီးတော့ တစ်ဆွေလုံးတစ်မျိုးလုံးကို သတ်သွားခဲ့တာပဲ”
ပျံချီစကားကိုကြားတော့ မြလေးက မယုံသလိုနှင့် စည်သူကိုလှည့်ကြည့်သည်။
“သူ၊ သူပြောတာ ဟုတ်ရဲ့လား အကို”
စည်သူလည်း ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်သည်။
“သူပြောတာအားလုံးအမှန်ပဲ မြလေး၊ ဒါပေမယ့် အကိုတစ်ခုပြောချင်တာကတော့ မြလေးတို့တစ်ဆွေလုံးတစ်မျိုးလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့သတ်ပစ်ခဲ့တာမဟုတ်ဘူး၊ အကိုတို့မင်းမှုထမ်းတွေဆိုတာ ပေးအပ်လိုက်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့အတွက် မလွှဲသာလို့သတ်ခဲ့ရတာပဲ”
“တော်စမ်းအကို၊ အကိုဆက်မပြောနဲ့တော့၊ မင်းမှုထမ်းဆိုတာ ခိုင်းတိုင်းလုပ်ရမယ်ဆိုရင် အကို့အဖေကို ပြန်သတ်ဖို့ အမိန့်ပေးရင်ရောအကိုပြန်သတ်မှာလားပြော”
စည်သူနှုတ်ဆိတ်နေမိသည်။ ပျံချီက သူတို့အနားသို့ရောက်လာပြီး
“ကဲ၊ ကဲ မင်းတို့လင်မယား ရန်ဖြစ်ချင်တယ်ဆိုရင် ငရဲပြည်မှာပဲ သွားဖြစ်ကြတော့၊ ငါ့ရှေ့မှာလာမဖြစ်နဲ့ ငါနားပူတယ်”
ပျံချီက ရဲမက်တစ်ယောက်ဆီမှ ဓါးကိုဆွဲယူလိုက်ပြီး မြလေးလည်ပင်းကို ခုတ်ပိုင်းထည့်လိုက်သည်။ မြလေးခေါင်းက ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး ကိုယ်လုံးမှာတော့ ငုတ်တုတ်ကြီးအတိုင်းသာ ကျန်နေခဲ့သည်။ ပျံချီလှုပ်ရှားလိုက်သည်နှင့် ကျန်သည့်ရဲမက်များပါ အကုန်စီရင်လိုက်ကြတော့သည်။
စည်သူ မျက်ရည်တွေစီးကျလာလေသည်။ ပျံချီက စည်သူ၏အနားသို့ တိုးကပ်လာပြီး
“မင်း ဝဋ်လည်တယ်ဆိုတာ ယုံပြီမဟုတ်လားစည်သူ၊ မင်းသူများလုပ်ခဲ့တုန်းက ပျော်ပျော်လုပ်ခဲ့တယ်ဆိုရင် ကိုယ်ခံရမယ့်အလှည့်ရောက်ရင်လည်း ပြုံးပြုံးကြီး ခံတတ်ရတယ်ကွ”
ထိုအခါ စည်သူက မိုးပေါ်သို့မော့ကြည့်လျှက် အသံနက်ကြီးနှင့်ရယ်မောလိုက်လေသည်။ ပျံချီလည်း ရဲမက်များကိုမျက်ရိပ်ပြလိုက်သဖြင့် ရဲမက်များက စည်သူတို့အိမ်ရှိ ကျွန်များ၊ အခိုင်းအစေများပါမချန် အားလုံးကို သုတ်သင်ပစ်လိုက်တော့သည်။
“ပျံချီ၊ ပျံချီ၊ မင်းလုပ်ထားနှင့်အုံးပေါ့ကွာ”
ပျံချီက စုတ်သပ်လိုက်သည်။
“ကျွတ်၊ ကျွတ်၊ မင်းက အခုအချိန်အထိ သည်းသည်းကွဲကွဲ မသိသေးဘူးကိုး စည်သူရ၊ မင်းပြောသလို ငါကလည်း မင်းမှုထမ်းမဟုတ်လား၊ မင်းမှုထမ်းဆိုတော့ ငါတို့ကိုအမိန့်ပေးတဲ့အတိုင်း လုပ်ရတော့တာပေါ့ကွာ၊ မင်းငါ့ကို နာကျည်းမနေပါနဲ့ကွာ၊ ငါကလည်း မင်းကိုဒီလိုမဖြစ်စေချင်ပါဘူးကွ ဟား၊ ဟား”
“သတ်လိုက်စမ်းပါ ပျံချီရာ၊ မင်းငါ့ကိုသတ်လိုက်စမ်းပါ၊ မင်းဘာကိုစောင့်နေတာလဲ”
ပျံချီက ရယ်မောပြီး စည်သူ၏ သျှောင်ထုံးကို ကိုင်ဆွဲလိုက်သည်။
“မသတ်သေးဘူးကွ၊ ကြည့်လိုက်စမ်းပါအုံးကွာ၊ မင်းတို့အိမ်ကြီး ဘယ်လောက်လှလိုက်သလဲ၊ ခေါင်းပြတ်တွေရော၊ ကိုယ်လုံးတွေရော ကြမ်းပေါ်မှာပုံနေတာပဲကွာ၊ သွေးတွေကလည်း စီးကျလို့ကွ၊ ဘယ်လောက်ကြည့်လို့ကောင်းလိုက်သလဲ”
“ဒါတွေဘာလို့ဖြစ်လာတာလဲဆိုတာ မင်းသိရဲ့လားစည်သူ၊ အားလုံးက မင်းရဲ့လုပ်ရပ်တွေကြောင့်ချည်းဘဲ၊ မင်းသာ ငါ့ကိုပါ တိုင်ပင်ပြီး ငါတို့အတူတူလက်တွဲလုပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး စည်သူ”
“မင်းက မင်းတို့ကိုယ် မင်းတို့ လည်လှပြီဆိုပြီး လုပ်ကြတာမဟုတ်လား၊ ဒီတော့ မင်းလုပ်ရပ်အတွက် မင်းပြန်ပေးဆပ်လိုက်ရတာပဲစည်သူ”
“ဟား၊ ဟား၊ ငါကလည်း မင်းလိုမျိုး ကိုယ့်ကိုကျေးဇူးရှိပြီး ကျွေးမွေး ပညာသင်ပေးခဲ့တဲ့ဆရာကိုတောင် ပြန်သတ်ခဲ့တဲ့ကောင်ကို ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ပါ့မလားကွ၊ မင်းစိတ်မကူးစမ်းနဲ့ကွာ”
စည်သူစကားကြောင့် ပျံချီအလွန်ဒေါသထွက်သွားသည်။ ထို့ကြောင့် ခါးကြားမှ ဓါးမြှောင်ကလေးကိုဖြုတ်ယူလိုက်ပြီး စည်သူ၏ ပါးစပ်ကိုဖြဲလိုက်သည်။
“ရဲမက်တို့ ဒီကောင့်ကိုချုပ်ထားစမ်း”
ထို့နောက် ရဲမက်များက စည်သူအားဖမ်းချုပ်ထားပြီး စည်သူ၏ ပါးစပ်ကို ဖြဲပေးထားသည်။ ပျံချီက စည်သူ၏လျှာကို လက်နှင့်ဖမ်းဆုပ်လိုက်ပြီး ဆွဲဆန့်ထုတ်လိုက်သည်။
“ဘာတဲ့ ပီယသျှိုအစွမ်းနဲ့ ပြောတိုင်းဖြစ်နေတဲ့ကောင်ဆိုလား၊ ကဲ၊ မင်းရဲ့ပီယသျှိုကို ငါအခုဘဲ နှုတ်ယူပစ်မယ်ဟေ့”
ထို့နောက် ဓါးမြှောင်ဖြင့် စည်သူ၏ လျှာကိုအရင်းမှ ဖြတ်ထုတ်ပစ်လိုက်သည်။ စည်သူတစ်ကိုယ်လုံး နာကျင်လွန်းသဖြင့် တဖြတ်ဖြတ်တုန်ခါနေသည်။ ပျံချီက ပြတ်ထွက်သွားသည့် စည်သူ၏ လျှာကိုကြည့်ရင်း အားရပါးရ ရယ်မောနေသည်။
“စိတ်ချပါစည်သူ၊ မင်းကိုသတ်မှာပါ၊ ဒါပေမယ့် ဒီအတိုင်းသတ်လိုက်ရင် ဘယ်လိုလုပ်ပြီး ပျော်စရာကောင်းတော့မှာလဲကွ၊ မင်းမသေခင်မှာ သေရတာထက်ဆိုးအောင် ခံစားရအုံးမှာကွ”
“ဒါတွေကို ငါလုပ်ခဲ့တယ်ဆိုပြီးတော့ မင်းငါ့ကို အငြိုးအတေးမထားနဲ့စည်သူရာ၊ ဒါတွေကမင်းတစ်သက်လုံး လုပ်လာခဲ့တဲ့ မကောင်းမှုတွေကို မင်းပြန်ခံရတယ်လို့ပဲ မှတ်လိုက်စမ်းကွာ”
ထို့နောက် ပျံချီက ရဲမက်များဘက်သို့လှည့်လိုက်ပြီး
“ကဲ၊ ရဲမက်တို့ ဒီရာဇဝတ်သားကိုဖမ်းဆီးပြီး လက်မရွံ့ထောင်ကြီးကိုပို့လိုက်စမ်း၊ မြေတိုက်အမှောင်ထဲမှာ ဖမ်းချုပ်ပြီး အစာရေစာ ဖြတ်ထားစမ်းဟေ့”
ရဲမက်များက ခေါင်းညိတ်လိုက်သည်။ ပျံချီက စည်သူ၏ ပါးကိုလက်နှစ်ဖက်နှင့်ညှစ်ရင်း
“ကဲ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ် မိတ်ဆွေဟောင်းကြီးရယ်၊ မင်းဘယ်နှရက်ကြာကြာ အငတ်ခံနိုင်မလဲဆိုတာ စောင့်ကြည့်တာပေါ့ကွာ”
ရဲမက်များက စည်သူအားဆွဲခေါ်သွားကြသည်။ စည်သူလည်း ပါးစပ်ထဲမှ သွေးတွေစီးကျနေပြီး ရဲမက်များခေါင်ဆောင်ရာအနောက်သို့ တရွတ်တိုက်လိုက်ပါသွားတော့သည်။ ပျံချီက အိမ်အတွင်းသို့ အသေအချာကြည့်လိုက်ပြီးနောက်
“စည်သူပြောတဲ့ ရွှေအိုးတွေသွားတူးကွာ၊ ပြီးတော့ မင်းတို့လည်း ဒီအိမ်မှာရှိတဲ့အဖိုးတန်တဲ့အရာမှန်သမျှ စိတ်ကြိုက်ယူကြ၊ ပြီးရင် အိမ်ကြီးကို မီးရှို့ခဲ့ကြစမ်း”
ပျံချီက ရွှေအိုးလေးလုံးကို တူးဖော်ခဲ့ပြီး မြင်းစီးကာပြန်လာခဲ့လေသည်။ အနက်ရောင်ခံတပ်ကြီးကို ညအမှောင်တွင် တွေ့လိုက်ရလေသည်။
“ဟား၊ ဟား အခုဆို ခံတပ်မှာ ငါအကြီးဆုံးပဲ၊ ငါ့ပြိုင်ဘက်တွေတစ်ယောက်မှ မရှိတော့ဘူးကွ၊ ဟား၊ ဟား”
ထို့နောက် မြင်းကိုဆက်လက်မောင်းနှင်လာခဲ့သည်။
(၃)
လက်မရွံ့အကျဉ်းထောင်။
စည်သူအား ရဲမက်များက ဆွဲခေါ်လာကြသည်။ စည်သူ၏ အမြင်အာရုံတွေမှုန်ဝါးနေလေသည်။ မကြာမီ အလွန်မှောင်မည်းနေသည့် မြေတိုက်အတွင်းသို့ဆင်းခဲ့ကြသည်။ ရဲမက်များကိုင်ဆောင်ထားသည့် မီးတုတ်အလင်းရောင်ကြောင့် မြေတိုက်ထဲသို့ ကောင်းစွာမြင်နေရသည်။ မြေတိုက်နံရံတွင် သံကြိုးများ၊ သံကွင်းများရှိပြီး ထိုသံကြိုးများတွင်လည်း အရိုးစုများ၊ လူသေအလောင်းများက တွဲလောင်းချိတ်ဆွဲနေကြသည်။
“အဲဒီ အရိုးစုကို ဖြုတ်လိုက်ဟေ့”
ထောင်မှူးက အမိန့်ပေးလိုက်သည့်အခါ နံရံတွင် သံကြိုးခတ်ထားသည့် အရိုးစုတစ်စုကို ရဲမက်များက ဖြုတ်ချလိုက်သည်။ ထို့နောက် စည်သူအား ထိုနေရာတွင် ကပ်စေပြီး စည်သူ၏ လက်များ၊ ခြေထောက်များနှင့် လည်ပင်းကို သံကြိုးများဖြင့်ချည်နှောင်လိုက်သည်။ စည်သူမှာ ကားကားကြီးနံရံတွင် ကပ်နေလေသည်။
ထောင်မှူးက စည်သူ၏ မျက်နှာကိုအနီးကပ်ကြည့်လိုက်သည်။
“ဒီကောင့်ကို ငါသိတယ်၊ ဒီကောင်က ဟိုနေ့က လင်းနို့သွမ်းကြီးကို နှိမ်နင်းပေးခဲ့တဲ့ တပ်ဖွဲ့က ကောင်ပဲ”
“ဒါနဲ့ ဒီကောင်ဘယ်နှရက်ခံမယ်လို့ထင်သလဲ ထောင်မှူး”
“အစာမစားရေမသောက်နဲ့ဆိုရင် အလွန်ဆုံးခံလှ တစ်ပတ်ပေါ့ကွာ၊ ကဲ ကဲ ဒီအောက်မှာ အနံ့အသက်မကောင်းဘူး ငါတို့သွားကြစို့”
ထောင်မှူးနှင့် ရဲမက်များပြန်ထွက်သွားသည့်အခါ မြေတိုက်ကြီးမှာပိန်းပိတ်အောင်မှောင်နေလျှက်ရှိသည်။ စည်သူကတော့ စိတ်ဓါတ်အလွန်ကျနေပြီး ခေါင်းငိုက်စိုက်ကျနေသည်။
“ငါဝဋ်လည်တာ၊ ငါဝဋ်လည်တာများလား”
ထိုစဉ် မြေတိုက်အတွင်းမှ လှုပ်ရှားသံများကိုကြားရသည်။ ခြေသံတွေလိုလို တရှပ်ရှပ်အသံများကိုကြားရသည်။ စည်သူလည်း ထိတ်လန့်သွားသည်။
“မဟုတ်မှလွဲရော၊ ဒီအောက်မှာသေဆုံးသွားတဲ့သူတွေက သရဲဖြစ်နေတာများလား”
ထိုစဉ်မှာပင် သူ့ခြေထောက်တွင် နာကျင်စူးရှသည့်အထိအတွေ့တစ်ခုကိုခံစားလိုက်ရသည်။ သူ့ခြေထောက်တွင် ပေနေသည့် သွေးများကိုလည်း လျှာဖြင့်ယက်နေသလို၊ သူ့အသားများကိုလည်း သွားသေးသေးကလေးများဖြင့် ကိုက်ဖြတ်သည်ကိုခံနေရလေသည်။
“ကြွက်၊ ကြွက်တွေဖြစ်မယ်ထင်တယ်”
သံကြိုးခတ်ထားသဖြင့် သူ့ခြေထောက်တွေလှုပ်မရတော့ပေ၊ ကြွက်များကလည်း သူ့ကိုလူသေအထင်နှင့် အသားများဖဲ့ကာ စားသုံးလေရာ စည်သူတစ်ယောက် ဗလုံးဗထွေးနှင့် အော်ဟစ်နေရလေသည်။
“ဝူး၊ ဝူး၊ ဝါး”
ထောင်မှူးက သူရဲနက်များကို နှုတ်ဆက်လိုက်သည်။
“ဘာမှမပူကြပါနဲ့တော့၊ မင်းတို့ရဲ့အထက်လူကြီးကို ဒီလူသေပြီလို့သာ သတင်းပို့လိုက်စမ်းပါ၊ ဒီမြေတိုက်ထဲမှာ အချုပ်ခံထားတဲ့လူတွေအားလုံး သေဆုံးသွားကြရတာချည်းဘဲမဟုတ်လား”
သူရဲနက်များက ပြန်လည်ထွက်ခွာသွားကြလေသည်။ လက်မရွံ့ထောင်ကြီးအား သစ်လုံးများဖြင့် အဝိုင်းပုံစံကာရံထားပြီးနောက် ထိုသစ်လုံးတံတိုင်းအတွင်းတွင် အုတ်ဖြင့်ဆောက်လုပ်ထားသည့် တံတိုင်းကြီးတစ်ခုရှိသေးသည်။ မြေတိုက်မှာလည်း အုတ်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ဆိုးဝါးသည့် ရာဇဝတ်သားများကို အပြစ်ပေးသည့်နေရာတစ်ခုဖြစ်သည်။
လျှာဖြတ်ခံထားရသည့် စည်သူမှာ ကြွက်ကိုက်သည့်ဒဏ်ကြောင့် ဝူးဝူးဝါးဝါးနှင့် အော်ဟစ်နေလေသည်။ မကြာခင်မှာပဲ မြေတိုက်တံခါးကြီးပွင့်သွားပြီး မီးတုတ်အလင်းရောင်များကိုမြင်လိုက်ရသည်။ ထောင်မှူးနှင့်အတူ ထောင်စောင့်အချို့ဆင်းလာကြသည်။ ထောင်မှူးဘေးနားတွင်တော့ မျက်နှာတွင် မျက်နှာဖုံးစွပ်ထားသည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။
ထိုလူက မျက်နှာဖုံးအနက်ရောင်ကို စွပ်ထားပြီး မျက်လုံးကလေးများသာ ဖော်ထားလေသည်။ ခေါင်းတွင်ပေါင်းထားသည့် ခေါင်းပေါင်းစမှာ အနောက်တိုင်းမှယက်လုပ်သည့် အကောင်းစားအဝတ်စတစ်ခုဖြစ်သလို သူဝတ်ဆင်ထားသည့် အကျီမှာလည်း ပါးလွှာသည့် ပိုးသားထည်ဖြစ်ကာ ရွှေချည်၊ ငွေချည်များထိုးကာ ရက်လုပ်ထားသည့် ပိုးပုဆိုးမှာလည်း မီးရောင်အောက်တွင် တလက်လက်တောက်ပနေလေသည်။
“သူပါပဲခင်ဗျ၊ ခုနကမှ ရောက်လာတာပါ၊ ကျုပ်မှန်းတာမမှားဘူးဆိုရင် သူက အရင်တုန်းက ရဲမက်တစ်ယောက်ဖြစ်ပါတယ်”
ထိုလူက စည်သူကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
“သူ့ကို ဒီအတိုင်းသေခိုင်းရင် နှမြောစရာကြီးကွာ”
ထို့နောက် ထိုလူက ထောင်မှူးအား ငွေအိတ်တစ်အိတ်ကိုပေးလိုက်သည်။
“ရော့၊ အသပြာ တစ်ရာယူထား၊ သူ့ကို အကျဉ်းခန်းထဲကိုပြောင်းရွှေ့လိုက်၊ အစာကောင်းကောင်းကျွေးပြီးတော့ ဒဏ်ရာတွေကိုလည်း ကုသထားပေးလိုက်စမ်းပါ”
“ဟုတ်ကဲ့ပါ လူကြီးမင်း”
“နောက်ခုနစ်ရက်နေရင် သူ့ကိုငါသုံးမယ်”
“စိတ်ချပါလူကြီးမင်း၊ ကျုပ် ဒီကောင့်ကို ကောင်းကောင်းပြုစုထားလိုက်ပါ့မယ်”
ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် လူထွက်သွားသည်နှင့်ငခမ်းကို ထောင်စောင့်များက မြေတိုက်အတွင်းမှ ဖြုတ်ပေးလိုက်ကြသည်။ ထောင်မှူးက ထောင်စောင့်တစ်ယောက်ကိုကြည့်လိုက်ပြီး
“အဲဒီအရိုးစုလေး ပြန်တပ်ထားလိုက်စမ်းကွာ”
ထောင်စောင့်များလဲ အရိုးစုတစ်စုကို စည်သူအားချည်နှောင်ခဲ့သည့်နေရာတွင် တပ်ဆင်လိုက်သည်။ ထို့နောက် စည်သူကို ဆွဲခေါ်လာခဲ့ကြသည်။ ညည့်သန်းခေါင်အချိန်လောက်ဖြစ်မည်ဟု စည်သူခန့်မှန်းလိုက်သည်။ လက်မရွံ့ထောင်ကြီးအတွင်း လူအများအော်ဟစ်နေသံကို ဆူညံစွာကြားနေရသည်။ ထောင်စောင့်များက သူ့ကိုဆွဲခေါ်လာပြီး ဆင်များအား ရေတိုက်သည့် ရေစာခွက်အတွင်းသို့ပစ်ချလိုက်သည်။ အေးမြသောရေနှင့် ထိလိုက်ရသည့်အတွက် စည်သူစိတ်တွေလန့်ဆန်းသွားသည်။ ထောင်စောင့်များက ကြိုးတုပ်လျှက်သားစည်သူကို အဝတ်ပိုင်းတစ်ခုနှင့် ပွတ်သပ်သုတ်သင်ပေးပြီးသည့်နောက် စည်သူ့ကိုယ်တွင် ဝတ်စားထားသည့် အဝတ်အစားများကိုချွတ်ကာ ဆွဲခေါ်လာကြသည်။ အုတ်တိုက်တစ်ခုအတွင်းသို့ဆင်းလိုက်ပြီးသည့်အခါ သစ်သားတိုင်များဖြင့် ကာရံထားသည့် အကျဉ်းခန်းအတွင်းသို့ သူ့ကိုပစ်ထည့်လိုက်ကြသည်။ ထို့နောက် အဖြူရောင်ပုဆိုးနှင့် အကျီအဟောင်းကိုဝတ်ဆင်ပေးလိုက်ပြီး ဆေးဖယောင်းချက်ကို မီးကင်ကာ စည်သူ၏ ဒဏ်ရာများပေါ်သို့ ကပ်ပေးလိုက်သည်။
“အာ၊ ဝူး၊ ဝူး”
ဖယောင်းချက်က ပူလောင်လှသလို ဒဏ်ရာနှင့်တွေ့သည့်အခါတွင်လည်း အလွန်စပ်ဖျဉ်းလှသည်ဖြစ်ရာ စည်သူက အော်ဟစ်နေရတော့သည်။ အားလုံးပြီးတော့မှ ထောင်စောင့်တစ်ယောက်က ယာဂုတစ်ခွက်နှင့် ရေတကောင်းတစ်ခုကို ချပေးလိုက်သည်။
“ကောင်းကောင်းစားပြီး အားမွေးထားစမ်း”
ထို့နောက် အကျဉ်းခန်းတံခါးကိုပိတ်ကာ ထွက်သွားကြလေသည်။ စည်သူလည်း အလွန်ဆာလောင်လှပြီဖြစ်ရာ ယာဂုခွက်ကို ပြေးဟပ်လိုက်သည်။ လက်များကိုကြိုးချည်ထားသည့်အတွက်ကြောင့် ယာဂုကို ခွေးတစ်ကောင်လို ဟပ်ကာစားသောက်ရသည်။
“အား၊ ဝူး”
လျှာပြတ်နေသည့်အတွက် ယာဂုကိုသောက်လိုက်သည့်အခါ အလွန်နာကျင်သည့် ဝေဒနာကို ခံစားလိုက်ရသည်။ သို့သော်လည်း ကြိတ်မှိတ်ကာ ယာဂုကို ဟပ်ပြီးမြိုချရသည်။ လျှာပြတ်နေသည်မို့ အရသာစိုးစဉ်းမျှ မသိပေ။ ခဏကြာသည့်အခါ အဘိုးကြီးတစ်ဦးက သူ့အနီးသို့ရောက်လာခဲ့သည်။
“တော်တော်သနားစရာကောင်းတဲ့လူပါလား၊ လာစမ်း၊ မင်းရဲ့လက်ကို ဒီအနားကိုတိုးလာခဲ့၊ ငါကြိုးဖြေပေးမယ်”
ထိုအဘိုးကြီးမှာ သူနှင့်ဘေးချင်းကပ်လျှက် အကျဉ်းခန်းမှ အဘိုးကြီးဖြစ်သည်။ စည်သူလည်း နောက်ပြန်သွားပြီး အဘိုးကြီးအနားသို့ကပ်လိုက်ရာ အဘိုးကြီးက တစ်ဖက်အကျဉ်းခန်းမှနေပြီး စည်သူ့လက်မှကြိုးများကို ဖြေပေးလိုက်သည်။
“မင်းနာမည်ဘယ်လိုခေါ်သလဲ”
“အဘား၊ အဘား”
စည်သူစကားမပြောနိုင်ပေ။
“မင်းစကားမပြောနိုင်ဘူးပေါ့၊ အေးလေ၊ ငါ့နာမည်ကိုမှတ်ထား ငါ့နာမည်က ဦးသက်ရှည်တဲ့၊ အရင်တုန်းက ဘုရင့်တပ်က သွေးသောက်ကြီးတစ်ယောက်ပေါ့ကွာ”
စည်သူက ခေါင်းညိတ်လိုက်ပြီး လက်အုပ်ချီက ဦးသက်ရှည်ကို ကန်တော့လိုက်သည်။ ထို့နောက် အလွန်ပင်ပန်းလာသဖြင့် အကျဉ်းခန်းထောင့်တွင်ပုံထားသည့် ကောက်ရိုးပုံကလေးအပေါ်သို့တက်ကာ ခွေခွေကလေးအိပ်နေလိုက်သည်။ အိပ်ချလိုက်သော်လည်း ချက်ချင်းအိပ်မပျော်ပေ၊ သူ့မျက်လုံးထဲတွင်တော့ ညနေက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်နေလေသည်။
“တောက်၊ ပျံချီ၊ ပျံချီ၊ မင်းစောင့်နေနှင့်အုံးပေါ့ကွာ၊ တစ်ကယ်လို့များ ငါဒီကနေလွတ်ခဲ့တယ်ဆိုရင်တော့ မင်းကိုငါလာပြီး အရေခွံဆုတ်မယ်ကွ”
စည်သူက စိတ်ထဲမှ ကြွေးကျော်နေလိုက်သည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။